ရွှေအမွေးပွဟူ
Vol. 13 Ch. 124
"ဒါကိုပဲ ရွေးမှာလား...” ရွှီဟုန်ချိုးက မေးမြန်းလိုက်သည်။
ချက်ချင်းဆိုသလိုပင် သူမနောက်ကွယ်ရှိ သားရဲတစ်သောင်းခန်းမမှ အလုပ်သမားများ၏ မျက်နှာပေါ်တွင် ဝမ်းမြောက်ဝမ်းသာ ဖြစ်သွားသည့် အရိပ်အယောင်များ ပေါ်ထွက်လာလေသည်။
'မကောင်းတော့ဘူး…' ချူလျန် စိတ်ထဲမှ ရေရွတ်လိုက်မိတော့သည်။ ဤလူများ ဤမျှ ဝမ်းသာနေကြသည်မှာ သူတို၏ရွေးချယ်မှု မှားယွင်းသွားခြင်းများ ဖြစ်နေမည်လော။
"ဒါဆိုရင် ဒီ 'ဟူ' ကိုပဲ စီနီယာတို့ ခေါ်သွားနိုင်ပါပြီ...”
ရွှီဟုန်ချိုးက လက်တစ်ဖက်ကို ညင်သာစွာ ဝှေ့ယမ်းလိုက်ရာ လက်အောက်ငယ်သားတစ်ဦးက ရှေ့သို့တက်လာပြီး သံလှောင်အိမ်ကို ဖွင့်ပေးလိုက်လေ၏။
"ဟူ တဲ့လား...” တိနွီဖုန့်နှင့် ချူလျန်တို့ ဆရာတပည့်နှစ်ဦးလုံးမှာ အံ့သြသွားကြရသည်။
မိစ္ဆာ၊ နတ်ဆိုး၊ တစ္ဆေနှင့် သားရဲဟူသော အမျိုးအစားလေးမျိုးအနက်၊ လူယောင်မဖန်ဆင်းရသေးသော မိစ္ဆာသားရဲနှင့် ဝိညာဉ်သားရဲတို့ကို ခွဲခြားရန် ခက်ခဲလှပေသည်။ သို့သော် ယေဘုယျအားဖြင့်ဆိုပါက ဝိညာဉ်သားရဲများ၏တန်ဖိုးမှာ မိစ္ဆာသားရဲများထက် များစွာသာလွန်လှသည်။
လူသားသည် ခပ်သိမ်းသောသက်ရှိတို့၏ အထွတ်အထိပ်ဖြစ်သဖြင့်၊ ကျင့်ကြံခြင်းအောင်မြင်စပြုသော မိစ္ဆာသားရဲအများစုမှာ လူသားအသွင်သို့ ပြောင်းလဲရန် ရွေးချယ်တတ်ကြပေသည်။ တစ်ဖက်တွင် လူ့လောက၌ ကျင်လည်ရန် လွယ်ကူစေသလို၊ အခြားတစ်ဖက်တွင်မူ ကောင်းကင်နှင့်မြေကြီး၏ တာအိုတရားများကို နားလည်သဘောပေါက်ရန်နှင့် ကျင့်ကြံခြင်းကို မြှင့်တင်ရန်အတွက် ပိုမိုအဆင်ပြေစေသောကြောင့်ပင် ဖြစ်ချေ၏။
ထို့ကြောင့် ကျင့်ကြံခြင်းအဆင့် မြင့်မားသော်လည်း လူယောင်မဖန်ဆင်းသေးသော မိစ္ဆာသားရဲများရှိနေပါက၊ အချို့မှာ လူယောင်မဖန်ဆင်းလို၍ ဖြစ်သော်လည်း အများစုမှာ မွေးရာပါ ဉာဏ်ရည်နိမ့်ပါးသောကြောင့်သာ ဖြစ်၏။
ဥပမာအားဖြင့် မြေခွေး၊ မြွေ၊ ဝံပုလွေစသည်တို့မှာ ဒုတိယ သို့မဟုတ် တတိယအဆင့်၌ပင် လူယောင်ဖန်ဆင်းနိုင်သော်လည်း သစ်ပင်၊ ကျောက်ဆောင်နှင့် တောင်ဝိညာဉ်များမှာမူ ပဉ္စမ သို့မဟုတ် ဆဌမအဆင့်သို့ရောက်ရှိမှသာ လူယောင်ဖန်ဆင်းနိုင်ကြပေသည်။
သို့သော် ဝိညာဉ်သားရဲများမှာမူ ထိုသို့မဟုတ်ကြပေ။
ဝိညာဉ်သားရဲများမှာ သူတို့၏မူလခန္ဓာကိုယ်အတိုင်း အမြဲတစေ တည်ရှိနေကြခြင်းမှာ၊ သူတို့ကိုယ်တိုင်က ကောင်းကင်ဘုံ၏ ကောင်းချီးပေးမှုကို ခံထားရသော သတ္တဝါများ ဖြစ်ကြသောကြောင့်ပင် ဖြစ်ချေ၏။
ကောင်းကင်နှင့်မြေကြီး၏ တာအိုတရားများကို နားလည်သဘောပေါက်ရာတွင် လူသားခန္ဓာကိုယ်ထက်ပင် မနိမ့်ကျလှသဖြင့်၊ သူတို့အတွက် လူယောင်ဖန်ဆင်းရန် လိုအပ်ချက်မရှိခြင်းသာ ဖြစ်ချေသည်။
ထို့ကြောင့် မိစ္ဆာသားရဲအုပ်စုတစ်ခုနှင့် ရောနှောနေပါက၊ အမြင်အရ ကျင့်ကြံခြင်းအဆင့် တူညီနေသော်လည်း လက်တွေ့တွင် ဝိညာဉ်သားရဲများ၏ အစွမ်းမှာ မိစ္ဆာသားရဲများထက် များစွာသာလွန်နေတတ်ပေသည်။
'ဟူ' မျိုးနွယ်စုမှာ ဝိညာဉ်သားရဲများထဲတွင် ကြီးမားသောမျိုးနွယ်စုတစ်ခု ဖြစ်၏။
ယခုလက်ရှိ သံလှောင်အိမ်လေးလုံးအနက်၊ ဧရာမလိပ်ကြီးနှင့် ထူးဆန်းသောသစ်ပင်တို့သည် မိစ္ဆာများဖြစ်ကြသည်မှာ ထင်ရှားပြီး၊ ကြောင်ဖြူလေးကိုမူ ခွဲခြားရန် ခက်ခဲလှသော်လည်း၊ ဤခေါင်းကြီးကြီးနှင့်သတ္တဝါမှာမူ တစ်ဦးတည်းသော ဝိညာဉ်သားရဲဖြစ်နေနိုင်ပေသည်။ ၎င်းကို ရွေးချယ်မိခြင်းမှာ ဆရာတပည့်နှစ်ဦးအတွက် အောင်မြင်မှုတစ်ခုပင် ဖြစ်ချေတော့သည်။
သေချာပေါက် ၎င်းကို ကြီးမားသောမျိုးနွယ်စုဟု ခေါ်ဆိုရခြင်းမှာ အခြားသော ဝိညာဉ်သားရဲများနှင့် နှိုင်းယှဉ်၍သာ ဖြစ်ပေသည်။ ဥပမာအားဖြင့် ပိုင်ဇယ်မျိုးနွယ်မှာ လောကတွင် နှစ်ကောင်တည်းသာရှိကြောင်း သိရှိထားကြသည်။ ထို့အပြင် ဝိညာဉ်သားရဲအများစုမှာ တစ်ကောင်တည်းသော မျိုးဆက်အဖြစ်သာ တည်ရှိတတ်ကြပေသည်။
'ဟူ' မျိုးနွယ်မှာမူ အမျိုးအစားကွဲပြားမှု အနည်းငယ်ရှိပြီး အရေအတွက်မှာလည်း အနည်းငယ်ပိုများကာ၊ ကောင်းမြတ်သော အမျိုးအစားနှင့် ဆိုးယုတ်သော အမျိုးအစားနှစ်မျိုးလုံး ရှိကြပေ၏။
ယွီမြို့တော်၏ နန်းတော်ပြင်ပတွင် 'ချောင်ထျန်ဟူ' နှစ်ကောင်ရှိနေပြီး၊ ၎င်းတို့မှာ အလွန်ပင် တရားမျှတမှုရှိကာ နန်းတော်တံခါးကို စောင့်ရှောက်ရန် အစွမ်းအထက်ဆုံးဖြစ်ကြ၏။ အမှောင်အုပ်စိုးသူဂိုဏ်း၏ ဂိုဏ်းစောင့်နတ်သားရဲမှာမူ 'ရှစ်ယွဲ့ဟူ' တစ်ကောင်ဖြစ်ပြီး၊ ၎င်းမှာ ညဘက်တွင်သာထွက်လေ့ရှိကာ အမှောင်ထုကို မြတ်နိုးပြီး အလင်းရောင်မှန်သမျှကို မုန်းတီးတတ်လေ၏။
ယခုမျက်မှောက်ရှိအကောင်မှာမူ 'ရွှေအမွေးပွဟူ' ဟု ခေါ်ဆိုပေ၏။
"ဒီရွှေအမွေးပွဟူက ကျွန်မတို့သားရဲတစ်သောင်းခန်းမရဲ့ အဖိုးတန်ရတနာပါ... ဒီမှာ ရှိနေတာ ဆယ်နှစ်တောင် ရှိပါပြီ...”
ရွှီဟုန်ချိုး၏ ခွင့်ပြုချက်ရရှိပြီးနောက် သားရဲတစ်သောင်းခန်းမမှ အလုပ်သမားတစ်ဦးက စိတ်လှုပ်ရှားစွာဖြင့် ဆရာတပည့်နှစ်ဦးအား မိတ်ဆက်ပေးလိုက်၏။
"သူ့ရဲ့ စိတ်နေသဘောထားက ယဉ်ပါးပြီး ချစ်စရာကောင်းပါတယ်... အလုပ်ကိုလည်း ကြိုးကြိုးစားစား လုပ်ကိုင်တတ်ပြီး၊ တိုက်ခိုက်တဲ့နေရာမှာလည်း အလွန်ရဲရင့်လှပါတယ်... အိမ်စောင့်ဖို့ဖြစ်ဖြစ်၊ ခရီးသွားတဲ့အခါ စီးနင်းဖို့အတွက်ဖြစ်ဖြစ် အကောင်းဆုံးပါပဲ...”
ဂျလိ… ဂျလွတ်…
သူ၏စကားမဆုံးသေးမီမှာပင်၊ ဘေးနားမှ သတ္တုနှင့်ကျောက်ခဲတို့ ပွတ်တိုက်နေသကဲ့သို့ စူးရှသောအသံများ ထွက်ပေါ်လာသဖြင့် တိနွီဖုန့်က နားမလည်နိုင်စွာဖြင့် လှမ်းကြည့်လိုက်၏။ "ဒါ ဘာအသံလဲ...”
ကြည့်လိုက်သောအခါ၊ ထိုရွှေအမွေးပွဟူသည် ၎င်း၏ကြောက်မက်ဖွယ်ကောင်းသော အစွယ်ကြီးများဖြင့် သံလှောင်အိမ်ကို ကိုက်ဖြတ်နေသည်ကို တွေ့လိုက်ရလေသည်။ ခဏချင်းမှာပင် သံတိုင်များပေါ်တွင် အက်ကြောင်းများပေါ်လာပြီး၊ မကြာမီ ကြိတ်ချေပစ်တော့မည့်အလား ရှိနေချေ၏။
"အဲ… အဲဒါက..." ထိုအလုပ်သမားက ဆက်လက်ရှင်းပြလိုက်သည်။
"သူ့မှာရှိတဲ့ တစ်ခုတည်းသောအားနည်းချက်က အစားနည်းနည်းများတာပါပဲ... အရင်တုန်းက ဗိုက်ဆာရင် သံလှောင်အိမ်ကို ကိုက်စားတတ်ပါတယ်... နောက်ပိုင်းတော့ အကျင့်ဖြစ်သွားပြီး၊ အားတဲ့အခါမျိုးမှာလည်း သွားတိုက်တဲ့အနေနဲ့ ကိုက်တတ်တာပါ...”
"ဒီလှောင်အိမ်က ဈေးမပေါလောက်ဘူး မဟုတ်လား… ဘယ်နှစ်ရက်တစ်ခါ အသစ်လဲပေးရလဲ...”
ချူလျန်ခမျာ မနေနိုင်တော့ဘဲ မေးမြန်းလိုက်မိတော့သည်။
"နက်ရှိုင်းပင်လယ်မိုးတိမ်သံမဏိနဲ့ လုပ်ထားတဲ့ သားရဲချုပ်လှောင်အိမ်ပါ... အစပိုင်းမှာ သုံးရက်တစ်ခါ လဲပေးရပေမဲ့၊ နောက်ပိုင်းမှာတော့ နည်းလမ်းအသစ် ရှာတွေ့သွားပါတယ်... လှောင်အိမ်တိုင်တွေကိုပဲ အသစ်ပြန်လဲပေးရုံဆိုတော့ ကုန်ကျစရိတ် အများကြီးသက်သာသွားပါတယ်...”
ထိုအလုပ်သမားက အမှန်အတိုင်း ဖြေကြားလိုက်လေသည်။
"ကောင်းရော... သံလှောင်အိမ်တွေကို စားပြီး ကြီးပြင်းလာတာကိုး...”
ချူလျန်က ရေရွတ်လိုက်ပြီး ဆရာသခင်ဘက်သို့ လှည့်ကြည့်လိုက်သည်။ "ဆရာသခင်... ဒီကောင်ကို ကျုပ်တို့ မွေးနိုင်ပါ့မလား...”
"ဘာလို့ မမွေးနိုင်ရမှာလဲ...” တိနွီဖုန့်က အထင်သေးသော အမူအရာဖြင့် ပြုံးလိုက်သည်။ "သူသာ လူတွေကို ရန်မူရဲရင်၊ သတ်စားပစ်လိုက်ရုံပေါ့...”
သူမ၏အကြည့်ထဲရှိ သတ်ဖြတ်လိုစိတ်ကို ခံစားလိုက်ရဟန်ဖြင့်၊ ရွှေအမွေးပွဟူသည် ကိုယ်ပေါ်ရှိရွှေရောင်အမွေးများမှာ ရွှေရောင်ဓားလှံများအလား ရုတ်တရက် ထောင်မတ်သွားပြီးနောက်၊ ကိုယ်ကိုကိုင်း၊ အစွယ်များကို ထုတ်ဖော်လိုက်ကာ တိနွီဖုန့်ကို စိုက်ကြည့်လျက် "အီး... ဝူး..." ဟု ခပ်တိုးတိုး ဟိန်းဟောက်လိုက်လေသည်။
အကယ်၍သာ သံလှောင်အိမ်အတားအဆီး မရှိပါက၊ အချိန်မရွေး ရှေ့သို့ခုန်အုပ်ပြီး စိန်ခေါ်တော့မည့် ပုံစံမျိုးပင် ဖြစ်ချေသည်။
ချူလျန်က ထိုအလုပ်သမားကို တစ်ချက်ကြည့်လိုက်ပြီး သံသယဖြင့် မေးလိုက်ရသည်။ "ယဉ်ပါးပြီး ချစ်စရာကောင်းတယ်ဆို...”
"အဲဒါက..." အလုပ်သမားခမျာ နဖူးမှချွေးစေးများကို သုတ်လိုက်ရရှာသည်။ "သခင်လေးတို့နဲ့ မရင်းနှီးသေးလို့ပါ... ဒါကလည်း ကောင်းတဲ့အချက်တစ်ခုပါပဲ... နောက်ပိုင်း စီးနင်းတဲ့အခါမျိုးမှာလည်း ဘာပဲဖြစ်ဖြစ် ရှေ့ဆုံးကနေ တိုက်ခိုက်ပေးမှာပါ...”
ပြောနေစဉ်မှာပင် အလုပ်သမားအချို့က သားရဲချုပ်လှောင်အိမ်ကို ဖွင့်လိုက်ပြီး ရွှေအမွေးပွဟူကို အပြင်သို့ ခေါ်ထုတ်လာခဲ့ကြလေသည်။
ထို့နောက် ပထမဦးစွာ ၎င်း၏လည်ပင်းတွင် ကြီးမားသောချိပ်ပိတ်အဆောင်လည်ပတ်တစ်ခုကို စွပ်လိုက်ပြီးနောက်၊ ထူထဲလှသော သံခြေချင်းဖြင့် ချည်နှောင်ကာ သံကြိုးတစ်ဖက်ကို ကမ်းပေးလိုက်ကြသည်။
ပုံမှန်ဆိုလျှင် ဤကဲ့သို့သောလုပ်ငန်းစဉ်ကို အလွန်တင်းကျပ်စွာ ကိုင်တွယ်ရမည်ဖြစ်ပြီး၊ ၎င်းအား အဆောင်မန္တန်များဖြင့် ကြိုတင်အိပ်မွေ့ချထားပြီးမှသာ လုပ်ဆောင်ရဲကြမည် ဖြစ်၏။ သို့သော် ယခုအခါတွင်မူ ဆဌမအဆင့်ရှိ အကြီးအကဲချန်းရှင်းနှင့် သတ္တမအဆင့်ရှိ တိနွီဖုန့်တို့ ရှိနေသဖြင့် ထိုသို့စိုးရိမ်နေစရာ မလိုပေ။
"လမ်းပေါ် ခေါ်သွားရင်တော့ သံကြိုးကို သေသေချာချာကိုင်ထားပေးပါ... မဖြစ်မနေနော်..."
အလုပ်သမားက လေးနက်စွာ မှာကြားလိုက်လေသည်။
"ကျုပ် နားလည်ပါတယ်..." ချူလျန်က ခေါင်းညိတ်လိုက်သည်။ "ဟူနဲ့ လမ်းလျှောက်ထွက်တဲ့အခါ သံကြိုးမပါတာဟာ ဟူက လူကိုပြန်ပြီး လမ်းလျှောက်ခိုင်းတာထက်တောင် ပိုဆိုးတယ်ဗျ...”
သို့သော် ထိုသံကြိုးကို သူ မထိရဲသဖြင့် တိနွီဖုန့်ထံသို့သာ တိုက်ရိုက် ပေးလိုက်ရလေသည်။ ဆရာသခင်မှာမူ ဘာကိုမျှ ဂရုစိုက်ခြင်းမရှိဘဲ၊ ရှေ့သို့လျှောက်သွားကာ တစ်ကျန်းခန့် မြင့်မားသော ဤသားရဲကြီးကို မော့ကြည့်လိုက်ပြီး လက်ကိုမြှောက်ကာ အမိန့်ပေးလိုက်၏။
"ထိုင်စမ်း...”
"အီး... ဝူး..." ရွှေအမွေးပွဟူက ကိုယ်ကိုဝပ်ချလိုက်သော်လည်း တိုက်ခိုက်မည့်အနေအထားကို ပြသနေဆဲ ဖြစ်လေသည်။
"ထားလိုက်ပါတော့... ပြန်ရောက်မှပဲ နင်နဲ့ သံယောဇဉ် တည်ဆောက်ရတော့မယ်...”
တိနွီဖုန့်မှာမူ အတော်လေး စိတ်ဝင်စားသွားပုံရပြီး၊ လှည့်ထွက်ကာ ရွှေအမွေးပွဟူကို ဆွဲခေါ်သွားလေတော့သည်။
ရွှီဟုန်ချိုးသည်လည်း သူမ၏လူအုပ်စုကို ဦးဆောင်ကာ ချူလျန်နှင့် တိနွီဖုန့်တို့ကို တံခါးဝအထိ လိုက်လံ ပို့ဆောင်ပေးကြလေသည်။
သို့သော် တံခါးအပြင်ဘက်သို့ မထွက်မီမှာပင်၊ တိနွီဖုန့်က ရုတ်တရက် လှည့်ကြည့်လိုက်ပြီး ရွှီဟုန်ချိုး၏အနောက်ရှိ အကြီးအကဲချန်းရှင်းကို စိုက်ကြည့်ကာ အတိတ်ကို ပြန်လည်အောက်မေ့သည့် အမူအရာဖြင့် မေးလိုက်ပြန်သည်။
"ကြည့်ရတာ ရှင်နဲ့ ရင်းနှီးနေသလိုပဲ... ကျွန်မတို့ အရင်က တွေ့ဖူးကြသလား...”
"ဟုတ်ပါတယ်... ဟုတ်ပါတယ်..." အကြီးအကဲချန်းရှင်းသည်၊ ဤစကားကို ကြားသောအခါ ချက်ချင်းပင် ခေါင်းညိတ်ပြလျက် နူးညံ့သိမ်မွေ့သောအပြုံးဖြင့် ပြန်ဖြေလိုက်လေသည်။ "စီနီယာက မှတ်မိနေသေးတာပဲ...”
"လွန်ခဲ့တဲ့ နှစ်ပေါင်း (၆၀) အင်မော်တယ်ဂိုဏ်းပေါင်းစုံပြိုင်ပွဲတုန်းက... ဝိညာဉ်ကမ္ဘာထဲမှာ စီနီယာ လက်သီးတစ်ချက်တည်းနဲ့ အလဲထိုးပြီး… ပြိုင်ပွဲကနေ ထုတ်ပယ်လိုက်တဲ့ ဝေလငါးဂိုဏ်း တပည့်လေးယောက်ထဲမှာ... ကျုပ်လည်း တစ်ယောက် အပါအဝင်ပါပဲ..."
သူ၏လေသံထဲတွင် ရှုပ်ထွေးသောခံစားချက်များ ပါဝင်နေချေသည်။
၎င်းမှာ လွမ်းဆွတ်မှုလား သို့မဟုတ် ကြောက်ရွံ့မှုလား ဆိုသည်ကိုမူ ခွဲခြားရန် ခက်ခဲလှပေသည်။
ချူလျန်မှာမူ ဤစကားကို ကြားသော်လည်း များစွာ အံ့သြခြင်း မရှိပေ။ အကြီးအကဲချန်းရှင်းနှင့် တိနွီဖုန့်တို့ကို ကြည့်မည်ဆိုပါက ဘိုးအေနှင့်မြေးမ၊ သို့မဟုတ် သားအဖဟု ထင်မြင်ရသော်လည်း၊ လက်တွေ့တွင်မူ တိနွီဖုန့်၏အသက်မှာ သူနှင့် မတိမ်းမယိမ်း ဖြစ်ရပေမည်။
ပထမခြောက်ဆင့်ရှိ ကျင့်ကြံသူများသည် ကျင့်ကြံခြင်းအဆင့် မြင့်မားလေလေ အိုမင်းရင့်ရော်မှုကို နှေးကွေးစေနိုင်လေလေ ဖြစ်သော်လည်း၊ ထာဝရနုပျိုမှုကိုမူ မရရှိနိုင်ကြပေ။ သတ္တမအဆင့် တာအိုသိရှိခြင်းနယ်ပယ်သို့ ရောက်ရှိမှသာလျှင် ထာဝရနုပျိုမှုကို ရရှိနိုင်မည် ဖြစ်၏။
ယေဘုယျအားဖြင့်ဆိုပါက သတ္တမအဆင့်ရှိသော မဟာဆရာသခင်ကြီးများသည် အထူးတန်ခိုးစွမ်းရည်များဖြင့် မပြောင်းလဲပါက၊ သူတို့၏လက်ရှိရုပ်ရည်မှာ တာအိုသိရှိခြင်းအဆင့်သို့ စတင်ရောက်ရှိချိန်က ရုပ်ရည်အတိုင်းသာ ဖြစ်ပေမည်။
တိနွီဖုန့်ကဲ့သို့ အလွန်နုပျိုနေသူမှာ တွေ့ရခဲလှပေသည်။ အဘယ်ကြောင့်ဆိုသော် သူမသည် အလွန်ငယ်ရွယ်သော အသက်အရွယ်ဖြင့် သတ္တမအဆင့်သို့ ရောက်ရှိခဲ့သောကြောင့်ပင် ဖြစ်၏။
သူမ၏ကျင့်ကြံခြင်း ခရီးလမ်းမှာ ခြေလှမ်းတိုင်းတွင် တကယ့် ပါရမီရှင်တစ်ဦးအဖြစ် ထင်ရှားခဲ့သဖြင့်၊ မည်သူကမျှ အားကျမနာလို ဖြစ်၍ပင် မရနိုင်တော့ချေ။
ထိုစကားကို ကြားမှသာ တိနွီဖုန့်သည် သဘောပေါက်သွားသည့် အမူအရာဖြင့် ခေါင်းညိတ်ပြလိုက်ပြီး၊ ချူလျန်နှင့်အတူ ယှဉ်တွဲ၍ ထွက်ခွာသွားလေတော့သည်။ လမ်းလျှောက်နေရင်း သူမသည် ရင်ဘတ်ကို ပုတ်ကာ ဂုဏ်ယူစွာဖြင့် ပြောနေသည်ကို ကြားလိုက်ရသေးသည်။ "ငါ ပြောသားပဲ... အကုန်လုံးက ငါ့မိတ်ဆွေတွေပါဆို...”
"ဟုတ်ပါတယ်... ဟုတ်ပါတယ်..."
ချူလျန်ကလည်း ဘေးမှနေ၍ ထောက်ခံပေးလိုက်ရရှာသည်။
ရွှီဟုန်ချိုးသည် သူတို့၏ကျောပြင် ဝေးကွာသွားသည်အထိ ငေးကြည့်နေပြီးနောက်၊ သူမ၏မျက်နှာပေါ်တွင်လည်း သက်ပြင်းချလိုက်နိုင်သော အပြုံးတစ်ခု ပေါ်လာလေသည်။
အခြားတစ်ဖက်တွင်မူ အသက်ငင်နေသော ရွှီနန်လင်းသည်လည်း ထိုနည်းတူစွာပင်၊ ဝမ်းသာအားရဖြင့် မျက်ရည်များပင် ကျလာတော့သည်။ ထိုလူနှစ်ယောက် ထွက်သွားပြီ ဖြစ်သဖြင့်၊ သူ၏အသက်ကလေးမှာ အဖတ်တင်သွားခဲ့ချေပြီ။
... ...
"ဆရာသခင်... ဒါဆို တပည့် ကိစ္စသွားရှင်းလိုက်ပါဦးမယ်...”
လမ်းထိပ်သို့ ရောက်သောအခါ ချူလျန်သည် တိနွီဖုန့်နှင့် လမ်းခွဲလိုက်လေသည်။
ရှည်လျားသော လမ်းမကြီးပေါ်တွင် ဆရာတပည့်နှစ်ဦး ဖြတ်သန်းသွားရာ လမ်းတစ်လျှောက်လုံးတွင် လူများမှာ ဘေးသို့ ရှောင်ဖယ်ပေးနေကြရသည်။ တောက်ထျယ်မြို့ထဲတွင် ဝိညာဉ်သားရဲနှင့် အိမ်မွေးတိရစ္ဆာန် စီးနင်းသူများစွာ ရှိသော်လည်း၊ ဤတစ်ကောင်မှာမူ လုံးဝကို ကွဲပြားခြားနားနေသောကြောင့် ဖြစ်လေ၏။
၎င်းသည် သံကြိုးကြီးကိုပင် ဝါးစားနေသည် မဟုတ်ပါလော…။
ဤသံကြိုးက ၎င်းကို ထိန်းနိုင်ပါမည်လော…။
ထိုအမျိုးသမီးမှာ အဘယ်ကြောင့် ဤမျှ သက်သောင့်သက်သာ ရှိနေရသနည်း…။
ထိုသားရဲကြီး၏မျက်နှာထားအရ ဆိုလျှင်၊ သံကြိုးပြတ်သွားသည်နှင့် ပထမဆုံးကိုက်စားမည့်သူမှာ သူမပင် ဖြစ်ပေမည်။
အမြန်ဆုံး ဝေးဝေးရှောင်ကြမှသာ ဖြစ်ပေမည်။
"ကောင်းပြီလေ..." တိနွီဖုန့်က 'ဟူ' ကို ဆွဲခေါ်ရင်း လမ်းပေါ်တွင် ဝင့်ကြွားစွာ လျှောက်လှမ်းနေကာ၊ ချူလျန်ကို လက်ဝှေ့ယမ်းပြလိုက်သည်။ "သွားတော့... အဲဒီကောင်ကို ဒီအတိုင်း အလွယ်တကူ လွှတ်မပေးလိုက်နဲ့ဦး...”
"စိတ်ချပါ..." ချူလျန်သည် ရင်ဘတ်ထဲရှိ ထူထဲလှသော စာရင်းအင်းစာအုပ်ကို တို့ထိလိုက်ရင်း ပြောလိုက်သည်။
"ဆရာသခင့်တပည့်ကို ရိုက်နှက်ရဲမှတော့... သူ့ကို ဘယ်လိုလုပ် အလွတ်ပေးလို့ ဖြစ်ပါ့မလဲဗျာ...”