ခေါင်းကြီး... မင်းပဲ
Vol. 13 Ch. 123
ရွှီနန်လင် ထင်မှတ်ထားသကဲ့သို့ ရွှီဟုန်ချိုးမှာ လောကအတွေ့အကြုံ နည်းပါးသော အပြစ်ကင်းစင်သည့် မိန်းကလေးတစ်ဦး အမှန်တကယ်ပင် ဖြစ်ပါသည်လော။
သူမသည် သိုင်းလောကထဲသို့ ခြေချသည်မှာ မကြာသေးသော်လည်း၊ ဝေလငါးဂိုဏ်းချုပ်ကြီး၏ သမီးတော်ပီပီ ငယ်စဉ်ကတည်းက မိမိကိုယ်ကိုယ် အမြင့်မားဆုံးသော စံနှုန်းများဖြင့် လေ့ကျင့်ပျိုးထောင်လာခဲ့သူ ဖြစ်၏။
လူမှုဆက်ဆံရေးနှင့် ကိစ္စရပ်အဝဝကိုလည်း သူမ ကောင်းစွာ နားလည်သဘောပေါက်ထားသည်။ အကယ်၍ ရောက်ရှိလာသူမှာ အခြားတစ်စုံတစ်ယောက်သာ ဖြစ်ပါက၊ သူမသည် ရွှီနန်လင်ထင်ထားသည်ထက်ပင် ပိုမို ပြတ်သားတင်းမာသူ ဖြစ်ပေလိမ့်မည်။
သို့သော် ရောက်ရှိလာသူမှာ တိနွီဖုန့် ဖြစ်နေချေ၏။
ရွှီနန်လင်မှာ အသက် (၄၀) ဝန်းကျင်ခန့်သာ ရှိသေးသဖြင့်၊ သူ၏ ကြီးပြင်းလာသောကာလမှာ တိနွီဖုန့် သိုင်းလောကတွင် သောင်းကျန်းခဲ့သော နှစ်များကို လွဲချော်ခဲ့လေသည်။ ထို့ကြောင့် သူ၏အသိအမြင်ထဲတွင် တိနွီဖုန့်မှာ ရှုတောင်ဂိုဏ်း၏ တောင်ထွတ်သခင် (၃၆) ဦးအနက် ဆိုးသွမ်းပြီး စည်းကမ်းမဲ့သူတစ်ဦးဟုသာ မှတ်ယူထားပြီး၊ သူမ၏ အစစ်အမှန်စွမ်းအားကိုမူ ကောင်းစွာ သဘောမပေါက်ထားပေ။
သို့သော် ရွှီဟုန်ချိုးမှာမူ မြင့်မြတ်ဂိုဏ်း (၉) ဂိုဏ်းနှင့် မြေကမ္ဘာဂိုဏ်း (၁၀) ဂိုဏ်းရှိ တာအိုသိရှိခြင်းအဆင့် မဟာဆရာသခင်ကြီးများ၏ အချက်အလက်များကို သေသေချာချာ လေ့လာဖတ်ရှုထားသူ ဖြစ်၏။ သူမ၏ စိတ်ထဲတွင် နက်ရှိုင်းစွာ အမှတ်ရနေသော ပုဂ္ဂိုလ်များအနက်၊ တိနွီဖုန့်မှာ ထိပ်ဆုံးစာရင်းတွင် ပါဝင်နေသည်။
ဤကဲ့သို့သော ပုဂ္ဂိုလ်မျိုး သွားလာရာအရပ်၌ ငှက်တစ်သောင်းတို့က ပူဇော်ပသကြပြီး၊ နဂါးတို့က နက်ရှိုင်းသော ချောက်ကမ္ဘာထဲ၌ ပုန်းအောင်းကြကုန်၏။ တောရဲတိရစ္ဆာန်တို့က မြေကျင်းတူး၍ ခေါင်းဝှက်ထားကြပြီး၊ ကျားရဲတို့သည်ပင် အိမ်မွေးကြောင်ကလေးများအလား ငြိမ်သက်သွားကြရလေ၏။
ထိုသို့သောသူကို ရွှီနန်လင်က အဘယ်ကြောင့် အသံကျယ်ကြီးဖြင့် အော်ဟစ်ရဲပါသနည်း…။
သူမက ယခုအချိန်တွင် ပြုံးရွှင်နေသောကြောင့်လော…။
"စီနီယာ... စိတ်လျော့ပါဦး…"
ရွှီဟုန်ချိုးမှာ နောက်ဆုတ်မသွားသည့်အပြင်၊ ရှေ့တိုး၍ပင် ဖျောင်းဖျလိုက်လေသည်။
"မင်းတို့တွေ... သူ့ကို သွားထူလိုက်ကြစမ်း...”
တိနွီဖုန့်က သူမ၏နောက်ကွယ်ရှိ ဝေလငါးဂိုဏ်းသားအချို့ကို မေးငေါ့ပြလိုက်သည်မှာ၊ မိမိအိမ်မှ အစေခံများကို ခိုင်းစေနေသကဲ့သို့ပင် ဖြစ်ချေသည်။
ထိုလူများသည်လည်း လုံးဝ ငြင်းဆန်ခြင်း မရှိဘဲ၊ ချက်ချင်းပင် အမိန့်ကို နာခံကာ ရွှီနန်လင်ကို သွားရောက် ထူမလိုက်ကြလေ၏။ မည်သူမျှ တစ်စုံတစ်ရာ တုံ့ဆိုင်းခြင်း အလျင်းမရှိကြပေ။
ထို့နောက်မှ တိနွီဖုန့်က ရွှီဟုန်ချိုး၏ ပခုံးကို ပုတ်လိုက်ပြီး "ငါ ဒေါသမထွက်ပါဘူး... သူက ရုတ်တရက် အော်လိုက်လို့ ငါ လန့်သွားတာ...”
ခေတ္တအကြာတွင်၊ လက်အောက်ငယ်သားများက တစ်ကိုယ်လုံး ပျော့ခွေနေသော ရွှီနန်လင်ကို ထူမ၍ လူအုပ်ရှေ့သို့ ခေါ်ဆောင်လာကြလေသည်။
ရွှီနန်လင်မှာ ယခုအချိန်တွင် အရိုးများ အကုန်ကျိုးကြေပြီး အတွင်းကလီစာများလည်း ပျက်စီးသွားပြီဖြစ်သည်။ ဒဏ်ရာအပြင်းအထန် ရရှိထားသော်လည်း သတိမူကား ရှိနေဆဲ ဖြစ်၏။ သူသည် တိနွီဖုန့်ကို မော့ကြည့်လိုက်ရာ စကားတစ်ခွန်းပင် မဟရဲတော့ဘဲ၊ ခက်ခဲစွာ အသက်ရှူနေရင်း အသံပင် မထွက်ရဲအောင် ထိန်းထားရရှာသည်။
"မနေ့ညက မင်းက ငါ့တပည့်ကို အကြောင်းပြချက်မရှိဘဲ ရိုက်နှက်ခဲ့တယ်... ငါ ဒီကိုလာတာက တရားမျှတမှု လာတောင်းတာပါ...”
တိနွီဖုန့်က မျက်နှာငယ်လေးဖြင့် ဝမ်းနည်းဟန်ဆောင်ကာ ပြောလိုက်လေပြန်သည်။ "မင်းတို့ဘက်က ကျေနပ်စရာကောင်းတဲ့ အဖြေတစ်ခု ပေးမယ်ဆိုရင်… ငါတို့ အခုချက်ချင်း ထွက်သွားပါ့မယ်...”
"ဆရာသခင်... မိန်းကလေးရွှီက လူကောင်းတစ်ယောက်ပါ... ကျွန်တော်တို့ အရမ်းကြီး လွန်ရာကျသွားပါမယ်...” ချူလျန်က ဘေးမှနေ၍ ဖျောင်းဖျလိုက်လေသည်။
"အေးလေ... ဒါဆိုရင် တခြားလူတွေကို ငါ အရေးမယူတော့ဘူး...”
တိနွီဖုန့်က ခေါင်းညိတ်လိုက်ပြီး၊ အသက်ငင်နေသော ရွှီနန်လင်ကို ကြည့်ကာ ဆက်ပြောလိုက်ပြန်သည်။ "မင်း ငါ့တပည့်ကို လက်ဝါးတစ်ချက် ရိုက်ခဲ့တယ်... အဲဒါကြောင့် ငါကလည်း မင်းကို လက်ဝါးတစ်ချက် ပြန်ရိုက်မယ်... ဒါဆိုရင် မျှတတယ် မဟုတ်လား...”
"ကျုပ်..."
ရွှီနန်လင်ခမျာ စကားပြောရန် ပြင်လိုက်သော်လည်း၊ တစ်စုံတစ်ခုကို ချက်ချင်း သတိရသွားကာ အသံကို နှိမ့်လိုက်ပြီး တီးတိုး ပြောလိုက်ရှာသည်။ "ခင်များ ကျုပ်ကို ခြေထောက်နဲ့ တစ်ချက်ကန်ခဲ့ပြီးပြီလေ..."
"အဲဒါက မင်း ငါ့ကို အော်လို့လေ...”
တိနွီဖုန့်က မျက်မှောင်ကြုတ်လိုက်၏။ "စောဏက ငါ စွမ်းအားတစ်ဝက်တောင် မသုံးရသေးဘူး... ခဏနေရင် မင်းကို ရိုက်မယ့် လက်ဝါးချက်ကတော့ အဲဒီလောက် ပေါ့ပါးမှာ မဟုတ်ဘူးနော်...”
ရွှီနန်လင်မှာ ချက်ချင်းပင် လက်ကာပြလိုက်ပြီး၊ မျက်နှာတစ်ခုလုံး ညှိုးငယ်သွားရတော့သည်။
တိနွီဖုန့် ပြောသည်မှာ လိမ်ညာခြင်း မဟုတ်ပေ။ သူမ စောစောက သုံးလိုက်သော စွမ်းအားမှာ တစ်ဝက်ပင် မရှိသည့်အပြင်၊ သူမ အကျွမ်းကျင်ဆုံးသော မီးလျှံစွမ်းအားကိုလည်း ထုတ်မသုံးခဲ့ပေ။ သို့မဟုတ်ပါက တင့်ဆန်းမြို့စားကဲ့သို့ ကျင့်ကြံခြင်းအဆင့် ပိုမြင့်သောသူပင်လျှင် ချက်ချင်း အသတ်ခံရနိုင်ပေ၏။
"စီနီယာ...”
ရွှီဟုန်ချိုးသည် ရွှီနန်လင်၏ ရှေ့တွင် ကာကွယ်ရပ်လိုက်ပြီး တိနွီဖုန့်ကို ကြည့်ကာ ပြောလိုက်လေသည်။ "ကျွန်မတို့ဘက်က လျော်ကြေးပေးပါ့မယ်...”
လျော်ကြေးမပေး၍ မရတော့သည်မှာ သေချာလှသည်။ ယနေ့ တိနွီဖုန့် ရောက်လာခြင်းမှာ ပေါ်ပေါ်ထင်ထင်ပင် အနိုင်ကျင့် လာရောက်တောင်းဆိုခြင်း ဖြစ်သည် မဟုတ်ပါလော။
ရွှီဟုန်ချိုးသည် သူမ၏ ဦးလေးဖြစ်သူ အပြစ်ပေးခံရသည်ကို မြင်တွေ့လိုသော်လည်း၊ အကယ်၍ တိနွီဖုန့်က သူ့ကို ဤနေရာတွင် အမှန်တကယ် သတ်ပစ်မည်ဆိုလျှင်မူ သူမ လုံးဝ ခွင့်ပြုနိုင်မည် မဟုတ်ပေ။
အဘယ်ကြောင့်ဆိုသော် လက်ရှိတွင် သားရဲတစ်သောင်းခန်းမ၌ သူမမှာ တာဝန်အရှိဆုံးသူ ဖြစ်သလို၊ လူအားလုံးကိုလည်း သူမက အုပ်ချုပ်နေရသဖြင့် တာဝန်မှာ သူမအပေါ်တွင် ရှိနေသောကြောင့် ဖြစ်လေ၏။
အကယ်၍ ဤကဲ့သို့သော ဖြစ်ရပ်မျိုး ဖြစ်ပေါ်လာပါက၊ နောက်နောင်တွင် ဝေလငါးဂိုဏ်းအတွင်း သူမ၏ ဩဇာအာဏာမှာ ပျောက်ကွယ်သွားပေလိမ့်မည်။
ထို့ကြောင့် သူမခမျာ အစွမ်းကုန် ကာကွယ်ရပေမည်။
"အဲလိုဆိုတော့လည်း အားနာစရာကြီး..."
တိနွီဖုန့်က ထိုအခါမှ ပြုံးလိုက်ပြီး ပြောလိုက်ပြန်သည်။ "ငါတို့ကလည်း ကျိုးကြောင်းဆင်ခြင်တတ်တဲ့ လူတွေပါ... ဒီလိုလုပ်... ငါ့တပည့်အတွက် ဆေးဖိုးဝါးခလေးပဲ ပေးလိုက်ပါ...”
"ဆရာသခင်... သူများဆီကနေ ငွေဘယ်တောင်းလို့ ဖြစ်ပါ့မလဲ...”
ချူလျန်က ကပျာကယာ တားဆီးလိုက်လေသည်။ "မိန်းကလေးရွှီက မိတ်ဆွေကောင်းပဲဟာ... ပိုက်ဆံအကြောင်း ပြောနေရင် သံယောဇဉ်တွေ ထိခိုက်ကုန်မှာပေါ့...”
"ဒါဆိုရင် ပိုက်ဆံမယူဘဲ ဘာယူရမလဲ...” တိနွီဖုန့်က ပြန်မေးလိုက်၏။
"သားရဲတစ်သောင်းခန်းမမှာ ဝိညာဉ်သားရဲတွေ အများကြီး ရှိတာပဲ... ကျွန်တော်တို့ ဝိညာဉ်သားရဲတစ်ကောင်လောက်ပဲ ခေါ်သွားပြီး မွေးကြတာပေါ့...”
ချူလျန်က အကြံပြုလိုက်လေ၏။ "ကျွန်တော်တို့ ငွေဓားတောင်ထွတ်မှာ စီးနင်းစရာ သားရဲတစ်ကောင် လိုနေတာနဲ့ အတော်ပဲပေါ့...”
"အဲဒါတော့ မဖြစ်ဘူး...”
တိနွီဖုန့်က ခေါင်းခါလိုက်သည်။ "ငါ့ရဲ့ နတ်ဘုရားဖီးနစ် အရှိန်အဝါကို မင်း မသိလို့လား... ပထမအဆင့်ကနေ စတုတ္ထအဆင့်အထိ ရှိတဲ့ မိစ္ဆာသားရဲတွေဆိုရင် ငါ့အနားရောက်တာနဲ့ လန့်သေကုန်မှာ... မွေးလို့ မရဘူး...”
"ဒါဆိုရင် ကျုပ်တို့ ပဉ္စမအဆင့် ဝိညာဉ်သားရဲတစ်ကောင်လောက်ပဲ ခေါ်သွားကြတာပေါ့... အဲဒီသားရဲကို ကောင်းကောင်း မွေးထားလိုက်ရင်… ကျုပ်တို့နဲ့ ဝေလငါးဂိုဏ်းကြားက ချစ်ကြည်ရေးရဲ့ သက်သေအဖြစ် ထားရှိနိုင်တာပေါ့...” ချူလျန်က ထပ်မံ အကြံပြုလိုက်လေသည်။
"အဲ..."
တိနွီဖုန့်က ခေတ္တမျှ တွေးတောဟန်ပြုလိုက်ပြီးမှ ပြောလိုက်၏။ "ဒီအကြံက မဆိုးဘူးပဲ... မိန်းကလေးရွှီ ဘယ်လိုထင်လဲ...”
ရွှီဟုန်ချိုးသည် တိနွီဖုန့်ကို တစ်ချက်ကြည့်လိုက်ပြီးနောက် ချူလျန်ကို ကြည့်ကာ မနေနိုင်ဘဲ ပြုံးလိုက်မိလေသည်။ "ကောင်းပါပြီ...”
...
သားရဲတစ်သောင်းခန်းမအတွင်း၌ မိစ္ဆာသားရဲများစွာ ရှိသော်လည်း၊ ကျင့်ကြံခြင်းအဆင့် မြင့်မားသော သားရဲများမှာမူ နည်းပါးလှပေ၏။ ဆဌမအဆင့် မိစ္ဆာသားရဲဆိုလျှင် တစ်နှစ် သို့မဟုတ် နှစ်နှစ်မှ တစ်ကောင်သာ ပေါ်ထွက်လာလေ့ရှိပြီး၊ ပုံမှန်အားဖြင့် ပဉ္စမအဆင့် မိစ္ဆာသားရဲများမှာ ဤဆိုင်၏ အဖိုးတန်ဆုံးသော ရောင်းကုန်ပစ္စည်းများ ဖြစ်ကြလေသည်။
ယခုအချိန်တွင်၊ ခြံဝင်းအတွင်း၌ ပဉ္စမအဆင့် သားရဲ (၄) ကောင် ရှိနေချေသည်။
တောက်ထျယ်မြို့အတွင်း၌ ကုန်ပစ္စည်းဈေးနှုန်းများမှာ အလွန်ပင် မြင့်မားလှပေသည်။ လွန်ခဲ့သောရက်က ရွှီဟုန်ချိုး သတ်ဖြတ်ခဲ့သော စတုတ္ထအဆင့် မိစ္ဆာသားရဲပင်လျှင် ကြိုးကြာနီဒင်္ဂါး ထောင်ချီ၍ တန်ဖိုးရှိလေ၏။ ပဉ္စမအဆင့် မိစ္ဆာသားရဲတစ်ကောင်၏ ဈေးနှုန်းမှာမူ ဧကန်မုချ ဒင်္ဂါးတစ်သောင်းထက်မနည်း တန်ဖိုးရှိပေလိမ့်မည်။
"အရှင်တို့နှစ်ဦး စိတ်ကြိုက် ရွေးချယ်နိုင်ပါတယ်... ကြိုက်တဲ့တစ်ကောင်ကို ခေါ်သွားနိုင်ပါတယ်...”
ရွှီဟုန်ချိုးက လမ်းညွှန်ပြသပြီးနောက် ဘေးသို့ ဆုတ်လိုက်လေသည်။ သူမအနေဖြင့် မည်သည့် ရှင်းလင်းချက်မျှ ပေးရန် အစီအစဉ်မရှိပုံ ရ၏။
မည်သည့်သားရဲကို ရွေးချယ်မည်ဆိုသည်မှာ သူတို့၏ အရည်အချင်းပေါ်တွင်သာ မူတည်ပေလိမ့်မည်။
မိစ္ဆာသားရဲ (၄) ကောင်မှာ ကြီးမားသော သံလှောင်အိမ်များအတွင်း ပိတ်လှောင်ခံထားရပြီး၊ တစ်ကောင်နှင့်တစ်ကောင် အမူအရာချင်း မတူညီကြပေ။
ပထမတစ်ကောင်မှာ ကိုယ်ထည်ကြီးမားသော လိပ်နက်ကြီးတစ်ကောင် ဖြစ်ပြီး၊ တစ်ကိုယ်လုံး မည်းနက်ကြမ်းတမ်းနေကာ၊ ထူထဲသော လိပ်ခွံကြီးမှာ မြို့ရိုးငယ်တစ်ခုအလား ခိုင်ခံ့ပုံရလေသည်။ ၎င်းသည် ကျောက်ဆောင်တစ်ခုပေါ်တွင် မှီလျက် အေးအေးဆေးဆေး ရှိနေသည်။
ဒုတိယတစ်မျိုးမှာ ထူးဆန်းသော သစ်ပင်မိစ္ဆာတစ်ပင် ဖြစ်ပြီး၊ အကိုင်းအခက်များမှာ သားရဲပုံသဏ္ဌာန်များအဖြစ် ပေါက်ရောက်နေကာ မျက်လုံးများကို မှိတ်ထားကြလေ၏။ သို့သော် ချူလျန် ကြည့်လိုက်သောအခါ၊ ထိုမျက်လုံးများမှာ အချိန်မရွေး ပွင့်လာနိုင်သည်ဟု ခံစားလိုက်ရသည်။
တတိယတစ်ကောင်မှာ ဆွတ်ဆွတ်ဖြူသော ကြောင်မိစ္ဆာတစ်ကောင် ဖြစ်ပြီး၊ မျက်လုံးမှာ သုံးရောင်ခြယ်ဖြစ်ကာ၊ အလွန်ပင် မာနကြီးသော ပုံစံဖြင့် လဲလျောင်းနေလေ၏။ လူများ လာရောက်ကြည့်ရှုသည်ကိုပင် ဂရုမစိုက်ဘဲ မျက်လုံးမှိတ်ထားဆဲ ဖြစ်သည်။
နောက်ဆုံးတစ်ကောင်မှာမူ တစ်ကိုယ်လုံး ရွှေရောင်အမွှေးရှည်များ ဖုံးလွှမ်းနေသော ထူးဆန်းသည့် သားရဲတစ်ကောင် ဖြစ်ပြီး၊ အမျိုးအစားကိုမူ ခွဲခြား၍မရပေ။ ဦးခေါင်းပေါ်ရှိ ရွှေရောင်အမွှေးများမှာ တိုတောင်းသော်လည်း ဦးခေါင်းမှာမူ အလွန်ပင် ကြီးမားလှပေ၏။ ထိုသားရဲမှာ ပါးစပ်ဟ၍ သွားရည်များ ကျဆင်းနေရင်း အိပ်ပျော်နေပြီး၊ ကြည့်ရသည်မှာ များစွာ ဉာဏ်ကောင်းမည့်ပုံ မပေါ်ပေ။
"ဈေးအကြီးဆုံးတစ်ကောင်ကို ရွေးစမ်း...”
တိနွီဖုန့်က တစ်ပတ်ပတ်ကြည့်ပြီးနောက် ချူလျန်ကို တီးတိုး ပြောလိုက်လေသည်။
"ကျွန်တော်လည်း တစ်ကောင်မှ မသိဘူးဗျ...”
ချူလျန်ကလည်း တီးတိုး ပြန်ဖြေလိုက်သည်။
ထူးဆန်းသော သားရဲများကို ခွဲခြားသိမြင်နိုင်မှုအပိုင်းတွင်၊ ဆရာတပည့်နှစ်ဦးလုံးမှာ ဘာမျှမသိနားမလည်ခြင်းကတော့ အတူတူပင် ဖြစ်ချေ၏။
"ပဉ္စမအဆင့် သားရဲတွေချင်း တူရင်တောင် ဈေးနှုန်းက အများကြီး ကွာနိုင်တယ်... အကောင်းဆုံးတစ်ကောင်ကို ရွေးမှ ဖြစ်မယ်...” တိနွီဖုန့်က ပြောလိုက်ပြန်သည်။
"ကျွန်တော့်မှာ နည်းလမ်းတစ်ခု ရှိတယ်..."
ချူလျန်က တိနွီဖုန့်၏အနားသို့ တိုးကပ်သွားပြီး နားနားကပ်၍ တီးတိုးပြောလိုက်လေသည်။
"အလုပ်ဖြစ်မှာပါ...”
တိနွီဖုန့်က ခေါင်းညိတ်လိုက်ပြီးနောက်၊ မတ်တပ်ရပ်ကာ သားရဲ (၄) ကောင်ကို စိုက်ကြည့်လိုက်လေသည်။
ဝုန်း…
နောက်တစ်စက္ကန့်တွင်၊ သူမ၏ နတ်ဘုရားဖီးနစ်အရှိန်အဝါမှာ ရုတ်တရက် ပေါက်ကွဲထွက်ပေါ်လာပြီး၊ ပတ်ဝန်းကျင်ရှိ လေထုမှာ ချက်ချင်းပင် ခဲသွားသကဲ့သို့ ဖြစ်သွားရသည်။
ဘေးနားရှိ သားရဲတစ်သောင်းခန်းမမှ လူများမှာ ဤအရှိန်အဝါ၏ ပစ်မှတ်မဟုတ်သော်လည်း၊ ရင်တုန်ပန်းတုန် ဖြစ်သွားကြရပြီး ကျင့်ကြံခြင်းအဆင့် နိမ့်သူများမှာ မူးမေ့လဲကျလုနီးပါး ဖြစ်သွားကြရလေသည်။
"ဂရား..."
သားရဲ (၄) ကောင်၏ တုံ့ပြန်မှုမှာလည်း တစ်မျိုးစီ ဖြစ်သွားကြတော့သည်။
ထိုလိပ်နက်ကြီးမှာ ခြေလက်နှင့် ဦးခေါင်းကို ချက်ချင်း ကျုံ့ဝင်လိုက်ပြီး၊ လိပ်ခွံကို ပိတ်ကာ လောကကြီးနှင့် အဆက်အသွယ် ဖြတ်လိုက်လေတော့၏။
သစ်ပင်မိစ္ဆာ၏ အကိုင်းအခက်များပေါ်ရှိ မျက်လုံးအားလုံးမှာ တစ်ပြိုင်နက် ပွင့်လာကြသော်လည်း၊ ချက်ချင်းပင် ထိတ်လန့်တုန်လှုပ်သွားကြပြီး၊ အချင်းချင်း တိုးဝှေ့ကာ သစ်ပင်အလယ်သို့ ပြန်လည် ပုန်းအောင်းသွားကြလေသည်။
မာနကြီးသော ကြောင်ဖြူမလေးမှာမူ၊ သုံးရောင်ခြယ် မျက်လုံးများတွင် အလင်းများ ပျောက်ကွယ်သွားပြီး၊ မာနများလည်း မရှိတော့ဘဲ မြေကြီးပေါ်တွင် ဝပ်စင်းကာ အညံ့ခံသည့် ပုံစံမျိုး ပြုလုပ်လိုက်လေတော့သည်။
သို့သော် ထိုအူကြောင်ကြောင်ပုံစံရှိသော ရွှေရောင်သားရဲမှာမူ၊ ရုတ်တရက် ခုန်ထလိုက်ပြီး နားကွဲမတတ် စူးရှသော ဟိန်းဟောက်သံကြီးကို ထုတ်ဖော်လိုက်တော့သည်။ တစ်ကိုယ်လုံးရှိ ရွှေရောင်အမွှေးရှည်များမှာလည်း လှံစွပ်များအလား ထောင်မတ်သွားကြကုန်၏။ ၎င်းသည် အရှိန်အဝါများ ထွက်ပေါ်လာရာ တိနွီဖုန့်ကို စိုက်ကြည့်ရင်း၊ ကျောကုန်းကို ငုံ့ကိုင်းကာ တိုက်ခိုက်မည့် အမူအရာကို ထုတ်ဖော်ပြသလိုက်လေတော့သည်။
ချူလျန်က လက်ညှိုးကို မြှောက်၍ ညွှန်ပြလိုက်ပြီး အသံကျယ်ကြီးဖြင့် အော်ပြောလိုက်လေတော့သည်။
"ခေါင်းကြီး... မင်းပဲ...”