ပိုင်လင်း၏ယုံကြည်အားထားမှု
Vol. 31 Ch. 301
အဆတစ်သောင်း နှောင်ကြိုးစနစ်
ဘာသာပြန်သူ-Thiri
Book 31 Chapter 301 to 310
ပေရာနှင့်ချီမြင့်သော ကျောက်တံခါးကြီး၏ရှေ့တွင် ပိုင်လင်းသည် ကျုံးချင်အား တိတ်တဆိတ် စောင့်ကြည့်နေခဲ့၏။
သူ အတွေးနက်နေသည်ကို မြင်တွေ့ချိန်၌ သူမသည် သူ့ကို မနှောင့်ယှက်ခဲ့ချေ။
သူမသည် သူ့ကို တိတ်တဆိတ်သာ စောင့်ကြည့်နေခဲ့သည်။
ဤသည်မှာ ထိုမြင်ကွင်းကို ပန်းချီကားတစ်ချပ်အဖြစ် ပြောင်းလဲပြီး သူမ၏စိတ်နှလုံးသားထဲတွင် ထာဝရ ကမ္ဗည်းတင်ထားချင်သည့်အလားပင်။
သူမက တစ်ကိုယ်ကောင်းဆန်စွာပင် တွေးတောခဲ့မိသည်။
အချိန်များသည် ဤအခိုက်အတန့်၌ ထာဝရ ရပ်တန့်သွားပါက အလွန်ကောင်းပေမည်...
သို့သော် လမင်းသည် ဆုတ်ယုတ်တတ်ပြီး ပြည့်လာချိန်၌ လျှံကျတတ်ကြောင်း သူမ နားလည်ထားသည်။
လူသားများသည် လွန်ကဲစွာ လောဘမကြီးသင့်ချေ။
အလှတရားအားလုံးကို ပိုင်ဆိုင်လိုခြင်းမှာ လက်တွေ့မကျသည့်အပြင် ဖြစ်နိုင်ခြင်းလည်းမရှိဘဲ ဆန့်ကျင်ဘက် အကျိုးသက်ရောက်မှုပင် ဖြစ်စေနိုင်ပေ၏။
ထို့ကြောင့် အရှင့်အတွက်... မဟုတ်သေး... ယခုအချိန်၌ သူမက ဆရာဟု ခေါ်ဆိုသင့်လေပြီ။
သူမအတွက်မူ တစ်ခါတစ်ရံ ဆရာကို ငေးကြည့်ခွင့်ရပြီး သူ၏ ဘေးနားတွင် အဖော်ပြုပေးနိုင်ခြင်းကပင် သူမကို စိတ်ကျေနပ်ရန် လုံလောက်နေခဲ့လေပြီ။
အချိန်တခဏတာမျှ ကောင်းကင်နှင့် မြေပြင်ကြားတွင် တိတ်ဆိတ်ငြိမ်သက်သွားခဲ့သည်။
ဖြတ်သန်းတိုက်ခတ်လာသော လေပြေလေညင်းများသာ ရှိနေခဲ့၏။
ဤသည်က တောင်စောင်းရှိ သစ်ပင်ပန်းမန်များ၏ သွယ်လျသော ပင်စည်များကို ကွေးညွှတ်သွားစေပြီး လေထဲတွင် ကျုံးချင်၏ဆံပင်ရှည်များကို လူးလွန့်သွားစေကာ လှပသော အမျိုးသမီးငယ်၏ မျက်လုံးများကို စွဲမက်ဖွယ်ကောင်းအောင် ရီဝေသွားစေခဲ့သည်။
နောက်ဆုံးတွင် အသိစိတ် ပြန်လည်ဝင်ရောက်လာသော ကျုံးချင်က တိတ်ဆိတ်နေသော အခြေအနေကို ဖြိုခွင်းလိုက်၏။
"တပည့်... ငါ သိထားသလောက်ဆိုရင် ဒီတစ်ကြိမ် မင်းရဲ့ ပြဿနာက သေးငယ်မှာ မဟုတ်ဘူး...လူအများကြီးက မင်းဆီကို လာနေကြတယ်..."
သူက သူမ အကူအညီ လိုအပ်သလောဟု မေးမြန်းတော့မည့်ဆဲဆဲ အချိန်မှာပင်...
သူ စကားမပြောနိုင်မီ ပိုင်လင်းက သူမ၏ ရင်ဘတ်ကိုပုတ်ကာ ပြောဆိုလိုက်သည်...
"ဆရာ...ဆရာ စိတ်ချလက်ချ နေနိုင်ပါတယ်...တပည့်က အရင်ကလို မဟုတ်တော့ဘူး...အရင်တုန်းက ဆရာက ကျွန်မကို ကာကွယ်ပေးခဲ့တယ်..."
"အခုအချိန်မှာတော့ ဆရာကို ကာကွယ်ပေးဖို့ ကျွန်မရဲ့အလှည့် ရောက်လာပြီ..."
"ဒီနေ့ကနေစပြီးတော့ ဘယ်သူကမှ ဆရာ့ကို အန္တရာယ်ပြုနိုင်မှာ မဟုတ်သလို နာကျင်အောင်လည်း လုပ်နိုင်မှာ မဟုတ်ဘူးလို့ တပည့်က အာမခံတယ်..."
သူမသည် ဤမျှထိ ယုံကြည်မှုရှိပြီး စိတ်ပိုင်းဖြတ်ထားသည်ကို မြင်တွေ့ချိန်၌ ကျုံးချင်သည် သူ၏နှာခေါင်းကို ပွတ်သပ်လိုက်၏။
သူ၏ခံစားချက်များ အနည်းငယ် ရှုပ်ထွေးနေခဲ့သည်။
သူ၏တပည့်သည် သူထံ၌ အရည်အချင်းမရှိဟု တွေးထင်နေပုံရသည်။
သူသည် သူမ၏စကားများကို ငြင်းဆန်ခြင်း မပြုခဲ့ချေ။
ဤသည်မှာ နီဗားနားရုပ်ခန္ဓာကိုယ်၏ ထူးခြားချက်ကို လေ့လာရန် အခွင့်ကောင်းတစ်ခု ဖြစ်ပေ၏။
တစ်ချိန်တည်းမှာပင်...
အဝေးတစ်နေရာမှ နတ်ဘုရားစိတ်အာရုံတစ်ခု လွှမ်းခြုံလာခဲ့သည်။
"အစစ်အမှန်နတ်ဆိုးအမွေအနှစ်ပိုင်ရှင်ကို ငါ တွေ့ပြီ..."
အလွန်စိတ်လှုပ်ရှားဖွယ်ကောင်းသော အော်ဟစ်သံတစ်သံက မိုးကောင်းကင်ယံတွင် ပဲ့တင်ထပ်သွားသည်။
ဤသည်က အချက်ပြမှုတစ်ခုကို ထုတ်လွှတ်လိုက်သည့်အလားပင်။
ရုတ်ချည်းဆိုသလိုပင် မရေမတွက်နိုင်သော နတ်ဘုရားစိတ်အာရုံများ လွှမ်းခြုံလာခဲ့သည်။
မကြာမီ မိုးကောင်းကင်ယံတွင် ပုံရိပ်များ တစ်ခုပြီးတစ်ခု ပျံသန်းလာကြ၏။
အချိန်တခဏအတွင်းမှာပင် ကျင့်ကြံသူ ရာပေါင်းများစွာက ဝန်းရံလာခဲ့ကြသည်။
ထို့ပြင် အရပ်မျက်နှာအဘက်ဘက်မှ ဆက်တိုက်ရောက်ရှိလာသော လူများလည်း ရှိနေခဲ့သည်။
အဝေးမှ လှမ်းကြည့်လိုက်လျှင် မရေမတွက်နိုင်သော ကျင့်ကြံသူများ၏ပုံရိပ်များသည် ကောင်းကင်ယံကို ဖြတ်သန်းသွားလာနေကြပြီး ကျိုင်းကောင်အုပ်ကြီး ဖြတ်သန်းသွားသည့်အလား ထင်မှတ်ရသည်။
"အစစ်အမှန်နတ်ဆိုးအမွေအနှစ်ကို ရရှိခဲ့တာက တကယ့်ကို ပိုင်လင်း ဖြစ်နေတာပဲ..."
တစ်စုံတစ်ယောက်က လေဟာနယ်ထဲတွင် မြင့်မားစွာ ရပ်တည်နေသော ကျောက်တံခါးကြီးကို မော့ကြည့်လိုက်ပြီး အနည်းငယ် တွေးတောကာ အစစ်အမှန်နတ်ဆိုးအမွေအနှစ် ပိုင်ရှင်၏ အမည်ကို အတည်ပြုလိုက်၏။
ဤသည်က သူတို့၏မျက်လုံးများကို နီရဲသွားစေခဲ့ပြီး သူတို့၏ လောဘများ နိုးကြားလာစေခဲ့သည်။
သို့သော် မည်သူကမျှ ပထမဆုံး စတင်လှုပ်ရှားရန် မဝံ့ရဲကြချေ။
ဤသည်မှာ တခြားအကြောင်းပြချက်ကြောင့် မဟုတ်ဘဲ ဤနေရာတွင် စုဝေးနေသော အစွမ်းထက်ကျင့်ကြံသူများ အလွန်များပြားသောကြောင်ပင်။
အကယ်၍ သူတို့သာ လှုပ်ရှားလိုက်ပါက အောင်မြင်ခဲ့လျှင်တောင်မှ လူများအားလုံး၏ ပစ်မှတ် ဖြစ်လာမှုမှ ရှောင်လွှဲနိုင်မည် မဟုတ်ချေ။
ခေါင်းပြူထွက်လာသော ငှက်သည် အပစ်ခံရတတ်သည်ဟု ဆိုရိုးစကားရှိသည်။
သူတို့သည် လောဘကြီးကြသော်လည်း လူအမြောက်အများ၏ ဝိုင်းဝန်းတိုက်ခိုက်မှုကို ခံနိုင်ရည်ရှိမရှိကိုလည်း ထည့်သွင်းစဉ်းစားရပေမည်။
အချိန်တခဏအတွင်းတွင် အလွန်ရယ်ရွှင်ဖွယ်ကောင်းသော မြင်ကွင်းတစ်ခုက နေရာတွင် ထွက်ပေါ်လာခဲ့သည်။
တချို့လူများသည် သိသိသာသာ သွားရည်ကျနေကြပြီး သူတို့၏ လှုပ်ရှားလိုသော ဆန္ဒများမှာ အလွန်ပြင်းထန်နေပေ၏။
ထိုသို့ဆိုသည့်တိုင် သူတို့သည် ထိုဆန္ဒကို ပြင်းပြင်းထန်ထန် ဖိနှိပ်ထားခဲ့ကြသည်။
ပြင်းပြပြီး မီးဟုန်းဟုန်းတောက်နေသော အကြည့်များသည် ပိုင်လင်းအပေါ်သို့ စူးစိုက်၍ ကျရောက်နေခဲ့သည်။
ဤမျှထိ များပြားသော အာရုံစိုက်မှုအောက်တွင် လူတစ်ဦးကို အရည်ပျော်သွားစေလိုသော မျက်လုံးများကို ရင်ဆိုင်ရပါက သာမန်လူတစ်ဦးသာဆိုလျှင် အကြောက်အလန့်မရှိလျှင်ပင် စိတ်မသက်မသာ ခံစားရမည်မှာ သေချာပေါက်ပင်။
သို့သော် ပိုင်လင်းကမူ ကာယကံရှင်တစ်ယောက်အနေဖြင့် ထိုကိစ္စကို လုံးလုံးလျားလျား လျစ်လျူရှုထားခဲ့သည်။
သူမက လူအုပ်ကြီးကို အရေးမပါသကဲ့သို့ သဘောထားခဲ့ပေ၏။
သူမသည် အမှန်တကယ်ကို နေရာ၌ ပလ္လင်ခွေထိုင်ပြီး ကျင့်ကြံနေခဲ့သည်။
ယနေ့၏ ပြဿနာဒီရေလှိုင်းများသည် မည်သို့မျှ တည်ငြိမ်နေမည် မဟုတ်ကြောင်း ကံကြမ္မာ ဖန်တီးထားပြီးဖြစ်သည်။
ပိုင်လင်းသည် သူမ၏ အစစ်အမှန် ရန်သူများ ထွက်ပေါ်လာမည့်အချိန်ကို စောင့်ဆိုင်းနေပေ၏။
သူမသည် ယနေ့အတွက် အချိန်ကြာမြင့်စွာ စောင့်ဆိုင်းခဲ့ရသည်။
ထို့ကြောင့် နောက်ထပ်အချိန်အနည်းငယ် ထပ်မံ၍ စောင့်ဆိုင်းရမည်ကိုလည်း သူမ ဂရုမစိုက်ချေ။
အချိန်များ ကုန်ဆုံးလာသည်နှင့်အမျှ ပတ်ဝန်းကျင်ရှိ တောင်တန်းများပေါ်တွင် လူများဖြင့် ပြည့်နှက်နေခဲ့သည်။
ထို့ပြင် ဩဇာလွှမ်းမိုးမှုရှိသော အင်အားစုတချို့လည်း အဆက်မပြတ် ထွက်ပေါ်လာခဲ့ပေ၏။
မြောက်ပိုင်းဒေသ၏ ဒေသခံ အင်အားစုများအပြင် မြင့်မြတ်သော လျှို့ဝှက်မိသားစုတချို့လည်း ထွက်ပေါ်လာကြသည်။
နောက်ဆုံးတွင် နတ်ဆိုးနန်းတော်ပင် ဤနေရာသို့ ရောက်ရှိလာခဲ့လေပြီ။
နတ်ဆိုးစစ်သူကြီးဆယ့်နှစ်ဦးက လက်အောက်ငယ်သားတစ်စုကို ဦးဆောင်ကာ မောက်မာထောင်လွှားသော ဟန်ပန်ဖြင့် လျှောက်လှမ်းလာကြသည်။
သူတို့သည် အလွန်အမင်း မောက်မာထောင်လွှားနေပုံရပေ၏။
သူတို့သည် ကျုံးချင်ကို မြင်လိုက်ရချိန်တွင်မှ သူတို့ကိုယ်သူတို့ ထိန်းချုပ်လိုက်ကြသည်။
သူတို့က ရှေ့သို့တိုးကာ အရိုအသေပေးရန် ဟန်ပြင်လိုက်သော်လည်း ကျုံးချင်က အသံပေးပို့ပြီး တိတ်တဆိတ် ဟန့်တားလိုက်၏။
သူသည် သူတို့ကို နေရာ၌သာနေရန်နှင့် အခြေအနေကို စောင့်ကြည့်ရန် ပြောဆိုခဲ့သည်။
မကြာမီမှာပင်...
နတ်ဆိုးမြို့တော်ရှိ လူဦးရေ၏ထက်ဝက်နီးပါးခန့် ဤှနေရာသို့ ရောက်ရှိလာခဲ့လေပြီ။
မည်သို့ပင်ဆိုစေကာမူ သူတို့အားလုံးသည် အစစ်အမှန်နတ်ဆိုးအမွေအနှစ်အတွက် လာခဲ့ကြခြင်းပင်။
ယခုချိန်၌ အစစ်အမှန်နတ်ဆိုးအမွေအနှစ် ပိုင်ရှင် ထွက်ပေါ်လာပြီဖြစ်ရာ မည်သူမျှ တည်ငြိမ်စွာ မနေနိုင်ကြတော့ချေ။
ဤလူများအနက် မြောက်ပိုင်းနတ်ဆိုးလှိုဏ်ဂူလည်း ပါဝင်နေခဲ့သည်။
နတ်ဆိုးခေါင်းဆောင်ငါးဦးသည် လူရာပေါင်းများစွာနှင့်အတူ အဝေးမှ ပြေးလွှားလာခဲ့ကြ၏။
သူတို့သည် ကွင်းပြင်၏အလယ်တွင် ပလ္လင်ခွေထိုင်နေသော ပုံရိပ်ကို အဝေးမှ လှမ်းမြင်လိုက်ရသည်။
ရုတ်ချည်းဆိုသလိုပင် မြောက်ပိုင်းနတ်ဆိုးလှိုဏ်ဂူ အဖွဲ့ဝင်များအားလုံး၏ သတ်ဖြတ်လိုစိတ်များ မြင့်တက်လာပြီး သူတို့၏ရက်စက်ကြမ်းကြုတ်သော အရှိန်အဝါများ အပြည့်အဝ ထွက်ပေါ်လာခဲ့သည်။
အခြေအနေသည် ဤအဆင့်ထိ ရောက်ရှိလာပြီဖြစ်ရာ ပိုင်လင်းသည် သူတို့အတွက် ကြီးမားသော လျှို့ဝှက်အန္တရာယ်တစ်ခု ဖြစ်လာခဲ့ပြီဟု ဆိုနိုင်သည်။
သူမကို မဖယ်ရှားနိုင်သရွေ့ သူတို့ စိတ်သက်သာရာရနိုင်မည် မဟုတ်ချေ။
ဤှသည်မှာ ရန်သူများ တွေ့ဆုံချိန်၌ မျက်လုံးများ နီရဲလာတတ်သည်ဟူသော ဆိုရိုးစကားအတိုင်းပင်။
မြောက်ပိုင်းနတ်ဆိုးလှိုဏ်ဂူ အဖွဲ့ဝင်များ၏ မျက်လုံးများ နီမြန်းလာပြီး သူတို့၏ သတ်ဖြတ်လိုစိတ်များကို အနည်းငယ်မျှ ဖုံးကွယ်မထားကြတော့ပေ။
ကံကြမ္မာအရ သို့မဟုတ် ရန်ငြိုးကြီးသော ရန်သူများဖြစ်သည့် သူတို့၏ဆက်နွယ်မှုကြောင့် ပိုင်လင်းကလည်း သူတို့ကို ချက်ချင်းသတိထားမိသွားသည်။
ဤသည်က သူမ၏ မျက်လုံးများကို တောက်ပသွားစေခဲ့ပြီး မြောက်ပိုင်းနတ်ဆိုးလှိုဏ်ဂူ အဖွဲ့ဝင်များကို စူးစိုက်၍ ကြည့်လိုက်၏။
လူရာပေါင်းများစွာ မိုးကောင်းကင်မှ ဆင်းသက်လာပြီး မြေပြင်ပေါ်သို့ ကျရောက်လာချိန်တွင် နှစ်ဖက်အကြားရှိ အကွာအဝေးမှာ ပေတစ်ရာပင် မပြည့်တော့ချေ။
"ပိုင်လင်း... မင်းက နောက်ဆုံးတော့ လမ်းပေါ် ပြေးလွှားနေတဲ့ ကြွက်တစ်ကောင်လို ပုန်းအောင်းနေတာကို ရပ်တန့်လိုက်ပြီပေါ့...မင်းကို ရှာရတာ လွယ်ကူတဲ့ ကိစ္စတော့ မဟုတ်ဘူး..."
အနီရောင်နတ်ဆိုးခေါင်းဆောင် ချီဖန်းသည် သူ၏ လက်များကို နောက်ပစ်ကာ ရှေ့သို့တက်လှမ်းလာခဲ့ပြီး သူ၏မျက်လုံးများ အနည်းငယ် ကျဉ်းမြောင်းနေခဲ့သည်။
သူ၏မျက်လုံးများတွင် မီးပွားများ လင်းလက်နေသည့်အလား အန္တရာယ်ရှိသော အငွေ့အသက်များကို ထုတ်လွှတ်ထားပေ၏။
ပိုင်လင်းက မတ်တတ်ရပ်လိုက်ကာ သူမကလည်း သူမ၏လက်များကို နောက်ပစ်ထားခဲ့သည်။
သူမသည် ကောင်းကင်နှင့်မြေပြင်ကြားတွင် မောက်မာထောင်လွှားစွာ မတ်တတ်ရပ်နေပြီး တည်ငြိမ်စွာ ပြောဆိုလိုက်သည်။
"ငါတို့ကြားက နာကြည်းမှုတွေက ကောင်းကောင်းအဆုံးသတ်မှာ မဟုတ်ဘူးလို့ ကံကြမ္မာက ဖန်တီးထားပြီးသားပဲ...စကားတွေ အများကြီး ပြောနေတာက အဓိပ္ပာယ်မရှိဘူး..."
"တိုက်ခိုက်ကြတာပေါ့..."
"ဟောင်းနွမ်းနေတဲ့ ရန်ငြိုးတွေကို ဒီနေ့ ဖြေရှင်းရမယ်လို့ ကံကြမ္မာ ဖန်တီးထားတယ်..."
"ဒီနေ့ ငါနဲ့ မြောက်ပိုင်း နတ်ဆိုးလှိုဏ်ဂူကြားမှာ တစ်ဖက်တည်းကပဲ အသက်ရှင်ရက် ထွက်ခွာသွားရမယ်လို့ ကံကြမ္မာဖန်တီးထားတယ်..."
ဤယုံကြည်မှုရှိသော သဘောထားက ချီဖန်း ဦးဆောင်သော မြောက်ပိုင်းနတ်ဆိုးလှိုဏ်ဂူ အဖွဲ့ဝင်များကို အလွန်သတိထားသွားစေခဲ့သည်။
သူတို့၏အာရုံခံမှုအရ ပိုင်လင်း၏စွမ်းအားသည် တိုးတက်မလာဘဲ ကောင်းကင်နက်နဲသိမ်မွေ့ နယ်ပယ်၏ အလယ်အလတ်အဆင့်တွင်သာ ရှိနေသေးကြောင်း မြင်တွေ့နိုင်သည်။
သို့သော် ဤအချက်ကပင် သူတို့ကို လွယ်လွယ်ကူကူ မလှုပ်ရှားရဲအောင် တွေဝေသွားစေခဲ့ပေ၏။
မည်သို့ပင်ဆိုစေကာမူ ပိုင်လင်းသည် အစစ်အမှန်နတ်ဆိုးအမွေအနှစ်ကို ရရှိထားပြီးဖြစ်ကြောင်း သူတို့ သေသေချာချာ သိနေခဲ့သည်။
အစစ်အမှန်နတ်ဆိုးအမွေအနှစ်ကို မည်သူမျှ မမြင်ဖူးကြသည့်အပြင် ထိုအရာ၏ထူးခြားချက်ကိုလည်း မည်သူမျှ မသိကြချေ။
တစ်ဖက်လူသည် သူတို့ကို ပြင်းပြင်းထန်ထန် တိုက်ခိုက်ရန် ဆိုးရွားသော လှည့်ကွက်တစ်ခုကို စီစဥ်ထားပြီး သူမ၏ကျင့်ကြံဆင့်ကို တမင်သက်သက် ဖုံးကွယ်ထားခဲ့သလော။
"မြောက်ပိုင်းဒေသရဲ့ ထိပ်သီးအင်အားစုကြီး လေးစုထဲက တစ်စုဖြစ်တဲ့ ဂုဏ်သိက္ခာတဲ့ မြောက်ပိုင်း နတ်ဆိုးလှိုဏ်ဂူက.. အခုတော့ အားနည်းတဲ့ အမျိုးသမီးတစ်ယောက်ကို ရင်ဆိုင်ရချိန်မှာ တွေဝေပြီး ကြောက်ရွံ့နေတာလား... မြောက်ပိုင်း နတ်ဆိုးလှိုဏ်ဂူက သတ္တိကြောင်တဲ့ လိပ်တစ်ကောင် ဖြစ်သွားပြီလား..."
မြောက်ပိုင်း နတ်ဆိုးလှိုဏ်ဂူ အဖွဲ့ဝင်များ မလှုပ်မယှက် ဖြစ်နေသည်ကို မြင်တွေ့ချိန်၌ ပိုင်လင်း၏ နှုတ်ခမ်းများ တွန့်ကွေးသွားပြီး လှောင်ပြောင်သော အပြုံးတစ်ခု ထွက်ပေါ်လာခဲ့သည်။
ဤအပြုအမူက နတ်ဆိုးခေါင်းဆောင်ငါးဦးကို ဒေါသထွက်ကာ စိုးရိမ်ပူပန်ပြီး စိတ်အနှောင့်အယှက် ဖြစ်သွားစေခဲ့သည်။
သူတို့ထံတွင် မည်ကဲ့သို့ အဆင့်အတန်းနှင့် အခွင့်အာဏာမျိုး ရှိနေသနည်း။ သူတို့ ဘယ်တုန်းက ဤမျှထိ အထင်သေးခံခဲ့ရဖူးသနည်း။
သို့သော် ပိုင်လင်းသည် ဤသို့ ပြုမူလေလေ သူတို့ ပို၍စိုးရိမ်မကင်း ဖြစ်လာလေလေပင်။
ယခင် ပိုင်လင်းသည် သူတို့ကို မြင်သောအခါ ကြောင်ကို မြင်သည့် ကြွက်တစ်ကောင်နှင့် တူညီနေခဲ့သည်။
ယခု၌မူ ထိုကြွက်သည် ကြောင်၏ရှေ့တွင် ထပ်ခါတလဲလဲ ခုန်ပေါက်နေပေ၏။
ထိုကြွက်သည် ရူးသွပ်နေပြီး သေချင်နေခြင်းကြောင့် မဟုတ်ပါက ပြိုင်ဘက်တွင် ကြောင်ကို ဆန့်ကျင်နိုင်သည့် သေစေနိုင်သော လှုပ်ရှားမှုတစ်ခု ရှိနေသည်ဟု ဆိုလိုသည်။
သို့သော် ပိုင်လင်း၏ယုံကြည်အားထားရာနှင့် အာမခံချက်သည် မည်သည့်အရာ အတိအကျဖြစ်နေသနည်း။