← Chapters

သေလေလေ ပိုပြီးသန်မာလေလေ

Vol. 31 Ch. 304

သေလေလေ ပိုပြီးသန်မာလေလေ

Vol. 31 Ch. 304

ပိုင်လင်းက သူ့အား ယူဆောင်လာပေးသော ကျင့်ကြံဆင့်တိုးတက်မှုမှာ အလွန်ထိတ်လန့်ဖွယ် ကောင်းလှသည်။

ထို့ပြင် ဤသည်က ပထမအချီသာ ရှိသေးပေ၏။

နောက်ပိုင်းတွင် ဒုတိယအချီ တတိယအချီနှင့် စတုတ္ထအချီများ ရှိလာဦးမည်ကို သူ ကြိုတင်၍ မြင်တွေ့နိုင်သည်။

အကယ်၍ သူသည် အချီတိုင်းတွင် ဤကဲ့သို့တိုးတက်မှုမျိုးကို ရရှိနိုင်ပါက ယနေ့အတွင်း ဓမ္မသောင်းချီနယ်ပယ် ကောင်းကင်ကိုးဆင့်သို့ ချိုးဖျက်ဝင်ရောက်နိုင်မည့် အခွင့်အရေးရှိမည်ဟု သူ ခန့်မှန်းထားပေ၏။

ဓမ္မသောင်းချီနယ်ပယ်သည် တခြားကျင့်ကြံဆင့်နယ်ပယ်များနှင့် ကွာခြားသည်။

ဤှနယ်ပယ်ကို အဆင့်ငယ်ကိုးဆင့်အဖြစ် ခွဲခြားထားပြီး ဓမ္မသောင်းချီ ကောင်းကင်ကိုးဆင့်ဟုလည်း ခေါ်ဆိုကြ၏။

ဓမ္မသောင်းချီနယ်ပယ် ကျင့်ကြံသူတစ်ဦး ဖြစ်လာပြီးနောက် သူ၏ခန္ဓာကိုယ်ထဲတွင် စီးဆင်းနေသည်မှာ စိတ်ဝိညာဉ်စွမ်းအားများ မဟုတ်တော့ဘဲ ဥပဒေသစွမ်းအားများသာ ဖြစ်သည်။

ကျုံးချင်သည် သူ၏လက်ရှိစွမ်းအားဖြင့် သူ ပေါ့ပေါ့ပါးပါး ထုတ်လွှတ်လိုက်သော မည်သည့် တိုက်ခိုက်မှုမဆို ဥပဒေသစွမ်းအား ရာပေါင်းထောင်ပေါင်းများစွာကို ဖြစ်ပေါ်စေနိုင်ကြောင်း ခံစားမိပေ၏။

သူ၏လက်သီးတစ်ချက်တည်းဖြင့် ကြယ်များကို ခြေမွှဖျက်ဆီးနိုင်ရန်မှာမူ အလှမ်းဝေးနေဆဲပင်။

သို့သော် လက်သီးတစ်ချက်တည်းဖြင့် လီတစ်ရာအတွင်းရှိ နယ်မြေတစ်ခုလုံးကို ဖျက်ဆီးပစ်ရန်မှာမူ အလွန်လွယ်ကူပေ၏။

ဤသည်မှာ သံသယဖြစ်ဖွယ်မရှိဘဲ လမ်းလျှောက်နေသော လူသားအဖျက်စွမ်းအား လက်နက်ကြီးတစ်ခုပင်။

ထို့ပြင် ဓမ္မသောင်းချီနယ်ပယ် ကျင့်ကြံသူတစ်ဦး ဖြစ်လာပြီးနောက် သူသည် ကျွမ်းကျင်မှုအသစ်တစ်ခုကို ရရှိခဲ့သည်။ ဤသည်မှာ ကောင်းကင်နှင့်မြေပြင် ဓမ္မပုံရိပ်ယောင်ပင်။

ဤသည်က သူ့ကိုယ်သူ အဆတစ်ရာ ပို၍ကြီးမားသွားအောင် ပြုလုပ်စေနိုင်ပေ၏။

ဤနယ်ပယ်သို့ ရောက်ရှိသွားချိန်၌ ဒဏ္ဍာရီများနှင့် ရှင်းလင်းစွာ ဆက်စပ်သွားခဲ့သည်။

ဤကျင့်ကြံဆင့်နယ်ပယ်မှ ပြသလိုက်သော စွမ်းရည်များသည် ဒဏ္ဍာရီလာ ဇာတ်လမ်းများနှင့် အဆုံးမရှိ နီးစပ်နေခဲ့သည်။

သာမန်လူများ၏ မျက်လုံးထဲတွင် သူ့အား နတ်ဘုရားတစ်ပါးဟု ခေါ်ဆိုလျှင်ပင် ချဲ့ကားပြောဆိုရာ ရောက်မည်မဟုတ်ချေ။

ကျုံးချင်သည် သူ၏ခန္ဓာကိုယ်အတွင်း၌ လှိုင်းထနေသော စွမ်းအားများကို

ခံစားနေချိန်တွင် ပိုင်လင်းကလည်း သူမ၏ ယင်သုံးပါးနယ်ပယ် ပထမအဆင့်၏စွမ်းအားကို ခံစားနေခဲ့သည်။

ယင်သုံးပါးနယ်ပယ်သို့ ရောက်ရှိသွားချိန်တွင် သူမသည် ဥပဒေသစွမ်းအားများကို ခံစားသိရှိနိုင်လေပြီ။

သူမ၏မျက်လုံးထဲတွင် ကောင်းကင်နှင့်မြေပြင်သည် ယခင်နှင့် ကွဲပြားသော အရောင်အသွေးများကို ပိုင်ဆိုင်နေခဲ့သည်။

ယခင်က သူမအတွက် ဤနယ်ပယ်သည် အလှမ်းဝေးသော ပန်းတိုင်တစ်ခု ဖြစ်ခဲ့သည်မှာ သေချာပေါက်ပင်။

သို့သော် ယခုအချိန်တွင်မူ ဤသည်က လက်တစ်ကမ်းအကွာ၌ ရှိနေခဲ့လေပြီ။

ဤတစ်ကြိမ်တွင် ဆရာနှင့်တပည့်နှစ်ဦးလုံး၏ ကျင့်ကြံမှုသည် လောကကြီးကို ထိတ်လန့်တုန်လှုပ်သွားစေလောက်သည့် အပြောင်းအလဲများကို ကြုံတွေ့ခဲ့ရသည်ဟု ဆိုနိုင်ပေ၏။

ဆရာနှင့် တပည့် နှစ်ဦးစလုံးသည် သူတို့၏ တဟုန်တိုးမြင့်တက်လာသော ကျင့်ကြံမှုကြောင့် အလွန်ဝမ်းသာပျော်ရွှင်နေခဲ့ကြသည်။

သို့သော် တခြားလူများကမူ သူတို့သည် ထိုမျှထိ တည်ငြိမ်နေနိုင်ခြင်း မရှိကြချေ။

"ဘာတွေဖြစ်နေတာလဲ..."

ပိုင်လင်း၏ထွက်ပေါ်လာမှုနှင့် သူမ၏ ပွင့်အံ့ထွက်လာသော အရှိန်အဝါတို့ကြောင့် အမှန်တရားကို မသိသူအားလုံး ဆွံ့အသွားခဲ့ကြသည်။

နတ်ဆိုးစစ်သူကြီးဆယ့်နှစ်ဦးပင်လျှင် အလွန်အမင်း အံ့အားသင့်သွားခဲ့ကြ၏။

"သူက ခုဏလေးတင် သေသွားတာ မဟုတ်ဘူးလား ဘယ်လိုလုပ်ပြီး သူက ပြန်ပြီးရှင်သန်လာနိုင်ရတာလဲ..."

လူတချို့သည် သူတို့၏ ဦးရေပြားများ ထုံကျဉ်သွားသည်ဟု ခံစားရပြီး ထိတ်လန့်ကြောက်ရွံ့မှုကြောင့် တုန်ရီသွားခဲ့ကြသည်။

သေဆုံးပြီးနောက် ပြန်လည်ရှင်သန်ခြင်းသည် အမြဲတစေ တားမြစ်ချက်တစ်ခု ဖြစ်ခဲ့ပေ၏။

ဤတားမြစ်ချက်... ဤတားမြစ်ချက်သည် ကောင်းကင်ဧကရာဇ်များပင်လျှင် တစ်ကြိမ်တစ်ခါမျှ ကျွမ်းကျင်ပိုင်နိုင်ခြင်း မရှိခဲ့ဖူးသော စွမ်းအားတစ်ရပ်ပင်။

ဤသည်က သာမန် ကောင်းကင်နက်နဲသိမ်မွေ့ နယ်ပယ် ကျင့်ကြံသူတစ်ဦးအပေါ်တွင် မည်သို့ ထွက်ပေါ်လာနိုင်မည်နည်း။

ထိုကိစ္စသည် ကျိန်ဆဲချင်စရာကောင်းလောက်အောင်ပင် သာမန်အသိတရားကို ဆန့်ကျင်နေပေ၏။

ကောင်းကင်ဧကရာဇ်များသည် မည်မျှထိ အစွမ်းထက်သနည်း....

အကယ်၍ အစစ်အမှန်နတ်ဆိုး သက်ရှိထင်ရှား ရှိနေလျှင်ပင် ကောင်းကင်ဧကရာဇ်တစ်ပါး၏ ဖိနှိပ်ခြင်းကို ခံရမည်ဟုတ်မဟုတ် သူတို့ကိုယ်သူတို့ ပြန်လည်၍ မေးခွန်းထုတ်မိကြသည်။

အစစ်အမှန်နတ်ဆိုးအမွေအနှစ်က ပိုင်လင်းကို ဤကဲ့သို့ တားမြစ်စွမ်းအားမျိုးအား ကျွမ်းကျင်ပိုင်နိုင်စေရန် မည်သို့ ခွင့်ပြုနိုင်မည်နည်း။

"ဒါက သူ ကိုယ်စားရုပ်သေးရုပ်လို နည်းလမ်းမျိုးကို အသုံးပြုနေတာများ ဖြစ်နေမလား..."

ပိုင်လင်း၏ စွမ်းဆောင်ရည်သည် သူ၏ နားလည်နိုင်စွမ်းထက် အမှန်တကယ်ကို ကျော်လွန်နေသဖြင့် တစ်စုံတစ်ယောက်က သံသယဝင်သွားခဲ့သည်။

သူသည် သူ၏အကန့်အသတ်ရှိသော အသိပညာကိုသာ အသုံးပြု၍ သူ၏ရှေ့မှ မြင်ကွင်းကို ရှင်းပြနိုင်တော့သည်။

သို့သော် ဤအတွေးကို တစ်စုံတစ်ယောက်က လျှင်မြန်စွာ ပယ်ချလိုက်သည်။

"ကိုယ်စားရုပ်သေးရုပ်ကို အသုံးပြုပြီးတော့ သူတို့ရဲ့ကိုယ်စား အသေခံခိုင်းပြီးနောက်မှာ စွမ်းအားတွေ အကြီးအကျယ် တိုးလာတဲ့လူမျိုးကို မင်းတို့ မြင်ဖူးလို့လား..."

"ဒါက ကိုယ်စားရုပ်သေးရုပ် နည်းလမ်း မဟုတ်ဘူး..."

"ငါ့အထင်တော့ သူက ရိုက်နှက်ခံရပြီးတော့ သေသွားပြီးတဲ့နောက်မှာ ပြန်ရှင်သန်လာနိုင်ရုံတင်မကဘူး... သူ့ရဲ့ စွမ်းအားတွေလည်း အရမ်းတိုးပွားလာတယ်..."

ဤအံ့အားသင့်ဖွယ်အမြင်က ပိုင်လင်း၏ လျှို့ဝှက်ချက်ကို အမှန်တကယ် ဖော်ထုတ်လိုက်ခြင်းပင်။

သို့သော် ဤအမြင်ကို မည်သူကမျှ မယုံကြည်ခဲ့ကြချေ။

ဤကမ္ဘာလောကတွင် ဤမျှထိ အံ့အားသင့်ဖွယ်ကောင်းသော နည်းလမ်းမျိုး မည်သို့ ရှိနိုင်မည်နည်း။

သေအောင်ရိုက်နှက်ခံရပြီးနောက် ပြန်လည်ရှင်သန်လာနိုင်ရုံသာမက သူ၏ စွမ်းအားများလည်း အကြီးအကျယ် မြင့်တက်လာသည်။

ဤကဲ့သို့ ကိစ္စမျိုးကို သမိုင်းတလျှောက်တွင် မည်သူမျှ မမြင်တွေ့ခဲ့ဖူးချေ။

ဤအမြင်ကို တင်ပြခဲ့သူက ချက်ချင်းဆိုသလိုပင် ခေါင်းခါမ်းလိုက်ပြီး သူကိုယ်တိုင်ပင်လျှင် ယုတ္တိမတန်ဟု ခံစားလိုက်ရပေ၏။

လူများအားလုံး တိုင်ပင်ဆွေးနွေးခဲ့ကြသော်လည်း ယုံကြည်လက်ခံနိုင်လောက်သော အကြောင်းပြချက်တစ်ခုကို မစဉ်းစားနိုင်ခဲ့ကြချေ။

သို့သော် ဤကဲ့သို့သော ထူးဆန်းသည့် ဖြစ်စဉ်မှာ အစစ်အမှန်နတ်ဆိုးအမွေအနှစ်နှင့် သက်ဆိုင်နေရမည်ဖြစ်ကြောင်း လူများအားလုံး သိထားခဲ့ကြသည်။

ဤအကြောင်းအရင်းကြောင့် ပိုင်လင်းအပေါ် ကျရောက်နေသော သူတို့၏အကြည့်များသည် ပို၍ပူလောင်ပြင်းရှမလာဘဲ မနေနိုင်ခဲ့ကြချေ။

သူတို့သည် အစစ်အမှန်နတ်ဆိုးအမွေအနှစ်၏ လျှို့ဝှက်ချက်ကို ပို၍စိတ်ဝင်စားလာခဲ့ကြသည်။

သာမန်လူများပင်လျှင် ဤသို့ တွေးတောနေခဲ့ကြရာ မြောက်ပိုင်းနတ်ဆိုးလှိုဏ်ဂူမှ လူများသည်လည်း ချွင်းချက်မဟုတ်ချေ။

သူတို့သည် ပိုင်လင်း၏ ပြန်လည်ရှင်သန်လာမှုကြောင့် အံ့အားသင့်မနေခဲ့ဘဲ ပို၍ပင် ဝမ်းသာနေခဲ့ကြ၏။

အနီရောင်နတ်ဆိုးခေါင်းဆောင်က တောက်ပနေသော မျက်လုံးများဖြင့် အံ့အားတသင့် ရေရွတ်လိုက်သည်။

"အစစ်အမှန်နတ်ဆိုးအမွေအနှစ်က တကယ်ကို စွမ်းအားကြီးတာပဲ..."

"ပိုင်လင်း....ငါ ပြောရမယ်ဆိုရင် မင်းက အံ့အားသင့်စရာတွေကို ထပ်ခါတလဲလဲ ယူဆောင်လာပေးနိုင်တယ်..."

"ဒါပေမဲ့ မင်းက ယင်သုံးပါးနယ်ပယ် ပထမအဆင့်ကို ချိုးဖောက်ဝင်ရောက်သွားနိုင်ရင်တောင် ဘာဖြစ်လဲ..."

"ငါတို့မြောက်ပိုင်း နတ်ဆိုးလှိုဏ်ဂူနဲ့ ယှဉ်လိုက်ရင် မိုးနဲ့မြေလို ကွာခြားနေတုန်းပဲ..."

"ဒါပေမဲ့ မင်းကို ကြီးထွားလာဖို့ အချိန်တစ်ခု ပေးလိုက်မယ်ဆိုရင် ငါတို့မြောက်ပိုင်း နတ်ဆိုးလှိုဏ်ဂူမှာရှိတဲ့ လူတွေအားလုံး အိပ်မပျော်နိုင် ဖြစ်သွားလိမ့်မယ်..."

"ဒါပေမဲ့ မင်းက အရမ်းလောကြီးခဲ့တယ်..."

"အမွေအနှစ်ကို ရပြီးပြီးချင်း မင်းက နေရာတိုင်းမှာ ထင်ရာစိုင်း သောင်းကျန်းနိုင်ပြီလို့ ထင်နေတာပဲ..."

"ငါ မင်းကို ကျေးဇူးတင်ရမယ်..."

"မင်းသာ မရှိခဲ့ရင် ငါတို့ မြောက်ပိုင်း နတ်ဆိုးလှိုဏ်ဂူအနေနဲ့ အစစ်အမှန်နတ်ဆိုးအမွေအနှစ်ကို ရဖို့ ဒီလောက်ထိ လွယ်ကူမှာ မဟုတ်ဘူး..."

သူ၏စကားများကြားတွင် ပြင်းထန်သော ယုံကြည်ချက်တစ်ခု ရောယှက်နေပေ၏။

ဤသည်က အစစ်အမှန်နတ်ဆိုးအမွေအနှစ်ကို သူ၏လက်ထဲတွင် ဆုပ်ကိုင်ထားပြီးဖြစ်သည့်အလားပင်။

မောက်မာထောင်လွှားသော ချီဖန်းကို ရင်ဆိုင်ရချိန်၌ ပိုင်လင်းက အေးစက်စက်လေသံဖြင့်သာ တုံ့ပြန်လိုက်သည်။

"ခွေးဟောင်နေရုံနဲ့ လူမသေနိုင်ဘူး...အနီရောင်နတ်ဆိုး ခေါင်းဆောင်လို့ ခေါ်တဲ့သူက လူတွေကို စကားလုံးတွေနဲ့ သတ်ချင်တဲ့ အဆင့်အထိ နိမ့်ကျသွားပြီလား..."

ပိုင်လင်း၏လျှာသည် အမှန်တကယ်ကို အဆိပ်ပြင်းပေ၏။

ဤစကားတစ်ခွန်းက အထက်စီးဆန်ပြီး ကြောက်ရွံ့ဖွယ်ကောင်းသော ချီဖန်း၏မျက်နှာကို ချက်ချင်းဆိုသလိုပင် သုန်မှုန်သွားစေခဲ့သည်။

အကယ်၍ ဤကိစ္စသာ ပျံ့နှံ့သွားပါက သူသည် "စကားလုံးကစားခြင်း ဘုရင်" ဟူသော ဘွဲ့ကို ရရှိနိုင်ဖွယ်ရှိကြောင်း လွယ်လင့်တကူ စိတ်ကူးယဥ်တွေးတောကြည့်၍ ရနိုင်သည်။

"ကောင်မစုတ်လေး... မင်းက သေချင်နေတာပဲ..."

သူ၏မျက်လုံးများတွင် သတ်ဖြတ်လိုသော စိတ်ဆန္ဒများ တောက်ပနေပေ၏။

သူက နောက်ထပ်လက်ဝါးရိုက်ချက်တစ်ခုကို ထုတ်လွှတ်လိုက်သည်။

ဤလက်ဝါးတစ်ချက်ဖြင့် ကောင်းကင်နှင့် မြေပြင်၏အရောင်များ ပြောင်းလဲသွားပြီး လေဟာနယ်ပင် အက်ကွဲသွားခဲ့သည်။ ဥပဒေသစွမ်းအားများမှ ပေါ်ထွက်လာသော ဧရာမ လက်ဝါးပုံရိပ်ယောင်ကြီးတစ်ခုက ကောင်းကင်နှင့်မြေပြင်ကို ဆုတ်ဖြဲပစ်တော့မည့်အလားပင်။

ဤဒေါသတကြီး တိုက်ခိုက်မှုသည် ယခင်ကထက်ပင် ပို၍အစွမ်းထက်နေခဲ့သည်။

"ဝုန်း..."

ကျယ်လောင်သော ပေါက်ကွဲသံကြီးတစ်သံနှင့်အတူ ပိုင်လင်း၏ခန္ဓာကိုယ် ထပ်မံ၍ ပေါက်ကွဲသွားပေ၏။

ယခင်ကနှင့် နှိုင်းယှဉ်ပါက သူမ၏စွမ်းအားသည် အရည်အသွေးပိုင်းဆိုင်ရာ တိုးတက်မှုကို ရရှိခဲ့သည်မှာ ငြင်းဆန်၍ မရနိုင်ချေ။

သို့သော် ထိုသို့ဖြစ်သည့်တိုင် ယင်သုံးပါးနယ်ပယ် ပထမအဆင့်သည် ယန်သုံးပါးနယ်ပယ် တတိယအဆင့်၏ပြိုင်ဘက် မဟုတ်သေးချေ။

ချီဖန်း၏ရှေ့တွင် ပိုင်လင်းသည် ပုရွက်ဆိတ်တစ်ကောင်ကဲ့သို့ ဖြစ်နေဆဲပင်။

သူမထံတွင် တုံ့ပြန်နိုင်စွမ်း အလျဉ်းမရှိခဲ့ချေ။

အကယ်၍ နှိုင်းယှဉ်ချက်တစ်ခု လုပ်ရမည်ဆိုလျှင်...

ဤတိုတောင်းသော အချိန်လေးအတွင်း ပိုင်လင်းသည် သာမန် ပုရွက်ဆိတ်တစ်ကောင်မှ အနည်းငယ် ပို၍သန်မာသော ပုရွက်ဆိတ်တစ်ကောင်အဖြစ် ပြောင်းလဲသွားခြင်းသာ ဖြစ်ပေ၏။

သို့သော် သာမန်ဖြစ်စေ သန်မာသည်ဖြစ်စေ ပုရွက်ဆိတ်ကမူ ပုရွက်ဆိတ်သာ ဖြစ်ပြီး မည်သည့် လှိုင်းဂယက်ကိုမျှ မဖန်တီးနိုင်ချေ။

ပိုင်လင်း၏ ဒုတိယအကြိမ် သေဆုံးမှုနှင့်အတူ...

ပတ်ဝန်းကျင်နေရာတဝိုက်လုံး ထပ်မံ၍ တိတ်ဆိတ်ငြိမ်သက်သွားခဲ့သည်။

လူများအားလုံး၏မျက်နှာပေါ်တွင် အလွန် ထူးဆန်းသော အမူအယာများ ထင်ဟပ်လာသည်။

ပိုင်လင်းသည် ယခင်အတိုင်း ခေါင်းမာနေဆဲဖြစ်ပြီး ယခင်အတိုင်းပင် ချေမှုန်းခံလိုက်ရသည်။

ဤတိုက်ပွဲသည် အလွန်ထူးဆန်းလာသည်ဟု သူတို့ မည်သည်ကြောင့် ခံစားနေကြရသနည်း။

"သူ... ထပ်ပြီးတော့ ပြန်ရှင်သန်မလာလောက်တော့ပါဘူးနော်..."

ယခင် သင်ခန်းစာများကြောင့် လူများ၏စကားများသည် ထိုမျှထိ ပြတ်သားမနေတော့ချေ။

ထိုအစား သူတို့သည် နတ်ဘုရားစိတ်အာရုံဖြင့် တိုက်ပွဲမြေပြင်ကို စတင်၍စစ်ဆေးကာ ရှာဖွေလိုက်ကြ၏။

သူတို့သည် နတ်ဘုရားစိတ်အာရုံမှတဆင့် ပိုင်လင်း၏အခြေအနေကို စောင့်ကြည့်လိုခဲ့ကြသည်။

ဤတစ်ကြိမ်တွင် ချီဖန်းသည် သူ၏ လုပ်ဆောင်ချက်များကို တိကျစွာ ထိန်းချုပ်ထားခဲ့သည်။

သူသည် ပိုင်လင်းကို အမြစ်ပြတ်သတ်ဖြတ်ခြင်း မပြုခဲ့ချေ။

ထိုအစား သူသည် သူမ၏စိတ်ဝိညာဉ်အကြွင်းအကျန် တစွန်းတစ်စကို ချန်ထားခဲ့သည်။

ဤစိတ်ဝိညာဉ်အကြွင်းအကျန်နှင့် ပတ်သက်၍မူ ထိုအရာကို အစစ်အမှန်နတ်ဆိုးအမွေအနှစ်အား ရှာဖွေရာတွင် အသုံးပြုရန်သာ ဖြစ်ပေ၏။

ယခုအချိန်၌ လေဟာနယ်ထဲတွင်...

ပိုင်လင်း၏ စိတ်ဝိညာဉ်အကြွင်းအကျန်သည် မြေပြင်အထက်တွင် မျောလွင့်နေခဲ့သည်။

သူမ၏မျက်လုံးများသည် ခံစားချက်ကင်းမဲ့ နေပြီး သူမ၏စိတ်ဝိညာဉ်သုံးခုနှင့် စိတ်ဆန္ဒခုနစ်ခုမှာ ပြန့်ကျဲလုနီးပါး ဖြစ်နေလေပြီ။

သူမသည် လုံးလုံးလျားလျား သေဆုံးသွားသည့် အခြေအနေသို့ ရောက်နေပုံရသည်။

"ဒါဆိုရင် ပိုင်လင်းက ဒီတစ်ကြိမ်မှာ တကယ်ကြီး သေဆုံးသွားပြီလား..."

တစ်စုံတစ်ယောက်က တီးတိုးရေရွတ်လိုက်ပြီး သူတို့၏လေသံမှာ အလွန်ဇဝေဇဝါဖြစ်နေပုံရသည်။

"ဒါမှမဟုတ်ရင်ရော ဘာဖြစ်နိုင်မှာလဲ...သူက စိတ်ဝိညာဉ်အကြွင်းအကျန်လေးပဲ ကျန်တော့တာလေ..."

"တကယ်လို့ သူက ဒီတစ်ကြိမ် ပြန်ပြီးရှင်သန်လာနိုင်ရင် ငါ့ရဲ့ခေါင်းကို ဒီနေရာမှာတင် ဖြတ်ပစ်လိုက်မယ်..."

တစ်စုံတစ်ယောက်က ကျိန်ဆိုလိုက်ပြီး ပိုင်လင်း သေဆုံးသွားပြီဟု လုံးလုံးလျားလျား ယုံကြည်နေခဲ့သည်။

မြောက်ပိုင်းနတ်ဆိုးလှိုဏ်ဂူမှ လူများကမူ ပို၍ပင် တက်ကြွလာခဲ့ကြ၏။

ဤဖြစ်ရပ်တွင် အလှည့်အပြောင်းများ ရှိခဲ့သော်လည်း နောက်ဆုံးတွင် ပြီးပြည့်စုံစွာ အဆုံးသတ်သွားခဲ့လေပြီ။

ရလဒ်သည် သံသယဖြစ်ဖွယ်မရှိဘဲ အလွန်စိတ်ကျေနပ်စရာ ကောင်းလှသည်။

သူတို့၏ ကြီးမားသော လျှို့ဝှက်အန္တရာယ်ကြီးသည် အရှင်လတ်လတ် ရိုက်သတ်ခြင်း ခံလိုက်ရသည်။

ထို့ပြင် အစစ်အမှန်နတ်ဆိုးအမွေအနှစ်...

ဤသည်မှာ ယခုအချိန်၌ သူတို့နှင့် လက်တကမ်းအကွာတွင် ရှိနေပုံရသည်။

အစစ်အမှန်နတ်ဆိုးအမွေအနှစ်ကို လက်ဝယ်ပိုင်ဆိုင်ထားခြင်းဖြင့် မြောက်ပိုင်းနတ်ဆိုးလှိုဏ်ဂူ၏စွမ်းအားသည် ပို၍တိုးတက်လာမည်မှာ သေချာပေါက်ပင်။

အနာဂတ်တွင် မြောက်ပိုင်းဒေသတစ်ခုလုံးကို သူတို့ ကြီးစိုးနိုင်ရန်မှာ အချိန်ပြဿနာတစ်ခုသာ ကျန်ရှိပေမည်။

မြောက်ပိုင်းနတ်ဆိုးလှိုဏ်ဂူမှ လူများက အနာဂတ်ကို မျှော်မှန်းတွေးဆနေချိန်မှာပင် မမျှော်လင့်ထားသော ဖြစ်ရပ်တစ်ခု ထပ်မံ၍ ဖြစ်ပေါ်လာခဲ့သည်...

All Chapters