လမ်းလွဲသွားသော ခန့်မှန်းချက်
Vol. 31 Ch. 306
ဤစကားများက ပိုင်လင်း၏စိတ်နှလုံးသားကို လေးလံသွားစေခဲ့သည်။ သေဆုံးပြီးတိုင်း ပိုမိုသန်မာလာသည့် သူမ၏ လျှို့ဝှက်ချက်ကို သိသွားကြသလော...
ထိုသို့ဆိုလျှင် ဤခရီးစဉ်သည် အမှန်တကယ်ပင် မမျှော်လင့်ထားသော အပြောင်းအလဲများနှင့် ကြုံတွေ့ရနိုင်သည်။ ပိုင်လင်းအတွက်မူ တခြားသူများက သူမကို သတ်ဖြတ်မည်အား မကြောက်ရွံ့ချေ။ သို့သော် တခြားသူများက သူမ၏ လျှို့ဝှက်ချက်ကို သိသွားပြီး သူမအား ဖိနှိပ်ကာ အကျဉ်းချထားမည်ကိုသာ ကြောက်ရွံ့နေခဲ့သည်။
လူများအားလုံး၏အကြည့်အောက်တွင် အနီရောင်နတ်ဆိုး မျိုးဆက်၏ ခေါင်းဆောင်က ကောင်းကင်ကို တုန်လှုပ်သွားစေသော မိုးကြိုးသံကဲ့သို့ ကျယ်လောင်သောအသံဖြင့် ပြောဆိုလိုက်၏။
"နေ လနဲ့ ကြယ်တွေအားလုံးမှာ အခြေခံအုတ်မြစ်တွေ ရှိတယ်... ယင်နဲ့ယန် ပြီးတော့ ဒြပ်စင်ငါးပါးမှာလည်း ဥပဒေသတွေ ရှိတယ်..."
"သေဆုံးခြင်းကနေတစ်ဆင့် ပြန်လည်မွေးဖွားလာနိုင်တဲ့ မင်းရဲ့စွမ်းရည်က တကယ်ကို အံ့အားသင့်စရာကောင်းတယ်လို့ ငါ ပြောရမယ်..."
"ဒီလိုနည်းလမ်းမျိုးကို ငါ အရင်က တစ်ခါမှ မကြားဖူးသလို မမြင်ဖူးခဲ့ဘူး..."
"ဒါပေမဲ့ မင်း ပြန်လည်ရှင်သန်နိုင်တဲ့ အကြိမ်အရေအတွက်က ကန့်သတ်ချက် ရှိရမယ်လို့ ငါ ထင်တယ်..."
"ပြီးတော့ မင်း ခံနိုင်ရည်ရှိတဲ့ ပြင်ပစွမ်းအားကလည်း ကန့်သတ်ချက် တစ်ခုတော့ ရှိမှာပဲ..."
"မြောက်ပိုင်း နတ်ဆိုးလှိုဏ်ဂူကို မင်း ပြင်းပြင်းထန်ထန် ရန်စနေတာက.... ငါတို့က အဆင့်အတန်းကို ထိန်းသိမ်းဖို့အတွက် လူများတာကို အားကိုးပြီး အားနည်းသူကို အနိုင်ကျင့်တယ်ဆိုတဲ့ ဂုဏ်သတင်းမျိုး မလိုချင်အောင် လုပ်ဖို့ မင်း ကြိုးစားတာထက် မပိုဘူး..."
"ထိပ်သီးအင်အားစုကြီးလေးစုထဲက တစ်စုဖြစ်တဲ့ ငါတို့ မြောက်ပိုင်း နတ်ဆိုးလှိုဏ်ဂူက စည်းမျဉ်းတွေကို သတ်မှတ်နိုင်စွမ်းရှိတဲ့ တည်ရှိမှုတစ်ခုပဲ..."
"မင်းရဲ့ ကလေးဆန်တဲ့ လှည့်ကွက်တွေက ငါ့ရဲ့ မျက်လုံးနဲ့ နားတွေကို ဘယ်လိုလုပ်ပြီးတော့ လှည့်စားနိုင်မှာလဲ..."
သူ၏ မျက်လုံးများတွင် အရာအားလုံးကို ဖောက်ထွင်းမြင်နေရသူတစ်ဦး၏ ဥာဏ်အလင်းပွင့်သွားသောအလင်းရောင်များ ထွက်ပေါ်နေပေ၏။
ဤသည်က နံဘေးမှ စောင့်ကြည့်နေသူများကိုလည်း တွေးတောသွားစေခဲ့သည်။ ပိုင်လင်း၏ လုပ်ရပ်များကို အနီရောင်နတ်ဆိုး မျိုးဆက် ခေါင်းဆောင်၏ စကားများနှင့် ဆက်စပ်ကြည့်လိုက်သောအခါ သူတို့သည် အရာအားလုံးကို နားလည်သွားပုံရသည်။
သို့သော် ဤစကားများက ပိုင်လင်းကို အနည်းငယ် တွေဝေသွားစေခဲ့သည်။ တစ်ဖက်လူက အရာအားလုံးကို ဖောက်ထွင်းမြင်သည်ဆိုသည်မှာ ဤအရာကို ဆိုလိုခြင်းဖြစ်မည်ဟု သူမ ဘယ်သောအခါမျှ ထင်မှတ်မထားခဲ့ချေ။
ထို့ပြင် ပိုင်လင်း၏ မျက်နှာအမူအယာက သူ ပြောဆိုခဲ့သည့်စကားများမှန်ကန်ကြောင်း အတည်ပြုလိုက်သကဲ့သို့ အနီရောင်နတ်ဆိုး မျိုးဆက်၏ခေါင်းဆောင်ကို ခံစားသွားရစေသည်။
သူ၏မျက်နှာအမူအယာမှာ အနည်းငယ် ပြောင်းလဲသွားပြီး သူ စကားပြောလေလေ ပို၍ စိတ်လှုပ်ရှားလာလေလေပင်။
"ငါတို့ မြောက်ပိုင်း နတ်ဆိုးလှိုဏ်ဂူရဲ့ မျိုးဆက်လေးခုက ခေါင်းဆောင်လေးဦးရဲ့ ပူးပေါင်းလုပ်ဆောင်မှုက မင်းရဲ့ ခံနိုင်ရည်ကန့်သတ်ချက်ကို ချိုးဖျက်နိုင်မလားဆိုတာ ငါ သိချင်မိတယ်..."
ဤစကားများ ထွက်ပေါ်လာသည်နှင့်အမျှ မြောက်ပိုင်း နတ်ဆိုးလှိုဏ်ဂူမှ လူများ၏ မျက်လုံးများ တောက်ပလာခဲ့သည်။
မြောက်ပိုင်းနတ်ဆိုးလှိုဏ်ဂူ၏ ခေါင်းဆောင်လေးဦးအနက် တစစီတိုင်းသည် ယန်သုံးပါး တတိယနယ်ပယ်ရှိ တည်ရှိမှုပင်။
နတ်ဆိုးခေါင်းဆောင်လေးဦး အတူတကွ လှုပ်ရှားလိုက်မည်ဆိုပါက သာမန် ပိုင်လင်းတစ်ယောက်ကို မဆိုထားနှင့် ကောင်းကင်ကြီးပင်လျှင် ဆုတ်ဖြဲခံရလောက်သည်။
ဤသည်က ခြင်တစ်ကောင်ကို သတ်ရန် အမြှောက်တစ်လက်ကို အသုံးပြုနေသည်နှင့် လုံးလုံးလျားလျား တူညီနေပေ၏။ အမြှောက်လေးလက် တပြိုင်နက်တည်း ပစ်ခတ်လိုက်သဖြင့် ပြိုင်ဘက်ကို အသက်ရှင်ရန် အခွင့်အရေး အလျဉ်းမပေးတော့ခြင်းပင်။
ပိုင်လင်းသည် တစ်ဖက်လူ၏အထင်အမြင်လွဲမှားမှုကို ပြင်ဆင်ပေးရန်အထိ မိုက်မဲမည် မဟုတ်ချေ။ ဆန့်ကျင်ဘက်အနေဖြင့် သူမသည် သူမ၏စိတ်ထဲ၌ အနည်းငယ် ရယ်မောချင်သလိုပင် ခံစားနေခဲ့ရ၏။ သူမက ကောင်းစွာ ပူးပေါင်းကာ သရုပ်ဆောင်မှုတစ်ခုကို စတင်လိုက်၏။
"နင်တို့က ငါ့ရဲ့ ကန့်သတ်ချက်ကို ချိုးဖျက်ချင်တာလား... နင်တို့လောက်နဲ့ အရည်အချင်း မမီသေးဘူး..."
သူမသည် အေးစက်ပြီး မောက်မာကာ ယုံကြည်မှုရှိသော မျက်နှာအမူအယာကို ထိန်းသိမ်းထားဆဲပင်။ သို့သော် သူမ၏ယုံကြည်မှုထဲတွင် ဟန်ဆောင်ဖုံးကွယ်ထားသော တည်ကြည်လေးနက်မှု အရိပ်အယောင်တစ်ခု ရှိနေခဲ့သည်။
ဤသည်က ခေါင်းဆောင်လေးဦး၏ တိုက်ခိုက်မှုများကို ရပ်တန့်ရန် သူမထံတွင် ယုံကြည်မှုမရှိကြောင်း လူတိုင်းကို အချက်ပြလိုက်ခြင်းပင်။
အချိန်တခဏအတွင်းတွင် အနီရောင်နတ်ဆိုး ခေါင်းဆောင်သည် လေငြိမ်သွားပြီး မိုးတိတ်သွားကာ သူ ပြန်လည်အသက်ဝင်လာပြီဟု ခံစားလိုက်ရသည်။
"ပိုင်လင်း မင်းရဲ့ သရုပ်ဆောင်မှုက တကယ့်ကို ကောင်းပါတယ်..."
"ဒီအဘိုးကြီးက မင်းရဲ့ လှည့်စားမှုကို ခံရတော့မလို့ပဲ..."
"ဒါပေမဲ့ မင်းက မြေခွေးတစ်ကောင်လို ဘယ်လောက်ပဲ ကောက်ကျစ်နေပါစေ..ဒီနေ့မှာ မင်း ကျရှုံးရမယ်လို့ ကံကြမ္မာ ဖန်တီးထားပြီးသားပဲ..."
သူ စကားပြောနေစဉ်မှာပင် သူ၏ အသံသည် မိုးကြိုးပစ်ခတ်သကဲ့သို့ ကျယ်လောင်နေပြီး အခြားမျိုးဆက်များ၏ခေါင်းဆောင်များကို ပြောဆိုလိုက်သည်။
"ငါတို့အတူပူးပေါင်းပြီး လှုပ်ရှားကြစို့..."
ယနေ့တွင် ပိုင်လင်းသည် အပြောင်းအလဲများကိုယူဆောင်လာခဲ့သည်။ သူတို့သည် ချက်ချင်း လှုပ်ရှားရန် လိုအပ်ပေ၏။ ဤသည်မှာ သူတို့သည် သူမကို အမြစ်ပြတ်သုတ်သင်ရန်နှင့် ပြန်လည်ရှင်သန်ရန် နောက်ထပ် အခွင့်အရေး မပေးရန်ပင်။
အနီးအနားတွင် ရှိနေသော ကျုံးချင်သည် ဤမြင်ကွင်းကို ကြည့်ကာ အမျိုးသမီးများမှာ အမှန်တကယ်ကို သရုပ်ဆောင်များအဖြစ် မွေးဖွားလာကြခြင်းဖြစ်ကြောင်း ညည်းတွားလိုက်မိသည်။
အကယ်၍ သူသာ အတွင်းရေးကို မသိခဲ့ပါက သူပင်လျှင် ပိုင်လင်း၏ သရုပ်ဆောင်မှုအောက်တွင် လှည့်စားခံရပေမည်။ သူမ၏ အချိန်ကိုက် လမ်းညွှန်မှုက မြောက်ပိုင်းနတ်ဆိုးလှိုဏ်ဂူကို လမ်းလွဲသွားစေရန် ဦးဆောင်သွားပေ၏။ သူတို့ လမ်းလွဲသွားသော ဦးတည်ချက်မှာ မိုင်ပေါင်းသိန်းနှင့်ချီ၍ပင် ကွာဟသွားခဲ့သည်။
သူသည် သူ၏စိတ်အတွင်း၌ အနည်းငယ် ရယ်မောချင်သလိုပင် ခံစားလိုက်ရသည်။ ဤမြောက်ပိုင်း နတ်ဆိုးလှိုဏ်ဂူမှ လူများမှာ အမှန်တကယ်ကို ဝက်ခေါင်းများ ဖြစ်ကြ၏။
ယခင်က အတည်ပြုချက် နှစ်ခုနှင့်အတူ ကျုံးချင်သည် ပိုင်လင်း၏ဘေးကင်းမှုအတွက် စိုးရိမ်မနေတော့ချေ။ သူသည် သူ့တပည့်ဖြစ်သူ၏ စွမ်းဆောင်ရည်ကိုသာ မျှော်လင့်နေခဲ့ပြီး ဤတိုက်ပွဲ အပြီးတိုင် အဆုံးသတ်သွားပြီးနောက် သူမ မည်သည့်အတိုင်းအတာအထိ တိုးတက်လာမည်ကို သိချင်နေခဲ့သည်။
ကျုံးချင်၏ စိတ်အာရုံများ လွင့်မျောနေစဉ်မှာပင်...
မြောက်ပိုင်း နတ်ဆိုးလှိုဏ်ဂူ၏ မဟာခေါင်းဆောင်ကြီးလေးဦး အတူတကွ လှုပ်ရှားလိုက်ကြလေပြီ။
ယန်သုံးပါးနယ်ပယ်မှ အစွမ်းထက်ကျင့်ကြံသူ လေးဦး ထုတ်လွှတ်လိုက်သော နတ်ဘုရားစွမ်းအားများသည် သံသယဖြစ်ဖွယ်မရှိဘဲ ထိတ်လန့်ဖွယ်ကောင်းပြီး ကြောက်မက်ဖွယ် ကောင်းလှပေ၏။
သူတို့လေးယောက်သား အတူပူးပေါင်း၍ စွမ်းအားများကို ထုတ်လွှတ်လိုက်သည်နှင့်အမျှ ရေတွက်၍မရနိုင်သော ဥပဒေသစွမ်းအားများ ရောယှက်ပျံ့လွင့်နေပေ၏။ ထို့ပြင် အဆုံးမဲ့ ဖျက်ဆီးလိုသော သတ်ဖြတ်ခြင်းအငွေ့အသက်များကိုလည်း ထုတ်လွှတ်ထားခဲ့သည်။
ဥပဒေသစွမ်းအားများ ပြည့်နှက်နေသော ဧရာမ လက်ဝါးပုံရိပ်ယောင်ကြီးလေးခု၏ ယှက်နွယ်နေသော ချေမှုန်းမှုအောက်တွင် ပိုင်လင်း၏ခန္ဓာကိုယ် နောက်တစ်ကြိမ် ပေါက်ကွဲသွားခဲ့သည်။
"ဝှီး..."
လေပြေလေညင်းတစ်ရပ် တိုက်ခတ်သွားသည်နှင့်အမျှ...
ပတ်ဝန်းကျင်မှ ဖုန်မှုန့်များနှင့် မီးခိုးတိမ်တိုက်များ ထွက်ပေါ်လာခဲ့ပေ၏။
ဤသည်မှာ ကြီးမားသော ပေါက်ကွဲမှုနှင့် ဖျက်ဆီးမှုတို့အပြီးတွင် ဖြစ်ပေါ်လာသော မီးခိုးများနှင့်မီးတောက်များပင်။
တလိမ့်လိမ်ထနေသော မီးခိုးများအပြင် ဖုန်မှုန့်များ၏အထက်တွင် စိတ်ဝိညာဉ်အကြွင်းအကျန် တစ်စွန်းတစ်စ လွင့်မျောနေခဲ့သည်။
ပိုင်လင်းနှင့် ပတ်သက်၍ သူတို့တွင် မုန်းတီးမှုများ ရှိနေသော်လည်း မြောက်ပိုင်း နတ်ဆိုးလှိုဏ်ဂူ၏ခေါင်းဆောင်လေးဦးသည် နောက်ဆုံးအခိုက်အတန့်တွင် သူမ၏စိတ်ဝိညာဉ်အကြွင်းအကျန် တစ်စွန်းတစ်စကို ထိန်းသိမ်းထားခဲ့ကြ၏။ ထိုအရာကို အသုံးပြု၍ သူတို့သည် အစစ်အမှန်နတ်ဆိုးအမွေအနှစ်၏ နက်နဲသိမ်မွေ့မှုကို နားလည်နိုင်ရန်ဖြစ်သည်။
ပိုင်လင်း၏ ယခင်စွမ်းဆောင်ရည်က သူတို့ကို ထိုအမွေအနှစ်အား အလွန်အမင်း လိုချင်တပ်မက်သွားစေခဲ့သည်။ တခြားအရာအားလုံးကို ဖယ်ထားလိုက်လျှင်ပင် တစ်ကြိမ်သေဆုံးပြီးနောက် ကျင့်ကြံဆင့်စွမ်းအား အကြီးအကျယ် တိုးတက်လာနိုင်သည့် စွမ်းရည်တစ်ခုတည်းကပင် သူတို့ လျစ်လျူမရှုနိုင်သော အရာတစ်ခု ဖြစ်နေပေ၏။
ထိုကြောင့် သူတို့သည် သူမ၏စိတ်ဝိညာဉ် တစစီကြေမွှပျက်စီးသွားသည်အထိ မရိုက်နှက်ရက်ခဲ့ကြချေ။
မီးခိုးများနှင့် ဖုန်မှုန့်များအထက်တွင် လွင့်မျောနေသော စိတ်ဝိညာဉ်အကြွင်းအကျန်ကို ကြည့်ရင်း...
နတ်ဆိုးခေါင်းဆောင်များသည် အချိန်တခဏကြာမျှ စောင့်ဆိုင်းခဲ့ကြသော်လည်း ပိုင်လင်း ပြန်လည်ရှင်သန်လာမည့် အရိပ်အယောင်ကို မတွေ့ခဲ့ရချေ။
အချိန်တခဏကြာပြီးနောက် သူတို့သည် ခပ်ဖျော့ဖျော့ ပြုံးလိုက်ကြ၏။
နောက်ဆုံးတွင် သူတို့သည် သူမကို သတ်နိုင်ခဲ့လေပြီ။
မြောက်ပိုင်းနတ်ဆိုးလှိုဏ်ဂူကို စတင်တည်ထောင်ကတည်းက ဤမျှ ဒုက္ခပေးတတ်သော ရန်သူနှင့် ရင်ဆိုင်ရခြင်းမှာ ဤသည်က ပထမဆုံးအကြိမ်ပင်။
ကံကောင်းထောက်မစွာဖြင့် ဤအရာအားလုံး ပြီးဆုံးသွားခဲ့လေပြီ။
ခေါင်းဆောင်လေးဦး အတူတကွ လှုပ်ရှားခြင်းက မိစ္ဆာများနှင့် နတ်ဆိုးများအားလုံးကို ဖိနှိပ်ရန် လုံလောက်သည်။
ပိုင်လင်းဟု ခေါ်ဆိုသောသူသည် ယခုမှစ၍ အတိတ်၏အစိတ်အပိုင်းတစ်ခု ဖြစ်သွားတော့ပေမည်။
နံဘေးမှ စောင့်ကြည့်နေသူများပင်လျှင် ဤတစ်ကြိမ်တွင် ပိုင်လင်း အမှန်တကယ် သေဆုံးသွားပြီဟု ခံစားလိုက်ရသည်။
အကယ်၍ ယန်သုံးပါးနယ်ပယ် တတိယအဆင့်မှ အစွမ်းထက်သူ လေးဦး၏ ပူးပေါင်းတိုက်ခိုက်မှုအောက်တွင် သူမ အသက်ရှင်နိုင်သေးမည်ဆိုပါက ဤသည်မှာ အမှန်တကယ်ကို မိုးကောင်းကင်အား ဆန့်ကျင်ခြင်း ဖြစ်ပေလိမ့်မည်။
သို့သော် တစ်စုံတစ်ယောက်မှ မဖြစ်နိုင်ဟု ထင်ထားသော အရာတချို့သည် မရှိဟု မဆိုလိုချေ။
မြောက်ပိုင်းနတ်ဆိုးလှိုဏ်ဂူ၏ ခေါင်းဆောင်လေးဦးသည် တိုက်ပွဲမြေပြင်ကို ရှင်းလင်းရန်နှင့် အောင်ပွဲ၏အကျိုးရလဒ်များကို လက်ခံရယူရန် ပြင်ဆင်နေချိန်မှာပင်...
ယခင်ကဲ့သို့ အတိအကျတူညီသော လှိုင်းဂယက်တစ်ခု ထွက်ပေါ်လာခဲ့ပေ၏။
လေဟာနယ်၏ အရပ်မျက်နှာအဘက်ဘက်မှ ပြင်းထန်သော သက်စောင့်စွမ်းအားများ ထွက်ပေါ်လာခဲ့သည်။
လူတိုင်းသည် ဤလှိုင်းဂယက်နှင့် အလွန် ရင်းနှီးနေခဲ့ကြလေပြီ။
ဤသည်က ပိုင်လင်း ပြန်လည်ရှင်သန်လာခြင်း၏အချက်ပြမှုပင်။
"ဒါ ဘာကြီးလဲ... သူက ဒီအခြေအနေကနေတောင် ပြန်လည်ရှင်သန်လာနိုင်သေးတာလား..."
ရေတွက်၍မရနိုင်သော လူများ၏စိတ်နှလုံးသားများ တုန်ရီသွားပြီး သူတို့၏ ဦးရေပြားများ ထုံကျဉ်သွားပေ၏။
မကြာမီမှာပင် ပိုင်လင်း၏ အသွေးအသား ခန္ဓာကိုယ်သည် လူတိုင်း၏ရှေ့တွင် ထပ်မံ၍ ထွက်ပေါ်လာခဲ့သည်။
ရုတ်ချည်းဆိုသလိုပင်...
မြောက်ပိုင်း နတ်ဆိုးလှိုဏ်ဂူမှ ခေါင်းဆောင်လေးဦး၏ ပြုံးရွှင်နေသော မျက်နှာများ တောင့်တင်းအေးခဲသွားတော့သည်။
သူတို့သည် သာမန်လူများမှ သရဲကို မြင်လိုက်ရသည့်အလား ပိုင်လင်းကို စူးစိုက်၍ ကြည့်နေခဲ့ကြသည်။
သူတို့၏စိတ်အခြေအနေများ ပြိုကွဲသွားခဲ့လေပြီ။
"သူက ဒီအခြေအနေကနေတောင် ပြန်လည်ရှင်သန်လာနိုင်တာလား..."
"မင်း ငါ့တို့ကို နောက်နေတာလား..."
ထို့ပြင်...
တစ်ဖက်လူသည် ပြန်လည်ရှင်သန်လာရုံသာမက သူမ၏စွမ်းအားကလည်း ပို၍ပင် ကြီးမားလာပေ၏။
လှိုင်းထနေသော စိတ်ဝိညာဉ်စွမ်းအင်များက သူမ၏ခန္ဓာကိုယ်အတွင်း၌ တလိမ့်လိမ့်ထနေခဲ့သည်။
တစ်ချိန်တည်းမှာပင် ပိုင်လင်း၏ကျင့်ကြံဆင့်သည် ထပ်မံ၍ မြင့်တက်လာပေ၏။
ယင်သုံးပါး တတိယနယ်ပယ်မှနေ၍ သူမသည် နောက်ထပ် ခြေတစ်လှမ်း ထပ်တိုးလာကာ ယန်သုံးပါးနယ်ပယ်သို့ တိုက်ရိုက်ဝင်ရောက်သွားခဲ့သည်။
ယန်သုံးပါးနယ်ပယ် အစွမ်းထက်ကျင့်ကြံသူတစ်ဦး၏ အရှိန်အဝါတစ်ရပ်က ပိုင်လင်း၏ ခန္ဓာကိုယ်မှ ပွင့်အံ့ထွက်လာပေ၏။
ဤမြင်ကွင်းကိုမြင်ချိန်၌ လူများအားလုံး ဆွံ့အသွားခဲ့ကြသည်။
အကယ်၍ သူတို့ မှတ်မိသည်သာ မှန်ကန်ပါက ပိုင်လင်းသည် ယခင်က ကောင်းကင်နက်နဲသိမ်မွေ့ နယ်ပယ် အလယ်အလတ်အဆင့်တွင်သာ ရှိနေခဲ့သည် မဟုတ်လော...
ယခုမူ သူမသည် ယင်သုံးပါးနယ်ပယ်ကို အမှန်တကယ် ဖြတ်ကျော်သွားခဲ့ပြီး ယင်သုံးပါးနယ်ပယ်၏အဆင့်အားလုံးကို ချက်ချင်း အောင်မြင်ပြီးမြောက်သွားကာ ယန်သုံးပါးနယ်ပယ်သို့ တိုက်ရိုက်ဦးတည်သွားခဲ့လေပြီ။
တစ်ရက်အတွင်း ကောင်းကင်နက်နဲသိမ်မွေ့မှ ယန်သုံးပါးနယ်ပယ်အထိ ရောက်ရှိသွားခြင်းက မည်မျှထိ အံ့အားသင့်ဖွယ်ကောင်းပြီး လောကကြီးကို တုန်လှုပ်သွားစေနိုင်သနည်း....
မြောက်ပိုင်းဒေသ တစ်ခုလုံးတွင် သမိုင်းကို ပြန်လည်ရှာဖွေကြည့်လျှင်ပင် ဤကဲ့သို့ လူမျိုးများကို ရှာတွေ့နိုင်ရန် ခဲယဉ်းလှသည်။
ထိုသို့ဆိုသည့်တိုင် ဤကဲ့သို့ ဒဏ္ဍာရီလာ မြင်ကွင်းမျိုးက သူတို့၏မျက်စိရှေ့တွင် တိုက်ရိုက်ထွက်ပေါ်လာခဲ့သည်။
ပိုင်လင်းသည် ယန်သုံးပါးနယ်ပယ်သို့ ချိုးဖျက်ဝင်ရောက်သွားသည်နှင့်အမျှ...
သူမ၏စွမ်းအားမြင့်တက်မှုကို မျှဝေခံစားသော ကျုံးချင်သည်လည်း သူ၏ ခန္ဓာကိုယ်အတွင်း၌ ထိတ်လန့်ဖွယ်ကောင်းသော စွမ်းအားများ လှိုင်းထလာသည်ကို နောက်တစ်ကြိမ် ခံစားလိုက်ရသည်။
ဤစွမ်းအားက သူ၏ ဓမ္မသောင်းချီနယ်ပယ် တတိယအဆင့် ကျင့်ကြံမှုကို နောက်ထပ် တစ်ဆင့် မြင့်တက်သွားစေခဲ့သည်။
သူသည် ဓမ္မသောင်းချီနယ်ပယ် စတုတ္ထအဆင့်သို့ ရောက်ရှိသွားခဲ့ပေ၏။
ဤသည်မှာ တစ်ရက်အတွင်း သူ၏ကျင့်ကြံဆင့် သုံးကြိမ်ဆက်တိုက် တိုးတက်လာခဲ့ခြင်းပင်။
ကျုံးချင်၏စိတ်နေသဘောထားဖြင့်ပင် သူသည် အလွန်အမင်း ဝမ်းသာပျော်ရွှင်မနေဘဲ မနေနိုင်ခဲ့ချေ။
ထို့ပြင် လက်ရှိ အခြေအနေအရ သုံးကြိမ်ဆိုသည်မှာ အဆုံးသတ်ရန် အလှမ်းဝေးနေဆဲ ဖြစ်၏။
အကယ်၍ ပိုင်လင်းသည် သေရေးရှင်ရေး တိုက်ပွဲတွင် မြောက်ပိုင်းနတ်ဆိုးလှိုဏ်ဂူနှင့် ယှဉ်ပြိုင်လိုပါက ယန်သုံးပါးနယ်ပယ် ပထမအဆင့်သည် မလုံလောက်သေးချေ။
ဤသည်မှာ ကျုံးချင်သည် နောက်ထပ် စွမ်းအားတိုးတက်မှု လှိုင်းကြီးတစ်ခုကို ထပ်မံ၍ရရှိဦးမည်ဟု ဆိုလိုခြင်းပင်။