← Chapters

ကြက်တစ်ကောင်က ဒီလောက်ထိ အစွမ်းထက်တာလား

Vol. 31 Ch. 308

ကြက်တစ်ကောင်က ဒီလောက်ထိ အစွမ်းထက်တာလား

Vol. 31 Ch. 308

လောကကြီးသည် အကျိုးအမြတ်အတွက် ရှုပ်ထွေးနေတတ်သည်ဟု ဆိုရိုးစကား ရှိပေ၏။

ထို့ပြင် လောကကြီးမှလူများသည် အကျိုးအမြတ်အတွက် ယှဉ်ပြိုင်နေကြသည်။

မြောက်ပိုင်းနတ်ဆိုးလှိုဏ်ဂူနှင့် မဟာမိတ်ဖွဲ့သူများသည် မြောက်ပိုင်း နတ်ဆိုးလှိုဏ်ဂူ၏ စွမ်းအားကို တန်ဖိုးထားသောကြောင့် ထိုသို့ ပြုလုပ်ခဲ့ကြခြင်းဖြစ်သည်။

သူတို့၏မဟာမိတ်အဖွဲ့သည် အခြေအနေများအရ ပေါ်ပေါက်လာခဲ့ခြင်း ဖြစ်ပေ၏။

မြောက်ပိုင်းနတ်ဆိုးလှိုဏ်ဂူ အသာစီးရနေချိန်တွင် သူတို့သည် လွှမ်းမိုးနေသော ရေစီးကြောင်းအတိုင်း သဘာဝကျစွာ လိုက်ပါခဲ့ကြသည်။

သို့သော် ယခုအချိန်၌ မြောက်ပိုင်း နတ်ဆိုးလှိုဏ်ဂူသည် လုံးလုံးလျားလျား အားနည်းသည့် အခြေအနေသို့ ရောက်ရှိသွားခဲ့လေပြီ။

သဘာဝကျစွာပင် သူတို့သည် ကွဲပြားသော အတွေးများကို စတင်၍ တွေးတောလာခဲ့ကြ၏။

ရိုးရိုးရှင်းရှင်း ပြောရလျှင် နှစ်ဖက်ကြားရှိ မဟာမိတ်ဖွဲ့မှုသည် လုံလောက်စွာ အားမကောင်းခဲ့ချေ။

သူတို့သည် ပိုင်လင်း၏ ကောင်းကင်ကို ဆန့်ကျင်သော စွမ်းရည်ကို မျက်မြင်တွေ့ခဲ့ရပြီးဖြစ်သည်။

အသတ်ခံရပြီးနောက် ပြန်လည်ရှင်သန်လာနိုင်ကာ သေဆုံးပြီးတိုင်း ပို၍သန်မာလာနိုင်သူကို သူတို့ အမှန်တကယ်ပင် ရန်မစလိုကြချေ။

ထိုသို့သောလူစားမျိုးသည် ရန်သူများအတွက် အိပ်မက်ဆိုးတစ်ခုသာ ဖြစ်ပေ၏။

ထို့ကြောင့် ပိုင်လင်းအား တိုက်ခိုက်ရန်နှင့် အုပ်စုဖွဲ့ တိုက်ခိုက်ရန် ချီဖန်းက အကြံပြုချိန်တွင် သူတို့အားလုံး တိတ်ဆိတ်သွားခဲ့သည်။

ဤသဘောထားက ချီဖန်း၏စိတ်နှလုံးသားကို လေးလံသွားစေခဲ့သည်။

သူသည် အချိန်တခဏကြာမျှ တွေးတောလိုက်ပြီး လူများအားလုံး၏ စိတ်ထားပြောင်းလဲမှုကို ချက်ချင်းနားလည်သွားပေ၏။

သူ အလွန်အမင်း စိတ်မကျေမနပ် ဖြစ်သွားခဲ့သည်။

ထိုလူများသည် အခွင့်အရေးသမားတစ်စုပင်။

အကယ်၍ ငြိမ်းချမ်းသော အချိန်သာဆိုပါက သူသည် ထိုလူစုကို အမြစ်ပြတ်သတ်ဖြတ်မိမည်မှာ အမှန်ပင်။

သို့သော် ယခုအချိန်၌ အခြေအနေတစ်မျိုး ဖြစ်နေခဲ့သည်။

ဤသည်က သူ ပြင်းပြင်းထန်ထန် ပြုမူရမည့် အချိန်မဟုတ်ချေ။

သူသည် လက်ရှိအခြေအနေကို မည်သို့ချိုးဖျက်ရမည်နည်းဟူ၍ တန်ပြန်အစီအမံများကို သူ၏ စိတ်ထဲတွင် လျှင်မြန်စွာ တွေးတောလိုက်၏။

မကြာမီမှာပင် သူ၏မျက်လုံးများ တောက်ပသွားပြီး အကြံတစ်ခု ရသွားခဲ့သည်။

ချီဖန်းသည် သူ၏ဒဏ်ရာများကို လျှင်မြန်စွာ ကုသလိုက်သည်။

ထို့နောက် သူသည် သူ၏မဟာမိတ်များကို တစ်ချက်ဝေ့ကြည့်ပြီး အသံနက်ကြီးဖြင့် ပြောဆိုသည်။

"လူတိုင်းပဲ..."

"ပိုင်လင်းရဲ့ ကောင်းကင်ကို ဆန့်ကျင်နိုင်စွမ်းကို မင်းတို့လည်း မြင်ပြီးပြီ..."

"ဒါတွေအားလုံးက အစစ်အမှန်နတ်ဆိုးအမွေအနှစ်ပေါ်မှာ မူတည်နေတာပဲ..."

"တကယ်လို့ ငါတို့က သူ့ကို ဖမ်းဆီးပြီး အစစ်အမှန်နတ်ဆိုးအမွေအနှစ်ရဲ့ နက်နဲသိမ်မွေ့မှုတွေကို အတင်းအကျပ် ထုတ်ဖော်ခိုင်းနိုင်မယ်ဆိုရင်....ပိုင်လင်းရဲ့ အောင်မြင်မှုကို လုယူဖို့ဆိုတာ မဖြစ်နိုင်တာတော့ မဟုတ်ဘူး..."

မြောက်ပိုင်း နတ်ဆိုးလှိုဏ်ဂူ၏ အနီရောင်နတ်ဆိုးခေါင်းဆောင်အနေဖြင့် ချီဖန်းတွင် ထူးခြားသော အရည်အသွေးများ အမှန်တကယ်ကို ရှိနေခဲ့ပေ၏။

စကားတစ်ခွန်းတည်းဖြင့် သူသည် လူများအားလုံး၏လောဘကို တိုက်ရိုက်မီးမွှေးပေးလိုက်သည်။

လူများအားလုံးသည် ပိုင်လင်း၏ တိုးတက်လာမှုကို သူတို့၏ကိုယ်ပိုင်မျက်လုံးများဖြင့် မြင်တွေ့ခဲ့ရပြီးဖြစ်သည်။

ဤမျှထိ လျင်မြန်သော တိုးတက်မှုနည်းလမ်းမျိုးကို မည်သူက သွေးဆောင်မခံရဘဲ နေမည်နည်း။

သေချာသည်က သွေးဆောင်ခံရခြင်းမှာ တစ်ပိုင်းဖြစ်ပြီး...

လက်တွေ့လုပ်ဆောင်ရန်မှာမူ လူများအားလုံး ထပ်မံ၍ တွေဝေသွားကြသည်။

ပျံသန်းခြင်းအင်မော်တယ်ဂိုဏ်းမှ နတ်ဘုရားဓားတောင်ထိပ်၏ တောင်သခင်ဟောက်ချန်က သူ၏ ထင်မြင်ချက်ကို ပြောဆိုလာခဲ့သည်။

"ခေါင်းဆောင် ချီဖန်း... ငါတို့က အစစ်အမှန်နတ်ဆိုးအမွေအနှစ်ကို လိုချင်တာပေါ့..."

"ဒါပေမဲ့ ငါတို့ မလှုပ်ရှားချင်တာ မဟုတ်ဘူး..."

"ပိုင်လင်းက အရမ်း ထူးဆန်းနေလို့ပဲ..."

"သူက အသတ်ခံရပြီးတဲ့နောက် ပြန်လည်ရှင်သန်လာနိုင်ပြီးတော့ သူ ပြန်လည်ရှင်သန်ပြီးနောက်မှာ သူ့ရဲ့စွမ်းအားတွေက မြင့်တက်သွားနိုင်တယ်လေ..."

"ငါတို့အားလုံး ရှေ့ကိုပြေးထွက်သွားရင်တောင်အခြေအနေကို ဘယ်လိုပြောင်းလဲနိုင်မှာလဲ..."

ချီဖန်းသည် တစ်ဖက်လူက မေးခွန်းများ မေးလာမည်ကို မကြောက်ရွံ့ခဲ့ဘဲ သူတို့ ဘာမေးခွန်းမျှ မမေးမည်ကိုသာ ကြောက်ရွံ့ခဲ့ခြင်း ဖြစ်ပေ၏။

သူသည် အချိန်နခဏကြာမျှ တွေးတောလိုက်ပြီးနောက် လျှင်မြန်စွာ တုံ့ပြန်လိုက်သည်။

"ပိုင်လင်းမှာ ငါတို့ရဲ့ နားလည်နိုင်စွမ်းထက် ကျော်လွန်နေတဲ့ ထူးဆန်းတဲ့ စွမ်းရည်တွေ အများကြီး ရှိနေတယ်ဆိုတာကတော့ ငြင်းလို့မရဘူး..."

"ဒါပေမဲ့ သူက သေဆုံးတိုင်းမှာ ကျင့်ကြံမှု တိုးတက်မှုကိုပဲ ရရှိတာလေ..."

"တကယ်လို့ ငါတို့က သူ့ကို တိုက်ရိုက် သတ်ပစ်မယ့်အစား ဖိနှိပ်ထားမယ်ဆိုရင်..."

"အဲ့ဒီနောက်မှာ သူ့ကိုဖြေရှင်းဖို့ နည်းလမ်းတစ်ခုတော့ ရှာနိုင်မှာပါ..."

"ဒါ့ပြင် ပိုင်လင်းက အရမ်းအငြိုးကြီးတယ်..."

"မင်းတို့က ငါ့ရဲ့ မြောက်ပိုင်း နတ်ဆိုးလှိုဏ်ဂူနဲ့ မဟာမိတ်ဖွဲ့လိုက်တဲ့ အခိုက်အတန့်ကစပြီးတော့... မင်းတို့က သူရဲ့ရန်သူတွေ ဖြစ်လာဖို့ ကံကြမ္မာ ဖန်တီးထားပြီးသားပဲ..."

"တကယ်လို့ သူက ငါတို့မြောက်ပိုင်းနတ်ဆိုးလှိုဏ်ဂူကို ဖြေရှင်းပြီးသွားရင် မင်းတို့ကို အလွတ်ပေးမယ်လို့ မင်းတို့ ထင်နေတာလား..."

"အဲ့ဒီအချိန်ရောက်ရင် ဒီနေရာမှာ ရောက်နေတဲ့သူတိုင်းက သူရဲ့အမုန်းတရားအောက်ကို ရောက်သွားလိမ့်မယ်လို့ ငါ စိုးရိမ်မိတယ်..."

ဤစကားများ ထွက်ပေါ်လာသည်နှင့်အမျှ မြောက်ပိုင်း နတ်ဆိုးလှိုဏ်ဂူ၏ မဟာမိတ်များအားလုံး သူတို့၏စိတ်နှလုံးသားထဲတွင် ထိတ်လန့်တုန်လှုပ်မှုကို ခံစားလိုက်ရသည်။

သူတို့သည် ဤအချက်ကို အမှန်တကယ်ပင် ထည့်သွင်းမစဉ်းစားမိခဲ့ချေ။

သူတို့သည် မြောက်ပိုင်းနတ်ဆိုးလှိုဏ်ဂူနှင့် မဟာမိတ်ဖွဲ့လိုက်သည့် အချိန်မှစ၍ မြောက်ပိုင်း နတ်ဆိုးလှိုဏ်ဂူနှင့် တူညီသောစစ်မျက်နှာတွင် ချည်နှောင်ခံလိုက်ရသည်ဟု ဆိုနိုင်သည်။

ယခုချိန်တွင် သူတို့ ဓားပြသင်္ဘောပေါ်မှ ဆင်းရန် ကြိုးစားခြင်းမှာ အလွန်နောက်ကျနေလေပြီ။

အချိန်တခဏအတွင်းတွင် လူအမြောက်အများသည် ပထမဆုံးအကြိမ်အဖြစ် နောင်တရမှုကို ခံစားလိုက်ရသည်။

အကယ်၍ သူတို့သာ ဤသည်ကို ကြိုသိခဲ့ပါက ဤမျှထိ လျင်မြန်စွာ ဘက်မရွေးချယ်ခဲ့သင့်ဘဲ အခြေအနေကို ဆက်လက်၍ စောင့်ကြည့်မိပေမည်။

သို့သော် ဤလောကတွင် နောင်တရခြင်းအတွက် ကုထုံးတစ်ခုမှလွဲ၍ အရာအားလုံး ရှိပေ၏။

ယခုချိန်၌ ဤစကားများကို ပြောနေခြင်းမှာ အမှန်တကယ်ကို အလွန်နောက်ကျနေလေပြီ။

ထို့ပြင် ချီဖန်း၏နည်းလမ်းမှာ ပိုင်လင်းအား ကိုင်တွယ်ရန် အမှန်တကယ်ကို ကောင်းမွန်သော နည်းလမ်းတစ်ခုပင်။

ပထမဆုံး သူမကို ဖိနှိပ်ထားကာ...

အစစ်အမှန်နတ်ဆိုးအမွေအနှစ်၏ နက်နဲသိမ်မွေ့မှုများကို ထုတ်ယူပြီးနောက်တွင် သူမကို ဖယ်ရှားရန် နည်းလမ်းတစ်ခု ရှာဖွေရပေမည်။

ဤအကြောင်းပြချက်များအားလုံး ပေါင်းစပ်လိုက်ချိန်၌ ပျံသန်းခြင်းအင်မော်တယ်ဂိုဏ်းမှဟောက်ချန်နှင့် တခြားသူများကို လှုပ်ရှားရန်နှင့် တိုက်ပွဲမြေပြင်သို့ ဝင်ရောက်ရန် စိတ်အားထက်သန်သွားစေခဲ့သည်။

သို့သော် ဤလူများ လှုပ်ရှားလာသည်နှင့်အမျှ...

ကြက်ပေါက်စတစ် ဦးဆောင်သော နတ်ဆိုးစစ်သူကြီးဆယ့်နှစ်ဦးကလည်း လှုပ်ရှားလာခဲ့ကြသည်။

ကြက်ပေါက်စတစ်သည် သူ၏ ရွှေရောင်ဓားပြားကြီးကို ကိုင်ဆောင်ကာ မတ်မတ်ရပ်နေပြီး လူတိုင်း၏လမ်းကြောင်းကို အရေးမစိုက်သောပမူအယာဖြင့် ပိတ်ဆို့ထားခဲ့သည်။

"မြောက်ပိုင်း နတ်ဆိုးလှိုဏ်ဂူကြားက အငြိုးအတေးတွေကို မြောက်ပိုင်းနတ်ဆိုးလှိုဏ်ဂူကိုယ်တိုင်ပဲ ဖြေရှင်းသင့်တယ်..."

"မင်းတို့လို ငရှုပ်ကောင်တွေက ဘယ်ကရောက်လာပြီးတော့ မင်းတို့နဲ့ မဆိုင်တဲ့ ကိစ္စတွေမှာ ဝင်စွက်ဖက်နေရတာလဲ..."

"မင်းတို့ ဘယ်ကလာလာ အဲ့ဒီနေရာကို အမြန်ဆုံး ပြန်သွားကြစမ်း..."

ကြက်ပေါက်စတစ်၏ ပေါ့ပေါ့ပါးပါး အမူအယာက ဟောက်ချန်ကို ဒေါသထွက်သွားစေခဲ့သည်။

သူ၏အဆင့်အတန်းသည် မည်သို့ဖြစ်သနည်း...

ပျံသန်းခြင်းအင်မော်တယ်ဂိုဏ်း၏ အဖွဲ့ဝင်တစ်ဦး...

နတ်ဘုရားဓားတောင်ထိပ်၏ တောင်သခင်...

ယန်သုံးပါးနယ်ပယ် တတိယအဆင့်မှ အစွမ်းထက်ကျင့်ကြံသူတစ်ဦး...

သူသည် မြောက်ပိုင်းဒေသ တစ်ခုလုံးတွင် နာမည်ကြီးသော အရှင်သခင်တစ်ဦးလည်း ဖြစ်ပေ၏။

ယခု၌မူ တိရစ္ဆာန်တစ်စုက သူ၏ရှေ့တွင် မောက်မာထောင်လွှားနေပြီး ရိုင်းစိုင်းစွာ စကားပြောဆိုနေသည်။

ရုတ်ချည်းဆိုသလိုပင် သူ၏မျက်လုံးများ မီးတောပြီး သူ၏အသံသည် မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်နေသည်။

သူက ကျယ်လောင်သောအသံဖြင့် အော်ဟစ်လိုက်သည်။

"တိရစ္ဆာန်အုပ်တစ်အုပ်က ငါ့ရဲ့လမ်းကို ပိတ်ဆို့ထားရဲတယ်ပေါ့..."

ကြက်ပေါက်စတစ် ကြားရသည်ကို အမုန်းဆုံး အရာတစ်ခု ရှိသည်ဆိုလျှင် ဤသည်မှာ သူ့အား အိမ်မွေးတိရစ္ဆာန်ဟု ခေါ်ဆိုခြင်းပင်။

ဟောက်ချန်သည် အမှန်တကယ်ကို ဒေါသထွက်နေသော်လည်း ကြက်ပေါက်စတစ်က သူ့ထက်ပို၍ပင် ဒေါသထွက်နေခဲ့သည်။

"အကောင်းအဆိုးကို မသိတဲ့ အဘိုးကြီး....ရူးမိုက်တဲ့ကောင်..."

"မင်းရဲ့ မိဘတွေက ယဉ်ကျေးမှုဆိုတာ ဘာလဲလို့ မသင်ပေးခဲ့ဘူးဆိုတော့ ဒီနေ့ ကြက်သခင်ကြီးက မင်းကို သင်ပေးရမှာပေါ့..."

ဟောက်ချန်သည် ဆက်လက်၍ သည်းမခံနိုင်တော့ချေ။

"မင်းက သေချင်နေတာပဲ..."

ဒေါသတကြီး အော်ဟစ်သံနှင့်အတူ သူသည် ပထမဆုံး စတင်တိုက်ခိုက်လိုက်၏။

သူ၏တိုက်ခိုက်မှုမှာ မြေပြင်တပြင်လုံးကို တုန်ခါသွားစေခဲ့သည်။

သူ၏လက်သီးချက်သည် နဂါးတစ်ကောင်အလား မိုးကောင်းကင်ကို ဆုတ်ဖြဲပစ်နိုင်သော ကြီးမားသည့် စွမ်းအားများကို သယ်ဆောင်လာသည်။

အထက်စီးဆန်သောဟန်ပန်ဖြင့် သူသည် ကြက်ပေါက်စတစ်ကို ဖိနှိပ်ပြီး သတ်ပစ်ရန် ရည်ရွယ်ထားခဲ့သည်။

သို့သော် သူ၏ တိုက်ခိုက်မှုမှာ မြန်ဆန်သော်လည်း ကြက်ပေါက်စတစ်က ပို၍ပင် မြန်ဆန်နေခဲ့ပေ၏။

သူက ခြေတစ်ချက် ဆောင့်ကန်လိုက်သည်။

လက်သီးနှင့်ခြေထောက် ရိုက်ခတ်မှုကြားတွင် ကောင်းကင်ကို တုန်လှုပ်သွားစေသော ပေါက်ကွဲမှုတစ်ခုက ပတ်ဝန်းကျင်၌ ဖြစ်ပေါ်လာခဲ့သည်။

ထိုပေါက်ကွဲသံထဲတွင် အရိုးများ ကျိုးကြေသွားသည့် အသံကိုလည်း ကြားလိုက်ရပေ၏။

ထို့နောက် ချက်ချင်းဆိုသလိုပင် ဟောက်ချန် လွင့်ထွက်သွားသည်ကို လူများအားလုံး မြင်တွေ့လိုက်ရသည်။

ဆယ်ကြိမ်ထက်မက ကျွမ်းထိုးမှောက်ခုံဖြစ်သွားပြီးနောက် နောက်ပြန်လွင့်ထွက်သွားသော ဟောက်ချန်၏ပုံရိပ် နောက်ဆုံးတွင် ရပ်တန့်သွားခဲ့သည်။

သို့သော် သူ၏လက်ရှိအခြေအနေမှာ အလွန်သနားစရာ ကောင်းနေပေ၏။

သူ၏ ညာဘက်လက်မောင်း တစ်ခုလုံး ပေါက်ကွဲသွားခဲ့သည်။

သူသည် လက်တစ်ဖက်ပြတ် ဖြစ်သွားခဲ့လေပြီ။

နာကျင်မှုကြောင့် သူ၏ခန္ဓာကိုယ် အထိန်းအကွပ်မဲ့စွာ တုန်ရီနေခဲ့သည်။

သူ၏ ကမောက်ကမဖြစ်နေသော သွေးချီများကြောင့် သူသည် တောင့်မခံနိုင်တော့ဘဲ 'ဖူး' ခနဲအသံနှင့်အတူ သွေးတစ်လုတ် အန်ထုတ်လိုက်၏။

သူ၏ပါးစပ်မှ သွေးများသည် ရေပိုက်ခေါင်းတစ်ခုမှ ထွက်လာသည့်အလား ပန်းထွက်လာခဲ့ကာ သုံးပေအကွာထိ လွင့်စင်သွားခဲ့သည်။

သူသည် ကြက်ပေါက်စတစ်၏ကန်ချက်ကြောင့် ဒဏ်ရာရသွားပြီး သူ၏တိုက်ခိုက်နိုင်စွမ်းကို ဆုံးရှုံးသွားခဲ့ကြောင်း သိသာရှင်းလင်းနေသည်။

"ဘယ်လောင်တောင် ရယ်စရာကောင်းလိုက်လဲ... ကြက်သခင်ကြီးက မင်း စော်ကားလို့ရတဲ့သူမျိုးလား..."

ကြက်ပေါက်စတစ်က ဟောက်ချန်ကို မထီမဲ့မြင်ကြည့်ကာ တံတွေးထွေးလိုက်၏။

ထို့နောက် သူသည် ရင်ကော့ကာ လှုပ်ရှားရန် ပြင်နေသူများကို တဖန်ထပ်၍ ကြည့်လိုက်သည်။

သူ၏မျက်လုံးများထဲရှိ သတိပေးမှု အရိပ်အယောင်များမှာ သိသာထင်ရှားနေသည်။

ဤှသည်မှာ မြောက်ပိုင်း နတ်ဆိုးလှိုဏ်ဂူမှ လူများအပြင် အကယ်၍ တခြားမည်သူမဆို လှုပ်ရှားရဲပါက ဤသည်က အကျိုးဆက် ဖြစ်လိမ့်မည်ဟူ၍ပင်။

အချိန်တခဏအတွင်းတွင် မရေမတွက်နိုင်သော လူများသည် သူတို့၏ဦးရေပြားများ ထုံကျဉ်သွားသည်ဟု ခံစားလိုက်ရပြီး သူတို့အားလုံး ကြီးမားသော ကြောက်ရွံ့မှုကို ခံစားလိုက်ရသည်။

ပျံသန်းခြင်းအင်မော်တယ်ဂိုဏ်း၏ တောင်ထိပ်တစ်ခုမှ သခင်တစ်ဦးအနေဖြင့် မြောက်ပိုင်းဒေသ၌ ဟောက်ချန်၏ ဂုဏ်သတင်းမှာ အလွန် ကြီးမားကြောင်း ငြင်းမရနိုင်ချေ။

သူသည် မြောက်ပိုင်း နတ်ဆိုးလှိုဏ်ဂူ၏ ခေါင်းဆောင်များနှင့် တန်းတူအဆင့်တွင်ရှိသော ပုဂ္ဂိုလ်တစ်ဦးပင်။

ထိုသို့ဆိုသည့်တိုင် ဤကဲ့သို့ တည်ရှိမှုသည်...

ကြက်ပေါက်စတစ်နှင့် တစ်ကြိမ်သာ အပြန်အလှန် တိုက်ခိုက်ပြီးနောက် ပြင်းထန်စွာ ဒဏ်ရာရသွားခဲ့ပေ၏။

ဤသည်က လူများကို မည်သည်ကြောင့် အံ့အားမသင့်စေဘဲ နေမည်နည်း...

ဤသည်က လူများကို မည်သည်ကြောင့် မကြောက်ရွံ့စေဘဲ နေနိုင်မည်နည်း။

"ဒါက ဘယ်လိုနတ်ဘုရားမျိုးပါလိမ့်..."

တစ်စုံတစ်ယောက်က ကြက်ပေါက်စတစ်ကို ကြည့်ကာ သူ၏နံဘေးရှိလူကို တိတ်တဆိတ် မေးမြန်းလိုက်၏။

ယနေ့ဖြစ်ပျက်ခဲ့သမျှသည် သူ၏လောကအမြင်အပေါ် အလွန်သက်ရောက်မှုရှိလွန်းသည်ဟု ဆိုနိုင်သည်။

ပိုင်လင်းသည် တစ်ရက်တည်းဖြင့် ကောင်းကင်နက်နဲသိမ်မွေ့ ကျင့်ကြံသူတစ်ဦးအဖြစ်မှ ယန်သုံးပါးနယ်ပယ် တတိယအဆင့်သို့ ရောက်ရှိသွားခဲ့သည်။

ထို့ပြင် သူမ၏ကိုယ်ပိုင်စွမ်းအားဖြင့် မြောက်ပိုင်း နတ်ဆိုးလှိုဏ်ဂူမှ ခေါင်းဆောင်များစွာကို ခေါင်းမဖော်နိုင်တော့သည်အထိ ရိုက်နှက်ခဲ့သည်။

ဤသည်ကပင် သူတို့အတွက် ကြောက်မက်ဖွယ်ကောင်းလောက်အောင် လုံလောက်နေခဲ့လေပြီ။

ထိုသို့ဆိုသည့်တိုင် ယခုအချိန်၌ ကြက်တစ်ကောင်သည် ယန်သုံးပါးနယ်မှ တတိယအဆင့်မှ အစွမ်းထက်ကျင့်ကြံသူတစ်ဦးအား ချေမှုန်းနိုင်သည့် စွမ်းအားကို အမှန်တကယ် ပိုင်ဆိုင်နေခဲ့သည်။

တစ်နည်းအားဖြင့်...

ကြက်ပေါက်စတစ်၏ တည်ရှိမှုသည် ပိုင်လင်းထက်ပင် ပို၍ယုံကြည်နိုင်စရာ မရှိချေ။

All Chapters