ကောင်းကင်နတ်ဘုရားတောင် မဟာမိတ်
Vol. 31 Ch. 309
လက်ရှိနေရာတွင် ရှိနေသူများအားလုံးသည် ကြက်ပေါက်စတစ်အား မယုံကြည်နိုင်စွာဖြင့် ကြည့်နေခဲ့ကြ၏။
ယခုအချိန်တွင် ကြက်ပေါက်စတစ်၏ခေါင်းပေါ်ရှိ ဆံပင်သုံးပင်မှာ လေထဲတွင် လူးလွန့်နေကာ သူ၏နှုတ်ခမ်းထောင့်များ အနည်းငယ် တွန့်ကွေးနေသည်။
သူ၏မျက်လုံးများဖြင့် အရပ်မျက်နှာအဘက်ဘက်သို့ ဝေ့ဝိုက်၍ကြည့်နေကာ လူဆိုးလူမိုက်ပုံပေါက်သော်လည်း ချစ်စဖွယ်ကောင်းနေခဲ့သည်။
အကယ်၍ သူတို့သာ ဟောက်ချန်၏ သနားစရာကောင်းသော အခြေအနေကို မျက်မြင်မတွေ့ခဲ့ရပါက....
ဤသည်က ယန်သုံးပါးနယ်ပယ် တတိယအဆင့်မှ အစွမ်းထက်ကျင့်ကြံသူတစ်ဦးကို လွှမ်းမိုးနိုင်စွမ်းရှိသော ထိပ်သီးတည်ရှိမှုကြီးတစ်ဦးဖြစ်ကြောင်း မည်သူကမျှ ယုံကြည်ဝံ့မည် မဟုတ်ချေ။
မြောက်ပိုင်းဒေသတွင် ဤမျှထိ ထူးကဲသော တည်ရှိမှုမျိုး မည်သည့်အချိန်က ထွက်ပေါ်လာခဲ့သနည်း....
နောက်ဆက်တွဲအနေဖြင့် သူ၏အထောက်အထားနှင့် ပတ်သက်၍ အမျိုးမျိုးသော ဆွေးနွေးမှုများ ထွက်ပေါ်လာခဲ့ပေ၏။
တစ်စုံတစ်ယောက်က တီးတိုးရေရွတ်လိုက်သည်။
"မကြာသေးခင်က နတ်ဆိုးမြို့တော်မှာ နတ်ဆိုးနန်းတော်ဆိုတဲ့ အင်အားစုအသစ်တစ်ခု ထွက်ပေါ်လာတယ်ဆိုတာကို အရင်က ငါ သိခဲ့တယ်.."
"နတ်ဆိုးနန်းတော်မှာ စုစုပေါင်း နန်းတော်သခင် ဆယ့်နှစ်ဦး ရှိတယ်... ပြီးတော့ သူတို့ တစ်ဦးစီတိုင်းက အရမ်းထူးခြားတယ်လို့ ဆိုကြတယ်..."
"ဒါပေမဲ့ သူတို့က ဒီလောက်တောင် ကြောက်စရာကောင်းလိမ့်မယ်လို့ ငါ ဘယ်တုန်းကမှ မထင်ထားခဲ့ဘူး..."
"အခု ကြည့်ရတာတော့ ဒါက နန်းတော်သခင် ဆယ့်နှစ်ဦးထဲက တစ်ဦး ဖြစ်ရမယ်..."
"တကယ်လို့ နန်းတော်သခင်တိုင်းမှာ ဒီလိုစွမ်းအားမျိုး ရှိနေတယ်ဆိုရင် ဒီနတ်ဆိုးနန်းတော်က ထိပ်သီးအင်အားစုကြီးလေးစုထက်တောင် သာလွန်တဲ့ တည်ရှိမှုတစ်ခု မဟုတ်လား..."
ဤစကားများ ထွက်ပေါ်လာသည်နှင့်တပြိုင်နက် ပတ်ဝန်းကျင်နေရာတဝိုက်လုံးမှလူများ ချက်ချင်းဆိုသလိုပင် အံ့အားသင့်သွားသည်။
ထိပ်သီးအင်အားစုကြီးလေးစုသည် မြောက်ပိုင်းဒေသတွင် အစွမ်းထက်ကြောင်း နာမည်ကျော်ကြားပေ၏။
သူတို့သည် မြောက်ပိုင်းဒေသရှိ ကျင့်ကြံသူများကို အမြဲတစေ ဖိနှိပ်ထားသော တောင်ကြီးလေးလုံးနှင့် တူညီပေ၏။
သူတို့သည် ယိမ်းယိုင်၍မရနိုင်သော တည်ရှိမှုများဖြစ်ပြီး အစွမ်းထက်ဆုံးကိုပြသသော ကိုယ်စားလှယ်များ ဖြစ်ကြသည်။
သို့သော် ယနေ့တွင် ပထမဆုံးအနေဖြင့် ပိုင်လင်းသည် မြောက်ပိုင်းနတ်ဆိုးလှိုဏ်ဂူ၏ မျိုးဆက်ခေါင်းဆောင်လေးဦးကို သူမတစ်ယောက်တည်းဖြင့် စိန်ခေါ်ခဲ့ပြီး အသာစီးရကာ ထိပ်သီးအင်အားစုကြီး၏အဆင့်အတန်းကို တုန်လှုပ်သွားစေခဲ့သည်။
ထို့နောက် ကြက်ပေါက်စတစ် ထွက်ပေါ်လာကာ ပျံသန်းခြင်းအင်မော်တယ်ဂိုဏ်း၏ တောင်သခင်ကို လှုပ်ရှားမှုတစ်ခုတည်းဖြင့် အနိုင်ယူခဲ့ပြီး ပြိုင်ဘက်ကင်းသောဟန်ပန်ကို ပြသခဲ့သည်။
ဤကဲ့သို့ အဖြစ်အပျက်များ ထွက်ပေါ်လာသည်နှင့်အမျှ နတ်ဆိုးမြို့တော်၏လက်ရှိ အခြေအနေသည် ပို၍နားလည်ရခက်လာသည်ဟု လူအများက ခံစားမိပေ၏။
သို့သော် နောက်ဆက်တွဲ အခြေအနေများ မည်သို့ပင် တိုးတက်လာပါစေ ငြင်းဆန်၍မရနိုင်သော အချက်တစ်ချက် ရှိနေသည်။
ဤသည်မှာ ကြက်ပေါက်စတစ်မှ ပြိုင်ဘက်ကင်းသောဟန်ပန်ကို ပြသမှုနှင့်အတူ မည်သူကမျှ သူ၏သတိပေးချက်ကို အထင်မသေးရဲတော့ခြင်းပင်။
ကြက်ပေါက်စတစ်နှင့် နတ်ဆိုးစစ်သူကြီး တစ်စု၏ဟန့်တားမှုအောက်တွင် မြောက်ပိုင်း နတ်ဆိုးလှိုဏ်ဂူနှင့် မဟာမိတ်ဖွဲ့ထားသူများသည် အလျင်စလို မလှုပ်ရှားရဲကြတော့ချေ။
ဤသည်က ဟောက်ချန်ကို အလွန်အမင်း အသက်ရှုမွန်းကြပ်သွားစေခဲ့သည်။
သူ ဘယ်သောအခါမျှ ထင်မှတ်မထားခဲ့ချေ။
ထိပ်သီးအင်အားစုကြီးလေးစုအနက်မှ တစ်စုဖြစ်သော ပျံသန်းခြင်းအင်မော်တယ်ဂိုဏ်း၏ တောင်သခင်တစ်ဦး....
ဂုဏ်သိက္ခာရှိသော ယန်သုံးပါးနယ်ပယ် တတိယအဆင့်တွင်ရှိသော တည်ရှိမှုတစ်ခုအနေဖြင့် တစ်နေ့တွင် သူသည် တခြားလူများအတွက် စံနမူနာပြရိုက်နှက်ခံရသည့် အဆင့်အထိ ကျဆင်းသွားခဲ့သည်။
သို့သော် ယခုအချိန်တွင် သူ၏ ပုံမှန်မဟုတ်မှုများကို လူအများစုက သတိမပြုမိကြသည်မှာ သိသာရှင်းလင်းပေ၏။
လူများအားလုံး၏အာရုံစိုက်မှုမှာ အဓိက တိုက်ပွဲမြေပြင်အပေါ်တွင်သာ လုံးလုံးလျားလျား ကျရောက်နေခဲ့သည်။
"ဝုန်း..."
အချိန်များ ကုန်ဆုံးလာသည်နှင့်အမျှ ပိုင်လင်းနှင့် မြောက်ပိုင်း နတ်ဆိုးလှိုဏ်ဂူ ခေါင်းဆောင်များကြားရှိ ထိပ်တိုက်ရင်ဆိုင်မှုမှာ ပြင်းထန်သော အဆင့်သို့ ရောက်ရှိနေပြီဖြစ်ကြောင်း သိသာရှင်းလင်းနေသည်။
"ဝုန်း..."
ပိုင်လင်း၏လက်ဝါးမှာ နဂါးတစ်ကောင်အလား ပြင်းထန်စွာ ရိုက်ခတ်သွားခဲ့သည်။
လက်ဝါးတစ်ချက်ဖြင့် လေဟာနယ် အက်ကွဲသွားပြီး မြေပြင်လည်း တုန်ခါသွားခဲ့သည်။
အားကောင်းသော ဥပဒေသစွမ်းအားများကြောင့် နတ်ဆိုးခေါင်းဆောင်များသည် ထပ်ခါတလဲလဲ သွေးအန်သွားခဲ့ကြ၏။
နှစ်ဖက်လုံး နောက်ဆုတ်သွားကြပြီး ပိုင်လင်းကမူ လေဟာနယ်ထဲတွင် မတ်တတ်ရပ်နေခဲ့သည်။
သူမက ကြက်ပေါက်စတစ်ကို အဓိပ္ပာယ်ပါသော အကြည့်ဖြင့် ကြည့်လိုက်သည်။
ကြက်ပေါက်စတစ်က ထိုအရာကို ခံစားမိပြီး ကြင်နာသော အပြုံးတစ်ခုဖြင့် တုံ့ပြန်လေသည်။
ဤသည်က ပိုင်လင်းကို သံသယဝင်သွားစေခဲ့သည်။
သူမနှင့် ကြက်ပေါက်စတစ်သည် ရင်းနှီးကျွမ်းဝင်သူများ မဟုတ်ကြဘဲ သူသည် မည်သည်ကြောင့် သူမကို ကူညီနေသနည်း....
ထို့ပြင် သူမ အမြင်မမှားပါကကြက်ပေါက်စတစ်က သူမအပေါ် ပြုံးပြလိုက်သည့် အပြုံးထဲတွင် ဖားယားလိုသော အရိပ်အယောင်တစ်ခုပင် ပါဝင်နေပေ၏။
သူမ၏အာရုံစိုက်မှုသည် အမြဲတစေ မြောက်ပိုင်း နတ်ဆိုးလှိုဏ်ဂူအပေါ်တွင်သာ ရှိနေခဲ့သော်လည်း ကြက်ပေါက်စတစ်၏ အစောပိုင်းကလှုပ်ရှားမှုကို သူမ သဘာဝကျကျ ခံစားမိခဲ့သည်။
တစ်ဖက်လူက အလွန်အစွမ်းထက်သည်။
သူမ၏ လက်ရှိအခြေအနေဖြင့်ပင် သူမသည် ဤကဲ့သို့သော စွမ်းအားမျိုးကို အနိုင်ရရန် အခွင့်အရေးမရှိဟု ခံစားခဲ့ရသည်။
သို့သော် ဤကဲ့သို့ အစွမ်းထက်သူတစ်ယောက်က ယခုအချိန်၌ သူမကို မသိမသာ ဖားယားနေခဲ့သည်။
ဤသည်က ပိုင်လင်းကို အလွန်အမင်း ယုံကြည်နိုင်စရာမရှိသကဲ့သို့ ခံစားရစေပေ၏။
သူမ ပြသခဲ့သော ဟန်ပန်နှင့်စွမ်းအားများက ဤကဲ့သို့ အစွမ်းထက်သူတစ်ဦးကို သူမအား မျက်နှာချိုသွေးလာရလောက်သည်အထိ လွှမ်းမိုးနိုင်လိမ့်မည်ဟု သူမ မယုံကြည်ခဲ့ချေ။
ဤအရာ၏ နောက်ကွယ်တွင် ဖုံးကွယ်နေသော အကြောင်းပြချက် တစ်ခုခု ရှိနေပုံရသည်။
သို့သော် ယခုအချိန်သည် သူမ၏ သံသယများနှင့် ပတ်သက်၍ မေးမြန်းရန် အချိန်မဟုတ်သည်မှာ သိသာထင်ရှားသည်။
အကြောင်းအရင်းမှာ တိုက်ပွဲအသစ်သည် တဖန်ပြန်၍ စတင်နေပြီ ဖြစ်သောကြောင့်ပင်။
"ဝုန်း..."
မြောက်ပိုင်းနတ်ဆိုးလှိုဏ်ဂူ၏ ခေါင်းဆောင်သုံးဦးသည် သူတို့၏ အစစ်အမှန် ဒေါသများကို ထုတ်ဖော်လိုက်ပြီဖြစ်ကြောင်း ရှင်းလင်းနေသည်။
သူတို့တစ်ဦးစီတိုင်းသည် သူတို့၏ အဆုံးစွန်သော သတ်ဖြတ်ခြင်းနည်းစနစ်များကို စတင်၍ အသုံးပြုလာကြ၏။
ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားများက တိမ်များကို ဆုတ်ဖြဲပြီး မြေပြင်ကို တုန်ခါသွားစေခဲ့သည်။
တစ်ချိန်တည်းမှာပင် အနီရောင်နတ်ဆိုး မျိုးဆက်၏ ခေါင်းဆောင်ချီဖန်းသည် မြောက်ပိုင်းနတ်ဆိုးလှိုဏ်ဂူမှ လူများကို တိုက်ပွဲထဲသို့ ခေါ်ဆောင်လာသည်။
နတ်ဆိုးနန်းတော်၏ ဝင်ရောက်စွက်ဖက်မှုကြောင့် မြောက်ပိုင်းနတ်ဆိုးလှိုဏ်ဂူသည် အလွန်အမင်း ဒေါသထွက်နေသည်မှာ သဘာဝကျသော ကိစ္စတစ်ရပ်ပင်။
သို့သော် သူတို့၏စွမ်းအားက မြောက်ပိုင်း နတ်ဆိုးလှိုဏ်ဂူမှ လူများကို သတိထားသွားစေခဲ့သည်။
သူတို့၏မဟာမိတ်များကို ယခုချိန်၌ အားကိုး၍ မရနိုင်တော့သဖြင့် သူတို့ကိုယ်သူတို့သာ အားကိုးရတော့ပေမည်။
ကံကောင်းထောက်မစွာဖြင့် နတ်ဆိုးနန်းတော်က စောင့်ကြည့်သည့် အနေအထားကိုသာ ထိန်းသိမ်းထားခဲ့သည်။
သူတို့က ပိုင်လင်းကို ကူညီရန် တိုက်ပွဲထဲသို့ ဝင်ရောက်မည့် အရိပ်အယောင်ကို မပြသခဲ့ကြချေ။
နတ်ဆိုးခေါင်းဆောင်လေးဦးသည် ရက်စက်ကြမ်းကြုတ်ပေ၏။
သူတို့သည် ပိုင်လင်းကို ဝိုင်းဝန်းဖိနှိပ်ရန်အတွက် ဂိုဏ်းတစ်ခုလုံး၏စွမ်းအားကို အသုံးပြုကာ သေချင်သေ ရှင်ချင်ရှင် အနေအထားကို ရှင်းလင်းစွာ ခံယူထားခဲ့ကြသည်။
ပိုင်လင်းသည် ယခုအချိန်၌ အလွန်အစွမ်းထက်နေလျှင်ပင် မြောက်ပိုင်း နတ်ဆိုးလှိုဏ်ဂူ တစ်ခုလုံး၏ စွမ်းအားဖြင့် ယန်သုံးပါးနယ်ပယ် အစွမ်းထက်ကျင့်ကြံသူတစ်ဦးကို ဖိနှိပ်နိုင်ခြင်းမရှိဘဲနေမည်ဟု သူတို့ မယုံကြည်သေးချေ။
အချိန်တခဏအတွင်း၌ တိုက်ပွဲမြေပြင်တွင် နတ်ဘုရားအလင်းရောင်များ လှိုင်းထလာခဲ့သည်။
ကြောက်မက်ဖွယ်ကောင်းသော ဥပဒေသစွမ်းအားများက မိုးကောင်းကင်တစ်ဝက်ခန့်ကို ဖုံးလွှမ်းသွားသည်။
ဤပဋိပက္ခသည် သံသယဖြစ်ဖွယ်မရှိဘဲ ရက်စက်ကြမ်းကြုတ်ပေ၏။
မြောက်ပိုင်း နတ်ဆိုးလှိုဏ်ဂူမှ လူများအားလုံး အမျိုးမျိုးသော ဝှက်ဖဲများကို အသုံးပြုခဲ့ကြသည်။
သို့သော် ထိုသို့ဖြစ်သည့်တိုင် ပိုင်လင်းသည် သူတို့ကို ဆက်လက်၍ တိုက်ခိုက်နေဆဲပင်။
သူမ၏ သွယ်လျသောလက်လေးကို မြှောက်လိုက်သည်နှင့် ကြောက်မက်ဖွယ်ကောင်းသော ဥပဒေသစွမ်းအားများက လောကကြီးတွင် အထက်ရှဆုံး ဓားသွားအဖြစ် ပြောင်းလဲသွားပုံရပေ၏။
ဤသည်က လေဟာနယ်ကို ဖြတ်တောက်ပြီး မိုးကောင်းကင်ယံကို ထိုးဖောက်သွားခဲ့သည်။
တစ်ချိန်တည်းမှာပင် ဤသည်က ဆယ်နှင့်ချီသောလူ၏အသက်ကိုလည်း နှုတ်ယူသွားခဲ့ပေ၏။
သေချာသည်က ဤအချိန်တွင် ပိုင်လင်း၏စွမ်းအားသည် သာလွန်ထူးကဲနေသော်လည်း မြောက်ပိုင်းနတ်ဆိုးလှိုဏ်ဂူတစ်ခုလုံးကို ချေမှုန်းနိုင်သည့် အဆင့်သို့ မရောက်သေးချေ။
တန်ကြေးတစ်ခုအနေဖြင့်...
သူမ၏ခန္ဓာကိုယ်ပေါ်တွင် သွေးစို့ရာအပေါက်များ ဆယ်နှင့်ချီ၍ ရှိနေခဲ့သည်။
ထိုအရာများသည် သူမ၏ခန္ဓာကိုယ်ပေါ်တွင် သွေးပန်းပွင့်များကဲ့သို့ ပွင့်လန်းနေသည်။
သို့သော် ပိုင်လင်းက ဤအရာအားလုံးကို မျက်ကွယ်ပြုထားခဲ့သည်။
သူမ၏ အဓိက နည်းဗျူဟာမှာ ဒဏ်ရာကို ဒဏ်ရာဖြင့် အသက်ကို အသက်ဖြင့် လဲလှယ်ရန်ပင်။
သူမသည် နီဗားနားရုပ်ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားပေ၏။
ထိုကြောင့် သူမသည် သေဆုံးရမည်ကို တစိုးတစိမျှ ကြောက်ရွံ့ခြင်း မရှိချေ။
သူမ၏ဒဏ်ရာများ မည်မျှပင် ပြင်းထန်ပါစေ သူမ သေဆုံးသွားသရွေ့ နေရာ၌ပင် ပြန်လည်ရှင်သန်နိုင်သည်။
သူမသည် အသေခံ၍ တိုက်ခိုက်နေခြင်း ဖြစ်သည်။
တိုက်ပွဲသည် အလွန်ရက်စက်ကြမ်းကြုတ်နေခဲ့ကာ....
မိုးကောင်းကင်ယံတွင် သွေးများ ပျံ့လွင့်နေပြီး ပြတ်တောက်နေသော ခြေလက်များ လွင့်စင်နေကာ ကျိုးကြေနေသော အရိုးများက လေဟာနယ်ထဲတွင် ဖုန်မှုန့်များကဲ့သို့ ပျံ့နှံ့နေပေ၏။
ဤတိုက်ပွဲတွင် မြောက်ပိုင်းနတ်ဆိုးလှိုဏ်ဂူမှလူများအားလုံး မှုန်ကုပ်နေသော မျက်နှာများဖြင့် တိုက်ခိုက်နေခဲ့ကြသည်။
သူတို့သည် အလွန်အမင်း အသက်ရှူမွန်းကြပ်နေခဲ့သည်။
မြောက်ပိုင်းနတ်ဆိုးလှိုဏ်ဂူ၏ လူများမှ ပိုင်ဆိုင်ထားသော တိုက်ခိုက်ရေးစွမ်းအားမှာ ပိုင်လင်းထက် အဆင့်တစ်ဆင့်ထက်မက မြင့်မားနေကြောင်း သိသာရှင်းလင်းစွာ ခံစားနေရသည်။
သို့သော် သူမ၏အသေခံ တိုက်ခိုက်မှုကို သူတို့ တောင့်မခံနိုင်ကြချေ။
ထို့ပြင် သူတို့သည် သူမနှင့်အတူ အသေခံ၍လည်း မရနိုင်ပေ။
မည်သို့ပင်ဆိုစေကာမူ အကယ်၍ သူမ အသေခံ တိုက်ခိုက်ပါက သူမ ပြန်လည်ရှင်သန်နိုင်သည့်အပြင် သူမ၏စွမ်းအားများပင် တိုးတက်လာနိုင်သေး၏။
အကယ်၍ သူတို့သာ သူတို့၏အသက်ကို ဆုံးရှုံးလိုက်ရပါက အမှန်တကယ်ကိုပင် အရာအားလုံးကို ဆုံးရှုံးသွားရပေမည်။
ထို့ပြင် သူတို့သည် ကိုယ်ကိုယ်ကိုယ် ထိန်းချုပ်ထားရမည်ဖြစ်ပြီး သူမကို အမှန်တကယ် မသတ်မိစေရန်လည်း ဂရုစိုက်ရပေမည်။
ထိုသို့မဟုတ်ပါက အကယ်၍ သူတို့သည် သူမကို တစ်ကြိမ်သတ်မိပါက သူမသည် ပို၍ပင် အစွမ်းထက်လာမည်ဖြစ်ပြီး မြောက်ပိုင်း နတ်ဆိုးလှိုဏ်ဂူအနေဖြင့် ရင်ဆိုင်ရန် ပို၍ခက်ခဲသွားပေမည်။
ဤတိုက်ပွဲသည် မြောက်ပိုင်းနတ်ဆိုးလှိုဏ်ဂူ တည်ထောင်ပြီးကတည်းက သူတို့ တိုက်ခိုက်ဖူးသမျှ အသက်ရှူအကြပ်စေဆုံး တိုက်ပွဲဖြစ်သည်မှာ သေချာပေါက်ပင်။
ဤတိုက်ပွဲသည် မြေပြင်တပြင်လုံးကို တုန်ခါသွားစေပြီး လူအများသည် ကမောက်ကမ ဖြစ်စွာဖြင့် တိုက်ခိုက်နေခဲ့ကြ၏။
လေဟာနယ်မှာ ပြိုကျသွားပြီး မြေပြင် ကွဲအက်သွားကာ တောင်များ တိုက်ရိုက်ကြေမွှပျက်စီးသွားခဲ့သည်။
ကွင်းပြင်ထဲသို့ အလောင်းများ တစ်ခုပြီးတစ်ခု ကျဆင်းလာခဲ့၏။
ပိုင်လင်းကမူ သွေးလူသားတစ်ဦးနှင့် တူညီနေခဲ့သည်။
ဤသွေးများတွင် သူမ၏သွေးများအပြင် ရန်သူများ၏သွေးများလည်း ပါဝင်နေသည်။
နှစ်ဖက်လုံးသည် အင်အားကုန်ခမ်းစေသော တိုက်ပွဲတစ်ခုတွင် ရင်ဆိုင်နေကြရသည်။
သို့သော် လူများအားလုံး သိထားကြသည်မှာ...
အကယ်၍ တိုက်ပွဲကြီး ဆက်လက်ဖြစ်ပွားနေပါက အောင်နိုင်သူမှာ မလွဲမသွေ ပိုင်လင်းသာ ဖြစ်ပေလိမ့်မည်။
ယေဘုယျအားဖြင့် ပြောရလျှင် အင်အားကုန်ခမ်းစေသော တိုက်ပွဲတစ်ခုတွင် အောင်နိုင်သူမှာ လူအင်အား ပိုများပြီး အရှိန်အဟုန် ပို၍ကြီးမားသော ဘက်မှ ဖြစ်သင့်သည်။
သို့သော် ယခုအချိန်၌ အခြေအနေသည် လုံးလုံးလျားလျား ပြောင်းပြန်ဖြစ်နေပေ၏။
ပိုင်လင်းသည် သူမ၏စွမ်းအားဖြင့် မြောက်ပိုင်း နတ်ဆိုးလှိုဏ်ဂူမှ လူများအားလုံးကို အင်အားကုန်ခမ်းအောင် ပြုလုပ်နိုင်သည်။
ဤသည်ကို စကားတစ်ခွန်းတည်းဖြင့် အနှစ်ချုပ်ရလျှင်...
ပိုင်လင်းထံတွင် အသေခံ တိုက်ခိုက်ရန် အရင်းအနှီး ရှိနေပြီး မြောက်ပိုင်း နတ်ဆိုးလှိုဏ်ဂူတွင်မူ ဤအခြေအနေမျိုး မရှိချေ။
ဤသည်မှာ နီဗားနားရုပ်ခန္ဓာကိုယ်၏ လွှမ်းမိုးနိုင်သော သဘာဝပင်။
ထို့အပြင် ဤသည်က နီဗားနားရုပ်ခန္ဓာကိုယ်၏ ကြောက်မက်ဖွယ်ကောင်းသော စွမ်းရည်လည်း ဖြစ်ပေ၏။
ဤသည်က ရန်သူထံတွင် ဒေါသထွက်စရာ မရှိတော့ဘဲ ကြောက်လန့်သွားသည်အထိ တိုက်ခိုက်နိုင်သည်။
"ငါတို့ ဒီအတိုင်း ဆက်သွားခွင့်မပြုနိုင်ဘူး..."
"တကယ်လို့ ဒီအတိုင်း ဆက်သွားနေရင် ဒီနေ့ ငါတို့ရဲ့ မြောက်ပိုင်း နတ်ဆိုးလှိုဏ်ဂူ ကျဆုံးသွားနိုင်တယ်..."
အနီရောင်နတ်ဆိုး မျိုးဆက်၏ ခေါင်းဆောင် ချီဖန်းသည် ဤသည်ကို မြင်တွေ့ချိန်၌ စိုးရိမ်ပူပန်သွားခဲ့သည်။
အခြေအနေသည် ဤအဆင့်သို့ ရောက်ရှိနေပြီဖြစ်သော်လည်း သူ ထိတ်လန့်တကြား ဖြစ်မသွားခဲ့ချေ။
အကြောင်းအရင်းမှာ မြောက်ပိုင်း နတ်ဆိုးလှိုဏ်ဂူတွင် အာမခံချက်တစ်ခု ရှိနေသေးသောကြောင့်ပင်။
ထိုအရာမှာ ကောင်းကင်နတ်ဘုရားတောင်နှင့် မဟာမိတ်ဖွဲ့ထားခြင်း ဖြစ်ပေ၏။