ကြေကွဲနေရသော ဝိညာဉ်သန္ဓေသားများ၊ စစ်မှန်သော အောင်နိုင်သူဆိုတာ အဆုံးသတ်မှာ ကျန်ရစ်တဲ့သူပဲ။
Vol. 51 Ch. 551
"ဒါပေမဲ့ သတင်းက ဒီလောက်ပဲ မဟုတ်ဘူးနော်...”
"ကြားရသလောက်တော့ မြူနှင်းနန်းတော်ကို ရွှမ်ဟွမ်ဂိုဏ်းထဲ ချောချောမွေ့မွေ့ ဝင်ရောက်နိုင်အောင်လို့..."
"မြူနှင်းနန်းတော်သခင်က ရွှမ်ဟွမ်ဘိုးဘေးကို ကိုယ်တိုင်ဆန္ဒနဲ့ လက်ထပ်ပြီး... ရွှမ်ဟွမ်ဘိုးဘေးရဲ့ တာအိုလက်တွဲဖော်တွေထဲက တစ်ယောက် ဖြစ်လာမယ်တဲ့...”
လူတစ်ယောက်က နောက်ထပ် ဗုံးတစ်လုံးအား ဖောက်လိုက်ပြန်သည်။
ဘာ...
ဤစကားကို ကြားသောအခါ ကျင့်ကြံသူအများအပြားမှာ မျက်လုံးများ ပြူးကျယ်သွားကြပြီး၊ တုန်လှုပ်လွန်း၍ စကားပင် မပြောနိုင်ကြတော့ပေ။
"မဖြစ်နိုင်တာ... မင်းဟာ ဟုတ်မှဟုတ်ရဲ့လားကွာ... မြူနှင်းနန်းတော်သခင်က ရွှမ်ဟွမ်ဘိုးဘေးကို ကိုယ်တိုင်ဆန္ဒနဲ့ လက်ထပ်တယ် ဟုတ်လား...”
ဝိညာဉ်သန္ဓေသား ကျင့်ကြံသူတစ်ဦးမှာ ဤသတင်းကို ကြားပြီးနောက်၊ စိတ်လှုပ်ရှားလွန်း၍ တုန်ရီနေပြီး မယုံကြည်နိုင် ဖြစ်နေတော့သည်။
"သေချာပေါက် အမှန်ပဲ... မင်္ဂလာဆောင်ပွဲ ကျင်းပဖို့တောင် ပြင်ဆင်နေကြပြီတဲ့... ဂိုဏ်းကြီးတွေက ဝိညာဉ်သန္ဓေသားတွေကိုတောင် ဖိတ်ကြားထားတယ်ဆိုပဲ...”
"ဒါက ချန်လန်ပင်လယ်ဒေသတစ်ခုလုံးကို တုန်လှုပ်စေမယ့် ပွဲကြီးဖြစ်လာမှာ သေချာတယ်...”
"ဘယ်လိုဖြစ်ရတာလဲ... မြူနှင်းနန်းတော်သခင်က တာအိုလမ်းစဉ်ကိုပဲ စိတ်ဝင်စားပြီး အမျိုးသားကျင့်ကြံသူတွေကို မျက်နှာသာမပေးဘူးဆို... ဘယ်လိုဖြစ်လို့ အခုမှ ရုတ်တရက်ကြီး လက်ထပ်လိုက်ရတာလဲ... ဘာအရိပ်အယောင်မှလည်း မပြဘဲနဲ့...”
ကျင့်ကြံသူအများအပြားမှာ ရင်ဘတ်စည်တီးကာ နှလုံးကွဲကြေနေကြတော့သည်။
အဘယ်ကြောင့်ဆိုသော် မြူနှင်းနန်းတော်သခင်သည် မရေမတွက်နိုင်သော ကျင့်ကြံသူများ၏ အိပ်မက်ချစ်သူဖြစ်ပြီး ကိုးကွယ်ရာ နတ်ဘုရားမတစ်ပါးကဲ့သို့သော တည်ရှိမှု ဖြစ်ပေသည်။
အထူးသဖြင့် ဘိုးဘေးအဆင့် ပုဂ္ဂိုလ်အချို့ ဖြစ်ကြသည်။ သူတို့၏ မြူနှင်းနန်းတော်သခင်အပေါ် ထားရှိသော ချစ်မြတ်နိုးမှုသည် ထိန်းချုပ်၍မရနိုင်လောက်အောင်ပင်။
ထိုကဲ့သို့သော အိပ်မက်ချစ်သူက သူများ၏မယား ဖြစ်သွားပြီဆိုသည်အား သူတို့ လုံးဝလက်မခံနိုင်ကြပေ။
"ဟူး... ကြားရသလောက်တော့ ရွှမ်ဟွမ်ဘိုးဘေးက ကမ်းလှမ်းတာမဟုတ်ဘဲ... မြူနှင်းနန်းတော်သခင်က ကိုယ်တိုင် လိုက်ပိုးပန်းတာတဲ့...”
"ရွှမ်ဟွမ်ဘိုးဘေးလို နှာဘူးကြီးအတွက်တော့... ပြိုင်ဘက်ကင်း အလှမယ်က ကိုယ်တိုင်ဆန္ဒနဲ့ လာယူပါဆိုမှတော့ ဘယ်ငြင်းလိမ့်မလဲ...”
"မင်းတို့ပဲ စဉ်းစားကြည့်လေ… မြူနှင်းနန်းတော်သခင်လို အလှမယ်မျိုးကို ဘယ်ယောက်ျားက ငြင်းမှာလဲ...”
လူအများအပြားမှာ အံကြိတ်နေကြရသည်။ သူတို့သည် မနာလိုလွန်း၍ သွားများကျိုးပဲ့လုမတတ် ဖြစ်နေကြသည်။
ရွှမ်ဟွမ်ဘိုးဘေးက အသက်တစ်ရာနှင့် ဝိညာဉ်သန္ဓေသား ဖွဲ့စည်းနိုင်သည်ကို ကြားသောအခါ သူတို့ မနာလိုခြင်း မရှိကြသလို၊ ရွှမ်ဟွမ်ဘိုးဘေးက ကောင်းကင်အဆင့် ဝိညာဉ်ရတနာ ရရှိသည်ကို ကြားသောအခါတွင်လည်း သူတို့ ဘာမှမဖြစ်ကြချေ။
ကုယုံဂိုဏ်း၏ အပျက်အစီးနေရာကို ရရှိသည်ကို ကြားလျှင်လည်း သူတို့ ဘာမှမပြောလိုကြ၊ လူတစ်ဖက်သား၏ ကံတရားသာဖြစ်သည်ဟု မှတ်ယူကြသည်။
သို့သော် ရွှမ်ဟွမ်ဘိုးဘေးဆိုသော ထိုခွေးကောင်က မြူနှင်းနန်းတော်သခင်ကို လက်ထပ်လိုက်သည်ဟု ကြားသောအခါတွင်မူ သူတို့ခမျာ တကယ်ပင် မနာလိုလွန်း၍ သွားများကျိုးပဲ့လုမတတ် ဖြစ်နေကြသည်။
ဤကဲ့သို့သော ပြိုင်ဘက်ကင်း အလှမယ်က တစ်ဖက်လူ၏ လက်ထဲသို့ ကျရောက်သွားသည်မှာ တကယ့်ကို တရားလွန်လွန်းသည်။ အကယ်၍ ရွှမ်ဟွမ်ဘိုးဘေးအား မနိုင်မည်ကိုသာ မစိုးရိမ်ရလျှင် သူတို့ ကိုယ်တိုင်သွားရောက်ပြီး အလှမယ်ကို လုယူချင်စိတ် ပေါက်နေကြတော့သည်။
"မဖြစ်နိုင်ဘူး... ငါတို့ နှစ်ပေါင်းများစွာ လိုက်ပိုးပန်းခဲ့တာတောင်... မြူနှင်းနန်းတော်သခင်က ငါတို့ကို မျက်လုံးတစ်ဖက်တောင် ပင့်မကြည့်ခဲ့ဘူး...”
"အခု တစ်ဖက်လူက ရွှမ်ဟွမ်ဘိုးဘေးကို ကိုယ်တိုင် လိုက်ပိုးပန်းပြီး... ကိုယ်လုပ်တော်အဖြစ်တောင် နေဖို့ ဆန္ဒရှိတယ်တဲ့လား...”
"ဒါက ဘာသဘောလဲ...”
ဝိညာဉ်သန္ဓေသား ဘိုးဘေးအများအပြားမှာ မကျေမနပ် ဖြစ်နေကြတော့သည်။
သူတို့၏ နှစ်ပေါင်းများစွာ ကြိုးစားအားထုတ်မှုများအားလုံး သဲထဲရေသွန် ဖြစ်သွားပြီဟု ခံစားရသည်။ မြူနှင်းနန်းတော်သခင်၏ အချစ်ကို ရရှိရန်အတွက် သူတို့ခမျာ ရတနာမည်မျှကို ပေးဆပ်ခဲ့ရသည်ပင် မသိနိုင်ပေ။ သို့သော် ယခုမူ အရာအားလုံး ရေစုန်မျောသွားခဲ့ချေပြီ။
"မေးနေစရာ လိုသေးလား... ရွှမ်ဟွမ်ဘိုးဘေးဆိုတဲ့ မျက်နှာချောလေးကို သဘောကျသွားတာပေါ့...”
"သူက အခု ချန်လန်ပင်လယ်ဒေသရဲ့ နံပါတ်တစ် အားအကောင်းဆုံး ပုဂ္ဂိုလ်ဖြစ်နေပြီလေ...”
"အနာဂတ်မှာ နတ်ဘုရားအသွင်ပြောင်းအဆင့် ဖြစ်လာဖို့ မျှော်လင့်ချက် အများကြီးရှိတယ်...”
"တကယ်လို့ အခု ရွှမ်ဟွမ်ဘိုးဘေးကို လက်ထပ်လိုက်ရင်... အနာဂတ်မှာ နတ်ဘုရားအသွင်ပြောင်းအဆင့် အရှင်သခင်ရဲ့ တာအိုလက်တွဲဖော် ဖြစ်လာမှာ...”
"သူ့အတွက်ပဲဖြစ်ဖြစ်၊ မြူနှင်းနန်းတော်အတွက်ပဲဖြစ်ဖြစ်... အကျိုးကျေးဇူး အများကြီးရှိတယ်...”
"တကယ်တော့ မြူနှင်းနန်းတော်သခင် တစ်ယောက်တည်း မဟုတ်ဘူး... ဝိညာဉ်သန္ဓေသား ဘိုးဘေးဘယ်နှယောက်က ကိုယ့်ရဲ့ ချောမောလှပတဲ့ သမီးပျိုတွေကို ရွှမ်ဟွမ်ဘိုးဘေးနဲ့ ပေးစားချင်နေပြီး... ရွှမ်ဟွမ်ဘိုးဘေးနဲ့ အပြီးတိုင် မဟာမိတ်ဖွဲ့ချင်နေကြလဲ ဆိုတာ မသိနိုင်ဘူး...”
"ဒီလိုဆိုရင် အားလုံးက မိသားစုဝင်တွေ ဖြစ်သွားပြီး ခွဲခြားနေစရာ မလိုတော့ဘူးပေါ့...”
ဝိညာဉ်သန္ဓေသား ဘိုးဘေးအများအပြားမှာ လက်မြှောက်အရှုံးပေးလိုက်ကြရသည်။
"ဒါက..."
ဤစကားကို ကြားသောအခါ ကျင့်ကြံသူအများအပြားမှာ တိတ်ဆိတ်သွားကြသည်။
မြူနှင်းနန်းတော်သခင်က ရွှမ်ဟွမ်ဘိုးဘေးကို လက်ထပ်လိုက်ခြင်းသည် အကွက်ကောင်းတစ်ကွက် ဖြစ်ကြောင်း သူတို့လည်း ဝန်ခံရပေမည်။
ရွှမ်ဟွမ်ဘိုးဘေး၏ အနာဂတ် နတ်ဘုရားအသွင်ပြောင်းအဆင့် အလားအလာကို အသာထား၊ သူ့လက်ရှိ အင်အားတစ်ခုတည်းကပင် ချန်လန်ပင်လယ်ဒေသတွင် နံပါတ်တစ် ဖြစ်နေပြီ မဟုတ်ပါလော။
နတ်ဘုရားအသွင်ပြောင်းအဆင့် မထွက်ပေါ်လာသရွေ့ သူသည် နံပါတ်တစ် အားအကောင်းဆုံး ပုဂ္ဂိုလ်ဖြစ်ပြီး မည်သူမျှ ရန်မစရဲပေ။ အရေးအကြီးဆုံးက တစ်ဖက်လူက အလွန်ငယ်ရွယ်ပြီး အသက်နှစ်ရာတောင် မပြည့်သေးရာ အနာဂတ် အတိုင်းအဆမရှိပေ။
အကယ်၍ သူတို့တွင် သမီးရှိလျှင်လည်း တစ်ဖက်လူနှင့် ပေးစားချင်ကြမည်မှာ သေချာပေသည်။ ရွှမ်ဟွမ်ဘိုးဘေးနှင့် မိသားစုဝင် ဖြစ်ခွင့်ရလျှင် အကျိုးကျေးဇူး အကန့်အသတ်မရှိ ရရှိနိုင်မည် ဖြစ်၏။ ဝမ်းနည်းစရာမှာ ရွှမ်ဟွမ်ဘိုးဘေး၏ မျက်လုံးက အလွန်မြင့်မားပြီး သာမန်အမျိုးသမီးကျင့်ကြံသူများကို မျက်စိထဲထည့်မည် မဟုတ်ပေ။
"ဟွန်း... ငါက မြူနှင်းနန်းတော်သခင်ကို တခြားမိန်းမတွေနဲ့ မတူဘူး ထင်ထားတာ...”
"တခြား အပေါ်ယံရွှေမှုန်ကြဲ မိန်းမတွေနဲ့ အတူတူ… ဒီပုပ်ထဲက ဒီပဲတွေပဲ...”
"အားလုံးက အခြေအနေကြည့်ပြီး ပေါင်းသင်းတတ်တဲ့ မိန်းမတွေချည်းပဲ...”
"ကျင့်ကြံခြင်း မြင့်မားတယ်၊ ရုပ်ချောတယ်၊ ငယ်ရွယ်တယ် ဆိုရုံလေးနဲ့လေ...”
"ငါလည်း မညံ့ပါဘူး... ပြီးတော့ စစ်မှန်တဲ့ နှလုံးသားလည်း ရှိပါတယ်... ဘာလို့ ငါ့ကိုကျ မကြိုက်ရတာလဲ...”
"အဲဒီ မျက်နှာချောလေးက မင်းကို ကစားချင်ရုံသက်သက်ပါကွာ...”
ဝိညာဉ်သန္ဓေသား ဘိုးဘေးတစ်ဦးက အံကြိတ်ကာ မကျေမနပ် ဖြစ်နေသည်။
သူ့နှလုံးသားကို ဓားနဲ့မွှန်းခံလိုက်ရသလို နာကျင်နေကြောင်း ခံစားနေရ၏။
ကိုယ့်နတ်ဘုရားမလေးက တခြားယောက်ျားလက်ထဲ ပါသွားတာကို တွေးလိုက်မိတိုင်း၊ နောင်တစ်ချိန်ကျလျှင် တစ်ဖက်လူအတွက် သားသမီးများ မွေးပေးဦးမည် ဆိုသည်အား တွေးလိုက်မိတိုင်း၊ ဤသို့သောစိတ်ဒဏ်ရာမျိုးကို သူ ဘယ်လိုမှ ခံနိုင်ရည်ရှိမည် မဟုတ်ချေ။
"ဟူး... ဒီလိုလည်း ပြောလို့မရဘူး...”
"မင်းတို့က တာအိုရောင်းရင်းယဲ့ကို အခြေအနေကြည့်ပေါင်းတဲ့ မိန်းမလို့ ထင်နေကြပေမယ့်... ငါကတော့ တာအိုရောင်းရင်းယဲ့က မြူနှင်းနန်းတော်အတွက် အရှက်တကွဲအကျိုးနည်း ခံလိုက်တာလို့ ထင်တယ်...”
"မြူနှင်းနန်းတော်ရဲ့ အခြေအနေကို မင်းတို့လည်း သိကြတာပဲ...”
"မြူနှင်းနန်းတော်ရှိတဲ့ ပင်လယ်ပြင်မှာ နယ်မြေတံခါးပေါက်တွေ အများကြီးရှိပြီးတော့… မိစ္ဆာသားရဲတွေ အမြောက်အမြား ထွက်ပေါ်နေတာလေ...”
"မြူနှင်းနန်းတော် အင်အားစုတစ်ခုတည်းနဲ့ ဒီမိစ္ဆာသားရဲတွေကို တားဆီးဖို့က တကယ်ခက်ခဲလွန်းတယ်...”
"အသက်ရှင်ရပ်တည်ချင်ရင် တခြားလူကို အားကိုးရုံပဲရှိတယ်...”
"ရွှမ်ဟွမ်ဂိုဏ်းက မြူနှင်းနန်းတော် ရွေးချယ်လိုက်တဲ့ အားကိုးစရာပဲ...”
"ဒါကြောင့် တာအိုရောင်းရင်းယဲ့က မြူနှင်းနန်းတော်ရဲ့ လုံခြုံရေးအတွက် ရွှမ်ဟွမ်ဘိုးဘေးရဲ့ အနိုင်ကျင့်မှုကို ခေါင်းငုံ့ခံလိုက်ရတာ သေချာတယ်...”
ဝိညာဉ်သန္ဓေသား ဘိုးဘေးတစ်ဦးက ယုံကြည်မှုအပြည့်ဖြင့် ပြောလိုက်လေသည်။
ယဲ့ဖေးရိုသည် ကိုယ်တိုင်ဆန္ဒနှင့် လက်ထပ်ခြင်း မဖြစ်နိုင်ဟု သူ ထင်မြင်သည်။
သေချာပေါက် ထိုယုတ်မာကောက်ကျစ်သော ရွှမ်ဟွမ်ဘိုးဘေးက ခြိမ်းခြောက်သွေးဆောင်လိုက်ခြင်းသာ ဖြစ်ရပေမည်။ မြူနှင်းနန်းတော်၏ လုံခြုံရေးအတွက် မြူနှင်းနန်းတော်သခင်ခမျာ မတတ်သာတော့ဘဲ၊ တစ်ဖက်လူ၏ တောင်းဆိုမှုကို သဘောတူလိုက်ရခြင်းသာ ဖြစ်ရပေမည်။
ရိုးရိုးသားသားပြောရရင် ယဲ့ဖေးရိုတစ်ယောက် မျက်ရည်များ တွင်တွင်ကျနေရပြီး၊ နောက်ဆုံး၌ ရွှမ်ဟွမ်ဘိုးဘေး၏ ဖိအားပေးမှုအောက်တွင် မဟာမိတ်စာချုပ်ကို မတတ်သာဘဲ လက်မှတ်ထိုးလိုက်ရကာ၊ တစ်ဖက်လူ၏ အနိုင်ကျင့်ခြင်းအား ပြင်းပြင်းထန်ထန် ခံလိုက်ရသည့် မြင်ကွင်းကို သူ မြင်ယောင်နေမိတော့သည်။
"ဟုတ်တယ်... ဒါမှ စစ်မှန်တဲ့ အမှန်တရားပဲ...”
"မြူနှင်းနန်းတော်သခင်က ဘယ်လိုလုပ် အဲဒီလို အခြေအနေကြည့်ပေါင်းတဲ့ မိန်းမ ဖြစ်နိုင်မှာလဲ... မင်းပြောသလိုပဲ... အဲဒီ ရွှမ်ဟွမ်ဘိုးဘေးရဲ့ ဖိအားပေးမှုကြောင့်သာ မတတ်သာဘဲ လက်ထပ်လိုက်ရတာ နေမှာ...”
"တကယ် စက်ဆုပ်စရာကောင်းတဲ့ ရွှမ်ဟွမ်ဘိုးဘေးပဲ... ယုတ်မာကောက်ကျစ်တဲ့ လူလိမ်လူညာကောင်... ကိုယ့်အာဏာကိုသုံးပြီး တာအိုရောင်းရင်းယဲ့ကို ဖိအားပေးရဲတယ်... ငါတို့ တာအိုရောင်းရင်းယဲ့အတွက် တရားမျှတမှုရအောင် လုပ်ပေးရမယ်... တာအိုရောင်းရင်းယဲ့ကို ဒုက္ခပင်လယ်ထဲကနေ ကယ်တင်ရမယ်...”
ဝိညာဉ်သန္ဓေသား ကျင့်ကြံသူအများအပြားမှာ အံကြိတ်နေမိကြတော့သည်။
သူတို့သည် ရွှမ်ဟွမ်ဘိုးဘေးက ယုတ်မာသောနည်းလမ်းများကို အသုံးပြုပြီး ဖြူစင်သန့်ရှင်းသော တာအိုရောင်းရင်းယဲ့ကို သိမ်းပိုက်လိုက်သည်ဟု ထင်မြင်နေကြသည်။
တစ်ယောက်စီတိုင်း ဒေါသထွက်နေကြပြီး ရွှမ်ဟွမ်ဂိုဏ်းကို သွားရောက်ကာ ယဲ့ဖေးရိုကို ဒုက္ခပင်လယ်ထဲမှ ကယ်တင်ချင်နေကြသည်။ ဘေးနားရှိ ကျင့်ကြံသူအချို့ကမူ မျက်နှာအမူအရာများ ထူးဆန်းနေကြသည်။
ဤအချိန်သို့ ရောက်နေသည့်တိုင် ဤဝိညာဉ်သန္ဓေသားများသည် မြူနှင်းနန်းတော်သခင်ကို ဤမျှစွဲလမ်းနေကြပြီး တစ်ဖက်လူအတွက် ဆင်ခြေအမျိုးမျိုး ရှာပေးနေကြတုန်းပဲ ဆိုသည်အား သူတို့ ထင်မထားခဲ့ကြပေ။
ဒီလောက်ကြီးကျ ကျေးကျွန်စိတ်ဝင်နေပြီလေ…။ ဒါပေမဲ့ အဲဒီ မြူနှင်းနန်းတော်သခင်က ဘာညှို့ဓာတ်မှ မသုံးတတ်ပါဘူး…။ ဘာလို့ ဒီလောက်ဆွဲဆောင်မှု ကြီးမားရတာလဲ... ဝိညာဉ်သန္ဓေသား ကျင့်ကြံသူအများအပြားကို ဒီလောက်ထိ စွဲလမ်းအောင် လုပ်နိုင်ရတာလဲ…။ တကယ့်ကို စဉ်းစားလို့မရနိုင်ဘူး….။
ဤသည်မှာလည်း ချန်လန်ပင်လယ်ဒေသ၏ အဖြေရှာမရသည့် ပုစ္ဆာတစ်ပုဒ်ပင် ဖြစ်နေတော့သည်။
"ပါးစပ်ပိတ်ထားကြစမ်း... မင်းတို့က တာအိုရောင်းရင်းယဲ့ကို ဒုက္ခပေးချင်နေကြတာလား...”
"ဒီကိစ္စက ရွှမ်ဟွမ်ဘိုးဘေးရဲ့ ဖိအားပေးမှု ဖြစ်ကောင်းဖြစ်နိုင်ပေမယ့်..."
"လက်ရှိအခြေအနေအရ မြူနှင်းနန်းတော်ကို ကာကွယ်ပေးနိုင်တာ ရွှမ်ဟွမ်ဘိုးဘေး တစ်ယောက်ပဲရှိတယ်...”
"မင်းတို့ငါတို့ရဲ့ အင်အားနဲ့ မိစ္ဆာသားရဲ ဒီရေလှိုင်းကြားမှာ မြူနှင်းနန်းတော်ကို ကာကွယ်ပေးနိုင်မယ် ထင်နေလား...”
"စတုတ္ထအဆင့် မိစ္ဆာသားရဲ ဒါဇင်လောက် ထွက်လာရင်တင် ငါတို့ကို အပိုင်းပိုင်းအစစ ဆွဲဖြဲပစ်ဖို့ လုံလောက်နေပြီ...”
"ဒါကြောင့် ချန်လန်ပင်လယ်ဒေသတစ်ခုလုံးမှာ ရွှမ်ဟွမ်ဘိုးဘေးကလွဲရင် ဘယ်သူမှ တာအိုရောင်းရင်းယဲ့ကို ကာကွယ်မပေးနိုင်ဘူး...”
"ငါ့အင်အား မလုံလောက်လို့ တာအိုရောင်းရင်းယဲ့ကို ကာကွယ်မပေးနိုင်တာကိုပဲ နာကြည်းမိတယ်ကွာ...”
"ငါတို့ အသုံးမကျလို့ပါပဲ...”
လူအများက မတတ်သာဘဲ ပြောလိုက်ကြတော့သည်။ သဘာဝကျကျပင် အလားတူ ဆွေးနွေးမှုများသည် ချန်လန်ပင်လယ်ဒေသ အနှံ့အပြားတွင် ပျံ့နှံ့နေသည်။
တချို့က ဒေါသထွက်ကြပြီး၊ ရွှမ်ဟွမ်ဘိုးဘေးက မြူနှင်းနန်းတော်သခင်ကို ဖိအားပေးသည်ဟု ထင်မြင်ကြသည်။
တချို့က စိုးရိမ်ကြသည်၊ ရွှမ်ဟွမ်ဂိုဏ်းက မြူနှင်းနန်းတော်ကို ဝါးမြိုပြီးနောက် လျင်မြန်စွာ ကြီးထွားလာပြီး ချန်လန်ပင်လယ်ဒေသ၏ ဧရာမသတ္တဝါကြီး ဖြစ်လာကာ အခြားအင်အားစုများ၏ အကျိုးစီးပွားကို ထိပါးလာမည်ကို စိုးရိမ်ကြသည်။
တချို့ကမူ ကိုယ်နဲ့မဆိုင်သလို နေကြသည်၊ ဤကိစ္စကို ထူးဆန်းသော သတင်းတစ်ခုအဖြစ်သာ သဘောထားကြသည်။
လူပေါင်းစုံ စိတ်ပေါင်းစုံ၊ အမျိုးမျိုးအထွေထွေပင် ဖြစ်နေချေသည်။
…………
သို့သော် ထိုအထဲတွင် ဒေါသအထွက်ဆုံးမှာ ကောင်းကင်မိစ္ဆာဂိုဏ်းချုပ် ချန်ဇီယွင်ပင် ဖြစ်ပေသည်။ သူမ ဤသတင်းကို ကြားသောအခါ ဒေါသထွက်လွန်း၍ လက်ထဲရှိခွက်ကိုပင် လွှတ်ပစ်လိုက်မိသည်။ ရိုးရိုးရှင်းရှင်း ပြောရလျှင် ဒေါသထွက်လွန်း၍ ပေါက်ကွဲလုနီးပါး ဖြစ်နေရှာသည်။
"ယဲ့ဖေးရိုဆိုတဲ့ မိန်းမယုတ်ကြီး... သူ မရိုးသားမှန်း ငါသိသားပဲ...”
"အပေါ်ယံမှာတော့ ဖြူစင်သန့်ရှင်းသလို ဟန်ဆောင်နေပြီးတော့...”
"တကယ်တမ်းတော့ အောက်တန်းစားမပဲ... ဗိုက်ထဲမှာ ညစ်ပတ်တဲ့ အကြံအစည်တွေအပြည့်နဲ့...”
"ငါက အရင်ရောက်တာကို... ဒီခွေးမက အရင်လက်ဦးသွားတယ်ပေါ့...”
ချန်ဇီယွင်တစ်ယောက် အံကြိတ်နေမိသည်။ သူမ၏ မျက်နှာပေါ်တွင် နောင်တရသော အရိပ်အယောင်များ ပေါ်လာ၏။
“ငါလေး အရင်က သိပ်ကို ဣနြေဆယ်လွန်းနေမိခဲ့တယ်… အတင်းအကျပ် သိမ်းပိုက်ဖို့ကို ဝန်လေးနေခဲ့မိတယ်… အခုတော့ ယဲ့ဖေးရိုဆိုတဲ့ မိန်းမယုတ်ရဲ့ လက်ဦးသွားတာကို ခံလိုက်ရပြီ… ငါ့ထက် ခြေတစ်လှမ်းစောပြီး ကျိုးစွေ့ဆိုတဲ့ ယောက်ျားကို ရယူသွားခဲ့ပြီ…
အရင်ညကသာ ဒီကိစ္စကို ငါကြိုသိခဲ့ရင် သေချာပေါက် အဲ့ဒီမိန်းမယုတ်ရဲ့ မျက်နှာကို ကုတ်ဖဲ့ပစ်လိုက်မှာ… ကြည့်စမ်းပါဦး… ဒီမိန်းမယုတ်က ယောကျ်ားမြှူတဲ့ အလုပ်ကိုတောင် လုပ်ရဲတယ်တဲ့လား….”
"မဖြစ်ဘူး... ဒီအတိုင်း ဆက်လွှတ်ထားလို့ မဖြစ်ဘူး...”
"မဟုတ်ရင် ယဲ့ဖေးရိုဆိုတဲ့ အဘွားကြီးက ငါ့ထက် ခြေလှမ်းတစ်လှမ်း သာနေလိမ့်မယ်...”
"ငါ သဘောကျတဲ့ ယောက်ျားကို ဘယ်လိုလုပ် ဒီမိန်းမဆွဲဆောင်သွားတာ ခံနိုင်မှာလဲ...”
"ဘယ်လိုပဲဖြစ်ဖြစ် ဒီယောက်ျားကို ငါ ပြန်လုယူရမယ်...”
"ဒီမိန်းမယုတ်ကြီးရဲ့ လက်ထဲ လုံးဝ အရောက်ခံလို့ မဖြစ်ဘူး...”
ချန်ဇီယွင်သည် သူမ၏ လက်သီးနုနုလေးကို ဆုပ်လိုက်ပြီး ပြတ်ပြတ်သားသား ဆုံးဖြတ်ချက်ချလိုက်လေသည်။
ကံကောင်းသည်မှာ သူမ၏ တပည့်ဖြစ်သူ ချူတျဲယီမှာ ထိုယောက်ျား၏ တာအိုလက်တွဲဖော် ဖြစ်နေပြီးသားဖြစ်ရာ၊ ထိုယောက်ျားဘေးတွင် ခိုအောင်းနေသည်မှာ ကြာလှပြီမဟုတ်ပါလော။
ဆိုလိုသည်မှာ ထိုယောက်ျား၏ မိန်းမဆောင်ထဲတွင် သူမ၏ သူလျှိုရှိနေပြီးသားပင် မဟုတ်ပါလော။ အကွက်အနည်းငယ် သုံးလိုက်ပါက၊ သူမနှင့်ကျိုးစွေ့ ပြန်ဆုံစည်းနိုင်မည့် အခွင့်အရေးရလာမည်မှာ သေချာပေသည်။ ထိုအချိန်ကျလျှင် သူမသည် ထိုယောက်ျားကို သေချာပေါက် အပိုင်သိမ်းရပေမည်။
"ထားလိုက်ပါတော့... လောလောဆယ် ယဲ့ဖေးရိုဆိုတဲ့ ဒီမိန်းမကို အရင်ပျော်ခွင့် ပေးထားလိုက်ဦးမယ်...”
"ဒီလိုကိစ္စမျိုးက ဦးသူ စားရတာမျိုး မဟုတ်ဘူး... ဟမ့်…”
"ဘယ်သူက နောက်ဆုံးထိ ကျန်ရစ်နိုင်မလဲ ဆိုတာကမှ စစ်မှန်တဲ့ အနိုင်ရသူပဲ...”
"စောင့်နေလိုက်စမ်း... ငါ ဒီယောက်ျားကို ရပြီးတာနဲ့... မင်းလိုအရှက်မရှိတဲ့ မိန်းမကို ရက်ရက်စက်စက် စွန့်ပစ်ခိုင်းပြမယ်...”
"အဲဒီကျရင် မင်း ငိုနေတာကို ကြည့်ရတာ သိပ်ကိုအရသာရှိမှာပဲ...”
ချန်ဇီယွင်မှာ ကျေနပ်အားရစွာ ပြုံးလိုက်လေသည်။
သူမသည် ပရိယာယ်အမျိုးမျိုးကို စဉ်းစားထားပြီးဖြစ်ကာ၊ ယဲ့ဖေးရိုတစ်ယောက် ကျိုးစွေ့၏ စွန့်ပစ်ခြင်းကို ခံရပြီးနောက် မျက်ရည်စက်လက်ဖြင့် မျက်နှာပျက်နေမည့် မြင်ကွင်းကို မြင်ယောင်နေမိသကဲ့သို့ ရှိနေသည်။
ထိုအချိန်ကျလျှင် ထိုမြင်ကွင်းသည်ကား သေချာပေါက် ကြည့်ကောင်းပေလိမ့်မည်။