← Chapters

ပဉ္စမအဆင့် 'စာအုပ်ကူ'၊ စာအုပ်တိုင်းပြည်နှင့် 'ကံကြမ္မာကူ' မွေးဖွားခြင်း (၄)။

Vol. 51 Ch. 555

ပဉ္စမအဆင့် 'စာအုပ်ကူ'၊ စာအုပ်တိုင်းပြည်နှင့် 'ကံကြမ္မာကူ' မွေးဖွားခြင်း (၄)။

Vol. 51 Ch. 555

ရက်အနည်းငယ် ကြာပြီးနောက်…။

ကျိုးစွေ့သည် ရွှမ်ဟွမ်ဂိုဏ်း၏ အင်အားကို အသုံးပြုပြီး 'ကံကြမ္မာကူ' အတွက် အထောက်အကူပြု ပစ္စည်းအများအပြားကို စုဆောင်းခဲ့လေသည်။ အဓိကပစ္စည်း 'ကံကောင်းခြင်းပန်း' လည်း ရှိနေပြီဖြစ်ရာ 'ကံကြမ္မာကူ' ကို စတင်သန့်စင်ရန် လုံလောက်နေပြီ ဖြစ်၏။

ဝုန်း… ဝုန်း… ဝုန်း…

ဤအခိုက်အတန့်တွင် ကျိုးစွေ့သည် ပစ္စည်းအများအပြားကို 'ကူနတ်ဘုရားပန်းကန်' ထဲသို့ ပစ်ထည့်လိုက်တော့သည်။ 'ကူနတ်ဘုရားပန်းကန်' မှ မီးခိုးရောင် လေစီးကြောင်းများ ထွက်ပေါ်လာပြီး ထိုပစ္စည်းများ အားလုံးကို သန့်စင်လိုက်ကာ၊ မြူခိုးများအဖြစ် ပြောင်းလဲလိုက်သဖြင့် အတွင်းပိုင်းဟင်းလင်းပြင် တစ်ခုလုံးတွင် အဆုံးမဲ့မြူခိုးများ ဖုံးလွှမ်းသွားလေသည်။

အချိန်မည်မျှ ကြာမြင့်သွားမှန်းမသိပေ။ ရွှေရောင် 'ကူ' တစ်ကောင်သည် ချက်ချင်းမွေးဖွားလာပြီး မီးခိုးရောင်မြူခိုး အမြောက်အပြားက ထိုရွှေရောင် 'ကူ' ထဲသို့ ဝင်ရောက်သွားကာ ၎င်း၏ စွမ်းအားကို တစ်ဆင့်ပြီးတစ်ဆင့် မြင့်တက်လာစေလေသည်။

ဝိုးတဝါးအခြေအနေကြားတွင် ထိုရွှေရောင် 'ကူ' သည် ရွှေရောင်နဂါးကြီးတစ်ကောင်ကဲ့သို့ ဖြစ်နေပြီး၊ မာန်မာနထောင်လွှားနေကာ ဟင်းလင်းပြင်ထဲတွင် လွတ်လပ်စွာ ပျံသန်းနေပြီး ခန္ဓာကိုယ်မှ ထူးဆန်းသော ဖိအားများ ပျံ့နှံ့နေကာ အလွန်နက်နဲလှပေသည်။

ချက်ချင်းပင် ကြီးမားသော သတင်းအချက်အလက်တစ်ခုသည် ကျိုးစွေ့၏ သိစိတ်ပင်လယ် နက်ရှိုင်းသောနေရာသို့ ဝင်ရောက်လာလေသည်။

[ 'ကံကြမ္မာကူ' - ဤသည်မှာ ကံတရားကို ဝါးမြိုနိုင်၊ ကံတရားကို စုစည်းနိုင်၊ ကံတရားကို ထိန်းချုပ်နိုင်သည့် ကောင်းကင်နှင့်မြေကြီး၏ 'ကူ' တစ်ကောင် ဖြစ်သည်။ ကောင်းကင်နှင့်မြေကြီး၏ ကံတရားကို သယ်ဆောင်ထားသည့် ထူးခြားဆန်းပြားသော ပိုးကောင်ဖြစ်ပြီး အသုံးဝင်မှု အဆုံးမရှိပေ။

သို့သော်ငြား အသုံးပြုသည့်အခါတွင် သတိထားရပေမည်။ 'ကံကြမ္မာကူ' ကို ချောမွေ့စွာ အသုံးပြုနိုင်ပါက ကိစ္စရပ်တိုင်း အဆင်ပြေချောမွေ့ပေသည်။ ကံဆိုးတာတွေ ပျောက်ပြီး ကောင်းတာတွေ ရောက်လာအံ့။ ထူးဆန်းသော အခွင့်အရေးများအား ဆက်တိုက်ဆိုသလို ရရှိပေမည်။ သို့သော်ငြား အလွန်အကျွံ အသုံးပြုမိပါက ကံတရားကုန်၍ သူရဲကောင်းဒုက္ခရောက် ဆိုသကဲ့သို့၊ ဘာလုပ်လုပ် အဆင်မပြေဘဲ အတားအဆီးများနှင့် ကြုံတွေ့ရပြီး ကံဆိုးမိုးမှောင် ကျရပေလိမ့်မည်။ ]

"ဒါက..."

ကျိုးစွေ့ မျက်လုံးများကို မှေးစင်းလိုက်သည်။ 'ကံကြမ္မာကူ' ၏ နက်နဲမှုကို သူ ချက်ချင်းသဘောပေါက်လိုက်သည်။ ၎င်းသည် ဓားသွားနှစ်ဖက်ပါသော ဓားတစ်လက်နှင့် တူပေ၏။

အကယ်၍ မဆင်မခြင် အသုံးပြုမိပါက ကိုယ့်ကိုယ်ကိုယ် ပြန်လည်ထိခိုက်စေနိုင်သည်။ မည်သို့ပင်ဖြစ်စေ 'ကံကြမ္မာကူ' ကို အလွန်အကျွံ အသုံးပြုပါက ကိုယ့်ကိုယ်ပေါ်ရှိ ကံတရားကို ကုန်ဆုံးစေမည်ဖြစ်၏။

ထိုအချိန်တွင် ကိုယ့်ကံတရားက သုညဖြစ်သွားလျှင် သို့မဟုတ် အနုတ်လက္ခဏာပြသွားလျှင် သေချာပေါက် သေလမ်းသာ ရှိတော့သည်။ ကျင့်ကြံခြင်း မည်မျှမြင့်မားသည်ဖြစ်စေ ကံတရားမရှိပါက အချိန်ကြာမြင့်စွာ အသက်ရှင်နိုင်မည်မဟုတ်ပေ။

ထို့ကြောင့် ဤ 'ကူ' ကို စနစ်တကျ အသုံးပြုရမည်ဖြစ်၏။ အရေးကြီးသော အချိန်မဟုတ်လျှင် အသုံးမပြုခြင်းက ပိုကောင်းပေလိမ့်မည်။

ဘုန်း…

တစ်ခဏအတွင်း 'ကံကြမ္မာကူ' သည် တစ်စုံတစ်ခုကို အာရုံခံမိလိုက်သကဲ့သို့ ခန္ဓာကိုယ်လှုပ်ရှားသွားကာ 'ကူနတ်ဘုရားပန်းကန်' ထဲမှ ချက်ချင်းထွက်ခွာသွားပြီး၊ တစ်ချက်တည်းနှင့် ကျိုးစွေ့၏ ရှေ့မှောက်သို့ ရောက်ရှိလာလေသည်။ ၎င်းသည် ကျယ်လောင်စွာ အော်ဟစ်လိုက်ပြီး အလွန်စိတ်လှုပ်ရှားနေပုံရကာ ရွှေရောင်အရှိန်အဝါများကို အငမ်းမရ ဝါးမြိုနေလေသည်။

"ဘာဖြစ်တာတုန်း...”

ထိုအခိုက်အတန့်တွင် ကျိုးစွေ့၏ စိတ်ထဲတွင် လှုပ်ရှားသွားရပြီး၊ သူ၏ နတ်ဘုရားအာရုံသည် 'ကံကြမ္မာကူ' ၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားသည်။ ချက်ချင်းပင် သူသည် 'ကံကြမ္မာကူ' ၏ မျက်လုံးများကို အသုံးပြုပြီး သူ့ခန္ဓာကိုယ်ပေါ်တွင် ကံတရားရွှေနဂါးတစ်ကောင် ပေါ်နေသည်ကို တွေ့လိုက်ရလေသည်။ ထိုရွှေရောင်နဂါးကြီးသည် သူ့ခေါင်းပေါ်တွင် ပျံဝဲနေပြီး ကျွန်းတစ်ကျွန်းလုံးကို လွှမ်းခြုံထားကာ နက်နဲသော အရှိန်အဝါများ ပျံ့နှံ့နေပြီး ဤကမ္ဘာလောကနှင့် ဆက်သွယ်ထားသကဲ့သို့ ရှိနေသည်။

ယခုအချိန်တွင် 'ကံကြမ္မာကူ' သည် သူ့ခန္ဓာကိုယ်ပေါ်ရှိ ကံတရားများကို အငမ်းမရ ဝါးမြိုနေပြီး အရသာရှိသော အစားအစာကို ရရှိလိုက်သကဲ့သို့ဖြစ်နေကာ ၎င်း၏ ခန္ဓာကိုယ်မှ အရှိန်အဝါများလည်း တစ်ဆင့်ပြီးတစ်ဆင့် မြင့်တက်လာနေလေသည်။

ပထမအဆင့်အောက်ခြေအဆင့်မှ ပထမအဆင့်အလယ်အလတ်အဆင့်၊ ပထမအဆင့်အထွတ်အထိပ်အဆင့်၊ ဒုတိယအဆင့်အောက်ခြေအဆင့်သို့ လျင်မြန်စွာ ရောက်ရှိသွားလေသည်။ အချိန်တိုအတွင်းမှာပင် ဒုတိယအဆင့် 'ကံကြမ္မာကူ' ဖြစ်လာခဲ့လေသည်။

ကျင့်ကြံခြင်းတိုးတက်မှုနှုန်းသည် မကြုံစဖူး မြန်ဆန်လှသည်ဟု ဆိုရပေမည်။ အကယ်၍ အချိန်တစ်ခု ထပ်မံကြာမြင့်ပါက တတိယအဆင့်၊ ထို့နောက် စတုတ္ထအဆင့်သို့ လျင်မြန်စွာ ရောက်ရှိနိုင်ပေလိမ့်မည်။

"ဒီလိုကိုး… 'ကံကြမ္မာကူ' ကြီးထွားချင်ရင် ကံတရားကို ဝါးမြိုဖို့ လိုတာပဲ.. ကံတရား များများရလေ 'ကံကြမ္မာကူ' ကြီးထွားမှုနှုန်းက မြန်ဆန်လေပဲ… သူ့ရဲ့ ကြီးထွားမှုက အကန့်အသတ်မရှိဘူး…

ပိုင်ရှင်ရဲ့ ကံတရားနဲ့ ဆက်နွယ်နေတယ်… ငါ့ဆီမှာက မရေမတွက်နိုင်တဲ့ ကံတရားတွေ စုဆောင်းထားပြီးသားပဲ… 'ကံကြမ္မာကူ' အတွက်တော့ ဒါက အားဖြည့်ဆေးကြီးပဲ… အလျင်အမြန် ကြီးထွားဖို့ ကူညီပေးနိုင်တယ်...”

ကျိုးစွေ့ မေးစေ့ကို ပွတ်သပ်လိုက်သည်။ အမှန်တကယ်တွင် သူ၏ခန္ဓာကိုယ်ပေါ်ရှိ ဤကံတရားများကို 'ကံကြမ္မာကူ' က စားသုံးလိုက်သော်လည်း၊ သူ့ခန္ဓာကိုယ်ပေါ်ရှိ ကံတရားများသည် ပျောက်ကွယ်သွားခြင်း မရှိပေ။

'ကံကြမ္မာကူ' ဆီသို့ ပြောင်းရွှေ့သွားခြင်းသာ ဖြစ်၏။ 'ကံကြမ္မာကူ' ၏ ကျင့်ကြံခြင်း မြင့်တက်လာသည်နှင့်အမျှ သူ့ဆီသို့ ပြန်လည်အကျိုးပြုနိုင်ပြီး သူ့ခန္ဓာကိုယ်ပေါ်ရှိ ကံတရားကို ပိုမိုတိုးပွားလာစေသည်။ ထိုမှတစ်ဆင့် သူသည် ကံတရားများစွာ၏ ကာကွယ်စောင့်ရှောက်မှုကို ရရှိစေလေသည်။

"ဒါပေမဲ့ ငါ့ဆီမှာ ဘယ်တုန်းက ဒီလောက်များပြားတဲ့ ကံတရားတွေ စုဝေးနေတာလဲ...”

ကျိုးစွေ့ အလွန်သိချင်သွားသည်။ သူသည် 'ကံကြမ္မာကူ' နှင့် ဆက်သွယ်လိုက်ရာ ဤသို့ဖြစ်ရခြင်းအကြောင်းရင်းကို ချက်ချင်းသိလိုက်ရလေသည်။ မူလကတည်းက သူသည် 'ကူနတ်ဘုရားပန်းကန်' ကို ရရှိထားသဖြင့် ကံတရားကြီးမားသူတစ်ဦး ဖြစ်၏။

သို့သော် ကံတရားကြီးမားရုံဖြင့် နေရာတကာ လျှောက်ပြီး သေလမ်းရှာ၍ ရသည်ဟု မဆိုလိုပေ။ အကယ်၍ ကပ်ဘေးများစွာ ကြုံတွေ့ရပါက ထိုကပ်ဘေးများက ကိုယ်ပိုင်ကံတရားကို တိုက်စားသွားပေလိမ့်မည်။ အတိုင်းအတာတစ်ခုသို့ ရောက်သောအခါ ကိုယ်ပိုင်ကံတရားသည် ကုန်ခန်းသွားပေလိမ့်မည်။

ထို့ကြောင့်ပင် ကံတရား၏သားတော်အချို့သည် ငယ်ရွယ်စဉ်တွင် အခက်အခဲများကို ကျော်လွှားနိုင်ပြီး ကပ်ဘေးကြုံလျှင်ပင် အခွင့်အရေး ရရှိတတ်ကာ ရတနာများ ရရှိပြီး ကျင့်ကြံခြင်း တိုးတက်လာတတ်ကြ၏။

သို့သော် အသက်ကြီးလာသောအခါ ရလဒ်မကောင်းဘဲ ပြီးဆုံးသွားတတ်ကြလေသည်။ မိသားစု ပျက်စီးရုံသာမက တစ်ကိုယ်တည်းသမား ဖြစ်လာတတ်ကြ၏။ ဤသည်မှာ နေရာတကာ လျှောက်ပြီး သေလမ်းရှာသဖြင့် ကံတရားအများအပြားကို ဖြုန်းတီးလိုက်သောကြောင့် ဖြစ်ပေသည်။

ရလဒ်အနေဖြင့် အသက်ကြီးလာသောအခါ ကံတရား၏ စောင့်ရှောက်မှု မရှိတော့ပေ။ ဘာလုပ်လုပ် အဆင်မပြေဖြစ်ပြီး ကပ်ဘေးမျိုးစုံ ကြုံတွေ့ရကာ ဖြေရှင်း၍ မရနိုင်တော့ပေ။

သို့သော် ကျိုးစွေ့ကမူ မတူညီပေ။ 'ကူနတ်ဘုရားပန်းကန်' ကို ရရှိထားသော်လည်း နေရာတကာ လျှောက်ပြီး သေလမ်းမရှာဘဲ ပုန်းအောင်းပြီး တိတ်တဆိတ် ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်ခဲ့သည်။ ကပ်ဘေး မကြုံတွေ့ရသဖြင့် ကံတရားတိုက်စားခံရခြင်း မရှိပေ။ ဤအချက်ကြောင့် သူ့ခန္ဓာကိုယ်ပေါ်ရှိ ကံတရားသည် တိုက်စားမခံရရုံသာမက အဆက်မပြတ် တိုးပွားလာခဲ့ခြင်း ဖြစ်ပေသည်။

"ကံတရား တိုးပွားဖို့ နည်းလမ်းတွေ အများကြီး ရှိတယ်… ပထမနည်းလမ်းက သဘာဝကျကျ ကျင့်ကြံခြင်းတိုးတက်မှုပဲ… ကျင့်ကြံခြင်း မြင့်လေလေ တိုးပွားလာတဲ့ ကံတရားက များလေလေပဲ… ဒီအချက်ကို ပြောနေစရာ မလိုတော့ဘူး… လက်ရှိ ငါက ဝိညာဉ်သန္ဓေသားနှောင်းပိုင်းအဆင့်ကျင့်ကြံသူ ဖြစ်နေပြီ…

ငါ့ကျင့်ကြံခြင်းက ချန်လန်ပင်လယ်ဒေသမှာ ပြိုင်ဘက်ကင်းနေပြီ… အရှင်သခင်အဆင့် ဖြစ်တည်မှု ဖြစ်နေပြီး သက်တမ်းကလည်း နှစ်သောင်းချီ ရှိနေတော့ အသက်ရှည်ကျန်းမာတယ်လို့ ပြောလို့ရတယ်… သဘာဝကျကျ ကံတရားကြီးမားနေမှာပေါ့...”

"ဒုတိယနည်းလမ်းက ကံတရားကြီးမားတဲ့ မိတ်ဆွေတွေနဲ့ တာအိုလက်တွဲဖော်တွေကို ပေါင်းသင်းခြင်းပဲ… ဒီလိုဆိုရင် အချင်းချင်းကြားမှာ ကံတရားတွေ ရောယှက်သွားပြီး တစ်ယောက်နဲ့တစ်ယောက်ရဲ့ ကံတရားကို မြှင့်တင်ပေးနိုင်တယ်…

တစ်ပေါင်းတစ်က နှစ်ထက်ကြီးတဲ့ ရလဒ်ကို ရရှိစေတယ်… ငါ့မှာ မိတ်ဆွေ သိပ်မရှိပေမယ့် တာအိုလက်တွဲဖော်တွေ အများကြီး ရှိတယ်… သူတို့အများစုက ဂိုဏ်းချုပ်တွေ ဖြစ်ကြပြီး အထက်တန်းစား စိတ်ဝိညာဉ်အမြစ် ဒါမှမဟုတ် ကောင်းကင်အဆင့် စိတ်ဝိညာဉ်အမြစ် ပိုင်ရှင်တွေ ဖြစ်ကြတယ်…

သူတို့ကိုယ်တိုင်က ကံတရားကြီးမားသူတွေ ဖြစ်ကြတယ်.. မဟုတ်ရင် အခုလို အဆင့်ထိ ရောက်လာမှာ မဟုတ်ဘူး...”

"တတိယနည်းလမ်းကတော့ အင်အားစု တည်ထောင်ခြင်းပဲ… အင်အားစု ကြီးလေလေ လွှမ်းမိုးမှု ကြီးလေလေပဲ… ဒီလိုဆိုရင် သက်ရှိတွေရဲ့ ကံတရားကို စုစည်းနိုင်ပြီး ကိုယ့်ကံတရားကို တိုးပွားစေနိုင်တယ်…

လောကီသေမျိုးနိုင်ငံတွေက ဧကရာဇ်မင်းတွေလိုပေါ့… မူလက သာမန်လူတွေ ဖြစ်ပေမယ့် တိုင်းပြည်တစ်ပြည်ရဲ့ ဘုရင်ဖြစ်နေပြီး သန်းပေါင်းများစွာသော လူတွေရဲ့ အသက်ကို ချုပ်ကိုင်ထားနိုင်တော့ သဘာဝကျကျပဲ ထူထဲတဲ့ ကံတရားကို ပိုင်ဆိုင်ကြတယ်…

ထင်ရှားတာက ရွှမ်ဟွမ်ဂိုဏ်း ဂိုဏ်းချုပ် ဖြစ်လာပြီး မြူနှင်းနန်းတော်ကို ဝါးမြိုလိုက်တာက ပင်လယ်ဒေသတစ်ခုလုံးကို ထိန်းချုပ်လိုက်တာပဲ… ဒါကလည်း ငါ့ကို ကြီးမားတဲ့ ကံတရားတွေ ယူဆောင်ပေးလာတယ်… အခုဆိုရင် ငါ့ရဲ့ ပြောစကား၊ လုပ်ရပ်တိုင်းက ချန်လန်ပင်လယ်ဒေသ လူသားမျိုးနွယ်စု တစ်ခုလုံးရဲ့ အခြေအနေကို လွှမ်းမိုးနိုင်တယ်...”

ကျိုးစွေ့ မျက်လုံးများကို မှေးစင်းလိုက်သည်။ သူသည် 'ကံကြမ္မာကူ' မှတစ်ဆင့် သူ့တွင် အဘယ်ကြောင့် ဤမျှများပြားသော ကံတရားများ ရရှိနေသည်ကို သိရှိလိုက်ရလေသည်။

အရာအားလုံးသည် သူ့အတွေ့အကြုံများနှင့် ကြီးမားသော ဆက်နွယ်မှု ရှိနေ၏။ အကယ်၍ တာအိုလက်တွဲဖော်များ၊ အင်အားစုများနှင့် ကိုယ်ပိုင်ကျင့်ကြံခြင်းအကူအညီများသာ မပါဝင်လျှင် ရွှေရောင်နဂါးကံတရားကို ပိုင်ဆိုင်နိုင်လိမ့်မည် မဟုတ်ပေ။

ဤသည်မှာ အခြေခံအားဖြင့် ကျင့်ကြံခြင်းလောက၏ ထိပ်တန်းကံတရား ဖြစ်နေပြီဖြစ်၏။ လောကတွင် ယှဉ်ပြိုင်နိုင်သူ မရှိပေ။

"ထင်ရှားတာက 'ကံတရား' မှာလည်း အဆင့်အတန်း ရှိတယ်… အမြင့်ဆုံးကနေ အနိမ့်ဆုံးဆိုရင် ရွှေ၊ အနီ၊ လိမ္မော်၊ ခရမ်း၊ အပြာ၊ အစိမ်း၊ အဖြူ တို့ပဲ… ရွှေရောင်ကံတရား ပိုင်ဆိုင်ထားရင် သံသယဖြစ်ဖွယ်မရှိ ကံတရားရဲ့သားတော်ပဲ… ခေတ်တစ်ခေတ်ကို လွှမ်းမိုးနိုင်တယ်…

ခေတ်ကာလက ခွင့်ပြုရင် နတ်ဘုရားအသွင်ပြောင်းအဆင့် ဖြစ်ဖို့က သေချာသလောက်ပဲ… အနီရောင်ကံတရား ဆိုရင်လည်း ဂိုဏ်းချုပ်တစ်ယောက် ဖြစ်နိုင်တယ်… ဝိညာဉ်သန္ဓေသားကျင့်ကြံသူ ဖြစ်နိုင်တယ်… အခွင့်အရေးကောင်းရင် နတ်ဘုရားအသွင်ပြောင်းအဆင့်တောင် ဖြစ်နိုင်တယ်...”

"လိမ္မော်ရောင်ကံတရား ဆိုရင် အနည်းဆုံး ရွှေအမြုတေကျင့်ကြံသူ ဖြစ်နိုင်တယ်… အခွင့်အရေး နည်းနည်းရှိရင် ဝိညာဉ်သန္ဓေသား ဖွဲ့စည်းနိုင်တယ်.. ဒီလိုကံတရားမျိုး ရှိတဲ့သူက အခြေခံအားဖြင့် နတ်ဘုရားအသွင်ပြောင်းအဆင့်ဖြစ်ဖို့ မျှော်လင့်ချက် မရှိဘူး…

ခရမ်းရောင်ကံတရား ဆိုရင်လည်း ရွှေအမြုတေ ဖြစ်နိုင်ပေမယ့် ဝိညာဉ်သန္ဓေသား ဖွဲ့စည်းဖို့ မျှော်လင့်ချက် မရှိဘူး… အပြာရောင်ကံတရား ဆိုရင် အခြေတည်အဆင့် ဖြစ်နိုင်တယ်… အစိမ်းရောင်ကံတရား ဆိုရင် ချီကျင့်ကြံခြင်းအဆင့် ဖြစ်နိုင်တယ်… အဖြူရောင်ကံတရား ဆိုရင်တော့ သာမန်လူတွေရဲ့ ကံတရားပဲ… အချိန်မရွေး မိသားစု ပျက်စီးနိုင်ပြီး သေဆုံးနိုင်တယ်...”

ကျိုးစွေ့ မျက်လုံးများကို မှေးစင်းလိုက်မိပြန်သည်။ သူသည် 'ကံကြမ္မာကူ' ၏ သတင်းအချက်အလက်များမှတစ်ဆင့် ကံတရားအဆင့် ခွဲခြားမှုများကို နားလည်လိုက်လေသည်။

All Chapters