ကံတရား၏သားတော်၊ ကံကြမ္မာရွှေနဂါးနှင့် နှစ်ပေါင်းတစ်ရာအကြာ ရွှမ်ဟွမ်ဂိုဏ်း(၄)။
Vol. 51 Ch. 560
“ဒါပေမဲ့ ဒီတစ်ခါ နဂါးမျိုးနွယ်စုနဲ့ မိစ္ဆာဖီးနစ်မျိုးနွယ်စုတို့ ဆုံးရှုံးမှု အရမ်းကြီးသွားတယ်...”
“စတုတ္ထအဆင့် မိစ္ဆာကျင့်ကြံသူအမြောက်အမြား သေဆုံးသွားတာအပြင် ကောင်းကင်အဆင့် ဝိညာဉ်ရတနာ တစ်ခုစီလည်း ဆုံးရှုံးသွားခဲ့ရတယ်...”
“ဒီကိစ္စကို ဘယ်လို စီစဉ်ဖို့ ရှိလဲ မသိဘူး...”
နတ်ဘုရားအသွင်ပြောင်းအဆင့် မိစ္ဆာကျင့်ကြံသူ အများအပြားသည် နဂါးမျိုးနွယ်စုနှင့် မိစ္ဆာဖီးနစ်မျိုးနွယ်စုတို့၏ ခေါင်းဆောင်များကို လှောင်ပြောင်လိုသော မျက်လုံးများဖြင့် ကြည့်လိုက်ကြသည်။
သူတို့အားလုံးသည် မိစ္ဆာတစ်သောင်းနန်းတော်၏ အဖွဲ့ဝင်များ ဖြစ်ကြသော်လည်း ထင်သလောက် စည်းလုံးမှု မရှိကြပေ။
ဆန့်ကျင်ဘက်အနေဖြင့် သူတို့သည် အမြဲတမ်း အတွင်းကြိတ်ကာ ယှဉ်ပြိုင်နေကြသူများ ဖြစ်လေသည်။
အချင်းချင်း သတ်ဖြတ်ခြင်းနှင့် မျိုးနွယ်စစ်ပွဲများမှာ အမြဲတမ်း ဖြစ်ပွားနေခဲ့လေသည်။
ယခု ကျင့်ကြံခြင်းလောက ပေါ်လာမှသာ သူတို့သည် ခေတ္တခဏ ပြည်တွင်းစစ်ကို ရပ်တန့်ထားကြခြင်း ဖြစ်၏။
ထို့ကြောင့် နဂါးမျိုးနွယ်စုနှင့် မိစ္ဆာဖီးနစ်မျိုးနွယ်စုတို့ ကံဆိုးသွားသည်ကို မြင်သောအခါ သူတို့ အလွန် ဝမ်းသာနေကြခြင်း ဖြစ်ပေသည်။
အဘယ်ကြောင့်ဆိုသော် ဤအင်အားကြီး မျိုးနွယ်စုနှစ်ခု၏အင်အား ဆုတ်ယုတ်သွားခြင်းမှာ အခြားမျိုးနွယ်စုများအတွက် နေရာရလာနိုင်သောကြောင့်ပင်။
“ဟင်း... ဒီတစ်ကြိမ် ငါတို့ နဂါးမျိုးနွယ်စု ဆုံးရှုံးမှု ကြီးမားတယ်ဆိုတာ မှန်ပါတယ်...”
“ဒါပေမဲ့ ဒါက လူသားတွေဆီမှာ ခေတ္တခဏ အပ်ထားတာပဲ ရှိသေးတယ်...”
“ရတနာထိန်းချုပ်မန္တန် မရှိဘဲနဲ့ လူသားကျင့်ကြံသူတွေက ငါတို့ရဲ့ကောင်းကင်အဆင့် ဝိညာဉ်ရတနာကို သန့်စင်နိုင်ဖို့ စိတ်မကူးနဲ့...”
“ငါတို့ နဂါးမျိုးနွယ်စု ကျင့်ကြံခြင်းလောကကို တစ်ဖန် ပြန်လည် ကျူးကျော်တဲ့အချိန်ကျရင် လူသားကျင့်ကြံသူ အားလုံးကို မျိုးဖြုတ်သတ်ပစ်မယ်...”
နဂါးမျိုးနွယ်စု ခေါင်းဆောင်က သတ်ဖြတ်လိုသော အရှိန်အဝါများဖြင့် ပြောလိုက်သည်။
ကောင်းကင်အဆင့် ဝိညာဉ်ရတနာမှာ နဂါးမျိုးနွယ်စုအတွက် အလွန် အရေးပါလှပြီး၊ နတ်ဘုရားအသွင်ပြောင်းအဆင့် နဂါးကြီးများ၏ တိုက်ခိုက်နိုင်စွမ်းကို များစွာ မြှင့်တင်ပေးနိုင်သည်။
သို့သော် ကျင့်ကြံခြင်းလောကတွင် ဆုံးရှုံးသွားရလိမ့်မည်ဟု မည်သူက ထင်မှတ်ထားပါမည်နည်း။
ထို့အပြင် လူသားကျင့်ကြံသူများ၏ လက်ထဲသို့ ရောက်ရှိသွားခဲ့လေသည်။
မှန်ပေသည်၊ ဤကိစ္စအား သူ အလွန်အမင်း စိုးရိမ်မနေပေ။
အဘယ်ကြောင့်ဆိုသော် နဂါးမျိုးနွယ်စု၏ ကောင်းကင်အဆင့် ဝိညာဉ်ရတနာကို ထိန်းချုပ်ရန်မှာ မလွယ်ကူလှဘဲ သီးသန့် ရတနာထိန်းချုပ်မန္တန် လိုအပ်သောကြောင့် ဖြစ်လေ၏။
မဟုတ်ပါက ၎င်းသည် အမှိုက်ပုံထဲက သံတိုသံစတစ်ခုနှင့်သာ တူညီပေလိမ့်မည်။ အသုံးဝင်မည် မဟုတ်ချေ။
သူတို့ ကျင့်ကြံခြင်းလောကထဲသို့ တစ်ဖန် ပြန်လည် ကျူးကျော်ဝင်ရောက်နိုင်သည်နှင့်တပြိုင်နက်၊ ‘နဂါးငါးကောင်ဓားစက်’ ကို လူသားကျင့်ကြံသူများ၏ လက်ထဲမှ ပြန်လည် လုယူနိုင်မည်မှာ သေချာလှပေသည်။
ယခုမူ လူသားကျင့်ကြံသူများ၏ လက်ထဲတွင် ခေတ္တခဏ အပ်ထားခြင်းသာ ဖြစ်ပေသည်။
“မှန်တယ်... နောက်တစ်ကြိမ် ငါတို့ မိစ္ဆာဖီးနစ်မျိုးနွယ်စု ချန်လန်ပင်လယ်ဒေသကို ကျူးကျော်တဲ့အချိန်ကျရင်...”
“အဲ့ဒီ လူသားကောင်ကို ‘ချင်းလွမ်အစစ်အမှန်မီး’ ရဲ့စွမ်းအားကို မြည်းစမ်းခိုင်းရမယ်...”
မိစ္ဆာဖီးနစ်မျိုးနွယ်စု ခေါင်းဆောင်ကလည်း သတ်ဖြတ်လိုသော အရှိန်အဝါများဖြင့် ပြောလိုက်သည်။
၎င်းသည် ကျင့်ကြံခြင်းလောကထဲသို့ ယခုချက်ချင်း ဝင်ရောက်သွားချင်နေပြီ ဖြစ်၏။
ဝမ်းနည်းစရာမှာ နယ်နိမိတ်တံခါးကို ဖြတ်သန်း၍ မရနိုင်သေးချေ။
စတုတ္ထအဆင့် မိစ္ဆာကျင့်ကြံသူများ ဖြတ်သန်းသွားနိုင်လျှင်တောင်မှ ရွှမ်ဟွမ်ဂိုဏ်းချုပ် ကျိုးစွေ့ကို မယှဉ်နိုင်ကြပေ။
ထို့ကြောင့် ၎င်းသည် ယခုအချိန်တွင် ခေတ္တခဏ သည်းခံနေရုံမှတစ်ပါး ရွေးချယ်စရာ မရှိတော့ပေ။
အချိန်အခါကောင်း ကျလာသည်နှင့်တပြိုင်နက် ထိုအကောင်စုတ်၏ အသက်ကို ယူကာ ကလဲ့စားချေပေလိမ့်မည်။
“စစ်တပ်ကို အရင် ပြင်ဆင်ထားကြစို့...”
“အချိန်တန်ရင် ငါတို့ မိစ္ဆာမျိုးနွယ်စု အုံနဲ့ကျင်းနဲ့ တိုက်ခိုက်ကြမယ်...”
“ကျင့်ကြံခြင်းလောကကို အပြီးတိုင် ဝါးမြိုပစ်ကြမယ်...”
နတ်ဘုရားအသွင်ပြောင်းအဆင့် မိစ္ဆာကြီးများစွာမှာ ဆုံးဖြတ်ချက် ချလိုက်ကြပြီ ဖြစ်၏။
............
အချိန်များမှာ လျင်မြန်စွာ ကုန်ဆုံးသွားခဲ့လေသည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် နှစ်ပေါင်းတစ်ရာ ကုန်ဆုံးသွားခဲ့လေပြီ။
ကျောင်းလုံမြို့တော်ကို ဖြိုဖျက်ပြီး မိစ္ဆာမဟာမိတ်တပ်ဖွဲ့ကို အောင်နိုင်ခဲ့ပြီးနောက်၊ ချန်လန်ပင်လယ်ဒေသ တစ်ခုလုံးသည် ကြာမြင့်စွာ ပျောက်ဆုံးနေသော ငြိမ်းချမ်းရေးကို ပြန်လည်ရရှိခဲ့သည်။
မိစ္ဆာသားရဲ အမြောက်အမြားမှာ ပုန်းအောင်းသွားကြပြီး၊ လူသားမျိုးနွယ်စု အုပ်ချုပ်သော ကျွန်းများကို မဆင်မခြင် ကျူးကျော်ခြင်း မပြုရဲကြတော့ပေ။
မှန်ပေသည်၊ ၎င်းတို့မှာ ချန်လန်ပင်လယ်ဒေသ၏ နေရာအနှံ့အပြားတွင် ပျံ့နှံ့နေဆဲဖြစ်ကာ တစ်ကိုယ်တော် သွားလာနေသော လူသားကျင့်ကြံသူများကိုမူ အခွင့်အရေးရလျှင် ရသလို အမဲလိုက်နေကြဆဲ ဖြစ်၏။
အတိုချုပ်ပြောရလျှင် လူသားနှင့် မိစ္ဆာတို့၏တိုက်ပွဲမှာ အနည်းနှင့်အများ ဖြစ်ပွားနေဆဲပင်။
သို့သော် လွန်ခဲ့သော နှစ်ပေါင်းတစ်ရာကကဲ့သို့ အကြီးအကျယ် စစ်ပွဲကြီးမျိုးတော့ မရှိတော့ချေ။
ဤကာလအတွင်း ရွှမ်ဟွမ်ဂိုဏ်းသည်လည်း လျင်မြန်စွာ တိုးတက်လာခဲ့သည်။
ကြယ်သုံးပွင့်ကျွန်းစု၏ ပင်လယ်ပြင်ကို ဗဟိုပြုလျက် အရပ်ရှစ်မျက်နှာသို့ နယ်မြေများ တိုးချဲ့ခဲ့လေသည်။
နှစ်စဉ်နှစ်တိုင်း ရွှမ်ဟွမ်ဂိုဏ်းသည် တပည့်သစ်များကို လက်ခံခဲ့ပြီး ရွှမ်ဟွမ်ဂိုဏ်း၏ အတိုင်းအတာကို ချဲ့ထွင်ခဲ့လေသည်။
မည်သို့ပင်ဖြစ်စေ ရွှမ်ဟွမ်ဂိုဏ်းချုပ်မှာ ချန်လန်ပင်လယ်ဒေသ၏ နံပါတ်တစ်ကျင့်ကြံသူ ဖြစ်နေပြီး သူ၏ကျော်ကြားမှုမှာ ပင်လယ်ပြင်တစ်ခွင်သို့ ပျံ့နှံ့နေသောကြောင့်ပင် ဖြစ်၏။
၎င်းသည် ချန်လန်ပင်လယ်ဒေသ တစ်ခုလုံးမှ ကျင့်ကြံသူများကို ဆွဲဆောင်လိုက်သကဲ့သို့ ဖြစ်စေသည်။
သူတို့အားလုံးသည် ရွှမ်ဟွမ်ဂိုဏ်းသို့ ဝင်ရောက်ပြီး ရွှမ်ဟွမ်ဂိုဏ်း၏ တပည့်များ ဖြစ်လာလိုကြသည်။
စုန့်ဖျင်အန်းမှာ ရွှမ်ဟွမ်ဂိုဏ်းသို့ ဝင်ရောက်လိုသော ချီကျင့်ကြံခြင်းအဆင့် တပည့်များထဲမှ တစ်ဦး ဖြစ်လေသည်။
မူလက သူသည် သာမန် တံငါသည်မိသားစု တစ်ခု၏သားသာ ဖြစ်၏။
သို့သော် တစ်နေ့တွင် သူသည် ရှေးဟောင်းလက်စွပ်တစ်ကွင်းဖြစ်သော ‘ရှောင်းယောင်လက်စွပ်’ ကို ကောက်ရခဲ့ပြီး၊ ထိုလက်စွပ်ထဲတွင် ဝိညာဉ်တစ်ခု ရှိနေသည်ကို တွေ့ရှိခဲ့ရလေသည်။
တစ်ဖက်လူမှာ ဝိညာဉ်ကမ္ဘာမှ လာသော ‘အရက်တာအိုအရှင်’ ဟု မိမိကိုယ်ကိုယ် မိတ်ဆက်ခဲ့ပြီး၊ ယခင်က ‘ဗလာသန့်စင်ခြင်းအဆင့်’ ပုဂ္ဂိုလ်ကြီးတစ်ဦး ဖြစ်ခဲ့ကြောင်း ဆိုလေသည်။
သို့သော် ကပ်ဘေးတစ်ခုနှင့် ကြုံတွေ့ရပြီးနောက် လူသားကမ္ဘာသို့ ကျဆင်းလာခဲ့ရပြီး၊ ဝိညာဉ်အကြွင်းအကျန် တစ်ခုသာ ကျန်ရှိတော့ခြင်း ဖြစ်ပေသည်။
ဤအရက်တာအိုအရှင်၏ အကူအညီကြောင့်သာ သူသည် ကျင့်ကြံခြင်းလမ်းစဉ်ပေါ်သို့ တက်လှမ်းနိုင်ခဲ့ခြင်း ဖြစ်လေသည်။
“ဆရာ... ကျွန်တော် တကယ်ပဲ ရွှမ်ဟွမ်ဂိုဏ်းထဲ ဝင်နိုင်ပါ့မလား...”
စုန့်ဖျင်အန်းမှာ အနည်းငယ် စိုးရိမ်နေမိသည်။ အဘယ်ကြောင့်ဆိုသော် သူသည် ပဉ္စမအဆင့် စိတ်ဝိညာဉ်အမြစ်ကိုသာ ပိုင်ဆိုင်ထားသောကြောင့် ဖြစ်သည်။ ၎င်းသည် အလယ်အလတ်အဆင့် စိတ်ဝိညာဉ်အမြစ်နှင့် ညီမျှပြီး ထူးထူးခြားခြား ထူးချွန်သူတစ်ဦး မဟုတ်ချေ။
ရွှမ်ဟွမ်ဂိုဏ်းကဲ့သို့သော ဝိညာဉ်သန္ဓေသားအဆင့် ဂိုဏ်းကြီးတစ်ခုအတွက် အလယ်အလတ်အဆင့် စိတ်ဝိညာဉ်အမြစ်မှာ ဘာမျှ မဟုတ်ပေ။
“စိတ်မပူပါနဲ့… မင်းမှာ အခု ပဉ္စမအဆင့် စိတ်ဝိညာဉ်အမြစ်ပဲ ရှိသေးတယ်ဆိုပေမယ့်...”
“အမှန်တော့ မင်းက ခါးသီးစိတ်ဝိညာဉ်အမြစ်ပိုင်ရှင် ဖြစ်ပြီး…. အောင်မြင်မှုနောက်ကျတတ်တဲ့ စိတ်ဝိညာဉ်အမြစ် အမျိုးအစားပဲ...”
“မင်းက ပိုပြီး ပြင်းပြင်းထန်ထန် ကျင့်ကြံလေလေ၊ မင်းရဲ့ကျင့်ကြံခြင်း တိုးတက်မှုနှုန်းက ပိုမြန်လာလေလေပဲ...”
“အစောပိုင်းကာလမှာ မင်းရဲ့တိုးတက်မှုနှုန်းက နှေးကွေးပြီး တခြားကျင့်ကြံသူတွေကို မယှဉ်နိုင်တာ ဖြစ်ကောင်း ဖြစ်နိုင်တယ်...”
“ဒါပေမဲ့ နောက်ပိုင်းရောက်လေလေ မင်းရဲ့အရှိန်က ပိုမြန်လာလေလေပဲ...”
“အနာဂတ်မှာ တစ်ယောက်ယောက်က အထက်ဘုံကို တက်လှမ်းနိုင်မယ်ဆိုရင်… မင်းက အဲ့ဒီထဲက တစ်ယောက် ဖြစ်မှာ သေချာတယ်… လမ်းခုလတ်မှာ သေမသွားဖို့ပဲ လိုတာ...”
“ဒါကြောင့် ရွှမ်ဟွမ်ဂိုဏ်းကလူတွေမှာ အစွမ်းအစ နည်းနည်းရှိနေသရွေ့… မင်းကို သေချာပေါက် ဂိုဏ်းထဲ ဝင်ခွင့်ပေးကြမှာပါ...”
အရက်တာအိုအရှင်က ပျင်းရိစွာဖြင့် ပြောလိုက်လေသည်။
“ဒါပေမဲ့ ဆရာက ဘာလို့ ကျွန်တော့်ကို ရွှမ်ဟွမ်ဂိုဏ်းထဲ ဝင်ခိုင်းရတာလဲ...”
“ကျွန်တော့်မှာ ကျင့်စဉ်တွေလည်း မလိုအပ်ဘူးလေ… တစ်ယောက်တည်း လွတ်လွတ်လပ်လပ် နေတာက ပိုမကောင်းဘူးလား...”
စုန့်ဖျင်အန်းက ခေါင်းကို ကုတ်လျက် ရိုးသားစွာ မေးလိုက်လေသည်။
“မိုက်မဲလိုက်တာကွာ… မင်းက လွတ်လပ်မှုဆိုတာ ဘာလို့ ထင်နေတာလဲ...”
“ကောင်းကင်နဲ့ မြေကြီးက အကျဉ်းထောင်တစ်ခုပဲ… ဘယ်သူမှ လွတ်လပ်မှု မရှိကြဘူး.. ရှိတာက နှိုင်းယှဉ်ချက်အရ လွတ်လပ်မှုပဲ ရှိတာ...”
“အကယ်လို့ မင်းရဲ့ကျင့်ကြံခြင်းကို မြန်မြန်ဆန်ဆန် တိုးတက်စေချင်ရင် အရင်းအမြစ်တွေ အများကြီး ကုန်ဆုံးရဦးမှာ...”
“မဟုတ်ရင် မင်းရဲ့ ခါးသီးစိတ်ဝိညာဉ်အမြစ်က မကြီးထွားခင်မှာတင် မင်းရဲ့သက်တမ်း ကုန်ဆုံးပြီး သေသွားလိမ့်မယ်...”
“ဒါပေမဲ့ ဒီပင်လယ်ပြင်တစ်ခုလုံးကို ရွှမ်ဟွမ်ဂိုဏ်းက ထိန်းချုပ်ထားတာလေ… အကယ်လို့ ရွှမ်ဟွမ်ဂိုဏ်းထဲ ဝင်နိုင်မယ်ဆိုရင်...”
“မင်းက အင်အားကြီး ဂိုဏ်းတစ်ခုရဲ့ကာကွယ်မှုကို ရနိုင်ရုံတင်မကဘူး… ဒီဂိုဏ်း၏အင်အားကို အသုံးချပြီး ကျင့်ကြံခြင်း အရင်းအမြစ် အမျိုးမျိုးကိုလည်း ရနိုင်သေးတယ်...”
“အဲတာအပြင် ဒီဂိုဏ်းရဲ့အမွေအနှစ်တွေကိုလည်း ရနိုင်သေးတယ်… အကျိုးကျေးဇူးတွေက အများကြီးပဲ...”
အရက်တာအိုအရှင်က စိတ်မရှည်စွာဖြင့် ပြောပြလိုက်လေသည်။
“ဟုတ်ကဲ့ပါ ဆရာ...”
“ဒါပေမဲ့ ဆရာ... ဆရာ့ကို ရွှမ်ဟွမ်ဂိုဏ်းကလူတွေ ရှာမတွေ့နိုင်ဘူး မဟုတ်လား...”
စုန့်ဖျင်အန်းက ဤအချက်ကို စိုးရိမ်နေဆဲပင်။
မည်သို့ပင်ဖြစ်စေ ဤရှောင်းယောင်လက်စွပ်သည် သူ၏အကြီးမားဆုံး လျှို့ဝှက်ချက်ဖြစ်ရာ၊ သူတစ်ပါး သိရှိသွားမည်ကို မလိုလားပေ။ မဟုတ်ပါက သေဘေးနှင့် ကြုံတွေ့ရနိုင်သောကြောင့် ဖြစ်ပေ၏။
“စိတ်ချစမ်းပါ… အောက်ဘုံက ဂိုဏ်းလေးတစ်ခုပဲဟာ… ငါ့ကို ဘယ်လိုလုပ် ရှာတွေ့နိုင်မှာလဲ...”
အရက်တာအိုအရှင်က အထင်အမြင်သေးစွာဖြင့် ဆိုလိုက်လေသည်။
“ဒါဆိုရင်တော့ တော်သေးတာပေါ့...”
ဤစကားကို ကြားသောအခါ စုန့်ဖျင်အန်းမှာ စိတ်အေးသွားခဲ့ရသည်။ သူသည် သူ၏ဆရာဖြစ်သူ အရက်တာအိုအရှင်မှာ အရာရာကို လုပ်ဆောင်နိုင်စွမ်းရှိသူဖြစ်ပြီး၊ သူ မြင်ဖူးသမျှ ကျင့်ကြံသူများထက် သာလွန်သူဖြစ်ကြောင်း သိထားသည်။
တစ်ဖက်လူက ရှာမတွေ့နိုင်ဟု ပြောလျှင် သေချာပေါက် ရှာတွေ့နိုင်မည် မဟုတ်ချေ။
ဤသို့ တွေးမိပြီးနောက် သူသည် တွန့်ဆုတ်မနေတော့ဘဲ ကြယ်သုံးပွင့်ကျွန်းစု၊ အင်မော်တယ်ရှားမြို့တော်ရှိ ရွှမ်ဟွမ်ဂိုဏ်း၏စုရပ်တစ်ခုသို့ ချက်ချင်း ရောက်ရှိလာခဲ့လေသည်။
ဤအချိန်တွင် ထိုနေရာ၌ ချီကျင့်ကြံခြင်းအဆင့် ကျင့်ကြံသူ အမြောက်အမြား စုဝေးနေကြပြီ ဖြစ်၏။
သိသာစွာပင် သူတို့အားလုံးမှာ ရွှမ်ဟွမ်ဂိုဏ်းသို့ ဝင်ရောက်လိုကြသော ကျင့်ကြံသူများ ဖြစ်ကြသည်။
အကယ်၍ ရွှမ်ဟွမ်ဂိုဏ်းထဲ ဝင်နိုင်ခဲ့မည်ဆိုလျှင် ၎င်းသည် ခြေတစ်လှမ်းဖြင့် ကောင်းကင်သို့တက်လှမ်းသကဲ့သို့ တစ်ဟုန်ထိုး တိုးတက်သွားခြင်းပင် ဖြစ်ပေသည်။
ဤနေရာရှိ တာဝန်ခံမှာ ရွှမ်ဟွမ်ဂိုဏ်းမှ အခြေတည်အဆင့် ကျင့်ကြံသူ လျိုကျွင်း ဖြစ်ပြီး၊ ဝတ်ဆင်ထားသော တာအိုဝတ်စုံပေါ်တွင် ‘ရွှမ်ဟွမ်’ ဟူသော စာလုံးနှစ်လုံးကို ရေးထိုးထားသည်။ ဤသည်မှာ ရွှမ်ဟွမ်ဂိုဏ်း၏ တရားဝင်ဝတ်စုံပင် ဖြစ်၏။
ရွှမ်ဟွမ်ဂိုဏ်းသားများသာ ဝတ်ဆင်ခွင့်ရှိပြီး ပြင်ပလူများ ဝတ်ဆင်ထားသည်ကို ရွှမ်ဟွမ်ဂိုဏ်းက သိရှိသွားခဲ့လျှင် ကြီးလေးသော ပြစ်ဒဏ် ချမှတ်ခံရပေလိမ့်မည်။
“လျိုအရှင်... ကျွန်တော်တို့ တကယ်ပဲ ရွှမ်ဟွမ်ဂိုဏ်းထဲ ဝင်လို့ရတာလား… ကျွန်တော်တို့ရဲ့နောက်ခံနဲ့ အဆင့်အတန်းကို မကြည့်ဘူးဆိုတာ တကယ်ပဲလား...”
ကျင့်ကြံသူတစ်ဦးက မနေနိုင်ဘဲ မေးမြန်းလိုက်လေသည်။
သူသည် ဤသတင်းမှာ အမှန်တကယ် ဟုတ်မဟုတ် သိချင်နေခြင်း ဖြစ်၏။
မည်သို့ပင်ဖြစ်စေ အခြားသော ဝိညာဉ်သန္ဓေသားအဆင့် ဂိုဏ်းကြီးများမှာ သတ်မှတ်ချက်များစွာ ရှိပြီး၊ မိသားစုအနွယ်ဝင် မဟုတ်ဘဲ နောက်ခံအင်အား မရှိပါက ဂိုဏ်းထဲ ဝင်ရောက်ရန်မှာ မဖြစ်နိုင်သော ကိစ္စပင် ဖြစ်ပေသည်။
ရွှမ်ဟွမ်ဂိုဏ်းသည် တစ်ကိုယ်တော်ကျင့်ကြံသူများကို လက်ခံသည့် ရှားပါးသော ဝိညာဉ်သန္ဓေသားအဆင့် ဂိုဏ်းတစ်ခု ဖြစ်ချေသည်။
“အမှန်ပဲ… ဒါက ငါတို့ ရွှမ်ဟွမ်ဂိုဏ်းရဲ့မူဝါဒပဲ… လူမျိုးဘာသာ မခွဲခြားဘဲ သင်ကြားပြသပေးတာ...”
“မင်းတို့က တစ်ကိုယ်တော်ကျင့်ကြံသူဖြစ်ဖြစ်၊ မိသားစုကျင့်ကြံသူဖြစ်ဖြစ် အားလုံးကို တန်းတူ ဆက်ဆံမှာပါ...”
“မင်းတို့ရဲ့နောက်ခံနဲ့ အဆင့်အတန်းကို ငါတို့ ဂရုမစိုက်ဘူး...”
“ရွှမ်ဟွမ်ဂိုဏ်းထဲ ဝင်လိုက်တာနဲ့ ငါတို့ရဲ့မိသားစုဝင်တွေ ဖြစ်သွားကြမှာပဲ...”
“ဒါ့အပြင် မင်းတို့ရဲ့စိတ်ဝိညာဉ်အမြစ် ပါရမီက ဘယ်လိုပဲဖြစ်ဖြစ် ငါတို့ ဂရုမစိုက်ဘူး...”
“နဝမအဆင့် စိတ်ဝိညာဉ်အမြစ် ရှိသူတွေတောင်မှ ငါတို့ ရွှမ်ဟွမ်ဂိုဏ်းထဲ ဝင်ခွင့်ရှိတယ်...”
အခြေတည်အဆင့် ကျင့်ကြံသူ လျိုကျွင်းက အနည်းငယ် ပြုံးလျက် ပြောလိုက်လေသည်။
ဤစကားကို ကြားသောအခါ ကျင့်ကြံသူအများအပြားမှာ အံ့သြတုန်လှုပ်သွားကြပြီး မယုံကြည်နိုင် ဖြစ်နေကြရတော့သည်။
ရွှမ်ဟွမ်ဂိုဏ်းက စိတ်ဝိညာဉ်အမြစ် ပါရမီကို ဂရုမစိုက်ဘဲ တပည့်လက်ခံသည်မှာ တကယ်ပင် ထူးဆန်းလှပေသည်။
အဘယ်ကြောင့်ဆိုသော် သာမန် ဝိညာဉ်သန္ဓေသားအဆင့် ဂိုဏ်းများ၏ တပည့်လက်ခံမှုသတ်မှတ်ချက်မှာ အနည်းဆုံး အလယ်အလတ်အဆင့် စိတ်ဝိညာဉ်အမြစ် ရှိရမည် ဖြစ်သောကြောင့်ပင်။
အောက်ခြေအဆင့် စိတ်ဝိညာဉ်အမြစ် ရှိသူများမှာမူ ဝိညာဉ်သန္ဓေသားအဆင့် ဂိုဏ်းကြီးများ၏ တပည့်ဖြစ်လာရန် အခွင့်အရေး မရှိကြပေ။
“လျိုအရှင်... အဲ့ဒါက တကယ်လား… ဟုတ်မှဟုတ်ရဲ့လားဗျာ… ရွှမ်ဟွမ်ဂိုဏ်းမှာ ဘာသတ်မှတ်ချက်မှ မရှိဘူးလား...”
သို့သော် ကျင့်ကြံသူ အများအပြားမှာ မယုံကြည်နိုင်ကြသေးချေ။
အကယ်၍ မည်သည့်သတ်မှတ်ချက်မှ မရှိဘူးဆိုလျှင် ရွှမ်ဟွမ်ဂိုဏ်းတွင် တပည့်များစွာ ရှိနေမည် မဟုတ်ပါလော။
ယခုအချိန်အထိ ရွှမ်ဟွမ်ဂိုဏ်း၏ တပည့်အရေအတွက်မှာ အလွန်တရာ နည်းပါးနေဆဲ ဖြစ်ချေသည်။
“အင်း...”
“ငါတို့ ရွှမ်ဟွမ်ဂိုဏ်းက တပည့်လက်ခံတဲ့အခါမှာ နောက်ခံ၊ အရည်အချင်းနဲ့ စိတ်ဝိညာဉ်အမြစ်ကို ဂရုမစိုက်ဘူးဆိုပေမယ့်...”
“အချက်တစ်ချက်ကိုတော့ အလေးထားတယ်… အဲ့ဒါကတော့ ‘ရေစက်’ ရှိမရှိပဲ...”
“ရေစက်ရှိရင် ရွှမ်ဟွမ်ဂိုဏ်းရဲ့တပည့် ဖြစ်လာမှာပဲ...”
“ရေစက်မရှိရင်တော့ ကောင်းကင်အဆင့် စိတ်ဝိညာဉ်အမြစ်ပိုင်ရှင် ဖြစ်နေရင်တောင်မှ ငါတို့ လက်ခံမှာ မဟုတ်ဘူး...”
အခြေတည်အဆင့် ကျင့်ကြံသူ လျိုကျွင်းက လေးနက်စွာ ပြောလိုက်လေသည်။
ဘာ…
ကျင့်ကြံသူအများအပြားမှာ ကြောင်အသွားကြရသည်။ ရွှမ်ဟွမ်ဂိုဏ်း၏ တပည့်လက်ခံမှုမှာ တကယ်ပင် ထူးဆန်းလှပေသည်။
‘ရေစက်’ ရှိမရှိကို ကြည့်ပြီး လက်ခံသည်တဲ့လော။ ရေစက်မရှိလျှင် ဝင်ခွင့်မရှိပေ။
ပြဿနာမှာ ရေစက်ရှိမရှိဆိုသည်ကို မည်သူက သိနိုင်ပါမည်နည်း၊ ၎င်းသည် တိကျသော သတ်မှတ်ချက် မရှိချေ။
အားလုံးမှာ မိမိဘာသာ ဆုံးဖြတ်ရခြင်း ဖြစ်ချေသည်။
“ဘာပဲဖြစ်ဖြစ်... မင်းတို့ စမ်းသပ်ကြည့်ချင်ရင် စမ်းသပ်ဖို့ စာရင်းပေးလို့ ရတယ်...”
“တစ်ယောက်ကို အောက်ခြေအဆင့် ဝိညာဉ်ကျောက်တုံးတစ်ရာ ကျသင့်မယ်...”
“ပြီးတော့ တစ်ယောက်ကို တစ်ကြိမ်ပဲ စမ်းသပ်ခွင့်ရှိတယ်… ဒုတိယအကြိမ် စမ်းသပ်ခွင့် မရှိဘူး...”
အခြေတည်အဆင့် ကျင့်ကြံသူ လျိုကျွင်းသည် ကျင့်ကြံသူများ၏ သံသယကို ဂရုမစိုက်ဘဲ ဆက်လက် ပြောဆိုလိုက်တော့သည်။