← Chapters

အခန်း (၁၃၁-၁၃၂)

Vol. 14 Ch. 131-132

အခန်း (၁၃၁-၁၃၂)

Vol. 14 Ch. 131-132

အခန်း ၁၃၁ တောင်တန်းနှင့် မြစ်ချောင်းအသွယ်သွယ်တိုင်းမှာ မင်းရှိနေတယ်

ရှောင်မို ဝါးတောထဲမှ ထွက်လာပြီးနောက် ရက်အနည်းငယ်ကြာမျှ အနားယူအားမွေးခဲ့သည်။

ထိုအချိန်ကာလအတွင်း ရှောင်မို၏ တာအိုနားလည်သဘောပေါက်မှုက သူ၏ စိတ်စွမ်းအင်များကို အမှန်တကယ်ပင် များစွာ ကုန်ဆုံးစေခဲ့သည်။

လေးရက်ကြာပြီးနောက် ရှောင်မိုသည် ဆရာကြီးချီနှင့် တာအိုအကြောင်း ဆွေးနွေးငြင်းခုံရန် ဆရာကြီးချီ၏ ခြံဝန်းသို့ သွားရောက်ခဲ့သည်။

ဤဆွေးနွေးငြင်းခုံမှုသည် ခုနစ်ရက်တိတိ ကြာမြင့်ခဲ့လေသည်။

ခုနစ်ရက်အကြာတွင် ရှောင်မိုက ဆရာကြီးချီ၏ ခြံဝန်းထဲမှ ထွက်ခွာလာခဲ့သည်။

ရှောင်မို၏ ခါးတွင် ကျောင်းတော်ညွှန်မှူး ဟု ရေးသားထားသော သစ်သားပြားလေးတစ်ခု ချိတ်ဆွဲထားလေသည်။

ဒုတိယကျောင်းအုပ်ကြီး ရာထူးအောက်ရှိ အဆင့်များအတွက် ကျောင်းတော်၏ တာဝန်ရှိသူက တပည့်များကို တစ်ဦးချင်း စစ်ဆေးအကဲဖြတ်နိုင်ပြီး သက်ဆိုင်ရာရာထူးကို ချီးမြှင့်နိုင်လေသည်။

သို့သော် ထိုသို့မလုပ်ဆောင်မီ ကျောင်းတော်တာဝန်ရှိသူအနေဖြင့် အရည်အချင်းစစ်ဆေးခွင့်အတွက် ကျောင်းတော်ထံသို့ ဦးစွာ လျှောက်ထားရန် လိုအပ်သည်။

ရှောင်မို တာအိုကို နားလည်သဘောပေါက်ရန် ဝါးတောထဲသို့ ဝင်ရောက်သွားသည့်နေ့ကတည်းက ချီတောက်မင်သည် သူ၏ တံခါးပိတ်တပည့်ကို တစ်ဦးချင်း အကဲဖြတ်စစ်ဆေးနိုင်ရန် မျှော်လင့်ချက်ဖြင့် ကွန်ဖြူးရှပ်ကျောင်းတော်ထံသို့ စာတစ်စောင် ရေးသားပေးပို့ခဲ့ပြီးဖြစ်သည်။

ကွန်ဖြူးရှပ်ကျောင်းတော်ကလည်း သဘောတူလက်ခံခဲ့ပြီး ချီတောက်မင်ထံသို့ ကျောင်းတော်ညွှန်မှူး ရာထူးအတွက် ကျောက်စိမ်းပြားတစ်ပြားကို ပေးပို့ခဲ့လေသည်။

လော့ယန်နှင့် ရှန်ကျိုးလီတို့သည် ရှောင်မို၏ ခါးတွင် ချိတ်ဆွဲထားသော ကျောက်စိမ်းပြားကို မြင်လိုက်ရသောအခါ သူတို့၏ ဂိုဏ်းတူညီလေး၏ ပညာရပ်ကို ဆရာဖြစ်သူက အသိအမှတ်ပြုလိုက်ပြီဖြစ်ကြောင်း သံသယဝင်စရာမလိုဘဲ သိလိုက်ကြပြီး သူသည် အကဲဖြတ်စစ်ဆေးမှုကိုပင် အောင်မြင်ကာ ကျောင်းတော်ညွှန်မှူး တစ်ဦး ဖြစ်လာခဲ့ပြီဖြစ်သည်။

ရှန်ကျိုးလီက အောင်ပွဲခံရန်အတွက် မြို့ထဲရှိ စားသောက်ဆိုင်တစ်ဆိုင်သို့ သွားရန် အကြံပြုခဲ့ပြီး လော့ယန်ကလည်း ကန့်ကွက်စရာမရှိဘဲ ခေါင်းညိတ်သဘောတူခဲ့သည်။

"ဂိုဏ်းတူအစ်ကိုနဲ့ ဂိုဏ်းတူအစ်မက ကျွန်တော့်ရဲ့ ခြံဝန်းလေးဆီ လာပြီး ထမင်းစားကြရင်ရော ဘယ်လိုလဲ" ရှောင်မိုက ပြုံးကာ ပြောလိုက်သည်။ "ရုရွှယ်ရဲ့ ဟင်းချက်လက်ရာက တော်တော်ကောင်းတယ်။ နှစ်တွေ ဒီလောက်ကြာခဲ့တာတောင် ဂိုဏ်းတူအစ်ကိုနဲ့ ဂိုဏ်းတူအစ်မကို တစ်ခါမှ ကောင်းကောင်းမဧည့်ခံရသေးဘူးလေ"

"အဲဒါလည်း ကောင်းတဲ့အကြံပဲ" လော့ယန်က သဘောတူလိုက်ပြီး "ဆရာ့ကိုပါ ခေါ်သွားရင်ကော ဘယ်လိုလဲ" ဟု မေးလိုက်သည်။

"ထားလိုက်ပါ၊ ငါတို့လူငယ်တွေချည်းပဲဆိုတော့ ဆရာ့ကိုခေါ်ရင် သက်တောင့်သက်သာမရှိ ဖြစ်နေလိမ့်မယ်၊ ပြီးတော့ ဆရာကလည်း သေချာပေါက် လိုက်မှာမဟုတ်ဘူး။ သွားကြစို့ သွားကြစို့၊ ဂိုဏ်းတူညီလေးရဲ့ ခြံဝန်းထဲမှာပဲ အောင်ပွဲခံကြတာပေါ့။ သခင်မလေးဘိုင်ရဲ့ လက်ရာကို ငါလည်း တစ်ခါမှ မမြည်းစမ်းဖူးသေးဘူး"

ရှန်ကျိုးလီက ပြောရင်း ရှောင်မို၏ လက်မောင်းကိုဆွဲကာ တောင်အောက်သို့ ဆင်းလာခဲ့သည်။

လော့ယန်လည်း ခေါင်းခါလိုက်ပြီး သူတို့နောက်မှသာ လိုက်ပါသွားခဲ့လေသည်။

တောင်ထိပ်တွင် ရပ်နေသော ဆရာကြီးချီသည် တပည့်သုံးဦး၏ စကားများကို ကြားလိုက်ရသောအခါ အနည်းငယ် နှမြောတသဖြစ်သွားမိသည်။

သူသည် လူငယ်များ၏ စုဝေးမှုများကို သိပ်ပြီး စိတ်မဝင်စားသော်ငြားလည်း။

မြောက်ပိုင်းပင်လယ်၏ အရှင်သခင် ကိုယ်တိုင် ချက်ပြုတ်ထားသော ထမင်းတစ်နပ်ကိုသာ စားခွင့်ရခဲ့လျှင် နောင်တစ်ချိန်တွင် အခြားသူများကို သူ ကြွားလုံးထုတ်နိုင်မည်ဖြစ်သည်။

"ဟူး ဒီကောင်မလေးက တကယ်ကို တွေးခေါ်မြော်မြင်မှု မရှိတာပဲ" ဆရာကြီးချီက နှုတ်ခမ်းကို စုပ်သပ်လိုက်သည်။ "ထားလိုက်ပါတော့၊ ထားလိုက်ပါတော့၊ ဒီကောင်မလေးရဲ့ အဘိုးဆီပဲ သွားပြီး အရက်သွားသောက်တော့မယ်"

သိပ်မကြာမီမှာပင် ရှောင်မိုက သူတို့နှစ်ဦးကို ခြံဝန်းထဲသို့ ခေါ်ဆောင်လာခဲ့သည်။

ရှောင်မိုသည် ဆရာကြီးချီ၏ အကဲဖြတ်စစ်ဆေးမှုကို အောင်မြင်ပြီး ကျောင်းတော်ညွှန်မှူး ဖြစ်လာခဲ့ပြီဟု ဘိုင်ရုရွှယ် ကြားလိုက်ရသောအခါ သူမလည်း အလွန် ဝမ်းသာသွားခဲ့သည်။

ရှောင်မို၏ ဂိုဏ်းတူအစ်ကိုနှင့် ဂိုဏ်းတူအစ်မတို့ သူတို့အိမ်တွင် လာရောက်အောင်ပွဲခံမည့်ကိစ္စအတွက် အိမ်ရှင်မတစ်ဦးအနေဖြင့် သူမက လှိုက်လှဲစွာ ကြိုဆိုခဲ့ပြီး ကောင်းမွန်စွာ ဧည့်ခံရန် ပြင်ဆင်လေသည်။

ဘိုင်ရုရွှယ်က ဟင်းချက်စရာများဝယ်ရန် တောင်ခြေရှိ မြို့လေးဆီသို့ သွားခဲ့ရာ ရှန်ကျိုးလီလည်း သူမနှင့်အတူ လိုက်ပါသွားခဲ့သည်။

ရှောင်မိုနှင့် လော့ယန်တို့ကတော့ ခြံဝန်းထဲတွင် စကားစမြည် ပြောဆိုနေခဲ့ကြသည်။

မွန်းတည့်ချိန်တွင် ဘိုင်ရုရွှယ်က စားပွဲအပြည့် ဟင်းလျာများကို ပြင်ဆင်ချက်ပြုတ်ပေးခဲ့သည်။

ရှန်ကျိုးလီနှင့် လော့ယန်တို့ မြည်းစမ်းကြည့်လိုက်ပြီးနောက် သူတို့၏ မျက်လုံးများက ချက်ချင်းပင် အရောင်လက်သွားခဲ့သည်။

ဝိညာဉ်သားရဲ အသားများ သို့မဟုတ် ဝိညာဉ်ဆေးပင်များကို အကူအဖြစ် မသုံးထားဘဲ သာမန်ဟင်းချက်စရာများဖြင့်သာ ချက်ပြုတ်ထားသော်လည်း အလွန် အရသာရှိလှပေသည်။

မြောက်ပိုင်းပင်လယ်အရှင်သခင်၏ ဟင်းချက်လက်ရာမှာ အမှန်တကယ်ပင် ထူးကဲလှကြောင်း ထင်ရှားနေသည်။

အထူးတလည် လေ့ကျင့်ထားခြင်း သို့မဟုတ် ရေရှည် ချက်ပြုတ်ဖူးသော အတွေ့အကြုံမျိုး မရှိလျှင် ဤသို့သော အရသာမျိုးကို ရရှိနိုင်မည် မဟုတ်ပေ။

"သာမန်ဟင်းလျာလေးတွေပါပဲ၊ ရုရွှယ်ရဲ့ လက်ရာက သာမန်လောက်ပဲမို့လို့ ဂိုဏ်းတူအစ်ကိုနဲ့ ဂိုဏ်းတူအစ်မက အပြစ်မတင်ပါနဲ့နော်" ဟု ဘိုင်ရုရွှယ်က ပြုံးလျက် ပြောလိုက်သည်။

"သခင်မလေးဘိုင်က ဘယ်လိုတွေ ပြောနေတာလဲ။ သခင်မလေးရဲ့ လက်ရာက ကျွန်တော် ကြုံဖူးသမျှ စားဖိုမှူးတွေထဲမှာ ထိပ်ဆုံးငါးယောက်စာရင်းမှာ မပါရင်တောင် ထိပ်ဆုံးသုံးယောက်စာရင်းမှာ သေချာပေါက် ပါတယ်ဗျ" ဟု လော့ယန်က ချီးကျူးလိုက်သည်။

"တကယ်ကို အရသာရှိတာပဲ" ရှန်ကျိုးလီကလည်း ခေါင်းညိတ်ထောက်ခံလိုက်သည်။ "ငါတို့ အပြင်ထွက်ခရီးသွားတုန်းက ဂိုဏ်းတူညီလေးက အစားအသောက်နဲ့ပတ်သက်ရင် ဘာလို့ ဒီလောက် ရွေးလွန်းနေသလဲဆိုတာ အခုမှပဲ ရှင်းသွားတော့တယ်။ သခင်မလေးဘိုင်က သူ့ကို အလိုလိုက်ပြီး အကျင့်ပျက်အောင် လုပ်ထားတာကိုး"

"ရှင်တို့နှစ်ယောက်က ကျွန်မကို မြှောက်လွန်းနေပါပြီ၊ အရသာရှိရင် များများလေး စားကြပါဦးရှင်" ဘိုင်ရုရွှယ်က ပျော်ရွှင်စွာ ပြုံးလိုက်ပြီး ရှောင်မိုဘက်သို့ သူမ၏ သိမ်မွေ့လှပသော မေးစေ့လေးကို တိတ်တဆိတ် မော့ပြလိုက်သည်။

သူမ၏ ဂုဏ်ယူဝင့်ကြွားနေသော မျက်နှာအမူအရာက "ဘယ်လိုလဲ၊ နင့် မျက်နှာမပျက်အောင် ငါ လုပ်ပေးနိုင်တယ်မလား" ဟု ပြောနေသည့်အလားပင်။

ရှောင်မိုက ဘိုင်ရုရွှယ်၏ ဆိုလိုရင်းကို နားလည်စွာဖြင့် ပြုံးကာ ခေါင်းညိတ်ပြလိုက်သည်။

ထိုအခါ ဘိုင်ရုရွှယ်က ပို၍ပင် ပျော်ရွှင်စွာ ပြုံးလိုက်လေတော့သည်။

ဤမိသားစုစားသောက်ပွဲလေးသည် တစ်နာရီခန့် ကြာမြင့်ခဲ့ပြီး ဘိုင်ရုရွှယ်က အိမ်ရှင်မကောင်းတစ်ဦးပီပီ သူမ၏ ခင်ပွန်းဖြစ်သူနှင့် ဧည့်သည်များအတွက် လက်ဖက်ရည်နှင့် အရက်များကို ငှဲ့ပေးနေခဲ့သည်။

ဘိုင်ရုရွှယ်သည် ဤနှစ်များတစ်လျှောက်လုံး ရှောင်မိုအား ပြုစုစောင့်ရှောက်ပေးနေခဲ့ကြောင်းကို ရှန်ကျိုးလီနှင့် လော့ယန်တို့ နှစ်ဦးစလုံး သိထားပြီးဖြစ်သော်လည်း။

ယခုလို အိမ်မှုကိစ္စများတွင်ရော၊ ဧည့်ခံပြုစုရာတွင်ပါ ကျွမ်းကျင်လွန်းနေသော မြောက်ပိုင်းပင်လယ်အရှင်သခင်ကို ကိုယ်တိုင်ကိုယ်ကျ မြင်တွေ့လိုက်ရသောအခါ သူတို့ အနည်းငယ်တော့ မိန်းမောသွားမိကြသည်။

ဒါက ဘယ်လိုလုပ်ပြီး ကျယ်ပြောလှတဲ့ မြောက်ပိုင်းပင်လယ်ကြီးရဲ့ သခင်မ ဖြစ်နိုင်မှာလဲ။

ဒါက ရှင်းရှင်းလေးပါပဲ၊ အိမ်ထောင်ကျကာစ ချစ်စရာ ဇနီးသည်လေးတစ်ယောက်နဲ့ တူမနေဘူးလား။

ဘိုင်ရုရွှယ်က ရှောင်မိုနှင့် သူ၏ ဂိုဏ်းတူအစ်ကို၊ ဂိုဏ်းတူအစ်မတို့ အရက်ခွက်များတိုက်ကာ စကားစမြည်ပြောဆိုနေကြသည်ကို ကြည့်ရင်း သူမ၏ ရင်ထဲတွင် အလွန် ပျော်ရွှင်နေမိသည်။

ယခင်ဘဝကတည်းက ဘိုင်ရုရွှယ်သည် ရှောင်မိုက သူ၏ ရွယ်တူမိတ်ဆွေများနှင့် အရက်သောက်ကာ စကားပြောဆိုနေချိန်တွင် သူမက ဘေးမှနေ၍ ဧည့်ခံပြုစုပေးပြီး သူမ၏ ရှောင်မို လေကျယ်နေသည်ကို ငေးကြည့်နေရမည့် အချိန်လေးကို စိတ်ကူးယဉ်ခဲ့ဖူးသည်။

ယခင်ဘဝက အဖြစ်အပျက်များစွာ ကြုံတွေ့ခဲ့ရပြီး သူမ၏ ဆန္ဒများ မပြည့်ဝခဲ့သော်ငြားလည်း။

ဤဘဝတွင်တော့ သူမ၏ သေးငယ်သော ဆန္ဒလေး ပြည့်ဝသွားခဲ့ပြီဖြစ်သည်။

ထို့ပြင် ဘိုင်ရုရွှယ်အနေဖြင့် ရှန်ကျိုးလီကို သိပ်ဘဝင်မကျသော်လည်း။

ဂိုဏ်းတူအစ်ကိုလော့နှင့် ဂိုဏ်းတူအစ်မရှန်တို့ နှစ်ဦးစလုံးက သူမ၏ ရှောင်မိုအပေါ် အမှန်တကယ် ဂရုစိုက်ကြပြီး မိသားစုဝင်များသဖွယ် ဆက်ဆံကြသည်ကိုတော့ သူမ ခံစားသိရှိနိုင်လေသည်။

စားသောက်ပွဲပြီးဆုံးပြီးနောက် လော့ယန်နှင့် ရှန်ကျိုးလီတို့က ရှောင်မိုကို နှုတ်ဆက်ကာ သူတို့၏ ခြံဝန်းများဆီသို့ အသီးသီး ပြန်လည်အနားယူရန် ထွက်ခွာသွားကြသည်။

ထိုနှစ်ဦး ထွက်သွားပြီးနောက် ရှောင်မိုက ရုရွှယ်အား ပန်းကန်များ ကူညီဆေးကြော သိမ်းဆည်းပေးခဲ့သည်။

"ရုရွှယ်၊ ငါတို့လည်း ပြင်ဆင်ကြစို့၊ တောင်အောက်ဆင်းဖို့ အချိန်ရောက်ပြီ" ရှောင်မိုက ဘိုင်ရုရွှယ်ကို ကြည့်ကာ ပြုံးလျက် ပြောလိုက်သည်။

"ဟင်" ဘိုင်ရုရွှယ်က မျက်တောင်လေး ပုတ်ခတ်ပုတ်ခတ်လုပ်ကာ "ငါတို့ ဒီနေ့ပဲ ထွက်သွားကြမလို့လား။ ဂိုဏ်းတူအစ်မရှန်နဲ့ ဂိုဏ်းတူအစ်ကိုလော့ကို နှုတ်ဆက်ဖို့ မလိုဘူးလား" ဟု မေးလိုက်သည်။

"မလိုပါဘူး" ရှောင်မိုက ခေါင်းခါလိုက်သည်။ "လူတိုင်းက တစ်နေ့မှာ ပြန်ဆုံတွေ့ကြရဦးမှာပဲလေ၊ ခွဲခွာရတဲ့ ဝမ်းနည်းမှုကို ဘာလို့ အချိန်ဆွဲနေတော့မှာလဲ"

"ကောင်းပြီလေ၊ ဒါဆို ငါ အခုပဲ ပစ္စည်းတွေ သွားသိမ်းလိုက်ဦးမယ်"

ဘိုင်ရုရွှယ်သည် ရှောင်မို၏ စကားကို နားထောင်လေသည်။

ရှောင်မို ဘာပဲပြောပြော သူမ အားလုံး လုပ်ဆောင်ပေးမည်ဖြစ်သည်။

နာရီဝက်ခန့်အကြာတွင် ဘိုင်ရုရွှယ်က ရှောင်မိုနောက်မှ လိုက်ကာ တောင်အောက်သို့ ဆင်းလာခဲ့သည်။

ထိုအချိန်တွင် ယွီမိုတောင်ထွတ်၏ တောင်ထိပ်၌ ရှန်ကျိုးလီနှင့် လော့ယန်တို့က ရှောင်မိုနှင့် ဘိုင်ရုရွှယ်တို့၏ ကျောပြင်လေးများ တဖြည်းဖြည်း ဝေးကွာသွားသည်ကို ငေးကြည့်နေကြသည်။

"မင်း သွားမနှုတ်ဆက်တော့ဘူးလား" လော့ယန်က သူ၏ ဘေးနားရှိ ဂိုဏ်းတူညီမကို မေးလိုက်သည်။

"မလိုပါဘူး" ရှန်ကျိုးလီက အကြောဆန့်လိုက်ရင်း "ဒါက ခွဲခွာခြင်းဆိုပေမယ့် မကြာခင်မှာ ဂိုဏ်းတူမောင်လေးရဲ့ နာမည်က တစ်လောကလုံးကို ပျံ့နှံ့သွားတော့မှာပါ။ ငါတို့ ပြန်ဆုံတွေ့ဖို့ သိပ်မကြာတော့ပါဘူး" ဟု ပြောလိုက်သည်။

"တကယ်ပါပဲ" လော့ယန်က သူ၏ ရတနာဓားကို ဆုပ်ကိုင်ကာ လှည့်ထွက်သွားရင်း "ငါလည်း ထွက်သွားတော့မယ်" ဟု ပြောလိုက်သည်။

"ဂိုဏ်းတူအစ်ကိုက ဘယ်ကို သွားမလို့လဲ"

"မိစ္ဆာကမ္ဘာရဲ့ နယ်စပ်ကို သွားပြီး အခြေအနေ သွားကြည့်မလို့"

လော့ယန်၏ အသံ ပျောက်ကွယ်သွားသည်နှင့် တစ်ပြိုင်နက် သူ၏ ရုပ်သွင်ကလည်း ပျောက်ကွယ်သွားခဲ့ပြီဖြစ်သည်။

ယွီမိုတောင်ထွတ်တွင် အမျိုးသမီးတစ်ဦးသာ တောင်ထိပ်၌ ထိုင်ကျန်ရစ်ခဲ့ပြီး သူမ၏ ခြေသလုံးလေးများကို ညင်သာစွာ လွှဲယမ်းရင်း လောကကြီးကို ငေးကြည့်ကာ တောင်အောက်ရှိ အရိပ်နှစ်ခု တဖြည်းဖြည်း ဝေးကွာပျောက်ကွယ်သွားသည်ကို စောင့်ကြည့်နေလေသည်။

"အော် ဒါနဲ့ ရှောင်မို၊ ငါတို့ ဘယ်ကို သွားကြမှာလဲ" တောင်ခြေသို့ရောက်သော် ဘိုင်ရုရွှယ်က မော့ကြည့်ကာ မေးလိုက်သည်။

ရှောင်မိုက ခေါင်းခါလိုက်ပြီး "ငါလည်း မသိသေးဘူး၊ ဒီတိုင်း လျှောက်သွားရင်း ဟိုကြည့်ဒီကြည့် လုပ်ကြတာပေါ့။ ဘယ်ကျောင်းတော်ကို ရောက်ရောက်၊ ရောက်တဲ့နေရာကို ဝင်ကြတာပေါ့" ဟု ပြန်ဖြေလိုက်သည်။

"ဟီးဟီး" ကောင်မလေး၏ မျက်လုံးလေးများက လခြမ်းကွေးလေးများသဖွယ် ပြုံးရွှင်သွားသည်။

"ဘာလို့ ဒီလောက်တောင် ပျော်နေရတာလဲ" ရှောင်မိုက မေးလိုက်သည်။

ဘိုင်ရုရွှယ်က ကျောက်ခဲငယ်လေးတစ်လုံးကို ခြေထောက်ဖြင့် ကန်လိုက်ရင်း "ငါတို့ တောင်တန်းတွေ မြစ်ချောင်းတွေ အများကြီးကို ဖြတ်သန်းသွားလာရတော့မယ်ဆိုတဲ့ အသိလေးနဲ့တင် ငါ ပျော်နေလို့ပါ" ဟု ဖြေလိုက်သည်။

ရှောင်မိုက သူမ၏ ခေါင်းလေးကို ပွတ်သပ်ပေးလိုက်ရင်း "ဒီလို တောင်တန်းတွေ မြစ်ချောင်းတွေ အသွယ်သွယ်ကို ဖြတ်သန်းရတာ တော်တော်လေး ပင်ပန်းလိမ့်မယ်နော်" ဟု ပြောလိုက်သည်။

"ဒါပေမဲ့ ရှောင်မို"

ကောင်မလေးက လက်နှစ်ဖက်ကို နောက်ပစ်ကာ လှည့်လာခဲ့သည်။ သူမ၏ စကတ်စလေးများက ညင်သာစွာ လွင့်ဝဲနေပြီး ငွေရောင်ဆံနွယ်လေးများကလည်း လေနှင်ရာ လွင့်မျောကခုန်နေလေသည်။

"ဒီတောင်တန်းတွေ၊ မြစ်ချောင်းတွေ အသွယ်သွယ်တိုင်းမှာ နင် ရှိနေတယ်လေ"

အခန်း ၁၃၂ စာအုပ်ဖြင့် စေ့စပ်ခြင်း

သမင်ဖြူကျောင်းတော်မှ ထွက်ခွာလာပြီးနောက် ရှောင်မိုနှင့် ဘိုင်ရုရွှယ်တို့သည် လောကတစ်ခွင်သို့ ခရီးလှည့်လည်ခဲ့ကြသည်။

လူသားမျိုးနွယ်၏ ကြီးမြတ်သော တိုင်းပြည်ကြီးဆယ်ခုဖြစ်စေ၊ အခြားသော မင်းဆက်ငယ်လေးများဖြစ်စေ၊ ပေမန်နယ်မြေအထိပါမကျန် ရှောင်မိုနှင့် ဘိုင်ရုရွှယ်တို့က အနှံ့အပြား သွားရောက်လည်ပတ်ရန် ရည်ရွယ်ထားခဲ့ကြသည်။

ရောက်လေရာအရပ်တိုင်းတွင် ရှောင်မိုသည် ဒေသခံကျောင်းတော်များဆီသို့ သွားရောက်ကာ ပညာရပ်ဆိုင်ရာ ဆွေးနွေးငြင်းခုံမှုများ ပြုလုပ်လေ့ရှိသည်။

ရှောင်မိုတစ်ယောက် ကျောင်းတော်ညွှန်မှူး ဖြစ်လာပြီးနောက်ပိုင်းတွင် ကိစ္စများစွာ လုပ်ဆောင်ရာ၌ များစွာ အဆင်ပြေချောမွေ့လာခဲ့သည်။

သာမန်လူသား မင်းဆက်အားလုံးက အကူအညီများ ပေးအပ်ကြရုံသာမက အချို့သော မင်းဆက်ငယ်လေးများဆိုလျှင် ကွန်ဖြူးရှပ်ကျောင်းတော်မှ ကျောင်းတော်ညွှန်မှူး ရောက်ရှိလာကြောင်း ကြားသည်နှင့် ကိုယ်တိုင်ကိုယ်ကျပင် လာရောက်ကြိုဆိုခဲ့ကြလေသည်။

အဓိကအကြောင်းရင်းမှာ ရှောင်မို မည်သည့်ကျောင်းတော်သို့ သွားရောက်သည်ဖြစ်စေ သေချာပေါက် အလေးအနက်ထားပြီး ကောင်းမွန်စွာ ဧည့်ခံခံရခြင်းကြောင့် ဖြစ်သည်။

ကွန်ဖြူးရှပ်ကျောင်းတော်များကို အဆင့်သုံးဆင့် ခွဲခြားထားလေသည်။

ပထမအဆင့် ကျောင်းတော်ဟူ၍ လေးခုသာရှိပြီး ၎င်းတို့မှာ သမင်ဖြူကျောင်းတော် အပါအဝင် ကြီးမြတ်သော ကျောင်းတော်ကြီးလေးခု ဖြစ်သည်။

ဒုတိယအဆင့် ကျောင်းတော်များမှာမူ ရာဂဏန်းမျှ ရှိလေသည်။

တတိယအဆင့် ကျောင်းတော်များကတော့ ရေတွက်၍ပင် မရနိုင်လောက်အောင် များပြားလှသည်။

အချို့သော တတိယအဆင့် ကျောင်းတော်ငယ်လေးများအတွက်မူ ရှောင်မို၏ ကျောင်းတော်ညွှန်မှူး ဆိုသော အဆင့်အတန်းသည် သူတို့၏ ကျောင်းအုပ်ကြီးတစ်ဦးဖြစ်ရန်ပင် လုံလောက်နေပြီဖြစ်သည်။

ထို့ကြောင့် ကျောင်းတော်အများစုက ရှောင်မို ပညာရပ်ဆိုင်ရာ ဆွေးနွေးငြင်းခုံချင်သည်ဟု ကြားသောအခါ အလွန် လှိုက်လှဲစွာ ကြိုဆိုခဲ့ကြသည်။

အဘယ်ကြောင့်ဆိုသော် ပညာရပ်ဖလှယ်ခြင်းဆိုသည်မှာ မူလကတည်းက မြင့်မြတ်မွန်မြတ်သော ကိစ္စရပ်တစ်ခုဖြစ်ပြီး ကျောင်းတော်ညွှန်မှူး တစ်ဦးက ကိုယ်တိုင်ကိုယ်ကျ လာရောက်ကာ ပညာဖလှယ်ခြင်းမှာ ရခဲလှသော အခွင့်အရေးတစ်ရပ် ဖြစ်သောကြောင့်တည်း။

သို့သော်လည်း။

အစောပိုင်းတွင် လူအများစုက ကျောင်းတော်ညွှန်မှူး ရှောင်မိုထံမှ ဗဟုသုတများစွာ သင်ယူနိုင်လိမ့်မည်ဟု မျှော်လင့်ချက်အပြည့်ရှိသော မျက်နှာထားများ ရှိနေခဲ့ကြသည်။

ပညာရပ်ဆိုင်ရာ ဆွေးနွေးငြင်းခုံမည့်နေ့တွင် ထိုကျောင်းအုပ်ကြီးများသည် သူတို့၏ ကျောင်းတော်မှ တပည့်များကို လာရောက်နားထောင်ရန် အထူးတလည်ပင် ညွှန်ကြားခဲ့ကြသေးသည်။

သို့သော် သိပ်မကြာမီမှာပင် ထိုကျောင်းတော်များမှ ဆရာများက တစ်ခုခု မှားယွင်းနေပြီဖြစ်ကြောင်း သတိထားမိလာကြသည်။

ကျောင်းတော်ညွှန်မှူး ရှောင်မို တင်ပြသော ပညာရပ်က အနည်းငယ် လွဲချော်နေသယောင် ရှိနေသည်။

အကောင်းမြင်သည့်ဘက်မှ ပြောရလျှင် ၎င်းက အလွန် ဆန်းသစ်လွန်းနေပြီး လက်ရှိခေတ်ကာလထက်ပင် ကျော်လွန်နေသကဲ့သို့ ဖြစ်နေသည်။

အဆိုးမြင်သည့်ဘက်မှ ပြောရလျှင်တော့ ၎င်းက အလွန် မိစ္ဆာဆန်လွန်းနေပြီး လက်ရှိ ပင်မရေစီးကြောင်း ကွန်ဖြူးရှပ်ဝါဒကို ဆန့်ကျင်ဖောက်ဖျက်နေလေသည်။

ကျောင်းတော်မှ ဆရာများစွာက ရှောင်မို တင်ပြသည့် စိတ်နှလုံးသည်သာ ပကတိတရား နှင့် အသိနှင့်အလုပ် ပေါင်းစပ်ခြင်း ကို အခြေခံသော စိတ်ပညာ သည် အလွန် အန္တရာယ်များလိမ့်မည်ဟု ခံစားခဲ့ကြရသည်။

ဤသည်မှာ လက်ရှိ အလေးထားလက်ခံထားသော အရာဝတ္ထုများကို လေ့လာ၍ ပကတိတရားကို ရှာဖွေခြင်း နှင့် ကောင်းကင်ဘုံ၏ ပကတိတရားကို ပြင်ပတွင် ရှာဖွေခြင်း တို့နှင့် ကြီးမားစွာ ကွဲလွဲနေလေသည်။

ထို့ကြောင့် သူတို့သည် ရှောင်မိုအား ဆွေးနွေးငြင်းခုံမှုတွင် အနိုင်ယူနိုင်ရန် အပြိုင်အဆိုင် ကြိုးပမ်းခဲ့ကြသည်။

သို့သော် အဆုံးတွင်တော့ ရှောင်မို၏ စိတ်ပညာကို ချေပနိုင်ရန် နေနေသာသာ။

လူတိုင်းသည် ရှောင်မို၏ စကားများကြောင့် ဆွံ့အသွားခဲ့ကြရပြီး အချို့သော ဆရာများဆိုလျှင် သူတို့၏ တာအိုနှလုံးသား များပင် ယိမ်းယိုင်သွားကာ နေရာမှာတင် သွေးအန်ကျသည်အထိ ဖြစ်သွားပြီး သူတို့၏ ကျင့်ကြံခြင်းအဆင့်များမှာလည်း ပြိုလဲလုနီးပါး ဖြစ်သွားခဲ့ရသည်။

လာရောက်နားထောင်ကြသော ကျောင်းသားအများစုက အစပိုင်းတွင် သူတို့ဆရာများ ပြောသမျှ မှန်သည်ဟု ထင်ခဲ့ကြသော်လည်း ရှောင်မို၏ ပညာရပ်ဆိုင်ရာ ဆွေးနွေးမှုကို ကြားပြီးနောက်တွင်တော့ သူတို့၏ ဆရာများ မှားယွင်းနေသယောင် ခံစားလာရကာ ဝေခွဲမရဖြစ်သွားကြလေသည်။

တဖြည်းဖြည်းနှင့် ရှောင်မို၏ ဂုဏ်သတင်းမှာ ပိုမို ကျယ်ပြန့်လာခဲ့သည်။ အချို့သော ကွန်ဖြူးရှပ်ကျောင်းတော်များက ရှောင်မို လာမည်ဟု ကြားသောအခါ ရက်အနည်းငယ်မျှ တည်းခိုခွင့်ပေးရန် ဆန္ဒရှိကြသော်လည်း သူနှင့် ပညာရပ်ဆိုင်ရာ ဆွေးနွေးငြင်းခုံမှု ပြုလုပ်ရန်ကိုတော့ ငြင်းဆန်ခဲ့ကြသည်။

ကွန်ဖြူးရှပ် ပညာရှင်အများစုက ရှောင်မို၏ စိတ်ပညာမှာ မှားယွင်းနေသည်ဟု ယုံကြည်ခဲ့ကြသည်။

ရှောင်မို၏ စိတ်ပညာသည် တစ်စုံတစ်ရာသော အတိုင်းအတာအထိ ဂန္ထဝင်ကျမ်းစာများကို လေ့လာခြင်းနှင့် လက်တွေ့ အသိပညာ ဗဟုသုတများ စုဆောင်းခြင်းကို အားနည်းသွားစေသည်ဟု သူတို့က ယူဆခဲ့ကြသည်။

စိတ်အပြင်ဘက်တွင် မည်သည့်အရာမှ မရှိ နှင့် စိတ်အပြင်ဘက်တွင် မည်သည့်ပကတိတရားမှ မရှိ ဆိုသည်မှာ တင်းကျပ်သော စည်းမျဉ်းများမှ ရုန်းထွက်ရန် ရည်ရွယ်သော်လည်း စိတ်၏ တည်ရှိမှုအခြေအနေကို အလွန်အမင်း အလေးပေးခြင်းက ဓမ္မဓိဋ္ဌာန်ကျသော နိယာမတရားများနှင့် ပြင်ပကမ္ဘာ၏ လက်တွေ့ကျမှုကို ပျောက်ကွယ်သွားစေနိုင်သည်ဟု သူတို့က ငြင်းခုံခဲ့ကြသည်။

ထိုအရာက နောင်လာနောက်သားများအား ခိုင်မာသော အသိပညာနှင့် လူမှုရေး လက်တွေ့လုပ်ဆောင်မှုများမှ ကင်းကွာသွားစေပြီး မွေးရာပါ အသိတရား အကြောင်းကိုသာ အချည်းနှီး စကားလုံးများဖြင့် လေဖမ်းဒန်းစီးပြောဆိုနေကြသည့် အခြေအနေသို့ ရောက်သွားစေနိုင်သည်ဟု ဆိုကြသည်။

များစွာသော ကွန်ဖြူးရှပ် ပညာရှင်တို့သည် သတင်းကြားသည်နှင့် ပညာရပ်ဆိုင်ရာ ဆွေးနွေးငြင်းခုံရန် ရောက်လာကြပြီး ရှောင်မို၏ စိတ်ပညာကို အခြေခံကစ၍ ဝေဖန်တိုက်ခိုက်ရန် ရည်ရွယ်ခဲ့ကြသည်။

သို့သော် အဆုံးတွင်တော့ ရှောင်မိုကသာ အနိုင်ရခဲ့မြဲဖြစ်သည်။

ရှောင်မိုက လက်တွေ့လုပ်ဆောင်မှုမှတစ်ဆင့် မိမိကိုယ်ကို ပုံသွင်းခြင်း နှင့် အသိနှင့်အလုပ် ယှဉ်တွဲတိုးတက်ခြင်း တို့ကို အလေးပေးခဲ့ပြီး လက်တွေ့နှင့် ကင်းကွာနေသော အချည်းနှီး စကားများကို ဆန့်ကျင်ခဲ့သည်။ အသိနှင့် အလုပ်သည် ခြေနှစ်ဖက်ဖြင့် လမ်းလျှောက်သကဲ့သို့ တစ်ပြိုင်နက်တည်း တိုးတက်ရန် လိုအပ်ကြောင်း ပြသခဲ့သည်။

ထို့ပြင် ရှောင်မိုက စိတ်ပညာသည် အတိုင်းအတာတစ်ခုအထိ ကွန်ဖြူးရှပ်ဝါဒသစ်အတွက် ဖြည့်စွက်ချက်တစ်ခုဖြစ်ပြီး ကွန်ဖြူးရှပ်ဝါဒသစ်၏ နောက်ဆုံးနှင့် ပြီးပြည့်စုံသော ပုံသဏ္ဌာန်ဖြစ်သည်ဟု ယုံကြည်ခဲ့သည်။

အချိန်တွေ လျင်မြန်စွာ ကုန်လွန်သွားခဲ့ရာ ဆယ်နှစ်တာ ကာလသို့ ရောက်ရှိလာခဲ့ပြီဖြစ်သည်။

ရှောင်မိုကိုယ်တိုင်ပင် ကျောင်းတော်ပေါင်း မည်မျှဆီသို့ သွားရောက်ခဲ့ပြီး ပညာရပ်ဆိုင်ရာ ဆွေးနွေးငြင်းခုံမှုပေါင်း မည်မျှ ပါဝင်ခဲ့သည်ကို မမှတ်မိနိုင်တော့ချေ။

သို့သော် အကြိမ်ကြိမ်အခါခါ ဆွေးနွေးငြင်းခုံမှုများနှင့် လူ့လောကကို ခရီးလှည့်လည်ပြီးနောက် ရှောင်မို၏ စိတ်ပညာ သီအိုရီမှာ ပိုမို ပြောင်မြောက် သေသပ်လာခဲ့သည်။ သူသည် သူ၏ အယူဝါဒကို တည်ထောင်ရန်အတွက် စာအုပ်တစ်အုပ် ရေးသားရန်ပင် ပြင်ဆင်နေခဲ့ပြီဖြစ်သည်။

အနန္တဓမ္မလောကတွင် စိတ်ပညာကို မလေ့လာဖူးသော ကွန်ဖြူးရှပ် ပညာရှင်များပင်လျှင် ထိုပညာရပ်အကြောင်းကိုတော့ အနည်းဆုံး ကြားဖူးနေကြပြီဖြစ်သည်။

အချို့သော ကွန်ဖြူးရှပ် ပညာရှင်များက စိတ်ပညာကို စိတ်ဝင်စားလာကြပြီး ၎င်းက မည်သို့သော ပညာရပ်မျိုးဖြစ်သည်ကို အတိအကျ နားလည်ရန် လေ့လာချင်စိတ်များ ဖြစ်ပေါ်လာခဲ့ကြသည်။

သို့သော် ကျောင်းတော်အများစုကတော့ စိတ်ပညာကို တားမြစ်ချက်တစ်ခုအဖြစ် သတ်မှတ်ထားပြီး ပညာရှင်များအား ထိုအကြောင်း ဆွေးနွေးခြင်းကို တားမြစ်ထားခဲ့ကြသည်။

ခေါင်းမာသော ပညာရှင်အိုကြီးများစွာကလည်း ဤကိစ္စကို ကွန်ဖြူးရှပ်ကျောင်းတော်ထံ တင်ပြတိုင်ကြားခဲ့ကြပြီး ကွန်ဖြူးရှပ်ကျောင်းတော်အနေဖြင့် ရှောင်မိုအား ထိန်းချုပ်ရန်၊ သူ၏ ပညာရပ်ဆိုင်ရာ ဆွေးနွေးငြင်းခုံမှုများကို တားမြစ်ရန်နှင့် တစ်ပြည်လုံးရှိ ကျောင်းသားများ စိတ်ပညာအကြောင်း ဆွေးနွေးခြင်းကို ပိတ်ပင်ရန် တောင်းဆိုခဲ့ကြသည်။

သို့သော် ကွန်ဖြူးရှပ်ကျောင်းတော်၏ သဘောထားမှာ အလွန် ပွင့်လင်းလှပေသည်။

ကွန်ဖြူးရှပ်ကျောင်းတော်က ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့ပြီး ၎င်း၏ အဓိက ဆိုလိုရင်းမှာ- သင်တို့က စိတ်ပညာကို ပျောက်ကွယ်သွားစေချင်လျှင် ရှောင်မိုနှင့် သွားရောက် ငြင်းခုံပြီး သူ၏ စိတ်ပညာကို ချိုးဖျက်လိုက်ကြလေ ဟူ၍ဖြစ်သည်။

သို့သော်ငြားလည်း။

ရှောင်မို၏ စိတ်ပညာက အနန္တဓမ္မလောကတွင် ကြီးမားသော ဂယက်ရိုက်ခတ်မှုကို ဖြစ်စေခဲ့သော်လည်း အလေးအနက်ထားရမည့် အကြီးမားဆုံး ကိစ္စရပ်မှာ လူသားမျိုးနွယ်နှင့် မိစ္ဆာမျိုးနွယ်တို့ကြားမှ စစ်ပွဲကြီးပင် ဖြစ်နေသေးသည်။

လူသားမျိုးနွယ်နှင့် မိစ္ဆာမျိုးနွယ်တို့သည် နှစ်ပေါင်းများစွာ ထိပ်တိုက်ရင်ဆိုင်လာခဲ့ကြပြီး ငြိမ်းချမ်းရေးဆွေးနွေးပွဲများ အကြိမ်ပေါင်းများစွာ လုပ်ဆောင်ကာ အချိန်ဆွဲလာခဲ့ကြပြီးနောက် နောက်ဆုံးတွင်တော့ စစ်မီးတောက်လောင်တော့မည်ဖြစ်သည်။

မြောက်ပိုင်းပင်လယ်တွင် မိစ္ဆာကမ္ဘာနှင့် ပူးပေါင်းကာ အနန္တဓမ္မလောကကို တိုက်ခိုက်ချင်နေကြသော စစ်လိုလားသူများ အများအပြား ရှိနေခဲ့သော်လည်း ဘိုင်ရုရွှယ်က သူတို့အားလုံးကို ဖိနှိပ်ထိန်းချုပ်ထားခဲ့သည်။

ထို့ပြင် ဘိုင်ရုရွှယ်က လူသိရှင်ကြား ကြေညာခဲ့သည်မှာ- မြောက်ပိုင်းပင်လယ်သည် လူသားမျိုးနွယ်နှင့် မိစ္ဆာမျိုးနွယ်တို့ကြားမှ စစ်ပွဲကြီးတွင် ဝင်ရောက်စွက်ဖက်မည် မဟုတ်သလို မည်သည့်ဘက်ကိုမျှလည်း ကူညီမည် မဟုတ်ပါ ဟူ၍ပင်။

တကယ်လို့ လူသားမျိုးနွယ်၏ စစ်တပ်က မြောက်ပိုင်းပင်လယ်ကို ဖြတ်သန်းရန် လမ်းတောင်းခဲ့လျှင် မြောက်ပိုင်းပင်လယ်က သူတို့အတွက် စစ်မြေပြင်တစ်ခု ရှင်းလင်းပေးကာ လမ်းဖယ်ပေးမည်ဖြစ်သည်။

သို့သော် လူအများစုက မြောက်ပိုင်းပင်လယ်ကို မယုံကြည်ကြသေးဘဲ ၎င်းတို့က ဟန်ဆောင်နေခြင်းသာဖြစ်ပြီး အရေးကြီးသော အချိန်ရောက်မှ ကျောချမ်းစရာလုပ်ရပ်များ လုပ်ဆောင်လာမည်ဟု ထင်မြင်နေကြသည်။

ထို့ပြင် လူအချို့က ရှောင်မို၏ ဘေးတွင်ရှိနေသော ဘိုင်ရုရွှယ်မှာ မြောက်ပိုင်းပင်လယ်အရှင်သခင် ဖြစ်ကြောင်းနှင့် ရှောင်မိုမှာ လူသားမျိုးနွယ်၏ သစ္စာဖောက်ဖြစ်ကြောင်း ဖော်ထုတ်ပြောဆိုလာကြသည်။

ရှောင်မို၏ စိတ်ပညာ၏ အခြေခံအကျဆုံး ရည်ရွယ်ချက်မှာ တစ်ပြည်လုံးရှိ ကွန်ဖြူးရှပ် ပညာရှင်များ၏ တာအိုနှလုံးသားများကို ဖျက်ဆီးပြီး အနန္တဓမ္မလောက၏ တိုက်ခိုက်ရေးစွမ်းအားကို ကျဆင်းစေရန်ဖြစ်သည်ဟု သူတို့က စွပ်စွဲခဲ့ကြသည်။

ထိုစွပ်စွဲချက်များနှင့် ပတ်သက်၍ ရှောင်မိုကတော့ လုံးဝ ဂရုမစိုက်ခဲ့ပေ။

ဘိုင်ရုရွှယ်ကမူ တစ်ခါတစ်ရံ ခြံဝန်းထဲတွင် ဒေါသတကြီး ခြေဆောင့်ကာ "ဒီအရိုးဆွေးကြီးတွေက ဘယ်လိုလုပ်ပြီး ဒီလောက်တောင် အရှက်မရှိရတာလဲ။ ငြင်းခုံလို့ မနိုင်တော့ ယုတ်မာတဲ့ ကောလာဟလတွေ လွှင့်ကြတော့တာပဲ" ဟု ကျိန်ဆဲလေ့ရှိသည်။

ပုံမှန်အားဖြင့် ဤအချိန်မျိုးရောက်လျှင် ရှောင်မိုက ရုရွှယ်ကို သေချာချော့မော့နှစ်သိမ့်ပေးရလေသည်။

တကယ်တမ်းတွင် ရှောင်မိုသည် ဤကောလာဟလများကို ကြိုတင်ခန့်မှန်းထားပြီးဖြစ်သည်။

ပထမအချက်အနေဖြင့် ရုရွှယ်၏ မည်သူမည်ဝါဖြစ်ကြောင်းကို အမြဲတမ်း ဖုံးကွယ်ထား၍ မရနိုင်ပေ။

ဒုတိယအချက်အနေဖြင့် စိတ်ပညာ၏ ဩဇာလွှမ်းမိုးမှုက ကြီးထွားလာနေပြီး သူ၏ နောက်လိုက်တပည့်အချို့ပင် ရှိလာခဲ့ပြီဖြစ်သည်။

ထို့ပြင် ပညာရှင်တိုင်းက ဖြောင့်မတ်တည်ကြည်ပြီး မွန်မြတ်ကြသည်တော့ မဟုတ်ပေ။

မည်သည့် လူတန်းစားတွင်မဆို ယုတ်မာသူများကတော့ အမြဲတမ်း ရှိနေတတ်မြဲပင်။

"ကဲပါ ရုရွှယ်ရယ်၊ ဒေါသမထွက်ပါနဲ့တော့"

ဒီနေ့တွင်လည်း ဘိုင်ရုရွှယ် ထုံးစံအတိုင်း ဒေါသထွက်နေပြီးနောက် ရှောင်မိုက ပြုံးကာ ရုရွှယ်၏ ခေါင်းလေးကို ပွတ်သပ်ပေးလိုက်သည်။

"ဒီတစ်ခေါက် တွမ့်ယာကျောင်းတော်မှာ ပညာရပ်ဆိုင်ရာ ဆွေးနွေးပွဲပြီးရင် ငါတို့ ဟွမ်ယွီကျေးရွာကို ပြန်ပြီး အဲဒီမှာ ခဏလောက် သွားနေကြရအောင်"

"တကယ်လား" ရှောင်မို၏ စကားကို ကြားသောအခါ ဘိုင်ရုရွှယ်၏ မျက်လုံးလေးများက ချက်ချင်းပင် အရောင်လက်သွားခဲ့သည်။

ရှောင်မိုနှင့်အတူ တောင်တန်းတွေ မြစ်ချောင်းတွေ အသွယ်သွယ်ကို ဖြတ်သန်းကာ ခရီးသွားရသည့် ဘဝက သာယာလှပသော်ငြားလည်း။

အခြေအနေတွေက ပိုပိုပြီး တင်းမာလာနေခဲ့ပြီဖြစ်သည်။ ပြီးခဲ့သည့် ရက်အနည်းငယ်အတွင်း ရှောင်ချင်းထံမှ ဘိုင်ရုရွှယ် စာများ လက်ခံရရှိခဲ့ပြီး ထိုစာများထဲတွင် ကမ္ဘာနှစ်ခုကြား အများဆုံး နှစ်ဝက်အတွင်း ရှောင်လွှဲ၍မရဘဲ စစ်ပွဲဖြစ်ပွားတော့မည်ဖြစ်ကြောင်း ပါရှိလေသည်။

ဘိုင်ရုရွှယ်အနေဖြင့် ရှောင်မိုကို တစ်နေရာရာတွင် ဖုံးကွယ်ထားရန် လိုအပ်ပြီဟု ခံစားနေရသည်။

"တကယ်ပေါ့" ရှောင်မိုက ပြုံးလိုက်သည်။ "နှစ်တွေဒီလောက် ကြာခဲ့ပြီဆိုတော့ ငါ နင့်ကို တရားဝင် နေရာတစ်ခု ပေးဖို့ အချိန်ရောက်ပြီလေ"

"ဟင်" ဘိုင်ရုရွှယ်က ခဏမျှ ကြောင်အမ်းသွားပြီးနောက် ပါးပြင်လေးများ ရဲသွေးဆင်းသွားခဲ့သည်။ သူမက ခေါင်းငုံ့ကာ သူမ၏ လက်သေးသေးလေးများကို ပွတ်သပ်ရင်း "န-နင် ဘာတွေ ပြောနေတာလဲ" ဟု မေးလိုက်သည်။

ရှောင်မိုက ရှေ့သို့တိုးကာ ကောင်မလေး၏ လက်သေးသေးလေးကို ဆုပ်ကိုင်လိုက်သည်။ "ငါ့မှာ တန်ဖိုးကြီးတဲ့ ပစ္စည်းတွေ ဘာမှမရှိဘူး။ ဒီ အသိနှင့်အလုပ် ပေါင်းစပ်ခြင်း ရှင်းလင်းချက် ဆိုတဲ့ စာအုပ်ကို ရေးပြီးသွားရင် အဲဒါကိုပဲ စေ့စပ်လက်ဆောင်အနေနဲ့ သုံးလိုက်ရင်ကော ဘယ်လိုလဲ"

"ဘယ်သူကများ စာအုပ်ကို စေ့စပ်လက်ဆောင်အနေနဲ့ သုံးလို့လဲ" ဟု ဘိုင်ရုရွှယ်က တိုးတိုးလေး ရေရွတ်လိုက်သည်။

"အာ ကောင်းပြီလေ၊ ဒါဆို ငါ တခြားတစ်ခုခုကို စဉ်းစားကြည့်ပါ့မယ်"

"မလိုပါဘူး"

ဘိုင်ရုရွှယ်က ခေါင်းမော့လိုက်ရာ သူမ၏ ပါးပြင်ပေါ်မှ နီမြန်းမှုများက သွယ်လျနုနယ်သော လည်တိုင်လေးဆီအထိ ပြန့်နှံ့သွားခဲ့သည်။

"နင်က မူလကတည်းက ဆင်းရဲတဲ့ ပညာရှင်လေးပဲလေ"

"ပြီးတော့ နင့်မှာ ပိုက်ဆံလည်း သိပ်မှမရှိတာ"

"ဒီတစ်ခေါက်တော့..."

"...စာအုပ်ကို စေ့စပ်လက်ဆောင်အနေနဲ့ သုံးဖို့ ငါ ခွင့်ပြုပေးလိုက်မယ်"

All Chapters