← Chapters

ရန်ယွီနတ်ဘုရားမရဲ့ ပြိုင်ဘက်ကြီး... ပေါ်ထွက်လာခဲ့ပြီလား

Vol. 61 Ch. 794

ရန်ယွီနတ်ဘုရားမရဲ့ ပြိုင်ဘက်ကြီး... ပေါ်ထွက်လာခဲ့ပြီလား

Vol. 61 Ch. 794

စူးရွှမ်သည် မည်သည့်နေရာသို့ ဦးတည်သည်ကို မသိနိုင်သည့် မြေအောက် လှေကားအတိုင်း ဆက်လက် ဆင်းလျှောက်သွားသည်။

"စစ်မှန်တဲ့ ဓားလမ်းစဉ်ဆိုတာဟာ ရှေ့ကို ရဲဝံ့စွာ ချီတက်ပြီး၊ ဓားဖြင့် စိတ်နှလုံးကို ဖြတ်တောက်ရုံသာမက ဓားနှလုံးသားကို ပြုစုပျိုးထောင်ဖို့ မရေမတွက်နိုင်တဲ့ စမ်းသပ်မှုတွေနဲ့ ဒုက္ခတွေကို ဖြတ်သန်းရမယ် ....ဒါမှသာ စစ်မှန်တဲ့ဓားတစ်လက်ကို ရရှိနိုင်လိမ့်မယ်"

" ဒါမှသာ ဒီဓားနဲ့ တောင်ကို ရွှေ့ ၊ မြစ်ကို ပိုင်းဖြတ်လို့ ...မကောင်းဆိုးဝါးတွေကို နှင်ထုတ်ကာ ၊ နတ်ဆိုးတွေကို နှိမ်နင်းရင်း နတ်ဘုရားတွေကို သတ်ဖြတ်နိုင်မယ် ...ကြယ်ကို ဆွတ်ယူကာ မြေကြီးကို ဖျက်ဆီးလို့ ၊ ကောင်းကင်ကို ဖြတ်တောက်မယ် "

"ဒါပေမဲ့ ဒီလမ်းဟာ လွယ်ကူတဲ့ လမ်းတော့ မဟုတ်ဘူး"

ထိုသို့ ညည်းညူရင်း ၊ စူးရွှမ်၏ အရိပ်သည် မှောင်မိုက်သော စင်္ကြအဆုံးတွင် ဖြည်းညှင်းစွာ ပျောက်ကွယ်သွားခဲ့သည်။

သို့သော်ငြား ၊ ဤလမ်းသည် မလွယ်ကူချေ။ ၎င်းသည် ချောက်ကမ်းပါးတစ်ခု ဖြစ်နိုင်သလို သို့မဟုတ် မျှော်လင့်ချက်ကင်းမဲ့ခြင်းလည်း ဖြစ်နိုင်သည်။

သို့သော်လည်း တစ်ချိန်တည်းမှာပင် ၊ မြက်ခင်းပြင်ကို လောင်ကျွမ်းစေနိုင်သော မီးပွားကို လက်ထဲတွင်ရှိသော ဓားဖြင့် ငြိမ်းသတ်နိုင်ပေလိမ့်မည်။

..........

ဝုန်း ! !

ကောင်းကင်ယံတွင် တသိမ့်သိမ့် ရိုက်ခတ်လှုပ်ရှားနေသော ဓားစွမ်းအင် သမုဒ္ဒရာကြီးအတွင်း ၊ လင်းဟန်သည် သူ၏ လက်ကို ဝှေ့ယမ်းလှုပ်ရှားလိုက်သည်နှင့် အေးစိမ့်သော အအေးဓာတ်သည် 'လူ့လောက ဓား' အပေါ်တွင် စုပုံလာသည်။

လင်းဟန်သည် လျှပ်တပြတ် ဝင်းလက်သွားသော လျှပ်စီးကြောင်းအလား သူ့လက်ကို ဝှေ့ယမ်းလိုက်သည်။

ရွှမ်း! !

မျက်စိစူးရှစေသော ဓားအလင်းတန်းသည် ရုတ်တရက် ဝင်းလက်တောက်ပသွားပြီး ၊ ဓားချင်းထိမှန်သံများသည် မိုးခြိမ်းသံအလား မြည်ဟည်းထွက်ပေါ်လာသည်။

အလျားလိုက် ဓားသွားတစ်ချက်သည် ကောင်းကင်နှင့် မြေကြီး၏ လျှို့ဝှက်ဆန်းကြယ်သော အငွေ့အသက်များကို ယူဆောင်လာသကဲ့သို့ ၎င်းကို တားဆီးရန် ခက်ခဲစေသည်။

"မဖြစ်နိုင်ဘူးမလား.... ဒီလောက်မြန်မြန် အနိုင်အရှုံး ပေါ်တော့မှာလား"

ထိုမြင်ကွင်းကို မြင်လိုက်ရသော ကျင့်ကြံသူတိုင်း ၊ လက်ဖဝါးများ ချွေးထွက်ကာ ရင်ခုန်သံများ မြန်ဆန်လာကြသည်။

ဤရုတ်တရက် ဖြစ်ပေါ်လာသော ဓားချက်သည် လူတိုင်းကို အံ့အားသင့်စေခဲ့သည်။

လင်းဟန်သည် စူးချန်ကဲနှင့် ယှဉ်ပြိုင်နေသည့် အတောအတွင်း ၊ ဤမျှ ကြောက်မက်ဖွယ်ကောင်းသော ဓားတစ်ချက်ကို ထုတ်လာခဲ့လိမ့်မည်ဟု မည်သူမျှ ထင်မထားခဲ့ပေ။

ဓား၏ အရှိန်အဝါသည် လူတိုင်းကို အသက်ရှုကျပ်စေပြီး ၊ ဤဓားတစ်ချက်သည် မိုးမြေတစ်ခွင်လုံးကို တုန်လှုပ်သွားစေနိုင်သည့်အလား ထင်မှတ်ရသည်။

အလွန်ဝေးကွာသော နေရာမှ ကြည့်ရှုနေကြသော ကျင့်ကြံသူများပင်လျှင် မိမိကိုယ်ကို ပုရွက်ဆိတ်များကဲ့သို့ ခံစားလိုက်ရပြီး ၊ စိတ်ပျက်အားငယ်မှု နှင့် ကြောက်ရွံ့မှုများ ဖြစ်ပေါ်လျက် ရှိသည်။

သို့သော်လည်း လူတိုင်း၏ ထိတ်လန့်တုန်လှုပ်မှုနှင့် နှိုင်းယှဉ်ရလျှင် ၊

ဤဓားချက်အောက်တွင် ရှိနေသော စူးချန်ကဲသည် ယခင်ကအတိုင်းပင် ယုံကြည်ချက်အပြည့်ဖြင့် သူ၏ တည်ငြိမ်မှုကို ဆက်လက်ထိန်းသိမ်းထားဆဲ ဖြစ်သည်။

အဖြူရောင် ဝတ်ရုံထည်သည် ဓားစွမ်းအင်၏ ဟိန်းဟောက်သံအောက်တွင် တဖျပ်ဖျပ် လွင့်နေပြီး ၊ သူ၏ နက်မှောင်သော ဆံနွယ်များသည် လေထဲတွင် ကခုန်နေလေ၏။ နက်နဲတောက်ပသော မျက်ဝန်းတစ်စုံ၌ အံ့အားသင့်သော အရိပ်အမြွက်များ ရှိနေပြီး ၊ သူ့ထံသို့ ကျဆင်းလာသော ဓားစွမ်းအင်မြစ်ကို စူးစိုက်ကြည့်ရှုနေသည်။

လင်းဟန် ထုတ်လွှတ်လိုက်သော ဤဓားတစ်ချက်သည် အမှန်ပင် ထူးခြားပေသည်။

ဤမျှ ကြီးမားသော ဓားစွမ်းအင်၏ လွှမ်းမိုးမှုအောက်တွင် ၊ ဤနေရာရှိ ကောင်းကင်နှင့် မြေကြီးသည် ၎င်း၏ လွှမ်းမိုးမှုကို ခံရကာ ဘေးပတ်ပတ်လည်တွင် ဝဲဂယက်သဖွယ် စုဝေးလာကြသည်။

ထို့အပြင် ဤဓားစွမ်းအင်မြစ်အောက်တွင် ရှိနေသော စူးချန်ကဲ၏ စိတ်ထဲတွင် မိမိကိုယ်ကိုယ် အရေးမပါသော ဖြစ်တည်မှုကဲ့သို့ ခံစားချက်တစ်ခု ဖြစ်ပေါ်လာစေသည်။

"ဒီဓားက တကယ်ကို အစွမ်းထက်ပေမယ့် ဒါပေမဲ့ ပြီးပြည့်စုံဖို့ လိုပါသေးတယ် "

စူးချန်ကဲသည် ထိုက်တောင် ကဲ့သို့ မလှုပ်မယှက် တည်ငြိမ်စွာဖြင့် ရပ်နေကာ ၊ သူ၏ ကောင်းကင်လမ်းစဉ် အာဏာစက် ဓားကို ဆုပ်ကိုင်လျက် ထိုအရာကို ထိပ်တိုက်ရင်ဆိုင်ရန် အသင့်အနေအထားဖြင့် ရှိနေသည်။

ဧရာမ ဓားသက်တံ့ကြီးသည် သူ့ကို ဝါးမျိုတော့မည့် အချိန် ၊

သူ၏လှုပ်ရှားမှုများသည် လောကကို ဖန်တီးလေသကဲ့သို့ ၊ မလိုအပ်သော အလှဆင်မှုများ မပါဝင်ဘဲ သဘာဝကျကျဖြင့် ရှေ့သို့ လှပစွာ ခုတ်ပိုင်းလိုက်သည်။

ချွင်——! !

မိုးကောင်းကင်ရှိ လကို အလျားလိုက် ဖြတ်တောက်လိုက်သကဲ့သို့ ၊ ‌မိုးကောင်းကင်ကိုပင် တုန်လှုပ်သွားစေသော ပေါက်ကွဲသံများ ထွက်ပေါ်လာကာ ၊ ကြည့်ရှုနေသူတိုင်းကို ထိတ်လန့်တုန်လှုပ်သွားစေသည်။

ထို့နောက် ထိတ်လန့်စရာကောင်းသော မြင်ကွင်းတစ်ခု ဖြစ်ပေါ်လာခဲ့သည်—

မူလက စူးချန်ကဲကို ဝါးမျိုတော့မည့် ဓားသမုဒ္ဒရာပင်လယ်ကြီးသည် အလွန်အားကောင်းသော စွမ်းအားတစ်ခု၏ ထိုးနှက်မှုကို ခံလိုက်ရပုံပေါ်သည်။

စူးချန်ကဲကို ဝါးမျိုတော့မည့် အခိုက်တန့်မှာပင် ၊ အဖြူရောင်အလင်း တစ်ချက် ဝင်းလက်သွားပြီး ချက်ချင်းဆိုသလိုပင် အလယ်နေရာ၌ ပေါက်ကွဲမှုကြီးတစ်ခု ဖြစ်ပေါ်ခဲ့သည်။

ထူထပ်သော တိမ်မည်းများဖြင့် ဖုံးလွှမ်းနေသော မိုးကောင်းကင်ကြီးကို လေပြင်းမုန်တိုင်းတစ်ခုက တိုက်ခတ်သွားပြီးနောက် ၊ ရုတ်တရက်ဆိုသလို တိမ်များ ကင်းစင်ကာ ထွက်ပေါ်လာသော လမင်းကို မြင်တွေ့လိုက်ရသကဲ့သို့ပင်။

မိုးမြေတစ်ခွင်လုံးကို လွှမ်းခြုံထားသော ဓားစွမ်းအင်များသည် ချက်ချင်းပင် ပြိုကွဲပျောက်ကွယ်သွားသည်ကို မြင်တွေ့လိုက်ရသဖြင့် လူတိုင်း ထိတ်လန့်တုန်လှုပ်သွားကြသည် ။

သူတို့၏ စိတ်ဝိညာဉ်သည် ကြီးမားသော ဆူနာမီ လှိုင်းလုံးကြီးများ၏ ရိုက်ခတ်မှုကို ခံလိုက်ရသကဲ့သို့ ၊ လူတိုင်း၏ အမူအရာများသည် မေးရိုးပြုတ်လုမတတ် ပါးစပ်အဟောင်းသား ဖြစ်နေကြသည်။

"ဒါက.........."

အကယ်၍ ယခင်က စူးချန်ကဲသည် သူတို့၏ မှတ်ဉာဏ်ထဲတွင် ထူထပ်သော တိမ်မည်းများဖြင့် ဖုံးအုပ်ခံထားသော တောက်ပသော လမင်း ဖြစ်ခဲ့ပါက ၊

ဤအခိုက်အတန့်တွင်မူ ၊ တိမ်မည်းများ ကင်းစင်ကာ ကောင်းကင်ယံမှ လူ့လောကသို့ ရောင်ခြည်များ ဖြာကျလာသော လူတိုင်း မော့ကြည့်ရသည့် လမင်းတစ်စင်း ဖြစ်ပေလိမ့်မည်။

ယခင်က ပါရမီရှင်တပည့်များသည် စူးချန်ကဲသည် အားကောင်းသော နောက်ခံကို အမှီပြုနေရပြီး ၊ သူ၏ အရည်အချင်းသည် အမတနယ်မြေရှိ ထိပ်တန်း ပါရမီရှင်များထက် များစွာ နိမ့်ကျမည်ဟု ထင်မှတ်ခဲ့ကြသည်။

သို့သော်လည်း ဤတစ်ခေါက် နတ်ဘုရားလက်နက် အမတမျှော်စင် ခရီးစဉ်တွင် စူးချန်ကဲသည် လောကလူသားများကို ထိတ်လန့်သွားစေသည့် ဖြစ်ရပ်များကို တစ်ခုပြီးတစ်ခု ဖန်တီးခဲ့သည်ဟု ဆိုနိုင်သည်။

ဤသူသည် လောကကိုကျော်လွန်ကာ မရေတွက်နိုင်သော ပါရမီရှင်များ အားကျရသည့် ပါရမီရှင်တစ်ဦး ဖြစ်ပေသည်။

" စူး မိတ်ဆွေ ရဲ့ ဓားလမ်းစဉ် အရည်အချင်းက ကျုပ် တစ်သက်တာ တွေ့ဖူးသမျှ ပါရမီရှင်အားလုံးထဲမှာ ပထမအဆင့်ပဲ!"

မိမိ၏ အပြင်းထန်ဆုံး ဓားချက်ကိုပင် စူးချန်ကဲသည် လွယ်လင့်တကူ ဟန့်တားနိုင်သည်ကို မြင်လိုက်ရချိန်တွင်။

လင်းဟန်သည် မျက်နှာပျက်သွားမည့်အစား ဆန့်ကျင်ဘက်အနေဖြင့် ချီးကျူးစကား ဆိုလိုက်သည်။

"ဒီတစ်ကြိမ် ယှဉ်ပြိုင်မှု ပြီးဆုံးသွားရင် ၊ ကျုပ် ခင်ဗျားနဲ့အတူ အရက်သောက်ရင်း ဓားပညာရပ်ကို အတူတူ စူးစမ်းလေ့လာဖို့ မျှော်လင့်မိတယ်"

" မိတ်ဆွေ လင် ၊ ခင်ဗျားကလည်း ကျုပ် ကြုံတွေ့ဖူးသမျှ ဓားသမားတွေထဲမှာ အစွမ်းထက်‌ဆုံးပဲ ၊ ခင်‌ဗျားရဲ့ ဓားက နာမည်နဲ့ တကယ်ကို လိုက်ဖက်ပါပေတယ်"

စူးချန်ကဲသည် ချဲ့ကားပြောဆိုခဲ့ခြင်း မဟုတ်ပေ။

လင်းဟန်၏ ဓားတစ်ချက်သည် မိုးနှင့်မြေကို တုန်လှုပ်စေကာ ၊ စကြဝဠာ တစ်ခုလုံးကိုပင် လှစ်ပစ်နိုင်စွမ်း ရှိသည်ဟု ဆိုရပေလိမ့်မည်။ ဓားသည် သူဖြစ်ပြီး ၊ သူသည် ဓားဖြစ်သည်။

အဆိုပါ ဓားချက်အောက်တွင် ၊ စစ်မှန်အမတ နယ်ပယ်အဆင့်ရှိ မည်သည့်ကျင့်ကြံသူမဆို ၎င်း၏ ဒဏ်ချက်ကို ခံယူနိုင်မည်မဟုတ်ဟု ထင်မှတ်ရသည်။

မိမိ၏ ခန္ဓာဖွဲ့စည်းပုံသာ လုံလောက်စွာ အားကောင်းခြင်း မရှိခဲ့ပါက၊ သူသည်ပင် စောနက ဓားတစ်ချက်စာကို ခံယူနိုင်လိမ့်မည် မဟုတ်ပေ။

" စူး မိတ်ဆွေ ၊ မင်းမှာ အရေးကြီးတဲ့ ကိစ္စရှိတယ်ဆိုတာ ငါ သိတယ်"

" အဲ့တော့ ငါတို့ ဓားတစ်ချက်တည်းနဲ့ အနိုင်အရှုံး ဆုံးဖြတ်ကြရအောင်၊ ဘယ်လိုလဲ "

ထိုစကားကို ကြားလိုက်ရချိန်တွင် ၊ စူးချန်ကဲသည် ခဏတာ အံ့အားသင့်သွားပြီး ၊ ထို့နောက် ပြုံးမိလိုက်သည်။

တဖက်လူသည် ယှဉ်ပြိုင်မှု တရားမျှတစေရန်အတွက် ဦးစွာ သူ့အား ဆေးတစ်ဘူး ပစ်‌ပေးကာ ဒဏ်ရာကို ကုသစေခဲ့သည်။

ယခုတွင်မူ ၊ မိမိတွင် အရေးကြီးကိစ္စများ ရှိနေ‌သည်ကို မြင်ပြီး အချိန်ဖြုန်းတီးခြင်း မရှိစေရန် ယှဉ်ပြိုင်ချိန်ကို လျှော့ချရန် ဦးစားပေးနေပြန်သည်။

စူးချန်ကဲသည်ပင် ဤမျှဖြောင့်မတ်သော ဓားသမားအပေါ်တွင် သဘောကျသော ခံစားချက်တစ်ခု မလွှဲမရှောင်သာ ဖြစ်ပေါ်လာမိသည်။

"ကောင်းပြီ"

ထိုစကားသံအဆုံးတွင် သူတို့ နှစ်ယောက်သည် အချင်းချင်း ကြည့်ကာ ပြုံးလိုက်ကြသည်။

သူတို့၏ အမူအရာသည် နှစ်ပေါင်းများစွာ မတွေ့ခဲ့ရသော မိတ်ဆွေဟောင်းများကဲ့သို့ ၊ အချင်းချင်း ချစ်ခင်လေးစားသော အငွေ့အသက်များ ရှိနေခဲ့သည်။

ထိုမြငိကွင်းကို အဝေးကနေ ကြည့်ရှုနေသော ကွေးယွမ်အမတဂိုဏ်းမှ လူများမှာ အမူအရာမျိုးစုံ ဖြစ်နေကြသည်။

မိမိတို့၏ ချန်ကဲဆက်ခံသူသည် ပြင်ပလူများရှေ့တွင် ဤကဲ့သို့သော မျက်နှာအမူအရာမျိုးကို ထုတ်ဖော်ပြသသည်မှာ ဒါပထမ‌ဆုံးအကြိမ်သာ ဖြစ်သည်။

" မဟုတ်မှလွဲရော ....."

ဝမ်မင်တစ်ယောက် မနေနိုင်ဘဲ ရေရွတ်မိလိုက်သည်။

"ရန်ယွီနတ်ဘုရားမရဲ့ ပြိုင်ဘက်... ပေါ်ထွက်လာခဲ့ပြီလား"

All Chapters