← Chapters

နှင်းမုန်တိုင်းရှိသော်လည်း ၊ လူ့လောက မရှိလေတယ်

Vol. 61 Ch. 795

နှင်းမုန်တိုင်းရှိသော်လည်း ၊ လူ့လောက မရှိလေတယ်

Vol. 61 Ch. 795

ဝမ်မင်တစ်ယောက်တည်းသာမက၊ အခြားသော ကွေးယွမ်အမတဂိုဏ်းမှ တပည့်အများအပြား၏ စိတ်ထဲတွင်လည်း အလားတူ ခံစားချက်များ ရှိကြသည်။

အကြောင်းမှာ လူနှစ်ယောက်သည် တိုက်ခိုက်ကြရင်း ရုတ်တရက် မိတ်ဆွေများကဲ့သို့ အချင်းချင်းကြည့်ကာ ပြုံးနေကြခြင်းသည် အမျိုးသားများကြားက ဒဏ္ဍာရီလာ နှောင်ကြိုးနှင့် အတော်လေးကို ကိုက်ညီနေလေ၏။

သို့သော်လည်း သူတို့၏ ချန်ကဲဆက်ခံသူနှင့် လင်းဟန်တို့သည် ပထမဆုံးအကြိမ် တွေ့ဆုံကြခြင်း ဖြစ်သည်။

သို့ဖြစ်ရာ ၊ ဤကဲ့သို့ အမျိုးသားများကြားက နှောင်ကြိုးတစ်ခု ဖြစ်ပေါ်လာသည်ဟု ဆိုရန်မှာ ချဲ့ကားလွန်းလှသည်။

တစ်ချိန်တည်းမှာပင်။

စူးချန်ကဲနှင့် လင်းဟန်တို့ ဘေးပတ်ပတ်လည်ရှိ ရောင်ဝါများသည် ထောင်စုနှစ်များစွာ ငြိမ်သက်နေရာမှ ယခုအခါ အပြည့်အဝ နိုးထလာသကဲ့သို့ သိသိသာသာ မြင့်တက်လာသည်။

သူတို့နှစ်ယောက်တည်ရှိရာ ကောင်းကင်နှင့်မြေကြီးသည် ကြောက်မက်ဖွယ်ရာ ကောင်းသော ဓားစွမ်းအင် လောကနှစ်ခုအဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီး ၊ ထုတ်လွှတ်လိုက်သော ရောင်ဝါများသည် အဆက်မပြတ် တိုက်မိကာ တုန်လှုပ်မြည်ဟည်းနေကြသည်။

ထို့အပြင် ၎င်းတို့နှစ်ယောက်ကို ရစ်ပတ်ထားသော ပြင်းထန်သည့် ဓားစွမ်းအင်များနှင့် ပေါင်းစပ်လိုက်ချိန်တွင် ၊ တုနှိုင်းယှဉ်နိုင်စရာ မရှိသည့် နတ်ဘုရားဓားနှစ်လက်နှင့် တူပြီး ၎င်းတို့၏ ထက်မြက်မှုများသည် အထက်ကောင်းကင်တွင် ရောင်ပြန်ဟပ်လျက်ရှိသည်။

လင်းဟန်သည် 'လူ့လောက ဓား' ကို အပေါ်သို့ မြှောက်တင်လိုက်သည်နှင့် ၊

ဟူး——

ကောင်းကင်နှင့် မြေကြီးကြားတွင် လေအေးတစ်ချက် တိုက်ခတ်သွားလေရာ ၊ အပူချိန်သည် လျင်မြန်စွာ ကျဆင်းလာခဲ့သည်။

လူတိုင်း၏ ထိတ်လန့်ဖွယ်ရာ အကြည့်များအောက်တွင် ၊ ကောင်းကင်ယံမှ သိပ်သည်းစွာ ကျဆင်းလာသော ဆီးနှင်းပွင့်များကို မြင်လိုက်ရသည်။

ဆီးနှင်းပွင့်များ၏ အလယ်ဗဟိုတွင် ရှိနေသော လင်းဟန်သည် သူ၏ မျက်လုံးများကို ဖြည်းညှင်းစွာ မှိတ်လို့ထားသည်။

ကောင်းကင်ယံအထက်မှ ကြွေကျလာသော နှင်းမုန်တိုင်းသည် အဆက်မပြတ် ကျရောက်လာသော ဓားစွမ်းအင်များ ဖြစ်ပြီး ၊ လင်းဟန်၏ ခန္ဓာကိုယ်အတွင်းသို့ ပေါင်းစည်းဝင်ရောက်သွားသည်။

တစ်ချိန်တည်းမှာပင် လင်းဟန်၏ လက်ထဲက လူ့လောက ဓားသည် အပြာရောင် အလင်းများဖြင့် တောက်ပလာသည်။

သူ၏ ပုံပန်းသဏ္ဌာန်သည် အနည်းငယ် အထီးကျန်ကာ လွမ်းဆွေးနေဟန်ရသည်။

လှည့်လည်သွားလာနေသော ဓားသမားတစ်ဦးသည် လူ့ပြည်ကို ဖြတ်သန်းသွားလာရင်း ၊ နှင်းမုန်တိုင်းအတွင်း သက်ရှိသတ္တဝါတို့၏ အထီးကျန်ဆန်မှုကို ခံစားနေသကဲ့သို့ လူတို့အား ခံစားရစေသည်။

"ငါ့စိတ်နှလုံးဟာ နှင်းကဲ့သို့ ၊ ဓားဟာ ဆီးနှင်းခဲကဲ့သို့ ၊ ငါ နဲ့ ငါ့ဓားဟာ လူ့လောကကို ဖြတ်တောက်မယ်....."

ဝုန်း ! !

ထိုစကားသံအဆုံးတွင် ၊ လင်းဟန်၏ ခန္ဓာကိုယ်ပေါ်တွင် စုဝေးနေသော ဓားစွမ်းအင်များသည် များစွာ မြင့်တက်လာပြီး ၊ ၎င်း၏ ပြင်းထန်မှုသည် ဟင်းလင်းပြင်ကိုပင် တုန်ခါသွားစေသည်။

"ဒါက.... လင်းဟန်အစ်ကိုကြီးရဲ့ ဓားဆန္ဒပဲ....!"

အဝေးကနေ ကြည့်ရှုနေသော ယွင်ချင်းဟုန်သည် အံ့အားသင့်စွာဖြင့် အော်ဟစ်လိုက်သည်။

"လင်းဟန်အစ်ကိုကြီးက သူ့ရဲ့ အကောင်းဆုံး စွမ်းရည်ကို ထုတ်လာခဲ့ပြီပဲ"

'လူ့လောက ဓား 'သည် သူတို့ ထျန်းဟိုင်ဓားဂိုဏ်း၏ အတုမရှိသော နတ်ဘုရားဓား ဖြစ်သည်။

ကောလဟာလများအရ ၊ ဤဓားသည် ထျန်းဟိုင်ဓားဂိုဏ်းတွင် နာမည်ကျော်ကြားသော လူ့လောကဓား၏ အရှင်သခင်မှ ချန်ထားခဲ့သော အမွေခံဓားဟု ဆိုကြသည်။

ထိုနှစ်က အမှောင်ထု နိုးထလာချိန်တွင် ၊ အမတနယ်မြေတစ်ခုလုံး ရှုပ်ထွေးသော ခေတ်ကာလထဲသို့ ကျရောက်သွားပြီး လောကရှိ သက်ရှိအပေါင်းတို့ စိတ်ပျက်အားငယ်စွာ ငိုကြွေးကြရသည်။

ထျန်းဟိုင်ဓားဂိုဏ်း တည်ရှိရာ ကြယ်စုသည်လည်း ချွင်းချက်မဟုတ်ပေ။ ပြင်းထန်သော အမှောင်ထု လှိုင်းလုံးများအောက်တွင် ထျန်းဟိုင်ဓားဂိုဏ်းပင် ထိုကြယ်စုနယ်မြေရှိ ပြည်သူပြည်သားတို့ကို အကာအကွယ်ပေးရန် ခက်ခဲလှသည်။

လူတိုင်း ဒုက္ခရောက်နေချိန် ၊ ထျန်းဟိုင်ဓားဂိုဏ်း၏ ဒုတိယမြောက် ဓားအရှင်သခင်၊ လူ့လောကဓား၏ ပထမဆုံး ပိုင်ရှင်၊ ရိန်ကျန့်ဓားအရှင်သခင်သည် ရုတ်တရက် ပေါ်ထွက်လာခဲ့သည်။

(T/N - လူ့လောကဓား - ရိန်ကျန့်)

လူ့လောက ဓားကို အမှီပြုကာ သူတစ်ယောက်တည်း ခွန်အားဖြင့် ခြောက်လတိုင်တိုင် တိုက်ခိုက်ခဲ့ပြီး ၊ ထျန်းဟိုင်ဓားဂိုဏ်း တည်ရှိရာ နယ်မြေအတွင်းရှိ အမှောင်ထု လှုပ်ရှားမှုများကို ချေမှုန်းနိုင်ခဲ့သည်။

အမှောင်ထု လှုပ်ရှားမှုများကို အဘယ်ကြောင့် လျင်လျင်မြန်မြန် မဖယ်ရှားခဲ့သနည်း။

အကြောင်းမှာ ရိန်ကျန့်ဓားအရှင်သခင်၏ 'ရက်စက်မှု' ကြောင့်ဖြစ်သည်။

အမှောင်ထုနှင့် အနည်းငယ်မျှသော ဆက်စပ်မှုရှိလျှင်ပင် ၊ သို့မဟုတ် စိတ်ဝိညာဉ်ကို အနည်းငယ် စွန်းထင်းခံရလျှင်ပင် သူသည် ၎င်းတို့၏ မိသားစုတစ်ခုလုံးကို ကရုဏာမဲ့စွာ ဖယ်ရှားပစ်ခဲ့သည်။

အကြောင်းမှာ အမှောင်ထုသည် အလွန်ထူးဆန်းပြီး အလွန်လိမ္မာပါးနပ်သည်။ ဥပမာအားဖြင့် မျိုးနွယ်စု ခေါင်းဆောင်တစ်ဦးသည် အမှောင်ထု၏ စွန်းထင်းခြင်းကို ခံရပါက ၊ သူသည် မိသားစုတစ်ခုလုံးကိုပင် အမှောင်ထု၏ လက်အောက်ခံအဖြစ်သို့ ကျရောက်သွားစေရန် ပြုစားနိုင်သည်။

ထို့ကြောင့် ပို၍ကြီးမားသော အမှောင်ထုကပ်ဘေးကြီး ဖြစ်ပေါ်မလာနိုင်စေရန် ရိန်ကျန့် ဓားအရှင်သခင်သည် မူလအရင်းအမြစ်မှ ကိုင်တွယ်ရန် ရွေးချယ်ခဲ့သည်။

ထိုကဲ့သို့သော ရက်စက်ကြမ်းကြုတ်သော ချဉ်းကပ်မှုသည် အလွန်ကောင်းမွန်သော ရလဒ်များကို ရရှိစေခဲ့သည်။ သို့သော်လည်း မရေမတွက်နိုင်သော သက်ရှိအပေါင်းတို့၏ ကဲ့ရဲ့ရှုတ်ချခြင်းကို ခံခဲ့ရသည်။

ရိန်ကျန့်ဓားအရှင်သခင်သည် သံမဏိနှလုံးသား ရှိပြီး ၊ ပြည်သူပြည်သားတို့အတွက် စဉ်းစားပေးခြင်းမရှိဘဲ အပြစ်မဲ့သူများကို သတ်ဖြတ်ခြင်းသည် နတ်ဆိုးများထဲမှ နတ်ဆိုးဘုရင်ဟု ဆိုကြသည်။ ဤမျှ ရက်စက်ကြမ်းကြုတ်သော လူမျိုးသည် ဖြောင့်မတ်သော ဓားလမ်းစဉ်ကို ကျင့်ကြံရန် မထိုက်တန်ကြောင်း ပြောဆိုကြသည်။

သို့သော်လည်း ၊ ဤကိစ္စနှင့် ပတ်သက်၍ ရိန်ကျန့် ဓားအရှင်သခင်သည် ဤစကားတစ်ခွန်းကိုသာ ဆိုခဲ့သည်။

"ငါ့စိတ်နှလုံးဟာ နှင်းကဲ့သို့ ၊ ဓားဟာ ဆီးနှင်းခဲကဲ့သို့ ၊ ငါ နဲ့ ငါ့ဓားဟာ လူ့လောကကို ဖြတ်တောက်မယ်....."

" ပရမ်းပတာ ဖြစ်နေတဲ့ လူ့လောကကို မဖြတ်တောက်ရင် ၊ နောင်လာနောက်သားတွေ ပျက်စီးရလိမ့်မယ် "

.........

ယွင်ချင်းဟုန်၏ စိတ်ထဲက အတွေးများ ပြီးဆုံးသွားပြီးနောက် ၊

သူ၏ မျက်လုံးများက လင်းဟန်ကို စိုက်ကြည့်ရင်း ဖုံးကွယ်လို့မရနိုင်အောင်ပင် တောက်ပလာသည်။

" လူ့လောကဓားဆန္ဒ ဟာ ဖြောင့်မတ်ခြင်းရဲ့ အထွတ်အထိပ်လို့ အမည်တွင်ပေမယ့်..ဒါပေမဲ့ လူ့လောကရဲ့ အထီးကျန်မှု ၊ လွင့်မျောနေတဲ့ နှင်းစက်တွေရဲ့ တိတ်ဆိတ်ငြိမ်သက်မှုကိုလည်း ခံနိုင်ရည်ရှိရတယ်.... စိတ်နှလုံးသားဟာ နှင်းလို.... ဓားဟာ ဆီးနှင်းခဲလို...."

"ဒါပေမဲ့ ဆရာတူအစ်ကိုကြီးရဲ့ ဓားဟာ..... သက်ရှိအပေါင်းတို့အတွက် လောကကြီး မဟုတ်ဘဲ...."

"သူမအတွက် လောကကြီးပဲ....."

ထိုသို့ပြောပြီးနောက် ၊ ယွင်ချင်းဟုန်သည် ခေါင်းခါရင်း ခါးသီးစွာ ပြုံးမိလိုက်သည်။

သူ၏ အမြင်တွင် ၊ ဆရာတူအစ်ကိုကြီးသည် သန်မာသော်လည်း စူးချန်ကဲ၏ ပြိုင်ဘက် ဖြစ်ရန် ခဲယဉ်းလိမ့်မည်။

အကြောင်းမှာ သူ စုစည်းထားသော ဓားဆန္ဒသည် စစ်မှန်သော လူ့လောကဓား၏ ဓားဆန္ဒ မဟုတ်သောကြောင့် ဖြစ်သည်။

စစ်မှန်သော လူ့လောကဓား၏ ဓားဆန္ဒသည် မကောင်းမှုနှင့် မတရားမှုအားလုံးကို ဖြတ်တောက်ရန် သာမန်ပြည်သူများအတွက် ရည်စူးထားသော ဓားတစ်လက် ဖြစ်ပေသည်။

သို့သော်လည်း သူ၏ ဆရာတူအစ်ကိုကြီးသည် ညီမဖြစ်သူအတွက် စစ်မှန်သော လူ့လောက ဓား၏ ဓားဆန္ဒကို စွန့်လွှတ်ရန် ရွေးချယ်ခဲ့သည်။

...........

တစ်ချိန်တည်းမှာပင်။

လင်းဟန်မှ ထုတ်လွှတ်လိုက်သော ခမ်းနားထည်ဝါလှသည့် ဓားဆန္ဒကို ခံစားလိုက်ရသည်နှင့် ၊ ဤတစ်ခေါက်တွင်မူ စူးချန်ကဲသည် ချီးကျူးခြင်းထက် ဆန့်ကျင်ဘက်အနေဖြင့် အနည်းငယ် စိတ်ပျက်သွားဟန် ရှိသည်။

တစ်ဖက်လူ၏ ဓားဆန္ဒသည် အလွန်အားကောင်းသော်လည်း ၊ သူ့အား ခံစားရစေသည်မှာ ဟန်ပန်သာရှိပြီး ဆန္ဒ မရှိသကဲ့သို့ ဖြစ်နေသည်။

ဓားဆန္ဒကို ကျွမ်းကျင်စွာ ထိန်းချုပ်နိုင်သည့်ပုံ ပေါက်သော်လည်း ၊ သို့သော် အပြည့်အဝ နားမလည်သေးပုံရကာ အားနည်းချက်များ ရှိနေခဲ့သည်။

ဤကဲ့သို့ မပြည့်စုံသော ဓားဆန္ဒသည် ၎င်း၏ ကိုယ်ပိုင်အစွမ်းသတ္တိ ငါးပုံတစ်ပုံကိုပင် ထုတ်လွှတ်ရန် ခက်ခဲသည်။

" ညီနောင်ချန်ကဲ ၊ မင်း သတိထားလိုက်တော့!"

"ဒီဓားကို နှင်းမုန်တိုင်းထဲက လူ့လောကဓား လို့ ခေါ်တယ် !"

All Chapters