ချို့ယွင်းချက်ရှိနေသော ဓား
Vol. 61 Ch. 796
ဂျိန်း! !
စူးချန်ကဲ တွေးတောနေစဉ်မှာပင် ၊
မိုးမြေတစ်ခွင်လုံးကို တုန်လှုပ်သွားစေသည့် ဓားဟောက်သံတစ်ခု ထွက်ပေါ်လာခဲ့သည်။
ဘုန်း ——
ဤအခိုက်အတန့်တွင် အရပ်မျက်နှာအားလုံး တိတ်ဆိတ်သွားပြီး မိုးမြေတစ်ခွင်လုံး ရပ်တန့်သွားကာ အရာအားလုံးသည် နှင်းမုန်တိုင်းလောကထဲသို့ ပြန်လည် ရောက်ရှိသွားဟန် ရှိသည်။
မရေတွက်နိုင်သော ဆီးနှင်းခဲများစွာ လှိမ့်ဆင်းလာပြီး ၊ ကောင်းကင်ယံအထက်တွင် စုဝေးကာ တုန်လှုပ်မြည်ဟည်းနေကြသည်။
ကောင်းကင်ယံအထက်တွင် ကြယ်အမှုန်အမွှားများ ပြန့်ကျဲနေသကဲ့သို့ ၊ တစ်ဖန် ညလေပြေသည် မိုးမခပန်းပွင့်များကို လွင့်စေကာ ၊ လကွယ်ညတွင် ကြယ်မိုးများ ရွာကျနေသကဲ့သို့ ပင်။
ဤဓားသည် အလွန်ပင် လှပပြီး အထီးကျန်မှု၊ လွမ်းဆွေးမှုတို့ဖြင့် ပြည့်နှက်နေသည်။
မရေတွက်နိုင်သော နှင်းပွင့်များကြား ၊ လူ့ဘဝ၏ မရေမတွက်နိုင်သော မြင်ကွင်းများစွာ ပါဝင်ပုံရသည်။ ဤသည်မှာ ခွဲခွာရခြင်း၏ ဝမ်းနည်းမှု၊ ဆုံးရှုံးရခြင်း၏ နောင်တ၊ လက်လွတ်ဆုံးရှုံးခဲ့ရသော အခွင့်အရေးများအတွက် နောင်တ စသည်တို့ကို ဖော်ပြသနေဟန် ရသည်။
၎င်းသည် လူ့လောက၏ မရေမတွက်နိုင်သော အတွေးများနှင့် နှင်းမုန်တိုင်းများကို ပေါင်းစည်းပေးသည့် ဓားတစ်ချက်ပင် ဖြစ်သည်။
လူတ်ိုင်း၏ ထိတ်လန့်တုန်လှုပ်မှုအောက်တွင်၊
အဆိုပါ ဓားချက်အောက်တွင် ရှိနေသော စူးချန်ကဲသည် ခေါင်းခါကာ ညည်းတွားလိုက်သည်။
"သနားစရာပဲ ၊ မင်းရဲ့ ဒီဓားမှာ နှင်းမုန်တိုင်းရှိပေမယ့် လောကကြီး ရှိမနေဘူး"
စူးချန်ကဲသည် ညင်သာစွာ သက်ပြင်းချလိုက်သည်။
လူတိုင်း၏ ထိတ်လန့်မှုနှင့် နားမလည်နိုင်သော အကြည့်များအောက်တွင် ၊ သူ၏ မျက်လုံးများကို ဖြည်းညှင်းစွာ မှိတ်လိုက်သည်။
ဤအခိုက်အတန့်တွင်၊ စူးချန်ကဲ၏ အာရုံခံစားမှုထဲ၌ လောကရှိ အရာအားလုံးသည် နှေးကွေးသွားသည်။
အချိန်၏ စီးဆင်းမှုသည် နှေးကွေးသွားပြီး ၊ ကောင်းကင်နှင့် မြေကြီးသည် အဖြူအမည်းအဖြစ်သို့ တဖြည်းဖြည်း ပြောင်းလဲသွားပုံရသည်။
အဖြူအမည်း လောကအတွင်း ၊ မှိန်ဖျော့ဖျော့ အလင်းတန်းများ ဖြာထွက်နေသော ဓားစွမ်းအင်များသည် စူးချန်ကဲ၏ ခန္ဓာကိုယ်အတွင်းသို့ အဆက်မပြတ် စုဝေးဝင်ရောက်လာသည်။
သူ၏ မျက်လုံးများကို မှိတ်ထားသော်လည်း ၊ ဓားစွမ်းအင်များ၏ စုစည်းမှုအောက်တွင် ဓားဖြင့် ဖန်တီးထားသော မိုးကောင်းကင်ရှိ မျက်လုံးတစ်လုံးသည် သူ၏ ဦးခေါင်းထက်တွင် ထွက်ပေါ်လာဟန် ရှိသည်။
ချက်ချင်းဆိုသလိုပင် ကမ္ဘာကြီးသည် အဖြူအမည်း လောကကြီး တစ်ခုအဖြစ် တစ်ဖန် ပြောင်းလဲသွားသည်။ မြင်ကွင်းများသည် မရေမတွက်နိုင်သော အဖြူအမည်းမျဉ်းကြောင်းများဖြင့် ရက်လုပ်ထားသကဲ့သို့ ဖြစ်နေကာ ၊ ကမ္ဘာပေါ်ရှိ အရာအားလုံးသည် စူးချန်ကဲ၏ စိတ်ထဲတွင် အသေးစိတ် ပေါ်ထွက်လာသည်။
ဤသည်မှာ အလုံးစုံသောလမ်းစဉ် ဗလာနိတ္ထိမျက်လုံးတော်နှင့် မိမိ၏ ဓားလမ်းစဉ်ကို ပေါင်းစပ်ထားသည့် စွမ်းအားအသစ် ' ဓားမှ မျက်လုံးအဖြစ် ' ဟု အမည်တွင်သည်။
စင်ကြယ်သော စိတ်အာရုံကို ဓားဆန္ဒနှင့် ပေါင်းစည်းကာ ဓားလမ်းစဉ်၏ နတ်ဘုရားမျက်လုံးအဖြစ် ဖန်တီးသည်။
သတ္တဝါအားလုံးကို ဖန်တီးနိုင်ကာ ကောင်းကင်နှင့် လူ့လောကကို ဖြတ်တောက်နိုင်သည်။ လောကရှိ အရာအားလုံးကို ထင်ဟပ်စေကာ မှားယွင်းသောအမြင်များကို မြင်တွေ့ခြင်းဖြင့် စစ်မှန်သော မိမိကိုယ်ကို သိမြင်နိုင်သည်။
လင်းဟန်၏ ဓားချက်တွင် ပါဝင်သော နက်နဲသော ဓားစွမ်းအင် ၊ ဓား၏ အရှိန်အဟုန် ၊ ပြောင်းလဲမှုအားလုံးသည် စူးချန်ကဲ၏ စိတ်ထဲတွင် ထင်ဟပ်လာသည်။
ကျယ်ပြန့်လှသော ဓားစွမ်းအင်သည် စူးချန်ကဲနှင့် လက်တစ်ကမ်းအကွာ ရောက်ရှိလာချိန်တွင်၊
စူးချန်ကဲသည် မှိတ်ထားသော မျက်လုံးများကို ရုတ်တရက် ဖွင့်လိုက်သည်။
"လသရဖူ ဆယ့်နှစ်ချက်"
ကောင်းကင်လမ်းစဉ် အာဏာစက် ဓားသည် ပင်လယ်ပြင်မှ ထွက်ပေါ်လာသော မိုးပြာနဂါးတစ်ကောင်ကဲ့သို့ပင်။
မျက်စိတစ်မှိတ်အတွင်းမှာပင် တောက်ပသော ဓားစွမ်းအင် ဆယ့်နှစ်ချက်ကို ထုတ်လွှတ်လိုက်သည်။ ခမ်းနားလှသော ဓားစွမ်းအင်များသည် မတူညီသော နေရာသို့ အသီးသီး ကျရောက်သွားသည်။
တစ်ခုနှင့်တစ်ခု ကန့်လန့်ပိုင်းဖြတ်နေသော ဓားအလင်းများသည် နွားထီးတစ်ကောင်ကို ကျွမ်းကျင်စွာ ခွဲစိတ်ကုသနေသော သားသတ်သမားတစ်ဦးကဲ့သို့ပင် ၊ 'နှင်းမုန်တိုင်း လူ့လောက' ၏ အားအနည်းဆုံး နေရာ ဆယ့်နှစ်ခုကို ဖောက်ထွင်းကာ ပေါက်ကွဲသွားစေသည်။
ဝုန်း ! ဝုန်း ! ဝုန်း !
အကြိမ်ကြိမ် ထွက်ပေါ်လာသော ဓားစွမ်းအင်များ၏ ဆူညံသံများသည် မိုးမြေတစ်ခွင်လုံးကို တုန်လှုပ်သွားစေကာ ၊ လင်းဟန်၏ ဓားစွမ်းအင် သက်တံ့ကြီးသည် ပြင်းထန်စွာ တုန်ခါသွားပြီး ထို့နောက် ရုတ်တရက် ပေါက်ကွဲသွားသည်။
ဓားစွမ်းအင်၏ ပေါက်ကွဲမှုအောက်တွင် ၊ ဤနေရာရှိ ဧရိယာတစ်ခုလုံးသည် တုန်ခါသွားသည်။ ရှေးဟောင်း ကြယ်ကြီးနှစ်စင်း တိုက်မိသကဲ့သို့ လူတို့၏ မျက်လုံးများကို စူးရှသွားစေသည့် အဖြူရောင် အလင်းလှိုင်းတံပိုးများ ပွင့်ထွက်လာသည်။
အနီးဆုံးရှိ ကောင်းကင်ဘဏ္ဍာ ဓာတ်ငါးပါး အမတစေတီသည်ပင် ၊ ကြောက်မက်ဖွယ်ရာ ကောင်းသော ဓားစွမ်းအင် လှိုင်းတံပိုးများကြောင့် ထိခိုက်သွားခဲ့ပြီး မလွှဲမရှောင်သာ ပြင်းထန်စွာ တုန်ခါသွားသည်။
လူတိုင်း ထိတ်လန့်တုန်လှုပ်နေကြသော်လည်း ၊ ထိုနေရာကို မော့ကြည့်လိုက်ကြပြန်သည်။
လင်းဟန်သည် ကြောက်ခမန်းလိလိ စွမ်းအားတစ်ခု၏ ထိုးနှက်မှုကို ခံလိုက်ရသကဲ့သို့ မြေပြင်ပေါ်သို့ ပြင်းထန်စွာ ပြုတ်ကျလာသည်ကို မြင်တွေ့လိုက်ရသည်။
ဘုန်းခနဲ့ မြည်သော ကျယ်လောင်သံနှင့်အတူ ၊ ပြုတ်ကျလာသော ထိုဧရိယာတစ်ဝိုက်တွင် ကျောက်စရစ်ခဲများ လွင့်စင်ကာ ဖုန်မှုန့်များထောင်းထောင်း ထသွားသည်။
ဖုန်မှုန့်များ တဖြည်းဖြည်း ကင်းစင်းသွားချိန်တွင် ၊
လင်းဟန်သည် သူ့လက်ထဲက 'လူ့လောက ဓား' ကို အားပြုလျက် ၊ မြေပေါ်တွင် ဒူးတစ်ဖက်ထောက်ထားသည်ကို တွေ့လိုက်ရသည်။
ဤအခိုက်အတန့်တွင်၊ သူ၏ ဆံထုံးသည် ဖြည်ကျသွားပြီး နှုတ်ခမ်းထောင့်တွင် သွေးများ ကပ်ငြိနေသည်။
မျက်နှာသည် အနည်းငယ် ဖြူဖျော့နေကာ ၊ ဖြူဖွေးသော သူ၏အသားအရေများပေါ်တွင် ဓားစွမ်းအင်ကြောင့် ဖြစ်ပေါ်လာသော ဒဏ်ရာများမှ သွေးများ စီးကျနေသည်။
တစ်ချိန်က မာနထောင်လွှားခဲ့သော ဓားသမားသည် ယခုတွင်မူ ဝမ်းနည်းဖွယ်ရာကောင်းသော အခြေအနေမျိုးဖြင့် ရှိနေခဲ့သည်။
လင်းဟန်ကို အားပေးခဲ့ကြသော ကျင့်ကြံသူများမှာ အံ့အားသင့်လျက် စိတ်ပျက်အားငယ်သွားကြသည်။
သံသယဖြစ်စရာပင် မလိုချေ။ ဤဓားရေး ယှဉ်ပြိုင်မှုတွင် လင်းဟန် တစ်ယောက် ရှုံးနိမ့်သွားခဲ့ချေပြီ။
ယင်းက သူတို့ကို ထိတ်လန့်သွားစေသည့်အပြင် မယုံနိုင်လောက်အောင် ဖြစ်ခဲ့ရသည်။
လက်ရှိ အမတနယ်မြေ၏ အထွတ်အထိပ် ဓားလမ်းစဉ် ပါရမီရှင်တစ်ဦးသည် စူးချန်ကဲ၏ လက်ချက်ဖြင့် ရှုံးနိမ့်သွားခဲ့ပြီ ဖြစ်သည်။
"လင်းအစ်ကိုကြီး ၊ နောက်ဆုံးတော့ ရှုံးသွားပြီပဲ!"
သို့သော်လည်း ထျန်းဟိုင်ဓားဂိုဏ်းမှ ကျင့်ကြံသူများသည် ဤမြင်ကွင်းကို ကြိုတင်မှန်းဆထားပုံရသည်။
ထျန်းဟိုင်ဓားဂိုဏ်း၏ ဓားသမားများအနေဖြင့် ၊ သူတို့သည် ဓားလမ်းစဉ်တွင် မြင့်မားသော အောင်မြင်မှုများ ရရှိထားကြပြီး ၊ ထူးဆန်းသော အမြင်များ ရှိသည်ဟု ဆိုနိုင်သည်။
သူတို့ အစ်ကိုကြီး ဓားထုတ်လိုက်သည့် ထိုအခိုက်အတန့်မှာပင် သူတို့သည် ရလဒ်ကို ကြိုတင်မှန်းဆပြီးသား ဖြစ်သည်။
ဓားလမ်းစဉ်တွင် အရည်အချင်းအရ ၊ သူတို့၏ အစ်ကိုကြီးသည် စူးချန်ကဲထက် လုံးဝ မနိမ့်ကျပေ။
သို့သော် နှမြောစရာကောင်းသည်မှာ သူတို့အစ်ကိုကြီး၏ ဓားနှလုံးသားသည် ပြီးပြည့်စုံခြင်း မရှိဘဲ ချို့ယွင်းချက်ရှိနေခြင်းပင် ဖြစ်သည်။
......
"လင် မိတ်ဆွေ၊ အစကတော့ ငါ့ရဲ့ ဒီဓားချက်ဟာ မင်းရဲ့ ဓားချက်ကို ဖြတ်တောက်ပစ်ဖို့ မလုံလောက်ခဲ့ဘူး "
ထိုအချိန်တွင် စူးချန်ကဲသည် ကောင်းကင်လမ်းစဉ် အာဏာစက် ဓားကို ပြန်လည် သိမ်းဆည်းပြီးဖြစ်ကာ ၊ မြေပေါ်တွင် ဒူးတစ်ဖက်ထောက်နေသော လင်းဟန်ရှေ့တွင် ရပ်လျက် အေးဆေးစွာ ပြောလိုက်သည်။
"မင်းရဲ့ ဓားက အားကောင်းပေမဲ့ ချို့ယွင်းချက်တစ်ခု ရှိနေတယ် ၊ ဒီချို့ယွင်းချက်က ငါတို့လို ဓားသမားတွေအတွက် အသက်အန္တရာယ် အရှိဆုံးပဲ"
"ငါ မှန်းဆတာ မမှားဘူးဆိုရင် ၊ မင်းဟာ မဖြေရှင်းနိုင်တဲ့ စိတ်နှလုံးသားထဲက အထုံးကြောင့် မင်းရှာဖွေနေတဲ့ စစ်မှန်တဲ့ ဓားဆန္ဒကို မစုစည်းနိုင်ခဲ့တာပဲ ဖြစ်ရမယ်"
"ဒါကြောင့် မင်းဟာ ဒီလောက် လွယ်လွယ်ကူကူ ရှုံးနိမ့်သွားခဲ့တာပဲ "
အခန်း (၇၉၆) - ချို့ယွင်းချက်ရှိနေသော ဓား (Part-2)
"အဟွတ် ....."
လင်းဟန်သည် ပြင်းပြင်းထန်ထန် ချောင်းဆိုးလိုက်ပြီး ၊ သွေးပုတ်အချို့ကို အန်ချလိုက်သည်။ သူ၏ရောင်ဝါသည် အတော်လေး အားနည်းနေသည်။
သို့သော်လည်း သူသည် နှုတ်ခမ်းထောင့်ရှိ သွေးများကို သုတ်ပစ်ကာ ၊ 'လူ့လောက ဓား'ကို အားပြုလျက် မတ်တတ်ရပ်လိုက်သည်။
အလွန်အမင်း အားနည်းနေခြင်းကြောင့် သူ၏ ကိုယ်ခန္ဓာသည် အနည်းငယ် တုန်ယင်နေသော်လည်း ၊ သို့သော် သူ၏ ဖရိုဖရဲဖြစ်နေသော ပုံစံကို လုံးဝ ဂရုမစိုက်ပုံရသည်။
သူသည် စူးချန်ကဲအား ပေါ့ပေါ့ပါးပါး ပြုံးပြလိုက်သည်။ သူ၏ မျက်လုံးထဲတွင် ရှုံးနိမ့်ခြင်းကြောင့် မကျေမနပ်ဖြစ်သည့် ခံစားချက်မျိုး မရှိဘဲ ၊ ယင်းအစား သူ၏ သူရဲကောင်းဆန်သော အသွင်အပြင်ကို ဆက်လက် ထိန်းသိမ်းထားဆဲ ဖြစ်သည်။
သူ၏ နှုတ်ခမ်းထောင့်တွင် မိမိကိုယ်ကို သရော်သည့် အပြုံးများ လှစ်ဟသွားပြီး ၊ အားအင်ချိနဲ့သော လေသံဖြင့် ပြောလိုက်သည်။
"ဟားဟား.... ငါ မင်းဆီကနေ ဖုံးကွယ်လို့မရဘူးပဲ မိတ်ဆွေ ချန်ကဲ "
"ငါ ကျင့်ကြံတဲ့ ဓားဆန္ဒကို လူ့လောကဓားဆန္ဒလို့ ခေါ်တယ်၊ ဒီဓားဆန္ဒက ငါတို့ ထျန်းဟိုင်ဓားဂိုဏ်းရဲ့ ရိန်ကျန့် ဓားအရှင်သခင် ဖန်တီးခဲ့တာပဲ"
"လူ့လောကဓားရဲ့ ဓားဆန္ဒဆိုတာဟာ နာမည်အတိုင်းပဲ ...ဒီခန္ဓာကိုယ်နဲ့ ငါဟာ ဓားတစ်ချောင်း ဖြစ်လာမယ်.. တစ်ဖန် ဒီခန္ဓာကိုယ်နဲ့ ငါဟာ လူသားတစ်ယောက် ဖြစ်လာမယ်"
" ကိုယ့်မှာရှိသမျှ အရာအားလုံးကို လူ့လောကအတွက် စွန့်လွှတ်အနစ်နာခံရမယ်... ငါဟာ ဓားဖြစ်ပြီး ၊ ငါဆိုတဲ့ ဓားဟာ လူ့လောကအတွက် ဖြစ်ရမယ်"
" လူ့လောက ဓားရဲ့ ဆယ့်ကိုးယောက်မြောက် ပိုင်ရှင်အနေနဲ့.. .လူ့လောကအတွက် ကိုယ်ကျိုးစွန့်ပြီး ၊ လူ့လောကအတွက် အရာအားလုံးကို စွန့်လွှတ်ရမယ်"
လင်းဟန်၏ နှုတ်ခမ်းထောင့်ရှိ မိမိကိုယ်ကို သရော်သည့် အပြုံးသည် ပို၍ နက်ရှိုင်းလာသည် ။
" ဒါပေမဲ့ ငါကတော့ အရည်အချင်းပြည့်မီတဲ့ ဓားပိုင်ရှင် တစ်ယောက် မဟုတ်သေးဘူး ...ဘာလို့လဲဆိုတော့ လူ့လောက ဓားကို ဆုပ်ကိုင်ထားသူဟာ လူ့လောကအတွက် စိတ်နှလုံးအကြွင်းမဲ့ အပ်နှံနိုင်ရမယ်..."
" အရင်က မင်း ငါ့ကို ဘာကြောင့် ဟွရှင်းအပိုင်းအစတွေ ရှာဖွေရတာလဲလို့ မေးခဲ့တယ် မဟုတ်လား"
ဆက်လက်၍ လင်းဟန်သည် ထိုကိစ္စနှင့် ပတ်သတ်၍ အကြောင်းရင်းမှန်ကို စတင် ရှင်းပြခဲ့လေသည်။
ငယ်စဉ်တုန်းက လင်းဟန်နှင့် သူ့ညီမလေးသည် မတော်တဆမှုတစ်ခုကြောင့် ပြင်းထန်စွာ ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။
သူမ၏ နှလုံးသည် ပြန်မကောင်းနိုင်သော ထိခိုက်မှုကို ခံစားခဲ့ရပြီး ၊ ယင်းကြောင့် သူမသည် ပြန်လည် နိုးမထဘဲ ရှိနေခဲ့သည်။
သူသည် တစ်ချိန်က ဂိုဏ်းအကြီးအကဲများအား မိမိ၏ညီမကို ကယ်တင်နိုင်မည့်နည်းလမ်းကို ရှာဖွေပေးရန် တောင်းပန်ခဲ့ဖူးသည်။
သို့သော်လည်း ညီမဖြစ်သူ၏ ဒဏ်ရာသည် အလွန်ပင် ထူးဆန်းသည်။ ထျန်းဟိုင်ဓားဂိုဏ်းတွင် သူမကို နိုးထစေရန် နည်းလမ်းရှိသော်လည်း ၊ သို့သော် ထိုသို့ပြုလုပ်ခြင်းက သူမကို ထပ်မံ ပြင်းထန်စွာ ထိခိုက်စေနိုင်ကာ အိပ်ရာပေါ်တွင်သာ လဲလျောင်းနိုင်သော သစ်ပင်လူသားအဖြစ်သို့ ရောက်ရှိသွားနိုင်သည်။
ဤကဲ့သို့သော ရလဒ်ကို လင်းဟန်အနေဖြင့် လက်မခံနိုင်ခဲ့ပေ။
မေ့မြောနေသော ညီမကို နိုးထလာစေရန် လင်းဟန်သည် ဂိုဏ်းကို ဖီဆန်ကာ အမတနယ်မြေတစ်ခွင်သို့ တစ်ယောက်တည်း လှည့်လည်သွားလာရင်း အလွန်နည်းပါးသော ဖြစ်နိုင်ခြေကို ရှာဖွေနေခဲ့သည်။
သို့သော်လည်း သူသည် လူ့လောက ဓား၏ သခင်ဖြစ်သည်။ လူ့လောက ဓားကို အထွတ်အထိပ်အထိ ထုတ်ဖော်လိုပါက ၊ မိမိ၏မိသားစုကိုပင် စွန့်လွှတ်ကာ မိမိ၏ ကြီးမားသော ရည်ရွယ်ချက်ကိုလည်း စွန့်လွှတ်ရပေမည်။ တစ်နည်းအားဖြင့် ဆိုရသော် ၊ လောကအတွက် မိမိ၏ညီမကိုပင် စွန့်လွှတ်ရမည်။
စစ်မှန်သော လူ့လောက ဓားကို ကျင့်ကြံလိုပါက ၊ ဤသည်မှာ မဖြစ်မနေ လျှောက်လှမ်းရမည့် လမ်းဖြစ်သည်။ အကယ်၍ လူတစ်ယောက်၏ လောကအတွက် သက်ရှိအပေါင်းတို့၏ လောကကြီးကို စွန့်လွှတ်ပါက ၊ ထိုအရာသည် စစ်မှန်သော လူ့လောက မဟုတ်တော့ပေ။
သို့သော်လည်း လင်းဟန်သည် နောက်ဆုံးတွင် ဤဆုံးဖြတ်ချက်ကို ရွေးချယ်ခဲ့သည်။ ထို့ကြောင့် ဂိုဏ်းရှိလူတိုင်းက သူ့ကို ခေတ်အဆက်ဆက် လူ့လောက ဓားအုပ်ချုပ်သူများအနက် အားအနည်းဆုံး အုပ်ချုပ်သူဟု ခေါ်ဆိုကြသည်။
မှန်၏။ သူသည် ညီမဖြစ်သူ၏လောကကြီး အတွက် 'စစ်မှန်သော' လူ့လောကကို စွန့်လွှတ်ရန် ရွေးချယ်ခဲ့သည်။
နှင်းမုန်တိုင်း လူ့လောကသည် ယခုမှစ၍ နှင်းမုန်တိုင်းသာ ရှိပြီး ၊ လူ့လောက မရှိတော့ပေ။
.....
ခဏအကြာတွင် လင်းဟန်သည် အကြောင်းရင်းမှန်ကို အစအဆုံး အကြမ်းဖျင်း ရှင်းပြခဲ့သည်။
"ဒီလိုဖြစ်ခဲ့တာလား....."
သူ၏ ရှင်းပြချက်ကို နားထောင်ပြီးနောက်၊ စူးချန်ကဲသည် သဘောပေါက်သော အရိပ်အယောင်ကို ပြသလိုက်သည်။
သူသည် မူလက လင်းဟန်၏ ဓားဆန္ဒတွင် ဤကဲ့သို့ ချို့ယွင်းချက်ရှိရခြင်းမှာ မစွန့်လွှတ်နိုင်သော မဟာလမ်းစဉ်၏ အရိပ်မည်းကြီးတစ်ခု ရှိမည်ဟု ထင်ခဲ့သည်။
သို့သော်လည်း နောက်ကွယ်တွင် ဤကဲ့သို့သောအကြောင်းအရာများ ရှိလိမ့်မည်ဟု ထင်မထားခဲ့ပေ။
လူ့လောက ဓား၏ အုပ်ချုပ်သူအနေဖြင့် လင်းဟန်သည် ဓားလမ်းစဉ်တွင် အတုမရှိဟု ဆိုနိုင်သည်။
လက်ထဲရှိ ဓားကို အမှီပြုကာ လောက၏ တရားမျှတမှုကို ဆောင်ကျဉ်းလျက် မကောင်းသော ဆိုးညစ်မှုများကို ဖြတ်တောက်ကာ သတ္တဝါအပေါင်း၏ လေးစားခြင်းကို ခံရပြီး ဂိုဏ်းတူညီအစ်ကိုများ၏ လေးစားမှုကို ရရှိခဲ့သည်။
သို့သော်လည်း ဤမျှ ထူးချွန်လှသူသည် မိမိ၏ ညီမအတွက်ကြောင့် ဤအရာအားလုံးကို စွန့်လွှတ်ခဲ့သည်။
ပို၍ ရယ်စရာကောင်းသည်မှာ သူ၏ လက်ထဲက ဓားသည် သက်ရှိအပေါင်းတို့ကို ကာကွယ်နိုင်ကာ လောကကြီးကို ကယ်တင်နိုင်သည်။ သို့သော်လည်း မိမိ၏ ညီမကိုတော့ မကယ်တင်နိုင်ခဲ့ပေ။
"ဒီက လူကြီးမင်းလင်.... အားရှင်း အထင် လူကြီးမင်း တစ်စုံတစ်ခုကို လွဲမှားစွာ နားလည်ထားပုံပဲ"
အားရှင်းသည် ရုတ်တရက် စကားစလိုက်ပြီး ရှင်းပြလိုက်သည်။
"ဟွရှင်းအပိုင်းအစဟာ အလွန်နက်နဲဆန်းကြယ်တယ်.... နှလုံးသားမရှိတဲ့ အရာဝတ္ထုတွေကို ဖန်တီးနိုင်စွမ်းရှိတဲ့ နှလုံးသားကို ပေးအပ်နိုင်ပါတယ်"
"ဒါပေမယ့် နှလုံးကို ပြင်းထန်စွာ ထိခိုက်ဒဏ်ရာရထားတဲ့ သူကိုတော့ အသက်စွမ်းအင် ပေးအပ်နိုင်စွမ်း မရှိဘူး"
"အကြောင်းကတော့ နှလုံးကို ပြင်းထန်စွာ ထိခိုက်ဒဏ်ရာရထားတဲ့ လူပဲဖြစ်ဖြစ် သတ္တဝါပဲဖြစ်ဖြစ် သူတို့ဟာ နှလုံးသားရှိတဲ့ အရာဝတ္ထုတွေ ဖြစ်လို့ပဲ... ဒါကြောင့် ဟွရှင်းအပိုင်းအစက အာနိသင် မပြနိုင်တာပါ"
"မင်း ဘာပြောတယ်...?"
ထိုစကားကို ကြားလိုက်ရသော လင်းဟန်၏ မျက်လုံးများသည် မလွှဲမရှောင်သာ ကျုံ့သွားပြီး အားရှင်းကို မယုံကြည်နိုင်ဟန်ဖြင့် စိုက်ကြည့်နေသည်။
ဟွရှင်းအပိုင်းအစသည် ညီမဖြစ်သူအတွက် အမှန်တကယ်ပင် အသုံးဝင်ခြင်း မရှိလေသလော။
ထိုသို့ဆိုလျှင် သူသည် နတ်ဘုရားလက်နက် အမတမျှော်စင်တွင် ဤမျှကြာအောင် ရှာဖွေခဲ့ခြင်း၊ ပြုလုပ်ခဲ့သမျှ ကြိုးပမ်းမှုအရာအားလုံးသည် အချည်းနှီး ဖြစ်ခဲ့ရသည် မဟုတ်လော။
"ဒါ မဖြစ်နိုင်ဘူး!"
လင်းဟန်၏ မျက်လုံးများသည် နီမြန်းသွားပြီး အော်ဟစ်လိုက်သည်။
"ဟွရှင်းအပိုင်းအစရဲ့ နက်နဲဆန်းကြယ်မှုကို ရှေးဟောင်းစာအုပ်ထဲမှာ ရှင်းရှင်းလင်းလင်း ငါ မြင်ခဲ့ပြီးပြီ! ဘယ်လိုလုပ်ပြီး မှားနိုင်မှာလဲ!?"
" ယှဉ်ပြိုင်မှုမှာ ငါ ရှုံးခဲ့တာဆိုတော့ ငါ သဘောတူထားတဲ့အတိုင်း ဆောင်ရွက်မှာပါ.. ဟွရှင်းအပိုင်းအစတွေကို မင်းတို့ကို ပေးမှာပါ!"
"မင်း ငါ့ကို ဒီလိုတွေပြောပြီး လှည့်စားဖို့ လိုသေးလို့လား !"
တစ်ဖက်လူ၏ အမူအရာကို မြင်ပြီးနောက် ၊ စူးချန်ကဲသည် ခေါင်းခါကာ သက်ပြင်းချလိုက်သည်။
အကြောင်းမှာ ဤမျှကြာအောင် ကြိုးစားအားထုတ်ခဲ့သော်လည်း ၊ နောက်ဆုံးတွင် ဝါးတောင်းဖြင့် ရေခပ်ရသည့်အလား အချည်းနှီးဖြစ်ခဲ့ရသည်မှာ မည်သူမဆို စိတ်နှလုံးသား ပြိုလဲသွားနိုင်သည်။
" မိတ်ဆွေ လင် ၊ မင်းအနေနဲ့ ဟွရှင်းအပိုင်းအစအကြောင်း သိနိုင်တယ်ဆိုရင် ကျောက်ဟွ အမတဧကရာဇ်မင်းအကြောင်းကိုလည်း မင်း သိမှာ သေချာတယ်"
စူးချန်ကဲသည် အားရှင်း၏ စက်ရုပ်ဦးခေါင်းကို အသာယာ ပွတ်သပ်လိုက်ရင်း။
"ဒီအချိန်ထိရောက်မှတော့ ငါလည်း မင်းကို မဖုံးကွယ်တော့ဘူး... အားရှင်းဟာ တကယ်တော့ ကျောက်ဟွ အမတဧကရာဇ်မင်း ကိုယ်တိုင် သူ့ဘဝတစ်သက်တာ သွေးချွေးတွေနဲ့ ဖန်တီးထားတဲ့ အရာပဲ"
" ငါ အာမခံနိုင်တယ်၊ အားရှင်းဟာ ဟွရှင်းအပိုင်းအစကို နားအလည်ဆုံး သက်ရှိပဲ"
ဤစကားများ ထွက်လာသည်နှင့်၊
လင်းဟန်၏ စိတ်နှလုံးထဲတွင် လောကကြီးကို တုန်လှုပ်သွားစေသည့် မိုးကြိုးတစ်ချက် ပစ်ခတ်ခံလိုက်ရသကဲ့သို့ ခံစားလိုက်ရသည်။
သူ၏ အမူအရာသည် မျက်ဝါးထင်ထင် ဖြူဖျော့သွားပြီး ၊ ခန္ဓာကိုယ်တစ်ခုလုံးရှိ ခွန်အားများ အားလုံး စုပ်ယူခံလိုက်ရသည့်အလား မြေပြင်ပေါ်တွင် လဲကျသွားသည်။
...........