နောက်ဆုံးအနိုင်ရရှိသူ
Vol. 61 Ch. 797
"ဘယ်လို...?"
"ဒီထူးဆန်းတဲ့ အရာက ကျောက်ဟွ အမတဧကရာဇ်မင်း တစ်သက်တာ သွေးချွေးတွေနဲ့ ဖန်တီးထားတဲ့ အရာတဲ့လား.....?!"
အမှောင်ထဲကနေ ချောင်းမြောင်းနေသော ရှစ်ထျန်းတိ့သည် ဤစကားများကို ကြားလိုက်ရချိန်တွင် သူ၏ စိတ်ဝိညာဉ်သည် ပြင်းပြင်းထန်ထန် ထိခိုက်သွားသကဲ့သို့ သက်ပြင်းချမိလေသည်။
နတ်ဘုရားလက်နက် အမတမျှော်စင်ကို ဤမျှကြာအောင် စူးစမ်းရှာဖွေခဲ့သော်လည်း ၊ ကျောက်ဟွ အမတဧကရာဇ်မင်း ချန်ထားခဲ့သော အရာဝတ္ထုနှင့် ပတ်သက်သည့် သဲလွန်စများ တစ်ခုမျှပင် ရှာမတွေ့ခဲ့ပေ။
သို့သော်လည်း ချောင်းမြောင်း ခိုးနားထောင်ရင်း ၊ သူသည် ဤမျှ ကြီးမားသော လျှို့ဝှက်ချက်ကို သိရှိလိုက်ရသည်။
"ဒါဆိုရင်.... ဟွရှင်းအပိုင်းအစဆိုတာက....."
ရှစ်ထျန်းတိ့၏ ဦးနှောက်သည် လျင်မြန်စွာ အလုပ်လုပ်လေတော့သည်။ ဤအတောအတွင်း ၊ သူ ရရှိထားသော သတင်းအချက်အလက်များအရ ကောက်ချက်ချနိုင်ခဲ့သည်။
အားရှင်းကို ကျောက်ဟွ အမတဧကရာဇ်မင်းကိုယ်တိုင် ဖန်တီးခဲ့ခြင်း ဖြစ်သည်။
ဟွရှင်းအပိုင်းအစသည် နှလုံးသားမရှိသော အရာဝတ္ထုများကို အသက်စွမ်းအင် ပေးအပ်နိုင်ပြီး ၊ တစ်နည်းအားဖြင့် ဘဝအသစ်ကို ပေးစွမ်းနိုင်သည်။
ထို့အပြင် စူးချန်ကဲ နှင့် အားရှင်းဟုခေါ်သော ဤသံမဏိစက်ရုပ်သည် ဤမျှ အားစိုက်ထုတ်၍ ဟွရှင်းအပိုင်းအစများကို စုဆောင်းနေခြင်းမှာ ပြောစရာပင်မလိုချေ။ ဤသည်မှာ ကျောက်ဟွ အမတဧကရာဇ်မင်းအတွက်သာ ဖြစ်ပေမည်။
သို့သော်လည်း ကျောက်ဟွ အမတဧကရာဇ်မင်းသည် ထိုခေတ်ကာလကတည်းက ကွယ်လွန်သွားပြီးဖြစ်ကြောင်း သူကိုယ်တိုင် အတည်ပြုပြီး ဖြစ်သည်။
ထို့နောက် သူရရှိထားသော လျှို့ဝှက်သတင်းများအရ ၊ ကျောက်ဟွ အမတဧကရာဇ်မင်းသည် အသက်ရှင်စဉ်က မိမိအတွက် သံမဏိသတ္တု ကိုယ်ခန္ဓာတစ်ခုကို ဖန်တီးခဲ့သည်ဟု ဆိုသည်။
ဤသည်မှာ နှလုံးသားမရှိသည့် အရာဝတ္ထုအစား အသုံးပြုနိုင်သည့် ဟွရှင်းအပိုင်းအစနှင့် အတိအကျ ကိုက်ညီနေသည်။
"ဒါဆိုရင်...."
ရှစ်ထျန်းတိ့၏ နှုတ်ခမ်းထောင့်တွင် ဆိုးညစ်သော အပြုံးတစ်ခု ထွက်ပေါ်လာခဲ့သည်။
"အားရှင်းလို့ခေါ်တဲ့ ဒီသံမဏိစက်ရုပ်ဟာ ဟွရှင်းအပိုင်းအစကနေတစ်ဆင့် ကျောက်ဟွ အမတဧကရာဇ်မင်း အသက်ရှင်စဉ်က ဖန်တီးခဲ့တဲ့ သံမဏိသတ္တု ကိုယ်ခန္ဓာကို အသက်သွင်းချင်နေတာ သေချာတယ်"
"ဟားဟား......"
သူ၏နှုတ်ခမ်းဖျားမှ ရက်စက်ကြမ်းကြုတ်ပြီး ပျော်စရာကောင်းသော ရယ်သံတစ်ချက် ထွက်ပေါ်လာခဲ့သည်။
"ခက်ခက်ခဲခဲရှာတုန်းက မတွေ့ဘူး...တွေ့တော့လည်း ဒီလောက်ထိ လွယ်လွယ်ကူကူ ဖြစ်လိမ့်မယ်လို့ တကယ်ကို ထင်မထားဘူး"
ဤတစ်ကြိမ်တွင် ၊ သူသည် စူးရွှမ်၏ သတိထားခံရမည့် အန္တရာယ်ကို ရှောင်ဖယ်ကာ ကောင်းကင်ဘဏ္ဍာ ဓာတ်ငါးပါး အမတစေတီအတွင်း ကျောက်ဟွ အမတ်ဧကရာဇ်မင်း၏ သံမဏိသတ္တု ကိုယ်ခန္ဓာကို ရှာဖွေရန် မလိုအပ်တော့ပေ။
မိမိသည် အမှောင်ထု၏ မူလရင်းမြစ် အငွေ့အသက်ကို ထုတ်လွှတ်ကာ ဟွရှင်းအပိုင်းအစအပေါ်တွင် ကပ်တွယ်ကာ မှီခိုနေရန်သာ လိုအပ်သည်။
စူးချန်ကဲသည် ဟွရှင်းအပိုင်းအစကို ကျောက်ဟွ အမတဧကရာဇ်မင်းနှင့် ပေါင်းစည်းမည့်အချိန်ကို စောင့်ဆိုင်းကာ၊ သူသည် ကျောက်ဟွ အမတဧကရာဇ်မင်း၏ သံမဏိသတ္တု ကိုယ်ခန္ဓာကို တိုက်ရိုက် ကျူးကျော်ဝင်ရောက်ရုံသာပင်။
ဤအမတဧကရာဇ်မင်း၏ ကိုယ်ခန္ဓာကို မိမိအတွက် အသုံးပြုနိုင်ရုံသာမက ၊ အားစိုက်ထုတ်စရာပင် မလိုဘဲ စူးချန်ကဲအား ချေမှုန်းကာ အမှောင်ထုထဲသို့ ဆွဲခေါ်နိုင်ပေလိမ့်မည်။
ဤသည်မှာ ရှစ်ထျန်းတိ့ အလိုချင်ဆုံးရလဒ်သာ ဖြစ်သည်။
"စူးချန်ကဲ၊ ငါ့ကို နောက်ဆုံး အနိုင်ရရှိသူ ဖြစ်လာအောင် ကူညီပေးတဲ့အတွက် ငါ မင်းကို ဘယ်လို ကျေးဇူးတင်ရမှန်းတောင် မသိတော့ဘူး"
စူးချန်ကဲကို စိုက်ကြည့်နေသော ထိုအမှောင်ထု မျက်ဝန်းတစ်စုံသည် ပျော်စရာကောင်းသော အရိပ်အယောင်များဖြင့် ပြည့်နှက်နေသည်။
"ဒီလိုဆိုမှတော့ ငါ မင်းကို အနက်ရှိုင်းဆုံး အမှောင်ထုထဲကို သေချာပေါက် ဆွဲချပြမယ်"
..........
တစ်ချိန်တည်းမှာပင် အချိန်အတော်ကြာပြီးနောက်။
လင်းဟန်သည် ထိတ်လန့်ရာမှ ပြန်သတိကပ်လာခဲ့သည်။
"ဟားဟား.... မိတ်ဆွေ ချန်ကဲ ၊ မင်း ငါ့ကို ရယ်စရာကောင်းတယ်လို့ ထင်လား"
လင်းဟန်သည် ရုတ်တရက် စကားစလိုက်သည်။
"လောကက လူတွေက စစ်မှန်တဲ့ ဓားလမ်းစဉ်ဟာ ချစ်ခြင်းမေတ္တာဆိုတဲ့ စကားလုံးကို တားမြစ်ထားတယ်လို့ အမြဲပြောကြပေမယ့် ဒါပေမဲ့ ငါကတော့ လူ့လောကကို ဖီဆန်ရုံသာမက ချစ်ခြင်းမေတ္တာဆိုတဲ့ စကားလုံးကိုပါ ချိုးဖောက်ခဲ့တယ်၊ နောက်ဆုံးမှာလည်း ကိုယ့်ညီမကိုတောင် မကယ်တင်နိုင်ခဲ့ဘူး....."
"ငါဟာ အရည်အချင်းပြည့်မီတဲ့ ဓားသမား မဟုတ်ခဲ့ဘူး"
" အရည်အချင်းပြည့်မီတဲ့ အစ်ကိုတစ်ယောက်လည်း မဟုတ်ခဲ့ဘူး"
ဤအခိုက်အတန့်တွင်၊ တစ်ချိန်က မာနကြီးပြီး တရားမျှတသော ဓားသမားသည် အလွန်အထီးကျန်ဆန်ကာ ဝမ်းနည်းကြေကွဲနေပုံရပြီး ၊ ယင်းက လူတိုင်း၏နှလုံးသားထဲတွင် သနားကြင်နာသော ခံစားချက်တစ်ခုကို ဖြစ်ပေါ်စေသည်။
မိမိကိုယ်ကို သရော်ပြီးနောက် လင်းဟန်သည် သူ့ရင်ဘက်ထဲကနေ ဟွရှင်းအပိုင်းအစ သုံးခုကို ထုတ်ယူလိုက်သည်။
"ဒါက ငါတို့ အရင်က သဘောတူထားတဲ့အတိုင်းပဲ.. မင်း နိုင်တယ်..ဟွရှင်းအပိုင်းအစကို မင်းကို ပေးလိုက်မယ်"
ထို့နောက် လက်တစ်ချက် ညင်သာစွာ ဝှေ့ယမ်းလိုက်ရာ၊ ဟွရှင်းအပိုင်းအစ သုံးခုသည် အသိစိတ်ပေးအပ်ခံလိုက်ရသကဲ့သို့ စူးချန်ကဲ၏ လက်ထဲသို့ ကျရောက်လာခဲ့သည်။
သို့သော်လည်း လူတိုင်း မသိလိုက်သည်မှာ ဟွရှင်းအပိုင်းအစများ စူးချန်ကဲ၏ လက်ထဲသို့ ရောက်ရှိခါနီးအချိန်တွင် ၊
လူတိုင်း သတိမပြုမိနိုင်လောက်သော လေအေးတစ်ချက် တိုက်ခတ်သွားပြီး ဖုန်မှုန့်အနည်းငယ် လွင့်စင်သွားသည်။
ထို့အပြင် ဤထူးဆန်းသော လေအေးတစ်ချက်တွင် အလွန် ကွယ်ဝှက်ထားသော အမှောင်ထုအငွေ့အသက်များ အနည်းငယ် ပါဝင်နေခဲ့သည်။
ဟွရှင်းအပိုင်းအစအပေါ်တွင် မှီခိုနေသည့်အရာကိုတော့ မည်သူတစ်ဦးတစ်ယောက်မျှ သတိမပြုမိခဲ့ချေ။
ဟွရှင်းအပိုင်းအစကို လက်ခံရရှိချိန်တွင် စူးချန်ကဲသည် ဦးစွာ သူ့ခန္ဓာကိုယ်အတွင်းရှိ မူလရင်းမြစ် စွမ်းအင်ကို လှုံ့ဆော်ကာ ဟွရှင်းအပိုင်းအစ မှန်ကန်ကြောင်း စေ့စေ့စပ်စပ် စစ်ဆေးခဲ့သည်။
ထို့နောက်မှသာ လင်းဟန်အား လက်သီးဆုပ်ဦးညွှတ်ကာ ပြောလိုက်သည်။
"ကျေးဇူးတင်ပါတယ်"
အမှောင်ထဲကနေ ဤမြင်ကွင်းကို မြင်လိုက်ရသော ရှစ်ထျန်းတိ့မှာ မချိုမချဉ် ပြုံးမိလိုက်သည်။
"ဒီလူယုတ်မာကောင် တကယ်ကို လိမ္မာပါးနပ်တာပဲ"
"ဟိုလူယုတ်မာကောင် စူးရွှမ်လိုပဲ ငါ့ကို စက်ဆုပ်ရွံရှာစေတယ်!"
မိမိ ထုတ်လွှတ်လိုက်သော ထိုအမှောင်ထု အငွေ့အသက်သည် ချောက်နက် နတ်ဘုရားပုလဲ၏ ဖုံးကွယ်မှုကို ခံထားရသောကြောင့် ရွှေအမတနယ်ပယ်အဆင့်ရှိ သူများပင်လျှင် သတိပြုမိရန် ခက်ခဲသည်ဟု ဆိုနိုင်သည်။ စစ်မှန်အမတ နယ်ပယ်အဆင့်သာ ရှိသေးသော စူးချန်ကဲသာဆိုလျှင်ဖြင့် ထည့်ပြောစရာပင် မလိုတော့ပေ။
သို့သော်လည်း တစ်ဖက်လူသည် ကနဦးစုံစမ်းစစ်ဆေးမှုကို ပြုလုပ်ခဲ့သည်။
ကံကောင်းထောက်မစွာဖြင့် ၊ တစ်ဖက်လူသည် ဘာမှမတွေ့ရှိခဲ့ပေ။
ဤစုံစမ်းစစ်ဆေးမှုသည် စူးချန်ကဲ၏ သတိကြီးသော ဗီဇကြောင့် ဖြစ်နိုင်သည်ဟု ယူဆရသည်။
......
စူးချန်ကဲသည် အားရှင်းကို ခေါ်ဆောင်ကာ ကောင်းကင်ဘဏ္ဍာ ဓာတ်ငါးပါး အမတစေတီအတွင်းသို့ ဝင်ရောက်တော့မည့် အချိန်၊
"ကျောက်ဟွ အမတဧကရာဇ်မင်းဟာ ငါတို့ လူသားမျိုးနွယ်ရဲ့ ပညာရှိတစ်ဦးပဲ....မိတ်ဆွေချန်ကဲရဲ့ အပြုအမူဟာ လောကကြီးအတွက်တော့ ကြီးကျယ်ခမ်းနားတဲ့ ဖြောင့်မတ်မှုကို သက်သေပြနေတာပဲ"
လင်းဟန်သည် စူးချန်ကဲအား တောင်းပန်လိုသော ဟန်ပန်ဖြင့် ဦးညွှတ်လိုက်သည်။
" ကျုပ် လင်းဟန်ကတော့ ကိုယ်ကျိုးအတ္တကြောင့် မိတ်ဆွေချန်ကဲရဲ့ အချိန်ကို ဒီလောက်ကြာအောင် နှောင့်နှေးစေခဲ့တယ်.... ဒါဟာ လင်းဟန်ရဲ့ အမှားပါ၊ မိတ်ဆွေချန်ကဲအနေနဲ့ နားလည်ပေးပါဦး"
ထိုစကားကို ကြားလိုက်ရချိန်တွင် အမတစေတီအတွင်းသို့ ဝင်ရောက်တော့မည့် စူးချန်ကဲ၏ ခြေလှမ်းများမှာ ရပ်တန့်သွားသော်လည်း ၊ နောက်ပြန်လှည့်မကြည့်ခဲ့ပေ။
" လင် မိတ်ဆွေ ၊ စစ်မှန်တဲ့ ဓားဟာ ချစ်ခြင်းမေတ္တာကင်းမဲ့ခြင်း မဟုတ်ဘူး.. ဓားဟာ သက်ရှိအပေါင်းတို့အတွက်လည်း အကျိုးမပြု ၊ လူ့လောကကိုလည်း အကျိုးမပြု၊ ဆွေမျိုးသားချင်းကိုလည်း ပို၍ အကျိုးမပြုဘဲ မနေသင့်ဘူး"
"သက်ရှိအပေါင်းတို့ရဲ့ လောကကြီးအတွက် ဆွေမျိုးသားချင်းရဲ့ လောကကြီးကို စွန့်လွှတ်လိုက်ရင် ဒါဟာ စစ်မှန်တဲ့လူ့လောကကြီး မဟုတ်ဘူး"
" ကိုယ်နဲ့ အနီးဆုံးလူကိုတောင် ကာကွယ်စောင့်ရှောက်နိုင်ခြင်း မရှိရင် သက်ရှိအပေါင်းရဲ့လောကကြီးကို ကာကွယ်စောင့်ရှောက်ဖို့ ဘယ်လိုလုပ်ပြီး အရည်အချင်းရှိမှာလဲ"
..........
"စစ်မှန်တဲ့ ဓားဟာ..... သက်ရှိအပေါင်းတို့ရဲ့လောကကြီးကို အကျိုးမပြုဘဲ မနေရ.... ဆွေမျိုးသားချင်းကိုလည်း ပို၍ အကျိုးမပြုဘဲ မနေသင့်ဘူး"
ဤစကားများကို ကြားလိုက်ရချိန်တွင် လင်းဟန်သည် စူးချန်ကဲ၏ နောက်ကျောကို စိုက်ကြည့်ရင်း အနည်းငယ် တုန်လှုပ်သွားသည်။
သို့သော်လည်း စူးချန်ကဲ၏ နောက်ကျောရိပ်သည် တံခါးကြီးရှေ့တွင် ပျောက်ကွယ်တော့မည့် အချိန် ၊
စူးချန်ကဲသည် သူ၏ ခြေလှမ်းများကို ရပ်တန့်လိုက်ကာ နောက်သို့ လှည့်ကြည့်လာပြီး သူ၏ နှုတ်ခမ်းထောင့်တွင် ကြည်လင်သော အပြုံးတစ်ခု ပေါ်ထွက်လာခဲ့သည်။
"ငါ့အထင် မင်း ဒီရွေးချယ်မှုကို အရင်ကတည်းက ပြုလုပ်ထားပြီးသားလို့ ထင်တယ်"
"သက်ရှိအပေါင်းတို့ရဲ့လောကကြီးဟာ အရေးကြီးတာ မှန်သလို ...ကိုယ့်ဆွေမျိုးသားချင်းရဲ့ လောကကြီးဟာလည်း အလားတူပဲ အရေးကြီးတယ်"
"အဲ့လိုဆိုမှတော့ ကိုယ့်စိတ်နှလုံးသားက အသိအမှတ်ပြုတဲ့ လောကကြီးကို ဘာလို့မရှာဖွေနိုင်ရမှာလဲ"
"ကိုယ်က မဟာလမ်းစဉ်ကို ဝင်ရောက်ပြီးပြီပဲ ချစ်ခြင်းမေတ္တာအတွက်ကြောင့် ဘာလို့လောကကြီးကို ကြောက်ရွံ့နေမှာလဲ"
စူးချန်ကဲသည် နောက်သို့ ပြန်မလှည့်ကြည့်တော့ချေ။
"လင် မိတ်ဆွေ၊ နောက်တစ်ကြိမ် တွေ့ဆုံချိန်မှာ မင်းရဲ့ ဓားဟာ စစ်မှန်တဲ့ လူ့လောကကြီးကို ရရှိနိုင်ပါစေလို့ ငါ မျှော်လင့်ပါတယ်"
.........