အမှောင်ထု၏ ကျူးကျော်ခံထားရသော အမတဧကရာဇ်မင်း၏ ကိုယ်ခန္ဓာ
Vol. 61 Ch. 799
ရွှေရောင် အမတခေါင်းတလားအတွင်း၌ လဲလျောင်းနေသော ကျောက်ဟွ အမတဧကရာဇ်မင်းသည် မျက်လုံးများကို မှိတ်ထားပြီး ၊ ၎င်း၏ ခန္ဓာကိုယ်တစ်ခုလုံးသည် သတ္တုရောင်တောက်ပမှုဖြင့် တောက်ပနေသည်။
သိပ်သည်းလှသော မဟာလမ်းစဉ်၏ အနုစိတ်သော ပုံစံများသည် သူ၏ ကိုယ်ခန္ဓာအပေါ်တွင် သက်ဝင်လှုပ်ရှားနေသည်မှာ လူကို ထူးဆန်းသော ခံစားချက်ကို ပေးစွမ်းနေသည်။
သို့သော် မျက်နှာအသွင်အပြင်များသည် အလွန်ကောင်းမွန်စွာ ဖန်တီးထားပြီး အသက်ဝင်လှသည်။
မလှုပ်ရှားဘဲနှင့်ပင် ရိုသေလေးစားဖွယ်ကောင်းသည့် ဧကရာဇ်မင်း တစ်ယောက်၏ အရှိန်အဝါကို ပေးစွမ်းနေသည်။
အကယ်၍ အသားအရေသည် သတ္တုရောင်၏ တောက်ပြောင်မှုသာ မရှိခဲ့လျှင်ဖြင့် သာမန်လူနှင့် မခြားနားပေ။
"ဒီရွှေရောင် အမတခေါင်းတလားထဲမှာ..... ကျောက်ဟွ အမတ်ဧကရာဇ်မင်း ဖန်တီးထားတဲ့ သံမဏိသတ္တု ကိုယ်ခန္ဓာ ရှိနေခဲ့တာလား"
ဤအခိုက်အတန့်တွင် စူးချန်ကဲ၏ စိတ်နှလုံးထဲ၌ အနည်းငယ် မငြိမ်မသက် ဖြစ်နေသည်။
ဤနေရာတွင် ထည့်သွင်း၍ တံဆိပ်ခတ်ထားသည်မှာ ကျောက်ဟွ အမတဧကရာဇ်မင်း၏ ရုပ်အလောင်း၊ သို့မဟုတ် စိတ်ဝိညာဉ်တစ်မျှင် ဖြစ်လိမ့်မည်ဟု သူ အမြဲတမ်း တွေးထင်ထားခဲ့သည်။
သို့သော်လည်း ဤနေရာတွင် ထည့်သွင်း၍ တံဆိပ်ခတ်ထားသည့်အရာမှာ သံမဏိသတ္တုဖြင့် ဖန်တီးထားသော ကျောက်ဟွ အမတဧကရာဇ်မင်း၏ အစားထိုး ကိုယ်ခန္ဓာ ဖြစ်လိမ့်မည်ဟု သူ လုံးဝ ထင်မထားခဲ့မိပေ။
သူ့စိတ်ထဲတွင် မေးခွန်းတစ်ခု ဖြစ်ပေါ်လာခဲ့သည်။
ဤအရာ နိုးထလာခဲ့မည်ဆိုပါက ၊ ကျောက်ဟွ အမတဧကရာဇ်မင်းသည် ပြန်လည်ရှင်သန်လာမည်ဟု ဆိုနိုင်လေသလော။
ထို့အပြင် သံမဏိသတ္တု ကိုယ်ခန္ဓာဖြင့် နိုးထလာသော ကျောက်ဟွ အမတဧကရာဇ်မင်းသည် လူသားကဲ့သို့ မှတ်ဉာဏ်ရှိကာ သူ၏ မေးခွန်းများကို ဖြေကြားနိုင်စွမ်း ရှိမည်လော။
..........
"ချန်ကဲလူကြီးမင်း ခင်ဗျားမသိလို့ပါ"
ဘေးနားက အားရှင်းက ရုတ်တရက် စကားစလိုက်ပြီး ရှင်းပြလေသည်။
"ဒါက သခင်ကြီး အသက်ရှင်စဉ်က သူကိုယ်တိုင် အထူးသီးသန့် ဖန်တီးခဲ့တာပဲ...သခင်ကြီးက ဒီသံမဏိသတ္တု ကိုယ်ခန္ဓာကို ကောင်းကောင်းဖန်တီးပြီးရင် ..သူ အားရှင်းကို ဘယ်တော့မှ မေ့မှာ မဟုတ်ဘူးလို့ ပြောခဲ့တယ်!"
"အမြဲတမ်း အားရှင်းနဲ့အတူ ရှိနေနိုင်ပြီတဲ့!"
"အားရှင်း အခု ဟွရှင်းနှလုံးသား နတ်ဘုရားကျောက်ကို သခင်ကြီးရဲ့ ခန္ဓာကိုယ်ထဲကို ထည့်သွင်းလိုက်ရုံနဲ့... သခင်ကြီးကို ပြန်ပြင်နိုင်လိမ့်မယ်"
ထို့နောက် အားရှင်း၏ ထိန်းချုပ်မှုအောက်တွင် ၊ သူ၏ ဦးခေါင်းထက်တွင် မျှောလွင့်နေသော ဟွရှင်းနှလုံးသား နတ်ဘုရားကျောက်မှ တောက်ပသော အလင်းတန်းများ ဖြာထွက်လာပြီး ၊ ကျောက်ဟွ အမတဧကရာဇ်မင်း၏ ခန္ဓာကိုယ်အတွင်းသို့ ဖြည်းညှင်းစွာ ပေါင်းစည်းဝင်ရောက်သွားသည်။
ဝီ! !
ကျောက်ဟွ အမတဧကရာဇ်မင်း၏ ကိုယ်ခန္ဓာအပေါ်တွင် ရေးထိုးထားသော မဟာလမ်းစဉ်၏ အနုစိတ်သော ပုံစံများသည် အဆင့်ဆင့် လင်းလက်သွားသည်နှင့် အလျောက် ၊ ဟင်းလင်းပြင်တွင် ပျံ့လွင့်နေသော မှိန်ဖျော့ဖျော့ စွမ်းအင်များသည် အစိုင်အခဲအဖြစ် ပို၍ ထူထပ်လာသည်။
ဟွရှင်းနှလုံးသား နတ်ဘုရားကျောက်သည်လည်း အဆက်မပြတ် ပြောင်းလဲနေဟန် ရကာ၊ အမတအလင်းတန်းများ၏ ရောင်ပြန်ဟပ်မှုအောက်တွင် ၎င်းသည် နတ်အလင်းတန်းများ ဖြာကျနေသည့် နှလုံးသားတစ်ခုနှင့် တူပေသည်။
"ဘာကြောင့်မှန်း မသိဘူး....."
"ငါ့ရဲ့စ်ိတ်ထဲမှာ မကောင်းတဲ့ ခံစားချက်တစ်ခု ရှိနေတယ်....."
စူးချန်ကဲ၏ စိတ်နှလုံးထဲတွင် မကောင်းသော ခံစားချက်တစ်ခုက တလိပ်လိပ် ထွက်ပေါ်လာသည်။
ကောင်းကင်ဘဏ္ဍာ ဓာတ်ငါးပါး အမတစေတီအတွင်းသို့ ဝင်ရောက်ချိန်မှ ယခုအထိ ခရီးလမ်း တစ်လျှောက်လုံး အလွန် အဆင်ပြေနေခဲ့ပြီး၊ ယင်းက စူးချန်ကဲကို စိတ်မသက်မသာ ဖြစ်စေသည်။
အကြောင်းမှာ ဆိုရိုးစကားအတိုင်း၊ ရေမျက်နှာပြင်သည် ပို၍ ငြိမ်သက်လေလေ အောက်တွင် ပို၍ ပြင်းထန်လေလေ ဖြစ်သည်။
သို့သော်လည်း စူးချန်ကဲသည် အလွန်အမင်း မတွေးတောချေ။ မည်သို့ပင်ဖြစ်စေ၊ ကောင်းကင်ဘဏ္ဍာ ဓာတ်ငါးပါး အမတစေတီအကြောင်းကို နားလည်ထားသော အားရှင်း၏ လမ်းပြမှုအောက်တွင် အန္တရာယ်နှင့် မတွေ့ကြုံရခြင်းမှာ ပုံမှန်ပင် ဖြစ်သည်။
.........
ဟွရှင်းနှလုံးသား နတ်ဘုရားကျောက်သည် ကျောက်ဟွ အမတဧကရာဇ်မင်း၏ ခန္ဓာကိုယ်အတွင်းသို့ လုံးဝ ပေါင်းစည်းဝင်ရောက်သွားသည်နှင့် တပြိုင်နက်၊
ဝုန်း! !
ရုတ်တရက် ကျောက်ဟွ အမတဧကရာဇ်မင်း၏ ကိုယ်ခန္ဓာမှ ဤနေရာတစ်ခုလုံးကို ထိန်လင်းသွားစေသည့် အလွန်တောက်ပသော အလင်းတန်းများ ဖြာကျလာခဲ့သည်။
သိပ်သည်းလှသော ရွှေရောင် စာလုံးများသည် ဟင်းလင်းပြင်အတွင်း အဆက်မပြတ် ကခုန်နေကာ၊ ဆွေးမြေ့ပြီး ဆိတ်ငြိမ်သက်နေခဲ့သော အငွေ့အသက်တို့သည်လည်း တဖြည်းဖြည်း ပျောက်ကွယ်သွားလေသည်။
၎င်းနေရာတွင် အစားထိုးဝင်ရောက်လာသည်မှာ ခမ်းနားထည်ဝါကာ သစ်လွင်သည့် အသက်စွမ်းအင်တစ်ခုသာ ဖြစ်သည်။
စက္ကန့်အနည်းငယ် ကုန်လွန်သွားပြီးနောက်၊ ကျောက်ဟွ အမတဧကရာဇ်မင်း၏ နှစ်ကာလကြာရှည်စွာ မှိတ်ထားခဲ့သော မျက်ဝန်းတစ်စုံသည် နောက်ဆုံးတွင် ဖြည်းညှင်းစွာ ပွင့်လာခဲ့သည်။
သို့သော်လည်း စူးချန်ကဲထင်မထားသော မြင်ကွင်းတစ်ခု ပေါ်ထွက်လာခဲ့သည်။
ကျောက်ဟွ အမတဧကရာဇ်မင်း၏ မျက်ဝန်းများသည် သူ မှန်းဆထားသလို ကြယ်စင်များကဲ့သို့ တောက်ပခြင်း မရှိခဲ့ပေ။
ဆန့်ကျင်ဘက်အနေဖြင့် ထူးဆန်းသော အမှောင်ထု အလင်းတန်းတစ်ခု ရောယှက်နေသည်။
ဤထူးဆန်းသော စွမ်းအင်ကို ခံစားလိုက်ရသည့် အခိုက်အတန့်မှာပင် စူးချန်ကဲ၏ ခန္ဓာကိုယ်သည် မလွဲမရှောင်သာ တုန်လှုပ်သွားသည်။
"သခင်! နောက်ဆုံးတော့ ....."
" သွားတော့! သူက မင်းရဲ့ သခင် မဟုတ်ဘူး!"
စူးချန်ကဲသည် အားရှင်းကို အမြန်ဖမ်းဆွဲလိုက်ပြီး ရှင်းပြရန် အချိန်မရှိတော့ဘဲ သူ့ခန္ဓာကိုယ်အတွင်းရှိ အမတစွမ်းအင်များကို အလျင်အမြန် ပေါက်ကွဲထုတ်လွှတ်လိုက်သည်။
သို့သော် သူတို့ ဤနေရာမှ မထွက်သွားနိုင်ခင်မှာပင်။
ဝုန်း! !
ထိတ်လန့်ဖွယ်ရာကောင်းသော စွမ်းအင်မုန်တိုင်းတစ်ခု ပေါက်ကွဲထွက်ပေါ်လာခဲ့ပြီး ၊ ဖရိုဖရဲဖြစ်နေသော အရှိန်အဝါများသည် ချက်ချင်းပင် အာကာသတစ်ခုလုံး ပြည့်နှက်သွားသည်။
မျက်စိတမှိတ်အတွင်းမှာပင်၊ နှစ်ကာလတို့၏ ဆွေးမြေ့ခြင်းကို ခံထားရသော မရေမတွက်နိုင်သော သံမဏိသတ္တုတိုင်များသည် ၎င်း၏ ဖျက်ဆီးခြင်းကို ခံလိုက်ရကာ အမှုန့်အဖြစ်ပြောင်းလဲသွားပြီး မုန်တိုင်းအတွင်း ပျောက်ကွယ်ပျက်စီးသွားသည်။
အနည်းငယ်မျှသော စွမ်းအားများကို ထုတ်လွှတ်လိုက်ရုံဖြင့် စူးချန်ကဲအား ခုခံနိုင်စွမ်း မရှိအောင် ဖြစ်စေခဲ့သည်။
ဘုန်းခနဲ့ မြည်သော ကျယ်လောင်သံ ထွက်ပေါ်လာသည်နှင့်။
စူးချန်ကဲသည် နောက်ပြန် လွင့်ထွက်သွားကာ သံမဏိသတ္တုတိုင်တစ်ခုနှင့် ပြင်းပြင်းထန်ထန် ဝင်ရောက်တိုက်မိပြီး ၊ နှုတ်ခမ်းထောင့်မှ သွေးများ စီးကျလာသည်မှာ ဒဏ်ရာအပြင်းအထန် ရရှိသွားဟန် ရှိသည်။
"ဟားဟား..... ငါ ဒီလောက်ကြာအောင် စောင့်ခဲ့ရတာ အချည်းနှီး မဟုတ်ဘူးပဲ!"
"စူးချန်ကဲ၊ ငါ မင်းကို ဘယ်လို ကျေးဇူးတင်ရမှန်းကို မသိတော့ဘူး"
ကြက်သီးထဖွယ်ရာ ကောင်းသော ရယ်သံတစ်ခုသည် ရွှေရောင် အမတခေါင်းတလားအတွင်းမှ ထွက်ပေါ်လာသည်။
"မင်းနဲ့သာ မတွေ့ခဲ့ရင် ငါ ခုလိုမျိုး ဒီလောက် လွယ်ကူစွာနဲ့ ကျောက်ဟွ အမတဧကရာဇ်မင်းရဲ့ သံမဏိသတ္တု ကိုယ်ခန္ဓာကို ထိန်းချုပ်နိုင်မှာ မဟုတ်ဘူး"
အေးစက်စက်နိုင်သော ကြက်သီးထဖွယ်ရာ ရယ်သံများနှင့် အတူ၊
ရှစ်ထျန်းတိ့ ထိန်းချုပ်ထားသော သံမဏိသတ္တု ကိုယ်ခန္ဓာသည် ရွှေရောင် အမတခေါင်းတလားအတွင်းမှ ဖြည်းညှင်းစွာ ထလာခဲ့သည်။
ယခင်က ထုတ်လွှတ်ခဲ့သော အမတစွမ်းအင် အလင်းတန်းနှင့် မတူညီသည့် အချက်မှာ ဤအခိုက်အတန့်တွင် 'ကျောက်ဟွ အမတဧကရာဇ်မင်း' ၏ ခန္ဓာကိုယ်အတွင်းမှ ထုတ်လွှတ်လိုက်သော စွမ်းအင်သည် အလွန်ထူးဆန်းပြီး လူကို အသက်ရှုကျပ်စေသည့် မကောင်းသော ခံစားချက်မျိုးကို ပေးစွမ်းနေသည်။
သူ့ကို ဗဟိုပြုထားသော အာကာသဟင်းလင်းပြင်ပင် အနည်းငယ် ရွှဲ့စောင်းနေကာ မှော်သင်္ကေတများသည်ပင် ဆွေးမြေ့သွားဟန် ရှိသည်။
"မင်းက....."
ခန္ဓာကိုယ်၏ နာကျင်မှုကို သည်းခံရင်း၊ စူးချန်ကဲသည် ဖြည်းညှင်းစွာ ထရပ်လိုက်ကာ ထိုမျက်ဝန်းတစ်စုံကို စေ့စေ့စပ်စပ် ကြည့်ရှုလိုက်ရင်း။
"ရှစ်ထျန်းတိ့.....!?"
ဤရုတ်တရက်ဆန်လွန်းသော အပြောင်းအလဲသည် စူးချန်ကဲ မျှော်မှန်းထားသည်ထက် လုံးဝ ကျော်လွန်နေခဲ့သည်။
သူသည် အပြောင်းအလဲမျိုးစုံကို တွေးကြည့်ခဲ့ဖူးသည်။ တစ်စုံတစ်ယောက်မှ လာရောက်လုယူခြင်း သို့မဟုတ် နိုးထလာခါစ ကျောက်ဟွ အမတဧကရာဇ်မင်းတွင် အားရှင်းနှင့် ပတ်သတ်သော မှတ်ဉာဏ်မျိုး မရှိခြင်းလည်း ဖြစ်နိုင်သည်။
သို့သော် ကျောက်ဟွ အမတဧကရာဇ်မင်း နိုးထလာခါစမှာပင် ၊ ရှစ်ထျန်းတိ့၏ ကျူးကျော်ထိန်းချုပ်ခြင်းကို ခံလိုက်ရမည်ဟု သူ တစ်ခါမှ ထင်မထားခဲ့ချေ။
"ဒုက္ခပဲ.... ဒီကောင် ဘယ်အချိန်ကများ....."
သူ၏ စိတ်နှလုံးသားထဲတွင် ပြင်းထန်စွာ တုန်လှုပ်သွားပြီး တစ်ချိန်တည်းမှာပင် သူသည် ရုတ်တရက် သဘောပေါက်သွားခဲ့သည်။
ကောင်းကင်ဘဏ္ဍာ ဓာတ်ငါးပါး အမတစေတီသို့ ရောက်ရှိလာခဲ့စဉ်က ၊ သူသည် ထူးဆန်းသော စွမ်းအင်တစ်ခုကို ခံစားလိုက်ရသည်။
ထိုစွမ်းအင်သည် အလွန် မှိန်ဖျော့လွန်းသဖြင့်၊ သူ့တွင် သံသယအချို့ရှိခဲ့သော်လည်း ဘာမျှ ရှာမတွေ့ခဲ့ပေ။
ယခုမှသာ သူသည် အရာအားလုံးကို နားလည်သွားခဲ့ပြီ ဖြစ်သည်။
မူလကတည်းက ရှစ်ထျန်းတိ့သည် သူ့ထက် စော၍ ဤနေရာသို့ ရောက်ရှိနေခဲ့ပြီး ၊ တစ်လျှောက်လုံး အမှောင်ထဲကနေ ချောင်းမြောင်းနေခဲ့ခြင်း ဖြစ်သည်။
နောက်ဆုံးတွင် လင်းဟန်သည် ဟွရှင်းအပိုင်းအစများကို မိမိလက်ထဲသို့ ပေးအပ်လာချိန်၌ ၊
၎င်းသည် အထူးနည်းလမ်းအချို့ကို အသုံးပြုကာ ထိုဟွရှင်းအပိုင်းအစများအပေါ်တွင် တွယ်ကပ်နေခဲ့ခြင်း ဖြစ်နိုင်သည်။ ထို့ကြောင့် ဤကဲ့သို့ လူမသိသူမသိ နည်းလမ်းဖြင့် ကျောက်ဟွ အမတဧကရာဇ်မင်း၏ သံမဏိသတ္တု ကိုယ်ခန္ဓာကို ကျူးကျော်နိုင်ခဲ့ခြင်း ဖြစ်ပေလိမ့်မည်။
........