စိတ်ဝိညာဉ် ကွဲကြေခြင်း
Vol. 61 Ch. 804
(Part-1)
ခဏအကြာတွင်၊
ရှစ်ထျန်းတိ့... မဟုတ်ဘူး၊ အတိအကျဆိုရလျှင်ဖြင့် စစ်မှန်သော ကျောက်ဟွ အမတဧကရာဇ်မင်း၏အသံသည် တစ်ဖန် ထွက်ပေါ်လာခဲ့သည်။
"ငါ့ကို သတ်ပစ်..... သတ်......ပစ်....ပါ.....ငါ့ကို....."
သူ၏ အသံသည် အလွန်နာကျင်နေကာ ညှဉ်းပန်းနှိပ်စက်ခြင်းကို ခံနေရသလိုပင်။
သူ၏ မျက်နှာသွင်ပြင်ကို သံမဏိသတ္တုဖြင့် ဖန်တီးထားသောကြောင့် လူသားတစ်ယောက်၏ မျက်နှာအမူအရာကို မမြင်တွေ့နိုင်သော်လည်း၊ ဤလေသံတစ်ခုတည်းဖြင့် သူသည် မည်မျှ ပြင်းထန်သော နာကျင်မှုကို ခံစားနေရမှန်း စူးရွှမ် ခံစားမိသည်။
"လီတောက် လူကြီးမင်း....."
စူးရွှမ်သည် ပို၍ မျက်မှောင်ကြုတ်သွားပြီး၊ ယခုအချိန်တွင် မည်သို့ ပြုလုပ်ရမည်ကို မသိ ဖြစ်နေသည်။
အဆင့်အတန်းအရ ကျောက်ဟွ အမတဧကရာဇ်မင်းသည် သူ၏ စီနီယာဟု ဆိုနိုင်သည်။ တစ်ချိန်က သူနှင့် တစ်ကြိမ်တစ်ခါမျှသာ တွေ့ဆုံဖူးသော်လည်း၊
သို့သော်လည်း ကျောက်ဟွ အမတဧကရာဇ်မင်းသည် စူးရွှမ်၏ စိတ်နှလုံးထဲတွင် အလွန် နက်ရှိုင်းသော အထင်ကြီးလေးစားမှုကို ချန်ထားနိုင်ခဲ့သည်။
ဤသူသည် အမှန်တကယ်ပင် 'ဧကရာဇ်မင်း' ဟု ခေါ်ထိုက်သော ပုဂ္ဂိုလ်တစ်ဦးဖြစ်သည်။
လူသားအားလုံး၏ ကောင်းကျိုးအတွက် ၊ ကမ္ဘာကြီး၏ ကောင်းကျိုးအတွက် အလေးထားသည်။
မိမိ ကျွမ်းကျင်ထားသော လက်နက်သွန်းလုပ်ခြင်း လမ်းစဉ်ဖြင့် သက်ရှ်ိအပေါင်းတို့အပေါ် အကျိုးပြုနိုင်သော သံမဏိစက်ရုပ်များကို ဖန်တီးခဲ့ရုံသာမက။
ထိုနှစ်က အဆုံးမဲ့ကပ်ဘေး တိုက်ပွဲဖြစ်ပွားခဲ့စဉ်က ၊ ဂိုဏ်းတစ်ခုလုံး၏ အင်အားကို အသုံးချကာ ရှင်ခြင်းသေခြင်း သံသရာစက်ဝန်း စွမ်းအားပါရှိသော မူလရင်းမြစ် အမတလက်နက်ကို ဖန်တီးခဲ့သည်။
ကျောက်ဟွ အမတဧကရာဇ်မင်းသည် မိမိ ကျွမ်းကျင်ထားသော မဟာလမ်းစဉ်ဖြင့် သတ္တဝါအပေါင်းတို့နှင့် သက်ဆိုင်သော ပြီးပြည့်စုံသည့် ကမ္ဘာတစ်ခုကို အမှန်တကယ် ဖန်တီးလိုခဲ့သည်။
သို့သော်လည်း သူ့တွင် အားကောင်းသော နောက်ခံမရှိခဲ့သလို၊ ခေတ်အဆက်ဆက် အုပ်စိုးနိုင်စွမ်းလည်း မရှိခဲ့ပေ။
သူသည် နောက်ဆုံးတွင် သေဆုံးသွားခဲ့ရသည်။ ထိုသတ္တဝါများ၏လက်ချက်ဖြင့် လက်ချက်ဖြင့်၊ ပြီးပြည့်စုံသော ကမ္ဘာတစ်ခုကို ဖန်တီးရင်း သေဆုံးသွားခဲ့ရသည်။
ယခု သူ့အနေဖြင့် ခဲယဉ်းစွာ ချန်ထားနိုင်ခဲ့သော သူ၏ ကြွင်းကျန်ဝိညာဉ်တစ်စသည် အမှောင်ထု၏ တွယ်ကပ်ခြင်းကို ခံလိုက်ရသည်။
၎င်းကို ဖြတ်တောက်ရန် သင့်မသင် ရွေးချယ်မှုနှင့် ရင်ဆိုင်ရချိန်တွင် ၊ စူးရွှမ်ပင်လျှင် မည်သို့ ပြုလုပ်ရမည်ကို မသိ ဖြစ်နေသည်။
......
"မြန်..... မြန်လုပ်..... ငါ့ကို မြန်မြန်သတ်..... ငါ့ကို မြန်မြန်သတ် !!!"
ကျောက်ဟွ အမတဧကရာဇ်မင်း၏ တုန်လှုပ်ချောက်ချားဖွယ်ရာ အသံသည် တစ်ဖန် ပြောင်းလဲသွားပြီး၊ ယခုအချိန်တွင် စောင့်ဆိုင်းရန် သည်းမခံနိုင်တော့သည့် ဟိန်းဟောက်သံအဖြစ်သို့ ပြောင်းလဲသွားသည်။
မိမိ၏ ကိုယ်ခန္ဓာသည် အမှောင်ထု၏ ခြေလက်များ ဖြစ်လာကာ မိမိ တန်ဖိုးထားသော လောကကြီးကို ဘေးဥပဒ်ဖြစ်စေခြင်းသည် သူ မမြင်ချင်သော အရာပင် ဖြစ်သည်။
သူ၏ အသံသည် ပို၍ နာကျင်လာကာ တောင်းဆိုနေသော အရိပ်အယောင်များ ပါဝင်နေသည်။
သူကိုယ်တိုင် မျက်မြင်ကိုယ်တွေ့...
မဟုတ်ဘူး ၊ ကိုယ်တိုင် မျက်မြင်ကိုယ်တွေ့ ကြုံတွေ့ရသည့်တိုင် ၊ မည်သူမျှ ယုံကြည်လိမ့်မည် မဟုတ်ပေ။ တစ်ချိန်က အမတနယ်မြေ၏ အထွတ်အထိပ်တွင် ရှိခဲ့သော၊ အတုမရှိသော အမတဂိုဏ်းကြီး၏ ဂိုဏ်းသခင်၊ မရေတွက်နိုင်အောင် များပြားသော အစွမ်းထက်သော ပုဂ္ဂိုလ်များကို အုပ်စိုးခဲ့သော အမတဧကရာဇ်မင်းတစ်ပါးသည် ယခုလို အခြေအနေဆိုးဖြင့် ကြုံတွေ့နေရသည်မှာ မယုံနိုင်စရာပင်။
ဤကဲ့သို့ပုဂ္ဂိုလ်ကြီးသည် သူ့ကို သတ်ပေးရန် အခြားသူကို နှိမ့်ချစွာ တောင်းဆိုနေလေ၏။
ဝီ!
ထိုအချိန်တွင် မူလက ပျောက်ကွယ်သွားပြီး ဖြစ်သော အမှောင်ထု စွမ်းအင်သည် တစ်ဖန် ပြန်လည်ရောက်ရှိလာကာ ၊ ကျောက်ဟွ အမတဧကရာဇ်မင်း၏ ကိုယ်ခန္ဓာအတွင်းသို့ တစ်ဖန် စုဝေးဝင်ရောက်လာသည်။
စူးရွှမ်သာ ဆုံးဖြတ်ချက် မချရသေးပါက ရှစ်ထျန်းတိ့သည် ၎င်း၏ ကိုယ်ခန္ဓာထိန်းချုပ်ခွင့်ကို ပြန်လည်ရယူပေတော့မည်။
"သေစမ်း......"
ကျန့်ထျန်းဓားကို ဆုပ်ကိုင်ထားသော စူးရွှမ်၏လက်သည် အနည်းငယ် တုန်ယင်နေကာ ၊ အေးစက်စွာ ကျိန်ဆဲမိလိုက်ရင်း သူ၏ မျက်လုံးများသည် အမျက်ဒေါသများဖြင့် ပြည့်နှက်နေသည်။
သူ၏ မှတ်ဉာဏ်ထဲတွင် ကျောက်ဟွ အမတဧကရာဇ်မင်းသည် အမတနယ်မြေ စိုးစံရာခေတ်ကတည်းက ဒေဝလောကရှိ နယ်ပယ်အားလုံးအတွက် ထူးချွန်သော ပံ့ပိုးကူညီမှုများကို ပြုလုပ်ခဲ့သည်။
ကြီးမားသော ပျက်စီးဆုံးရှုံးမှုများ ကြုံတွေ့ပြီးနောက်တွင်ပင် ၊ နတ်ဘုရားလက်နက် အမတမျှော်စင်သည် ကျောက်ဟွ အမတဧကရာဇ်မင်း၏ ကြာမြင့်စွာ တန်ဖိုးထားခဲ့သော ဆန္ဒကို လိုက်နာခဲ့သည်။
နတ်ဘုရားလက်နက် အမတမျှော်စင်၏ အခြေခံအုတ်မြစ်များကို ဒေဝလောကရှိ နယ်ပယ်အားလုံးအတွက် အာဟာရတစ်ခုအဖြစ် ပြန်လည်ဖြည့်တင်းပေးခဲ့သည်။
ဤကဲ့သို့သော လူသားချင်းစာနာမှုဖြင့် သတ္တဝါအပါင်းတို့ကို ကယ်တင်လိုသော စိတ်နှလုံးသားရှိသည့် အမတဂိုဏ်း၊ လောကကြီးကို စိတ်နှလုံးထဲတွင် ထားရှ်ိသော အမတဧကရာဇ်မင်းတစ်ပါး၏ နောက်ဆုံး အဆုံးသတ်သည် အရမ်းကို ရယ်စရာကောင်းလှသည်။
.........
စက္ကန့်အနည်းငယ် ကုန်လွန်ပြီးနောက်၊
စူးရွှမ်၏ စိတ်ထဲတွင် နောက်ဆုံး၌ ဆုံးဖြတ်ချက်ချလိုက်ပြီ ဖြစ်ကာ ၊ သူ မျက်လုံးများကို တစ်ဖန် ပြန်ဖွင့်လိုက်ချိန်တွင် မျက်လုံးထဲ၌ ပြတ်သားသော အရိပ်အယောင်များ ရှိနေခဲ့သည်။
ကျန့်ထျန်းဓားကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားသော သူ့လက်ကို အနည်းငယ် ဖြေလျှော့လိုက်ပြီး မြင့်မြင့် မြှောက်ကိုင်လိုက်သည်။
ထို့နောက် ဓားသွားသံသည် မိုးမြေတစ်ခွင်လုံးတွင် ပဲ့တင်ထပ်သွားသည်။
စူးရွှမ်သည် သူ့ခန္ဓာကိုယ်အတွင်းရှိ ဓားဆန္ဒများကို အဆုံးမရှိ ထုတ်လွှတ်လိုက်သည်။
ဝုန်းဝုန်း!
အဆုံးမရှိသော အချိန်နှင့် အာကာသသည်ပင် တသိမ့်သိမ့် မြည်ဟည်းတုန်လှုပ်နေကာ အချိန်မရွေး ပြိုကျသွားနိုင်သည်။
" ကျန့်ရှန်း ဖော့ရှင်း!"
စူးရွှမ်သည် ကျန့်ထျန်းဓားကို ဆုပ်ကိုင်လျက် ကြီးမားကျယ်ပြန့်လှသော စွမ်းအားများကို ဆောင်ကျဉ်းကာ ကျောက်ဟွ အမတဧကရာဇ်မင်းရှိရာဘက်သို့ ဒေါသတကြီး ခုတ်ပိုင်းချလိုက်သည်။
ဤတစ်ချက်တည်းဖြင့် ကမ္ဘာကြီးတစ်ခုလုံးသည် လုံးဝ တိတ်ဆိတ်ငြိမ်ကျသွားပြီး၊ ဤတောက်ပသော ဓားအလင်းတန်းတစ်ခုတည်းကသာ မိုးမြေတစ်ခွင်လုံးတွင် ထင်ဟပ်ကာ တောက်ပနေလေ၏။
အချိန်နှင့် အာကာသသည် အက်ကွဲသွားပုံရပြီး၊ အချိန်မြစ်၏ စီးဆင်းမှုသည်လည်း ရပ်တန့်သွားဟန် ရသည်။
" အရူးကောင်!"
"မင်း ရူးနေပြီလား!?"
ကျောက်ဟွ အမတဧကရာဇ်မင်း၏ စိတ်ဝိညာဉ်ဖြင့် ပိတ်ဆို့ခံထားရသော ရှစ်ထျန်းတိ့သည် ဤကိုယ်ခန္ဓာကို မထိန်းချုပ်နိုင်တော့ဘဲ နေရာတွင် ရပ်ကာ သေခြင်းတရားကိုသာ စောင့်ဆိုင်းနေခဲ့ရသည်။
ဤကြောက်ခမမ်းလိလိ ဓားဖိအားကို ခံစားလိုက်ရသော ရှစ်ထျန်းတိ့မှာ လုံးဝ ထိတ်လန့်သွားခဲ့သည်။ ဤဓားစွမ်းအင်ထဲ၌ အလွန်ကြောက်မက်ဖွယ် ကောင်းသော စိတ်ဝိညာဉ်စွမ်းအားတစ်ခုကို ကွယ်ဝှက်ထားသည်။
၎င်းသည် ဤခန္ဓာကိုယ်ကို ထိုးဖောက်ဝင်ရောက်သွားသည်နှင့်၊ သူ၏ စိတ်ဝိညာဉ်ကို ပြင်းထန်စွာ ထိုးနှက်လာပေလိမ့်မည်။
သူ၏ မူလခန္ဓာကိုပင် ပြင်းထန်စွာ ထိခိုက်သွားနိုင်သည်။
ဤကဲ့သို့သော အခြေအနေအောက်တွင် ၊ ရှစ်ထျန်းတိ့သည် ကျောက်ဟွအမတဧကရာဇ်မင်းကို ဒေါသတကြီး ဟိန်းဟောက်လိုက်သည်။
"ဒီဓားတစ်ချက်ကို ခံရရင် ...ငါသေရုံတင်မကဘူး မင်းလည်း သေချာပေါက် ခံနိုင်မှာ မဟုတ်ဘူး!"
"မင်းရဲ့ ပြန်လည်ရှင်သန်ခွင့်ကို လက်လွတ်ခံတော့မှာလား!?"
"မင်း ပြန်ပြီး အသက်မရှင်ချင်ဘူးလား!?"
"ဟားဟား..... ပြန်ပြီးအသက်ရှင်ဖို့လား"
ကျောက်ဟွ အမတဧကရာဇ်မင်း၏ အသံသည် အနည်းငယ် အားနည်းသော်လည်း ၊ သူ၏လေသံထဲ၌ အဆုံးမရှိသော လှောင်ပြောင်ခြင်းများဖြင့် ပြည့်နှက်နေသည်။
"ငါက အစကတည်းက သေပြီးသားပဲ..... နောက်တစ်ကြိမ် ထပ်သေတော့ရော ဘာဖြစ်လဲ"
"ဒီနေရာကို ဆင်းသက်လာတာက မင်းရဲ့ စိတ်ဝိညာဉ်တစ်မျှင်လေးပဲ ဆိုတောင်....ငါ တန်နေပါပြီ"
"မင်းက တကယ့် အရူးကောင်ပဲ!"
ဝုန်း! !
မိုးမြေတစ်ခွင်လုံးကို တုန်လှုပ်သွားစေသော နတ်အလင်းလှိုင်းတံပိုးများကြား ၊ အဖျက်သဘောဆောင်သော ဓားစွမ်းအင်များသည် အရပ်ရှစ်မျက်နှာတစ်ခွင် ပျံ့နှံ့သွားပြီး ၊ အချိန်၏စီးဆင်းမှုကို ပရမ်းပတာ ဖြစ်သွားစေသည်။
ဓားစွမ်းအင်လှိုင်းတံပိုးများ ကျဆင်းလာသည်နှင့် ၊ အချိန်နှင့် အာကာသသည်ပင် ဖရိုဖရဲဖြစ်ကာ ဟင်းလင်ပြင်တွင် ပင့်ကူအိမ်ကဲ့သို့ အက်ကွဲကြောင်းများစွာ ဖြစ်ပေါ်လာခဲ့သည်။
ဤခမ်းနားထည်ဝါလှသော စွမ်းအားများသည် ပီယွိ့ကောင်းကင်အရှင် ဖန်တီးထားသော အာကာသအကာအကွယ်မှ ပျံ့နှံ့ထွက်ပေါ်လာကာ နတ်ဘုရားလက်နက် အမတမျှော်စင်တစ်ခုလုံးကို ထိန်းမနိုင်သိမ်းမရ တုန်လှုပ်သွားစေသည်။
...........
တစ်ချိန်တည်းမှာပင်။
ကောင်းကင်ဘဏ္ဍာ ဓာတ်ငါးပါး အမတစေတီ အပြင်ဘက်တွင်။
ဘေးကင်းရာ နေရာသို့ ပို့ဆောင်ခံလိုက်ရသော စူးချန်ကဲသည် ဖြည်းညှင်းစွာ နိုးထလာခဲ့သည်။
"ငါ ဒီမှာ......"
အနည်းငယ် မူးဝေနေသော ခေါင်းကို လက်ဖြင့် ဖိကာ မြေပြင်မှ ထရပ်လိုက်သည်။
သူသည် ရှေးဟောင်း အဆောက်အအုံတစ်ခုအတွင်း၌ ရောက်နေသည်ကို တွေ့လိုက်ရသည်။
ထို့နောက် အိပ်စက်မသွားခင်က မှတ်ဉာဏ်များသည် ဒီရေအလား ပြန်လည်ထွက်ပေါ်လာသည်။
"ကောင်းကင်ဘဏ္ဍာ ဓာတ်ငါးပါး အမတစေတီ.... ဖခင်...."
စူးချန်ကဲသည် မသိစိတ်ကနေ နောက်ဆုံး စာလုံးနှစ်လုံးကို ပြောလိုက်မိသည်။
ထိုအကျွမ်းတဝင်ရှိသော ပုံရိပ်ကို တိုက်မြေသုံးထောင်ရှိ လျှို့ဝှက်နယ်မြေတစ်ခုတွင် သူ တွေ့ခဲ့ဖူးသည်။
အမတအလင်းများဖြင့် ပြိုးပျက်စွာ တောက်ပနေသော ထိုဝတ်ရုံဖြူ အသွင်ပုံရိပ်သည် မိမိ၏ ဖခင် စူးရွှမ် ဖြစ်သည်မှာ ဧကန်မုချပင်။
အခန်း (၈၀၄) - စိတ်ဝိညာဉ် ကွဲကြေခြင်း (Part-2)
စူးချန်ကဲသည် မိမိ၏ ဖခင်အရင်းကို တစ်ခါမျှ မမြင်တွေ့ဖူးသော်လည်း ၊ သူ၏စိတ်ထဲတွင် အလွန် သေချာသည်။
"ဘာလို့လဲ...."
" အဖေက ဘာလို့ ငါ့ကို အပြင်ကို ပို့ဆောင်ခဲ့တာလဲ"
သူ့စိတ်ထဲတွင် အကြောင်းအရာ အမျိုးမျိုးဖြင့် နားမလည်နိုင်ဖြစ်နေသော်လည်း ၊ ယခုအချိန်သည် ဤအရာများကို တွေးတောရန် အချိန်မဟုတ်ပေ။
သူသည် စက်ပစ္စည်းချို့ယွင်းသွားဟန်ရှိသော အားရှင်း၏ အနားသို့ လျှောက်သွားလိုက်သည်။
"ငါ မဖြစ်မနေ....."
သို့သော်လည်း သူ့စကားမဆုံးခင်။
ချက်ချင်းပင်။
နတ်ဘုရားလက်နက် အမတမျှော်စင်တစ်ခုလုံးသည် ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားတစ်ခု၏ သက်ရောက်မှုကို ခံလိုက်ရပုံပေါ်သည်။
ဝုန်း ဝုန်း !
ခမ်းနား ထည်ဝါလှသော ဓားစွမ်းအင်များသည် ကောင်းကင်ဘဏ္ဍာ ဓာတ်ငါးပါး အမတစေတီအတွင်းမှ ပျံ့နှံ့ထွက်ပေါ်လာသည် ။
အဆိုပါ စွမ်းအား၏ လွှမ်းမိုးမှုအောက်တွင်၊ မူလကတည်းက အစိတ်စိတ်အမြွှာမြွှာ ကွဲအက်နေပြီး ဖြစ်သော နတ်ဘုရားလက်နက် အမတမျှော်စင်သည် ထပ်မံ ပြိုကျကာ အက်ကွဲသွားသည်။
ဖုန်မှုန့်များ ထောင်းထောင်းထကာ မှိုတိမ်တိုက်သဖွယ် တလိပ်လိပ် ကြွတတ်လာပြီး နတ်ဘုရားလက်နက် အမတမျှော်စင်တစ်ခုလုံးကို မှောင်မိုက်သွားစေသည်။
.......
အချိန်အတော်ကြာပြီးနောက်။
ဤကြီးမားလှသော လှုပ်ရှားမှုသည် တဖြည်းဖြည်း ငြိမ်သက်သွားသည်။
"ငါ ဟွရှင်းအပိုင်းအစပေါ်မှာ ချန်ထားခဲ့တဲ့ စွမ်းအင်က.... လုံးဝ ပျောက်ကွယ်သွားပြီ...."
စူးချန်ကဲ၏ မျက်နှာအမူအရာသည် သိသ်ိသာသာ ပြောင်းလဲသွားပြီး မယုံကြည်နိုင်အောင် ဖြစ်နေသည်။
ယခင်က သူသည် ရှစ်ထျန်းတိ့ဟု ယူဆရသော ထူးဆန်းသည့် အငွေ့အသက်ကို ခံစားလိုက်ရစဉ်က၊
သူသည် ဂရုတစိုက် စစ်ဆေးခဲ့ပြီး ၎င်းအပေါ်တွင် သူ့ကိုယ်ပိုင်အငွေ့အသက်ကို ချန်ထားခဲ့သည်။
နောက်ပိုင်းတွင် ရှစ်ထျန်းတိ့သည် ဟွရှင်းအပိုင်းအစပေါ်တွင် ကပ်တွယ်ပြီးသည့်တိုင်အောင်၊
မှိန်ဖျော့ဖျော့သာ ကျန်ရှိတော့သော်လည်း သူ့ကိုယ်ပိုင်အငွေ့အသက်ကို ခံစားမိနေဆဲပင် ဖြစ်သည်။
သို့သော်လည်း ဤမျှ ပြင်းထန်သော ဓားဖိအား၏ လွှမ်းမိုးမှုအောက်တွင် ၊
ဟွရှင်းအပိုင်းအစပေါ်တွင် ချန်ထားခဲ့သော သူ့ကိုယ်ပိုင်အငွေ့အသက်သည် လုံးဝ ပျောက်ကွယ်သွားခဲ့လေသည်။
......
"မဟုတ်မှလွဲရော......"
သို့သော် စူးချန်ကဲအနေဖြင့် ဆက်စဉ်းစားရန် အချိန်မရလိုက်ခင်မှာပင်။
ဖြစ်ပေါ်လာသော လှုပ်ရှားမှုသည် အလွန်ကြီးမားလွန်းသဖြင့် အားရှင်းသည်လည်း ခဏတာ အိပ်စက်ခြင်းမှ နိုးထလာသည်။
"သခင်......"
၎င်းကို စိတ်ခံစားမှုမရှိသော သံမဏိစက်ရုပ် တစ်ကောင်ဟု ခေါ်ဆိုကြသော်လည်း ၊ ဤအခိုက်အတန့်တွင် စူးချန်ကဲသည် ၎င်း၏ မျက်လုံးထဲ၌ ထိတ်လန့်နေသာ အရိပ်အယောင်များကို မြင်တွေ့လိုက်ရသည်။
နိုးထလာသည်နှင့်ချက်ချင်း ၊ ၎င်းသည် ဘာကိုမှ ဂရုမစိုက်ဘဲ နတ်ဘုရားလက်နက် အမတမျှော်စင်ဆီသို့ ထပ်မံ ပြေးဝင်သွားပြန်သည်။
"အားရှင်း!"
စူးချန်ကဲသည် အံ့အားသင့်စွာဖြင့် ဟစ်အော်ကာ ၎င်း၏နောက်မှ ပြေးလိုက်သွားသည်။
ဖခင်ဖြစ်သူသည် မိမိအား ကောင်းကင်ဘဏ္ဍာ ဓာတ်ငါးပါး အမတစေတီ၏ အပြင်ဘက်သို့ အဘယ်ကြောင့် ပို့ဆောင်ခဲ့သည်ကို မသိသော်လည်း ၊ သူတို့ နှစ်ယောက်သည် ဤနေရာတွင် ခဲယဉ်းစွာ ဆုံတွေ့ခဲ့ရပြီး ဖြစ်ကာ သူ့အနေဖြင့် ဤကဲ့သို့ ထွက်သွားရန် မဖြစ်နိုင်ပေ။
.........
တစ်ချိန်တည်းမှာပင်။
ကောင်းကင်ဘဏ္ဍာ ဓာတ်ငါးပါး အမတစေတီ။
ရိုက်ခတ်လှုပ်ရှားနေသော ဓားစွမ်းအင် လှိုင်းတံပိုးများသည် တဖြည်းဖြည်း ပျောက်ကွယ်သွားပြီး မိုးမြေတစ်ခွင်လုံး ပြန်လည် ကြည်လင်သွားချိန်တွင် ၊
ကောင်းကင်ဘဏ္ဍာ ဓာတ်ငါးပါး အမတစေတီသည် အပျက်အစီးများနှင့် ပြည့်နှက်နေပြီး နေရာတိုင်းတွင် ဓားစွမ်းအင်အမှတ်အသားများဖြင့် ဖုံးလွှမ်းနေသည်။
မှုန်ဝါးဝါးအသွင်ပုံရိပ်ဖြင့် ပုဂ္ဂိုလ်နှစ်ဦးသာလျှင် ဤကျယ်ပြန့်လှသော ကောင်းကင်နှင့် မြေကြီးကြား တည်ရှိနေသည်။
တစ်ယောက်က မတ်တတ်ရပ်နေပြီး၊ နောက်တစ်ယောက်က မြေပြင်ပေါ်တွင် ဒူးတစ်ဖက် ထောက်ထားသည်။
" အဟွတ်.... စူးဓားအမတရှင်......"
စူးရွှမ်ကို ဓားအမတရှင်ဟု ခေါ်ဆိုရခြင်းမှာ လူငယ်ဘဝက စူးရွှမ်၏ ဓားလမ်းစဉ်သည် လောကတွင် အတုမရှိခဲ့သောကြောင့် ဖြစ်သည်။
ဧကရာဇ်မင်းတစ်ပါး ဖြစ်လာပြီးနောက်တွင် ၊ အမတနယ်မြေရှိ သက်ရှိများစွာကပင် ၎င်း၏ဓားဖြင့် ဒေဝလောက တစ်ခုလုံးကို နှိပ်ကွပ်နိုင်သည်ဟု ချီးကျူးခဲ့ကြသည်။
ထို့အပြင် တားမြစ်စူးမိသားစု၏ ဓားလမ်းစဉ် အမတဧကရာဇ်မင်း ငါးဦးအနက် သူသည် ပထမ ဖြစ်သည်။
"ဒီနေ့ တကယ်ကို ကျေးဇူးအများကြီးတင်ပါတယ်....."
အလွန်အားနည်းသော အသံတစ်ခုသည် မြေပေါ်တွင် ဒူးထောက်လျက်ရှိသော ပုဂ္ဂိုလ်ထံမှ ထွက်ပေါ်လာသည်။
ယခုအချိန်တွင် ကျောက်ဟွ အမတဧကရာဇ်မင်း၏ ကိုယ်ခန္ဓာသည် အတော်လေး ဆိုးရွားသော အခြေအနေအောက်တွင်ရှိနေသည်။ သံမဏိသတ္တုဖြင့် ဖန်တီးထားသော လက်မောင်းနှစ်ဖက်သည် ဓားစွမ်းအင်ဖြင့် ဖြတ်တောက်ခံထားရသည်။
မူလက မချိုးမဖျက်နိုင်သော သံမဏိသတ္တု ကိုယ်ခန္ဓာသည် ဓားစွမ်းအင်ဖြင့် ချိုင့်ခွက်များစွာ ဖြစ်ပေါ်နေကာ ၊ ကိုယ်ခန္ဓာအတွင်းရှိ ရှုပ်ထွေးသော စက်ပစ္စည်း အစိတ်အပိုင်းများကိုပင် မြင်နေရသည်။
ဒဏ်ရာ ချိုင့်ခွက်များအတွင်းမှ တောက်ပသောအရည်တစ်မျိုး စီးကျလာသည်မှာ အတော်လေးထိတ်လန့်ဖွယ်ရာ ကောင်းသည်။
သူ၏ ရောင်ဝါနှင့် သူ၏ စိတ်ဝိညာဉ်သည် အဆက်မပြတ် အားနည်းကာ ပျောက်ကွယ်လုမတတ် ဖြစ်နေသည်။
ခက်ခက်ခဲခဲ ကျန်ရှိနေသေးသည့် အသက်စွမ်းအင်မှာလည်း လေထဲတွင် ရုန်းကန်လှုပ်ရှားနေသော ဖယောင်းတိုင်မီးတိုင်ကဲ့သို့ပင် အချိန်မရွေး ငြိမ်းသွားမည်ကို စိုးရိမ်ရသည်။
"လီတောက် လူကြီးမင်း....."
စူးရွှမ်သည် မြေပြင်ပေါ်တွင် ဒူးထောက်လျက်ရှိသော ကျောက်ဟွ အမတဧကရာဇ်မင်းကို ကြည့်ကာ ၊ သူ၏ မျက်နှာအမူအရာသည် တွန့်ဆုတ်မှုအချို့ကို ပြသနေပြီး မျက်လုံးထဲတွင်လည်း အဆုံးမရှိသော အမျက်ဒေါသများဖြင့် တောက်လောင်နေသည်။
အမှန်အားဖြင့် ၊ သူ စောနက အသုံးပြုခဲ့သော ဓားတစ်ချက်သည် ကျောက်ဟွ အမတဧကရာဇ်မင်းကို မထိခိုက်စေရန် တတ်နိုင်သမျှ ထိန်းချုပ်ထားခဲ့သည်။
သို့သော်လည်း ရှစ်ထျန်းတိ့သည် အလွန်ပင် လိမ္မာပါးနပ်လွန်းကာ နောက်ဆုံးအခိုက်အတန့်တွင် သူ၏ နတ်အသိစိတ်ကို ကျောက်ဟွ အမတဧကရာဇ်မင်း၏ ကြွင်းကျန်စိတ်ဝိညာဉ်နှင့် ရောယှက်ရန် ရွေးချယ်ခဲ့သည်။
အကြိမ်ကြိမ် စဉ်းစားပြီးနောက် သူသည် ဤဓားကို လွတ်ချရုံကလွဲ၍ အခြားရွေးချယ်စရာမရှိခဲ့ပေ။
ဤဓားသည် ရှစ်ထျန်းတိ့၏ စိတ်ဝိညာဉ်ကို အောင်မြင်စွာ ချေမှုန်းနိုင်ခဲ့သော်လည်း၊ ကျောက်ဟွ အမတဧကရာဇ်မင်း၏ ကြွင်းကျန်စိတ်ဝ်ိညာဉ်ကိုလည်း ပြင်းပြင်းထန်ထန် ဒဏ်ရာရသွားစေကာ သိပ်မကြာမီ ဆီမီးကုန်ခမ်းပေတော့မည်။
"ဟားဟား.... စူးဓားအမတရှင်... ဒီကိစ္စက မင်းကို အပြစ်တင်လို့ မရဘူး...."
စူးရွှမ်သည် ကိုယ့်ကိုယ်ကို အပြစ်တင်နေသည်ကို သိရှိနေသကဲ့သို့ ကျောက်ဟွ အမတဧကရာဇ်မင်းသည် နှစ်သိမ့်လိုက်သည်။
" ဒီလို အပြောင်းအလဲ ဖြစ်လာလိမ့်မယ်လို့ ဘယ်သူမှကြိုမသိနိုင်ဘူး"
"စူးဓားအမတရှင် က ငါ့ကို အချိန်ခဏချန်ပေးနိုင်တာကိုက.... ကျုပ် လီတောက်... အတော်လေး ကျေးဇူးတင်နေပါပြီ...."