← Chapters

အခန်း (၆၅၃-၆၅၄)

Vol. 54 Ch. 653-654

အခန်း (၆၅၃-၆၅၄)

Vol. 54 Ch. 653-654

အခန်း ၆၅၃ - လောကဖိနှိပ်ရေပေါ်တောင် ပုံရိပ်

ကောင်းကင်နှင့် မြေကြီးက ဖရိုဖရဲ အခြေအနေသို့ ရောက်ရှိနေ၏။ ပြင်းထန်သော လေမုန်တိုင်းများနှင့် လွင့်စင်နေသော သဲလုံးများက ကျိုးပဲ့နေသော အရိုးအစအနများနှင့် ရောနှောကာ မြေပြင်တစ်ခွင်လုံးတွင် သောင်းကျန်းနေသည်။

ဤသည်မှာ သဘာဝတရားကြီး ကိုယ်တိုင်က ဒေါသတကြီးဖြင့် သူ့ကို စော်ကားဝံ့သူများအား အပြစ်ပေးနေသကဲ့သို့ ရှိသည်။

တာအိုခုံရုံး အသီးသီးမှ သောင်းနှင့်ချီသော ကျင့်ကြံသူကြီးများက မိုင်ပေါင်း သောင်းချီ ကျယ်ဝန်းသော ဝင်္ကပါကြီး တစ်ခုကို ဖွဲ့စည်းထားကြ၏။

သူတို့၏ ဧရာမ ကျင့်စဉ်စွမ်းအင်များက အလင်းတန်းများ ကောင်းကင်သို့ ထိုးဖောက်နေသည့် ဧရာမ အပြာရောင် ဝင်္ကပါကြီးအဖြစ် ပေါင်းဆုံသွားသည်။ ထိုအလင်းတန်းများထဲတွင် အပြာရောင် ငါးရိပ်များ ဖြတ်ပြေးသွားသည်ကို မြင်တွေ့နိုင်ပြီး ဝင်္ကပါအတွင်း၌ အပြာရောင် လေစီးကြောင်းများက ကျင့်ကြံသူကြီး ခုနစ်ပါးထံသို့ စုဆုံသွားကြသည်။

ဤမဟာကျင့်ကြံသူ ခုနစ်ယောက်စလုံးမှာ မူလဘူတအနှောင်ဖွဲ့ကင်းအမတများ ဖြစ်ကြပြီး ကောင်းကင်ကို ထိုးဖောက်ကာ မြေကြီးကို ဖောက်ထွင်းနိုင်လောက်သည့် ကျင့်ကြံခြင်းအဆင့်များ ရှိကြ၏။ သူတို့၏ ကျင့်စဉ်စွမ်းအင်များကြောင့် ဝင်္ကပါကို ထိန်းသိမ်းနေရသည့် သောင်းနှင့်ချီသော ကျင့်ကြံသူကြီးများမှာ အခက်တွေ့နေကြပြီး လူတိုင်းနီးပါး တုန်ယင်နေကြသည်။

ထို မူလဘူတအနှောင်ဖွဲ့ကင်းအမတ ခုနစ်ပါးက ပေတစ်ရာခန့် မြင့်မားသော ဧရာမ ပုံရိပ်ကြီးတစ်ခုကို ပူးပေါင်း တိုက်ခိုက်နေကြ၏။ သူတို့ မည်မျှပင် တိုက်ခိုက်စေကာမူ ထိုဧရာမ ပုံရိပ်ကြီးကို မတုန်လှုပ်စေနိုင်ချေ။

ခန္ဓာကိုယ် အပေါ်ပိုင်း ဗလာကျင်းနေသည့် ထိုပုံရိပ်ကြီးမှာ မူလဘူတ လူသားမျိုးနွယ်များ၏ မိစ္ဆာဆိုး အများစုနှင့် ဆင်တူနေသည်။ သူက ဖရိုဖရဲ ဆံပင်များနှင့်ဖြစ်ပြီး လက်ထဲတွင် အမည်းရောင် ဓားရှည်တစ်လက်ကို ကိုင်ဆောင်ထား၏။ သူ့ခန္ဓာကိုယ်ကို သွေးရောင် အငွေ့အသက်များက ရစ်ပတ်ထားပြီး အရပ်မျက်နှာ အသီးသီးမှ လာသော မှော်ပညာများနှင့် နတ်သိုင်းကွက်များ အားလုံးကို ပိတ်ဆို့ထားသည်။

တာအိုခုံရုံး၏ မူလဘူတအနှောင်ဖွဲ့ကင်းအမတများက နတ်သိုင်းကွက်များကို အသုံးပြုနေကြသော်လည်း သူ့ကို ရစ်ပတ်ထားသည့် သွေးရောင် အငွေ့အသက်များကို ဖောက်ထွင်းနိုင်ခြင်း မရှိကြချေ။

သူက မျက်လုံးများကို မှိတ်ထားပြီး အိပ်မောကျနေဆဲဖြစ်ကာ သူ့ပတ်ဝန်းကျင်မှ တိုက်ခိုက်မှုများက သူ့ကို လွှမ်းမိုးနိုင်ခြင်း မရှိသကဲ့သို့ပင်။

တစ်ချိန်တည်းမှာပင် အခြားသော ကျင့်ကြံသူများကလည်း အဝေးမှ အဆက်မပြတ် ရောက်ရှိလာကြပြီး ဝိုင်းဝန်း ပိတ်ဆို့မှုတွင် ပါဝင်လာကြ၏။

ဝူရှီမှ လူများလည်း ရောက်ရှိလာကြသည်။

အန်ရှန်ထျန့်က မျက်လုံးများ ပြူးကျယ်သွားပြီး တံတွေးကို ဂလုခနဲ မြိုချကာ စိုးရိမ်တကြီး မေးလိုက်၏။ "အဲဒီကောင်က ဘယ်အဆင့်မှာ ရှိနေတာလဲ..."

တာအိုခုံရုံး၏ ဝင်္ကပါထဲတွင် နေရာယူထားသော ကျင့်ကြံသူတိုင်းက သူ့အတွက် အလွန် နက်နဲသိမ်မွေ့နေပုံရပြီး ဝင်္ကပါအတွင်းရှိ မဟာကျင့်ကြံသူ ခုနစ်ယောက် ဆိုလျှင် ပြောစရာပင် မလိုတော့ချေ။

ဤမျှများပြားသော အစွမ်းထက် ပုဂ္ဂိုလ်များ စုရုံးနေသော်လည်း မူလဘူတ လူသားမျိုးနွယ်မှ မိစ္ဆာဆိုးကို မတုန်လှုပ်စေနိုင်ဘူးလား။

"သူ့ကို ဖြေရှင်းလိုက်နိုင်ရင် မူလဘူတ လူသားမျိုးနွယ်တွေ ယူဆောင်လာတဲ့ ကပ်ဘေးတွေကို အဆုံးသတ်နိုင်လောက်တယ်"

လုရှန်က တည်ကြည်လေးနက်စွာ ရေရွတ်လိုက်၏။ ပြိုင်ဘက်က ပို၍ အစွမ်းထက်လေ၊ သူက ပို၍ စိတ်လှုပ်ရှားလေ ဖြစ်သည်။

တကယ်လို့ တာအိုခုံရုံးကသာ မူလဘူတ လူသားမျိုးနွယ်များကို ဖြေရှင်းလိုက်နိုင်ပါက သူတို့၏ စွမ်းရည်များကို ပြသရန် အခွင့်အရေး မည်သို့ ရနိုင်တော့မည်နည်း။

ရုတ်တရက်။

ဝူရှီမှ လူများ၏ အနောက်ဘက်မှ ကြီးမားလှသော အရှိန်အဝါကြီးတစ်ခု ထွက်ပေါ်လာသဖြင့် သူတို့မှာ လန့်ဖြန့်သွားကြပြီး ခေါင်းလှည့် ကြည့်လိုက်ကြ၏။

သူတို့သာမကဘဲ တိုက်ပွဲဝင်နေကြသည့် အခြားသော ကျင့်ကြံသူများကလည်း ခေါင်းလှည့်ကြည့်လိုက်ကြရာ သက်တံရောင် အလင်းတန်းတစ်ခုက အပြေးအလွှား သွားနေသော နေမင်းတစ်စင်းကဲ့သို့ သူတို့ဆီသို့ လျင်မြန်စွာ ဦးတည်လာနေသည်ကို မြင်လိုက်ရသည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် သက်တံရောင် အလင်းတန်းက ဝူရှီမှ လူများ၏ ခေါင်းပေါ်မှ ကျော်လွန် ပျံသန်းသွားပြီး ဝင်္ကပါအတွင်းသို့ တိုက်ရိုက် ဝင်ရောက်သွား၏။ ဝင်္ကပါကလည်း ၎င်းကို လုံးဝ ခုခံတားဆီးခြင်း မရှိပေ။

သက်တံရောင် အလင်းတန်း ရပ်တန့်သွားပြီး ၎င်း၏ တောက်ပမှုများ ပျောက်ကွယ်သွားသောအခါ အဖြူရောင် ဝတ်ရုံနှင့် တာအိုဆရာတစ်ပါး ထွက်ပေါ်လာသည်။ သူက သက်ကြီးရွယ်အို တစ်ဦး၏ ငယ်ရွယ်နုပျိုသော ရုပ်သွင်ကို ပိုင်ဆိုင်ထားပြီး ယင်ကောင်မောင်းတံ တစ်ချောင်းကို ကိုင်ဆောင်ထား၏။

သူ၏ ရှည်လျားသော မျက်ခုံးမွှေးများနှင့် မုတ်ဆိတ်မွှေးများက သူ၏ သာမန်ထက် ထူးကဲသော အရှိန်အဝါကို ပိုမို ပေါ်လွင်စေသည်။

သူက ပေတစ်ရာခန့် မြင့်မားသော ပုံရိပ်ကြီးကို ကြည့်၍ ပြောလိုက်၏။ "အကြီးအကဲကျူး... မတွေ့ရတာ ကြာပြီ..."

အမှန်တကယ်ပင် သူကား တာအိုခုံရုံး၏ အရှင်သခင် ယွမ်စုန်ကျီ ဖြစ်သည်။

ယွမ်စုန်ကျီ ပေါ်လာသည်ကို မြင်သောအခါ တာအိုခုံရုံးဘက်မှ မဟာကျင့်ကြံသူများ အားလုံး သက်ပြင်းချနိုင်သွားကြပြီး ပြုံးလိုက်ကြ၏။

တာအိုခုံရုံးသည် မဟာမိတ်ဖွကဲ့သို့သော ဂိုဏ်းတစ်ခု ဖြစ်သည့်အလျောက် ဂိုဏ်းအသီးသီးကို စုစည်းကာ ဂိုဏ်းသစ်တစ်ခုကို အောင်မြင်စွာ တည်ထောင်နိုင်ခဲ့သည်။ ထိုသို့သော ဩဇာလွှမ်းမိုးမှုရှိသည့် မျိုးဆက်တစ်ခု၏ ခေါင်းဆောင်သည် သာမန်ထက် ထူးကဲသော စွမ်းရည်များကို ပိုင်ဆိုင်ထားသည်မှာ သေချာလှသည်။

လက်ရှိ နေရာတွင် ရှိနေကြသော ကျင့်ကြံသူကြီးများ အားလုံးမှာ တာအိုခုံရုံး၏ အဆင့်မြင့် အကြီးအကဲများ ဖြစ်ကြပြီး ယွမ်စုန်ကျီ၏ စွမ်းရည်များကို အတိုင်းအတာ တစ်ခုအထိ မျက်မြင်ကိုယ်တွေ့ ကြုံဖူးကြသူများ ဖြစ်သည်။ သူတို့၏ စိတ်ထဲတွင် ယွမ်စုန်ကျီက အစွမ်းအထက်ဆုံး ပုဂ္ဂိုလ် ဖြစ်၏။

သူ ရှိနေသရွေ့ အခက်အခဲ အားလုံး ပြေလည်သွားမည် ဖြစ်သည်။

ထိုအခါ ပေတစ်ရာခန့် မြင့်မားသော ပုံရိပ်ကြီးက မျက်လုံးများကို ဖွင့်လိုက်သည်။ သူက ယွမ်စုန်ကျီကို ကြည့်လိုက်သော်လည်း သူ၏ ကြမ်းကြုတ်သော မျက်နှာပေါ်တွင် မည်သည့် အမူအရာမှ ပြောင်းလဲသွားခြင်း မရှိဘဲ ပြောလိုက်၏။

"မင်း နာမည်က ယွမ်စုန်ကျီ မလား... မင်း ဒီမဟာကမ္ဘာကို လာဖို့နဲ့ ဒီလောက် ကြီးမားတဲ့ ကောင်းကင်နဲ့ မြေကြီးရဲ့ ကံကြမ္မာတွေကို ပိုင်ဆိုင်နိုင်ဖို့ တကယ်ကို မလွယ်ကူခဲ့ဘူးပဲ"

ယွမ်စုန်ကျီက ပြုံး၍ ပြန်ဖြေလိုက်သည်။ "ငါတို့ နောက်ဆုံး ခွဲခွာခဲ့ပြီးကတည်းက နှစ်ပေါင်းများစွာ ကြာခဲ့ပြီ ဖြစ်သလို ကမ္ဘာကြီးကလည်း အကြီးအကျယ် ပြောင်းလဲသွားခဲ့ပြီ... ဒီမဟာကမ္ဘာမှာ ပြန်လည် ဆုံတွေ့နိုင်တာကလဲ ကံတရားပဲ... ဒါပေမယ့် အကြီးအကဲကျူး... မင်းကရော ဘယ်လိုလုပ်ပြီး ဒီလိုအခြေအနေမျိုးကိုရောက်ရှိနေရတာလဲ"

ယွမ်စုန်ကျီက မူလဘူတ လူသားမျိုးနွယ်မှ မိစ္ဆာဆိုးကို သိကျွမ်းနေကြောင်း ကြားလိုက်ရသဖြင့် တာအိုခုံရုံးမှ ကျင့်ကြံသူများမှာ ဝေခွဲမရဖြစ်ကာ တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်လိုက်ကြ၏။ သူတို့က ကိစ္စရပ်ကို ပေါ့ပေါ့တန်တန် သဘောမထားကြဘဲ ဝင်္ကပါကို ဆက်လက် ထိန်းသိမ်းထားကြသည်။

ဝူရှီမှ လူများကလည်း စပ်စုချင်နေကြသည်။ ကျန်းရှီက ဦးဆောင်၍ ပေတစ်ရာခန့် မြင့်မားသော ပုံရိပ်ကြီး၏ အနောက်ဘက်သို့ ပျံသန်းသွားကြ၏။

"မရန်စသင့်တဲ့ ပုဂ္ဂိုလ်တွေကို စော်ကားမိရင်တော့ ဒီလို အကျိုးဆက်တွေ ခံစားရမှာပါပဲလေ.... ဒါပေမဲ့ မင်းမှာတော့ ရှင်သန်နိုင်မယ့် အခွင့်အရေး ကျဉ်းကျဉ်းလေး ရှိနေသေးတယ်နော်... မင်း မြန်မြန် ထွက်သွားသင့်တယ်"

အကြီးအကဲကျူးဟု ခေါ်ဆိုသော ပုဂ္ဂိုလ်က ပြန်ဖြေလိုက်သည်။ သူ၏ လေသံက အေးစက်နေသော်လည်း အင်အားသုံးရန် ရည်ရွယ်ထားပုံ မရပေ။

ယွမ်စုန်ကျီက ကူကယ်ရာမဲ့စွာဖြင့် ပြောလိုက်၏။ "ငါက ဂိုဏ်းတစ်ခုရဲ့ ဂိုဏ်းချုပ် ဖြစ်နေပြီ... လောကရဲ့ သက်ရှိ အားလုံးရဲ့ အသက်အိုးအိမ်စည်းစိမ်တွေကို တာဝန်ယူထားရတယ်... ငါက ဘယ်လိုလုပ် ထွက်ပြေးလို့ ရမှာလဲ... အကြီးအကဲရဲ့ စကားအရ ဆိုရင် မင်းလည်း ဆန္ဒမပါဘဲ ဖိအားပေးခံရတဲ့ ပုံပဲ... အဲဒီလိုဆိုရင်တော့ ငါ စော်ကားမိတာကို တောင်းပန်ပါတယ်"

သူ၏ အသံ ကျသွားသည်နှင့် သူက ဘယ်ဘက်လက်ကို မြှောက်၍ ညင်သာစွာ ဝှေ့ယမ်းလိုက်ရာ သူ၏ အနောက်ဘက်မှ ခမ်းနားထည်ဝါသော တောင်စိမ်းကြီး တစ်လုံး ထွက်၏။ ပန်းများ၊ မြက်များနှင့် သစ်ပင်များ လျင်မြန်စွာ ကြီးထွားလာသည်။ ထိုသစ်ပင်များက လျင်မြန်စွာ အမြစ်တွယ်၍ အညှောက်ပေါက်လာကြပြီး တောင်ပေါ်တွင် နတ်ဘုရားစစ်တပ်ကြီး တစ်ခု ရပ်တန့်နေသကဲ့သို့ အလွန်တရာ ကြီးမားစွာ ကြီးထွားလာကြ၏။

တောင်စိမ်းကြီးက မယုံကြည်နိုင်လောက်အောင် မြန်ဆန်သော အရှိန်ဖြင့် တိမ်တိုက်များဆီသို့ ထိုးတက်သွားပြီး အသက်ရှူကြိမ် နှစ်ကြိမ်ပင် မပြည့်မီ အချိန်အတွင်း ကြီးမားလာကာ ဝင်္ကပါ အတွင်းရှိ နေရာလွတ်ကို ဖြည့်တင်းသွားသဖြင့် အပြင်ဘက်ရှိ ကျင့်ကြံသူများမှာ အံ့အားသင့်စွာ စိုက်ကြည့်နေကြရသည်။

တာအိုခုံရုံးမှ လူများပင်လျှင် ထိုကဲ့သို့သော တောင်ကြီးကို ပထမဆုံးအကြိမ် မြင်ဖူးခြင်း ဖြစ်သည်။

တောင်ကြီး ထွက်ပေါ်လာသည်နှင့် တစ်ပြိုင်နက် အကြီးအကဲကျူး၏ ဖိနှိပ်နိုင်စွမ်းရှိသော အရှိန်အဝါများက ချက်ချင်း အားပျော့သွား၏။

"အဲဒါက နတ်သိုင်းကွက်လား ဒါမှမဟုတ် မှော်ရတနာလား..."

"အရမ်းကို ကြောက်စရာကောင်းတဲ့ ဖိနှိပ်မှု စွမ်းအားပဲ... ဝင်္ကပါက ခြားထားပေမဲ့လည်း ငါ့ရဲ့ ကျင့်စဉ်စွမ်းအင်တွေ ထိန်းချုပ်ခံထားရသလို ခံစားနေရတယ်..."

"တာအိုခုံရုံးရဲ့ အရှင်သခင်က ငါတို့ခေတ်မှာ အကြီးကျယ်ဆုံး ကျင့်ကြံသူကြီးလို့ ပြောကြတယ်... သူက ဘယ်သူနဲ့မှ မတူတဲ့ အကောင်းဆုံး ရတနာတွေနဲ့ နတ်သိုင်းကွက်တွေကို ပိုင်ဆိုင်ထားတယ်လေ... ကောလာဟလတွေက အခြေအမြစ် မရှိတာ မဟုတ်ဘူး ထင်တယ်..."

"ဟုတ်တယ်... ငါတို့ရဲ့ အရှင်သခင် အကြောင်းကို ပြောနေစရာတောင် မလိုဘူး... သူက ငါတို့ခေတ်ရဲ့ အကောင်းဆုံးသူ ဆိုတဲ့ နာမည်နဲ့ တကယ်ကို ထိုက်တန်တယ်..."

"ဒါက မဟာတာအိုရဲ့ စွမ်းအား တစ်မျိုးမျိုး ဖြစ်ရမယ်..."

ဝူရှီမှ လူများမှာ ယွမ်စုန်ကျီ၏ စွမ်းအားကို အံ့ဩမှင်တက်သွားကြသည်။

ယွမ်စုန်ကျီ ပြသလိုက်သော နတ်သိုင်းကွက်ကို ရင်ဆိုင်ရချိန်တွင် အကြီးအကဲကျူး၏ မျက်လုံးများထဲ၌ လေးစားမှု အရိပ်အယောင်များ လက်လတ်သွားပြီး သူက အာမေဍိတ်သံဖြင့် ပြောလိုက်၏။ "မင်းက လောကဖိနှိပ်ရေပေါ်တောင် ပုံရိပ် ကို ဒီလောက်အထိ ရောက်အောင် ကျင့်ကြံနိုင်လိမ့်မယ်လို့ ငါ မထင်ထားခဲ့ဘူး... မင်းကို ဒီအမွေအနှစ် ပေးခဲ့တာ အလဟဿ မဖြစ်ခဲ့ဘူးပဲ... ဒါပေမဲ့ ကံမကောင်းစွာနဲ့ပဲ မင်းက ကောင်းကင်တက်လှမ်းခြင်းနှောင်ဖွဲ့ကင်းအမတအဆင့်ကို မတက်လှမ်းနိုင်ခဲ့ဘူး... ပြီးတော့ ငါ့ရှေ့မှာဆိုရင် မင်းက ပုရွက်ဆိတ် တစ်ကောင်လိုပဲ ရှိသေးတယ်..."

သူ၏ စကားဆုံးသွားသည်နှင့် သူ၏ အမူအရာက ကြမ်းကြုတ်သွား၏။ ရုတ်တရက် သူက ဓားရှည်ကို မြှောက်လိုက်ရာ ဓားအလင်းတန်း တစ်ချက် လက်သွားသည်။

ဘုန်း...။

တာအိုခုံရုံး၏ ဧရာမ ဝင်္ကပါကြီးမှာ ချက်ချင်းပင် အစိတ်စိတ်အမွှာမွှာ ကွဲအက်သွားပြီး ကြောက်မက်ဖွယ်ကောင်းသော တုန်ခါမှုလှိုင်းများက ယခင်က အကြီးအကဲကျူးကို ဝိုင်းရံထားခဲ့သည့် မူလဘူတအနှောင်ဖွဲ့ကင်းအမတ ခုနစ်ပါး အပါအဝင် လူတိုင်းကို လွင့်စင်သွားစေသည်။

နောက်သို့ လွင့်ထွက်သွားစဉ် အတွင်း တာအိုခုံရုံးဘက်မှ မဟာကျင့်ကြံသူများ၏ ထက်ဝက်ခန့်မှာ အမှုန့်ကြိတ် ခံလိုက်ရ၏။

ဝူရှီမှ လူများမှာမူ သူတို့၏ တာအိုရတနာ အကာအကွယ်ကြောင့် အသက်ရှင်ကျန်ရစ်ခဲ့သော်လည်း အပြည့်အဝ တွေဝေသွားကြကာ အကြီးအကဲကျူးကို မယုံကြည်နိုင်စွာ စိုက်ကြည့်နေကြသည်။

လောကဖိနှိပ် ရေပေါ်တောင် ပုံရိပ်၏ အရှေ့တွင် ရပ်နေသော ယွမ်စုန်ကျီသည် ဓားစွမ်းအင်ကို ကာကွယ်ရန် သူ၏ လက်ကို မြှောက်လိုက်စဉ် မျက်မှောင်ကြုတ်သွား၏။ သူ၏ အနောက်ဘက်ရှိ ဧရာမ တောင်စိမ်းကြီးမှာ အစိတ်စိတ်အမွှာမွှာ ကွဲအက်တော့မည့်အလား တုန်ခါနေသည်။

ယွမ်စုန်ကျီ၏ စိတ်ထဲတွင် တုန်လှုပ်မှု လှိုင်းတံပိုးများ ရိုက်ခတ်သွား၏။

ကောင်းကင်တက်လှမ်းခြင်းနှောင်ဖွဲ့ကင်းအမတ။

အကြီးအကဲကျူးသည် ဤမျှလောက် အဆင့်အထိ ရောက်ရှိနေလိမ့်မည်ဟု သူ မထင်ထားခဲ့ချေ။ သူတို့ ပထမဆုံး ဆုံတွေ့ခဲ့စဉ်က အကြီးအကဲကျူးသည် ဤတစ်သက်တွင် မူလဘူတအနှောင်ဖွဲ့ကင်းအမတအဆင့်ကို ကျော်ဖြတ်နိုင်မည် မဟုတ်ကြောင်း ညည်းတွားခဲ့သည်ကို သူ မှတ်မိနေသေးသည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် အကြီးအကဲကျူး၏ လက်ရှိ အခြေအနေကို ထည့်သွင်းစဉ်းစားကာ ကြောက်မက်ဖွယ်ကောင်းသော ဖြစ်နိုင်ခြေများစွာက ယွမ်စုန်ကျီ၏ စိတ်ထဲတွင် လျှပ်တစ်ပြက် ပေါ်လာသည်။

"မင်းတို့ အားလုံးကို မျိုးဖြုတ်ပစ်ဖို့နဲ့ ကောင်းကင်ဝိညာဉ် မဟာကမ္ဘာရဲ့ ကံကြမ္မာကို ထက်ဝက်ဖြတ်တောက်ဖို့... ယွမ်စုန်ကျီ... ဒီအကျိုးဆက်တွေရဲ့ နောက်ကွယ်က အကြောင်းရင်းကို မမြင်နိုင်တဲ့ မင်းရဲ့ ကျင့်ကြံခြင်းအဆင့်ကိုပဲ အပြစ်တင်လိုက်တော့..."

အကြီးအကဲကျူး၏ အသံ ထပ်မံ ထွက်ပေါ်လာသောအခါ ယွမ်စုန်ကျီ၏ အမူအရာက အကြီးအကျယ် ပြောင်းလဲသွား၏။

စိတ်ကူး၍ပင် မရနိုင်သော ကြောက်မက်ဖွယ် စွမ်းအားကြီးတစ်ခုက သူ့ကို ဝင်ရောက် တိုက်ခိုက်လာသဖြင့် သူ့မှာ ခုခံနိုင်စွမ်း မရှိတော့ချေ။

ဘုန်း

ယွမ်စုန်ကျီ၏ ဝတ်ရုံများ အစိတ်စိတ်အမွှာမွှာ ကွဲအက်သွားပြီး သွေးပန်းပွင့်များ ပေါက်ကွဲထွက်လာသကဲ့သို့ ဖြစ်သွားကာ ဧရာမတောင်ကြီးမှာလည်း ချက်ချင်းပင် အစိတ်စိတ်အမွှာမွှာ ကွဲအက်သွား၏။

ဓားစွမ်းအင်က မြေပြင်တစ်ခွင် လွှမ်းမိုးသွားပြီး ကမ္ဘာနှိမ်နင်းရေး ရေပေါ်တောင် ဓမ္မပုံရိပ်ကို ဖြတ်တောက်ကာ မြေကြီးကို ပိုင်းဖြတ်၍ ကောင်းကင်၏ အစွန်းဆုံးအထိ ရောက်ရှိသွားပြီး ကမ္ဘာကြီး တစ်ခုလုံးကို နှစ်ခြမ်းခွဲတော့မည့်အလား ရှိနေသည်။

ဝူရှီမှ လူများသည် ဓားစွမ်းအင်၏ လမ်းကြောင်းတွင် တိုက်ရိုက် မရှိကြသော်လည်း တိုက်ခိုက်မှု၏ ဂယက်များကြောင့် မိုးကုတ်စက်ဝိုင်းဆီသို့ လွင့်ထွက်သွားကြပြီး ကိုယ်ကိုကို့ မကာကွယ်နိုင်ကြချေ။ သူတို့၏ တာအိုရတနာက သူတို့၏ အသက်ကိုသာ ကာကွယ်ပေးနိုင်ခဲ့၏။

ဤဓားခုတ်ချက်နှင့်အတူ ကမ္ဘာ၏ အပြင်ဘက် လက်တွေ့ကမ္ဘာတွင် သက်ရှိသတ္တဝါ အားလုံးက မော့ကြည့်လိုက်ရာ ကောင်းကင်ယံ၌ ကောင်းကင်ကို နှစ်ခြမ်းခွဲထားသည့် ခမ်းနားထည်ဝါသော သွေးရောင် သက်တံကြီး တစ်ခုကို မြင်တွေ့လိုက်ရ၏။

သက်တမ်းတာအိုနယ်မြေတွင် ရှိနေသော ရှန်ကျန်းပင်လျှင် ထိုမြင်ကွင်းကို မြင်လိုက်ရသည်။

ရတနာဖန်တီးခြင်း မီးဖို၏ အရှေ့တွင် ထိုင်နေသော ရှန်ကျန်းက လှည့်ကြည့်လိုက်ရာ မလှမ်းမကမ်းတွင် စာအုပ်တစ်အုပ် ဖတ်ရင်း ကုလားထိုင်ပေါ်၌ အပန်းဖြေနေသော ကုအန်ကို တွေ့လိုက်ရပြီး မေးလိုက်၏။ "ဒီလောက် ဆူညံနေတာတောင် ရှင် ဝင်မပါဘူးလား"

အလွန် ဝေးကွာနေသော်လည်း အကြီးအကဲကျူးထံမှ ထွက်ပေါ်လာသော ဖိနှိပ်နိုင်စွမ်းရှိသည့် အရှိန်ဝါကို သူမ ခံစားနိုင်ပြီး သူမကို ထိတ်လန့်သွားစေသည်။

ဤသို့သော သက်ရှိမျိုးကို သေမျိုးစွမ်းအား တစ်ခုခုဖြင့် ရင်ဆိုင်ရန်မှာ မဖြစ်နိုင်ချေ။

အခန်း ၆၅၄ လျှို့ဝှက်ဆန်းကြယ်သော မိစ္ဆာအရိပ်၊ ဆရာ

ရှန်းကျန်၏ စကားကို ကြားသောအခါ ကုအန်က မတ်တတ်မရပ်သကဲ့သို့ သူမဘက်သို့လည်း လှည့်မကြည့်ဘဲ ပေါ့ပေါ့ပါးပါးပင် ပြန်ဖြေလိုက်၏။ "မစိုးရိမ်ပါနဲ့... အခု အစွမ်းပြနေတဲ့ သူတွေက နယ်ရုပ်လေးတွေပါပဲ... ဒီကမ္ဘာကြီးက အခုချက်ချင်း ပျက်စီးသွားဦးမှာ မဟုတ်သေးဘူး"

နယ်ရုပ်တွေ

ရှန်းကျန်မှာ အံ့အားသင့်သွား၏။ သူမက မတ်တတ်ရပ်၍ ကုအန်ထံသို့ လျှောက်သွားလိုက်သည်။

သူမက ကုအန်၏ အရှေ့တွင် ဆောင့်ကြောင့်ထိုင်ချလိုက်ပြီး ကူကယ်ရာမဲ့ဟန် ဆောင်ကာ မေးလိုက်၏။ "ကျွန်မ ဒီတိုက်ပွဲကြီးကို ကြည့်လို့ ရမလား..."

အတိတ်က ကုအန်သည် သူ၏ စွမ်းအားများကို အသုံးပြု၍ သက်တမ်းတာအိုနယ်မြေ အတွင်းမှနေ၍ ကောင်းကင်ပြင်ပရှိ တိုက်ပွဲများကို သူတို့အား ကြည့်ရှုခွင့် ပေးခဲ့ဖူးသည်။

ကောင်းကင်နှင့် မြေကြီးကို လွှမ်းခြုံထားသည့် ထိတ်လန့်ဖွယ် ဖိအားကြီးကို မည်သူက သယ်ဆောင်လာသနည်းနှင့် မည်သို့သော သက်ရှိမျိုး ထပ်မံ ပေါ်လာမည်ကို သူမ သိချင်နေမိ၏။

ကုအန်က သူ၏ လက်ကို ပေါ့ပေါ့ပါးပါး ဝှေ့ယမ်းလိုက်ရာ ရှန်းကျန်က ခေါင်းလှည့်ကြည့်လိုက်သောအခါ ရတနာဖန်တီးခြင်း မီးဖိုပေါ်တွင် အပြာရောင် မီးခိုးငွေ့များ စုစည်းသွားပြီး ထိုဆန်းကြယ်သော ကမ္ဘာအတွင်းရှိ မြင်ကွင်းကို ပြသနေသည်ကို တွေ့လိုက်ရသည်။

အကြီးအကဲကျူးသည် ဓားရှည်တစ်လက်ကို ကိုင်ဆောင်ထားပြီး ခမ်းနားကြီးကျယ်သော ဖုန်တိမ်တိုက်များကြားတွင် ရှေးဦး မိစ္ဆာနတ်ဘုရား တစ်ပါးကဲ့သို့ ရပ်တန့်နေကာ ယှဉ်ပြိုင်နိုင်စွမ်း ကင်းမဲ့သော လွှမ်းမိုးမှုဖြင့် ကောင်းကင်ယံသို့ မားမားမတ်မတ် ရပ်တည်နေ၏။

ရှန်းကျန်က အန်ရှင်းနှင့် ဖူယိုသရဲမယ်တော်တို့ထံ ချက်ချင်း သတင်းပို့၍ တိုက်ပွဲကို လာရောက် ကြည့်ရှုရန် ဖိတ်ခေါ်လိုက်သည်။

မူလဘူတအနှောင်ဖွဲ့ကင်းအမတအဆင့်၏ အထွတ်အထိပ်သို့ ရောက်ရှိနေသော ယွမ်စုန်ကျီသည် အကြီးအကဲကျူး၏ ပြိုင်ဘက် မဟုတ်ခဲ့ဘဲ အကြီးအကဲကျူးက တစ်ချက်တည်းသော တိုက်ခိုက်မှုဖြင့် တာအိုခုံရုံး၏ မျှော်လင့်ချက်ကို အစိတ်စိတ်အမွှာမွှာ ရိုက်ချိုးပစ်လိုက်သည်။

တာအိုခုံရုံး ကျင့်ကြံသူများ၏ စိတ်ထဲတွင် လောက၌ ပြိုင်ဘက်ကင်းဟု ယူဆထားသော ယွမ်စုန်ကျီသည် အကြီးအကဲကျူး၏ သိုင်းကွက်တစ်ကွက်ကိုပင် မခံနိုင်ခဲ့ဘဲ အသက်ရှင်ကျန်ရစ်သူများမှာလည်း ရှေ့သို့ တက်ရန် မဝံ့မရဲ ဖြစ်နေကြ၏။

ကောင်းကင်နှင့် မြေကြီးက ကျယ်ပြောလှပြီး မူလဘူတ လူသားမျိုးနွယ်မှ မိစ္ဆာဆိုးများက ကောင်းကင်ယံရှိ တွင်းနက်ကြီးထဲသို့ စတင် ပျံသန်း ဝင်ရောက်လာကြရာ ပြင်ပ ကာကွယ်ရေး အတားအဆီးများ ပေါက်ပြဲသွားပြီ ဖြစ်ကြောင်း ဖော်ပြနေသည်။

"ငါက မင်းတို့ကို ဖြည်းဖြည်းချင်း အမှုန့်ကြိတ်ပစ်ဖို့ ရည်ရွယ်ထားတာ... ဒါပေမဲ့ မင်းတို့က ကိုယ့်သေတွင်း ကိုယ်တူးဖို့ ဇွတ်လုပ်နေကြတယ်လေ... မူအဘူတ လူသားမျိုးနွယ်တွေ ဒီကမ္ဘာကို ယူဆောင်လာတဲ့ ကပ်ဘေးတွေက ကမ္ဘာပျက်မယ့် အဆင့်မျိုး မဟုတ်ဘူး..."

အကြီးအကဲကျူး၏ အသံက နားကွဲမတတ် ထွက်ပေါ်လာပြီး ကျင့်ကြံသူတိုင်း၏ နတ်အာရုံကို လှုံ့ဆော်လိုက်၏။ သူ၏ စွမ်းအားကို မျက်မြင်ကိုယ်တွေ့ ကြုံရသောအခါ လူအများစုမှာ အမှန်တကယ်ပင် နောင်တရသွားကြပြီး သူတို့ မလာခဲ့သင့်ဘူးဟု တွေးမိလိုက်ကြသည်။

ဝူရှီမှသူများက လိပ်တက်နေသော ဖုန်တိမ်တိုက်များထဲမှ ထွက်ပေါ်လာပြီး ပြန်လည် စုစည်းလိုက်ကြကာ အဝေးမှ ဧရာမ ပုံရိပ်ကြီးကို ထိတ်လန့်မှု အပြည့်ရှိသော မျက်လုံးများဖြင့် ကြည့်လိုက်ကြသည်။

သွေးကျဉ်းထောင်သူတော်စင်က တိုးတိုးလေး ရေရွတ်လိုက်၏။ "ဒါက ဝါးရခက်တဲ့ အရိုးပဲ..."

တိုက်ခိုက်မှု တစ်ချက်၏ ဂယက်ကပင် သူတို့ကို ဤမျှ စုတ်ပြတ်သတ်သွားစေခဲ့ရာ ဤမိစ္ဆာဆိုးကို တိုက်ရိုက် ရင်ဆိုင်ရမည် ဆိုပါက မည်မျှ ကြောက်မက်ဖွယ် ကောင်းလိမ့်မည်နည်း။

အခြားသူများကလည်း အခက်တွေ့နေကြ၏။ ယခုမှ ထွက်ခွာသွားမည် ဆိုပါက သူတို့၏ စိတ်ထဲတွင် မကျေမချမ်း ဖြစ်နေပေလိမ့်မည်။

အကယ်၍ ဤတိုက်ပွဲက မူလဘူတ လူသားမျိုးနွယ်ကို အဆုံးမသတ်နိုင်ပါက သူတို့၏ ဆရာသခင် ဝင်မပါသရွေ့ လူသားကမ္ဘာကြီးသည် လုံးဝ ပျက်စီးသွားတော့မည် ဖြစ်သည်။

လုရှန်က ရုတ်တရက် မျက်မှောင်ကြုတ်လိုက်ပြီး သူ၏ အကြည့်က အဝေးမှ ပုံရိပ်တစ်ခုပေါ်သို့ ကျရောက်သွား၏။

ထိုသူက ထျန်ဟောင်ပင် ဖြစ်သည်။

အခြားသူများ အားလုံး ထိတ်လန့်တကြား ဆုတ်ခွာနေကြချိန်တွင် ထျန်ဟောင် တစ်ယောက်တည်းသာ အကြီးအကဲကျူးထံသို့ ပြေးဝင်သွားသည်။

တာအိုလှံ သုံးလက်က ကြီးမားလှသော အရှိန်အဝါများဖြင့် တောက်ပနေပြီး ထျန်ဟောင်ကို ကာကွယ်ပေးကာ အကြီးအကဲကျူးထံသို့ လျင်မြန်စွာ ချဉ်းကပ်သွား၏။

ပေတစ်ရာ မြင့်မားသော အကြီးအကဲကျူးက ထျန်ဟောင်ကို ငုံ့ကြည့်လိုက်ပြီး မျက်မှောင် အနည်းငယ် ကြုတ်လိုက်သည်။

မူလဘူတ လူသားမျိုးနွယ်က ကောင်းကင်ဝိညာဉ် မဟာကမ္ဘာသို့ ဆင်းသက်လာခဲ့သည်မှာ နှစ်ပေါင်း ထောင်ချီ ကြာမြင့်ခဲ့ပြီ ဖြစ်သည်။ သူက လောကတွင် ပေါ်ထွက်မလာခဲ့သော်လည်း လူသားကမ္ဘာကို အာရုံစိုက်နေခဲ့ပြီး ထျန်ဟောင်ကို သိရှိထား၏။

ခေတ်ပြိုင် လောက၏ အကြီးကျယ်ဆုံး ပါရမီရှင်ပင်။

သူ၏ အမြင်အာရုံဖြင့် ထျန်ဟောင်၏ ကံကြမ္မာပုံစံသည် သာမန်ထက် ထူးကဲကြောင်း သူ ဆုံးဖြတ်နိုင်ခဲ့သော်လည်း ၎င်းကို သူ နားမလည်နိုင်ခဲ့ချေ။ ဤသည်က သာလွန်မြင့်မြတ်သော ပုဂ္ဂိုလ်တစ်ဦးက ထျန်ဟောင်ကို ကာကွယ်ပေးထားကြောင်း ဖော်ပြနေသည်။

သူက ထိုသို့သော သူမျိုးနှင့် မပတ်သက်ချင်ပေ။

ယခု သူသည် အကျဉ်းသား တစ်ဦး ဖြစ်နေသော်လည်း သူက မမိုက်မဲချေ။ မဟာကမ္ဘာတစ်ထောင်တွင် ကမ္ဘာပေါင်း များစွာ ရှိသည့်တိုင် ရွှေရောင်အထွတ်အထိပ် နတ်ဘုရားက ကောင်းကင်ဝိညာဉ် မဟာကမ္ဘာကို ရွေးချယ်ကာ သူတို့ကို နယ်ရုပ်များအဖြစ် အသုံးချခဲ့သည်။ ဤကမ္ဘာတွင် မဟာ အကြောင်းအကျိုး တစ်ခု ရှိနေသည်မှာ ထင်ရှားလှ၏။

ကောင်းကင်ဝိညာဉ် မဟာကမ္ဘာရှိ အစွမ်းအထက်ဆုံး ပုဂ္ဂိုလ်မှာ မူလဘူတအနှောင်ဖွဲ့ကင်းအမတအဆင့်တွင်သာ ရှိနေကြောင်း သူ အာရုံခံမိသောအခါ ကောင်းကင်ဝိညာဉ် မဟာကမ္ဘာအပေါ် သူ၏ သတိထားမှုက ပိုမို နက်ရှိုင်းလာသည်။

ထျန်ဟောင်က အကြီးအကဲကျူးကို ကြည့်လိုက်ရာ သူ၏ မျက်လုံးများထဲတွင် ထိတ်လန့်မှု ကင်းမဲ့နေ၏။ သူက အကြီးအကဲ၏ ပြိုင်ဘက် မဟုတ်မှန်း သိသော်လည်း သူတို့တွင် ဆုတ်ခွာစရာ လမ်းမရှိတော့ကြောင်းနှင့် မဖြစ်မနေ တိုက်ခိုက်ရမည် ဖြစ်ကြောင်း လောကကြီးအား သူ၏ လုပ်ရပ်များဖြင့် ပြသရန် သူ မတ်တတ်ရပ်ရမည် ဖြစ်သည်။

အကြည့်များစွာနှင့် နတ်အာရုံများစွာက ထျန်ဟောင်အပေါ် ကျရောက်လာပြီး သူ၏ သတ္တိကို မြှင့်တင်ပေးလိုက်၏။

သူက နတ်ဘုရားအပြစ်ပေး လှံကို ဆုပ်ကိုင်၍ အကြီးအကဲကျူးထံ ချိန်ရွယ်ကာ ပြောလိုက်သည်။ "မင်းရဲ့ စွမ်းရည်တွေနဲ့ဆိုရင် မူလဘူတ လူသားမျိုးနွယ်တွေက လောကကြီးကို ရှင်းလင်းသွားတာ ကြာလောက်ပြီ... မင်းရဲ့ နောက်ကွယ်က ကြိုးကိုင် နေတာ ဘယ်သူလဲ... လောကမှာ ကောလာဟလ ထွက်နေတဲ့ အမတနတ်ဘုရားတွေထဲက တစ်ပါးပါးလား"

သူ၏ ဘေးတွင် ပုံရိပ်တစ်ခု လေထဲမှ ရုတ်တရက် ပေါ်လာ၏။ ၎င်းက တာအိုခုံရုံး၏ အရှင်သခင် ယွမ်စုန်ကျီပင် ဖြစ်သည်။

ယွမ်စုန်ကျီက အဆင်ပြေပုံရသော်လည်း ဖြူဖျော့နေ၏။ သူက တည်ကြည်လေးနက်စွာ ပြောလိုက်သည်။ "ကလေး... မဆင်မခြင် မလုပ်နဲ့... ဒီလူရဲ့ နာမည်က ကျူးကွမ်ဟန်ပဲ... တခြား မဟာကမ္ဘာတစ်ထောင်မှာ သူက မင်းထက် မနိမ့်ကျတဲ့ ပါရမီနဲ့ တစ်ချိန်က ထိပ်တန်း ပါရမီရှင် ဖြစ်ခဲ့ဖူးတယ်... ဒါ့အပြင် လွန်ခဲ့တဲ့ နှစ်ဘီလီယံ တစ်ရာလောက်ကတည်းက သူက မူလဘူတအနှောင်ဖွဲ့ကင်းအမတ အဆင့်မှာ ရှိနေခဲ့ပြီး အခုဆိုရင် ပိုမြင့်တဲ့ အဆင့်တွေကိုတောင် ရောက်နေလောက်ပြီ..."

သူက ထျန်ဟောင်ကို သိ၏။ တာအိုခုံရုံး၏ တပည့် မဟုတ်သော်လည်း သူက ထျန်ဟောင်ကို လေးစားပြီး သူ့ကို ဤနေရာတွင် မသေဆုံးစေချင်ပေ။

မူလဘူတအနှောင်ဖွဲ့ကင်းအမတအဆင့်။

လွန်ခဲ့သော နှစ်ဘီလီယံ တစ်ရာ။

ထျန်ဟောင်၏ မျက်နှာက ပြောင်းလဲသွား၏။

ဤနယ်မြေအတွင်းသို့ ဝင်ရောက်နိုင်သော ကျင့်ကြံသူများ အားလုံးမှာ မြင့်မားသော ကျင့်ကြံခြင်းအဆင့်များ ရှိကြပြီး သူတို့က ဝေးကွာနေသော်လည်း ယွမ်စုန်ကျီ၏ စကားများကို ရှင်းလင်းစွာ ကြားနိုင်ကြသည်။

လူတိုင်း၏ အမူအရာက အကြီးအကျယ် ပြောင်းလဲသွားပြီး သူတို့ ရင်ဆိုင်နေရသော သက်ရှိကို နားလည်ရန် ကြိုးစားရင်း သူတို့၏ စိတ်ထဲမှ အေးစက်မှုတစ်ခု ထွက်ပေါ်လာ၏။

ကျူးကွမ်ဟန်သည် ယွမ်စုန်ကျီ၏ စကားများကို ကြားသော်လည်း တုံ့ပြန်ခြင်း မရှိဘဲ သူတို့ကို အေးစက်စွာသာ စိုက်ကြည့်နေသည်။

ထျန်ဟောင်သည် သူ၏ မဆင်မခြင် နိုင်မှုများ ရှိသော်လည်း ကွာဟချက်ကို သဘောပေါက်သွားပြီး ရမ်းကားသော လှုပ်ရှားမှုများကို မလုပ်ရဲတော့ချေ။ လောကကြီးက ထူးဆန်းသော တိတ်ဆိတ်မှုထဲသို့ ကျရောက်သွား၏။

ယွမ်စုန်ကျီက တစ်စုံတစ်ခု မှားယွင်းနေကြောင်း အာရုံခံမိပြီး မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။ "မင်းက ဘယ်သူ့ကို စောင့်နေတာလဲ"

မူလဘူတ လူသားမျိုးနွယ်မှ မိစ္ဆာဆိုးများက အဝေးတွင် ပို၍ပို၍ များပြားစွာ ပေါ်လာကြသည်။ သူတို့က တိုက်ခိုက်ခြင်း မပြုကြဘဲ အဝေးတွင်သာ ရပ်နေကြသဖြင့် လောကကြီး၏ လေထုက ပိုမို ဖိစီးလာ၏။

ယွမ်စုန်ကျီ တစ်ယောက်တည်းသာ မဟုတ်ဘဲ အခြားသော ကျင့်ကြံသူများကလည်း တစ်စုံတစ်ခု မှားယွင်းနေကြောင်း အာရုံခံမိကြသည်။

ထိုအခိုက်၌ လိပ်တက်နေသော သွေးတိမ်တိုက်များက ကျူးကွမ်ဟန်၏ အထက်တွင် ပေါ်လာပြီး လျင်မြန်စွာ ရွေ့လျားနေကာ လူတိုင်း၏ အာရုံကို ဆွဲဆောင်သွား၏။

"အဲဒါက ဘာကြီးလဲ..."

ထျန်းချင်က သူမ၏ လှပသော မျက်လုံးများကို ပြူးကျယ်၍ တိုးတိုးလေး မေးလိုက်သည်။

ပုံမှန်အားဖြင့် စကားများတတ်သော သွေးကျဉ်းထောင်သူတော်စင်ပင်လျှင် ဤအခိုက်အတန့်တွင် တိတ်ဆိတ်သွားပြီး သူ၏ အကြည့်က ထိုသွေးချီအစုအဝေးပေါ်သို့ ကျရောက်နေ၏။ ကျူးကွမ်ဟန်ထက် ပိုမို ကြောက်မက်ဖွယ်ကောင်းသော သက်ရှိတစ်ကောင် ဆင်းသက်လာတော့မည်ကို သူ အာရုံခံမိသည်။

ပြီးတော့ ကျူးကွမ်ဟန်က အထက်သို့ပင် မော့မကြည့်ချေ။ ဤသည်က ဘာကို ညွှန်ပြနေသနည်း။

ဤသည်က လာမည့်သူသည် ကျူးကွမ်ဟန်၏ အပေါင်းအပါ ဖြစ်ကြောင်း ညွှန်ပြနေသည်။

ကျူးကွမ်ဟန် တစ်ယောက်တည်းကပင် သူတို့ကို မခုခံနိုင်အောင် ပြုလုပ်ထားပြီး ဖြစ်သည်။ အဘယ်ကြောင့် ပို၍ အစွမ်းထက်သော သူတစ်ဦး ရောက်လာရသနည်း။

မည်သည့်အရာက သူတို့ကို ဤနေရာသို့ အတိအကျ ခေါ်ဆောင်လာသနည်း။

မကြာမီတွင် ရွှေရောင် အလင်းတန်းတစ်ခုက သွေးမြူခိုးများကို ထိုးဖောက်သွားပြီး ကောင်းကင်နှင့် မြေကြီးကို လင်းထိန်သွားစေကာ ပြိုင်ဘက်ကင်း အရှိန်အဝါရှိသော ပုံရိပ်တစ်ခု ဆင်းသက်လာ၏။ ထိုသူကား အခြားသူ မဟုတ်ဘဲ ရွှေရောင်အထွတ်အထိပ် နတ်ဘုရားပင် ဖြစ်သည်။

စစ်မှန်သော နတ်ဘုရားတစ်ပါး လူဝင်စားဖြစ်သည့် ရွှေရောင်အထွတ်အထိပ် နတ်ဘုရားက အားလုံးကို မထီမဲ့မြင် ပြုကာ ငုံ့ကြည့်လိုက်ပြီး ရွှေဂူ အမတ ၇၂ ပါး၏ ဖိနှိပ်ခြင်းကို ခံခဲ့ရသည့် အရှက်ရမှု အရိပ်အယောင်များကို လုံးဝ ပြသခြင်း မရှိချေ။

သူ ရောက်ရှိလာသည်နှင့် တစ်ပြိုင်နက် လူတိုင်းက ကြောက်ရွံ့ရိုသေမှု ခံစားချက်ကို ခံစားလိုက်ရပြီး ယွမ်စုန်ကျီ အပါအဝင် ဒူးထောက်ချင်စိတ်များပင် ပေါ်လာကြ၏။

အဆင့် ကွာဟချက်က အလွန် ကြီးမားလွန်းလှသည်။

ထျန်ဟောင်ပင်လျှင် သူ၏ မျက်လုံးများထဲ၌ တိုက်ခိုက်လိုစိတ်များ ကင်းမဲ့နေပြီး ရွှေရောင်အထွတ်အထိပ် နတ်ဘုရားကို ငေးမော စိုက်ကြည့်နေမိသည်။

ရွှေရောင် အလင်းတန်းအတွင်း၌ ရွှေရောင်အထွတ်အထိပ် နတ်ဘုရား၏ အကြည့်က ထျန်ဟောင်ထံသို့ ကျရောက်သွားပြီး သူ့ကို ထိုးဖောက် မြင်နေရသကဲ့သို့ ရှိသည်။

ရွှေရောင်အထွတ်အထိပ် နတ်ဘုရားက စကားမပြောချေ။ သူက ညာဘက်လက်ကို မြှောက်၍ လက်ညှိုးဖြင့် ထျန်ဟောင်ထံ ချိန်ရွယ်လိုက်၏။ ထိုသို့ ချိန်ရွယ်ခံလိုက်ရသဖြင့် မလှုပ်ရှားနိုင်တော့သော ထျန်ဟောင်သည် ဖိအား၏အသက်ရှူကျပ်မှု ခံစားချက်ကို ခံစားလိုက်ရကာ သူ၏ သူငယ်အိမ်များ ကျုံ့ဝင်သွားသည်။

ကမ္ဘာဂိတ်တံခါး၏ အောက်ဘက် အလွန်ဝေးကွာသော နေရာတွင် ကောင်းကင်ဝိညာဉ် နတ်ဘုရားက မျက်လုံးများကို ဖွင့်လိုက်ပြီး ပြင်းထန်သော အလင်းတန်းများကြားတွင် သူ၏ မျက်မှောင်များက အနည်းငယ် ကြုတ်သွား၏။

ချမ့်ခွန်းဂိုဏ်းတွင် ကျင့်ကြံနေသော စုကျင်းကလည်း မျက်လုံးများကို ဖွင့်လိုက်ပြီး ဂနာမငြိမ် ဖြစ်လာကာ သူမ၏ ရင်ဘတ်ကို ဆုပ်ကိုင်လိုက်သည်။

"ဟောင်အာများလား..."

စုကျင်းက မျက်မှောင်ကြုတ်၍ တိုးတိုးလေး ရေရွတ်လိုက်၏။ သူမက မတ်တတ်ရပ်ချင်သော်လည်း ထျန်ဟောင်ကို မည်သည့်နေရာတွင် ရှာရမည်မှန်း မသိသဖြင့် ပြန်ထိုင်လိုက်ရုံမှလွဲ၍ ရွေးချယ်စရာ မရှိတော့ချေ။ယ

…

ရွှေရောင်အထွတ်အထိပ် နတ်ဘုရား၏ ချိန်ရွယ်ထားသော လက်ညှိုးကို ရင်ဆိုင်နေရစဉ် ထျန်ဟောင်သည် ယခင်ကနှင့်မတူ ပြင်းထန်နေသော သူ၏ ကိုယ်ပိုင် နှလုံးခုန်သံကိုသာ ကြားနေရ၏။

ပထမဆုံးအကြိမ်အဖြစ် သူ အမှန်တကယ် သေသွားနိုင်သည်ဟု ခံစားလိုက်ရသည်။ ဤခံစားချက်က အလွန်တရာ ဆိုးရွားလှသည်။

ယွမ်စုန်ကျီက ဝင်ရောက် စွက်ဖက်ချင်သော်လည်း သူကိုယ်တိုင် မလှုပ်ရှားနိုင်တော့ကြောင်း တွေ့လိုက်ရ၏။ သူ၏ ဘေးတွင် ရပ်နေသော ထျန်ဟောင် သေမင်းကို ရင်ဆိုင်နေရသည်ကိုသာ သူ စောင့်ကြည့်နေနိုင်တော့သည်။

ရုတ်တရက် ဝူရှီမှသူများက ဦးဆောင်၍ ပုံရိပ်များစွာက ထျန်ဟောင်၏ အရှေ့တွင် ပေါ်လာကြပြီး တစ်ယောက်ချင်းစီက တာအိုရတနာ တစ်ခုစီကို ကိုင်ဆောင်ထားကြ၏။ သူတို့က တန်းစီ ရပ်လိုက်ကြပြီး တာအိုရတနာ ရှစ်ခုမှ တာအိုဆန္ဒများ ဖြာထွက်လာကာ အရှေ့ဘက်ကို ကာကွယ်ပေးသည့် အလင်းတန်းတစ်ခုကို ဖွဲ့စည်းလိုက်ကြသည်။

ထျန်ဟောင်က ရှင်းပြ၍ မရနိုင်လောက်အောင် သက်ပြင်းချနိုင်သွား၏။ သူ၏ တာအိုလှံ သုံးလက်ကလည်း တာအိုဆန္ဒများနှင့်အတူ ပေါက်ကွဲထွက်လာပြီး အခြားသော တာအိုရတနာများ၏ တာအိုအလိုဆန္ဒများနှင့် ပေါင်းစပ်ကာ ရွှေရောင်အထွတ်အထိပ် နတ်ဘုရားကို ပူးပေါင်း ခုခံလိုက်ကြသည်။

ရွှေရောင်အထွတ်အထိပ် နတ်ဘုရားက ဝူရှီများကို စိုက်ကြည့်လိုက်ပြီး မျက်မှောင်ကြုတ်သွား၏။

ယခင်က လုရှန် တိုက်ခိုက်နေသည်ကို မြင်တွေ့ခဲ့ဖူးသဖြင့် ဤရတနာများသည် ရိုးရှင်းမှု မရှိကြောင်း သူ သိနိုင်သည်။ တာအိုရတနာများက သူ့ကို စွဲမှတ်သွားစေခဲ့သော်လည်း ဤသို့သော ရတနာများ ဤမျှလောက် များပြားစွာ ရှိနေလိမ့်မည်ဟု သူ မျှော်လင့်မထားခဲ့ချေ။

စိတ်ဝင်စားစရာ ကောင်းသည်မှာ သူ၏ နတ်အာရုံက ကောင်းကင်နှင့် မြေကြီးကို လွှမ်းခြုံထားသော်လည်း ဤတာအိုရတနာများ ရှိနေသည်ကို သူ မထောက်လှမ်းနိုင်ခဲ့ပေ။

"ဝူရှီတွေ... မင်းတို့ရဲ့ နောက်ကွယ်က ဘယ်သူလဲ..."

သူ၏ တွက်ချက်မှုများထဲတွင် ဆန်းကြယ်နေဆဲ ဖြစ်သည့် ဝူရှီ ဆိုသော နာမည်ကိုသာ တွက်ချက်ရယူနိုင်ခဲ့သဖြင့် ရွှေရောင်အထွတ်အထိပ် နတ်ဘုရားက မေးလိုက်သည်။

သို့သော် သူက မကြောက်ရွံ့ချေ။ အကြောင်းမှာ သူ့နောက်တွင်လည်း ကျောထောက်နောက်ခံ ရှိနေပြီး ဆန်းကြယ်ကြယ်တာရာ အမတအရှင် တစ်ပါးတည်း မဟုတ်ပေ။ အပြင်ဘက်တွင် ရွှေဂူ အမတ ၇၂ ပါးကလည်း စောင့်ကြည့်နေကြသည်။

ဝူရှီများက တုံ့ပြန်ခြင်း မရှိကြချေ။ သူတို့က ရွှေရောင်အထွတ်အထိပ် နတ်ဘုရား၏ အရှိန်အဝါကို ခုခံရန် သူတို့၏ ခွန်အား အားလုံးကို အကုန်အစင် ထုတ်သုံးလိုက်ကြသည်။

တာအိုရတနာများက အစွမ်းထက်သော်လည်း ရွှေရောင်အထွတ်အထိပ် နတ်ဘုရားနှင့် နှိုင်းယှဉ်ပါက သူတို့၏ ကျင့်ကြံခြင်းအဆင့် ကွာဟချက်မှာ အလွန် ကြီးမားလွန်းလှ၏။

ရွှေရောင်အထွတ်အထိပ် နတ်ဘုရားက သူတို့ကို အလေးအနက် မထားလျှင်ပင် သူ၏ အရှိန်အဝါကို ခံနိုင်ရည်ရှိရန် သူတို့ ရုန်းကန်နေရသည်။

ထျန်ယောင်အာ၊ သွေးကျဉ်းထောင်သူတော်စင်နှင့် အခြားသူများ၏ ကျောပြင်များကို ကြည့်ရင်း ထျန်ဟောင်သည် နက်ရှိုင်းစွာ ကြည်နူးသွား၏။

သူတို့က သူ့ကို ကြီးပြင်းလာသည်အထိ စောင့်ကြည့်ပေးခဲ့သူများ ဖြစ်ပြီး သူ၏ စိတ်ထဲတွင် မိသားစုသဖွယ်တည်ရှိမူမျိုး ဖြစ်သည်။ သူ့ကို ကာကွယ်ပေးနေသည့် သူ၏ စီနီယာ အစ်ကိုများနှင့် အစ်မများကို ကြည့်ရင်း သူလည်း စိတ်လှုပ်ရှားမှု တစ်ခုကို ခံစားလိုက်ရ၏။

ကလေးဘဝက သူသည် သူ၏ အစ်ကိုများ၊ အစ်မများနှင့်အတူ ယှဉ်တွဲ တိုက်ခိုက်ရန် စိတ်ကူးယဉ်ခဲ့ဖူးပြီး အခုအခါသူ၏ ကလေးဘဝ မျှော်လင့်ချက်များကို လုံးဝ မေ့လုနီးပါး ဖြစ်နေခဲ့ပြီ ဖြစ်သည်။

သူတို့က မဖြေဘဲ ငြင်းဆန်နေသည်ကို မြင်သောအခါ ရွှေရောင်အထွတ်အထိပ် နတ်ဘုရားက အေးစက်စက် နှာမှုတ်လိုက်ပြီး သူ၏ လက်ညှိုးကို ရှေ့သို့ တွန်းလိုက်ရာ ဝူရှီများကို ချေမှုန်းပစ်တော့မည့်အလား ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါတစ်ခု ထွက်ပေါ်လာ၏။

အနီးဆုံးတွင် ရှိနေသော ယွမ်စုန်ကျီသည် သူ၏ ဝိညာဉ် လွင့်စင်သွားတော့မည့်အလား ခံစားလိုက်ရသည်။

အပြည့်အဝ ကျင့်ကြံပြီးမြောက်ထားသော မူလဘူတအနှောင်ဖွဲ့ကင်းအမတ တစ်ပါး ဖြစ်သော်လည်း သူ၏ အထဲတွင် ကြောက်ရွံ့မှုသာ ကျန်ရှိတော့ပြီး ပုံမှန် အေးတိအေးစက် နေနိုင်စွမ်းကို မထိန်းသိမ်းနိုင်တော့ချေ။

သို့သော်လည်း ထိတ်လန့်မှု ခံစားချက်က လျင်မြန်စွာ ရောက်လာပြီး လျင်မြန်စွာပင် ထွက်ခွာသွား၏။ သူက ကောင်းကင်မှ မြေပြင်သို့ အထိအခိုက်မရှိ ပြုတ်ကျလာသကဲ့သို့ ခံစားလိုက်ရ၏။

ဘေးဒုက္ခတစ်ခုအပြီး အသက်ရှင်ကျန်ရစ်သည့် ခံစားချက်ကြောင့် သူက လေကို အငမ်းမရ ရှူသွင်းလိုက်ပြီး ရှုပ်ထွေးနေသော မျက်လုံးများဖြင့် ရွှေရောင်အထွတ်အထိပ် နတ်ဘုရားကို မော့ကြည့်လိုက်သည်။

သို့သော် ရွှေရောင်အထွတ်အထိပ် နတ်ဘုရားက မျက်မှောင်ကြုတ်နေပြီး သူ၏ အကြည့်က တစ်စုံတစ်ယောက်အပေါ်သို့ ကျရောက်နေသည်ကို သူ မြင်လိုက်ရ၏။ သူက ရွှေရောင်အထွတ်အထိပ် နတ်ဘုရား၏ အကြည့် လားရာသို့ အလိုအလျောက် လိုက်ကြည့်လိုက်လေသည်။

ထိုနေရာတွင် မှောင်မိုက်သော ခရမ်းရောင် မိစ္ဆာချီများ ရစ်ပတ်နေသည့် ပုံရိပ်တစ်ခုက ထျန်ဟောင်၏ အထက်တွင် ရပ်နေသည်ကို သူ တွေ့လိုက်ရ၏။

ထျန်ဟောင်၊ လုရှန်နှင့် အခြားသူများကလည်း ခေါင်းလှည့် ကြည့်လိုက်ကြသည်။ ထျန်ဟောင်က လှည့်ကြည့်လိုက်ရာ သူ၏ မျက်နှာတွင် အံ့အားသင့်မှုများ ပေါ်လွင်နေပြီး လုရှန်၊ ထျန်းယောင်အာနှင့် အခြားသူများကမူ သက်ပြင်းချနိုင်သွားကြသည်။

နှစ်ပေါင်း ရှစ်သောင်း ကြာမြင့်သွားခဲ့ပြီ ဖြစ်သည်။

လောကကြီးက ဤအရိပ်ကို မေ့လျော့နေခဲ့သည်မှာ ကြာပြီဖြစ်ပြီး ဤနယ်မြေအတွင်းရှိ ကျင့်ကြံသူများသည် ဤအရိပ်ကို ရင်ဆိုင်ရသောအခါ ရှုပ်ထွေးမှုနှင့် စပ်စုချင်စိတ်ကိုသာ ခံစားရပြီး မည်သူကမျှ ဤအရိပ်၏ ဇာစ်မြစ်ကို မမှတ်မိကြချေ။

"ဆရာ..."

လုရှန်က စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်ပြီး ရွှေရောင်အထွတ်အထိပ် နတ်ဘုရားဘက်သို့ ခေါင်းပြန်လှည့်လိုက်၏။ သူ၏ မျက်လုံးများထဲတွင် "မင်းတော့ ပြီးပြီ..." ဟု ပြောနေသကဲ့သို့ မထီမဲ့မြင် ပြုမှုများ ပြည့်နှက်နေ၏။

ဆရာ

ထျန်ဟောင်က မျက်လုံးများ ပြူးကျယ်သွားပြီး အသေအချာ ကြည့်လိုက်သည်။ အရိပ်၏ ပုံသဏ္ဌာန်က အမှန်တကယ်ပင် သူ၏ ဆရာနှင့် တူနေ၏။ သူ၏ ဆရာ ပေါ်လာလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ချေ။

ကုအန် လှုပ်ရှားသည်ကို သူ တစ်ခါမှ မမြင်ဖူးခဲ့ဘဲ ကုအန်က သက်တမ်းတာအိုနယ်မြေ၌ ခြေချနေထိုင်နေပြီ ဖြစ်သဖြင့် သေမျိုးလောကီရေးရာများကို လျစ်လျူရှုထားမည်ဟု သူ ထင်ခဲ့သည်။

ရွှေရောင်အထွတ်အထိပ် နတ်ဘုရားက ကုအန်၏ မိစ္ဆာအရိပ်ကို ကြည့်၍ မေးလိုက်သည်။ "မင်းက ဝူရှီတွေရဲ့ ဆရာလား..."

ကုအန်က တုံ့ပြန်ခြင်း မရှိချေ။ သူက ထျန်ဟောင်၏ အရှေ့မှနေ၍ ရှေ့သို့ ခြေတစ်လှမ်း တက်လိုက်ရာ လုရှန်၊ ထျန်းယောင်အာနှင့် အခြားသူများက လမ်းဖယ်ပေးလိုက်ကြပြီး သူတို့၏ အကြည့်များတွင် မြတ်နိုးမှုနှင့် စိတ်အားထက်သန်မှုများ ပြည့်နှက်နေ၏။

ကုအန်ကို အနီးကပ် ကြည့်နေသော ယွမ်စုန်ကျီက သူ့ကို ထိုးဖောက် မမြင်နိုင်ချေ။ ကုအန်၏ ပတ်ဝန်းကျင်ရှိ မိစ္ဆာချီများက အလွန် ပူပြင်းလွန်းလှသဖြင့် သူ၏ နတ်အာရုံကိုပင် နာကျင်စေ၏။

All Chapters