အခန်း (၆၅၇-၆၅၈)
Vol. 54 Ch. 657-658
အခန်း ၆၅၇ ကုအန်၏ ကြောက်မက်ဖွယ် နည်းလမ်း
"အမှန်ပဲ... အဲဒီလို တည်ရှိမှုမျိုးက တွေ့ရခဲတယ်... ဒါပေမဲ့ သူတို့က အမြဲတမ်း ပြဿနာကြီးတွေ ယူလာတတ်တယ်"
ထိုက်ရီ အမတအရှင်က ပြောလိုက်၏။ သူ၏ မျက်လုံးများကို ဖုံးကွယ်ထားသဖြင့် သူ၏ အကြည့်ကို ပိုင်းခြားသိမြင်ရန် မဖြစ်နိုင်ချေ။
အဝါရောင်ဝတ်ရုံ တာအိုဆရာက မေးလိုက်သည်။ "ရွှေဂူ အမတ ၇၂ ပါး ဖမ်းဆီးခံလိုက်ရတာလား..."
အကယ်၍ ရှုံးနိမ့်သွားခြင်း သို့မဟုတ် သေဆုံးသွားခြင်းသာ ဖြစ်ပါက သိပ်အရေးမကြီးပေ။ အမတနတ်ဘုရားများအတွက် အနာကျင်ရဆုံး ကံကြမ္မာမှာ ချိတ်ပိတ်ခံရပြီး မိမိဘာသာ သေဆုံး၍ မရနိုင်ဘဲ ကာလရှည်ကြာ ဆင်းရဲဒုက္ခများကို ခံစားရကာ ကောင်းကင်နန်းတော်မှ လာရောက် ကယ်တင်မည့် အချိန်ကိုသာ စောင့်ဆိုင်းနေရခြင်း ဖြစ်သည်။
သေချာသည်မှာ ၎င်းက ခက်ခဲသော လုပ်ငန်းစဉ် တစ်ခု ဖြစ်လာမည် ဖြစ်သော်လည်း ကောင်းကင်နန်းတော်က သူတို့ကို သေချောပေါက် ကယ်တင်နိုင်မည် ဖြစ်သည်။ ၎င်းကား အမတနတ်ဘုရားများ၏ စွမ်းအားပင် ဖြစ်၏။
ထိုက်ရီ အမတအရှင်က ပြန်ဖြေလိုက်သည်။ "မဟုတ်ဘူး... ငါ သူတို့ရဲ့ ကံကြမ္မာကို ဖမ်းဆုပ်လို့ မရသလို သူတို့ကို ချည်နှောင်ထားတဲ့ အကြောင်းနဲ့အကျိုးကိုလည်း ငါတို့ အာရုံခံလို့ မရဘူး"
သူ စိုးရိမ်ပူပန်ခြင်း မရှိသော်လည်း ထိုလူကို နောက်တစ်ဆင့် မည်သို့ ဖြေရှင်းရမည်ကို စဉ်းစားနေမိ၏။ အဝါရောင်ဝတ်ရုံ တာအိုဆရာက ပြုံးလျက် မေးလိုက်၏။
"မင်း ဘာလုပ်ဖို့ စီစဉ်ထားလဲ... မင်း ကိုယ်တိုင် ဝင်ပါမလို့လား... ဒီလောက်များပြားတဲ့ အမတနတ်ဘုရားတွေ မဟာကမ္ဘာတစ်ထောင်ဆီ ဆင်းသက်တာက ကောင်းကင်စည်းမျဉ်းတွေကို ဆန့်ကျင်နေတယ်နော်"
ထိုက်ရီ အမတအရှင်က အဖြေမပေးချေ။ ထို့အစား သူက စစ်တုရင် ကစားကွက် တစ်ခုကို ကောက်ယူလိုက်ပြီး စစ်တုရင်ခုံ၏ အစွန်းကို ညင်သာစွာ ခေါက်လိုက်၏။
အဝါရောင်ဝတ်ရုံ တာအိုဆရာက ထိုက်ရီ အမတအရှင်၏ စဉ်းစားတွေးတောနေမှုကို မနှောင့်ယှက်ချင်သဖြင့် ထပ်မပြောတော့ချေ။
သူက သူ၏ အကြည့်ကို ကျားခုံဆီသို့ လှည့်လိုက်ရာ ကလေးငယ် တစ်ဦးနှင့် တူသော ကစားကွက် တစ်ခုကို မြင်သောအခါ သူ၏ မျက်လုံးများထဲတွင် ထူးဆန်းသော အလင်းရောင် တစ်ခု လက်သွားလေသည်။
…
သက်တမ်းတာအိုနယ်မြေ အတွင်း၌ ရှန်းကျန်၊ အန်ရှင်းနှင့် ဖူယိုသရဲမယ်တော်တို့က မိစ္ဆာအရိပ်၏ ပုံရိပ် ပျောက်ကွယ်သွားသည်ကို မြင်လိုက်ရပြီး အမျိုးသမီး သုံးဦးစလုံး သူတို့၏ ထိတ်လန့်မှုမှ သတိပြန်ဝင်လာကြ၏။
"ကောင်းကင်နဲ့ မြေကြီးကို ပြန်ရေးခဲ့တာ အမတဧကရာဇ် မျက်လုံးများလား..."
အန်ရှင်းက သိချင်စိတ်ဖြင့် တိတ်တဆိတ် တွေးလိုက်သည်။ လေဟာပြင်က သာမန်ကမ္ဘာသို့ ပြန်မပြောင်းမီ ကုအန်၏ မျက်နှာပေါ်တွင် အမတဧကရာဇ် မျက်လုံး၏ နတ်အလင်းတန်း တစ်ချက် လက်သွားသည်ကို သူမ မြင်တွေ့ခဲ့ရ၏။ တိုတောင်းသော်လည်း မှားယွင်းနိုင်စရာ အကြောင်းမရှိချေ။
ရှန်းကျန်က လှည့်ကြည့်လိုက်ရာ "သူရဲကောင်း ခရီးသွားမှတ်တမ်း" ကို ကိုင်လျက် အပန်းဖြေနေဆဲ ဖြစ်သော ကုအန်ကို တွေ့လိုက်ရ၏။
သူက ပို၍ ပေါ့ပေါ့ပါးပါး နေလေလေ၊ ကုအန်ကို သူမက ပို၍ လေးစားလေ ဖြစ်သည်။
နှစ်ပေါင်းများစွာ ကြာပြီးနောက် ကုအန် ထပ်မံ လှုပ်ရှားသည်ကို မြင်ရခြင်းက သူမကို ကြောက်ရွံ့ရိုသေမှုများ ဖြစ်ပေါ်စေဆဲပင်။ ထိုအခိုက်၌ ကုအန်၏ မိစ္ဆာအရိပ်က သူ၏ အစစ်အမှန် ခန္ဓာကိုယ်ဘေးတွင် လေထဲမှ ရုတ်တရက် ပေါ်လာပြီးနောက် မီးခိုးငွေ့အဖြစ် ပြန့်ကျဲသွားကာ လေထဲတွင် ဝဲပျံနေသော သေးငယ်သည့် ရွှေရောင် အလင်းလုံးလေး ၇၂ လုံးကို ချန်ရစ်ခဲ့၏။
ကုအန်က ထိုင်လိုက်ပြီး "သူရဲကောင်း ခရီးသွားမှတ်တမ်း" ကို ရင်ဘတ်ထဲသို့ ထည့်လိုက်သည်။
ထို့နောက် သူက ညာဘက်လက်ကို မြှောက်လိုက်ရာ အလင်းလုံး ၇၂ လုံး ပြန့်ကျဲသွားပြီး သူ၏ လက်ဖဝါးထဲသို့ ကျလာသော သစ်သားပြားငယ်လေးများဖြင့် ဖြစ်သွား၏။
ဤသစ်သားပြားလေးများသည် ငါးစင်တီမီတာ သို့မဟုတ် ခြောက်စင်တီမီတာခန့်သာ ရှည်လျားပြီး သစ်ရွက်များကဲ့သို့ ပါးလွှာကာ လက်မှုပညာရှင်တစ်ဦးက ဖန်တီးထားသကဲ့သို့ တစ်ခုစီတွင် မတူညီသော ပုံရိပ်များကို ထွင်းထုထားပြီး အားလုံးမှာ ရွှေဂူ အမတများ၏ ပုံရိပ်များ ဖြစ်ကြသည်။
ကုအန်က သစ်သားပြား အစုလိုက်ကို ဖမ်းဆုပ်လိုက်ပြီးနောက် အနီရောင် ကြိုးတစ်ချောင်းကို ထုတ်ယူကာ သစ်သားပြား တစ်ခုစီ၏ နဖူးပေါ်မှ ဖောက်၍ တွဲချည်လိုက်ပြီး သူ၏ ခါးပတ်တွင် ချိတ်ဆွဲလိုက်၏။
အန်ရှင်း၊ ရှင်းကျန်နှင့် ဖူယိုသရဲမယ်တော်တို့က ဤမြင်ကွင်းကို မျက်မြင်ကိုယ်တွေ့ ကြုံလိုက်ရသဖြင့် သူတို့၏ မျက်လုံးများ ပြူးကျယ်သွားကြပြီး သူတို့၏ နားလည်နိုင်စွမ်းများ
အကြီးအကျယ် စိန်ခေါ်ခံလိုက်ရသည်။
သက်ရှိသတ္တဝါများကို ဤကဲ့သို့ သေးငယ်သော အလှဆင်ပစ္စည်းလေးများအဖြစ် ပြောင်းလဲပစ်ခြင်းကပင် အံ့အားသင့်စရာ ကောင်းနေပြီ ဖြစ်ပြီး ဤသစ်သားပြားလေးများသည် ကြီးမားလှသော စွမ်းအားရှိသည့် သတ္တဝါများမှ ဆင်းသက်လာခြင်း ဖြစ်သည်။
ပုံရိပ်ယောင်မှတစ်ဆင့်ပင် ရွှေဂူ အမတ ၇၂ ပါး၏ အစွမ်းနှင့် ကောင်းကင်ဝိညာဉ် မဟာကမ္ဘာ တစ်ခုလုံးကို လွှမ်းခြုံထားပြီး ကောင်းကင်တွင်းနှင့် ပြင်ပရှိ သတ္တဝါ အားလုံးကို ထိတ်လန့်သွားစေခဲ့သော ရွှေဂူ အကြွင်းမဲ့ အမတဝင်္ကပါ၏ ကြောက်မက်ဖွယ်ကောင်းသည့် စွမ်းအားကို သူတို့ ခံစားနိုင်ကြ၏။
ဤအရာ အားလုံးကို လုပ်ဆောင်ပြီးနောက် ကုအန်က သူ၏ ခါးရှိ သစ်သားပြားလေးများကို ကစားနေပြီး သူ၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်လာသည်။
ရှင်းကျန်နှင့် အခြား အမျိုးသမီးများက ၎င်းသည် ယုတ္တိမတန်ဟု ခံစားလိုက်ရ၏။
ကုအန်၏ နည်းလမ်းများက အမတကျင့်ကြံခြင်းအပေါ် သူတို့၏ နားလည်မှုကို ပြောင်းပြန်လှန်ပစ်လိုက်သည်။
"မင်းတို့ အားလုံးက ဘာလို့ ငါ့ကိုပဲ ကြည့်နေကြတာလဲ... စိတ်လှုပ်ရှားစရာတွေကို ဆက်ကြည့်လေ..."
ကုအန်က သူတို့ သုံးဦးကို သတိပေးလိုက်၏။ လန့်ဖြန့်သွားကြပြီး သူတို့က အမြန် ပြန်လှည့်ကြည့်လိုက်ရာ ရတနာဖန်တီးခြင်း မီးဖိုအထက်ရှိ ပုံရိပ်ယောင်တွင် တာအိုခုံရုံးမှ တာအိုကျင့်ကြံသူများက ကျူးကွမ်ဟန်ကို တစ်ဖန် ပြန်လည် ဝိုင်းရံထားသည်ကို မြင်လိုက်ရသည်။
"သူ့ကို ဘယ်လိုများ ဖမ်းမိသွားတာလဲ..."
ရှန်းကျန်က အံ့အားသင့်စွာဖြင့် ပုံရိပ်ယောင်ကို စိုက်ကြည့်ရင်း မေးလိုက်၏။
ကျူးကွမ်ဟန်က သူ၏ စွမ်းအားကို သက်သေပြခဲ့ပြီး ဖြစ်ကာ လောကရှိ ကျင့်ကြံသူကြီးများ အားလုံးက သူ့ကို မခုခံနိုင်ခဲ့ကြချေ။
ကုအန်က အဖြေမပေးပေ။ သူက ခန္ဓာကိုယ်ကို လှည့်၍ ခြံဝင်းအပြင်ဘက်သို့ လျှောက်သွားလိုက်သည်။
သူ တံခါးဝသို့ မရောက်မီမှာပင် ကျူးကွမ်ဟန်၏ အသံက ပုံရိပ်ယောင် အတွင်းမှ ထွက်ပေါ်လာ၏။
"ငါ ရှုံးသွားပြီ..." သူက ကြေညာလိုက်သည်။ "မူလဘူတ လူသားမျိုးနွယ်တွေကို ပြန်ခေါ်ဖို့ ငါ ဆန္ဒရှိတယ်... ပြီးတော့ ကောင်းကင်ဝိညာဉ် မဟာကမ္ဘာကိုလည်း ကပ်ဘေးတွေ ထပ်မယူလာတော့ဘူး"
သူ၏ စကားများကြောင့် တာအိုခုံရုံး၏ ကျင့်ကြံသူများ သက်ပြင်းချနိုင်သွားကြသော်လည်း မကျေမနပ်ဖြစ်ကာ မေးခွန်းထုတ်သူ အချို့ ရှိနေဆဲ ဖြစ်သည်။ "မင်းက သတက်ရှိပေါင်း များစွာကို သတ်ဖြတ်ခဲ့ပြီးပြီ... အခုတော့ ဒီအတိုင်း ပြီးသွားပြီပေါ့..."
ကျူးကွမ်ဟန်က တည်ငြိမ်စွာပင် ပြန်ပြောလိုက်၏။ "ငါတို့က မင်းတို့ စိတ်ကူးလို့တောင် မရနိုင်တဲ့ ကံကြမ္မာတစ်ခုကို မှီခိုနေရတာ... သေသွားရင်တောင် ပြန်ရှင်သန်နိုင်တယ်... ငါတို့ကို တကယ် သတ်ချင်ရင် အဲဒီ ကံကြမ္မာကိုပဲ ဖျက်ဆီးပစ်ရမယ်..."
သူ၏ စကားကြောင့် မေးခွန်းထုတ်သူမှာ ရုတ်တရက် စကားပြောစရာ မရှိတော့ချေ။
ယွမ်စုန်ကျီက ရှုပ်ထွေးသော မျက်လုံးများဖြင့် ကျူးကွမ်ဟန်ကို ကြည့်လိုက်၏။
သူက လေကို ပြင်းပြင်း ရှူသွင်းလိုက်ပြီး အမိန့်ပေးလိုက်သည်။ "အားလုံး ဆုတ်ခွာကြ... မူလဘူတ လူသားမျိုးနွယ်တွေနဲ့ ထပ်ပြီး မတိုက်ခိုက်ကြနဲ့တော့..."
ကျူးကွမ်ဟန်က သူ၏ အကြည့်ကို ယွမ်စုန်ကျီထံသို့ လှည့်၍ ခြောက်ခြားဖွယ်ရာ ပြောလိုက်၏။ "အမတတာအိုရဲ့ လမ်းစဉ်က မင်းတို့ စိတ်ကူးနိုင်တာထက် အများကြီး ပိုဝေးတယ်... ဒီကမ္ဘာကြီးကို အုပ်ချုပ်ချင်ရင်တော့ မင်း စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ထားဖို့ လိုလိမ့်မယ်..."
စကားပြောနေစဉ် သူက ထျန်ဟောင်ကို ဘေးတိုက် လှမ်းကြည့်လိုက်ရာ သူ၏ အကြည့်ကြောင့် ထျန်ဟောင်၏ စိတ်နှလုံးထဲတွင် တုန်လှုပ်သွား၏။
ထျန်ဟောင်က ယခင် ရွှေဂူ အမတ ၇၂ ပါး၊ ရွှေရောင်အထွတ်အထိပ် နတ်ဘုရားတို့နှင့် ဖြစ်ပွားခဲ့သော တိုက်ပွဲကို ပြန်လည် စဉ်းစားမိပြီး အကြောင်းပြချက် တစ်ခုခုကြောင့် ထိုအစွမ်းထက် သတ္တဝါများက သူ၏အတွက် လာခဲ့ခြင်း ဖြစ်သည်ဟု သူ ခံစားလိုက်ရသည်။
သို့သော် သူ သေချာ မသိနိုင်ဘဲ သူ့ကိုယ်သူ အထင်ကြီးလွန်းနေမည်ကို စိုးရိမ်မိ၏။
လုရှန်က သူ၏ ပခုံးကို ပုတ်၍ ထွက်ခွာရန် အချိန်ရောက်ပြီ ဖြစ်ကြောင်း အချက်ပြလိုက်သည်။
သို့သော်လည်း သွေးကျဉ်းထောင်သူတော်စင်ကမူ အတော်လေး မကျေမနပ် ဖြစ်နေပုံရ၏။ ဤတိုက်ပွဲက သူ့အတွက် သူ၏ စွမ်းရည်များကို ပြသရန် နေရာမပေးခဲ့ဘဲ အလဟဿ ခရီးထွက်ခဲ့ရသည်ဟု သူ ခံစားနေရသည်။
အခြားသော ဝူရှီမှ တပည့်များမှာမူ အတော်လေး စိတ်လှုပ်ရှားနေကြပြီး ကုအန်၏ ယခင် လှုပ်ရှားမှုများကို ပြန်လည် ပြောဆိုနေကြဆဲ ဖြစ်၏။
အခြားတစ်နေရာတွင်။
စကြဝဠာ၏ အနက်ရှိုင်းဆုံး နေရာရှိ ကမ္ဘာဂိတ်တံခါး တစ်ခု၏ အောက်ဘက်တွင်။
ကောင်းကင်စိတ်ဝိညာဉ် နတ်ဘုရားက အဝေးသို့ လှမ်းကြည့်နေပြီး သူ၏ စိတ်အခြေအနေက အချိန်ကြာမြင့်စွာ ဂနာမငြိမ် ဖြစ်နေခဲ့၏။
ရွှေရောင်အထွတ်အထိပ် နတ်ဘုရား၏ အရှိန်အဝါက သူ့ကို လန့်ဖြန့်သွားစေခဲ့သည်။ ရွှေရောင်အထွတ်အထိပ် နတ်ဘုရားသည် သူ၏ ကိုယ်ပိုင် စွမ်းအားထက် သာလွန်နေပြီး အသေအကြေ တိုက်ခိုက်မည် ဆိုပါက ရွှေရောင်အထွတ်အထိပ် နတ်ဘုရားကို အနိုင်ယူရန် သူ ရုန်းကန်ရမည် ဖြစ်ကြောင်း ခံစားလိုက်ရ၏။
သေချာသည်မှာ ရွှေရောင်အထွတ်အထိပ် နတ်ဘုရားက သူ့ထက် အနည်းငယ်မျှသာ ပို၍ အစွမ်းထက်ပြီး ကုအန်၏ လက်ချက်ဖြင့် ရှုံးနိမ့်သွားခြင်းမှာ မျှော်လင့်ထားသည့်အတိုင်း ဖြစ်သည်။
သို့သော်လည်း ရွှေဂူ အမတ ၇၂ ပါးကမူ လုံးဝ မတူညီသော ကိစ္စရပ် တစ်ခု ဖြစ်၏။
ခရမ်းရောင်နဂါး ကြယ်တာရာအရှင်မှာ တစ်ချိန်က သူ မော့ကြည့်ခဲ့ရသော ပုဂ္ဂိုလ်တစ်ဦး ဖြစ်ပြီး အခြားသော ရွှေဂူ အမတများမှာလည်း သာမန် ပုဂ္ဂိုလ်များ မဟုတ်ကြချေ။ ဤအမတ ၇၂ ပါးသည် တူညီသော အမတဂိုဏ်း တစ်ခုတည်းမှ လာခြင်းဖြစ်ပြီး တစ်ဦးချင်းစီမှာ အမတအဖြစ်သို့ မတက်လှမ်းမီက ပါရမီ၏ အထွတ်အထိပ်များ ဖြစ်ခဲ့ကြသည်။ သူတို့ အားလုံးက ခေတ်ကာလ တစ်ခုတည်းမှ လာခြင်း မဟုတ်ဘဲ မတူညီသော ခေတ်ကာလ အသီးသီးမှ အမတဂိုဏ်း၏ အစွမ်းအထက်ဆုံး တပည့်များ ဖြစ်ကြ၏။
သူတို့၏ ရွှေဂူ အကြွင်းမဲ့ အမတဝင်္ကပါသည် ကောင်းကင်နန်းတော် အတွင်း၌ပင် ကြီးမားလှသော ဟန့်တားနိုင်စွမ်း ရှိသည့် အလွန် ကြောက်မက်ဖွယ်ကောင်းသော ဒဏ္ဍာရီတစ်ခု ဖြစ်သည်။
တာလော့အမတ တစ်ပါးပင်လျှင် ရွှေဂူ အကြွင်းမဲ့ အမတဝင်္ကပါတွင် ပိတ်မိပါက တော်တန်းရုန်းကန် ရလိမ့်မည်ဟု သူ၏ ဆရာက တစ်ခါက ပြောခဲ့ဖူးသည်။
တာလော့အမတ တစ်ပါးက မည်မျှ အစွမ်းထက်နိုင်ကြောင်းကို သူ မသိသော်လည်း ၎င်းက သူ၏ စိတ်ကူးဉာဏ်ထက် ကျော်လွန်နေသော အဆင့်တစ်ခု ဖြစ်သည်မှာ သေချာလှ၏။
ကုအန်၏ အရှေ့တွင် ထိုသို့သော ကြောက်မက်ဖွယ်ကောင်းသည့် ရွှေဂူ အကြွင်းမဲ့ အမတဝင်္ကပါသည် ပျက်စီးလွယ်ပုံရပြီး ရွှေဂူ အမတ ၇၂ ပါးမှာလည်း မျက်စိတစ်မှိတ်အတွင်းမှာပင် ရှုံးနိမ့်သွားခဲ့ကြသည်။
"မင်းက ဆန်းကြယ်ကြယ်တာရာ အမတအရှင်ကိုလည်း မရွေးချယ်ခဲ့ဘူး... ထိုက်ရီ အမတအရှင်ကိုလည်း မရွေးချယ်ခဲ့ဘူး... ဒါပေမဲ့ သူ့အတွက်နဲ့တော့ မင်းက ဒီလောက်အထိ အပင်ပန်းခံ လုပ်ပေးခဲ့တယ်... မင်းက ဘယ်သူများလဲ"
ကောင်းကင်ဝိညာဉ် နတ်ဘုရားက သူ့ကိုယ်သူ တိုးတိုးလေး ရေရွတ်လိုက်၏။ သူက ပြဿနာကို မြင်တွေ့ခဲ့ရပြီ ဖြစ်သည်။
ထျန်ဟောင်သည် သူ၏ သား တစ်ဦးနေနဲ့မဟုတ်သကဲ့သို့ ကောင်းကင်ဝိညာဉ် မဟာကမ္ဘာ၏ ကံကြမ္မာ ကိုယ်စားပြုမှု တစ်ခုတည်းလည်း မဟုတ်ချေ။ ထျန်ဟောင်၌ ပိုမို နက်ရှိုင်းသော အကြောင်းရာ တစ်ခု ရှိနေခဲ့၏။ သူ၏ အတွင်းစိတ်က စတင် တုန်လှုပ်လာ၏။
ထိုစဉ်က ကောင်းကင်ဝိညာဉ်အမတအရှင် ခိုးယူသွားခဲ့သော ရတနာသည် ကမ္ဘာအပြစ်ပေး တာအိုပုလဲ တစ်ခုတည်း မဟုတ်ဘဲ ထျန်ဟောင်၏ ယခင် ပုံသဏ္ဌာန်များလည်း ဖြစ်နေနိုင်မလား။
ကျီဝေ့ ဧကရာဇ်က ကောင်းကင်ဝိညာဉ် မဟာကမ္ဘာကို ဖျက်ဆီးရန် သူ့ကို ဘာကြောင့် ဖိအားမပေးခဲ့သနည်းဟု သူ မကြာခဏ တွေးမိခဲ့သော်လည်း ယခုအခါ ကောင်းကင်ဝိညာဉ်အမတအရှင်၏ အောင်မြင်သော ရတနာ ခိုးယူမှုသည် ကျီဝေ့ ဧကရာဇ်က ခွင့်ပြုထားခြင်းကြောင့် ဖြစ်နိုင်ကြောင်း မြင်တွေ့လာရလေသည်။
ထို့နောက် အမတနန်းတော် အတွင်းရှိ မြင်ကွင်းကို သူ ပြန်လည် သတိရလိုက်ရာ အဓိက နတ်ဘုရားများ၏ အမူအရာများက အလွန် ထူးဆန်းနေခဲ့၏။
ကောင်းကင်စိတ်ဝိညာဉ် နတ်ဘုရားက သက်ပြင်းချလိုက်သည်။ သူသည် သူ၏ စိတ်ကူးဉာဏ်ထက် ကျော်လွန်သော ကံတရား တစ်ခုတွင် ရစ်ပတ်နေပြီး ၎င်းက ကောင်းကင်နန်းတော် အတွင်းမှ မြစ်ဖျားခံလာခြင်း ဖြစ်ကြောင်း သဘောပေါက်လိုက်၏။ ထိုသို့သော ကံတရားက သူ့ကို ကောင်းကင်တာအို အမတရာထူး ဆုံးရှုံးစေပြီး ပြာအဖြစ် ပြောင်းလဲသွားစေနိုင်လေသည်။ အမတနတ်ဘုရား တစ်ပါးအနေဖြင့် တစ်ဦးက ထာဝရ မပျက်စီးနိုင်ချေ။
သို့သော် အမတနတ်ဘုရား အဆင့်အတန်းမှ ဖယ်ရှားခံရပါက သေဆုံးခြင်းသည် မလွှဲမရှောင်သာ ရောက်ရှိလာပေမည် ဖြစ်သည်။
ကောင်းကင်စိတ်ဝိညာဉ် နတ်ဘုရား၏ မျက်လုံးများက တောက်ပသွားပြီး ရွေးချယ်မှု တစ်ခု လုပ်ရမည့် အချိန် ရောက်လာပြီဟု ခံစားလိုက်ရ၏။
သူက မတ်တတ်ရပ်၍ ကောင်းကင်ဝိညာဉ် မဟာကမ္ဘာဘက်သို့ လျှောက်သွားလိုက်ရာ သူ၏ ပုံရိပ်က ခိုင်မာ ပြတ်သားနေသည်။
အခန်း ၆၅၈ ကောင်းကင်နန်းတော်၏ ရေခဲတောင်ထိပ်ဖျား
နေဝင်ဆည်းဆာက အနောက်ဘက်သို့ ယိမ်းသွားပြီး ချန်းခွန်းဂိုဏ်း၏ ပင်မမြို့တော်မှာ အမြဲတမ်းလိုလို စည်ကားသိုက်မြိုက်နေ၏။
တည်းခိုခန်း တစ်ခုအတွင်း၌ ကုအန်နှင့် ပိုင်ရှန့် အသွင်ယူထားသော ကောင်းကင်စိတ်ဝိညာဉ် နတ်ဘုရားတို့က တတိယထပ်ရှိ ပြတင်းပေါက်ဘေးတွင် ထိုင်ကာ အရက်သောက်နေကြ၏။
တတိယထပ်က ကျယ်ဝန်းပြီး ပြတင်းပေါက်များ ပါရှိသော အခန်းငယ်များအဖြစ် ပိုင်းခြားထားကာ ဧည့်သည် အခန်းတိုင်း ပြည့်နေသော်လည်း ဆူညံသံများ မရှိချေ။
ကောင်းကင်ဝိညာဉ် နတ်ဘုရားက ကုအန်ကို ကြည့်ရင်း စုကျင်း အသွင်မပြောင်းမီ အတိတ်က သူတို့ တောင်များကို လှည့်လည်ကာ ရေပြင်များတွင် ဆော့ကစားပြီး ဓားပြများကို လှည့်စားခဲ့သည့် အချိန်များကို ပြန်လည် သတိရမိ၏။
ထိုအတွေ့အကြုံက တိုတောင်းသော်လည်း ပြန်လည် တွေးတောကြည့်ပါက အတော်လေး ပျော်ရွှင်စရာ ကောင်းပုံရသည်။
ကုအန်ကို သူ နားမလည်နိုင်ချေ။
သူက မှတ်ဉာဏ်များ မရှိဘဲ ဝင်စားခြင်း သံသရာထဲသို့ ဝင်ရောက်ခဲ့သည်။ ထိုအခြေအနေတွင် ထိုသို့သော အရာများကို လုပ်ဆောင်ခြင်းက နားလည်နိုင်သော်လည်း ကုအန်က ဘာကြောင့် ထိုခရီးစဉ်များတွင် သူနှင့်အတူ လိုက်ပါခဲ့သနည်း။
သူ၏ အမြင်တွင် ကုအန်က အလွန် ထူးဆန်းနေ၏။
ကုအန်သည် သူ ကြုံတွေ့ဖူးသမျှထဲတွင် ကြောက်မက်ဖွယ် အကောင်းဆုံး သက်ရှိ ဖြစ်၏။ သူက ကောင်းကင်နန်းတော်ရှိ ကောင်းကင်နတ်ဘုရား တစ်ပါးမျှသာ ဖြစ်ပြီး ကောင်းကင်နန်းတော်အပေါ် သူ၏ နားလည်မှုက အလွန် တစ်ဖက်သတ် ဆန်ကာ နှိုင်းယှဉ်၍ မရနိုင်ချေ။
သို့သော်လည်း ကုအန်ကဲ့သို့ အစွမ်းထက်သော သူတစ်ဦးက လူသားကမ္ဘာတွင် ကစားရသည်ကို နှစ်သက်ပြီး သေမျိုးများနှင့် အရက်သောက်ရသည်ကိုပင် နှစ်သက်နေ၏။
တိုက်ပွဲဝင်နေသည့် ကုအန်နှင့် အပန်းဖြေနေသည့် ကုအန်တို့မှာ လုံးဝ မတူညီသော စရိုက်လက္ခဏာ နှစ်ခု ဖြစ်ပြီး မည်သူမဆို သူ့ကို ထိုအခြေအနေ နှစ်ခုစလုံးနှင့် ဆက်စပ်ကြည့်ရန် ခက်ခဲစေသည်။
ကုအန်က ကောင်းကင်စိတ်ဝိညာဉ် နတ်ဘုရားကို ကြည့်၍ ပြုံးလိုက်၏။ "မင်းက ငါ့ကို လာရှာတာ ရှားတယ်... ဘယ်လိုလဲ... ကမ္ဘာဂိတ်တံခါးအောက်မှာ ဒီတိုင်းထိုင်နေရတာထက် ဒီမှာ အရက်သောက်ရတာက ပိုစိတ်ဝင်စားစရာ မကောင်းဘူးလား"
ကောင်းကင်စိတ်ဝိညာဉ် နတ်ဘုရားက မေးခွန်းကို မဖြေချေ။ ထိုအစား သူက ကုအန်ကို စူးစိုက်ကြည့်၍ ပြောလိုက်သည်။ "မင်း ငါ့ကို မသတ်ခဲ့ဆိုတာ....ကောင်းကင်နန်းတော်ကို ကြောက်ရွံ့တာကလွဲရင် ငါ့ကို မင်းရဲ့ လက်အောက်ခံ လုပ်ဖို့ ရည်ရွယ်ချက်တွေ ရှိနေလို့ မလား..."
ကုအန်က ပြန်လည် မေးခွန်းထုတ်လိုက်၏။ "မင်းက ကောင်းကင်နန်းတော်ရဲ့ နတ်ဘုရား တစ်ပါးလေ... ဘယ်လိုလုပ်ပြီး လက်အောက်ခံ အဖြစ် ခံယူမှာလဲ..."
"အဲဒါက ငါ့ရဲ့ ကိုယ်ပိုင် အမှတ်အသားပါ... ငါ့နှလုံးသားက သူ ရွေးချယ်တဲ့သူကို ပိုင်ဆိုင်ပြီး အဲဒီလူအတွက် ငါ အမှုထမ်းမယ်... ရှေးခေတ်ကတည်းက ကောင်းကင်နန်းတော် အတွင်းမှာ နတ်ဘုရား အများအပြားက ပြင်ပကမ္ဘာကို စိတ်ဝင်စားခဲ့ကြတယ်... အဲဒါကြောင့်လည်း အမတဂိုဏ်းတွေနဲ့ အဖွဲ့အစည်းတွေ အများကြီး ရှိနေတာပေါ့... ကောင်းကင်နန်းတော်က တကယ်ကို အစွမ်းထက်ပြီး မတုန်လှုပ်နိုင်တာ မှန်ပေမဲ့ နတ်ဘုရားတွေရဲ့ စိတ်နှလုံးကလည်း လူတွေလိုပဲ ရှုပ်ထွေးလွန်းတယ်... ပြီးတော့ ကောင်းကင်စည်းမျဉ်းတွေ အောက်မှာတောင် အမှားနဲ့ အမှန် ဝေခွဲမရဖြစ်နေတဲ့ နေရာတစ်ခု ရှိပါတယ်"
ကောင်းကင်စိတ်ဝိညာဉ် နတ်ဘုရား၏ တည်ငြိမ်သော အဖြေကြောင့် ကုအန် တိတ်ဆိတ်သွား၏။
အကျိုးအမြတ်များ ရှိနေသရွေ့ ညှိနှိုင်းစရာ နေရာ အမြဲတမ်း ရှိနေပုံရသည်။ ခဏမျှ စဉ်းစားပြီးနောက် ကုအန်က ပြောလိုက်၏။ "ကောင်းကင်နန်းတော် အကြောင်းကို အရင် ပြောပြပါဦး"
ကောင်းကင်ဝိညာဉ် နတ်ဘုရား၏ အကြည့်က နက်ရှိုင်းသွားသည်။ "ငါက မဟာကမ္ဘာတစ်ထောင်ကို စောင့်ရှောက်ဖို့ အရည်အချင်း ပြည့်မီတဲ့ ကောင်းကင်နတ်ဘုရား တစ်ပါးပဲ... ဒါပေမဲ့ ကောင်းကင်နန်းတော်မှာတော့ ငါက အောက်ခြေအဆင့်မှာပဲ ရှိပါတယ်... အစစ်အမှန် ကောင်းကင်နန်းတော်ထဲကို ဝင်ရောက်ခွင့် ငါ့မှာ မရှိသေးဘူး... ငါ အမတအဖြစ် တက်လှမ်းပြီးကတည်းက ငါ့ဆရာ ကျီဝေ့ ဧကရာဇ်ဆီမှာ နေခဲ့တာ ဒါမှမဟုတ် ကောင်းကင်ဝိညာဉ် မဟာကမ္ဘာမှာ နေခဲ့တာပဲ... ကောင်းကင်နန်းတော် အကြောင်းကို ငါ မင်းထက်ဘယ်လောက်မှ ပိုမသိဘူး"
"ကောင်းကင်နတ်ဘုရားတွေရဲ့ အထက်မှာ အနည်းဆုံး ထိုက်ချင်း ရွှေအမတ အဆင့်ရှိတဲ့ ကြယ်တာရာအရှင်တွေ ရှိတယ်ဆိုတာတော့ ငါ ပြောပြနိုင်တယ်... သူတို့အထက်မှာတော့ ငါ မမီနိုင်တဲ့ အဆင့်ဖြစ်တဲ့ အမတအရှင်တွေ ရှိတယ်... ငါ့ဆရာကို ငါ သစ္စာမဖောက်ခင်က သူက အဲဒီလို ရာထူးမျိုး ရှိခဲ့တယ်... အခုရော အဲဒီလိုပဲလား ဆိုတာတော့ ငါ သေချာ မသိဘူး..."
ကောင်းကင်နတ်ဘုရား၊ ကြယ်တာရာအရှင်၊ အမတအရှင်။
အမတအရှင် အများစုမှာ ကောင်းကင်ဖွင့် တာလော့အမတ အဆင့်တွင် ရှိနေပုံရ၏။
မြောင်ကျန်းတာလော့အမတအဆင့်၏ အထွတ်အထိပ်တွင် နေထိုင်နေသော ကုအန်သည် မကြောက်ရွံ့ချေ။ သေချာသည်မှာ မည်သူမျှ ဘယ်သောအခါမှ ပေါ့ဆမနေသင့်ဘဲ ပြိုင်ဘက်ကို အမြဲတမ်း အထင်ကြီးသင့်၏။
"ကောင်းကင်နန်းတော်မှာ မရေမတွက်နိုင်အောင် များပြားတဲ့ ကောင်းကင်နတ်ဘုရားတွေ ရှိတယ်... ငါ တစ်ခါက ကောင်းကင်စစ်တပ် တစ်ခုနဲ့ လေ့ကျင့်ခဲ့ဖူးတယ်... မင်း သိလား... အဲဒီမှာ သန်းရာချီတဲ့ ကောင်းကင်နတ်ဘုရားတွေ ရှိတယ်... သူတို့ရဲ့ စမ်းသပ်မှု နယ်မြေထဲကို ဝင်ရောက်လိုက်တဲ့အခါ ငါ့ရဲ့ ပါရမီက ဘယ်လောက်တောင် သာမန်ဖြစ်နေလဲဆိုတာ ငါ သဘောပေါက်ခဲ့ရတယ်... ကောင်းကင်နန်းတော်ရဲ့ အထက်တန်းလွှာတွေရဲ့ အမြင်မှာ ငါက ပုရွက်ဆိတ် တစ်ကောင်နဲ့ မခြားနားခဲ့ဘူး..."
ကောင်းကင်ဝိညာဉ် နတ်ဘုရားက ရှုပ်ထွေးသော အမူအရာဖြင့် ပြောလိုက်၏။
မဟာကမ္ဘာတစ်ထောင်တွင် သူက ပြိုင်ဘက်ကင်း ဖြစ်သော်လည်း ကောင်းကင်နန်းတော်တွင် သူက အလွန် သေးငယ်ကြောင်း ခံစားခဲ့ရသည်။ ၎င်းကား သာမန် ဝိညာဉ်များ စိတ်ကူး၍ မရနိုင်သော ကွာဟချက် တစ်ခု ဖြစ်၏။
ကုအန်က မျက်လုံးများကို ကျဉ်း၍ မေးလိုက်သည်။
"ကောင်းကင်နန်းတော်မှာ အဲဒီလို ကောင်းကင်စစ်တပ် ဘယ်လောက် ရှိလဲ..."
ကောင်းကင်စစ်တပ် တစ်ခုတည်းတွင်ပင် သန်းရာချီသော မူလဘူတ ရွှေအမတများနှင့် ဟန်ထျန်းရွှေအမတများ ပါဝင်နေသဖြင့် ကောင်းကင်နန်းတော်၏ ဖိနှိပ်နိုင်စွမ်းက အမှန်တကယ်ပင် ကြောက်မက်ဖွယ် ကောင်းလှသည်။
မဟာကမ္ဘာသုံးထောင်မှ ရွှေအမတများ အားလုံး ပေါင်းလိုက်လျှင်ပင် ထိုအရေအတွက်ကို မီနိုင်မည်မဟုတ်ချေ။ ဆိုလိုသည်မှာ ကောင်းကင်နန်းတော်၏ ထိန်းချုပ်မှု အတိုင်းအတာက ကုအန်၏ နားလည်နိုင်စွမ်း အတိုင်းအတာထက် များစွာ ကျော်လွန်နေသည်။
ကောင်းကင်စိတ်ဝိညာဉ် နတ်ဘုရားက တည်ကြည်လေးနက်စွာ ပြောလိုက်၏။ "အကိုင်းအခက်တွေတော့ အများကြီးပဲ... အရေအတွက် အတိအကျကိုတော့ ငါလည်း မသိဘူး... ကောင်းကင်နန်းတော်ရဲ့ အခြေခံ အုတ်မြစ်က ဘယ်လောက်တောင် ကြောက်စရာ ကောင်းလဲ ဆိုတာကို ဘယ်သူမှ မသိကြဘူး... နန်းတွင်းအမတနတ်ဘုရားတွေတောင် မသိကြဘူး... အမြင့်မြတ်ဆုံး ကောင်းကင်ဧကရာဇ် တစ်ပါးတည်းကသာ သိတယ်..."
ကောင်းကင်ဧကရာဇ်။
ယင်းကို ကြားသောအခါ ကုအန်က တားမြစ်ချက်များကို ကျူးလွန်မိမည်ကို စိုးရိမ်သဖြင့် ထပ်မံ စုံစမ်းချင်စိတ် မရှိတော့ချေ။
ကောင်းကင်နန်းတော်၏ ရေခဲတောင်ထိပ်ဖျားကပင် ဤမျှ ကြောက်မက်ဖွယ် ကောင်းနေပြီ ဖြစ်ရာ ကောင်းကင်ဧကရာဇ်၏ အဆင့်မှာ သူ၏ စိတ်ကူးဉာဏ်ထက် ကျော်လွန်နေပြီ ဖြစ်သည်။
ကုအန်က မေးလိုက်၏။ "မင်းက ငါ့ဆီမှာ ခိုလှုံချင်တယ် ဆိုတော့ နောက်ထပ် မင်း ဘာတွေ ရင်ဆိုင်ရမလဲ ဆိုတာ သိတယ်မလား..."
ကောင်းကင်စိတ်ဝိညာဉ် နတ်ဘုရားက ကုအန်က ကောင်းကင်နန်းတော် သို့မဟုတ် ကောင်းကင်ဧကရာဇ် အကြောင်း ဆက်မမေးတော့သည်ကို မြင်သောအခါ သက်ပြင်းချနိုင်သွား၏။ စကားဆက်ပြောနေခြင်းက ကောင်းကင်နန်းတော်၏ ထောက်လှမ်းမှုကို ခံရနိုင်၏။
"ငါ သိတယ်... ဆန်းကြယ်ကြယ်တာရာ အမတအရှင်၊ ထိုက်ရီ အမတအရှင်... ပထမ တစ်ပါးက ယုံကြည်မှုအတွက် လာတာလို့ အစက ငါ ထင်ခဲ့ပေမဲ့ ငါ လုံးဝ မှားသွားတယ်... သူတို့က ထျန်ဟောင်ကို မျက်စိကျနေတာ ဖြစ်နိုင်တယ်... ကောင်းကင်ဝိညာဉ်အမတအရှင်က သူ့ကို ဖန်တီးခဲ့တာ သေချာပေါက် တာဝန် တစ်ခုခုအတွက်ပဲ ဖြစ်ရမယ်... ပြီးတော့ ဒီနောက်ကွယ်မှာ ငါ့ရဲ့ဆရာ ကျီဝေ့ ဧကရာဇ်ရဲ့ တွက်ချက်မှုတွေလည်း ပါဝင်နိုင်တယ်... သူ ဘာတွေ ကြံစည်နေလဲ ဒါမှမဟုတ် ထျန်ဟောင်ရဲ့ အစစ်အမှန် ဇာစ်မြစ်က ဘာလဲဆိုတာ ငါ မရှင်းလင်းပေမဲ့ အမတအရှင် နှစ်ပါးရဲ့ အာရုံစိုက်မှုကို ခံရတယ်ဆိုတာ မင်း သူတို့ကို ဖြေရှင်းလိုက်ရင်တောင် ရှေ့ဆက်ပြီး ပိုကြီးမားတဲ့ ပြဿနာတွေ ရှိလာဦးမယ် ဆိုတဲ့ အဓိပ္ပာယ်ပဲ..."
ကောင်းကင်စိတ်ဝိညာဉ် နတ်ဘုရားက တည်ငြိမ်စွာ ပြောလိုက်၏။ ဆန်းကြယ်ကြယ်တာရာ အမတအရှင်နှင့် ထိုက်ရီ အမတအရှင်တို့ အကြောင်း ပြောရာတွင် သူ၏ အမူအရာ၌ ကြောက်ရွံ့မှု သို့မဟုတ် စိုးရိမ်မှုများ မရှိချေ။ ကုအန်က ဤအမတအရှင် နှစ်ပါးကို ကိုင်တွယ်နိုင်မည်ဟု သူ ယုံကြည်ထား၏။
"ဒါကို သိနေရက်နဲ့ မင်းက ငါ့ကို ကူညီချင်သေးတာလား... ထျန်ဟောင် ကြောင့်လား..."
ကုအန်က သူ့ကို ကြည့်၍ မေးလိုက်၏။
ကောင်းကင်တာအို ကံကြမ္မာ၏ ကာကွယ်မှုက ကုအန်ကို သူ၏ အတွေးများကို မကြားနိုင်အောင် တားဆီးထားသော်လည်း သူ့အပေါ် ကုအန်၏ နားလည်မှုအရ သူသည် လိမ်ညာတတ်သူ မဟုတ်ချေ။
ကောင်းကင်စိတ်ဝိညာဉ် နတ်ဘုရား၏ မျက်လုံးများတွင် လှိုင်းထသွားပြီး သူက ပြောလိုက်သည်။ "ထျန်ဟောင်က ငါ့အတွက် လုံးဝ အရေးမပါဘူးလို့ ပြောရင် လိမ်ရာကျလိမ့်မယ်... ဒါပေမဲ့ ငါလည်း ကျောထောက်နောက်ခံ တစ်ခု လိုအပ်နေလို့ပဲ... ငါ ကောင်းကင်နန်းတော် အတွင်းမှာ တက်လှမ်းနိုင်မယ့် ဖြစ်နိုင်ခြေက မရှိတော့ဘူး... ပြီးတော့ အနာဂတ်မှာ ကောင်းကင်ဝိညာဉ် မဟာကမ္ဘာက ပိုပိုပြီး ဖရိုဖရဲ ဖြစ်လာလေ၊ ငါ့ရဲ့ အပြစ်တွေက ပိုကြီးမားလေ ဖြစ်လာမှာပဲ..."
"အခု ငါ သိချင်တာက ထျန်ဟောင် အပေါ် မင်းရဲ့ ဂရုစိုက်မှုက ကံတရားကြောင့်လား... ဒါမှမဟုတ် အမတအရှင်တွေလိုပဲ မင်းမှာလည်း တခြား ရည်ရွယ်ချက်တွေ ရှိနေလို့လားဆိုတာပဲ"
သူက ကုအန်ကို လေးစားမှုဖြင့် ခေါ်ဝေါ်လိုက်ရာ သူ၏ သဘောထား ပြောင်းလဲမှုကို ညွှန်ပြနေ၏။
ကုအန်က မေးလိုက်သည်။ "ကံတရားကြောင့် ဆိုရင် မင်းမှာ အစီအစဉ် ရှိလား..."
ကောင်းကင်ဝိညာဉ် နတ်ဘုရားက အပြုံးတစ်ခုကို ပြသလိုက်၏။ သူ မလာမီက ကုအန်တွင် အခြား ရည်ရွယ်ချက်များ ရှိပါက သူသည် စောစောစီးစီးကတည်းက လှုပ်ရှားခဲ့ပြီး ဖြစ်လိမ့်မည်ဟု သူ ခန့်မှန်းခဲ့သည်။ အမတအရှင်များ လာရောက်မည့် အချိန်ကို စောင့်နေရန် အကြောင်းမရှိချေ။
ထို့ပြင် ဤနှစ်များ တစ်လျှောက် ထျန်ဟောင်က ပူပင် ကင်းမဲ့စွာ နေထိုင်နေသည်ကို သူ စောင့်ကြည့်နေခဲ့၏။ ကုအန်က ထျန်ဟောင်ကို ထိန်းချုပ်မည့် အရိပ်အယောင်များ မပြသခဲ့ပေ။
ကောင်းကင်စိတ်ဝိညာဉ် နတ်ဘုရားက ပြောလိုက်၏။ "တကယ်တော့ ဒီကိစ္စကို ဖြေရှင်းဖို့ မခက်ခဲပါဘူး... ထျန်ဟောင်ရဲ့ ပါရမီနဲ့ ကံကြမ္မာပုံစံအရ သူ့ကို အမတအရှင်တွေထက် ပိုအစွမ်းထက်တဲ့ နတ်ဘုရား တစ်ပါးဆီ ပို့ပေးလို့ ရတယ်... အဲဒါဆို အမတအရှင်တွေက မဟာကမ္ဘာတစ်ထောင်ကို တိုက်ခိုက်စရာ အကြောင်းပြချက် ရှိတော့မှာ မဟုတ်ဘူး... ထျန်ဟောင် ထွက်သွားတာနဲ့ သူတို့ရဲ့ ဆုံးရှုံးမှုတွေကို တိတ်တိတ်လေး မျိုချရုံကလွဲပြီး တခြား ရွေးချယ်စရာ မရှိတော့ဘူး..."
ထိုသို့ ပြောပြီး သူက သက်ပြင်းမချဘဲ မနေနိုင်သော်လည်း မည်သူ့အတွက်မှန်း မရှင်းလင်းချေ။
"ယုံကြည်အပ်နှံဖို့ ထိုက်တန်တဲ့ နတ်ဘုရားတစ်ပါး မင်းမှာ ရှိလို့လား..."
ကုအန်က ချီတုံချတုံဖြင့် မေးလိုက်၏။
ကောင်းကင်နန်းတော်၏ အောက်ခြေတွင် ရှိနေသော ကောင်းကင်စိတ်ဝိညာဉ် နတ်ဘုရားမှာ လွတ်မြောက်ရာလမ်း မရှိပုံရသည်။ သူက ထျန်ဟောင်အတွက် ထွက်ပေါက်တစ်ခု ရှာပေးနိုင်သေးလို့လား။
ကောင်းကင်ဝိညာဉ် နတ်ဘုရားက ခေါင်းခါလိုက်သည်။ "အဲဒီလို သာလွန်တဲ့ နတ်ဘုရားမျိုးကိုတော့ ငါ မသိပါဘူး... ဒါပေမဲ့ ထျန်ဟောင်ကို မြူခိုးအမတနန်းတော်ဆီ သွားဖို့ ငါ အကြံပြုနိုင်တယ်... မြူခိုးအမတနန်းတော်က နတ်ဘုရားများစွာကို မွေးထုတ်ပေးခဲ့ပြီး ကောင်းကင်နန်းတော်ကလည်း အစစ်အမှန် အမတဂိုဏ်း တစ်ခုအနေနဲ့ အသိအမှတ်ပြုထားတယ်... မြူခိုးအမတနန်းတော်ကို နောက်ကွယ်ကနေ ပိုအစွမ်းထက်တဲ့ သက်ရှိတွေက ထောက်ပံ့ပေးထားတယ်... ပြီးတော့ ထျန်ဟောင်ရဲ့ အရည်အချင်းတွေနဲ့ ဆိုရင် သူ အသေအချာ ဝင်ရောက်နိုင်မှာပါ... အမတအရှင် နှစ်ပါးဆိုရင်တောင် မြူခိုးအမတနန်းတော်ကို မကျူးကျော်ရဲပါဘူး..."
"အဲဒီနောက်မှာ ငါတို့က သူတို့ရဲ့ လက်စားချေမှုကို တစ်ကြိမ်လောက် ခံနိုင်ရည်ရှိဖို့ပဲ လိုတော့တယ်... သူတို့ ကျရှုံးသွားတာနဲ့ ဒီကံတရားကို ခေတ္တခဏ စွန့်လွှတ်လိုက်ဖို့ ဖိအားပေးခံရလိမ့်မယ်"
မြူခိုးအမတနန်းတော်။
ကုအန်က မြူခိုးအမတနန်းတော်၏ အမတစံအိမ်များအနက် တစ်ခုတွင် မွေးဖွားခဲ့ပြီး ငယ်စဉ်ကတည်းက ထွက်ခွာသွားခဲ့သော ယုံရှန်းဧကရာဇ်၏ မှတ်ဉာဏ်များကို ပြန်လည် စဉ်းစားမိ၏။ သူက တစ်ကြိမ် ပြန်သွားခဲ့ဖူးပြီး သူ၏ မှတ်ဉာဏ်များအရ မြူခိုးအမတနန်းတော်သည် အမှန်တကယ်ပင် ခန့်မှန်း၍မရနိုင်အောင် နက်နဲလှသည်။
ယုံရှန်းဧကရာဇ်သည် သူ၏ ဝင်စားခြင်း ခန္ဓာကိုယ် ဖြစ်သဖြင့် တစ်နည်းအားဖြင့် သူသည် မြူခိုးအမတနန်းတော်၏ တပည့်တစ်ဦး ဖြစ်သည်ဟုလည်း သတ်မှတ်နိုင်သည်။
သူ၏ တပည့် ထျန်ဟောင်ကို မြူခိုးအမတနန်းတော်သို့ စေလွှတ်ခြင်းက ကံတရား ထပ်မံ ဖြစ်ပေါ်လာခြင်းနှင့် တူနေ၏။
သို့သော် မြူခိုးအမတနန်းတော်က ထျန်ဟောင်ကို အမှန်တကယ် လက်ခံနိုင်ပါ့မည်လား။
ထိုနေရာသို့ ရောက်ရှိပြီးနောက် ထျန်ဟောင်သည် အကာအကွယ် ရရှိနိုင်မည်လား။
ကောင်းကင်ဝိညာဉ် နတ်ဘုရား၏ ကောင်းကင်နန်းတော်အပေါ် နားလည်မှုမှာ မနက်ရှိုင်းသကဲ့သို့ ကုအန်၏ မြူခိုးအမတနန်းတော်အပေါ် နားလည်မှုမှာလည်း အလားတူပင် တိမ်ကောလှသည်။