အခန်း (၂၅၃-၂၅၄)
Vol. 26 Ch. 253-254
အခန်း။ ၂၅၃
သို့သော် ကံမကောင်းစွာဖြင့် ဆန်ဖုန်းနှင့် အခြားသူများမှာ ထိုအမည်များကို တစ်ခါမျှပင် မကြားဖူးကြချေ။
“ဆရာသခင်ရှဆိုရင်တော့ သိလောက်တယ်ဗျ”
ဆန်ဖုန်းက ယုံကြည်ချက်အပြည့်ဖြင့် ပြောလိုက်သည်။ သူ၏ စိတ်ထဲတွင် ဆရာသခင်ရှမှာ အရာရာကို တတ်သိနားလည်သည့် ပုဂ္ဂိုလ်တစ်ဦးပင်။
“ဒါဆိုရင်တော့ ဆရာသခင်ရှ ကျင့်ကြံရာက ထွက်လာမယ့်အချိန်ကိုပဲ စိတ်ရှည်လက်ရှည် စောင့်ဆိုင်းရမှာပေါ့”
လုံယီက ပြုံးလျက် ပြောလိုက်သည်။
ဆန်ဖုန်းနှင့် နှုတ်ဆက်ပြီးနောက် လုံယီသည် မြို့ထဲသို့ ပြန်လာခဲ့ပြီး သူ၏ နေအိမ်တွင် အသစ်
ရရှိထားသော အရေပြားသန့်စင်ခြင်းကျင့်စဉ်ကို စတင်လေ့လာတော့သည်။
သူသည် စွမ်းအင် ၃၀ မှတ်ကို အသုံးပြုကာ ထိုကျင့်စဉ်ကို အဆင့်မြှင့်တင်လိုက်ရာ
[အရေပြားသန့်စင်ခြင်းကျင့်စဉ် (အစမပြုရသေး ၀/၃၀) → အရေပြားသန့်စင်ခြင်းကျင့်စဉ် (အစပြုခြင်း ၀/၁၀၀)]
ထိုအခါ သူ၏စိတ်အာရုံထဲတွင် မရင်းနှီးသော မှတ်ဉာဏ်များ ပေါ်ထွက်လာခဲ့သည်။ မှတ်ဉာဏ်ထဲ၌ လုံယီသည် ဖိန်အန်းရွာနှင့် အတော်လေးဆင်တူကာ မိစ္ဆာများနှင့် ထူးဆန်းသော ဖြစ်ရပ်များ ဝန်းရံနေသည့် မြို့ငယ်လေးတစ်မြို့တွင် ကြီးပြင်းလာခဲ့သည်။ မိစ္ဆာများကို ခုခံတွန်းလှန်နိုင်ရန် လူတိုင်းမှာ သိုင်းပညာကို လေ့ကျင့်ကြရာ သူသည်လည်း ဒေသခံ သိုင်းဆရာကြီးတစ်ဦးထံတွင် တပည့်ခံခဲ့သည်။
“သိုင်းပညာသင်ယူမယ်ဆိုရင် ဆင်းရဲဒုက္ခကို အရင်ဆုံး အောင့်အည်းသည်းခံနိုင်ရမယ်”
ဆရာကြီးသည် သူ့ကို တိုင်ကျင့်စဉ်ကို သင်ကြားပေးခဲ့ပြီး နေပူမရှောင် မိုးရွာမရှောင် အိမ်ဝင်းအတွင်း၌ တစ်ရက်မျှ မပျက်ကွက်စေဘဲ ရပ်ခိုင်းခဲ့သည်။ ငြိမ်သက်နေသော အနေအထားကို တတ်မြောက်သွားသောအခါမှ လှုပ်ရှားမှုများ၊ သိုင်းကွက်များနှင့် ခြေလှမ်းများကို ဆက်လက်သင်ယူရသည်။
လုံယီသည် ဝီရိယရှိရှိ သင်ယူခဲ့သဖြင့် ဆရာကြီး၏ ချီးကျူးမှုကိုလည်း များစွာရရှိခဲ့သည်။ မျက်စိတစ်မှိတ်အတွင်း ငါးနှစ်တာ အချိန်ကာလမှာ ကုန်ဆုံးသွားခဲ့ပြီး နှာရည်တောက်တောက်
နှင့် ကောင်လေးမှာ အသက် ဆယ့်လေး၊ ဆယ့်ငါးနှစ်အရွယ် လူပျိုပေါက်လေးတစ်ဦး ဖြစ်လာခဲ့သည်။
လက်တွေ့ကမ္ဘာတွင်မူ လုံယီသည် သူ၏မျက်လုံးများကို ဖွင့်လိုက်သည်။ ကောင်းကင်နှင့်မြေကြီးမှ စွမ်းအင်အချို့ သူ၏ခန္ဓာကိုယ်အတွင်းသို့ စီးဝင်လာသည်ကို ခံစားလိုက်ရသည်။ ထို့နောက် ထိုစွမ်းအင်မှာ နွေးထွေးသော စွမ်းအင်လှိုင်းများအဖြစ် ပြောင်းလဲသွားကာ သူ၏ အရေပြားမျက်နှာပြင်ပေါ်တွင် လှည့်လည်လျက် အရေပြားကို အဆက်မပြတ် နှိပ်နယ်ပေးနေသကဲ့သို့ ယားကျိကျိနှင့် နေ၍ကောင်းသော ခံစားချက်ကို ပေးစွမ်းနေသည်။
သူသည် စွမ်းရည်ပြမျက်နှာပြင်ကို ကြည့်လိုက်ရာ အဆင့်ကဏ္ဍတွင် အကြောင်းအရာအသစ်တစ်ခု တိုးလာသည်ကို တွေ့ရသည်။
[အဆင့်အတန်းမရှိသေးသော သိုင်းသမား (၀/၆၀၀)]
ထို့နောက် သူသည် အရေပြားသန့်စင်ခြင်းကျင့်စဉ်၏ အကြောင်းကြားချက်ကို ဆက်လက်ကြည့်ရှုလိုက်ရာ အရေပြားသန့်စင်ခြင်းကျင့်စဉ်၏ အစပြုခြင်း အဆင့်သည် တစ်နေ့လျှင် ကျွမ်းကျင်မှုရမှတ် ၂၀ ပေးစွမ်းနိုင်သည်ကို သူတွေ့ရှိလိုက်သည်။ တစ်နည်းအားဖြင့်ဆိုသော် တစ်လအတွင်း နောက်ထပ်အဆင့်တစ်ခုသို့ ရောက်ရှိနိုင်မည်ဖြစ်ပြီး ထိုအဆင့်မှာ ဆန်ဖုန်းပြောခဲ့သည့် နွားသားရေအဆင့်ပင်။
ဤတိုးတက်မှုအရှိန်မှာ မနှေးလှပေ။ သူ အသက်ရှူနည်းစနစ်ကို စတင်သင်ယူစဉ်ကထက် များစွာ ပိုမိုမြန်ဆန်နေသည်။ ယင်းမှာ သူ၏ လက်ရှိခွန်အားမှာ ယခင်ကထက် များစွာ သာလွန်နေပြီဖြစ်သောကြောင့်ပင်။ သို့သော် အရေပြားသန့်စင်ခြင်းကျင့်စဉ်ကို ဆက်လက်မြှင့်တင်ရန် အခွင့်အရေးရှိနေသေးသည်။
လုံယီသည် စွမ်းအင် ၁၀၀ မှတ်ကို ထပ်မံအသုံးပြုကာ အရေပြားသန့်စင်ခြင်းကျင့်စဉ်ကို အဆင့်မြှင့်တင်လိုက်ပြန်သည်။
[အရေပြားသန့်စင်ခြင်းကျင့်စဉ် (အစပြုခြင်း ၀/၁၀၀) → အရေပြားသန့်စင်ခြင်းကျင့်စဉ် (ကျွမ်းကျင်မှု ၀/၃၀၀ + ကျောက်စိမ်းနက်ဆေးဆီ ၁ ခု)]
သူ၏စိတ်အာရုံထဲတွင် ပထမမှတ်ဉာဏ်၏အဆက်ဖြစ်သော ဒုတိယမြောက်မှတ်ဉာဏ်တစ်ခု ပေါ်ထွက်လာသည်။
မှတ်ဉာဏ်ထဲ၌ လုံယီသည် ငါးနှစ်တိုင်တိုင် တပည့်အဖြစ် သင်ယူခဲ့ပြီးနောက် ငြိမ်သက်ခြင်းနှင့် လှုပ်ရှားခြင်းဆိုင်ရာ သိုင်းကွက်များတွင် အလွန်ပင် ကျွမ်းကျင်လာခဲ့ကာ ခိုင်မာသော အခြေခံကောင်းများ ရရှိခဲ့သည်။ နောက်ဆုံးတွင် ဆရာဖြစ်သူက သူ့အား အနှစ်သာရရှိသော ပညာရပ်များကို သင်ကြားပေးရန် ဆုံးဖြတ်လိုက်တော့သည်။
တိုင်ကျင့်စဉ်ကို ဆက်လက်လေ့ကျင့်ရုံသာမက ဆရာဖြစ်သူသည် လုံယီ၏ တစ်ကိုယ်လုံးကို နေ့စဉ်နေ့တိုင်း နီရဲကာ ပျစ်ချွဲသော ဆေးရည်များဖြင့် လိမ်းကျံပေးသည်။ ထိုဆေးရည်၏ အရင်းအမြစ်မှာ မရိုးရှင်းလှပေ။ မြို့ထဲတွင် သွေးလည်ပတ်မြက်ဟုခေါ်သော အဖိုးတန်အပင်ကို ရှာဖွေရန် မတ်စောက်သော ကျောက်ဆောင်များကို အသက်ဘေးနှင့်ရင်းကာ တက်ရောက်ရှာဖွေကြသည့် ဆေးဖော်စပ်သူများစွာ ရှိကြသည်။ ထိုအပင်ကို သိုင်းသမားများထံ အဖိုးအခကြီးစွာဖြင့် ပြန်လည်ရောင်းချကြခြင်းဖြစ်သည်။
လုံယီ၏ဆရာကဲ့သို့သော သိုင်းသမားများသည် သွေးလည်ပတ်မြက်ကို ဆီအဖြစ် ကျိုချက်ပြီး အရေပြားကို လှုံ့ဆော်ရန်နှင့် သွေးစွမ်းအင်ကို နိုးထစေရန် ခန္ဓာကိုယ်တွင် လိမ်းကျံလေ့ရှိကြသည်။ ခိုင်မာသောအခြေခံရှိထားသည့် လုံယီသည် သွေးလည်ပတ်မြက်ဖြင့် ဖော်စပ်ထားသော ဆေးဆီ၏အကူအညီဖြင့် သုံးနှစ်အကြာတွင်မူ အခြားအဆင့်တစ်ခုသို့ ရောက်ရှိသွားခဲ့သည်။
သွေးစွမ်းအင်ကို နိုးထစေလိုက်သည့်အခါ သူ၏အရေပြားတစ်ခုလုံးမှာ မီးခိုးအဝါရောင်သို့ ပြောင်းလဲသွားပြီး နွားသားရေကဲ့သို့ ခိုင်ခံ့တောင့်တင်းသော အသွင်ကို ဆောင်သွားတော့သည်။
လက်တွေ့ကမ္ဘာတွင်မူ ယခင်ကထက် အဆပေါင်းများစွာ ပိုမိုပြင်းထန်သော စွမ်းအင်လှိုင်းတစ်ခုသည် လုံယီ၏ခန္ဓာကိုယ်အတွင်းသို့ စီးဝင်လာပြီး ရေတွက်၍မရနိုင်သော နွေးထွေးသည့် စွမ်းအင်စီးကြောင်းများအဖြစ် ပြောင်းလဲကာ သူ၏အရေပြားကို ပြုပြင်ပြောင်းလဲပေးလိုက်သည်။
ဖောက် ဖောက်…
သူ၏အရေပြားမျက်နှာပြင်ပေါ်တွင် သွေးစွမ်းအင်များ အဆက်မပြတ် လှုပ်ရှားနေသည်ကို လုံယီ ခံစားလိုက်ရသော်လည်း သာမန်မျက်စိဖြင့် ကြည့်မည်ဆိုပါက ယခင်ကနှင့် ထူးခြားမှုမရှိသကဲ့သို့ပင်။ အရေပြားသန့်စင်ခြင်းကျင့်စဉ်၏ အကြောင်းကြားချက်မှာလည်း လိုက်လျောညီထွေစွာ ပြောင်းလဲသွားခဲ့သည်။
ကျွမ်းကျင်မှု အဆင့်ရှိသော အရေပြားသန့်စင်ခြင်းကျင့်စဉ်သည် တစ်နေ့လျှင် ကျွမ်းကျင်မှုရမှတ် ၆၀ အထိ ပေးစွမ်းနိုင်သည်။
ယင်းမှာ နောက်ထပ် ဆယ်ရက်ခန့်အကြာတွင် သူသည် နွားသားရေအဆင့်သို့ ရောက်ရှိတော့မည်ဟု ဆိုလိုခြင်းပင်။
ထိုသို့ဖြင့် နောက်ရက်များတွင် လုံယီ၊ ရှီချိုင်ဖုန်း၊ ကျန်းဝေတနှင့် မြစ်ကိုဖြတ်ကျော်လာကြသူ အားလုံးမှာ ဖိန်အန်းမြို့တွင် အခြေကျသွားကြပြီး ရံဖန်ရံခါတွင် ဆန်ဖုန်းတို့နှင့် သိုင်းပညာများ ဖလှယ်ကြလေ့ရှိသည်။ မိစ္ဆာများ လာရောက်တိုက်ခိုက်သည့်အခါတိုင်းတွင်လည်း သူတို့အားလုံး စုပေါင်း၍ ရန်သူကို တွန်းလှန်ကြသည်။
ဖိန်အန်းမြို့သားများသည်လည်း သူတို့ရှိနေခြင်းကို တဖြည်းဖြည်းနှင့် နေသားကျလာကြတော့သည်။ ထို့ပြင် လုံယီသာမက ချူဖုန်း၊ တာအိုဆရာ ရွှမ်ကျိနှင့် အဘိုးအိုရှီတို့မှာလည်း အလွန်ပင် အစွမ်းထက်သူများဖြစ်ကြပြီး ဖိန်အန်းမြို့တွင် သူတို့ကို ယှဉ်နိုင်သူ အလွန်နည်းပါးကြောင်းကိုလည်း သိရှိသွားကြသည်။
လုံယီ၏ စုံစမ်းချက်အရ ဖိန်အန်းမြို့တစ်မြို့လုံးတွင် အနက်ရောင်အရေပြားအဆင့်သို့ ရောက်ရှိသည့် ထိပ်တန်းပညာရှင် သုံးဦးသာ ရှိသည်။ တစ်ဦးမှာ မသေမျိုးဆရာသခင် ရှမု၏ ဘေးတွင် အမြဲရှိနေပြီး သူ၏လုံခြုံရေးကို စောင့်ရှောက်ပေးသူဖြစ်သည်။ နောက်တစ်ဦးမှာမူ ခရီးများ မကြာခဏ ထွက်လေ့ရှိပြီး ခြေရာလက်ရာမပြတ် ပျောက်ကွယ်နေတတ်သည်။ နောက်ဆုံးတစ်ဦးဖြစ်သော ဆန်ဖုန်း၏ ဦးလေး ဆန်ရှန်းကိုသာ ရံဖန်ရံခါ တွေ့ရတတ်သည်။
သို့သော် ဆန်ရှန်းသည် သူ၏အစွမ်းအားလုံးကို ထုတ်သုံးလျှင်ပင် လက်တစ်ဖက် ဆုံးရှုံးထားသည့် တာအိုဆရာ ရွှမ်ကျိနှင့် အနိုင်အရှုံးမပေါ်ဘဲ သရေသာ ဖြစ်နိုင်သည်။ တာအိုဆရာ ရွှမ်ကျိသည် မြစ်တစ်ဖက်ကမ်း သိုင်းလောက၏ ထူးချွန်ထက်မြက်သူတစ်ဦး ဖြစ်သည်နှင့်အညီ ခန့်မှန်းရခက်သော သူ၏ဓားသိုင်းပညာဖြင့် ဖိန်အန်းမြို့ရှိ သိုင်းပညာရှင်အားလုံးကို အံ့အားသင့်စေခဲ့သည်။
ဆယ်ရက်ကြာပြီးနောက်တွင်မူ လုံယီ၏ အဆင့်အတန်းမှာ နောက်ဆုံးတွင် အောင်မြင်စွာ ကျော်ဖြတ်နိုင်ခဲ့သည်။
[အဆင့်အတန်းမရှိသေးသော သိုင်းသမား (၀/၆၀၀) → နွားသားရေအဆင့် သိုင်းသမား (၀/၆၀၀)]
အဆင့်တက်သွားသည့် ထိုခဏ၌ နွေးထွေးသော စွမ်းအင်စီးကြောင်းများစွာသည် သူ၏အရေပြား မျက်နှာပြင်ပေါ်သို့ တိုးဝင်လာပြီး သူ၏အရေပြားမှာ ပူပြင်းနေသော သံတုံးကြီးကို အားကုန်ထုနှက်နေသကဲ့သို့ တဖောင်းဖောင်းနှင့် နိမ့်ချီမြင့်ချီ ဖြစ်ပေါ်လာခဲ့သည်။ တစ်ချိန်တည်းမှာပင် သူ၏ အသားစိုင်များနှင့် သွေးကြောများမှာလည်း လိုက်လျောညီထွေစွာ တိုးတက်လာပြီး တဖြည်းဖြည်း ပိုမိုသန်မာလာခဲ့သည်။
အဆင့်တက်ခြင်း လုပ်ငန်းစဉ် ပြီးဆုံးသွားသောအခါ လုံယီသည် သူ၏ခန္ဓာကိုယ်အတွင်းရှိ အပြောင်းအလဲများကို စတင်ခံစားကြည့်လိုက်သည်။ အရေပြားသန့်စင်ခြင်းကျင့်စဉ်ကို အသာအယာ နိုးထစေလိုက်ရာ သူ၏အရေပြားအရောင်မှာ အနည်းငယ် ဝါဖျော့ဖျော့သို့ ပြောင်းလဲသွားသည်။ အရေပြားကို ဆွဲကြည့်လိုက်ရာ ယခင်ကထက် ထူးခြားမှု မရှိသေးဘူးဟု ထင်ရသော်လည်း သူသည် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ကာ အားကုန် လွှဲယမ်းလိုက်တော့သည်။
ဝှစ်….
ခွန်အားပိုင်းတွင်မူ သိသာသော တိုးတက်မှုမျိုး မရှိသလောက်ပင်။
လုံယီသည် မျက်မှောင်ကြုတ်လိုက်မိသော်လည်း ချက်ချင်းပင် ပြန်လည်ဖြေလျှော့လိုက်သည်။ သေချာစဉ်းစားကြည့်လျှင် ဤသည်မှာ ဖြစ်သင့်သည်။ သူ၏ လက်ရှိသွေးစွမ်းအင်မှာ သာမန်သိုင်းသမားတစ်ဦး၏ ကန့်သတ်ချက်ကို ကျော်လွန်နေပြီဖြစ်သည်။ အရေပြားသန့်စင်ခြင်းကျင့်စဉ်မှာ လမ်းစဉ်ချင်း ကွာခြားသော်လည်း အနှစ်သာရမှာ သွေးစွမ်းအင်ကို မြှင့်တင်ရန်ပင် ဖြစ်သည်။ ထို့ကြောင့် သူကဲ့သို့ အခြေခံအလွန်မြင့်မားနေသူတစ်ဦးအဖို့ အစောပိုင်းအဆင့်များတွင် သိသာသော ပြောင်းလဲမှု မရှိနိုင်ခြင်းမှာ မဆန်းချေ။
“နောက်ပိုင်းအဆင့်တွေ ရောက်မှသာ ခန္ဓာကိုယ်အတွက် သိသာတဲ့ အထောက်အကူ ဖြစ်လာနိုင်မှာပဲ”
လုံယီ တွေးလိုက်မိသည်။
နွားသားရေအဆင့်သို့ ရောက်ရှိပြီးနောက်တွင်မူ အရေပြားသန့်စင်ခြင်းကျင့်စဉ်၏ ကျွမ်းကျင်မှုရရှိနှုန်းမှာ သိသိသာသာ လျော့ကျသွားခဲ့သည်။ ယခုအခါ တစ်နေ့လျှင် ကျွမ်းကျင်မှုရမှတ် ၁၀ မှတ်သာ ပေးစွမ်းနိုင်တော့ရာ နောက်ထပ် အဓိကအဆင့်ဖြစ်သော ကျောက်သားအရေပြားအဆင့်သို့ ရောက်ရှိရန် နှစ်လခန့် အချိန်ယူရဦးမည်ဖြစ်သည်။
အရေပြားသန့်စင်ခြင်းကျင့်စဉ်ကို ထပ်မံမြှင့်တင်ရန်အတွက်မူ ကျောက်စိမ်းနက်ဆေးဆီလိုအပ်သည်။ ယင်းမှာ သူစောစောက မြင်တွေ့ခဲ့ရသည့် ရွှံ့နက်များပင်။ ထိုရွှံ့နက်မှာ ဆေးဆီနီထက် များစွာ ပိုမိုတန်ဖိုးရှိလှသည်မှာ ထင်ရှားသဖြင့် လုံယီသည် ယခင်က ဇွတ်အတင်း မတောင်းဆိုခဲ့ခြင်း ဖြစ်သည်။
သို့သော် ယခုအချိန်တွင်မူ သူသည် ဆန်ဖုန်းအပါအဝင် ဖိန်အန်းရွာသားများနှင့် အတော်လေး ရင်းနှီးနေပြီ ဖြစ်သည်။ ထို့ကြောင့် လုံယီသည် ထိုရွှံ့နက်ကို ရရှိနိုင်မည့်နည်းလမ်း ရှိမရှိ စုံစမ်းရန် သူတို့အား သွားရောက်ရှာဖွေရန် ဆုံးဖြတ်လိုက်သည်။
သူသည် ကွင်းပြင်သို့ ရောက်ရှိချိန်တွင် အဝေးမှ လျှောက်လာသော အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးကို မြင်လိုက်ရသဖြင့် သူ၏ အမူအရာမှာ တစ်မျိုး ဖြစ်သွားတော့သည်။ သူ၏ ထက်မြက်လှသော အာရုံခံစားမှုကြောင့် ပေခြောက်ရာပတ်လည်အတွင်းရှိ အသံအားလုံးကို ရှင်းလင်းစွာ ကြားနေရသည်။
“နတ်မိမယ်ကျား... မနေ့က ကျွန်တော်ပေးတဲ့ ခရုစိမ်းသားက ဘယ်လိုလဲခင်ဗျ ဒါက ကျွန်တော်တို့တောင် ခဲခဲယဉ်းယဉ်း စားရတဲ့ အမြိန်အစွက်ပဲဗျာ”
“ကျေးဇူးတင်ပါတယ် ကိုလေးဆန်ရယ်။ ခရုစိမ်းသားက တကယ်ကို ထူးထူးခြားခြား အရသာရှိပါတယ်။ ဒါပေမဲ့... ဟူး...”
“နတ်မိမယ်ကျားက မိသားစုကို လွမ်းနေပြန်ပြီလား စိတ်မကောင်းမဖြစ်ပါနဲ့ဗျာ။ နောင်တစ်ချိန်မှာ ခင်ဗျား အစွမ်းထက်လာရင် မိသားစုဆီ ပြန်နိုင်တဲ့ အခွင့်အရေး သေချာပေါက် ရမှာပါ”
“အဲ့ဒီလိုပဲ မျှော်လင့်ရတာပါပဲ။ ကျွန်မဖေဖေရဲ့ ပန်းနာရင်ကျပ်ရော သက်သာရဲ့လား မသိဘူး။ ကျွန်မ ဘေးမှာမရှိတော့ အိမ်စေတွေကရော ဖေဖေ့အတွက် ဆေးကို သေချာ ကျိုပေးကြပါ့မလား...”
“နတ်မိမယ်ကျားက တကယ်ကို မိဘကို သိတတ်တဲ့သူပဲ။ စိတ်မပူပါနဲ့ ခင်ဗျားဖေဖေ ဘာမှမဖြစ်ပါဘူး။ ဒါနဲ့... ကျွန်တော် ဆရာသခင်ရှရဲ့ အကြောင်းတွေ ထပ်ပြောပြရမလား”
“ကိုလေးဆန်က တကယ်ကို လူကောင်းတစ်ယောက်ပဲနော်။ ဆရာသခင်ရှရဲ့ အတွေ့အကြုံတွေကို ကျွန်မ တကယ်ပဲ စိတ်ဝင်စားမိပါတယ်”
ထိုချီးကျူးစကားကြောင့် ဆန်ဖုန်းမှာ ရင်ထဲ၌ လှိုက်ခနဲ ဝမ်းသာသွားတော့သည်။ သူသည် သူ၏ ရင်ထဲရှိ စကားလုံးအားလုံးကို ထုတ်ပြောချင်နေသော်လည်း အမှတ်တမဲ့ ဖြစ်သွားမည်ကို စိုးရိမ်နေမိသည်။
အခန်း။ ၂၅၄
သူ၏ဘေးတွင် ရပ်နေသူမှာ အစွန်းရောက်လက်သီးသိုင်းဂိုဏ်း၏ အလှပဆုံးအမျိုးသမီးဖြစ်သူ ကျားဟုန်ပင်။
ယခုအခါ သူမသည် ရှည်လျားသော ဝတ်စုံဖြူလေးကို ဆင်မြန်းထားပြီး အရပ်အမောင်း မြင့်
မြင့်ဖြင့် အသားအရေမှာ ကျောက်စိမ်းကဲ့သို့ ချောမွေ့ဝင်းပကာ ရုပ်ရည်မှာလည်း အလွန်ပင် လှပလွန်းလှသည်။ လေအဝေ့တွင် လွင့်ပါးနေသော သူမ၏ ဝတ်စုံအနားသတ်လေးများ၊ မျက်ခုံးတန်းလေးများကြားမှ ဖုံးကွယ်မရသော အနည်းငယ်သော ဝမ်းနည်းရိပ်လေးများနှင့် ပေါင်းစပ်လိုက်သည့်အခါ မြင်သူတိုင်းကို သနားဂရုဏာ သက်ဝင်သွားစေတော့သည်။
ဖိန်အန်းရွာကဲ့သို့ သီးခြားကမ္ဘာလေးထဲတွင်သာ တစ်သက်လုံး နေထိုင်ခဲ့ရသော ဆန်ဖုန်းတစ်ယောက် လုံးဝဥဿုံ စိတ်ညှို့ခံလိုက်ရခြင်းမှာ မဆန်းချေ။ နတ်မိမယ်တစ်ပါးအလား လှပသော ကျားဟုန်ကို မြင်တွေ့ပြီးနောက်တွင်မူ သူသည် ကျားဟုန်ကို သူ၏ဇာတိရွာမှ ဂျုံရောင်အသားအရေနှင့် ပွင့်လင်းရိုးသားကာ ဟိတ်ဟန်မရှိသော မိန်းကလေးများနှင့် မနှိုင်းယှဉ်ဘဲ မနေနိုင်တော့ပေ။ အတွေးအခေါ်ပိုင်းမှာရော ရုပ်ရည်ပိုင်းမှာပါ ထိုရွာသူလေးများက နတ်မိမယ်ကျားကို မယှဉ်နိုင်ဟု သူ ခံစားနေရသည်။
လုံယီ လျှောက်လာသည်ကို မြင်သောအခါ ကျားဟုန်သည် ရေလှိုင်းအလား နူးညံ့လှသော သူမ၏မျက်ဝန်းများဖြင့် ဆန်ဖုန်းကို ကြည့်ကာ “ကျွန်မတို့ ဂိုဏ်းချုပ်ကြီး ရောက်လာပြီဆိုတော့ ရှင်နဲ့ကိစ္စရှိလို့ ထင်တယ်။ ကိုလေးဆန်... မနက်ဖြန်မှ တွေ့ကြတာပေါ့” ဟု နှုတ်ဆက်လိုက်သည်။
“ကောင်းပါပြီ... ကောင်းပါပြီ... နတ်မိမယ်ကျားလည်း စောစောနားပါဦး”
ဆန်ဖုန်းက အလိုက်တသိ ပြန်ပြောလိုက်သည်။
လုံယီ နားသို့ ရောက်လာသည်ကိုပင် သူ သတိမထားမိဘဲ ကျားဟုန်၏ ကျောပြင်လေးကို ငေးကြည့်နေမိသည်။ သူမ၏ သွယ်လျသော ကိုယ်လုံးလေး လမ်းကြားထဲသို့ ဝင်ရောက် ပျောက်ကွယ်သွားမှသာ သူသည် နှမြောတသစွာဖြင့် အကြည့်ကို ပြန်လည်ရုပ်သိမ်းလိုက်တော့သည်။
“အစ်ကိုလုံ... ရောက်လာပြီလား”
ဆန်ဖုန်းက နှုတ်ဆက်သည်။
“ညီလေးဆန်... မင်း ငါတို့ဂိုဏ်းက တပည့်မလေးတစ်ယောက်ကို စိတ်ဝင်စားနေတာလား”
လုံယီက နောက်ပြောင်လိုက်သည်။
“အဟမ်း... အစ်ကိုလုံရယ် အစ်ကို့မှာ ကျွန်တော်တို့နှစ်ယောက် နီးစပ်သွားအောင် လုပ်ပေးနိုင်တဲ့ နည်းလမ်းများ ရှိမလားဗျာ”
ဆန်ဖုန်းက မျှော်လင့်ချက်အပြည့်ဖြင့် လုံယီ့ကို ကြည့်လိုက်သည်။
“ငါက ဂိုဏ်းချုပ်ဆိုပေမဲ့ ဒီလို ကိုယ်ရေးကိုယ်တာကိစ္စတွေကိုတော့ ဝင်မစွက်ဖက်တတ်ဘူးကွ” လုံယီက ခေါင်းခါပြကာ ဆန်ဖုန်း၏ အိပ်မက်ကမ္ဘာလေးကို ဖြတ်တောက်ပစ်လိုက်သည်။
ထို့နောက် သူက လေသံကို ပြောင်းကာ အလေးအနက် ပြောလိုက်သည်။
“ဒီနေ့ ငါလာတာက အရေပြားသန့်စင်ခြင်းကျင့်စဉ်နဲ့ ပတ်သက်ပြီး တစ်ခုလောက် မေးချင်လို့ပါ”
“ပြောပါ အစ်ကိုလုံ”
“ငါ အရင်က မင်းတို့ရဲ့ အရေပြားသန့်စင်ခြင်းကျင့်စဉ်ကို လေ့ကျင့်ကြည့်ခဲ့ဖူးတယ်။ တခြားတောင်က ကျောက်တုံးတွေက ကိုယ့်ကျောက်စိမ်းကို ပိုတောက်ပြောင်အောင် လုပ်ပေးနိုင်တယ် ဆိုတဲ့အတိုင်း ငါ့အတွက် အကျိုးရှိမလားလို့ စမ်းကြည့်တာ။ ဒါပေမဲ့ ဘာအာနိသင်မှ မရှိသလို ဖြစ်နေလို့ပဲ”
“ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ”
ဆန်ဖုန်းက အံ့အားသင့်စွာဖြင့် ရေရွတ်လိုက်သည်။
“ကျွန်တော် အစ်ကို့ကို သွေးလည်ပတ်ဆေးဆီတွေ အများကြီး ပေးထားတာပဲ မဟုတ်လား”
လုံယီ ဘာမှပြန်မပြောရသေးခင်မှာပင် ဆန်ဖုန်းက သူ၏နဖူးကို ဘုန်းခနဲ ရိုက်လိုက်ပြီး
“ဩော်... ကျွန်တော် သဘောပေါက်ပြီ။ အစ်ကိုလုံရဲ့ သွေးစွမ်းအင်က အားကောင်းလွန်းနေလို့ သွေးလည်ပတ်ဆေးဆီရဲ့ အာနိသင်က အလုပ်မလုပ်တော့တာနေမှာ။ လာဗျာ... ကျွန်တော် အစ်ကို့ကို ကျောက်စိမ်းနက်ဆေးဆီနဲ့ လက်တွေ့စမ်းသပ်ကြည့်ဖို့ ခေါ်သွားပေးမယ်”
ဆန်ဖုန်း၏ စကားကို ကြားသောအခါ လုံယီက စိတ်ထဲမှ ကျေနပ်စွာ ခေါင်းညိတ်မိသည်။
ဒီကောင်လေးက တကယ်ကို အလိုက်သိတာပဲ။ ငါ့အတွက်တောင် အကြောင်းပြချက်တွေ ရှာပေးနေသေးတယ်။
သို့သော် လုံယီသည် အခြားသူများအပေါ် အမြဲတမ်း အခွင့်အရေးယူလိုသူ မဟုတ်ပေ။ ထို့ကြောင့် သူက “နောက်ရက်အနည်းငယ်အတွင်းမှာ ငါ ဖိန်အန်းရွာမှာ ဂိုဏ်းကို ပြန်လည်ဖွင့်လှစ်ပြီး တပည့်တွေ အများကြီး လက်ခံဖို့ စီစဉ်ထားတယ်” ဟု အလေးအနက် ပြောလိုက်သည်။
“ဒါက တကယ်ကို ဝမ်းသာစရာပဲဗျာ”
ဆန်ဖုန်းက အလွန်ပင် ပျော်ရွှင်သွားတော့သည်။
လုံယီတို့ကဲ့သို့ လုံကျန်းမြစ်ကို ဖြတ်ကျော်လာသူများသည် ထူးကဲသော ခွန်အားရှိရုံသာမက သူတို့၏ သိုင်းပညာများမှာလည်း အလွန်ပင် စွမ်းအားကြီးလှသည်။ ထို့ပြင် ခန္ဓာကိုယ်အပေါ် ထိခိုက်မှုနည်းပါးသည့်အတွက် အရေပြားသန့်စင်ခြင်းကျင့်စဉ်၏ အားနည်းချက်များကို အချို့သောနေရာများတွင် ပြန်လည်ဖြည့်ဆည်းပေးနိုင်သည်။ အကယ်၍ ထိုကဲ့သို့သော ပညာရပ်များ ဖိန်အန်းရွာတွင် အခြေချကျန်ရစ်ခဲ့မည်ဆိုပါက နောင်တစ်ချိန်တွင် တစ်ရွာလုံး၏ အင်အားမှာ အဆမတန် တိုးတက်လာမည်မှာ မြေကြီးလက်ခတ်မလွဲပင်။
ဆန်ဖုန်းသည် လုံယီကို ယခင်က သွားခဲ့ဖူးသော အိမ်ဝင်းထဲသို့ ခေါ်ဆောင်သွားပြီး အဘိုးအိုအား လုံယီ၏ ကိုယ်ပေါ်တွင် ရွှံ့နက် များ သုတ်လိမ်းပေးရန် တောင်းပြောလိုက်သည်။
ရွှံ့နက်၏ အာနိသင်မှာ ဆေးဆီနီထက် များစွာ သာလွန်သည်။ လုံယီကဲ့သို့ သန်မာသော ခန္ဓာကိုယ်ပိုင်ရှင်ပင်လျှင် ပုရွက်ဆိတ် ထောင်သောင်းချီ၍ ကိုက်နေသကဲ့သို့ ပြင်းထန်သော နာကျင်မှုကို ခံစားလိုက်ရသည်။ ရွှံ့နက်များကို သုတ်လိမ်းပြီးနောက်တွင်မူ သူ၏ စွမ်းဆောင်
ရည်ပြကွက်ရှိ အရေပြားသန့်စင်ခြင်းကျင့်စဉ်၏ နောက်၌ မှိန်ဖျော့ဖျော့ အပေါင်းသင်္ကေတလေးတစ်ခု နောက်ဆုံးတွင် ပေါ်ထွက်လာခဲ့သည်။
နေအိမ်သို့ ပြန်ရောက်သောအခါ လုံယီသည် စွမ်းအင် ၃၀၀ မှတ်ကို အသုံးပြု၍ အရေပြားသန့်စင်ခြင်းကျင့်စဉ်ကို နောက်ထပ်အဆင့်တစ်ခုသို့ မြှင့်တင်လိုက်သည်။
သူ၏ စိတ်အာရုံထဲတွင် မရင်းနှီးသော မှတ်ဉာဏ်သစ်များ ထပ်မံပေါ်ပေါက်လာသည်။ ယခင်မှတ်ဉာဏ်များကို အခြေခံ၍ သူသည် သူ၏ဆရာထံမှ စစ်မှန်သော အမွေအနှစ်ကို ဆက်ခံရရှိခဲ့ပြီး မှိုတစ်မျိုးမှ ဖော်စပ်ထားသော ဆေးရည်များကို အသုံးပြုကာ သူ၏ ခန္ဓာကိုယ်ကြံ့ခိုင်မှုကို မြှင့်တင်နိုင်ခဲ့သည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် ဆယ်နှစ်တာ အချိန်ကာလသည် ကုန်ဆုံးသွားခဲ့ပြီး သူ၏ခွန်အားမှာလည်း များစွာတိုးတက်လာကာ သူ၏ကျင့်ကြံမှုမှာ ဆရာဖြစ်သူကိုပင် ကျော်လွန်သွားခဲ့သည်။
လက်တွေ့လောကတွင် ပြန်လည်ဆင်ခြင်ကြည့်လိုက်သည့်အခါ လုံယီ၏ အရေပြားသန့်စင်ခြင်းကျင့်စဉ် ကျွမ်းကျင်မှုမှာ အဆင့်သစ်တစ်ခုသို့ ရောက်ရှိသွားပြီး မှတ်ဉာဏ်ထဲရှိ သူ့ကိုယ်တိုင် နှင့် တစ်သားတည်း ဖြစ်သွားခဲ့သည်။
လုံယီသည် စွမ်းရည်ပြမျက်နှာပြင်ကို ကြည့်လိုက်ရာ
[အမည် - လုံယီ]
[အသက် - ၂၀/၉၆]
[အဆင့် - သတ္တမချီစွမ်းအားအဆင့် သိုင်းသမား (၅၂/၆၀၀)၊ သားရေအဆင့် သိုင်းသမား (၀/၆၀၀)]
[ကျင့်စဉ် - အဝါရောင်အထွတ်အထိပ် အသက်ရှူနည်းစနစ် (ဒုတိယအဆင့်၊ အောင်မြင်မှုအဆင့် ၀/၁၀၀၀၀ + ဝိညာဉ်သန့်စင်ပန်း ၁ ပွင့်)၊ အရေပြားသန့်စင်ခြင်းကျင့်စဉ် (ကျွမ်းကျင်လိမ္မာမှု ၀/၁၀၀၀ + မျှော့ကော် ၁ ခု)]
[စွမ်းရည်များ - လုံမျိုးနွယ် ပုဆိန်သိုင်း (ပြီးပြည့်စုံမှု)၊ အစွန်းရောက်လက်သီးသိုင်း (အောင်မြင်မှုအဆင့် ၀/၃၀၀၀)၊ ပေါ့ပါးသော ကိုယ်ဟန်အတတ် (အောင်မြင်မှုအဆင့်)၊ လျှို့ဝှက်စွမ်းရည် - နဂါးဖောက်ထွင်းနည်းစနစ် - အပိုင်းအစ (၁)]
[မှော်အတတ် - ဓားထိန်းချုပ်ခြင်းအတတ် (အစမပြုရသေး)]
[ပါရမီများ - ကျောက်သားအသွင် (အောင်မြင်မှုအဆင့် ၀/၁၀၀၀၀ + ရေခဲဝိညာဉ် ၁ ခု)၊ လျင်မြန်မှု (ကျွမ်းကျင်မှု ၀/၁၀၀ + ကောင်းကင်ပိုးကောင်မျှင် ၁ ခု)၊ ရုပ်ဖျက်ခြင်း (ကျွမ်းကျင်မှု ၀/၃၀၀ + မြေကြောဝိညာဉ်ရည် ၁ ခု)၊ ခိုင်ခံ့မြဲမြံမှု (ကျွမ်းကျင်လိမ္မာမှု ၀/၁၀၀၀ + ဝိညာဉ်စုပ်စပျစ်နွယ် ၁ ခု)၊ အဆိပ် (အစပြုခြင်း ၀/၂၀ + အရိုးပုပ်မြက် ၁ ခု)၊ ထိန်းချုပ်ခြင်း (အစပြုခြင်း ၀/၂၀ + ဝိညာဉ်ပျိုးကြာပန်း ၁ ခု)၊ မီးခံနိုင်ရည် (အစပြုခြင်း ၀/၃၀ + နှစ်တစ်ရာဖီးနစ်သစ်ပင်အနှစ် ၁ ခု)၊ လေငြိမ်ခြင်း (အစပြုခြင်း ၀/၃၀ + ကောင်းကင်ပြာအမွှေးအမျှင် ၁ ခု)]
[စွမ်းအင် - ၉၉၆]
အရေပြားသန့်စင်ခြင်းကျင့်စဉ်မှာ ကျွမ်းကျင်လိမ္မာမှု အဆင့်သို့ ရောက်သွားပြီဖြစ်ရာ သိုင်းသမားအဆင့်၏ ကျွမ်းကျင်မှုမှာ တစ်နေ့လျှင် အမှတ် ၄၀ စီ တိုးတက်နိုင်သည်။ ဤသည်မှာ သူသည် နောက်ထပ် ၁၅ ရက်အတွင်း၌ ကျောက်သားအရေပြားအဆင့်သို့ တက်လှမ်းနိုင်မည်ဟု ဆိုလိုခြင်းပင်။
ဖိန်အန်းရွာရှိ သာမန်သိုင်းသမားများ ၃ နှစ်မှ ၅ နှစ်အထိ အချိန်ပေးရမည့် လမ်းစဉ်ကို သူသည် အချိန်တိုအတွင်း ကျော်ဖြတ်နိုင်ခဲ့သည်။
တကယ်လို့ ငါသာ ကျောက်သားအရေပြားအဆင့်ကို ရောက်သွားရင် ငါ့ရဲ့ ခန္ဓာကိုယ်ခွန်အားက ဘယ်လောက်တောင် ထူးထူးခြားခြား ပြောင်းလဲသွားမှာလဲ။
လုံယီ၏ ရင်ထဲတွင် မျှော်လင့်ချက်အချို့ ပေါ်ပေါက်လာခဲ့သည်။
နောက်ထပ် လေးရက်ခန့် ကုန်ဆုံးသွားခဲ့သည်။ ဖိန်အန်းရွာသားများ အလွန်အမင်း ကြည်ညိုလေးစားကြသော မသေမျိုးဆရာသခင် ရှမုသည် နောက်ဆုံးတွင် တံခါးပိတ်ကျင့်ကြံရာမှ ထွက်လာခဲ့ပြီး လုံယီအား နောက်နှစ်ရက်အတွင်း တွေ့ဆုံရန် ဖိတ်ကြားစာ ပေးပို့လိုက်သည်။
လုံယီ၏ ရင်ထဲတွင် လှုပ်ရှားသွားရသည်။ နောက်ဆုံးတွင်မူ သူသည် အစွမ်းတန်ခိုးကြီးမားလှသော ဤမသေမျိုးဆရာသခင်နှင့် တွေ့ဆုံရတော့မည်ပင်။ သူသည် အချိန်ဆွဲမနေဘဲ ဆန်ဖုန်းကို အလျင်အမြန် သွားရောက်ရှာဖွေလိုက်သည်။
ဆန်ဖုန်းနှင့် မျက်နှာတွင် အမာရွတ်ရှိသော ချီနာတို့၏ လမ်းပြမှုဖြင့် လုံယီသည် မြို့၏အချက်အချာကျသော နေရာရှိ ကြီးမားခမ်းနားသော စံအိမ်ကြီးတစ်ခု၏ အပြင်ဘက်သို့ ရောက်ရှိလာခဲ့သည်။ အဝင်ဝတွင်မူ မျက်လုံးများမှာ ငါးသေမျက်လုံးကဲ့သို့ အသက်မဲ့နေပြီး ကြောက်မက်ဖွယ်ကောင်းသော အမူအရာရှိသည့် သန်မာထွားကြိုင်းသော လူလတ်ပိုင်း အမျိုးသားတစ်ဦး ရပ်နေသည်။
သူသည် ကျားသစ်အရေပြားဖြင့် ချုပ်လုပ်ထားသော ဝတ်စုံကို ဆင်မြန်းထားပြီး မြို့ထဲရှိ အခြားသူများထက် များစွာသာလွန်သော အရှိန်အဝါများကို ထုတ်လွှတ်နေသည်။ သူကား ဖိန်အန်းရွာရှိ အနက်ရောင်အရေပြားအဆင့် သိုင်းသမားသုံးဦးထဲမှ တစ်ဦးဖြစ်သူ ချီယဲ့ပင်။ လုံယီကို မြင်လိုက်ရသည့်အခါ ချီယဲ့၏ ခန္ဓာကိုယ်မှာ တင်းမာသွားပြီး ကြွက်သားများမှာလည်း ရုန်းကြွလာကာ လုံယီ့ကို စူးစိုက်ကြည့်နေတော့သည်။ သူသည် လုံယီ့ကို အခန်းထဲသို့ အလွယ်တကူ ဝင်ခွင့်မပြုလိုသည့်အလား မလှုပ်မယှက် ရပ်နေခဲ့သည်။
“ဘာဖြစ်လို့လဲ ဦးလေးယဲ့”
ဆန်ဖုန်းမှာ ချီယဲ့က ဘာကြောင့် ဤမျှအထိ သတိကြီးနေရသလဲဆိုသည်ကို နားမလည်
သော်လည်း “အစ်ကိုလုံက လူကောင်းပါဗျာ သူက ဆရာသခင်ကို ဒုက္ခပေးမယ့်သူ မဟုတ်ပါဘူး” ဟု ဝင်ရှင်းပြလိုက်သည်။
“ဆရာသခင်က အစွမ်းထက်ပြီးသားဆိုတော့ ဘယ်သူ့ကိုမှ ကြောက်နေမှာ မဟုတ်ဘူး”
ထိုသို့ပြောလိုက်သော်လည်း ချီယဲ့မှာ လုံးဝပေါ့ဆခြင်းမရှိဘဲ “သူနဲ့အတူ ငါပါ အထဲလိုက်ခဲ့မယ်” ဟု ပြောလိုက်သည်။
အဆင့်တစ်ခုသို့ ရောက်ရှိထားသူများသာ လုံယီ၏ ခန္ဓာကိုယ်အတွင်းမှ ထွက်ပေါ်နေသော သမုဒ္ဒရာကဲ့သို့ ကျယ်ပြောလှသည့် သွေးစွမ်းအင်နှင့် ကြောက်မက်ဖွယ်ရာ အရှိန်အဝါကို အာရုံခံနိုင်ကြခြင်းပင်။
“ရပါတယ်”
လုံယီက ကန့်ကွက်ခြင်းမရှိဘဲ ချီယဲ့၏နောက်မှ အိမ်ထဲသို့ လိုက်ဝင်သွားခဲ့သည်။
“ဆရာသခင်က အဆောင်စာရွက်တွေ ဖန်တီးနေတယ်ဆိုရင် ဘာအသံမှ မထွက်စေနဲ့”
ချီယဲ့က လေသံနှိမ့်ကာ သတိပေးလိုက်ပြီး သူ၏မျက်လုံးများမှာလည်း စောင့်ကြည့်နေဆဲပင်။ လုံယီက ခေါင်းညိတ်ကာ သဘောတူလိုက်သည်။
သူတို့နှစ်ဦး အိမ်ထဲသို့ အတူတူ ဝင်လာခဲ့ကြသည်။ အတွင်းပိုင်း အပြင်အဆင်မှာ အလွန်ပင် ရိုးရှင်းသည်။ ကြမ်းပြင်မှာ သာမန် နီညိုရောင် မြေစေးခဲများသာဖြစ်ပြီး ကျောက်ပြားများပင် ခင်းထားခြင်းမရှိချေ။ နံရံများကိုမူ ရိုးရှင်းသော ထုံးဖြူများ သုတ်ထားပြီး တံခါးနှင့် မျက်နှာချင်းဆိုင်တွင် တရုတ်မှင်စုတ်ချက် ရှုခင်းကားတစ်ချပ် ချိတ်ဆွဲထားသည်။
ညာဘက်တွင်မူ ရှစ်ပါးမသေမျိုးစားပွဲတစ်လုံးရှိပြီး ၎င်းပေါ်တွင် အဆောင်စာရွက်မျိုးစုံ၊ အရွယ်အစားအမျိုးမျိုးရှိသော စုတ်တံများနှင့် နီရဲသော အရည်များပါသည့် မှင်အိုးတစ်လုံး ရှိနေသည်။ ထိုမှင်အိုးထဲမှ အနံ့မှာ အနည်းငယ် ညှီစို့စို့ရှိရာ တစ်စုံတစ်ရာသော ဝိညာဉ်သတ္တဝါ၏ သွေးဖြစ်နိုင်ကြောင်း လုံယီ ခန့်မှန်းလိုက်မိသည်။
စားပွဲဘေးတွင်မူ ဆံပင်ဖြူဖွေးနေသော အဘိုးအိုတစ်ဦးသည် စိတ်ကို အစွမ်းကုန် စုစည်းထားကာ လက်ထဲရှိ စုတ်တံအနက်ရောင်ဖြင့် မီးခိုးရောင် အဆောင်စာရွက်ပေါ်တွင် တစ်ခုခုကို ရေးထိုးနေသည်။ စုတ်တံ၏ ထိပ်ဖျားမှ မှိန်ဖျော့သော အနီရောင်အလင်းတန်းလေးများ ထွက်ပေါ်နေပြီး စုတ်တံမှာ အဆောင်စာရွက်ပေါ်တွင် လှုပ်ရှားသွားသည့်အခါတိုင်း ထင်ကျန်ရစ်သော အနီရောင်လိုင်းများမှာ အသက်ဝင်နေသည့်အလား အဆောင်စာရွက်ပေါ်တွင် တသိမ့်သိမ့် လှုပ်ရှားနေလေတော့သည်။