အခန်း (၂၅၉-၂၆၀)
Vol. 26 Ch. 259-260
အခန်း။ ၂၅၉
“ထွီ.. တောသားတွေပဲ အမြင်မရှိလိုက်တာ”
မေးစေ့မှာမှဲ့နှင့် လူသည် လုံယီတို့ ထွက်ခွာသွားသည်ကို ကြည့်ကာ ဒေါသတကြီးဖြင့် မြေပြင်ပေါ်သို့ တံတွေးထွေးပြီးနောက် နောက်ထပ် ပစ်မှတ်အသစ်ကို ဆက်လက်ရှာဖွေနေတော့သည်။
“အရင်ဆုံး တည်းခိုခန်းတစ်ခု ရှာရအောင်”
လုံယီက ရှုပ်ထွေးပွေလီလှသော လမ်းမကြီးကို ကြည့်ကာ မျက်မှောင်ကြုတ်လျက် ပြောလိုက်သည်။ လင်းမြို့၏ ဤကဲ့သို့ ပရမ်းပတာနိုင်မှုမှာ သူထင်မှတ်ထားသည်ထက် များစွာ ပိုမိုလှသည်။ မီတာ နှစ်ရာ၊ သုံးရာခန့် လမ်းလျှောက်လာရုံမျှဖြင့် သူ၏အိတ်အတွင်းသို့ နှိုက်ရန် ကြိုးပမ်းသည့် လက်ပေါင်း တစ်ဆယ်ကျော်ခန့် ရှိနေ၏။ ယခုမှ စတင်ရောက်ရှိခြင်းဖြစ်၍ ပြဿနာမဖြစ်လိုသောကြောင့်သာ လုံယီက သည်းခံနေခြင်းပင်။ သို့မဟုတ်ပါကမူ ‘ပန်းတွေဘာလို့ နီနေရတာလဲ’ ဆိုသည်ကို သူတို့ ကောင်းကောင်းသိရှိအောင် ဆုံးမပေးမိမည်မှာ အသေအချာပင်။
“အစ်ကိုရှု... ဟိုလူကို ကြည့်ပါဦး ရုပ်က တကယ် ထူးဆန်းတယ်နော်”
ရှီချိုင်ဖုန်းက လုံယီ၏ နားနားသို့ ကပ်၍ တိုးတိုးလေး ပြောလိုက်သည်။ သူမ၏ နွေးထွေးသော ထွက်သက်လေမှာ လုံယီ၏ နားရွက်ကို လာရောက်ထိတွေ့သဖြင့် ယားကျိကျိ ဖြစ်သွားစေကာ လုံယီ၏ ရင်ထဲ၌ တစ်မျိုးလေး ခံစားလိုက်ရသည်။ သူက ရှီချိုင်ဖုန်းကို လှည့်ကြည့်လိုက်သည့်အခါ သူမက သူ့ကို စနောက်သည့်အကြည့်ဖြင့် မျက်စိတစ်ဖက် မှိတ်ပြနေသည်ကို တွေ့ရှိလိုက်ရသည်။
ဤမိန်းကလေးမှာမူ တမင်သက်သက် လုပ်ဆောင်နေခြင်းပင်။ အဘိုးအိုရှီနှင့် ခွဲခွာလာကတည်းက ရှီချိုင်ဖုန်းသည် တစ်နေ့ထက်တစ်နေ့ ပို၍ ရဲတင်းလာကာ ခရီးတစ်လျှောက်လုံး အခွင့်အရေးရလျှင် ရသလို လုံယီကို စနောက်နေခဲ့ခြင်းပင်။
တစ်ဖက်တွင်မူ ရှီချင်းတမှာ ပင်ပန်းနေ၍လား သို့မဟုတ် စိတ်ကုန်နေလား မသိရဘဲ ခေါင်းငုံ့လျက် သူတို့နှစ်ဦးကြားရှိ ကိစ္စများကို စိတ်မဝင်စားသကဲ့သို့ နေနေတော့သည်။
ရှီချိုင်ဖုန်း ညွှန်ပြသည့် လူမှာလည်း လမ်းပေါ်ရှိ အခြားသာမန်လူများနှင့် သိသိသာသာ ကွဲပြားနေသည်။ ထိုသူမှာ မျက်နှာတစ်ခုလုံး၌ မည်းနက်သော အမွေးအမျှင်များဖြင့် ဖုံးလွှမ်းနေပြီး တောက်ပသည့် မျက်လုံးတစ်စုံကိုသာ မြင်တွေ့ရသည်။ အရပ်အမောင်းမှာ ၇ ပေ၊ ၈ ပေခန့် မြင့်မားပြီး သွေးစွမ်းအင်မှာလည်း အလွန် အားကောင်းလှသည်။
သို့သော် လုံယီက ထိုသူ၏ အနည်းငယ် ဖောင်းကြွနေသော ရင်ဘတ်ကို တစ်ချက်ကြည့်လိုက်ရုံမျှဖြင့် သူမမှာ အမျိုးသမီးတစ်ဦး ဖြစ်ကြောင်း သိရှိလိုက်သည်။ အဆိုပါ အမျိုးသမီးသည် ရှီချိုင်ဖုန်း၏ အကြည့်ကို သတိပြုမိသွားပုံရပြီး သူမကို ဒေါသတကြီး ပြန်လည်စိုက်ကြည့လိုက်သည်။ သို့သော် ရှီချိုင်ဖုန်းကလည်း အလျှော့မပေးဘဲ ပြန်စိုက်ကြည့်နေခဲ့သည်။
နေရာဒေသကို အကျွမ်းတဝင် မရှိသေးဘဲနှင့် ပြဿနာမတက်ချင်သဖြင့် လုံယီက သူမကို အလျင်အမြန် ဆွဲခေါ်သွားရသည်။
ခြေလှမ်းအနည်းငယ် ထပ်လျှောက်ပြီးနောက် ထူးဆန်းသောအသွင်ရှိသည့် အခြားအမျိုးသားတစ်ဦးနှင့် ထပ်မံဆုံပြန်သည်။ ဤတစ်ကြိမ်တွင်မူ ရှီချိုင်ဖုန်းသာမက ရှီချင်းတနှင့် လုံယီတို့ပါ မသိစိတ်ဖြင့် လှမ်းကြည့်မိသွားကြသည်။
ထိုအမျိုးသားသည် နှင်းကဲ့သို့ ဖြူဖွေးကြည်လင်သော အသားအရေရှိပြီး အရပ်ရှည်ရှည် ကိုယ်လုံးသွယ်သွယ်နှင့် ခါးလေးမှာလည်း သိမ်နေသည်။ သူ၏နားရွက်များမှာ ရှည်မျောမျောနှင့် အဖျားတွင် ချွန်ထွက်နေပြီး မျက်ဝန်းများမှာ ဖန်သားကဲ့သို့ စိမ်းမြလျက် ဆံနွယ်ရှည်များမှာလည်း အစိမ်းရောင်ပင် ဖြစ်နေသည်။ လည်စိကိုသာ အထင်အရှား မမြင်ရပါက အမျိုးသမီးတစ်ဦးဟု ထင်မှတ်မှားစရာပင်။ အမျိုးသားတစ်ဦးမှန်း သိနေသည့်တိုင်အောင် သူ၏ အလှအပမှာ အလွန်တရာ အံ့ဩဖွယ်ကောင်းလှသဖြင့် လမ်းတစ်လျှောက်ရှိ လူတိုင်းမှာ မကြည့်ဘဲ မနေနိုင်ကြချေ။
“တကယ်... တကယ်ကို လှတာပဲ”
ရှီချင်းတက ထစ်ထစ်အအဖြင့် ပြောရင်း ဘေးမှဖြတ်သွားသည့်တိုင် နောက်လှည့်၍ မရမက ထပ်ကြည့်နေမိသည်။
ဘုန်း…
ချက်ချင်းဆိုသလိုပင် သူသည် တစ်စုံတစ်ဦးနှင့် ဝင်တိုက်မိသွားပြီး “အား” ခနဲ အော်ဟစ်ကာ မြေပြင်ပေါ်သို့ လဲကျသွားတော့သည်။
“မျက်စိမပါဘူးလား”
တစ်ဖက်လူက အသံသြသြဖြင့် ပြောလိုက်သည်။
လုံယီနှင့် ရှီချိုင်ဖုန်းတို့ လှည့်ကြည့်လိုက်သောအခါ ရှီချင်းတကို မြေပြင်ပေါ်လဲကျအောင် တိုက်မိလိုက်သူမှာ အလွန်ပုကွကွလူတစ်ဦး ဖြစ်နေသည်ကို တွေ့လိုက်ရသည်။ သူ၏အရပ်မှာ သုံးပေပင် မပြည့်သော်လည်း ကြွက်သားများမှာမူ သံမဏိနှင့် ကျောက်သားများအလား ဖောင်းကြွတောင့်တင်းနေပြီး ဝမ်ကျန်းမှ စွမ်းအင်စက်ဝန်းပြည့်အဆင့် သိုင်းပညာရှင်တစ်ဦးနှင့် ယှဉ်
နိုင်လောက်သော ပြင်းထန်သည့် သွေးစွမ်းအင်အငွေ့အသက်များ ထွက်ပေါ်နေသည်။
“တောင်းပန်ပါတယ်ခင်ဗျာ ကျွန်တော့်ညီက မျက်စိသိပ်မကောင်းလို့ပါ”
လုံယီက ရှီချင်းတကို ထူပေးရင်း ထိုလူကို တောင်းပန်လိုက်သည်။ တစ်ဖက်လူက နှာခေါင်းတစ်ချက် ရှုံ့လိုက်သော်လည်း ဆက်လက်၍ ပြဿနာမရှာတော့ဘဲ ထွက်ခွာသွားသည်။
“ဒီကလူတွေက တကယ်ကို ထူးဆန်းတာပဲ”
လုံယီက တိုးတိုးလေး ရေရွတ်လိုက်မိသည်။
ရှီချိုင်ဖုန်းနှင့် သူမ၏မောင်ကို ခေါ်ဆောင်ကာ လေစောင့်တည်းခိုခန်းဟု အမည်ရသည့် နေရာတစ်ခုကို ရှာဖွေတွေ့ရှိခဲ့သဖြင့် အတွင်းသို့ ဝင်ရောက်လာခဲ့ကြသည်။
“ဆိုင်ရှင်... အပေါ်ထပ် အခန်းကောင်း သုံးခန်းနဲ့ ခင်ဗျားတို့ဆိုင်ရဲ့ အကောင်းဆုံး ဟင်းလျာတွေကို ပြင်ပေးပါ”
“ရပါတယ်ခင်ဗျာ ဒုတိယထပ်ကို ကြွပါ”
လုံယီနှင့် အဖွဲ့သားများသည် တည်းခိုခန်း၏ ဒုတိယထပ်သို့ တက်လှမ်းခဲ့ပြီး ပြတင်းပေါက်အနီးရှိ စားပွဲတစ်ခုတွင် နေရာယူလိုက်ကြသည်။ ခဏအကြာတွင် ဆိုင်အကူက အမဲသား၊ မြေပဲ၊ ဝက်နားရွက်သုပ်နှင့် သောက်စရာများကို လာရောက်ချပေးသည်။
ဆယ်ရက်တိုင်တိုင် ခရီးနှင်ခဲ့ရပြီး ရိက္ခာခြောက်၊ အသားခြောက်နှင့် တောသီးများကိုသာ စားသောက်ခဲ့ရသဖြင့် သူတို့၏လျှာများက အရသာရှိသော အစားအစာများကို တောင့်တနေခဲ့ကြခြင်းပင်။ မကြာမီမှာပင် စားပွဲပေါ်ရှိ ဟင်းလျာများကို ပြောင်စင်အောင် စားသောက်လိုက်ကြရာ ဆိုင်အကူလေးမှာ အံ့အားသင့်လျက် ငေးကြည့်နေရတော့သည်။ နောက်ထပ် ပေါင် ၃၀၊ ၄၀ ခန့်ရှိသည့် အမဲသားပြုတ် အင်တုံကြီးကို လာရောက်ချပေးသော်လည်း ၎င်းမှာလည်း ခဏချင်းအတွင်း ကုန်စင်သွားခဲ့ပြန်သည်။
“မိစ္ဆာသားရဲအသားတွေ သုံးဆောင်လိုပါသလားခင်ဗျာ”
ဤလူစုမှာ သာမန်မဟုတ်မှန်း ရိပ်မိသွားသည့် ဆိုင်အကူလေးက မနေနိုင်ဘဲ မေးမြန်းလိုက်သည်။
“ကျွန်တော်တို့ဆီမှာ မိစ္ဆာသားရဲသားတွေ ရှိပါတယ်။ အခုကတော့ ဒီအတိုင်း အဝစားချင်လို့ပါ”
လုံယီက ပြုံး၍ ဖြေကြားလိုက်သည်။
သူသည် ဖော်ဖော်ရွေရွေရှိသော ဆိုင်အကူလေးကို အနားသို့ ခေါ်ယူကာ ငွေစနှစ်ပြား ထုတ်ပေးပြီး “ညီလေး... ငါတို့က နယ်ဝေးက လာတာဆိုတော့ သိချင်တာလေးတွေ ရှိလို့ပါ” ဟု ပြောလိုက်သည်။
“မေးပါခင်ဗျာ ငွေတော့ မယူပါရစေနဲ့”
ဆိုင်အကူလေးက လက်ခါပြရင်း “တကယ်တော့ ဒီတည်းခိုခန်းက ကျွန်တော့်မိသားစုပိုင်တာပါ။ အခုလို လာတည်းပေးတာကိုတင် ကျေးဇူးတင်လှပါပြီ။ ဒီဘက်ခေတ်မှာ စီးပွားရေးလုပ်ရတာ မလွယ်တော့ဘူးလေ” ဟု ညည်းတွားလိုက်သည်။
လုံယီက ပတ်ဝန်းကျင်ကို တစ်ချက်ကြည့်လိုက်သည့်အခါ ဧည့်သည် သိပ်မရှိသည်ကို တွေ့ရှိရသည်။ တည်းခိုခန်းရှိ ဟင်းလျာများမှာ အရသာရှိပါလျက်နှင့် အဘယ်ကြောင့် ဧည့်သည်မရှိတာလဲဆိုသည်ကိုမူ သူ မသိရှိပေ။ သို့သော် ၎င်းမှာ သူစိတ်ဝင်စားသည့် ကိစ္စမဟုတ်သဖြင့် လုံယီက မြို့တံခါးဝတွင် ကြုံတွေ့ခဲ့ရသော ဈေးရောင်းသည့်လူအကြောင်းကို စကားစလိုက်သည်။
ဆိုင်အကူလေးက ထိုစကားကို ကြားသောအခါ ရယ်မောလိုက်ပြီး “အဲဒီလူ အစပိုင်းမှာ ပြောခဲ့တာတွေကတော့ အမှန်ပါပဲ။ ယန်နိုင်ငံမှာဆိုရင် လူတိုင်းက သိုင်းပညာကို အလေးထားကြတာ။ စစ်မှန်သောသွေးပါရမီ ရှိတဲ့သူတွေက စစ်မှန်သောသွေးဂိုဏ်းကို ဝင်ပြီး အစစ်မှန်ဆုံး မသေမျိုးကျင့်စဉ်တွေကို သင်ယူနိုင်ကြတယ်လေ” ဟု ပြန်ပြောလိုက်သည်။
“ဒါပေမဲ့ ပါရမီမပါတဲ့သူတွေအတွက်လည်း နည်းလမ်းတော့ ရှိပါသေးတယ်။
လွန်ခဲ့တဲ့ နှစ်ပေါင်းထောင်ချီတုန်းက စစ်မှန်သောသွေးဂိုဏ်းရဲ့ ဘိုးဘွားတစ်ဦးက သာမန်လူတွေအတွက် သွေးပေါင်းစပ်ခြင်းအတတ်ပညာဆိုတဲ့ ကျင့်စဉ်တစ်ခုကို တီထွင်ပေးခဲ့တယ်။ အစွမ်းထက်တဲ့ မိစ္ဆာတွေဆီက သွေးအဆီအနှစ်ကို ယူပြီး ကိုယ့်ခန္ဓာကိုယ်ထဲ ပေါင်းစပ်ထည့်သွင်းရတာမျိုးပေါ့။ အဲ့ဒီနောက်မှာတော့ အဲ့ဒီသွေးရဲ့ အလားအလာတွေကို နိုးထလာအောင် လုပ်ပြီး သာမန်လူတွေကနေ ထူးကဲတဲ့ခွန်အားတွေ ရလာအောင် လုပ်ကြတာပဲ”
“ဒါပေမဲ့လည်း အကန့်အသတ်ကတော့ ရှိတာပေါ့ဗျာ မသေမျိုးဆရာသခင်တွေကိုတော့ ဘယ်ယှဉ်နိုင်ပါ့မလဲ။ ပြီးတော့ ဘေးထွက်ဆိုးကျိုးတွေလည်း အများကြီးပဲ။ မိစ္ဆာသွေး ပေါင်းစပ်လိုက်တဲ့သူ တော်တော်များများက ရုပ်ရည်တွေ အကြီးအကျယ် ပြောင်းလဲသွားတတ်ကြတယ်။ အများအားဖြင့်တော့ အရမ်းရုပ်ဆိုးသွားတာမျိုးပေါ့ တချို့ဆိုရင် စိတ်နေစိတ်ထားပါ ပြောင်းလဲသွားတတ်ကြသေးတယ်”
ထိုစကားကို ကြားလိုက်ရချိန်တွင် လုံယီနှင့် အခြားသူများမှာ တစ်ဦးကိုတစ်ဦး အကြည့်ချင်း ဖလှယ်လိုက်ကြသည်။ လမ်းတစ်လျှောက်တွင် တွေ့ခဲ့ရသည့် မျက်နှာတွင် အမွေးအမျှင်များ ဖုံးလွှမ်းနေသော အမျိုးသမီး ဆံပင်စိမ်းနှင့် နားရွက်ချွန်သည့် အမျိုးသား ကျောက်တုံးကဲ့သို့ တောင့်တင်းနေသည့် လူပုလေးတို့မှာ ဤအတတ်ပညာကြောင့် ရုပ်ရည်ပြောင်းလဲသွားကြသူများ ဖြစ်မည်ဟု သူတို့ ရိပ်မိလိုက်ကြသည်။
ထို့နောက် ဆိုင်အကူလေးက ဆက်ပြောပြသည်။
“လူအများစုကတော့ ပထမအဆင့် မိစ္ဆာတွေရဲ့ သွေးအဆီအနှစ်ကိုပဲ ရနိုင်ကြတာပါ။ အဲ့ဒီလူက တတိယအဆင့် မိစ္ဆာသွေးရှိတယ်လို့ ပြောတာကတော့ ခင်ဗျားတို့ကို လိမ်ဖို့ ကြိုးစားနေတာပဲ ဖြစ်မှာပါ”
“အဆင့်တွေကို ဘယ်လိုခွဲခြားထားတာလဲ”
လုံယီက မေးလိုက်သည်။
“ခွန်အားနဲ့ ခွဲတာပါပဲ”
လုံယီတို့အဖွဲ့က စိတ်ဝင်တစား နားထောင်နေကြသည်ကို မြင်ရပြီး အထူးသဖြင့် ချောမောလှပသည့် ရှီချိုင်ဖုန်းကို မြင်ရသဖြင့် ဆိုင်အကူလေးမှာ စကားပြောရသည်ကို ပို၍ သဘောကျနေပုံပင်။
“ပထမအဆင့် မိစ္ဆာတွေက ချီလေ့ကျင့်ခြင်း အစောပိုင်းအဆင့်မှာရှိတဲ့ မသေမျိုးဆရာသခင်တွေနဲ့ ညီမျှတယ်။ ဒုတိယအဆင့်ကတော့ ချီလေ့ကျင့်ခြင်း အလယ်အလတ်အဆင့် တတိယအဆင့်ကတော့ ချီလေ့ကျင့်ခြင်း နှောင်းပိုင်းအဆင့်နဲ့ ညီမျှတာပေါ့ဗျာ”
“တတိယအဆင့် မိစ္ဆာသွေးဆိုတာကတော့ တကယ်ကို အဖိုးတန်လွန်းလို့ အင်အားကြီးတဲ့ မိသားစုတွေကပဲ လက်ဝါးကြီးအုပ်ထားကြတာ”
ဆိုင်အကူလေးက အနည်းငယ် ခါးသီးသောလေသံဖြင့် ပြောလိုက်သည်။
“ပထမအဆင့်နဲ့ ဒုတိယအဆင့် သွေးတွေကတော့ အာနိသင် သိပ်မပြင်းထန်သလို ဘေးထွက်ဆိုးကျိုးတွေလည်း များတယ် ဒါပေမဲ့ ကျွန်တော်တို့မှာ ရွေးချယ်စရာမှ မရှိတာ။ တစ်ခုခု ရလိုက်တာတင်ကိုပဲ ကံကောင်းလှပြီလို့ မှတ်ရတာပဲ”
ထိုသို့ပြောရင်း ဆိုင်အကူလေးသည် သူ၏အင်္ကျီကို မတင်ကာ တောင့်တင်းသော ကြွက်သားများကို ပြသလိုက်သည်။
“ကျွန်တော်လည်း သာမန်အဖြစ်ဆုံး ပထမအဆင့် နွားမိစ္ဆာရဲ့ သွေးအဆီအနှစ်ကို ပေါင်းစပ်ထားတာပါ။ ဈေးပေါပေမဲ့ ဘေးထွက်ဆိုးကျိုးတော့ နည်းတာပေါ့ ရုပ်လည်း မဆိုးသွားဘူး စိတ်နေစိတ်ထားလည်း အကြီးအကျယ် ပြောင်းလဲမသွားဘူးလေ...”
ဆိုင်အကူလေးနှင့် စကားပြောဖြစ်ရာမှ လုံယီသည် ယန်နိုင်ငံ၏ အခြေအနေအရပ်ရပ်ကို အတိုင်းအတာတစ်ခုအထိ နားလည်လာခဲ့သည်။ ယန်နိုင်ငံတွင် လူတိုင်းက သိုင်းပညာကို အလေးထားကြသည်။ စစ်မှန်သောသွေးပါရမီ ရှိသူများမှာ မသေမျိုးဂိုဏ်းသို့ဝင်ကာ မသေမျိုးလမ်းစဉ်ကို လျှောက်လှမ်းကြသည်။ ပါရမီမရှိသူများမှာမူ မိမိတို့၏ သွေးစွမ်းအင်များကို သွယ်ဝိုက်သောနည်းဖြင့် မြှင့်တင်ရန် သွေးပေါင်းစပ်ခြင်းအတတ်ပညာကို ကျင့်ကြံကြသည်။
ဤသွေးပေါင်းစပ်ခြင်းအတတ်ပညာမှာ ယန်နိုင်ငံ၏ သိုင်းပညာကျင့်စဉ်ပင်။ သို့သော် ဤနည်းလမ်း၏ အမြင့်ဆုံးအကန့်အသတ်မှာ မိမိပေါင်းစပ်လိုက်သည့် မိစ္ဆာသွေး၏ အဆင့်အတန်းအပေါ်တွင်သာ မူတည်နေသည်။ အဆင့်မြင့်လေ အကန့်အသတ် ပိုမြင့်လေ ဖြစ်ပြီး အဆင့်နိမ့်သော သွေးများမှာ ကျင့်ကြံရန် ခက်ခဲရုံသာမက ဘေးထွက်ဆိုးကျိုးများစွာနှင့်လည်း ရင်ဆိုင်ရတတ်သည်။
အခန်း။ ၂၆၀
ရုပ်ရည်ပြောင်းလဲသွားရုံမျှမှာ ကိစ္စသေးရုံသာ ရှိသေးသည်။ အသိစိတ်လွတ်ပြီး ရူးသွပ်သွားကာ လူလည်းမဟုတ် တစ္ဆေလည်းမဟုတ်သည့် အခြေအနေမျိုး ရောက်သွားသည်အထိ ဖြစ်တတ်ကြောင်းမှာလည်း မကြားဖူးသည်မဟုတ်ပေ။
လုံယီသည် စိတ်ထဲမှသာ သက်ပြင်းချကာ ခေါင်းခါယမ်းလိုက်မိသည်။ သူသည် ဤနည်းလမ်းကို လုံးဝ အထင်မကြီးပေ။ မည်သည့်နေရာမှန်းမသိသော ထူးဆန်းသည့် သတ္တဝါများ၏ သွေးအဆီအနှစ်ကို မိမိခန္ဓာကိုယ်ထဲ ထိုးသွင်းရမည်ဆိုသည်မှာ သူ၏အမြင်တွင် လက်ခံနိုင်စရာ မရှိချေ။
အဲ့လိုလုပ်တာက ကိုယ့်ကိုကိုယ် လူသားတစ်ယောက်အဖြစ် ဆက်ရပ်တည်နိုင်ပါ့ဦးမလား။
သူသည် သူ၏ သွေးမျိုးဆက် သန့်စင်မှုကိုသာ တန်ဖိုးထားသူဖြစ်သည်။
ယန်နိုင်ငံ၏ သွေးပေါင်းစပ်ခြင်းအတတ်ပညာ အကြောင်းကို လေ့လာပြီးနောက် လုံယီသည် ဆိုင်အကူလေးအား မသေမျိုးလမ်းစဉ် ရှာဖွေရေးခန်းမတည်ရှိရာနေရာကို မေးမြန်းလိုက်သည်။ စစ်မှန်သောသွေးဂိုဏ်း ကဲ့သို့သော ဂိုဏ်းကြီးများသည် တပည့်သစ်များ စုဆောင်းရန်နှင့် မျိုးဆက်သစ်များ မွေးထုတ်ရန်အတွက် ယန်နိုင်ငံ၏ မြို့တိုင်းတွင် ထိုကဲ့သို့သော ခန်းမများကို တည်ထောင်ထားလေ့ရှိကြသည်။ ပုံပြင်ဝတ္ထုများထဲကကဲ့သို့ ဆရာသခင်များက တောင်ပေါ်မှဆင်း၍ တပည့်ရှာဖွေသည်ဆိုသည်မှာ အချိန်ကုန်လူပင်ပန်းလှပြီး လက်တွေ့ကမ္ဘာတွင် ထိုသို့ဖြစ်ခဲသည်။
“ဒီလမ်းမကြီးအတိုင်း အရှေ့ဘက်ကို ငါးမိုင် ခြောက်မိုင်လောက် တည့်တည့်သွားလိုက်ပါ”
ဆိုင်အကူလေးက ပြောသည်။
“ခင်ဗျားတို့ ရောက်လာတာ အချိန်ကိုက်ပါပဲ မနက်ဖြန်ဆိုရင် အဲ့ဒီခန်းမက လစဉ်ပြုလုပ်နေကျ တပည့်သစ်စုဆောင်းပွဲ ရှိတယ်လေ”
ခဏမျှ စကားစမြည်ပြောပြီးနောက် ဧည့်သည်အသစ်များ ဝင်လာသဖြင့် ဆိုင်အကူလေးမှာ သူတို့ကို ဧည့်ခံရန် အပြေးအလွှား ထွက်သွားတော့သည်။ စားသောက်ပြီးကြသောအခါ လုံယီနှင့် သူ၏အဖော်များသည် တည်းခိုခန်း၏ နောက်ဖေးဝင်းရှိ ဧည့်ခန်းဆောင်များဆီသို့ ဦးတည်ခဲ့ကြသည်။
လုံယီ၏ အခန်းမှာ စတုရန်းမီတာ ၂၀ ခန့်သာရှိပြီး အတော်လေး ကျဉ်းမြောင်းသည်။ အခန်းထဲသို့ ဝင်လိုက်သည်နှင့် စတုရန်းပုံစံ နှင်းဆီသစ်သားစားပွဲတစ်လုံးကို တွေ့ရပြီး ၎င်းပေါ်တွင် ရေနွေးကရားတစ်ခုနှင့် လက်ဖက်ရည်ခွက် နှစ်ခွက် ရှိနေသည်။ ဘယ်ဘက်ထောင့်တွင်မူ ရင်ဘတ်ခန့်မြင့်သော ပန်းအိုးကြီးတစ်လုံး ရှိနေသည်။
ညာဘက်တွင် ကိုယ့်အိမ်ကိုယ့်ယာကဲ့သို့ ခံစားပါ ဟု စာလုံးကြီးများ ရေးထုထားသည့် အဖြူရောင် လိုက်ကာအကာတစ်ခု ရှိသည်။ ထိုအကာ၏ နောက်ကွယ်တွင်မူ ခြင်ထောင်နှင့် စောင်အပြည့်အစုံပါသော သစ်သားကုတင်တစ်လုံး ရှိသည်။ အခန်းတစ်ခုလုံးတွင် လန်းဆန်းပြီး မွှေးပျံ့သော ပရုတ်နံ့သင်းသင်းလေးမှာ ပျံ့လွင့်နေပြီး ၎င်းမှာ ဆိုင်ရှင်၏ ဂရုတစိုက် ပြင်ဆင်ထားမှုကို ဖော်ပြနေသည်။
“အရှင်... ဒီမှာ ရေချိုးကန်ပါ”
ဆိုင်အကူလေးနှင့် အခြားအမျိုးသားတစ်ဦးတို့သည် ငါးပေခန့် ကျယ်ဝန်းသော သစ်သားရေချိုးကန်ကြီးတစ်လုံးကို အခန်းထဲသို့ သယ်ဆောင်လာခဲ့ကြသည်။
ထို့နောက်တွင်တော့ သူတို့သည် ရေနွေးများအပြည့်ဖြည့်ထားသော သစ်သားပုံးအငယ် အတော်များများကိုပါ သယ်ဆောင်လာကြပြန်သည်။
လုံယီသည် တံခါးကိုပိတ်ကာ ရေချိုးကန်ထဲသို့ ဆင်းလိုက်ပြီး ရင်ဘတ်အထိရှိသော ရေနွေးနွေးထဲတွင် စိမ်နေလိုက်သည်။ ခရီးတစ်လျှောက် ပင်ပန်းနွမ်းနယ်ခဲ့သမျှသည် ထိုရေနွေးထဲတွင် အရည်ပျော်ကျသွားသလို သူ ခံစားလိုက်ရသည်။
သူ့စိတ်ထဲတွင် အတွေးပေါင်းစုံက ရိုက်ခတ်နေမိသည်။
ဝမ်ကျန်းမှာ ကျန်ရစ်ခဲ့တဲ့ ဝေ့ယိုသောက်၊ ကျိုးပုဖုန်း၊ လုရန်နဲ့ ဝူပြောင်... မြစ်ထဲမှာ ကြုံခဲ့ရတဲ့ ထူးဆန်းတဲ့ငါးတွေနဲ့ လိပ်ကြီး... မြစ်တစ်ဖက်ကမ်းမှာ ဆုံခဲ့ရတဲ့ မြေခွေးသူတော်စင်နဲ့ ပျားမိစ္ဆာ... အမြဲတမ်း တိုက်ပွဲဝင်ဖို့ အသင့်ဖြစ်နေပေမဲ့ ရိုးသားဖြူစင်ကြတဲ့ ဖိန်အန်းရွာသားတွေ... ကြင်နာတတ်ပြီး အတ္တကင်းမဲ့တဲ့ ဆရာသခင်ရှ...
သူ့စိတ်ကူးထဲတွင် ပုံရိပ်လွှာပေါင်းစုံမှာ မီးအိမ်လှည့်နေသကဲ့သို့ တစ်ခုပြီးတစ်ခု ဖြတ်သန်းသွားကြသည်။ လုံယီသည် မျက်လုံးကို တဝက်မှိတ်လျက် အိပ်ပျော်ခြင်းနှင့် နိုးကြားခြင်းကြားတွင် ရောက်ရှိနေပြီး ခက်ခက်ခဲခဲရရှိသော အနားယူချိန်လေးကို အပြည့်အဝ ခံစားနေမိသည်။
ဝမ်ကျန်းအဖွဲ့ထဲတွင် အစွမ်းအထက်ဆုံးသူ ဖြစ်သည်နှင့်အညီ လုံယီသည် အကြီးမားဆုံးသော ဝန်ထုပ်ဝန်ပိုးကို ထမ်းထားရသူလည်း ဖြစ်သည်။ သူ၏ စွမ်းရည်ပြမျက်နှာပြင်ကပင်လျှင် ထိုစိတ်ဖိစီးမှုများကို အပြည့်အဝ မဖယ်ရှားပေးနိုင်ချေ။
ရှီချိုင်ဖုန်းနဲ့ သူ့အစ်ကိုကို စစ်မှန်သောသွေးဂိုဏ်းဆီ အရောက်ပို့ပြီးတာနဲ့ ငါလည်း ငါ့ရဲ့ ကံကြမ္မာဖြစ်တဲ့ မသေမျိုးလမ်းစဉ်ကို ရှာဖွေဖို့ ကျောက်နိုင်ငံကို ဦးတည်ရမယ်။
လုံယီက သူ့ဘာသာ တွေးနေမိသည်။
တောက်... တောက်... တောက်...
ရုတ်တရက်ဆိုသလို လုံယီ၏ အခန်းတံခါးအပြင်ဘက်မှ သိမ်မွေ့သော ခြေသံအချို့ ချဉ်းကပ်လာသည်။ လုံယီ၏ အာရုံခံစားမှုမှာ ချက်ချင်းဆိုသလို နိုးကြားသွားခဲ့သည်။
ထွင်းထုထားသော သစ်သားတံခါးပေါ်တွင် ကျရောက်နေသည့် အရိပ်ရှည်ကြီးကို မြင်လိုက်ရသည့်အခါတွင်မူ သူ ခေါင်းခါယမ်းလိုက်မိတော့သည်။
ဒီမိန်းကလေးကတော့လေ... နောက်ပိုင်းကျမှ သူများကို စနောက်ရတာကို တကယ်ပဲ စွဲလမ်းသွားတာလား။
“အစ်ကို... ကျောပွတ်ပေးဖို့ လိုမလားဟင် ကျွန်မက အဲ့ဒီမှာ အတော်ဆုံးပဲနော်...”
တမင်သက်သက် နူးညံ့အောင် လုပ်ထားသော အသံလေးတစ်ခု ထွက်ပေါ်လာရာ လုံယီမှာ မရယ်မိအောင် အတော်လေး ထိန်းလိုက်ရသည်။
“ကျောပွတ်ဖို့တော့ မလိုပါဘူး ဒါပေမဲ့ အတူတူ ရေချိုးပေးဖို့တော့ လိုတာပေါ့”
လုံယီက တည်တည်ငြိမ်ငြိမ်ပင် ပြန်ထူးလိုက်သည်။
အပြင်ဘက်တွင် ခဏမျှ တိတ်ဆိတ်သွားသည်။ တစ်ဖက်လူမှာ မည်သို့ပြန်ပြောရမည်ကို စဉ်းစားနေပုံပင်။
ခဏအကြာတွင်မူ…
ကျွီ...
တံခါးမှာ အနည်းငယ် ပွင့်ဟလာပြီး လုံယီသည်လည်း စိတ်လှုပ်ရှားစွာဖြင့် စောင့်ကြည့်နေမိတော့သည်။
ထိုမိန်းကလေးကတော့ တကယ့်ကို ရဲတင်းလွန်းသည်။ လုံယီပင် သူမကို အမြင်သစ်ဖြင့် ပြန်လည်ကြည့်မြင်ရတော့မလို ဖြစ်သွားရသည်။
ဂုန်း….
သို့သော်လည်း တံခါးမှာ လက်သီးတစ်ဆုပ်စာခန့်သာ ပွင့်ဟလာပြီးနောက် ရုတ်တရက် ပြန်လည်ပိတ်သွားခဲ့ပြီး ခပ်သွက်သွက် ဆုတ်ခွာသွားသော ခြေသံများကိုသာ ကြားလိုက်ရတော့သည်။
“နှလုံးသားမိစ္ဆာနဲ့ တိုက်ပွဲဝင်နေရတုန်းပဲကိုး”
လုံယီက မတတ်သာသည့်လေသံဖြင့် ရေရွတ်လိုက်မိသည်။
သူသည် အနည်းငယ် လှုပ်ရှားသွားသော သွေးစွမ်းအင်များကို အတင်းအကျပ် ပြန်လည်ထိန်းချုပ်လိုက်ပြီး ရေနွေးနွေးထဲတွင် အေးအေးဆေးဆေး ဆက်လက်စိမ်နေလိုက်တော့သည်။
...
နောက်တစ်နေ့ နံနက်စောစော လုံယီနှင့် သူ၏အဖော်နှစ်ဦးသည် တည်းခိုခန်းမှ ထွက်ခွာလာခဲ့ကြသည်။ ကျောပိုးအိတ်များကိုယ်စီဖြင့် လမ်းမကြီးအတိုင်း အရှေ့ဘက်သို့ ဦးတည်လာခဲ့ကြရာ မကြာမီမှာပင် အလွန်ထင်ရှားလှသော အိမ်တော်ကြီးတစ်ခုကို လှမ်းမြင်လိုက်ရသည်။
၎င်းကို အုတ်နီခဲများနှင့် အစိမ်းရောင်အမိုးပြားများဖြင့် ခန့်ညားစွာ တည်ဆောက်ထားပြီး တံခါးဝ၏ ဝဲယာတွင် ကျောက်ခြင်္သေ့ကြီး နှစ်ကောင် ရှိနေသည်။ တံခါးပေါ်တွင် ချိတ်ဆွဲထားသော မသေမျိုးလမ်းစဉ် ရှာဖွေရေးခန်းမဟူသည့် ကမ္ပည်းစာတမ်းမှာ ရွှေရောင်ဝင်းလက်လျက် ရှိနေသည်။
ခန်းမ၏ ရှေ့ဘက်ရှိ ကွင်းပြင်ကျယ်ကြီးထဲတွင်မူ လူတန်းကြီးမှာ မြွေလိမ်မြွေကောက်သဏ္ဌာန် ရှည်လျားစွာ တန်းစီနေကြပြီ ဖြစ်သည်။ တစ်ချက်ကြည့်လိုက်ရုံနှင့်ပင် အသက် ၁၁ နှစ် ၁၂ နှစ်မှ အသက် ၂၀ ဝန်းကျင်အရွယ် လူငယ်ပေါင်း ခုနစ်ရာ ရှစ်ရာခန့် ရှိမည်ဟု ခန့်မှန်းရသည်။
ကွင်းပြင်၏ ဘေးတစ်ဖက်တစ်ချက်စီတွင်မူ လူကြီးမိဘများစွာက စိုးရိမ်တကြီးဖြင့် စောင့်ဆိုင်းနေကြသည်။ ၎င်းမှာ တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုနေသည့် သားသမီးများကို အပြင်မှ စောင့်ဆိုင်းနေကြသည့် မိဘများ၏ မြင်ကွင်းနှင့်ပင် တူလှတော့သည်။
“အတန်းလိုက် စီကြပါ ဟိုဟိုဒီဒီ လျှောက်မသွားနဲ့ အသံလည်း အရမ်းမကျယ်စေနဲ့”
လုံယီတို့ သုံးဦး ရောက်ရှိလာသည်ကို မြင်သောအခါ အစီအစဉ်တကျဖြစ်အောင် ထိန်းသိမ်းပေးနေသည့် ဓားလွယ်ထားသော အစောင့်တစ်ဦးက အေးစက်သောမျက်နှာထားဖြင့် လာရောက်သတိပေးသည်။
မည်သည့် ကန့်သတ်ချက်မျှ မရှိသည်ကို တွေ့ရသဖြင့် လုံယီသည် ရှီချိုင်ဖုန်းနှင့် သူမ၏မောင်ကို ခေါ်ဆောင်ကာ လူတန်းထဲတွင် ဝင်ရောက်တန်းစီလိုက်သည်။ ထို့နောက် ရှေ့မှလူများ၏ တိုးတိုးတိတ်တိတ် စကားပြောသံများကို နားစွင့်နေလိုက်သည်။
“ဒါ ငါ့အတွက် တတိယအကြိမ်မြောက်ပဲ နောက်ဆုံးအခွင့်အရေးပဲပေါ့။ ဒီတစ်ခါမှ စစ်မှန်သောသွေး
ပါရမီသာ နိုးထမလာဘူးဆိုရင်တော့ ငါ့ဘဝမှာ မသေမျိုးလမ်းစဉ်ကို ဘယ်တော့မှ လျှောက်လှမ်းနိုင်တော့မှာ မဟုတ်ဘူး...”
“ငါလည်း အတူတူပါပဲကွာ။ ငါ့မိသားစုကတော့ ဒုတိယအဆင့် မြွေဟောက်မိစ္ဆာရဲ့ သွေးအဆီအနှစ်ကိုတောင် အဆင်သင့် ပြင်ထားပြီးပြီ။ ဒါပေမဲ့ မိစ္ဆာသွေးကို သုံးတာထက်စာရင် ကိုယ့်ဘိုးဘွားတွေရဲ့ စစ်မှန်သောသွေးပါရမီ နိုးထလာတာကို ဘယ်သူက ပိုမလိုချင်ဘဲ နေမလဲ”
“ခက်ခဲတာပေါ့ကွာ။ ငါသာ စစ်မှန်သောသွေးပါရမီ မရှိဘူးဆိုရင် အိမ်ပြန်ပြီး လယ်ယာမြေ ဧကသောင်းချီကို ဆက်ခံရတော့မှာ။ ဘဝကြီးက ဘယ်မှာဆုံးမလဲဆိုတာ ကြိုသိနေရတဲ့ ဘဝမျိုးက တကယ်ကို ပျင်းစရာကောင်းတာပဲ...”
လုံယီနှင့် ရှီမောင်နှမနှစ်ဦးတို့သည် လူအုပ်ကြားတွင် တိတ်ဆိတ်စွာ ရပ်နေရင်း ငြိမ်သက်စွာ စောင့်ဆိုင်းနေကြသည်။
အချိန်များ ကုန်ဆုံးလာသည်နှင့်အမျှ သူတို့၏နောက်တွင် တန်းစီသည့် လူတန်းကြီးမှာ နောက်ထပ် ရာနှင့်ချီသော လူများဖြင့် ပိုမိုရှည်လျားလာခဲ့သည်။ လူအုပ်ထဲရှိ လူအများစုမှာ ခရီးပန်းနေသည့် ပုံရိပ်များ ပေါ်လွင်နေပြီး သူတို့ကဲ့သို့ပင် ဝေးလံသော အရပ်ဒေသများမှ လာကြသူများပင်။
နေမင်းကြီးသည် ကောင်းကင်အလယ်သို့ မြင့်တက်လာချိန်တွင်တော့ အသံသြသြ ခေါင်းလောင်းသံတစ်ချက် ထွက်ပေါ်လာခဲ့သည်။ မသေမျိုးလမ်းစဉ် ရှာဖွေရေးခန်းမမှ အစောင့်တစ်ဆယ်ကျော်တို့သည် လူတန်း၏အဆုံးတွင် နေရာယူလိုက်ကြပြီး ထပ်မံတိုးဝှေ့ဝင်ရောက်လာသူများကို မောင်းထုတ်လိုက်ကြတော့သည်။
“သွားကြ သွားကြ... နောက်လမှ ပြန်လာခဲ့”
“အရာရှိမင်းရယ်... ကျွန်တော်တို့က နယ်ဘက်ကနေ ဒီကိုရောက်ဖို့ သုံးရက်တောင် ခရီးနှင်ခဲ့ရတာပါ။ လမ်းခရီးကလည်း မကောင်းတော့ ခွင့်လွှတ်ပြီး အခွင့်အရေးလေး တစ်ခုလောက် ပေးပါဦး...”
အဘိုးအိုတစ်ဦးက သူ၏ဘေးမှ ရိုးသားဖြူစင်လှသော မြေးငယ်လေးကို ကြည့်ကာ အသည်းအသန် အသနားခံနေရှာသည်။
“လမ်းမကောင်းတာ သိရင် ဘာလို့ လေးရက်စောပြီး မထွက်လာခဲ့တာလဲ”
အစောင့်က မည်သည့်စာနာမှုမျှမရှိဘဲ အေးစက်စွာ ပြန်ပြောလိုက်သည်။ အစောင့်က သူ၏ဓားမကြီးကို မြှောက်လိုက်သည်ကို မြင်သောအခါတွင်မူ အဘိုးအိုမှာ မကျေနပ်သော်လည်း သူ၏မြေးလေးကိုခေါ်ကာ ဝမ်းနည်းပန်းနည်းဖြင့် ထွက်ခွာသွားရတော့သည်။
တစ်ချိန်တည်းမှာပင် ခန်းမအတွင်းမှ ဩဇာညောင်းလှသော အမျိုးသားအသံတစ်သံ ဟိန်းထွက်လာခဲ့သည်။
“စမ်းသပ်ပွဲ စတင်စေ”
လူတန်း၏ အရှေ့ဆုံးတွင်ရှိနေသူမှာ ခန်းမ၏ပင်မတံခါးကြီးအတွင်းသို့ လှမ်းဝင်သွားခဲ့သည်။ လုံယီ၏ စူးရှလှသော မျက်စိအာရုံကြောင့် ထိုလူသည် မဝင်ခင်တွင် သစ်သားစင်ဘေးရှိ လင်ဗန်းတစ်ခုထဲသို့ ငွေတုံးတစ်တုံး ထည့်သွားသည်ကို မြင်လိုက်ရသည်။
စမ်းသပ်ခ ငွေလည်း ပေးရတာကိုး။
လုံယီက တွေးလိုက်မိသော်လည်း ပြန်စဉ်းစားကြည့်လျှင် ထိုအရာက သဘာဝကျလှသည်။ စမ်းသပ်ပေးမည့်သူများမှာ ကျင့်ကြံသူများဖြစ်ရာ သာမန်လူများအတွက် အလကား အလုပ်လုပ်ပေးမည် မဟုတ်ပေ။ ထိုငွေတုံး၏ ပုံသဏ္ဌာန်အရ ၈ ကျပ်သား သို့မဟုတ် ၉ ကျပ်သားခန့် ရှိမည်ဟု ခန့်မှန်းရသည်။
သူတို့ရှေ့မှ လူတစ်ဦးကို မေးမြန်းကြည့်ရာတွင်မူ စမ်းသပ်ခမှာ ငွေ ၈ ကျပ်သား ဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့သည်။ ပထမဆုံးလူ ဝင်သွားပြီးနောက် အသက်ရှူအကြိမ် ၂၀ ခန့်အကြာတွင်
“နောက်တစ်ယောက်”
ချက်ချင်းဆိုသလိုပင် ထိုလူငယ်မှာ ဘေးတံခါးတစ်ခုမှ ဖြတ်၍ နုံးချိစွာ ထွက်လာခဲ့သည်။ သူ၏ မျက်နှာအမူအရာအရ စမ်းသပ်ပွဲ မအောင်မြင်ခဲ့မှန်း သိသာသည်။
“နောက်တစ်ယောက်”
...
“နောက်တစ်ယောက်”
နောက်ထပ် လူ ၇၀ ၈၀ ခန့် ဆက်တိုက် ဝင်သွားကြသော်လည်း သူတို့၏ တုံ့ပြန်ပုံများအရ မသေမျိုးဂိုဏ်းမှ ရွေးချယ်ခံရမည့် အရည်အချင်းမီသူ တစ်ဦးမျှ မပါဝင်သေးကြောင်း ထင်ရှားနေသည်။