အတွင်းရေးမှူးဝမ်နှင့် တွေ့ဆုံခြင်း
Vol. 9 Ch. 89
"ဟားဟားဟား နောက်ဆုံးတော့ ပြီးသွားပြီ"
ရှေ့ရှိ ကွန်ပျူတာစကရင်ကို ကြည့်ရင်း လင်းဖန်၏ မျက်လုံးများ တောက်ပလာကာ အားရပါးရ ရယ်မောလိုက်တော့သည်။
ငါးနာရီနီးပါး ကြိုးစားအားထုတ်ပြီးနောက် သူသည် သူ၏ဦးနှောက်ထဲရှိ အပြိုင်ကမ္ဘာမှ တရုတ်စာလုံး ပရိုဂရမ်ဘာသာစကား အားလုံးကို နားလည်သဘောပေါက်သွားပြီး ကွန်ပျူတာပေါ်တွင်လည်း အခြေခံစနစ်များကို တရားဝင် တည်ဆောက်နိုင်ခဲ့ပြီ ဖြစ်သည်။
ဤပရိုဂရမ်ဘာသာစကားသည် တကယ့်ကို ပြောင်မြောက်လှသော လက်ရာတစ်ခုပင်။
လက်ရှိကမ္ဘာရှိ C language၊ C++ တို့သာမက အဆင့်မြင့်ဘာသာစကားများဖြစ်သော VB နှင့် Java တို့နှင့်ပါ ဆင်တူသည့် အချက်များကို သူ ရှာဖွေတွေ့ရှိခဲ့သည်။ ၎င်းတွင် အစစ်မှန်ဆုံးသော တရုတ်စကားပြောဆိုပုံနှင့် စာရေးသားပုံတို့ကို အခြေခံထားသဖြင့် Data အမျိုးအစား ၃၆ မျိုး၊ Keyword အုပ်စု ၂၅၆ ခုနှင့် Control Statement ၇၂ ခုတို့ ပါဝင်ဖွဲ့စည်းထားသည်။
လက်ရှိရှိနှင့်ပြီးသား ကွန်ပျူတာဘာသာစကားအားလုံးနှင့် နှိုင်းယှဉ်လျှင် ဤတရုတ်စာလုံး ပရိုဂရမ်ဘာသာစကားမှာ ရေးသားပုံ ပိုမိုရိုးရှင်းပြီး အသုံးပြုရာတွင် ပိုမိုလွယ်ကူကာ လုပ်ဆောင်ချက်များလည်း ပိုမိုစုံလင်လှသည်။ အရေးကြီးဆုံးအချက်မှာ အခြေခံမရှိသူများပင် လွယ်ကူလျှင်မြန်စွာ လေ့လာနိုင်ခြင်း ဖြစ်သည်။
"ဟူး"
အချက်အလက်အားလုံးကို သိမ်းဆည်းပြီးနောက် လင်းဖန်က ကွန်ပျူတာကို ပိတ်လိုက်ပြီး အိမ်ထိန်းကို နေ့လယ်စာပြင်ရန် ခိုင်းလိုက်သည်။
တရုတ်လူမျိုးများအတွက် နယ်ပယ်သစ်တစ်ခုဖြစ်သော ဤတရုတ်စာလုံး ပရိုဂရမ်ဘာသာစကားသာ ထွက်ပေါ်လာပါက နိုင်ငံအပေါ် မခန့်မှန်းနိုင်သော လွှမ်းမိုးမှုများ သေချာပေါက် သယ်ဆောင်လာပေလိမ့်မည်။
သို့သော် ဤအရာမှာ အဆုံးအဖြတ်ပေးနိုင်သော 'လူသတ်ကွက်' ဖြစ်သဖြင့် လင်းဖန်အနေဖြင့် အလွယ်တကူ အသုံးမပြုသေးဘဲ သိမ်းထားရန် ဆုံးဖြတ်လိုက်သည်။
ထိုနေ့ည ၇ နာရီခွဲခန့်တွင် လင်းဖန် ထမင်းစားနေရင်း မိုရှင်းယာကို လှမ်းမေးလိုက်သည်။
- "မကြာသေးခင်က ရှန်ကျန်မှာ ဘာထူးခြားတာရှိလဲ"
"သူဌေး.. လွန်ခဲ့တဲ့ ရက်ပိုင်းက ကျန်းဖန်က လုပ်ငန်းစုကိုယ်စား China Mobile နဲ့ သဘောတူညီချက် လက်မှတ်ထိုးခဲ့ပါတယ် သူတို့ကို နီဗားနားအိတိဖုန်း အလုံးရေ ၁ သိန်းကို သင့်တင့်တဲ့ဈေးနဲ့ ပေးသွင်းဖို့ပါ"
ဟု မိုရှင်းယာက တိုးတက်မှုများကို အစီရင်ခံသည်။
"အို"
လင်းဖန် ထိုစကားကို ကြားသောအခါ အနည်းငယ် အံ့သြသွားသည်။ နိုင်ငံ၏ အကြီးဆုံး အော်ပရေတာဖြစ်သော China Mobile က သူ့ထံသို့ ကိုယ်တိုင် ရောက်လာလိမ့်မည်ဟု မထင်မှတ်ထားခဲ့ပေ။
"ပြီးတော့ ရှန်ကျန် ပါတီကော်မတီ အတွင်းရေးမှူးဝမ်ကလည်း တနင်္လာနေ့ မနက်မှာ ဆရာနဲ့ တွေ့ချင်တယ်လို့ အကြောင်းကြားထားပါတယ်"
"အင်း ငါ အချိန်မှန် ရောက်လာမယ်လို့ ပြန်ပြောလိုက်ပါ"
လင်းဖန်က ခေါင်းညိမ့်ကာ လေးနက်စွာ ဆိုလိုက်သည်။
နောက်တစ်နေ့၌ ဝမ်ချောင်နှင့် ချင်းလင်တို့သည် ဖျော်ဖြေရေးလောကကို သိမ်းပိုက်ရန် စစ်ဆင်ရေးကို တိတ်တဆိတ် စတင်လိုက်ကြသည်။ သူတို့သည် ရှင်ကျဲ ၊ ကျုန်းရှင်ထျန်းကဲနှင့် အရှေ့အာရှ တေးသံသွင်းကဲ့သို့သော အလယ်အလတ်တန်းစား ကုမ္ပဏီများနှင့် ဆက်တိုက် တွေ့ဆုံခဲ့ကြသည်။
အမှန်စင်စစ် တရုတ်နိုင်ငံ၏ ပြည်တွင်းဖျော်ဖြေရေး ကုမ္ပဏီများသည် အားမနည်းလှပေ။ သို့သော် ထိပ်တန်းကုမ္ပဏီကြီး ၅၀ ၏ တန်ဖိုးမှာ ယွမ် ၁၀၀ ဘီလီယံနီးပါး ရှိသော်လည်း အကြီးဆုံးဖြစ်သော Huayi Brothers မှာပင် ယခုအခါ ဈေးကွက်တန်ဖိုး ယွမ် ၁၅ ဘီလီယံခန့်သာ ကျန်ရှိတော့သည်။ အခြားကုမ္ပဏီများသည်လည်း Penguin Films နှင့် Ali Films တို့၏ ထိုးစစ်အောက်တွင် အနိုင်နိုင် ရပ်တည်နေကြရသည်။
ထိုသို့သော အခြေအနေမျိုးတွင် သူတို့သည် ပြင်ပမှ ရင်းနှီးမြှုပ်နှံမှုကို အလွန်အမင်း လိုအပ်နေကြသည်။ ဝမ်ချောင်နှင့် ချင်းလင်တို့က ကမ်းလှမ်းလိုက်သည့် အခါမှာတော့ ဝယ်ယူရေးလုပ်ငန်းစဉ်မှာ အလွန်ပင် ချောမွေ့သွားခဲ့သည်။ နှစ်လမပြည့်မီအတွင်း ဖျော်ဖြေရေးကုမ္ပဏီ ထက်ဝက်ကျော်ကို စုစည်းနိုင်မည်ဟု ခန့်မှန်းရသည်။
ဈေးကွက်ပေါက်ဈေးထက် ၃၀ ရာခိုင်နှုန်းမှ ၅၀ ရာခိုင်နှုန်းအထိ ပိုပေး၍ ဝယ်ယူခြင်းဖြစ်ရာ မည်သူက ငြင်းဆန်နိုင်ပါမည်နည်း။ နိုင်ငံကျော် သူဌေးသားနှစ်ဦး၏ ဤလုပ်ရပ်က ဖျော်ဖြေရေးလောကတွင် ဂယက်ထသွားသော်လည်း လူအများကတော့ ၎င်းတို့နှစ်ဦး ပိုက်ဆံဖြုန်းကာ အပျော်ကစားနေခြင်းဟုသာ ယူဆထားကြသည်။
သို့သော် ယွမ် ဘီလီယံနှင့် ချီသည့် ရင်းနှီးမြှုပ်နှံမှု ငွေပမာဏကို မြင်သောအခါ လူတိုင်း မျက်လုံးပြူးသွားကြရသည်။ ဝမ်ချောင်၏ 'အပျော်အပါးမက်သူ' ဟူသည့် နာမည်ကျော်ကြားမှုသာ မရှိပါက လုပ်ငန်းရှင်ကြီးများမှာ သူတို့နှစ်ဦးကို ကမ္ဘာကို ဝါးမြိုမည့် သားရဲကြီးများဟုပင် ထင်မှတ်သွားကြပေလိမ့်မည်။
အမှန်တကယ်တော့ ဖျော်ဖြေရေးလောကမှ ဒါရိုက်တာကြီးများနှင့် ထိပ်တန်းစတားများသည် ဤဝယ်ယူမှုကို သိပ်ဂရုမစိုက်ကြပေ။ သူတို့ ဂရုစိုက်သည်မှာ ဝမ်ချောင်နှင့် ချင်းလင်တို့၏ အတင်းအဖျင်း သတင်းငယ်များသာ ဖြစ်သည်။ သူတို့နှစ်ဦး ယခုတစ်ခေါက် တကယ် အတည်အလင်း လုပ်ဆောင်နေသည်ကို မည်သူကမှ မရိပ်မိကြပေ။
ကုမ္ပဏီပေါင်းများစွာကို ဝယ်ယူပြီးနောက် ဝမ်ချောင်နှင့် ချင်းလင်တို့က 'ဒိုင်နက်စတီ အင်တာတိန်းမန့်' ဟူသည့် နာမည်ကို ထုတ်ဖော်လိုက်ချိန်မှသာ လူတိုင်း ထိတ်လန့်သွားကြတော့သည်။
၎င်းတို့သည် လင်းဖန်ထံသို့လည်း ကိုယ်တိုင်သွားရောက်တွေ့ဆုံခဲ့သော်လည်း လင်းဖန်ကမူ ကိုယ်တိုင်မပါဝင်ဘဲ 'ဖန်ထန်းအင်ဗက်စ်မန့်' ကိုသာ ဒိုင်နက်စတီ၏ အဓိကရှယ်ယာရှင်အဖြစ် ထားရှိခဲ့သည်။
ဤသို့ဖြင့် 'ဒိုင်နက်စတီ' ပေါ်ထွက်လာခြင်းက Huayi Brothers ကဲ့သို့သော ကုမ္ပဏီကြီးများအတွက် ခေါင်းခဲစရာ ဖြစ်လာခဲ့သည်။ ဝမ်ချောင်တို့တွင် စီးပွားရေးအမြင် ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ သူတို့သည် အရင်းအမြစ်များစွာကို စုစည်းထားပြီး ဖြစ်ရာ ထိပ်တန်းကုမ္ပဏီ ၃ ခုစာရင်းထဲသို့ ဝင်ရောက်လာခဲ့ပြီ ဖြစ်သည်။
ဖျော်ဖြေရေးလောကထဲသို့ "ဝံပုလွေ ရောက်လာပြီ" ဟု လူအများက ပြောဆိုနေကြသည်။
အရင်းအနှီး၏ အစွမ်းမှာ မည်သည့်လုပ်ငန်းစနစ်ကိုမဆို ပြိုလဲပျက်စီးစေနိုင်သည်။
ပရိသတ်များကတော့ ဤကဲ့သို့သော သူဌေးကြီးများ ဝင်လာသည်ကို ဝမ်းမြောက်ကြသည်။ အဘယ်ကြောင့်ဆိုသော် အနည်းဆုံးတော့ ငွေအမြောက်အမြားသုံးကာ အရည်အသွေးမြင့် ရုပ်ရှင်နှင့် ဇာတ်လမ်းတွဲများကို ထုတ်လုပ်လာနိုင်မည် မဟုတ်ပါလား။
၂၀၁၈ ခုနှစ် ဒီဇင်ဘာလ ၂၅ ရက်နေ့။
လုံထန်လုပ်ငန်းစု၏ အစည်းအဝေးခန်းမအတွင်း လင်းဖန်၊ မိုရှင်းယာနှင့် အခြားသူများသည် အတွင်းရေးမှူးဝမ် ရောက်ရှိလာမည့်အချိန်ကို တိတ်ဆိတ်စွာ စောင့်ဆိုင်းနေကြသည်။
ခဏအကြာတွင် တံခါးပွင့်သွားပြီး တည်ကြည်လေးနက်သော အမူအရာရှိသည့် လူကြီးအချို့ ဝင်လာကြသည်။ ရှေ့ဆုံးမှ ဦးဆောင်လာသူမှာ ရှန်ကျန်၏ အဆင့် (၁) အရာရှိကြီး အတွင်းရေးမှူးဝမ်ပင် ဖြစ်သည်။
"အတွင်းရေးမှူးဝမ်"
လင်းဖန် ချက်ချင်း ထရပ်ကာ နှုတ်ဆက်လိုက်သည်။ လုံထန်လုပ်ငန်းစုနှင့် နီဗားနားအိတ်ဖုန်း ထွက်ပေါ်လာရေးအတွက် အစဉ်တစိုက် ကူညီပေးခဲ့သော ဤအရာရှိကြီးကို သူ အစဉ်အမြဲ လေးစားမှု ရှိသည်။
"ဟားဟားဟား ရဲဘော်လင်းဖန်... ရှန်ကျန်ရဲ့ အုပ်ချုပ်သူတစ်ယောက်အနေနဲ့ မင်းရဲ့ အောင်မြင်မှုကို မြင်ရတာ ငါ တကယ်ကို ဝမ်းသာဂုဏ်ယူမိပါတယ်"
ဟု အတွင်းရေးမှူးဝမ်ကလည်း ရင်းနှီးဖော်ရွေသည့်အပြုံးဖြင့် ရှေ့သို့တက်ကာ လက်ဆွဲနှုတ်ဆက်လိုက်ပေတော့သည်။