← Chapters

အချိန်အခါ မသင့်စွာရောက်ရှိလာခြင်း ၃

Vol. 64 Ch. 640

အချိန်အခါ မသင့်စွာရောက်ရှိလာခြင်း ၃

Vol. 64 Ch. 640

ယန်ချုံကျန်းသည်လည်း တစ်စုံတစ်ရာ မှားယွင်းနေကြောင်းကို အာရုံခံမိပုံရလေသည်။

သူ၏ လှုပ်ရှားမှုများမှာ ပို၍ပင်အံ့မခန်း ဖြစ်လာလေ၏။

ကောင်းကင်ယံရှိ ဒုတိယမြောက် ချီမင်မြို့တော်မှ ခရမ်းရောင်စွမ်းအင်များ ထွက်ပေါ်လာလေသည်။ သူ၏လက်မောင်းများကို ငွေရောင်နဂါးအကြေးခွံ သံချပ်ကာလွှာတစ်ခုက ဖုံးလွှမ်းသွားပြီး လက်ချောင်းများအထိ ဆန့်ထွက်သွားကာ သစ်ပင်အိုကြီးအတွင်းသို့ သူ၏လက်ဝါးများကို အင်အားပြင်းထန်စွာ ထိုးသွင်းလိုက်လေသည်။

နေရောင်ခြည်ကိုပင် ပိတ်ဆို့ထားနိုင်သော ထို ဧရာမ ကျောက်သားနက်သစ်ပင်ကြီး၏ ရှေ့မှောက်တွင် သူ၏ ပုံရိပ်မှာ ပုရွက်ဆိတ်တစ်ကောင်ပမာ သေးငယ်လွန်းနေလေ၏။

သို့သော် သူ၏ လက်မောင်းများ တုန်ခါသွားသော အခိုက်အတန့်တွင် ထို အနက်ရောင်အပိုင်းအစကြီးသည် ဖြည်းညင်းစွာပြဲထွက်သွားပြီး အက်ကွဲသံကြီး ထွက်ပေါ်လာလေသည်။

“ဒါကြီးကတော့ များလွန်းသွားပြီ။”

ဘိုင်ဝူ၏ မျက်ခွံများ တွန့်တက်သွားလေ၏။ တောင်ပိုင်းဟုန် သားတော်ခုနစ်ပါး၏ ကာလရှည်ကြာသည်းခံမှုကြောင့် ဂိုဏ်းသည် စစ်မှန်သော ဆင်းရဲမွဲတေမှုသို့ ရောက်ရှိသွားကာ လက်အောက်ခံများ၏ ပဏ္ဏာဆက်သမှုများအပေါ်တွင်သာ မှီခိုနေရဆဲဖြစ်ပြီး အတိတ်က ၎င်းတို့၏ ခွန်အားအတွက် လိုအပ်သောမိုးမြေ ရတနာများကို လုံးဝ မတတ်နိုင်တော့ခြင်းကြောင့် ဖြစ်ကောင်းဖြစ်နိုင်ပေသည်။

ဤ တာအိုကလေးငယ်များသည် မသေမျိုးမြို့တော်နှင့် တာအိုစစ်သည်တော်များနှင့်အတူ ရှိနေချိန်အတွင်း၌သာ နောက်ထပ် တိုးတက်မှုရရှိရန် ကြိုးစားနိုင်ကြတော့သည်။

ပြင်ပမှ ကျင့်ကြံသူများမှာမူ အခြားလမ်းကြောင်းတစ်ခုကို ရှာဖွေရန်ရတနာများကို အသုံးပြုသည့် ထူးခြားသောခြေလှမ်းကို လှမ်းခဲ့ကြပြီး စွမ်းအားပိုင်းတွင် အံ့မခန်း တိုးတက်မှုများကို ရရှိခဲ့ကြလေ၏။

ဤ ပန်ရှန်းဂိုဏ်းမှ တာအိုကလေးငယ်ကဲ့သို့ပင် သူ၏ တတိယမြောက် မြို့တော်သည် ခရမ်းရောင် စွမ်းအင်၏အရည်အသွေးကို မထိန်းသိမ်းနိုင်တော့သဖြင့် ချင်းလွမ်မသေမျိုးစစ်သည်တော်ကို မှီခိုနေရသော်လည်း၊ သူ၏အထင်ကြီးလောက်သော ခန္ဓာကိုယ်ကျင့်ကြံမှုကြောင့် တစ်ဖက်လူသည် စုဟုန်ရှို့ထက် လုံးဝ အားနည်းခြင်းမရှိဟု ဘိုင်ဝူကို ခံစားရစေလေသည်။

ယန်ချုံကျန်းကို လောလောဆယ် ဘေးဖယ်ထားလိုက်လျှင်ပင်၊ စိတ်ဝိညာဉ်ခန္ဓာကိုယ်နည်းစနစ်ဖြင့် အားဖြည့်ထားသော ဤ ပန်ရှန်းဂိုဏ်းမှ ကျောက်စိမ်းဖြူမြို့တော် ကျင့်ကြံသူများသည် အဆင့်တူတွင်ပင် တောင်ပိုင်းဟုန် သားတော်ခုနစ်ပါး၏ အကြီးအကဲများ၏တိုက်ရိုက်တပည့်များထက်သိသိသာသာ အဆင့်အတန်း မြင့်မားနေသည်မှာ ထင်ရှားလှပေသည်။

“အာရုံမလွင့်နဲ့၊ သူ ထွက်လာတော့မယ်။”

ဝေ့ယွမ်ကျိုး၏ မျက်နှာအမူအရာမှာ တည်ငြိမ်နေပြီးသူက ဘိုင်ဝူကို ညင်သာစွာ သတိပေးလိုက်လေ၏။ သူ၏ လက်ထဲတွင် သွယ်လျသော ငှက်တောင်ဓားတစ်လက် ထွက်ပေါ်လာပြီး နတ်လက်နက်တစ်ခုနှင့် တူနေလေသည်။

၎င်း၏ လွန်ကဲလှသော အလှတရားကြောင့် အချို့သောအခမ်းအနားသုံးရာတွင် သုံးသည့် ကိရိယာနှင့်လည်း တူနေပေ၏။

သူက ငှက်တောင်ဓားကို သာသာလေးဝှေ့ယမ်းလိုက်သောအခါ တိမ်များဖြင့် ပြည့်နှက်နေသော ကောင်းကင်သည် ရုတ်တရက်လှုပ်ရှားသွားပြီး ကြည်လင်သောကောင်းကင်ယံတွင် ပေရာနှင့်ချီ၍ ကြီးမားသော ကြမ်းကြုတ်သည့်ခြင်္သေ့ဖြူကြီး တစ်ကောင်အဖြစ်သို့ ပြောင်းလဲသွားလေသည်။

ခြင်္သေ့ကြီးသည် ဖြည်းညင်းစွာခြေတစ်လှမ်း လှမ်းလိုက်ပြီး ၎င်း၏ကြောက်မက်ဖွယ်ကောင်းသော မျက်လုံးများသည် ယန်ချုံကျန်းရှိရာ နေရာသို့ စူးစိုက်ကြည့်နေလေ၏။

“နတ်ဆိုးကောင်... မင်းက ဘယ်ကို ထွက်ပြေးနိုင်မယ် ထင်နေတာလဲ။”

တစ်ခဏအတွင်းမှာပင် တာအိုကလေးငယ်ယန်၏ ကြမ်းတမ်းသော ဟိန်းဟောက်သံနှင့်အတူ အခြား အနက်ရောင် စပါးအုံးမြွေများထက် အနည်းငယ် ပိုကြီးမားသော တစ္ဆေစပါးအုံးမြွေ သခင်လေးသည် နောက်ဆုံးတွင်ခုန်ထွက်လာပြီး ရေနဂါးတစ်ကောင်ကဲ့သို့ ကောင်းကင်ယံသို့ တည့်မတ်စွာတက်သွားလေသည်။

သူ ပေါ်ထွက်လာသည်နှင့်အတူ သစ်ပင်အိုကြီးထဲတွင်အချိန်ကြာမြင့်စွာ ပုန်းအောင်းနေခဲ့ကြသော တစ္ဆေစပါးအုံးမြွေမျိုးနွယ်စုမှ အင်အားကြီးသူများသည်လည်း မိမိတို့ကိုယ်ကို မထိန်းချုပ်နိုင်ကြတော့ဘဲနောက်မှ လိုက်ပါလာကြလေ၏။

ချက်ချင်းဆိုသလိုပင် ကြီးမားလှသော နတ်ဆိုးစွမ်းအင်လှိုင်းလုံးကြီး ရိုက်ခတ်သွားပြီး မိုးမြေပြောင်းပြန်လှန်သွားသကဲ့သို့ ပင်လယ်ရေပြင်အား နက်ရှိုင်းသောတစ္ဆေအလင်းရောင်များဖြင့် ဖုံးလွှမ်းသွားစေလေသည်။

အကယ်၍ ကျင့်ကြံခြင်းနိမ့်ကျသူ တစ်ဦးသာဆိုလျှင် ဤနတ်ဆိုးစွမ်းအင်အောက်တွင် ၎င်းတို့၏ တိုက်ခိုက်လိုစိတ် အများစုကို ဆုံးရှုံးသွားလောက်၏။

“...”

စုဟုန်ရှို့၏ စရိုက်အရဆိုလျှင် သူမသည် သိပ်ပြီး ဂရုစိုက်နေမည်မဟုတ်ဘဲ နတ်ဆိုးကို မြင်သည်နှင့် သူမ၏ ဓားကို ဝှေ့ယမ်းခုတ်ပိုင်းလိုက်မည်သာ ဖြစ်လေသည်။

သို့သော် ဝေ့ယွမ်ကျိုးမှာမူ ကွဲပြားလေ၏။ သူသည် ကူညီရန်သဘောတူထားပြီးဖြစ်သောကြောင့် သူ၏ အကောင်းဆုံး ကြိုးစားမည် ဖြစ်သည်။

ကျောက်စိမ်းဖြူမြို့တော်အဆင့်ရှိ နတ်ဆိုးမျိုးနွယ်ဝင်တစ်ဦးကို အရှင်ဖမ်းဆီးရခြင်းသည် ၎င်းတို့ကို သတ်ဖြတ်ခြင်းထက်အဆပေါင်းများစွာ ပို၍ ခက်ခဲလှပေသည်။

ထိုအကြောင်းပြချက်ကြောင့် သူသည် စွမ်းအင် အနည်းငယ်မျှအလေအလွင့် မဖြစ်စေမခံဘဲ သူ၏ ခွန်အားများကိုချွေတာနေခဲ့ခြင်း ဖြစ်လေသည်။

ကောင်းကင်ယံရှိခြင်္သေ့ကြီးသည် နောက်ဆုံးတွင် လှုပ်ရှားလာပြီးသာမန်မျက်စိဖြင့် မမြင်နိုင်သော အမြန်နှုန်းဖြင့် တစ္ဆေစပါးအုံးမြွေ သခင်လေးထံသို့ ပြေးဝင်သွားကာ ၎င်း၏ရှေ့လက်ဖဝါးများကို ဘောလုံးတစ်လုံးကိုင်ထားသကဲ့သို့ စုခွက်လိုက်လေ၏။

ဝေ့ယွမ်ကျိုး၏ ခွန်အားသည် စုဟုန်ရှို့လောက် မကြီးမားလှသော်လည်း၊ အတွေ့အကြုံ၊ အသေးစိတ် အချက်အလက်များနှင့် အချိန်ကိုက် ထိန်းချုပ်နိုင်မှုအပိုင်းတွင်မူ သူသည် ပြီးပြည့်စုံလုနီးပါး ရှိနေပေသည်။

တစ္ဆေစပါးအုံးမြွေ သခင်လေး အလောတကြီးလိုက်လံခံရမှုကြောင့် မောပန်းနွမ်းနယ်နေချိန်တွင်ပင် သူက အချိန်ကိုက်တိုက်ခိုက်လိုက်ခြင်း ဖြစ်လေသည်။

ခြင်္သေ့ဖြူကြီးက ဖမ်းဆီးတော့မည့် ဆဲဆဲတွင်၊

မရှောင်တိမ်းနိုင်တော့သော တစ္ဆေစပါးအုံးမြွေ သခင်လေးက ဒေါသတကြီး အော်ဟစ်လိုက်လေသည်။

“မင်းတို့က ဘယ်ဂိုဏ်းက ကျင့်ကြံသူတွေလဲ၊ ပန်ရှန်းဂိုဏ်းရဲ့ကိစ္စတွေကို ဘာလို့ ဝင်စွက်ဖက်နေရတာလဲ။ သတ္တိရင် မင်းတို့နာမည်တွေ ပြောခဲ့စမ်း”

ခြင်္သေ့ဖြူကြီးကိုထိန်းချုပ်ရန် အာရုံစိုက်နေသော ဝေ့ယွမ်ကျိုးနှင့် အခြား တာအိုကလေးငယ် အချို့မှာ မိုက်မဲသူများ မဟုတ်ကြပေ။ ပြိုင်ဘက်၏ နောက်ခံသမိုင်းကြောင်း မည်သို့ပင်ရှိစေကာမူ ၎င်းတို့သည် တောင်ပိုင်းဟုန် သားတော်ခုနစ်ပါး၏ မည်သူမည်ဝါဖြစ်ကြောင်းကို ထုတ်ဖော်မည် မဟုတ်ပေ။

ထိုအချိန်တွင် အခြားအသက်အရွယ်ကြီးရင့်သော တစ္ဆေစပါးအုံးမြွေ နှစ်ကောင်သည် ခြင်္သေ့ဖြူကြီး၏လက်သည်းများကို အသည်းအသန် ခုခံဖယ်ရှားပစ်လိုက်ပြီးနောက် ယန်ချုံကျန်း၏ အနောက်ဘက်မှ ချက်ချင်း ဝင်ရောက်လာမည့် တိုက်ခိုက်မှုနှင့် ရင်ဆိုင်ရချိန်တွင်၊ ၎င်းတို့သည် ဝေးကွာသောသစ်ပင်ထိပ်ဖျားဆီသို့ အကြည့်လွှဲကာ စူးရှသော အသံဖြင့် အော်ဟစ်လိုက်ကြလေသည်။

“ဖီးနစ် သခင်... ကျေးဇူးပြုပြီး ကျုပ်တို့ရဲ့ သခင်လေးကို ကယ်တင်ပေးပါဦး”

“အချိန်နှောင်းသွားပါတော့မယ်”

ထိုစကားကို ကြားသောအခါ တောင်ပိုင်းဟုန်မှ လူများက သိပ်ပြီးတုံ့ပြန်မှုမရှိသော်လည်း၊ ပန်ရှန်းဂိုဏ်းမှ ကျင့်ကြံသူများ၏ မျက်နှာများမှာအနည်းငယ် ပြောင်းလဲသွားကြလေ၏။

ယန်ချုံကျန်းသည် သူ၏ လက်ဝါးကို ဆန့်ထုတ်ကာ အသက်ကြီးသောစပါးကြီးမြွေ နတ်ဆိုးတစ်ကောင်ကို ရုတ်တရက်လှန်ချလိုက်လေသည်။ ၎င်းမှာ တစ္ဆေစပါးအုံးမြွေ၏ လှည့်ကွက်တစ်ခု ဖြစ်ကြောင်း သူ ခံစားမိနေ၏။

အဘယ်ကြောင့်ဆိုသော် ဤနေရာတွင် အစိမ်းရောင်ဖီးနစ်ငှက်တစ်ကောင် အမှန်တကယ် ရှိနေပါက ယခုအချိန်အထိ တိတ်ဆိတ်စွာစောင့်ဆိုင်းနေမည်မဟုတ်သောကြောင့်ပင် ဖြစ်လေသည်။

သို့သော် ခန့်မှန်းချက်များကို ဘေးဖယ်ထားလိုက်လျှင်ပင် သူသည် ထိုသစ်ပင်ထိပ်ဖျားဆီသို့ မကြည့်ဘဲ မနေနိုင်ခဲ့ပေ။

ထိုအချိန်တွင် အနည်းငယ်ပြင်းထန်သော အသက်ရှူသံတစ်ခု နောက်ဆုံးတွင် ထွက်ပေါ်လာလေ၏။ သိပ်ပြီး မကျယ်လောင်သော်လည်း အကွာအဝေးအလွန်ဝေးကွာနေသည့်တိုင် လူတိုင်း၏ နားထဲသို့ ရောက်ရှိရန် လုံလောက်အောင် ရှင်းလင်းနေလေသည်။

“ဟင်း...”

ထိုအသံကို ကြားသောအခါ ယန်ချုံကျန်းသည် ရုတ်တရက်မျက်မှောင်ကြုတ်သွားပြီး သူ၏ လက်ဝါးအောက်ရှိ အသက်ကြီးသော စပါးအုံးမြွေ နတ်ဆိုးကို လှမ်းကြည့်လိုက်၏။ သူ၏ လက်ချောင်းထိပ်များ တုန်ခါသွားသော်လည်း ၎င်း၏အကြေးခွံများကို ဆက်လက် ဆုတ်ဖြဲမည့် လုပ်ရပ်ကိုမူ ရှောင်ကြဉ်လိုက်လေသည်။

သူသည် မိမိ၏ ကံဆိုးမှုအတွက် စိတ်ထဲတွင် သက်ပြင်းချရုံသာ တတ်နိုင်လေတော့သည်။

ဤ တစ္ဆေစပါးအုံးမြွေ တစ်အုပ်ကို သန့်ရှင်းစွာ အမြစ်ပြတ်သုတ်သင်ပြီး ဂိုဏ်းသို့ ပြန်သွားရန်မှာ ကိစ္စတစ်ရပ် ဖြစ်သော်လည်း၊ အစိမ်းရောင်ဖီးနစ်ငှက် ရှေ့မှောက်တွင်လှုပ်ရှားရခြင်းမှာမူ လုံးဝ ကွားခြားကိစ္စတစ်ရပ် ဖြစ်နေလေသည်။

ထို့ပြင် ဤမျှအရေးပါသော တိုက်ပွဲတွင် ဝင်ရောက်စွက်ဖက်ရဲသော ဖီးနစ်ငှက်၏ ရဲတင်းမှုအရ ၎င်း၏မျိုးနွယ်စုအတွင်းရှိ အဆင့်အတန်းမှာလည်း မြင့်မားရမည်မှာ သေချာလှပေသည်။

အကယ်၍ သူက အတင်းအဓမ္မသတ်ဖြတ်လိုက်မည်ဆိုပါက...တာအိုပေါင်းစည်းခြင်းအဆင့်နှင့် သက်ဆိုင်သောကိစ္စရပ်များ ပါဝင်လာနိုင်လေ၏။

ထို့ကြောင့် ယန်ချုံကျန်းသည် တာအိုကလေးငယ်တစ်ဦးဖြစ်နေသည့်တိုင် အလွန် ဂရုစိုက်ရန် လိုအပ်လှပေသည်။

အဘယ်ကြောင့်ဆိုသော် သူ၏ ဆရာသည် သူ့ကို ဂိုဏ်းအတွက် မဆင်မခြင်ပြဿနာများ မယူဆောင်လာစေရန် အပင်ပန်းခံ၍ ပြုစုပျိုးထောင်ပေးခဲ့သောကြောင့်ပင် ဖြစ်လေသည်။

“တာအိုမိတ်ဆွေတို့...”

တောင်းပန်သည့် အရိပ်အယောင်ဖြင့် ယန်ချုံကျန်းသည် ဝေ့ယွမ်ကျိုးထံသို့ လှမ်းကြည့်လိုက်၏။

“ကျွန်တော် တကယ်ကို တောင်းပန်ပါတယ်။ ဒီနေ့ကိစ္စက ဆက်လုပ်လို့မဖြစ်တော့ဘူး၊ ဒီမှာတင် ရပ်လိုက်ကြရအောင်”

“နားလည်ပါပြီ။”

ဝေ့ယွမ်ကျိုးသည်လည်း တာအိုကလေးငယ် တစ်ဦးဖြစ်သောကြောင့် တစ်ဖက်လူ၏ စိုးရိမ်ပူပန်မှုများကို အပြည့်အဝနားလည်နိုင်ပေသည်။

သို့သော်... သူသည် ဘေးဘက်သို့ တိတ်တဆိတ် လှမ်းကြည့်လိုက်လေ၏။

မျှော်လင့်ထားသည့်အတိုင်းပင်၊ သူမရှေ့တွင် နတ်ဆိုးများဤသို့ပြုမူသည်ကို အသားကျပုံမရသော စုဟုန်ရှို့သည် ကျောက်စိမ်းဖြူဓားကို ဆုပ်ကိုင်ထားဆဲဖြစ်ပြီး သူမ၏အကြည့်များက အစိမ်းရောင်အရိပ်ဆီသို့ ခပ်ရေးရေးရောက်ရှိနေလေသည်။

“ဒါက သူတို့ဂိုဏ်းရဲ့အတွင်းရေးကိစ္စပဲ။” ဝေ့ယွမ်ကျိုးသည် သူမကို ညင်သာစွာသာ သတိပေးရုံ တတ်နိုင်လေတော့သည်။

All Chapters