အခန်း (၂၀၀၆-၂၀၀၈)
Vol. 124 Ch. 2006-2008
အခန်း (၂၀၀၆) ဓားအလင်းနှင့် ဓားရိပ်များ
"မင်း... မင်း ဘာတွေ ပြောနေတာလဲဆိုတာကို ငါ လုံးဝ မသိဘူး"
အန်းယာလုရှန်းက အနည်းငယ် ထိတ်လန့်တုန်လှုပ်စွာ ပြောလိုက်သည်။
သူသည် အမှန်တကယ်ပင် စိုးရိမ်ပူပန်နေခြင်း ဖြစ်သည်။
ဝမ်ချောင်က နဂါးစွမ်းအား(နဂါးချီ)ကို မြင်တွေ့နိုင်သည် ဟုတ်လား။
ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။
နောင်အနာဂတ်မှာ နဂါးစစ်စစ် ဖြစ်လာမယ့် ကောင်းကင်ဘုံရဲ့ သားတော်တွေနဲ့၊ ချင်နဲ့ ဟန်မင်းဆက်တွေ ကတည်းက တိမ်ကောသွားပြီဖြစ်တဲ့ ဝမ်ချီပညာရှင်တွေပဲ မြင်နိုင်တာလို့ ကောင်းရှန်းပြောခဲ့တာ မဟုတ်ပါလား။
"ရှပ်"
အန်းယာလုရှန်းသည် စိတ်လှုပ်ရှားသွားသဖြင့် သူ၏ခြေလှမ်းများမှာ ယိုင်နဲ့သွားခဲ့ပြီး၊ ထိုခဏ၌ပင် ဝမ်ချောင်၏ထက်ရှလှသော ဓားစွမ်းအားမှာ သူ၏ပုခုံးကို ထိုးဖောက်သွားခဲ့သည်။ သို့သော်လည်း အဝတ်စုတ်ပြဲသံ ထွက်ပေါ်လာပြီးနောက် အန်းယာလုရှန်း၏ ပုခုံးပေါ်မှ ဝတ်ရုံစသာ ပြတ်တောက်သွားခဲ့သည်။ ဝမ်ချောင်၏ ပြင်းထန်လှသော ဓားချက်ကို ခံလိုက်ရသော်လည်း၊ သူသည် တစ်စုံတစ်ရာ ထိခိုက်ခြင်း မရှိဘဲ၊ ထိုဓားချက်မှာ မမြင်နိုင်သော အရာတစ်ခုဖြင့် တားဆီးခြင်း ခံလိုက်ရသကဲ့သို့ပင်။
"ငါ့ရဲ့ ရှေ့မှောက်မှာတောင် မင်းက လူအယောင်ဆောင်ချင်နေသေးတာလား။ လွန်ခဲ့တဲ့ နှစ်နှစ်က မင်းကို အသက်ရှင်လျက် လွှတ်ပေးခဲ့မိတယ်၊ ဒီနေ့တော့ ငါ မင်းကို သတ်ပြီး ဒီဘေးဒုက္ခကို အမြစ်ပြတ် ဖြေရှင်းပစ်မယ်"
ဝမ်ချောင်က အေးစက်စွာ ပြောလိုက်သည်။
ကြံ့ဆင်၏ ဒေါသ။
ဝမ်ချောင်သည် သူ၏ခန္ဓာကိုယ်ကို လှုပ်ခတ်လိုက်ကာ၊ ဒုတိယမြောက် တိုက်ခိုက်မှုအဖြစ် တတိယမြောက် ဓားချက်ကို ဆက်တိုက် ထိုးနှက်လိုက်ပြန်သည်။
ဤဓားချက်မှာ အပေါ်ယံတွင် စစ်ကကွက်အတွင်းမှ ကြံ့ဆင်၏ ဒေါသဟု ထင်ရသော်လည်း၊ အမှန်စင်စစ်တွင်မူ ဝမ်ချောင်၏ လောကသား နတ်ဘုရားနှင့် မိစ္ဆာတို့အား ကွပ်မျက်ခြင်း ဓားကွက်ပင် ဖြစ်သည်။
ဤဓားချက်မှာ အလွန်ပင် အန္တရာယ်များလှသလို ပြင်းထန်လှပေရာ၊ အင်ပါယာ၏ ဗိုလ်ချုပ်ကြီးတစ်ဦးပင်လျှင် တားဆီးရန် ခက်ခဲလှပေသည်။
"ဝုန်း"
အန်းယာလုရှန်းမှာ ထိုဓားချက်ကို ခံလိုက်ရသဖြင့် ခန္ဓာကိုယ်မှာ ယိုင်နဲ့သွားကာ ဆက်တိုက် နောက်သို့ ဆုတ်ခွာသွားရသော်လည်း ယခုတစ်ကြိမ်တွင်လည်း သူသည် မည်သည့် ဒဏ်ရာမျှ ရရှိခြင်း မရှိပေ။
ဤမြင်ကွင်းကို မြင်လိုက်ရသည့်အခါ ဝမ်ချောင်သည် မျက်မှောင်ကြုတ်သွားတော့သည်၊ လောကသား နတ်ဘုရားနှင့် မိစ္ဆာတို့အား ကွပ်မျက်ခြင်း ကျင့်စဉ်မှာ သူ၏ ကျင့်စဉ်များစွာထဲတွင် တိုက်ခိုက်ရေးစွမ်းအား အကြီးမားဆုံးသော ကျင့်စဉ်ဖြစ်သည်။ အထူးသဖြင့် မကြာသေးမီက လေ့ကျင့်မှုများကြောင့် ၎င်း၏ စွမ်းအားမှာ ပိုမို တိုးတက်လာခဲ့သည်၊ ကမ္ဘာမြေ၏ စွမ်းအားကြောင့် အင်အားမှာ ခုနစ်ဆယ် ရာခိုင်နှုန်းသာ ရှိတော့သော်လည်း၊ ၎င်းမှာ အလွန်ပင် ကြောက်မက်ဖွယ်ကောင်းလှဆဲ ဖြစ်သည်။
အန်းယာလုရှန်း၏ အင်အားဖြင့် ယခုကဲ့သို့ မည်သည့် ထိခိုက်မှုမျှ မရှိဘဲ တိုက်ရိုက် ခုခံနိုင်ရန်မှာ လုံးဝ မဖြစ်နိုင်ပေ။
ဖာချိ..
လျှပ်စီးလက်သကဲ့သို့သော ခဏချင်းအတွင်းမှာပင် ဝမ်ချောင်၏ ဦးနှောက်ထဲ၌ အတွေးတစ်ခု လက်ခနဲ ပေါ်လာပြီး သူ၏အကြည့်များမှာ အန်းယာလုရှန်း၏ ညာဘက်လက်မှ လက်မ၊လက်ညှိုးနှင့် လက်သူကြွယ်တို့တွင် ဝတ်ဆင်ထားသည့် ရှေးဟောင်းပုံစံရှိပြီး မည်သည့်ပစ္စည်းဖြင့် ပြုလုပ်ထားမှန်း မသိသော အမည်းရောင် လက်စွပ် သုံးကွင်းထံသို့ ရောက်ရှိသွားသည်။
အန်းယာလုရှန်းသည် အင်္ကျီအတိုနှင့် ပွယောင်းသော ဘောင်းဘီကြီးကို ဝတ်ဆင်ထားပြီး ဝတုတ်လှသော ဗိုက်ကြီးမှာ ပေါ်လွင်နေသဖြင့်၊ မည်သည့်အရာကိုမျှ ဝှက်ထားရန် နေရာ မရှိပေ၊ တစ်ခုတည်းသော သံသယဖြစ်ဖွယ်မှာ သူ၏လက်တွင် ဝတ်ဆင်ထားသော လက်စွပ် သုံးကွင်းပင် ဖြစ်သည်။
ကြံ့ဆင်၏ ဟန်ချက်ညီမှု။
ဝမ်ချောင်သည် ထူးခြားသော ခြေလှမ်းများဖြင့် ရွှေ့လျားလိုက်ကာ၊ ချန်နေရာနှင့် လီနေရာများကို ဖြတ်ကျော်၍ လက်ကို ဝှေ့ယမ်းကာ နောက်ထပ် ပြင်းထန်လှသော ဓားချက်တစ်ခုဖြင့် အန်းယာလုရှန်းကို ခုတ်ပိုင်းလိုက်ပြန်သည်။
"ဝုန်း"
ထိုဓားချက် ထွက်ပေါ်လာသည့် ခဏ၌ ဟွာအယ်ရှန်းဟွေး နန်းဆောင် ရှေ့ရှိ လေထုမှာ ပြင်းထန်စွာ တုန်ခါသွားပြီး တောင်ပြိုကမ္ဘာပျက်မတတ် ခံစားရစေသည်၊ ခန်းမကြီး၏ ဝေဟင်ထက်တွင်လည်း ဝမ်ချောင်၏ ဓားချက်ကြောင့် လေထုမှာ နှစ်ပိုင်း ပြတ်သွားခဲ့ပြီး ဆယ်ကျန့်ခန့် မြင့်မားလှသော ကြီးမားသည့် လေဟာနယ်ကြီးတစ်ခု ပေါ်ပေါက်လာတော့သည်။
အန်းယာလုရှန်း၏ အင်အားရင်းမြစ်ကို သိရှိသွားပြီးနောက် ဝမ်ချောင်သည် ညှာတာနေရန် စိတ်ကူးမရှိတော့ပေ။
"အိုး"
ဝမ်ချောင်၏ ထိုကြောက်မက်ဖွယ်ကောင်းလှသော ဓားချက်ကို မြင်တွေ့လိုက်ရသည့်အခါ ခန်းမကြီး၏ပတ်ဝန်းကျင်မှ အံ့သြတုန်လှုပ်သံများ ထွက်ပေါ်လာပြီး လူတိုင်းမှာ ဝမ်ချောင်၏ ထိုပြင်းထန်လှသော စွမ်းအားကြောင့် မှင်သက်နေကြတော့သည်။
"ဝုန်း"
ဝမ်ချောင်၏ ထိုဓားချက်ကို ရင်ဆိုင်ရသည့်အချိန်၌ အန်းယာလုရှန်းမှာ ထိတ်လန့်သွားပြီးနောက် သူ၏ပါရမီစွမ်းအားများမှာ နိုးထလာခဲ့သည်။ သူ၏ ညာဘက်လက်မှ အားကောင်းလှသော ဂန်ချီများမှာ ပင်လယ်လှိုင်းလုံးကြီးများအလား သူ၏ညာဘက်လက်မှ အမည်းရောင် လက်စွပ် သုံးကွင်းအတွင်းမှ ပွင့်ထွက်လာပြီး ဝမ်ချောင်၏ ထိုဓားချက်ကို တားဆီးလိုက်သည်။
မြေကမ္ဘာ တစ်ခုလုံးကို တုန်ခါသွားစေသည့် ပေါက်ကွဲသံကြီး ထွက်ပေါ်လာပြီး၊ ပြင်းထန်လှသော ဓားချီနှင့် ဂန်ချီများမှာ အရပ်မျက်နှာ အနှံ့သို့ လွင့်ပျံသွားကာ မြေပြင်ကြီး တစ်ခုလုံးကို တုန်ခါသွားစေသည်၊ ယခုကဲ့သို့သော အရှိန်အဝါမျိုးကြောင့် စစ်ဘက်၊ နယ်ဘက် အရာရှိများနှင့် တိုင်းတစ်ပါး သံတမန် အားလုံးမှာ ထိတ်လန့်နေကြတော့သည်။
၎င်းမှာ ဖျော်ဖြေရေး အစီအစဉ်တစ်ခုနှင့် လုံးဝ မတူတော့ဘဲ၊ အသက်ကို ရင်း၍ တိုက်ခိုက်နေကြခြင်းပင် ဖြစ်နေတော့သည်။
"အရှင်မင်းမြတ်၊ ဒါက..."
ပလ္လင်တော်ပေါ်ရှိ သူတော်စင်ဧကရာဇ်၏ ဘေးနားမှ ဆံပင်ဖြူဖွေးနေသော ဝါရင့် မိန်းမစိုးကြီးမှာ သူ၏ဘေးမှ ဧကရာဇ်ကို ကြည့်ရင်း စကားစလိုက်သော်လည်း ဆက်မပြောဘဲ ရပ်တန့်သွားခဲ့သည်။
တိုင်းတစ်ပါး သံတမန်များစွာ ရှိနေသလို စစ်ဘက်၊ နယ်ဘက် အရာရှိများလည်း စုံညီနေသည့်ကြား၌ အင်ပါယာ၏ အရာရှိကြီး နှစ်ဦးမှာ ယခုကဲ့သို့ လူအများရှေ့တွင် တိုက်ခိုက်နေကြခြင်းမှာ မည်သို့မျှ မသင့်တော်လှပေ။
"သူတို့ကို ဆက်လုပ်ခိုင်းလိုက်"
သို့သော်လည်း အသံတစ်ခု သူ၏ နားထဲသို့ ဝင်ရောက်လာသည့်အခါ ထိုမိန်းမစိုးကြီးမှာ ချက်ချင်းပင် မှင်သက်သွားတော့သည်။
သူတော်စင်ဧကရာဇ်သည် ပလ္လင်တော်ပေါ်တွင် ထိုင်နေရင်း ခန်းမအလယ်မှ ဝမ်ချောင်နှင့် အန်းယာလုရှန်းတို့ကို မျက်တောင်မခတ်ဘဲ စူးစိုက်ကြည့်နေပေသည်။
သူ၏မျက်နှာမှာ အေးစက်နေပြီး အသံမှာလည်း အလွန်ပင် တည်ငြိမ်လှပေသည်။
"မင်း မကြားဘူးလား။ မျိုးနွယ်ခြားဘုရင်က ငါ့ကို ဆက်သနေတာက ချင်နဲ့ ဟန်ခေတ်က စစ်ကကွက်ပဲ၊ အဲဒါဟာ အလယ်ပိုင်းဒေသ ရှန်းကျိုးရဲ့ စစ်မှန်တဲ့ စစ်ဗိုလ်ချုပ်တွေရဲ့ ကကွက်ဖြစ်သလို၊ အန်းယာလုရှန်းကလည်း ငါ့ကို တိုင်းတစ်ပါးသားတွေရဲ့ ဟူရွှမ်ကကွက်ကို ဆက်သနေတာ၊ သူတို့နှစ်ဦးစလုံးရဲ့ အကြောင်းပြချက်တွေက ခိုင်လုံနေတာပဲ၊ ငါက ဘာလို့ သူတို့ကို တားဆီးပြီး ငြင်းပယ်ရမှာလဲ"
မင်းမျိုးမင်းနွယ် ဖြစ်သလို ပြည့်စုံလှသော ပညာရပ်များကို သင်ယူထားသူ ဖြစ်သည့်အတွက် "တတိယသားတော်ရွှမ်း" သည် ဝမ်ချောင်ကပြနေသော စစ်ကကွက်ကို ပထမဦးဆုံး အကြည့်မှာတင် မှတ်မိလိုက်ခြင်း ဖြစ်သည်။ ထို့ကြောင့်ပင် သူ တားဆီးခြင်း မပြုခဲ့ခြင်း ဖြစ်သည်။
"သတ်ကြစမ်း ငါ မင်းတို့ကို စောင့်နေမယ်"
သူတော်စင်ဧကရာဇ်သည် အထက်မှ စီးမိုးကြည့်ရှုနေပြီး သူ၏ နဂါးမျက်ဝန်းများအတွင်း၌ သတ်ဖြတ်လိုသည့် အငွေ့အသက်များမှာ ပိုမို၍ ပြင်းထန်လာတော့သည်။
"ဝုန်း ဝုန်း ဝုန်း"
ခန်းမအတွင်း၌ သူတော်စင်ဧကရာဇ်က မတားဆီးသဖြင့် ဝမ်ချောင်သည်လည်း ရပ်တန့်ရန် စိတ်ကူးမရှိပေ။ အန်းယာလုရှန်းကို သတ်နိုင်မည် ဆိုပါက သူသည် အခြား မည်သည့် အရာကိုမျှ ဂရုစိုက်နေတော့မည် မဟုတ်ပေ။
တိုင်းနိုင်ငံပေါင်းစုံ ပွဲတော်ဖြစ်နေလျှင်ပင် ဘာဖြစ်သနည်း။ သူတော်စင်ဧကရာဇ်အမျက်ထွက်လျှင်ပင် ဘာဖြစ်သနည်း။
အန်းယာလုရှန်းဆိုသည့် ထိုသူမှာ မဖြစ်မနေ သေရမည် ဖြစ်သည်။
ဝမ်ချောင်၏ ထက်ရှလှပြီး ပြင်းထန်လှသော တိုက်ခိုက်မှုများကြောင့်၊ အန်းယာလုရှန်းသည်လည်း သူ၏အစွမ်းသတ္တိ အားလုံးကို ထုတ်ဖော်၍ အစွမ်းကုန် ခုခံနေရတော့သည်။
အကယ်၍ ယခင်က အန်းယာလုရှန်းသည် သူ၏ အင်အားများကို ဖုံးကွယ်ထားခဲ့သည် ဆိုလျှင်ပင်၊ ချွေချန်းယုံနှင့် ထျန်းချန်းစီတို့ပင် သူ၏အင်အားအစစ်အမှန်ကို မသိရှိခဲ့ကြသော်လည်း၊ ယခုအခါတွင်မူ မဟာထန် မျိုးနွယ်ခြားဘုရင်ကို ရင်ဆိုင်နေရသဖြင့် အန်းယာလုရှန်းသည် သူ၏ အစွမ်းရှိသမျှကို ထုတ်ဖော်နေရတော့သည်။
"ဝုန်း ဝုန်း ဝုန်း"
အန်းယာလုရှန်း၏ ခန္ဓာကိုယ်ပေါ်မှ ဂန်ချီများမှာ ဟုန်းဟုန်းတောက်နေပြီး ဝမ်ချောင်၏ ဓားစွမ်းအားများနှင့် ဆက်တိုက် ထိပ်တိုက် တွေ့ဆုံနေတော့သည်။
"စစ်ဗျူဟာမှူးကြီး ဘယ်လို လုပ်ကြမလဲ"
ခန်းမ၏ ဘေးအစွန်၌ ထိုင်နေသော ချွေချန်းယုံသည် ကောင်းရှန်းဆီသို့ လှည့်ကြည့်လိုက်ပြီး အလွန်ပင် စိုးရိမ်တုန်လှုပ်စွာ မေးမြန်းလိုက်သည်။
ယခု အခြေအနေမှာ အန်းယာလုရှန်းအတွက် အလွန်ပင် အခြေအနေ မဟန်ဖြစ်နေသည်၊ ဝမ်ချောင်၏ ဝင်ရောက်နှောင့်ယှက်မှုကြောင့် သူတို့၏ အစီအစဉ်များအားလုံး ပျက်စီးသွားခဲ့ပြီ ဖြစ်သည်။ ဤအတိုင်းသာ ဆက်သွားပါက သခင်မှာ ဒဏ်ရာရရှိမည်မှာ သေချာလှပေသည်။
အစီအစဉ် အားလုံးကို ကောင်းရှန်းက ချမှတ်ထားခြင်း ဖြစ်ရာ၊ ယခု အခြေအနေ ပြောင်းလဲသွားသည့် အချိန်၌ ချွေချန်းယုံအနေဖြင့် ကောင်းရှန်းကိုသာ အားကိုးနိုင်တော့သည်။
"မစိုးရိမ်နဲ့"
တည်ငြိမ်လှသော အသံတစ်ခု သူ၏နားထဲသို့ ဝင်ရောက်လာသည်။ ကောင်းရှန်းသည် တိုက်ပွဲအတွင်းရှိ လူနှစ်ဦးကို စူးစိုက်ကြည့်ရင်း ရုတ်တရက် စကားပြောလိုက်သည်။
"ဝမ်ချောင်အနေနဲ့... နယ်စားကြီးကို အနိုင်ယူဖို့ဆိုတာ လွယ်ကူမှာ မဟုတ်ဘူး၊ ပတ်ဝန်းကျင်မှာ တိုင်းတစ်ပါး သံတမန်တွေနဲ့ စစ်ဘက်၊ နယ်ဘက် အရာရှိတွေ ရှိနေတာ ဖြစ်လို့၊ အကယ်၍ သူတို့နှစ်ဦးစလုံးက အင်အားအပြည့်နဲ့ တိုက်ခိုက်ကြမယ်ဆိုရင် သူတို့ကို ထိခိုက်စေမှာ သေချာတယ်၊ အဲဒီလို အခြေအနေမျိုး ပေါ်ပေါက်လာရင် သူတော်စင်ဧကရာဇ်က လုံးဝငြိမ်ခံနေမှာ မဟုတ်ဘူး မင်း သတိမထားမိဘူးလား၊ သူတော်စင်ဧကရာဇ်က သူတို့နှစ်ဦးကို အမြဲ စောင့်ကြည့်နေတာလေ"
ချွေချန်းယုံနှင့်ထျန်းချန်းစီတို့မှာ မှင်သက်သွားကြပြီးနောက် အလိုအလျောက် ပလ္လင်တော်ထက်သို့ လှမ်းကြည့်လိုက်ရာ သူတော်စင်ဧကရာဇ်၏ အမူအရာကို မြင်တွေ့လိုက်ရသဖြင့် သူတို့နှစ်ဦးစလုံး မှင်သက်သွားကြတော့သည်။
"သူတော်စင်ဧကရာဇ်ဟာ မျိုးနွယ်ခြားဘုရင်အပေါ်မှာ မကျေနပ်မှုတွေ ရှိနေတာဟာ အပိုမဟုတ်ပါဘူး၊ ဝမ်ချောင်သာ အမှားအယွင်း တစ်စုံတစ်ရာ ရှိခဲ့ရင်၊ ဒါမှမဟုတ် သခင်သာ ဒဏ်ရာရခဲ့ရင်၊ ဒါဟာ သူတော်စင်ဧကရာဇ်အတွက် သူ့ကို အရေးယူဖို့ အကောင်းဆုံး အကြောင်းပြချက် ဖြစ်လာလိမ့်မယ်။ အခု အခြေအနေကိုသာ ကောင်းကောင်း အသုံးချနိုင်ရင် သခင်ကနေတစ်ဆင့် ဝမ်ချောင်ကို ပြန်လည် တိုက်ခိုက်နိုင်မယ့်အပြင် ငါတို့အတွက် ပြိုင်ဘက် တစ်ယောက်ကိုပါ ကြိုတင် ဖြေရှင်းနိုင်လိမ့်မယ်" ကောင်းရှန်းက တည်ငြိမ်စွာ ပြောလိုက်သည်။
သူ၏အကြည့်များမှာ စူးရှနေပြီး အမူအရာမှာလည်း အလွန်ပင် တည်ငြိမ်လှပေသည်။
ဘေးနားရှိ ချွေချန်းယုံနှင့်ထျန်းချန်းစီတို့မှာ ထိုစကားကို ကြားရသည့်အခါ မှင်သက်သွားကြသည်။ သူတို့မှာ သခင်၏ အခြေအနေကိုသာ စိုးရိမ်နေကြသဖြင့် ဤအချက်ကို သတိမထားမိခဲ့ကြပေ။
"ဒါပေမဲ့ ဒီကိစ္စကို သိသိသာသာကြီးတော့ မလုပ်သင့်ဘူး၊ ဒါကြောင့် သခင်က အလွယ်တကူနဲ့တော့ အရှုံးမပေးသင့်ဘူး" ကောင်းရှန်းက တည်ငြိမ်စွာ ပြောလိုက်ပြီး၊ သူ၏ မျက်ဝန်းများမှာ လင်းလက်နေကာ ခဏချင်းအတွင်းမှာပင် အကြံအစည်များစွာ သူ၏ စိတ်ထဲ၌ ဖြတ်ပြေးသွားတော့သည်။
"အရေးကြီးဆုံးအချက်ကတော့ မင်းတို့ သတိမထားမိဘူးလား။ သခင်ရဲ့ဝါးမျိုမှုက... ရပ်တန့်မသွားဘူး" ကောင်းရှန်းက အသံကို နှိမ့်၍ ပြောလိုက်သည်။
နဂါးစွမ်းအားဆိုသည့် စကားလုံးကို သူ ထုတ်မပြောသော်လည်း၊ ချွေချန်းယုံနှင့် ထျန်းချန်းစီတို့မှာ ချက်ချင်းပင် နားလည်သွားကြသည်။
သူတို့အဖွဲ့ ယခုတစ်ကြိမ် မြို့တော်သို့ လာရောက်ရခြင်းမှာ ဝမ်ချောင်ကို ဖြေရှင်းရန်အတွက် မဟုတ်ဘဲ အလယ်ပိုင်းဒေသ နဂါးစွမ်းအားကို ခိုးယူရန်အတွက် ဖြစ်ရာ၊ ၎င်းမှာ ပိုမိုအရေးကြီးသော ရည်မှန်းချက်ပင် ဖြစ်သည်။
ဝမ်ချောင်က အတင်းအကျပ် ဖိအားပေးနေသော်လည်း အမှန်စင်စစ်တွင်မူ ယခုကဲ့သို့ အလွန်ပင် ခက်ခဲလှသော အခြေအနေ၌ပင် အန်းယာလုရှန်းသည် နဂါးစွမ်းအားများကို ဆက်တိုက် ခိုးယူနေဆဲ ဖြစ်သည်။
ကောင်းရှန်းသည် နဂါးစွမ်းအားကို မမြင်တွေ့နိုင်သော်လည်း သူသည် ရှေးဟောင်း ဗေဒင်ပညာနှင့် နက္ခတ်ဗေဒ ပညာရပ်များကို တတ်မြောက်ထားသူ ဖြစ်သည်။
အစီအစဉ် စတင်ချိန်မှစ၍ အန်းယာလုရှန်းကို ကိုယ်စားပြုသော ကံကြမ္မာကြယ်မှာ ဆက်တိုက် အားကောင်းလာခဲ့သည်။ ဝမ်ချောင် ဝင်ရောက်နှောင့်ယှက်ချိန်တွင် အနည်းငယ် နှေးကွေးသွားခဲ့ရုံသာ ရှိသည်။
ယခု ခရီးစဉ်အတွက် သူသည် အချိန်အတော်ကြာအောင် ပြင်ဆင်ခဲ့ခြင်း ဖြစ်ရာ၊ ၎င်းမှာ တစ်ခုတည်းသော အခွင့်အရေး ဖြစ်နိုင်ကြောင်း သူ သိရှိထားသည်။ အကယ်၍ ယခုတစ်ကြိမ်သာ လွဲချော်သွားပါက နောက်နောင်တွင် ယခုကဲ့သို့ လူသိရှင်ကြား နဂါးစွမ်းအားကို ခိုးယူရန်မှာ မည်သို့မျှ မဖြစ်နိုင်တော့ပေ။
နယ်ခြားစောင့် ဗိုလ်ချုပ်ကြီးတစ်ဦးအနေဖြင့် သတ်မှတ်ထားသော နယ်မြေမှ ခွင့်ပြုချက်မရှိဘဲ ထွက်ခွာခွင့် မရှိပေ
ကောင်းရှန်းသည် ဝမ်ချောင်၏ဝင်ရောက်တိုက်ခိုက်မှုကို မျှော်လင့်မထားခဲ့သော်လည်း၊ အစီအစဉ်အတွင်း ပေါ်ပေါက်လာနိုင်သည့် အမှားအယွင်းများကို ကြိုတင်တွက်ချက်ထားခဲ့ပြီး ဖြစ်သလို အရာအားလုံးအတွက်လည်း ပြင်ဆင်ထားခဲ့သည်။ မည်သို့သော အခြေအနေမျိုး၌မဆို နဂါးစွမ်းအားခိုးယူမှုကို အနှောင့်အယှက် မဖြစ်စေရန် သူ လုပ်ဆောင်ထားခဲ့သည်။
လောကကြီး ပြောင်းလဲတော့မည်ဖြစ်ပြီး မြေကမ္ဘာ၏ အရှင်သခင်မှာလည်း အသစ်တစ်ဖန် ပေါ်ပေါက်တော့မည် ဖြစ်ရာ၊ နဂါးစစ်စစ် အဟောင်းနှင့် အသစ်တို့ ထိပ်တိုက် တွေ့ဆုံနေကြခြင်းမှာ အလွန်ပင် ကြီးမားလှသော ကိစ္စပင် ဖြစ်သည်။ စစ်သေနင်္ဂဗျူဟာမှူးများစွာနှင့် မန္တန်ဆရာများစွာမှာ သူတို့၏ ဘဝတစ်သက်တာလုံး ပေးဆပ်ခဲ့ကြသော်လည်း မရရှိခဲ့သည့် ဤအခွင့်အရေးကို သူ ရရှိထားသည့်အတွက် မည်သို့မျှ အရှုံးမပေးနိုင်သလို အလွယ်တကူ ကျရှုံးသွားအောင်လည်း လုံးဝ ခွင့်မပြုနိုင်ပေ။
"မျိုးနွယ်ခြားဘုရင် မင်း ငါတို့ကို တားလို့ မရနိုင်ပါဘူး ဒီအခိုက်အတန့်အတွက် ငါ အချိန်အတော်ကြာအောင် ပြင်ဆင်ခဲ့တာ၊ အခု အခြေအနေတွေ အားလုံးက ငါတို့ဘက်မှာ ရှိနေပြီ၊ မင်း တစ်ယောက်တည်းနဲ့ ဓားတစ်စင်းတည်းနဲ့ အရာအားလုံးကို ဖျက်ဆီးနိုင်မယ်လို့ ထင်နေတာလား။ ဒီပွဲမှာ မင်း တကယ်တော့ ရှုံးနေပါပြီ"
ကောင်းရှန်း၏ မျက်ဝန်းများမှာ တောက်ပနေပြီး ခန်းမအလယ်မှ လူနှစ်ဦးကို စူးစိုက်ကြည့်နေသည်။
"နယ်စားကြီး မျိုးနွယ်ခြားဘုရင်က ကိုယ်တိုင်ထွက်လာပြီး ဖျော်ဖြေရေးအနေနဲ့ ကူညီပေးနေတာ ဖြစ်လို့၊ အရှင်အနေနဲ့လည်း အားနာနေဖို့ မလိုပါဘူး၊ အရှင်မင်းမြတ်ကို စိတ်ပျက်အောင် မလုပ်မိစေနဲ့နော်" ကောင်းရှန်းက ရုတ်တရက် ကျယ်လောင်စွာ ပြောလိုက်သည်။
အခြားတစ်ဖက်တွင်မူ အန်းယာလုရှန်းသည် ဝမ်ချောင်၏တိုက်ခိုက်မှုအောက်တွင် "ခက်ခဲစွာ ခုခံနေရ" သော်လည်း ကောင်းရှန်း၏စကားကို ကြားလိုက်ရသည့်အခါ တစ်ကိုယ်လုံး တုန်ခါသွားပြီးနောက် ရုတ်တရက် သတိပြန်ဝင်လာခဲ့သည်။
ဝမ်ချောင်၏ နောက်ထပ်ပြင်းထန်လှသော ဓားချက်တစ်ခုမှာ ကောင်းကင်ယံမှ မိမိဆီသို့ ဦးတည်ကျရောက်လာသည်ကို မြင်တွေ့လိုက်ရသည့်အခါ၊ အန်းယာလုရှန်း၏ စိတ်ထဲ၌ ပြင်းထန်လှသော သတ်ဖြတ်လိုစိတ်များ နိုးထလာတော့သည်။
"ဝမ်ချောင် မင်း ငါ့ကို အရမ်း အနိုင်မကျင့်နဲ့ဦး၊ ငါက မင်းကို တကယ် ကြောက်နေတယ်လို့ ထင်နေတာလား"
အန်းယာလုရှန်း၏ မျက်ဝန်းထဲ၌ ပြင်းထန်လှသော သတ်ဖြတ်လိုသည့် အရိပ်အယောင်များ ရုတ်တရက် ထွက်ပေါ်လာတော့သည်။
"ဝုန်း"
စကားမဆုံးမီမှာပင် သူ၏ ခြေလှမ်းဖြင့် မြေပြင်ကို ပြင်းထန်စွာ တစ်ချက် နင်းလိုက်ရာ၊ ခဏချင်းအတွင်းမှာပင် မြေကမ္ဘာကြီး တုန်ခါသွားပြီး အရပ်မျက်နှာ အနှံ့အပြားရှိ ကျောက်စိမ်းပြားများ ခင်းထားသော မြေပြင်မှာ ချက်ချင်းပင် ကွဲအက်သွားကာ၊ အားကောင်းလှသော ဂန်ချီများကြောင့် ဝေဟင်ထက်သို့ လွင့်ပျံသွားပြီး မုန်တိုင်းတစ်ခုအလား သူတို့နှစ်ဦးကို ဝိုင်းရံလိုက်ကာ ဝမ်ချောင်ဆီသို့ ပြင်းထန်စွာ ဖိအားပေးလိုက်တော့သည်။
"ဝုန်း ဝုန်း ဝုန်း"
ခဏချင်းအတွင်းမှာပင် ဖုန်မှုန့်များနှင့် ကျောက်စအစများမှာ လေထုအတွင်း ပြည့်နှက်သွားပြီး၊ အန်းယာလုရှန်းနှင့် ဝမ်ချောင်တို့၏ ပုံရိပ်များကို ဖုံးကွယ်လိုက်သလို လူတိုင်း၏ မြင်ကွင်းကိုလည်း ပိတ်ဆို့လိုက်တော့သည်။
"သတိပေးချက်"
"ပိုင်ရှင်၏ လုပ်ဆောင်ချက်များသည် နဂါးစွမ်းအား လျော့နည်းမှုကို တားဆီးနိုင်ခြင်း မရှိသေးပါ၊ ပိုင်ရှင်၏ ကံကြမ္မာရန်သူသည် အလယ်ပိုင်းဒေသ နဂါးစွမ်းအားကို ဆက်တိုက် ခိုးယူနေဆဲ ဖြစ်သဖြင့်၊ ပြစ်ဒဏ်အနေဖြင့် ပိုင်ရှင်၏ ကံကြမ္မာစွမ်းအင် အမှတ် နှစ်သိန်းကို နုတ်ယူလိုက်ပါသည်၊ နောက်ဆက်တွဲ ပြစ်ဒဏ်များကို ဆက်လက် တွက်ချက်နေပါသည်"
လျှပ်စီးလက်သကဲ့သို့သော ခဏချင်းအတွင်းမှာပင် ကံကြမ္မာကျောက်တုံး၏ ရင်းနှီးလှသော အသံမှာ ထပ်မံ ထွက်ပေါ်လာပြန်ရာ၊ ထိုအသံကို ကြားလိုက်ရသည့် ခဏ၌ ဝမ်ချောင်၏ မျက်နှာမှာ ချက်ချင်းပင် ပြောင်းလဲသွားတော့သည်။
******
အခန်း (၂၀၀၇) မဟာနက္ခတ်ခုနစ်လုံး နဂါးနက် ကောင်းကင်ဝါးမြိုခြင်းကျင့်စဉ်
သူသည် မိမိ၏ ပြင်းထန်လှသော တိုက်ခိုက်မှုများမှာ အန်းယာလုရှန်းကို ဖိနှိပ်နိုင်ခဲ့ပြီး သူ၏ ခြေလှမ်းများကို ဖျက်ဆီးနိုင်ခဲ့သည်ဟု ထင်မြင်ခဲ့သော်လည်း၊ အလယ်ပိုင်းဒေသ နဂါးစွမ်းအားကို ခိုးယူနေခြင်းကိုမူ မည်သို့မျှ တားဆီးနိုင်ခြင်း မရှိသေးသည်ကို မထင်မှတ်ဘဲ တွေ့ရှိလိုက်ရသည်။
"အန်းယာလုရှန်းမင်း သေချင်နေတာပဲ"
ဝမ်ချောင်၏ အကြည့်များမှာ အေးစက်သွားပြီး စိတ်ထဲတွင် သတ်ဖြတ်လိုစိတ်များ ပြင်းထန်စွာ ပေါ်ပေါက်လာတော့သည်။
"ဝုန်း"
နောက်တစ်ခဏတွင် သူသည် မည်သို့မျှ တွန့်ဆုတ်မနေဘဲ ခန်းမအတွင်း၌ ကျန်ရှိနေသေးသော ကချေသည် အမျိုးသမီး အချို့ကို ဝမ်ချောင်၏ စွမ်းအားလှိုင်းများဖြင့် ပြင်းထန်စွာ လွင့်စင်သွားအောင် လုပ်ဆောင်လိုက်သည်။
၎င်းနောက်တွင်မူ၊ ဝမ်ချောင်၏ဒန်ထျန်အတွင်းမှ ဂန်ချီများမှာ ဟုန်းဟုန်းတောက်လောင်လာပြီး လက်ထဲမှ ဓားရှည်မှာလည်း အေးစက်လှသော အလင်းတန်းများ ထွက်ပေါ်လာကာ၊ မီးခိုးရောင် ဓားစွမ်းအားများမှာ ယခင်ကထက် အဆပေါင်းများစွာ ပိုပြင်းထန်လာပြီး အန်းယာလုရှန်းဆီသို့ ဦးတည် ခုတ်ပိုင်းလိုက်တော့သည်။
"ဟားဟား... ဝမ်ချောင် မင်း ငါ့ကို တားလို့ မရပါဘူး"
ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ အန်းယာလုရှန်းသည် ရုတ်တရက် ဟားတိုက် ရယ်မောလိုက်ပြီး သူလည်း အရာအားလုံးကို နားလည်သွားခဲ့ပြီ ဖြစ်သည်။
မျိုးနွယ်ခြားဘုရင်ဆိုတာ ဘာလဲ..
ပြည်နယ်ကိုးခု တပ်မှူးချုပ်ဆိုတာ ဘာလဲ။
သူ အရာအားလုံးကို ထိုးဖောက် မြင်နေလျှင်ပင် ဘာဖြစ်သနည်း။
သူ့ကို တားဆီးဖို့က ဒီလောက်အထိ လွယ်ကူလိမ့်မယ်လို့ တကယ်ပဲ ထင်နေတာလား?
ထို ကချေသည်အမျိုးသမီးများမှာ အမှန်တကယ်ပင် သူ တာ့ခ် ဒေသမှ ဖိတ်ခေါ်လာခဲ့သော အမျိုးသမီး မန္တန်ဆရာများ ဖြစ်ကြပြီး၊ သူ ကပြနေသော ဟူရွှမ်ကကွက် မှာလည်း ထိုသူများနှင့်အတူ လုပ်ဆောင်ရမည့် မန္တန်ခြေလှမ်းများသာ ဖြစ်သည်။
သို့သော်လည်း ထိုကချေသည်များမှာ အစပျိုးပေးရုံ သက်သက်သာဖြစ်ပြီး၊ မီးရှူးမီးပန်းများကဲ့သို့ပင် အစပိုင်းမှ ကြိုးကို မီးရှို့လိုက်ရုံဖြင့် နောက်ပိုင်း အစီအစဉ်များမှာ ထိုကြိုးနှင့် မသက်ဆိုင်တော့ပေ။
ဝမ်ချောင်အနေဖြင့် ထိုကချေသည်များ အားလုံးကို သတ်ပစ်လျှင်ပင်၊ ယခုအချိန်၌ သူ့အတွက် မည်သည့် သက်ရောက်မှုမျှ ရှိတော့မည် မဟုတ်ပေ။
"အခုတော့ ငါ့ရဲ့တိုက်ခိုက်မှုကို မြည်းစမ်းကြည့်လိုက်ဦး"
အန်းယာလုရှန်းက ဟားတိုက် ရယ်မောလိုက်သည်။
ဤစကားများကိုမူ သူသည် ဟူ ဘာသာစကားဖြင့် ပြောဆိုလိုက်ခြင်း ဖြစ်သည်။ အန်းယာလုရှန်းသည် နန်းတွင်းရှိ စစ်ဘက်၊ နယ်ဘက် အရာရှိများအပြင် သူတော်စင်ဧကရာဇ်ပင်လျှင် တိုင်းတစ်ပါး ဘာသာစကားကို တတ်မြောက်သူ အလွန် နည်းပါးကြောင်း သိရှိထားသည်။ ထို့အပြင် တတ်မြောက်သူ အများစုမှာလည်း စာပေအရာရှိများသာ ဖြစ်ကြရာ ယခုကဲ့သို့သော ရှုပ်ထွေးနေသည့် တိုက်ပွဲအတွင်း၌ သူ ဘာပြောသလဲဆိုသည်ကို မည်သို့မျှ ရှင်းလင်းစွာ ကြားနိုင်မည် မဟုတ်ပေ။
သို့သော်လည်း အန်းယာလုရှန်းသည် ဝမ်ချောင်နားလည်သွားလျှင် ရပြီဟု ယူဆထားသည်၊ အဘယ်ကြောင့်ဆိုသော် ဝမ်ချောင်သည် တိုင်းတစ်ပါး ဘာသာစကားကို တတ်မြောက်ကြောင်း သူ သေချာပေါက် သိရှိထားသောကြောင့်ပင်။
"ဝုန်း"
စကားမဆုံးမီမှာပင် အန်းယာလုရှန်းသည် ဝမ်ချောင်၏ ဓားချက်ကို စက္ကန့်ပိုင်းအတွင်း ရှောင်လွှဲလိုက်ပြီး၊ နောက်ထပ် မစဉ်းစားတော့ဘဲ ဓားတစ်ချက်ဖြင့် ဝမ်ချောင်ကို ပြန်လည်တိုက်ခိုက်လိုက်ရာ၊ လေထုအတွင်း၌ လေပြင်းနှင့် မိုးကြိုးသံများ ပဲ့တင်ထပ်သွားတော့သည်။
ထိုမျှသာမကဘဲ၊ လေထုအတွင်းရှိ အဆုံးမဲ့သော ဝိညာဉ်စွမ်းအားများနှင့် တောင်တန်း၊ မြေကမ္ဘာ၏ စွမ်းအားများမှာ အန်းယာလုရှန်း၏ ဂန်ချီများ အတွင်းသို့ စီးဝင်သွားပြီး ဝမ်ချောင်ဆီသို့ ပြင်းထန်စွာ ကျရောက်သွားတော့သည်။
"တကယ်ကို ကောင်းတာပဲ"
ဤအပြောင်းအလဲကို ခံစားလိုက်ရသည့် အခါ အန်းယာလုရှန်းမှာ အလွန်ပင် ဝမ်းမြောက်သွားတော့သည်။ ၎င်းမှာ သူ၏ နဂါးစွမ်းအားများ စုဆောင်းမှု အဆင့်တစ်ခုသို့ ရောက်ရှိသွားသဖြင့် စွမ်းအားများ ပြောင်းလဲသွားခြင်းပင် ဖြစ်သည်။
နဂါးစွမ်းအားများ တိုးတက်လာသည်နှင့်အမျှ၊ သူသည် အလယ်ပိုင်းဒေသ ကိုးပြည်ထောင်နှင့် လောကကြီးဆီမှ အပိုဆောင်း စွမ်းအားများကို ရယူ၍ မိမိကိုယ်မိမိ အားဖြည့်နိုင်လာခဲ့ပြီ ဖြစ်သည်။
ခန်းမ၏ ပတ်ဝန်းကျင်ရှိ စားပွဲဝိုင်းများတွင် ထိုင်နေကြသော ချွေချန်းယုံ၊ ထျန်းချန်းစီနှင့် ကောင်းရှန်း၊ ယန်ကျွမ်းတို့မှာလည်း ဤမြင်ကွင်းကို ကြည့်ရင်း အလွန်ပင် စိတ်လှုပ်ရှားနေကြတော့သည်။
"အရာရာကို ပြောင်းလဲနိုင်ခဲ့ပြီ၊ အခြေအနေတွေက ငါတို့ဘက်မှာ ရှိနေပြီ၊ သခင်၊ အခုဆိုရင် ဘယ်သူမှ ငါတို့ကို တားလို့ မရတော့ဘူး"
ခန်းမ၏ ဘေးအစွန်၌ ထိုင်နေသော ကောင်းရှန်းသည် ငြိမ်သက်စွာ ထိုင်နေသော်လည်း၊ သူ၏ မျက်ဝန်းထဲ၌ ပြတ်သားလှသော အလင်းတန်းတစ်ခု ဖြတ်ပြေးသွားတော့သည်။
"ဝုန်း"
ထိုအခိုက်အတန့်တွင် ကောင်းကင်ယံမှ စီးမိုးကြည့်ရှုလိုက်ပါက မြေကမ္ဘာကြီးမှာ တုန်ခါနေပြီး အလွန်ဝေးကွာလှသော ယိုကျိုးဒေသ၌ အနည်းဆုံး စွမ်းအား အလင်းတန်း တစ်ဆယ့်ခြောက်ခုမှာ ကောင်းကင်ယံသို့ ဟိန်းထွက်နေသည်။ တောင်ဘက်သို့ လှမ်းကြည့်လိုက်ပါကလည်း နောက်ထပ် အလင်းတန်း တစ်ဆယ့်ခြောက်ခုမှာ ကောင်းကင်သို့ ဟိန်းထွက်နေသည်။ ဤအရာများမှာ ကောင်းရှန်းက ရှန်းကျိုးမြေပြင်ပေါ်၌ ကြိုတင် ပြင်ဆင်ထားခဲ့သော အစီအစဉ်များပင် ဖြစ်သည်။
ထို စွမ်းအားအလင်းတန်း အားလုံးမှာ မြို့တော်အတွင်းရှိ အလင်းတန်းများနှင့် တစ်ခုနှင့်တစ်ခု ဆက်စပ်နေကြပေသည်။
မြို့တော်၏ အရှေ့၊ တောင်၊ နောက်၊ မြောက် အရပ်မျက်နှာ အသီးသီးမှ အလင်းတန်း အမြောက်အမြားမှာ ညမှောင်ထုအတွင်းမှ ပွင့်ထွက်လာကြပြီး၊ ကောင်းကင်ယံမှ ကြယ်စင်များအလား မြို့တော်အတွင်း၌ ကြီးမားလှသော မဟာဗျူဟာတစ်ခုကို တည်ဆောက်လိုက်ကြသည်။ ထိုမဟာဗျူဟာ၏ အလယ်ဗဟိုချက်မှာမူ ဟွာအယ်ရှန်းဟွေး နန်းဆောင် အတွင်းရှိ အန်းယာလုရှန်းပင် ဖြစ်သည်။
မဟာနက္ခတ်ခုနစ်လုံး နဂါးနက် ကောင်းကင်ဝါးမြိုခြင်းကျင့်စဉ်
၎င်းမှာ ကောင်းရှန်းနှင့် ယိုကျိုးရှိ လူအားလုံးက အချိန်အတော်ကြာအောင် အစွမ်းကုန် ကြိုးစား၍ တည်ဆောက်ထားခဲ့သော၊ အလယ်ပိုင်းဒေသ နဂါးစွမ်းအားကို ခိုးယူမည့် မဟာဗျူဟာကြီးပင် ဖြစ်သည်။
ယိုကျိုး၏ စွမ်းအားများမှာ ယိုကျိုး၏မြေကို ထိန်းချုပ်ရန်နှင့် အန်းယာလုရှန်း၏ ကံကြမ္မာကို မြှင့်တင်ရန်အတွက်ဖြစ်ပြီး၊ အနောက်တောင်ဘက်ရှိ စွမ်းအားများမှာမူ နဂါးစစ်စစ်ကို ချုပ်ကိုင်ရန်အတွက် ဖြစ်သည်။ သို့သော်လည်း အရေးကြီးဆုံး အချက်မှာ ကောင်းရှန်းက မြို့တော်အတွင်းသို့ အကြိမ်ပေါင်းများစွာ ခိုးယူသယ်ဆောင်လာခဲ့သော ကြီးမားလှသည့် သေတ္တာကြီး အလုံးပေါင်းများစွာပင် ဖြစ်သည်။ ထို သေတ္တာအချို့မှာ သာမန် ပြည်သူများ၏ နေအိမ်များတွင် ရှိနေသလို၊ အချို့မှာ တည်းခိုခန်းများ၊ ဆိုင်ခန်းများနှင့် အချို့မှာ အစိုးရ ရုံးဌာနများအတွင်း၌ပင် ရှိနေပေသည်
နေရာတိုင်းတွင် ယိုကျိုး၏ စစ်သည်တော်များနှင့် ထိပ်သီးပုဂ္ဂိုလ်များက စောင့်ကြပ်နေကြသည်။ ထိုသေတ္တာ အားလုံးမှာ မြို့တော်အတွင်း၌ မဟာဗျူဟာတစ်ခု တည်ဆောက်လိုက်ပြီး နဂါးကို ပိတ်လှောင်သည့် အခြေအနေကို ဖန်တီးလိုက်ခြင်းပင် ဖြစ်သည်။
မြို့တော်အတွင်းရှိ နဂါးပိတ်လှောင်ခြင်း အစီအစဉ်နှင့် အနောက်တောင်ဘက်၊ ယိုကျိုးရှိ မဟာဗျူဟာများမှာ ပေါင်းစပ်သွားခဲ့ပြီး မဟာနက္ခတ်ခုနစ်လုံး နဂါးနက် ကောင်းကင်ဝါးမြိုခြင်းကျင့်စဉ်ကို ဖြစ်ပေါ်စေခဲ့သည်။
ရှေးဟောင်း ဗေဒင်ပညာရပ်များအရ၊ ခြေသည်းငါးချောင်းပါ နဂါးစစ်စစ်မှာ တရားဝင် အုပ်ချုပ်သူကို ကိုယ်စားပြုပြီး၊ နဂါးစစ်စစ်မှာ ရွှေနဂါးထက်ပင် သာလွန်ပေသည်။ နဂါးနက်မှာမူ နဂါးမျိုးနွယ်အားလုံးထဲတွင် ပုန်ကန်လိုသော နဂါးဖြစ်သလို ဆန့်ကျင်လိုသော နဂါးလည်း ဖြစ်သည်။ ၎င်းမှာ မင်းဆက်တစ်ခုကို အသစ်လဲလှယ်မည့်သူ သို့မဟုတ် လက်ရှိ မင်းဆက်ကို ဖြုတ်ချမည့် "အနာဂတ် နဂါးစစ်စစ်" ကို ကိုယ်စားပြုပေသည်။
နဂါးနက်အနေဖြင့် လက်ရှိ မင်းဆက်၏ နဂါးစွမ်းအားကို ဝါးမျိုနိုင်မှသာလျှင်၊ ၎င်း၏ နေရာတွင် အစားထိုး ဝင်ရောက်နိုင်ပြီး နဂါးစစ်စစ်အဖြစ်သို့ ကူးပြောင်းကာ လောကကြီးကို ပြန်လည် အုပ်ချုပ်နိုင်မည် ဖြစ်သည်။
ယခု အခိုက်အတန့်တွင် နဂါးနက်က ကိုယ်စားပြုထားသူမှာ အန်းယာလုရှန်းပင်တော့သည်။
နဂါးစွမ်းအားများမှာ ဟုန်းဟုန်းတောက်လောင်နေပြီး တစ်စိတ်တစ်ပိုင်းမှာ အန်းယာလုရှန်း၏ ခန္ဓာကိုယ်အတွင်းသို့ စီးဝင်သွားကာ အခြားတစ်စိတ်တစ်ပိုင်းမှာမူ အရှေ့မြောက်ဘက် ယိုကျိုးဆီသို့ ဦးတည်သွားပြီး အရှေ့မြောက်ဘက်၏ကံကြမ္မာကို မြှင့်တင်ပေးကာ ယိုကျိုး၏မြေသွေးကြောကို နဂါးဂူအဖြစ်သို့ ကူးပြောင်းပေးနေတော့သည်။
ဤအတိုင်းသာ ဆက်သွားပါက အလယ်ပိုင်းဒေသ မဟာထန်၏အင်အားများမှာ ပျက်သုဉ်းသွားမည်မှာ သေချာလှပေသည်။
သို့သော်လည်း အန်းယာလုရှန်းနှင့် ကောင်းရှန်းတို့ သတိမထားမိသည်မှာ ဝမ်ချောင်သည် ဤအစီအစဉ်များအားလုံးကို ကြိုတင်သိမြင်နေပြီး မြို့တော်အတွင်းသို့ သယ်ဆောင်လာသော ထို သေတ္တာများကိုလည်း တစ်လုံးမကျန် ခြေရာခံထားနိုင်ခြင်းပင် ဖြစ်သည်။
ညမှောင်ထုအတွင်း၊ မြို့အနောက်ဘက်ရှိ လူနေအိမ်တစ်ခုအတွင်း၌ မီးရောင်များ လင်းထိန်နေပေသည်။
ခန္ဓာကိုယ် ထွားကျိုင်းလှသော ယိုကျိုးစစ်သည် တစ်ဆယ့်တစ်ဦးခန့်မှာ ဝိုင်းဖွဲ့၍ ပတ်ဝန်းကျင်ကို သတိကြီးစွာဖြင့် စောင့်ကြည့်နေကြသည်။
"ရှပ်"
မည်သည့် အရိပ်အယောင်မျှ မရှိဘဲ၊ စူးရှလှသော အသံနှင့်အတူ မြားတစ်စင်းမှာ သေတ္တာကို ထိုးဖောက်သွားပြီး၊ ယိုကျိုး ခြေလျင်တပ်သား တစ်ဦး၏ နှလုံးသားကို ချက်ချင်းပင် ထိုးဖောက်သွားတော့သည်။ ထိုသူမှာ အသံတစ်ချက်မျှပင် မထွက်နိုင်ဘဲ မြေပြင်ပေါ်သို့ လဲကျသေဆုံးသွားတော့သည်။ နေအိမ်အတွင်းရှိ စစ်သည်များမှာ ခုခံရန် ပြင်ဆင်လိုက်ကြသော်လည်း၊ သူတို့၏ ရှေ့မှောက်သို့ မြားမိုးများမှာ အရှိန်အဟုန်ဖြင့် ကျရောက်လာတော့သည်။
******
အခန်း (၂၀၀၈) လုပ်ကြံသတ်ဖြတ်မှု
သို့သော် ကျန်ရှိနေသော ခြေလျင်တပ်သားများမှာ သူတို့၏ ထူးကဲသော စွမ်းရည်များကို ချက်ချင်းပင် ထုတ်ဖော်ပြသလိုက်ကြသည်။
တောက်၊ တောက်၊ တောက်၊ ဓားရှည်များဖြင့် အဆက်မပြတ် ကာကွယ်လိုက်ရာ၊ မြားမြောက်များစွာမှာ သူတို့၏ တားဆီးခြင်းကို ခံလိုက်ရသည်။
စစ်သည် အနည်းငယ်သာ မြားမှန်ခဲ့သော်လည်း အရေးမကြီးသော နေရာများတွင်သာ ဖြစ်သည်။
ဤမျှလောက်သော အရည်အချင်းမှာ ထိုသူများအားလုံးသည် သာမန်လူများ မဟုတ်ဘဲ ထိပ်သီး စစ်သည်တော်များဖြစ်ကြောင်း သိသာစေသည်။
သို့သော်လည်း သူတို့ အသက်ရှူရန် အချိန်မရမီမှာပင်၊ နောက်တစ်ခဏ၌ မြင်းခွာသံများ ဆက်တိုက်ထွက်ပေါ်လာပြီး သတ်ဖြတ်လိုသော အရှိန်အဝါများ ပြည့်နှက်နေသည့် ဟစ်အော်သံများမှာ နားကွဲမတတ် ထွက်ပေါ်လာကာ အလွန် မြန်ဆန်လှသော အရှိန်ဖြင့် အနားသို့ ချဉ်းကပ်လာခဲ့သည်။
"ဒီနေရာပဲ၊ အားလုံးကို ဝိုင်းထားကြစမ်း"
"တစ်ယောက်မှ လွတ်အောင် မထားနဲ့"
"သစ္စာဖောက်တွေပဲ၊ လူကြီးမင်းရဲ့ အမိန့်အတိုင်း တစ်ယောက်မကျန် သတ်ပစ်ကြစမ်း"
မြင်းခွာသံများမှာ အလွန်မြန်ဆန်လှပြီး ခဏချင်းအတွင်းမှာပင် ထိုနေရာကို ဝိုင်းရံလိုက်ကြသည်။ ကျန်ရှိနေသော ယိုကျိုးခြေလျင်တပ်သားများ သတိမဝင်နိုင်သေးမီမှာပင် ဝုန်း ဆိုသည့် အသံနှင့်အတူ တံခါးကြီးမှာ ပွင့်ထွက်သွားတော့သည်။
လင်းထိန်နေသော မီးရှူးတိုင်များကြား၌ မြို့တော်ကာကွယ်ရေးတပ်၊ မြို့စောင့်တပ်ဖွဲ့နှင့် အရပ်ဝတ် ဝတ်ဆင်ထားသော ထိပ်သီး ပုဂ္ဂိုလ် အမြောက်အမြားမှာ အရှိန်အဟုန်ဖြင့် ဝင်ရောက်လာကြပြီး ထိုယိုကျိုးခြေလျင်တပ်သား တစ်ဆယ့်တစ်ဦးခန့်ဆီသို့ အပြေးအလွှား သွားရောက် တိုက်ခိုက်ကြတော့သည်။
"အား"
ထို ယိုကျိုးခြေလျင်တပ်သားများမှာ ထိပ်သီးစစ်သည်တော်များ ဖြစ်ကြသော်လည်း မိမိတို့ထက် အင်အား သာလွန်လှသော ပြိုင်ဘက်များကို ရင်ဆိုင်ရသည့်အခါ စက္ကန့်ပိုင်းအတွင်းမှာပင် ဓားချက်များစွာဖြင့် သတ်ဖြတ်ခြင်း ခံလိုက်ရတော့သည်။
ရှပ်
ခေါင်းဆောင်ဖြစ်သော မြို့စောင့်တပ်ဖွဲ့အရာရှိ တစ်ဦးသည် မြင်းပေါ်မှ ဆင်းလိုက်ပြီး ခန္ဓာကိုယ်ကို ငုံ့ကာ၊ အမျိုးသား တစ်ဦး၏ ကိုယ်ပေါ်မှ ဝတ်ရုံကို ပြင်းထန်စွာ ဆွဲဖြဲလိုက်သည်။
ခရမ်းရောင်နှင့် အမည်းရောင် သံချပ်ကာ
"ဒီလူတွေက ယိုကျိုးစစ်သည်တွေပဲ၊ မှန်သွားပြီ"
ထို မြို့စောင့်တပ်ဖွဲ့အရာရှိက ခေါင်းညိတ်၍ ပြောလိုက်ပြီးနောက် ထိုယိုကျိုးစစ်သည်၏ အလောင်းကို ဘေးသို့ ကန်ထုတ်လိုက်ကာ ရှေ့သို့ လျင်မြန်စွာ လျှောက်လှမ်းသွားခဲ့သည်။
ထိုစစ်သည်များ၏ နောက်ကွယ်တွင် သေးငယ်သော ယဇ်ပလ္လင်တစ်ခုကို မြင်တွေ့လိုက်ရသည်။
ယဇ်ပလ္လင်မှာ ခြေလှမ်း သုံးလှမ်းခန့်သာ ကျယ်ပြီး နှစ်တောင်ခန့် မြင့်မားကာ ထိပ်ဖျားတွင် အမည်းရောင် အလံတစ်ခုကို စိုက်ထူထားပြီး အမည်းရောင် ကျောက်စိမ်းပြားတစ်ခုကိုလည်း တပ်ဆင်ထားသည်။
ထို အမည်းရောင် ကျောက်စိမ်းပြားမှာ ကြီးမားလှသော ကျောက်စိမ်းဝိုင်းကြီး တစ်ခု၏အစိတ်အပိုင်း တစ်ခုဖြစ်မှန်း သိသာလှသည်။ ၎င်းကို မဟာဗျူဟာ၏ ဗဟိုချက်အဖြစ် အသုံးပြုထားခြင်း ဖြစ်ပြီး တစ်ခုနှင့်တစ်ခု ဆက်စပ်နေကာ ပိုမို ကြီးမားသော မဟာဗျူဟာကြီးတစ်ခုကို တည်ဆောက်ထားခြင်း ဖြစ်သည်။
"ရှပ်"
ထို မြို့စောင့်တပ်ဖွဲ့အရာရှိသည် ဓားကို ဆွဲထုတ်လိုက်ပြီး တစ်ချက်တည်းဖြင့် ထိုအမည်းရောင် အလံကို ခုတ်ပိုင်းလိုက်ကာ လက်ကို နှိုက်၍ နဂါးပုံစံပါ အမည်းရောင် ကျောက်စိမ်းပြားကို ဆွဲယူလိုက်ပြီး လျင်မြန် ပြတ်သားစွာဖြင့် လုပ်ဆောင်လိုက်သည်။
"သွားကြစို့ ငါတို့မှာ လုပ်စရာတွေ အများကြီး ကျန်သေးတယ်။ တခြား ညီအစ်ကိုတွေရဲ့ လှောင်ပြောင်တာကို မခံနိုင်ဘူး၊ လူကြီးမင်းက စောင့်နေတယ်"
ထိုအရာရှိသည် အလံကို နုတ်လိုက်ပြီး နဂါးပုံစံပါ ကျောက်စိမ်းပြားကို အမှုန့်ဖြစ်အောင် ချေမွလိုက်ကာ မြေပြင်ပေါ်မှ အလောင်းများကို တစ်ချက်မျှပင် မကြည့်တော့ဘဲ သူ၏ လက်အောက်ငယ်သားများကို ဦးဆောင်၍ အပြင်သို့ ထွက်ခွာသွားခဲ့သည်။
ယခု လုပ်ဆောင်ချက်မှာ မျိုးနွယ်ခြားဘုရင်၏အမိန့်ဖြစ်ကြောင်း လူတိုင်း သိရှိထားကြသည်
ထိုပုဂ္ဂိုလ်ကြီးမှာ မြို့စောင့်တပ်ဖွဲ့ဆီမှ အကူအညီကို အလွယ်တကူ တောင်းခံလေ့ မရှိပေ၊ ထို့ကြောင့် အမိန့်ရရှိသည့် အချိန်မှစ၍ မြို့စောင့်တပ်ဖွဲ့ဝင် အားလုံးမှာ အားတက်နေကြပြီး ထိုပုဂ္ဂိုလ်ကြီး၏ ရှေ့မှောက်တွင် မျက်နှာမပျက်စေရန် အစွမ်းကုန် ကြိုးစားနေကြခြင်း ဖြစ်သည်။
ထို့အပြင် ထို ပုဂ္ဂိုလ်ကြီးက အလေးထားပြီး အထူး စီစဉ်ခိုင်းသည့် ကိစ္စမှာ အသေးအဖွဲ ကိစ္စ မဟုတ်နိုင်ပေ။
ရှပ်၊ ခဏချင်းအတွင်းမှာပင် လူတိုင်းမှာ ပျောက်ကွယ်သွားကြတော့သည်။
မြို့အရှေ့၊ မြို့တောင်၊ မြို့နောက်၊ မြို့မြောက် အရပ်မျက်နှာ အသီးသီးရှိ မြို့စောင့်တပ်ဖွဲ့အားလုံးမှာ လှုပ်ရှားနေကြပြီ ဖြစ်သည်။ နေအိမ်များ၊ ပိတ်ထားသော ဆိုင်ခန်းများနှင့် တည်းခိုခန်းများအတွင်းသို့။
တစ်သုတ်ပြီးတစ်သုတ်သော စစ်သည်များမှာ ဝမ်ချောင်၏ လက်အောက်ခံ တပ်ဖွဲ့များနှင့် ပူးပေါင်း၍ အရှိန်အဟုန်ဖြင့် ဝင်ရောက်ကာ ၎င်းအတွင်းရှိ ယိုကျိုးစစ်သည်များကို တစ်ယောက်မကျန် သတ်ဖြတ်လိုက်ကြသည်။
လျှို့ဝှက်သော ယဇ်ပလ္လင်များ၊ အလံများနှင့် နဂါးပုံစံပါ အမည်းရောင် ကျောက်စိမ်းများ အားလုံးမှာလည်း ဖျက်ဆီးခြင်း ခံလိုက်ရသည်၊ အော်ဟစ်သံများနှင့် တိုက်ခိုက်သံများမှာ ဆက်တိုက် ထွက်ပေါ်နေသော်လည်း ယခု အချိန်တွင်မူ မည်သူမျှ သတိမထားမိကြပေ၊ ပြည်သူများ အားလုံးမှာ တိုင်းနိုင်ငံပေါင်းစုံ ပွဲတော်၏ ပျော်ပွဲရွှင်ပွဲများအတွင်း၌သာ စိတ်ရောက်နေကြပြီး လှပသော မီးပုံးများကိုသာ ကြည့်ရှုနေကြသောကြောင့် ဖြစ်သည်။
ထိုအချိန်တွင် မြို့တော်၏ အလယ်ဗဟို၌ ပုံရိပ်တစ်ခုမှာ သံချပ်ကာများကို ဝတ်ဆင်ထားရင်း နေအိမ် တံတိုင်းတစ်ခုပေါ်၌ မလှုပ်မယှက် ရပ်နေသည်။ ထိုသူမှာ ဗိုလ်ချုပ် ကျန်းယွမ်ရန့် ပင် ဖြစ်သည်။
ကျန်းယွမ်ရန့်သည် ထျန်းချန်းစီနောက်မှ လိုက်သွားခဲ့ပြီး၊ ထျန်းချန်းစီ ပြန်ရောက်သွားသည်ကို တွေ့ရှိလိုက်ရသည့်အခါတွင်မူ သူသည် ဟွာအယ်ရှန်းဟွေး နန်းဆောင်ဆီသို့ ပြန်မသွားတော့ဘဲ နန်းတော်တံခါးကို ဖြတ်ကျော်ကာ နန်းတော်အပြင်သို့ ထွက်ခွာခဲ့ခြင်း ဖြစ်သည်။
တတိယအကြိမ် ခေါင်းလောင်းထိုးပြီးနောက်တွင် စစ်ဘက်၊ နယ်ဘက် အရာရှိများ ဝင်ရောက်ခွင့် မရှိသော်လည်း အပြင်သို့ ထွက်ခွာခွင့်မူ ရှိပေသည်။ ကျန်းယွမ်ရန့်သည် သူ သွားရောက်ရမည့် နေရာသို့ တိုက်ရိုက် သွားရောက်ခဲ့ပြီး မြို့စောင့်တပ်ဖွဲ့ကို စတင် ကွပ်ကဲကာ ယခု လုပ်ဆောင်ချက်ကို ညွှန်ကြားနေခြင်း ဖြစ်သည်။
လက်ရှိ မြို့တော်အတွင်း၌ မီးရှူးမီးပန်းသံများဖြင့် စည်ကားနေသော်လည်း၊ ညမှောင်ထုအတွင်း၌မူ မတည်ငြိမ်မှုများနှင့် သွေးညှီနံ့များ လွှမ်းမိုးနေကာ အခြားသူများ မမြင်တွေ့နိုင်သော နေရာများတွင် တိုက်ပွဲများ ဖြစ်ပွားနေပေသည်။
ကျန်းယွမ်ရန့်သည် အဝေးသို့ လှမ်းကြည့်လိုက်ရာ မြို့တော်အတွင်းရှိ အိမ်ခြေများမှာ စီတန်းနေပြီး၊ နေရာအကွာအဝေးအလိုက် အိမ်ခေါင်မိုးများပေါ်တွင် လက်ဖြောင့်လေးသမားတစ်ဦးစီ ရှိနေကာ ပတ်ဝန်းကျင်ကို သတိကြီးစွာဖြင့် စောင့်ကြည့်နေကြသည်။ ယခုကဲ့သို့သော လက်ဖြောင့်လေးသမား အမြောက်အမြားမှာ မြို့တစ်မြို့လုံးသို့ ပျံ့နှံ့နေပေသည်။
သူတို့၏ အကြည့်များမှာ စူးရှနေပြီး ပတ်ဝန်းကျင်ကို အချိန်မရွေး စောင့်ကြည့်နိုင်ကြသည်။
မြို့စောင့်တပ်ဖွဲ့များ မတိုက်ခိုက်မီက ကျရောက်လာသော မြားမိုးများမှာ ထိုသူများ၏ လက်ချက်ပင် ဖြစ်သည်။
ယခုကဲ့သို့သော အစီအစဉ်ကြီးမှာ ဝမ်ချောင်တစ်ဦးတည်း၏ အင်အားဖြင့် လုပ်ဆောင်ရန် မဖြစ်နိုင်ပေ။ ၎င်းမှာ မြို့စောင့်တပ်ဖွဲ့၊ မြို့တော်ကာကွယ်ရေးတပ်နှင့် စုန့်ဘုရင် အိမ်တော်တို့ ပူးပေါင်း လုပ်ဆောင်လိုက်သည့် ရလဒ်ပင် ဖြစ်သည်။
ယနေ့ မြို့တော်တစ်ခုလုံးမှာ ဝမ်ချောင်၏ ထိန်းချုပ်မှုအောက်သို့ ရောက်ရှိနေပြီ ဖြစ်သည်။
"မျိုးနွယ်ခြားဘုရင် မင်း ဘာလုပ်ချင်နေသလဲဆိုတာကို ငါ မသိသလို၊ ဘယ်လို ကိစ္စမျိုးမို့လို့ အခုလို အစီအစဉ်ကြီးကြီးမားမားတွေ လုပ်ဆောင်နေရသလဲဆိုတာကိုလည်း ငါ မသိပါဘူး။ ဒါပေမဲ့ မင်းရဲ့အမိန့်ဖြစ်နေသရွေ့ ငါကတော့ တွန့်ဆုတ်မနေဘဲ လုပ်ဆောင်သွားမှာပါ၊ ဘာလို့လဲဆိုတော့ မင်းမှာ ခိုင်လုံတဲ့ အကြောင်းပြချက် ရှိမယ်ဆိုတာကို ငါ ယုံကြည်သလို ငါတို့ကိုလည်း စိတ်ပျက်အောင် လုပ်မှာ မမဟုတ်ဘူးလို့ ယုံကြည်ထားလို့ပဲ"
"မင်း မပြောပြပေမဲ့လည်း၊ မင်း အခု လုပ်နေတဲ့ ကိစ္စကို ရဲရဲဝံ့ဝံ့သာ ဆက်လုပ်ပါ"
ဗိုလ်ချုပ်ကျန်းယွမ်ရန့်သည် ဟွာအယ်ရှန်းဟွေးနန်းဆောင် ရှိရာဘက်သို့ လှည့်ကြည့်လိုက်ရင်း စိတ်ထဲမှ ရေရွတ်လိုက်သည်။
ဖြောင်း..
စကားမဆုံးမီမှာပင် ကျန်းယွမ်ရန့်သည် သူ၏လက်ချောင်းများဖြင့် နေအိမ်အတွင်းမှ လုယူလာသော နဂါးပုံစံပါ အမည်းရောင် ကျောက်စိမ်းကို အမှုန့်ဖြစ်အောင် ချေမွလိုက်သည်။
ထို နဂါးပုံစံပါ အမည်းရောင် ကျောက်စိမ်းမှာ အမှုန့်ဖြစ်သွားသည့် ခဏ၌ မြို့တော်၏ ဝေဟင်ထက်တွင် ရေတံခွန်သဖွယ် စီးဆင်းနေပြီး ဟွာအယ်ရှန်းဟွေး နန်းဆောင်ဆီသို့ ဦးတည်နေသော အလယ်ပိုင်းဒေသ နဂါးစွမ်းအားများမှာလည်း ပြင်းထန်စွာ တုန်ခါသွားတော့သည်။
"မဖြစ်နိုင်ဘူး ငါ မယုံဘူး၊ ဒါ လုံးဝ မဖြစ်နိုင်ဘူး"
ထိုအချိန်တွင် ဟွာအယ်ရှန်းဟွေးနန်းဆောင် အတွင်း၌ အန်းယာလုရှန်းသည် စိတ်အာရုံထဲမှ ပေါက်ကွဲသံများကို ခံစားလိုက်ရပြီး သူ၏ ဦးခေါင်းထက်တွင် ဆက်တိုက် လျော့နည်းနေသော နဂါးစွမ်းအားများကြောင့် စိတ်ထဲ၌ ထိတ်လန့်တုန်လှုပ်သွားကာ အလွန်ပင် ဒေါသထွက်နေတော့သည်။
စက္ကန့်ပိုင်းအတွင်းမှာပင် သူ ရရှိနေသော အင်အားများမှာ သိသိသာသာ ပြောင်းလဲသွားခဲ့သည်။ အစပိုင်းတွင် နဂါးစွမ်းအားများမှာ မြစ်ရေများအလား အရှိန်အဟုန်ဖြင့် စီးဝင်နေခဲ့သော်လည်း ယခုအခါတွင်မူ သေးငယ်သော စမ်းချောင်းလေးအလား ဖြစ်သွားခဲ့ပြီး ယခင်ကထက် ဆယ်ပုံတစ်ပုံမျှပင် မရှိတော့ပေ။ ၎င်းမှာ အန်းယာလုရှန်းမထင်မှတ်ထားသော ကိစ္စပင် ဖြစ်သည်။
"ဘာတွေ ဖြစ်ကုန်တာလဲ"
ခန်းမ၏ ဘေးအစွန်ရှိ စားပွဲဝိုင်း၌ ထျန်းချန်းစီသည် နောက်သို့ လှည့်ကြည့်လိုက်ကာ ကောင်းရှန်းကို လှမ်းကြည့်လိုက်သည်။
"သုံးဆယ့်လေးနေရာ၊ အနည်းဆုံး နေရာပေါင်း သုံးဆယ့်လေးနေရာမှာရှိတဲ့ ငါတို့ရဲ့ စခန်းတွေ အားလုံး ဖျက်ဆီးခံလိုက်ရပြီ"
ကောင်းရှန်း၏ မျက်နှာမှာလည်း ယခုအခါ ဖြူလျော်နေတော့သည်။
အစီအစဉ် အားလုံးကို သူ ကိုယ်တိုင် ချမှတ်ထားခဲ့ခြင်းဖြစ်ရာ ယခုကဲ့သို့သော ရလဒ် ထွက်ပေါ်လာရန်အတွက် ဝမ်ချောင်အနေဖြင့် သူတို့၏စခန်းပေါင်း သုံးဆယ့်လေးနေရာထက် မနည်းကို ဖျက်ဆီးခဲ့ရမည် ဖြစ်သည်။ သို့သော် ၎င်းမှာ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။
ထိုအခိုက်အတန့်တွင် ခန်းမအလယ်၌ လှုပ်ရှားနေသော လူငယ်ပုံရိပ်ကို ကြည့်ရင်း ကောင်းရှန်းသည် သရဲတစ္ဆေ မြင်တွေ့လိုက်ရသကဲ့သို့ပင် ခံစားလိုက်ရသည်။
"ငါ အခုချက်ချင်း အပြင်ထွက်မယ်"
ချွေချန်းယုံသည် ခေတ္တမျှ စဉ်းစားပြီးနောက် ရုတ်တရက် မတ်တပ်ရပ်၍ အပြင်သို့ ထွက်ခွာရန် ပြင်ဆင်လိုက်သည်။ နန်းတော်တံခါးများ ပိတ်ထားသော်လည်း အဝင်ကိုသာ တားမြစ်ထားခြင်းဖြစ်ပြီး ပွဲတော်အတွင်းရှိ လူများမှာ အပြင်သို့ ထွက်ခွာခွင့် ရှိပေသည်။
သို့သော်လည်း ချွေချန်းယုံ မတ်တပ်ရပ်လိုက်သည်နှင့် သူ့ကို တစ်စုံတစ်ဦးက လှမ်းဆွဲလိုက်သည်။ ထိုသူမှာ ကောင်းရှန်းမဟုတ်ဘဲ ဘေးနားရှိ ယန်ကျွမ်းပင် ဖြစ်သည်။
ယန်ကျွမ်းက ခေါင်းကို မော့ကာ ချွေချန်းယုံကို ကြည့်ရင်း ခေါင်းခါပြလိုက်သည်။
"အချိန်မမီတော့ဘူး၊ အဲဒီလူရဲ့လုပ်ဆောင်ပုံအရ ငါတို့ရဲ့ နေရာပေါင်း သုံးဆယ်ကို ရှာတွေ့နိုင်တယ်ဆိုရင် တခြားနေရာတွေကိုလည်း ရှာတွေ့မှာပဲ။ အခု အပြင်ထွက်ရင် နောက်ကျသွားပြီ၊ ဘယ်သူမှ လွတ်အောင် ပြေးနိုင်မှာ မဟုတ်တော့ဘူး"
ယန်ကျွမ်း၏ စကားကြောင့် လူတိုင်း၏ စိတ်နှလုံးမှာ ရေအောက်သို့ နစ်မြုပ်သွားသကဲ့သို့ ခံစားလိုက်ရသည်။
မြို့တော်သို့ မလာမီက သူနှင့်ကောင်းရှန်းတို့သည် ဝမ်ချောင်၏ အကြောင်းအရာ မှတ်တမ်းများကို သေချာစွာ ဖတ်ရှုခဲ့ကြသည်။ ဝမ်ချောင်၏ လုပ်ဆောင်ပုံမှာ သေချာပြင်ဆင်ပြီးမှ လှုပ်ရှားတတ်ခြင်းဖြစ်ပြီး တစ်ကြိမ် လှုပ်ရှားလိုက်လျှင်လည်း ပြိုင်ဘက်ကို အသက်ရှင်ခွင့် မပေးဘဲ အသေအလဲ တိုက်ခိုက်တတ်ခြင်း ဖြစ်သည်။
လွန်ခဲ့သော နှစ်ပေါင်းများစွာက သူသည် အသက် တစ်ဆယ့်ခြောက်နှစ်သာ ရှိသေးသော်လည်း ကျန်းရှို့ကွေးကဲ့သို့သော စစ်ဘက်မှ ပုဂ္ဂိုလ်ကြီးများ ရှိနေသည့်ကြားမှပင် သခင်နှင့် ညီအစ်ကိုသဖွယ် ရင်းနှီးသော အာရှီနာ ဆာဂန်းကို ပြတ်ပြတ်သားသား သတ်ဖြတ်ခဲ့ခြင်းက သူ၏ စိတ်နေစိတ်ထားကို သိသာစေသည်။ သူတို့ မြို့ထဲသို့ ခေါ်ဆောင်လာသော လူများအားလုံးမှာ သေဆုံးကုန်ကြပြီ ဖြစ်သည်။
"ပြီးတော့ မင်း ကြည့်လိုက်ဦး၊ စုန့်ဘုရင်နဲ့ ကျန်းချိုးကျန့်ချုံးတို့က ငါတို့ကို အလွယ်တကူ လွှတ်ပေးလိမ့်မယ်လို့ ထင်နေတာလား" ယန်ကျွမ်းက ဆိုလိုက်သည်။
ချွေချန်းယုံက လှမ်းကြည့်လိုက်ရာ နေ၊ လတို့ကဲ့သို့ ထည်ဝါလှပြီး ထိတ်လန့်ဖွယ် ကောင်းလှသော ပြတ်သားသည့် အကြည့်နှစ်စုံကို မြင်တွေ့လိုက်ရသဖြင့် သူ၏ စိတ်ထဲ၌ ပိုမို၍ လေးလံသွားတော့သည်။
"ဒါဆို အခု ငါတို့ ဘယ်လို လုပ်ကြမလဲ" ချွေချန်းယုံက စိုးရိမ်တုန်လှုပ်စွာဖြင့် ခန်းမအလယ်သို့ ကြည့်ရင်း မေးမြန်းလိုက်သည်။
"မစိုးရိမ်နဲ့ဦး၊ အခွင့်အရေး ရှိပါသေးတယ်" ကောင်းရှန်းက ခေါင်းကို ငုံ့ထားရင်း သူ၏ ဦးနှောက်အတွင်း၌ အရှိန်အဟုန်ဖြင့် တွက်ချက်လိုက်သည်။
သူတို့ လေးဦးမှာ အလွန်ပင် နီးကပ်စွာ ထိုင်နေကြသဖြင့် ဤစကားများကို ဟူဘာသာစကားဖြင့် လျင်မြန်စွာ ပြောဆိုနေကြခြင်းဖြစ်ပြီး လျှို့ဝှက်သော အစိတ်အပိုင်းများကိုလည်း အတိုချုံ၍သာ ပြောဆိုလိုက်ကြသည်။
"နောက်ထပ် အမွှေးတိုင် တစ်ဝက်စာလောက် အချိန်ရရင် ငါတို့တွေ အပြင်ထွက်လို့ ရပါပြီ" ကောင်းရှန်းက ပြောဆိုလိုက်သည်။
နဂါးစွမ်းအားများကို ယခင်ကဲ့သို့ အမြောက်အမြား ခိုးယူရန် မဖြစ်နိုင်တော့သော်လည်း၊ မျိုးနွယ်ခြားဘုရင်သည်လည်း သူ့ကို လျှော့တွက်ထားခဲ့သည်မှာ သေချာသည်၊ "မဟာနက္ခတ်ခုနစ်လုံး နဂါးနက် ကောင်းကင်ဝါးမြိုခြင်းကျင့်စဉ်" ဆိုသည်မှာ အလယ်ပိုင်းဒေသ ရှန်းကျိုး မြေပြင်တစ်ခုလုံး၏ တောင်တန်းများမှ စွမ်းအားများကို စုစည်းထားခြင်းဖြစ်ပြီး ရှန်းကျိုး၏ ထက်ဝက်ကျော်သော နယ်မြေများနှင့် သက်ဆိုင်နေပေသည်။ မြို့တော်ဆိုသည်မှာ ၎င်း၏ အစိတ်အပိုင်း တစ်ခုသာ ဖြစ်ရာ၊ တစ်နေရာတည်းကို ဖြတ်တောက်လိုက်ရုံဖြင့် မဟာဗျူဟာကြီးတစ်ခုလုံးကို ဖျက်ဆီးရန်မှာ လုံးဝမဖြစ်နိုင်ပေ။
အန်းယာလုရှန်းသည် ယခု အချိန်အထိ နဂါးစွမ်းအားများကို ခိုးယူနေဆဲဖြစ်ခြင်းက သက်သေပင် ဖြစ်သည်။
ထို့အပြင် "မိုင်ပေါင်း ထောင်ချီ ရှည်လျားသော တာတံတိုင်းကြီးမှာ ပုရွက်ဆိတ်တွင်းလေး တစ်ခုကြောင့် ပျက်စီးသွားနိုင်သည်" ဆိုသည့် စကားအတိုင်း၊ သူတို့၏ ယခင်လုပ်ဆောင်ချက်များမှာလည်း အကျိုးသက်ရောက်မှု မရှိဘဲ မနေပေ။ လက်ရှိတွင် အလယ်ပိုင်းဒေသ နဂါးစွမ်းအားများဖြင့် တည်ဆောက်ထားသော "နဂါးသွေးကြော" တွင် သေးငယ်သော အက်ကြောင်းတစ်ခု ပေါ်ပေါက်နေပြီ ဖြစ်သည်။ နောက်ထပ် ခဏအကြာတွင် ထိုသေးငယ်သော အက်ကြောင်းမှာ ပုရွက်ဆိတ်တွင်းအဖြစ်သို့ ပြောင်းလဲသွားပြီး၊ မဟာထန်အင်ပါယာဆိုသည့် ကြီးမားလှသော အရာကြီးကို တဖြည်းဖြည်းနှင့် ပြိုကွဲပျက်စီးသွားစေတော့မည် ဖြစ်သည်။
ဤအဆင့်သို့ ရောက်ရှိသွားမည် ဆိုပါက၊ သူတို့ မိုင်ပေါင်း ထောင်ချီ ဝေးကွာသော နေရာမှ မြို့တော် သို့ လာရောက်ရသည့် ရည်ရွယ်ချက်မှာ အောင်မြင်သွားပြီ ဖြစ်သည်။
"သခင် နောက်ထပ်ကတော့ မင်းကြီးအပေါ်မှာပဲ မူတည်တော့တယ်" ဟု ကောင်းရှန်းက ခန်းမအလယ်သို့ ကြည့်ရင်း စိတ်ထဲမှ ရေရွတ်လိုက်ကာ ပထမဦးဆုံး အကြိမ်အဖြစ် စိုးရိမ်မှုများကို ခံစားလိုက်ရသည်။
သူသည် အပေါ်ယံတွင် တည်ငြိမ်နေသော်လည်း၊ အရာရာကို ကြိုတင် သိမြင်နိုင်ပြီး ဗျူဟာမြောက်လှသည့်အပြင် ဉာဏ်ပညာပိုင်း၌ မိမိထက် မနိမ့်ကျသော မဟာထန် စစ်နတ်ဘုရားဝမ်ချောင်ကို ရင်ဆိုင်ရသည့် အခါတွင်မူ၊ ကောင်းရှန်းသည်လည်း ကြီးမားလှသော ဖိအားများကို ခံစားနေရခြင်း ဖြစ်သည်။
"ကြားဖူးတာထက် တွေ့ဖူးတာက ပိုပြီးတော့ အစွမ်းထက်တယ်" ဆိုသည့် စကားမှာ အပိုမဟုတ်ပေ။
၎င်းမှာ ကောင်းရှန်း၏ လက်ရှိ ခံစားချက်ပင် ဖြစ်သည်
ပထမဦးဆုံးအကြိမ် ထိပ်တိုက် တွေ့ဆုံခြင်း ဖြစ်သော်လည်း ဤမဟာထန်၏ လူငယ် အရှင်သခင်မှာ နောင်အနာဂတ်တွင် သူနှင့် ယိုကျိုးရှိ လူအားလုံးအတွက် အကြီးမားဆုံးသော ပြိုင်ဘက် ဖြစ်လာလိမ့်မည်ဟု ကောင်းရှန်း၏ စိတ်ထဲ၌ ပြင်းထန်သော ခံစားချက်တစ်ခု ပေါ်ပေါက်လာတော့သည်။
"ဝုန်း"
အခြားတစ်ဖက်တွင်မူ၊ လေပြင်းများ တိုက်ခတ်နေပြီး ဝမ်ချောင်သည် အခြေအနေ အားလုံးကို လုံးဝ ထိန်းချုပ်ထားနိုင်ခဲ့ပြီ ဖြစ်ကာ အန်းယာလုရှန်းကိုလည်း အပြတ်အသတ် ဖိနှိပ်ထားခဲ့သည်။
ပေါက်ကွဲသံများ ဆက်တိုက် ထွက်ပေါ်နေပြီး ဝမ်ချောင်၏ လက်ထဲမှ ဓားစွမ်းအားများမှာ အလွန်ပင် ခန့်ညားထည်ဝါလှသည်၊ ရွှေနှင့် တောင်တန်းများကိုပင် ဖြတ်တောက်နိုင်သည့် ထို မီးခိုးရောင် ဓားစွမ်းအားများမှာ ဆယ်ကျန့်ကျော်အထိ ရှည်လျားနေပြီး၊ တစ်ချက်ချင်းစီမှာ ထိုက်တောင်ကဲ့သို့ လေးလံလှကာ အန်းယာလုရှန်းဆီသို့ ဆက်တိုက် ကျရောက်နေပေသည်။ ထိုဓားချက်များကြောင့် အန်းယာလုရှန်း၏ အငွေ့အသက်များမှာ တုန်လှုပ်နေပြီး ခန္ဓာကိုယ်မှာလည်း ယိုင်နဲ့ကာ နောက်သို့ ဆုတ်ခွာနေရတော့သည်။ သူ၏ ကိုယ်ပေါ်ရှိ အင်္ကျီအတိုမှာလည်း ဓားချက်များကြောင့် စုတ်ပြဲနေပြီ ဖြစ်သည်။
သိုင်းပညာပိုင်းတွင်မူ၊ အန်းယာလုရှန်း၏ အင်အားမှာ များစွာ တိုးတက်လာခဲ့သော်လည်း နောင်အနာဂတ်က အဆင့်အတန်းသို့ မရောက်ရှိသေးသဖြင့် ဝမ်ချောင်၏ ပြိုင်ဘက် မဟုတ်သေးပေ။
******