← Chapters

အခန်း (၂၀၀၉-၂၀၁၁)

Vol. 124 Ch. 2009-2011

အခန်း (၂၀၀၉-၂၀၁၁)

Vol. 124 Ch. 2009-2011

အခန်း (၂၀၀၉) သခင်ကို ကာကွယ်သော ဖာပေါင်

"ဝုန်း"

ဝမ်ချောင်၏ တိုက်ကွက်များမှာ ကျယ်ပြန့်ထည်ဝါလှသည်။ အန်းယာလုရှန်းကို ဓားဖြင့် ခုတ်ပိုင်း၍ နောက်သို့ ဆုတ်ခွာသွားစေပြီးနောက် သူသည် မည်သို့မျှ တွန့်ဆုတ်မနေဘဲ သမုဒ္ဒရာလှိုင်းလုံးကြီးများအလား အားကောင်းလှသော စိတ်ဝိညာဉ်စွမ်းအားများကို ထုတ်ဖော်လိုက်ပြီး အန်းယာလုရှန်း၏ ဦးနှောက်အတွင်းသို့ ပြင်းထန်စွာ ထိုးနှက်လိုက်တော့သည်။

အနောက်မြောက်ဘက် တိုက်ပွဲတွင် အာရပ် မဟာပုရောဟိတ်၏ စွမ်းအားများကို ဝါးမျိုခဲ့ပြီးနောက်၊ ဝမ်ချောင်၏ စိတ်ဝိညာဉ်စွမ်းအားမှာ မယုံကြည်နိုင်လောက်အောင် တိုးတက်လာခဲ့ပြီး ရုပ်ဝတ္ထုတစ်ခုသဖွယ်ပင် ခိုင်မာနေပြီ ဖြစ်သည်။ ၎င်း၏ စွမ်းအားမှာ သိုင်းပညာထက် မနိမ့်ကျသည့်အပြင် စိတ်ဝိညာဉ်ကို တိုက်ရိုက်တိုက်ခိုက်ခြင်း ဖြစ်သည့်အတွက် တစ်နည်းအားဖြင့် သိုင်းပညာထက်ပင် ပိုအစွမ်းထက်နေပေသည်။

သို့သော်လည်း ဝုန်း ဆိုသည့် အသံနှင့်အတူ၊ တောင်ကြီးတစ်လုံးကဲ့သို့ လေးလံလှသော စိတ်ဝိညာဉ်စွမ်းအားမှာ အန်းယာလုရှန်း၏ ဦးနှောက်အတွင်းသို့ ဝင်ရောက်ရန် ကြိုးစားသော်လည်း၊ မမြင်နိုင်သော အကာအကွယ်တစ်ခုဖြင့် တားဆီးခြင်း ခံလိုက်ရပြီး ပြင်းထန်သော လှိုင်းလုံးကြီးများ ကမ်းခြေကို ရိုက်ခတ်သကဲ့သို့ပင် ပျက်ပြယ်သွားခဲ့သည်။

"စိတ်ဝိညာဉ်ဆိုင်ရာ ဖာပေါင် (မန္တန်စွမ်းအား ကိန်းဝပ်နေတဲ့ ရတနာ) ပါလား"

ဤမြင်ကွင်းကို ထပ်မံမြင်တွေ့လိုက်ရသည့်အခါ ဝမ်ချောင်၏မျက်ဝန်းထဲ၌ အလွန်ပင် ဒေါသထွက်နေသော အရိပ်အယောင်များ ဖြတ်ပြေးသွားတော့သည်။

အန်းယာလုရှန်း၏ အင်အားမှာ များစွာ တိုးတက်လာခဲ့သော်လည်း သိမ်မွေ့နက်နဲမှု နယ်ပယ်သို့ မရောက်ရှိသေးပေ၊ အလွန်ဆုံးရှိလျှင် ဗိုလ်ချုပ်အဆင့် အထွတ်အထိပ် အဆင့်သာရှိပြီး သိမ်မွေ့နက်နဲမှု နယ်ပယ်သို့ ချဉ်းကပ်နေသူသာ ဖြစ်ရာ၊ သူနှင့် ယှဉ်လျှင်မူ ကွာခြားချက် များစွာ ရှိနေသေးသည်။ သို့သော်လည်း အဆက်မပြတ် တိုက်ခိုက်မှုများ ပြုလုပ်နေသော်လည်း သူ၏ တိုက်ခိုက်မှုများမှာ ကမ္ဘာမြေ၏ စွမ်းအားကြောင့် ခုနစ်ဆယ် ရာခိုင်နှုန်းသာ အစွမ်းပြနိုင်သလို၊ နောက်ပိုင်း တိုက်ခိုက်မှုများ ဖြစ်သည့် ဂန်ချီတိုက်ခိုက်မှုနှင့် စိတ်ဝိညာဉ် တိုက်ခိုက်မှု အားလုံးမှာလည်း အန်းယာလုရှန်း၏ ကိုယ်ပေါ်ရှိ ဖာပေါင်များကြောင့် တားဆီးခြင်း ခံနေရခြင်း ဖြစ်သည်။

အန်းယာလုရှန်းသည် သူ၏ဓားချက်များစွာကို ခံထားရသော်လည်း သူ၏ကိုယ်ပေါ်ရှိ ဖာပေါင်များကြောင့် အမြဲတမ်း တားဆီးနိုင်ခဲ့ပြီး ယခုအချိန်အထိ မည်သည့် ထိခိုက်မှုမျှ မရှိဘဲ ကျန်ရှိနေသေးသည်။

သူ ပြန်လည် မွေးဖွားလာသည့် အချိန်မှစ၍ ဝမ်ချောင်အနေဖြင့် ယခုကဲ့သို့သော အခြေအနေမျိုးနှင့် ကြုံတွေ့ရသည်မှာ ပထမဆုံးအကြိမ်ပင် ဖြစ်သည်။

"ငါ မင်းကို တကယ်ပဲ ဘာမှ မလုပ်နိုင်ဘူးလို့ ထင်နေတာလား"

ဝမ်ချောင်၏အကြည့်များမှာ စူးရှနေပြီး သူ၏မျက်နှာမှာလည်း အလွန်ပင် အေးစက်လှပေသည်။

အန်းယာလုရှန်းသည် ယခုတစ်ကြိမ် မြို့တော်သို့ လာရောက်ရာတွင် အရာအားလုံးကို အစွမ်းကုန် ပြင်ဆင်ထားခဲ့သည်မှာ ထင်ရှားလှပေသည်။ သို့သော်လည်း ဤပစ္စည်းလေးများကို အားကိုး၍ သူ့ကို တားဆီးနိုင်မည်ဟု တကယ် ထင်နေပါက အမှန်တကယ်ပင် ရိုးအလွန်းရာ ကျပေလိမ့်မည်။

ထို့ထက် ပိုမိုအရေးကြီးသည်မှာ အန်းယာလုရှန်းသည် သူ၏မျက်စိရှေ့မှောက်မှာတင် မဟာထန် နဂါးစွမ်းအားကို ခိုးယူ၍ သူတော်စင်ဧကရာဇ်ကို ကြံစည်နေခြင်းမှာ ဝမ်ချောင်၏ မထိရက်သော အရာကို ထိပါးလိုက်ခြင်းပင် ဖြစ်သည်

"ရှပ်"

ဝမ်ချောင်၏ မျက်နှာမှာ အေးစက်သွားကာ လက်ထဲမှ ဓားရှည်ကို ခါယမ်း၍ ဓားအိမ်အတွင်းသို့ ပြန်လည် ထည့်သွင်းလိုက်သည်။ တစ်ချိန်တည်းမှာပင် ဝမ်ချောင်သည် ခြေလှမ်းတစ်ချက်နှင့်အတူ မဟာဟင်းလင်းပြင် ရှောင်တိမ်းခြင်း အတတ်ကို ထုတ်ဖော်လိုက်ရာ ပုံရိပ်တစ်ခုအလား အန်းယာလုရှန်း၏ ဘေးနားသို့ ချက်ချင်း ရောက်ရှိသွားတော့သည်။

"မင်း... မင်း... မင်း... သေစမ်း"

ဝမ်ချောင်၏ပုံရိပ်ကို မြင်တွေ့လိုက်ရသည့်အခါ အန်းယာလုရှန်း၏မျက်နှာမှာ ထိတ်လန့်တုန်လှုပ်သွားခဲ့ပြီး သရဲတစ္ဆေ မြင်တွေ့လိုက်ရသကဲ့သို့သော အမူအရာများ ပေါ်ပေါက်လာတော့သည်။

လူတစ်ယောက်ကို သုံးရက်လောက် မတွေ့ရရင် အထင်မသေးသင့်ဘူး ဆိုသည့် စကားမှာ အန်းယာလုရှန်းအတွက်လည်း မှန်ကန်သလို ဝမ်ချောင်အတွက်ဆိုလျှင် ပို၍ပင် မှန်ကန်ပေသေးသည်။ အန်းယာလုရှန်းသည် ဝမ်ချောင်ကို အသေအလဲ ပြန်လည် တိုက်ခိုက်ရန် ကြံစည်ခဲ့သော်လည်း ဓားကွက်အချို့ကို ရင်ဆိုင်ပြီးနောက်တွင်မူ သူ၏ စိတ်ထဲ၌ ထိုအတွေးများမှာ လုံးဝ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။

ဝမ်ချောင်၏ ရှေ့မှောက်၌ အန်းယာလုရှန်းမှာ လုံးဝပြိုင်ဘက်မဟုတ်ပေ။ သူသည် အသေအလဲ ကာကွယ်နေရုံမှလွဲ၍ ပြန်လည် တိုက်ခိုက်ရန် အင်အား မရှိတော့ပေ

အန်းယာလုရှန်းကို ပိုမို၍ ထိတ်လန့်စေသည်မှာ သူ၏ ကိုယ်ပေါ်မှ အပြောင်းအလဲများပင် ဖြစ်သည်။ သူသည် နဂါးစွမ်းအားကို ခိုးယူရန် အချိန်အတော်ကြာအောင် ပြင်ဆင်ခဲ့သော်လည်း ဝမ်ချောင်က ခဏချင်းအတွင်း ထိုးဖောက် မြင်သွားခဲ့ပြီး သူ၏မဟာဗျူဟာကြီးကိုလည်း လွယ်ကူစွာ ဖျက်ဆီးနိုင်ခဲ့သည်။ ဤအချက်က လွန်ခဲ့သော နှစ်နှစ်ကျော်က မိုးသည်းထန်လှသော ညတစ်ည၏ အမှတ်ရမှုများကို အန်းယာလုရှန်း၏ စိတ်ထဲ၌ ပြန်လည်ဝင်ရောက်လာစေခြင်း ဖြစ်သည်။

သူသည် မိမိကိုယ်မိမိ ထိုသူကို မကြောက်ရွံ့တော့ဟု ထင်မှတ်ထားခဲ့ခြင်း ဖြစ်သည်။

သို့သော်လည်း တစ်ကျော့ပြန် ဆုံတွေ့ရသည့် အခါတွင်မူ ထိုကြောက်ရွံ့မှုများမှာ အနည်းငယ်မျှပင် ပြောင်းလဲခြင်း မရှိသေးကြောင်း သူ သိရှိလိုက်ရသည်

"ဝုန်း"

အန်းယာလုရှန်းတိုက်ခိုက်ရန် မပြင်ဆင်နိုင်သေးမီမှာပင်၊ ဝမ်ချောင်က လက်ဝါးတစ်ချက် ပြင်းထန်စွာ ပုတ်ထုတ်လိုက်သည်။ သို့သော် ဤလက်ဝါးမှာ အန်းယာလုရှန်းကို သာမန် တိုက်ခိုက်ခြင်း မဟုတ်ဘဲ နောက်ဆုံး အခိုက်အတန့်တွင် ဝမ်ချောင်က ရိုက်ချက်ကို အဖမ်းအဆုပ်အဖြစ် ပြောင်းလဲလိုက်ကာ အန်းယာလုရှန်း၏ လက်မောင်းကို ပြင်းထန်စွာ ဖမ်းချုပ်လိုက်သည်။

"မဟာယင်ယန် မြေကမ္ဘာ ဖန်တီးခြင်း အတတ်”

ဝမ်ချောင်၏ ဒန်ထျန်အတွင်းမှ စွမ်းအားများမှာ လှုပ်ခတ်သွားပြီး ချက်ချင်းပင် ထိုမိစ္ဆာလမ်းစဉ်၏ နံပါတ်တစ် ကျင့်စဉ်ကို ထုတ်ဖော်လိုက်ရာ၊ နောက်တစ်ခဏတွင် ဟုန်းဟုန်းတောက်လောင်နေသော ဂန်ချီများမှာ အန်းယာလုရှန်း၏ ကိုယ်အတွင်းမှ ထွက်ပေါ်လာပြီး ဝမ်ချောင်၏ ခန္ဓာကိုယ်အတွင်းသို့ ရူးသွပ်စွာ စီးဝင်သွားတော့သည်။

"မင်း ဒါက ဘာကျင့်စဉ်လဲ"

အန်းယာလုရှန်းသည် အလွန်ပင် ထိတ်လန့်သွားပြီး မျက်နှာမှာလည်း ချက်ချင်း ပြောင်းလဲသွားတော့သည်။

သူ၏ကျင့်စဉ်မှာ လက်ရှိတွင် အလွန် ခိုင်မာနေပြီဖြစ်သလို အခြေခံမှာလည်း ကောင်းမွန်လှသည်။ ထို့အပြင် ကမ္ဘာမြေ၏ စွမ်းအားများ၏ ကူညီမှုကိုလည်း ရရှိထားသဖြင့် သူ၏ ကိုယ်အတွင်းမှ ဂန်ချီများမှာ သံမဏိကဲ့သို့ပင် မာကျောလှပေသည်။ သို့သော်လည်း ထိုအခိုက်အတန့်တွင် သူ မည်မျှပင် ကြိုးစားစေကာမူ သူ၏ ကိုယ်အတွင်းမှ ဂန်ချီများ ဝမ်ချောင်ဆီသို့ စီးဝင်နေခြင်းကို မတားဆီးနိုင်တော့ပေ၊ ၎င်းမှာ သူ၏ ကိုယ်အတွင်းမှ ဂန်ချီများ အားလုံးမှာ ဝမ်ချောင်ပိုင်ဆိုင်သော အရာများအလားပင်။

ထိုမျှသာမကဘဲ အန်းယာလုရှန်းအတွက် ပို၍လက်မခံနိုင်စရာဖြစ်သလို မယုံကြည်နိုင်စရာ ဖြစ်နေသည်မှာ သူ ခက်ခက်ခဲခဲ ခိုးယူထားသော အလယ်ပိုင်းဒေသ နဂါးစွမ်းအားများမှာလည်း ရုတ်တရက် လျော့ရဲသွားခဲ့ပြီး ဂန်ချီများနှင့်အတူ ဝမ်ချောင်ဆီသို့ စီးဝင်သွားခြင်းပင် ဖြစ်သည်။

ဤအချက်က အန်းယာလုရှန်းကို အလွန်အမင်း ထိတ်လန့်တုန်လှုပ်သွားစေတော့သည်။

"သေစမ်း"

အန်းယာလုရှန်းတစ်ကိုယ်လုံးမှာ ဒေါသထွက်နေသလို ထိတ်လန့်နေသည်၊ ခဏချင်းအတွင်းမှာပင် ဒေါသများမှာ ထိပ်ဆုံးသို့ ရောက်ရှိသွားပြီး ညာဘက်လက်မှ နွားချိုဓားကောက်ဖြင့် ဝမ်ချောင်ကို ပြင်းထန်စွာ ခုတ်ပိုင်းလိုက်တော့သည်။

ဓားစွမ်းအားများ ကျရောက်ရာ နေရာရှိ လေထုမှာ နှစ်ပိုင်း ပြတ်သွားခဲ့ပြီး ရှည်လျားလှသော ဓားရာကြီးတစ်ခု ကျန်ရှိခဲ့သည်။

အကယ်၍ ဤဓားချက်သာ ထိမှန်သွားပါက သံမဏိများကိုပင် နှစ်ပိုင်း ပြတ်သွားအောင် လုပ်ဆောင်နိုင်ပေသည်။

သို့သော်လည်း အန်းယာလုရှန်းလှုပ်ရှားလိုက်သည့် ခဏ၌ပင်..

နောက်တစ်ခဏတွင် အားကောင်းလှသော ဂန်ချီလှိုင်းလုံးကြီး တစ်ခုမှာ ဝမ်ချောင်၏ကိုယ်အတွင်းမှ ရူးသွပ်စွာ ပွင့်ထွက်လာပြီး အန်းယာလုရှန်းဆီမှ ဝါးမျိုထားသော ဂန်ချီများနှင့်အတူ အန်းယာလုရှန်း၏ ရင်ဘတ်ဆီသို့ ပြင်းထန်စွာ ရိုက်ခတ်လိုက်သည်။

ထိုတိုက်ခိုက်မှုမှာ အလွန်ပင် ပြင်းထန်လှရာ အန်းယာလုရှန်း၏ တစ်ကိုယ်လုံးမှာ တုန်ခါသွားပြီး မျက်စိထဲ၌လည်း ကြယ်များ မြင်တွေ့သွားရကာ တောင်ကြီးတစ်လုံးနှင့် ထိပ်တိုက်တွေ့ဆုံလိုက်ရသကဲ့သို့ ခံစားလိုက်ရသည်။

သူ၏ အင်အားမှာ မူလကတည်းက ဝမ်ချောင်ကို မယှဉ်နိုင်ပေ၊ ယခုအခါတွင် ဝမ်ချောင်က ဤနည်းလမ်းဖြင့် သူ့ကို ပြန်လည် တိုက်ခိုက်နေခြင်းမှာ လူနှစ်ယောက် ပူးပေါင်း၍ သူ့ကို တိုက်ခိုက်နေသကဲ့သို့ပင် ဖြစ်နေတော့သည်။

"မင်းရဲ့ လက်ထဲက အဲဒီ လက်စွပ် သုံးကွင်းက မင်းကို ဘယ်လောက်အထိ အကာအကွယ် ပေးနိုင်မလဲဆိုတာ ငါ ကြည့်ရသေးတာပေါ့"

လျှပ်စီးလက်သကဲ့သို့သော ခဏချင်းအတွင်းမှာပင် ဝမ်ချောင်၏ အေးစက်လှသော အသံမှာ မည်သည့် ခံစားချက်မျှ မပါဝင်ဘဲ သူ၏ နားထဲသို့ ဝင်ရောက်လာသည်။ ၎င်းမှာ သေမင်းက အသက်ကို လာရောက် နုတ်ယူနေသကဲ့သို့ပင်။

စကားမဆုံးမီမှာပင် အန်းယာလုရှန်း၏ ကိုယ်အတွင်းမှ ဂန်ချီများ ဆုံးရှုံးမှုမှာ ပိုမို မြန်ဆန်လာခဲ့သည်၊ ထိုအချိန်တွင် ဝမ်ချောင်၏ ဘယ်ဘက်လက်မှာ ချိတ်တစ်ခုအလား အန်းယာလုရှန်း၏ ညာဘက်လက်မှ ရှေးဟောင်းပုံစံရှိသော အမည်းရောင် လက်စွပ် သုံးကွင်းထံသို့ တိုက်ရိုက် လှမ်းဆွဲလိုက်သည်။

"မင်းက အဲဒီ အမည်းရောင်ဝတ်စုံဝတ် လူတွေနဲ့ ပူးပေါင်းနေတာတင်မကဘဲ၊ သူတို့ဆီကနေ အခုလို ဖာပေါင်တွေကိုတောင် ရရှိထားတာပဲ ဒါပေမဲ့ အဲဒီလို ဖြစ်နေရင်တောင် မင်းကို ငါ့လက်ကနေ မကယ်တင်နိုင်ပါဘူး"

အန်းယာလုရှန်းသည် အစွမ်းကုန် ဖုံးကွယ်ထားသော်လည်း ဤမျှလောက်သော အကွာအဝေးတွင် ဝမ်ချောင်အနေဖြင့် ထိုလက်စွပ်များပေါ်မှ ရင်းနှီးနေသော အငွေ့အသက်များကို ခံစားမိနေသည်။ ၎င်းမှာ ထိုအမည်းရောင်ဝတ်စုံဝတ်၏ စွမ်းအားများပင် ဖြစ်သည်။

"ဝုန်း"

အမည်းရောင်ဝတ်စုံဝတ် လူများဆိုသည့် စကားကို ကြားလိုက်ရသည့်အခါ အန်းယာလုရှန်း၏ တစ်ကိုယ်လုံးမှာ တုန်ခါသွားပြီး မိုးကြိုးပစ်ခံလိုက်ရသကဲ့သို့ ခံစားလိုက်ရသည်။

ဘယ်... ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။

ဒီလူယုတ်မာက အမည်းရောင်ဝတ်စုံဝတ် လူတွေအကြောင်းကိုတောင် ဘယ်လိုလုပ် သိနေရတာလဲ။

ထိုအခိုက်အတန့်တွင် အန်းယာလုရှန်း၏ စိတ်ထဲ၌ လှိုင်းတံပိုးကြီးများ ထကြွလာတော့သည်၊ မိမိ၏ အနက်ရှိုင်းဆုံးသော လျှို့ဝှက်ချက်ကို တစ်စုံတစ်ဦးက ထိုးဖောက် မြင်သွားသကဲ့သို့ပင် ဖြစ်ပြီး သရဲတစ္ဆေ မြင်တွေ့လိုက်ရသကဲ့သို့ ခံစားနေရသည်။

ယိုကျိုးဒေသမှာ အရှေ့မြောက်ဘက် အစွန်ဆုံးမှာ ရှိနေတာဖြစ်လို့ ယဉ်ကျေးမှုတွေနဲ့လည်း ဝေးကွာသလို ဧကရာဇ်မင်းမြတ်နဲ့လည်း အလှမ်းဝေးတဲ့ နေရာဖြစ်သည်။ အန်းယာလုရှန်းအနေနဲ့ သူ လုပ်ဆောင်နေတဲ့ ကိစ္စတွေက အလွန် လျှို့ဝှက်တယ်လို့ အမြဲ ထင်မှတ်ထားခဲ့တာ ဖြစ်သည်။ အထူးသဖြင့် အမည်းရောင်ဝတ်စုံဝတ် လူတွေနဲ့ ပတ်သက်တဲ့ ကိစ္စတွေ။

ဒီလူတွေအကြောင်းကို အန်းတုံနယ်စားကြီး အိမ်တော်ထဲက ထိပ်သီးစစ်ဗိုလ်ချုပ်တွေတောင် မသိကြဘူး၊ အဲဒါဟာ သူ မြို့တော် ကို လာရဲတဲ့ အကြီးမားဆုံးသော အားကိုးရာလည်း ဖြစ်သည်။

ဝမ်ချောင်က မြို့တော်မှာ ရှိနေတာ ဖြစ်ပါလျက်နဲ့ ဒီလူတွေအကြောင်းကို ဘယ်လိုလုပ် သိနေရတာလဲ။

အန်းယာလုရှန်းသည် အမှန်တကယ်ပင် ထိတ်လန့်သွားခဲ့သလို ကြောက်ရွံ့စိတ်များလည်း ပေါ်ပေါက်လာတော့သည်။

အကယ်၍ လူတစ်ယောက်ဟာ အဝတ်ဗလာနဲ့ ပြိုင်ဘက်ရဲ့ ရှေ့မှောက်မှာ ရောက်နေပြီး ဘာလျှို့ဝှက်ချက်မှ မရှိတော့ဘူး ဆိုရင်၊ သူက ပြိုင်ဘက်ကို ဘယ်လိုမျိုး ပြန်ပြီး ရင်ဆိုင်နိုင်တော့မှာလဲ။

၎င်းမှာ အန်းယာလုရှန်း၏ လက်ရှိ ခံစားချက်ပင် ဖြစ်သည်။

မြို့တော်သို့ လာရောက်စဉ်က ရှိခဲ့သော ယုံကြည်မှုများမှာ ဒီရေကဲ့သို့ပင် လျင်မြန်စွာ ဆုတ်ခွာသွားခဲ့ပြီး အန်းယာလုရှန်းသည် နောက်ဆုံးတွင် ဆုတ်ခွာလိုစိတ်များ ပေါ်ပေါက်လာတော့သည်။

အန်းယာလုရှန်းမည်မျှပင် ထိတ်လန့်နေစေကာမူ၊ ဝမ်ချောင်၏ တိုက်ခိုက်မှုများမှာမူ လျင်မြန် ပြတ်သားလှပြီး ပြင်းထန်လှပေသည်၊ မည်သည့် နှောင့်နှေးကြန့်ကြာမှုမျှ မရှိပေ။

သူ၏ဘယ်ဘက်လက်မှာ လျှပ်စီးအလား မြန်ဆန်လှပြီး ထို လက်စွပ် သုံးကွင်းထံသို့ တိုက်ရိုက်လှမ်းဆွဲလိုက်သည်။ သို့သော်လည်း အကွာအဝေး အနည်းငယ်သာ လိုတော့သည့် အချိန်တွင် ဝုန်း ဆိုသည့် အသံနှင့်အတူ လေထုမှာ တုန်ခါသွားပြီး၊ အန်းယာလုရှန်း၏ ဂန်ချီများနှင့် လုံးဝမတူညီသော အားကောင်းလှသည့် ဂန်ချီတစ်ခုမှာ ရုတ်တရက် ပွင့်ထွက်လာကာ ဝမ်ချောင်၏ အဖမ်းအဆုပ်ကို တားဆီးလိုက်သည်။

သခင်ကို ကာကွယ်သော ဖာပေါင်

လျှပ်စီးလက်သကဲ့သို့သော ခဏချင်းအတွင်းမှာပင် ဝမ်ချောင်၏ ဦးနှောက်ထဲ၌ အတွေးတစ်ခု လက်ခနဲ ပေါ်လာသည်။

ဖာပေါင်အမျိုးအစားများစွာ ရှိကြသည်။ အချို့သော ဖာပေါင်များမှာ လက်မှ လွတ်သွားသည်နှင့် တိုက်ရိုက်လုယူနိုင်ပြီး အရှင်သခင်ကို အတင်းအကျပ် ပြောင်းလဲစေနိုင်သည်။ သို့သော် အချို့သော ဖာပေါင်များမှာမူ မတူညီကြပေ၊ တစ်ကြိမ် သန့်စင်ပြီးနောက်တွင်မူ သခင်နှင့် တစ်သားတည်း ဖြစ်သွားခဲ့ပြီး မိမိ၏ ကိုယ်ပိုင် အစိတ်အပိုင်းတစ်ခုကဲ့သို့ ဖြစ်သွားကာ လုယူ၍ မရနိုင်တော့ပေ၊ ထို့အပြင် သခင်ကို အလိုအလျောက် ကာကွယ်ပေးနိုင်သည့် စွမ်းရည်လည်း ရှိနေပြီး အန္တရာယ်ရှိသော အချိန်တွင် ဖာပေါင်အတွင်းမှ တားမြစ်ချက်များကို နိုးထစေကာ ပြိုင်ဘက်ကို ပြန်လည် တိုက်ခိုက်တတ်ကြသည်။

ယခုကဲ့သို့သော ဖာချိမျိုးကို လုယူရန်မှာ မဖြစ်နိုင်ပေ။

သို့သော်လည်း မည်မျှပင် အားကောင်းလှသော ဖာချိ ဖြစ်စေကာမူ ခံနိုင်ရည် အတိုင်းအတာ တစ်ခုတော့ ရှိစမြဲ ဖြစ်သည်။ လုယူ၍ မရနိုင်ပါက တိုက်ရိုက် ဖျက်ဆီးပစ်လိုက်ရုံသာ ရှိသည်။

"ဝုန်း ဝုန်း ဝုန်း"

စက္ကန့်ပိုင်းအတွင်းမှာပင် ဝမ်ချောင်၏ ကိုယ်အတွင်းမှ ဂန်ချီများမှာ ပွင့်ထွက်လာပြီး အရှိန်အဟုန်ဖြင့် ဂန်ချီများကို လှုပ်ခတ်ကာ အန်းယာလုရှန်းဆီသို့ ရူးသွပ်စွာ တိုက်ခိုက်လိုက်တော့သည်။ ဖြောင်း… ထိုမျှသာမကဘဲ ဝမ်ချောင်သည် ခြေလှမ်းတစ်ချက်နှင့်အတူ မြေပြင်ကို နင်းလိုက်ရာ၊ စစ်ဘက်၊ နယ်ဘက် အရာရှိများနှင့် တိုင်းတစ်ပါး သံတမန်များစွာ၏ အံ့သြတုန်လှုပ်သံများကြား၌ မြေကမ္ဘာကြီး ကွဲအက်သွားပြီး ကျောက်စိမ်းပြား အမြောက်အမြားမှာ အမှုန့်ဖြစ်သွားခဲ့ကာ၊ ပိုမိုများပြားလှသော ဖုန်မှုန့်များနှင့် ကျောက်စအစများမှာ သူတို့နှစ်ဦး၏ ဂန်ချီ မုန်တိုင်းအတွင်းသို့ ဝင်ရောက်လာပြီး လူတိုင်း၏ မြင်ကွင်းကို ပိတ်ဆို့လိုက်တော့သည်။

အန်းယာလုရှန်းသည် ယခင်ကတည်းက ဝမ်ချောင်၏ လောကသား နတ်ဘုရားနှင့် မိစ္ဆာတို့အား ကွပ်မျက်ခြင်း ကျင့်စဉ်၏ ပြင်းထန်သော တိုက်ခိုက်မှုများကို ခံထားရခြင်း ဖြစ်သည်။ ယခုအခါတွင်မူ သူ၏ကိုယ်အတွင်းမှ ဂန်ချီများမှာလည်း ချုပ်ကိုင်ခြင်း ခံထားရသဖြင့် အင်အား မထုတ်နိုင်ဘဲ ရှိနေကာ၊ ဝမ်ချောင်၏ ယခုကဲ့သို့သော လေပြင်းမုန်တိုင်းအလား တိုက်ခိုက်မှုများကို ရင်ဆိုင်ရသည့် အခါတွင်မူ လက်ထဲမှ အမည်းရောင် လက်စွပ် သုံးကွင်းမှာ နောက်ဆုံးတွင် ထူးခြားသော အပြောင်းအလဲများ ပေါ်ပေါက်လာတော့သည်။

"ဂျောက်"

လျှပ်စီးလက်သကဲ့သို့သော ခဏချင်းအတွင်းမှာပင် စူးရှလှသော အသံတစ်ခု သူ၏ နားထဲသို့ ဝင်ရောက်လာသည်။

အန်းယာလုရှန်း၏ ညာဘက်လက်မှ လက်မတွင် ဝတ်ဆင်ထားသော အတွင်းချင်း အကျယ်ဆုံးဖြစ်သည့် ထိုအမည်းရောင်လက်စွပ်မှာ ခံနိုင်ရည် အတိုင်းအတာသို့ ရောက်ရှိသွားခဲ့ပြီးနောက် ရုတ်တရက် အက်ကြောင်းတစ်ခု ပေါ်ပေါက်လာခဲ့သည်။

အန်းယာလုရှန်းသတိမဝင်နိုင်သေးမီမှာပင် ဝမ်ချောင်၏ လက်သီးချက်များမှာ မိုးရေစက်များအလား လျင်မြန်စွာ ကျရောက်လာခဲ့ပြီး ဂန်ချီလှိုင်းလုံးကြီးများမှာလည်း ပင်လယ်လှိုင်းများအလား အန်းယာလုရှန်းဆီသို့ ဆက်တိုက် တိုက်ခိုက်လိုက်တော့သည်။

စက္ကန့်ပိုင်းအတွင်းမှာပင် အန်းယာလုရှန်း၏ ညာဘက်လက်မှ လက်မတွင် ရှိသော ထို အမည်းရောင် လက်စွပ်မှာ ချက်ချင်းပင် ပေါက်ကွဲသွားခဲ့ပြီး အပိုင်းအစများအဖြစ် ပြောင်းလဲကာ မြေပြင်ပေါ်သို့ လွင့်စင်သွားတော့သည်။

"မင်း တကယ်ကို အရူးပဲ"

အန်းယာလုရှန်းတစ်ကိုယ်လုံးမှာ မှင်သက်သွားတော့သည်။

ဖာပေါင်

၎င်းမှာ အလွန် အင်အားကြီးမားလှသော ဖာပေါင်တစ်ခု ဖြစ်ပါလျက်နဲ့ ဝမ်ချောင်က ၎င်းကို အတင်းအကျပ် ပေါက်ကွဲသွားအောင် လုပ်ဆောင်နိုင်ခဲ့သည်။

၎င်းမှာ အန်းယာလုရှန်းတစ်ခါမှ မတွေးတောဖူးသည့် ကိစ္စပင် ဖြစ်သည်။

မည်သည့် ဖာပေါင်မဆို ခံနိုင်ရည် အတိုင်းအတာ ရှိသည်ဆိုသည်မှာ သီအိုရီအရသာ ဖြစ်ပြီး၊ မည်သူမျှ အမှန်တကယ် လုပ်ဆောင်နိုင်ခြင်း မရှိခဲ့ကြပေ၊ သို့သော်လည်း ဝမ်ချောင်ဆိုသည့် ထိုအရူးမှာမူ သူ၏ရှေ့မှောက်မှာတင် သူ၏ဖာပေါင်တစ်ခုကို အတင်းအကျပ် ချေမွပစ်လိုက်ခြင်းပင် ဖြစ်သည်။

"မင်း ဒီလူယုတ်မာ၊ ငါ မင်းကို သတ်မယ်"

အန်းယာလုရှန်းသည် ဝမ်ချောင်၏ ထိန်းချုပ်မှုအောက်မှ လွတ်မြောက်ရန်အတွက် ရူးသွပ်စွာ ရုန်းကန်နေသော်လည်း သူ မည်သို့ပင် ရုန်းကန်စေကာမူ လွတ်မြောက်ခြင်း မရှိပေ၊ ဝမ်ချောင်၏ ထိုလက်မောင်းမှာ ကြေးနီနှင့် သံတို့ဖြင့် သွန်းလုပ်ထားသကဲ့သို့ပင် မာကျောလှပြီး သူ၏ ကိုယ်ပေါ်တွင် ပေါက်ရောက်နေသကဲ့သို့ပင်။

"ခြက တောင်ကို လှုပ်ဖို့ ကြိုးစားနေတာပဲ"

အန်းယာလုရှန်း၏ ရူးသွပ်စွာ ရုန်းကန်မှုကို ခံစားမိလိုက်သည့်အခါ ဝမ်ချောင်၏ မျက်နှာမှာ အေးစက်နေပြီး လျစ်လျူရှုထားလိုက်သည်။ ဝုန်း… ဝမ်ချောင်၏ ဆက်တိုက် တိုက်ခိုက်မှုများအောက်တွင် အန်းယာလုရှန်း၏ လက်ထဲမှ နောက်ထပ် ဖာပေါင်တစ်ခု ထပ်မံပေါက်ကွဲသွားပြန်သည်။

အန်းယာလုရှန်းသည် ယခု အခိုက်အတန့်တွင် အမှန်တကယ်ပင် အလွန်အမင်း ထိတ်လန့်တုန်လှုပ်သွားတော့သည်

ဝမ်ချောင်သည် ယခင်က ဓားချီများဖြင့် တိုက်ခိုက်ခဲ့စဉ်က အလွန်ပင် ပြင်းထန်လှသော်လည်း၊ သူ့တွင် ဖာပေါင်သုံးခု ရှိနေသဖြင့် သူ ကြောက်ရွံ့ခြင်း မရှိခဲ့ပေ။

ထိုက်ရှီ ပြောခဲ့သည်မှာ ဤ ဖာပေါင်သုံးခုစလုံးသည် နှစ်ပေါင်း ထောင်ချီသော သမိုင်းကြောင်းများ ရှိကြပြီး သူ မြို့တော် သို့ လာရောက်ရာတွင် အန္တရာယ် မရှိစေရန် အကာအကွယ် ပေးနိုင်လိမ့်မည်ဟု ဖြစ်သည်။ သူတော်စင်ဧကရာဇ်ကိုယ်တိုင် လှုပ်ရှားခြင်း မရှိပါက သူ့ကို မည်သူမျှ သတ်နိုင်မည် မဟုတ်ဟုလည်း ပြောခဲ့သည်။

သို့သော်လည်း ယခုအခါတွင်မူ၊ သူတော်စင်ဧကရာဇ်က လှုပ်ရှားခြင်း မရှိသော်လည်း၊ ဝမ်ချောင်တစ်ဦးတည်းကပင် သူ၏ဖာပေါင်သုံးခုစလုံးကို ဖျက်ဆီးတော့မည့် အခြေအနေသို့ ရောက်ရှိနေပြီ ဖြစ်သည်။

ဝမ်ချောင်သည် သူ၏မဟာဗျူဟာကို ပြောင်းလဲလိုက်ပြီး ပြင်းထန်လှသော ဓားစွမ်းအားများကို အသုံးမပြုတော့ဘဲ၊ ယခုကဲ့သို့သော မူလတန်းကျလှသည့် ဂန်ချီထိပ်တိုက် တွေ့ဆုံမှု နည်းလမ်းကို အသုံးပြုလိုက်သည့် အခါတွင်မူ၊ ၎င်းမှာ ပို၍ခြိမ်းခြောက်မှု ဖြစ်လာခဲ့တော့သည်။

******

အခန်း (၂၀၁၀) ဟန်ဆောင်မှုမှ အစစ်ဖြစ်သွားခြင်း၊ အပြန်အလှန် စွပ်စွဲခြင်း

ယခုတွင် နောက်ဆုံးသော ဖာပေါင်တစ်ခုသာ ကျန်ရှိတော့ရာ၊ အခြေအနေမှာ အန်းယာလုရှန်းအတွက် အလွန်ပင် မဟန်ဖြစ်နေသည်၊ ဤအတိုင်းသာ ဆက်သွားပါက ဖာပေါင် သုံးခုစလုံး ပျက်စီးသွားပြီးနောက် အန်းယာလုရှန်းအနေဖြင့် အားကိုးစရာ ဖာပေါင်ရှိတော့မည် မဟုတ်ပေ။

"ချွေချန်းယုံ အခု အခြေအနေ ဘယ်လိုရှိလဲ"

စားပွဲအစွန်း၌ ထိုင်နေသော ကောင်းရှန်းက ရုတ်တရက် မေးမြန်းလိုက်သည်။ သူ၏မျက်နှာမှာ လေးနက်နေပြီး စိတ်ထဲတွင်လည်း လှုပ်ခတ်နေပေသည်။

သူ၏ ကျင့်စဉ်အဆင့်မှာ နိမ့်ပါးလှသဖြင့် ခန်းမအလယ်မှ အခြေအနေများကို ရှင်းလင်းစွာ မမြင်ရပေ။ ဝမ်ချောင်နှင့် အန်းယာလုရှန်းတို့ တိုက်ခိုက်မှုကြောင့် ထွက်ပေါ်လာသော ဖုန်မှုန့်များနှင့် ကျောက်စအစများမှာ ခန်းမတစ်ခုလုံးသို့ ပျံ့နှံ့နေသဖြင့် လူတိုင်း၏ ရှေ့မှောက်တွင် မှောင်အတိ ကျနေသကဲ့သို့ ဖြစ်နေသည်။ သို့သော်လည်း ကောင်းရှန်းသည် မဟာမူလ တွက်ချက်ခြင်းပညာဖြင့် အန်းယာလုရှန်း၏ ကံကြမ္မာကြယ်ကို ဆက်တိုက် တွက်ချက်နေခြင်း ဖြစ်သည်။

ယခင်က အန်းယာလုရှန်း၏ ကံကြမ္မာကြယ်မှာ ဆက်တိုက် အားကောင်းလာခဲ့သလို နဂါးစွမ်းအားများမှာလည်း ပိုမိုနက်ရှိုင်းလာခဲ့သည်။ သို့သော်လည်း ထိုအခိုက်အတန့်တွင် အန်းယာလုရှန်း၏ ကံကြမ္မာကြယ်မှာ ရုတ်တရက် အားနည်းသွားခဲ့သည်။ ထိုမျှသာမကဘဲ နားလည်ရခက်လှသည်မှာ နဂါးစွမ်းအားများပင်လျှင် လျော့နည်းသွားခဲ့ခြင်း ဖြစ်ရာ ၎င်းက ကောင်းရှန်းကို အလွန်ပင် စိုးရိမ်ပူပန်စေတော့သည်။

"မကောင်းဘူး သခင်က အပြတ်အသတ် ဖိနှိပ်ခံနေရပြီ"

ချွေချန်းယုံသည် သူ၏မျက်နှာကို တင်းမာထားရင်း ရှေ့တည့်တည့်သို့ စူးစိုက်ကြည့်ကာ ပြောလိုက်သည်။

သူတို့နှစ်ဦး၏ ပတ်ဝန်းကျင်၌ မီးခိုးများ လွှမ်းမိုးနေသလို မြင်ကွင်းကို ပိတ်ဆို့ထားသည့် အပိုင်းအစများစွာ ရှိနေစေကာမူ ချွေချန်းယုံကဲ့သို့သော အင်ပါယာ ဗိုလ်ချုပ်ကြီး တစ်ဦးအနေဖြင့် အခြေအနေများစွာကို အာရုံခံနိုင်စွမ်း ရှိပေသည်။

"အခုချက်ချင်း ဆုံးဖြတ်ချက်ချရမယ်၊ သခင်ကို တိုက်ပွဲကို ချက်ချင်း အဆုံးသတ်ခိုင်းလိုက်ပါ၊ အရှုံးပေးရမယ် ဆိုရင်လည်း ဘာမှမဖြစ်ဘူး"

ကောင်းရှန်းသည် စိတ်ထဲ၌ လေးလံသွားပြီး တွန့်ဆုတ်မနေဘဲ ချက်ချင်း ပြောလိုက်သည်။

"ဟင်…"

ချွေချန်းယုံသည် မှင်သက်သွားတော့သည်။ လွန်ခဲ့သော စက္ကန့်ပိုင်းကမှ ကောင်းရှန်းသည် အန်းယာလုရှန်းကို အစွမ်းကုန် ကြိုးစားရန် ပြောခဲ့ပြီး ယခုအခါတွင်မူ အမြန် အဆုံးသတ်ရန်နှင့် အရှုံးပေးရန်ပင် ပြောဆိုလိုက်သဖြင့် ရှေ့နောက် ကွာခြားချက်မှာ အလွန်ပင် ကြီးမားလှပေသည်။

"ကောင်းပြီ"

သူ၏စိတ်ထဲ၌ ဝေခွဲမရ ဖြစ်နေသော်လည်း၊ ချွေချန်းယုံသည် ကောင်းရှန်း၏ အကြံပြုချက်ကို တွန့်ဆုတ်မနေဘဲ လက်ခံလိုက်သည်။

"သခင် ဆုတ်ခွာပါ"

လျှပ်စီးလက်သကဲ့သို့သော ခဏချင်းအတွင်းမှာပင် ချွေချန်းယုံသည် စိတ်အာရုံကို စုစည်းလိုက်ကာ စိတ်ဝိညာဉ်စွမ်းအားများကို ထုတ်ဖော်၍ ခန်းမအလယ်ရှိ အန်းယာလုရှန်းဆီသို့ သတင်းစကား တစ်ခုကို ပေးပို့လိုက်သည်။

ဝုန်း

ချွေချန်းယုံ၏ စိတ်ဝိညာဉ်စွမ်းအားမှာ ဝမ်ချောင်ထက် များစွာ နိမ့်ပါးသော်လည်း၊ သူ၏ စိတ်ဝိညာဉ်စွမ်းအား ပေါက်ကွဲမှုကြောင့် ဖြစ်ပေါ်လာသော လှိုင်းအငွေ့အသက်မှာ အန်းယာလုရှန်း၏ အာရုံကို ရရှိသွားခဲ့သည်။

အန်းယာလုရှန်းသည် ကောင်းရှန်းနှင့် ချွေချန်းယုံတို့ ရှိရာဘက်သို့ ခဏမျှ လှမ်းကြည့်လိုက်သည်။ ပတ်ဝန်းကျင်၌ ဂန်ချီများ၏ ပေါက်ကွဲသံများကြောင့် သူတို့ ဘာပြောသလဲဆိုသည်ကို မကြားရစေကာမူ အန်းယာလုရှန်းသည် သူတို့၏နှုတ်ခမ်း လှုပ်ရှားမှုများမှတစ်ဆင့် တစ်စုံတစ်ခုကို နားလည်သွားခဲ့သည်။

ယခင် ခဏက အန်းယာလုရှန်းသည် သူ၏ဖာပေါင်များ ဆုံးရှုံးသွားမှုအတွက် ဒေါသထွက်နေခဲ့သော်လည်း နောက်တစ်ခဏတွင်မူ သူသည် ရုတ်တရက် တည်ငြိမ်သွားခဲ့ပြီး သူ၏မျက်ဝန်းအနက်ပိုင်း၌ ကောက်ကျစ်လှသော အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားတော့သည်။

"အား"

လျှပ်စီးလက်သကဲ့သို့သော ခဏချင်းအတွင်းမှာပင် အန်းယာလုရှန်းသည် ကျယ်လောင်စွာ အော်ဟစ်လိုက်ရာ ဟွာအယ်ရှန်းဟွေး နန်းဆောင် ရှေ့ရှိ စစ်ဘက်၊ နယ်ဘက် အရာရှိများနှင့် တိုင်းတစ်ပါး သံတမန်များ အားလုံးမှာ ထိတ်လန့်သွားကြတော့သည်၊

"မျိုးနွယ်ခြားဘုရင် မင်း ဘာလုပ်နေတာလဲ"

ထို အော်ဟစ်သံမှာ အလွန်ပင် နာကျင်လှသလို အတိုင်းအဆမရှိသော ဒေါသများဖြင့်လည်း ပြည့်နှက်နေပေသည်။

"ဝုန်း"

ထိုအခိုက်အတန့်တွင် သူသည် မည်သို့မျှ တွန့်ဆုတ်မနေဘဲ သူ၏လက်သူကြွယ်တွင် ရှိနေသော နောက်ဆုံးသော အမည်းရောင်လက်စွပ်ကို အတင်းအကျပ် ပေါက်ကွဲသွားအောင် လုပ်ဆောင်လိုက်ရာ ကြောက်မက်ဖွယ်ကောင်းလှသော စွမ်းအားတစ်ခုမှာ အရှိန်အဟုန်ဖြင့် ပွင့်ထွက်လာတော့သည်။

အန်းယာလုရှန်းသည် ဝမ်ချောင်၏ မဟာယင်ယန် ကောင်းကင်နှင့်မြေကြီး ဖန်ဆင်းခြင်း အတတ်ပညာ ဖြင့် အတင်းအကျပ် ဖမ်းချုပ်ခြင်း ခံထားရသဖြင့် လွတ်မြောက်ရန် မဖြစ်နိုင်သော်လည်း၊ နောက်ဆုံးသော အမည်းရောင် လက်စွပ် ပေါက်ကွဲသွားသည့် အရှိန်ကို အသုံးချ၍ ဝမ်ချောင်၏ ထိန်းချုပ်မှုအောက်မှ ချက်ချင်း ရုန်းထွက်လိုက်နိုင်သည်။

ထိုမျှသာမကဘဲ၊ ထိုအခိုက်အတန့်တွင် ဝမ်ချောင်ဘက်မှ တိုက်ခိုက်ခြင်း မပြုရသေးမီမှာပင်၊ အန်းယာလုရှန်းသည် ပြင်းထန်သော လက်ဝါးရိုက်ချက်တစ်ခုကို ခံလိုက်ရသကဲ့သို့၊ ကြိုးပြတ်သွားသော စွန်တစ်ခုအလား နောက်သို့ လွင့်စင်သွားတော့သည်။

"ဖူး"

အန်းယာလုရှန်း၏ ဒန်ထျန်မှာ ပေါက်ကွဲ သွားခဲ့ပြီး၊ သူသည် ဝေဟင်ထက်၌ ရှိနေစဉ်မှာပင် ပါးစပ်မှ သွေးအမြောက်အမြားကို ပြင်းထန်စွာ မှုတ်ထုတ်လိုက်ရာ ၎င်းမှာ အလွန်ပင် သနားစရာ ကောင်းလှပေသည်။

တစ်ချိန်တည်းမှာပင် အခြားတစ်ဖက်၌ ဝမ်ချောင်သည် ဤမြင်ကွင်းကို ကြည့်ရင်း သူ၏မျက်ဝန်းထဲ၌ အလွန်ပင် အေးစက်လှသော အလင်းတန်းတစ်ခု ဖြတ်ပြေးသွားတော့သည်။

"ဟူး... ငါ့ကို ကြံစည်ချင်တာလား။ မင်းရဲ့ ဆန္ဒကို ငါ ဖြည့်ဆည်းပေးလိုက်ပါ့မယ်"

ဝမ်ချောင်၏ အကြည့်များမှာ အေးစက်သွားသည်၊ အန်းယာလုရှန်းသည် မိမိကို ကြံစည်ရန် ကြိုးစားနေခြင်းဖြစ်မှန်း သူ သိရှိသော်လည်း ဝမ်ချောင်သည် သံသယများမှ ကင်းဝေးစေရန် နောက်သို့ ဆုတ်ခွာခြင်း မပြုသည့်အပြင်၊ နောက်တစ်ခဏတွင် လျင်မြန်စွာ လိုက်ပါသွားပြီး သူ၏တစ်ကိုယ်လုံးမှ ဂန်ချီများကို ထုတ်ဖော်ကာ အန်းယာလုရှန်း၏ ရင်ဘတ်ဆီသို့ ပြင်းထန်သော လက်ဝါးတစ်ချက် ရိုက်လိုက်ပြန်သည်။

"အား"

နာကျင်လှသော အော်ဟစ်သံတစ်ခု ထွက်ပေါ်လာသည်။ ယခုတစ်ကြိမ်တွင်မူ အန်းယာလုရှန်းမှာ ဟန်ဆောင်နေခြင်း မဟုတ်တော့ဘဲ ဝမ်ချောင်၏ လက်ဝါးရိုက်ချက်ကို အမှန်တကယ် ခံလိုက်ရခြင်း ဖြစ်သည်။ ဝုန်း ဆိုသည့် အသံနှင့်အတူ သူသည် ကောင်းကင်ယံမှ မြေပြင်ပေါ်သို့ အရှိန်အဟုန်ဖြင့် ပြင်းထန်စွာ ကျရောက်သွားခဲ့ပြီး၊ ထိုအခိုက်အတန့်တွင် မြေကမ္ဘာကြီး တုန်ခါသွားကာ ကျောက်စိမ်းပြား အမြောက်အမြားမှာ ပွင့်ထွက်သွားသလို မြေပြင်ပေါ်တွင်လည်း အန်းယာလုရှန်း၏ ကိုယ်ထည်ပုံသဏ္ဌာန်အတိုင်း နက်ရှိုင်းသော အရာကြီးတစ်ခု ပေါ်ပေါက်သွားတော့သည်။

"နယ်စားကြီး"

ယူပုံသဏ္ဌာန် ခန်းမကြီး၏ ဘယ်ဘက်ခြမ်းတွင် ထိုင်နေသော ချွေချန်းယုံ၊ ထျန်းချန်းစီ၊ ကောင်းရှန်းနှင့် ယန်ကျွမ်းတို့မှာ ထိတ်လန့်တုန်လှုပ်သွားကြပြီး မျက်ဝန်းများမှာလည်း နီရဲလာတော့သည်။

အင်အား အကောင်းဆုံး ဖြစ်သော ချွေချန်းယုံနှင့် ထျန်းချန်းစီတို့မှာ ပိုမို၍ ဒေါသထွက်သွားကြပြီး၊ ခဏချင်းအတွင်းမှာပင် စားပွဲကို ကျော်ဖြတ်ကာ အန်းယာလုရှန်းကျရောက်သွားသည့် နေရာဆီသို့ ပြေးသွားကြတော့သည်။

သူတို့၏ ယခင်အစီအစဉ်မှာ အန်းယာလုရှန်းအနေဖြင့် နောက်ဆုံး အခိုက်အတန့်တွင် သူတော်စင်ဧကရာဇ်၏ ရှေ့မှောက်၌ ဒဏ်ရာရဟန် ဆောင်ကာ၊ ထိုကိစ္စအားလုံးကို ဝမ်ချောင်အပေါ်သို့ ပုံချရန်ပင် ဖြစ်သည်။

သို့သော်လည်း ဝမ်ချောင်သည် ဤမျှအထိ ရဲတင်းပြီး မောက်မာကာ စည်းကမ်းမဲ့လိမ့်မည်ဟု သူတို့ မထင်ထားခဲ့ကြပေ။ လူအများအပြား ရှိနေသည့်ကြားမှ ဝမ်ချောင်က အခြေအနေကို အခွင့်ကောင်းယူ၍ အန်းယာလုရှန်းကို ပြင်းထန်စွာ တိုက်ခိုက်ပြီး အမှန်တကယ် ဒဏ်ရာရအောင် လုပ်ဆောင်လိမ့်မည်ဟု မည်သူမျှ မထင်မှတ်ထားခဲ့ကြပေ။

"မျိုးနွယ်ခြားဘုရင်"

ပတ်ဝန်းကျင်ရှိ လေပြင်းများ ငြိမ်သက်သွားပြီး ဖုန်မှုန့်များ ကွယ်ပျောက်သွားသည့် အခါ ခန်းမ၏ပတ်ဝန်းကျင်ရှိ စားပွဲဝိုင်းများတွင် ထိုင်နေကြသော စစ်ဘက်၊ နယ်ဘက် အရာရှိများနှင့် တိုင်းတစ်ပါး သံတမန်များမှာ မတ်တပ်ရပ်လိုက်ကြပြီး အားလုံး၏ မျက်နှာတွင် အံ့သြတုန်လှုပ်သော အမူအရာများဖြင့် ပြည့်နှက်နေတော့သည်။

ကပြဖျော်ဖြေခြင်းမှာ ဖျော်ဖြေခြင်းသာ ဖြစ်သည်။

အကယ်၍ ရုတ်တရက် ပြင်းထန်စွာ တိုက်ခိုက်ပြီး တစ်ဖက်လူကို ဒဏ်ရာရအောင် လုပ်ဆောင်မည် ဆိုပါက ၎င်းမှာ လုံးဝ မတူညီသော ကိစ္စပင် ဖြစ်တော့သည်။

"မျိုးနွယ်ခြားဘုရင် မင်း ဒါ ဘာတွေ လုပ်နေတာလဲ"

စစ်ဘက်၊ နယ်ဘက် အရာရှိများမှာ ဝမ်ချောင်ကို လှည့်ကြည့်လိုက်ကြသည်။

သူတော်စင်ဧကရာဇ်ရှေ့မှောက်တွင် ဖြစ်သလို၊ အန်းယာလုရှန်းမှာလည်း မဟာထန်၏ အကျိုးကို ဆောင်ရွက်ထားသူ ဖြစ်သည်။ အရှေ့မြောက်ဘက်တွင် အင်ပါယာအတွက် ယွန်းဂျယ်စိုးမွန်း နှင့် ဂိုဂူလျောအင်ပါယာကဲ့သို့သော ရန်သူများကို နှိမ်နှင်းပေးခဲ့သူ ဖြစ်သည်။ ဝမ်ချောင်အနေဖြင့် လူအများရှေ့တွင် သူ့ကို ပြင်းထန်စွာ ဒဏ်ရာရအောင် လုပ်ဆောင်ခြင်းမှာ ဝမ်မိသားစုမှာ စစ်ဘက်၊ နယ်ဘက် အရာရှိကြီးများ ဖြစ်စေကာမူ၊ ဝမ်ချောင်ကိုယ်တိုင်ကလည်း ကြီးမားသော အကျိုးကျေးဇူးများကို ဆောင်ရွက်ထားသူ ဖြစ်စေကာမူ၊ သူတော်စင်ဧကရာဇ်၏ အမျက်ဒေါသကို ခံနိုင်ရည် ရှိပါ့မလား ဆိုသည်မှာ သံသယဖြစ်ဖွယ်ပင်။

ထိုမျှသာမကဘဲ ဝမ်ချောင်မှာ လက်ရှိ စစ်ဘက်၌ နံပါတ်တစ် ပုဂ္ဂိုလ် ဖြစ်နေသည်ဖြစ်ရာ၊ လူအများရှေ့တွင် ယခုကဲ့သို့ ပြုမူခြင်းကြောင့် ဝမ်ချောင်သည် ပါရမီရှိသူများကို မနာလိုဖြစ်ပြီး အင်ပါယာ၏ မျိုးဆက်သစ် လူငယ်များကို ဖိနှိပ်နေသည် ဆိုသည့် နာမည်ဆိုး ထွက်ပေါ်လာနိုင်ပေသည်။

ဤအတိုင်းသာ ဖြစ်လာမည် ဆိုပါက၊ ဝမ်ချောင်၏ အနာဂတ် ရာထူးတက်လမ်းမှာ လုံးဝ ပျက်စီးသွားပေလိမ့်မည်

"အရှင်မင်းမြတ၊ ကျွန်တော်မျိုးကို ကယ်ပါဦး..."

မြေပြင်ပေါ်၌ လဲကျနေသော အန်းယာလုရှန်းသည်လည်း ဤအခွင့်အရေးကို လွတ်အောင် မထားဘဲ အလွန်ပင် သနားစရာ ကောင်းလှသော အသံဖြင့် အော်ဟစ်လိုက်သည်။

အန်းယာလုရှန်း၏ စိတ်ထဲတွင်မူ အလွန်ပင် ဒေါသထွက်နေပေသည်

ဝမ်ချောင်ဆိုတဲ့ ဒီလူယုတ်မာ၊ သူက ဖာပေါင်ကို ပေါက်ကွဲစေခဲ့ပြီး ဒန်ထျန်ကို လှုပ်ခတ်စေကာ ဒဏ်ရာရဟန် ဆောင်ခဲ့ရုံသာ ရှိသည်။ ဒါမှ သနားစရာကောင်းနေမှာ ဖြစ်သည်။ သို့သော်လည်း ယခုအခါတွင် ဝမ်ချောင်၏ လက်ဝါးချက်ကို အမှန်တကယ် ခံလိုက်ရသဖြင့် ဒဏ်ရာ အတုမှာ အစစ် ဖြစ်သွားခဲ့ပြီ ဖြစ်သည်။

သူ့ကို ပိုမို၍ ဒေါသထွက်စေသည်မှာ လူအများအပြား ရှိနေသည့်ကြားမှ ထိုသူက မည်သည့်အရာကိုမျှ ဂရုစိုက်ဘဲ လူသိရှင်ကြား ရိုင်းစိုင်း ရဲခြင်းပင် ဖြစ်သည်။

"ဒီလူယုတ်မာ ငါ မင်းကို လုံးဝ လွှတ်ပေးမှာ မဟုတ်ဘူး"

အန်းယာလုရှန်းသည် သွားများကို ကြိတ်ကာ စိတ်ထဲမှ ကြုံးဝါးနေသည်။ ဒဏ်ရာမှာ အစစ်ဖြစ်စေ၊ အတုဖြစ်စေ၊ ဝမ်ချောင်က သူ့ကို တိုက်ခိုက်ခဲ့သည်မှာ အမှန်ဖြစ်ရာ ထိုသူ သေရမည်မှာ သေချာလှပေသည်။

သူသည် ဝမ်ချောင်ကို လုံးဝ လွှတ်ပေးမည် မဟုတ်ပေ။

သို့သော်လည်း နောက်တစ်ခဏတွင်မူ သူ စကားမဆုံးမီမှာပင်၊ မိုးကြိုးပစ်လိုက်သကဲ့သို့သော ကျယ်လောင်လှသည့် အော်ဟစ်သံတစ်ခု ဟွာအယ်ရှန်းဟွေး နန်းဆောင် ရှေ့၌ ပဲ့တင်ထပ်သွားတော့သည်။

"အန်းယာလုရှန်းမင်း ဘယ်လောက်အထိ ရဲတင်းနေရတာလဲ။ သူတော်စင်ဧကရာဇ်ကို ဖျော်ဖြေနေရင်နဲ့၊ မင်းက အစွမ်းထက်လှတဲ့ ဖာပေါင်တွေကို ခိုးယူ ဝတ်ဆင်လာရဲတယ်ပေါ့၊ မင်းမှာ မကောင်းတဲ့ ရည်ရွယ်ချက်တွေ ရှိနေပြီး အရှင်မင်းမြတ်ကို လုပ်ကြံဖို့ ကြံစည်နေတာ မဟုတ်လား"

ထို အောဟစ်သံမှာ အတိုင်းအဆမရှိသော ဒေါသများဖြင့် ပြည့်နှက်နေပြီး မြေကမ္ဘာကြီးကိုပင် တုန်ခါသွားစေသည်။

မြေပြင်ပေါ်၌ လဲကျနေပြီး ဝတ်ရုံစများ ပြတ်တောက်နေသော အန်းယာလုရှန်းသည် သူတော်စင်ဧကရာဇ်ရှေ့မှောက်၌ ဝမ်ချောင်ကို တရားစွဲဆိုရန် ပြင်ဆင်နေစဉ်မှာပင်၊ ယခုကဲ့သို့သော အော်ဟစ်သံကို ကြားလိုက်ရသည့်အခါ သူ၏ တစ်ကိုယ်လုံးမှာ တုန်ခါသွားပြီး နောက်ဆက်တွဲ စကားများကို ပြောရန် မဝံ့တော့ပေ။

ထိုအခိုက်အတန့်တွင် အန်းယာလုရှန်းလှည့်ကြည့်လိုက်ရာ ခြေလှမ်းအနည်းငယ် အကွာ၌ ဝမ်ချောင်သည် သူ၏မျက်နှာကို တင်းမာထားရင်း ဝတ်ရုံစများ လွင့်ပျံနေကာ၊ ကောင်းကင်ဘုံမှ ဒေါသထွက်နေသော နတ် တစ်ပါးအလား ခန့်ညားထည်ဝါစွာ ရပ်နေသည်ကို မြင်တွေ့လိုက်ရသည်။ သူ၏ လက်တစ်ဖက်ကို နောက်သို့ ပို့ထားပြီး အခြား လက်တစ်ဖက်ကိုမူ ရှေ့သို့ ဆန့်ထုတ်ထားကာ သူ၏ လက်ဖဝါးအတွင်း၌ ပေါက်ကွဲသွားခဲ့သော အမည်းရောင် အပိုင်းအစများမှာ သူ ခုနက ကိုယ်တိုင် ဖျက်ဆီးလိုက်သည့် အမည်းရောင် လက်စွပ်များပင် ဖြစ်သည်။

"ရှပ်"

ဝမ်ချောင်၏ စကားကို ကြားလိုက်ရသည့်အခါ ဆူညံနေသော ခန်းမကြီးမှာ ခဏချင်းအတွင်း တိတ်ဆိတ်သွားတော့သည်။

အန်းယာလုရှန်းသည်လည်း စိတ်ထဲ၌ ထိတ်လန့်သွားပြီး စကားတစ်ခွန်းမျှ မပြောနိုင်တော့ပေ။

"အန်းယာလုရှန်းဒီနေ့ ဟွာအယ်ရှန်းဟွေး နန်းဆောင် ပွဲတော်မှာ စစ်ဘက်၊ နယ်ဘက် အရာရှိအားလုံးနဲ့ တိုင်းနိုင်ငံပေါင်းစုံ ဆုံတွေ့နေကြတာ ဖြစ်လို့ ဒါဟာ ငြိမ်းချမ်းတဲ့ ပွဲတော်တစ်ခုပဲ။ မင်းက အရှင်မင်းမြတ်ကို ဟူရွှမ်ကကွက်နဲ့ ဖျော်ဖြေမယ်ဆိုရင် ခါးပတ်ဗုံနဲ့ ဓားတို တစ်စင်းရှိရင် လုံလောက်နေပြီလေ၊ ဘာလို့ မင်းရဲ့ ကိုယ်ပေါ်မှာ အစွမ်းထက်လှတဲ့ ဖာပေါင်သုံးခုကိုတောင် ဝတ်ဆင်လာရတာလဲ။ ငါက ကိုးပြည်ထောင် မဟာအုပ်ချုပ်ရေးမှူးတစ်ဦးအနေနဲ့၊ မင်းမှာ မကောင်းတဲ့ အကြံအစည်တွေ ရှိနေပြီး ဧကရာဇ်မင်းမြတ်ကို အန္တရာယ်ပြုဖို့ ကြံနေတာကို မြင်တွေ့ခဲ့ရလို့သာ၊ ငါက ထွက်ပြီး မင်းကို တားဆီးခဲ့ရတာပဲ"

"ယုတ်မာကောက်ကျစ်လှတဲ့ မင်းလိုလူစားမျိုးကို အသက်ရှင်လျက် လွှတ်ထားလို့ မဖြစ်ဘူး လာကြစမ်း၊ သူ့ကို ဖမ်းဆီးကြစမ်း"

ဝမ်ချောင်သည် ဒေါသတကြီးဖြင့် ဟိန်းဟောက်လိုက်ရာ သူ၏ အရှိန်အဝါမှာ အလွန်ပင် ကြီးမားလှပေသည်။

"ဒီလူယုတ်မာ"

အန်းယာလုရှန်းမှာ မြေပြင်ပေါ်၌ သွေးများကို အန်ထုတ်နေရဆဲဖြစ်ပြီး အလွန်ပင် ဒေါသထွက်နေရသည်။ သူသည် ဝမ်ချောင်ကို တရားမစွဲရသေးမီမှာပင် ဝမ်ချောင်က သူ့ကို အရင်ဦးဆုံး ပြန်လည် စွပ်စွဲလိုက်ခြင်းမှာ သူ့ကို အလွန်ပင် ပေါက်ကွဲစေတော့သည်။

"အရှင်မင်းမြတ် ကျွန်တော်မျိုးမှာ အဲဒီလို ရည်ရွယ်ချက်မျိုး မရှိပါဘူး၊ တကယ် မရှိပါဘူး"

အန်းယာလုရှန်းသည် လက်ကို ခါယမ်းရင်း အလွန်ပင် စိုးရိမ်တုန်လှုပ်စွာ ငြင်းဆိုလိုက်သည်။

လူတွေအများကြီး ကြည့်နေကြတဲ့ကြားထဲက သူက ဧကရာဇ်မင်းမြတ်ကို ဘယ်လိုမျိုး လုပ်ကြံဝံ့ပါ့မလဲ။

ထို အမည်းရောင် လက်စွပ် သုံးကွင်းမှာ ဝမ်ချောင်ကို ကာကွယ်ရန်အတွက်သာ ဖြစ်သည်။ သို့သော်လည်း ဤအရာများကို စစ်ဘက်၊ နယ်ဘက် အရာရှိများနှင့် သူတော်စင်ဧကရာဇ်အား မည်သို့ ရှင်းပြရမည်နည်း။

မိမိသည် မြို့တော်သို့ ဝင်ရောက်လာကတည်းက ဝမ်ချောင်ကို ကြိုတင် ကာကွယ်ရန်အတွက် ထို လက်စွပ် သုံးကွင်းကို ဝတ်ဆင်လာခဲ့သည်ဟု ပြောရမည်လား။

ဘယ်သူက သူ့ကို ယုံကြည်မှာလဲ။

"မျိုးနွယ်ခြားဘုရင် မင်းက လူကို အစိမ်းလိုက် ဝါးမျိုနေတာပဲ"

"ဧကရာဇ်မင်းမြတ် ဒါ လုံးဝ မဟုတ်ပါဘူး"

ချွေချန်းယုံနှင့် ထျန်းချန်းစီတို့မှာလည်း ဝမ်ချောင်ကို ဒေါသတကြီး ကြည့်ရင်း အော်ဟစ်လိုက်ကြသည်။

"မင်းတို့က ဘယ်သူတွေမို့လို့လဲ။ ဧကရာဇ်မင်းမြတ်ရဲ့ရှေ့မှောက်မှာ မင်းတို့ စကားပြောခွင့် ရှိလို့လား"

ဝမ်ချောင်က အေးစက်စွာ တုန့်ပြန်လိုက်သည်။

ယူပုံသဏ္ဌာန် ခန်းမကြီး၏ ညာဘက်ခြမ်းတွင်မူ ရွှီချင်ချင်သည် ဤမြင်ကွင်းကို ကြည့်ရင်း ရယ်မောလိုက်ချင်တော့သည်။

အန်းယာလုရှန်းမှာ အမှန်တကယ်ပင် ကလေးဆန်လှပေသည်။ ဝမ်ချောင်ကို သူက ကြံစည်ချင်နေသေးတယ်။

မဟာထန် စစ်နတ်ဆိုတာကို သိုင်းပညာ တစ်ခုတည်းနဲ့ တိုက်ခိုက်တတ်တယ်လို့ သူ တကယ်ပဲ ထင်နေတာလား။

ဝမ်ချောင်ရဲ့ရှေ့မှောက်မှာ အကြံအစည်တွေ လုပ်ဆောင်နေတာဟာ မိမိကိုယ်မိမိ ဒုက္ခရှာနေတာပဲ။

အခြေအနေများ တင်းမာနေစဉ်၊ အန်းယာလုရှန်းကို ဖမ်းဆီးရန်အတွက် ကျင်းဝူစစ်သည် အချို့မှာ ဝမ်ချောင်၏ အမိန့်အရ ရှေ့သို့ လျှောက်လှမ်းလာကြသည်၊ ထိုအချိန်တွင် ခန့်ညားထည်ဝါလှသော အသံတစ်ခု လူတိုင်း၏ နားထဲသို့ ရုတ်တရက် ဝင်ရောက်လာသည်။

"ဆုတ်ခွာသွားကြစမ်း"

"အန်းယာလုရှန်းဟာ မဟာထန်ရဲ့ အကျိုးကို ဆောင်ရွက်ထားသူ ဖြစ်တာ၊ ငါ့အပေါ်မှာ ဘယ်လိုမျိုး မကောင်းတဲ့ အကြံအစည်တွေ ရှိပါ့မလဲ။ ဝမ်ချောင် မင်းကတော့ အရမ်းကို စိုးရိမ်လွန်နေတာပဲ"

မြင့်မားလှသော ပလ္လင်တော်ပေါ်ရှိ သူတော်စင်ဧကရာဇ်သည် နောက်ဆုံးတွင် စကားပြောလိုက်တော့သည်။

"အရှင်မင်းမြတ်"

သူတော်စင်ဧကရာဇ်စကားပြောလိုက်သည်နှင့် လူတိုင်းမှာ ခေါင်းငုံ့၍ နာခံလိုက်ကြသည်။

ဝမ်ချောင်သည် ခေါင်းကို မော့၍ တစ်ချက် ကြည့်လိုက်ရာ သူ၏စိတ်ထဲ၌ အေးစက်သွားတော့သည်။

သူတော်စင်ဧကရာဇ်၏ ဤစကားများမှာ အန်းယာလုရှန်းဘက်မှ အထင်အရှား ဘက်လိုက်၍ ကာကွယ်ပေးနေခြင်း ဖြစ်သည်။ ထိုမျှသာမကဘဲ ဖုံးကွယ်ထားခြင်းလည်း လုံးဝ မရှိပေ။

အရေးကြီးဆုံး အချက်မှာ ဧကရာဇ်၏ အမိန့်တော်မှာ တည်မြဲနေမည် ဖြစ်ရာ၊ သူတော်စင်ဧကရာဇ်က ဤသို့ ပြောဆိုလိုက်သည်နှင့် မိမိ၏ လက်ထဲတွင် မည်သည့် သက်သေ အထောက်အထား ရှိနေစေကာမူ မည်သို့မျှ အသုံးမဝင်တော့ပေ။

"အန်းယာလုရှန်းမင်း တကယ်ကို ပင်ပန်းသွားခဲ့ပြီ"

ပလ္လင်တော်ပေါ်၌ သူတော်စင်ဧကရာဇ်သည် ဖြည်းညှင်းစွာ မတ်တပ်ရပ်လိုက်ပြီး မျက်နှာတွင် မည်သည့် အမူအရာမျှ မရှိဘဲ

"မျိုးနွယ်ခြားဘုရင်ကလည်း စေတနာနဲ့ လုပ်ဆောင်ခဲ့တာ ဖြစ်ပေမဲ့၊ မင်းကိုတော့ စွပ်စွဲမှားသွားခဲ့ပြီ၊ လီကျင့်ချောင်”

"ကျွန်တော်မျိုး ရှိပါတယ်"

ဘေးနားရှိ ဆံပင်ဖြူ မိန်းမစိုးကြီးမှာ အမြန် ခေါင်းငုံ့၍ ရိုသေစွာ ပြန်လည် ဖြေကြားလိုက်သည်။

"ကိုးဆင့် ကျောက်စိမ်းအနှစ် ဆေးလုံးကို ချီးမြှင့်စေ"

သူတော်စင်ဧကရာဇ်က မိန့်ကြားလိုက်သည်။

"ကျွန်တော်မျိုး အမိန့်တော်အတိုင်း ဆောင်ရွက်ပါ့မယ်"

ဝါရင့် မိန်းမစိုးကြီးက အမြန် ပြန်ပြောလိုက်သည်။

ထိုစကားကို ကြားလိုက်ရသည့်အခါ မြေပြင်ပေါ်ရှိ အန်းယာလုရှန်း၏စိတ်ထဲ၌ ဝမ်းမြောက်ဝမ်းသာ ဖြစ်သွားတော့သည်။

******

အခန်း (၂၀၁၁) ရွှီချီချင်၏ ဖြေရှင်းချက်

ဒါဟာ လုံးဝကို မမျှော်လင့်ထားတဲ့ ဝမ်းမြောက်စရာ ကိစ္စတစ်ခုပင်။ သူ မူလက အနည်းငယ် ထိတ်လန့်နေခဲ့ပေမဲ့ သူတော်စင်ဧကရာဇ်က သူ့အတွက် ကိုယ်တိုင်ကိုယ်ကျ ရှေ့ထွက်ပြီး ကာကွယ်ပြောဆိုပေးလိမ့်မယ်လို့ မထင်မှတ်ထားခဲ့ဘူး။

သူက ဧကရာဇ်ရဲ့ နဂါးစွမ်းအားတွေကို ခိုးယူနေတာတောင်မှ၊ ဧကရာဇ်က သူ့ကို ကူညီပြီး ဝမ်ချောင်ကို ပြန်လည် ရင်ဆိုင်ပေးနေသေးတာပဲ။

ဒီသတင်းတွေက တကယ်ပဲ မမှားဘူး၊ သူတော်စင်ဧကရာဇ်က ဝမ်ချောင်ကို မျက်စိထဲက ဆူးတစ်ချောင်းလို တကယ်ပဲ သတ်မှတ်ထားတာပဲ။ ငါ အလှမယ်တွေ အများကြီး ဆက်သခဲ့ရတာ တကယ်ပဲ တန်သွားပြီ။

ထိုအခိုက်အတန့်တွင် အန်းယာလုရှန်း၏ စိတ်ထဲ၌ အတိုင်းအဆမရှိသော ဝမ်းမြောက်မှုများဖြင့် ပြည့်နှက်နေတော့သည်။

"အန်းယာလုရှန်းမင်းရဲ့စိတ်ရင်းကို ငါ သိရှိပြီ၊ ဆေးလုံးကို သောက်ပြီး အရင်ဆုံး ဘေးမှာ သွားနားလိုက်ပါဦး"

သူတော်စင်ဧကရာဇ်က ဝတ်ရုံစကို ခါယမ်းလိုက်ရင်း အန်းယာလုရှန်းကို ကြည့်ကာ မိန့်ကြားလိုက်သည်။

"အရှင်မင်းမြတ်..."

အန်းယာလုရှန်းသည် ဒဏ်ရာကြောင့် ရုန်းကန်နေရဟန်ဖြင့် မတ်တပ်ရပ်လိုက်ပြီး၊ ဘေးနားရှိ ဝမ်ချောင်ကို ခိုးကြည့်လိုက်ကာ စကားပြောရန် တွန့်ဆုတ်နေဟန် ပြုမူလိုက်သည်။

"ကျွန်တော်မျိုးဟာ သူတော်စင်ဧကရာဇ်ကို အမြဲတမ်း ကြည်ညိုလေးစားခဲ့ရသူပါ၊ ကျွန်တော်မျိုး နယ်ခြားမှာ ရှိနေတုန်းကလည်း တစ်သက်မှာ တစ်ခါလောက်ပဲဖြစ်ဖြစ် ဧကရာဇ်မင်းမြတ်ရဲ့မျက်နှာတော်ကို ဖူးတွေ့ခွင့်ရရင် သေပျော်ပြီလို့ တွေးခဲ့ဖူးပါတယ်။ အခုတော့ ကျွန်တော်မျိုး ဧကရာဇ်မင်းမြတ်ကို ဖူးတွေ့ခွင့်ရပြီ၊ ဒါပေမဲ့ မျိုးနွယ်ခြားဘုရင် ကလည်း... အခုလို ဖြစ်သွားတော့... ကျွန်တော်မျိုးရဲ့ခန္ဓာကိုယ်ကလည်း သိပ်ပြီးမဟန်တော့တာကြောင့် အရှင်မင်းမြတ်ရဲ့ ခွင့်ပြုချက်နဲ့ ကျွန်တော်မျိုး အရင်ဆုံး ထွက်ခွာပြီး နားခွင့်ပြုပါ"

"အရှင်မင်းမြတ် ခွင့်ပြုပေးတော်မူပါ"

ချွေချန်းယုံနှင့် ထျန်းချန်းစီတို့မှာလည်း မျက်ဝန်းများ နီရဲလျက် ဝမ်ချောင်ရှိရာဘက်သို့ လှမ်းကြည့်လိုက်ကြပြီး ဝမ်းနည်းဒေါသထွက်နေဟန်ဖြင့် အတူတူ လျှောက်တင်လိုက်ကြရာ ၎င်းမှာ အလွန်ပင် ကြောက်ရွံ့နေသလို မခံမရပ်နိုင်အောင် စိတ်ထိခိုက်နေရသည့် အငွေ့အသက်များကို ပေးစွမ်းနေပေသည်။

"ဟင်းးးး"

ထိုသူတို့၏ စကားများကို ကြားလိုက်ရသည့်အခါ ဝမ်ချောင်၏မျက်ဝန်းများမှာ ကျဉ်းမြောင်းသွားပြီး မျက်နှာမှာလည်း ချက်ချင်းပင် အေးစက်သွားတော့သည်။

"ထွက်သွားချင်တာလား"

သူ့စိတ်ထဲတွင် ကောင်းစွာ သိရှိထားသည်မှာ၊ ခုနက သူ၏ လက်ဝါးရိုက်ချက်မှာ အင်အား ဤမျှအထိ မပြင်းထန်ခဲ့သလို အန်းယာလုရှန်း၏ ဒဏ်ရာမှာလည်း ယခုကဲ့သို့ စိုးရိမ်ရသည့် အခြေအနေသို့ မရောက်ရှိသေးပေ။

ထိုသူမှာ ယခု အခွင့်အရေးကို အသုံးချပြီး မြို့တော်မှ အေးအေးဆေးဆေး ထွက်ခွာရန် ကြံစည်နေခြင်းသာ ဖြစ်သည်။

ဟွာအယ်ရှန်းဟွေး နန်းဆောင် ၌ တိုင်းနိုင်ငံပေါင်းစုံ ဆုံတွေ့နေကြပြီး၊ စစ်ဘက်၊ နယ်ဘက် အရာရှိများစွာနှင့် မိမိ၏ ရှေ့မှောက်မှာတင် ထိုသူက နဂါးပုလဲဟု ခေါ်ဆိုသည့် အရာကို ဆက်သကာ တတိယမင်းသားရွှမ်းကို သူတော်စင်ဧကရာဇ်အား နှိမ်နှင်းရန် ကူညီပေးခဲ့သည်။ ထို့အပြင် မိမိ၏ မျက်စိရှေ့မှောက်မှာတင် မဟာထန် နဂါးစွမ်းအားနှင့် ရှန်းကျိုး၏ ကံကြမ္မာများကို လူသိရှင်ကြား ခိုးယူခဲ့သည့် ဤမျှအထိ ရိုင်းစိုင်းလှသော လုပ်ရပ်များကို လုပ်ဆောင်ခဲ့ပြီး၊ နန်းတွင်း အရာရှိအားလုံးကိုလည်း လျစ်လျူရှုကာ၊ အခုတော့ အေးအေးဆေးဆေး ဆုတ်ခွာသွားချင်နေသည် ဟုတ်လား။

ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။

သူ့ကိုရော မေးခဲ့ရဲ့လား။

"အင်း.. ကောင်းပြီလေ၊ မင်း အရင် သွားနားလိုက်ပါတော့"

သူတော်စင်ဧကရာဇ်သည် ခေတ္တမျှ စဉ်းစားပြီးနောက် များစွာတွေးတောခြင်း မရှိဘဲ ချက်ချင်းပင် ခေါင်းညိတ် သဘောတူလိုက်သည်။

အန်းယာလုရှန်းတို့အဖွဲ့မှာ ထိုစကားကို ကြားရသည့်အခါ အလွန်ပင် ဝမ်းမြောက်သွားကြတော့သည်။ ခန်းမ၏ ဘေးအစွန်၌ ထိုင်နေသော ကောင်းရှန်းသည်လည်း သက်ပြင်းတစ်ချက်ကို လျင်မြန်စွာ ချလိုက်ရင်း ဘေးနားရှိ ယန်ကျွမ်း ကို သူ၏ တံတောင်ဖြင့် အသာ တို့လိုက်သည်။

"သွားကြစို့"

ဤနေရာမှာ ကြာရှည်စွာ နေရန် မသင့်တော့ပေ၊ အစီအစဉ်များအားလုံး ပျက်စီးသွားခဲ့သော်လည်း ရလဒ် တစ်စုံတစ်ရာတော့ ရရှိခဲ့သည် မဟုတ်ပါလား။

အကယ်၍သာ ယိုကျိုးဒေသသို့ အောင်မြင်စွာ ပြန်ရောက်နိုင်မည်ဆိုပါက၊ နောင်အနာဂတ်တွင် "ပင်လယ်ပြင်က ကျယ်ပြောသဖြင့် ငါးများ စိတ်ကြိုက် ကူးခတ်နိုင်သလို၊ ကောင်းကင်ယံက မြင့်မားသဖြင့် ငှက်များ စိတ်ကြိုက် ပျံသန်းနိုင်တော့မည်" ဖြစ်သည်။

"အရှင်မင်းမြတ်ရဲ့ သဘောထားကြီးမှုအတွက် ကျွန်တော်မျိုး အလွန်ပဲ ကျေးဇူးတင်မိပါတယ်"

အခြားတစ်ဖက်တွင်မူ၊ အန်းယာလုရှန်းသည် သူ၏ပခုံးပေါ်မှ ဝန်ထုပ်ဝန်ပိုးကြီး ကျဆင်းသွားသကဲ့သို့ ခံစားလိုက်ရပြီး ခေါင်းကိုငုံ့ကာ အလွန် ကျေးဇူးတင်လှပါတယ်ဆိုသည့် အမူအရာဖြင့် လျှောက်တင်လိုက်သည်။

"အရှင်မင်းမြတ်"

ထိုအချိန်မှာပင် အလွန်ပင် တည်ငြိမ်လှသော ရင်းနှီးနေသည့်အသံတစ်ခု သူတို့၏ နားထဲသို့ ရုတ်တရက် ဝင်ရောက်လာပြန်သည်။

ထိုအသံကို ကြားလိုက်ရသည့်အခါ အန်းယာလုရှန်း၊ ကောင်းရှန်းနှင့် ချွေချန်းယုံတို့၏ စိတ်ထဲ၌ ပြင်းထန်စွာ တုန်လှုပ်သွားကြပြီး ခေါင်းကို ရုတ်တရက် မော့ကြည့်လိုက်ရာ ဝမ်ချောင်သည် ရှေ့သို့ တစ်လှမ်း တိုးလာကာ တည်ငြိမ်သော အမူအရာဖြင့် ခါးကို ငုံ့၍ လျှောက်တင်နေသည်ကို မြင်တွေ့လိုက်ရသည်။

"...ကျွန်တော်မျိုးလည်း အနည်းငယ် ပင်ပန်းနေပြီ ဖြစ်လို့၊ တခြား ကိစ္စတွေ မရှိဘူးဆိုရင် ကျွန်တော်မျိုးလည်း အရင်ဆုံး ဆုတ်ခွာခွင့် ပြုပါ"

ဝမ်ချောင်သည် ထိုစကားကို ပြောဆိုနေစဉ်တွင် သူ၏အကြည့်များမှာ ရှေ့တည့်တည့်သို့သာ ရှိနေပြီး ချွေချန်းယုံတို့အဖွဲ့ကို တစ်ချက်မျှပင် လှည့်မကြည့်ခဲ့ပေ။

သို့သော်လည်း ချွေချန်းယုံနှင့် ကောင်းရှန်းတို့မှာ ထိုစကားကို ကြားရသည့်အခါ မျက်ခွံများမှာ ရူးသွပ်စွာ လှုပ်ခတ်သွားခဲ့ပြီး စိတ်ထဲတွင်လည်း အလွန်ပင် တုန်လှုပ်သွားကြတော့သည်။

အကယ်၍ ဝမ်ချောင်သာ သူတို့နှင့်အတူ ဤနေရာမှ ထွက်ခွာသွားမည်ဆိုပါက ယနေ့ သူတို့ မြို့တော်ကနေ လွတ်အောင် ပြေးနိုင်ရန်မှာ လုံးဝကို မဖြစ်နိုင်တော့ပေ။

"ဟားဟားဟား... မျိုးနွယ်ခြားဘုရင် အန်တုံနယ်စားကြီးက ဒဏ်ရာရထားတာလေ၊ ကြည့်စမ်း သွေးတွေတောင် အန်နေရတာကို၊ မင်းကတော့ အဲဒီလို လုပ်လို့ ဘယ်ဖြစ်ပါ့မလဲ"

လျှပ်စီးလက်သကဲ့သို့သော ခဏချင်းအတွင်းမှာပင်၊ ဟားတိုက် ရယ်မောသံတစ်ခု ထွက်ပေါ်လာသည်။ ယူပုံသဏ္ဌာန် ခန်းမကြီး၏ ဘယ်ဘက်ခြမ်းမှ မဟာထန်အမတ်ချုပ်ကြီးလီလင်ဖူသည် ခရမ်းရောင် ဝတ်ရုံကို ဆင်ယင်ထားရင်း၊ လက်တစ်ဖက်ဖြင့် သူ၏ မုတ်ဆိတ်နက်များကို သပ်ကာ စားပွဲကို လှည့်ပတ်၍ အလွန်ပင် ယဉ်ကျေးသိမ်မွေ့စွာဖြင့် လျှောက်လှမ်းလာခဲ့သည်။

"မျိုးနွယ်ခြားဘုရင်ဆိုတာ ငါတို့မဟာထန်ရဲ့ အကြီးမားဆုံးသော အကျိုးကို ဆောင်ရွက်ထားသူ ဖြစ်သလို၊ အရှင်မင်းမြတ် အားကိုးရတဲ့ လက်ရုံးတစ်ဦးလည်း ဖြစ်တယ်၊ မျိုးနွယ်ခြားဘုရင်အနေနဲ့ မင်းရဲ့ ထိုင်ခုံနေရာကို ကြည့်လိုက်ရင်ပဲ သိနိုင်မှာပါ။ ပြီးတော့ ပွဲတော်က အခုမှ စတင်နေတုန်းပဲ ရှိသေးတာကို၊ တိုင်းတစ်ပါး သံတမန်တွေလည်း အများကြီး ရှိနေတဲ့ကြားက မျိုးနွယ်ခြားဘုရင်က အင်ပါယာရဲ့ အရာရှိကြီး တစ်ဦးအနေနဲ့ အခုအချိန်မှာ ထွက်ခွာသွားလို့ ဘယ်သင့်တော်ပါ့မလဲ"

လီလင်ဖူ၏မျက်နှာတွင် အပြုံးများဖြင့် ပြည့်နှက်နေသည်။ သူ့ကို မသိသူများအဖို့မူ သူသည် ဝမ်မိသားစုနှင့် အလွန်ရင်းနှီးသော သူငယ်ချင်းကောင်း တစ်ဦးဖြစ်သည်ဟုပင် ထင်မှတ်သွားနိုင်ပေသည်။

"အမတ်ချုပ်ကြီးရဲ့ စကားက ဘာကိုဆိုလိုတာလဲ။ ဝမ်ချောင်က စစ်ဘက် အရာရှိ တစ်ဦးပါ၊ ဧည့်ခံဖို့အတွက်ဆိုရင် ကျွန်တော် မလိုအပ်ဘူး ထင်ပါရဲ့"

ဝမ်ချောင်က လီလင်ဖူကို တစ်ချက် လှမ်းကြည့်လိုက်ရာ သူ၏မျက်နှာမှာ ချက်ချင်းပင် အေးစက်သွားတော့သည်။

လီလင်ဖူမှာ အမြဲတမ်း နှုတ်ချိုသော်လည်း ဗိုက်ထဲတွင် ဓားပါသူ ဖြစ်သည်။ ကိစ္စများ လုပ်ဆောင်ရာတွင် မည်သည့် သဲလွန်စမျှ မကျန်အောင် လုပ်ဆောင်တတ်သလို မည်သူ့ကို တိုက်ခိုက်မည် ဆိုသည်ကိုလည်း သိသာအောင် မပြသတတ်ပေ။ စစ်ဘက်၊ နယ်ဘက် အရာရှိအားလုံး၏ ရှေ့မှောက်တွင်မူ သူသည် အမြဲတမ်း လူကောင်းတစ်ဦးအသွင် ဆောင်နေတတ်သော်လည်း၊ ယခုတစ်ကြိမ်တွင်မူ အန်းယာလုရှန်းကို ကူညီရန်အတွက် သူသည် မည်သည့် အရာကိုမျှ ဂရုမစိုက်တော့ဘဲ လူသိရှင်ကြား ပြုမူနေတော့သည်။

"ဝမ်ချောင် ပွဲတော်က အခုမှ အထွတ်အထိပ်ကို ရောက်နေတာလေ။ မင်းက မဟာထန်ရဲ့ ပထမဦးဆုံးသော မျိုးနွယ်ခြားဘုရင် တစ်ယောက်ပဲ၊ မင်း အခုအချိန်အထိ ငါ့ကို ဝိုင်တစ်ခွက်တောင် မဆက်သရသေးဘူးလို့ ငါ မှတ်မိနေတယ်နော်။ ဘာလဲ မင်းက အခုပဲ ထွက်သွားချင်နေတာလား။ ဒါမှမဟုတ် မင်းက ငါ့ကိုတောင် မျက်စိထဲ မထည့်တော့တာလား"

ထိုအချိန်တွင် သူတော်စင်ဧကရာဇ်က ရုတ်တရက် စကားပြောလိုက်သည်။ ထိုအက်ရှရှလှသောအသံမှာ လူတိုင်း၏ နားထဲတွင် ပဲ့တင်ထပ်သွားပြီး အလွန်ပင် အန္တရာယ်များလှသော အငွေ့အသက်များကို ပေးစွမ်းနေပေသည်။

စကားမဆုံးမီမှာပင်၊ ခန်းမကြီးတစ်ခုလုံး၏ အငွေ့အသက်များမှာ ချက်ချင်းပင် အေးစက်သွားတော့သည်။

တိုင်းတစ်ပါး သံတမန် အားလုံးပင်လျှင် အခြေအနေ မဟန်သည်ကို ခံစားမိလိုက်ကြပြီး သူတော်စင်ဧကရာဇ် နှင့် ဝမ်ချောင်တို့ကို လှည့်ကြည့်လိုက်ကြသည်။ ဝူနိုရှီပိနှင့် နန်ရီစုန့်ထျန်းတို့မှာမူ စိတ်ဝင်တစားဖြင့် ကြည့်နေကြတော့သည်။

"အရှင်မင်းသား၊ ကြည့်ထားလိုက်၊ ဒီနေ့ မဟာထန်ရဲ့ဧကရာဇ်နဲ့ အမတ်တွေ ကြားမှာ အဆင်မပြေမှုတွေ ရှိနေပြီ။ အဲဒါဟာ ငါတို့ မြို့တော်ကို လာရတဲ့ အကြီးမားဆုံးသော ရလဒ်ပဲ၊ ငါတို့ မဟာတာ့ခ်အင်ပါယာအတွက်လည်း အကြီးမားဆုံးသော အခွင့်အရေးပဲ"

ဝူနိုရှီပိက တိုင်းတစ်ပါး ဘာသာစကားကို အသုံးပြု၍ လျှို့ဝှက်အသံလွှင့်ခြင်းအတတ်ဖြင့် သူ၏ ဘေးနားရှိ အီဖီဒီယွန်းကို ပြောလိုက်သည်။

ယနေ့ ဝမ်ချောင်ဆီတွင် အရှက်ရခဲ့သော်လည်း၊ ယခု မြင်တွေ့နေရသော မြင်ကွင်းကြောင့် သူသည် ရှာပိုလော် ခါဂန်းထံသို့ အောင်မြင်စွာ ပြန်လည် အစီရင်ခံနိုင်ပြီ ဖြစ်သည်။

ဘေးနားရှိ အီဖီဒီယွန်းကမူ စကားမပြောဘဲ သူ၏ မျက်ဝန်းထဲတွင် အတွေးများစွာ ပေါ်ပေါက်နေပေသည်။

"အရှင်မင်းမြတ် ကျွန်တော်မျိုးကို အရင်ဆုံး ဆုတ်ခွာခွင့် ပြုပါ"

အခြားတစ်ဖက်တွင်မူ အန်းယာလုရှန်း၏ မျက်ဝန်းထဲ၌ ခိုးယူဝမ်းသာနေသော အရိပ်အယောင်များ ဖြတ်ပြေးသွားပြီး၊ ဤအခွင့်အရေးကို လျင်မြန်စွာ ဖမ်းဆုပ်လိုက်ကာ ဂါရဝပြု နှုတ်ဆက်လိုက်ပြီးနောက်၊ ရင်ဘတ်ကိုဖိ၍ နာကျင်နေဟန်နှင့် ရှက်ကိုးရှက်ကန်းဖြစ်နေဟန် ပြုမူလျက် အရင်ဆုံး ဆုတ်ခွာသွားခဲ့သည်။

အန်းယာလုရှန်းကောင်းစွာ သိရှိထားသည်မှာ ထွက်ခွာရန်အတွက် ယခုအချိန်မှာ အကောင်းဆုံး အချိန်ပင် ဖြစ်သည်။

နောက်ထပ် ခဏမျှသာ စောင့်လိုက်မည် ဆိုပါက ထွက်ခွာချင်လျှင်ပင် ထွက်ခွာ၍ ရတော့မည် မဟုတ်ပေ။

လီလင်ဖူနှင့် အကြည့်တစ်ချက် ဖလှယ်လိုက်ပြီးနောက် အန်းယာလုရှန်းသည် ချွေချန်းယုံနှင့် ထျန်းချန်းစီတို့၏ တွဲကူမှုဖြင့် မည်သူမျှ သတိမထားမိခင်မှာပင် လျင်မြန်စွာ ဆုတ်ခွာသွားခဲ့သည်။

ခန်းမ၏ ဘေးအစွန်မှ ကောင်းရှန်းနှင့် ယန်ကျွမ်းတို့သည်လည်း မည်သည့် အသံမျှ မထွက်ဘဲ နောက်သို့ ဆုတ်ခွာသွားကြပြီး ဟွာအယ်ရှန်းဟွေး နန်းဆောင် အပြင်ဘက်သို့ ဦးတည်ထွက်ခွာသွားကြတော့သည်။

သူတော်စင်ဧကရာဇ်၏ အမိန့်တော် ရှိနေသဖြင့်၊ ယခုအခါတွင် စုန့်ဘုရင်နှင့် ကျန်းချိုးကျန့်ချုံးတို့ပင်လျှင် သူတို့ကို တားဆီးရန် ခက်ခဲသွားခဲ့ပြီ ဖြစ်သည်။

ဝမ်ချောင်ဘက်မှာမူ...

သူတို့နှင့် မသက်ဆိုင်တော့ပေ။

အန်းယာလုရှန်းတို့အဖွဲ့မှာ အေးအေးဆေးဆေး ထွက်ခွာသွားနိုင်ခဲ့ပြီ ဖြစ်သော်လည်း၊ စုန့်ဘုရင်နှင့် ကျန်းချိုးကျန့်ချုံးတို့မှာမူ သူတို့ကို ဂုဏ်စိုက်ရန် အချိန်မရှိတော့ပေ။

သူတို့နှစ်ဦးသည် ခန်းမ၏ ဘေးအစွန်၌ ရပ်နေရင်း ခန်းမအလယ်မှ ဝမ်ချောင်ကို ကြည့်ကာ စိုးရိမ်မှုများနှင့် ပူပန်မှုများဖြင့် ပြည့်နှက်နေတော့သည်။

ဝမ်ချောင်သည် အန်းယာလုရှန်းကို ဖြေရှင်းချင်နေသည်ကို သူတို့နှစ်ဦးစလုံး သိရှိထားကြသော်လည်း ယခုအခါတွင်မူ သူတော်စင်ဧကရာဇ်က ထိုသူ့ဘက်မှ အထင်အရှား ကာကွယ်ပေးနေသည်။ ထို့အပြင် ထိုက်ဖျင်မျှော်စင်နှင့် အလှမယ် ရွေးချယ်မှု ကိစ္စများကြောင့် သူတော်စင်ဧကရာဇ်သည် ဝမ်ချောင်အပေါ် မကျေနပ်မှုများ ရှိနေခဲ့ရာ ယခုအချိန်မှာ အခွင့်ကောင်းယူ၍ အရေးယူနေခြင်း ဖြစ်သည်။

ဝမ်ချောင်အနေဖြင့် အန်းယာလုရှန်းကို မည်မျှပင် လိုက်လံ သတ်ဖြတ်ချင်နေစေကာမူ၊ ယခုအခိုက်အတန့်တွင်မူ သူတော်စင်ဧကရာဇ်ကို ဆန့်ကျင်ခြင်းမှာ မည်သို့မျှ အကြံကောင်း မဟုတ်ပေ။

"ဝမ်ချောင် စိတ်ကို ထိန်းပါ"

"ဒီအချိန်မှာ သူတော်စင်ဧကရာဇ်ကို လုံးဝ မဆန့်ကျင်မိစေနဲ့"

သူတို့နှစ်ဦး၏ စိတ်ထဲတွင် စိုးရိမ်မှုများဖြင့် ပြည့်နှက်နေသော်လည်း ဝင်ရောက် စွက်ဖက်ရန်မှာလည်း ခက်ခဲနေပေသည်။

ယခုအချိန်တွင် ထွက်လာ၍ တားဆီးခြင်းမှာ ရလဒ်ကောင်းမည် မဟုတ်သည့်အပြင် သူတော်စင်ဧကရာဇ်ကို ပိုမို၍ အမျက်ထွက်စေရန်သာ ရှိပေသည်။

ယခု ဟွာအယ်ရှန်းဟွေး နန်းဆောင် တစ်ခုလုံးမှာ တိတ်ဆိတ်နေပြီး အချိန်များပင် ရပ်တန့်နေသကဲ့သို့ ခံစားရစေကာ အငွေ့အသက်များမှာလည်း အေးခဲနေပြီး လူတိုင်း၏ အကြည့်များမှာ ဝမ်ချောင်ဆီသို့သာ ရောက်ရှိနေပေသည်။

ဝမ်ချောင်၏ မျက်ဝန်းထဲ၌ အတွေးများစွာ ပြောင်းလဲနေသည်။

အန်းယာလုရှန်းဆိုသည်မှာ မြေကမ္ဘာတစ်ခုလုံး ပျက်စီးစေမည့် ဘေးဒုက္ခကြီး၏ တရားခံပင် ဖြစ်သည်။ နောင်အနာဂတ်တွင် ရှန်းကျိုးမြေပြင်ကြီး ပျက်သုဉ်းသွားမှုမှာ ဤသူနှင့် လုံးဝကို ပတ်သက်နေပေသည်။

အကယ်၍ သူသာ ယိုကျိုး ဒေသမှာ ရှိနေလျှင် တစ်မျိုးဖြစ်သော်လည်း၊ ယခုတစ်ကြိမ် တိုင်းနိုင်ငံပေါင်းစုံ ပွဲတော်တွင်မူ သူကိုယ်တိုင် မိမိ၏မျက်စိရှေ့မှောက်သို့ ရောက်ရှိလာခြင်းဖြစ်ရာ ၎င်းမှာ ထိုသူကို အမြစ်ပြတ် ဖြေရှင်းနိုင်မည့် အကောင်းဆုံး အခွင့်အရေးပင် ဖြစ်သည်။

သို့သော်လည်း ဝမ်ချောင် မထင်မှတ်ထားခဲ့သည်မှာ နောက်ဆုံး အခိုက်အတန့်တွင် ထွက်လာ၍ သူ့ကို တားဆီးသူမှာ မဟာထန်၏ သူတော်စင်ဧကရာဇ်နှင့် အမတ်ချုပ်ကြီးလီလင်ဖူတို့ ဖြစ်နေခြင်းပင်။

ထို့အပြင် သူ၏ရှေ့မှောက်ရှိ သူတော်စင်ဧကရာဇ်မှာ၊ အကယ်၍ သူသာ မသိရှိထားပါက တစ်မျိုးဖြစ်သော်လည်း မိမိစိတ်ထဲက လေးစားရတဲ့ သူတော်စင်ဧကရာဇ်မှာ အိပ်ပျော်နေပြီဖြစ်ကြောင်း ဝမ်ချောင်ကောင်းစွာ သိရှိထားသည်။ ယခု မိမိ၏ရှေ့မှောက်၌ ရှိနေပြီး အလှအပများကြားတွင် နစ်မြောကာ အသိတရား ကင်းမဲ့နေသော ဤ သူတော်စင်ဧကရာဇ်မှာ အမှန်တကယ်တွင်မူ အခြားသူတစ်ဦးသာ ဖြစ်သည်။ လွန်ခဲ့သော ဆယ်စုနှစ်များစွာကတည်းက ခမည်းတော် ဧကရာဇ်၏ အပြစ်ပေးခြင်းကို ခံခဲ့ရပြီး ထီးနန်းဆက်ခံခွင့်ကိုပါ ဆုံးရှုံးခဲ့ရသော "တတိယမင်းသားရွှမ်း" သာ ဖြစ်သည်။

ဂုဏ်သိက္ခာလည်း မရှိသလို လူတိုင်း၏ လေးစားမှုကိုလည်း ရရှိရန် မထိုက်တန်သော အသိတရား ကင်းမဲ့သည့် မင်းသားတစ်ပါးပင်။

ဤကဲ့သို့သော မင်းသားကို သူက ဝိုင်ဆက်သရမည် ဆိုသည်မှာ ဝမ်ချောင်အတွက် လုပ်ဆောင်ရန် အလွန် ခက်ခဲလှပေသည်။

"အရှင်မင်းမြတ် မျိုးနွယ်ခြားဘုရင်မှာ အဲဒီလို ရည်ရွယ်ချက်မျိုး လုံးဝမရှိပါဘူး၊ သူက ကျွန်တော်မျိုးမကို အရင်ကတည်းက ပြောပြဖူးပါတယ်။ တိုင်းနိုင်ငံတွေရဲ့ ဖျော်ဖြေမှုတွေ ပြီးသွားရင် အရှင်မင်းမြတ်ကို ပထမဦးဆုံး ဝိုင်ဆက်သမယ်လို့ ပြောထားတာပါ"

ထိုအချိန်တွင် သာယာနာပျော်ဖွယ်ကောင်းသော အသံလေးတစ်ခု ဘေးနားမှ ထွက်ပေါ်လာသည်။ ခန်းမ၏ ညာဘက်ခြမ်းမှ ရွှီချီချင်သည် လှပသော ဝတ်စုံကို ဆင်ယင်ထားရင်း မည်သည့်အချိန်က မတ်တပ်ရပ်လိုက်မှန်း မသိဘဲ သူမ၏ သွယ်လျလှသော လက်ကလေးဖြင့် ဝိုင်ခွက်တစ်ခုကို ကိုင်မြှောက်ထားရင်း စားပွဲကို လှည့်ပတ်ကာ ဖြည်းညှင်းစွာ လျှောက်လှမ်းလာခဲ့သည်။

"အရှင် ရှင် ပြောတာ ဟုတ်တယ်မလား"

နောက်ဆုံး စကားတစ်ခွန်းကိုမူ ရွှီချီချင်က ဝမ်ချောင်ဆီသို့ လှည့်ကြည့်လိုက်ရင်း သူမ၏မျက်ဝန်းထဲတွင် စိုးရိမ်ပူပန်မှုများဖြင့် မေးမြန်းလိုက်ခြင်း ဖြစ်သည်။

ဝမ်ချောင်၏ စိတ်ခံစားချက်ကို သူမ နားလည်ပေးနိုင်သော်လည်း၊ ယခုအချိန်မှာ သူတော်စင်ဧကရာဇ်ကို ဆန့်ကျင်ရမည့် အချိန် မဟုတ်ပေ။ ဝမ်ချောင်အနေဖြင့် အန်းယာလုရှန်းကို မည်မျှပင် လိုက်လံသတ်ဖြတ်ချင်နေစေကာမူ၊ ယခု အခိုက်အတန့်တွင်မူ စိတ်ကို ထိန်းချုပ်ရမည် ဖြစ်သည်။

စစ်ဘက်၊ နယ်ဘက် အရာရှိများစွာနှင့် တိုင်းတစ်ပါး သံတမန်များ ကြည့်နေသည့်ကြား၌၊ အကယ်၍ ဝမ်ချောင်သာ ယခုအချိန်တွင် ငြင်းဆန်လိုက်ပါက သူတော်စင်ဧကရာဇ်အတွက် သူ့ကို ဖမ်းဆီးရန် အကြောင်းပြချက် ကောင်းကောင်း ရရှိသွားမည် ဖြစ်သည်။ အန်းယာလုရှန်း၏ ကိစ္စ ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ၎င်းမှာ သက်ရောက်မှု ရှိမည် မဟုတ်ပေ။

ဝမ်ချောင်တစ်ယောက် စိတ်လိုက်မာန်ပါ လုပ်ဆောင်မိပြီး သူတော်စင်ဧကရာဇ်ကို အမှန်တကယ် အမျက်ထွက်အောင် လုပ်မိမှာကို သူမ အလွန်ပင် စိုးရိမ်နေမိသည်။

အခြားတစ်ဖက်တွင်မူ၊ ဝမ်ချောင်နှင့် ရွှီချီချင်တို့ အကြည့်ချင်း ဆုံသွားခဲ့ပြီး၊ သူ၏ ဦးနှောက်အတွင်း၌လည်း အတွေးပေါင်းများစွာ လက်ခနဲ ဖြတ်ပြေးသွားခဲ့သည်။

ကြည့်လိုက်ရသည့်အခါ ရွှီချီချင်၏မျက်ဝန်းထဲမှ စိုးရိမ်ပူပန်မှုနှင့် ပူပန်နေသော အရိပ်အယောင်များကို မြင်တွေ့လိုက်ရသည့်အခါ ဝမ်ချောင်၏ဦးနှောက်မှာ နောက်ဆုံးတွင် များစွာ ကြည်လင်သွားခဲ့ပြီ ဖြစ်သည်။

မှန်တယ်.. ယခုအချိန်မှာ သူတော်စင်ဧကရာဇ်နှင့် ပြဿနာ ဖြစ်ရမည့် အချိန် မဟုတ်ပေ၊ ထိုမျှသာမကဘဲ သူ၏အကြည့်မှာ နန်းတော် တံတိုင်းအပြင်ဘက်သို့ ရောက်ရှိသွားခဲ့ရာ၊ မီးရောင်များ လင်းထိန်နေပြီး အမှောင်ထုအတွင်း၌ ဤနေရာသို့ စူးစိုက်ကြည့်နေကြသော၊ တိတ်ဆိတ်ငြိမ်သက်နေသည့် မြို့တော်ပြည်သူအမြောက်အမြားကို မြင်တွေ့လိုက်ရသည့်အခါ ဝမ်ချောင်၏စိတ်နှလုံးမှာ ချက်ချင်းပင် လုံးဝ တည်ငြိမ်သွားခဲ့တော့သည်။

အန်းယာလုရှန်းကို သေချာပေါက် သတ်ရမည် ဖြစ်သော်လည်း အခုချက်ချင်း စိတ်လောနေ၍ မဖြစ်ပေ။ တံတိုင်းအပြင်ဘက်တွင် အနည်းဆုံး ပြည်သူ သိန်းချီ၍ စောင့်ကြည့်နေကြသည်ဖြစ်ရာ၊ အကယ်၍ မဟာထန်၏ဧကရာဇ်နှင့် အမတ်များ အဆင်မပြေဖြစ်နေသည်ကို ပြည်သူများ သိရှိသွားမည် ဆိုပါက၊ ၎င်းမှာ အလယ်ပိုင်းဒေသ တစ်ခုလုံး၏ လူထုစိတ်ဓာတ်အပေါ် ကြီးမားလှသော ထိုးနှက်ချက်နှင့် ရိုက်ခတ်မှုများ ဖြစ်လာပေလိမ့်မည်။ ယခုအချိန်တွင် ဝမ်ချောင်၏အဆင့်အတန်းမှာ ယခင်နှင့် မတူတော့ပေ။ တိုက်ပွဲပေါင်းများစွာနှင့် ထိုတိုက်ပွဲများမှတစ်ဆင့် မဟာထန်အတွက် ရရှိခဲ့သော အကျိုးကျေးဇူးများကြောင့်၊ သူသည် အလယ်ပိုင်းဒေသ ရှန်းကျိုးရှိ ပြည်သူအားလုံး၏ စိတ်ထဲတွင် အမြဲတမ်း အောင်ပွဲခံနေသည့် အင်အားအကြီးဆုံး စစ်နတ်ဘုရား ဖြစ်နေသလို၊ ကိုးပြည်ထောင်၏ အကာအကွယ်ပေးသူအဖြစ်လည်း သတ်မှတ်ခြင်း ခံထားရသူ ဖြစ်သည်။

သူတော်စင်ဧကရာဇ်မှာလည်း ပြည်သူများနှင့် အရာရှိ အားလုံး၏ လေးစားချစ်ခင်မှုကို ရရှိထားသူဖြစ်ရာ၊ မည်သို့ပင် ဖြစ်စေကာမူ ဟွာအယ်ရှန်းဟွေး နန်းဆောင်၌ လူအများရှေ့တွင် သူတို့နှစ်ဦး ပဋိပက္ခ ဖြစ်ပွားသည်ကို မည်သူမျှ မြင်တွေ့လိုကြမည် မဟုတ်ပေ။

******

All Chapters