← Chapters

အခန်း (၂၀၁၂-၂၀၁၄)

Vol. 124 Ch. 2012-2014

အခန်း (၂၀၁၂-၂၀၁၄)

Vol. 124 Ch. 2012-2014

အခန်း (၂၀၁၂) အန်းယာလုရှန်းကို ပိတ်ဆို့ ဟန့်တားခြင်း

"ရွှီချီချင်ပြောတာ မှန်ပါတယ်။ ကျွန်တော်မျိုး အရှင်မင်းမြတ်ကို ဝိုင်တစ်ခွက် ဆက်သပါရစေ"

ဝမ်ချောင်သည် ရွှီချီချင်၏လက်ထဲမှ ဝိုင်ခွက်ကို လှမ်းယူလိုက်ပြီး သူတော်စင်ဧကရာဇ် ကို ဂါရဝပြုကာ ခေါင်းကို မော့၍ တခဏချင်းအတွင်း မော့သောက်လိုက်သည်။

"ဟူး..."

သူတော်စင်ဧကရာဇ်က အေးစက်စွာ ရယ်မောလိုက်ပြီး ဝမ်ချောင်ဝိုင်သောက်သည်ကို ကြည့်ကာ သူ၏မျက်ဝန်းထဲ၌ နောက်ဆုံးတွင် အောင်နိုင်သူတစ်ဦး၏ အပြုံးမျိုး ပေါ်ပေါက်လာတော့သည်။

"တော်သေးတာပေါ့"

ခန်းမ၏ ဘေးအစွန်၌ စုန့်ဘုရင်နှင့် ကျန်းချိုးကျန့်ချုံးတို့သည် ဤမြင်ကွင်းကို ကြည့်ပြီး နောက်ဆုံးတွင် သက်ပြင်းကို ပြင်းထန်စွာ ချလိုက်နိုင်တော့သည်။

ထိုအခိုက်အတန့်တွင် သူတို့နှစ်ဦးစလုံး အလွန်ပင် စိုးရိမ်ခဲ့ကြရသည်။ ကံကောင်းထောက်မစွာဖြင့် ရွှီချီချင်က ထွက်လာ၍ ဖြေရှင်းပေးခဲ့ခြင်း ဖြစ်သည်။

ယခုကဲ့သို့သော အခြေအနေမျိုးတွင် မည်သူ ထွက်လာသည်ဖြစ်စေ သူတော်စင်ဧကရာဇ်ကို အမျက်ထွက်စေရန်သာ ရှိသော်လည်း၊ ရွှီချီချင်မှာမူ အမျိုးသမီးတစ်ဦး ဖြစ်သည့်အတွက် သူမ ထွက်လာခြင်းမှာ အသင့်တော်ဆုံး ဖြစ်သလို သူတော်စင်ဧကရာဇ် အနေဖြင့်လည်း သူမနှင့် အငြင်းပွားနေမည် မဟုတ်ပေ။

ထို့အပြင် ဤအချိန်၌ ဝမ်ချောင်ကို ပြန်လည် တည်ငြိမ်သွားအောင် လုပ်နိုင်သူမှာလည်း သူမ တစ်ဦးတည်းသာ ရှိပေသည်။

"ဒီတစ်ကြိမ် ရွှီမိန်းကလေး ပါလာတာ တကယ့်ကို ကံကောင်းတာပဲ"

စုန့်ဘုရင်သည်လည်း စိတ်ထဲ၌ လှုပ်ခတ်နေဆဲဖြစ်ပြီး အလွန်ပင် စိုးရိမ်နေခဲ့မိသည်။

ခန်းမအတွင်း၌ ဝမ်ချောင်သည် ဝိုင်သောက်ပြီးနောက် ရွှီချီချင်နှင့်အတူ မိမိတို့၏ ထိုင်ခုံများဆီသို့ ပြန်လည် ရောက်ရှိသွားခဲ့သည်။

သူတော်စင်ဧကရာဇ်သည်လည်း ကျေနပ်စွာဖြင့် လှည့်ထွက်သွားပြီး သူ၏ပလ္လင်တော်ပေါ်သို့ ပြန်လည် ထိုင်လိုက်သည်။

နန်းတွင်းအတွင်း ပေါ်ပေါက်တော့မည့် ပြင်းထန်သော မုန်တိုင်းကြီးမှာ မည်သည့်အရိပ်အယောင်မျှ မကျန်ဘဲ ခဏချင်းအတွင်း ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။

ပွဲတော်မှာ ဆက်လက် ကျင်းပနေပြီး ဂီတသံများလည်း ထပ်မံထွက်ပေါ်လာသည်၊ ဝမ်ချောင်နှင့် အန်းယာလုရှန်းတို့၏ ပဋိပက္ခမှာ ပွဲတော်ကြီးတစ်ခုလုံးအတွက် အသေးအဖွဲ ကိစ္စလေးတစ်ခုသာဖြစ်ခဲ့ပြီး အငွေ့အသက်များမှာလည်း ပြန်လည်၍ စည်ကားလာတော့သည်။

သို့သော်လည်း ဝမ်ချောင်မှာမူ ထိုင်ခုံ၌ ထိုင်နေသော်လည်း စိတ်မရှည်နိုင်တော့ဘဲ၊ ခဏအကြာတွင် မည်သူ့ကိုမျှ ဂရုမစိုက်တော့ဘဲ မတ်တပ်ရပ်၍ ထွက်ခွာသွားခဲ့သည်။

ဟွာအယ်ရှန်းဟွေး နန်းဆောင် အပြင်ဘက်သို့ ရောက်ရှိသွားသည့်အခါ၊ ပြင်ပတွင် မှောင်အတိ ကျနေပေသည်။ ဝမ်ချောင်သည် သိုင်းပညာကို အသုံးပြု၍ လေထုကို ထိုးဖောက်ကာ လျှပ်စီးအလား မြန်ဆန်လှသော အရှိန်ဖြင့် မြို့တံခါးရှိရာဘက်သို့ ဦးတည် ပြေးထွက်သွားတော့သည်။

ဝုန်း…

နန်းတော်တံခါးကြီး ပြင်းထန်စွာ ပွင့်သွားပြီး တံခါးပြင်ပ၌ ပုံရိပ်တစ်ခုမှာ စိုးရိမ်တုန်လှုပ်စွာဖြင့် စောင့်ဆိုင်းနေသည်ကို မြင်တွေ့လိုက်ရသည်။ ထိုသူမှာ ဝမ်ချောင်ကို မြင်သည်နှင့် လျင်မြန်စွာ ရှေ့သို့ တိုးလာခဲ့သည်။

"အခြေအနေ ဘယ်လိုရှိလဲ"

ဝမ်ချောင်က စကားစလိုက်သည်။

"အရှင် အန်းယာလုရှန်းက နန်းတော်ထဲကနေ ထွက်သွားပါပြီ၊ ဒါပေမဲ့ မြို့တော်ထဲမှာပဲ ရှိနေပါသေးတယ်။ ကျွန်တော်တို့ လူတွေ လွှတ်ပြီး ခြေရာခံခိုင်းထားပါတယ်"

"ဒါ့အပြင် ဗိုလ်ချုပ် လီစီယီ၊ ရွှီခဲ့ယီနဲ့ မီယာစမိ အာရာကာ တို့ကလည်း တပ်ဖွဲ့တွေကို ဦးဆောင်ပြီး လိုက်လံ ဖမ်းဆီးနေကြပါပြီ"

ကျန်းချွယ်က မြေပြင်ပေါ်၌ ဒူးတစ်ဖက် ထောက်၍ လျင်မြန်စွာ အစီရင်ခံလိုက်သည်။

အန်းယာလုရှန်းထွက်ခွာသွားသည်မှာ အချိန်အတန်ကြာခဲ့ပြီ ဖြစ်ရာ၊ သူသည် နန်းတော်တံခါးဝ၌ စောင့်ဆိုင်းနေရင်း ဝမ်ချောင်ထွက်မလာသေးသဖြင့် အလွန်ပင် စိုးရိမ်နေခဲ့ခြင်း ဖြစ်သည်။

ကံကောင်းထောက်မစွာဖြင့် ဝမ်ချောင်က အချိန်မီ ထွက်ပေါ်လာခဲ့ပြီဖြစ်ရာ၊ အရာအားလုံးမှာ နောက်ကျမသွားသေးပေ။

ကျန်းချွယ်၏စကားကို ကြားလိုက်ရသည့်အခါ ဝမ်ချောင်၏ မျက်နှာမှာ အေးစက်သွားပြီး နောက်တစ်ခဏတွင် မည်သို့မျှ တွန့်ဆုတ်မနေဘဲ

ဝုန်း…

လေထုမှာ တုန်ခါသွားပြီးနောက်၊ ဝမ်ချောင်၏ ဦးနှောက်အတွင်းမှ အားကောင်းလှသော စိတ်ဝိညာဉ်စွမ်းအားတစ်ခုမှာ ဒီရေများအလား ပွင့်ထွက်လာကာ၊ မယုံကြည်နိုင်လောက်အောင် မြန်ဆန်လှသော အရှိန်ဖြင့် အရပ်မျက်နှာ အနှံ့အပြားသို့ ပျံ့နှံ့သွားတော့သည်။

မြို့တော် အတွင်း၌ မဟာအစီအရင် ကြီးတစ်ခု ရှိနေသဖြင့်၊ စိတ်ဝိညာဉ်စွမ်းအားမှာ များစွာ ချုပ်ကိုင်ခြင်း ခံထားရပြီး မိမိအလိုရှိသလို စောင့်ကြည့်ရန် မလွယ်ကူပေ။

သို့သော်လည်း ဝမ်ချောင်၏ စိတ်ဝိညာဉ်စွမ်းအား အဆင့်အတန်းဖြင့်ဆိုလျှင်၊ ဤနေရာ၌ပင် မြို့တော်အတွင်းရှိ နေရာအမြောက်အမြားကို စီးမိုးကြည့်ရှုနိုင်ပြီး အချက်အလက်များစွာကိုလည်း ရှာဖွေနိုင်ပေသည်။

ထိုမျှသာမကဘဲ အချိန်အနည်းငယ်သာ ရှိသေးသဖြင့် အန်းယာလုရှန်းမှာ သူ၏ စောင့်ကြည့်မှု နယ်ပယ်မှ လွတ်မြောက်နိုင်ဦးမည် မဟုတ်ပေ။

ဝမ်ချောင်၏ စိတ်ဝိညာဉ်စွမ်းအားများမှာ ဒီရေများအလား အရပ်မျက်နှာ အနှံ့အပြားသို့ ပျံ့နှံ့သွားခဲ့ပြီးနောက်၊ ခဏချင်းအတွင်းမှာပင် ဝမ်ချောင်သည် မျက်မှောင်ကြုတ်သွားတော့သည်။

သူသည် အန်းယာလုရှန်း၏အငွေ့အသက်ကို လျင်မြန်စွာ ရှာဖွေတွေ့ရှိခဲ့သော်လည်း၊ သူ ထင်မှတ်ထားသကဲ့သို့ မဟုတ်ဘဲ ဝမ်ချောင်၏စိတ်အာရုံထဲတွင် အန်းယာလုရှန်း၏ အငွေ့အသက်မှာ တစ်နေရာတည်း မဟုတ်ဘဲ တစ်ဆယ်ကျော်သော နေရာများတွင် ထွက်ပေါ်နေခြင်းပင် ဖြစ်သည်။

"ဖျတ်... ဖျတ်... ဖျတ်..."

ထိုအချိန်တွင် ကောင်းကင်ယံမှ ငှက်တောင်ပံ ခတ်သံများ ထွက်ပေါ်လာပြီး၊ ခဏချင်းအတွင်းမှာပင် စာပို့ချိုးငှက် တစ်ကောင်မှာ ကောင်းကင်မှ ဆင်းသက်လာခဲ့သည်။

ကျန်းချွယ်မှာ မှင်သက်သွားပြီးနောက် အလိုအလျောက် လှမ်းဖမ်းလိုက်ကာ စာကို ဖတ်ကြည့်လိုက်သည့်ခဏ၌ သူ၏မျက်ဝန်းထဲတွင် ဝမ်းသာအားရ ဖြစ်နေသော အရိပ်အယောင်များ ပေါ်ပေါက်လာသည်။

"အရှင် သတင်းကောင်းပါ။ အန်းယာလုရှန်းရဲ့ခြေရာကို တွေ့ပါပြီ၊ သူက မြို့အရှေ့ဘက်တံခါး ဘက်ကို သွားနေတာပါ"

"အပျော်မစောပါနဲ့ဦး။ သတင်းတွေ အားလုံးကို အရင် ဖတ်ကြည့်လိုက်ဦး"

ဝမ်ချောင်က ခေါင်းခါပြလိုက်သည်။ သူ၏ စိတ်ဝိညာဉ်စွမ်းအားများအရ စာပို့ချိုးငှက် တစ်ဆယ်ကျော်မှာ မိမိတို့ဆီသို့ ပျံသန်းလာနေသည်ကို သူ သိရှိထားပြီး ဖြစ်သည်။

အမှန်တကယ်ပင်။ ခဏအကြာတွင် စာပို့ချိုးငှက်များမှာ တစ်ကောင်ပြီးတစ်ကောင် ရောက်ရှိလာကြရာ တောင်ပံခတ်သံများမှာ နားမခံသာအောင်ပင် ဖြစ်နေတော့သည်။

လက်ထဲမှ သတင်းများကို ဖတ်ပြီးနောက်တွင်မူ ကျန်းချွယ်မှာ မှင်သက်သွားတော့သည်။

"တကယ့်ကို နည်းလမ်းကောင်းပဲ"

ဝမ်ချောင်ကမူ ကျန်းချွယ်ရရှိထားသော သတင်းများကို လုံးဝ မကြည့်ဘဲ၊ သူ၏ မျက်ဝန်းများကို ကျဉ်းမြောင်းလိုက်ကာ လျှပ်စီးအလား ညမှောင်ထုအတွင်းသို့ လျင်မြန်စွာ လှမ်းကြည့်လိုက်သည်။

အန်းယာလုရှန်း၏ ယခုကဲ့သို့သော နည်းလမ်းမျိုးကို ဝမ်ချောင်အနေဖြင့် စိမ်းနေသူ မဟုတ်ပေ။ ယခင်က မြို့အရှေ့တံခါး၌ ဆုံတွေ့စဉ်ကလည်း အန်းယာလုရှန်းသည် ဤနည်းလမ်းကို အသုံးပြုခဲ့ဖူးသည်၊ ယခုအခါတွင်မူ ယခင်ကထက် အရေအတွက် ပိုမို များပြားလာခြင်းသာ ဖြစ်သည်။

"တကယ်ကို အစွမ်းကုန် ပြင်ဆင်ထားတာပဲ။ ဒါပေမဲ့ မင်းတို့က ဒီနည်းလမ်းနဲ့ လွတ်အောင် ပြေးနိုင်မယ်လို့ တကယ်ပဲ ထင်နေကြတာလား"

ဝမ်ချောင်က အေးစက်စွာ တစ်ချက် ရယ်မောလိုက်ပြီးနောက်၊ သူ၏ ခန္ဓာကိုယ်မှာ လှုပ်ခတ်သွားကာ မြေပြင်မှ လျင်မြန်စွာ ပျံတက်သွားပြီး ညမှောင်ထုအတွင်း၌ ပျောက်ကွယ်သွားတော့သည်။

"နောက်ကနေ လိုက်ခဲ့…အခု အချိန်မှာ အံ့သြနေဖို့ မလိုဘူး၊ ငါ့ရဲ့အမိန့်ကို ကြေညာလိုက်၊ အားလုံးက အရှိန်အဟုန်နဲ့ လိုက်လံဖမ်းဆီးကြစမ်း၊ အန်းယာလုရှန်းတို့အဖွဲ့ကို တစ်ယောက်မကျန် ဖမ်းဆီးရမယ်"

ဝေးကွာလှသော နေရာမှ ဝမ်ချောင်၏ အသံမှာ ထွက်ပေါ်လာခဲ့သည်။

"ဟုတ်ကဲ့ပါ"

ကျန်းချွယ်သည် ခဏမျှ မှင်သက်သွားပြီးနောက် လျင်မြန်စွာ သတိပြန်ဝင်လာကာ၊ သူ၏ ခန္ဓာကိုယ်ကို လှုပ်ခတ်လိုက်ရင်း လျှပ်စီးအလား စစ်မြင်းတစ်ကောင်ပေါ်သို့ ခုန်တက်လိုက်ကာ ဝမ်ချောင်ဆီသို့ လိုက်ပါသွားတော့သည်။

"ခွက်…ခွက်…ခွက်..."

အလွန်ပင် မြန်ဆန်လှသော မြင်းခွာသံများမှာ ညမှောင်ထုအတွင်း ပဲ့တင်ထပ်သွားပြီး၊ ဝမ်ချောင်၏အမိန့်နှင့်အတူ အရပ်မျက်နှာ အနှံ့အပြားသို့ လူအင်အား အမြောက်အမြားမှာ ပြေးထွက်သွားကြတော့သည်။ မြို့စောင့်တပ်ဖွဲ့၊ မြို့တော်ကာကွယ်ရေးတပ်၊ နန်းတော်အပြင်ဘက်၌ ကင်းလှည့်နေသော နန်းစောင့်တပ်ဖွဲ့၊ ဝမ်ချောင်၏ လက်အောက်ခံ ဖုန်း၊လင်း၊ဟွော်၊ရှန်း (လေ၊တော၊မီး၊တောင်) တပ်ဖွဲ့နှင့် မြို့တော်အတွင်း၌ ကြိုတင်စောင့်ဆိုင်းနေကြသော လူမိုက်များ အားလုံးမှာ လှုပ်ရှားနေကြပြီ ဖြစ်သည်။

မမြင်နိုင်သော ပိုက်ကွန်ကြီးတစ်ခုမှာ ညမှောင်ထုအတွင်း၌ အန်းယာလုရှန်းတို့အဖွဲ့ဆီသို့ လျင်မြန်စွာ ဖြန့်ကြက်သွားတော့သည်။

ညမှောင်ထုမှာ တိတ်ဆိတ်နေပြီး မြို့တော် တစ်ခုလုံးတွင် ပျော်ပွဲရွှင်ပွဲသံများ ထွက်ပေါ်နေဆဲဖြစ်သည်။ မြို့တော် ပြည်သူများမှာ ပျော်ရွှင်မှုများအတွင်း နစ်မြောနေစဉ်မှာပင်၊ ညမှောင်ထုအတွင်း၌ ပုံရိပ်များစွာမှာ မျောက်များအလား မြို့တော်ရှိ အိမ်ခေါင်မိုးများပေါ်တွင် လျင်မြန်စွာ ပြေးလွှားနေကြသည်ကို မည်သူမျှ သတိမထားမိကြပေ။

မြေပြင်ပေါ်၌လည်း၊ လမ်းကြားများအတွင်း မြင်းခွာသံများ ဆက်တိုက် ထွက်ပေါ်နေပြီး၊ သံချပ်ကာ မြင်းစီးစစ်သည် အဖွဲ့များမှာ တစ်ဖွဲ့နှင့်တစ်ဖွဲ့ ဆက်သွယ်လျက် မြို့တော်အတွင်း၌ အစွမ်းကုန် ရှာဖွေနေကြပေသည်။

"သတ်ကြစမ်း.. တစ်ယောက်မှ လွတ်အောင် မထားနဲ့…"

ညမှောင်ထုအတွင်း၊ အိမ်ခြေများကြား၊ လမ်းထောင့်များနှင့် အရိပ်များအတွင်းမှ တစ်သုတ်ပြီးတစ်သုတ်သော ယိုကျိုး စစ်သည်များမှာ အရှိန်အဟုန်ဖြင့် ထွက်ပေါ်လာကြပြီး၊ ပေါ်လာသည်နှင့် တစ်ပြိုင်နက် မည်သည့် စကားမျှ မပြောဘဲ လူတိုင်းကို အစွမ်းကုန် တိုက်ခိုက်ကြတော့သည်။

ထိုသူများမှာ အန်းယာလုရှန်းတို့အဖွဲ့အတွက် အချိန်ရစေရန် ရည်ရွယ်၍၊ လူတိုင်း၏ အာရုံကို ဆွဲဆောင်ရန်အတွက် မိမိတို့၏ အသက်ကိုပင် ပဓာနမထားဘဲ ရူးသွပ်စွာ တိုက်ခိုက်နေကြခြင်း ဖြစ်သည်။

သို့သော်လည်း သူတို့၏ တိုက်ခိုက်မှုများ အားလုံးမှာ နောက်ဆုံးတွင် "ခြတောင်ကို လှုပ်သကဲ့သို့သာ ဖြစ်ခဲ့သည်။ မိမိတို့ထက် အင်အား အဆပေါင်းများစွာ သာလွန်လှသော မြို့စောင့်တပ်ဖွဲ့ မြို့တော်ကာကွယ်ရေးတပ်နှင့် ဝမ်ချောင်စေလွှတ်လိုက်သော တပ်ဖွဲ့များကို ရင်ဆိုင်ရသည့် အခါတွင်မူ၊ ထိုသူများမှာ ခဏမျှသာ ခုခံနိုင်ပြီးနောက် နေရာမှာတင် ဓားချက်များစွာဖြင့် သေဆုံးကုန်ကြတော့သည်။

သေဆုံးသွားသူများ၏ မျက်နှာဖုံးများကို ဖယ်ရှားလိုက်သည့် အခါတွင်မူ၊ အားလုံးနီးပါးမှာ ဟူ မျက်နှာများသာ ဖြစ်နေသည်ကို တွေ့ရှိရသည်။

"ဒီလူတွေကို ခေါ်သွားကြစမ်း… ပြည်သူတွေ သတိထားမိပြီး ဆူညံသွားတာမျိုး မဖြစ်စေနဲ့"

ညမှောင်ထုအတွင်း၌ အက်ရှရှလှသော အသံများ ထွက်ပေါ်နေပေသည်။

တိုက်ပွဲ ပြီးဆုံးသွားသည့် အခါ၊ မှောင်ရိပ်ခိုနေသော မြို့စောင့်တပ်ဖွဲ့များမှာ ချက်ချင်း ထွက်ပေါ်လာကြသည်။ ထိုသူများမှာ လျင်မြန် ပြတ်သားလှပြီး၊ ယိုကျိုး စစ်သည် တစ်ဦး လဲကျသွားတိုင်း သူတို့က ချက်ချင်း ရောက်ရှိလာကာ အလောင်းများကို မည်သူမျှ သတိမထားမိခင်မှာပင် အမြန် ဆွဲထုတ်သွားကြတော့သည်။

ယခု ညမှောင်ထုအတွင်းမှ လိုက်လံ သတ်ဖြတ်မှုကြီးမှာ သာမန်ပြည်သူများ၏အာရုံကို လုံးဝရရှိသွားလိမ့်မည် မဟုတ်ပေ။

ထိုအချိန်တွင် အခြားသော အရပ်မျက်နှာ၌

ဘီးလိမ့်သံများနှင့်အတူ၊ ကြေးညိုရောင်ရှိသော ရထားလုံးတစ်စီးမှာ မြို့အရှေ့တံခါး ရှိရာဘက်သို့ ဦးတည်၍ မှောင်မည်းလှသော လမ်းမကြီးပေါ်တွင် အရှိန်အဟုန်ဖြင့် ပြေးလွှားနေပေသည်။

"သခင် အခု မြို့တော် တစ်ခုလုံးမှာ မျိုးနွယ်ခြားဘုရင်ရဲ့ လူတွေပဲ ရှိနေတာပါ၊ ကျွန်တော်တို့တွေ အေးအေးဆေးဆေး ဆုတ်ခွာနိုင်ဖို့ကတော့ အလွန် ခက်ခဲပါလိမ့်မယ်"

ရထားလုံးအတွင်း၌ ပုံရိပ်အချို့မှာ စုဝေးနေကြပြီး အားလုံး၏မျက်နှာတွင် စိုးရိမ်ပူပန်မှုများဖြင့် ပြည့်နှက်နေတော့သည်။

သေချာ နားစွင့်ကြည့်လိုက်ပါက ယခုအခါ မြို့တော်အတွင်း နေရာတိုင်း၌ မြင်းခွာသံများ ထွက်ပေါ်နေသလို၊ အရပ်မျက်နှာ အသီးသီးမှ မြင်းခွာသံများမှာ မိမိတို့ရှိရာဘက်သို့ ဦးတည်လာနေကာ အကွာအဝေးမှာလည်း ပိုမို၍ နီးကပ်လာနေပြီ ဖြစ်သည်။

"ဒီလူယုတ်မာ အခုထိတောင် ငါ့ကို လွှတ်မပေးသေးဘူး။ တကယ်လို့ လွတ်အောင် မပြေးနိုင်ဘူးဆိုရင်တော့ အတင်းအကျပ်ပဲ ဖောက်ထွက်ရတော့မယ်"

ရထားလုံးအတွင်း၌ အန်းယာလုရှန်းသည် သွားများကို ကြိတ်ထားရင်း သူ၏ မျက်ဝန်းထဲ၌ မုန်းတီးမှုများနှင့် စိုးရိမ်ပူပန်မှုများ ထင်ဟပ်နေပေသည်။

ဝမ်ချောင်က သူ့အပေါ် ဤမျှအထိ မုန်းတီးနေလိမ့်မည်ဟု သူမထင်ထားခဲ့သလို၊ ယခုကဲ့သို့ အသေအလဲ လိုက်လံဖမ်းဆီးလိမ့်မည်ဟုလည်း မမျှော်လင့်ထားခဲ့ပေ။ ဤအတိုင်းသာ ဆက်သွားပါက၊ သူသည် မြို့တော်ကနေ လွတ်မြောက်နိုင်ရန်မှာ မည်သို့မျှ မဖြစ်နိုင်တော့ပေ။

စကားမဆုံးမီမှာပင် ဟိန်းခနဲ မြည်ဟီးသံတစ်ခုနှင့်အတူ ရုတ်တရက် ပြင်းထန်လှသော မြင်းဟိန်းသံတစ်ခု ထွက်ပေါ်လာသည်။

"အန်းယာလုရှန်းမင်း လွတ်အောင် ပြေးလို့ မရတော့ပါဘူး"

ကျယ်လောင်လှသော အော်ဟစ်သံတစ်ခုမှာ မိုးကြိုးပစ်လိုက်သကဲ့သို့ ဝေဟင်ထက်မှ ဟိန်းထွက်လာပြီး၊ ခဏချင်းအတွင်းမှာပင် ရထားလုံး၏ ဘေးနား၌ လေပြင်းများ တိုက်ခတ်သွားတော့သည်။

ရှပ်

ထိုအသံကို ကြားလိုက်ရသည့်အခါ၊ အန်းယာလုရှန်း၏ မျက်နှာမှာ ချက်ချင်းပင် ဖြူလျော်သွားတော့သည်။

"မြန်မြန် သွားစမ်း…ဘာလို့ ရပ်နေတာလဲ "

အန်းယာလုရှန်းက စိုးရိမ်တုန်လှုပ်စွာဖြင့် အော်ဟစ်လိုက်သော်လည်း၊ နောက်တစ်ခဏတွင် "ဗျစ်" ဆိုသည့် အသံနှင့်အတူ ထက်ရှလှသော မြားတစ်စင်းမှာ ရထားလုံး၏ လိုက်ကာကို ထိုးဖောက်သွားပြီး၊ အန်းယာလုရှန်း၏ နှာခေါင်းနားလေးမှ ဖြတ်ကျော်ကာ ရထားလုံး၏ အတွင်းဘက် တံတိုင်းကို ပြင်းထန်စွာ ထိမှန်သွားတော့သည်။

အသံအားလုံးမှာ ခဏချင်းအတွင်း တိတ်ဆိတ်သွားတော့သည်။

ရထားလုံးအတွင်း၌ အန်းယာလုရှန်း၏ မျက်နှာမှာ ပိုမို၍ ဖြူလျော်သွားတော့သည်။

"ရှပ်"

အတွေးတစ်ခုအတွင်းမှာပင်၊ အေးစက်လှသော အလင်းတန်းတစ်ခု ဖြတ်ပြေးသွားပြီးနောက်၊ ပြင်းထန်လှသော ဓားချီ တစ်ခုမှာ ရထားလုံး၏ အမိုးကို တိုက်ရိုက်ခုတ်ပိုင်းလိုက်ရာ၊ ရထားလုံး အပြင်ဘက်မှ အခြေအနေ အားလုံးကို မြင်တွေ့လိုက်ရတော့သည်။

ရှေ့တွင် ရထားမောင်းနေသော လူမှာ သေဆုံးနေပြီဖြစ်သလို၊ ပတ်ဝန်းကျင်၌လည်း မီးရှူးတိုင်များ လင်းထိန်နေကာ မြို့စောင့်တပ်ဖွဲ့နှင့် မြို့တော်ကာကွယ်ရေးတပ် အမြောက်အမြားမှာ ရထားလုံးကို ဝိုင်းရံထားကြသည်၊ ထက်ရှလှသော မြားဦးများမှာ မီးရောင်အောက်တွင် အေးစက်လှသော အလင်းတန်းများကို ထုတ်ဖော်နေကြပြီး၊ အားလုံးမှာ အလယ်ရှိ အန်းယာလုရှန်းဆီသို့ ဦးတည်နေကြပေသည်။

"အန်းယာလုရှန်းမြို့တော်ထဲကို ရောက်လာပြီးမှတော့ မင်း အေးအေးဆေးဆေး ပြန်ထွက်သွားနိုင်မယ်လို့ တကယ် ထင်နေတာလား"

ရထားလုံး၏အရှေ့တည့်တည့်တွင်၊ ဝမ်ချောင်သည် သူ၏ ဝတ်ရုံစများကို ခါယမ်းရင်း မြင်းကြီးတစ်ကောင်ပေါ်၌ ထိုင်ကာ၊ အထက်မှ စီးမိုးကြည့်ရှုလျက် အေးစက်စွာ ပြောဆိုလိုက်သည်။

ပတ်ဝန်းကျင် တစ်ခုလုံးမှာ တိတ်ဆိတ်ငြိမ်သက်နေတော့သည်။

"မျိုးနွယ်ခြားဘုရင်၊ ကျွန်တော်မျိုး လွတ်အောင် ပြေးနိုင်လား၊ မပြေးနိုင်ဘူးလား ဆိုတာကတော့ မျိုးနွယ်ခြားဘုရင် ပြောရုံနဲ့ မပြီးသေးဘူး ထင်ပါရဲ့"

ရထားလုံးအတွင်း၌၊ အန်းယာလုရှန်းသည် ဖြည်းညှင်းစွာ မတ်တပ်ရပ်လိုက်သည်၊ အခြေအနေက အရေးကြီးနေပြီ ဖြစ်သော်လည်း သူ၏ မျက်နှာမှာမူ ယခင်ကထက် များစွာ တည်ငြိမ်နေသလို၊ ကြောက်ရွံ့စိတ်များလည်း မရှိတော့ဘဲ၊ ဝမ်ချောင်ကို ကြည့်နေသည့် သူ၏အကြည့်များအတွင်း၌ပင် လှောင်ပြောင်သရော်သည့် အရိပ်အယောင်များ ထင်ဟပ်နေပေသည်။

"ဝုန်း"

အန်းယာလုရှန်း၏ နှုတ်ခမ်းထောင့်မှ ထိုလှောင်ပြုံးကို မြင်တွေ့လိုက်ရသည့်အခါ၊ ဝမ်ချောင်၏ စိတ်ထဲ၌ ထိတ်ခန့်သွားပြီး တစ်စုံတစ်ခု မှားယွင်းနေသည်ကို ချက်ချင်း သိရှိလိုက်သည်။

"ရှပ်"

ထိုအခိုက်အတန့်တွင် ဝမ်ချောင်သည် ချက်ချင်းပင် လှုပ်ရှားလိုက်ကာ ဓားချီတစ်ခုကို ထုတ်ဖော်၍ အန်းယာလုရှန်း၏အဝတ်အစားများကို ခုတ်ဖြတ်လိုက်သည်။ အဝတ်စများ ကျဆင်းသွားသည့် အခါ၊ ထို ဝဝဖိုင်ဖိုင် ရှိသော ခန္ဓာကိုယ်ပေါ်တွင်မူ မည်သည့် ဒဏ်ရာမျှ မရှိဘဲ ကျန်ရှိနေသည်ကို မြင်တွေ့လိုက်ရသည်။ ဟွာအယ်ရှန်းဟွေး နန်းဆောင်ရှေ့တွင် သူ တိုက်ခိုက်ခဲ့သော ဒဏ်ရာများမှာ ခြေရာလက်ရာမျှပင် မရှိတော့ပေ။

အတုပဲ…

လျှပ်စီးလက်သကဲ့သို့သော ခဏချင်းအတွင်းမှာပင် ဝမ်ချောင်၏ ဦးနှောက်အတွင်း၌ အတွေးတစ်ခု လက်ခနဲ ပေါ်လာပြီး အရာအားလုံးကို နားလည်သွားခဲ့ရာ၊ သူ၏ မျက်နှာမှာလည်း အလွန်ပင် ဆိုးရွားသွားတော့သည်။

ဓားတစ်ချက်တည်းနှင့်ပင် ရထားလုံးပေါ်မှ အန်းယာလုရှန်းကို သတ်ဖြတ်လိုက်တော့သည်။

ထိုသူ၏ နှုတ်ခမ်းထောင့်၌ ထူးဆန်းသော အပြုံးတစ်ခု ကျန်ရှိနေဆဲဖြစ်ပြီး၊ သူ၏ ခန္ဓာကိုယ်မှာ ရထားလုံးအတွင်းသို့ လဲကျသွားကာ သွေးများလည်း မြေပြင်ပေါ်သို့ စီးကျလာတော့သည်။ တစ်ချိန်တည်းမှာပင် မြို့စောင့်တပ်ဖွဲ့နှင့် မြို့တော်ကာကွယ်ရေးတပ်တို့သည်လည်း တစ်ပြိုင်နက် လှုပ်ရှားလိုက်ကြရာ၊ မြားမိုးများမှာ ရထားလုံးအတွင်းရှိ ကျန်ရှိနေသူများကို သိုးတစ်ကောင်အလား ဖြစ်သွားအောင် လုပ်ဆောင်လိုက်ကြသည်။

မြေပြင်ပေါ်သို့ လဲကျသွားသည့် ခဏ၌၊ ရထားလုံးအတွင်းရှိ အန်းယာလုရှန်း၏မျက်နှာမှာ တဖြည်းဖြည်း ပြောင်းလဲလာခဲ့သည်။ သူ၏မျက်နှာမှာ ပို၍မာကျောလာသလို ပိန်လှီသွားခဲ့ပြီး၊ နောက်ဆုံးတွင်မူ လုံးဝစိမ်းနေသော အခြားမျက်နှာတစ်ခုအဖြစ်သို့ ပြောင်းလဲသွားတော့သည်။

ထို့အတူ ရထားလုံးအတွင်းရှိ ချွေချန်းယုံနှင့် ထျန်းချန်းစီတို့၏ မျက်နှာများမှာလည်း အခြားသော မျက်နှာများအဖြစ်သို့ ပြောင်းလဲသွားကြတော့သည်။

******

အခန်း (၂၀၁၃) အန်းယာလုရှန်း၏စစ်မှန်သော မျက်နှာစာ

"ဖောင်း"

သူတို့၏ရင်ခွင်အတွင်းမှ အမည်းရောင်ရှိသော ဖန်ပုလဲအချို့မှာ မြေပြင်ပေါ်သို့ လိမ့်ထွက်လာပြီး ရထားလုံး၏ကြမ်းပြင်ပေါ်၌ နှစ်ချက်ခန့် ခုန်သွားပြီးနောက် လျင်မြန်စွာပင် အမှုန့်အဖြစ် ပေါက်ကွဲသွားကာ အမည်းရောင် မီးခိုးများအဖြစ် ပြောင်းလဲ၍ ဟင်းလင်းပြင်အတွင်း ပျောက်ကွယ်သွားတော့သည်။

ထိုအမည်းရောင် ဖန်ပုလဲများ ကွဲအက်သွားသည့်ခဏ၌၊ ထိုသူများ၏ကိုယ်ပေါ်တွင် ရှိနေသော အန်းယာလုရှန်းချွေချန်းယုံတို့၏ အငွေ့အသက်များမှာလည်း မည်သည့်အရိပ်အယောင်မျှ မကျန်တော့ဘဲ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။

"လှည့်စားခံလိုက်ရပြီ"

"ဒါတွေက ယိုကျိုးက ဟူ အသေခံစစ်သည်တွေပဲ"

မြို့စောင့်တပ်ဖွဲ့မှ ဗိုလ်ချုပ်တစ်ဦးသည် ရထားလုံးပေါ်သို့ ခုန်တက်လိုက်ပြီး အလောင်းများကို သေချာစွာ စစ်ဆေးပြီးနောက်၊ ဝမ်ချောင်ကို လှည့်ကြည့်ကာ မျက်နှာပျက်လျက် ပြောဆိုလိုက်သည်။

နယ်ခြားစောင့်တပ်တိုင်းတွင်မူ အမှန်တကယ်တော့ အသေခံစစ်သည်အချို့ကို မွေးမြူထားတတ်ကြစမြဲ ဖြစ်သည်။

ထိုသူများမှာ အရေအတွက် မများသော်လည်း တိုက်ပွဲ အခြေအနေ တင်းမာနေချိန် သို့မဟုတ် အလွန်အရေးကြီးသည့် အချိန်များတွင်၊ မိမိတို့၏အသက်ကို ရင်း၍ လမ်းကြောင်း ဖွင့်ပေးရန်၊ အခြေအနေကို ပြောင်းလဲရန် သို့မဟုတ် ရန်သူ၏ တိုက်ခိုက်မှုများကို တားဆီးရန်အတွက် အသုံးချခံရသူများ ဖြစ်ကြသည်။ ထိုမှတစ်ဆင့် စစ်တပ်ကြီး အောင်ပွဲရရှိရန် အခွင့်အရေးများကို ဖန်တီးပေးကြခြင်းပင် ဖြစ်သည်။

သို့သော်လည်း နောက်ပိုင်းတွင် အချိန်များ ကုန်လွန်လာသည်နှင့်အမျှ၊ ထိုသူများ၏ သဘောသဘာဝမှာလည်း ပြောင်းလဲလာခဲ့ပြီး နယ်ခြားစစ်ပွဲများတွင်သာမကဘဲ၊ အချို့သော အချိန်များ၌ ပြည်တွင်း ပဋိပက္ခများတွင်လည်း ပါဝင်လာကြတော့သည်။

ထိုသူများ သေဆုံးချိန်တွင် ကြောက်ရွံ့သည့် အရိပ်အယောင် အနည်းငယ်မျှပင် မရှိခြင်းမှာ၊ သူတို့သည် အမှန်တကယ်ပင် လေ့ကျင့်ပေးထားသော ထိပ်သီးစစ်သည်တော်များ ဖြစ်ကြောင်း သိသာစေသည်။

စစ်မြင်းပေါ်တွင် ထိုင်နေသော ဝမ်ချောင်သည် ထိုစကားကို ကြားလိုက်ရသည့်အခါ၊ သူ၏ မျက်နှာမှာ ပို၍ အေးစက်သွားတော့သည်။

"သွားကြစို့"

ဝမ်ချောင်သည် များစွာမပြောတော့ဘဲ မြင်းခေါင်းကို လှည့်လိုက်ကာ၊ လူအုပ်ကို ဦးဆောင်၍ အခြားသော အရပ်မျက်နှာများဆီသို့ လျင်မြန်စွာ ထွက်ခွာသွားခဲ့သည်။

၎င်းနောက်တွင်မူ၊ အရပ်မျက်နှာ အသီးသီးမှ သတင်းများမှာ ဆက်တိုက်ရောက်ရှိလာတော့သည်။

"အစီရင်ခံပါတယ်.. မြို့အနောက်ဘက်ရှိ ဟွိုင်ယွမ်ဆိုင်တွင် အန်းယာလုရှန်းကို ဖမ်းဆီးရမိပါတယ်။ ဒါပေမဲ့လည်း သူက ဟူလူမျိုးတစ်ဦးက အယောင်ဆောင်ထားခြင်းသာ တယ်"

"အစီရင်ခံပါတယ်။ မြို့တောင်ဘက်ရှိ အန်းလဲ့လမ်းတွင် အန်းယာလုရှန်းအဖြစ် အယောင်ဆောင်ထားသော ဟူလူမျိုးတစ်ဦးကို တွေ့ရှိရပါတယ်"

"အစီရင်ခံပါတယ်။ စုန့်ချန်းရှိ ချင်းလုံကျောင်းတွင် ဖမ်းဆီးရမိသော်လည်း အတု ဖြစ်နေပါတယ်"

...

သတင်းများမှာ တစ်ခုပြီးတစ်ခု ရောက်ရှိနေသော်လည်း "အန်းယာလုရှန်း"၏ ခြေရာများကို မြို့အနှံ့ တွေ့ရှိနေရစေကာမူ၊ နောက်ဆုံး ရလဒ်များမှာမူ အားလုံး အတုများသာ ဖြစ်နေခဲ့သည်။ ဝမ်ချောင်၏ စိတ်ဝိညာဉ်စွမ်းအားများဖြင့် တွေ့ရှိခဲ့သော တစ်ဆယ်ကျော်သော အန်းယာလုရှန်းပုံရိပ်များမှာ ဆက်တိုက်ဖော်ထုတ်ခြင်း ခံလိုက်ရသော်လည်း၊ စစ်မှန်သော အန်းယာလုရှန်းကိုမူ ယခုအချိန်အထိ ရှာမတွေ့သေးပေ။

ဟွာအယ်ရှန်းဟွေး နန်းဆောင်မှ ထွက်ခွာလာပြီး နန်းတော်တံခါးပြင်ပသို့ ရောက်ရှိချိန်မှစ၍၊ အန်းယာလုရှန်းသည် ပင်လယ်ထဲသို့ ကျရောက်သွားသော ရွှံ့နွားတစ်ကောင်အလား၊ မြို့တော် တစ်ခုလုံးအတွင်း ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။

မြို့စောင့်တပ်ဖွဲ့၊ မြို့တော်ကာကွယ်ရေးတပ်နှင့် မြို့အနှံ့ရှိ လူမိုက်များ အားလုံး စုံညီနေသော်လည်း၊ ထိုသူ၏ အစစ်အမှန် ကိုယ်ထည်ကို ရှာတွေ့သူ တစ်ဦးတစ်ယောက်မျှ မရှိသေးပေ။

...

ထိုအချိန်တွင် ဝမ်ချောင်သည် စစ်သည်တော် သိန်းချီကို ဦးဆောင်၍ မြို့အနှံ့အန်းယာလုရှန်းကို လိုက်လံရှာဖွေနေစဉ်မှာပင် နန်းတော်၏ မြောက်ဘက်၊ ရွှမ်ဝူဂိတ်အပြင်ဘက်၌၊ အရပ်ရှည်ရှည်နှင့် ပိန်လှီလှသော ပုံရိပ်တစ်ခုမှာ မှောင်ထုအတွင်း အရှိန်အဟုန်ဖြင့် လျှောက်လှမ်းနေသည်ကို မည်သူမျှ သတိမထားမိကြပေ။

ထိုက်ကျုံးဧကရာဇ် လက်ထက်တွင် ရွှမ်ဝူတံခါး၌ ပြဿနာဖြစ်ပွားခဲ့ပြီးနောက်၊ ထိုက်ကျုံးဧကရာဇ်၏ နောင်တော်များမှာ ရွှမ်ဝူတံခါး ပြင်ပ၌ သေဆုံးခဲ့ရသည်ဖြစ်ရာ၊ ထို မြောက်ဘက်တံခါးမှာ တိမ်ကောသွားသလောက် ဖြစ်နေခဲ့သည်။ နန်းတွင်းသားများအတွက် မထိရက်သော နေရာတစ်ခု ဖြစ်နေသဖြင့် ယခုအခါတွင်မူ ၎င်းမှာ တားမြစ်နယ်မြေတစ်ခုသဖွယ် ဖြစ်နေခဲ့ပြီး၊ ပုံမှန်အားဖြင့် မည်သူမျှ ဤနေရာသို့ လာရောက်လေ့ မရှိကြပေ။

တစ်နည်းအားဖြင့် ပြောရမည်ဆိုပါက ဤနေရာမှာ အလွန်ပင် ခြောက်ကပ်လှပေသည်။ နေရာတိုင်း၌ သစ်ပင်များ ပေါက်ရောက်နေပြီး မြို့တော်၏ အခြားသော နေရာများမှ စည်ကားသိုက်မြိုက်မှုများနှင့် လုံးဝဆန့်ကျင်ဘက် ဖြစ်နေပေသည်။

ထို့ထက် ပိုအရေးကြီးသည်မှာ သာမန်ပြည်သူများမှာလည်း ဤနေရာသို့ လုံးဝလာရောက်ကြမည် မဟုတ်ပေ။

ညမှောင်ထုမှာ တိတ်ဆိတ်နေပေသည်။

ထိုသူသည် မီးရောင်များနှင့် ဝေးရာသို့ ရှောင်တိမ်းကာ၊ ညမှောင်ထုနှင့် အရိပ်များအတွင်း ပုန်းအောင်း၍ ရှေ့သို့ လျှောက်လှမ်းနေသဖြင့်၊ မည်သူ့၏ အာရုံကိုမျှ မရရှိခဲ့ပေ။

သေချာ ကြည့်လိုက်ပါက၊ ထိုသူ၏ မျက်နှာမှာ အလွန်ပင် ပိန်လှီနေပြီး ပါးရိုးများမှာလည်း ထွက်နေသည်၊ ထို့အပြင် သူသည် အလွန်ပင် အရပ်ရှည်ပြီး ပိန်လှီလှပေသည်၊ သူ၏ ခြေလှမ်းများမှာ သာမန်အတိုင်းဟု ထင်ရသော်လည်း အမှန်တကယ်တွင်မူ မြင်းတစ်ကောင် ပြေးနေသည့် အရှိန်ထက်ပင် ပိုမိုမြန်ဆန်လှပေသည်။

"ဝမ်ချောင် မင်းကတော့ အလွန် ရိုးလွန်းနေတာပဲ။ မင်းရဲ့အင်အားက ဘယ်လောက်ပဲ ကြီးမားနေပါစေ၊ ဒီမြို့တော်က မင်းရဲ့နယ်မြေ ဖြစ်နေရင်တောင် ဘာဖြစ်သလဲ။ ငါ အန်းယာလုရှန်းအနေနဲ့ အေးအေးဆေးဆေး ဝင်လာနိုင်သလို၊ အေးအေးဆေးဆေးလည်း ပြန်ထွက်သွားနိုင်သေးတယ် ဘယ်သူမှ ငါ့ကို တားလို့ မရနိုင်ဘူး"

အချိန်မည်မျှ ကုန်လွန်သွားမှန်း မသိသော်လည်း၊ မှောင်မည်းလှသော တောအုပ်တစ်ခုအတွင်းသို့ ရောက်ရှိသွားသည့် အခါ၊ ပတ်ဝန်းကျင်၌ လူသူမရှိသည်ကို ခံစားလိုက်ရသဖြင့် ထိုသူက အောင်နိုင်သူတစ်ဦးအလား ပြုံးလိုက်ပြီးနောက်၊ သူ၏ ပါးစပ်မှ ရေရွတ်လိုက်သော စကားများမှာ လူတိုင်းကို အံ့သြသွားစေနိုင်ပေသည်။

အန်းယာလုရှန်း..

ဤသူ၏ ကိုယ်ထည်ပုံသဏ္ဌာန်မှာ အန်းယာလုရှန်းနှင့် မိုင်ပေါင်း သောင်းချီ ကွာခြားလှပေသည်၊ အကယ်၍ မျက်နှာချင်းဆိုင် ဆုံတွေ့လျှင်ပင် မည်သူမျှ ဤသူကို အန်းယာလုရှန်းဟု ထင်မှတ်ကြမည် မဟုတ်ပေ၊ သို့သော်လည်း သူက မိမိကိုယ်မိမိ "အန်းယာလုရှန်း" ဟု ခေါ်ဆိုနေခြင်းပင် ဖြစ်သည်။

"ကိုယ်ပွား တစ်ဆယ်ကျော်လောက်ကို အပြင်လွှတ်ထားခဲ့တာတင်မကဘဲ၊ သူတို့ဆီက ရတဲ့ အကာအကွယ် အငွေ့အသက်တွေလည်း ရှိနေသေးတယ်။ ဝမ်ချောင် မင်း ငါ့ကို ရှာတွေ့ချင်သေးတာလား။ ဟားဟားဟား... တကယ်ကို အိပ်မက် ယောင်နေတာပဲ"

"ငါတို့တွေ မြို့တော်ကနေ ထွက်သွားလို့၊ ထိုပုဂ္ဂိုလ်ဆီက အကူအညီကို ရရှိသွားပြီ ဆိုရင်တော့၊ မင်း ငါတို့ကို ဘယ်တော့မှ ခြိမ်းခြောက်နိုင်မှာ မဟုတ်တော့ဘူး"

...

ထိုသူသည် တောင်ဘက်ရှိ မီးရောင်များ လင်းထိန်နေသော နေရာဆီသို့ လှည့်ကြည့်လိုက်ပြီးနောက် အလွန်ပင် ဂုဏ်ယူဝင့်ကြွားစွာဖြင့် ဟားတိုက်ရယ်မောလိုက်သည်။

ထိုပုဂ္ဂိုလ်ကြီးမှာ နန်းတော်အတွင်းမှ အလျင်အမြန် ထွက်ခွာသွားခဲ့ပြီးနောက်၊ မြို့တော်အတွင်း၌ ခေါင်းမပါသော ယင်ကောင်တစ်ကောင်အလား မိမိကို အရူးအမူး လိုက်လံ ရှာဖွေနေမည့် ပုံစံကို သူ စိတ်ကူးကြည့်နိုင်ပေသည်။

"တော်လောက်ပြီ"

ရှေ့သို့ ဆက်လက် လျှောက်လှမ်းနေရင်း၊ မြောက်ဘက် မြို့တံတိုင်းနှင့် မဝေးတော့သည့် နေရာသို့ ရောက်ရှိသွားသည့် အခါ၊ ပတ်ဝန်းကျင်၌ လိုက်လံ ဖမ်းဆီးသူများ မရှိသလို မည်သူ့၏ အာရုံကိုမျှ မရရှိခဲ့သည်ကို တွေ့ရှိလိုက်ရသဖြင့်၊ ထိုသူသည် ရုတ်တရက် ရပ်တန့်လိုက်ပြီး ပတ်ဝန်းကျင်ကို သတိကြီးစွာဖြင့် တစ်ချက် ကြည့်လိုက်ကာ "ဟူး" ဆိုသည့် အသံနှင့်အတူ သက်ပြင်းတစ်ချက်ကို ရှည်လျားစွာ ချလိုက်ရင်း၊ သူ၏တစ်ကိုယ်လုံးကို ဖြေလျှော့လိုက်သည်။

နောက်တစ်ခဏတွင်မူ မျက်လှည့်ပြနေသကဲ့သို့ပင်၊ ထိုသူ၏ ခန္ဓာကိုယ်မှာ လျင်မြန်စွာပင် ကျုံ့သွားခဲ့ပြီး၊ သေးငယ်သွားကာ၊ ပုလည်း ပုသွားသလို ပိုဝလာခဲ့သည်။

ယခင်က ပြားချပ်၍ တောင့်တင်းလှသော အတင်းအကျပ် ချပ်ထားသော ဝမ်းဗိုက်မှာလည်း ရုတ်တရက် လေမှုတ်ထားသော ပူဖောင်းတစ်ခုအလား ဖောင်းကားလာခဲ့ပြီး၊ ဝတုတ်လှသော ဗိုက်ကြီးအဖြစ် ပြောင်းလဲသွားကာ၊ အဆီလွှာများမှာလည်း တုန်ခါလျက် ထွက်ပေါ်လာတော့သည်။ မျက်နှာပေါ်မှ တင်းမာနေသော အရေပြားများမှာလည်း လျော့ကျသွားသည့်အခါ၊ ခဏချင်းအတွင်းမှာပင် လုံးဝခြားနားလှသော၊ ဝဝဖိုင်ဖိုင် ပုံရိပ်တစ်ခုမှာ ညမှောင်ထုအတွင်း ထွက်ပေါ်လာတော့သည်။

သေချာကြည့်လိုက်ပါက၊ ၎င်းမှာ အန်းယာလုရှန်းပင် ဖြစ်သည်။ အခြား မည်သူ ဖြစ်နိုင်ပါဦးမည်နည်း။

အကယ်၍ ဝမ်ချောင်သာ ယခု အချိန်တွင် ဤနေရာ၌ ရှိနေမည် ဆိုပါက၊ ဤမြင်ကွင်းကို ကြည့်ရင်း အလွန်ပင် အံ့အားသင့်သွားမည်မှာ သေချာလှပေသည်၊ အဘယ်ကြောင့်ဆိုသော် ယခုကဲ့သို့ ဝတုတ်ခြင်းနှင့် ပိန်လှီခြင်း၊ ပုခြင်းနှင့် ရှည်ခြင်း ဆိုသည့် လုံးဝ ဆန့်ကျင်ဘက် ဖြစ်နေသော ပုံရိပ်နှစ်ခုလုံးမှာ အန်းယာလုရှန်းပင် ဖြစ်နေသောကြောင့်ပင် ဖြစ်သည်။

သူသည် ဂုဏ်ယူစွာဖြင့် သူ၏ဗိုက်ကြီးကို လက်ဖြင့် တစ်ချက် ပုတ်လိုက်ရာ အန်းယာလုရှန်း၏ မျက်နှာတွင် သားကောင်ကို ကျီစယ်နေသည့် အမူအရာမျိုး ထွက်ပေါ်လာတော့သည်။

ယိုကျိုး နယ်မြေ တစ်ခုလုံးတွင်မူ၊ အန်းယာလုရှန်းသည် ကျန်းရှို့ကွေး၏ လက်အောက်တွင် အဝဆုံးသော ကျွန်ဖမ်းဗိုလ်ချုပ်ဖြစ်ကြောင်း လူတိုင်း သိရှိထားကြသည်။ ထို့ကြောင့်ပင် သူ့အား "အန်း ဝတုတ်ကြီး"၊ "အန်း စည်ပိုင်း" စသည့် အမည်ပြောင်များဖြင့် ခေါ်ဆိုခဲ့ကြခြင်း ဖြစ်သည်။

သို့သော်လည်း "အန်း ဝတုတ်ကြီး" ဆိုသည်မှာ အမှန်တကယ်တွင် ဝတုတ်နေသူ တစ်ဦး မဟုတ်ကြောင်းကိုမူ သိရှိသူ အလွန် နည်းပါးလှပေသည်။

သူ အလိုရှိမည် ဆိုပါက၊ ကျန်းရှို့ကွေး၏ လက်အောက်တွင် ကျွန်ဖမ်းဗိုလ်ချုပ်အဖြစ် လုပ်ဆောင်နေချိန်၌ပင်၊ သူသည် မူလက ကုန်းပြင်မြင့်ကြီးပေါ်တွင် မြင်းစီး၍ လျင်မြန်စွာ ပြေးလွှားနိုင်ပြီး၊ မြင်းဗိုက်အောက်၌ မျောက်တစ်ကောင်အလား လျင်မြန်စွာ လှုပ်ရှားနိုင်ကာ လူငယ်များစွာ၏ လေးစားမှုကို ရရှိထားသော တာ့ခ်လူငယ်တစ်ဦးအဖြစ် အချိန်မရွေး ပြန်လည် ပြောင်းလဲနိုင်ပေသည်။

သို့သော်လည်း၊ ရှင်သန်နိုင်ရေးအတွက် ဖြစ်သလို၊ ကျန်းရှို့ကွေးနှင့် အခြားသူများ၏ အာရုံစိုက်မှုကို မခံရစေရန်အတွက်လည်း၊ အန်းယာလုရှန်းသည် ယခုကဲ့သို့သော ကိုယ်ထည် ပုံသဏ္ဌာန်ကိုသာ အမြဲတမ်း ထိန်းသိမ်းထားခဲ့ခြင်း ဖြစ်သည်။

အရေးကြီးဆုံး အချက်မှာ အစပိုင်းတွင် ရှင်သန်နိုင်ရေးအတွက်သာ ဖြစ်သော်လည်း၊ နောက်ပိုင်းတွင်မူ အန်းယာလုရှန်းသည် ဤပုံရိပ်ကို ထိန်းသိမ်းထားခြင်းဖြင့် လူအများက သူ့ကို လျှော့တွက်လာကြသလို၊ သူ့အပေါ်တွင်လည်း သတိလက်လွတ် ဖြစ်လာကြကာ၊ နောက်ဆုံးတွင် သူတို့၏ ကျောပြင်ကိုပါ သူ့ဘက်သို့ လှည့်ပေးလာကြသည်ကို သတိထားမိလာခဲ့သည်။

အကယ်၍ ၎င်းနှင့်အတူ အရူးအမူး ဟန်ဆောင်ခြင်း၊ လူပြက်တစ်ယောက်ကဲ့သို့ ဖားယားခြင်းများကိုပါ ပေါင်းစပ်လိုက်မည် ဆိုပါက၊ ပြိုင်ဘက် အားလုံးမှာ "အကာအကွယ် ကင်းမဲ့" သွားကြမည်ဖြစ်ပြီး၊ သူတို့ကို အလွယ်တကူ ကြံစည်နိုင်သလို အသက်ပျောက်အောင်လည်း လုပ်ဆောင်နိုင်ပေလိမ့်မည်။

အန်တုံနယ်စားကြီး အိမ်တော်အတွင်း၌၊ အန်းယာလုရှန်းသည် ဤနည်းလမ်းကို အသုံးပြု၍ သူ၏ ပြိုင်ဘက်များကို တစ်ဦးပြီးတစ်ဦး အနိုင်ယူခဲ့ပြီး၊ နောက်ဆုံးတွင် ကျန်းရှို့ကွေး၏မွေးစားသားအဆင့်သို့ ရောက်ရှိခဲ့ခြင်း ဖြစ်သည်။

နောက်ဆုံးတွင်မူ အန်းယာလုရှန်းသည် ဤနည်းလမ်းဖြင့်ပင် အင်ပါယာ၏ ဗိုလ်ချုပ်ကြီးဖြစ်သော ခြေတစ်ချက် နင်းလိုက်ရုံဖြင့် ရှန်းကျိုးမြေပြင်ကြီးကို တုန်ခါသွားစေနိုင်သည့် ကျန်းရှို့ကွေးကိုပင် ကြံစည်၍ ဖြုတ်ချနိုင်ခဲ့ပြီး၊ သူ့ကို လက်ဖဝါးပေါ်၌ တင်ကာ ကစားနိုင်ခဲ့ခြင်း ဖြစ်သည်

ထိုကဲ့သို့သော ခံစားချက်မှာ သူ့ကို အမှန်တကယ်ပင် စွဲလမ်းသွားစေခဲ့သည်

ယခု အချိန်တွင်မူ အန်းယာလုရှန်းသည် ထို "တာ့ခ် လူငယ်" ပုံစံသို့ ပြန်လည် ပြောင်းလဲရန် စိတ်ကူးမရှိတော့ဘဲ သူသည် "အန်းဝတုတ်ကြီး" ဆိုသည့် ဤပုံရိပ်ကို အမှန်တကယ်ပင် မြတ်နိုးသွားခဲ့ပြီ ဖြစ်သည်။

လူတိုင်းက သူ့ကို ဝတုတ်သည်ဟု လှောင်ပြောင်ကြပြီး၊ ရယ်စရာကောင်းသည်ဟု ထင်မြင်ကာ သူ၏ ပြုမူချက်များကြောင့် ရယ်မောနေကြသည့်အခါ၊ အမှန်တကယ်တွင်မူ သူတို့၏စိတ်အနက်ပိုင်း၌ လှောင်ပြောင်ခြင်း ခံနေရသူများမှာ သူတို့ ကိုယ်တိုင်သာ ဖြစ်ကြောင်း မည်သူမျှ မသိရှိခဲ့ကြပေ

"အချိန်ကို တွက်ကြည့်ရင်တော့၊ ချွေချန်းယုံနဲ့ ကောင်းရှန်းတို့ ရောက်နေလောက်ပြီ၊ အခုတော့ ငါ တစ်ယောက်တည်းပဲ ကျန်တော့တာပဲ"

အန်းယာလုရှန်းသည် ကောင်းကင်ယံကို တစ်ချက် ကြည့်လိုက်ပြီးနောက် စိတ်ထဲမှ ရေရွတ်လိုက်သည်။

လူငါးယောက် ဆိုသည်မှာ ပစ်မှတ်ကြီးမားလွန်းသဖြင့် အလွယ်တကူ သတိထားမိနိုင်ပေသည်။ ထို့ကြောင့်ပင် နန်းတော်မှ ထွက်လာသည်နှင့် အန်းယာလုရှန်းသည် သူတို့ကို လူခွဲလိုက်ခြင်း ဖြစ်သည်။ သူ ကိုယ်တိုင်ကမူ အရှေ့ဘက်သို့ ဦးတည်သွားပြီး သူတို့၏ အာရုံကို ဆွဲဆောင်လိုက်ကာ ဝမ်ချောင်၏ လက်အောက်ခံ တပ်ဖွဲ့များကို မြို့ထဲ၌ တစ်ပတ်ပတ်အောင် ဦးဆောင်ခဲ့ခြင်း ဖြစ်သည်။

ယခုကဲ့သို့ မလုပ်ဆောင်ပါက၊ မြို့တော်အနှံ့ရှိ ဝမ်ချောင်၏ သူလျှိုများနှင့် မျက်စိများကို ရှောင်လွှဲရန် အလွန် ခက်ခဲလှပေလိမ့်မည်။

ချွေချန်းယုံနှင့် ကောင်းရှန်းတို့ ဘက်မှာမူ...

ဝမ်ချောင်၏ပစ်မှတ်မှာ သူတို့ မဟုတ်သဖြင့်၊ သူ ကိုယ်တိုင် ထွက်ပေါ်နေသရွေ့ သူတို့ လူခွဲလိုက်မည် ဆိုပါက လျင်မြန်စွာ လွတ်မြောက်နိုင်မည် ဖြစ်သည်။

"...အဲဒီ လူယုတ်မာကတော့ မြို့တံခါး စောင့်ကြပ်သူတွေ အားလုံးကို ထိန်းချုပ်ထားမှာ သေချာတယ်၊ အရှေ့တံခါး၊ တောင်တံခါး၊ နောက်တံခါး၊ ငါ ဘယ်တံခါးကိုပဲ သွားသွား သူ ထောင်ထားတဲ့ ပိုက်ကွန်ထဲကို ကျရောက်သွားမှာပဲ။ ဒါပေမဲ့ ဒီ မြောက်တံခါးကတော့ နှစ်ပေါင်းများစွာ ပိတ်ထားခဲ့တာ ဖြစ်သလို၊ မြို့အပြင်ဘက်ကို သွားတဲ့ လမ်းလည်း မရှိတာကြောင့်၊ ဘယ်သူမှ ဒီနေရာကို စဉ်းစားမိကြမှာ မဟုတ်ဘူး၊ ဒီနေရာကမှ ငါ့အတွက်တော့ အကြီးမားဆုံးသော အခွင့်အရေးပဲ"

ဝေးကွာလှသော မြင့်မားလှသည့် မြို့တော် တံတိုင်းကြီးကို ကြည့်ရင်း၊ အန်းယာလုရှန်း၏ နှုတ်ခမ်းထောင့်တွင် အောင်နိုင်သူတစ်ဦး၏ အပြုံးမျိုး ထွက်ပေါ်လာတော့သည်။

မြို့တော် တွင် မြို့တံခါး လေးခု ရှိသည်ဟု ဆိုကြသော်လည်း၊ အမှန်တကယ်တွင်မူ သုံးခုသာ ရှိသည်၊ မြောက်ဘက်တံခါးမှာမူ လူဝင်လူထွက် လုံးဝ မရှိပေ၊ တစ်ခုမှာ နန်းတွင်း စည်းကမ်းများကြောင့် ဖြစ်သည်။ ဧကရာဇ်မင်းမြတ်မှာ မြောက်ဘက်တွင် စံပယ်ပြီး တောင်ဘက်သို့ မျက်နှာမူထားခြင်းဖြစ်ရာ မည်သူမျှ ဧကရာဇ်မင်းမြတ်ထက် ပိုမို၍ မြင့်သော နေရာတွင် မရှိသင့်ပေ။ အခြား အကြောင်းရင်း တစ်ခုမှာမူ လွန်ခဲ့သော နှစ်ပေါင်း တစ်ရာက ထိုက်ကျုံးဧကရာဇ် လက်ထက်၌ ဖြစ်ပွားခဲ့သော "ရွှမ်ဝူတံခါး အပြောင်းအလဲ”ကြောင့်ပင် ဖြစ်သည်။

ထိုစဉ်က ထိုက်ကျုံးဧကရာဇ်နှင့် ထီးနန်းလုခဲ့သော အိမ်ရှေ့စံ မင်းသားသည်၊ အခြားသော မင်းသားအချို့ကို ဦးဆောင်၍ နန်းတော်၏ မြောက်ဘက်၊ အရှေ့မြောက်ထောင့်ရှိ လူသူမနီးသော ရွှမ်ဝူတံခါးမှတစ်ဆင့် လျှို့ဝှက် ဝင်ရောက်ကာ ထိုက်ကျုံးဧကရာဇ်ကို လက်ဦးမှု ရယူတိုက်ခိုက်ရန် ကြံစည်ခဲ့သော်လည်း မထင်မှတ်ဘဲ အတွင်းလူ ရှိနေသဖြင့် ချောင်းမြောင်းတိုက်ခိုက်ခြင်း ခံလိုက်ရကာ နေရာမှာတင် မြားဖြင့် အပစ်ခံရ၍ သေဆုံးခဲ့ရခြင်း ဖြစ်သည်။

မင်းသား အားလုံးမှာ ထိုနေရာ၌ပင် အသက်ပျောက်ခဲ့ကြရသည်။

ထိုအချိန်မှစ၍၊ နန်းတော် အရှေ့မြောက်ဘက်ရှိ ရွှမ်ဝူတံခါးနှင့် မြို့တော်၏ မြောက်ဘက်တံခါး အားလုံးကို လုံးဝ ပိတ်ဆို့ထားခဲ့ခြင်း ဖြစ်သည်။

သို့သော်လည်း အန်းယာလုရှန်းမှာမူ ဂရုစိုက်ခြင်း မရှိပေ။

သူသည် အရာအားလုံးကို ကြိုတင် ပြင်ဆင်ထားပြီး ဖြစ်သည်။

ဝမ်ချောင်က သူသည် အရှေ့တံခါး၊ တောင်တံခါးနှင့် နောက်တံခါး သုံးနေရာမှ ထွက်ခွာလိမ့်မည်ဟု တကယ်ပဲ ရိုးရိုးရှင်းရှင်း ထင်နေခြင်းလား။

သေချာလှသော အာမခံချက် မရှိဘဲ၊ သူ မြို့တော် ထဲကို လွယ်လွယ်နဲ့ ဝင်လာပါ့မလား။

"ဝုန်း…."

သူ ဂုဏ်ယူနေစဉ်မှာပင်၊ အန်းယာလုရှန်း၏ ရင်ခွင်အတွင်းမှ ပေါက်ကွဲသံတစ်ခု ထွက်ပေါ်လာသည်။ အန်းယာလုရှန်း၏ လည်ပင်းနေရာမှ ကြေးညိုရောင် ဆွဲပြား တစ်ခုမှာ ရုတ်တရက် လင်းလက်လာပြီးနောက် ပေါက်ကွဲသွားခဲ့ကာ၊ ၎င်းနောက်တွင်မူ ထိုဆွဲပြားအတွင်းမှ မှိန်ဖျော့လှသော အလင်းတန်းများ ထွက်ပေါ်လာပြီး၊ ထို အလင်းတန်းများအတွင်း၌ ဝမ်ချောင်နှင့် မြို့စောင့်တပ်ဖွဲ့၊မြို့တော်ကာကွယ်ရေးတပ်တို့၏ ပုံရိပ်များမှာ မထင်မရှား ပေါ်ထွက်လာတော့သည်။

ထိုပုံရိပ်များအတွင်း၌၊ မိမိနှင့် တစ်ပုံစံတည်းတူသော အန်းယာလုရှန်းတစ်ဦးကို ဝမ်ချောင်က ဓားဖြင့် သတ်ဖြတ်လိုက်ပြီး၊ သွေးအိုင်အတွင်းသို့ လဲကျသွားသည်ကို မြင်တွေ့လိုက်ရသည်။

" ဒါနဲ့ဆိုရင် ၁၃ယောက်မြောက် ရှိသွားပြီ၊ အရမ်း မြန်တာပဲ"

အန်းယာလုရှန်းသည် တစ်ကိုယ်လုံး တုန်ယင်သွားခဲ့ပြီး သူ၏မျက်ဝန်းထဲ၌လည်း ကြောက်ရွံ့စိတ်များ သိသိသာသာ ထွက်ပေါ်လာကာ၊ မျက်နှာပေါ်မှ အောင်နိုင်သူတစ်ဦး၏ အပြုံးများမှာလည်း ခဏချင်းအတွင်း ပျောက်ကွယ်သွားတော့သည်။

ဝမ်ချောင်၏ အရှိန်အဟုန်မှာ သူ ထင်ထားသည်ထက် များစွာ ပိုမို မြန်ဆန်လှပေသည်။

မူလက ကိုယ်ပွား နှစ်ဆယ်နီးပါးဖြင့် ထိုသူကို ခဏမျှ အလုပ်ရှုပ်အောင် လုပ်ဆောင်နိုင်မည် ဖြစ်သလို၊ မိမိအတွက်လည်း အချိန် တစ်နာရီခန့် ရရှိလိမ့်မည်ဟု ထင်မှတ်ထားသော်လည်း၊ မထင်မှတ်ဘဲ ခဏချင်းအတွင်းမှာပင် တစ်ဆယ့်သုံးဦးမှာ သေဆုံးသွားခဲ့ပြီး ငါးဦး၊ ခြောက်ဦးခန့်သာ ကျန်ရှိတော့ခြင်းပင်။

ဤအချက်က အန်းယာလုရှန်းကို စိတ်ထဲ၌ အလွန်ပင် ထိတ်လန့်သွားစေတော့သည်။

******

အခန်း (၂၀၁၄) တစ်ပန်းသာသွားခြင်း

"အခုချက်ချင်း ထွက်သွားမှ ဖြစ်မယ်"

ဟွာအယ်ရှန်းဟွေး နန်းဆောင်အတွင်း၌ ဝမ်ချောင်သည် ကောင်းကင်ဘုံမှ နတ်တစ်ပါးအလား အကာအကွယ်ပေးထားသော သူ၏အမည်းရောင် လက်စွပ် နှစ်ကွင်းကို တိုက်ရိုက်ချေမှုန်းပစ်ခဲ့ပုံနှင့်၊ ထိုစူးရှပြီး အေးစက်လှသော အကြည့်များကို ပြန်လည်တွေးတောမိသည့်အခါ၊ အန်းယာလုရှန်း၏ စိတ်ထဲ၌ ထိတ်လန့်သွားပြီး သူ၏ ဝိညာဉ်အနက်ပိုင်းမှ မြစ်ဖျားခံလာသော ကြောက်ရွံ့မှုများကို တစ်ဖန် ပြန်လည် ခံစားလိုက်ရပြန်သည်။

ဒီလူက တကယ်ကို အစွမ်းထက်လွန်းတာပဲ။

ပြီးတော့ သူက အရမ်းကို ပြတ်သားလွန်းတယ်။

သူက မိမိ၏ နဂါးစွမ်းအား ခိုးယူနေမှုကို ထိုးဖောက် မြင်သွားရုံတင်မကဘဲ၊ မိမိ၏ မဟာအစီအရင်ကိုလည်း ဖျက်ဆီးပစ်ခဲ့သည်။ ထိုမျှသာမကဘဲ သူသည် မည်သည့် အရာကိုမျှ ဂရုမစိုက်ဘဲ သူတော်စင်ဧကရာဇ် ကိုယ်တိုင် ရှိနေသည့်ကြားမှပင် မိမိ၏လူတွေကို သတ်ဖြတ်ရန် ဝံ့ရဲခဲ့သည်။

ဒီလူက ဒေါသထွက်လာရင် လူမဟုတ်တော့ဘူး၊ သူက တကယ့်ကို အရူးတစ်ယောက်ပဲ။

မိမိမှာ အန်းတုံနယ်စားကြီးဆိုသည့် အဆင့်အတန်း ရှိနေသော်လည်း၊ ထိုသူကမူ လုံးဝ ဂရုမစိုက်သည့်ပုံပင်။ ဝမ်မိသားစုအတွက် ကြီးမားလှသော ဘေးဒုက္ခများ သယ်ဆောင်လာနိုင်သည်ကိုပင် ဂရုမစိုက်ဘဲ သူ၏ လုပ်ဆောင်ချက်များကို လုံးဝ မရပ်တန့်ခဲ့ပေ။

"သေချင်းဆိုးကောင်၊ တစ်နေ့ကျရင်တော့ မင်းနဲ့ ဝမ်မိသားစုကို ငါ သေချာပေါက် အဖိုးအခ ပေးခိုင်းစေရမယ်"

အန်းယာလုရှန်းက စိတ်ထဲမှ ပြင်းထန်စွာ ကြုံးဝါးလိုက်သည်။

ဝုန်း

ထိုအချိန်မှာပင်၊ အန်းယာလုရှန်း၏ လည်ပင်းတွင် ဆွဲထားသော ကြေးညိုရောင် ဆွဲပြားမှ ဆက်တိုက်ဆိုသလို ပေါက်ကွဲသံ နှစ်ချက် ထွက်ပေါ်လာပြီး၊ နောက်ထပ် မှိန်ဖျော့လှသော အလင်းတန်း နှစ်ခု ပွင့်ထွက်လာကာ ၎င်းအတွင်း၌ ဝမ်ချောင်၏ ပုံရိပ်မှာ မထင်မရှား ပေါ်ထွက်လာပြန်သည်။

ခဏချင်းအတွင်းမှာပင်၊ နောက်ထပ် ကိုယ်ပွား နှစ်ဦးမှာ ဖျက်ဆီးခြင်း ခံလိုက်ရပြန်သည်၊ ယခုအချိန်အထိ မြို့ထဲ၌ အာရုံလွှဲရန် ချန်ထားခဲ့သော ကိုယ်ပွားများမှာ သုံးဦးသာ ကျန်ရှိတော့သည်။

အန်းယာလုရှန်းမှာ အလွန်ပင် ထိတ်လန့်သွားခဲ့ပြီး၊ ဖိအားများကိုလည်း ချက်ချင်း ခံစားလိုက်ရသည်။ သူသည် နောက်ထပ် နှောင့်နှေးမနေရဲတော့ဘဲ အရှိန်ကို မြှင့်တင်ကာ အလွန်ပင် စိုးရိမ်တုန်လှုပ်စွာဖြင့် ရှေ့သို့ ထွက်ပြေးသွားတော့သည်။

ဒီလူယုတ်မာကတော့၊ တကယ်ကို မြန်လွန်းတာပဲ...

အချိန်များ ကုန်လွန်သွားခဲ့ပြီးနောက် ခဏအကြာတွင် မြို့တော်၏ အရှေ့မြောက်ဘက်၊ ကောင်းကင်ယံသို့ ထိုးထွက်နေပြီး တောင့်တင်းခိုင်မာလှသော မြို့တံတိုင်းကြီး၏ ရှေ့မှောက်၌ ထင်းရှူးပင် အနည်းငယ်မှာ ရပ်တည်နေပေသည်။

ထိုထင်းရှူးပင်များကို မြင်တွေ့လိုက်ရသည့်အခါ အန်းယာလုရှန်း၏ မျက်နှာတွင် နောက်ဆုံး၌ အပြုံးတစ်ခု ပေါ်ပေါက်လာပြီး တစ်ကိုယ်လုံးလည်း ပေါ့ပါးသွားခဲ့ပြီ ဖြစ်သည်။

"ဟားဟားဟား... မျိုးနွယ်ခြားဘုရင် ဆိုတာ ဘာလဲ၊ ကိုးပြည်ထောင် ကာကွယ်သူ ဆိုတာ ဘာလဲ၊ မဟာထန် စစ်နတ် ဆိုတာကရော ဘာလဲ။ နောက်ဆုံးမှာတော့ ငါ့ရဲ့ လှည့်ကွက်တွေကြားမှာပဲ လမ်းပျောက်နေရတာ မဟုတ်လား"

အန်းယာလုရှန်းသည် သူ၏ နောက်ကွယ်မှ စည်ကားနေသော မြို့တော် ကို လှည့်ကြည့်လိုက်ပြီးနောက်၊ တစ်ဖန် ပြန်လည်၍ ဂုဏ်ယူဝင့်ကြွားနေပြန်သည်။

ဘာပဲဖြစ်ဖြစ်၊ ထိုသူက မိမိ၏ကိုယ်ပွားတွေကို ဘယ်လောက်ပဲ ဖျက်ဆီးနိုင်ပါစေ၊ နောက်ဆုံးမှာတော့ မိမိကပဲ အောင်နိုင်သူ ဖြစ်သွားခဲ့ပြီ။

ဒီနေရာကနေ ထွက်သွားနိုင်တာနဲ့၊ သူဟာ မြို့တော်ကနေ လုံးဝ လွတ်မြောက်သွားပြီ ဖြစ်သည်။

"ငါ ဒီနေရာကို ဖြတ်ပြီး ယိုကျိုးကို ပြန်ရောက်တာနဲ့၊ အဲဒီ အစီအစဉ်ကို တကယ်ပဲ စတင်လို့ ရပြီ။ ဝမ်ချောင်၊ ငါတို့တွေ ပြန်တွေ့ကြဦးမှာပါ၊ အဲဒီအချိန်ကျရင် မင်း ငါ့ကို ဘယ်လိုများ ပြန်ပြီး ယှဉ်နိုင်ဦးမလဲဆိုတာ ငါ ကြည့်ရသေးတာပေါ့"

ဟားတိုက် ရယ်မောလိုက်ရင်း အန်းယာလုရှန်းသည် ရှေ့သို့ လျှောက်သွားကာ ခန္ဓာကိုယ်ကို ငုံ့လိုက်ပြီး ထို ထင်းရှူးပင်များ၏နောက်ကွယ်မှ လျှို့ဝှက်ပြီး နက်ရှိုင်းလှသော လမ်းကြောင်းတစ်ခုကို အသာအယာ ဖော်ထုတ်လိုက်သည်။

ထိုလမ်းကြောင်းမှာ မြင့်မားလှသော မြို့တံတိုင်း၏ အောက်ခြေမှတစ်ဆင့် မြို့အပြင်ဘက်သို့ တိုက်ရိုက် ဖောက်လုပ်ထားခြင်း ဖြစ်သည်။

ဒါဟာ အန်းယာလုရှန်းက သူ့ကိုယ်သူအတွက် ပြင်ဆင်ထားတဲ့ အကြီးမားဆုံးသော ဆုတ်လမ်းပဲ။

အန်းယာလုရှန်းသည် တစ်ချက်ပြုံးလိုက်ပြီးနောက် သူ၏ဗိုက်ကြီးကို ပြန်လည် ချပ်လိုက်ရာ ကြွက်သားများမှာ တောင့်တင်းလာပြီး ကြောင်တစ်ကောင်အလား လျင်မြန်စွာဖြင့် ထိုလမ်းကြောင်းအတွင်းသို့ တိုးဝင်သွားခဲ့ကာ ပြန်လည် ထွက်ပေါ်လာသည့် အခါတွင်မူ သူ၏ ရှေ့မှောက်၌ ကျယ်ပြောလှသော မြင်ကွင်းကြီးမှာ ပေါ်ထွက်လာခဲ့ပြီ ဖြစ်သည်။ သူသည် အခြားတစ်ဖက်သို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။

"ဟားဟားဟား... တကယ်ပဲ သူတို့ မတွေ့သွားကြဘူး"

မြို့အပြင်ဘက်ရှိ သိပ်သည်းလှသော တောအုပ်ကြီးကို မြင်တွေ့လိုက်ရသည့်အခါ အန်းယာလုရှန်းသည် ဟားတိုက် ရယ်မောလိုက်ပြီး စိတ်ထဲ၌လည်း အလွန်ပင် ကျေနပ်နေတော့သည်။ ၎င်းမှာ အမှန်တကယ်ပင် "ပင်လယ်ပြင်က ကျယ်ပြောသဖြင့် ငါးများ စိတ်ကြိုက် ကူးခတ်နိုင်သလို၊ ကောင်းကင်ယံက မြင့်မားသဖြင့် ငှက်များ စိတ်ကြိုက် ပျံသန်းနိုင်တော့မည်" ဖြစ်သည်။

ဤနေရာသို့ ရောက်ရှိလာသည့် အခါ၊ သူ၏ နောက်ကွယ်မှ အရာအားလုံးမှာ သူနှင့် မသက်ဆိုင်တော့ပေ။

"ဝမ်ချောင်၊ ဒီတစ်ကြိမ် လွဲချော်သွားပြီဆိုရင်တော့၊ မင်း ငါ့ကို ဘယ်တော့မှ သတ်နိုင်မှာ မဟုတ်တော့ဘူး။ ငါ ဒီကို လာခဲ့တာဟာ၊ မဟာထန် တစ်ခုလုံးကို ငါ့လက်ထဲ ရောက်အောင် လုပ်ဖို့ပဲ"

အန်းယာလုရှန်းက ဟားတိုက် ရယ်မောလိုက်သည်။

ရှေ့သို့ နောက်ထပ် ခုနစ်မိုင်၊ ရှစ်မိုင်ခန့် သွားလိုက်လျှင်၊ အမည်းရောင်ဝတ်စုံဝတ် လူများနှင့် ချိန်းဆိုထားသော နေရာသို့ ရောက်ရှိမည် ဖြစ်သည်။ ထိုအချိန်ရောက်လျှင် သူသည် လုံးဝလုံခြုံသွားပြီဖြစ်ရာ ဝမ်ချောင်၏စိတ်ထဲ၌ မည်မျှပင် မကျေနပ်စေကာမူ သူ့ကို မည်သို့မျှ လုပ်ဆောင်နိုင်မည် မဟုတ်တော့ပေ။

သူ အန်းယာလုရှန်းသည် နောက်ဆုံးတွင် ကြီးမားလှသော အောင်မြင်မှုတစ်ခုကို ရရှိခဲ့ပြီး မဟာထန်၏ဧကရာဇ်နှင့် အမတ်များအားလုံးကို သူ၏လက်ဖဝါးပေါ်၌ တင်၍ ကစားနိုင်ခဲ့ခြင်းပင် ဖြစ်သည်။

"အန်းယာလုရှန်းငါ မင်းကို စောင့်နေတာ ကြာလှပြီ၊ မင်း တကယ်ပဲ... ငါ မင်းကို မသတ်နိုင်ဘူးလို့ ထင်နေတာလား"

စကားမဆုံးမီမှာပင်၊ အန်းယာလုရှန်း၏ စိတ်ထဲ၌ အလွန်ပင် ကျေနပ်နေစဉ်မှာပင်၊ အလွန်ပင် အေးစက်လှသော အသံတစ်ခုသည် သေမင်း၏ ခေါ်သံအလား သူ၏ နားထဲသို့ ဝင်ရောက်လာတော့သည်။

"ဝုန်း"

ထိုရင်းနှီးနေသော အသံကို ကြားလိုက်ရသည့်အခါ အန်းယာလုရှန်း၏ စိတ်နှလုံးမှာ ပြင်းထန်စွာ တုန်ရင်သွားခဲ့ပြီး နှလုံးခုန်သံပင် ရပ်တန့်လုနီးပါး ဖြစ်သွားခဲ့သည်။ သူ၏တစ်ကိုယ်လုံးမှာ တုန်လှုပ်သွားခဲ့ပြီး ခေါင်းကို ရုတ်တရက် မော့ကြည့်လိုက်ရာ၊ ထင်းရှူးပင်ကြီး တစ်ပင်၏ ဘေးနား၌ နန်းတွင်းဝတ်ရုံကို ဆင်ယင်ထားရင်း၊ မျက်နှာကို တင်းမာထားသည့် လူငယ်တစ်ဦးမှာ အေးအေးဆေးဆေးပင် ရပ်နေသည်ကို မြင်တွေ့လိုက်ရသည်။ ထိုသူမှာ ဤနေရာတွင် စောင့်ဆိုင်းနေသည်မှာ အချိန်အတန်ကြာခဲ့ပြီ ဖြစ်ပုံရပေသည်။

အန်းယာလုရှန်းလှမ်းကြည့်လိုက်သည့်အခါ၊ ထို မျက်နှာကို တင်းမာထားသော လူငယ်သည်လည်း တစ်ချိန်တည်းမှာပင် လှည့်ကြည့်လိုက်သည်။

"ဝမ်... ဝမ်... ဝမ်ချောင်"

အန်းယာလုရှန်းသည် မယုံကြည်နိုင်သော အမူအရာဖြင့် သူ၏မျက်ဝန်းများကို ပြူးကြည့်နေတော့သည်။ ထိုအခိုက်အတန့်တွင် သူတို့နှစ်ဦး အကြည့်ချင်း ဆုံသွားခဲ့ကြပြီး၊ အန်းယာလုရှန်းသည် မိမိ၏ဦးခေါင်းကို တစ်စုံတစ်ခုသော အရာဖြင့် ပြင်းထန်စွာ အပုတ်ခံလိုက်ရသကဲ့သို့ ခံစားလိုက်ရကာ၊ အသက်ရှူပင် ရပ်တန့်လုနီးပါး ဖြစ်သွားခဲ့သည်။

အံ့သြတုန်လှုပ်ဖွယ်ရာပင်။

မယုံကြည်နိုင်လောက်အောင် အံ့သြတုန်လှုပ်ဖွယ်ရာပင်။

ကြီးမားလှသော ထိတ်လန့်မှုနှင့် မှင်သက်မှုများကြောင့် သူ၏ ခန္ဓာကိုယ်မှာ ယိုင်နဲ့သွားခဲ့ပြီး နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်ခွာသွားခဲ့ရသည်။

ဘယ်... ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။

သူက ဘာလို့ ဒီနေရာကို ရောက်နေရတာလဲ။

ပြီးတော့ ခုနကတင် သူက ဟိုမှာ သူ့ရဲ့ကိုယ်ပွားတွေကို လိုက်လံဖမ်းဆီးနေတာ မဟုတ်လား။

လူတစ်ယောက်တည်းက ဘယ်လိုလုပ်ပြီး နေရာနှစ်ခုမှာ တစ်ပြိုင်နက် ရှိနေနိုင်မှာလဲ။

ထိုအခိုက်အတန့်တွင် သူသည် သရဲတစ္ဆေ မြင်တွေ့လိုက်ရသကဲ့သို့ပင် ခံစားလိုက်ရသည်။

"မင်း ဘာလို့ ဒီနေရာကို ရောက်နေရတာလဲ”

အန်းယာလုရှန်းက ခက်ခဲစွာဖြင့် မေးမြန်းလိုက်သည်။ သူ၏အမူအရာမှာ တောင့်တင်းနေပြီး မျက်နှာမှာလည်း အလွန်ပင် ဆိုးရွားနေတော့သည်။

"ဟူး..."

ဝမ်ချောင်က တစ်ချက် ပြုံးလိုက်ပြီးနောက် သူ၏ဝတ်ရုံစများကို ခါယမ်းလိုက်ရင်း ထင်းရှူးပင်၏ နောက်ကွယ်မှ ဖြည်းညှင်းစွာ ထွက်လာခဲ့သည်။ သူ၏မျက်နှာတွင် အလွန်ပင် အထင်အမြင်သေးသည့် အရိပ်အယောင်များ ရှိနေပေသည်။

"မင်း ဒီနေရာကို ရောက်လာနိုင်သလို၊ ငါလည်း ရောက်လာနိုင်တာပဲလေ၊ မင်း တစ်ယောက်တည်းပဲ ကိုယ်ပွား ရှိတယ်လို့ မင်း တကယ်ပဲ ထင်နေတာလား"

ဝုန်း…

ဝမ်ချောင်၏စကားကို တုန့်ပြန်လိုက်သကဲ့သို့ပင်။ အန်းယာလုရှန်း၏ လည်ပင်းပေါ်မှ ကြေးညိုရောင်ဆွဲပြားမှာ တစ်ဖန်ပေါက်ကွဲသွားပြန်ပြီးနောက်၊ မှိန်ဖျော့လှသော အလင်းတန်းများ ထပ်မံထွက်ပေါ်လာကာ အဝေးရှိ ကိုယ်ပွား၏ပုံရိပ်ကို ထပ်မံ၍ ပြသလိုက်ပြန်သည်။

ယခုတစ်ကြိမ် ပြသသည့် နေရာမှာ မြို့တော်၏ အနောက်တောင်ဘက်တွင် ဖြစ်ပြီး၊ လက်ရှိ သူတို့ ရောက်ရှိနေသည့် နေရာနှင့် အဝေးဆုံးသော နေရာပင် ဖြစ်သည်။

ပုံရိပ်အတွင်း၌မူ၊ ပြင်းထန်လှသော ပေါက်ကွဲသံကြီးတစ်ခု ထွက်ပေါ်လာပြီးနောက် ဖုန်မှုန့်များမှာ ကောင်းကင်ယံသို့ လွင့်ပျံသွားခဲ့ကာ နောက်ဆုံးသော အန်းယာလုရှန်းသည်လည်း မြေပြင်ပေါ်သို့ ပြင်းထန်စွာ လဲကျသွားခဲ့သည်။ သူ၏ မျက်ဝန်းများမှာလည်း အံ့သြတုန်လှုပ်မှုများဖြင့် ပြူးကျယ်နေပေသည်။ ထိုကိုယ်ပွားနှင့် မဝေးတော့သည့် နေရာတွင်မူ၊ ခန့်ညားထည်ဝါလှသော ပုံရိပ်တစ်ခုမှာ မတ်မတ်ရပ်နေသည်။ သူ၏ကိုယ်ပေါ်မှ နန်းတွင်းဝတ်ရုံနှင့် ထိုလူငယ်၏ မျက်နှာမှာ ဝမ်ချောင်နှင့် တစ်ပုံစံတည်းပင် ဖြစ်နေတော့သည်။

ဝမ်ချောင်နှစ်ယောက်..

နန်းတွင်းဝတ်ရုံ နှစ်ထည်။

တစ်ဦးက မြို့အနောက်တောင်ဘက်တွင် ရှိနေပြီး၊ အခြားတစ်ဦးကမူ မြို့အပြင်ဘက် အနောက်မြောက်ဘက်တွင် ရှိနေပေသည်။ ထို နေရာနှစ်ခုမှာ အလွန်ဝေးကွာလှသော်လည်း နှစ်ဦးစလုံးမှာ ဝမ်ချောင်ပင် ဖြစ်နေတော့သည်။

"မင်း…"

သူ၏ရှေ့မှောက်ရှိ ဝမ်ချောင်ကို ကြည့်ရင်း အန်းယာလုရှန်းမှာ အလွန်ပင် ဒေါသထွက်နေသလို ထိတ်လန့်နေသည်။ သူ မည်မျှပင် ထုံအစေကာမူ ဝမ်ချောင်သည်လည်း ကိုယ်ပွားကို အသုံးပြု၍ မိမိကို ပြန်လည် ကြံစည်ခဲ့ခြင်း ဖြစ်ကြောင်း နားလည်သွားခဲ့ပြီ ဖြစ်သည်။

"မင်းက ကိုယ့်ကိုယ်ကိုယ် ပါရမီရှင်လို့ ထင်နေပေမဲ့၊ တကယ်တော့ မင်းရဲ့ပါရမီတွေက မင်းကိုပဲ ပြန်ပြီး ဒုက္ခပေးလိုက်တာပဲ"

မျက်နှာချင်းဆိုင်မှ ဝမ်ချောင်သည် အန်းယာလုရှန်း၏ ဒေါသထွက်နေသောပုံစံကို ကြည့်ရင်း အေးစက်စွာ ရယ်မောလိုက်သည်။

မင်းသားသုံးပါးပုန်ကန်မှုကတည်းက သူသည် မီယာစမိ အာရာကာကို အသုံးပြု၍ ချင်းယန်သခင်လေးကို မိမိ၏ ပုံစံအဖြစ် အယောင်ဆောင်ခိုင်းထားခဲ့ခြင်း ဖြစ်သည်။ ထိုစဉ်က ဟိုကျွမ်းကျီပင်လျှင် ခွဲခြားနိုင်ခြင်း မရှိခဲ့ရာ၊ အန်းယာလုရှန်းအနေဖြင့် မည်သို့ ခွဲခြားနိုင်ပါ့မနည်း။

အန်းယာလုရှန်းသည် နန်းတော်မှ ထွက်ခွာလာပြီးနောက် ကြိုတင်ပြင်ဆင်ထားသော ကိုယ်ပွား တစ်ဆယ်ကျော်ကို အသုံးပြု၍ အေးအေးဆေးဆေး လွတ်မြောက်နိုင်မည်ဟု ထင်မှတ်ထားပြီး မိမိကို လက်ဖဝါးပေါ် တင်ကစားနေသည်ဟု ယူဆထားခြင်းမှာ အမှန်တကယ်ပင် အလွန် ရိုးအလွန်းရာ ကျပေသည်။

ရှပ်

ထိုစကားကို ပြောပြီးနောက် ဝမ်ချောင်၏မျက်နှာမှာ အေးစက်သွားပြီး သူ၏ ညာဘက်လက်မှာ သူ၏ ခါးတွင် ရှိနေသော မဟာလော့ဝ်နတ်ဓားကို ချက်ချင်းပင် ဆွဲထုတ်လိုက်တော့သည်။

အန်းယာလုရှန်းကို အမြစ်ပြတ် ဖြေရှင်းရန်အတွက် ဝမ်ချောင်သည် သူ၏ အစွမ်းအထက်ဆုံး ဖြစ်သော မဟာလော့ဝ်နတ်ဓားကိုပါ ယူဆောင်လာခဲ့ခြင်း ဖြစ်သည်။

"ခဏလေးးးး"

ဝမ်ချောင်သည် စကားတစ်ခွန်းမျှ မပြောဘဲ တိုက်ခိုက်ရန် ပြင်ဆင်နေသည်ကို မြင်တွေ့လိုက်ရသည့်အခါ အန်းယာလုရှန်းသည် လက်ကို အပြာအလဲ ခါယမ်းလိုက်ရင်း ချွေးစေးများပင် ထွက်လာတော့သည်။

"ငါ မသေခင်မှာ နောက်ထပ် မေးခွန်းတစ်ခုလောက် မေးပါရစေဦး။ ငါ ထွက်ပြေးခဲ့တဲ့ လမ်းကြောင်းက ငါ့ကိုယ်ငါ လျှို့ဝှက်တယ်လို့ ယူဆထားသလို၊ ငါ့ရဲ့ အငွေ့အသက်တွေ အားလုံးကိုလည်း ဖုံးကွယ်ထားခဲ့တာပါ၊ မင်းက ငါ့ကို ဘယ်လိုမျိုး ရှာတွေ့သွားရတာလဲ"

အန်းယာလုရှန်း၏စိတ်ထဲ၌ မေးခွန်းတစ်ခုမှာ အမြဲတမ်း ရှိနေခဲ့သည်။ ဤအရှေ့မြောက်ဘက်ရှိ ထွက်ပြေးမည့် လမ်းကြောင်းမှာ အလွန်ပင် လျှို့ဝှက်လှသလို သူသည်လည်း အချိန်အတော်ကြာအောင် ပြင်ဆင်ခဲ့ခြင်း ဖြစ်သည်။ သူ၏ ဘေးနားရှိ အယုံကြည်ရဆုံးသော လူအနည်းငယ်မှလွဲ၍ မည်သူမျှ မသိရှိနိုင်ပေ။ ဝမ်ချောင်က မည်သို့သော နည်းလမ်းဖြင့် မိမိ၏ အစစ်အမှန် ကိုယ်ထည်ကို ရှာတွေ့သွားခဲ့ရုံတင်မကဘဲ၊ ဤနေရာ၌ပါ ကြိုတင် စောင့်ဆိုင်းနေနိုင်ရခြင်း ဖြစ်သနည်း။

"ဟူး... မင်းကို ပြောပြရင်လည်း ဘာမှမဖြစ်ပါဘူး"

ဝမ်ချောင်က ထိုစကားကို ကြားရသည့်အခါ အေးစက်စွာ တစ်ချက် ရယ်မောလိုက်သည်၊ အန်းယာလုရှန်းဘာကိုကြံစည်နေသည်ဖြစ်စေ သူ ကောင်းစွာ သိရှိထားသည်၊ သို့သော်လည်း ထိုသူက မိမိ၏အကြံအစည် အောင်မြင်လိမ့်မည်ဟု ယူဆထားပါက မိမိကို အလွန်အမင်း လျှော့တွက်ထားခြင်းသာ ဖြစ်ပေလိမ့်မည်။

"မင်း ထွက်မလာခင်မှာ၊ သူတော်စင်ဧကရာဇ်က ချီးမြှင့်လိုက်တဲ့ အဲဒီ ကိုးဆင့် ကျောက်စိမ်းအနှစ် ဆေးလုံးက ဘယ်လိုလဲ၊ အစွမ်းထက်တယ် မဟုတ်လား"

ဝမ်ချောင်၏ စကားကို ကြားလိုက်ရသည့် ခဏ၌ အန်းယာလုရှန်း၏မျက်နှာမှာ ချက်ချင်း ပြောင်းလဲသွားခဲ့ပြီး ဖြူတစ်လှည့် နီတစ်လှည့် ဖြစ်နေကာ အလွန်ပင် ဒေါသထွက်နေတော့သည်။

ဒီလူယုတ်မာ…

သူသည် အရာရာကို အစွမ်းကုန် ကာကွယ်ခဲ့သည်။ အစီအစဉ်များစွာကိုလည်း ပြင်ဆင်ခဲ့သည်။ ကိုယ်ပွားတွေကိုလည်း အသုံးပြုခဲ့သည်။ အငွေ့အသက်တွေကိုလည်း ဖုံးကွယ်ခဲ့သည်။ ကိုယ်ထည် ပုံသဏ္ဌာန်ကိုလည်း ပြောင်းလဲခဲ့သည်...၊ သို့သော်လည်း နောက်ဆုံးတွင်မူ သူ မထင်မှတ်ထားခဲ့သည်မှာ၊ ထွက်ခွာခါနီး၌ သူတော်စင်ဧကရာဇ် ဆီမှ ရရှိခဲ့သော ထိုကိုးဆင့် ကျောက်စိမ်းအနှစ် ဆေးလုံးကြောင့် မိမိ၏ အစီအစဉ်များအားလုံး ပျက်စီးသွားရခြင်း ဖြစ်သည်။

ဝမ်ချောင်သည် ယခုကဲ့သို့ ယုတ်မာကောက်ကျစ်လိမ့်မည်ဟု သူ လုံးဝ မထင်ထားခဲ့ပေ။ ထို ကိုးဆင့် ကျောက်စိမ်းအနှစ် ဆေးလုံးအတွင်း၌ သူက တစ်စုံတစ်ခုကို ကြိုတင်လုပ်ဆောင်ထားလိမ့်မည်ဟု မည်သို့ ထင်မှတ်ပါ့မနည်း။

အန်းယာလုရှန်းသည် ဝမ်ချောင်က မိမိ၏ခြေရာကို ရှာတွေ့မည်ကို စိုးရိမ်သဖြင့် သူတို့ ငါးဦးစလုံး၏ ကိုယ်ပေါ်ရှိ စိတ်ဝိညာဉ် အမှတ်အသားများကို ကြိုတင်၍ စစ်ဆေးခဲ့သေးသည်။ ဝမ်ချောင်က စိတ်ဝိညာဉ် အမှတ်အသားများဖြင့် ခြေရာခံမည်ကို စိုးရိမ်သောကြောင့် ဖြစ်သည်။ ထိုမျှသာမကဘဲ ချန်းလီရှန်း (ခြေရာခံ နံ့သာ) ကဲ့သို့သော အရာမျိုးကိုပင် သူ ထည့်သွင်း စဉ်းစားခဲ့ပြီး နန်းတော်တံခါးမှ ထွက်လာသည်နှင့် အားလုံးက အဝတ်အစားများကို လဲလှယ်ခဲ့ကြခြင်း ဖြစ်သည်။

ထို့အပြင် ဝမ်ချောင်က မိမိ၏ဘေးနားရှိ အစောင့်များပေါ်တွင် တစ်စုံတစ်ခု လုပ်ဆောင်မည်ကို စိုးရိမ်သဖြင့် သူတို့ငါးဦးစလုံးသည် အစောင့်တစ်ဦးမျှ မပါဘဲ ကိုယ့်ဘာသာသာ ထွက်ခွာလာခဲ့ကြခြင်း ဖြစ်သည်။

သို့သော်လည်း မည်သို့ပင် ကာကွယ်ခဲ့စေကာမူ၊ နောက်ဆုံးတွင်မူ ဝမ်ချောင်၏ လက်ထဲ၌ပင် ကျရှုံးခဲ့ရပြန်သည်။ ထို ကိုးဆင့် ကျောက်စိမ်းအနှစ် ဆေးလုံးကြောင့်ပင် ဖြစ်သည်။

အန်းယာလုရှန်းသည် ထိုစဉ်က ပြင်းထန်သော ဒဏ်ရာများကို ရရှိထားခဲ့သလို၊ သူတော်စင်ဧကရာဇ်ဆီမှ နဂါးစွမ်းအားများကိုလည်း အောင်မြင်စွာ ခိုးယူနိုင်ခဲ့သဖြင့် မိမိကိုယ်မိမိ အောင်နိုင်သူအဖြစ် သတ်မှတ်ကာ ဂုဏ်ယူနေခဲ့ခြင်း ဖြစ်သည်။ ထို့အပြင် သူတော်စင်ဧကရာဇ်ဆီမှ ရရှိခဲ့သော ထိုဆေးလုံး၏ အစွမ်းထက်ပုံကိုသာ အာရုံစိုက်နေခဲ့သဖြင့် ၎င်းအတွင်း၌ ဝမ်ချောင်က စိတ်ဝိညာဉ် အမှတ်အသားတစ်ခုကို ကြိုတင် ထည့်သွင်းထားလိမ့်မည်ဟု မည်သို့မျှ သတိမထားမိခဲ့ခြင်း ဖြစ်သည်။

"အခုတော့ သေဖို့ ပြင်ထားလိုက်တော့"

ဝမ်ချောင်က အေးစက်စွာ ပြောလိုက်သည်။ သူ၏အမူအရာမှာ အလွန်ပင် ရက်စက်လှပေသည်။

"ခဏလောက် စောင့်ပါဦး၊ ခဏလောက်ပါ ငါ့မှာ နောက်ထပ် မေးခွန်းတစ်ခု ရှိသေးတယ်..."

အန်းယာလုရှန်းသည် လက်ကို ဝှေ့ယမ်းရင်း အော်ဟစ်လိုက်သည်။

သို့သော်လည်း ယခုတစ်ကြိမ်တွင်မူ ဝမ်ချောင်သည် သူ့ကို နောက်ထပ် အခွင့်အရေး မပေးတော့ပေ။ ဝုန်း.. လေပြင်းများ တိုက်ခတ်သွားပြီး သူ၏ကိုယ်အတွင်းမှ လျှပ်စစ် အလင်းတန်းများ ပွင့်ထွက်လာခဲ့သည်။ တစ်ချိန်တည်းမှာပင် အားကောင်းလှသော အရှိန်အဝါ တစ်ခုမှာ သူ၏ခန္ဓာကိုယ်အတွင်းမှ ထွက်ပေါ်လာပြီး၊ အန်းယာလုရှန်းကို ချက်ချင်းပင် သေချာစွာ ပစ်မှတ်ထားလိုက်တော့သည်။

"ဒီလူယုတ်မာ"

ဝမ်ချောင်ကို ဆက်လက် တားဆီး၍ မရတော့သည်ကို မြင်တွေ့လိုက်ရသည့်အခါ၊ အန်းယာလုရှန်း၏မျက်နှာမှာ နောက်ဆုံးတွင် အေးစက်သွားခဲ့ပြီး၊ သူ၏ မျက်မှောင်များကြား၌ အလွန်ပင် ပြတ်သားလှသော သတ်ဖြတ်လိုသည့် အငွေ့အသက်များ ဖြတ်ပြေးသွားတော့သည်။

"ငါက မင်းကို တကယ် ကြောက်နေတယ်လို့ ထင်နေတာလား။ တိုက်ခိုက်ကြစမ်း"

ဝုန်း…

လျှပ်စီးလက်သကဲ့သို့သော ခဏချင်းအတွင်းမှာပင် ကျယ်လောင်လှသော ပေါက်ကွဲသံကြီး ထွက်ပေါ်လာပြီး တစ်ခဏအတွင်းမှာပင် ဂန်ချီများမှာ ဟုန်းဟုန်းတောက်လောင်လာကာ၊ အန်းယာလုရှန်း၏ တစ်ကိုယ်လုံးမှာလည်း ရုတ်တရက် ကြီးမား ဖောင်းကားလာတော့သည်။ သူသည် မြေပြင်ကို ပြင်းထန်စွာ တစ်ချက် နင်းလိုက်ရာ သူ၏ နောက်ကွယ်တွင် ကြီးမားလှသော သံချပ်ကာ ဝတ်ဆင်ထားသည့် မှောင်မည်းလှသော မိစ္ဆာနတ်တစ်ပါး ထွက်ပေါ်လာတော့သည်။

ထိုမိစ္ဆာနတ်၏တစ်ကိုယ်လုံးတွင် အမည်းရောင် မီးခိုးများမှာ လိပ်တက်နေပြီး မှောင်အတိ ကျနေပေသည်။ အေးစက်လှသော၊ ရက်စက်လှသော၊ ခံစားချက် ကင်းမဲ့လှသော မျက်ဝန်းတစ်စုံမှလွဲ၍၊ အခြားသော နေရာများမှာမူ အမည်းရောင်များဖြင့် ဖုံးအုပ်နေသဖြင့် မည်သို့မျှ ခွဲခြားနိုင်ခြင်း မရှိပေ။

"ဟိန်း..."

ကြောက်မက်ဖွယ်ကောင်းလှသော ဟိန်းသံတစ်ခုနှင့်အတူ ထို ကြီးမားလှသော မှောင်မည်းလှသော မိစ္ဆာနတ်သည် လှံ၊ ဓား၊ ခက်ရင်း၊ တုတ်၊ လေးမြား၊ သံစူးလုံးစသည့် လက်နက်များစွာကို ကိုင်ဆောင်လျက်၊ အန်းယာလုရှန်းနှင့်အတူ ကောင်းကင်ယံသို့ ပျံတက်သွားပြီး ဝမ်ချောင်ဆီသို့ ဦးတည် တိုက်ခိုက်လိုက်တော့သည်။

******

All Chapters