← Chapters

အခန်း (၂၀၁၅-၂၀၁၇)

Vol. 124 Ch. 2015-2017

အခန်း (၂၀၁၅-၂၀၁၇)

Vol. 124 Ch. 2015-2017

အခန်း (၂၀၁၅) တစ်ယောက်တည်းနှင့် သုံးယောက်ကို ရင်ဆိုင်ခြင်း

"ဝုန်း"

စူးရှလှသော အော်ဟစ်သံတစ်ချက်နှင့်အတူ ပတ်ဝန်းကျင်ရှိ လေထုမှာ ပြင်းထန်စွာ ပေါက်ကွဲသွားတော့သည်။ ထိုမှောင်မည်းလှသော မိစ္ဆာနတ်မှာ ဝမ်ချောင်ဆီသို့ အရှိန်အဟုန်ဖြင့် မပြေးဝင်လာသေးမီမှာပင် ၎င်း၏ လက်မောင်းများမှာ ရူးသွပ်စွာ လှုပ်ရှားလာပြီး၊ ထိုလက်မောင်းများအနက် နှစ်ဖက်မှာ လေးကို ပြင်းထန်စွာ ဆွဲလိုက်ကာ ကမ္ဘာပျက်မတတ် ပြင်းထန်လှသော မြားတစ်စင်းကို ပစ်လွှတ်လိုက်သည်။ ထိုမြားမှာ အမည်းရောင် ကြယ်တံခွန်တစ်ခုအလား ပျက်စီးခြင်း စွမ်းအားများကို သယ်ဆောင်လာပြီး ဝမ်ချောင်ဆီသို့ လျှပ်စီးအလား ပြေးဝင်လာပေသည်။

၎င်းမှာ ဒဏ္ဍာရီလာ နတ်များအား သတ်ဖြတ်နိုင်သည့် နတ်သတ်မိစ္ဆာမြားပင် ဖြစ်သည်။ ဤမြားမှာ နတ်အပေါင်းကို ကွပ်မျက်နိုင်သည့် အစွမ်းရှိသည်ဟု ကျော်ကြားလှပေသည်။ အရှေ့မြောက်ဘက် တိုက်ပွဲတွင် ယွန်းဂျယ်စိုးမွန်းကို ရင်ဆိုင်စဉ်ကသော်လည်းကောင်း၊ ယခုတစ်ကြိမ် တိုင်းနိုင်ငံပေါင်းစုံပွဲတော်၏ အရေးကြီးဆုံး အချိန်များတွင်သော်လည်းကောင်း အန်းယာလုရှန်းသည် ဤအတတ်ကို ထုတ်ဖော်ခဲ့ခြင်း မရှိပေ။ ၎င်းမှာ သူ လျှို့ဝှက်စွာ သိမ်းဆည်းထားသော အစစ်အမှန် တံပိုးလက်နက်ပင် ဖြစ်တော့သည်။

အန်းယာလုရှန်းသည် ဤအတတ်ကို အလွန်အမင်း ထုတ်ဖော်လေ့မရှိခြင်းမှာ အကြောင်းရင်း တစ်ခုရှိသည်။ တာ့ခ်လူမျိုး ဖြစ်ပါက ဤနတ်သတ်မိစ္ဆာမြားဆိုသည့် အမည်ကို ကြားလိုက်ရုံ၊ ဤမြား၏ ပုံသဏ္ဌာန်နှင့် မြားတံပေါ်ရှိ ကြယ်စင်များအလား တောက်ပနေသော ရှေးဟောင်းစာသားများကို မြင်လိုက်ရရုံဖြင့်၊ ဤမြားကို ပစ်လွှတ်နိုင်သူမှာ လွန်ခဲ့သော နှစ်ပေါင်း ရာနှင့်ချီက မဟာတာ့ခ်အင်ပါယာ၏ အထွတ်အမြတ်ဆုံး ကောင်းကင်ဘုံ ဒဏ္ဍာရီ ဖြစ်သော စစ်နတ် လော့ရှန်းပင် ဖြစ်ကြောင်း သိရှိနိုင်ကြပေသည်။

ထိုစစ်နတ်၏ အမည်မှာလည်း လက်ရှိ အန်းယာလုရှန်း၏ အမည်ရင်းမြစ်ပင် ဖြစ်သည်။ သို့သော်လည်း ဤတိုက်ခိုက်မှုမှာ မပြီးဆုံးသေးပေ။ တစ်ချိန်တည်းမှာပင်..

"ဝုန်း ဝုန်း"

ဝမ်ချောင်၏ နောက်ကျောဘက် ဝဲယာနှစ်ဖက်မှ တောင်ပြိုကမ္ဘာပျက်မတတ် မြည်ဟီးသံများနှင့်အတူ အရှိန်အဟုန် ပြင်းထန်လှသော ပုံရိပ်နှစ်ခုမှာ နဂါးနှင့် ကျားများအလား အန်းယာလုရှန်းနှင့် ပူးပေါင်း၍ အခြား အရပ်မျက်နှာနှစ်ခုမှ ရုတ်တရက် ထွက်ပေါ်လာကြတော့သည်။

မဟာသွေးနေနဂါးမိစ္ဆာကျင့်စဉ်။

လျှပ်စီးလက်သကဲ့သို့သော ခဏချင်းအတွင်းမှာပင် ဝမ်ချောင်၏ ညာဘက်ခြမ်းမှ ချွေချန်းယုံသည် မျက်ဝန်းများ ဝင်းပလျက် အေးစက်လှသော အကြည့်ဖြင့် သူ၏ ငါးတောင်ခန့် ရှည်လျားသည့် ထူးခြားသော ဓားရှည်ကို ဓားအိမ်အတွင်းမှ ဆွဲထုတ်လိုက်သည်။ သူသည် ပြင်းထန်လှသော လေပြင်းများကို နှိုးဆွ၍ ကောင်းကင်နှင့် မြေကြီးကို ဆုတ်ဖြဲတော့မည့် အရှိန်အဝါဖြင့် ဝမ်ချောင် ဆီသို့ ခုတ်ပိုင်းလိုက်တော့သည်။

သူ ပြေးဝင်လာသည့် ခဏ၌ပင် ဟင်းလင်းပြင်မှာ တုန်ခါသွားပြီး သွေးကဲ့သို့ နီရဲလှသော ကြီးမားလှသည့် နေဝန်းကြီးတစ်ခု ပေါ်ပေါက်လာကာ ၎င်းအတွင်း၌ ကြီးမားလှသော နဂါးမိစ္ဆာတစ်ကောင် ထွက်ပေါ်လာသည်။ ထိုနဂါးမိစ္ဆာမှာ သွေးနေဝန်းကို တွန်းထုတ်လျက် ချွေချန်းယုံ၏ ပြင်းထန်လှသော ဓားစွမ်းအားများနှင့်အတူ ဝမ်ချောင် ဆီသို့ အရှိန်အဟုန်ဖြင့် ကျရောက်လာပေသည်။ ဤဓားချက် ထွက်ပေါ်လာသည့်အခါတွင် ပတ်ဝန်းကျင် ဆယ်တောင်အတွင်းရှိ သစ်ပင်နှင့် ကျောက်တုံးများ အားလုံးမှာ အမှုန့်ဖြစ်အောင် ချေမွခြင်း ခံလိုက်ရတော့သည်။

ဤမဟာသွေးနေနဂါးမိစ္ဆာကျင့်စဉ်မှာ ချွေချန်းယုံ အသက် တစ်ဆယ့်သုံးနှစ်အရွယ်က တောင်ကြားဂူတစ်ခုအတွင်းသို့ မထင်မှတ်ဘဲ ကျရောက်သွားရာမှ၊ ထူးခြားသော ပုဂ္ဂိုလ်တစ်ဦး၏ ဂူဗိမာန်အတွင်းမှ ရရှိခဲ့သည့် တိမ်ကောနေသော ရှေးဟောင်းအတတ်ပင် ဖြစ်သည်။ ၎င်းမှာ အလွန်ပင် ပြင်းထန်ပြီး အင်အားကြီးမားလှပေသည်။

ထိုပုဂ္ဂိုလ် ချန်ထားခဲ့သော မှတ်တမ်းများအရ ဤမိစ္ဆာလမ်းစဉ် ကျင့်စဉ်မှာ ရှေးခေတ်ကာလများမှ မြစ်ဖျားခံလာခြင်းဖြစ်ပြီး၊ ချွန်းချိုးခေတ်ကာလတွင် အလယ်ပိုင်းဒေသ ရှန်းကျိုး၌ သွေးမိုးများ ရွာသွန်းစေကာ ကြီးမားသော ဘေးဒုက္ခများကို ဖြစ်ပေါ်စေခဲ့ဖူးသလို၊ အလယ်ပိုင်းဒေသရှိ အစွမ်းထက်လှသော သူတော်စင်များနှင့် မိစ္ဆာပေါင်းများစွာကို သတ်ဖြတ်ခဲ့ဖူးသည်ဟု သိရသည်။

အကယ်၍ တစ်စုံတစ်ရာ အပြောင်းအလဲ မရှိခဲ့ပါက ဤမျှ အစွမ်းထက်လှသော မိစ္ဆာကျင့်စဉ်မှာ သမိုင်းတွင် နာမည်ကျော်ကြားသွားမည် ဖြစ်သလို၊ အလယ်ပိုင်းဒေသ၌ လက်ဆင့်ကမ်းလာခဲ့သော ထိပ်တန်းကျင့်စဉ်ကြီးဆယ်ခုနှင့်ပင် ယှဉ်ပြိုင်နိုင်မည် ဖြစ်သည်။ သို့သော်လည်း ထိုပုဂ္ဂိုလ်မှာ စိတ်နေစိတ်ထား ထူးဆန်းသူဖြစ်ရာ၊ အလယ်ပိုင်းဒေသရှိ အင်အားကြီး ပုဂ္ဂိုလ်များစွာကို အနိုင်ယူပြီးနောက်တွင်မူ ငြီးငွေ့လာခဲ့ပြီး အရှေ့မြောက်ဘက် ယိုကျိုးဒေသသို့ ပြန်လည်၍ တစ်ကိုယ်တည်း အခြေချ နေထိုင်သွားခဲ့ခြင်း ဖြစ်သည်။

ချွေချန်းယုံသည် ဤရှေးဟောင်းကျမ်းစာကို ရရှိပြီးနောက် အစွမ်းကုန် ကြိုးစား အားထုတ်ခဲ့ရာ နောက်ဆုံးတွင် အထွတ်အထိပ် အဆင့်သို့ ရောက်ရှိခဲ့သည်။ သူသည် ယခင်က ဤကျင့်စဉ်ကို အသုံးပြု၍ မာကျောလှသော ကျောက်သားတောင်ကမ်းပါးယံတစ်ခုပေါ်၌ မီတာ တစ်ရာခန့် ရှည်လျားသော ဓားရာကြီးတစ်ခုကို တစ်ချက်တည်းနှင့် ထင်ကျန်စေခဲ့ဖူးရာ၊ ၎င်း၏ ဓားစွမ်းအားမှာ ဆယ်ကျန့်ခန့်အထိ နက်ရှိုင်းခဲ့သဖြင့် ယိုကျိးရှိ လူတိုင်းကို အံ့သြတုန်လှုပ်စေခဲ့ဖူးသည်။

ချွေချန်းယုံ၏ အကြည့်များမှာ စူးရှနေပြီး ဓားစွမ်းအားများမှာလည်း ပြတ်သားလှပေသည်။ သူသည် အလယ်ပိုင်းဒေသတွင် နာမည် မကျော်ကြားသေးသော်လည်း၊ ယခု ဓားချက်၏ စွမ်းအားမှာမူ လီစီယီ နှင့် ကောင်းရှန်းကျစ် တို့၏ အဆင့်အတန်းထက် လုံးဝ မနိမ့်ကျပေ။

“အရှေ့ပင်လယ် ကောင်းကင်မြေကမ္ဘာ အထပ်တစ်သောင်းအား”

တစ်ချိန်တည်းမှာပင် ဝမ်ချောင်၏ ဘယ်ဘက်နောက်ခြမ်းမှလည်း ကျယ်လောင်လှသော ဟစ်အော်သံတစ်ခု ထွက်ပေါ်လာပြီး ပုံရိပ်တစ်ခု အရှိန်အဟုန်ဖြင့် ပြေးထွက်လာသည်။

"ဝုန်း"

စကားမဆုံးမီမှာပင် ဟင်းလင်းပြင်အတွင်း၌ မိုးကြိုးပေါင်း သောင်းချီ ပေါက်ကွဲသွားသကဲ့သို့ ခံစားလိုက်ရသည်။ ထျန်းချန်းစီသည် မျက်မှောင်ကြုတ်လျက် ဒေါသတကြီး ကြည့်နေပြီး သူ၏ ညာဘက်လက်မှ လေးလံလှသော ဓားကြီးကို ခုတ်ပိုင်းလိုက်ရာ ခဏချင်းအတွင်းမှာပင် ပတ်ဝန်းကျင်ရှိ မမြင်နိုင်သော လေထုမှာ ပြင်းထန်သော ပင်လယ်လှိုင်းလုံးကြီးများအဖြစ် ပြောင်းလဲသွားတော့သည်။ ထိုလှိုင်းလုံးများမှာ တစ်ထပ်ပြီးတစ်ထပ်၊ တစ်သုတ်ပြီးတစ်သုတ် အဆုံးမဲ့စွာဖြင့် ထျန်းချန်းစီ၏ ဓားကြီးအတွင်းမှ ထွက်ပေါ်လာပြီး အလယ်ရှိ ဝမ်ချောင်ကို ဖိနှိပ်ရန် ဦးတည်သွားတော့သည်။

ထိုစွမ်းအားလှိုင်းများမှာ အဆုံးမဲ့လှပေရာ၊ မည်မျှပင် မာကျောလှသော သံမဏိ ဖြစ်စေကာမူ အမှုန့်ဖြစ်အောင် ချေမွပစ်နိုင်စွမ်း ရှိပေသည်။ ထျန်းချန်းစီသည် ထိုဓားကြီးဖြင့် ခုတ်ပိုင်းနေစဉ်မှာပင် သူ၏ ဘယ်ဘက်လက်သီးမှာလည်း ငြိမ်သက်မနေပေ။ သူ၏ ဘယ်ဘက်လက်တွင် ဆူးများစွာ ပါဝင်သည့် လေးလံလှသော ထူးခြားသည့် လက်အိတ်တစ်ခုကို ဝတ်ဆင်ထားပြီး ၎င်းဖြင့်လည်း ပြင်းထန်သော လက်သီးချက် တစ်ချက်ကို ပစ်လွှတ်လိုက်သည်။

"ဝုန်း"

ဤလက်သီးချက် ထွက်ပေါ်လာသည့်အခါ အငွေ့အသက်မှာ ချက်ချင်း ပြောင်းလဲသွားပြီး၊ လေးလံခိုင်မာလှကာ ထုထည်ကြီးမားလှသော တောင်ကြီးတစ်လုံးကဲ့သို့ စွမ်းအားများဖြင့် ပြည့်နှက်နေပေသည်။ မဟုတ်ပေ၊ ၎င်းမှာ တောင်ကြီးတစ်လုံးနှင့် တူနေခြင်း မဟုတ်ဘဲ စစ်မှန်သော တောင်တန်းကြီးများ၏ စွမ်းအားပင် ဖြစ်တော့သည်။

"ဝုန်း... ဝုန်း... ဝုန်း..."

ထိုလက်သီးချက် ထွက်ပေါ်လာသည်နှင့်အမျှ ထျန်းချန်းစီ၏ နောက်ကွယ်ရှိ ဟင်းလင်းပြင်တွင် ကြီးမားလှသော တောင်တန်းကြီးတစ်ခု ပေါ်ပေါက်လာပြီး၊ ၎င်းနောက်တွင် ဒုတိယတစ်ခု၊ တတိယတစ်ခုနှင့် ဆက်တိုက်ဆိုသလို တောင်စဉ်တောင်တန်းများမှာ ထျန်းချန်းစီ၏ ဘယ်ဘက်ခြမ်း၌ ပြည့်နှက်သွားတော့သည်။ အခြားတစ်ဖက်ဖြစ်သော သူ၏ ညာဘက်ခြမ်းတွင်မူ၊ ပင်လယ်လှိုင်းသံများ တအုန်းအုန်း မြည်ဟီးနေပြီး ကျယ်ပြောလှသော အရှေ့ပင်လယ်ကြီး၏ မြင်ကွင်းမှာ တိုက်ရိုက်ထွက်ပေါ်လာတော့သည်။

၎င်းမှာ "အရှေ့ပင်လယ် ကောင်းကင်မြေကမ္ဘာ အထပ်တစ်သောင်းအား" ပင် ဖြစ်သည်။ ဤကျင့်စဉ်၏ အမည်တွင် ပါဝင်သော ကောင်းကင်နှင့် မြေကမ္ဘာဆိုသည်မှာ တောင်နှင့် ရေ၊ ယင်နှင့် ယန် ဆိုသည့် အစွန်းရောက် စွမ်းအားနှစ်ခုကို အထွတ်အထိပ်အထိ လေ့ကျင့်ထားခြင်းကို ဆိုလိုခြင်း ဖြစ်သည်။

ချွေချန်းယုံကဲ့သို့ပင် ထျန်းချန်းစီသည်လည်း အလယ်ပိုင်းဒေသတွင် လူသိမများသေးသော်လည်း၊ အရှေ့မြောက်ဘက် ယိုကျိုးတွင်မူ သိုင်းရူးထျန်းချန်းစီ ဆိုသည့်အမည်မှာ လူတိုင်း၏ နားထဲတွင် ဟိန်းထွက်နေပေသည်။ အန်းယာလုရှန်း၏ လက်အောက်ခံ ဗိုလ်ချုပ်များစွာထဲတွင် ထျန်းချန်းစီ၏ သိုင်းပညာအပေါ် ရူးသွပ်မှုမှာ အခြားသူများထက် များစွာသာလွန်ပေသည်။ ထိုရူးသွပ်မှုမှာ သူ၏လေ့ကျင့်ပုံ နည်းလမ်းများတွင်လည်း ပေါ်လွင်နေပေသည်။

အန်းယာလုရှန်းသည် ကမ္ဘာမြေ၏ စွမ်းအားကို ရရှိပြီး ကမ္ဘာမြေ၏ သားတော် ဖြစ်မလာခင် ကတည်းက ထျန်းချန်းစီသည် စစ်တပ်အတွင်း အဆင့်မြင့် ဗိုလ်ချုပ်တစ်ဦး ဖြစ်စေကာမူ၊ တစ်လလျှင် ရက်ပေါင်း နှစ်ဆယ်ခန့်မှာ တပ်ထဲ၌ မရှိဘဲ အရှေ့ပင်လယ် ကမ်းခြေတွင်သာ ကျင့်စဉ်များကို လေ့ကျင့်နေလေ့ ရှိသည်။ သူသည် အလွန်လေးလံလှသော သံချပ်ကာ အထပ်ပေါင်းများစွာကို ဝတ်ဆင်၍၊ လေးလံသော လက်နက်များကို ကိုင်ဆောင်ကာ အရှေ့ပင်လယ်၏ ပြင်းထန်လှသော လှိုင်းလုံးကြီးများကို အဆက်မပြတ် တိုက်ခိုက်ရင်း၊ ပင်လယ်ပြင်ကြီး တစ်ခုလုံးကို မိမိ၏ ရန်သူအဖြစ် သတ်မှတ်၍ လေ့ကျင့်ခဲ့ခြင်း ဖြစ်သည်။

အစပိုင်းတွင် သူသည် လှိုင်းတံပိုးများ ရိုက်ခတ်ရာ ကမ်းစပ်၌သာ လေ့ကျင့်ခဲ့သော်လည်း၊ နောက်ပိုင်းတွင်မူ တဖြည်းဖြည်းနှင့် ပိုမို နက်ရှိုင်းရာသို့ သွားရောက်ခဲ့ပြီး နောက်ဆုံးတွင် အသက်အောင့်လျက် ပင်လယ်ကြမ်းပြင်ပေါ်၌ လမ်းလျှောက်ကာ ပင်လယ်နက်အတွင်း၌ တိုက်ခိုက်လေ့ကျင့်ခဲ့ခြင်း ဖြစ်သည်။ ထျန်းချန်းစီ၏ကျင့်စဉ်မှာ မည်သူ့ဆီမှ လက်ဆင့်ကမ်းလာခြင်း မဟုတ်ဘဲ အရှေ့ပင်လယ်ပြင်ကြီးဆီမှ သင်ယူခဲ့ခြင်း ဖြစ်ရာ၊ သူ၏ ဂန်ချီများမှာ တစ်ထပ်ပြီးတစ်ထပ်၊ တစ်လှိုင်းပြီးတစ်လှိုင်းနှင့် အရှေ့ပင်လယ်၏ ပြင်းထန်လှသော လှိုင်းတံပိုးကြီးများအလား ခံနိုင်ရည်ရှိရန် ခက်ခဲလှပေသည်။

ထို့ကြောင့်ပင် ထျန်းချန်းစီ၏စွမ်းအားမှာ မယုံကြည်နိုင်လောက်အောင် ကြီးမားလှခြင်း ဖြစ်သည်။ တစ်ခါက တံငါလှေတစ်စင်း ပြန်လာစဉ်၊ ရုတ်တရက်ဆိုသလို အရှေ့ပင်လယ်ပြင်၌ ကောင်းကင်ကြီး ကြည်လင်နေသော်လည်း အတိုင်းအဆမရှိသော လှိုင်းတံပိုးကြီးများ ထွက်ပေါ်လာပြီး လှေကို မှောက်တော့မည့် အခြေအနေသို့ ရောက်ရှိခဲ့ဖူးသည်။ နောက်ဆုံးတွင် ထျန်းချန်းစီသည် လေးလံသော သံချပ်ကာကြီးများဖြင့် ပင်လယ်ကမ်းစပ်မှ ထွက်လာသည့် အခါမှသာ လှိုင်းလုံးများ ငြိမ်သက်သွားခဲ့ပြီး၊ လူတိုင်းမှာ ၎င်းလှိုင်းလုံးများမှာ ထျန်းချန်းစီ ပင်လယ်အောက်၌ ဓားလေ့ကျင့်နေခြင်းကြောင့် ဖြစ်ကြောင်း သိရှိလိုက်ကြရသည်။

နောက်ပိုင်းတွင် ထျန်းချန်းစီ၏ ကျင့်စဉ်မှာ ပို၍စင်ကြယ်လာခဲ့ပြီး၊ နောက်ဆုံးတွင် အရှေ့ပင်လယ်၏ အထပ်ထပ်သော လှိုင်းလုံးများကြားမှ "ယင်မှ ယန်သို့၊ ယန်မှ ယင်သို့"ဆိုသည့် အနှစ်သာရကို သဘောပေါက်သွားခဲ့ကာ၊ လေးလံခိုင်မာလှသော တောင်တန်းများ၏ စွမ်းအားကိုလည်း ရရှိခဲ့ခြင်း ဖြစ်သည်။ ထိုသို့ ဆန့်ကျင်ဘက် ဖြစ်နေသော စွမ်းအားနှစ်ခုမှာ တစ်ခုနှင့်တစ်ခု အားဖြည့်ပေးနေသဖြင့် ထျန်းချန်းစီ၏ လက်ရှိ "အရှေ့ပင်လယ် ကောင်းကင်မြေကမ္ဘာ အထပ်တစ်သောင်းအား" ဆိုသည်မှာ ဖြစ်ပေါ်လာခဲ့ခြင်း ဖြစ်သည်။

သို့သော်လည်း ချွေချန်းယုံ ဖြစ်စေ၊ ထျန်းချန်းစီ ဖြစ်စေ သူတို့၏ အစစ်အမှန် အင်အားကို လူအများရှေ့တွင် ထုတ်ဖော်ခဲ့ခြင်း မရှိပေ။ ယခုတစ်ကြိမ်တွင်မူ ဝမ်ချောင်ဆိုသည့် အင်အားကြီး ပြိုင်ဘက်ကို ဖြေရှင်းရန်အတွက် သူတို့နှစ်ဦးမှာ အန်းယာလုရှန်းနှင့် ပူးပေါင်း၍ သူတို့၏ အစွမ်းရှိသမျှကို အထွတ်အမြတ်ဆုံး အဆင့်အထိ မြှင့်တင်ကာ ဝမ်ချောင်ဆီသို့ ပြင်းထန်စွာ တိုက်ခိုက်လိုက်ကြတော့သည်။

"ဟူး..."

သူတို့ သုံးဦးမှာ မိမိကို ဝိုင်းရံ၍ တိုက်ခိုက်တော့မည့် အရှိန်အဝါကို ခံစားလိုက်ရသည့် အခါ ဝမ်ချောင်က အေးစက်စွာ တစ်ချက် ရယ်မောလိုက်ပြီး သူ၏ မျက်ဝန်းထဲတွင်မူ အံ့သြသည့် အရိပ်အယောင် အနည်းငယ်မျှပင် မရှိပေ။ ချွေချန်းယုံနှင့် ထျန်းချန်းစီ တို့မှာ သူတို့၏ အငွေ့အသက်များကို ဖုံးကွယ်၍ လျှို့ဝှက်စွာ ချဉ်းကပ်လာခဲ့ကြသည်၊ သူတို့နှစ်ဦးမှာ သူတို့၏လှုပ်ရှားမှုကို ဝမ်ချောင် မသိရှိနိုင်ဟု ယူဆထားကြသော်လည်း အမှန်တကယ်တွင်မူ ဝမ်ချောင်မှာ အစကတည်းက သိရှိထားပြီး ဖြစ်သည်။

အန်းယာလုရှန်းက ရှေ့မှနေ၍ အမျိုးမျိုး မေးမြန်းနေခြင်းမှာလည်း ဝမ်ချောင်၏ အာရုံကို လွှဲရန်နှင့် အခြားသူနှစ်ဦးအတွက် အခွင့်အရေး ဖန်တီးပေးရန် ဖြစ်သည်ဟု သူတို့ ယူဆထားကြသော်လည်း ၎င်းမှာ သူတို့ဘက်မှ တစ်ဖက်သတ် တွေးတောနေခြင်းသာ ဖြစ်သည်။ အစကတည်းက သူတို့၏ အကြံအစည်မှာ ဝမ်ချောင်ကို လှည့်စားနိုင်ခြင်း မရှိခဲ့ပေ။

“မဟာ လော့ နတ်ဘုရား အတတ်ပညာ”

လျှပ်စီးလက်သကဲ့သို့သော ခဏချင်းအတွင်းမှာပင် ဝမ်ချောင်၏ မျက်ဝန်းထဲ၌ အေးစက်လှသော အလင်းတန်းတစ်ခု ဖြတ်ပြေးသွားပြီး၊ သူသည် မည်သို့မျှ တွန့်ဆုတ်မနေဘဲ အလယ်ပိုင်းဒေသ၏ နံပါတ်တစ် ကျင့်စဉ်ဖြစ်သော " ဟွန့်ယွမ် ဝူကျီ ထိုက်ရှန့် မဟာလော့ဝ် နတ်ဘုရားကျင့်စဉ်"ကို ထုတ်ဖော်လိုက်ကာ ကောင်းကင်ဘုံ၃၃ထပ်ကို ကို ဆင့်ခေါ်လိုက်တော့သည်။

"ဝုန်း"

အလင်းတန်းတစ်ခု ဝင်းခနဲ ပေါ်လာပြီးနောက် ရွှေရောင်များ ဝင်းပနေသော မျှော်စင်များမှာ ခန့်ညားထည်ဝါစွာဖြင့် ဝမ်ချောင်၏ နောက်ကွယ်တွင် ပေါ်ထွက်လာပြီး နတ်အငွေ့အသက်များမှာလည်း လွင့်ပျံနေပေသည်။ ထိုသူနှစ်ဦး၏ တိုက်ခိုက်မှုကို ရင်ဆိုင်ရသည့် အခါ ဝမ်ချောင်မှာ တောင်ကြီးတစ်လုံးအလား မလှုပ်မယှက်ဘဲ ရပ်နေခဲ့ပြီး ရှောင်တိမ်းရန်ပင် စိတ်ကူးမရှိပေ။ ဆက်တိုက်ဆိုသလို ပေါက်ကွဲသံကြီး နှစ်ချက် ထွက်ပေါ်လာပြီး ချွေချန်းယုံ၏ "မဟာသွေးနေနဂါးမိစ္ဆာကျင့်စဉ်" နှင့် ထျန်းချန်းစီ၏ "အရှေ့ပင်လယ် ကောင်းကင်မြေကမ္ဘာ အထပ်တစ်သောင်းအား" တို့မှာ ဝမ်ချောင်၏ ကောင်းကင်ဘုံ၃၃ထပ်အတွင်းသို့ တိုက်ရိုက် စီးဝင်သွားတော့သည်။

ထိုကမ္ဘာပျက်မတတ် ပြင်းထန်လှသော စွမ်းအားလှိုင်းများမှာ အခြားသော ဟင်းလင်းပြင် တစ်ခုအတွင်းသို့ စီးဝင်သွားသကဲ့သို့ ခဏချင်းအတွင်းမှာပင် မည်သည့် အရိပ်အယောင်မျှ မကျန်တော့ဘဲ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။ ထိုသူနှစ်ဦး၏ ပြင်းထန်လှသော တိုက်ခိုက်မှုများမှာ မျက်စိတစ်မှိတ်အတွင်းမှာပင် ဝမ်ချောင်၏ ကောင်းကင်ဘုံ၃၃ထပ်အတွင်းသို့ ဝါးမျိုခြင်း ခံလိုက်ရတော့သည်။

******

အခန်း (၂၀၁၆) အန္တရာယ်၊ လောက၏ အလိုတော်

"ဝုန်း... ဝုန်း... ဝုန်း..."

ဝေဟင်ထက်၌ ခဏချင်းအတွင်းမှာပင် မိုးတိမ်များ လိပ်တက်လာပြီး လျှပ်စီးများက ကောင်းကင်ကို ဆုတ်ဖြဲနေတော့သည်။ အန်းယာလုရှန်း၏အထက် မီတာအနည်းငယ်အကွာ ဟင်းလင်းပြင်အနက်ပိုင်းမှနေ၍ နေမင်းကြီးထက်ပင် ပိုမိုတောက်ပသော လျှပ်စစ်စွမ်းအား သောင်းနှင့်ချီ၍ ပွင့်ထွက်လာကာ အန်းယာလုရှန်းဆီသို့ အရှိန်အဟုန်ဖြင့် ကျရောက်သွားတော့သည်။ ထိုခဏ၌ စူးရှလှသော လျှပ်စီးအလင်းတန်းများက ညမှောင်ထုကို ထိုးဖောက်သွားပြီး မြို့အရှေ့မြောက်ဘက် တံတိုင်းပြင်ပရှိ ဧရိယာတစ်ခုလုံးကို နေ့ခင်းဘက်အလား လင်းထိန်သွားစေခဲ့သည်။

"မကောင်းတော့ဘူး"

အန်းယာလုရှန်းသည် အလွန်အမင်း ထိတ်လန့်သွားပြီး သူ၏ စိတ်ထဲ၌ ပြင်းထန်လှသော အန္တရာယ်အငွေ့အသက်များကို ခံစားလိုက်ရသည်။ သို့သော်လည်း ကျယ်လောင်လှသော ပေါက်ကွဲသံကြီးနှင့်အတူ အန်းယာလုရှန်းမှာ ရှောင်တိမ်းရန်ပင် အချိန်မရလိုက်ဘဲ ဝမ်ချောင်၏ အစွမ်းကုန် ထုတ်ဖော်လိုက်သော စွမ်းအားများနှင့် ချွေချန်းယုံ၊ ထျန်းချန်းစီတို့ထံမှ ဝါးမျိုထားသော စွမ်းအားများ ပေါင်းစပ်ထားသည့် ပြင်းထန်သော ရိုက်ချက်ကို အပြည့်အဝ ခံလိုက်ရတော့သည်။

"အား"

အန်းယာလုရှန်းသည် နာကျင်စွာ အော်ဟစ်လိုက်ရပြီး သူ၏ နောက်ကွယ်ရှိ တာ့ခ်စစ်နတ် လော့ရှန်း၏ပုံရိပ်ယောင်မှာလည်း ခဏချင်းအတွင်း ပေါက်ကွဲပျက်စီးသွားခဲ့သည်။ သူ၏ ခန္ဓာကိုယ်မှာ ကြိုးပြတ်သွားသော စွန်တစ်ခုအလား နောက်သို့ လွင့်စင်သွားပြီး မြင့်မားလှသော မြို့တော်တံတိုင်းကြီးကို ပြင်းထန်စွာ သွားရောက်ရိုက်ခတ်မိသဖြင့် တံတိုင်းအတွင်းရှိ မဟာဗျူဟာကြီးကိုပင် နိုးထသွားစေကာ စွမ်းအားလှိုင်းများ၏ ရိုက်ခတ်မှုကြောင့် ဖုန်မှုန့်များကြားသို့ ပြန်လည် ကျဆင်းသွားခဲ့သည်။ ဝမ်ချောင်သည် တစ်ကွက်တည်းနှင့်ပင် အန်းယာလုရှန်းချွေချန်းယုံနှင့် ထျန်းချန်းစီ သုံးဦးစလုံးကို လွယ်ကူစွာ အနိုင်ယူလိုက်ခြင်းပင် ဖြစ်သည်။

"အမ်းးးး"

သို့သော်လည်း နောက်တစ်ခဏ၌ ဝမ်ချောင်သည် မျက်မှောင်ကြုတ်သွားပြီး ရှေ့မှ အန်းယာလုရှန်းရှိရာဘက်သို့ စူးစိုက်ကြည့်လိုက်သည်။ ဖုန်မှုန့်များကြားမှ ချောင်းဆိုးသံတစ်ခု ထွက်ပေါ်လာပြီးနောက် အန်းယာလုရှန်းသည် ဖြည်းညှင်းစွာ ပြန်လည်မတ်တပ်ရပ်လာကာ သူ၏ကိုယ်ပေါ်မှ ဖုန်များကို ခါထုတ်နေသည်။ သူသည် မည်သည့် ဒဏ်ရာမျှ ရရှိထားပုံ မရပေ။ ဝမ်ချောင်၏အကြည့်များမှာ အေးစက်သွားပြီး တစ်စုံတစ်ခုကို ချက်ချင်း သိရှိလိုက်သည်။ ဤမျှ ပြင်းထန်သော တိုက်ခိုက်မှုကို အန်းယာလုရှန်း၏အင်အားဖြင့် ခုခံနိုင်ရန် မဖြစ်နိုင်ပေ။ ၎င်းမှာ သူ၏ကိုယ်ပေါ်ရှိ ဖာပေါင်တစ်ခုခု၏ အစွမ်းကြောင့်သာ ဖြစ်ပေလိမ့်မည်။

"ဒီလူယုတ်မာ… ငါက မင်းနဲ့ ဘာရန်ငြိုးမှ မရှိသလို မင်းရဲ့ဝမ်မိသားစုကိုလည်း ဘယ်တုန်းကမှ ပစ်မှတ်မထားခဲ့ဖူးဘူး။ မင်းက ဘာလို့ ငါ့ကိုပဲ ခဏခဏ လိုက်ပြီး ဒုက္ခပေးနေရတာလဲ"

မြူခိုးများကြားမှ အန်းယာလုရှန်း၏ ပုံရိပ်မှာ ဖြည်းညှင်းစွာ ထွက်ပေါ်လာပြီး မျက်နှာချင်းဆိုင်မှ ဝမ်ချောင်ကိုကြည့်ကာ သွားများကို ကြိတ်လျက် အလွန်ပင် နာကျည်းနေသော အမူအရာဖြင့် ပြောဆိုလိုက်သည်။ "ဝမ်ချောင် ငါက မင်းကို အစွမ်းကုန် ရှောင်ဖယ်ပေးခဲ့တာတောင်မှ မင်းက ငါ့ကို အသေသတ်ဖို့အထိ လုပ်ရတာလား" ဝမ်ချောင်သည် မိမိအပေါ် အဘယ်ကြောင့် ဤမျှအထိ မုန်းတီးနေရသနည်း ဆိုသည်မှာ အန်းယာလုရှန်းအတွက်တော့ အဖြေရှာမရသည့် ပဟေဠိတစ်ခု ဖြစ်နေဆဲပင်။

"မေးခွန်းတွေ အများကြီး မရှိဘူး၊ မင်းကို သတ်ဖို့အတွက် ငါ့မှာ အကြောင်းပြချက် မလိုဘူး။ မင်းရဲ့ ကံကြမ္မာကိုပဲ လက်ခံလိုက်တော့"

ဝမ်ချောင်က အေးစက်စွာ တုန့်ပြန်လိုက်ပြီး ရှင်းပြရန် စိတ်ကူးမရှိပေ။ စကားမဆုံးမီမှာပင် သူ၏လက်ထဲမှ မဟာလော့ဝ်နတ်ဓားအတွင်းမှ စူးရှသော လျှပ်စစ်အလင်းတန်းများ ထပ်မံ ထွက်ပေါ်လာပြီး အန်းယာလုရှန်းကို ပစ်မှတ်ထားလိုက်ပြန်သည်။ "မင်းရဲ့ဖာပေါင်က ဘယ်လောက်အထိ တောင့်ခံနိုင်မလဲ။ ငါ့ရဲ့တိုက်ခိုက်မှုတွေကို ဘယ်နှစ်ကြိမ်အထိ ခုခံနိုင်မလဲဆိုတာ ငါ ကြည့်ရသေးတာပေါ့" ဝမ်ချောင်က အေးစက်စွာ ပြောလိုက်သည်။

"ဒီလူယုတ်မာကောင်… ငါ မင်းကို အသေသတ်မယ်"

အန်းယာလုရှန်းသည် ဒေါသတကြီး ဟိန်းဟောက်လိုက်ပြီး မြေပြင်မှ ခုန်တက်ကာ ဝမ်ချောင်ဆီသို့ ပြေးဝင်လာသည်။ သူ၏နောက်ကွယ်တွင် လက်ရှစ်ဖက်ပါသော စစ်နတ်ဘုရားပုံရိပ်ကြီး ထပ်မံပေါ်ပေါက်လာပြန်သည်။ သို့သော်လည်း နောက်တစ်ခဏ၌ အသေအလဲ တိုက်ခိုက်မည့်ပုံစံပြပြီးနောက် အန်းယာလုရှန်းသည် ရုတ်တရက် လမ်းကြောင်းပြောင်းကာ အပြင်ဘက်သို့ အရှိန်အဟုန်ဖြင့် ထွက်ပြေးသွားတော့သည်။ "မြန်မြန် သွားကြစို့" သူက မိုးကြိုးပစ်သံအလား ဟစ်အော်လိုက်သည်။ တစ်ချိန်တည်းမှာပင် ချွေချန်းယုံနှင့် ထျန်းချန်းစီတို့လည်း အန်းယာလုရှန်း၏အကြံကို သိရှိသွားကြပြီး အတူတူ ထွက်ပြေးကြတော့သည်။

ဝမ်ချောင်က အလွန်ပင် အစွမ်းထက်လွန်းလှသည်။ သူတို့သုံးဦး ပူးပေါင်းလျှင်ပင် သူ၏ပြိုင်ဘက် မဟုတ်ကြပေ။ ဤနေရာ၌ ဆက်လက် အချိန်ဆွဲနေမည်ဆိုပါက ဝမ်ချောင်၏စစ်ကူများ ရောက်ရှိလာသည့်အခါ သူတို့လွတ်မြောက်ရန် လုံးဝ မဖြစ်နိုင်တော့ဘဲ သေလမ်းသာ ရှိတော့ပေမည်။ "မြန်မြန် အချက်ပြလွှတ်စမ်း။ သူတို့တွေကို လာကြိုခိုင်းရမယ်၊ ဒါက ငါတို့အတွက် တစ်ခုတည်းသော နည်းလမ်းပဲ" ဟု အန်းယာလုရှန်းက စိုးရိမ်တုန်လှုပ်စွာ ပြောလိုက်သည်။ အန်းယာလုရှန်း၏ စကားဆုံးသည်နှင့် ထျန်းချန်းစီနှင့်ချွေချန်းယုံတို့သည် ကောင်းကင်ယံသို့ ပဲ့တင်ထပ်သွားစေမည့် ကျယ်လောင်လှသော အချက်ပြသံ နှစ်ချက်ကို ဆက်တိုက် ထုတ်ဖော်လိုက်ကြသည်။

အင်ပါယာ ဗိုလ်ချုပ်ကြီး အဆင့်ရှိသော သူတို့၏အချက်ပြသံမှာ မိုင်ပေါင်းများစွာအထိ ပဲ့တင်ထပ်သွားရမည် ဖြစ်သော်လည်း၊ အမှန်တကယ်တွင်မူ သူတို့၏အသံမှာ အကွာအဝေး အနည်းငယ်အထိသာ ရောက်ရှိပြီးနောက် မမြင်နိုင်သော အကာအကွယ်တစ်ခုနှင့် တိုက်မိကာ ရှေ့သို့ဆက်မသွားနိုင်တော့သည်ကို တွေ့ရှိလိုက်ရသဖြင့် သူတို့၏မျက်နှာများမှာ ချက်ချင်းပင် ဖြူလျော်သွားတော့သည်။

"ဒါက ပိတ်ဆို့မှုပဲ" သူတို့ သိရှိလိုက်ကြသည်။

"မင်းတို့က အရမ်း ရိုးလွန်းတာပဲ" အေးစက်လှသော အသံတစ်ခု သူတို့၏နားထဲသို့ ဝင်ရောက်လာသည်။ ၎င်းမှာ သေမင်းက အသက်ကို လာရောက် နှုတ်ယူနေသကဲ့သို့ပင်။

"အခုမှ သိတာလာ။ မင်းတို့ကို ငါက အကူအညီ တောင်းဖို့ အခွင့်အရေး ပေးလိမ့်မယ်လို့ တကယ်ပဲ ထင်နေတာလား" အန်းယာလုရှန်း၏ နောက်ကွယ်၌ အမည်းရောင်ဝတ်စုံဝတ် လူများ ရှိနေသည်ကို ဝမ်ချောင် အစကတည်းက သိရှိထားသည်။ ထို့ကြောင့်ပင် လွန်ခဲ့သော အချိန်ကတည်းက ကျိလိလောင်ဇူ(ဝင်္ကပါအကြီးအကဲ)ကို မြို့တော် ပတ်ဝန်းကျင်၌ အသံပိတ်ဆို့ခြင်းအစီအရင်တစ်ခုကို ခင်းကျင်းခိုင်းထားခဲ့ခြင်း ဖြစ်သည်။ ထိုနယ်ပယ်အတွင်းရှိ အသံအားလုံးမှာ မြို့တော်အတွင်းသို့သာ စီးဆင်းနိုင်ပြီး အပြင်ဘက်သို့ လုံးဝ မရောက်ရှိနိုင်ပေ။ ချွေချန်းယုံ နှင့် ထျန်းချန်းစီတို့၏ အော်ဟစ်သံမှာ စစ်ကူများကို ဆွဲဆောင်နိုင်မည် မဟုတ်ဘဲ ဝမ်ချောင်၏လက်အောက်ခံ တပ်ဖွဲ့များကိုသာ ဤနေရာသို့ လမ်းပြပေးလိုက်သကဲ့သို့ ဖြစ်သွားခဲ့သည်။

"ဝုန်း" ဝမ်ချောင်၏အသံ မဆုံးမီမှာပင် ကောင်းကင်ယံ၌ မိုးတိမ်များ ပိုထူထပ်လာပြီး လေပြင်းများ တိုက်ခတ်လာကာ လျှပ်စစ်စွမ်းအားများမှာ ဟင်းလင်းပြင်အတွင်း ပြည့်နှက်သွားတော့သည်။ ခဏချင်းအတွင်းမှာပင် ပျက်စီးခြင်း စွမ်းအားများကို သယ်ဆောင်ထားသည့် လျှပ်စီးများမှာ သူတို့ သုံးဦးဆီသို့ ပြင်းထန်စွာ ကျရောက်သွားပြန်သည်။ သူတို့ သုံးဦးမှာ အစွမ်းကုန် ခုခံကြသော်လည်း ဝမ်ချောင်၏ လက်ချက်ဖြင့် ထပ်မံ၍ လွင့်စင်သွားကြရပြန်သည်။ "အန်းယာလုရှန်း ငါ ပြောခဲ့ပြီးပြီ၊ မင်း လွတ်အောင် မပြေးနိုင်ပါဘူး၊ မင်းရဲ့အသက်ကို ပေးလိုက်တော့" ဝမ်ချောင်သည် တွန့်ဆုတ်မနေဘဲ ကြောက်မက်ဖွယ်ကောင်းသော တိုက်ကွက်တစ်ခုကို ထုတ်ဖော်လိုက်သည်။ “ကောင်းကင်ဘုံ ၃၃ထပ်”

အလင်းတန်းတစ်ခု ဝင်းခနဲ ပေါ်လာပြီးနောက် ဝမ်ချောင်၏နောက်ကွယ်တွင် မျှော်စင်များ ပေါ်ထွက်လာကာ၊ ထိုကောင်းကင်ဘုံ ၃၃ထပ် စွမ်းအားများကို လက်နှစ်ဖက်ဖြင့် ဖမ်းယူ၍ နှစ်တောင်ခန့် ရှည်လျားသော ရွှေရောင် လှံရှည်ကြီးတစ်စင်းအဖြစ် ပြောင်းလဲလိုက်ပြီး အန်းယာလုရှန်းဆီသို့ အရှိန်အဟုန်ဖြင့် ပစ်လွှတ်လိုက်သည်။ သို့သော်လည်း ထို လှံရှည်ကြီးမှာ လမ်းတစ်ဝက်သို့ ရောက်ရှိချိန်၌ မည်သူမျှ မထင်မှတ်ထားသော ကိစ္စတစ်ခု ပေါ်ပေါက်လာတော့သည်။ "ဝုန်း" ပြင်းထန်လှသော မိုးကြိုးသံကြီးနှင့်အတူ ကောင်းကင်ယံမှ စူးရှလှသော လျှပ်စီးတစ်ခု ရုတ်တရက် ကျရောက်လာပြီး ဝမ်ချောင်၏ ရွှေရောင်လှံရှည်ကြီးကို ထိမှန်ကာ အမှုန့်ဖြစ်အောင် ချေမွပစ်လိုက်တော့သည်။

ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ ဝမ်ချောင်သည် အလွန်ပင် အံ့အားသင့်သွားပြီး ကောင်းကင်သို့ မော့ကြည့်လိုက်သည်။ သူတော်စင်ဓားတွင် မိုးကြိုးကို ထိန်းချုပ်နိုင်သည့် စွမ်းအား ရှိသော်လည်း ယခု လျှပ်စီးမှာ မိမိ ထုတ်ဖော်လိုက်ခြင်း မဟုတ်ကြောင်း သူ သေချာပေါက် သိရှိနေသည်။ ကောင်းကင်ယံ၌ မိုးတိမ်များမှာ ကြီးမားလှသော ဝဲဂယက်ကြီးတစ်ခုအဖြစ် ပြောင်းလဲသွားပြီး ထိုဝဲဂယက်အတွင်းမှ ငွေရောင် လျှပ်စီးနဂါးများမှာ ဟိန်းဟောက်နေကြသည်၊ ၎င်းမှာ အချိန်မရွေး ကျရောက်လာနိုင်သော အလွန်အန္တရာယ်ကြီးမားသည့် အခြေအနေပင် ဖြစ်သည်။ တစ်ချိန်တည်းမှာပင် ကံကြမ္မာကျောက်တုံး၏သတိပေးသံများမှာ ဝမ်ချောင်၏ဦးနှောက်အတွင်း၌ ရေတံခွန်သဖွယ် စီးဆင်းလာတော့သည်။ လောက၏အလိုတော် နိုးထလာခဲ့ပြီဖြစ်ရာ ဝမ်ချောင်၏ တိုက်ခိုက်မှု စွမ်းအားမှာ ၆၀ရာခိုင်နှုန်းအထိ လျော့နည်းသွားခဲ့ပြီး အန်းယာလုရှန်းမှာမူ လောက၏အကာအကွယ်ကို ရရှိသွားခဲ့ပြီ ဖြစ်သည်။ ဝမ်ချောင်သည် လွန်ခဲ့သော နှစ်နှစ်ခွဲက မိုးသည်းထန်လှသော ည၌ ကြုံတွေ့ခဲ့ရသည့် ထို ခံစားချက်မျိုးကို ထပ်မံ၍ခံစားလိုက်ရတော့သည်။

******

အခန်း (၂၀၁၇) ကံကြမ္မာ၏ သားတော်

"ဟားဟားဟား..."

ထိုအချိန်တွင် ရုတ်တရက် ကျယ်လောင်လှသော ရယ်မောသံကြီးတစ်ခု ထွက်ပေါ်လာသည်။ အန်းယာလုရှန်းသည် နန်းတော်မှ ထွက်ခွာလာချိန်မှစ၍ သူ၏စိတ်ထဲ၌ ထိတ်လန့်တုန်လှုပ်မှုများဖြင့် ပြည့်နှက်နေခဲ့ပြီး၊ အထူးသဖြင့် သူတို့ သုံးဦး ပူးပေါင်းလျှင်ပင် ဝမ်ချောင်၏ လက်ချက်ဖြင့် တိုက်ရိုက် ရှုံးနိမ့်ခဲ့ရခြင်းက သူ့ကို ပိုမို၍ စိုးရိမ်တုန်လှုပ်စေခဲ့သည်။ သို့သော်လည်း ယခု အခိုက်အတန့်တွင်မူ၊ အန်းယာလုရှန်းသည် ရုတ်တရက် မတ်တပ်ရပ်လိုက်ပြီး ကောင်းကင်ယံရှိ ထူထပ်လှသော မိုးတိမ်များနှင့် ကြီးမားလှသော ဝဲဂယက်ကြီးကို မော့ကြည့်ရင်း အားရပါးရ ဟားတိုက်ရယ်မောလိုက်တော့သည်။

"ဝမ်ချောင် မင်း တွေ့လား၊ ကောင်းကင်ကြီးကိုယ်တိုင်က ငါ့ကို ကူညီနေပြီ" အန်းယာလုရှန်းက အောင်နိုင်သူတစ်ဦးအလား ကြုံးဝါးလိုက်သည်။ "မင်းက ငါ့ကို ဘယ်လိုပဲ နေရာတိုင်းမှာ ဆန့်ကျင်နေပါစေ ဘာထူးမှာလဲ။ ကောင်းကင်က ငါ့ဘက်မှာ ရှိနေပြီဆိုမှတော့ မင်းက ငါ့ကို ဘာနဲ့လာယှဉ်ဦးမှာလဲ။ မင်းရဲ့ကိုယ်ပေါ်မှာ ဘယ်လို လျှို့ဝှက်ချက်တွေ ရှိနေလဲဆိုတာ ငါ မသိဘူး၊ ဒါပေမဲ့ မင်းရဲ့လှုပ်ရှားမှုတွေ အားလုံးက ငါ့ကို ပိုပြီးအစွမ်းထက်လာအောင်ပဲ လုပ်ပေးနေတာ၊ တစ်နေ့ကျရင် ငါ မင်းကို ခြေဖဝါးအောက်မှာ နင်းခြေပြီး မင်းရဲ့ခေါင်းကို အပြတ် ဖြတ်ပစ်မယ်"

ထိုအခိုက်အတန့်တွင် အန်းယာလုရှန်းသည် ရူးသွပ်နေသူ တစ်ဦးအလား ဖြစ်နေပြီး ကြောက်ရွံ့မှု အရိပ်အယောင် အနည်းငယ်မျှပင် မရှိတော့ပေ။ ရင်းနှီးနေသည်။ တကယ်ကို ရင်းနှီးလှသော ခံစားချက်ပင်။ လွန်ခဲ့သော နှစ်နှစ်ခွဲခန့်က ခံစားချက်ကို သူ တစ်ဖန် ပြန်လည် ရရှိလိုက်ပြန်သည်။ ထိုစဉ်ကလည်း ဝမ်ချောင်သည် သူ့ကို မည်မျှပင် အသေသတ်ရန် လိုက်လံဖမ်းဆီးစေကာမူ၊ အမြဲတမ်း တစ်ပန်း ရှုံးနိမ့်နေခဲ့ရသည်။ မိုးကြိုးပစ်ခံရခြင်း သို့မဟုတ် စက္ကန့်ပိုင်းအလိုတွင် လွဲချော်သွားခြင်းများကိုသာ ကြုံတွေ့ခဲ့ရသည်။ ထိုအချိန်က သူသည် လောက၏အရှင်သခင် တစ်ဦးအလား ခံစားခဲ့ရပြီး တစ်လောကက သူ့ကို ဝိုင်းဝန်း ကူညီနေသကဲ့သို့ပင်။

သို့သော်လည်း ယခုအခြေအနေမှာ ထိုစဉ်ကထက် များစွာပိုမိုအင်အားကြီးမားလှပေသည်။ လင်းထိန်နေသော လမင်းကြီးနှင့် တိမ်ကင်းစင်နေသော ကောင်းကင်ပြင်ကြီး ဖြစ်သော်လည်း၊ သူ အန္တရာယ် အရှိဆုံး အချိန်၌ မိုးတိမ်များ ရုတ်တရက် ပေါ်ပေါက်လာပြီး ဝမ်ချောင်၏တိုက်ခိုက်မှုများကို ဖြတ်တောက်ပစ်လိုက်သည်။ ၎င်းမှာ သာမန်တိုက်ဆိုင်မှုမဟုတ်ကြောင်း ကောင်းကင်ယံမှ ကြီးမားလှသော မိုးတိမ် ဝဲဂယက်ကြီးက သက်သေပြနေပေသည်။ ထိုမျှသာမကဘဲ၊ အဆုံးမဲ့လှသော စွမ်းအားများသည် သူ၏ခန္ဓာကိုယ်အတွင်းသို့ အဆက်မပြတ် စီးဝင်လာပြီး၊ သူ၏အင်အားနှင့် ချွေချန်းယုံ၊ ထျန်းချန်းစီ တို့၏ အင်အားများကိုပါ မကြုံစဖူး ပြင်းထန်သော အရှိန်အဟုန်ဖြင့် မြှင့်တင်ပေးနေတော့သည်။ ၎င်းမှာ အတင်းအကျပ် အားဖြည့်ပေးနေသည့် ပုံစံပင် ဖြစ်သည်။

"ဝမ်ချောင် မင်း ငါ့ကို သတ်လို့ မရဘူး" ထိုအခိုက်အတန့်တွင် အန်းယာလုရှန်း၏ အကြည့်များမှာ ရက်စက်လှပြီး ဓားသွားကဲ့သို့ ထက်ရှနေကာ၊ မျက်နှာချင်းဆိုင်မှ ဝမ်ချောင်ကို စိန်ခေါ်သည့် အမူအရာဖြင့် စူးစိုက်ကြည့်နေတော့သည်။ သူ၏စိတ်ထဲ၌ ကြောက်ရွံ့မှုများမှာ လုံးဝ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။ တစ်လောကလုံးက မိမိ၏ ဘေးနားတွင် ရပ်တည်နေပြီ ဆိုလျှင် ဤလောက၌ ကြောက်ရွံ့နေစရာ ဘာရှိဦးမည်နည်း။ "အသိတရား ကင်းမဲ့လိုက်တာ" အခြားတစ်ဖက်တွင်မူ အန်းယာလုရှန်း၏ စကားကို ကြားရသည့်အခါ ဝမ်ချောင်၏မျက်ဝန်းများ ကျဉ်းမြောင်းသွားပြီး မျက်နှာမှာလည်း သိသိသာသာ အေးစက်သွားတော့သည်။

လောကစွမ်းအားကို ရရှိထားလျှင်ပင် ဘာဖြစ်သနည်း။ သူ သတ်ချင်သော လူကို မည်သူမျှ ကယ်တင်နိုင်မည် မဟုတ်ပေ။ ၎င်းမှာ ဝမ်ချောင်၏မပြောင်းလဲသော ဆုံးဖြတ်ချက်ပင် ဖြစ်သည်။

"ဝုန်း…"

ဝမ်ချောင်၏ ခန္ဓာကိုယ်မှာ လှုပ်ခတ်သွားပြီး သူ၏သိုင်းပညာကို အစွမ်းကုန် ထုတ်ဖော်လိုက်ရာ၊ ခဏချင်းအတွင်းမှာပင် ပုံရိပ်ယောင်တစ်ခုအဖြစ် ပြောင်းလဲကာ ဟင်းလင်းပြင်အတွင်း ပျောက်ကွယ်သွားတော့သည်။ မဟာယင်ယန် ကောင်းကင်နှင့်မြေကြီး ဖန်ဆင်းခြင်း အတတ်ပညာ၊ မဟာလော့ဝ်နတ်ကျင့်စဉ်၊ လောကသား နတ်ဘုရားနှင့် မိစ္ဆာတို့အား ကွပ်မျက်ခြင်းနှင့်ချီပင်လယ်တစ်သောင်း ကျင့်စဉ် စသည့် သူ၏ကျင့်စဉ်အားလုံးကို တစ်ပြိုင်နက်တည်း ထုတ်ဖော်လိုက်ခြင်း ဖြစ်သည်။

အန်းယာလုရှန်း၏ အထက်ဝေဟင်မှနေ၍ အဆုံးမဲ့သော စွမ်းအားလှိုင်းများသည် မိုးသည်းထန်စွာ ရွာသွန်းသကဲ့သို့ ကျဆင်းလာပြီး၊ ပတ်ဝန်းကျင် တစ်ဝိုက်ရှိ ကျောက်တုံးများ၊ လဲကျနေသော သစ်ပင်များနှင့် မြက်တောများ အားလုံးမှာ ဝမ်ချောင်၏ အရှိန်အဝါကြောင့် မြေပြင်မှ လွင့်ပျံတက်လာကာ အန်းယာလုရှန်းဆီသို့ ပြင်းထန်စွာ ဦးတည်သွားတော့သည်။

"ဝုန်း"

ထိုမတိုင်မီမှာပင် ဝမ်ချောင်၏တောင်ကြီးတစ်လုံးကဲ့သို့ လေးလံလှသော စိတ်ဝိညာဉ်စွမ်းအားများသည် အန်းယာလုရှန်း၏ ဦးနှောက်အနက်ပိုင်းသို့ ပြင်းထန်စွာ ထိုးနှက်လိုက်သည်။ ကမ္ဘာမြေ၏ ချည်နှောင်မှုကို ခံထားရပြီး တိုက်ခိုက်မှု စွမ်းအားမှာ ၆၀ရာခိုင်နှုန်းသာ ရှိတော့သော်လည်း ဝမ်ချောင်သည် ဂရုမစိုက်ဘဲ အစွမ်းကုန် တိုက်ခိုက်လိုက်ခြင်း ဖြစ်သည်။

"ချွေချန်းယုံ၊ ထျန်းချန်းစီ၊ တိုက်ခိုက်ကြစမ်း။ သူ့ရဲ့ အင်အားတွေ လျော့နည်းနေပြီ" ဟု အန်းယာလုရှန်းက အော်ဟစ်လိုက်သည်။

"ဝမ်ချောင်၊ မင်း ငါ့ကို သတ်လို့ မရဘူး" သူ၏ မျက်ဝန်းထဲ၌ အေးစက်လှသော အလင်းတန်းတစ်ခု ဖြတ်ပြေးသွားပြီးနောက် သူ၏ နောက်ကွယ်၌တာ့ခ်စစ်နတ်ဘုရား၏ ပုံရိပ်ယောင်မှာ ယခင်ကထက် ပို၍ခိုင်မာလာသလို ကြီးမားထည်ဝါလှသော အသွင်ဖြင့် ပေါ်ထွက်လာပြန်သည်။

"တိုက်ခိုက်ကြ"

"သခင်ကို ကာကွယ်ကြ"

တစ်ချိန်တည်းမှာပင် အခြားသော အရပ်မျက်နှာများမှ ချွေချန်းယုံနှင့် ထျန်းချန်းစီ တို့သည်လည်း ဓားနှင့် လှံများကို ကိုင်ဆောင်ကာ အန်းယာလုရှန်းနှင့်အတူ ဝမ်ချောင်ဆီသို့ ခုန်ဝင်လိုက်ကြသည်။

ထိုသူနှစ်ဦးမှာ အန်းယာလုရှန်းအပေါ် သစ္စာစောင့်သိသူများ ဖြစ်ကြရာ၊ အန်းယာလုရှန်း မဆုတ်ခွာသရွေ့ သူတို့လည်း ဆုတ်ခွာမည် မဟုတ်ပေ။ သူတို့နှစ်ဦးစလုံးသည် မိမိတို့၏ အစွမ်းအထက်ဆုံးသော ကျင့်စဉ်များဖြစ်သည့် "မဟာသွေးနေနဂါးမိစ္ဆာကျင့်စဉ်" နှင့် "အရှေ့ပင်လယ် ကောင်းကင်မြေကမ္ဘာ အထပ်တစ်သောင်းအား" တို့ကို ထပ်မံ ထုတ်ဖော်လိုက်ကြသည်။ သူတို့မှာ အန်းယာလုရှန်းမဟုတ်သဖြင့် ကမ္ဘာမြေ၏ အပြောင်းအလဲကို မခံစားရစေကာမူ၊ အန်းယာလုရှန်းနှင့် နီးကပ်စွာ ရှိနေသည့်အခါတွင်မူ အားကောင်းလှသော စွမ်းအားများသည် နဂါးနှင့် မြွေများအလား မိမိတို့၏ ခန္ဓာကိုယ်အတွင်းသို့ စီးဝင်လာပြီး ဒဏ်ရာများကို ကုသပေးရုံတင်မကဘဲ ကျင့်စဉ် အဆင့်ကိုပါ မြှင့်တင်ပေးနေသည်ကို သိသိသာသာ ခံစားလိုက်ရသည်။

"ဝုန်း... ဝုန်း... ဝုန်း..."

သူတို့ သုံးဦး ပူးပေါင်းလိုက်သည့် တိုက်ကွက်မှာ ယခင်နှင့် မတူဘဲ အဆပေါင်းများစွာ ပိုမို ပြင်းထန်လာခဲ့သည်။ ကျယ်လောင်လှသော ပေါက်ကွဲသံကြီး ထွက်ပေါ်လာပြီးနောက် သူတို့ သုံးဦး၏ အားကောင်းလှသော ဂန်ချီများနှင့် ဝမ်ချောင်၏ လေပြင်းမုန်တိုင်းအလား တိုက်ခိုက်မှုများမှာ ပြင်းထန်စွာ ထိပ်တိုက် တွေ့ဆုံသွားတော့သည်။ ပြိုင်ဘက်ကင်းလှသော စွမ်းအားလှိုင်းများသည် အရပ်မျက်နှာ အနှံ့အပြားသို့ လွင့်ပျံသွားခဲ့ပြီး၊ သူတို့၏ စွမ်းအားများ ထိတွေ့ရာ ဟင်းလင်းပြင်မှာ ပြိုကွဲပျက်စီးသွားကာ အမည်းရောင် အက်ကြောင်းများစွာ ပေါ်ပေါက်လာတော့သည်။ သို့သော်လည်း အန်းယာလုရှန်းတို့ အစွမ်းကုန် ကြိုးစားစေကာမူ ဝမ်ချောင်၏ ပြိုင်ဘက် မဟုတ်ကြသေးပေ။

ခဏမျှ အားပြိုင်ပြီးနောက် သူတို့ သုံးဦး၏ ဂန်ချီများမှာ ဝမ်ချောင်၏ စွမ်းအားများအောက်တွင် အမှုန့်ဖြစ်အောင် ချေမွခြင်း ခံလိုက်ရသည်။ ဝမ်ချောင်၏ တိုက်ခိုက်မှုမှာ အရှိန်မသေသေးဘဲ နဂါးတစ်ကောင်အလား အန်းယာလုရှန်းတို့အဖွဲ့ဆီသို့ ဆက်လက် ဦးတည်သွားတော့သည်။

"ဂျောက်... ဂျောက်... ဂျောက်"

လျှပ်စီးလက်သကဲ့သို့သော ခဏချင်းအတွင်းမှာပင် ကမ္ဘာနှင့် မြေကြီးကို ဆုတ်ဖြဲတော့မည့်အလား ပြင်းထန်လှသော မိုးကြိုးသံကြီး ထွက်ပေါ်လာပြန်သည်။ တောက်ပလွန်းသော လျှပ်စီးတစ်ခုမှာ ကောင်းကင်ယံမှ ရုတ်တရက် ကျရောက်လာပြီး ဝမ်ချောင်၏ နောက်ဆုံး ကျန်ရှိနေသော ဂန်ချီလှိုင်းများကို ထိမှန်ကာ ဖျက်ဆီးပစ်လိုက်တော့သည်။

ဝမ်ချောင်၏ ထိုပြင်းထန်လှသော တိုက်ခိုက်မှုမှာ အန်းယာလုရှန်း၏ ခန္ဓာကိုယ်ကို မထိတွေ့နိုင်သေးမီမှာပင် မိုးကြိုးအပစ်ခံလိုက်ရသဖြင့် မီးခိုးများအဖြစ် ပြောင်းလဲ၍ ပျောက်ကွယ်သွားခဲ့ရသည်။ အန်းယာလုရှန်းချွေချန်းယုံနှင့် ထျန်းချန်းစီ တို့ သုံးဦးမှာမူ မည်သည့် ထိခိုက်မှုမျှ မရှိဘဲ ကျန်ရှိနေဆဲ ဖြစ်သည်။ "ဟားဟားဟား... ဝမ်ချောင် မင်း တွေ့ပြီလား၊ ကောင်းကင်က ငါ့ကို ကူညီနေတာ။ ကောင်းကင်ကြီးကိုယ်တိုင်က ငါ့ဘက်မှာ ရှိနေတာ။ မင်း ငါ့ကို ဘယ်လိုမျိုး တိုက်ခိုက်နိုင်ဦးမှာလဲ" အန်းယာလုရှန်းသည် လက်နှစ်ဖက်ကို ဖြန့်ကာ အားရပါးရ ဟားတိုက် ရယ်မောလိုက်တော့သည်။

"ဝမ်ချောင်… မင်း ငါ့ကို သတ်ဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူး။ မင်း ငါ့ကို တိုက်ခိုက်နေတာဟာ လောကကြီးကို ဆန့်ကျင်နေတာပဲ၊ နောင်အနာဂတ်ရဲ့ ရှန်းကျိုးအရှင်သခင်ကို ဆန့်ကျင်နေတာပဲ၊ မင်းဟာ ကောင်းကင်ဘုံကို ဆန့်ကျင်နေတာပဲ" အန်းယာလုရှန်းသည် ဝမ်ချောင်ကို ကြည့်ရင်း သူ၏ စိတ်ထဲမှ လှောင်ပြောင်မှုများကို လုံးဝ ဖုံးကွယ်ထားခြင်း မရှိပေ။ "ငါ့ရှေ့မှာ ဒူးထောက်စမ်း။ ဝမ်ချောင်၊ မင်းကတော့ ငါ့ရဲ့ အစေခံ ဖြစ်လာဖို့ပဲ ကံပါတာ၊ မင်း ငါ့ကို သတ်ဖို့ ကြိုးစားလေလေ ငါက ပိုပြီးအစွမ်းထက်လာလေလေပဲ၊ ဒါကို ဘယ်သူမှ တားလို့ မရဘူး" ဝမ်ချောင်သည် အန်းယာလုရှန်းတစ်ဦးတည်းကိုသာ ကမ္ဘာမြေက အကာအကွယ် ပေးထားသည်ကို သိရှိသဖြင့်၊ သူ၏ ဗျူဟာကို ပြောင်းလဲလိုက်ကာ ချွေချန်းယုံနှင့် ထျန်းချန်းစီ တို့ကို အရင်ဦးဆုံး ဖြုတ်ထုတ်လိုက်ခြင်းဖြင့် အန်းယာလုရှန်း၏ အားကိုးရာ လက်ရုံးများကို ဖယ်ရှားပစ်လိုက်တော့သည်။

******

All Chapters