← Chapters

အခန်း (၁၃၃၁-၁၃၃၃)

Vol. 91 Ch. 1331-1333

အခန်း (၁၃၃၁-၁၃၃၃)

Vol. 91 Ch. 1331-1333

အခန်း (၁၃၃၁) မတူညီသော အစီအစဉ်တစ်ခု

ဘဲရ် ဂရေးစ်၏ ကိစ္စကိုမူ ရဲလ်ဖ်ကိုသာ ဆက်လက်ကိုင်တွယ်ခိုင်းလိုက်ပြီး၊ ဖုန်းယွီကတော့ ရိုးရှင်းသော ဖန်တီးမှု စိတ်ကူးကိုသာ ပေးခဲ့ပါသည်။ နောက်ဆုံး စီမံချက်ကိုမူ ဘဲရ်၏ အဖွဲ့အား တာဝန်ယူခိုင်းလိုက်ပြီး၊ တစ်ပြိုင်နက်တည်းမှာပင် Discovery Channel မှ ကျွမ်းကျင်သူအချို့ကိုလည်း ခေါ်ယူကာ အကြံဉာဏ်များ ပေးခိုင်းခဲ့သည်။

Discovery Channelသည်လည်း ဤစိတ်ကူးအပေါ် အလွန်ပင် စိတ်ဝင်စားနေခဲ့သည်။ အကယ်၍ သူတို့အနေဖြင့် ပထမဆုံး အပိုင်းကို ကြည့်ရှုပြီးနောက် စိတ်ဝင်စားမှု ရှိခဲ့ပါက ဤအစီအစဉ်၏ ပြသခွင့်ကို ဝယ်ယူရန် စဉ်းစားထားသည်။ မူလက သူတို့သည် မူပိုင်ခွင့်ကိုပါ တစ်ခါတည်း ဝယ်ယူလိုခဲ့ကြသော်လည်း ဖုန်းယွီကမူ ပြတ်ပြတ်သားသား ငြင်းဆိုခဲ့သည်။

မူပိုင်ခွင့်မှ ဆင့်ပွားထွက်ပေါ်လာမည့် အစီအစဉ်များကတင် တန်ဖိုး မနည်းလှသည် မဟုတ်ပါလား။ ထို့ထက်ပိုသည်မှာ မူပိုင်ခွင့်ကို မိမိလက်ထဲတွင်သာ ထားရှိခြင်းဖြင့် အခြားသော ရုပ်သံလိုင်းများသို့ ပြန်လည်ပြသရန် ရောင်းချခြင်းဖြင့်လည်း ငွေရှာနိုင်သေးသည်။

ဤသို့ဖြင့် ဖုန်းယွီသည် ဤအစီအစဉ်ကို ထုတ်လုပ်ပြီး ကြော်ငြာအမျိုးမျိုးကိုပါ ထည့်သွင်းထားခြင်းအားဖြင့် ငွေကုန်ကြေးကျ ရှိရန် မလိုအပ်ရုံသာမက၊ အမြတ်တောင် ပြန်လည် ရရှိနိုင်ဦးမည် ဖြစ်သည်။

ပြည်တွင်းရှိ ခရီးသွား အစီအစဉ်အတွက်မူ ယနေ့တွင် Huayi ကုမ္ပဏီမှ ဝမ်ကျုံးကျွင်းက ဖုန်းဆက်လာပြီး၊ သရုပ်ဆောင် ရွေးချယ်ပြီးဖြစ်ကြောင်းနှင့် ဖုန်းယွီ၏ အီးမေးလ်ထဲသို့ ပို့ထားသဖြင့် သဘောကျသူ ပါ၊ မပါ ကြည့်ရှုပေးရန် ပြောလာခဲ့သည်။

မည်သို့ပင်ဖြစ်စေ ထိုက်ဟွာ အတိုင်ပင်ခံသည် Huayi၏ ရှယ်ယာရှင် တစ်ဦး မဟုတ်ပါလား။ ဖုန်းယွီထံမှ ဖုန်းတစ်ချက် ရလိုက်သည်နှင့် ဝမ်ကျုံးကျွင်းတစ်ယောက် အလုပ်များသွားခဲ့ရတော့သည်။ မူလက သူတို့တွင် သင့်တော်သောသူ နှစ်ဦးရှိသော်လည်း၊ နည်းပါးနေသဖြင့် ဖုန်းယွီသဘောမကျမှာ စိုးသောကြောင့် အခြားသော လူငယ်သရုပ်ဆောင် အချို့ကို အလျင်အမြန် စာချုပ်ချုပ်ခြင်း သို့မဟုတ် တခြားမှ ဆွဲခေါ်ခြင်းများ ပြုလုပ်ခဲ့ကြသည်။

အမျိုးသား သရုပ်ဆောင်အတွက်မူ တက်ကြွလန်းဆန်းပြီး ကြွက်သားရှိရန် လိုအပ်သလို၊ အမျိုးသမီးအတွက်မူ ငယ်ရွယ်နုပျိုပြီး လှပရန် လိုအပ်ကာ၊ နှစ်ယောက်စလုံးမှာ မန်ဒရင်းစကား ကောင်းမွန်ရန် လိုအပ်ပါသည်။

ဖုန်းယွီသည် အီးမေးလ်ကို ဖွင့်ကြည့်လိုက်ရာ ဝမ်ကျုံးကျွင်းကိုယ်တိုင် ပို့ထားသော အချက်အလက်များကို တွေ့လိုက်ရသည်။

ပထမဆုံး တစ်ယောက်မှာ မော်ဒယ် တစ်ဦး ဖြစ်သည်။ တက်ကြွသော ပုံစံရှိစေကာမူ ကြွက်သား လုံးဝမရှိဘဲ အရမ်း ပိန်လွန်းနေခဲ့သည်။

ဒုတိယ တစ်ယောက်မှာမူ လူငယ်သရုပ်ဆောင်တစ်ဦး ဖြစ်သော်လည်း မျက်နှာက အနည်းငယ် အိုစာနေခဲ့သည်။ အသက် ၂၀ ကျော်သာ ရှိသေးသော်လည်း ၄၀ ခန့် ဖြစ်နေသယောင် ထင်ရသည်။

တတိယ တစ်ယောက်ကို မြင်လိုက်ရသည့် အခါတွင်မူ ဖုန်းယွီချက်ချင်းပင် ဆုံးဖြတ်ချက် ချလိုက်ပြီး ကျန်ရှိသော အချက်အလက်များကိုပင် ဆက်လက် မကြည့်ရှုတော့ပါချေ။ အဘယ်ကြောင့်ဆိုသော် ဤလူသည် ဖုန်းယွီ၏ အရင်ဘဝ မှတ်ဉာဏ်ထဲတွင် ကြွက်သားများဖြင့် တောင့်တင်းသောသူ ဖြစ်သလို ရုပ်ချောသောသူလည်း ဖြစ်နေသောကြောင့်ပင်။ ယခုအချိန်တွင်မူ သူသည် အသားဖြူလူချောလေးအဆင့်သာ ရှိပါသေးသည်။

လီချန်... အရင်ဘဝတုန်းက အင်တာနက် အသုံးပြုသူများက သူ့ကို Black Bull ဟု ခေါ်ဆိုခဲ့ကြခြင်း ဖြစ်သည်။ သို့သော် လက်ရှိ အချက်အလက်များအရမူ သူသည် အလွန်အမင်း တောင့်တင်းခြင်း မရှိသေးသဖြင့် ကြွက်သားများ ထပ်မံ တိုးပွားလာအောင် လုပ်ဆောင်ရပေမည်။

အမျိုးသမီး သရုပ်ဆောင်အတွက်မူ ဖုန်းယွီအတော်ကြာအောင် ရွေးချယ်ခဲ့ရသည်။ သင့်တော်သောသူ နှစ်ဦး ရှိနေစေကာမူ နောက်ဆုံးတွင် နာမည် သိပ်မကြီးသေးသော စုန့်ကျားကိုသာ ရွေးချယ်လိုက်သည်။ အကြောင်းမှာ သူသည် ဟာပင်းသူ ဖြစ်နေသောကြောင့် ဖြစ်သည်။

ဖုန်းယွီသည် စားပွဲပေါ်မှ ဖုန်းကို လှမ်းကိုင်ကာ ဝမ်ကျုံးကျွင်းထံသို့ ခေါ်ဆိုလိုက်သည်။ "လီချန်နဲ့ စုန့်ကျားကို ပြင်ဆင်ထားခိုင်းလိုက်ပါ။ မနက်ဖြန် ငါ ပေကျင်းကို လာခဲ့မယ်၊ အဲဒီအချိန်ကျရင် လူချင်း တွေ့ကြတာပေါ့"

ဝမ်ကျုံးကျွင်းကလည်း လက်ထောက်ကို ချက်ချင်း အကြောင်းကြားခိုင်းလိုက်သလို၊ တစ်ပြိုင်နက်တည်းမှာပင် ဤသူနှစ်ဦး၏ ကံကောင်းမှုကိုလည်း အံ့သြနေမိသည်။ မန်နေဂျာဖုန်း၏ ရွေးချယ်မှုကို ခံရပြီဆိုလျှင်တော့ သေချာပေါက် ပေါက်တော့မည် မဟုတ်ပါလား။ ဤအချက်ကို အသုံးချ၍ ကြော်ငြာလျှင်ပင် ၎င်းတို့၏ နာမည်ကျော်ကြားမှုမှာ မဆိုးနိုင်ပါချေ။

လီချန်သည် မူလက Huayi၏ အနုပညာရှင် မဟုတ်ဘဲ အခုမှ ပြောင်းလာခြင်း ဖြစ်သည်။ သူသည် နာမည် အနည်းငယ် ရရှိထားပြီ ဖြစ်သော်လည်း ယခုလောလောဆယ်တွင်မူ အလုပ်သိပ်မရှိသေးပါချေ။ မန်နေဂျာထံမှ ဖုန်းရရှိပြီး အလုပ်ရှင်က အကြီးအကဲ တစ်ဦးနှင့် တွေ့ပေးမည်ဟု ကြားသိရသည့်အခါ သူသည် မိမိအတွက် အခွင့်အရေး ရောက်ရှိလာပြီဟု ခံစားလိုက်ရသည်။

စုန့်ကျားမှာမူ ဝမ်ကျုံးကျွင်းက တခြားမှ ဆွဲခေါ်လာသူဖြစ်ပြီး ယခင်က ရုပ်သံဇာတ်လမ်းတွဲများတွင် အဆင့်၆ နေရာခန့်မှသာ သရုပ်ဆောင်ခဲ့ရသူ ဖြစ်သည်။ မူလက သူမ၏ မန်နေဂျာသည် သူမအတွက် အဆင့်၄ နေရာတစ်ခုရအောင် လုပ်ပေးထားသော်လည်း ယခုမူ ထိုအစီအစဉ်ကို ချက်ချင်းပင် ဖျက်သိမ်းလိုက်ရတော့သည်။

"အစ်မဟွာ ဒီတစ်ခေါက်က ဘယ်ဒါရိုက်တာကြီးနဲ့ တွေ့ရမှာလဲ" စုန့်ကျားက အလွန် စိတ်ဝင်တစား မေးမြန်းလိုက်သည်။ အဘယ်ကြောင့် အစ်မဟွာကိုယ်တိုင် ၎င်းတို့ကို လိုက်ပို့နေရသနည်း။ သူသည် နာမည်ကြီး မင်းသား၊ မင်းသမီးများကိုသာ ကိုင်တွယ်သူ မဟုတ်ပါလား။

သူမ၏ဘေးမှ လီချန်ဆိုလျှင်ပင် လွန်ခဲ့သော နှစ်နှစ်က '၁၇ နှစ်အရွယ်တွင် မငိုပါ' ဟူသော ဇာတ်လမ်းဖြင့် နာမည် အတော်လေး ရရှိထားသူ ဖြစ်သည်။ ထို့နောက်တွင်လည်း ဇာတ်လမ်းတွဲအချို့ ရိုက်ကူးခဲ့ရရာ၊ ထိပ်တန်း မင်းသားကြီး မဟုတ်သေးစေကာမူ စုန့်ကျားကဲ့သို့ အဆင့်၆ နေရာတွင်သာ အမြဲနေရသူထက်မူ များစွာ သာလွန်လှပေသည်။

"ဒီတစ်ခေါက် မင်းတို့နှစ်ယောက်ကို တွေ့ပေးမှာက ဒါရိုက်တာ မဟုတ်ဘူး၊ ရင်းနှီးမြှုပ်နှံသူပဲ။ မင်းတို့ ဘယ်လိုမှ ထင်မှတ်မထားတဲ့ အလုပ်ရှင်ကြီး တစ်ယောက်ပေါ့။ ခဏနေရင် တွေ့တဲ့အခါ စကားကို သေသေချာချာ ပြောကြနော်၊ သူက ငါတို့ ကုမ္ပဏီရဲ့ ရှယ်ယာရှင် တစ်ယောက်လည်း ဖြစ်တယ်"

သရုပ်ဆောင် နှစ်ဦးစလုံးမှာ အခုမှ ကုမ္ပဏီသို့ ပြောင်းလာသူများ ဖြစ်သဖြင့် ကုမ္ပဏီ၏ရှယ်ယာရှင်များမှာ မည်သူဖြစ်သည်ကို လုံးဝမသိရှိကြပါချေ။ သို့သော် သူတို့နှစ်ဦးမှာ Huayiကဲ့သို့ ကုမ္ပဏီကြီးက အဘယ်ကြောင့် ၎င်းတို့ကို ဆွဲခေါ်လာသနည်း။ ထို့ပြင် စာချုပ်ဖျက်သိမ်းကြေးများကိုပါ အဘယ်ကြောင့် ပေးလျော်ပေးခဲ့သနည်း ဆိုသည့် အကြောင်းရင်းကိုမူ ရိပ်မိသွားကြပုံရသည်။

အခန်းတံခါးမှာ ရုတ်တရက် ပွင့်သွားပြီး ကုမ္ပဏီ အကြီးအကဲ ဝမ်ကျုံးကျွင်းသည် လူတစ်ယောက်နှင့်အတူ ဝင်ရောက်လာခဲ့သည်။ သို့သော် ဝမ်ကျုံးကျွင်း၏ ပုံစံမှာ အလွန်ပင် ဖော်ရွေလွန်းနေသည်ဟု သူတို့ ခံစားနေရသည်။ ဤလူသည် ရှယ်ယာရှင် ဖြစ်နေစေကာမူ ဝမ်ကျုံးကျွင်းကိုယ်တိုင်က ကုမ္ပဏီ၏ အကြီးအကဲ မဟုတ်ပါလား။

"ဝမ်ဥက္ကဋ္ဌကြီး မင်္ဂလာပါ" လီချန်နှင့် စုန့်ကျားတို့က ပြိုင်တူ နှုတ်ဆက်လိုက်ကြသည်။

"ဒီလူကလည်း ကုမ္ပဏီရဲ့ရှယ်ယာရှင် တစ်ယောက်ပါပဲ၊ ဒါပေမဲ့ သူ့ရဲ့ နောက်ထပ် အဆင့်အတန်း တစ်ခုကိုတော့ မင်းတို့ သိမှာ မဟုတ်ဘူး။ သူကတော့ ကမ္ဘာ့အချမ်းသာဆုံး ပုဂ္ဂိုလ် မစ္စတာ ဖုန်းယွီပါပဲ"

လီချန်နှင့် စုန့်ကျားတို့၏ မျက်လုံးများမှာ ပြူးသွားခဲ့ကြပြီး၊ ၎င်းတို့၏ စိတ်လှုပ်ရှားမှုများကို အလျင်အမြန် ထိန်းချုပ်လိုက်ရသည်။ သို့သော်လည်း လုံးဝငြိမ်သက်သွားအောင် လုပ်ရန်မှာမူ မလွယ်ကူလှပါချေ။ တစ်နေ့တွင် ကမ္ဘာ့အချမ်းသာဆုံး ပုဂ္ဂိုလ်နှင့် တစ်စားပွဲတည်း ထိုင်ရလိမ့်မည်ဟု သူတို့ ဘယ်သောအခါမှ မတွေးဖူးခဲ့ကြသည် မဟုတ်ပါလား။

"ငါ မင်းတို့ကို ရှာတာက အစီအစဉ်တစ်ခု လုပ်ချင်လို့ပါ။ တကယ်တော့ ဒီကိစ္စကို လက်အောက်ငယ်သားတွေကိုပဲ ခိုင်းလို့ရပေမဲ့ ငါ့ရဲ့ဆိုလိုရင်းကို သူတို့ နားမလည်မှာ စိုးလို့ ကိုယ်တိုင် လာခဲ့တာ။ ဒီတစ်ခါ လုပ်မှာက ခရီးသွား အစီအစဉ် တစ်ခုပါ၊ ဒါပေမဲ့ အရင်ကနဲ့ မတူတဲ့ ခရီးသွား အစီအစဉ်မျိုး ဖြစ်ရမယ်!"

"ပထမဆုံးအနေနဲ့၊ ဒီခရီးသွား အစီအစဉ်က ကိုယ်တိုင် မောင်းနှင်တဲ့ ခရီးစဉ် ဖြစ်ရမယ်။ ဆိုလိုတာက မင်းတို့နှစ်ယောက် ကိုယ်တိုင် ကားမောင်းရမယ်၊ တခြား ကားဆရာ မပါဘူး။ ဒုတိယ အချက်ကတော့၊ ဒီအစီအစဉ်ကို မင်းတို့ ကိုယ်တိုင် ရိုက်ကူးရမယ်။ ဆိုလိုတာက အပို ကင်မရာဆရာ မရှိဘူး။ ပြီးတော့ မင်းတို့ နောက်ကနေ လိုက်ရိုက်နေမယ့် ဒါရိုက်တာလည်း မရှိဘူး၊ ဇာတ်ညွှန်း တာဝန်ခံတွေလည်း မရှိဘူး။ အရာအားလုံးကို မင်းတို့ ကိုယ်တိုင်ပဲ လုပ်ရမှာ"

"ဒါပေမဲ့ မင်းတို့အတွက် လမ်းကြောင်းတွေကိုတော့ သေသေချာချာ ဆွဲပေးထားမည့်သူ ရှိမှာဖြစ်သလို၊ ခရီးသွား အစီအစဉ်တွေကိုလည်း လုပ်ပေးထားမှာပါ။ မင်းတို့က တင်ဆက်သူရော၊ ကင်မရာဆရာရော၊ ဒါရိုက်တာရော ဖြစ်ရမယ်။ ဖြစ်နိုင်တာကတော့ လီချန်က ကားဆရာရော၊ ပစ္စည်းသယ်တဲ့သူပါ အပို တာဝန်ယူရမှာပေါ့။ ဒါကို မင်းတို့ လုပ်နိုင်မလား"

လီချန်နှင့် စုန့်ကျားတို့မှာ ကြောင်အမ်းသွားကြသည်။ သူတို့အား အဘယ်ကြောင့် ကိုယ်တိုင် ရိုက်ကူးခိုင်းရသနည်း၊ ဒါရိုက်တာနှင့် ကင်မရာသမားပင် မပါဝင်ဘဲ ၎င်းတို့ လုပ်ဆောင်နိုင်ပါ့မလား။ ထို့ပြင် ခရီးသွား အစီအစဉ်ဆိုသည်မှာ အရင်က ဤသို့ လုပ်ဆောင်ခဲ့သူ တစ်ဦးမျှ မရှိခဲ့ပါချေ။

သို့သော်လည်း သူတို့သည် ဤသည်မှာ အခွင့်အရေး တစ်ခုဖြစ်ကြောင်း သိရှိထားကြသည်။ အကယ်၍သာ အောင်မြင်သွားခဲ့လျှင် သူတို့သည် သေချာပေါက် နာမည်ကြီးသွားပေလိမ့်မည်။ အကယ်၍ ငြင်းပယ်လိုက်လျှင်လည်း ကုမ္ပဏီတွင် သူတို့နှင့် ပုံစံတူသော အနုပညာရှင် အမြောက်အမြား ရှိနေသလို၊ ယခုတစ်ကြိမ်တွင်လည်း သူတို့ကဲ့သို့ပင် အခြားမှ ဆွဲခေါ်လာသူ အများအပြား ရှိနေသည် မဟုတ်ပါလား။

လီချန်က ခေတ္တမျှ စဉ်းစားပြီးနောက် တည်ငြိမ်စွာဖြင့် ဆိုလိုက်သည်။ "ကားမောင်းတာနဲ့ ပစ္စည်းသယ်တာတွေကိုတော့ ကျွန်တော် လုပ်နိုင်ပါတယ်။ ကင်မရာ ရိုက်ကူးတာကိုတော့ ကျွန်တော် အနည်းငယ် သင်ယူလိုက်ပါ့မယ်၊ အကောင်းဆုံး ဖြစ်အောင် ကြိုးစားမှာပါ။ တင်ဆက်သူ အပိုင်းဆိုလျှင်လည်း ကျွန်တော် ကျောင်းတုန်းက လုပ်ခဲ့ဖူးလို့ ရနိုင်ပါတယ်"

"မဟုတ်ဘူး၊ ဒါက ကျောင်းက ပွဲလမ်းသဘင် တင်ဆက်သူနဲ့ လုံးဝ မတူဘူး။ ကျန့်တား ဖျော်ဖြေရေး အစီအစဉ်ကို ကြည့်ဖူးမှာပေါ့၊ အဲဒီက အပြင်ထွက် တင်ဆက်တဲ့ ပုံစံမျိုးနဲ့လည်း မတူဘူး။ မင်းတို့က ရှုခင်းတွေကို ရိုက်ရရုံတင်မကဘဲ ပရိသတ်နဲ့ အပြန်အလှန် ဆက်သွယ်မှု ရှိအောင်လည်း နည်းလမ်းရှာရမယ်။ ဒီအစီအစဉ်က ပြည်တွင်း ရုပ်သံလိုင်းတွေမှာတင် ပြမှာ မဟုတ်ဘဲ အင်တာနက်ပေါ်မှာပါ ပြမှာပါ။ ပြီးတော့ ပြည်ပကိုပါ ပြန်ရောင်းဖို့ ငါ စီစဉ်ထားတယ်။ တကယ်လို့ ကောင်းကောင်း လုပ်နိုင်ရင် မင်းတို့အတွက် အကျိုးကျေးဇူးတွေက အများကြီး ရှိလာမှာပါ"

"မန်နေဂျာဖုန်း... ကျွန်မတို့ တာဝန်ကို အောင်မြင်အောင် ထမ်းဆောင်ပါ့မယ်!" စုန့်ကျားက ရုတ်တရက် ထရပ်ပြီး ပြောလိုက်သည်။ သူမ၏ စရိုက်မှာ အရင်ဘဝတုန်းက ဖုန်းယွီသိထားသည့်အတိုင်းပင် ပွင့်လင်းလွန်းလှပေသည်။

"နောက်ပိုင်း ပထမဆုံး အပိုင်းကို ရိုက်ကူးတဲ့အခါ ဘယ်နေရာတွေက မှားနေလဲဆိုတာ ငါ ပြောပြမယ်။ ဒီအစီအစဉ်ကတော့ သေချာပေါက် ပေါက်မှာပါ"

Discovery Channelကလည်း ဤကဲ့သို့သော ခရီးသွား မှတ်တမ်းတင် အစီအစဉ်များကို ပြသလေ့ရှိသော်လည်း၊ ဖုန်းယွီလုပ်ဆောင်မည့် ပုံစံမှာမူ အလွန်ပင် ထူးခြားနေပြီး လက်ရှိ ရှိနေသော ခရီးသွား အစီအစဉ် အားလုံးနှင့် မတူဘဲ ကွဲပြားနေမှာ ဖြစ်လေတော့သည်။

******

အခန်း (၁၃၃၂) ဒီအတိုင်းပဲ ရိုက်လိုက်စမ်း

"ဆောင်းရာသီဟာ ဟာပင်းကို လာရောက်လည်ပတ်ဖို့ အကောင်းဆုံး ရာသီပါပဲ။ ပရိသတ်ကြီးခင်ဗျာ... ကျွန်မတို့ရဲ့ ကင်မရာမှန်ဘီလူးနောက်ကို လိုက်ပါပြီး ကျွန်မတို့နိုင်ငံရဲ့ မြောက်ဘက်အကျဆုံး ပြည်နယ်မြို့တော်မှာ ဒီဆောင်းရာသီက ဘယ်လို အံ့သြစရာတွေ ပေးစွမ်းမလဲဆိုတာ ကြည့်လိုက်ကြရအောင်။ အစ်ကိုကြီးလီချန်... ခင်ဗျားကလည်း လွန်လှချည်လား!"

"ဒါက ငါ ဟာပင်းကို ပထမဆုံး လာဖူးတာလေ။ ဟာပင်း... ဟာပင်း ဆိုတာ နေရာတိုင်းမှာ ရေခဲနဲ့ နှင်းတွေပဲ ရှိတဲ့ မြို့ မဟုတ်လား၊ ဒါကြောင့် ငါလည်း အအေးဒဏ် ခံနိုင်အောင် သေသေချာချာ ပြင်ဆင်လာရတာပေါ့"

ကင်မရာ အလှည့်မှာတော့ စုန့်ကျားသည် ဗီဒီယိုကင်မရာကို ကိုင်ကာ လီချန်ကို စတင်ရိုက်ကူးနေသည်။ သို့သော် လီချန်မှာမူ အအေးဒဏ်ကာကွယ်ရန် အစွမ်းကုန် ပြင်ဆင်ထားသည်။ အမွှေးပွ အနွေးထည်၊ ဂွမ်းဦးထုပ်၊ ဂွမ်းလက်အိတ်တွေတင်မကဘဲ သိုးမွှေးပဝါကြီးဖြင့် လည်ပင်းနှင့် မျက်နှာတစ်ခုလုံးကို ပတ်ထားရာ မျက်လုံးနေရာလေးတွင်သာ အပေါက်လေး တစ်ပေါက် ပွင့်နေတော့သည်။

သို့သော် စုန့်ကျားမှာမူ အမွှေးပွ အနွေးထည် တစ်ထည်ကိုသာ ဝတ်ထားပြီး ခေါင်းပေါ်တွင် ချစ်စရာကောင်းသော ယုန်နားရွက် ပုံစံ နားကြပ်စွပ်လေးကိုသာ တပ်ဆင်ထားသည်။ ပတ်ဝန်းကျင် တစ်ခုလုံးတွင် ရေခဲနှင့် နှင်းများ ဖုံးလွှမ်းနေစေကာမူ သူမသည် ထိုမျှအထိ အေးနေပုံ မရပါချေ။

"ဟာပင်းရဲ့ အပူချိန်က အလွန်နိမ့်ပေမဲ့ ဒီနေ့က လေမတိုက်ဘူး၊ နေရောင်လည်း ရနေတာဆိုတော့ ထင်သလောက် မအေးပါဘူး။ တကယ်လို့ အေးလာရင်တောင် ကိုယ်လက်လှုပ်ရှားမှုလေး နည်းနည်း လုပ်လိုက်တာဖြစ်ဖြစ်၊ ဒါမှမဟုတ် ဆိုင်တစ်ဆိုင်ထဲကို ငါးမိနစ်လောက် ဝင်နေလိုက်တာဖြစ်ဖြစ် လုပ်လိုက်ရင် ခန္ဓာကိုယ်က ချက်ချင်း ပြန်နွေးသွားမှာပါ။ အားလုံးပဲ ကြည့်လိုက်ကြပါဦး၊ ကျွန်မရဲ့နောက်ကွယ်က မြစ်ကတော့ Songjiangမြစ်ပဲ ဖြစ်ပါတယ်။ ကျွန်မတို့ နိုင်ငံမှာ နာမည်ကြီးတဲ့ Songjiang အမှတ်တံဆိပ် ကားတွေ၊ အခု ကျွန်မတို့ ကိုယ်တိုင် မောင်းလာတဲ့ ကားတွေကလည်း ဒီမြစ်ကို အစွဲပြုပြီး နာမည်ပေးထားတာပါ။ ဒါဟာ ကျွန်မတို့ ဟာပင်းမြို့ရဲ့ ဂုဏ်ယူစရာပေါ့..."

ဖုန်းယွီသည် ကွန်ပျူတာပေါ်ရှိ ဗီဒီယိုကို ကြည့်နေသည်။ ၎င်းမှာ မည်သည့် တည်းဖြတ်မှုမျှ မပြုလုပ်ရသေးသော်လည်း ဤသူနှစ်ဦးသည် သူ၏ ဆိုလိုရင်းကို သေသေချာချာ ဖော်ဆောင်နိုင်ခဲ့ကြသည်။ ဤအရာကို အစီအစဉ်တစ်ခုလို သဘောထားစေကာမူ အရမ်းကြီး အစီအစဉ်ဆန်မနေအောင် သူတို့ လုပ်ဆောင်နိုင်ခဲ့ကြခြင်းပင်။

နေရာတစ်ခုချင်းစီ၏ ထူးခြားချက်များကို မိတ်ဆက်ပေးရမည် ဖြစ်သော်လည်း သာမန် သူငယ်ချင်းချင်း စကားပြောနေသကဲ့သို့ ပေါ့ပေါ့ပါးပါး တင်ဆက်မှုပုံစံမျိုး ဖြစ်ရမည်ဖြစ်ကာ၊ အရမ်းကြီး ပုံစံသွင်းထား၍ မရပါချေ။ အဝတ်အစားများမှာလည်း သာမန် သဘာဝကျကျ ဖြစ်ရမည်ဖြစ်ပြီး အရမ်းကြီး တောက်တောက်ပပ ဖြစ်နေရန် မလိုအပ်ပါချေ။

ပထမဆုံး ရိုက်ကွင်းကို ဟာပင်းမြို့တွင် ရွေးချယ်ခဲ့ခြင်းမှာလည်း စုန့်ကျား၏ ဇာတိမြေ ဖြစ်နေသောကြောင့် ဖြစ်သည်။ သူမသည် သဘာဝကျကျပင် ဧည့်လမ်းညွှန်တစ်ဦး ဖြစ်သွားခဲ့ပြီး အစီအစဉ်အဖွဲ့က ချပေးထားသော အစီအစဉ်များထက်ပင် ပို၍ စိတ်ဝင်စားစရာ ကောင်းနေခဲ့သည်။

ဟာပင်း၏ နာမည်ကျော် ကျန်းယန်လမ်းမကြီးမှ စတင်ကာ မြစ်ကမ်းဘက်သို့ ဦးတည်ကြသည်။ ထို့နောက် ကားကို မြစ်မြောက်ဘက်သို့ မောင်းနှင်ကာ ညဘက်တွင်မူ ယခုမှ စတင်ဖွင့်လှစ်ထားသော 'ရေခဲနှင့် နှင်းကမ္ဘာ'တွင် သွားရောက် ကစားကြသည်။

ညဘက်တွင်မူ ထိုနေရာရှိ ရေခဲမီးအိမ်မျိုးစုံမှာ လင်းထိန်နေပြီး အရောင်အသွေး စုံလင်ကာ အလွန်ပင် လှပလှသည်။ လီချန်သည် သမင်ဆွဲသော ရေခဲပြင်လှည်းကို ပထမဆုံးအကြိမ် စီးဖူးခြင်းဖြစ်သဖြင့် ကလေးတစ်ယောက်ကဲ့သို့ စိတ်လှုပ်ရှားနေခဲ့သည်။

ဖုန်းယွီ၏ နောက်တွင်မူ အစီအစဉ် ထုတ်လုပ်သူများနှင့် ဒါရိုက်တာအချို့ ထိုင်နေကြသည်။ ၎င်းတို့သည် မျက်မှောင်ကြုတ်ကာ ကြည့်နေကြပြီး၊ ဤသည်မှာ ၎င်းတို့ အရင်က ကြည့်ဖူးခဲ့သော ခရီးသွား မှတ်တမ်းတင် အစီအစဉ်များနှင့် လုံးဝကို ကွဲပြားနေသောကြောင့် ဖြစ်သည်။

"အားလုံးပဲ... ဒီဗီဒီယိုကို ကြည့်ပြီး ဘယ်လို ထင်ကြသလဲ" ဖုန်းယွီက မေးလိုက်သည်။

"မန်နေဂျာဖုန်း... ဒီအစီအစဉ်က သူတို့နှစ်ယောက် ကိုယ်တိုင် ကားမောင်း၊ ကိုယ်တိုင် ရိုက်ကူး၊ ကိုယ်တိုင် တင်ဆက်တဲ့ ပုံစံမျိုးကို ကျွန်တော် တစ်ခါမှ မမြင်ဖူးပါဘူး။ ဒါပေမဲ့ ဒီအစီအစဉ်က တော်တော်လေး စိတ်ဝင်စားဖို့ ကောင်းတယ်လို့ ခံစားရတယ်" CCTVရုပ်သံလိုင်းမှ ဝါရင့်ဒါရိုက်တာ တစ်ဦးက မျက်မှောင်ကြုတ်လျက် ဆိုလိုက်သည်။

"ကိုယ်တိုင် ကားမောင်းပြီး ခရီးသွားတာကတော့ ပြည်တွင်းမှာ အခုမှ ခေတ်စားလာတဲ့ အယူအဆတစ်ခုပေါ့။ ဒါကိုတော့ ကျွန်တော် မစမ်းသပ်ဖူးလို့ အကြံမပေးလိုပါဘူး။ ဒါပေမဲ့ သူတို့ ရိုက်ကူးတဲ့ အခါမှာ ကင်မရာက သိပ်မငြိမ်ဘူး ဖြစ်နေတယ်၊ ဒါကိုတော့ ပြုပြင်ဖို့ လိုအပ်မယ်"

"မဟုတ်ဘူး... ကျွန်တော်ကတော့ ခင်ဗျားနဲ့ သဘောထား လုံးဝကွဲလွဲတယ်။ ဒီလို ရိုက်ကူးတာကမှ ပိုပြီးတော့ အစစ်အမှန် ခံစားချက်ကို ရစေတာ။ ငါတို့ရဲ့ ဒီအစီအစဉ် အမည်က 'တရုတ်ပြည် ခရီးသွား လမ်းညွှန်'မဟုတ်လား။ ပြီးတော့ ငါတို့ရဲ့ ကြော်ငြာမယ့် အချက်ကလည်း တင်ဆက်သူ မဟုတ်တဲ့သူတွေက တင်ဆက်ပြီး ခရီးသွားတစ်ယောက်ရဲ့ အမြင်ကနေ ရှုခင်းတွေရဲ့ ကောင်းကွက်၊ ဆိုးကွက်တွေကို ပြောပြမှာလေ။ အကယ်၍ ကင်မရာက လုံးဝ မလှုပ်ဘဲ ငြိမ်နေမယ်ဆိုရင် ပရိသတ်တွေက ပြဿနာ ရှိနေတယ်လို့ ချက်ချင်း သိသွားမှာပေါ့" တစ်ဦးက ပြန်လည် ချေပလိုက်သည်။

"ဒီလူနှစ်ယောက်ရဲ့ ရိုက်ကူးမှုက အတွေ့အကြုံ သိပ်မရှိသေးဘူး၊ သေချာပေါက် သင်တန်းပေးဖို့ လိုမယ်။ တင်ဆက်တဲ့ ပုံစံကလည်း ပြောရရင်... စကားပြောတွေက အရမ်းကို အပြင်က စကားပြောတွေ များနေသလို အရေးကြီးတဲ့ အချက်တွေ သိပ်မပါဘူး။ နောက်တစ်ခုက ကြည့်လိုက်ပါဦး၊ ဟို အမျိုးသမီးက ကစားကွင်းက ပစ္စည်းအချို့က မလုံခြုံဘူးလို့ ဝေဖန်နေသေးတယ်၊ ဒေသထွက်ပစ္စည်း ရောင်းတဲ့ဆိုင်တွေက ဈေးကြီးလွန်းတယ်လို့လည်း သွယ်ဝိုက် ပြောနေသေးတယ်။ ဒါမျိုးက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ" ဝါရင့် ထုတ်လုပ်သူ တစ်ဦးက ဝေဖန်လိုက်ပြန်သည်။

"မဟုတ်ဘူး... ဒါကမှ ငါတို့ အစီအစဉ်ရဲ့ ထူးခြားချက်ပဲ။ သူမ ပြောတာတွေက အမှန်တရားတွေပဲလေ။ ခရီးသွားတစ်ယောက်ရဲ့ အနေနဲ့ဆိုရင် ခရီးသွားတွေဘက်ကနေပဲ စဉ်းစားပေးရမှာပေါ့။ ဒါပေမဲ့ စကားပြောတွေကတော့ အမှန်တကယ်ပဲ အရမ်း ပွင့်လင်းလွန်းနေတယ်၊ ပြည်ပကို ပြသခွင့် ရောင်းမယ်ဆိုရင်တော့ ဒါကို ပြင်ခိုင်းဖို့ လိုလိမ့်မယ်" Sohuရုပ်သံလိုင်းမှ တာဝန်ခံက ဆိုလိုက်သည်။

ဖုန်းယွီသည်လည်း Sohuတာဝန်ခံ ပြောသည်မှာ မှန်သည်ဟု ယူဆမိသည်။ အရာအားလုံးကို အကောင်းချည်းပဲ ချီးမွမ်းနေမည်ဆိုပါက ထိုအစီအစဉ်မှာ ဘာထူးခြားမှာလဲ။ ဤအစီအစဉ်က ရည်ရွယ်ထားသည်မှာ အမှန်တရားဖြစ်ပြီး တင်ဆက်သူ နှစ်ဦးသည် သာမန် ခရီးသွားတစ်ဦး၏ အဆင့်အတန်းနှင့် သူတို့၏ တကယ့် လက်တွေ့ ခံစားချက်များကို ပြောပြရမည် ဖြစ်သည်။

ဤသည်မှာ အစီအစဉ်၏ ထူးခြားချက်ဖြစ်သလို ရောင်းတမ်းဝင်မည့် အချက်လည်းဖြစ်ကာ လူတွေ ကြည့်ချင်မည့် အချက်လည်း ဖြစ်သည်။

ရိုးရာခရီးသွား အစီအစဉ်တွေကို ဘယ်သူက ကြည့်ချင်မှာလဲ။ ဘေးကနေ ရှင်းပြတဲ့ အသံကြီးနဲ့ ရှုခင်းတွေချည်း ပြနေတာက ဘာစိတ်ဝင်စားစရာ ရှိမှာလဲ။ ရံဖန်ရံခါမှ ပေါ်လာတဲ့ တင်ဆက်သူကလည်း သမိုင်းကြောင်းတွေ၊ ဒါမှမဟုတ် လုပ်ကြံဖန်တီးထားတဲ့ သမိုင်းကြောင်းတွေကိုပဲ ပြောနေကြတာလေ။

ခရီးသွားလုပ်ငန်းကို မြှင့်တင်ရန်အတွက် ဒေသအစိုးရများမှာ နည်းလမ်းမျိုးစုံ သုံးကြသည်။ ဖုန်းယွီရဲ့အတိတ်ဘဝ မှတ်ဉာဏ်ထဲမှာတော့ မြို့တော်တော်များများက သစ္စာဖောက် 'ချင်းဟွေ့'ရဲ့ ဇာတိမြေဖြစ်ခွင့်ရဖို့ လုနေကြတဲ့ကိစ္စက တကယ့်ကို အမှတ်ရစရာပဲ။ နောက်ပြီး ဝူတာလန့်တို့၊ ကွမ်းအာယဲ့တို့ရဲ့ ဇာတိမြေဆိုတာတွေလည်း ရှိသေးတယ်။ ဒါတွေက ထားပါဦး... နီကျားတို့၊ အာလန်စန်းတို့လို ဒဏ္ဍာရီထဲက နတ်ဘုရားတွေရဲ့ ဇာတိမြေဆိုတာတွေကကော ဘယ်ကနေ ထွက်လာတာလဲ။

ဒဏ္ဍာရီထဲက လူတွေကိုတောင် သူတို့က မူလဇာတ်ကောင် ရှာတွေ့နေကြပြီလား။ တကယ်ပဲ မျက်လုံးသုံးလုံးပါတဲ့သူ ရှိလို့လား၊ ဒါမှမဟုတ် လက်ခြောက်ဖက်၊ ခေါင်းသုံးလုံးနဲ့သူ ရှိလို့လား။ မင်းတို့ ဘာလို့ စွန်းဝူခုန်းရဲ့ နေအိမ်ဟောင်းကိုပါ မရှာလိုက်ကြတာလဲ။

အခုခေတ် လူအများစုမှာ သမိုင်းဝင် ဝတ္ထုနဲ့ သမိုင်းအစစ်အမှန်ကြားက ကွာခြားချက်ကို မသိကြပါချေ။ ဥပမာ - 'သုံးပြည်ထောင် တိုက်ပွဲ'ကို သမိုင်းအစစ်လို့ ယူဆနေကြသည်။ ဒါပေမဲ့ 'ယန်ရိ'ဆိုတာ ဝတ္ထုလို့ အဓိပ္ပာယ်ရပြီး အဲဒါက ပြုပြင်မွမ်းမံထားတဲ့ ဇာတ်လမ်းတွေ။

ညီအစ်ကို သုံးယောက်ရဲ့လက်နက်တွေကိုပဲ ကြည့်ပါ။ ဓားနှစ်လက်... အဲဒီခေတ်က သံရည်ကျို နည်းပညာနဲ့ဆိုရင် အဲဒီလောက် ရှည်တဲ့ ဓားနဲ့ သစ်သားကို ခုတ်ရင်တောင် ဓားက ကျိုးသွားနိုင်တယ်။ 'ချင်းလုံယန့်ယွဲ့တောက်'ဆိုတာကတော့ ပိုတောင်ပေါက်ကရပါသေးတယ်။ အဲဒီခေတ်မှာ အဲဒီလို လက်နက်မျိုး မရှိသေးတာကို ထားဦး၊ တကယ်လို့ ရှိခဲ့ရင်တောင် ဘာမှ မခုတ်ဘဲ ကိုယ့်ဘာသာ ဝှေ့ယမ်းလိုက်တာနဲ့တင် ဓားဦးက ပြုတ်ထွက်သွားမှာပါ။ နောက်ပြီး ကျန့်ပါးရှဲမော်ဆိုတာလည်း အဲဒီတုန်းက လှံဆိုတဲ့ လက်နက်မျိုးတောင် မရှိသေးပါဘူး၊ ဝေ့ဝေ့ဝိုက်ဝိုက် မြွေလှံဆိုတာကတော့ ပိုတောင် မဖြစ်နိုင်သေးတာပေါ့။

အဆိုးဆုံးကတော့ အခုအချိန်မှာ ဝတ္ထုထဲက ဇာတ်ကောင်တွေကို နတ်ဘုရားလို ကိုးကွယ်နေကြပြီး ကွမ်းအာယဲ့ကို သစ္စာတရား ကြီးမားသူဆိုပြီး နေ့တိုင်း အမွှေးတိုင်တွေ၊ အစားအသောက်တွေနဲ့ ပူဇော်နေကြခြင်းပင်။

ဒါတွေ အားလုံးက ဒီခရီးသွားနေရာတွေရဲ့ အကြောင်းရင်းတွေကြောင့် ပါဝင်နေတာပါ။ သူတို့က နေရာတစ်ခုကို ခရီးသွားဆွဲဆောင်မှု ဖြစ်အောင် ပေါက်ကရတွေ ဖန်တီးတယ်၊ တစ်ခုနဲ့တစ်ခု ရောနှောပစ်ကြတယ်။ အချိန်ကြာလာတော့ သူတို့ကိုယ်တိုင်တောင် အဲဒီမုသားတွေကို ယုံသွားကြတော့တာပဲ။

နောက်ပြီး အဲဒီနေရာတွေက စားသောက်ဆိုင်တွေ၊ အရောင်းဆိုင်တွေဆိုတာလည်း စကားလေးလုံးတည်းပဲ ရှိတယ်။ "စားမကောင်းဘူး၊ ဈေးအရမ်းကြီးတယ်"

လူတော်တော်များများ ခရီးထွက်တဲ့အခါ အစပိုင်းမှာ ဈေးမကြီးဘူးလို့ ထင်ရပေမဲ့ နေရာရောက်တဲ့အခါကျရင် ဟိုဟာက ငွေကုန်၊ ဒီဟာက ငွေကုန်နဲ့ မသိမသာ ငွေတွေက ပိုကုန်လာတော့တာပဲ။

မူလက ယွမ် တစ်ထောင်လောက် သုံးမယ်လို့ စဉ်းစားထားပေမဲ့ တကယ်တမ်းမှာ ယွမ်နှစ်ထောင်ကျော် ကုန်သွားတတ်ပါတယ်။ အကယ်၍ တစ်ယောက်ယောက်ရဲ့ ဖြားယောင်းမှုကြောင့် အမှတ်တရ ပစ္စည်းတွေပါ ဝယ်လိုက်မိမယ်ဆိုရင်တော့ အဲဒီ နှစ်ထောင်ဟာ ယွမ် နှစ်သောင်း၊ ဒါမှမဟုတ် အဲဒီထက်မကတောင် ဖြစ်သွားနိုင်ပါသေးတယ်။

ထိုသူများ အငြင်းပွားနေကြစဉ်မှာပင် ဖုန်းယွီက ရုတ်တရက် စကားပြောလိုက်သည်။ "ဒီအစီအစဉ် မဆိုးဘူး၊ ငါ့အမြင်အရတော့ အရမ်းကောင်းတယ်"

အားလုံး တိတ်ဆိတ်သွားကြသည်။ ဖုန်းယွီက အပြီးသတ် ဆုံးဖြတ်ချက် ချလိုက်ပြီ ဖြစ်ရာ ၎င်းတို့ ဘာဆက်ပြီး ငြင်းစရာ ရှိတော့မည်နည်း။

"မန်နေဂျာဖုန်း... ဒါဆိုရင် ခရီးသွားနေရာက လူတွေကို ဈေးတင်တယ်လို့ ပြောတဲ့ အပိုင်းတွေကို ဖြတ်ထုတ်ရမလား"

"ဗားရှင်း နှစ်မျိုး လုပ်လိုက်ပါ။ တစ်မျိုးက ချန်ထားပြီး နောက်တစ်မျိုးက ဖြတ်လိုက်။ ချန်ထားတဲ့ ဗားရှင်းကို အင်တာနက်ပေါ်မှာ ပြမယ်၊ ဖြတ်ထားတဲ့ ဗားရှင်းကိုတော့ ရုပ်သံလိုင်းတွေမှာ ပြမယ်၊ ပြည်ပအတွက်လည်း ထိုနည်းအတိုင်းပဲ။ နောက်ပိုင်း အပိုင်းတွေမှာတော့ သူတို့ကို နည်းနည်း ပိုပြီး သွယ်ဝိုက်ပြောဖို့ မှာလိုက်ပါ့မယ်"

ထို့အပြင် ဖုန်းယွီက Sohuမှ လူများကို မှာကြားလိုက်သည်မှာ - အစီအစဉ် မလွှင့်ခင်မှာ ဖြတ်ထုတ်ထားတဲ့ အခန်းတွေကို အင်တာနက်ပေါ် အရင်ဆုံး တင်ပေးဖို့ပဲ ဖြစ်ပြီး ဒါဟာ အစီအစဉ်အတွက် ပွဲကြိုအရှိန်မြှင့်တင်ပြီး လူတွေ စိတ်ဝင်စားမှု မြင့်တက်လာအောင် လုပ်ဆောင်လိုက်တာပဲ ဖြစ်သည်။ ဤသို့ဖြင့် ဤအစီအစဉ်သည် မပြသမီမှာတင် နာမည်ကြီးသွားပေလိမ့်မည်။

ပရိသတ်များကိုလည်း ဤကဲ့သို့သော မတူညီသည့် ရိုက်ကူးမှုပုံစံနှင့် မတူညီသည့် ခရီးသွား အစီအစဉ်ကို မြင်တွေ့သွားစေရမည် ဖြစ်လေတော့သည်။

******

အခန်း (၁၃၃၃) မမျှော်လင့်ထားသော ကြည့်ရှုနှုန်း

ပထမဆုံးအပိုင်းကို တည်းဖြတ်ပြီးသည့်နောက်တွင် CCTVရုပ်သံလိုင်းက လက်ခံခဲ့ပြီး၊ ၎င်းကို ဘဝ၊ စီးပွားရေးနှင့် ဝန်ဆောင်မှုများ ပြသသည့် CCTV-2 ချန်နယ်တွင် ပြသရန် သဘောတူညီခဲ့သည်။ ထို့ပြင် ယခုနှစ်တွင်မှ စတင်ဖွင့်လှစ်ထားသော Digital Pay Channel တွင်လည်း တစ်ပြိုင်နက်တည်း ပြသနိုင်မည် ဖြစ်သည်။

သို့သော် ၎င်းတို့က မျှော်လင့်ထားသည့်အတိုင်းပင် စုန့်ကျား၏ ဝေဖန်ကန့်ကွက်စကားများကို ဖြတ်ထုတ်ရန် တောင်းဆိုခဲ့ကြသည်။ ထိုစကားများသည် မြို့ပြ၏ ပုံရိပ်ကို ထိခိုက်စေနိုင်သည်ဟု ၎င်းတို့က ယူဆသောကြောင့် ဖြစ်သည်။ ကျန်ရှိသော အစိတ်အပိုင်းများကိုမူ CCTV ဘက်မှ ပြဿနာ မရှိပါချေ။

သို့သော်လည်း CCTV သည် ထုတ်လုပ်ရေး တာဝန်ယူထားသည့် Sohuရုပ်သံလိုင်းသို့ ငွေတစ်ပြားတစ်ချပ်မျှ ပေးချေခြင်း မရှိဘဲ၊ အစီအစဉ်၏ ရှေ့နှင့်နောက်တွင် တစ်မိနစ်စီ ကြော်ငြာချိန်ပေးခြင်းအားဖြင့်သာ အစားထိုး ပေးချေခဲ့သည်။

သေချာပေါက် ထိုကြော်ငြာချိန်များကို အစီအစဉ်အတွင်း ကြော်ငြာထည့်သွင်းထားသော အမှတ်တံဆိပ်များကပင် ဝယ်ယူလိုက်ကြသည်။ ၎င်းတို့မှာ Songjiang Motors၊ ဟာပင်း ဆေးဝါး၊ Songjiang အီလက်ထရွန်နစ်၊ လီဟဟ အုပ်စု၊ Yuelai Inn ၊ Sina.com၊ Baidu ကွန်ရက်နှင့် Lenovo အုပ်စုတို့ ဖြစ်ကြသည်။

အမှတ်တံဆိပ် တစ်ခုလျှင် ကြော်ငြာ ၁၅ စက္ကန့်နှုန်းဖြင့် အမှတ်တံဆိပ် ရှစ်ခုအတွက် စုစုပေါင်း နှစ်မိနစ်စာ ဖြစ်သည်။ ကျန်ရှိသော အခြားသော ကြော်ငြာများမှာမူ ဤကြော်ငြာချိန်အတွက် ဝင်ရောက် ယှဉ်ပြိုင်ခြင်း မရှိပါချေ။

အစီအစဉ်၏ ထုတ်လုပ်မှုစရိတ်မှာ မမြင့်မားလှဘဲ ဧရာမ အဖွဲ့အစည်းကြီးလည်း မလိုအပ်သလို၊ နာမည်ကြီး မင်းသား၊ မင်းသမီးများလည်း မပါဝင်သဖြင့် တစ်ပိုင်းချင်းစီ၏ ကုန်ကျစရိတ်မှာ အလွန်ပင် နည်းပါးလှသည်။ ဤကုမ္ပဏီများ ပေးချေသော ကြော်ငြာခများကတင် ထုတ်လုပ်ရေး တာဝန်ယူသည့် Sohuရုပ်သံလိုင်းကို အမြတ်ရစေရန် လုံလောက်နေပြီဖြစ်ကာ၊ အကယ်၍ ပြည်ပ ရုပ်သံလိုင်းများကိုပါ ပြန်လည် ရောင်းချနိုင်မည်ဆိုပါက ပို၍ပင် အမြတ်ရရှိနိုင်ဦးမည် ဖြစ်သည်။

အမှန်စင်စစ် ဖုန်းယွီက စုန့်ကျားနှင့်လီချန်တို့အား သင်ကြားပေးခဲ့သော ရိုက်ကူးမှုပုံစံမှာ အရင်ဘဝတုန်းက အင်တာနက် လိုက်ဖ်လွှင့်သူများ၏ ပုံစံပင် ဖြစ်သည်။ သို့သော် ယခုအချိန်တွင်မူ တိုက်ရိုက်လွှင့်ရန် မဖြစ်နိုင်သေးသလို၊ ပရိသတ်နှင့် အပြန်အလှန် ဆက်သွယ်ရန်လည်း မလွယ်ကူသေးသော်လည်း၊ ဤကဲ့သို့သော ဆန်းသစ်သည့် တင်ဆက်မှုပုံစံမှာ လူများကို မျက်စိပွင့်သွားစေခဲ့သည်။

နည်းလမ်းတစ်ခုမှာ နာမည်ကြီးလာသည်ဆိုလျှင် ထိုအရာ၌ အကြောင်းရင်း တစ်ခုခုတော့ ရှိစမြဲဖြစ်သည်။ ဤတင်ဆက်မှုပုံစံ နာမည်ကြီးလာရသည့် အကြောင်းရင်းကို ဖုန်းယွီက သူတို့အား အတိအကျ ပြောပြခဲ့ပြီး ဖြစ်ကာ၊ ၎င်းမှာ ခရီးသွားတစ်ယောက်၏ အမြင်မှ ရပ်တည်ကာ ပြည်သူများနှင့် နီးစပ်မှု ရှိနေခြင်းပင် ဖြစ်သည်။

အရာအားလုံးကို ခရီးသွားများ၏ အကျိုးစီးပွားကိုသာ အဓိက ထားရမည် ဖြစ်သည်။ ခရီးသွား နေရာများကိုဖြစ်စေ၊ မြို့ပြကိုဖြစ်စေ စိတ်ဆိုးအောင် လုပ်မိပါစေဦး၊ အချက်အလက်များကို လိမ်ညာခြင်း မရှိဘဲ၊ အမှန်အတိုင်းသာ တင်ပြမည်ဆိုပါက ပြဿနာ မရှိပါချေ။

အကယ်၍ တစ်စုံတစ်ယောက်က ၎င်းတို့အား ဒုက္ခပေးရန် ကြိုးပမ်းလာပါက ဖုန်းယွီကိုယ်တိုင် ထွက်၍ ဖြေရှင်းပေးမည်ဟု ကတိပေးထားခဲ့သည်။

မည်သည့် ပြည်နယ်သို့ သွားပါစေ၊ ဖုန်းယွီကိုတော့ ထိပ်တန်း ခေါင်းဆောင်များက ကိုယ်တိုင်ကိုယ်ကျ ထွက်၍ ဧည့်ခံရမြဲ ဖြစ်သည်။ မည်သည့် ပြည်နယ်ကများ ဖုန်းယွီသူတို့ထံတွင် လာရောက် ရင်းနှီးမြှုပ်နှံမည်ကို မလိုလားဘဲ နေပါမည်နည်း။

ဖုန်းယွီယခင်က ရင်းနှီးမြှုပ်နှံခဲ့သော ပြည်နယ်များကို ကြည့်လိုက်ပါ။ နှစ်စဉ်ရရှိသော အခွန်ငွေများကို မဆိုထားနှင့်ဦး၊ အလုပ်အကိုင် အခွင့်အလမ်းများနှင့် စက်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုများကပင် သူတို့အတွက် မည်မျှအထိ အကျိုးရှိစေသနည်း။

ထိုသူများထဲမှ မည်သူကမျှ စီးပွားရေး နတ်ဘုရား ဖြစ်သော ဖုန်းယွီကို စိတ်ဆိုးအောင် လုပ်ကြလိမ့်မည် မဟုတ်ပါချေ။

ဤအစီအစဉ်၏ ထုတ်လုပ်မှုမှာ အလွန်ပင် မြန်ဆန်လှသည်။ ၂၀၀၄ ခုနှစ် ဇန်နဝါရီလကုန်ပိုင်းတွင် ယခင် အစီအစဉ်ဟောင်း တစ်ခု ပြီးဆုံးသွားသည့် အချိန်နှင့် ကွက်တိပင် ဤအစီအစဉ်သစ်ကို စတင် ပြသနိုင်ခဲ့သည်။

အစီအစဉ် မပြသမီကပင် ဖုန်းယွီသည် Sohuရုပ်သံလိုင်းအား အင်တာနက်ပေါ်တွင် ကြိုတင် အပူပေးခိုင်းခဲ့ပြီး၊ စုန့်ကျား၏ ဖြတ်ထုတ်ခံလိုက်ရသော အခန်းများကို အင်တာနက်ပေါ် တင်ခိုင်းခဲ့သည်။ ထိုအချိန်က ဖုန်းယွီသည် စုန့်ကျားအား "ဒီလိုလုပ်တာက လူတွေကို စိတ်ဆိုးအောင် လုပ်သလို ဖြစ်နေမှာ မဟုတ်ဘူးလား" ဟု မေးခဲ့ဖူးသည်။ သို့သော် စုန့်ကျားကမူ မကြောက်ပါဟု ပြန်ပြောခဲ့သည်။ အဘယ်ကြောင့်ဆိုသော် သူမသည် ထိုကိစ္စများကို ဟာပင်း မြို့တော်ဝန်၏ စာတိုက်သေတ္တာထံသို့ အစီရင်ခံထားပြီးဖြစ်ကာ၊ ထိုနေ့မှာပင် ပြန်လည်တုံ့ပြန်မှုကို ရရှိခဲ့သောကြောင့် ဖြစ်သည်။

ထိုအခါမှသာ ဤမိန်းကလေးသည် သူမ၏ အပြင်ပန်း ပုံစံကဲ့သို့ ပေါ့ပျက်ပျက် မဟုတ်ဘဲ အလွန်ပင် ပါးနပ်သူဖြစ်ကြောင်း ဖုန်းယွီသိလိုက်ရသည်။ ဤသို့ဖြင့် ဟာပင်းအနေဖြင့် အချိန်မီ ပြုပြင်ပြောင်းလဲမှုများ လုပ်ဆောင်နိုင်ခဲ့လျှင်၊ ဤသည်မှာ အမည်းစက် ဖြစ်မသွားရုံသာမက၊ ဂုဏ်ယူစရာ အချက်တစ်ခုပင် ဖြစ်လာပေလိမ့်မည်။

ခရီးသွားများ၏ အကြံပြုချက်ကို စိတ်ရင်းမှန်ဖြင့် လက်ခံပြီး ပြုပြင်ရန် ဆန္ဒရှိသော ခရီးသွားနေရာမျိုးကို ယခင်က မည်သူမျှ မမြင်ဖူးခဲ့ကြပါချေ။

ခရီးသွားနေရာများစွာက ကြော်ငြာသည့် အခါတွင်မူ ခရီးသွားများကို အလေးထားပါသည်။ အိမ်သို့ ရောက်ရှိသွားသလို ခံစားရစေရမည် စသဖြင့် ပြောဆိုကြသော်လည်း၊ တကယ်တမ်း ထိုနေရာသို့ ရောက်သည့်အခါတွင်မူ ၎င်းတို့ ကြော်ငြာသလောက် မကောင်းသည်မှာ အသေအချာပင်။

မည်သူမဆို ကြော်ငြာသည့်အခါတွင် မိမိ၏ အကောင်းဆုံး အစိတ်အပိုင်းများကိုသာ ပြသလေ့ ရှိကြသည် မဟုတ်ပါလား။ မည်သူကများ မိမိ၏ အားနည်းချက်များကို ထုတ်ပြပါမည်နည်း။

ဟာပင်း၏ တုံ့ပြန်မှုမှာမူ တကယ့်ကို ပါးနပ်လှပေသည်။

အမှန်စင်စစ် မူလက ဟာပင်းမှ ခေါင်းဆောင်များသည်လည်း ဤကိစ္စကို ဖုံးကွယ်ထားလိုကြသော်လည်း၊ ဤအစီအစဉ်ကို ဖုန်းယွီကိုယ်တိုင် ငွေစိုက်ထုတ် ထုတ်လုပ်ခြင်းဖြစ်ကြောင်း ကြားသိရသည့်အခါတွင်မူ ၎င်းတို့၏ နည်းလမ်းကို ချက်ချင်း ပြောင်းလဲလိုက်ကြသည်။ အထက်လူကြီးများထံမှ ညွှန်ကြားချက် ရယူပြီးနောက် ခေါင်းဆောင်များက အကြီးအကျယ် ပြုပြင်ပြောင်းလဲမှုများ လုပ်ဆောင်ရန် ဆုံးဖြတ်လိုက်ကြပြီး၊ ဤသည်ကိုပင် ကြော်ငြာတစ်ခုအဖြစ် အသုံးချလိုက်ကြတော့သည်။

Sohuရုပ်သံလိုင်းက ထိုဗီဒီယိုကို ပြသ၍ ကြိုတင် အပူပေးနေချိန်တွင်၊ Sinaသတင်းကလည်း ဟာပင်းသည် ခရီးသွားများ၏ အကြံပြုချက်အရ ခရီးသွား နယ်မြေများကို ပြုပြင်ပြောင်းလဲနေကြောင်း သတင်းကို တစ်ပြိုင်နက်တည်း ဖော်ပြခဲ့သည်။ Sohuဗီဒီယိုတွင်လည်း ဟာပင်း ခေါင်းဆောင်တစ်ဦး၏ အင်တာဗျူး ပါဝင်နေပြီး ခရီးသွားများ၏ အကြံပြုချက်မျိုးစုံကို ကြိုဆိုပါကြောင်း၊ မြို့သားများအနေဖြင့်လည်း မြို့တော်ဝန်၏ စာတိုက်သေတ္တာတွင် အကြံပြုနိုင်ပါကြောင်း စသဖြင့် ထည့်သွင်းထားသည်။

မကောင်းသော ကိစ္စတစ်ခုသည် တကယ့်ကို ကောင်းမွန်သော ကိစ္စတစ်ခုအဖြစ် ပြောင်းလဲသွားခဲ့သည်။ ဤသတင်းများ ထွက်ပေါ်လာသည့် အခါတွင်မူ ဟာပင်း၏ ဂုဏ်သတင်းမှာလည်း အတော်လေး မြင့်တက်လာခဲ့ရသည်။

"အမေ... ဘာလို့ ဒါကို ကြည့်နေတာလဲ၊ ဟိုချန်နယ်ကို ပြောင်းလိုက်ပါဦး။ 'လူငယ် ပေါင်ချိန်'ပြန်ပြနေတာကို" အလယ်တန်း ကျောင်းသားအရွယ် လူငယ်တစ်ဦးက ပြောလိုက်သည်။

"ပြန်ပြနေတာက ဘာကြည့်လို့ ကောင်းမှာလဲ။ မင်း ဒီအစီအစဉ်ကို ကြည့်လိုက်ဦး၊ တော်တော်လေး စိတ်ဝင်စားဖို့ ကောင်းတယ်"

"ဒါက ဘာမို့လို့လဲ၊ ခရီးသွား အစီအစဉ်ပဲ မဟုတ်လား။ အဲ... ဒီအမျိုးသမီးကို ကျွန်တော် မှတ်မိတယ်။ ဟို အင်တာနက်ပေါ်မှာ ပြောနေကြတဲ့ ဟာပင်းရဲ့ ခရီးသွားလုပ်ငန်းကို အကြီးအကျယ် ထိခိုက်အောင် လုပ်တဲ့သူ မဟုတ်လား"

"ဘာ ခရီးသွားလုပ်ငန်းကို ထိခိုက်အောင် လုပ်တာလဲ၊ ဒါက ခရီးသွား အစီအစဉ်ပဲလေ။ မင်း ကြည့်လိုက်ဦး... ဟို ရေခဲမီးအိမ်တွေရော၊ နှင်းပန်းပုတွေရော... ဘယ်လောက် လှသလဲလို့"

"ဒါပေမဲ့ အမေ... သူမက ခရီးသွားနေရာက ဆိုင်အချို့က ဈေးတင်တယ်လို့ ပြောနေတာလေ၊ ပြီးတော့ အသုံးအဆောင် အချို့ကလည်း မလုံခြုံဘူးတဲ့"

"အဲဒါ သူ ပြောတာ မှန်တာပဲလေ။ မနှစ်က ငါတို့ ခရီးထွက်တုန်းက အဲဒီက စားသောက်ဆိုင်တွေ ဈေးဘယ်လောက် ကြီးသလဲဆိုတာ မင်း မမှတ်မိတော့ဘူးလား"

နှစ်ဦးသား စကားပြောရင်း တီဗွီကို ကြည့်နေကြရာ၊ ထိုကျောင်းသားလေးသည်ပင် ဤအစီအစဉ်ထဲသို့ မသိမသာ စိတ်ဝင်စားသွားမိသည်ကို သတိမထားမိလိုက်ပါချေ။

"ချန်နယ် မပြောင်းနဲ့လေ၊ ငါ သေသေချာချာ ကြည့်နေတာကို"

"အဖေ... CCTV-2 ကို ပြောင်းကြည့်ပါဦး။ အစီအစဉ်သစ် 'တရုတ်ပြည် ခရီးသွား လမ်းညွှန်'တဲ့၊ အင်တာနက်မှာ အရမ်းကြည့်ကောင်းတယ်လို့ ပြောနေကြတာ"

"ဘယ်လို အစီအစဉ်သစ်မို့လို့ ဒီလောက် ကြည့်ကောင်းနေရတာလဲ၊ ငါ ကြည့်နေတဲ့ အစီအစဉ်ကလည်း ကြည့်ကောင်းတာပဲလေ"

"အဖေ ကြည့်နေတာက မနက်ဖြန် ပြန်ပြတာကို ကြည့်လို့ ရတာပဲ၊ ဒါက ပထမဆုံး ပြတာဆိုတော့ လက်လွတ်မခံနိုင်ဘူး။ ဪ... ဒါနဲ့ အဲဒီထဲမှာ အဖေ အရမ်းသဘောကျတဲ့ လီချန်ဆိုတဲ့ ကောင်လေးလည်း ပါတယ်နော်"

"ပေါက်ကရတွေ... ငါက ဘယ်တုန်းက သူ့ကို သဘောကျလို့လဲ၊ မင်းပဲ သဘောကျတာ မဟုတ်လား။ မင်းသာ အဲဒီလိုမျိုး သားမက်တစ်ယောက် ရရင်တော့ အဖေ ဝမ်းသာမှာပေါ့။ ထားလိုက်ပါတော့... ကြည့်ကြတာပေါ့"

"ဒါက ဘယ်လို အစီအစဉ်လဲဟ၊ ရိုက်ထားတာကလည်း တော်တော် ညံ့တာပဲ။ ကြည့်ပါဦး... ကင်မရာက တုန်နေတာပဲ"

"ဒါက သူတို့နှစ်ယောက် ကိုယ်တိုင်ရိုက်တာလေ၊ ဘယ်လိုလုပ်ပြီး ပညာရှင်တွေနဲ့ သွားယှဉ်လို့ ရမှာလဲ။ ပြီးတော့ သူတို့ ပြောထားတယ် မဟုတ်လား၊ Songjiangက ထုတ်တဲ့ DV နှစ်လုံး ဝယ်ပြီး ကိုယ့်ဘာသာ အပျော်ရိုက်ထားတာလို့။ ကြည့်လိုက်ဦး... ပုံရိပ်တွေကလည်း အတော်လေး ကြည်လင်နေတာပဲ မဟုတ်လား"

"မင်းပြောတာက ဒါက သာမန် DV နဲ့ ရိုက်ထားတာ ဟုတ်လား… ရုပ်သံဌာနသုံး ကင်မရာကြီးတွေ မဟုတ်ဘူးပေါ့။ မိန်းမ... ဒါဆို ငါတို့လည်း တစ်လုံးလောက် ဝယ်ရအောင်လေ။ နောက်တစ်ခါ ငါတို့ ခရီးထွက်ရင် ငါ မင်းကို ရိုက်ပေးမယ်၊ ဒီကောင် ရိုက်တာထက် ပိုကောင်းစေရမယ်လို့ ငါ အာမခံတယ်"

"ကြွားလိုက်တာတော့။ ဒါပေမဲ့ တစ်လုံး ဝယ်တာကတော့ မဆိုးပါဘူး၊ ငါတို့ သားလေး ကြီးပြင်းလာတဲ့ မှတ်တမ်းလေးတွေ ရိုက်ထားလို့ ရတာပေါ့"

"ဟေ့... ဟို အမျိုးသမီး တင်ဆက်သူက တော်တော် ချောတာပဲနော်၊ ဟာပင်းသူလို့ ကြားတယ်" လူငယ်တစ်ဦးက မပြောဘဲ မနေနိုင် ဖြစ်နေသည်။

"တော်စမ်းပါ၊ အမျိုးသား တင်ဆက်သူကမှ တကယ့်ကို ခန့်ညားတာလေ၊ အရပ်လည်း ရှည်တယ်၊ သူက ရုပ်သံမင်းသား တစ်ယောက်ပဲ" မိန်းကလေးက ပြန်လည် ချေပလိုက်သည်။

"ဒီလူနှစ်ယောက်က ကြည့်ရတာ တော်တော်လေး လိုက်ဖက်တယ်နော်"

"လျှောက်မပြောနဲ့၊ သူတို့နှစ်ယောက်က လုပ်ဖော်ကိုင်ဖက်တွေပဲ၊ အင်တာနက်မှာလည်း ပြောပြီးသား"

"ဘယ်သူ သိမှာလဲ။ ဒီအစီအစဉ်မှာ သူတို့ နှစ်ယောက်တည်း နေ့တိုင်း အတူတူ ရှိနေတာဆိုတော့ သံယောဇဉ်တွေ ငြိသွားနိုင်တာပဲလေ"

"လီချန်အကြောင်းကို အဲဒီလို မပြောနဲ့နော်" မိန်းကလေးက စိတ်တိုသွားသည်။

"ကောင်းပါပြီ... ကောင်းပါပြီ၊ မပြောတော့ဘူး။ ဒါနဲ့... နှစ်သစ်ကူး အားလပ်ရက်ကျရင် ငါတို့လည်း ဟာပင်းကို သွားလည်ရအောင်လေ။ ငါ ဒီလောက် အသက်ကြီးတဲ့အထိ တကယ့် နှင်းတွေ၊ ရေခဲတွေကို တစ်ခါမှ မမြင်ဖူးသေးဘူး"

"အဲဒါဆို ငွေအများကြီး ကုန်မှာ မဟုတ်ဘူးလား"

"ဘယ်လောက် ကုန်မှာမို့လို့လဲ၊ ဒီမှာ ခရီးသွား လမ်းညွှန်တွေ အကုန် ဆွဲပေးထားတာပဲလေ။ ငါတို့တွေ အလကားနေရင်း ငွေအပို ကုန်မှာ မဟုတ်ပါဘူး"

"ဒါဆိုရင်တော့... ကောင်းပြီလေ။ ဒီတနင်္ဂနွေကျရင် ငါတို့ အနွေးထည် နှစ်စုံ သွားဝယ်ကြတာပေါ့၊ ဟိုရောက်လို့ အအေးမိနေရင် ခက်မယ်" မိန်းကလေးသည် ဘာတွေ ဝယ်ရမည်ကို လက်ချိုး ရေတွက်နေတော့သည်။

ထိုလူငယ်ကတော့ ခိုး၍ ပြုံးနေမိသည်။ ခရီးသွားရင် သူတို့ နှစ်ယောက်တည်း မဟုတ်ပါလား။ ဖြစ်သင့်တာတွေရော၊ မဖြစ်သင့်တာတွေပါ အကုန်လုံး ဖြစ်သွားလို့ ရနိုင်တာပေါ့...။

"မနေ့က ကြည့်ရှုနှုန်းစာရင်း ထွက်လာပြီလား"

"ထွက်လာပါပြီ။ ခင်ဗျား ဘယ်လိုမှ ထင်မှတ်ထားမှာ မဟုတ်ဘူး။ 'တရုတ်ပြည် ခရီးသွား လမ်းညွှန်'ရဲ့ ကြည့်ရှုနှုန်းက တကယ့်ကို အံ့သြစရာ ကောင်းလွန်းပါတယ်"

ရုပ်သံဌာနမှူးကျာသည် ကြည့်ရှုနှုန်း စာရင်းကို ယူကြည့်လိုက်ရာ - "ဘာ... တစ်ချိန်တည်းမှာ ပြသနေတဲ့ တခြား အစီအစဉ်တွေထက် ကြည့်ရှုနှုန်းက ပိုမြင့်နေတာလား၊ CCTV-1 ထက်တောင် မြင့်နေတာလား"

******

All Chapters