အခန်း (၁၃၃၇-၁၃၃၉)
Vol. 91 Ch. 1337-1339
အခန်း (၁၃၃၇) ဒါက ဘာလုပ်မလို့လဲ။
"ဘာပြောလိုက်တယ်။ ငါတို့ CCTVရုပ်သံလိုင်းမှာ ငွေအမြောက်အမြား အကုန်ခံပြီး ထည့်ထားတဲ့ ကြော်ငြာတွေကို ဖြုတ်ချလိုက်ပြီ ဟုတ်လား။ ဘာဖြစ်လို့လဲ”
"မစ္စတာဂျွန်... တစ်ဖက်က ပေးတဲ့ အဖြေကတော့ ကျွန်တော်တို့ရဲ့ ကြော်ငြာတွေမှာ မမှန်မကန် ဖော်ပြချက်တွေ ပါဝင်နေပြီး ကြော်ငြာဥပဒေကို ချိုးဖောက်နေလို့ပါတဲ့"
"ယုတ်မာလိုက်တာ။ ငါ CCTV ကို လျော်ကြေး ပြန်တောင်းမယ်။ ဒီကိစ္စကို အကြီးအကျယ်ဖြစ်အောင် လုပ်လိုက်၊ ဒါမှ ငါတို့ ထုတ်ကုန်တွေရဲ့ လူသိများမှုကလည်း တက်လာမှာဖြစ်သလို ကြော်ငြာခတွေကိုလည်း နှစ်ဆ ပြန်ရမှာ!" ဂျွန်က ဒေါသတကြီး အော်ဟစ်လိုက်သည်။
"မစ္စတာဂျွန်... ကိစ္စက အခုတင် အကြီးအကျယ် ဖြစ်နေပါပြီ။ ဘာလို့လဲဆိုတော့ CCTV က ကျွန်တော်တို့ကို လျော်ကြေး ပြန်တောင်းထားလို့ပါ။ စာချုပ်အရ အကယ်၍ ကျွန်တော်တို့ ကြော်ငြာက ဥပဒေနဲ့ မညီဘဲ CCTV ရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေရင် သူတို့မှာ လျော်ကြေးတောင်းပိုင်ခွင့် ရှိပါတယ်"
ဂျွန်တစ်ယောက် ကြောင်အမ်းသွားခဲ့ရသည်။ ဤ တရုတ်ပြည်ရဲ့ CCTV က ဘယ်လိုတောင် ရဲတင်းနေရတာလဲ။ ငါတို့က ပြည်ပကုမ္ပဏီတွေလေ၊ သူတို့တွေ နိုင်ငံတကာ ဂယက်ရိုက်ခတ်မှုကို မကြောက်ကြဘူးလား။
တရုတ်ပြည်ဟာ အခုအချိန်မှာ ပြည်ပရင်းနှီးမြှုပ်နှံမှုတွေကို ဖိတ်ခေါ်ပြီး စီးပွားရေး တိုးတက်အောင် လုပ်နေတာ မဟုတ်လား။ သူတို့ ဒီလို လုပ်လိုက်ရင် နောက်ဆို ဘယ်သူကများ လာပြီး ရင်းနှီးမြှုပ်နှံတော့မှာလဲ။ ဒါဟာ CCTV ရဲ့ သဘောထားလား၊ ဒါမှမဟုတ် တရုတ် အထက်လူကြီးတွေရဲ့ သဘောထားလား။
"ဒါနဲ့ မစ္စတာဂျွန်... ငါတို့နဲ့ ပုံစံတူ ကြုံနေရတဲ့ ကုမ္ပဏီတွေလည်း ရှိပါသေးတယ်။ အဲဒီထဲမှာ ဓာတုဗေဒ လူသုံးကုန်၊ စားသောက်ကုန်၊ ဆေးဝါးနဲ့ အားဆေး ထုတ်လုပ်တဲ့ ကုမ္ပဏီတွေ အစုံပါဝင်နေပါတယ်"
ဂျွန်မျက်မှောင်ကြုတ်သွားသည်။ ထုတ်ကုန်တွေက တစ်မျိုးစီ ဖြစ်နေတာဆိုတော့ ဒါဟာ တရုတ်ပြည်က ထုတ်ကုန် အမျိုးအစား တစ်ခုခုကို တမင် နှိမ်ချင်တာလို့ ပြောရခက်နေသည်။
"အဲဒီ ထုတ်ကုန်တွေ အကုန်လုံးကလည်း ကြော်ငြာမှာ ပြဿနာ ရှိနေလို့လား”
"ဟုတ်ပါတယ်၊ CCTV ရဲ့ ဝဘ်ဆိုက်မှာ အဲဒီအကြောင်းကို ကြေညာထားပါတယ်။ တစ်ချိန်တည်းမှာပဲ Sinaဝဘ်၊ Sohuဝဘ် အပါအဝင် အွန်လိုင်း ကုမ္ပဏီ အတော်များများကလည်း ငါတို့ ထုတ်ကုန် ကြော်ငြာတွေကို ဖြုတ်ချလိုက်ပြီး လျော်ကြေးတောင်းဖို့ တရားဝင် လျှောက်ထားလာကြပါတယ်"
ဂျွန်သည် ဒေါသထွက်လွန်းသဖြင့် သူကိုင်ထားသော စမ်းသပ်ကလောင်တံကို 'ခရက်' ခနဲ မြည်အောင် ချိုးပစ်လိုက်ရာ၊ ကလောင်မှင်များ လက်ပေါ်တွင် ပေပွသွားသည်ကိုပင် သူ သတိမထားမိပါချေ။
"ကုမ္ပဏီရဲ့ ဥပဒေရေးရာဌာနကို ချက်ချင်း ပြင်ဆင်ခိုင်းလိုက်။ CCTV ရော၊ ဟို အွန်လိုင်း ကုမ္ပဏီတွေနဲ့ပါ တရားဆိုင်မယ်။ ပြီးတော့ ငါတို့လိုပဲ အခက်တွေ့နေတဲ့ တခြား ကုမ္ပဏီတွေကိုလည်း ဆက်သွယ်လိုက်၊ ငါတို့တွေ စုပေါင်းပြီး တိုက်ခိုက်ရမယ်"
လက်အောက်ငယ်သား ထွက်သွားပြီးနောက် ဂျွန်သည် ကုမ္ပဏီ ဌာနချုပ်သို့ ဖုန်းဆက်ကာ ဤကိစ္စကို အစီရင်ခံလိုက်သည်။ ဤမျှ ကြီးမားသော ကိစ္စကို သူတစ်ယောက်တည်း မဖြေရှင်းနိုင်သဖြင့် ဌာနချုပ်၏ အကူအညီကို ရယူရန် လိုအပ်လှပေသည်။
ဌာနချုပ်သို့ အစီရင်ခံပြီးနောက် ဂျွန်သည် ကားပြင်ခိုင်းလိုက်သည်။ သူ မြို့တော် အစိုးရအဖွဲ့ထံသို့ သွားရပေမည်။ ဒေသအစိုးရ၏ အကူအညီကို ရယူရမည် ဖြစ်သည်။ အကယ်၍ ကုမ္ပဏီသာ ထိခိုက်သွားပါက ဒေသအစိုးရအတွက်လည်း အရှုံးပေါ်မည် မဟုတ်ပါလား။ အခွန်ငွေတွေတင်မကဘဲ အလုပ်သမားတွေရဲ့ ကိစ္စတွေကလည်း ပြဿနာ ဖြစ်လာမှာ ဖြစ်သည်။
ဒေသ အစိုးရအနေဖြင့် သူတို့ကို မကူညီဘဲ နေလိမ့်မည်ဟု သူ မယုံကြည်ပါချေ။ အကယ်၍သာ ဒေါသထွက်အောင် လုပ်လျှင်မူ သူတို့ ကုမ္ပဏီကို တခြားနေရာသို့ ပြောင်းရွှေ့ပစ်မည် ဖြစ်သည်။ သူတို့ကို လာရောက် အခြေစိုက်စေချင်သော ဒေသအစိုးရများမှာ ဒုနှင့်ဒေးပင်။ မူလက မော်တုကို ရွေးချယ်ခဲ့ခြင်းမှာ မူဝါဒတွေ ကောင်းမွန်သောကြောင့် ဖြစ်သော်လည်း၊ ယခုအခါတွင်မူ ဤနေရာထက် ပိုကောင်းသော နေရာများ ရှိနေပြီ ဖြစ်သည်။
တစ်ချိန်တည်းမှာပင် အလားတူ ကြုံတွေ့နေရသော အခြားသော ကုမ္ပဏီများသည်လည်း တစ်ပုံစံတည်း လုပ်ဆောင်နေကြပြီး၊ ဤသို့သော ကိစ္စမျိုး ဖြစ်ပေါ်လာလိမ့်မည်ဟု မည်သူမျှ မထင်မှတ်ထားခဲ့ကြပါချေ။
"မန်နေဂျာဖုန်း... ငါတို့ ဒီတရားရင်ဆိုင်ပွဲကို သေချာပေါက် နိုင်ပါ့မလား” ဝမ်ကျစ်ရှီး က အနည်းငယ် စိုးရိမ်တကြီး မေးမြန်းလိုက်သည်။
ဥပဒေရေးရာများနှင့် ပတ်သက်၍ သူတို့ သိပ်ပြီး မကျွမ်းကျင်သော်လည်း၊ ယခု လုပ်ဆောင်ချက်မှာ သူတို့၏ ဝဘ်ဆိုက်ဘက်မှ အကျိုးအကြောင်း မခိုင်လုံသယောင် သူ ခံစားနေရသောကြောင့် ဖြစ်သည်။
"စိတ်ချပါ၊ အနည်းဆုံးတော့ ငါတို့ မရှုံးစေရဘူး။ တရားရင်ဆိုင်တာကို အချိန်အကြာကြီး ယူမယ့် ပုံစံမျိုးနဲ့ ပြင်ဆင်ထားကြ။ သုံးနှစ်၊ ငါးနှစ်လောက်ဆိုရင် သူတို့ကို အလဲလဲအကွဲကွဲ ဖြစ်သွားအောင် လုပ်ဖို့ လုံလောက်ပါတယ်။ တကယ်တမ်းကျတော့ တစ်နှစ်လောက်ဆိုရင်တောင် သူတို့တွေ ဒီဆုံးရှုံးမှုကို ခံနိုင်မှာ မဟုတ်တော့ဘူး"
"ဆုံးရှုံးမှု။ ဘာလို့ ဆုံးရှုံးမှု ရှိမှာလဲ။ သူတို့တွေက 'နစ်နာသူ' ပုံစံမျိုး လုပ်ပြီး ပြည်သူတွေရဲ့ သနားမှုကို ယူနိုင်သလို၊ ဒေသ အစိုးရကို သုံးပြီး ငါတို့ကို ဖိအားပေးလာနိုင်တယ်လေ။ ငါတို့က အစိုးရနဲ့ ထိပ်တိုက် ရင်ဆိုင်ကြမှာလား” မားဟွားထန်က မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။
"ဘယ်သူက အစိုးရနဲ့ ထိပ်တိုက် ရင်ဆိုင်မယ် ပြောလို့လဲ။ သူတို့က ဒေသ အစိုးရကို ရှာနိုင်ရင် ငါလည်း ရှာနိုင်တာပဲလေ။ မင်းရဲ့အမြင်အရ ဒေသ အစိုးရက ဘယ်သူ့မျက်နှာကို ပိုကြည့်မယ် ထင်လဲ။ သူတို့ ကတိပေးတာတွေကို ငါလည်း လုပ်ပေးနိုင်တယ်၊ ဒါပေမဲ့ ငါ ကတိပေးတာတွေကိုတော့ သူတို့ သေချာပေါက် လုပ်နိုင်မှာ မဟုတ်ဘူး"
"ပြီးတော့ ဒီကုမ္ပဏီတွေဟာ အစတုန်းက ဖက်စပ်စာချုပ်တွေ ချုပ်ခဲ့တုန်းက နည်းလမ်းမျိုးစုံ သုံးပြီး ငါတို့ရဲ့ အမှတ်တံဆိပ်တွေကို လိမ်ယူသွားခဲ့ကြတာ၊ ဒါမှမဟုတ် ဖျောက်ပစ်ခဲ့ကြတာလေ။ အဲဒီ ဒေသအစိုးရတွေကရော ဒါကို တကယ်ပဲ မကျေမနပ် မဖြစ်ဘူးလို့ မင်း ထင်နေတာလား။ သူတို့ရဲ့ အမျိုးသား အမှတ်တံဆိပ်တွေဟာ အဲဒီနိုင်ငံခြားသားတွေရဲ့ လက်ထဲ ရောက်သွားတာကို ကြည့်ပြီး နောင်တ မရကြဘူးလား”
"အဲဒီတုန်းက ခေတ်စနစ်ကြောင့်သာ ငါတို့က ပြည်ပရင်းနှီးမြှုပ်နှံမှု ဖိတ်ခေါ်ဖို့အတွက် မတတ်သာဘဲ ဖက်စပ်လုပ်ခဲ့ကြရတာ။ ဒါပေမဲ့ အဲဒီ နိုင်ငံခြားသားတွေက တရုတ်လူမျိုးတွေဟာ နှုတ်ကတိကို အလေးထားတတ်တာကို အခွင့်ကောင်းယူပြီး ကတိတွေ အများကြီး ပေးခဲ့ပေမဲ့ တကယ်တမ်းမှာ တစ်ခုမှ မတည်ခဲ့ကြဘူး။ သူတို့ရဲ့ လှည့်စားမှုကို ခံခဲ့ရတဲ့ ခေါင်းဆောင်တွေက အဲဒီအရင်းရှင်တွေကို မောင်းထုတ်ပစ်ဖို့ တစ်ခါမှ မစဉ်းစားခဲ့ဖူးဘူးလို့ မင်း ထင်နေတာလား”
မူလက ဖက်စပ်လုပ်ကိုင်စဉ်က တရုတ်အရာရှိများသည်လည်း အခြေအနေများစွာကို ညှိနှိုင်းခဲ့ကြသော်လည်း၊ တစ်ဖက်လူက ကတိကို မတည်ဘဲ စာချုပ်ပါ ဟာကွက်များကို အသုံးချကာ အစိုးရကိုပင် ပြန်လည် ခြိမ်းခြောက်ပြီး အလျှော့ပေးခိုင်းခဲ့ကြခြင်း ဖြစ်သည်။
ခင်ဗျားတို့က အရင် စလုပ်နိုင်ရင်၊ ငါတို့ကလည်း ပြန်တုံ့ပြန်နိုင်တာပေါ့။
"ထပ်ပြီး ပြောရရင်... ဘယ်သူက ငါတို့ဘက်က အကျိုးအကြောင်း မခိုင်လုံဘူး ပြောလို့လဲ။ ငါတို့က ဥပဒေအတိုင်း လုပ်တာလေ၊ ဒါဟာ ဥပဒေကြောင်းအရ မှန်ကန်တယ်။ သူတို့က ဥပဒေ ချိုးဖောက်တယ်၊ ငါတို့က စာချုပ်အတိုင်း လျော်ကြေးတောင်းတယ်၊ ဒါက ဘာမှားနေလို့လဲ။ ပြီးတော့ ငါ ပြောပြီးပြီပဲ၊ ရှေ့နေအဖွဲ့ကို ငါပဲ တာဝန်ယူမယ်။ တရုတ်လူမျိုးတွေဟာလည်း ဥပဒေကို အသုံးချပြီး မိမိတို့ရဲ့ အခွင့်အရေးကို ကာကွယ်တတ်တယ်ဆိုတာ သူတို့ သိသွားစေရမယ်။ သူတို့ ထင်သလို အလွယ်တကူ လှည့်စားလို့ရတဲ့ လူတွေ မဟုတ်ဘူးဆိုတာကိုပေါ့!"
"မန်နေဂျာဖုန်း... မင်းက သူတို့ကို မောင်းထုတ်ချင်တာလား။ ဒါပေမဲ့ မောင်းထုတ်လိုက်ရင် အဲဒီ ကုမ္ပဏီတွေက ဘယ်လိုလုပ်မလဲ၊ အလုပ်သမားတွေကော ဘယ်လို ဖြစ်သွားမလဲ”
"ငါက အဲဒီလုပ်ငန်းတွေကို လွှဲပြောင်းယူမယ်။ ကုမ္ပဏီတွေကို ဒေဝါလီ မခံစေရဘူးလို့ ငါ အာမခံသလို၊ အရင်ထက် ပိုကောင်းအောင်လည်း လုပ်ပေးမယ်"
သူတို့သည် တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီး ခေါင်းခါလိုက်ကြသည်။ ဖုန်းယွီသည် ထိုကုမ္ပဏီများကို ဝါးမြိုချင်နေသည်ဟု ဆိုလျှင်လည်း မဟုတ်သေးပါချေ။ ဖုန်းယွီ၏ ကြွယ်ဝမှုနှင့်ဆိုလျှင် ဈေးကြီးပေးကာ တိုက်ရိုက် ဝယ်ယူလိုက်လျှင်ပင် ရသည် မဟုတ်ပါလား။ သူ၏ကုမ္ပဏီ နယ်မြေချဲ့ထွင်တုန်းကလည်း ထိုအတိုင်းပင် လုပ်ဆောင်ခဲ့သည် မဟုတ်ပါလား။
ဖုန်းယွီသည် အဘယ်ကြောင့် ဤမျှ ကြီးမားသော အခက်အခဲများကို ရင်ဆိုင်ကာ ဤသို့ လုပ်ဆောင်နေရသနည်းဆိုသည့် အကျိုးကျေးဇူးကို ၎င်းတို့ မမြင်နိုင်ကြပါချေ။ ဤလုပ်ဆောင်ချက်အတွက် အသုံးပြုရမည့် လူမှုရေး အင်အားများကတင် တန်ဖိုး မည်မျှ ရှိမည်နည်း။
ထိုပြည်ပကုမ္ပဏီများမှ ခေါင်းဆောင်များသည် ဒေသ အစိုးရ၏ တာဝန်ခံများကို သွားရောက် ရှာဖွေခဲ့ကြသော်လည်း မည်သူတစ်ဦးတစ်ယောက်နှင့်မျှ ဆုံတွေ့ခွင့် မရရှိခဲ့ပါချေ။ ခေါင်းဆောင်များ အားလုံးက အလုပ်များနေသည်ဟူသော အကြောင်းပြချက်ဖြင့် ရှောင်လွှဲနေခဲ့ကြသည်။
ဒေသအစိုးရသည် ဤကိစ္စကို ကြိုတင်သိရှိနေခဲ့ကြောင်း သူတို့ ရိပ်မိလိုက်ကြပြီး၊ ထိုအခါမှသာ ကိစ္စက ပိုကြီးမားကြောင်း သဘောပေါက်သွားကြသည်။ မည်သည့် အကြောင်းရင်းကြောင့် ဒေသအစိုးရသည် သူတို့ဆီမှ ရရှိမည့် အခွန်ငွေနှင့် အလုပ်အကိုင် အခွင့်အလမ်းများကို စွန့်လွှတ်ပြီး သူတို့ကို အသေသတ်ရန် ကြိုးပမ်းနေရသနည်း။
အကယ်၍ သူတို့ ကုမ္ပဏီများ ပျက်စီးသွားပါက ဒေသ အစိုးရအတွက်လည်း နစ်နာမည် မဟုတ်ပါလား။ ကျန်ရစ်မည့် အရှုပ်ထုပ်ကြီးကို ၎င်းတို့ ခေါင်းမကိုက်ကြဘူးလား။
ဟင်း... ငါတို့ကို လာခိုင်းတုန်းကတော့ စကားကောင်းတွေ ပြောခဲ့ကြပြီး၊ အခု ကိစ္စလေး ရှိတာနဲ့ ရှောင်နေကြတယ်ပေါ့။
သူတို့သည် အစောပိုင်းက လာရောက်ခဲ့စဉ်က ကတိများစွာ ပေးခဲ့သော်လည်း အများစုကို မတည်ခဲ့ကြသည်ကိုမူ မေ့လျော့နေခဲ့ကြသည်။ ထို့ပြင် သူတို့က တရုတ်ကုမ္ပဏီများ၏ ပိုင်ဆိုင်မှုများကို တဖြည်းဖြည်း ဝါးမြိုလာခြင်းကလည်း အရာရှိများ၏ သည်းခံနိုင်စွမ်းကို ကျော်လွန်သွားစေခဲ့ခြင်း ဖြစ်သည်။
ထိုအရာရှိများသည် မိမိတို့သည် မူလက ကောင်းမွန်နေသော စက်ရုံများကို နိုင်ငံခြားသားများထံ ရောင်းချပစ်ခဲ့သည်ကို မိမိတို့၏ အလုပ်သမားများနှင့် ပြည်သူများက သိသွားမည်ကို အလွန်ပင် ကြောက်ရွံ့နေကြသည်။ စက်ရုံ အလုပ်သမား အများအပြားမှာမူ လက်ရှိ အချိန်အထိ ကုမ္ပဏီသည် ဖက်စပ်လုပ်ငန်း ဖြစ်နေသေးပြီး နိုင်ငံတော်က စကားပြောပိုင်ခွင့် ရှိနေသေးသည်ဟု ထင်မှတ်နေကြဆဲ ဖြစ်ကာ၊ ပြည်ပလုပ်ငန်းရှင် တစ်ဦးတည်းပိုင် ဖြစ်သွားသည်ကို လုံးဝ မသိရှိကြပါချေ။
သို့သော်လည်း ဒေသခေါင်းဆောင်များက မတွေ့ချင်ရုံနှင့် မတွေ့ဘဲ နေနိုင်ပါမည်လား။ ထိုသူများ တွေ့ချင်လာအောင် မဖြစ်မနေသော အကြောင်းပြချက်တစ်ခု ပေးရပေတော့မည်။
******
အခန်း (၁၃၃၈) အသုံးချခံ အလုပ်သမားများ
"Boss... အခြေအနေက တကယ်ကြီးသွားပြီ၊ အဲဒီ ကုမ္ပဏီတွေ သပိတ်မှောက်ကုန်ကြပြီ" ဝူကျိကန်းသည် ဖုန်းယွီ၏ ရှေ့တွင် ရပ်ကာ အစီရင်ခံလိုက်သည်။ သူ၏ မျက်နှာတွင် ပျာယာခတ်နေသော အရိပ်အယောင်များ ရှိနေသော်လည်း၊ အစီရင်ခံသည့် စကားလုံးများမှာမူ ထစ်ငေါ့ခြင်း မရှိဘဲ ရှင်းလင်းနေဆဲ ဖြစ်သည်။
ဖုန်းယွီနောက်တွင် အချိန်အတော်ကြာ လိုက်ပါခဲ့ပြီးနောက်၊ ကိစ္စအကြီးအသေး အမျိုးမျိုးကို ကြုံတွေ့ခဲ့ဖူးသဖြင့် လောကဓံ အနိမ့်အမြင့်များကြားတွင် စကားကို တည်ငြိမ်စွာ အစီရင်ခံနိုင်စွမ်း ရှိနေပြီ ဖြစ်သည်။
"ဘယ်ကုမ္ပဏီတွေလဲ” ဖုန်းယွီက အေးအေးလူလူပင် ပြန်လည် မေးခွန်းထုတ်လိုက်သည်။
"အားလုံးပါပဲ။ CCTVရုပ်သံလိုင်းကနေ အရေးယူခံလိုက်ရတဲ့ ထုတ်ကုန်တွေပိုင်တဲ့ ကုမ္ပဏီတွေ အားလုံးပါပဲ။ သူတို့တွေက တိုင်ပင်ထားသလိုမျိုးပဲ။ အလုပ်သမားတွေက ကုမ္ပဏီ စီမံခန့်ခွဲသူတွေရဲ့ ဦးဆောင်မှုနဲ့အတူ သပိတ်မှောက် ဆန္ဒပြနေကြတယ်။ မြို့တော်ဝန်နဲ့ အတွင်းရေးမှူးတွေကို တွေ့ခွင့်တောင်းနေကြတာပါ"
ဖုန်းယွီသည် မျက်ခုံးတစ်ချက် ပင့်လိုက်မိသည်။ သူ၏ မျက်နှာတွင်ကား အံ့သြဖွယ် ကောင်းလောက်အောင်ပင် ပျော်ရွှင်သော အပြုံးတစ်ခု ပေါ်ထွက်လာခဲ့သည်။ "တကယ့်ကို ကောင်းတာပေါ့။ Sinaတို့၊ Tencent တို့ကို သတင်းတက်ခိုင်းလိုက်ပါ။ လူတွေ သိသွားအောင် လုပ်လိုက်စမ်း... သူတို့ ဘာကြောင့် သပိတ်မှောက်တာလဲ၊ ဘယ်သူက ဦးဆောင်နေတာလဲ ဆိုတာကိုပေါ့"
"အလုပ်ရှင်... ကျွန်တော်တို့က ဒီကိစ္စကို ပိုကြီးအောင် လုပ်ဦးမလို့လား” ဝူကျိကန်း မျက်လုံးပြူးသွားသည်။ သူ၏အလုပ်ရှင်သည် ဤကိစ္စကို အားမရသေးသယောင် ရှိနေသည် မဟုတ်ပါလား။
"မှန်တယ်။ ငါက ကိစ္စက သေးနေမှာကိုပဲ ကြောက်တာ" ဖုန်းယွီက ဆိုလိုက်သည်။ "ကိစ္စမရှိရင်လည်း နေပါစေ၊ ရှိလာရင်တော့ အကြီးကြီး ဖြစ်တာကို မကြောက်ဘူး" ဟူသော သူ၏ အတွေးအခေါ်အတိုင်း တစ်ဖက်လူ၏ အားကို ပြန်လည် အသုံးချရန် သူ ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။
ခင်ဗျားတို့က ကိစ္စကို အကြီးအကျယ်ဖြစ်အောင် လုပ်ပြီး လူအများရဲ့ အာရုံစိုက်မှုကို ယူချင်တာလား။ ဒါဆိုရင်လည်း အဲဒီထက် ပိုကြီးအောင် ငါ လုပ်ပေးမှာပေါ့၊ လူတွေ ပိုပြီး သိသွားတာပေါ့။ တကယ်လို့ ကိစ္စတွေက ထိန်းမရအောင် ဖြစ်သွားခဲ့ရင်တောင် ဤအပြစ်ကို ဖုန်းယွီကိုယ်တိုင် ခံယူရန် အဆင်သင့် ဖြစ်နေသည်။
မည်သို့ပင်ဖြစ်စေ ပြည်ပနိုင်ငံများတွင် ဖုန်းယွီသည် ငွေတစ်ပြားမှ မလှူသဖြင့် နိုင်ငံခြားသားများ၏ သိသိသာသာရော၊ မသိမသာပါ ဆဲဆိုခြင်းကို အကြိမ်ကြိမ် ခံနေရသူ မဟုတ်ပါလား။ သို့သော် တရုတ်ပြည်တွင်မူ သူ၏ လှူဒါန်းမှုမှာ သမိုင်းတွင် အများဆုံး ဖြစ်နေခဲ့ပြီး၊ နောင်အနာဂတ်တွင်လည်း သူ့ကို ကျော်ဖြတ်နိုင်သူ ရှိလိမ့်မည် မဟုတ်ပါချေ။ လှူဒါန်းမှုဆိုသည်မှာ မိမိ၏ မိခင်နိုင်ငံအတွက်သာ အဓိက ထားရမည် မဟုတ်ပါလား။
ကိစ္စတွေ အကြီးအကျယ် ဖြစ်လာမှသာ ဖုန်းယွီအနေဖြင့် ထိုကုမ္ပဏီများကို အပြီးသတ် ချေမှုန်းနိုင်မည် ဖြစ်ကာ၊ ၎င်းတို့ ကိုယ်တိုင်တူးသည့် ကျင်းထဲသို့ ၎င်းတို့ ကိုယ်တိုင် ပြန်ကျသွားအောင် လုပ်ဆောင်နိုင်မည် ဖြစ်သည်။
"ဟေး... Sinaသတင်းကို ကြည့်လိုက်ကြဦး။ မော်တု ဓာတုဗေဒ အလုပ်သမားတွေ သပိတ်မှောက်နေကြတယ်တဲ့၊ အခြေအနေက တော်တော် ဆိုးနေတာပဲ"
"ဟဲ့... အဲဒါက ဘယ်တုန်းက သတင်းလဲ။ လွန်ခဲ့တဲ့ တစ်နာရီကတည်းက ငါ သိပြီးသား။ ပြီးတော့ ဒီတစ်ခါ သပိတ်မှောက်တာက ဒီကုမ္ပဏီ တစ်ခုတည်း မဟုတ်ဘူး။ သတင်းတွေအရဆိုရင် ကုမ္ပဏီ ဆယ်ခုကျော်လောက် ရှိတယ်၊ မတရားတဲ့ ဆက်ဆံမှုတွေ ခံနေရလို့တဲ့"
"ဒါကတော့ ဒေသအစိုးရက အသုံးမကျလို့ ဖြစ်မှာပေါ့၊ အလုပ်သမားတွေရဲ့ အသက်အန္တရာယ်ကို ဂရုမစိုက်တာလေ။ အစတုန်းက ငါ့အဖေလည်း စက်ရုံမှာ အလုပ်သမား လုပ်တာပဲ၊ နောက်ပိုင်း အလုပ်ပြုတ်သွားတော့မှ စားသောက်ဆိုင်လေး တစ်ခု ဖွင့်လိုက်တာ။ အခု စက်ရုံမှာ လုပ်တာထက် အများကြီး ပိုရှာနိုင်နေပြီ"
ဤလူ၏ အတွေးအခေါ်မှာ လူအများအပြားကို ကိုယ်စားပြုနေသည်။ ပြဿနာတစ်ခု ပေါ်ပေါက်လာသည့် အခါတွင် လူအများစုမှာ မိမိတို့ နှစ်သက်ရာ ဘက်လိုက်တတ်ကြပြီး၊ ထိုဘက်လိုက်မှုမှာ အလွယ်တကူ ထိန်းချုပ်ခံရနိုင်သော အရာပင် ဖြစ်သည်။
လူအများစုက "အမှန်တရားဘက်က ရပ်တည်မယ်" ဟု ပြောဆိုလေ့ ရှိကြသော်လည်း၊ တကယ့် လက်တွေ့တွင်မူ "ကိုယ့်လူဘက်ကပဲ ရပ်တည်တတ်ကြသည်"မှာ စိတ်ခံစားချက်ကြောင့် ဖြစ်ပေါ်လာသော ဘက်လိုက်မှုပင် ဖြစ်သည်။
မိမိနှင့် မသက်ဆိုင်သော ကိစ္စရပ်များတွင်မူ လူများသည် "သနားစိတ်" ဟူသော ခံစားချက်၏ လွှမ်းမိုးမှုကို ခံရတတ်သည်။ တစ်ဖက်ဖက်က သနားစရာ ကောင်းသည်ဟု ယူဆမိပါက ထိုသူတို့ဘက်မှ ရပ်တည်ပေးတတ်ကြရာ၊ ဤသည်ကိုပင် "အားနည်းသူဘက်က ရပ်တည်ခြင်း"ဟု ခေါ်ဆိုကြသည်။
သို့သော် အချို့သော အခြေအနေများတွင် အပြင်ပန်းတွင် အားနည်းသယောင် ပြနေသူများသည် တကယ့် အားနည်းသူများ မဟုတ်ကြပါချေ။ လူများသည် တစ်စိတ်တစ်ပိုင်းကို မြင်ရုံနှင့် ဆုံးဖြတ်ချက် ချတတ်ကြသဖြင့် အမှန်တရားကို လွဲချော်တတ်ကြသည်။ ပို၍ဆိုးရွားသည်မှာ ထိုအားနည်းသူ ဟန်ဆောင်သူများကို ကူညီခြင်းအားဖြင့် မသိမသာ ရန်သူကို အားပေးကူညီရာ ရောက်သွားခြင်းပင် ဖြစ်သည်။
ဖုန်းယွီသည် အရင်ဘဝတုန်းက ဤကဲ့သို့သော အခြေအနေမျိုးကို မြင်ဖူးသည်။ အမျိုးသမီး တစ်ဦးသည် မြေပြင်ပေါ်တွင် လူးလိမ့်ကာ ရဲတွေ လူရိုက်နေပါပြီဟု အော်ဟစ် ငိုယိုနေသဖြင့်၊ လူအများက ရဲများကို ဒေါသတကြီး ဝေဖန်ခဲ့ကြသည်။ သို့သော် ခဏအကြာ ထိုလူများ လှည့်ကြည့်လိုက်သည့် အခါတွင်မူ ထိုအမျိုးသမီးမှာ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။ ထိုအချိန်တွင် လူတစ်ဦးက တိုးတိုးလေး ပြောလာသည်မှာ - ထိုအမျိုးသမီးသည် သူ့ကို ငွေအတု ပေးခဲ့သောကြောင့် ရဲကို သူကိုယ်တိုင် ခေါ်ခဲ့ခြင်း ဖြစ်သည်ဟူ၍ ဖြစ်သည်။
ရဲများက ထိုအမျိုးသမီးကို ရိုက်နှက်ခြင်း မရှိဘဲ စစ်ဆေးမေးမြန်းရန် ခေါ်ယူခြင်းသာ ဖြစ်သော်လည်း၊ အမျိုးသမီးက ဆူညံအောင် လုပ်ကာ ထွက်ပြေးသွားခဲ့ခြင်း ဖြစ်သည်။ ထိုအခါမှသာ လူအများက ထိုအမျိုးသမီးတွင် ပြဿနာရှိနေမှန်း သိလိုက်ကြရသည်။ အကယ်၍ သူမတွင် အပြစ်မရှိပါက ဘာကြောင့် မတုံ့ပြန်ဘဲ ထွက်ပြေးရမည်နည်း။
ထို့ကြောင့် အချို့သော အခြေအနေများတွင် မျက်မြင်ကိုယ်တွေ့ ဆိုသည်မှာလည်း အမှန်တရား မဟုတ်နိုင်ပါချေ။ သို့သော် လူအများစု၏ ပထမဆုံး တုံ့ပြန်မှုမှာ မိမိတို့ မြင်တွေ့ရသည်ကိုသာ ယုံကြည်တတ်ကြခြင်း ဖြစ်သည်။
အကယ်၍ မြင်တွေ့ရသည်မှာ အမှန်တရား ဖြစ်နေမည်ဆိုပါက၊ မျက်လှည့်ပြသူများကို မည်သို့ ရှင်းပြမည်နည်း။
ထိုအလုပ်သမားများ သပိတ်မှောက်ခြင်းမှာ သူတို့အားလုံး အလိမ်အညာ ခံလိုက်ရခြင်းဖြစ်ကြောင်း ဖုန်းယွီသေချာပေါက် အာမခံနိုင်သည်။ သူတို့သည် ဘာတွေဖြစ်ပျက်နေသည်ကို လုံးဝ မသိရှိကြဘဲ၊ တစ်စုံတစ်ယောက်၏ သွေးထိုးမှုကို ခံရကာ စိတ်လှုပ်ရှားပြီး သပိတ်မှောက်လိုက်ကြခြင်းသာ ဖြစ်ပေလိမ့်မည်။
"အတွင်းရေးမှူးခင်ဗျာ... အခြေအနေက မဟန်ဘူး။ အင်တာနက်ပေါ်မှာ XX ကုမ္ပဏီက အလုပ်သမားတွေ သပိတ်မှောက်တဲ့ သတင်းတွေ အကုန် ပြန့်နေပြီ။ ငါတို့ ဒေသတွင်းမှာတော့ သတင်းကို ဖိထားနိုင်ပေမဲ့၊ အင်တာနက်ကိုတော့ ငါတို့ ဖိထားလို့ မရဘူး"
"ဟုတ်တယ် အတွင်းရေးမှူး... အဲဒီ ကုမ္ပဏီတွေမှာ ဖုန်းယွီရဲ့ရှယ်ယာတွေ ပါတယ်လို့ ပြောကြတယ် မဟုတ်လား။ ဒါပေမဲ့ ဘာလို့ ဖုန်းယွီက ဒီကိစ္စကို ဖိမထားပေးတာလဲ။ ကိစ္စက ကြီးသွားရင် ဖုန်းယွီအတွက် ဘာအကျိုးရှိမှာမို့လို့လဲ”
"မလောပါနဲ့ဦး။ ငါ ထင်တာတော့ ဒီကိစ္စက ဖုန်းယွီကိုယ်တိုင် လုပ်ခိုင်းတာလည်း ဖြစ်နိုင်တယ်။ ကိစ္စက ကြီးသွားရင် ငါတို့အတွက် ပုံရိပ် မကောင်းတာ မှန်ပေမဲ့၊ ဖုန်းယွီမှာလည်း တာဝန် ရှိနေတာပဲလေ။ သူလည်း သေချာပေါက် နည်းလမ်းရှာ ဖြေရှင်းမှာပါ။ ငါတို့ဘက်က လောစရာ မလိုသေးဘူး"
ထိုသပိတ်မှောက်နေသော ကုမ္ပဏီများသည် ၎င်းတို့ သပိတ်မှောက်နေစေကာမူ အလွန်ဆုံး တွေ့ခွင့်ရသည်မှာ ဒုတိယမြို့တော်ဝန်အဆင့်သာ ရှိပြီး၊ ပိုမို မြင့်မားသော ခေါင်းဆောင်များမှာမူ သူတို့ကို လုံးဝတွေ့ခွင့်မပေးသည်ကို တွေ့လိုက်ရသည်။ ခေါင်းဆောင်များသည် ဤသပိတ်မှောက်မှုကို မျက်စိထဲပင် ထည့်ပုံ မရပါချေ။
တစ်ခုခုတော့ မှားနေပြီ။ ဤကဲ့သို့သော ကိစ္စမျိုးသည် မည်သည့်နိုင်ငံမှာမဆို ကိစ္စကြီး တစ်ခု မဟုတ်ပါလား။ ထို့ပြင် မီဒီယာတွေကလည်း အကုန် သတင်းတင်နေကြတာလေ၊ သူတို့တွေ အထက်ကလူတွေရဲ့ အပြစ်တင်တာကို မကြောက်ကြဘူးလား။
ဤကုမ္ပဏီများသည် အားနည်းသူပုံစံမျိုး ဟန်ဆောင်ကာ စားဝတ်နေရေး ဟူသော ကြွေးကြော်သံများဖြင့် လူအများ၏ သနားမှုကို ရယူရန် ကြိုးပမ်းခဲ့ကြသည်။ အထူးသဖြင့် ထိုကုမ္ပဏီများတွင် အလုပ်လုပ်နေသော ဆွေမျိုးသားချင်း ရှိသူများက သူတို့ကို ထောက်ခံပေးခဲ့ကြသည်။
ထိုဆွေမျိုးများမှာလည်း ဘာဖြစ်နေမှန်း အမှန်အတိုင်း မသိကြပါချေ။ ကုမ္ပဏီတွေက ပြောတာကတော့ လူတွေက သူတို့ဆီက ငွေတွေကို လိမ်ယူသွားလို့ အလုပ်သမားတွေကို လစာပေးဖို့ ငွေမရှိတော့ဘူး ဆိုတာပဲ သိထားကြတာပါ။
တကယ်တော့ ဒါက ပေါက်ကရတွေပါ။ ကြော်ငြာတွေ ဖြုတ်ချခံရပြီး လျော်ကြေး အတောင်းခံရတယ် ဆိုဦးတော့၊ သူတို့ဘက်က ငွေမှ မပေးရသေးတာ၊ ဘယ်လိုလုပ်ပြီး ရန်ပုံငွေ ပြတ်လပ်သွားမှာလဲ။ အရင်က သူတို့ ငွေတွေ ဘယ်လောက်တောင် ရှာထားခဲ့သလဲ၊ အလုပ်သမားလေးတွေရဲ့ လစာလောက်ကိုတောင် မထုတ်ပေးနိုင်စရာ အကြောင်း မရှိပါချေ။
ဒေသအစိုးရကလည်း ဤအချက်ကို သိရှိထားသဖြင့် ခေါင်းဆောင်များက ရှောင်လွှဲနေခဲ့ကြခြင်း ဖြစ်သည်။
ဤကိစ္စ ဖြစ်ပွားပြီး သုံးရက်မြောက်သည့် အခါတွင်မူ အထက်လူကြီးများက အမှန်တကယ်ပင် အာရုံစိုက်လာခဲ့ကြသည်။ တစ်စုံတစ်ယောက်က ဖုန်းဆက်လာပြီး အခြေအနေကို မေးမြန်းလာခဲ့သည်။ ဤထက် ပို၍ ဆူညံနေဦးမည်ဆိုပါက ပြည်ပအထိ သတင်းတွေ ရောက်သွားတော့မည် မဟုတ်ပါလား။
ထိုအချိန်တွင် ဖုန်းယွီ၏ ပြန်လည် တိုက်စစ်ဆင်မှု စတင်ခဲ့လေပြီ။
"XX လုပ်ငန်းစုရဲ့ ကြော်ငြာတွေဟာ လက်တွေ့နဲ့ လုံးဝ ကွဲလွဲနေပြီး ကြော်ငြာဥပဒေကို ချိုးဖောက်နေပါတယ်။ သူတို့ဟာ အမှားကို ပြင်ဆင်ဖို့ မကြိုးစားတဲ့အပြင်၊ အလုပ်သမားတွေကိုပါ သွေးထိုးပြီး ဆူညံအောင် လုပ်ဆောင်နေပါတယ်။ အစိုးရက သူတို့ရဲ့ ငွေတွေကို ယူသွားတယ်၊ အစိုးရက သူတို့ရဲ့ ငွေတွေကို သိမ်းဆည်းလိုက်တယ် ဆိုတာတွေဟာ လုံးဝ မဟုတ်မမှန်တဲ့ အခြေအမြစ်မရှိတဲ့ စကားတွေသာ ဖြစ်ပါတယ်!"
"XX ကုမ္ပဏီဟာ မူလက နိုင်ငံတော်ပိုင် လုပ်ငန်း ဖြစ်ပေမဲ့၊ ပြည်ပရင်းနှီးမြှုပ်နှံမှုတွေ ဝင်လာပြီးနောက်မှာ ဖက်စပ်လုပ်ငန်း ဖြစ်သွားခဲ့ပါတယ်။ ဒါပေမဲ့ ပြည်ပလုပ်ငန်းရှင်တွေဟာ စာချုပ်ကို ဖောက်ဖျက်ပြီး ငါတို့ရဲ့ အမှတ်တံဆိပ်တွေကို သူတို့ပိုင်အဖြစ် သိမ်းပိုက်ခဲ့ကြတယ်။ သူတို့ ကုမ္ပဏီရဲ့ စီမံခန့်ခွဲမှုကို ထိန်းချုပ်ထားနိုင်တဲ့ အချိန်မှာ ကုမ္ပဏီရဲ့ ပိုင်ဆိုင်မှုတွေကို ဝါးမြိုခဲ့ကြပြီး ငါတို့ရဲ့ အမှတ်တံဆိပ်တွေကို သူတို့ ပစ္စည်းတွေ ဖြစ်အောင် လုပ်ခဲ့ကြတာပါ။ သူတို့ဟာ အမျိုးသား အမှတ်တံဆိပ်ဟူသော အမည်ကို အသုံးချပြီး ကြော်ငြာနေကြပေမဲ့၊ တကယ်တမ်းမှာတော့ အဲဒီ အမှတ်တံဆိပ်ကို ပိုင်ဆိုင်သူဟာ ပြည်ပလုပ်ငန်းရှင် စစ်စစ်တွေသာ ဖြစ်နေခဲ့ပါပြီ။ ဒါဟာ လိမ်လည်လှည့်ဖြားမှု တစ်မျိုးပါပဲ"
"သူတို့ ကုမ္ပဏီရဲ့ ပိုင်ဆိုင်မှုတွေကို ဝါးမြိုတဲ့ နည်းလမ်းတွေဟာ အဲဒီအချိန်တုန်းကတော့ ဥပဒေနဲ့ ညီညွတ်သယောင် ရှိခဲ့ပေမဲ့၊ သူတို့ဟာ ပေးထားတဲ့ ကတိတွေကို ချိုးဖောက်ခဲ့ကြသလို စာချုပ်ပါ အချက်အလက်တွေကိုလည်း ကလိခဲ့ကြပါတယ်။ အခု သူတို့တွေ ပြစ်ဒဏ်ခံရတဲ့ အခါမှာတော့ အလုပ်သမားတွေကို သပိတ်မှောက်အောင် လှုံ့ဆော်နေကြတာကလည်း ဥပဒေ ချိုးဖောက်မှု တစ်ခုပါပဲ!"
"အလုပ်သမားများအနေနဲ့ စဉ်းစားဆင်ခြင်နိုင်ကြပါစေ။ အစိုးရဟာ အဲဒီ ကုမ္ပဏီတွေနဲ့ ညှိနှိုင်းပြီး ဖြေရှင်းဖို့ ကြိုးစားနေပါတယ်။ အလုပ်သမားတွေရဲ့ လစာကို မနစ်နာစေရပါဘူး။ ဒါပေမဲ့ မကောင်းတဲ့ စိတ်ထားရှိသူတွေရဲ့ အသုံးချမှုကို ခံရပြီး၊ သူများအတွက် အသေခံပေးတဲ့သူ မဖြစ်ကြပါစေနဲ့"
သတင်းတွေဟာ အင်တာနက်ပေါ်မှာ တစ်ခုပြီးတစ်ခု ထွက်ပေါ်လာခဲ့ပြီး၊ အချို့မှာ အစိုးရ၏ တရားဝင် ဝဘ်ဆိုက်များတွင်ပင် ပါဝင်နေသည်။ နောက်ပိုင်းတွင် ဒေသ ရုပ်သံလိုင်းများကပါ သတင်းတင်လာသည့် အခါတွင်မူ၊ အလုပ်သမားများသည် သူတို့မှာ ထိုနိုင်ငံခြားသားများ၏ လိမ်လည် အသုံးချမှုကို ခံလိုက်ရခြင်းဖြစ်ကြောင်း သဘောပေါက်သွားကြလေတော့သည်။
******
အခန်း (၁၃၃၉) ထောက်ခံမှု ရရှိခြင်း
"အမလေး... ဇာတ်လမ်းက ပြောင်းပြန် ဖြစ်သွားပြီပဲ။ အလုပ်သမားတွေက အလိမ်ခံလိုက်ရတာကိုး၊ အဲဒီ နိုင်ငံခြားသားတွေက ဒီလောက်အထိ ကောက်ကျစ်စဉ်းလဲမယ်လို့ သူတို့ ဘယ်သိမှာလဲ"
"သူတို့လည်း အတာပဲလေ။ နိုင်ငံခြားသားတွေထဲမှာ လူကောင်း ဘယ်နှစ်ယောက် ရှိလို့လဲ၊ တစ်ယောက်ချင်းစီက အကုန် ယုတ်မာတဲ့သူတွေချည်းပဲ"
"အနည်းဆုံးတော့ မူထိန်လန်တို့၊ အာစူကာတို့၊ အိုဂူရာ မိဝါကို(ဂျပန် Idol တွေနဲ့ AV မင်းသမီးတွေ) တို့ကတော့ မဆိုးပါဘူးလို့ ငါထင်တာပဲ.."
ဆရာကြီး... မျိုးစေ့လေး ပေးပါဦး”
"မျိုးစေ့ တောင်းတာ +၁”
မသိမသာပင် ထိုပို့စ်၏ ခေါင်းစဉ်မှာ လမ်းကြောင်းလွဲသွားခဲ့ရသည်။ သို့သော်လည်း လူတိုင်း သဘောပေါက်သွားသည်မှာ ကိစ္စရပ်များသည် သူတို့ မူလက ထင်မှတ်ထားသကဲ့သို့ မဟုတ်ပါချေ။ အစိုးရက ယုတ်မာနေခြင်း မဟုတ်ဘဲ တရုတ်လူမျိုးတို့နှင့် ထိုက်တန်သော အရာများကို ပြန်လည်ရယူပေးနေခြင်းသာ ဖြစ်သည်။
ဤသို့ဖြင့် အစိုးရကို ထောက်ခံသူများမှာ တဖြည်းဖြည်း ပိုများပြားလာပြီး၊ ထိုကုမ္ပဏီများကို အားပေးသူများမှာမူ နည်းပါးသွားခဲ့သည်။ လူအများအပြားက နှုတ်မှနေ၍ မိမိနိုင်ငံ၏ မကောင်းကွက်များကို ပြောဆိုနေကြစေကာမူ၊ နိုင်ငံခြားသားများနှင့် ထိပ်တိုက်တွေ့သည့် အခါတွင်မူ မိမိနိုင်ငံကသာ အမြဲတမ်း မှန်ကန်နေတတ်သည် မဟုတ်ပါလား။
ဤသည်မှာ မိဘများက မိမိသားသမီးကို ရိုက်နှက်ဆုံးမနိုင်သော်လည်း၊ အခြားသူတစ်ဦးက လာရောက် ရိုက်နှက်ပါက ထိုသူနှင့် အသေအလဲ တိုက်ခိုက်မည့် သဘောမျိုးပင် ဖြစ်သည်။ နှုတ်မှ ပြောဆိုမှုများက ရင်ထဲက တကယ့် လက်တွေ့ ခံစားချက် အစစ်အမှန်ကို ဖုံးကွယ်ထား၍ မရပါချေ။
ဖုန်းယွီသည် အင်တာနက်ပေါ်မှ ဝေဖန်ချက်များကို ကြည့်ရင်း ပါးစပ်ဖျားက အနည်းငယ် တွန့်ကွေးကာ ပြုံးလိုက်မိသည်။ လူထု၏ အာရုံစိုက်မှုမှာ ပြောင်းလဲသွားခဲ့ပြီဖြစ်ရာ၊ ထိုကုမ္ပဏီများအနေဖြင့် အားနည်းသူဟန်ဆောင်ကာ သနားအောင် လုပ်ရန် ဘယ်လိုမှ မဖြစ်နိုင်တော့ပါချေ။
သို့သော် တကယ့် လက်တွေ့တွင်မူ ထိုကုမ္ပဏီများသည် ယခုအခါ အမှန်တကယ်ပင် အင်အားနည်းသော အခြေအနေသို့ ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။ ဖုန်းယွီ၏ ဤတစ်ကြိမ် လှုပ်ရှားမှုတွင် ဒေသ အစိုးရ အများအပြား၊ CCTVရုပ်သံလိုင်းနှင့် အင်တာနက် မီဒီယာများ ပါဝင်နေသဖြင့်၊ အနည်းဆုံးတော့ ပြည်တွင်း မီဒီယာများဘက်တွင် ထိုပြည်ပလုပ်ငန်းရှင်များကို တစ်ခဲနက် ဝေဖန် ပြစ်တင်နေကြပြီ ဖြစ်သည်။
သို့သော် နိုင်ငံတကာ နယ်ပယ်တွင်မူ ထိုပြည်ပလုပ်ငန်းရှင်များသည် စတင် လှုပ်ရှားလာကြပြီ ဖြစ်သည်။ ၎င်းတို့သည် ဤကိစ္စကို နိုင်ငံတကာ သတင်းတစ်ရပ် ဖြစ်အောင် လုပ်ဆောင်ခြင်းအားဖြင့် တရုတ် အထက်လူကြီးများကို အလျှော့ပေးလာအောင် ဖိအားပေးရန် စီစဉ်နေကြသည်။
တရုတ် အထက်လူကြီးများအနေဖြင့် ဤကိစ္စကို လက်ပိုက်ကြည့်နေမည် မဟုတ်ကြောင်း၊ နိုင်ငံတကာ ဂယက်ရိုက်ခတ်မှုကို ကြောက်ရွံ့လိမ့်မည်ဖြစ်ကြောင်း သူတို့က ယုံကြည်နေကြသည်။
အကယ်၍သာ တရုတ်အစိုးရသည် ပြည်ပလုပ်ငန်းရှင်များ၏ ပိုင်ဆိုင်မှုကို သိမ်းပိုက်နေသည်ဟု အထင်ခံရပါက၊ နောင်တွင် မည်သည့် ပြည်ပရင်းနှီးမြှုပ်နှံသူကများ တရုတ်ပြည်သို့ လာရောက်ဝံ့ပါဦးမည်နည်း။ တရုတ်ပြည်၏ ပြည်ပရင်းနှီးမြှုပ်နှံမှု ဖိတ်ခေါ်ရေးနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေး မဟာဗျူဟာမှာ လုံးဝ ကျရှုံးသွားမည် မဟုတ်ပါလား။
ထို့ပြင် ဤကဲ့သို့သော အမည်ဆိုးကိုသာ အတည်ပြုခံလိုက်ရပါက တရုတ်ပြည်၏ နိုင်ငံတကာ ဂုဏ်သတင်းအတွက်လည်း ကြီးမားသော ထိခိုက်မှု ဖြစ်စေမည်ဖြစ်ကာ၊ အခြားနိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်မှုများအပေါ်တွင်လည်း သက်ရောက်မှု ရှိလာနိုင်ပေသည်။
"ဒီကိစ္စကို ခင်ဗျားတို့ ဘယ်လို မြင်ကြသလဲ”
"ဒီကိစ္စက ဖုန်းယွီလုပ်ထားတာပဲ။ ဖုန်းယွီကလည်း အလေးအနက် မရှိတဲ့သူမျိုး မဟုတ်တော့၊ သူ့မှာ ဖြေရှင်းမယ့် နည်းလမ်း ရှိမှာပါ။ သူ့ကို ဆက်သွယ်ပြီး ငါတို့ဘက်က ဘယ်လို ပူးပေါင်းပေးဖို့ လိုမလဲဆိုတာ မေးကြည့်ရင် မကောင်းဘူးလား”
"ဒါပေမဲ့ အဲဒီလို လုပ်လိုက်ရင် ငါတို့က အဲဒီ နိုင်ငံခြား စီးပွားရေးသမားတွေကို တကယ်ပဲ ဒုက္ခပေးနေတယ်လို့ အတည်ပြုလိုက်သလို ဖြစ်မသွားဘူးလား။ ဒါက ငါတို့ရဲ့ နိုင်ငံတော် မူဝါဒအပေါ်မှာ ဘယ်လိုမှ ထင်မှတ်မထားနိုင်တဲ့ ထိခိုက်မှုတွေ ရှိလာနိုင်သလို၊ နိုင်ငံတော်ရဲ့ စီးပွားရေးကလည်း အကြီးအကျယ် ထိခိုက်သွားနိုင်တယ်" တစ်ဦးက စိုးရိမ်တကြီး ဆိုလိုက်သည်။
သူသည်လည်း ဤအမျိုးသား အမှတ်တံဆိပ်များကို နိုင်ငံတော်၏ ရင်ခွင်ထဲသို့၊ သို့မဟုတ် တရုတ်လူမျိုးများ၏ လက်ထဲသို့ ပြန်ရောက်စေချင်သော်လည်း၊ သူများ ပိုင်ဆိုင်သွားပြီးသား အရာကို အတင်းအဓမ္မ လုယူ၍တော့ မရပါချေ။
"ငါလည်း မန်နေဂျာဖုန်းနဲ့ ဆက်သွယ်သင့်တယ်လို့ ထင်ပါတယ်။ အနိမ့်ဆုံး အခြေအနေမှာတော့ ငါတို့က CCTV နဲ့ ဒေသ အစိုးရတွေ မှားတယ်လို့ ပြောလို့ မရဘူးလေ၊ အဲဒါက ကိုယ့်ပါးကိုယ် ပြန်ရိုက်သလို ဖြစ်မှာပေါ့။ ဒါပေမဲ့ အဲဒီ အစိုးရအဖွဲ့တွေကိုလည်း သတိပေးသင့်တယ်။ ဒီလောက် ကြီးမားတဲ့ ကိစ္စကို အထက်ကို ဘာလို့ အစီရင်ခံစာ မတင်ကြတာလဲ၊ အဲဒီလိုသာ တင်ခဲ့ရင် ငါတို့ အခုလို ဘာလုပ်ရမှန်း မသိတဲ့ အခြေအနေမျိုး ဖြစ်မှာ မဟုတ်ဘူး"
"ဒါတွေကို နောက်မှပဲ ပြောကြတာပေါ့။ ငါ့အမြင်အရတော့ ငါတို့ နိုင်ငံတကာ မီဒီယာတွေဘက်မှာ နည်းလမ်းတစ်ခုခု ရှာသင့်တယ်။ အဲဒီ ကုမ္ပဏီတွေနဲ့ နိုင်ငံတွေက ငါတို့အပေါ် မမှန်မကန် ပုတ်ခတ်နေတာကို ဒီအတိုင်း ကြည့်မနေသင့်ဘူး"
သူတို့သည် အချိန်အတော်ကြာအောင် ဆွေးနွေးခဲ့ကြပြီးနောက်၊ နောက်ဆုံးတွင် ကိုယ်စားလှယ်တစ်ဦးကို ရွေးချယ်ကာ ဖုန်းယွီနှင့် ဆက်သွယ်စေပြီး ဤကိစ္စကို အမြန်ဆုံး ဖြေရှင်းနိုင်ရန် ညွှန်ကြားခဲ့ကြသည်။
"ပေါင်ကော်မရှင်နာ ခင်ဗျား... ခင်ဗျား ဘာကို ဆိုလိုသလဲဆိုတာ ကျွန်တော် နားလည်ပါတယ်။ ဒါပေမဲ့ စိတ်ချပါ၊ ကျွန်တော်ကလည်း တရုတ်လူမျိုး တစ်ယောက်ပါပဲ၊ ဒီအချက်က ဘယ်တော့မှ ပြောင်းလဲမှာ မဟုတ်ပါဘူး။ ကျွန်တော့်ရဲ့ မိခင်နိုင်ငံကို ဒုက္ခပေးမယ့် အလုပ်မျိုး ကျွန်တော် ဘယ်တော့မှ မလုပ်ပါဘူး။ ဒီအချက်အလက်တွေကို တစ်ချက် ကြည့်ပေးပါ၊ ကျွန်တော် ပြန်လည်တိုက်စစ်ဆင်ဖို့ ပြင်ဆင်ပြီးပါပြီ။ အကယ်၍ နိုင်ငံတော်ဘက်ကသာ ပူးပေါင်းပေးမယ်ဆိုရင် အကျိုးသက်ရောက်မှုက ပိုပြီးတော့တောင် ကောင်းလာပါလိမ့်မယ်"
ဖုန်းယွီသည် စာရွက်စာတမ်း အချို့ကို ပေါင်ကော်မရှင်နာထံသို့ ကမ်းပေးလိုက်သည်။ ဤအချက်အလက်များမှာ ပြည်ပနိုင်ငံများတွင် အလားတူ အမှုအခင်းများအပေါ် ကိုင်တွယ်ဖြေရှင်းခဲ့သည့် နည်းလမ်းများ ဖြစ်ကြပြီး၊ တရုတ်ပြည်၏ ကိုင်တွယ်ပုံမှာ မည်သည့် အမှားအယွင်းမျှ မရှိကြောင်း သက်သေပြနိုင်သော အရာများ ဖြစ်သည်။
မည်သည့်နိုင်ငံမှာမဆို အလုပ်သမားများကို သပိတ်မှောက် ဆန္ဒပြအောင် သွေးထိုးလှုံ့ဆော်ခြင်းမှာ အစိုးရများ အလွန်ပင် ရွံရှာမုန်းတီးသော လုပ်ရပ် ဖြစ်သည်။ အသေးအမွှား အနေဖြင့်ကြည့်လျှင် စီးပွားရေး ကိစ္စဖြစ်သော်လည်း၊ ကြီးကြီးမားမား အနေဖြင့် ကြည့်လျှင်မူ နိုင်ငံရေးကိစ္စရပ်ပင် ဖြစ်သည် မဟုတ်ပါလား။
"မန်နေဂျာဖုန်း... ဒီအချက်အလက်တွေအရဆိုရင် ငါတို့က သူတို့ရဲ့ ကြော်ငြာတွေကို ဖြုတ်ချတာနဲ့ လျော်ကြေးတောင်းတာက အကျိုးအကြောင်း ခိုင်လုံသလို ဥပဒေနဲ့လည်း ညီညွတ်နေတာပဲ မဟုတ်လား”
ဖုန်းယွီက မျက်လုံးတစ်ချက် ဝေ့လိုက်ရင်း သေချာတာပေါ့၊ အကျိုးအကြောင်း ခိုင်လုံပြီး ဥပဒေနဲ့လည်း ညီညွတ်တာပေါ့။ ခင်ဗျားတို့က ကျွန်တော့်ကို လူမိုက်လုပ်နေတယ်လို့ ထင်နေကြတာလား”
" ကျွန်တော်တို့နိုင်ငံမှာ ဒီဘက်ပိုင်းက ဥပဒေတွေက သိပ်ပြီး မပြည့်စုံသေးတော့ သူတို့က ဟာကွက်တွေကို ရှာပြီး အမြတ်ထုတ်နိုင်တာပေါ့။ ဒါပေမဲ့ ပြည်ပမှာ၊ အထူးသဖြင့် ဥရောပနဲ့ အမေရိကဘက်မှာတော့ ဒီလိုမျိုး အမှုတွေက ဒါ ပထမဆုံးအကြိမ် မဟုတ်ပါဘူး။ သူတို့ရဲ့ အရင်က စီရင်ချက်ချခဲ့တဲ့ အတွေ့အကြုံတွေအရဆိုရင် ကျွန်တော်တို့ လုပ်ဆောင်ချက်က မှန်ကန်တယ်"
"ဒီအချက်အလက်တွေကို မကြာခင်မှာ မီဒီယာတွေကနေတစ်ဆင့် ထုတ်ပြန်သွားမှာပါ။ ကျွန်တော်တို့ လုပ်ဆောင်ချက်က အကျိုးအကြောင်း ခိုင်လုံပြီး ဥပဒေနဲ့ ညီညွတ်တယ်ဆိုတာ လူတွေ သိသွားအောင်ပေါ့။ ပြီးတော့ အဲဒီ ပြည်ပလုပ်ငန်းရှင်တွေကိုလည်း သတိပေးလိုက်မယ်... တရုတ်ပြည်မှာ လာပြီး ရင်းနှီးမြှုပ်နှံချင်ရင် စည်းစနစ်တကျ လာလုပ်ကြပါ၊ ပေါက်ကရတွေ လာမလုပ်ကြပါနဲ့လို့"
ပေါင်ကော်မရှင်နာက အနည်းငယ် စိုးရိမ်တကြီး မေးမြန်းလိုက်သည်။ "မန်နေဂျာဖုန်း... ဒါပေမဲ့ ဒီလိုလုပ်လိုက်ရင် ပြည်ပလုပ်ငန်းရှင်တွေ ငါတို့ တရုတ်ပြည်မှာ လာပြီး ရင်းနှီးမြှုပ်နှံဖို့ မဝံ့မရဲ ဖြစ်သွားမှာ မဟုတ်ဘူးလား”
ဖုန်းယွီက သက်ပြင်းတစ်ချက် ချလိုက်ပြီး "ပေါင်ကော်မရှင်နာ ခင်ဗျား... သူတို့ ရင်းနှီးမြှုပ်နှံ၊ မမြှုပ်နှံဆိုတာက မူဝါဒက တစ်စိတ်တစ်ပိုင်းပါ၊ နောက်တစ်ချက်က ဈေးကွက်ကို ကြည့်တာပါ။ ကျွန်တော်တို့ တရုတ်ပြည်ဆိုတာ ပွင့်ပွင့်လင်းလင်း ပြောရရင် ကမ္ဘာပေါ်မှာ အကြီးမားဆုံးသော တစ်ခုတည်းသော ဈေးကွက်ကြီးပဲလေ၊ မြောက်အမေရိကထက်တောင် ကြီးသေးတယ်။ ကျွန်တော်တို့ဆီမှာ လူဦးရေ ဘယ်လောက်တောင် များသလဲ၊ သူတို့ဆီမှာက ဘယ်လောက်ပဲ ရှိတာလဲ”
"ကျွန်တော်တို့ ဈေးကွက်ရဲ့ ဆယ်ပုံတစ်ပုံလောက်ကိုပဲ သူတို့ ထိုးဖောက်နိုင်ရင်တောင် အမေရိကန်ဈေးကွက် တစ်ခုလုံးနဲ့ ညီမျှနေပြီ။ ဆယ်ပုံနှစ်ပုံလောက်ဆိုရင် မြောက်အမေရိက တစ်ခုလုံးနဲ့ တူသွားပြီလေ၊ ဘယ်သူကများ ဒီဈေးကွက်ကို စွန့်လွှတ်ရက်မှာလဲ။ ပြီးတော့ ခင်ဗျား သိလား... ထုတ်ကုန် အတော်များများက တရုတ်ပြည်နဲ့ မြောက်အမေရိကမှာ ရောင်းတဲ့ဈေးချင်း မတူဘူးဆိုတာ။ ငါတို့ဆီမှာ တကယ်ပဲ အများကြီး သက်သာနေတယ်လို့ ခင်ဗျား ထင်နေတာလား။ သေသေချာချာ စုံစမ်းကြည့်လိုက်ပါ၊ ထုတ်ကုန် အတော်များများဟာ မြောက်အမေရိကမှာ ရောင်းတဲ့ဈေးက တရုတ်ပြည်မှာ ရောင်းတာထက် ပိုတောင် သက်သာပါသေးတယ်!"
ပေါင်ကော်မရှင်နာ အံ့သြသွားခဲ့ရသည်။ "မင်းပြောတာက သူတို့ရဲ့ ထုတ်ကုန်တွေက ငါတို့နိုင်ငံမှာ ပိုပြီး ဈေးကြီးနေတယ် ဟုတ်လား။ ဒါပေမဲ့ ငါတို့က ဖွံ့ဖြိုးဆဲနိုင်ငံလေ၊ တစ်ဦးချင်း GDPက အဲဒီ ဖွံ့ဖြိုးပြီး နိုင်ငံတွေလောက် မရှိပါဘူး"
"ခင်ဗျား ပြောသလိုပဲ အဲဒါက တစ်ဦးချင်း ပျမ်းမျှလေ။ ဒါပေမဲ့ ငါတို့ နိုင်ငံရဲ့ မူဝါဒက လူတစ်စုကို အရင် ချမ်းသာလာအောင် အားပေးတာ မဟုတ်လား။ ဆိုလိုတာက ငါတို့နိုင်ငံမှာ ချမ်းသာတဲ့သူ အရေအတွက်က တကယ်တမ်း မနည်းလှပါဘူး။ သူတို့က တမင်တကာ ဈေးနှုန်း ကွာဟချက်ကို ဖန်တီးထားတာပါ။ တစ်ဖက်က ကြည့်ရင် အမြတ်ပိုရသလို၊ နောက်တစ်ဖက်ကတော့ သူတို့ရဲ့ အမှတ်တံဆိပ်ကို အဆင့်မြင့်တယ်လို့ ထင်သွားစေတာပေါ့။ ဥပမာ မက်ဒေါ်နယ်ဆိုရင် ပြည်ပမှာတော့ အခြေခံအကျဆုံး အမြန်စာပဲ၊ ငါတို့ နိုင်ငံက ပေါက်စီဆိုင်လောက်ပဲ ရှိတာ။ ဒါပေမဲ့ အခု လူတွေက ဘယ်လို ထင်နေကြသလဲ ကြည့်လိုက်ပါဦး။ အစတုန်းက အဲဒီ အမြန်စာဆိုင်တွေ ငါတို့ဆီကို စရောက်လာတုန်းကဆိုရင်၊ မင်္ဂလာဆောင်ကိုတောင် အဲဒီဆိုင်ထဲမှာ ကျင်းပတဲ့သူတွေ ရှိခဲ့ဖူးတာလေ"
ဖုန်းယွီသည် ဤကိစ္စအပေါ်တွင် အတော်လေး စိတ်ပျက်မိပါသည်။ အစောပိုင်းက ဗဟုသုတ နည်းပါးမှုကြောင့်သာ ဤကဲ့သို့ ဖြစ်ခဲ့ရခြင်းပင်။ ယခုအချိန်တွင် အမြန်စာဆိုင်တွင် မင်္ဂလာဆောင် ကျင်းပခိုင်းမည်ဆိုပါက အရှက်ရစရာ ဖြစ်နေပေလိမ့်မည်။ သို့သော် လက်ရှိတွင် ထိုအမြန်စာ ကုမ္ပဏီများသည် ကျောင်းများတွင် ကြော်ငြာများ စတင် လုပ်ဆောင်နေပြီး၊ လူငယ်ဈေးကွက်ကို အဓိက ထားကာ 'စုပေါင်းဝယ်ယူမှု'ဈေးနှုန်းများဖြင့် ကျောင်းသားများကို ထိုနေရာတွင် စုပေါင်းစားသောက်ရန် လှုံ့ဆော်နေကြသည်။
ဟင်း... တစ်ယောက်ကို ဟမ်ဘာဂါ တစ်ခု၊ အာလူးချောင်းကြော်၊ ကြက်တောင်ပံနဲ့ ကိုကာကိုလာ တစ်ခွက်စီ သောက်တာကိုများ စုပေါင်းစားသောက်တယ်လို့ ခေါ်နေကြသေးတယ်။
သို့သော် ထိုအမြန်စာ ကုမ္ပဏီများလည်း မတတ်သာပါချေ၊ လူကြီးတွေကိုတော့ လှည့်စားဖို့ မလွယ်ကူတော့သည် မဟုတ်ပါလား။
ပေါင်ကော်မရှင်နာသည် သွားကြိတ်ကာ ဆုံးဖြတ်ချက် ချလိုက်သည်။ "ကောင်းပြီ... နိုင်ငံတော်အနေနဲ့ လူထုရဲ့ အမြင်ပိုင်းမှာ မင်းနဲ့ တစ်သားတည်း ရှိနေစေရမယ်။ ဒါပေမဲ့ မန်နေဂျာဖုန်း... နောက်တစ်ခါ ဒီလိုထူးဆန်းတဲ့ ကိစ္စတွေ လုပ်တော့မယ်ဆိုရင် ငါတို့ကို ကြိုပြီး အသိပေးလို့ မရဘူးလား”
ဖုန်းယွီက ပြုံးရုံသာ ပြုံးနေလိုက်လေတော့သည်။
******