အခန်း (၁၃၄၀-၁၃၄၂)
Vol. 91 Ch. 1340-1342
အခန်း (၁၃၄၀) ရှေ့နေ တပ်မတော်ကြီး
ထိုပြည်ပကုမ္ပဏီများသည် ၎င်းတို့အနေဖြင့် နိုင်ငံတကာစင်မြင့်တွင် တရုတ်ပြည်ကို ပြစ်တင်ရှုတ်ချလိုက်လျှင် တရုတ်အစိုးရဘက်က သေချာပေါက် အလျှော့ပေးလာလိမ့်မည်ဟု ထင်မှတ်ထားကြသည်။ ထိုသို့ဖြင့် ၎င်းတို့က ပြန်လည်၍ လျော်ကြေးတောင်းခံနိုင်မည်ဟု တွေးထားကြခြင်းပင်။ ထိုလျော်ကြေးမှာ ငွေကြေးသက်သက် မဟုတ်ဘဲ အခြားသော အထူးအခွင့်အရေး မူဝါဒများလည်း ဖြစ်နိုင်သည် မဟုတ်ပါလား။
သို့သော် သူတို့ မထင်မှတ်ထားသည်မှာ တရုတ်အစိုးရသည် သူတို့၏ လျော်ကြေးတောင်းခံမှုကို ပြတ်ပြတ်သားသား ငြင်းဆိုလိုက်ရုံသာမက၊ ပြောင်းပြန်အနေဖြင့် သူတို့ကို မမှန်မကန် ပုတ်ခတ်ပြောဆိုမှုများကို ချက်ချင်းရပ်တန့်ရန်နှင့် တောင်းပန်ရန်ပါ တောင်းဆိုလာခဲ့ခြင်းပင် ဖြစ်သည်။
ထိုကုမ္ပဏီများ ကြောင်အမ်းသွားခဲ့ရသည်။ တရုတ်အစိုးရသည် ဘယ်တုန်းက ဤမျှအထိ ပြတ်သားသွားခဲ့ရသနည်း။ သူတို့၏ ကုမ္ပဏီများထဲတွင် အမေရိကန်၊ ဗြိတိန်၊ ပြင်သစ်နှင့် အရှေ့တောင်အာရှ ကုမ္ပဏီများ ပါဝင်နေသည်။ တရုတ်ပြည်အနေဖြင့် ဤမျှများပြားသော ကုမ္ပဏီများကို တစ်ပြိုင်နက်တည်း ရန်စရဲသလော။
"ကျွန်တော် တရုတ်ပြည်ကို ကိုယ်စားပြုပြီး ကြေညာလိုက်ပါတယ်။ အရာအားလုံးကို ဥပဒေအတိုင်းပဲ လုပ်ဆောင်သွားမှာပါ။ ကုမ္ပဏီတွေရဲ့ ကိစ္စဟာ နိုင်ငံတော်အဆင့်အထိ မရောက်သင့်သလို၊ တရုတ်ပြည်အနေနဲ့လည်း ဒီကိစ္စကြောင့် အလျှော့ပေးမှာ မဟုတ်ပါဘူး"
တရုတ်ပြည်၏ ပြောရေးဆိုခွင့်ရှိသူက ဤသို့ ပြောကြားလိုက်သည့်အခါတွင်မူ လူထုကြားတွင် ရုတ်ရုတ်သဲသဲ ဖြစ်သွားခဲ့ရသည်။
ဘယ်အချိန်ကစပြီး တရုတ်ပြည်ဟာ ဒီလောက်အထိ မာကျော သွားရတာလဲ။ အခုလေးတင် အစုတ်ပလုတ် လေယာဉ်တင်သင်္ဘော အခွံကြီးတစ်ခု ဝယ်ထားမိလို့လား။ လေယာဉ်တင်သင်္ဘော တစ်စင်းရှိတာနဲ့ ဘာဖြစ်နိုင်မှာမို့လို့လဲ။ ဒီနိုင်ငံတွေထဲက ဘယ်နိုင်ငံကများ တရုတ်ပြည်ထက် လေယာဉ်တင်သင်္ဘော မများဘဲ နေပါ့မလဲ။
ကုမ္ပဏီတွေရဲ့ကိစ္စ ဟုတ်လား။ ကုမ္ပဏီတွေရဲ့ကိစ္စမှာ ခင်ဗျားတို့ တရုတ်ပြည်တွင်း မီဒီယာတွေက တစ်ဖက်သတ် ပြောနေကြတာလေ၊ ငါတို့က သတင်းလေးတစ်ပုဒ် တင်ချင်တာတောင် မရဘူးလား။
ကောင်းပြီလေ... ခင်ဗျားတို့က ဒီလိုပြောမှတော့ ငါတို့လည်း တရားစွဲကြတာပေါ့။ ခင်ဗျားတို့ တရုတ်ပြည်ရဲ့ CCTVရုပ်သံလိုင်းကိုရော၊ အွန်လိုင်း ကုမ္ပဏီတွေကိုရော၊ ဒေသ အစိုးရတွေကိုပါ ငါတို့ တရားစွဲမယ်။
ကုမ္ပဏီတစ်ခုတည်း အနေဖြင့်ဆိုလျှင် ဤသို့ လုပ်ဆောင်ရန် သတ္တိရှိလိမ့်မည် မဟုတ်ပါချေ။ မည်သို့ပင်ဖြစ်စေ မည်သူကမှ တရုတ်အစိုးရကို မရိုမသေ မလုပ်ချင်ကြသလို၊ နောင်တွင်လည်း ဤနေရာ၌ စီးပွားရေးလုပ်ကာ ငွေရှာရဦးမည် မဟုတ်ပါလား။
သို့သော် ၎င်းတို့ စုပေါင်းလိုက်သည့် အခါတွင်မူ အင်အားမှာ သေးငယ်သည် မဟုတ်တော့ပါချေ။ အမေရိကန်နှင့် ရင်ဆိုင်ရမည်ဆိုလျှင်ပင် ညှိနှိုင်းနိုင်သော အင်အား ရှိနေပြီ ဖြစ်သည်။
"မန်နေဂျာဖုန်း... ကိစ္စက တော်တော်ကြီးသွားပြီ။ အဲဒီကုမ္ပဏီတွေက စုပေါင်းပြီး ငါတို့ CCTV ကို တရားစွဲလိုက်ကြပြီ" ရုပ်သံဌာနမှူးကျာ၏ အသံတွင် ဒေါသများ ပါဝင်နေသည်။ အဲဒီကုမ္ပဏီတွေက တရုတ်ပြည်မှာတင် သူတို့ကို တရားစွဲဝံ့လိမ့်မည်ဟု သူ မထင်မှတ်ထားခဲ့ပါချေ။
"ဪ”
ရုပ်သံဌာနမှူးကျာတစ်ယောက် ပေါက်ကွဲမတတ် ဖြစ်သွားရသည်။ "ဪ" ဆိုတာ ဘာအဓိပ္ပာယ်လဲ။ သူတို့က ငါတို့ရုပ်သံဌာနကို တရားစွဲတာ မင်းလုပ်ခဲ့တဲ့ ကိစ္စတွေကြောင့်လေ၊ အခုကျမှ "ဪ" တစ်လုံးတည်းနဲ့ ပြီးရသလား။
"ရုပ်သံဌာနမှူးကျာ... စိတ်အေးအေး ထားပါ။ တရားရုံးကိုလည်း ဒီအမှုကို လက်မခံဖို့ သွားပြီး မပြောပါနဲ့ဦး။ သူတို့ကို ပုံမှန် လုပ်ထုံးလုပ်နည်းအတိုင်း လက်ခံခိုင်းလိုက်ပါ၊ ငါတို့ သူတို့နဲ့ တရားဆိုင်ကြတာပေါ့"
"ဘာပြောလိုက်တယ်။ ငါတို့ CCTV ကို သူတို့နဲ့ တရားဆိုင်ခိုင်းမယ် ဟုတ်လား။ အစတုန်းကတော့ မင်းပဲ ဒီကိစ္စကို ဖြေရှင်းနိုင်ပါတယ်ဆို၊ အခုတော့ ငါတို့ တရားစွဲခံနေရပြီလေ" ရုပ်သံဌာနမှူးကျာ ဒေါသထွက်သွားသည်။ ဤ မန်နေဂျာဖုန်းသည် အလုပ်လုပ်ရာတွင် ဘယ်အချိန်ကစပြီး ဤမျှအထိ အားမကိုးရ ဖြစ်သွားသနည်း။
"သူတို့က ခင်ဗျားကို စွဲနိုင်ရင်၊ ခင်ဗျားကော သူတို့ကို ပြန်မစွဲနိုင်ဘူးလား။ အစက ငါတို့ ဘယ်လို ပြောခဲ့ကြလဲ။ စာချုပ်အရ ငါတို့က လျော်ကြေး ပြန်တောင်းပိုင်ခွင့် ရှိတယ်လေ။ တရားရုံးကို ငါတို့ရဲ့ တရားစွဲမှုကို အရင် လက်ခံခိုင်းလိုက်ပါ၊ ဒါက ခင်ဗျားအတွက် ပြဿနာ မရှိဘူး မဟုတ်လား။ ကျန်တဲ့ အပိုင်းတွေကိုတော့ ငါ ဖြေရှင်းပေးမယ်။ ဒီတစ်ခါတော့ သူတို့ရဲ့ သတင်းတွေကို မပိတ်ဆို့ရုံတင်မကဘဲ၊ သတင်းတွေကို ဆက်တိုက် ထုတ်ပြန်ပေးရမယ်။ လူတွေ မြင်သွားအောင်ပေါ့... သူတို့ ဘယ်လောက်အထိ အကျိုးအကြောင်း မရှိဘဲ ဆူညံနေကြသလဲ ဆိုတာကိုလေ"
သူတို့ကို အရင် စွဲရမယ် ဟုတ်လား။ ဟုတ်သားပဲ၊ ငါက တရားခံ နေရာကနေ တရားလို နေရာကို ပြောင်းလိုက်လို့ ရတာပဲ။ ဒါပေမဲ့ လျော်ကြေးကော တကယ် ရပါ့မလား။
"ရုပ်သံဌာနမှူးကျာ... မှတ်ထားပါ၊ လျော်ကြေး ငွေပမာဏကို အမြင့်ဆုံး သတ်မှတ်ရမယ်။ သူတို့ ပေးထားတဲ့ ကြော်ငြာခရဲ့ ဆယ်ဆလို့ပဲ ထားလိုက်ကြစို့"
ဟင်… ဆယ်ဆ လျော်ကြေးတောင်းမယ်။ အဲဒီ ကုမ္ပဏီတွေရဲ့ ကြော်ငြာခက အနည်းဆုံး ယွမ် သန်းဆယ်ဂဏန်းကနေ အများဆုံး သန်း ခုနစ်ဆယ်ကျော်အထိ ရှိတာလေ။ အားလုံး ပေါင်းလိုက်ရင် ယွမ် သန်း သုံးရာကျော် ရှိတာကို၊ ငါ့ကို သန်း သုံးထောင်ကျော် လျော်ကြေးတောင်းခိုင်းတာလား။ ဒေါ်လာနဲ့ တွက်ရင်တောင် သန်းလေးရာကျော် ရှိမှာနော်။
"မန်နေဂျာဖုန်း... လျော်ကြေးငွေက အရမ်းများမနေဘူးလား။ ဒေါ်လာ သန်း လေးရာကျော်တောင်ဗျ"
"ဟမ်… ဒီလောက်လေးပဲလား။ ဒါဆိုရင် ယွမ် သန်း သုံးထောင်ကျော်ပေါ့... အဲဒီ ယွမ် နေရာမှာ ဒေါ်လာကို ပြောင်းလိုက်ပါ။ ငါတို့ ဒေါ်လာ ၃ ဘီလီယံ လျော်ကြေးတောင်းကြတာပေါ့" ဖုန်းယွီက ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။
ရုပ်သံဌာနမှူးကျာ အသက်ရှူပင် မှားသွားခဲ့ရသည်။ ဒေါ်လာ ၃ ဘီလီယံ ဟုတ်လား။ ယွမ် သန်း သုံးထောင်တောင် သူက များလှပြီ အောက်မေ့နေတာ၊ ဖုန်းယွီကတော့ နည်းနေသေးတယ်လို့ ယူဆနေတာလား။
"မန်နေဂျာဖုန်း... ဒါက နည်းနည်းတော့ မြင့်လွန်းမနေဘူးလား” ရုပ်သံဌာနမှူးကျာသည် လောကအတွေ့အကြုံ များလှသူ ဖြစ်စေကာမူ၊ ဤကဲ့သို့သော ကိစ္စမျိုးကို တစ်ခါမှ မကြုံဖူးပါချေ။ ယွမ် ဘီလီယံ နှစ်ဆယ်ကျော် (၂၀၀ ကုဋေကျော်) ကို တစ်ခါတည်း လျော်ကြေးတောင်းခြင်းမှာ သမိုင်းတွင် စံချိန်တင်သွားပေလိမ့်မည်။
"ဟင်း... ဒါက ဘာဆန်းလို့လဲ။ ခင်ဗျားကို ပြောပြမယ်၊ အမေရိကန်လို အရင်းရှင် လူ့အဖွဲ့အစည်းတွေမှာ ဧရာမ လျော်ကြေးတောင်းတဲ့ အမှုတွေက တစ်ပုံကြီးပဲ။ တောင်းတဲ့လျော်ကြေးက တစ်မျိုး၊ တကယ်ရတဲ့ လျော်ကြေးက တစ်မျိုးလေ။ ဒါက ဈေးထဲမှာ ဟင်းသီးဟင်းရွက် ဝယ်သလိုပဲ။ ဈေးသည်က တစ်ပိဿာ တစ်ဆယ်ပေးရမယ် ပြောပေမဲ့၊ နောက်ဆုံးကျတော့ ခင်ဗျားက တစ်ကျပ်ပဲ ပေးလိုက်ရသလိုမျိုးပေါ့" ဖုန်းယွီက ရုပ်သံဌာနမှူးကျာ၏ အတွေ့အကြုံ နည်းပါးမှုကို အထင်သေးသလို ကြည့်ကာ ပြောလိုက်သည်။
ရုပ်သံဌာနမှူးကျာ ကြောင်အမ်းသွားခဲ့ရသည်။ ဒါ... ဒါက အတူတူပဲလား။
"ခင်ဗျား ကျွန်တော့်စကားကိုပဲ နားထောင်ပါ။ ကျွန်တော်တို့ လျော်ကြေး ပိုတောင်းလေလေ၊ အဲဒီ နိုင်ငံခြားသားတွေရဲ့ မျက်စိထဲမှာ ကျွန်တော်တို့ ထိခိုက်နစ်နာမှုက ပိုကြီးလေလေ ဖြစ်မှာပဲ။ ခင်ဗျားကို ဒီလို ပြောပြမယ်၊ ကမ္ဘာပေါ်မှာ ကျွန်တော်တို့လောက် ကြည့်ရှုသူ များတဲ့ ရုပ်သံလိုင်း မရှိဘူး။ ပုံမှန်အားဖြင့် ကြည့်ရှုသူ သန်းတစ်ရာကျော် ရှိရင်ကို ထိပ်တန်း ရုပ်သံလိုင်း ဖြစ်နေပြီ၊ ကျွန်တော်တို့ဆီမှာကျတော့ ကြည့်ရှုသူ သန်းတစ်ထောင်ကျော် ရှိတာလေ"
"ပွင့်ပွင့်လင်းလင်း ပြောရရင် ကျွန်တော်တို့က ကမ္ဘာ့နံပါတ်တစ် ရုပ်သံဌာနပဲ။ CCTV-1 ဆိုတာ ကမ္ဘာ့နံပါတ်တစ် ချန်နယ်ပဲ။ သေချာတာပေါ့... အဓိက ဈေးကွက်က တရုတ်ပြည်မှာပဲ ရှိတာပါ။ ဒါပေမဲ့ ဒါတွေကို ကျွန်တော်တို့ ဂရုစိုက်နေစရာ မလိုဘူး။ ကျွန်တော်တို့မှာ ကမ္ဘာ့အများဆုံး အသုံးပြုသူ အရေအတွက် ရှိတယ်ဆိုတဲ့ အချက်ကိုပဲ ကိုင်ပြီး လျော်ကြေးတောင်းမှာ။ ဒီလောက် ငွေပမာဏ တောင်းတာက အကျိုးအကြောင်း ခိုင်လုံပါတယ်။ အမေရိကန်မှာ ကြည့်ရှုသူ သန်းအနည်းငယ်ပဲ ရှိတဲ့ ရုပ်သံလိုင်းတောင် ဒေါ်လာ သန်းရာချီပြီး လျော်ကြေးတောင်းလို့ ရသေးတာပဲ"
ရုပ်သံဌာနမှူးကျာသည် ဖုန်းယွီ၏ "ဦးနှောက်ဆေးခြင်း"ကို အောင်မြင်စွာ ခံလိုက်ရပြီးနောက်၊ ယခုအခါတွင်မူ ဤလျော်ကြေးငွေမှာ အကျိုးအကြောင်း ခိုင်လုံသည်ဟု သူ ယုံကြည်သွားခဲ့ပြီ ဖြစ်သည်။ လူဦးရေနှင့် တွက်ကြည့်လျှင် ဤသည်မှာ နည်းပင် နည်းနေသေးသည်ဟု သူ တွေးလိုက်မိသည်။
"ဒါပေမဲ့ ငါတို့ရဲ့ ရှေ့နေတွေက သူတို့ကို အနိုင်တိုက်နိုင်ပါ့မလား” ရုပ်သံဌာနမှူးကျာက စိုးရိမ်တကြီး မေးမြန်းလိုက်သည်။
"အဲဒါကိုတော့ ခင်ဗျား စိတ်မပူပါနဲ့။ ရှေ့နေကိစ္စကို ကျွန်တော့်ကို လွှဲထားလိုက်ပါ။ တရုတ်ပြည်က ရှေ့နေတွေရော၊ ဥရောပနဲ့ အမေရိကက နာမည်ကြီး ရှေ့နေကြီးတွေပါ ကျွန်တော် အကုန် ပြင်ဆင်ထားပြီးပြီ၊ သူတို့နဲ့ တရားဆိုင်ဖို့ပဲ စောင့်နေတာ။ ကျွန်တော် အာမခံပါတယ်... ကျွန်တော်တို့က လူထုရဲ့ အမြင်မှာ အသာစီး ရနေစေရမယ်၊ ပြီးတော့ ပြည်သူတွေရဲ့ ထောက်ခံမှုကိုလည်း ပိုပြီး ရရှိစေရမယ်!"
ဤကိစ္စများကို ပြင်ဆင်နေကတည်းက ဖုန်းယွီသည် ဝီလ်ဆင်နှင့် ဆက်သွယ်ထားခဲ့ပြီး ဖြစ်သည်။ ဝီလ်ဆင်သည် ဥရောပနှင့် အမေရိကရှိ ထိပ်တန်း ရှေ့နေရုံးအမြောက်အမြားကို ဆက်သွယ်ကာ စာချုပ်များ ချုပ်ဆိုထားပြီး ဖြစ်သည်။
ဤသို့ဖြင့် ထိုရှေ့နေရုံးများမှ ရှေ့နေများသည် တစ်ဖက်လူ၏ အမှုကို လက်ခံ၍ မရနိုင်တော့ပါချေ။
ဝီလ်ဆင်က ဖုန်းယွီအား ပြောပြခဲ့သည်မှာ - ဥရောပနှင့် အမေရိကတွင် ထိပ်တန်း အမှုများကို တိုက်ခိုက်သည့်အခါ အားကောင်းသော ရှေ့နေအဖွဲ့တစ်ခု လိုအပ်သည်။ သတင်းအချက်အလက် စုဆောင်းသူ၊ အပြင်ဘက်မှ ပံ့ပိုးပေးသူ၊ တရားခွင်တွင် ငြင်းခုံသူနှင့် အိတ်သယ်ပေးသူဟူ၍ အသီးသီး ရှိကြသည်။
ခြုံပြောရလျှင် အဖွဲ့ကြီးလေလေ၊ ထိပ်တန်း ရှေ့နေများ များလေလေ၊ အနိုင်ရရှိနိုင်ခြေမှာ မြင့်မားလေလေပင် ဖြစ်သည်။ ထိုနာမည်ကြီး ရှေ့နေများသည် ၎င်းတို့ ရှိနေရုံနှင့်တင် တစ်ဖက်လူကို ဖိအား ပေးနိုင်စွမ်း ရှိကြသည် မဟုတ်ပါလား။
ဝီလ်ဆင်၏ ခန့်မှန်းချက်အရ ထိုကုမ္ပဏီများသည်လည်း သေးငယ်သူများ မဟုတ်သဖြင့်၊ ၎င်းတို့သည်လည်း ရှေ့နေအဖွဲ့ တစ်ခုစီ ငှားရမ်းကြမည်ဖြစ်ကာ၊ ထို့နောက် စုပေါင်း၍ ပိုမို ကြီးမားသော ရှေ့နေအဖွဲ့ကြီး တစ်ခုကို ဖွဲ့စည်းကြပေလိမ့်မည်။
ဖုန်းယွီကြားသိရသည့်အခါ ချက်ချင်းပင် ဆုံးဖြတ်ချက် ချလိုက်သည်မှာ - ရှေ့နေအဖွဲ့ ဟုတ်လား။ ငါတို့လည်း ငှားတာပေါ့။ ဒီတစ်ကြိမ် ရလာမယ့် လျော်ကြေးငွေရဲ့ တစ်ဝက်ဟာ ခင်ဗျားတို့ရဲ့ ရှေ့နေခပဲ။ အကယ်၍ ခင်ဗျားတို့ ဒေါ်လာ ၁ ဘီလီယံ လျော်ကြေး ရအောင် လုပ်ပေးနိုင်ရင် ဒေါ်လာ သန်း ငါးရာကို ခင်ဗျားတို့ ခွဲယူလိုက်ကြ! ကျန်တဲ့ အသုံးစရိတ် အားလုံးကို ငါကိုယ်တိုင် ကျခံမယ်။
ဝီလ်ဆင်သည် အလွန်ပင် ဝမ်းသာသွားခဲ့ရသည်။ သူသည် စာချုပ်ချုပ်ထားသော ရှေ့နေရုံးများနှင့် ချက်ချင်း ဆက်သွယ်ကာ ပိုကြီးမားသော ရှေ့နေအဖွဲ့ကြီးကို စတင်ဖွဲ့စည်းလိုက်တော့သည်။ ပွင့်ပွင့်လင်းလင်း ပြောရလျှင် ဤသည်မှာ ရှေ့နေအဖွဲ့ဟုပင် မခေါ်သင့်တော့ပါချေ။ ဤသည်မှာကား... ရှေ့နေ တပ်မတော်ကြီးပင် ဖြစ်လေတော့သည်။
******
အခန်း (၁၃၄၁) လာလေ... ငွေတွေ အတူတူ ဖြုန်းကြတာပေါ့
"ဥက္ကဋ္ဌခင်ဗျာ... ငါတို့ CCTVရုပ်သံလိုင်းကို တရားစွဲထားတဲ့ အမှုကို တရားရုံးက လက်ခံလိုက်ပါပြီ"
"ဟင်း... သူတို့လည်း မလက်ခံဘဲ မနေရဲပါဘူး၊ မဟုတ်ရင် လူထုရဲ့ ဝေဖန်သံတွေက သူတို့ကို ဖိသိပ်ပစ်လိမ့်မယ်။ CCTV ဘက်က လူတွေကော ဘာပြောလဲ၊ ငါတို့ရဲ့ တောင်းဆိုချက်တွေကို သဘောတူပြီး ကျေအေးချင်ကြပြီလား” ဂျွန်က ဂုဏ်ယူဝင့်ကြွသော မျက်နှာပေးဖြင့် မေးမြန်းလိုက်သည်။
ယခုတစ်ကြိမ်တွင် ကုမ္ပဏီ အမြောက်အမြား စုပေါင်းလုပ်ဆောင်ကြရာ၌ သူသည် ဆုံးဖြတ်ချက်ချသူအဖြစ် ရွေးချယ်ခံရခြင်းမှာ သူ၏ကုမ္ပဏီ အင်အားတောင့်တင်းခြင်းကြောင့်သာမက သူ၏အရည်အချင်းမှာလည်း အတော်ဆုံး ဖြစ်နေသောကြောင့် ဖြစ်သည်။
သူတို့အနေဖြင့် CCTV နှင့် တကယ်တမ်း လမ်းခွဲလိုကြသည်တော့ မဟုတ်ပါချေ။ ထိုသို့ဖြစ်ပါက နောင်တွင် သူတို့၏ ထုတ်ကုန်များအတွက် အရေးကြီးဆုံး ဝါဒဖြန့်ချိရေး လမ်းကြောင်းတစ်ခု ဆုံးရှုံးသွားမည် မဟုတ်ပါလား။ ၎င်းတို့၏ ရည်ရွယ်ချက်မှာ တစ်ဖက်လူကို အလျှော့ပေးခိုင်းပြီး အကျိုးကျေးဇူးအချို့ ရယူရန်သာ ဖြစ်သည်။ ဥပမာအားဖြင့် လာမည့်နှစ်အတွက် ကြော်ငြာခကို တစ်ဝက်လျှော့ပေးရန် သို့မဟုတ် ကြော်ငြာချိန် ပိုပေးရန် စသည်တို့ပင် ဖြစ်သည်။
"ဥက္ကဋ္ဌခင်ဗျာ... နောက်ထပ် သတင်းတစ်ခု ရှိပါသေးတယ်။ ငါတို့ရဲ့ အမှုကို လက်ခံလိုက်တယ်ဆိုပေမဲ့ လုပ်ထုံးလုပ်နည်းတွေအတိုင်း သွားနေတုန်းပဲ ရှိပါသေးတယ်။ ဒါပေမဲ့ ကျွန်တော် ပြန်လာတဲ့အချိန်မှာတော့ ဒါလေးပါ ပါလာခဲ့ပါတယ်"
ဂျွန်သည် ထိုစာရွက်ကို လှမ်းယူ၍ ဝေ့ကြည့်လိုက်ရာ မျက်နှာတစ်ခုလုံး ပျက်သွားခဲ့ရသည်။ သူသည် အလျင်အမြန်ပင် စာမျက်နှာကို လှန်ကြည့်လိုက်ပြီးနောက် "ဘယ်လိုလုပ်ပြီး ဒီလို ဖြစ်ရတာလဲ”
"ဒါက... တရားရုံးရဲ့အကြောင်းကြားစာပဲ၊ ငါတို့က တရားခံ ဖြစ်သွားတာလား။ မင်း အလုပ်ကို ဘယ်လို လုပ်နေတာလဲ၊ ငါတို့က တရားလို (Plaintiff) မဟုတ်ဘူးလား”ဂျွန်က ဒေါသတကြီး အော်ဟစ်လိုက်သည်။
"ဥက္ကဋ္ဌခင်ဗျာ... ဒါက သူတို့ ငါတို့ကို ပြန်စွဲထားတဲ့ အမှုပါ။ တရားရုံးက ပြောတာကတော့ အမှုတွေကို သီးခြားစီ တည်ဆောက်ပြီး စစ်ဆေးမယ်တဲ့။ သူတို့ဘက်က လုပ်ထုံးလုပ်နည်းတွေက အရင် ပြီးသွားတဲ့အတွက် ဒီအမှုကို အရင် စစ်ဆေးမှာပါ။ ပြီးတော့ အမှုနှစ်ခုစလုံးမှာ ဆင်တူတဲ့ အချက်တွေ ပါနေတဲ့အတွက် ပူးတွဲစစ်ဆေးဖို့ လုပ်ပါလိမ့်မယ်။ သူတို့ဘက်က အချက်အလက် အထောက်အထားတွေကို အကုန် တင်ပြပြီးသွားပြီ၊ ငါတို့ဘက်က အချက်အလက်တွေကတော့ အခုထိ အဆင်သင့် မဖြစ်သေးပါဘူး"
"မင်း ဘာပြောလိုက်တယ်။ သူတို့ဘက်က အကုန်အဆင်သင့် ဖြစ်နေပြီ ဟုတ်လား။ တကယ်ကို လွန်လွန်းလှပြီ၊ CCTV က ငါတို့တစ်ဖွဲ့တည်းကိုပဲ စွဲတာလား” ဂျွန်က CCTV အနေဖြင့် သူတို့အဖွဲ့ကိုသာ တမင်ပစ်မှတ်ထား၍ ပြင်ဆင်ထားသည်ဟု ထင်မှတ်နေခဲ့သည်။
"မဟုတ်ပါဘူး။ ငါတို့ ကုမ္ပဏီတွေ အားလုံး တစ်ပြိုင်နက်တည်း တရားခံ ဖြစ်သွားတာပါ။ CCTVက အချက်အလက် အားလုံးကို တင်ပြလိုက်ပါပြီ"
ကုမ္ပဏီ အားလုံးကို တစ်ပြိုင်နက်တည်း စွဲနိုင်ဖို့အတွက် အချက်အလက်တွေ အကုန် အဆင်သင့် ဖြစ်နေတယ်ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ပါချေ။
ဒါဟာ သူတို့တွေ ကြိုတင်ပြီး အကွက်ချ စီစဉ်ထားတာ ဖြစ်ရမယ်၊ ဒါမှမဟုတ်ရင်လည်း သူတို့မှာ အလွန် အင်အားတောင့်တင်းတဲ့ ရှေ့နေအဖွဲ့ ရှိနေလို့ပဲ ဖြစ်ရမယ်။ ဒါပေမဲ့ ကုမ္ပဏီ အမြောက်အမြားကို တစ်ခါတည်း စွဲနိုင်ဖို့အတွက် ဒီလောက်ကြီးမားတဲ့ အဖွဲ့ကို သူတို့ ဘယ်လို ငှားနိုင်မှာလဲ။ သေချာပေါက် ဒါက ကြိုတင် စီစဉ်ထားတာပဲ ဖြစ်ရမည်။
"သူတို့က တရားဆိုင်ချင်တယ်ပေါ့... ရတာပေါ့၊ ငါတို့လည်း ရင်ဆိုင်ပေးမှာပေါ့။ ငါတို့ရဲ့ ရှေ့နေအဖွဲ့နဲ့ဆိုရင် CCTV ကို သေချာပေါက် သင်ခန်းစာ ပေးနိုင်ရမယ်။ သူတို့ဘက်က သိတတ်ပြီး နောက်ဆုတ်သွားရင်တော့ တစ်မျိုးပေါ့၊ ဒါပေမဲ့ ဆက်ပြီး ဇွတ်လုပ်နေဦးမယ်ဆိုရင်တော့ သူတို့ကို တစ်ခါတည်း အရှက်ကွဲသွားအောင် လုပ်ပစ်မယ်" ဂျွန်က မျက်လုံးများကို မှေး၍ ဆိုလိုက်သည်။ တရုတ်ပြည်မှာ အလုပ်လုပ်လာတာ ဆယ်စုနှစ်တစ်ခုကျော် ရှိပြီဖြစ်ရာ သူသည်လည်း တရုတ်ပြည်အကြောင်း တော်တော်များများ သိရှိထားသော တရုတ်ကျွမ်းကျင်သူတစ်ဦး ဖြစ်နေခဲ့ပြီဖြစ်ကာ၊ တရုတ် စကားပုံများကိုပင် အမြောက်အမြား အသုံးပြုနိုင်နေပြီ ဖြစ်သည်။
"Boss... ဒီလူတွေကတော့ ရှေ့နေရုံး အသီးသီးက ကိုယ်စားလှယ်တွေ ဖြစ်သလို၊ အကျော်ကြားဆုံး ရှေ့နေတွေလည်း ဖြစ်ကြပါတယ်။ သူတို့တွေက ဒီလို အမှုမျိုးကို တိုက်ခိုက်ရာမှာ အရမ်း ကျွမ်းကျင်ကြသလို၊ အလုပ်ရှင်တွေအတွက် အမြဲတမ်း အကြီးမားဆုံး အကျိုးအမြတ်တွေကို ရအောင် ယူပေးနိုင်လို့ အလုပ်ရှင်တွေ တော်တော် စိတ်ကျေနပ်ကြပါတယ်" ဝီလ်ဆင်က အစည်းအဝေးခန်းငယ်လေးအတွင်းရှိ လူတစ်ဆယ်ကျော်ကို ဖုန်းယွီနှင့် မိတ်ဆက်ပေးလိုက်သည်။
"ခင်ဗျားတို့ အားလုံး တရုတ်စကား တတ်ကြလား” ဖုန်းယွီက မေးလိုက်သည်။
လူအများအပြားမှာ တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီးနောက် ဘာပြန်ပြောရမှန်း မသိ ဖြစ်သွားကြသည်။ သူတို့သည် ဥရောပနှင့် အမေရိကတွင်သာ ကျင်လည်ခဲ့ကြသူများဖြစ်ရာ တရုတ်စကားကို မည်သို့ တတ်ပါမည်နည်း။
ဖုန်းယွီသည် မျက်မှောင်ကြုတ်ကာ ဝီလ်ဆင်ကို လှည့်ကြည့်လိုက်သည်။ "မင်း ဘယ်လိုတွေ လုပ်ထားတာလဲ။ ဒါက တရုတ်ပြည်မှာ တရားဆိုင်ရမှာလေ၊ သူတို့က တရုတ်စကား မတတ်ဘဲ ဘယ်လို ငြင်းခုံကြမှာလဲ။ တရားခွင်ထဲကို စကားပြန်တစ်ယောက် ခေါ်သွားလို့ ရမယ်လို့ မင်း ထင်နေတာလား”
ဖုန်းယွီ စိတ်မကျေမနပ် ဖြစ်နေသည်ကို မြင်ရသောအခါ ဝီလ်ဆင်က အလျင်အမြန် ရှင်းပြလိုက်သည်။ " Boss.... သူတို့က အပြင်ဘက်ကနေ ပံ့ပိုးပေးမယ့် အပိုင်းတွေမှာပဲ တာဝန်ယူမှာပါ။ တကယ့် တရားခွင်မှာ ငြင်းခုံမယ့်သူတွေကတော့ ကျွန်တော့် ရှေ့နေရုံးက လူတွေပါပဲ။ ဒါပေမဲ့ မီဒီယာတွေကို အသုံးချပြီး တရားသူကြီးရဲ့စီရင်ချက်အပေါ် သက်ရောက်မှုရှိအောင် လုပ်ဆောင်တဲ့ နေရာမှာတော့ သူတို့က အတွေ့အကြုံ အရှိဆုံးပါ။ တရုတ်ပြည်ရဲ့ ဥပဒေစနစ်က ဥရောပနဲ့အမေရိကနဲ့ မတူဘူး ဆိုပေမဲ့၊ လူထုရဲ့အမြင် သက်ရောက်မှုကိုလည်း ထည့်သွင်း စဉ်းစားရမှာ မဟုတ်လား”
ဖုန်းယွီ ခေါင်းညိတ်လိုက်သည်။ ဤအချက်မှာ မှန်ကန်လှပေသည်။ တရုတ်ပြည်ဥပဒေ၏ ပြစ်ဒဏ်သတ်မှတ်ချက်များမှာ အကွာအဝေးတစ်ခု ရှိနေတတ်ပြီး၊ အထောက်အထား ခိုင်လုံလျှင် ပြစ်ဒဏ် ချမှတ်မည်မှာ သေချာသော်လည်း၊ ပြစ်ဒဏ် အနည်းအများမှာမူ ကွာဟချက် အလွန်ကြီးမားလှပေသည်။ လူထု၏ဝေဖန်သံများက ဤနေရာတွင် သက်ရောက်မှု ရှိလာနိုင်ခြင်း ဖြစ်သည်။
အချို့သော အခြေအနေများတွင် လူတစ်ဦး၏အပြစ်မှာ ထိုမျှအထိ မကြီးမားစေကာမူ၊ ရှေ့နေက မည်မျှပင် ကောင်းအောင် ပြောဆိုနေပါစေ၊ လူထု၏အမြင်မှာ အလွန်ပင် ဆိုးရွားနေပါက ဥပဒေတွင် သတ်မှတ်ထားသော အမြင့်ဆုံး ပြစ်ဒဏ်ကို ချမှတ်ခံရနိုင်သည် မဟုတ်ပါလား။
အရင်ဘဝက ဖုန်းယွီသိထားသည့် "လီမိသားစု အမှု" မျိုးကို ကြည့်ပါ။ လူထု၏ ဝေဖန်မှု ပြင်းထန်လွန်းသဖြင့် ပြစ်ဒဏ်မှာလည်း အလွန်ပင် ပြင်းထန်သွားခဲ့ရသည် မဟုတ်ပါလား။
ဖုန်းယွီသည် ဤတရားရင်ဆိုင်ပွဲတွင် နောက်ထပ် ယုံကြည်ချက်တစ်ခု ရှိနေသေးသည်။ ၎င်းမှာ ထိုကုမ္ပဏီများ ငှားရမ်းထားသော ပြည်ပ ရှေ့နေကြီးများသည် တရုတ်စကား မတတ်သဖြင့် ဘာမျှ အသုံးဝင်လိမ့်မည် မဟုတ်ခြင်းပင် ဖြစ်သည်။ တရုတ် ရှေ့နေများထဲတွင်လည်း CCTV ကို ထိပ်တိုက် ရင်ဆိုင်ဝံ့သူ မည်မျှ ရှိပါမည်နည်း။
အနည်းဆုံးတော့ အောင်မြင်ကျော်ကြားသော ရှေ့နေကြီးများမှာ ရန်မစဝံ့ကြပါချေ။ ထိုကုမ္ပဏီများ ငှားရမ်းထားသော တရုတ် ရှေ့နေများမှာ လူသစ်များ သို့မဟုတ် နာမည်ပျက်ရှိသူများသာ ဖြစ်နေခဲ့ရာ၊ အကယ်၍သာ ဤအမှုကို ရှုံးနိမ့်ခဲ့မည်ဆိုပါက ဝီလ်ဆင် ငှားရမ်းထားသော ရှေ့နေများသည်လည်း ဤလုပ်ငန်းကို ဆက်မလုပ်သင့်တော့ပါချေ။
"အခြေအနေတွေကိုတော့ ခင်ဗျားတို့ကို ပြောပြီးသားပါ။ ဒီတစ်ခါ လျော်ကြေး ရအောင် ယူနိုင်ဖို့ကတော့ ခင်ဗျားတို့အပေါ်မှာပဲ မူတည်ပါတယ်။ ခင်ဗျားတို့ အရည်အချင်း ရှိလေလေ၊ ငွေပိုရလေလေပါပဲ။ အကယ်၍ ဘာအရည်အချင်းမှ မရှိဘဲ ငွေကိုပဲ ဒီအတိုင်း လာဖြုန်းနေမယ်ဆိုရင်တော့ ငါ့ဘက်က မညှာတာဘူးဆိုတာ မှတ်ထားကြပါ" ဖုန်းယွီက သတိပေးလိုက်သည်။
ရှေ့နေများသည် အလျင်အမြန်ပင် အာမခံချက် ပေးကြပြီး၊ ပြည်ပ မီဒီယာများတွင်လည်း တရုတ်ပြည်ဘက်မှ ရပ်တည်ကာ ထိုကုမ္ပဏီများကို ပြစ်ဒဏ် ခံရအောင် အစွမ်းကုန် ကြိုးစားသွားမည်ဟု ဆိုကြသည်။ ထိုရှေ့နေများ၏ အမြင်တွင်မူ ဤသည်မှာ စီးပွားရေး တစ်ခုသာဖြစ်ပြီး နိုင်ငံတော်နှင့် မည်သို့မျှ မသက်ဆိုင်ပါချေ။ သူတို့၏နိုင်ငံများတွင်လည်း ကုမ္ပဏီက အစိုးရကို တရားစွဲသည့် ကိစ္စများမှာ အမြဲတမ်း ဖြစ်ပွားနေသည် မဟုတ်ပါလား။
သူတို့ ယုံကြည်သည်မှာ ငွေကြေးသာ ဖြစ်သည်။ ထို့ကြောင့်လည်း ပြည်ပတွင် ရှေ့နေနှင့် ဆရာဝန်များကို သာမန်ပြည်သူများက သွေးစုပ်ဖုတ်ကောင်ဟု ခေါ်ဆိုကြခြင်း ဖြစ်သည်။
သို့သော် သူတို့၏ ဝန်ဆောင်ခမှာ မြင့်မားလှသော်လည်း၊ ယခုတစ်ကြိမ်ကဲ့သို့ မြင့်မားသော နှုန်းထားမျိုးကိုမူ တစ်ခါမျှ မရရှိခဲ့ဖူးပါချေ။ ယခုတစ်ကြိမ် တောင်းဆိုထားသော လျော်ကြေးငွေမှာ ဒေါ်လာ ဘီလီယံပေါင်း များစွာ ရှိနေသည် မဟုတ်ပါလား။ CCTV တစ်ခုတည်းကပင် ဒေါ်လာ ၃ ဘီလီယံကျော် တောင်းထားသလို၊ တရုတ်ပြည်၏ အွန်လိုင်း ကုမ္ပဏီကြီးများ တောင်းဆိုထားသည့် ပမာဏမှာလည်း နည်းပါးလိမ့်မည် မဟုတ်ပါချေ။ အကယ်၍ အနည်းဆုံး ဒေါ်လာ သန်း ၃၀၀ မျှသာ လျော်ကြေး ရဦးတော့၊ သူတို့အနေဖြင့် ဒေါ်လာ သန်း ၁၅၀ ကို ခွဲဝေယူနိုင်မည် ဖြစ်ကာ၊ ရှေ့နေရုံး တစ်ရုံးလျှင် အနည်းဆုံး ဒေါ်လာ ၁၀ သန်းစီ ရရှိကြမည် ဖြစ်သည်။
အရေးကြီးဆုံး အချက်မှာ ဤတရားရင်ဆိုင်ပွဲအတွက် သူတို့ဘက်က များစွာ ပင်ပန်းရန် မလိုခြင်းပင် ဖြစ်သည်။ ဆင်တူသော အမှုများကို ရှာဖွေပေးရန်နှင့် ပြည်ပ မီဒီယာများတွင် လူထု၏ အမြင်ကို လမ်းကြောင်းပေးရန်သာ လိုအပ်ရာ၊ ဤသည်မှာ သူတို့ အကျွမ်းကျင်ဆုံး အလုပ် မဟုတ်ပါလား။
အလုပ်က နည်းနည်း၊ ငွေက အများကြီး... ဘာလို့ စိတ်မကျေနပ်ဘဲ နေမှာလဲ။
ထို့ထက်ပိုသည်မှာ ဤကိစ္စကို ကောင်းမွန်အောင် လုပ်ဆောင်နိုင်ခဲ့လျှင် ကမ္ဘာ့အချမ်းသာဆုံး ပုဂ္ဂိုလ်ဖြစ်သော ဖုန်းယွီနှင့် တကယ်တမ်း ချိတ်ဆက်မိသွားနိုင်ခြင်းပင်။ ဝီလ်ဆင်ကို ကြည့်လိုက်ပါ။ အစတုန်းက သူသည် ဤထဲမှ လူအများအပြားလောက်ပင် နာမည်မကြီးခဲ့သော်လည်း၊ ဖုန်းယွီ၏ ဥပဒေရေးရာ ညွှန်ကြားရေးမှူး ဖြစ်လာသည့် အချိန်မှစ၍ သူ၏ ပိုင်ဆိုင်မှုမှာ တဟုန်ထိုး မြင့်တက်လာခဲ့ရသည် မဟုတ်ပါလား။
"ဖုန်းယွီရဲ့ ထိပ်တန်းရှေ့နေ" ဟူသော ဂုဏ်ပုဒ်တစ်ခုတည်းနှင့်တင် ဖောက်သည် အမြောက်အမြားနှင့် ဝင်ငွေကောင်းများကို ရရှိစေနိုင်သည် မဟုတ်ပါလား။
အပြင်ထွက်ပြီး တခြားလူတွေကို "ငါက ကမ္ဘာ့အချမ်းသာဆုံး ပုဂ္ဂိုလ်နဲ့ ရှေ့နေရုံး တစ်ခုတည်းကို သုံးတာလေ" ဟု ပြောလိုက်ရုံနှင့်တင် လူတိုင်းက အထင်ကြီးသွားကြမည်မှာ အသေအချာပင်။
"ဥက္ကဋ္ဌခင်ဗျာ... စုံစမ်းလို့ ရပါပြီ။ CCTV က ငှားထားတဲ့ ရှေ့နေကတော့ ဝီလ်ဆင်လို့ အမည်ရတဲ့ ဗြိတိသျှ လူမျိုး တစ်ယောက်ပါ၊ သူက ဖုန်းယွီကုမ္ပဏီရဲ့ ဥပဒေရေးရာ ညွှန်ကြားရေးမှူးဖြစ်သလို ထိပ်တန်း ရှေ့နေလည်း ဖြစ်ပါတယ်"
"ဘာ... ဒီကိစ္စမှာ ဖုန်းယွီက ဘာလို့ ဝင်ပါလာတာလဲ။ ဒါပေမဲ့ ဘာကြောက်စရာ ရှိလဲ၊ ငါတို့မှာလည်း လူပေါင်း ဆယ်ဂဏန်းရှိတဲ့ အားကောင်းတဲ့ ရှေ့နေအဖွဲ့ ရှိတာပဲ။ ဒီတစ်ခါတော့ သေချာပေါက် နိုင်ရမယ်"
"ဥက္ကဋ္ဌခင်ဗျာ... နောက်ထပ် သတင်းတစ်ခု ကြားရတာကတော့၊ ဝီလ်ဆင်ဟာ ကမ္ဘာ့ထိပ်တန်း ရှေ့နေရုံး ဆယ်ခုကျော်နဲ့ တရုတ်ပြည်က ထိပ်တန်း ရှေ့နေရုံးတွေကိုပါ စုစည်းထားတယ်လို့ သိရပါတယ်။ သူတို့ရဲ့ ရှေ့နေအဖွဲ့ထဲမှာ နာမည်ကြီး ရှေ့နေပေါင်း တစ်ရာကျော် ပါဝင်နေပါတယ်"
"ဘယ်လောက်… တစ်ရာကျော် ဟုတ်လား" ဂျွန်တစ်ယောက် ကြောင်အမ်းသွားခဲ့ရသည်။ တရားစွဲရုံလေးနဲ့ ရှေ့နေ အဲဒီလောက် အများကြီး လိုလို့လား။ ရှေ့နေအဖွဲ့ဆိုတာ ကြားဖူးပေမဲ့၊ ဒီလောက်ကြီးတဲ့ အဖွဲ့မျိုးတော့ သူ တစ်ခါမှ မမြင်ဖူးပါချေ။ ရှေ့နေခတွေက အရမ်းဈေးကြီးတယ်ဆိုတာကို သူတို့တွေ မသိကြဘူးလား။
CCTV က ဘာကို ဆိုလိုတာလဲ။ တရုတ် အထက်လူကြီးတွေကကော ဒါကို ဘာလို့ ခွင့်ပြုထားတာလဲ။ ဒါက သိသိသာသာကြီး ငွေတွေကို ပုံအော ဖြုန်းတီးပစ်နေတာ မဟုတ်လို့ ဘာလဲ။
******
အခန်း (၁၃၄၂) အတွေးအခေါ် ရိုက်သွင်းခြင်း
"မန်နေဂျာဖုန်း... ဒီတစ်ခါ တကယ်ပဲ ငွေရနိုင်မှာလား” ရုပ်သံဌာနမှူးကျာသည် ယခုအချိန်အထိပင် မယုံကြည်နိုင်သေးဘဲ ရှိနေသည်။
"စိတ်ချပါ၊ ဒီရှေ့နေတွေကို ကမ္ဘာပေါ်မှာ အတော်ဆုံးတွေထဲက ရွေးပြီး ငှားထားတာပါ။ အဖြူကို အမည်းဖြစ်အောင် လုပ်နိုင်တယ်လို့ မဆိုလိုပေမဲ့၊ အမှန်တရားလေး နည်းနည်းပဲ ရှိနေပါစေဦး... အဲဒါကို တကယ့် အမှန်တရား အစစ်အမှန် ဖြစ်သွားအောင် သူတို့ ပြောနိုင်စွမ်း ရှိပါတယ်။ ဒါပေမဲ့ ဒီတစ်ခါ သုံးရမယ့် ရှေ့နေခကလည်း နည်းတဲ့ ပမာဏတော့ မဟုတ်ဘူး။ ကျွန်တော် သူတို့ကို ပြောထားတာက လျော်ကြေးရမယ့် ငွေရဲ့တစ်ဝက်ကို သူတို့ကို ပေးမယ်လို့။ ခင်ဗျားအနေနဲ့ နှမြောတယ်လို့ ခံစားရရင် ဒီငွေကို ကျွန်တော်ပဲ စိုက်ထုတ်ပေးပါ့မယ်"
"မလိုပါဘူး... မလိုပါဘူး။ ဒီငွေကို မင်းဆီက ဘယ်လိုလုပ်ပြီး အထုတ်ခိုင်းရမှာလဲ။ ရလာမယ့် လျော်ကြေးထဲကပဲ နှုတ်မှာ မဟုတ်လား" ရုပ်သံဌာနမှူးကျာသည်လည်း အလွန်ပါးနပ်သူဖြစ်သည်။ ဤသို့လုပ်ဆောင်ခြင်းဖြင့် ရှေ့နေများသည် လျော်ကြေးငွေ ပိုမိုများပြားလာစေရန် သူတို့၏ စွမ်းဆောင်ရည် အားလုံးကို အသုံးချကြမည်မှာ သေချာသည် မဟုတ်ပါလား။
ထို့ပြင် ဤငွေကို ဖုန်းယွီအား ပေးချေခိုင်းရန် အကြောင်းပြချက် မရှိပါချေ။ အမှန်တကယ် အကျိုးအမြတ် ရရှိမည့်သူမှာ CCTVရုပ်သံလိုင်းကိုယ်တိုင် ဖြစ်နေသည် မဟုတ်ပါလား။ ဖုန်းယွီသာ မရှိပါက သူတို့အနေဖြင့် ဤကဲ့သို့သော ဝင်ငွေမျိုးကို ဘယ်သောအခါမှ ရရှိနိုင်လိမ့်မည် မဟုတ်ပါချေ။
"ရုပ်သံဌာနမှူးကျာ... လူတွေ အထင်မလွဲအောင်လို့ ဖြုတ်ချလိုက်တဲ့ ကြော်ငြာနေရာတွေကို တခြားလူတွေဆီ ရောင်းခိုင်းထားတယ်။ နောက်နှစ် ကြော်ငြာတွေကျရင်တော့ ကျွန်တော်တို့ကို သူငယ်ချင်းဈေးလေး ပေးရမယ်နော်" ဖုန်းယွီက ရုပ်သံဌာနမှူးကျာကို မျက်မှောင်လေး ကုတ်၍ ကြည့်ကာ ဆိုလိုက်သည်။
"ဟားဟားဟား... ဒါကတော့ ပြောစရာ မလိုပါဘူး။ နောက်နှစ်ကျရင် ရွှေရောင်အချိန် ကြော်ငြာတွေကလွဲရင် ကျန်တဲ့ ကြော်ငြာနေရာ အားလုံးကို မင်း စိတ်ကြိုက် ရွေးပါ။ ငါ မင်းကို ၅ ရာခိုင်နှုန်း လျှော့ပေးမယ်"
ဖုန်းယွီက နှာခေါင်းရှုံ့လိုက်မိသည်။ ၅ ရာခိုင်နှုန်းလောက် လျှော့ပေးတာကိုများ တကယ့်ကို ရက်ရက်ရောရော ပေးနေသလိုမျိုး ပြောနေလိုက်တာ၊ မသိတဲ့သူဆိုရင် ၅၀ ရာခိုင်နှုန်းတောင် လျှော့ပေးနေတယ်လို့ ထင်သွားရလိမ့်မယ်။ သို့သော်လည်း ဤငွေများသည် ရုပ်သံဌာနမှူးကျာ၏ ကိုယ်ပိုင်ငွေ မဟုတ်သဖြင့် သူ၏လုပ်ပိုင်ခွင့်မှာလည်း ဤမျှသာ ရှိလိမ့်မည်ဟု ဖုန်းယွီနားလည်ပါသည်။ ထို့ထက် ပို၍လျှော့ပေးပါက သူသည်လည်း စစ်ဆေးမေးမြန်းမှုကို ခံရပေလိမ့်မည်။
"ဪ... ဒါနဲ့ နောက်ပိုင်း ခင်ဗျားတို့ ကြော်ငြာတွေကို စစ်ဆေးတဲ့အခါမှာ ပိုပြီးတော့ အာရုံစိုက်သင့်တယ်။ ပြီးတော့ ကြော်ငြာ ရောင်းတဲ့အခါမှာလည်း ဈေးအများဆုံး ပေးတဲ့သူကိုပဲ ကြည့်လို့ မရဘူးလေ။ ကျွန်တော် အရင်က ပြောဖူးသလိုပဲ၊ ကျွန်တော်တို့ရဲ့ ကိုယ်ပိုင်အမှတ်တံဆိပ်တွေကို ကာကွယ်ရမယ်။ သူတို့ကို ပြည်တွင်းမှာ အရင်ဆုံး အခြေခိုင်အောင် လုပ်ပေးနိုင်မှသာ ကမ္ဘာ့ဈေးကွက်ထဲကို ထိုးဖောက်နိုင်မှာပေါ့"
ဥပမာအားဖြင့် ပြည်တွင်းရှိ ဓာတုဗေဒ လူသုံးကုန် လုပ်ငန်းများသည် ပြည်ပလုပ်ငန်းရှင်များ၏ ဖိနှိပ်မှုကို ခံနေရသဖြင့် ခေါင်းပင် မဖော်နိုင်ကြတော့ပါချေ။ ပြည်ပလုပ်ငန်းရှင်များ၏ ကြော်ငြာ တိုက်စစ်ဆင်မှုက ကိစ္စမရှိလှသော်လည်း၊ သူတို့သည် တရုတ်ပြည်သူများ၏ စိတ်ထဲတွင် "နိုင်ငံခြားဖြစ်က တရုတ်ပြည်ဖြစ်ထက် သေချာပေါက် ပိုကောင်းသည်" ဟူသော အတွေးအခေါ်ကို ရိုက်သွင်းနေခြင်းအား ဖုန်းယွီအလွန်ပင် မုန်းတီးမိသည်။
ဤအတွေးအခေါ်သည် လူတွေ၏ စိတ်ထဲတွင် စွဲမြဲသွားပါက၊ အထူးသဖြင့် မျိုးဆက်တစ်ခုလုံးအပေါ် သက်ရောက်မှု ရှိသွားမည်ဆိုလျှင် အခြေအနေမှာ အလွန်ပင် ဆိုးရွားသွားပေလိမ့်မည်။ အရင်ဘဝတုန်းက တရုတ်ပြည်၏ ဓာတုဗေဒ လူသုံးကုန် ဈေးကွက်၏ ၆၀ ရာခိုင်နှုန်းကျော်မှာ ပြည်ပလုပ်ငန်းရှင်များ၏ လက်ထဲသို့ ရောက်ရှိသွားခဲ့ပြီး၊ တရုတ် အမှတ်တံဆိပ်များနှင့် ထုတ်ကုန်များသည် တဖြည်းဖြည်း ဝါးမြိုခံရကာ ကွယ်ပျောက်သွားခဲ့ရသည်။
ဤအခြေအနေမျိုးမှာ လက်ဝါးကြီးအုပ်မှုတစ်မျိုးပင် ဖြစ်သည်။ ဖုန်းယွီအနေဖြင့် ယခုဘဝတွင် ထိုသို့သော ကိစ္စမျိုး ထပ်မံ ဖြစ်ပွားလာမှာကို မလိုလားပါချေ။ လူတိုင်း၏ နေ့စဉ်ဘဝနှင့် သက်ဆိုင်နေသော ဤကဲ့သို့သော ထုတ်ကုန်များကို မိမိတို့ လူမျိုး၏ လက်ထဲတွင်သာ ထားရှိခြင်းက ပို၍ ကောင်းမွန်လှပေသည်။
ရုပ်သံဌာနမှူးကျာသည်လည်း အထက်လူကြီးများက ယခုအခါ တရုတ်ပြည်၏ ကိုယ်ပိုင် အမှတ်တံဆိပ်နှင့် လုပ်ငန်းများကို စတင် ပံ့ပိုးပေးနေပြီဖြစ်ကြောင်း သိရှိထားသည်။ ပြည်ပထုတ်ကုန်များကို ဆန့်ကျင်ရန် တရားဝင် ထုတ်ဖော် မပြောဆိုသော်လည်း၊ ထိုကဲ့သို့သော သဘောထားမျိုး ရှိနေသည်မှာ သိသာလှပေသည်။
အကယ်၍ သူသာ ပြည်ပထုတ်ကုန်များ CCTV တွင် ကြော်ငြာခွင့်ကို ပိတ်ဆို့လိုက်မည်ဆိုပါက ထိုထုတ်ကုန်များ၏ လူသိများမှုကို လျှော့ချပစ်နိုင်မည်ဖြစ်ကာ၊ မိမိနိုင်ငံ၏ ထုတ်ကုန်များကို ပံ့ပိုးပေးခြင်းအားဖြင့် ယှဉ်ပြိုင်နိုင်စွမ်းကို မြှင့်တင်ပေးနိုင်မည် ဖြစ်သည်။
"ရုပ်သံဌာနမှူးကျာ... ဒီလို ပြောပြမယ်။ ကြော်ငြာခ အားလုံးဟာ နောက်ဆုံးမှာတော့ သုံးစွဲသူ ပြည်သူတွေရဲ့ အိတ်ထဲကပဲ ထွက်သွားရမှာပါ။ ဒါကြောင့် CCTV က အဲဒီ ကုမ္ပဏီတွေဆီက ရတဲ့ ငွေတွေဟာ တကယ်တမ်းကျတော့ ကျွန်တော်တို့ ပြည်သူတွေဆီက ရတဲ့ ငွေတွေပဲလေ။ မူလက တစ်ဗူးကို ၁၅ ယွမ်ပဲ တန်တဲ့ ခေါင်းလျှော်ရည်က ကြော်ငြာပြီးတဲ့ အခါမှာ ၂၄ ယွမ် ဖြစ်သွားတယ်။ တိုးလာတဲ့ အမြတ်တွေက ကြော်ငြာခကို ပြန်ရရုံတင်မကဘဲ နှစ်ဆလောက်တောင် အမြတ်ပိုထွက်နေတာ"
ရုပ်သံဌာနမှူးကျာထိုအခါမှသာ သဘောပေါက်သွားခဲ့သည်။ သူသည် ထိုကုမ္ပဏီများဆီမှ ကြော်ငြာခတွေ အများကြီး ရရှိခဲ့သည်မှာ မှန်သော်လည်း၊ တကယ်တမ်းမှာမူ မိမိလူမျိုးဆီက ငွေတွေကို ယူနေခြင်းသာ ဖြစ်သလို၊ တစ်ပြိုင်နက်တည်းမှာပင် ထိုနိုင်ငံခြားသားများကို တရုတ်ပြည်သူတွေဆီကနေ ငွေတွေ ပိုရအောင် ကူညီပေးနေသလို ဖြစ်နေခဲ့ခြင်းပင်။
သို့သော် ရုပ်သံဌာနမှူးကျာယခင်က မသိရှိခဲ့သည်မှာ - CCTV တွင် ကြော်ငြာပြီးနောက် ထုတ်ကုန်၏ဈေးနှုန်းမှာ ဤမျှအထိ မြင့်တက်သွားနိုင်ခြင်းပင် ဖြစ်သည်။
ထိုကုမ္ပဏီများသည် "ဖော်မြူလာသစ်" ဟု အမည်တပ်ကာ၊ အမှတ်တံဆိပ်ဟောင်းကိုပဲ ထုပ်ပိုးမှု အသစ်ဖြင့် ထုတ်လုပ်ပြီး ဈေးနှုန်းကို လုံးဝ ပြောင်းလဲပစ်ကြသည်။ ဖော်မြူလာ အဆင့်မြှင့်တင်သည် ဆိုသည်မှာလည်း အမြှုပ်ပိုထွက်လာခြင်း သို့မဟုတ် အနံ့ ပိုမွှေးလာခြင်းမျှသာ ဖြစ်နိုင်ပြီး၊ သုံးစွဲသူများအနေဖြင့်လည်း ကွာခြားမှုကို ခံစားမိလိမ့်မည် မဟုတ်ပါချေ။
လူအတော်များများမှာ တီဗွီ ကြော်ငြာပါသော ထုတ်ကုန်များကို ဝယ်ယူကြခြင်းမှာ ထိုအမှတ်တံဆိပ်၏ လူသိများမှုကို ယုံကြည်ခြင်းကြောင့် ဖြစ်သလို၊ နာမည်ကြီး အမှတ်တံဆိပ်ဆိုလျှင် သေချာပေါက် ကောင်းမည်ဟု ယူဆသောကြောင့် ဖြစ်သည်။ ကြော်ငြာပါသော အမှတ်တံဆိပ်များထဲမှ ပြဿနာ တက်ခဲ့သည်မှာ မနည်းလှပါချေ။ တကယ်တမ်းတွင်မူ အမှတ်တံဆိပ်ငယ်လေးများ၏ ထုတ်ကုန်များမှာလည်း အလွန် ကောင်းမွန်သော်လည်း ကြော်ငြာရန် ငွေမရှိကြခြင်းသာ ဖြစ်သည်။
အကယ်၍ ပြည်ပလုပ်ငန်းရှင်များ ထိန်းချုပ်ထားသော အမှတ်တံဆိပ်များ၏ ကြော်ငြာလမ်းကြောင်းကို ပိတ်ဆို့လိုက်ပြီး၊ ပြည်တွင်း အမှတ်တံဆိပ်များကိုသာ ကြော်ငြာပေးမည်ဆိုပါက အခြေအနေမှာ ပြောင်းပြန် ဖြစ်သွားပေလိမ့်မည်။
လူတိုင်းက ကျင့်သားရသွားပြီး ထုတ်ကုန်၏ အရည်အသွေးကို သိရှိသွားသည့် အခါတွင်မူ "နိုင်ငံခြားဖြစ်က ပိုကောင်းသည်" ဟူသော မှားယွင်းသည့် အယူအဆမှာ ရှိတော့မည် မဟုတ်ပါချေ။
"ဒါကိုတော့ ငါ ပြန်သွားရင် လက်အောက်ငယ်သားတွေကို မှာကြားလိုက်ပါ့မယ်။ နောင်ကျရင် ကြော်ငြာတွေ ရောင်းတဲ့အခါ ကုမ္ပဏီရဲ့ အရည်အချင်းကို သေသေချာချာ စစ်ဆေးရမယ်။ သူတို့ကို ကြော်ငြာခွင့် မပေးဘူးလို့ ပေါ်ပေါ်ထင်ထင် ပြောလို့ မရပေမဲ့၊ မသိမသာ နည်းလမ်းတွေ သုံးပြီး သူတို့ကို လေလံမအောင်အောင် လုပ်ဖို့ကတော့ လွယ်ပါတယ်"
ရုပ်သံဌာနမှူးကျာက ဖုန်းယွီကို ဂုဏ်ယူစွာ ကြည့်လိုက်သည်။ သေချာတာပေါ့... ဒီနည်းလမ်းကလည်း ဖုန်းယွီဆီက သင်ယူထားတာပါ။ အင်း... နည်းနည်းတော့ အရှက်မရှိတဲ့ နည်းလမ်း ဖြစ်ပေမဲ့ အကျိုးကျေးဇူးကတော့ ထင်ရှားလှသည် မဟုတ်ပါလား။
နှစ်မျိုးစပ် ကိုလာတွေနဲ့ ထုံယီ၊ ခန်းရွှိုက်ဖူတို့လို ကုမ္ပဏီကြီးတွေကိုပဲ ကြည့်ကြည့်ပါ။ မူလက သူတို့ရဲ့ ကြီးထွားနှုန်းက အတော်လေး မြန်ဆန်ခဲ့ပေမဲ့ အကောင်းဆုံး ကြော်ငြာနှင့် ဈေးကွက်ချဲ့ထွင်မှု လမ်းကြောင်းတွေကို လက်လွှတ်လိုက်ရတဲ့အခါမှာတော့ သူတို့၏ ဖွံ့ဖြိုးတိုးတက်မှုမှာ တဖြည်းဖြည်း နှေးကွေးသွားခဲ့ရသည်။ အရောင်းပမာဏမှာ တိုးတက်နေဆဲ ဖြစ်စေကာမူ၊ ဈေးကွက်၏ ထိပ်တန်းခေါင်းဆောင် ဖြစ်လာမည့် အခွင့်အရေးကိုမူ လုံးဝ ဆုံးရှုံးသွားခဲ့ရပြီ ဖြစ်ကာ၊ တရုတ်ပြည် ဈေးကွက်၏ ထိပ်ဆုံး ငါးခုထဲတွင်ပင် မပါဝင်နိုင်တော့ပါချေ။
လီဟဟတစ်ခုတည်းကပင် သူတို့ကို အပြတ်အသတ် ဖိနှိပ်ထားခဲ့သည်။ သူတို့၏ အဓိက အားသာချက်ဖြစ်သော ခေါက်ဆွဲခြောက် နယ်ပယ်တွင်ပင် လီဟဟက ကျော်ဖြတ်သွားခဲ့ပြီ ဖြစ်သည်။ ထို့နောက် ဒုတိယ နေရာတွင်မူ Beidacang အောက်ရှိ ခေါက်ဆွဲခြောက်များ ရှိနေပြီး၊ တတိယတွင်မူ တရုတ်ပြည် အစားအသောက် အုပ်စု (COFCO) ရှိကာ၊ အောက်ခြေတွင်မူ တစ်ထုပ်ကို တစ်ယွမ်တည်းဖြင့် ရောင်းချသော ဈေးနှုန်းအနိမ့်စား ပုဂ္ဂလိက ကုမ္ပဏီနှစ်ခု ရှိနေသည်။
အရင်ဘဝတုန်းက တရုတ်ပြည်မှာ ခြေချင်းလိမ်နေအောင် အောင်မြင်ခဲ့တဲ့ ကုမ္ပဏီတွေဟာ၊ ယခုဘဝမှာတော့ ဤသို့ဖြင့် အပြတ်အသတ် ဖိနှိပ်ခံလိုက်ရတော့သည်။ "အရက်ကောင်းလျှင် တောနက်လည်း မကြောက်" ဟု ဆိုကြသော်လည်း၊ ဤကုမ္ပဏီများ၏ အမှတ်တံဆိပ် တန်ဖိုးမှာမူ အစဉ်တစိုက် ကျဆင်းနေခဲ့ရသည်။
ဈေးကွက်ဝေစု နံပါတ်တစ် ရရှိထားသော အမှတ်တံဆိပ်၏ တန်ဖိုးနှင့် နံပါတ် ခုနစ် ရရှိထားသော အမှတ်တံဆိပ်၏ တန်ဖိုးမှာ တူညီနိုင်ပါမည်လား။ အရောင်းပမာဏ တိုးလာသည် ဆိုဦးတော့၊ တိုးတက်မှုနှုန်းမှာ တဖြည်းဖြည်း နှေးကွေးလာပြီး အခြားသော အမှတ်တံဆိပ်များ၏ ကျော်တက်ခြင်းကို ခံရသည့်အခါ အမှတ်တံဆိပ် တန်ဖိုးမှာလည်း သဘာဝကျကျပင် ကျဆင်းသွားရတော့သည်။
အမှတ်တံဆိပ် တန်ဖိုးကျဆင်းခြင်းနှင့်အတူ ဆင့်ပွားတန်ဖိုးများလည်း ကျဆင်းသွားပြီး၊ အမြတ်အစွန်းမှာလည်း ဆက်တိုက်ဆိုသလို လျော့နည်းလာခဲ့ရသည်။
"ရုပ်သံဌာနမှူးကျာ... အမျိုးသား အမှတ်တံဆိပ်တွေ ပြန်လည် နိုးထလာဖို့အတွက် ခင်ဗျားတို့ဟာလည်း အဓိက အစိတ်အပိုင်း တစ်ခုပါပဲ။ ထုတ်ကုန် အရည်အသွေး မြင့်မားမှုနဲ့ ဝါဒဖြန့်ချိရေး ပူးပေါင်းလိုက်မှသာ တကယ့်ကို ရောင်းအား အကောင်းဆုံး ဖြစ်လာမှာပါ။ ခင်ဗျားတို့ရဲ့ ကူညီမှုက တကယ့်ကို ကြီးမားပါတယ်"
"မင်းနဲ့တော့ မယှဉ်နိုင်ပါဘူး။ ဟိုထိုက်ဟွာ စူပါမားကတ်က အဲဒီ ထုတ်ကုန်တွေကို အကုန် ဖြုတ်ချပစ်တာက ကိစ္စတော်တော်ကြီးသွားတယ် မဟုတ်လား။ မင်းတို့ စူပါမားကတ်အတွက်လည်း ထိခိုက်မှုတွေ မနည်းဘူး မဟုတ်လား” ဟု ရုပ်သံဌာနမှူးကျာက ပြုံး၍ မေးလိုက်သည်။
"ထိခိုက်မှုကတော့ ရှိတာပေါ့၊ ဒါပေမဲ့ ဒါဟာ ကျွန်တော်တို့အတွက် အခွင့်အရေး တစ်ခုလည်း ဖြစ်ပါတယ်။ ကျွန်တော်တို့ စူပါမားကတ်ရဲ့ တန်ဖိုးထားမှုကို လူတွေ သိသွားအောင် လုပ်လို့ ရတာပေါ့။ ပြီးတော့ ငါတို့ကလည်း သူတို့ရဲ့ မမှန်မကန် ကြော်ငြာမှုတွေကြောင့်ဆိုပြီး လျော်ကြေးတောင်းဖို့ ပြင်ဆင်နေပါတယ်။ ငါတို့ ထိုက်ဟွာ စူပါမားကတ်ရဲ့ ဈေးကွက်ကလည်း အလွန် ကြီးမားတာဆိုတော့ လျော်ကြေးငွေက နည်းမှာ မဟုတ်ပါဘူး။ အွန်လိုင်း ကုမ္ပဏီတွေ စုပေါင်းပြီး တရားစွဲပြီးတဲ့နောက်မှာ ငါတို့ ထိုက်ဟွာ စူပါမားကတ်ကလည်း စတင်ပြီး တရားစွဲ လျော်ကြေးတောင်းမှာပါ"
ထုတ်ကုန်တွေကို အတင်းအဓမ္မ ဖြုတ်ချလိုက်ခြင်းက လူအချို့ကို မကျေမနပ် ဖြစ်စေခဲ့သည်မှာ မှန်သော်လည်း၊ လက်ရှိ အင်တာနက်ပေါ်မှ ဝေဖန်သံများမှာ တရုတ်ပြည်ဘက်မှ တစ်ခဲနက် ရပ်တည်နေကြပြီး ထိုနိုင်ငံခြားသားများကို ဝိုင်းဝန်း ဆဲဆိုနေကြသည်။ ထိုနိုင်ငံခြားသားများဘက်မှ ရပ်တည်၍ စကားတစ်ခွန်း ပြောဝံ့သူမှန်သမျှမှာ "နိုင်ငံရောင်းစားသူ"အဖြစ် အဆဲခံနေကြရသည်။
ဤသို့ဖြင့် ထိုက်ဟွာ စူပါမားကတ်၏ ဂုဏ်သတင်းမှာ ကျဆင်းမသွားရုံသာမက၊ တကယ့်ကို စိတ်ရင်းမှန်ရှိသော လုပ်ငန်းအဖြစ် သတ်မှတ်ခံလိုက်ရသည်။ အကြောင်းမှာ ထိုကုမ္ပဏီများသည် ထိုက်ဟွာ စူပါမားကတ်သို့ ပေးရမည့် ဝန်ဆောင်ခများကို တိုးပေးမည်ဟု ကမ်းလှမ်းခဲ့သော်လည်း၊ ထိုက်ဟွာ စူပါမားကတ်က ဤကဲ့သို့သော လိမ်လည်သည့် ကုမ္ပဏီများ၏ ထုတ်ကုန်များကို မရောင်းချနိုင်ဟုဆိုကာ ငြင်းပယ်ခဲ့သောကြောင့် ဖြစ်သည်။
သုံးရက်အကြာတွင်မူ အမှုအား စတင် စစ်ဆေးကြားနာခဲ့လေတော့သည်။
******