← Chapters

အခန်း (၁၃၄၃-၁၃၄၅)

Vol. 91 Ch. 1343-1345

အခန်း (၁၃၄၃-၁၃၄၅)

Vol. 91 Ch. 1343-1345

အခန်း (၁၃၄၃) နောက်ဆုတ်သွားခြင်း

"XX ဥပဒေရဲ့ XX အပိုဒ်ခွဲအရ၊ စာချုပ်ပါ ကြေညာချက်တွေအတိုင်း ကျွန်တော်ဟာ တရားလိုဖြစ်တဲ့ တရုတ်ပြည် ဗဟိုရုပ်သံလိုင်း (CCTV) ကို ကိုယ်စားပြုပြီး၊ တရားခံဖြစ်တဲ့... စတဲ့ ကုမ္ပဏီတွေဆီကနေ စုစုပေါင်း လျော်ကြေးငွေ ဒေါ်လာ ၃,၈၃၂,၂၀၅,၀၀၈ (၃ ဘီလီယံ၊ ၈ ရာသန်းကျော်) ကို တောင်းဆိုလိုက်ပါတယ်"

Wilsonက ဤလျော်ကြေးငွေ ပမာဏကို တင်ပြလိုက်သည့်အခါ၊ ဂျွန် အပါအဝင် တရားခံဘက်က ကိုယ်စားလှယ်များ အားလုံး ကြောင်အမ်းသွားခဲ့ကြရသည်။

ယခင်က သူတို့သည် လျော်ကြေးငွေ မည်မျှ တောင်းဆိုမည်ကို မသိရှိခဲ့ကြဘဲ၊ ကိန်းဂဏန်း အလွန်ကြီးမားမည်ကိုသာ သိထားခဲ့ကြသည်။ သို့သော် တကယ်တမ်း နားနှင့် ဆတ်ဆတ် ကြားလိုက်ရသည့် အခါတွင်မူ ဤကိန်းဂဏန်းမှာ ကြီးမားရုံတင် မဟုတ်ဘဲ "နားမဆံ့အောင် ကြီးမားသည့် ကိန်းဂဏန်း" ဖြစ်နေကြောင်း သဘောပေါက်သွားခဲ့ကြသည်။

ထို့နောက် ဝီလ်ဆင်သည် လျော်ကြေးတောင်းရသည့် အကြောင်းရင်းများကို စတင်ရှင်းပြတော့သည်။ ထိုလုပ်ငန်းများ၏ မမှန်မကန် ကြော်ငြာမှုများကြောင့် CCTV အပေါ် ရရှိလာသော နစ်နာမှုများကို တစ်ခုချင်း စာရင်းချပြသည်။ ထို့နောက် ပြည်ပမှ အလားတူ အမှုအခင်း စီရင်ချက်များနှင့် တရုတ်ပြည်ဥပဒေများကို ပေါင်းစပ်ကာ ဤလျော်ကြေးငွေ ပမာဏမှာ အကျိုးအကြောင်း ခိုင်လုံကြောင်း တင်ပြခဲ့သည်။

တစ်ဖက် ရှေ့နေအဖွဲ့မှာ ခေတ္တမျှ ကြောင်သွားပြီးမှ အချက်အားလုံးကို စတင်ငြင်းခုံကြတော့သည်။ ပထမဆုံး အချက်အနေဖြင့် ပြည်ပနိုင်ငံများမှ စီရင်ချက်များသည် တရုတ်ပြည်နှင့် မသက်ဆိုင်ကြောင်း၊ အဘယ်ကြောင့်ဆိုသော် နိုင်ငံ၏အခြေအနေနှင့် ဥပဒေစနစ်များ မတူညီသောကြောင့် ဖြစ်သည်ဟု ချေပသည်။

ဒုတိယ အချက်အနေဖြင့် ဤလျော်ကြေး တောင်းဆိုမှုမှာ လုံးဝ ဥပဒေနှင့် မညီကြောင်း၊ ၎င်းတို့သည်သာ နစ်နာသူများ ဖြစ်ကြောင်း၊ CCTV က သူတို့၏ ကြော်ငြာများကို ဖြုတ်ချလိုက်ခြင်းမှာ အကျိုးအကြောင်း မရှိသလို သူတို့၏ ကုမ္ပဏီနှင့် အမှတ်တံဆိပ်ကို ပြန်လည် ကုစား၍မရနိုင်သော ထိခိုက်မှုများ ဖြစ်ပေါ်စေခဲ့သည်ဟု ဆိုကြသည်။

နှစ်ဖက်စလုံး တရားခွင်တွင် အပြန်အလှန် ငြင်းခုံကြသော်လည်း၊ ထိုကုမ္ပဏီများ ငှားရမ်းထားသော ရှေ့နေများမှာ မူလကတည်းက နာမည်ကြီးသူများ မဟုတ်ကြပါချေ။ ထို့ထက်ပိုသည်မှာ ရှေ့နေတစ်ဦးဆိုလျှင် ငြင်းခုံနေစဉ်အတွင်း စကားများ ထစ်ငေါ့ကုန်သဖြင့် တကယ့်ကို ရယ်စရာ ဖြစ်သွားခဲ့ရသည်။

ဝီလ်ဆင်မှာမူ ဗြိတိသျှ လူမျိုး ဖြစ်စေကာမူ ကွမ်တုံစကားကို နှစ်ပေါင်းများစွာ သင်ယူခဲ့သူ ဖြစ်သလို၊ လွန်ခဲ့သော နှစ်အနည်းငယ်အတွင်း ပြည်တွင်း၌ အလုပ်လုပ်နေသူ ဖြစ်သဖြင့် သူ၏တရုတ်စကားမှာ အလွန်ကြီး မသေချာစေကာမူ ရှင်းလင်းစွာ နားလည်နိုင်စွမ်း ရှိသည်။ အရေးကြီးဆုံး အချက်မှာ သူ၏ "နိုင်ကိုနိုင်ရမည်" ဟူသော ယုံကြည်မှုအပြည့် ရှိနေသည့် အမူအရာက တစ်ဖက်လူကို အရှိန်အဝါဖြင့် ဖိနှိပ်ထားနိုင်ခြင်းပင်။

ပထမဆုံးအကြိမ် ကြားနာစစ်ဆေးမှုမှာ သဘာဝကျကျပင် အဖြေထွက်ဦးမည် မဟုတ်ပါချေ။ သို့သော် တရားခွင်အတွင်း ငြင်းခုံမှု ရလဒ်များကို ကြည့်ခြင်းအားဖြင့် ဝီလ်ဆင်က အပြတ်အသတ် သာလွန်နေကြောင်း လူတိုင်း သတိပြုမိကြသည်။

သူတို့ တရားခွင်မှ ထွက်လာသည့် အခါတွင် တံခါးဝ၌ သတင်းထောက် အမြောက်အမြား ဝိုင်းအုံနေခဲ့ကြသည်။ တရုတ်ပြည်တွင်း မီဒီယာများတင်မကဘဲ ပြည်ပမီဒီယာများကပါ လာရောက် သတင်းယူနေကြခြင်း ဖြစ်သည်။

ဤသည်မှာ တကယ့် သတင်းကြီးတစ်ခု မဟုတ်ပါလား။ တရုတ်ပြည်၏ နိုင်ငံတော်ပိုင် လုပ်ငန်းနှင့် ပြည်သူ့အာဘော်ကို ကိုယ်စားပြုသော ရုပ်သံဌာနက ပြည်ပလုပ်ငန်းရှင်များနှင့် တရားဆိုင်နေခြင်း ဖြစ်သဖြင့် သူတို့ အလွန် စိတ်ဝင်စားနေကြသည်။ အထူးသဖြင့် ဤသတင်းမှာ ပြည်ပနိုင်ငံများတွင်လည်း အတော်လေး ဟိုးဟိုးကျော်နေခဲ့ပြီ ဖြစ်သည်။

"ရှေ့နေကျန်း ခင်ဗျာ... ဒီနေ့ တရားခွင် စစ်ဆေးမှု ရလဒ်က ဘယ်လို ရှိပါသလဲ”

"ရှေ့နေကျန်းခင်ဗျာ... ခင်ဗျားက ပြည်ပကုမ္ပဏီတွေကို ကိုယ်စားပြုပြီး ကိုယ့်နိုင်ငံရဲ့ ဗဟိုရုပ်သံလိုင်းကို တရားပြန်စွဲရတာ ဘယ်လို ခံစားရပါသလဲ”

"ရှေ့နေကျန်းခင်ဗျာ... အင်တာနက်ပေါ်မှာ ခင်ဗျားကို 'နိုင်ငံရောင်းစားသူ' လို့ ပြောနေကြတဲ့အပေါ် ဘယ်လို တုံ့ပြန်ချင်ပါသလဲ”

ဂျွန်တို့ ငှားရမ်းထားသော ရှေ့နေ ကျန်းတို့ အုပ်စုမှာ အဖြေရခက်ကာ အလွန်ပင် ခေါင်းခဲနေခဲ့ရသည်။ ထူးဆန်းသည်မှာ ပြည်ပ မီဒီယာများသည်ပင် ရှေ့နေကျန်းတို့ကို လာရောက် အင်တာဗျူးခြင်း မရှိဘဲ၊ ဝီလ်ဆင်တို့ထံသို့သာ သွားရောက်ကြခြင်းပင်။ အကြောင်းမှာ ရှေ့နေ ကျန်းတို့က အင်္ဂလိပ်စကား မတတ်သောကြောင့် ဖြစ်သည်။

ဝီလ်ဆင်မှာမူ အေးအေးလူလူပင် ရှိနေပြီး မျက်နှာတွင် အပြုံးဖျော့ဖျော့လေး အမြဲ ရှိနေသည်။

"ရှေ့နေကြီး ဝီလ်ဆင် ဝီလ်ဆင်ခင်ဗျာ... ခင်ဗျားက ဗြိတိသျှ တော်ဝင် ရှေ့နေကြီး တစ်ယောက် ဖြစ်နေရက်နဲ့ တရုတ်ပြည်မှာ တရားလာဆိုင်ရတာ ဘယ်လို ထူးခြားမှုတွေ ခံစားရပါသလဲ”

"ရှေ့နေကြီး ဝီလ်ဆင် ဝီလ်ဆင်ခင်ဗျာ... ခင်ဗျား တရုတ်ပြည်တွင်း ရှေ့နေ လိုင်စင်ကို ဘယ်တုန်းက ရရှိခဲ့တာလဲ”

"ရှေ့နေကြီး ဝီလ်ဆင်... ခင်ဗျား တရားစွဲထားတဲ့ ကုမ္ပဏီတွေထဲမှာ ဗြိတိသျှ ကုမ္ပဏီတစ်ခုလည်း ပါဝင်နေတာနဲ့ ပတ်သက်ပြီး ဘာများ ပြောချင်ပါသလဲ”

ဝီလ်ဆင်သည် သတင်းထောက်များ၏ မေးခွန်းများကို ကျွမ်းကျင်စွာ ဖြေကြားရင်း သူ့အပေါ် တိုက်ခိုက်လာသော စကားများကိုလည်း ပါးနပ်စွာ ချေဖျက်လိုက်သည်။ သူသည် တရုတ်ပြည်၏ CCTV ကို ကိုယ်စားပြုကာ ထိုပြည်ပလုပ်ငန်းရှင်များ၏ မမှန်မကန် လုပ်ဆောင်မှုများကို တရားသဖြင့် ပြစ်တင်ရှုတ်ချခဲ့သည်။

ဝီလ်ဆင်သည် ဤကဲ့သို့သော အခြေအနေမျိုးကို ရင်ဆိုင်ရာတွင် ကျွမ်းကျင်ပြီးသား ဖြစ်သည်။ ဤသတင်းထောက်များသည် ကိုင်တွယ်ရ ခက်ခဲစေကာမူ၊ ဟောင်ကောင်ရှိ ပါပါရာဇီများက သူ့အိမ်ရှေ့အထိ လာစောင့်ကာ ပြတင်းပေါက်ကနေ ခိုးရိုက်သည့် အခြေအနေမျိုးနှင့် ယှဉ်လျှင်မူ ဘာမှ မဟုတ်ပါချေ။

မလှမ်းမကမ်းတွင် ရှေ့နေကျန်းတို့ အဖွဲ့ သတင်းထောက်များကြားတွင် ချွေးပြန်နေသည်ကို မြင်ရသောအခါ ဝီလ်ဆင်သည် ပြုံးစစဖြင့် လျှောက်သွားလိုက်သည်။ ရှေ့နေ ကျန်းကို အင်တာဗျူးနေသော သတင်းထောက်များသည်လည်း ဝီလ်ဆင်ကို မြင်သည်နှင့် ချက်ချင်းပင် သူ့ထံသို့ ပြောင်း၍ မေးမြန်းကြတော့သည်။

"ရှေ့နေ ဝီလ်ဆင်... ခုနက ရှေ့နေ ကျန်းက နောက်တစ်ခါ ရုံးချိန်းမှာ ခင်ဗျားတို့ သေချာပေါက် ရှုံးလိမ့်မယ်လို့ ပြောသွားပါတယ်။ ခင်ဗျားကော ဒါကို သဘောတူပါသလား”

"မစ္စတာ ဝီလ်ဆင်... ခုနက တရားခွင် ရလဒ်ဟာ ရှေ့နေ ကျန်း ပြောသလိုပဲ ခင်ဗျားဘက်က အခြေအမြစ် မရှိဘဲ ချေပခံလိုက်ရတာလား”

"ရှေ့နေ ဝီလ်ဆင်... ရှေ့နေကျန်းက သူတို့ဘက်ကနေ ခင်ဗျားတို့ကို လျော်ကြေး ပြန်တောင်းဖို့ ပြင်ဆင်နေသလို ခင်ဗျားတို့ရဲ့တောင်းဆိုမှုဟာ အဓိပ္ပာယ် မရှိဘူးလို့ ဆိုပါတယ်၊ ခင်ဗျား ဒါကို လက်ခံပါသလား”

ဝီလ်ဆင်က ပြုံးလျက် ပြန်လည် ဖြေကြားလိုက်သည်မှာ "ခင်ဗျားတို့ရဲ့ မေးခွန်းတွေကို ကျွန်တော် နားလည်ပါတယ်။ အချက်နှစ်ချက်ပဲ ပြောပါ့မယ်။ ပထမ အချက်ကတော့ ဒီအမှုကို ကျွန်တော်တို့ သေချာပေါက် နိုင်မှာပါ။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ဟာ ဥပဒေနဲ့ အမှန်တရားဘက်မှာ ရှိနေလို့ပဲ။ ဒုတိယ အချက်ကတော့... ရှေ့နေ ကျန်းဟာ အရင်က သက်သေတွေကို လာဘ်ထိုးဖို့ ကြိုးစားခဲ့တဲ့ မှတ်တမ်းရှိခဲ့ဖူးသလို၊ အဲဒီအတွက် အချိန်အတော်ကြာ စစ်ဆေးမေးမြန်းမှုကို ခံခဲ့ရဖူးသူပါ"

လူတိုင်းသည် ရှေ့နေ ကျန်းထံသို့ လှည့်ကြည့်လိုက်ကြသည်။ ရှေ့နေ ကျန်းမျက်နှာ နီမြန်းသွားကာ ဟစ်အော်လိုက်သည်။ "ဒါဟာ မဟုတ်မမှန် စွပ်စွဲတာပဲ။ အဲဒီကိစ္စမှာ ကျွန်တော်ဟာ အပြစ်မရှိကြောင်း သက်သေပြပြီးသားပါ"

ဝီလ်ဆင်က ပုခုံးတွန့်ပြကာ ထွက်ခွာသွားခဲ့သည်။ အပြစ်ရှိသည်၊ မရှိသည်ကို သူ မသိပါချေ။ ရှေ့နေ ကျန်းတကယ်ပဲ အပြစ်မရှိစေကာမူ ပြည်သူတွေကော ယုံကြည်ပါ့မည်လား။

သတင်းထောက်များသည်ကား ရှေ့နေကျန်းကို ဝိုင်းအုံကာ ထိုကိစ္စမှာ အဘယ်သို့ဖြစ်ကြောင်း ရှင်းပြခိုင်းကြတော့သည်။

ထိုနေ့ မွန်းလွဲပိုင်းမှာပင် အင်တာနက်ပေါ်ရှိ သတင်းများမှာ အဆင့်မြှင့်တင်မှုများ ဖြစ်ပေါ်လာခဲ့ပြီး၊ တရားခွင် အခြေအနေများကို ဖော်ပြရင်း ရှေ့နေကျန်း၏ လာဘ်ထိုးမှု ကောလာဟလကိုပါ ထည့်သွင်း ဖော်ပြခဲ့ကြသည်။

ရှေ့နေ ကျန်းသည် တစ်ချိန်က အလွန် နာမည်ကြီးသော ရှေ့နေတစ်ဦး ဖြစ်ခဲ့သော်လည်း၊ လာဘ်ထိုးမှု ကိစ္စတွင် ပါဝင်ပတ်သက်ခဲ့သဖြင့် အချိန်အတော်ကြာ ငြိမ်သက်နေခဲ့ရသူ ဖြစ်သည်။ ထိုသို့သာ မဟုတ်ပါက သူ၏ ဂုဏ်သတင်းနှင့်ဆိုလျှင် ဤကဲ့သို့သော အမှုကို လက်ခံလိမ့်မည် မဟုတ်ပါချေ။ သူသည် တစ်ဟုန်ထိုး ပြန်လည် နာမည်ကြီးလာပြီး ထိပ်တန်းသို့ ပြန်ရောက်ရန် ကြိုးပမ်းနေခြင်း ဖြစ်သည်။ ထို့ပြင် ဂျွန်ကလည်း အောင်မြင်သွားပါက သူ့အား အမေရိကန်နိုင်ငံသား ဖြစ်လာအောင် ကူညီပေးမည်ဟု ကတိပေးထားသဖြင့် သူသည် CCTV ကို တရားစွဲဝံ့ခြင်း ဖြစ်သည်။

သို့သော် ယခုအခါ ထိုအိမ်မက်များမှာ ပျက်စီးတော့မည့် အခြေအနေသို့ ရောက်နေပြီ ဖြစ်သည်။ အင်တာနက်ပေါ်တွင် ယခင်က ထိုပြည်ပလုပ်ငန်းရှင်များကိုသာ ဝိုင်းဝန်းဆဲဆိုနေကြသော်လည်း၊ ယခုအခါတွင်မူ သူ့ကိုရော သူ၏ ရှေ့နေအဖွဲ့ကိုပါ ဝိုင်းဝန်း တိုက်ခိုက်နေကြပြီ ဖြစ်သည်။

ညနေပင် မရောက်သေးမီမှာပင် သူ၏ အဖွဲ့ထဲမှ ရှေ့နေအချို့က ဤအမှုကို မလိုက်နိုင်တော့ဟုဆိုကာ နှုတ်ထွက်သွားကြသည်။ အချို့ကမူ အိမ်တွင် ကိစ္စရှိသည်ဟုဆိုကာ အလျင်အမြန် ပြန်သွားကြသည်။

ခြုံပြောရလျှင် ဆက်လက် မပတ်သက်ချင်ကြတော့ခြင်း ဖြစ်သည်။ မှန်ပါသည်... ဤအမှုကို လိုက်ခြင်းအားဖြင့် နာမည်ကြီးနိုင်သော်လည်း၊ ထိုနာမည်မှာ အမည်းစက် ဖြစ်နေမည်ဆိုပါက မရှိသည်ကမှ ပိုကောင်းပေလိမ့်မည်။

သူတို့သည် ရှေ့နေ ကျန်း၏ အဖွဲ့ဝင်များ ဖြစ်နေသဖြင့် သူတို့၏ မိဘများကပင် ဖုန်းဆက်ကာ ဆဲဆိုနေကြပြီဖြစ်ရာ မည်သို့ဆက်လက် ပါဝင်နိုင်တော့မည်နည်း။

ပြည်ပနိုင်ငံသား ရှေ့နေအချို့သာ ရှေ့နေကျန်းကို ဆက်လက် ကူညီနေကြသော်လည်း၊ ရှေ့နေကျန်းသည် မိမိ၏အဖွဲ့ကို တစ်ဖက်အဖွဲ့နှင့် နှိုင်းယှဉ်ကြည့်သည့်အခါ ကွာဟချက်မှာ အလွန်ပင် ကြီးမားလှသဖြင့် စိတ်ဓာတ်များ ကျဆင်းသွားခဲ့ရသည်။

ထိုအချိန်တွင် ပြည်ပ မီဒီယာများကလည်း ပြည်ပရှိ အလားတူ လျော်ကြေးငွေ အမြောက်အမြား ရရှိခဲ့သော အမှုများကို စတင်ဖော်ပြလာကြသည်။ ဤအမှုကို ထိုအမှုများနှင့် နှိုင်းယှဉ်ပြရင်း ဝီလ်ဆင်တောင်းဆိုထားသော လျော်ကြေးငွေ ပမာဏမှာ အကျိုးအကြောင်း ခိုင်လုံကြောင်း ရေးသားလာကြသည်။

ရှေ့နေ ကျန်းကတော့ နှာခေါင်းရှုံ့မိသည်။ အကျိုးအကြောင်း ခိုင်လုံတာတွေ ဘာတွေ လာမပြောနဲ့။ တရုတ်ပြည်မှာ ဒီလောက် မြင့်မားတဲ့ လျော်ကြေးငွေ ပမာဏမျိုး တစ်ခါမှ မရှိခဲ့ဖူးဘူး။

အကယ်၍ အမှုရှုံးသွားလျှင်ပင် အလွန်ဆုံး ကြော်ငြာခရဲ့ နှစ်ဆလောက် ပေးလိုက်ရုံနဲ့ လုံလောက်နေတာပဲလေ။ ဒီလို အဆပေါင်းများစွာ တောင်းတာမျိုးကတော့ မဖြစ်နိုင်သလို တရားရုံးကလည်း ချမှတ်ဝံ့မှာ မဟုတ်ဘူး။

ရှေ့နေ ကျန်းသည် သူ၏စိတ်ထဲတွင် အမှုရှုံးနိမ့်နိုင်ခြေကိုပင် ထည့်သွင်း စဉ်းစားနေမိကြောင်း ရုတ်တရက် သတိပြုမိလိုက်သည်။ ဤသို့ ဖြစ်ပေါ်လာခြင်းမှာ သူကိုယ်တိုင်ပင် ယုံကြည်မှု ကုန်ဆုံးနေပြီ ဖြစ်ကြောင်း သက်သေပင် ဖြစ်သည်။

ဖြစ်နိုင်လျှင် အစကတည်းက ဤအမှုကို သူ လုံးဝ လက်မခံခဲ့သင့်ပါချေ။

******

အခန်း (၁၃၄၄) ပြတ်သားသော သဘောထား

"မစ္စတာ ဂျန်ခင်ဗျာ... အခုအချိန်မှာ ပြည်ပမီဒီယာတွေကနေတစ်ဆင့် ပြန်လည်တုံ့ပြန်နိုင်မှသာ ငါတို့မှာ အနိုင်ရဖို့ မျှော်လင့်ချက် အနည်းငယ် ရှိပါတော့မယ်။ တရုတ်ပြည်တွင်းက မီဒီယာတွေရဲ့ အခြေအနေကိုလည်း ခင်ဗျား မြင်နေတာပဲ၊ ဘယ်မီဒီယာကမှ ငါတို့ဘက်ကနေ ရပ်တည်ပြီး သတင်းတင်ပေးဝံ့တာ မရှိဘူး" ရှေ့နေကျန်းက လေးနက်သော အသံဖြင့် ဆိုလိုက်သည်။

ဂျွန်၏ မျက်နှာတွင် ခါးသီးသော အပြုံးတစ်ခု ပေါ်ထွက်လာသည်။ ပြည်ပမီဒီယာတွေမှာ ပြန်တိုက်ဖို့ ဟုတ်လား။ ငါတို့ မလုပ်ခဲ့ဘူးလို့ မင်း ထင်နေတာလား။ ဒါပေမဲ့ ပြည်ပမီဒီယာ အတော်များများကိုလည်း ဝီလ်ဆင် ဝီလ်ဆင်ရဲ့ အဖွဲ့က သိမ်းပိုက်ထားပြီးပြီလေ။

ကမ္ဘာ့ထိပ်တန်း ရှေ့နေရုံးတွေ အများကြီးကို ဘယ်လိုနည်းနဲ့ စုစည်းနိုင်ခဲ့တာလဲဆိုတာ ဝီလ်ဆင် ဝီလ်ဆင်ကို သူ တကယ်ပဲ အံ့သြမိသည်။ အခုအခြေအနေအရဆိုရင် နိုင်ငံရေး နည်းလမ်းနဲ့ပဲ ဖြေရှင်းရတော့မယ်။

"ဒီကိစ္စကို ငါ့ကို လွှဲထားလိုက်၊ အပြင်ဘက်က ဝေဖန်သံတွေကို ငါ ဖြေရှင်းမယ်။ ဒါပေမဲ့ ဒီတရားရင်ဆိုင်ပွဲကိုတော့ မင်း သေချာပေါက် နိုင်အောင် တိုက်ရမယ်၊ မဟုတ်ရင်တော့ မင်း ငွေတစ်ပြားမှ ရဖို့ မစဉ်းစားနဲ့"

"အလုပ်ရှင်... အခြေအနေက ဒီလိုပါ။ တရုတ်ပြည်ရဲ့ ဥပဒေအရ လျော်ကြေးတောင်းဆိုမှု အချို့မှာ ကန့်သတ်ချက်တွေ ရှိနေပါတယ်။ CCTV ရော၊ အွန်လိုင်း ကုမ္ပဏီတွေနဲ့ ထိုက်ဟွာ စူပါမားကတ်တွေ အားလုံးအတွက်ပါ ပေါင်းလိုက်ရင် ယွမ် သန်း နှစ်ထောင် (၂ ဘီလီယံ) ဝန်းကျင်လောက်ပဲ လျော်ကြေးတောင်းလို့ ရပါလိမ့်မယ်။ ဒါပေမဲ့ အရင်က ဒီလို အမှုမျိုး တစ်ခါမှ မရှိခဲ့ဖူးတော့၊ ငါတို့ အထက်လူကြီးတွေကို စည်းမျဉ်းတွေ ကျော်ပြီး ပိုမြင့်တဲ့ လျော်ကြေးငွေ သတ်မှတ်ပေးဖို့ တောင်းဆိုလို့ ရကောင်း ရနိုင်ပါတယ်။ အကယ်၍သာ အမေရိကန်မှာဆိုရင်တော့ ဒီပမာဏထက် အနည်းဆုံး ဆယ်ဆလောက် ပိုရမယ်လို့ ကျွန်တော် အာမခံနိုင်ပါတယ်" ဝီလ်ဆင် ဝီလ်ဆင်က ရှင်းပြလိုက်သည်။

အရင်ဘဝတုန်းကလည်း တရုတ်ပြည်၏ လျော်ကြေးပေးမှု စနစ်မှာ အမြဲတမ်း ပုံသေဆန်ခဲ့ကြောင်း ဖုန်းယွီ ကြားဖူးပါသည်။ ပြည်ပနိုင်ငံများတွင် မကြာခဏ ပေါ်ထွက်လာတတ်သော နားမဆံ့သည့် လျော်ကြေးငွေ ပမာဏများနှင့် နှိုင်းယှဉ်လျှင်မူ အလွန်ပင် အားနည်းလွန်းလှသည်။

ပြည်ပတွင် အဖွားအိုတစ်ဦးသည် McDonald's တွင် ချော်လဲသွားရုံဖြင့် ဒေါ်လာ ငါးသန်း လျော်ကြေးတောင်းနိုင်ခဲ့သည်။ အကြောင်းပြချက်မှာ တစ်ဖက်လူက "ကြမ်းပြင် ချောသည်၊ သတိထားပါ" ဟူသော သတိပေးချက်ကို ထင်ထင်ရှားရှား မပြသထားသောကြောင့် ဖြစ်သည်။

နောက်ပြီး ကြော်ငြာထဲက ဖိနပ်တစ်မျိုးဆိုလျှင်လည်း၊ စီးလိုက်ပါက အတောင်ပံတစ်စုံ ရရှိလိမ့်မည်ဟု ဆိုထားရာ၊ တကယ်တမ်း စီးသည့်အခါ အတောင်ပံ မထွက်လာသဖြင့် ဒေါ်လာ သန်းချီ၍ လျော်ကြေး ပေးခဲ့ရဖူးသည်။

သာမန်လူတွေရဲ့အမြင်အရဆိုရင် တရုတ်လူမျိုးတွေတင်မကဘဲ ဥရောပ၊ အမေရိကနဲ့ အာဖရိကက လူတွေပါ ဒါဟာ ကြော်ငြာ စိတ်ကူး တစ်ခုပဲဆိုတာ သိကြတာပါပဲ။ ဒါပေမဲ့ တရားရုံးကတော့ အမှုကို လက်ခံခဲ့သလို၊ အလွန်မြင့်မားတဲ့ လျော်ကြေးကိုလည်း ချမှတ်ခဲ့တယ်။ အကြောင်းပြချက်ကတော့ ဂျူရီလူကြီးတွေက ဒီကုမ္ပဏီရဲ့ကြော်ငြာဟာ တကယ်ပဲ ပြဿနာရှိတယ်လို့ ယူဆလိုက်ကြလို့ပါပဲ။ တကယ့်ကို ပေါက်ကရ အကြောင်းပြချက်တွေပေါ့။

"ကိစ္စမရှိပါဘူး။ မင်း တောင်းဆိုနိုင်သမျှ အမြင့်ဆုံး ပမာဏနဲ့ပဲ အရင် ငြင်းခုံလိုက်ပါ။ တကယ်လို့ မရတော့ဘူးဆိုမှ နည်းနည်း ပြန်လျှော့တာပေါ့။ မင်းပြောသလိုပဲ တရုတ်ပြည် ဥပဒေအရ အချို့သော လျော်ကြေးငွေတွေက အမြင့်ဆုံး ပြစ်ဒဏ် ကန့်သတ်ချက်ထဲမှာ မပါဘူး မဟုတ်လား”

"ဒါပေမဲ့ အခု ပြည်ပမှာ ဝေဖန်သံတွေ ထွက်နေပါတယ်။ ကျွန်တော်က Bossရဲ့ဥပဒေရေးရာ ညွှန်ကြားရေးမှူး ဖြစ်နေတာကို သူတို့ သိကြတော့၊ ဒီကိစ္စရဲ့ နောက်ကွယ်မှာ Boss ရှိနေတယ်လို့ သူတို့ ယူဆနေကြတယ်။ ဒါက Bossရဲ့ ဂုဏ်သတင်းကို ထိခိုက်စေနိုင်ပါတယ်" ဝီလ်ဆင် ဝီလ်ဆင်က တုံ့ဆိုင်းစွာ ဆိုလိုက်သည်။

"ဟားဟားဟား... ငါ့ရဲ့ ဂုဏ်သတင်းလား။ ထိုက်ဟွာ စူပါမားကတ်နဲ့ အွန်လိုင်း ကုမ္ပဏီတွေပါ လျော်ကြေး စတောင်းတဲ့ အခါကျရင်လည်း သူတို့က ငါနဲ့ပဲ လာပတ်သက်ဦးမှာပဲလေ" ဖုန်းယွီက ပြန်ပြောလိုက်ရင်း စိတ်ထဲတွင်မူ - ဒါက ငါကိုယ်တိုင် လုပ်ထားတဲ့ ကိစ္စပဲလေ၊ သူတို့ ခန့်မှန်းတာ တကယ်ပဲ မမှားဘူး ဟု တွေးလိုက်မိသည်။

"ဒါဆိုရင် Boss... ကျွန်တော့်မှာ လျော်ကြေးငွေ ပမာဏကို ထပ်ပြီး မြှင့်တင်နိုင်ဖို့ ယုံကြည်မှု ရှိပါတယ်။ ဒါပေမဲ့ အချိန်တော့ နည်းနည်း ပိုယူရလိမ့်မယ်။ ဘာလို့လဲဆိုတော့ တရုတ်ပြည်ရဲ့ဥပဒေက ပြည်ပက အရင်စီရင်ချက်တွေကို လိုက်နာရမယ်လို့ မသတ်မှတ်ထားလို့ပါ"

"အချိန်ကြာရင် ကြာပါစေ၊ ငါတို့ဘက်က အချိန်ဆွဲနိုင်ပါတယ်"

ဖုန်းယွီကတော့ အချိန်ပိုကြာလေ၊ ပိုကြိုက်လေပင်။ အချိန်ကြာလေလေ၊ သက်ရောက်မှု ပိုကြီးလေဖြစ်ပြီး ထိုကုမ္ပဏီတွေရဲ့ ဆုံးရှုံးမှုကလည်း ပိုများလေ ဖြစ်မှာပေါ့။ တရားရင်ဆိုင်တာ ကြာလာလေလေ၊ သူတို့ဘက်က ဆုံးရှုံးမှုတွေ များလာပြီး နောက်ဆုံးကျရင်တော့ သူတို့ကိုယ်တိုင် အလျှော့ပေးလာကြမှာပဲ။

ထိုအချိန်တွင် တံခါးခေါက်သံ ခပ်ပြင်းပြင်း ထွက်ပေါ်လာပြီး၊ ဖုန်းယွီက ဝင်ခဲ့ပါဟု ခွင့်ပြုလိုက်သည်နှင့် ဝူကျိကန်း အလျင်အမြန် ဝင်ရောက်လာခဲ့သည်။

"Boss... ပြည်ပ အစိုးရအချို့ ဒီကိစ္စမှာ ပါဝင်လာကြပြီ"

ဖုန်းယွီမျက်ခုံးတစ်ချက် ပင့်လိုက်မိသည်။ ပြည်ပ အစိုးရတွေ ပါဝင်လာတယ် ဟုတ်လား၊ ဒါဆိုရင်ကော ဘာဖြစ်လဲ။

ထိုအချိန်တွင် တရုတ်ပြည်မှ ခေါင်းဆောင်အချို့သည်လည်း ဤကိစ္စကို မည်သို့ ကိုင်တွယ်ရမည်ကို ဆွေးနွေးနေကြသည်။

၎င်းတို့အနက် အများစုမှာ ဖုန်းယွီဘက်မှ ရပ်တည်ကြပြီး၊ ဤသည်မှာ သာမန် စီးပွားရေးဆိုင်ရာ တရားစွဲဆိုမှုသာဖြစ်သဖြင့် နိုင်ငံရေးအရ ဝင်ရောက် စွက်ဖက်ခြင်း မပြုသင့်ဟု ယူဆကြသည်။ သို့သော် အချို့ကမူ ဤကိစ္စသည် နိုင်ငံရေး ကိစ္စရပ်တစ်ခုအဖြစ် မြင့်တက်သွားပြီ ဖြစ်ရာ၊ လျစ်လျူရှုထား၍ မရနိုင်တော့ဟု မြင်ကြသည်။

သေချာပေါက် မည်သို့ကိုင်တွယ်မည်ဆိုသည့် အချက်ကို သေသေချာချာ စဉ်းစားရပေမည်။ အနည်းဆုံးတော့ သူတို့သည် CCTV ဘက်မှ ရပ်တည်ပေးရမည် ဖြစ်သည်။ သို့သော် ဖုန်းယွီက ဤကိစ္စကို သူ ဖြေရှင်းနိုင်သည်ဟု ပြောထားသော်လည်း၊ အခြေအနေအရမူ မဖြစ်နိုင်သယောင် ရှိနေသည်။

အထူးသဖြင့် နိုင်ငံအများအပြား စုပေါင်းလာသည့်အခါတွင်၊ ကိုင်တွယ်ပုံ မှားယွင်းသွားပါက သက်ရောက်မှု အလွန် ကြီးမားသွားနိုင်ပေသည်။

အချို့ကမူ တစ်ဖက်လူနှင့် ညှိနှိုင်းပြီး ကျေအေးသင့်သည်ဟု ယူဆကြသည်။ CCTV အနေဖြင့်လည်း လျော်ကြေး မယူတော့ဘဲ ဤကိစ္စကို ဒီမှာတင် အဆုံးသတ်လိုက်ရန် ဖြစ်သည်။ မည်သို့ပင်ဖြစ်စေ CCTV ဘက်က အမြတ်ထွက်ထားပြီးသား မဟုတ်ပါလား။

သို့သော် ကန့်ကွက်သူများကမူ ထိုသို့လုပ်ဆောင်ပါက တစ်ဖက်လူက အခွင့်ကောင်းယူကာ ပို၍ရဲတင်းလာလိမ့်မည်ဟု ယူဆကြသည်။ တစ်ဖက်လူကလည်း CCTV ကို ပြန်လည် တရားစွဲကာ လျော်ကြေးတောင်းရန် ပြင်ဆင်နေသည်ကို မမေ့သင့်ပါချေ။

ကျေအေးမည်ဆိုလျှင်ပင် တစ်ဖက်လူက အရင်ဆုံး တောင်းဆိုလာမှသာ၊ မိမိတို့လက်ထဲတွင် အသာစီးရရှိထားမည် ဖြစ်သည်။ ထို့ပြင် လျော်ကြေးငွေကိုလည်း မဖြစ်မနေ ရယူရမည်။ ဒေါ်လာ ၃ ဘီလီယံကျော်ဆိုသည်မှာ အမှန်တကယ်ပင် မြင့်မားလွန်းသဖြင့် ငွေပမာဏကို လျှော့ချပေးလို့ ရနိုင်သော်လည်း၊ လုံးဝမယူဘဲ နေခြင်းကိုတော့ လုံးဝ လက်မခံနိုင်ပါချေ။

အခုအခြေအနေက အလွန်မြင့်မားတဲ့ အဆင့်ကို ရောက်နေပြီလေ။ မိုးခြိမ်းသံကြီးပြီး မိုးစက်လေးပဲ ကျတာမျိုးက ထားလိုက်ပါဦး၊ တကယ်လို့ မိုးပါ မရွာတော့ဘူးဆိုရင်တော့ ဒါဟာ တကယ့်ကို အရှက်ရစရာ ဖြစ်သွားလိမ့်မယ်။

ထို့ပြင် လူထု၏ အာရုံစိုက်မှုပိုင်းတွင်လည်း ပြည်တွင်းရော ပြည်ပမှာပါ အသာစီး ရနေခြင်းဖြစ်ရာ၊ ဤကဲ့သို့သော အခွင့်အရေးကောင်းကို လက်လွှတ်ပြီး တစ်ဖက်လူကို အမြတ်ထုတ်ခွင့် ပေးစရာ အကြောင်း မရှိပါချေ။

နောက်ဆုံး ဆွေးနွေးချက် ရလဒ်မှာမူ CCTV ဘက်မှ ရပ်တည်ရန်နှင့် ပြည်ပလုပ်ငန်းရှင်များကို တရားစွဲဆိုမှုကို ထောက်ခံရန် ဖြစ်သည်။ တရုတ်ပြည်သည် စီးပွားရေး တိုးတက်ရန်အတွက် ပြည်ပရင်းနှီးမြှုပ်နှံမှုများ လိုအပ်သည်မှာ မှန်သော်လည်း၊ ပြည်ပလုပ်ငန်းရှင်များကို အခွင့်ထူးခံ အဆင့်အတန်းမျိုးတော့ ပေး၍ မရပါချေ။

ရှေးခေတ်တုန်းက "နိုင်ငံခြားသားက နံပါတ်တစ်၊ အရာရှိက နံပါတ်နှစ်" ဆိုသည့် အခြေအနေမှာ မည်မျှအထိ အရှက်ရစရာ ကောင်းခဲ့သနည်း။ ယခုခေတ် တရုတ်ပြည်သည် ကမ္ဘာ့ထိပ်ဆုံးတွင် ရပ်တည်နေနိုင်ပြီဟု မပြောနိုင်သေးစေကာမူ၊ မည်သူမဆို လာရောက် နှိပ်စက်နိုင်သည့် အဆင့်မျိုးတော့ မဟုတ်တော့ပါချေ။

တရုတ်ပြည်အနေဖြင့်လည်း မိမိ၏ အသံကို မထုတ်ဖော်ခဲ့သည်မှာ ကြာမြင့်လှပြီဖြစ်ရာ၊ လူညစ်အချို့က တရုတ်ပြည်ရှေ့မှာ စိတ်ကြိုက် လာရောက် ကခုန်နေကြသည်ကို ခွင့်မပြုနိုင်တော့ပါချေ။

"မစ္စတာ ဘရောင်းရဲ့မေးခွန်းအတွက် ကျွန်တော် ဖြေကြားပေးပါ့မယ်။ မကြာသေးမီက ကျွန်တော်တို့ တရုတ်ပြည် ဗဟိုရုပ်သံလိုင်း (CCTV) က ပြည်ပလုပ်ငန်းရှင်တွေကို တရားစွဲတဲ့ ကိစ္စဟာ ပုံမှန် စီးပွားရေးဆိုင်ရာ လျော်ကြေးတောင်းခံမှုသာ ဖြစ်ပါတယ်။ အကယ်၍ တရုတ်ပြည်မှာ စစ်ဆေးကြားနာမှု လုပ်တာကို ပြဿနာ ရှိတယ်လို့ ယူဆရင်၊ တရားခွင် ဗီဒီယိုတွေကို အကုန်လုံး ပွင့်လင်းမြင်သာစွာ ချပြပေးနိုင်ပါတယ်။ နိုင်ငံတကာ ကိုယ်စားလှယ်တွေအနေနဲ့ ကျွန်တော်တို့ ဘက်လိုက်မှု ရှိ၊ မရှိကို သေသေချာချာ စစ်ဆေးနိုင်ပါတယ်"

"တကယ်တော့ ကျွန်တော်တို့ CCTV ကို ပြောထားတာကတော့... နိုင်ငံတကာ မိတ်ဆွေတွေအပေါ်မှာ သဘောထားကြီးပေးဖို့ပါပဲ။ ဒါကြောင့်လည်း လျော်ကြေးငွေကို အစကထက် လျှော့ချထားတာပါ။ မဟုတ်ရင်တော့ လျော်ကြေးငွေက အခုထက် ပိုမြင့်နေမှာဖြစ်သလို၊ အဲဒါတွေ အားလုံးကလည်း အထောက်အထား ခိုင်လုံပြီးသားပါ။ တရုတ်ပြည်မှာ အလားတူ အမှုမျိုးမရှိခဲ့ဖူးတဲ့အတွက် ပြည်ပနိုင်ငံတွေက အမှုတွေကို မှီငြမ်းပြီး စစ်ဆေးတာ ဖြစ်ပါတယ်။ ပြည်ပနိုင်ငံတွေမှာ ပေးခဲ့ရတဲ့ လျော်ကြေးငွေ ပမာဏတွေကို ကျွန်တော် တစ်ခုချင်း မပြောတော့ပါဘူး၊ ဒါတွေကို ပြည်ပ မီဒီယာတွေနဲ့ ဝဘ်ဆိုက်တွေမှာ အလွယ်တကူ ရှာဖွေနိုင်ပါတယ်။ ပြီးတော့ ခင်ဗျားတို့ တစ်ခု ထည့်တွက်ရမှာက... တရုတ်ပြည်ရဲ့ CCTVမှာ ကြည့်ရှုသူ သန်းတစ်ထောင်ကျော် ရှိနေတာမို့၊ ဒီဂုဏ်သိက္ခာပိုင်း နစ်နာမှုဟာ သမိုင်းမှာ အကြီးမားဆုံး ဆုံးရှုံးမှု ဖြစ်တယ်ဆိုတာပါပဲ"

"အဲဒီ ကုမ္ပဏီတွေက ရင်းနှီးမြှုပ်နှံမှုတွေ ပြန်ရုပ်သိမ်းမယ်လို့ ခြိမ်းခြောက်နေတဲ့ အချက်ကိုလည်း ကျွန်တော် အခုပဲ အဖြေပေးလိုက်ပါ့မယ်။ အကယ်၍ ဥပဒေ ချိုးဖောက်ပြီးတော့မှ အမှားကို ဝန်မခံတဲ့ ကုမ္ပဏီမျိုးကို ကျွန်တော်တို့ တရုတ်ပြည်က မကြိုဆိုပါဘူး။ ခင်ဗျားတို့ ကိုယ်တိုင် ရင်းနှီးမြှုပ်နှံမှု မရုပ်သိမ်းရင်တောင်မှ၊ ကျွန်တော်တို့က ဥပဒေအရ ခင်ဗျားတို့ကို နှင်ထုတ် သွားမှာပါ"

ဤပြောဆိုချက်မှာ တည်ငြိမ်လှသလို၊ ပျော့ပြောင်းမှုနှင့် ပြတ်သားမှုကိုလည်း စနစ်တကျ ပေါင်းစပ်ထားသည်။

ဤသတင်းများ ပြည်တွင်း၊ ပြည်ပ မီဒီယာများတွင် ထွက်ပေါ်လာသည့် အခါတွင်မူ၊ ပြည်တွင်းရှိ ပြည်သူများမှာ အလွန်ပင်ဝမ်းသာအားရ ဖြစ်ခဲ့ကြသည်။ နိုင်ငံတော် ကိုယ်စားလှယ်၏ အဖြေမှာ အလွန်ပင် ပြတ်သားပြီး မာကျောလှရာ၊ ဤသည်မှာ နိုင်ငံကြီးတစ်ခု၏ သံတမန်ရေးရာ ပြယုဂ်ပင် ဖြစ်သည် မဟုတ်ပါလား။

ပြည်ပ မီဒီယာများကမူ တအံ့တသြ ရေရွတ်နေကြသည်မှာ တရုတ်ပြည်ဟာ ဘယ်အချိန်ကစပြီး ဒီလောက်အထိ ပြတ်သားသွားရတာလဲ။ အဲဒီ "ဗိသုကာကြီး"(တန်ရှောင်ဖိန်) ကွယ်လွန်ပြီးနောက်ပိုင်းမှာ တရုတ်ပြည်က အမြဲတမ်း ပျော့ပျောင်းနေခဲ့တာ မဟုတ်လား။

ကြည့်ရသည်မှာ သူတို့သည် တရုတ်ပြည်ကို အထင်သေးနေခဲ့ကြပုံရသည်။ ယခု လက်ရှိခေါင်းဆောင်များ၏ ပြတ်သားသော ဆုံးဖြတ်ချက်ကို သူတို့ လျှော့တွက်ခဲ့ကြခြင်းပင်။

ဖုန်းယွီသည် တီဗွီကို ပိတ်လိုက်ပြီးနောက် ပါးစပ်ဖျားတွင် အပြုံးဖျော့ဖျော့လေးတစ်ခု ရှိနေခဲ့သည်။ နိုင်ငံတော်ကပါ ပြတ်ပြတ်သားသား အသံထုတ်ဖော်လိုက်ပြီဆိုလျှင်တော့၊ ဒီကိစ္စကတော့ သေချာပေါက် နိုင်ပြီပဲ။

******

အခန်း (၁၃၄၅) နိုင်ငံကြီးတစ်ခု၏ အရှိန်အဝါကို ပြသခြင်း

တရုတ်အစိုးရဘက်က အသံထွက်လာပြီးနောက်တွင် ဂျွန်တို့အဖွဲ့သည် သူတို့၏ ဌာနချုပ်များဆီမှ သတင်းစကားများ အသီးသီး လက်ခံရရှိခဲ့ကြသည်။ ၎င်းမှာ တစ်ဖက်လူနှင့် အမြန်ဆုံး ကျေအေးရန်ပင် ဖြစ်သည်။

တရုတ်ပြည်ဟူသော ဤမျှ ကြီးမားသည့် ဈေးကွက်သစ်၊ ထို့ပြင် အလားအလာ အပြည့်ရှိနေသည့် ဈေးကွက်ကို ၎င်းတို့ လုံးဝလက်မလွှတ်နိုင်ပါချေ။ ကုမ္ပဏီ အတော်များများကပင် တရုတ်ဈေးကွက်၏ တိုးတက်မှုသည် သူတို့၏ အနာဂတ် ရောင်းအားအတွက် အဓိကအသက်သွေးကြော ဖြစ်လာလိမ့်မည်ဟု ယူဆထားကြသည်။

နှစ်ပေါင်းများစွာ အားစိုက်ထုတ် ပျိုးထောင်လာခဲ့ပြီး၊ အခုမှ အသီးအပွင့် ခူးဆွတ်ရမယ့် အချိန်ရောက်ကာမှ တကယ်တမ်း ဘယ်လိုလုပ်ပြီး ရုပ်သိမ်းသွားနိုင်မှာလဲ။ သူတို့ ပြောဆိုနေတဲ့ "ရင်းနှီးမြှုပ်နှံမှု ပြန်ရုပ်သိမ်းခြင်း" ဆိုတာဟာ ဟန်ရေးပြ ခြိမ်းခြောက်မှု သက်သက်သာ ဖြစ်သည်။

အရင်တုန်းကတော့ တရုတ်ပြည်ဟာ ဒီလို ခြိမ်းခြောက်မှုတွေကို အလေးထားခဲ့ပေမဲ့၊ အခုတော့ တစ်ဖက်လူက အကွက်မြင်သွားပြီ ဖြစ်တဲ့အတွက် ဒီနည်းလမ်းက အသုံးမဝင်တော့ပါချေ။

ဂျွန်တို့လို လူတွေကတော့ တော်သေးသည်ဟု ဆိုရမည်။ အချို့သော ကုမ္ပဏီခွဲ တာဝန်ခံများဆိုလျှင် ရာထူးမှ တိုက်ရိုက်အဖယ်ရှားခံလိုက်ရပြီး၊ ဌာနချုပ်မှ အဆင့်မြင့် အရာရှိအသစ်များ လာရောက်အစားထိုးကာ အလုပ်များကို လွှဲပြောင်းယူခဲ့ကြသည်။

ယခင် တာဝန်ခံများကို ဖယ်ရှားလိုက်ခြင်းမှာလည်း အမူအရာပြခြင်း တစ်မျိုးပင် ဖြစ်သည်။ "ငါတို့ဘက်က အဖြေပေးပြီးပြီနော်၊ ဒီကိစ္စကို အကြီးကနေ အသေး၊ အသေးကနေ မရှိအောင်ပဲ လုပ်လိုက်ကြရအောင်" ဟု ဆိုလိုခြင်းပင်။

"အသေးကနေ မရှိအောင် လုပ်မယ်" ဆိုသည်မှာ သူတို့အနေဖြင့် လျော်ကြေးငွေ မပေးချင်ခြင်းကို ဆိုလိုခြင်း ဖြစ်သည်။ သူတို့သည် CCTV နှင့် ဆက်လက် တရားမဆိုင်တော့ဘဲ တိုက်ရိုက်ကျေအေးလိုကြသည်။ နောက်နောင် ကြော်ငြာများတွင် အမှန်အတိုင်းသာ ဖော်ပြပါမည်၊ ဥပဒေ မချိုးဖောက်တော့ပါဟုလည်း ကတိပေးကြသည်။

"Boss... တစ်ဖက်က ရှေ့နေတွေက ကျွန်တော်တို့ကို တွေ့ဖို့ ချိန်းထားပါတယ်၊ တရားပြင်ပမှာ ကျေအေးချင်လို့တဲ့" ဝီလ်ဆင်က အစီရင်ခံသည်။ "ဒါက ကျွန်တော်တို့အတွက် ပိုပြီး အကျိုးရှိပါတယ်။ တရားပြင်ပမှာ ကျေအေးလိုက်ရင် ဟို ရှေ့နေရုံးတွေကို ပေးရမယ့် ဝေစုတွေ အများကြီး သက်သာသွားမယ့်အပြင်၊ ကျွန်တော်တို့အတွက် အကြီးမားဆုံး အကျိုးအမြတ်ကို ရနိုင်ပါတယ်"

ဖုန်းယွီက ဝီလ်ဆင်ကို မျက်စောင်းတစ်ချက် ထိုးလိုက်သည်။ မင်းရဲ့ အောက်တန်းကျတဲ့ အတွေးတွေကို ကြည့်စမ်း၊ သူများကို ပေးမယ်လို့ ကတိပေးထားတဲ့ ငွေကို ပြန်ယူဖို့ မင်းကော ရှက်တတ်ရဲ့လား။ ထပ်ပြောရရင် ဒီငွေက ငါတို့ အိတ်ထဲက ထွက်မှာလည်း မဟုတ်ပါဘူး။

"တရားပြင်ပမှာ ကျေအေးမယ်ဆိုရင်လည်း တခြားရှေ့နေရုံးက ကိုယ်စားလှယ်တွေကိုပါ တစ်ခါတည်း ခေါ်သွားပါ။ တခြားလူတွေ ရသင့်ရထိုက်တဲ့ အကျိုးစီးပွားကို လျစ်လျူရှုလို့ မရဘူး။ ဒုတိယ အချက်ကတော့... ဒီကိစ္စကို မင်း ငါ့ကို လာပြောနေစရာ မလိုဘူး၊ ရုပ်သံဌာနမှူးကျာကို သွားပြီး အစီရင်ခံရမှာ။ မင်းက အခု CCTV ရဲ့ ထိပ်တန်း ကိုယ်စားလှယ် ရှေ့နေလေ"

ဝီလ်ဆင်က ချက်ချင်းပင် ပြန်ပြောလိုက်သည်။ "CCTV က မစ္စတာ ကျားဆီကိုတော့ လူလွှတ်ပြီး အစီရင်ခံခိုင်းထားပါတယ်။ ဒါပေမဲ့ ဒီကိစ္စမှာ Bossရဲ့ ကိုယ်ပိုင် အမြင်တွေ ရှိနေဦးမှာပဲလို့ ကျွန်တော် ထင်လို့ပါ"

ထိုအချိန်မှာပင် ရုပ်သံဌာနမှူးကျာဆီမှ ဖုန်းဝင်လာခဲ့သည်။ "မန်နေဂျာဖုန်း... တစ်ဖက်က ကျေအေးချင်တယ် ပြောနေတယ်၊ ဒါကို လက်ခံလို့ ရမလား”

"လက်ခံလို့ ရပါတယ်၊ လုပ်ထုံးလုပ်နည်းအရ အားလုံး ထိုင်ပြီး ဆွေးနွေးကြည့်တာပေါ့။ လျော်ကြေးငွေကိုတော့ လျှော့ပေးလို့ ရပေမဲ့၊ အရမ်းကြီးတော့ မနည်းသွားစေနဲ့ဦး၊ ကျွန်တော်တို့ ငှားထားတဲ့ ရှေ့နေတွေလည်း ငွေရှာရဦးမှာလေ။ ဒါပေမဲ့ တစ်ဖက်လူကို ပြောလိုက်ပါ... အွန်လိုင်း ကုမ္ပဏီတွေနဲ့ ထိုက်ဟွာ စူပါမားကတ်အုပ်စုက သူတို့ကို တရားမစွဲတော့ဘဲ နေပေးလို့ ရတယ်၊ ဒါပေမဲ့ လျော်ကြေးတော့ ပေးရမယ်၊ အဲဒီ လျော်ကြေးကိုတော့ နည်းနည်း လျှော့တောင်းခိုင်းလိုက်မယ်"

"အို... ဒါဆိုရင် မင်းဘက်က နစ်နာသွားမှာ မဟုတ်ဘူးလား” ရုပ်သံဌာနမှူးကျာက အလွန်ပင် ဟန်ဆောင်ကောင်းစွာဖြင့် မေးလိုက်သည်။

တကယ်တော့ ဤရလဒ်သည် သူ အလိုချင်ဆုံး ရလဒ်ပင် ဖြစ်သည်။ အကျိုးအမြတ်ကို လက်တွေ့ရရှိရုံတင်မကဘဲ၊ CCTV ၏ အာဏာစက်ကိုပါ ပြသနိုင်ခဲ့သည် မဟုတ်ပါလား။ ပြည်ပကုမ္ပဏီများကိုတောင် CCTV က ဤမျှအထိ ပြတ်သားစွာ ကိုင်တွယ်နိုင်သည်ဟု လူတွေ မြင်သွားကြပေလိမ့်မည်။ ဖုန်းယွီဘက်က နစ်နာသွားနိုင်သည် ဆိုသည့် အချက်ကိုမူ သူ သိပ်ပြီး ဂရုမစိုက်ပါချေ။ ဖုန်းယွီရဲ့ တစ်နှစ်ဝင်ငွေက ဘယ်လောက်တောင် များသလဲ။

"တော်ပါတော့... ကျွန်တော်တို့ကြားထဲမှာ ဒီလို ဟန်ဆောင်နေစရာ မလိုပါဘူး။ ဒါပေမဲ့ တကယ်တမ်း ဆွေးနွေးတဲ့အခါ ဘယ်လို ပြောရမလဲဆိုတာ ခင်ဗျား စိတ်ထဲမှာ အစီအစဉ် ရှိရဲ့လား” ဖုန်းယွီက မေးလိုက်သည်။

"ရှေ့နေတွေပဲ ပြောကြမှာ မဟုတ်ဘူးလား” ရုပ်သံဌာနမှူးကျာက အံ့သြစွာ ပြန်မေးသည်။

ပညာရှင် ရှေ့နေတွေကို ငွေအမြောက်အမြား ပေးပြီး ငှားထားတာလေ၊ သူကိုယ်တိုင် ထွက်ပြောဖို့ လိုသေးလို့လား။ သူကတော့ အခမ်းအနားမှာ လူကိုယ်တိုင် တက်ရောက်ပြရုံပဲ မဟုတ်လား။ ထပ်ပြောရရင်... သူက CCTV ရဲ့ စာချုပ်တွေ အများကြီးကို ကိုင်တွယ်နေသူ ဖြစ်ပေမဲ့၊ ပြည်ပမှာ "သွေးစုပ်ဖုတ်ကောင်" လို့ အမည်ကြီးတဲ့ ဒီရှေ့နေတွေနဲ့ ယှဉ်ရင်တော့ သူလည်း အားနည်းသူ တစ်ယောက်ပါပဲ။ အနည်းဆုံးတော့ ဒေါ်လာ ၃ ဘီလီယံကျော် လျော်ကြေးတောင်းတဲ့ သတင်းကို ကြားတုန်းက သူ ခဏတဖြုတ် ကြောင်အမ်းသွားခဲ့ပေမဲ့ အဲဒီရှေ့နေတွေကတော့ ဘာမှမဖြစ်သလို ပုံမှန်အတိုင်း ရှိနေကြတာလေ။

"ရုပ်သံဌာနမှူးကျာ... ခင်ဗျား အထက်လူကြီးတွေရဲ့သဘောထားကို မမေးကြည့်ဘူးလား” ဖုန်းယွီက အရိပ်အမြွက် ပြောလိုက်သည်။

"မေးပြီးပြီလေ။ အထက်က ပြောတာကတော့... ပုံမှန်စီးပွားရေး လုပ်ဆောင်ချက်တွေအတွက် ဥပဒေကို မချိုးဖောက်ဘူး၊ ကိုယ်ကျင့်တရားကို မဖောက်ဖျက်ဘူးဆိုရင် အပြည့်အဝ ထောက်ခံတယ်တဲ့"

"ဒါပေမဲ့ ခင်ဗျား စဉ်းစားကြည့်ပါဦး... အထက်လူကြီးတွေရဲ့ ပြည်ပရင်းနှီးမြှုပ်နှံမှု ဖိတ်ခေါ်ရေး မူဝါဒအရ ဆိုရင်၊ သင့်တော်တဲ့ ပျော့ပျောင်းမှုလေးတော့ ရှိသင့်တာ မဟုတ်ဘူးလား”

ရုပ်သံဌာနမှူးကျာတစ်ယောက် ရိပ်မိသွားသည်။ "မင်း ဆိုလိုတာက... ငါနဲ့ ရှေ့နေတွေဟာ တစ်ယောက်က ဇာတ်ကြမ်း၊ တစ်ယောက်က ဇာတ်နူး ပေါ့။ ရှေ့နေတွေကို အတင်းအကျပ် ဖိအားပေးခိုင်းပြီး၊ ငါကတော့ လူကောင်း လုပ်ရမယ် ပေါ့”

"သေချာတာပေါ့။ လူကောင်းကတော့ ခင်ဗျားပဲ လုပ်ရမှာပေါ့။ ခင်ဗျား ကိုယ်စားပြုနေတာက CCTV တစ်ခုတည်း မဟုတ်ဘူး၊ တရုတ်ပြည်တစ်ခုလုံးကို ကိုယ်စားပြုနေတာလေ။ ငါတို့ရဲ့ နိုင်ငံကြီး အရှိန်အဝါကို ပြသဖို့ အခွင့်အရေးကိုတော့ ခင်ဗျားပဲ ယူရမှာပေါ့"

ရုပ်သံဌာနမှူးကျာ"......"

မင်းက ဒီလောက် မြင့်မားတဲ့ လျော်ကြေးငွေကြီးကို တောင်းခိုင်းထားပြီးမှ၊ ငါ့ကို နိုင်ငံကြီး အရှိန်အဝါတွေ ဘာတွေ လာပြောနေသေးတယ်။

ပြီးတော့ အစကနေ အဆုံးအထိ ဒီကိစ္စကို မင်းပဲ လုပ်ခဲ့တာလေ။ အစကတည်းက နိုင်ငံကြီး အရှိန်အဝါကို ပြချင်ရင် သူတို့ကို တရားစွဲနေစရာ လိုလို့လား။

"ဒါဆိုရင် လျော်ကြေးငွေကို ဘယ်လောက် သတ်မှတ်ရင် အဆင်ပြေမလဲ” ရုပ်သံဌာနမှူးကျာက အဓိက အချက်ကို မေးမြန်းလိုက်သည်။

သူ စိတ်ဝင်စားသည်မှာ ငွေမည်မျှ ရနိုင်မည်နည်း ဆိုသည်သာ ဖြစ်သည်။ ဤသည်မှာ လက်တွေ့ကျသော ဝင်ငွေဖြစ်သလို သူ၏ အောင်မြင်မှု မှတ်တမ်းလည်း ဖြစ်သည် မဟုတ်ပါလား။

"ရုပ်သံဌာနမှူးကျာ... ကျွန်တော် အကြံပြုချက်လေး တစ်ခု ပေးချင်ပါတယ်။ ဒီလျော်ကြေးငွေကို ခင်ဗျား အထက်ကိုပဲ အပ်နှံလိုက်ပါ။ ပြီးတော့ မမေ့ပါနဲ့ဦး... ကျွန်တော်တို့ရဲ့ မူလ ရည်ရွယ်ချက်က ဘာလဲဆိုတာကိုလေ။ ကျွန်တော်တို့ရဲ့ အရင်က အမျိုးသား အမှတ်တံဆိပ်တွေကို ပြန်ပြီး ဝယ်ယူဖို့ မဟုတ်လား။ ပိုင်ဆိုင်မှုတွေကို ပြန်ဝယ်ဖို့ဆိုတာ ငွေလိုတာပဲလေ" ဖုန်းယွီက အရိပ်အမြွက် ပြောလိုက်သည်။

"မန်နေဂျာဖုန်း... မင်းရဲ့ ဆိုလိုရင်းက၊ မင်း အစကတည်းက ဒီလျော်ကြေးတွေကို တောင်းခိုင်းခဲ့တာဟာ ငါတို့ပိုင်ဆိုင်မှုတွေ ပြန်ဝယ်ဖို့ ငွေရအောင် လုပ်ပေးခဲ့တာလား”

"သေချာတာပေါ့။ ဒါက နိုင်ငံတော်အတွက် ကျွန်တော် စဉ်းစားပေးတာလေ" ဖုန်းယွီသည် နှာခေါင်းကို တစ်ချက် ပွတ်လိုက်မိသည်။ အစတုန်းကတော့ သူ ဒီလောက်အထိ အများကြီး မစဉ်းစားမိခဲ့ပါချေ။ ထိုကုမ္ပဏီတွေကို ဒုက္ခပေးပြီး အမှတ်တံဆိပ် တန်ဖိုးကို လျှော့ချပစ်ရန်သာ သူ ရည်ရွယ်ခဲ့ခြင်း ဖြစ်သည်။

သို့သော် နောက်ပိုင်းတွင် ကျုံးချင်းရှန်က ဖုန်းယွီအား သတိပေးခဲ့သည်မှာ - ယခုကိစ္စသည် အလွန်ကြီးမားသွားပြီဖြစ်ရာ၊ ဖုန်းယွီအနေဖြင့် အမှတ်တံဆိပ်များ ပြန်လည်ဝယ်ယူသည့်ကိစ္စတွင် ချက်ချင်း ဝင်မပါသင့်သေးပါချေ။ ထိုကိစ္စကို အခြားသူများကိုသာ လွှဲထားလိုက်ခြင်းက ပိုကောင်းသည်။ ယခုအခါ နိုင်ငံတော်သည်လည်း အမျိုးသားအမှတ်တံဆိပ်များကို အလေးထားလာပြီဖြစ်ရာ၊ ကောင်းမွန်စွာ ကိုင်တွယ်လိမ့်မည်ဟု ယုံကြည်ရသည်။

အကယ်၍ နိုင်ငံတော်တွင် ဝယ်ယူရန် ငွေမရှိမှသာ ထိုက်ဟွာ ဟိုးဒင်း အုပ်စုက ဝင်ကူညီပေးခြင်းက ပို၍ သင့်တော်လှပေသည်။ သို့မှသာ နိုင်ငံတော်နှင့် အမြတ်အစွန်း လုနေသည်ဟူသော ပုံရိပ်မျိုး မဖြစ်ပေါ်စေမည် ဖြစ်သည်။

ဖုန်းယွီလည်း စဉ်းစားကြည့်ရာ ထိုအချက်မှာ မှန်ကန်လှသည်။ အကယ်၍ အထက်လူကြီးများက ဖုန်းယွီသည် ဤမျှ ကြီးမားသော ကိစ္စရပ်ကြီးကို ဖန်တီးခဲ့သည်မှာ ကုမ္ပဏီအချို့ကို ဝါးမြိုရန်အတွက်သာ ဖြစ်သည်ဟု အထင်လွဲသွားပါက မကောင်းလှပါချေ။

စေတနာနှင့် လုပ်ဆောင်ခဲ့ပါလျက်နှင့်၊ နောက်ဆုံးမှ အထင်လွဲစရာတွေ ဖြစ်မသွားအောင် ရှောင်ရှားရပေမည်။

"မန်နေဂျာဖုန်း... ဒါဆိုရင်တော့ ငါ နားလည်ပါပြီ။ အထက်ကို တိုင်ပင်ပြီးရင် ဘာဆက်လုပ်ရမလဲဆိုတာ သိသွားပါလိမ့်မယ်။ ဒါပေမဲ့ ဒီလိုဆိုရင်တော့ လျော်ကြေးငွေ ပမာဏက အများကြီး လျော့သွားနိုင်တယ်နော်"

"မှတ်ထားပါ... အနည်းဆုံး ကုမ္ပဏီတစ်ခုရဲ့ လျော်ကြေးငွေကိုတော့ အရမ်း မနည်းပါစေနဲ့။ စံနမူနာ တစ်ခုအနေနဲ့ ထားရှိမှသာ၊ နောင်လာမည့် ကုမ္ပဏီတွေက ဒီအချက်ကို ပိုပြီး အလေးထားလာကြမှာပါ။ သေချာပေါက်... တိုးတိုးတိတ်တိတ်ကျရင်တော့ သူတို့ကို ပြန်လည်ကုစားမှုအချို့ ပေးလို့ ရပေမဲ့၊ လူမြင်ကွင်းမှာတော့ မြင့်မားတဲ့ ဈေးနှုန်းတစ်ခု ဖြစ်နေရမယ်"

မိုးခြိမ်းသံကြီးသလို၊ မိုးစက်တွေကလည်း ကြီးရမယ်လေ၊ ဒါမှ မှန်တာပေါ့။

နောက်ပိုင်းမှာ အဲဒီပြည်ပကုမ္ပဏီတွေက တရုတ်ပြည်ရဲ့ ပိုင်ဆိုင်မှုတွေကို ဝါးမြိုချင်လာရင် သေသေချာချာ ပြန်ပြီးစဉ်းစားရတော့မယ်။ သေချာတာပေါ့... ဖုန်းယွီအနေနဲ့ တစ်ယောက်ချင်းစီကို လိုက်ပြီး ရန်စနေမှာ မဟုတ်ပါဘူး။ ဒါပေမဲ့ တရုတ်ပြည်သူတွေရဲ့ မျိုးချစ်စိတ်ဓာတ်ကို အသုံးချပြီး အရောင်းမြှင့်တင်ဝံ့သူတော့ ရှိတော့မှာ မဟုတ်ပါဘူး။

ပြည်ပ ရင်းနှီးမြှုပ်နှံမှုတွေ လာတာကို လက်ခံပါတယ်၊ ရင်းနှီးမြှုပ်နှံတာဖြစ်ဖြစ်၊ ဝယ်ယူတာဖြစ်ဖြစ် ပြဿနာမရှိပါဘူး။ ပုံမှန်စီးပွားရေး လုပ်ဆောင်ချက်တွေကိုတော့ ဖုန်းယွီအနေနဲ့ တိုက်ခိုက်နေမှာ မဟုတ်ပါဘူး။ သူကိုယ်တိုင်လည်း ပြည်ပနိုင်ငံတွေမှာ အကြီးအကျယ် နယ်မြေချဲ့ထွင်နေတာပဲလေ၊ တခြားလူတွေလည်း သူ့ကို အတင်းအဓမ္မ လိုက်ပြီး မတားကြပါဘူး။

ဖုန်းယွီသည် ဝီလ်ဆင်အားလည်း သီးသန့်ညွှန်ကြားချက်များ ပေးခဲ့သည်။ ရုပ်သံဌာနမှူးကျာနှင့် မည်သို့ပူးပေါင်းရမည်ကို သင်ကြားပေးခဲ့သည်။ တရုတ်ပြည်၏ နိုင်ငံကြီး အရှိန်အဝါကို ပေါ်လွင်စေရမည်။ ငါတို့က အဲဒီ ကုမ္ပဏီတွေနဲ့ အဆင့်တူ အငြင်းပွားနေမှာ မဟုတ်ဘဲ၊ လျော်ကြေး မတောင်းနိုင်လို့ မဟုတ်ကြောင်း ပြသရမည်။

ထို့ပြင် ထိုကုမ္ပဏီများအနေဖြင့် နောက်နောင်တွင် ဘာလုပ်သင့်သည်၊ ဘာမလုပ်သင့်သည်ကို သေသေချာချာ နားလည်သွားစေရမည်။ အချို့သော ထွေးထုတ်သင့်တဲ့ အရာတွေကိုတော့... မဖြစ်မနေ ထွေးထုတ်ခိုင်းရပေမည်။

******

All Chapters