အခန်း (၂၁၇၃-၂၁၇၄)
Vol. 156 Ch. 2173-2174
အပိုင်း(၂၁၇၃)
မျိုးရိုးလိုက်ခြင်း...
ဤအဂ္ဂိရတ် သူတော်စင်၏ ရောဂါရှာဖွေချက် တစ်ခုတည်းကပင် မိခင်ဖြစ်သူ၏ အခြေအနေနှင့် သူ့ ကြားရှိ ဆက်နွယ်မှုအပေါ် ဝေ့ဝူယင်၏ ယခင်တွက်ဆချက် အတော်များများကို မှန်ကန်ကြောင်း သက်သေပြလိုက်ပြီဖြစ်သည်။ မိမိတွင် မက်ဂီ သွေးမျိုးဆက် ရှိသည်ကို မသိရှိမီကပင် ဝေ့ဝူယင်သည် မိခင်ဖြစ်သူ၏ မကြာခဏ မှတ်ဉာဏ်ပျောက်ဆုံးတတ်သော ဝေဒနာနှင့် သူငယ်စဉ်က ကောင်းကင်တံတိုင်းကို ခုခံစဉ် ဖြစ်ပေါ်ခဲ့သည့် မှတ်ဉာဏ်ချို့ယွင်းမှုတို့အပေါ် များစွာ သံသယဝင်ခဲ့ဖူးသည်။ လွန်ခဲ့သော နှစ်ပေါင်းများစွာက အချိန်ခရီးသွားခဲ့သည့် အဖြစ်အပျက်များက ထိုသံသယကို ပို၍ပင် ကြီးထွားစေခဲ့သည်။
ထိုစဉ်က သူသည် ပိုင်လင်ကို ခေါ်ဆောင်ကာ ကောင်းကင်တံတိုင်းမှ ထွက်ပြေးခဲ့ရပြီး ဦးနှောက်နှင့် ဦးခေါင်းခွံတွင် ပြင်းထန်သော ဒဏ်ရာများ ရရှိခဲ့သည်။ ထိုဒဏ်ရာကြောင့် ဖြစ်ပေါ်ခဲ့သော ဦးခေါင်းချိုင့်ဝင်မှုမှာ နှစ်ပေါင်းများစွာ ကြာမှသာ ပြန်လည်ပျောက်ကင်းခဲ့ရ၏။ သူ၏ စိတ်အစဉ်၊ အတ္တနှင့် အတွေးအမြင်တို့မှာ စိတ်မျက်လုံးအတွင်းရှိ အသိစိတ်ပင်လယ် အတွင်း ပိတ်မိနေခဲ့သည်။
ထိုစဉ်က ဝေ့ဝူယင်သည် မိမိကိုယ်ကို ပျောက်ဆုံးမသွားစေရန်အတွက် အသစ်ဖြစ်ပေါ်လာသော စိတ်များကို သံသယဖြစ်ဖွယ် သံသရာအတွင်း ထပ်တလဲလဲ ပေါင်းစပ်နေခဲ့ရသည်။ ဧဒင်၏ ယခင် အသိစိတ်ကို ဝေ့ဝူယင်က ဝါးမြိုပြီး သူ၏ တတိယမြောက် ချီနှလုံးသားအဖြစ် ပြောင်းလဲနိုင်ခဲ့ပြီးနောက်မှသာ ထိုကျိန်စာသင့် အခြေအနေမှ လွတ်မြောက်ကာ လွတ်လပ်ခွင့် ပြန်လည်ရရှိခဲ့ခြင်း ဖြစ်သည်။
ထိုကာလသည် ဝေ့ဝူယင်၏ အလေ့အထများ၊ မူဝါဒများနှင့် အနာဂတ်လမ်းစဉ်များကို သတ်မှတ်ပေးခဲ့သည့် အန္တရာယ်များလှသော အချိန်ကာလတစ်ခု ဖြစ်ခဲ့သည်။ ထိုမူဝါဒများထဲတွင် အထင်ရှားဆုံးမှာ ယခင် ဧဒင်ကမ္ဘာဂိုဏ်း၏ ဂိုဏ်းချုပ်က သွန်သင်ခဲ့သော ဆေးဖော်စပ်ခြင်း စံနှုန်းများအပေါ် ယုံကြည်မှုနှင့် ရှင်သန်ရေးအတွက် ပြတ်သားသော ဆုံးဖြတ်ချက်တို့ပင် ဖြစ်သည်။ ထိုအချိန်က ဖြစ်ပျက်ခဲ့သည်များကို မိမိကိုယ်ကိုယ် အကြိမ်ကြိမ် အဆုံးစီရင်ရန် ဆုံးဖြတ်ခဲ့သည့် လုပ်ရပ်များဟုပင် တင်စားနိုင်ပေသည်။
မည်သို့ပင် ဆိုစေ... ယခုမူ ဝေ့ဝူယင်သည် ကောင်းကင်ဘုံကိုယ်တိုင်၏ အတည်ပြုချက်ကို ရရှိခဲ့ပြီဖြစ်သည်။ ယခင်က အရာအားလုံးမှာ သူ၏ ခန့်မှန်းချက်များသာ ဖြစ်ပြီး မိခင်ဖြစ်သူ ကိုယ်တိုင် ရှိမနေဘဲ မည်သည့်အရာကိုမျှ အတည်မပြုနိုင်ခဲ့ပေ။
အစ်ကိုကြီးမှာ မျက်ဝန်းထဲတွင် အရောင်တစ်ချက် လင်းလက်သွားကာ မျက်နှာအမူအရာ အနည်းငယ် ပြောင်းလဲသွားပြီး ဝေ့ဝူယင်ကို ကြည့်လိုက်သည်။ ဝေ့ဝူယင်သည် ထိုသို့ စိုက်ကြည့်ခံရမှုကို သတိပြုမိလိုက်၏။ ငယ်စဉ်ကတည်းက ဝေ့ဝူယင်သည် ရိုးရှင်းသော အချက်တစ်ခုကို နားမလည်လောက်အောင် မိုက်မဲသူမဟုတ်ပေ။ အစ်ကိုကြီးမှာ တကယ်တမ်းအားဖြင့် ဖခင်တူ အမေကွဲ ညီအစ်ကိုသာ ဖြစ်သည်။ သူတို့သည် ဖခင်၏ သွေးသားဖြင့်သာ ဆက်နွယ်နေပြီး မိခင်ချင်း မတူကြပေ။
မူလက ထိုသို့ပင် သူတို့ ထင်မှတ်ထားခဲ့ကြသည်။ သူတို့နှစ်ဦး၏ ရုပ်ရည်သွင်ပြင် ကွာခြားချက်များ၊ အထူးသဖြင့် ငွေရောင်မျက်သူငယ်အိမ်ချင်း တူညီနေမှုတို့က ထိုအချက်ကို ပေါ်လွင်စေသည်။ သို့သော်လည်း မိခင်ဖြစ်သူမှာ မှတ်ဉာဏ်များ မကြာခဏ ပျောက်ဆုံးနေတတ်သော်လည်း မှတ်ဉာဏ်ရှိနေသည့် ကာလတိုင်းတွင် အစ်ကိုကြီးကို မိမိနှင့် မခြားဘဲ တူညီသော မေတ္တာ၊ ဂရုစိုက်မှုတို့ဖြင့် ဆက်ဆံခဲ့သည်။
သို့သော် သူတော်စင် ရှောင်ထျန်း၏ ပြောကြားချက်က ဤငြင်းမရသော အမှန်တရားကို ပိုမိုခိုင်မာစေခဲ့သည်။ မက်ဂီမျိုးဆက်များ မွေးဖွားလာမှုမှာ ခန့်မှန်းရခက်ပြီး မသေချာကြောင်း၊ သူတို့၏ ဝိညာဉ်များသည် သံသရာစက်ဝန်းကို ဖြတ်သန်းကာ ကြယ်တာရာ နယ်မြေတစ်လျှောက် ကျပန်းမွေးဖွားလာတတ်ကြောင်း ဝေ့ဝူယင် သိရှိထားသည်။
ထို့ကြောင့် ကြီးမားသော စကြဝဠာ နိယာမများအရ သွေးသားတော်စပ်မှုမှာ အရေးမပါလှပေ။ ဝိညာဉ်ပြန်လည်မွေးဖွားခြင်း သံသရာကို အတိုင်းအတာတစ်ခုအထိ ထိန်းချုပ်နိုင်သော အထွတ်အထိပ် သူတော်စင်ကဲ့သို့ တည်ရှိမှုမျိုး မရှိပါက မက်ဂီတစ်ဦးမှ မက်ဂီတစ်ဦးကို မွေးဖွားနိုင်ရန် အခွင့်အလမ်းမှာ အလွန်ပင် နည်းပါးလှသည်။
ဝေ့ဝူယင်မှာ ဝေခွဲမရဖြစ်မနေပါချေ။ အစ်ကိုကြီးမှာ မက်ဂီတစ်ဦး မဟုတ်ပေ။ ယခု အတည်ပြုချက်အရ... သူသည် ဖခင်တူ အမေကွဲ အစ်ကိုသာ ဖြစ်ပေသည်။ မိခင်ဖြစ်သူ၏ မျိုးရိုးလိုက်သော ဝေဒနာမှာ မက်ဂီ သွေးမျိုးဆက်ကြောင့် ဖြစ်စေ၊ သို့မဟုတ် သူမ၏ မူလသွေးမျိုးဆက်မှ ဆင်းသက်လာခြင်းဖြစ်စေ ဖြစ်ရမည်။ ထိုအချက်က ရှောင်လွှဲ၍မရသော မေးခွန်းတစ်ခုကို ဖြစ်ပေါ်စေသည်။
"အမေက ဘယ်ကလာတာလဲ"
သူမ တစ်ဦးတည်း ရှိနေစဉ် ဖခင်ဖြစ်သူက တွေ့ရှိခဲ့ပြီး ကျန်းမာရေးပြန်ကောင်းအောင် ပြုစုစောင့်ရှောက်ပေးခဲ့ရာမှ မကြာခင်မှာပင် တစ်ဦးကိုတစ်ဦး ချစ်ခင်စွဲလန်းခဲ့ကြခြင်း ဖြစ်သည်။ သူမ၏ မှတ်ဉာဏ်များ ထပ်မံပျောက်ဆုံးသွားတိုင်း ဖခင်ဖြစ်သူသည် သူတို့ကြားရှိ ချစ်မေတ္တာမီးလျှံကို ပြန်လည်တောက်လောင်စေရန် ဘယ်သောအခါမှ လက်မလျှော့ခဲ့ပေ။ သူမအား အကြိမ်ကြိမ် အထပ်ထပ် ချစ်ကျွမ်းဝင်အောင် ပြုစားနိုင်သည့် သူ၏ ဆွဲဆောင်မှုမှာ အမှန်တကယ်ပင် ချီးကျူးဖွယ်ရာ ဖြစ်၏။
အစ်ကိုကြီးသည် စိတ်ကို တည်ငြိမ်အောင်ထားကာ အသက်ကို ခပ်ဖွဖွရှူသွင်းပြီးနောက် လေပူတစ်ချက် မှုတ်ထုတ်လိုက်သည်။
"သူတော်စင် ရှောင်ထျန်း... ခွင့်ပြုမယ်ဆိုရင် ကျွန်တော် မေးပါရစေ... အခုပြောတဲ့ မျိုးရိုးလိုက်ဝေဒနာဆိုတာ ဘာကို ဆိုလိုတာပါလဲ"
"..."
သူတော်စင် ရှောင်ထျန်းသည် အစ်ကိုကြီးကို လျစ်လျူရှုကာ ဝေ့ဝူယင်၏ ဖခင်နှင့် ဝန်ကြီးလုံတို့ ရှိရာဘက်သို့ လှည့်ကြည့်လိုက်ပြီး စဉ်းစားနေဟန် ရှိသည်။
ဝေ့ဝူယင်၏ မိခင်မှာမူ တိတ်ဆိတ်စွာပင် အခြေအနေကို စောင့်ကြည့်နေ၏။ သူမသည် ဤနှစ်ဦးထက် အခြေအနေကို ပိုမိုသိရှိထားသဖြင့် ခင်ပွန်းဖြစ်သူထံမှ သတင်းစကားကို ငြိမ်သက်စွာ စောင့်ဆိုင်းနေခြင်း ဖြစ်သည်။ သူမ၏ မာနထောင်လွှားသော အမူအရာကို ကြည့်ခြင်းအားဖြင့် မိမိတို့ဘက်မှ မာနချကာ မေးမြန်းနေရန် မလိုကြောင်း ဝေ့ဝူယင် နားလည်လိုက်သည်။
ဝေ့ဝူယင်လည်း ထပ်တူပင် တွေးတောမိသည်။ ဤဖြစ်စဉ်တစ်ခုလုံးမှာ သူ၏ အသိစိတ်အပေါ် လေးလံသော ဝန်ထုပ်ဝန်ပိုးတစ်ခု တင်ပေးရန်နှင့် ဤအခြေအနေအတွင်းသို့ ပိုမိုနစ်မြုပ်သွားစေရန် ရည်ရွယ်ထားခြင်း ဖြစ်သည်။
၃၇ ရာခိုင်နှုန်း...
နောက်ဆုံးတွင် ဝေ့ဝူယင်၏ ဖခင်နှင့် ဝန်ကြီးလုံတို့ ပြန်လည်ရောက်ရှိလာကြသည်။ ဝန်ကြီးလုံမှာ စိတ်လက်ပေါ့ပါးနေဟန် ရှိသော်လည်း ဖခင်ဖြစ်သူမှာမူ တစ်စုံတစ်ခုကို လေးလေးနက်နက် စဉ်းစားနေပြီး အိုမင်းရင့်ရော်သွားသယောင် ရှိသည်။ ခံနိုင်ရည်မရှိလောက်အောင် ပြင်းထန်သော စိတ်ဖိစီးမှုများကြောင့် ခဏတာအတွင်း သူ၏ သက်တမ်းမှာ နှစ်အနည်းငယ်မျှ လျော့ပါးသွားသကဲ့သို့ပင်။ ထိုမြင်ကွင်းက သူ့ စိတ်နှလုံးကို နွမ်းလျစေပါသည်။
"သူတော်စင် ရှောင်ထျန်း... စမ်းသပ်စစ်ဆေးမှုတွေ ပြီးဆုံးပြီ ထင်တယ်"
ဝန်ကြီးလုံ၏ အမူအရာမှာ ယခုအချိန်တွင် အကဲခတ်ရ ပိုမိုလွယ်ကူနေသည်။ သူသည် ဆွေးနွေးမှုအပေါ် အတော်ပင် ကျေနပ်နေဟန် တူ၏။
"ပြီးပါပြီ"
သူတော်စင် ရှောင်ထျန်းက အေးစက်စွာ ပြန်ပြောလိုက်သည်။
"ဒီကိစ္စကို အပြီးသတ်မှာလား... ဒါမှမဟုတ်..."
သူမက ဝေ့ဝူယင်၏ ဖခင်ကို ကြည့်ရင်း စကားကို ရပ်လိုက်သည်။
"အပြီးသတ်မှာပါ... အသေးစိတ်အချက်အလက်အချို့နဲ့ ကျန်နေတဲ့ ကိစ္စအနည်းငယ်ကိုပဲ အချောသတ်ဖို့ ကျန်တော့တယ်... ဝူကတော်ရဲ့ ဝေဒနာကို သက်သာအောင် လုပ်ဆောင်ပေးပါဦး... ကုသစရိတ်အားလုံးကို ကျွန်တော် တာဝန်ယူပါ့မယ်"
ဝန်ကြီးလုံက ယုံကြည်မှုအပြည့်ဖြင့် ပြောဆိုလိုက်သည်။ မိသားစုဝင် လေးဦးလုံး၏ မျက်ဝန်းများတွင် မျှော်လင့်ချက်အရောင်များ တောက်ပလာပြီး ဝေ့ဝူယင်၏ ဖခင်ပင်လျှင် စိတ်လှုပ်ရှားစွာဖြင့် မျက်နှာဝင်းပလာကာ မစောင့်ဆိုင်းနိုင်တော့သည့်အလား ရှိနေသည်။
သူတော်စင် ရှောင်ထျန်းက ဝန်ကြီးလုံကို အတန်ကြာ စိုက်ကြည့်နေပြီးနောက် ခေါင်းညိတ်ပြလိုက်၏။
"ဒီမန္တန်ကို လုပ်ဆောင်ဖို့အတွက် ပစ္စည်းသုံးမျိုး လိုအပ်ပါလိမ့်မယ်"
"ကျွန်တော့် အမေမှာ ဘာဝေဒနာ ခံစားနေရတာလဲဆိုတာ ပြောပြပေးနိုင်မလား... သူ့ရဲ့ အခြေအနေကို ဘာက ဖြစ်စေတာလဲ"
ဝေ့ဝူယင်က မေးလိုက်သည်။ ဤလက်တွေ့ကမ္ဘာရှိ သူ၏ ဖခင်၊ အစ်ကိုကြီးနှင့် မိခင်တို့မှာ မေးမြန်းလိမ့်မည်မဟုတ်သည်မှာ ရှင်းနေပါသည်။ ဝန်ကြီးလုံအား ကုန်ကျစရိတ်ကို တာဝန်ယူခိုင်းခြင်းမှာ ကောင်းကင်ဘုံက ထိုပစ္စည်းများနှင့် သူတော်စင် ရှောင်ထျန်း၏ အချိန်တို့ကို အတိုင်းအဆမရှိ တန်ဖိုးကြီးမားကြောင်း သွယ်ဝိုက်ပြသလိုက်ခြင်းလည်း ဖြစ်နိုင်ပေသည်။ မည်သို့ပင်ဖြစ်စေ သူကတော့ မသိဘဲ မနေနိုင်ပေ။
"..."
သူတော်စင် ရှောင်ထျန်းမှာ ဂရုမစိုက်သည့် အမူအရာမျိုး ပြသနေသည်။ သူမအနေဖြင့် ရှင်းပြလိမ့်မည်မဟုတ်ကြောင်း သို့မဟုတ် ဝေ့ဝူယင်၏ မေးခွန်းကို ဝေဝါးသော အဖြေများဖြင့်သာ ပယ်ချလိမ့်မည်ဖြစ်ကြောင်း ဝေ့ဝူယင် သိမြင်နေသည်။ သို့သော်လည်း သူက လက်မလျှော့ခဲ့ပေ။
သူက ရှေ့သို့ တစ်လှမ်းတိုးကာ လက်သီးဆုပ် ဂါရဝပြုလိုက်သည်။
"ကျေးဇူးပြုပြီး ကျွန်တော့်ကို ပြောပြပေးပါ၊ သူတော်စင် ရှောင်ထျန်း..."
သူ၏ ခန္ဓာကိုယ်မှာ သေးငယ်သော်လည်း အသံမှာ ကျယ်လောင်ကာ ထက်မြက်လှသည်။ သူမက မျက်မှောင်ကြုတ်ကာ တုံ့ပြန်လိုက်၏။
သူမက ဝေ့ဝူယင်ကို ဆုံးမတော့မည့်ဟန် ပြင်လိုက်စဉ်မှာပင် ဝေ့ဝူယင်၏ မျက်လုံး သူငယ်အိမ် နှစ်ခုလုံးမှ ဝိညာဉ်အလင်းများ ထွက်ပေါ်လာပြီး ဝိညာဉ်အင်အားလှိုင်းတစ်ခု ပြင်းထန်စွာ ရိုက်ခတ်သွားကာ အနီရောင် ဖုန်မှုန့်များကို လွင့်စင်သွားစေသည်။
၇ ရာခိုင်နှုန်း...
ဤဒိုင်မန်းရှင်း လက်တွေ့ကမ္ဘာအတွင်း၌ မြူခိုးများ ခဏတာ ဝေဝါးသွားပြီး သူတော်စင် ရှောင်ထျန်း၏ မျက်နှာမှာ တွန့်လိမ်သော အမူအရာဖြင့် ပျက်ယွင်းသွားသည်။
"ကလေးလေးတစ်ယောက်အတွက်တော့ တော်တော်လေး ဇွဲကောင်းတာပဲ..."
သူမက ဆိုသည်။
ဝေ့ဝူယင်၏ မျက်ဝန်းများမှာ ခိုင်မာသော မျှော်လင့်ချက်အလင်းရောင်များဖြင့် တောက်ပနေ၏။ သူသည် ဒိုင်မန်းရှင်း၏ လွှမ်းမိုးမှုအတွင်းသို့ နစ်ဝင်သွားကာ ဝိညာဉ်ကို ရိုက်ခတ်နေသော အနီရောင် ဖုန်မှုန့်များကို ခုခံရင်း အရာအားလုံးကို ခိုင်မာအောင် ပြုလုပ်လိုက်လေသည်။
***
အပိုင်း(၂၁၇၄)
၂၄ ရာခိုင်နှုန်း...
ထိုအရာကို မြင်လိုက်ရသည့် အခါ သူ့ လုပ်ဆောင်ချက်များကို တုန့်ပြန်သည့် အနဖြေင့် ဝန်ကြီးလုံက တိုက်တွန်းလိုက်သည်။
"ရပါတယ်... သူတို့ကို ပြောပြလိုက်လို့ ဘာအန္တရာယ်မှ မရှိပါဘူး... ဒီလို သိတတ်တဲ့ သားတွေအနေနဲ့ အသေးစိတ်အချက်အလက်အားလုံးကို သိထားတာ အကောင်းဆုံးပါပဲ..."
၃၁ ရာခိုင်နှုန်း...
သူတော်စင် ရှောင်ထျန်းမှာ စည်းရုံးသိမ်းသွင်းခံလိုက်ရပုံ ပေါ်သည်။
"ကောင်းပြီလေ... ဝန်ကြီးလုံက အသေးစိတ်အားလုံးကို မင်းတို့ကို သိစေချင်တယ်ဆိုမှတော့ ငါလည်း ဘာမှ ဖုံးကွယ်မထားတော့ဘူး... ဒါဟာ မင်းတို့ရဲ့ ရှေ့ဆက်ရမယ့် ကျင့်ကြံခြင်းလမ်းစဉ်အတွက် အနှောင့်အယှက် ဖြစ်စေနိုင်ရင်တောင်မှပေါ့"
၄၃ ရာခိုင်နှုန်း...
ဝေ့ဝူယင်၏ ဝိညာဉ်ကို အနီရောင် ဖုန်မှုန့်များက အုံခဲကာ ဝန်းရံလာသော်လည်း သူသည် မည်သို့မျှ ခုခံခြင်းမပြုခဲ့ပေ။ အမှန်စင်စစ် သူသည် ထိုမြူမှုန်များကို သူ၏ ဝိညာဉ်ပေါ်တွင် အခြေချခွင့်ပေးရန် ရည်ရွယ်ချက်ရှိရှိပင် ခွင့်ပြုထားခြင်း ဖြစ်သည်။
အစ်ကိုကြီး၊ ဖခင်နှင့် မိခင်တို့မှာ သူတော်စင် ရှောင်ထျန်းထံသို့ အာရုံစိုက်လိုက်ကြသည်။ ထိုအဂ္ဂိရတ် သူတော်စင်မှာ သတိပေးထားသော်လည်း အမှန်တရားကို သူတို့ အလွန်သိချင်နေကြသည်။ မည်သို့လျှင် မသိချင်ဘဲ နေနိုင်ပါမည်နည်း။ ဤဒုက္ခဆိုးကြီးက သူတို့ကို ကြေကွဲစရာ အခိုက်အတန့်များစွာ ပေးခဲ့ဖူးသည် မဟုတ်ပါလား။ သူမက သွယ်လျသော လက်ညှိုးဖြင့် ကောင်းကင်ကို ညွှန်ပြကာ စတင်ပြောဆိုလေတော့သည်။
"အစအဦးကနေပဲ ငါစပြောပါ့မယ်... လွန်ခဲ့တဲ့ နှစ်ပေါင်း ရှစ်သောင်းကျော်က ငါတို့ရဲ့ ကမ္ဘာဟာ အခုလို မဟုတ်ဘူး... ခန္ဓာကိုယ် အလွန်ထွားကြိုင်းပြီး သေမျိုးနတ်ဘုရားတွေထက် ပိုမိုစွမ်းအားကြီးတဲ့ တည်ရှိမှုတွေက အုပ်ချုပ်ခဲ့တာ... သူတို့ကို တိုက်တန်တွေလို့ ခေါ်တယ်... ဒီတိုက်တန်တွေဟာ ကြယ်တာရာ နယ်မြေရဲ့ တစ်စိတ်တစ်ပိုင်းကို အကြွင်းမဲ့ အာဏာနဲ့ စိုးမိုးခဲ့ကြတယ်... ဒါပေမဲ့ ဒါဟာ ထာဝရ မတည်မြဲခဲ့ပါဘူး"
"နတ်ဆိုး အရှင်သခင်နဲ့ တိုက်တန်တွေကြားမှာ ကြီးမားတဲ့ ပဋိပက္ခတစ်ခု ဖြစ်ပွားခဲ့တယ်... အဲဒါက တကယ့်ကို ကပ်ဘေးကြီး တစ်ခုပါပဲ... တခြားမျိုးနွယ်စုတွေရဲ့ အရှင်သခင်တွေပါ ပါဝင်ပတ်သက်လာခဲ့ပြီး ဖော်ပြလို့မရနိုင်တဲ့ ဖရိုဖရဲ အခြေအနေတွေကို ဖြစ်ပေါ်စေခဲ့တယ်... နောက်ဆုံးမှာတော့ သဘောတူညီချက်တစ်ခု ရရှိခဲ့ပြီး ငါတို့ရဲ့ ကမ္ဘာကို ချိပ်ပိတ်လိုက်ကြတယ်... အဲဒီမတိုင်ခင်က တိုက်တန် ဒါမှမဟုတ် လူသားမဟုတ်တဲ့ မရေမတွက်နိုင်တဲ့ မျိုးနွယ်စုတွေဟာ တိုက်ခိုက်ရင်း ကျရှုံးခဲ့ကြရတယ်... တချို့က သေဆုံးသွားကြပြီး တချို့ကတော့ အဆုံးမဲ့ ငရဲခန်းထဲမှာ ထာဝရ အကျဉ်းချခံလိုက်ရတယ်..."
"အဖြစ်အပျက်တချို့ ဖြစ်ပျက်ခဲ့ပြီးနောက်မှာတော့ သွေးမျိုးဆက်တွေဟာ ကြယ်တာရာတွေကြား ပျံ့နှံ့သွားခဲ့ပြီး ဒီချိပ်ပိတ်ထားတဲ့ ကမ္ဘာရဲ့ ထောင့်အသီးသီးကို ရောက်ရှိသွားခဲ့ကြတယ်... အဲဒီထဲမှာ အစွမ်းထက်တဲ့ တိုက်တန်သွေးပါတဲ့ လူသားတွေလည်း ပါဝင်တာပေါ့... ဒါပေမဲ့ အရှင်သခင်တွေက ဒီမှာတင် ရပ်မသွားခဲ့ဘူး... သူတို့ရဲ့ ကိုယ်ပိုင်အကြောင်းပြချက်တွေနဲ့ တခြားမျိုးနွယ်စုတွေကိုလည်း ဒီကို ပို့ခဲ့ကြသေးတယ်"
"အဲဒီမျိုးနွယ်စုတွေထဲက တစ်ခုကတော့ မင်းတို့ အယ်ဗန်လို့ ခေါ်ကြတဲ့ ပုံမှန်မဟုတ်ဘဲ မပြည့်စုံတဲ့ မျိုးနွယ်တစ်ခုပဲ... ဒီမျိုးနွယ်အများစုဟာ နှစ်ပေါင်းသောင်းနဲ့ချီတဲ့ ဖွံ့ဖြိုးတိုးတက်မှုအတွင်းမှာ ကျရှုံးပြီး မျိုးသုဉ်းသွားခဲ့ကြတယ်... သူတို့တွေဟာ ကျရှုံးမှုတွေပဲ... အယ်ဗန်တွေဟာ ဆက်လက်ရှင်သန်နေသေးတယ်ဆိုပေမဲ့ သူတစ်ပါးရဲ့ သနားညှာတာမှုနဲ့ ကိုယ့်ရဲ့ ဂုဏ်သိက္ခာကို စွန့်လွှတ်ပြီး ဟန်ဆောင်အပြုံးတွေအောက်မှာ အောက်ကျနောက်ကျ ဘဝနဲ့ နေထိုင်နေရတာပါ"
"ရှင်..."
သူတော်စင် ရှောင်ထျန်းက ဝေ့ဝူယင်၏ မိခင်ကို လက်ညှိုးညွှန်လိုက်သည်။
"ရှင်ကတော့ ငါတို့ကမ္ဘာမှာ သတ်မှတ်ထားတဲ့ အဆင့်နိမ့် မျိုးနွယ်တွေထဲက မဟုတ်သလို၊ မသေဆုံးဘဲ မျိုးသုဉ်းသွားပြီလို့ ထင်မှတ်ထားပြီး မေ့လျော့ခြင်းခံထားရတဲ့ မျိုးနွယ်တွေထဲကလည်း မဟုတ်ဘူး... ရှင့်ရဲ့ ဇစ်မြစ်က တခြားတစ်နေရာက လာတာ... အပြင်လောကမှာ သူတို့ဟာ ဒဏ္ဍာရီတွေသာ ဖြစ်ပြီး အဲဒီလောကရဲ့ အလွန်မှာတော့ အကြီးမားဆုံးသော ထိတ်လန့်ဖွယ်ရာ အဖျက်စွမ်းအားတွေပဲ... စွမ်းအားကြီးတဲ့ တည်ရှိမှုတွေရဲ့ ပေါ့ဆမှုကြောင့် သူတို့ဟာ ငါတို့ကမ္ဘာထဲကို ရောက်လာတာလို့ပဲ ငါယူဆနိုင်တော့တယ်"
"အဲဒါဆို... ကျွန်မက လူသားမဟုတ်ဘူးလို့ ပြောချင်တာလား..."
ဝေ့ဝူယင်၏ မိခင်မှာ သူမ၏ တုန်လှုပ်မှုကို မထိန်းနိုင်တော့ပေ။ မယုံကြည်နိုင်မှုများကြောင့် သူမ၏ အသံများ တုန်ယင်နေခဲ့သည်။
သူတော်စင် ရှောင်ထျန်းက ဂရုမစိုက်စွာ ခေါင်းခါပြလိုက်သည်။ ဤအချက်က ဝေ့ဝူယင်၏ မိခင်ကို စိတ်သက်သာရာရစေသလား သို့မဟုတ် မေးခွန်းများ ပိုတိုးလာစေသလားဆိုသည်ကို သူမ စိတ်မဝင်စားပေ။ သူမက ထပ်မံ ကြားဖြတ်မပြောရန် သတိပေးသည့်အလား ပြင်းထန်သော အကြည့်ဖြင့် ကြည့်ကာ ဆက်ပြောလေသည်။
"အဲဒီ စွမ်းအားကြီးတဲ့ တည်ရှိမှုတွေက မျိုးနွယ်စုပေါင်းစုံကို ပို့နေတုန်းမှာ ဒီဒဏ္ဍာရီလာ မျိုးစိတ်ကိုလည်း မတော်တဆ ပို့မိသွားပုံရတယ်... အဲဒီမျိုးစိတ်ဟာ လူသားတွေနဲ့ ရောနှောသွားပြီး ရှင်သန်နိုင်ဖို့အတွက် တစ်နည်းနည်းနဲ့ သူတို့ရဲ့ သွေးမျိုးဆက်ကို ပြန့်ပွားအောင် လုပ်ခဲ့ကြတာပဲ ဖြစ်ရမယ်"
"ဒါပေမဲ့ ရှင်က လူသားစစ်စစ်ပါ... ရှင့်ရဲ့ သားလည်း လူသားပါပဲ... ဒါပေမဲ့ ရှင်က..."
"အန်နီမာ ဝါးမြိုသူပဲ..."
...
အန်နီမာ ဝါးမြိုသူ...
ဤအမည်သည် အလွန်ပင် ဆန်းကြယ်လှပေသည်။ ပုံမှန်အားဖြင့်ဆိုလျှင် အပြင်လောကနှင့် အဆက်အသွယ်ပြတ်တောက်နေသော ရှေးဟောင်းချိပ်ပိတ်နယ်မြေ အတွင်းရှိ ထာဝရကြယ်တာရာ နယ်မြေ ၏ သေးငယ်သော အစိတ်အပိုင်းတစ်ခုမှ ဆေးဘက်ဆိုင်ရာ သူတော်စင်လေးတစ်ဦးအနေဖြင့် ဤအမည်ကို သိရှိရန် မဖြစ်နိုင်ပေ။ သို့သော်လည်း သူတော်စင် ရှောင်ထျန်း၏ အပြောအဆိုနှင့် လေယူလေသိမ်းမှာမူ အရိုးထဲအထိ စွဲမြဲနေသော မာန်မာနနှင့် အထွတ်အထိပ် အသိပညာတို့ကို ပိုင်ဆိုင်ထားသည့် အရာခပ်သိမ်းကို သိမြင်သူတစ်ဦးအလား ထင်ဟပ်နေ၏။
ထိုမျှမက သူမသည် အရာအားလုံးကို ရှင်းပြခဲ့ပြီ ဖြစ်သည်။
ဝေ့ဝူယင်၏ နှလုံးသားမှာ တဒိတ်ဒိတ် တုန်နေခဲ့တော့သည်။
၆၂ ရာခိုင်နှုန်း...
ကျင့်ကြံခြင်းလမ်းစဉ်ကို တရားဝင် မစတင်မီကပင် သူ၏ စိတ်အစဉ်ကို လေးလံစွာ ဖိစီးထားခဲ့သည့် ဤမေးခွန်း...
သူ၏ ဘဝသက်တမ်းတစ်လျှောက်လုံး တောင်းတခဲ့ရသော အဖြေ...
သူ ၎င်းကို နောက်ဆုံးတွင် ရရှိခဲ့ပြီဖြစ်သည်။
"အန်နီမာ ဝါးမြိုသူ..."
ဝေ့ဝူယင်၏ မိခင်သည် သူမ၏ စိတ်အောက်ခြေမှ တစ်စုံတစ်ခုကို ဆွဲထုတ်လိုက်သကဲ့သို့ ထိုအမည်ကို ကြားလိုက်ရချိန်တွင် အလင်းတစ်ချက် ပွင့်သွားဟန်ရှိသည်။ ဝေ့ဝူယင်သည် ဤအရာမှာ ကောင်းကင်ဘုံက ဖန်တီးထားသော အခြေအနေတစ်ခုသာဖြစ်ကြောင်း သိသဖြင့် အာရုံမလွင့်စေရန် ထိန်းထားလိုက်၏။
"အာ... ဒါကြောင့်ကိုး၊ ဒါကြောင့်ကိုး... အန်နီမာ ဝါးမြိုသူ ဖြစ်နေတာကိုး"
ဝန်ကြီးလုံက သူ၏ ဖြူဖွေးသော မုတ်ဆိတ်ရှည်ကို ပိန်လှီပြီး တွန့်လိမ်နေသော လက်ချောင်းများဖြင့် ပွတ်သပ်ရင်း တစ်စုံတစ်ခုကို သဘောပေါက်သွားသည့် အမူအရာမျိုး ပြုလုပ်လိုက်သည်။ ဝေ့ဝူယင်၏ ဖခင် ပြောပြခဲ့ဖူးသော မိခင်ဖြစ်သူ၏ ရောဂါလက္ခဏာများနှင့် ယခင်က ပေးခဲ့သော ရှင်းပြချက်အားလုံးမှာ ယခုအဖြေနှင့် ကွက်တိဖြစ်သွားပြီး ပြည့်စုံသော ပုံရိပ်တစ်ခုကို ပေါ်လွင်စေခဲ့သည်။
အနန္တ ကုန်းမြေတိုက်ကြီးတွင် ရှေးရိုးစကားတစ်ခု ရှိသည်။ "သေဆုံးသူတို့သည် လျှို့ဝှက်ချက်များကို မဝေမျှကြ" ဟူ၍ ဖြစ်၏။ ရှေးဟောင်းချိပ်ပိတ်နယ်မြေ ၏ ဧကရာဇ်ဟု ကိုယ့်ကိုယ်ကိုယ် ကြေညာထားသူ၊ တာအို ပေါင်းများစွာ၏ ကောင်းချီးကို ရရှိထားသူ၊ ကောင်းကင်တာအို ၏ လျှို့ဝှက်ချက်များကို ရဲတင်းစွာ ချောင်းကြည့်ခဲ့သူ၊ အချိန်မြစ် ကိုပင် ပြစ်မှားစော်ကားရဲသူ၊ စကြဝဠာ ဖန်တီးမှု၏ အစအဦးအထိ ခြေရာခံနိုင်သော ဇစ်မြစ်ရှိသူနှင့် ကောင်းကင်ဘုံကို ဖီဆန်သော ကျင့်ကြံခြင်း အဆင့်သို့ ရောက်ရှိထားသူ ဝေ့ဝူယင်ပင်လျှင် မသိရှိနိုင်သော လျှို့ဝှက်ချက်များကို ကောင်းကင်ဘုံက အလွယ်တကူ ဖွင့်ဟနေခြင်း ဖြစ်သည်။ ဤလျှို့ဝှက်ချက်များသည် မည်မျှပင် ဆန်းကြယ်စေကာမူ ကျင့်ကြံသူတစ်ဦး၏ သေမျိုးသက်တမ်း တစ်လျှောက်လုံး... မဟုတ်၊ ထာဝရတိုင်အောင်ပင် ဖုံးကွယ်နေနိုင်သော အရာများ ဖြစ်သည်။
စတုတ္ထမြောက် ငရဲကပ်ဘေးအတွင်း၌ ဝေ့ဝူယင်ကို မည်သည့် ရှုထောင့်ကကြည့်ကြည့် သေဆုံးသူ ဟု သတ်မှတ်နိုင်ပေသည်။ သူသည် စိတ်ဝိညာဉ်ကို ဆေးကြောသန့်စင်ခြင်းနှင့် ဝိညာဉ်ပြန်လည်မွေးဖွားခြင်း ဖြစ်စဉ်အတွင်းသို့ ရောက်ရှိနေပြီ ဖြစ်သည်။ ငရဲဒိုင်မန်းရှင်း၏ ရည်ရွယ်ချက်ဖြစ်သော မျှော်လင့်ချက်ကင်းမဲ့ခြင်း ကို ပြီးမြောက်စေရန်အတွက် ကောင်းကင်ဘုံသည် ဝေ့ဝူယင်အပေါ် မည်သည့်လျှို့ဝှက်ချက်ကိုမျှ ဖုံးကွယ်ထားမည် မဟုတ်ပေ။
စစ်မှန်သော မျှော်လင့်ချက်ကင်းမဲ့မှုကို ခံစားရစေရန်အတွက် ဦးစွာပထမ အလျှံပယ်နိုင်လှသော၊ အသက်ဝင်လှသော၊ အနိုင်မရနိုင်သော မျှော်လင့်ချက် ကို ပေးသနားရပေမည်။ ဤကပ်ဘေးသည် သားရဲဖြစ်စေ၊ လူသားဖြစ်စေ၊ နတ်ဆိုးဖြစ်စေ ထိုအားနည်းချက်ကိုပင် အသုံးချကာ သားကောင်ဖမ်းလေ့ရှိသည်။
ဤနေရာသို့ ရောက်ရှိလာရလောက်အောင် အပြစ်ကြီးလေးသော ဝိညာဉ်များအတွက်မူ ရက်စက်သည် ဟူသော စကားလုံးမှာပင် ဤကပ်ဘေးအတွက် များစွာ အားနည်းလွန်းလှပေသည်။
သူတော်စင် ရှောင်ထျန်း၏ မျက်ဝန်းများမှာ ရီဝေနေကာ တိုးညင်းသော စကားသံများဖြင့်သာ တည်ရှိနေခဲ့သည့် ဒဏ္ဍာရီလာ လျှို့ဝှက်ချက်ကြီးများကို လှမ်းကြည့်နေသကဲ့သို့ ရှိသည်။
"အန်နီမာ ဝါးမြိုသူတွေဟာ သဘာဝစကြဝဠာကြီးရဲ့ မရှိမဖြစ်လိုအပ်တဲ့ ဝါးမြိုသူ အမျိုးအစား သုံးမျိုးထဲက တစ်ခုပဲ... အဲဒါတွေကတော့ လောကဝါးမြိုသူ၊ အန်နီမာ ဝါးမြိုသူ နဲ့ ကြယ်တာရာဝါးမြိုသူ တွေပဲ ဖြစ်တယ်... ဒဏ္ဍာရီတွေအရ သူတို့ဟာ စကြဝဠာရဲ့ အခြေခံ စွမ်းအင်သုံးမျိုးဖြစ်တဲ့ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာနဲ့ အမတေစွမ်းအင် နိယာမတွေနဲ့ ဆက်နွယ်နေကြတယ်... ဒီစွမ်းအင်တွေဟာ ငါတို့ စကြဝဠာရဲ့ အခြေခံအုတ်မြစ်ဖြစ်သလို သက်ရှိအားလုံးရဲ့ အနှစ်သာရ စွမ်းအင်တွေလည်း ဖြစ်တယ်..."
"ငါတို့လောကရဲ့ အလွန်မှာတော့ ပျောက်ဆုံးနေတဲ့၊ ထိတ်လန့်နေတဲ့၊ နောက်ပြီး ပိတ်မိနေတဲ့၊ အိမ်ကို လွမ်းဆွတ်နေတဲ့ ကြယ်တာရာဝါးမြိုသူ တစ်ကောင် ရှိနေတယ်... အဲဒီအပြင်ဘက်မှာတော့ မပြည့်စုံတဲ့ ကြယ်တာရာဝါးမြိုသူ သွေးမျိုးဆက်တွေ ရှိနေကြတယ်... သူတို့တွေကို အခုခေတ်ရဲ့ ကြယ်တာရာဝါးမြိုသူတွေလို့ လူတွေက မှားယွင်းစွာ ထင်မှတ်နေကြတာ..."
သူမ၏ လေယူလေသိမ်းတွင် ရှားပါးလှသော ဝမ်းနည်းမှုများ ရောယှက်နေပြီး ဝေ့ဝူယင်ကို ကြည့်လိုက်သည်။ ဝိညာဉ်ကို ဆေးကြောသန့်စင်လိုက်သည်နှင့် ကမ္မဆက်နွယ်မှုများအားလုံး ပြတ်တောက်သွားတော့မည်ဖြစ်ကြောင်း သိနေသည့် ကောင်းကင်ဘုံ၏ လက်တွေ့ဘဝကို ထင်ဟပ်ပြနေခြင်း ဖြစ်သည်။
အကြောင်းရင်းကို မသိရသော်လည်း ထိုအကြည့်ကို မြင်လိုက်ရချိန်တွင် ဝေ့ဝူယင်၏ ဝိညာဉ်မှာ ထာဝရ နောင်တတရားများအတွင်းသို့ နစ်မွန်းသွားတော့မည့်အလား နာကျင်မှုကို ခံစားလိုက်ရသည်။ သူ၏ ခန္ဓာကိုယ်မှာ ပိုမိုအေးစက်လာသည်ကို ခံစားနေရလေတော့သည်။
***