← Chapters

အခန်း (၂၁၇၇-၂၁၇၈)

Vol. 156 Ch. 2177-2178

အခန်း (၂၁၇၇-၂၁၇၈)

Vol. 156 Ch. 2177-2178

အပိုင်း(၂၁၇၇)

"အခုတော့ သူ့ရဲ့ ခန္ဓာကိုယ်နဲ့ ဝိညာဉ်ဟာ အနီရောင် ဖုန်မှုန့်တွေထဲ နစ်ဝင်သွားပြီဆိုတော့၊ နောက်ဆက်တွဲ စမ်းသပ်မှုတွေကို သူ ဘယ်လောက်အထိ တောင့်ခံနိုင်မလဲဆိုတာ စောင့်ကြည့်ရမှာပဲ... တကယ်လို့ ပထမဆုံး စမ်းသပ်မှုမှာတင် သူ ရှုံးနိမ့်သွားရင်တော့ ဒီနှစ်ထပ်ကွမ်း အပြစ်သားဟာ ပျောက်ကွယ်သွားရုံပဲ ရှိတော့မယ်"

ရေခဲပြင်ဖြင့် ဖန်တီးထားပုံရသည့် အတောင်ပံပါ တည်ရှိမှုက ပြင်းထန်သော လေသံဖြင့် ဆိုသည်။ ငရဲဘုံကို စိန်ခေါ်ရဲသော အပြစ်သားများအတွက် ရှုံးနိမ့်ခြင်းဆိုသည်မှာ အရာအားလုံး၏ အဆုံးသတ်ပင် ဖြစ်သော်လည်း ဒိုင်မန်းရှင်းတစ်ခုချင်းစီတွင် ရှုံးနိမ့်ခြင်း ၏ အဓိပ္ပာယ်ကို သတ်မှတ်ချက် အဆင့်ဆင့် ရှိကြသည်။

အမှန်စင်စစ် ၎င်းမှာ ရှုံးနိမ့်မှု၏ အတိုင်းအတာပေါ်တွင် မူတည်နေခြင်း ဖြစ်သည်။

"မင်း မှားနေပြီ"

ငွေရောင်အတောင်ပံပိုင်ရှင်က မကျေမနပ်ဖြင့် ပြန်ပြောလိုက်သည်။

"သေမျိုးတစ်ယောက်အနေနဲ့ ဘယ်အဆင့်မှာမဆို ရှုံးနိမ့်တာဟာ သူ့အတွက် အဆုံးသတ်ပဲ... သူဟာ အနီရောင် ဖုန်မှုန့်တွေကြားထဲမှာ ပြန့်ကျဲနေတဲ့ ဘဝပေါင်း ကိုးဘဝလုံးကို အပြည့်အဝ ရှင်သန်ကျော်ဖြတ်ရမှာ ဖြစ်တယ်"

"..."

သူ၏ စကားလုံးများမှာ နားဝင်မချိုဘဲ မုန်းတီးမှုများ ရောယှက်နေသော်လည်း ၎င်းတို့မှာ အမှန်တရားများပင် ဖြစ်သည်။ ဝေ့ဝူယင်တွင် မယုံနိုင်လောက်အောင် အစွမ်းထက်သော ဝိညာဉ်ရှိသည်ကို သူတို့ သိမြင်နိုင်သော်လည်း ဝိညာဉ်ဆေးကြောခြင်းမြူခိုး သည် အစစ်အမှန် မူလ ဝိညာဉ်ကိုပါ ပစ်မှတ်ထားနိုင်သည်။ အကယ်၍ သူသည် အပြစ်သားများ အသုံးပြုလေ့ရှိသော အပြစ်သား အစစ်အမှန်ဝိညာဉ် နည်းလမ်းဖြင့် ဝိညာဉ်ကို ကျင့်ကြံထားခြင်း မရှိပါက သူသည် လုံးဝ မျိုးသုဉ်းသွားမည် ဖြစ်သည်။

ပထမဆုံး ကပ်ဘေးသုံးခုမှာ ပုံမှန်မဟုတ်သော အခြေအနေများ ဖြစ်ခဲ့သည်။ ပထမဆုံး စမ်းသပ်မှုတွင် ဝိညာဉ်ဆေးကြောခြင်းမြူခိုး ပေါ်မလာခဲ့ခြင်းမှာ ဝေ့ဝူယင်၏ ထူးခြားသော လမ်းစဉ်၏ အစပင် ဖြစ်သည်။ သူသည် မည်သည့် စိတ်လှုပ်ရှားမှုမျိုးကိုမျှ မခံစားခဲ့ရပေ။

ဝေ့ဝူယင် ယခင်က တွေးတောခဲ့သကဲ့သို့ပင် မိခင်ဖြစ်သူထံမှ ဆင်းသက်လာသော အန်နီမာ ဝါးမြိုသူ မျိုးရိုး၏ မွေးရာပါ စွမ်းအားများသာ မရှိခဲ့ပါက သူသည် ထိုစမ်းသပ်မှုကို ရင်ဆိုင်နိုင်မည်မဟုတ်ဘဲ မလွဲမသွေ ပျက်စီးသွားပေလိမ့်မည်။ သေမျိုးတစ်ဦးအတွက် အောင်မြင်ရန်မှာ မဖြစ်နိုင်သလောက်ပင်။

ဝေဒနာ လမ်းသွယ် ဒိုင်မန်းရှင်းတွင်လည်း ကပ်ဘေး၏ နိယာမများအရ နာကျင်မှုကို မလွဲမသွေ ခံစားရမည် ဖြစ်သည်။ သူ၏ ဒုတိယ စိတ်သာ မရှိပါက သူ အသက်ရှင်နိုင်မည် မဟုတ်ပေ။ အကယ်၍ ဒိုင်မန်းရှင်းကို မသိမ်းပိုက်နိုင်ဘဲ နာကျင်မှုကို အနည်းငယ်မျှ ခံစားလိုက်ရသည်နှင့် သူသည်... သေမျိုးတို့ အခေါ်အရ... အဆုံးစီရင်ခြင်း ခံရပေလိမ့်မည်။

ထို့ကြောင့်ပင် ဝေ့ဝူယင်၏ သေမျိုးတစ်ဦးအနေဖြင့် ယခုအချိန်အထိ ပြသခဲ့သော အံ့မခန်း စွမ်းဆောင်ရည်အပေါ် ငရဲဘုံ၏ ဒေသခံများအားလုံးက စွဲမက်နေကြခြင်း ဖြစ်သည်။ ဤအရာမှာ စိတ်ကူးကြည့်ရန်ပင် ခက်ခဲသော အဖြစ်အပျက်ပင် ဖြစ်၏။

သေမျိုး မျှော်လင့်ချက်ကင်းမဲ့ခြင်း ကပ်ဘေး ကို မအောင်နိုင်ဘဲ မျှော်လင့်ချက်ကင်းမဲ့မှုကို အနည်းငယ်မျှ ခံစားလိုက်ရသည်နှင့် ဝိညာဉ်ဆေးကြောခြင်းမြူခိုး က ဆင်းသက်လာမည် ဖြစ်သည်။ ကျင့်ကြံထားသော အစစ်အမှန် ဝိညာဉ်မရှိပါက... အရာအားလုံး ပြီးဆုံးသွားပြီ ဖြစ်သည်။

"..."

သူတို့သည် ငရဲဘုံ၏ ဒေသခံများ ဖြစ်ကြသော်လည်း ဤငရဲအား အောင်မြင်နိုင်မည့် အခြေအနေကို မသိရှိကြပေ။ သို့သော် သူတို့ထဲမှ တစ်ဦးတစ်ယောက်မျှ ထိုဒိုင်မန်းရှင်းဆီမှ မျက်တောင်မခတ်တမ်း စောင့်ကြည့်နေကြသည်။

မည်သည့် အရာများ ဆက်ဖြစ်လာဦးမည်နည်း။

ဤသေမျိုးမှာ တစ်နည်းနည်းနှင့် အသက်ဆက် နိုင်မည်လော။

သို့မဟုတ်... ယနေ့မှာ ထိုအပြစ်သား၏ နောက်ဆုံးနေ့ ဖြစ်သွားမည်လော။

...

"ဝေ့လေး..."

လေထုထဲတွင် နွေးထွေးသော်လည်း တည်ကြည်ပြတ်သားသော သာယာနာပျော်ဖွယ် အသံတစ်ခု ပဲ့တင်ထပ်သွားသည်။

ဖျပ်... ဖျပ်... ဖျပ်...

ထို့နောက် သက်လုံကောင်းမွန်ပြီး ကျန်းမာသန်စွမ်းသော လူငယ်တစ်ဦး၏ အပြေးလှမ်းလာသော ခြေသံများမှာ ဝန်းအတွင်း၌ ဆူညံသွား၏။ ထိုလူငယ်သည် ဥယျာဉ်တစ်ခုအတွင်းသို့ ရောက်ရှိလာ၏။ ထိုနေရာတွင် လက်အိတ်တစ်စုံ စွပ်ထားပြီး အမည်းရောင် ဝတ်စုံကို ဆင်မြန်းထားသော အလွန်အမင်း လှပလွန်းသည့် အမျိုးသမီးတစ်ဦး ရှိနေသည်။ သူမ၏ အလှတရားမှာ သာမန်မိန်းမပျိုတို့ထက် သာလွန်ကာ အန်နီမာ ဝါးမြိုသူတို့၏ ဆန်းကြယ်သော သွေးမျိုးဆက်နှင့် ထိုက်တန်သော အလှမျိုး ဖြစ်သော်လည်း၊ ယခုမူ သူမသည် မေးစေ့တွင် မြေကြီးများ ပေကျံလျက် ပန်းပင်များကို စိတ်ပါလက်ပါ ပြုစုနေသည့် ရိုးသားသော ပုံစံမျိုးဖြင့် ရှိနေသည်။

သူမသည် အမြစ်တွယ်နေသော ပေါင်းပင်အချို့ကို နုတ်နေခြင်း ဖြစ်သည်။ လက်ကောက်ဝတ်ဖြင့် နဖူးမှ ချွေးများကို သုတ်လိုက်ရင်း သူမ၏ မျက်ဝန်းများမှာ မိမိ၏ အပင်ပန်းခံ အားထုတ်မှုကြောင့် ပွင့်လန်းလာသော ရလဒ်များကို ကြည့်ကာ အရောင်တောက်နေ၏။ ထို့နောက် သူမသည် စွဲမက်ဖွယ် အပြုံးတစ်ခုနှင့်အတူ လက်အိတ်စွပ်ထားသော လက်နှစ်ဖက်ကို ပုတ်လိုက်သည်။

ဥယျာဉ်သို့ ရောက်ရှိလာသော အသက် ၁၃ နှစ်အရွယ် လူငယ်လေးမှာ ငွေရောင်မျက်ဝန်းများဖြင့် တောက်ပနေပြီး သူ၏ အသက်ရှူသံမှာပင် အင်အားအပြည့် ပါဝင်နေသည်။ သူက ကြောင်တောင်တောင်နှင့် ငေးမောနေသော အပြုံးမျိုးဖြင့် ပြုံးလိုက်၏။

"အမေ..."

ဤလူငယ်မှာ အခြားမဟုတ်၊ ဝေ့ဝူယင် ပင် ဖြစ်သည်။ လွန်ခဲ့သော နှစ်ပေါင်းများစွာကပင် သူ၏ မိခင်ခံစားနေရသော ဝေဒနာကို တန်ဖိုးကြီးလှသော ပစ္စည်းတစ်ခုဖြင့် ကုသပေးနိုင်ခဲ့သည်။ သူမ၏ မူလကိုယ်ရည်ကိုယ်သွေး၊ ယခင်က ပျောက်ဆုံးနေခဲ့သော အရာများအားလုံးနှင့် မိခင်တစ်ဦး၏ နွေးထွေးသော မေတ္တာတရားများမှာ အပြည့်အဝ ပြန်လည်ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။ သူတော်စင် ရှောင်ထျန်းက ကုသပေးခဲ့ပြီးနောက် သူမသည် မှတ်ဉာဏ်ပျောက်ဆုံးခြင်း ဝေဒနာကို မခံစားရတော့ပေ။ ထိုမျှမက တစ်ချိန်က ပျောက်ဆုံးသွားပြီဟု ထင်မှတ်ထားခဲ့သော မှတ်ဉာဏ်ဟောင်းများကိုလည်း ပြန်လည်ရရှိခဲ့သည်။

ဝေ့ဝူယင်သည် အိမ်၌ပင် ကျင့်ကြံခြင်းကို စတင်ခဲ့သည်။ အစ်ကိုကြီးကတော့ မြို့တော်သို့ သွားရောက်ကာ မဟာဂိုဏ်းကြီး ငါးဂိုဏ်း ထဲမှ တစ်ခုဖြစ်သည့် မြေကြီးတိုက်တန်ဂိုဏ်း တွင် တပည့်အဖြစ် ဝင်ရောက်ခဲ့သည်။

တစ်ဖက်တွင်လည်း သူ၏ ဖခင်မှာ ကျင့်ကြံခြင်း အဆင့် နှစ်ဆင့်မျှ ခုန်တက်သွားပြီးနောက် အကြီးအကဲ အဆင့်မှ မျိုးနွယ်စုခေါင်းဆောင် အဆင့်သို့ တိုးမြှင့်ခြင်း ခံခဲ့ရသည်။ သူသည် ချီပျစ်ခဲခြင်း အဆင့်နှစ်မှ အဆင့်လေး အထိ ရောက်ရှိသွားခြင်း ဖြစ်သည်။ ယခင် မျိုးနွယ်စုခေါင်းဆောင်မှာ ချီပျစ်ခဲခြင်း အဆင့်သုံး ဒြပ်စင် မွေးဖွားခြင်းအဆင့် တွင်သာ ရှိပြီး သူထက် အသက် ၃၀ ခန့် ကြီးသဖြင့် ဤရာထူးပြောင်းလဲမှုမှာ မည်သည့် ခုခံမှုမျှမရှိဘဲ သဘာဝအတိုင်း ဖြစ်ပေါ်လာခြင်း ဖြစ်သည်။

ဝေ့မျိုးနွယ်စုမှာ ဂျိုးငှက်နီမြို့ ၏ နံပါတ်တစ် မျိုးနွယ်စုနှင့် အငြင်းပွားဖွယ်မရှိသော တရားဝင် ခေါင်းဆောင် ဖြစ်လာခဲ့သည်။ အစ်ကိုကြီးမှာလည်း မဟာဂိုဏ်းကြီးတစ်ခုတွင် ရာထူးတစ်ခု ရရှိထားသဖြင့် ဤအခြေအနေမှာ ပိုမိုခိုင်မာလာခဲ့သည်။ ဝေ့မျိုးနွယ်စု၊ အထူးသဖြင့် ဤမိသားစုအတွက်မူ သူတို့၏ ဘဝမှာ တစ်နေ့ထက်တစ်နေ့ ပိုမို တိုးတက်ကောင်းမွန်လာခဲ့သည်။

"ဒီပေါင်းပင်တွေကို သွားပစ်ဖို့ အမေ့ကို ကူညီပါဦး..."

ဝေ့ဝူယင်၏ မိခင်က သက်ပြင်းတစ်ချက်ချရင်း မတ်တပ်ရပ်ကာ ပြောလိုက်သည်။ သူမမှာ ကျင့်ကြံသူတစ်ဦး မဟုတ်ပေ။ ထိုမျှမက ကျင့်ကြံရန်လည်း ရည်ရွယ်ချက် မရှိပေ။ ဤသည်မှာ သူတို့အားလုံး လေးစားပေးထားသော ဆုံးဖြတ်ချက်ဖြစ်ပြီး သူမသည်လည်း ယခုဘဝကို ကျေနပ်နေသည်။ သူမကို ဖျောင်းဖျရန်လည်း မဖြစ်နိုင်ပေ။

"ဟုတ်ကဲ့"

ဝေ့ဝူယင်က ခေါင်းညိတ်ကာ ပေါင်းပင်များ အပြည့်ထည့်ထားသော ခြင်းတောင်းကို မလိုက်သည်။ သူသည် လှပသော ဥယျာဉ်ကို ကြည့်ရင်း စိတ်နှလုံး အေးချမ်းမှုကို ခံစားလိုက်ရ၏။ ပန်းမျိုးစုံ၊ အထူးသဖြင့် မိခင်ဖြစ်သူ အကြိုက်ဆုံး အဇေလီးယား ပန်းများမှာ လှပစွာ ပွင့်လန်းနေကြသည်။ ၎င်းမှာ အကျော်အမော် ပန်းချီဆရာကြီးများပင် ပုံတူကူးရန် ခက်ခဲလောက်သော ရသာမြောက်သည့် ဥယျာဉ်တစ်ခု ဖြစ်ပေသည်။

သူတို့နှစ်ဦး လမ်းလျှောက်ခဲ့ကြသည်။ စကားများ ပြောခဲ့ကြသည်။ အတူတူ ရယ်မောခဲ့ကြသည်။

...

ဘုန်း...

အသက် ၂၀ ကျော်အရွယ် အရပ်ရှည်ရှည် လူငယ်တစ်ဦးသည် ဂျိုးငှက်နီမြို့အနီးတွင် သောင်းကျန်းနေသော သွေးဆာနေသည့် သားရဲတစ်ကောင်ကို ဆေဘာ အနည်းငယ် ဝှေ့ယမ်းရုံဖြင့် သတ်ဖြတ်လိုက်သည်။ သားရဲအလောင်းမှာ မြေကြီးပေါ်သို့ ပြုတ်ကျသွားပြီး လတ်ဆတ်သော သွေးညှီနံ့များ ထွက်ပေါ်လာ၏။

"မင်း သတ်ခဲ့တဲ့ အသက်တွေအားလုံးအတွက် ငါ တရားမျှတမှု ယူပေးလိုက်ပြီ..."

သူ သားရဲကို မြို့ထဲသို့ ပြန်လည်ယူဆောင်လာသောအခါ မြို့သူမြို့သားများက ဝမ်းသာအားရ ကြိုဆိုကြသည်။ သားရဲကို လက်တစ်ဖက်တည်းဖြင့် မြှောက်ပြလိုက်ရာ ချီးကျူးသံများကြောင့် မြေကြီးပင် တုန်ဟီးသွားတော့သည်။

"သခင်လေးက အရှုံးမရှိပါပဲလား..."

"သခင်လေးရဲ့ အရှိန်အဝါက ပညာရှင်ကြီးတစ်ယောက်၊ သူရဲကောင်းကြီးတစ်ယောက်လိုပဲ..."

"ခန့်ညားလှတဲ့ ဆေဘာသူရဲကောင်းက ငါတို့မြို့ကို ထပ်ပြီး ကာကွယ်ပေးပြန်ပြီ... ဟူး... ငါသာ မိန်းကလေး ဖြစ်လိုက်ရရင်..."

ထိုစကားသံများမှာ သူ၏ နားထဲတွင် ပဲ့တင်ထပ်နေပြီး သူကလည်း အားရပါးရ ရယ်မောလိုက်သည်။

***

အပိုင်း(၂၁၇၈)

"အဖေ... ရာထူးကို တကယ်ပဲ လွှဲပေးတော့မှာလား...."

ယခု၌ ဝေ့ဝူယင်သည် အသက် ၃၀ အရွယ်သို့ ရောက်ရှိနေပြီဖြစ်သော်လည်း အသက် ၂၀ ကျော် လူငယ်တစ်ဦးကဲ့သို့ နုပျိုနေဆဲ ဖြစ်သည်။ သူ၏ မျက်ဝန်းများထဲတွင်တော့ ပိုမိုနက်ရှိုင်းသော ပညာအလင်းများ တောက်ပနေ၏။

သူ၏ ဖခင်မှာ အိုမင်းသွားဟန် မရှိသလောက်ဖြစ်ပြီး၊ သူ၏ မိခင်မှာမူ အသက် ၆၀ ကျော် အရွယ်ဖြစ်သော်လည်း အသက် ၃၀ ဝန်းကျင်ကဲ့သို့ပင် ရင်သပ်ရှုမောဖွယ် လှပနေဆဲဖြစ်သည့် သက်ကြီးပိုင်း အမျိုးသမီးတစ်ဦး ဖြစ်နေသည်။ ရင့်ကျက်မှုနှင့်အတူ သူမ၏ အလှမှာ နှစ်ကြာလေ ပိုကောင်းလေဖြစ်သည့် စပျစ်ရည်ကဲ့သို့ပင် ပိုမို တည်ငြိမ်လှပလာ၏။ ဤသည်မှာ အန်နီမာ ဝါးမြိုသူ သွေးမျိုးဆက်၏ မျိုးရိုးဗီဇဆိုင်ရာ အကျိုးကျေးဇူးများဖြစ်ပြီး အထူးသဖြင့် သူမ၏ ဆန်းကြယ်သော အလှတရားနှင့် ထက်မြက်သော ဉာဏ်ရည်တို့မှာ ထင်ရှားလှသည်။

"ဒါပေါ့... ဒါဟာ အခွင့်အရေးကောင်းတစ်ခုပဲ... ပြီးတော့ အကြီးအကဲတွေကလည်း ငါ့နေရာမှာ မင်းကို အစားထိုးဖို့ တညီတညွတ်တည်း တိုက်တွန်းနေကြတာ... ဟား ဟား... ငါသာ အခု ရာထူးက မဆင်းရင် သူတို့တွေ ငါ့ကို ရာထူးကနေ ဖယ်ရှားဖို့ အစည်းအဝေး ခေါ်ကြမှာ သေချာတယ်... ဘာပဲဖြစ်ဖြစ် မင်းရဲ့ ကျင့်ကြံခြင်းက အများကြီး တိုးတက်လာပြီလေ... မင်းက သေမျိုးနတ်ဘုရား အဆင့်ကို ရောက်နေပြီ၊ မင်းရဲ့ အစ်ကိုကြီး ဆိုရင် နတ်ဘုရားအရှင်တွေထဲတောင် ပါနေပြီပဲ"

ဝေ့ဝူယင်၏ မျက်ဝန်းများမှာ စိတ်လှုပ်ရှားမှုကြောင့် အရောင်တောက်ပသွားသည်။ ဝေ့မျိုးနွယ်စုမှာ သေမျိုးနတ်ဘုရားများ ရှိသည့် နတ်ဘုရား ကလန် ဟူသော ဘွဲ့ထူးကို ရရှိခဲ့ပြီ ဖြစ်သည်။ သူသည် သေမျိုးနတ်ဘုရား အဆင့်သို့ အသစ်စက်စက် ရောက်ရှိထားသူ ဖြစ်သော်လည်း သူ၏ ဖခင်မှာမူ သူထက် အဆင့်တစ်ဆင့် မြင့်သော ဝါရင့် သေမျိုးနတ်ဘုရား တစ်ဦး ဖြစ်သည်။ အစ်ကိုကြီးမှာ ကျင့်ကြံခြင်းတွင် ပါရမီထူးလွန်းလှသဖြင့် ဒဏ္ဍာရီဆန်လှပေသည်။ ဆယ်စုနှစ် သုံးခုအတွင်းမှာပင် သူ၏ ကျင့်ကြံခြင်းမှာ အံ့မခန်း ခုန်တက်သွားပြီး သေမျိုးနတ်ဘုရားအရှင် တစ်ဦး ဖြစ်လာခဲ့သည်။

သူသည် ဝူနိုင်ငံ အတွင်းရှိ အစွမ်းအထက်ဆုံး ပုဂ္ဂိုလ်များထဲမှ တစ်ဦး ဖြစ်နေပြီ ဖြစ်သည်။

"အခု မင်း ဒီမျိုးနွယ်စုရဲ့ ခေါင်းဆောင် ဖြစ်ရမယ့် အချိန်ရောက်ပြီ... ပြီးတော့ အမွေခံ သားသမီးလေးတွေလည်း ရအောင် ကြိုးစားပေါ့... မင်း အောင်မြင်မယ်ဆိုတာ မင်းအမေနဲ့ ငါကတော့ ယုံကြည်ပြီးသားပါ"

ဝေ့ဝူယင်၏ ဖခင်က ပျော်ရွှင်စွာ ရယ်မောလိုက်သည်။ ဝေ့ဝူယင်မှာ အိမ်ထောင်မပြုရသေးသော်လည်း လက်ထပ်ရန် ကမ်းလှမ်းသူများမှာမူ ဒုနဲ့ဒေးပင် ဖြစ်ပေသည်။

"သား ကောင်းကောင်း လုပ်နိုင်မှာပါ..."

ဝေ့ဝူယင်၏ မိခင်သည် ရှေ့သို့ တိုးလာပြီး သူ၏ ဆံပင်နှင့် အင်္ကျီကို သပ်ရပ်အောင် ပြင်ဆင်ပေးလိုက်သည်။ အရာအားလုံး သပ်ရပ်သွားပြီဟု အသေအချာ ယုံကြည်ရမှသာ သူမသည် မျက်ဝန်းအိမ်တွင် ဝဲနေသော မျက်ရည်များကို အတင်းအကျပ် ထိန်းချုပ်ရင်း၊ တုန်ယင်နေသော အသံဖြင့် မှာကြားလေတော့သည်။

"အမေ့ကို ကတိပေးစမ်းပါ... စာရေးမယ်ဆိုတာကိုလေ... လတိုင်း မဟုတ်ဘူး... အပတ်တိုင်း ရေးရမယ်... ပြီးတော့ မကြိုက်ရင်တောင် ဟင်းသီးဟင်းရွက်တွေကို စားရမယ်... အိပ်ချိန်လည်း မှန်ရမယ်... ကျင့်ကြံခြင်းထဲမှာပဲ အရမ်းကြီး နစ်မနေနဲ့ဦး... နောက်ပြီး မင်းရဲ့ အဆင့်အတန်းကိုပဲ ကြည့်ပြီး ကပ်ချင်နေတဲ့ မြေခွေးမလေးတွေကိုလည်း သတိထားဦး... ပြီးတော့..."

သူမ၏ စကားများမှာ အဆုံးမရှိ စီးဆင်းနေသဖြင့် ဝေ့ဝူယင်၏ ဖခင်က သူမကို မနိုင်မနင်း ဆွဲထုတ်သွားရင်း ခပ်ယဲ့ယဲ့ ပြုံးပြလိုက်၏။

"ကိုယ်ကိုကိုယ် ဂရုစိုက်ပါ သား"

"ကျွန်တော် ဂရုစိုက်ပါ့မယ်..."

ဝေ့ဝူယင်သည် သူတို့ကို နှုတ်ဆက်ရင်း ကျန်ရစ်ခဲ့သည်။ ပူနွေးသော မျက်ရည်များမှာ သူ၏ ပါးပြင်ပေါ်သို့ စီးကျလာ၏။ သူတို့ ဝေးဝေးသို့ ရောက်သွားချိန်တွင် ဝေ့ဝူယင်သည် နေထွက်ရာ မိုးကုတ်စက်ဝိုင်းဆီသို့ ဦးတည်သွားနေသည့် သူတို့၏ ရထားလုံးကို မြင်ရသည်အထိ နောက်မှ အပြေးလိုက်သွားပြီး အော်ဟစ် နှုတ်ဆက်လိုက်၏။

"ဝူမျှော်စင်ကို လာလည်ဖို့ မမေ့နဲ့ဦးနော်... အဖေနဲ့ အမေကို ချစ်တယ်..."

ထိုစကားများကို ပြောပြီးနောက် သူသည် နေဝင်ချိန်အထိ ထိုမိုးကုတ်စက်ဝိုင်းကို ငေးကြည့်နေခဲ့သည်။ ထို့နောက်မှသာ သူသည် မျိုးနွယ်စုသို့ ပြန်လာပြီး ဂျိုးငှက်နီမြို့ ဝေ့မျိုးနွယ်စု၏ ခေါင်းဆောင်အဖြစ် တာဝန်ယူရန် ဆုံးဖြတ်လိုက်လေတော့သည်။

ဝေ့ဝူယင်...

အချိန်များ ကုန်ဆုံးသွားခဲ့သည်။

ဝေ့ဝူယင်သည် ဝင်လုဆဲဆဲ နေကြယ်ကို ကြည့်လိုက်သည်။ သူသည် အသက် နှစ်ရာကျော်တိုင်အောင် ရှင်သန်ခဲ့ပြီ ဖြစ်သည်။ သူ့တွင် သားသမီး မြောက်မြားစွာ ရှိခဲ့ပြီး၊ ထိုသားသမီးတို့မှတစ်ဆင့် မြေး၊ မြစ်၊ တီ၊ တွတ် အဆက်ဆက်တို့မှာ အိမ်တော်အတွင်း ပြည့်နှက်နေပြီ ဖြစ်သည်။ သူသည် လူအများအတွက် ဖခင်တစ်ဦး ဖြစ်ခဲ့သလို၊ မျိုးနွယ်စုဝင် အားလုံးအတွက်လည်း ဘိုးဘေးကြီး တစ်ဦး ဖြစ်ခဲ့ပေသည်။

သူသည် စံအိမ်ကြီး၏ ဝရန်တာရှိ ကြိမ်ကုလားထိုင်ပေါ်တွင် ထိုင်နေသည်။ နွေးထွေးသော လေပြေက သူ၏ မျက်နှာပေါ်ရှိ အရေးအကြောင်းများကို ခပ်ဖွဖွ ပွတ်သပ်သွားစဉ် သူသည် အနားယူနေ၏။ သူ၏ ပတ်ဝန်းကျင်တွင် ခန့်ညားလှပသော မျက်နှာများ ဝန်းရံလျက်ရှိသည်။ အချို့မှာ အသက်ကြီးသူများ ဖြစ်ကြပြီး အချို့မှာ လူငယ်များ ဖြစ်ကြသည်။ ရင်ခွင်ပိုက် ကလေးငယ်များကို ချီထားသူအချို့ပင် ရှိသေးသည်။ သူတို့အားလုံးသည် ဝေ့ဝူယင်၏ နေဝင်ချိန် ရှုခင်းကို မကွယ်စေဘဲ ဘေးမှနေ၍ လေးနက်စွာ ဝန်းရံနေကြသည်။ ကလေးငယ်ပင်လျှင် ပတ်ဝန်းကျင်၏ အေးချမ်းတည်ငြိမ်သော အငွေ့အသက်ကြောင့် တိတ်ဆိတ်နေခဲ့သည်။

ဤသည်မှာ သူ့ ဘဝ နောက်ဆုံးနေ့၏ ညနေခင်းပင် ဖြစ်သည်။

သူ့ ဘဝနောက်ဆုံးအချိန်တွင် မိစုသားစုဝင်များ၊ ရင်းနှီးပြီးသား မျက်နှာများနှင့် ခုနစ်ဆက်တိုင်အောင် တိုးပွားလာသော ဆွေမျိုးသားချင်းများက ဝန်းရံထားကြသည်။ သူတို့၏ ကျင့်ကြံခြင်း အဆင့်အတန်းမှာလည်း မျိုးစုံလှရာ သေမျိုးနတ်ဘုရား များ၊ နတ်ဘုရားအရှင် များနှင့် နတ်ဘုရားဘုရင် များပင် ပါဝင်နေကြသည်။

"ဒီတော့... ဒါဟာ နောက်ဆုံးပဲပေါ့..."

ဝေ့ဝူယင်၏ အသံမှာ နှစ်ပေါင်းများစွာ ဖြတ်သန်းခဲ့ရသော အိုမင်းရင့်ရော်မှုများကို သယ်ဆောင်ထားသည်။

"ငါ့ရဲ့ ဘဝကတော့ တကယ့်ကို ပြည့်စုံခဲ့တာပဲ..."

မေတ္တာတရားများ၏ ဝန်းရံမှု၊ အမွေအနှစ်များ၏ ဝန်းရံမှု၊ သူ၏ အတိတ်မှ မွေးဖွားလာသော အနာဂတ်မျိုးဆက်သစ်များ၏ ဝန်းရံမှုတို့ဖြင့် အရာရာက ပြည့်စုံလှသည်။

"ညီလေး..."

လူငယ်တစ်ဦးသည် နေဝင်သည့် အရပ်မှ ပျံသန်းလာသည်။ သူ၏ မျက်နှာမှာ မပြောင်းလဲဘဲ နုပျိုနေဆဲ ဖြစ်သည်။ သူ၏ ကျင့်ကြံခြင်းမှာ ဒဏ္ဍာရီလာ ကြယ်တာရာ အမြုတေ အဆင့်သို့ ရောက်ရှိထားခြင်း ဖြစ်သည်။ လူအများအတွက်မူ ဤလူငယ်မှာ လူသားတို့ကြားမှ နတ်ဘုရားတစ်ပါးပင် ဖြစ်ပေသည်။

"အစ်ကို... အစ်ကိုကြီး... ရောက်လာတာ... ဝမ်းသာ... ပါတယ်..."

သူ၏ အားနည်းလှသော အသံမှာ ကုန်ဆုံးလုနီးပါး မီးစာလေး၏ နောက်ဆုံး လက်ကျန် အစအနများကို ပြသနေသည်။ ဝေ့ဝူယင်သည် သူ၏ သေဆုံးခြင်း အလင်းဆီသို့ လျှောက်လှမ်းနေပြီ ဖြစ်သည်။

ဤလောက၏ အဆုံးစွန်သော နိယာမ...

တစ်နည်းအားဖြင့် သေခြင်းတရား...

"ငါ ဘယ်လိုလုပ် မလာဘဲ နေမှာလဲ..."

အစ်ကိုကြီးက နွေးထွေးစွာ ပြုံးရင်း၊ ဝေ့ဝူယင်၏ အရေတွန့်နေသည့် လက်များကို သူ၏ လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်ကာ ဒူးထောက်လိုက်သည်။ ညီဖြစ်သူသည် အစ်ကိုဖြစ်သူထက် စော၍ သေဆုံးသွားလိမ့်မည်ဟု မည်သူက ထင်မှတ်ထားပါမည်နည်း။ ကျင့်ကြံခြင်းလောက၏ ဘဝမှာ အမြဲတမ်း ရက်စက်လေ့ရှိသည်။

တစ်ချိန်က သူ့ကို ဆေဘာကိုင်နည်းနှင့် ကျင့်ကြံခြင်း နိယာမများကို သင်ကြားပေးခဲ့သော အစ်ကိုကြီးသည် ယခုအခါ သူ၏ နောက်ဆုံးအချိန်တွင် ဘေးနား၌ ရှိနေပေးခဲ့သည်။

အားအင်အသစ်များ ရရှိသွားသည့်အလား ဝေ့ဝူယင်၏ ငွေရောင် ရီဝေဝေ မျက်ဝန်းများမှာ ဝင်လုဆဲဆဲ နေကြယ်၏ အလင်းရောင်နှင့်အတူ တောက်ပသွားခဲ့သည်။

"အဖေနဲ့ အမေကို တွေ့ရင်... ပြောပေးပါ... ကျွန်တော်... ပျော်ခဲ့ပါတယ်လို့... ပြီးတော့ သူတို့... ကောင်းကောင်း... နေကြဖို့နဲ့... သူတို့..."

တိတ်ဆိတ်ခြင်းနှင့်အတူ ဝေ့ဝူယင်၏ အသံမှာ ပြတ်တောက်သွားသည်။ နေကြယ်မှာ လုံးဝ ကွယ်ပျောက်သွားခဲ့ပြီ ဖြစ်သည်။ ဘဝတစ်ခုမှာလည်း လုံးဝ ပြီးဆုံးသွားခဲ့ပြီ။

"ငါ ပြောပေးပါ့မယ်"

အစ်ကိုကြီးက ပူနွေးမှုများ တဖြည်းဖြည်း ပျောက်ကွယ်နေသည့် အေးစက်စက် လက်တစ်ဖက်ကို တင်းတင်းဆုပ်ကိုင်ရင်း၊ တားမရဆီးမရ စီးကျလာသော မျက်ရည်များနှင့်အတူ တုန်ယင်နေသော အသံဖြင့် ကတိပေးလိုက်သည်။

ဖခင်နှင့် မိခင်တို့မှာ သူတော်စင် ရှောင်ထျန်း၊ ဝန်ကြီးလုံတို့နှင့်အတူ ကောင်းကင်ယံထက်သို့ တက်လှမ်းသွားခဲ့ကြသည်။ သူတို့၏ အသက်အဆောင်များမှာလည်း ပြင်းထန်စွာ တောက်ပနေဆဲ ဖြစ်သည်။ သူတို့မှာ အသက်ရှင်နေကြဆဲပင်။

တစ်ဖက်တွင်မူ ဝေ့ဝူယင်၏ ကျင့်ကြံခြင်း ပါရမီမှာ မြောက်မြားစွာသော အရင်းအမြစ်များ ရှိပါသော်လည်း နတ်ဘုရားအရှင် အဆင့်ထက် ပိုမိုတက်လှမ်းနိုင်ခြင်း မရှိခဲ့ပေ။

ဤရှင်သန်ခြင်း လောက၌ ရှိခဲ့သော လေးယောက်တည်းသော မိသားစုလေးမှာ... ယခုအခါ သုံးယောက်တည်းသော မိသားစုအဖြစ် ထာဝရ ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။

…

"ပထမဆုံး ဘဝကို ကျော်ဖြတ်သွားပြီ..."

စောင့်ကြည့်နေသူများ အားလုံးမှာ အလွန်အမင်း အာရုံစိုက်နေကြသည်။ သို့သော် အနီရောင် ဖုန်မှုန့်များ ကွဲလွင့်မသွားသည်ကို မြင်လိုက်ရသောအခါ သူတို့၏ စိတ်များ သက်သာရာ ရသွားကြသည်။ မည်သို့ပင်ဖြစ်စေ၊ ဤနှစ်ထပ်ကွမ်း အပြစ်သားသည် မျှော်လင့်ချက်ကင်းမဲ့မှုကို အနည်းငယ်မျှ မခံစားရဘဲ ပထမဆုံးဘဝကို ရှင်သန်ကျော်ဖြတ်နိုင်ခဲ့သည်။

"ဒါက ဘယ်လိုဘဝမျိုးလဲ... သူ ရင်ဆိုင်ခဲ့ရတဲ့ ပထမဆုံး စမ်းသပ်မှုက ဘာလဲ..."

ငွေရောင်အတောင်ပံပိုင်ရှင်က စူးစမ်းစွာ မေးလိုက်သည်။

"အနာဂတ်မဲ့ခြင်း ဘဝ..."

အနီရောင်အတောင်ပံပိုင်ရှင်က ပြန်ဖြေသည်။

"အိုး... ဟုတ်လား... ရည်မှန်းချက်ကြီးတဲ့ ကျင့်ကြံသူတွေအတွက်တော့ ဒါဟာ အယုတ်ညံ့ဆုံး စမ်းသပ်မှုပဲ... သူက မာနအပြစ်သား တစ်ယောက်ဖြစ်နေပါလျက်နဲ့ ဘယ်လိုလုပ် မျှော်လင့်ချက်ကင်းမဲ့မှုကို အနည်းငယ်မျှတောင် မခံစားရတာလဲ..."

ဘဝပေါင်း ၁၈ ဘဝအနက် ပထမဆုံးဘဝအကြောင်း ကြားလိုက်ရချိန်တွင် အတောင်ပံပါ တည်ရှိမှု အများအပြားမှာ တုန်လှုပ်သွားကြသည်။ အနာဂတ်မဲ့ခြင်း ဘဝ ဆိုသည်မှာ မိမိပတ်ဝန်းကျင်ရှိ ဘဝများအားလုံး ပွင့်လန်းတိုးတက်နေချိန်တွင် မိမိကမူ ရှေ့မတိုးနိုင်ဘဲ ရပ်တန့်နေရခြင်းဖြစ်ပြီး၊ အရာအားလုံးနှင့် လူတိုင်းက မိမိထက် သာလွန်သွားသည်ကိုသာ ထိုင်ကြည့်နေရသည့် ဘဝမျိုး ဖြစ်သည်။

ပုံမှန်အားဖြင့်ဆိုလျှင် သူတို့၏ ဘဝအဆုံးသတ်တွင် သူတို့၏ စိတ်အစဉ်မှာ နောင်တနှင့် မျှော်လင့်ချက်ကင်းမဲ့မှုများက ဝါးမြိုခြင်း ခံရလေ့ရှိပြီး၊ ဆက်လက်ရှင်သန်လိုစိတ် မရှိတော့ဘဲ သေခြင်းတရားကိုလည်း မုန်းတီးသွားကြသည်။

ရိုးရိုးသားသား ပြောရလျှင် တစ်ချိန်က ပြိုင်ဘက်ကင်းခဲ့ပြီး ရည်မှန်းချက်ကြီးမားခဲ့သော ကျင့်ကြံသူများအတွက် ဤစမ်းသပ်မှုမှာ အခက်ခဲဆုံး ဖြစ်သည်။ တစ်ခါတစ်ရံတွင် သူတို့သည် မိမိတို့၏ ဘဝဟောင်းမှ အထွတ်အထိပ်သို့ ရောက်ခဲ့သော ပုံရိပ်များကို မြင်တွေ့ရတတ်ပြီး မိမိတို့သည် မည်မျှ စွမ်းအားကြီးနိုင်သည်ကို သိရှိနေကြသည်။ သို့သော် သူတို့ မည်မျှပင် ကြိုးစားစေကာမူ သေမျိုးတို့၏ အနီရောင် ဖုန်မှုန့်များအတွင်းသို့ ကျဆင်းသွားကာ၊ ဆိုးရွားလှသော ကျရှုံးမှုများဖြင့် သေဆုံးခြင်းကိုသာ ရင်ဆိုင်ရမည် ဖြစ်သည်။

သို့သော်လည်း မာနအပြစ်သား ဖြစ်သည့် ဝေ့ဝူယင်သည် ဤဘဝကို တစ်နည်းနည်းဖြင့် အောင်မြင်သွားခဲ့သည်။ တစ်ချိန်က စနစ်တကျ ကျင့်ကြံထားပြီး အပြစ်သား အစစ်အမှန်ဝိညာဉ် ရှိသော မာနအပြစ်သား တစ်ဦးပင်လျှင် ဤဘဝကို ရင်ဆိုင်ရချိန်တွင် ချက်ချင်း ရှုံးနိမ့်ခဲ့ဖူးသည်။ ဤအရာမှာ သူတို့ တည်ရှိမှု၏ အကြီးမားဆုံးသော အနှောင့်အယှက်ပင် ဖြစ်၏။ သူက မည်ကဲ့သို့ ကြံ့ကြံ့ခိုင်နိုင်ရသနည်း။

"ဒါ မပြီးသေးဘူး... နောက်ထပ် ၁၇ ဘဝ ကျန်သေးတယ်..."

***

All Chapters