← Chapters

အခန်း (၁၉၆-၁၉၇)

Vol. 14 Ch. 196-197

အခန်း (၁၉၆-၁၉၇)

Vol. 14 Ch. 196-197

အခန်း (၁၉၆) - အသက်ရှင်ကျန်သူရှိသော သစ်ပင်အိမ်

ရွှီရှင်း၏ ခန့်မှန်းချက်အရ သူ၏သစ်ပင်အိမ်နှင့် ရှေ့ကသစ်ပင်အိမ်ကြား အကွာအဝေးမှာ ၁၁ ကီလိုမီတာ သို့မဟုတ် ၁၂ ကီလိုမီတာခန့် ဝေးကွာပေသည်။

အသက်ရှင်ကျန်ရစ်သူ တစ်ဦးချင်းစီ၏ သစ်ပင်အိမ် စတင်စိုက်ပျိုးသည့် နေရာများသည် အနည်းငယ် ကွဲပြားနိုင်သော်လည်း အများစုမှာ အစမှတ်နှင့် နီးစပ်ကြသဖြင့် အိမ်နီးချင်း သစ်ပင်အိမ်များကြား အကွာအဝေးမှာ ယေဘုယျအားဖြင့် ၁၀ ကီလိုမီတာမှ ၁၅ ကီလိုမီတာအတွင်း ရှိကြမည် ဖြစ်သည်။

ထို့ကြောင့် သစ်ပင်အိမ်နှစ်ခုလုံး၏ ကာကွယ်ရေးနယ်မြေမှာ အချင်းဝက် ၆ ကီလိုမီတာစီ ရှိနေပါက နယ်မြေနှစ်ခုမှာ အချိတ်အဆက် မိနိုင်ပေသည်။

သူ၏ ကာကွယ်ရေးနယ်မြေမှာ ၉ ကီလိုမီတာအထိ ရှိနေသဖြင့် အနားက သစ်ပင်အိမ်၏ နယ်မြေမှာ ၃ ကီလိုမီတာသာ ရှိလျှင်ပင် ပြဿနာရှိမည် မဟုတ်ပေ။

သို့သော်လည်း သတိထားရန်တော့ လိုအပ်သည်မှာ အမှန်ပင်။

ကာကွယ်ရေးနယ်မြေများသည် စက်ဝိုင်းပုံစံများ ဖြစ်ကြသဖြင့် နယ်မြေနှစ်ခု ထိစပ်နေလျှင်ပင် ဘယ်နယ်မြေကမှ လွှမ်းခြုံမထားသည့် အန္တရာယ်ရှိသော နေရာလွတ်များ ကျန်ရှိနေဦးမည် ဖြစ်သည်။

ထိုနေရာများသည် သာမန် အသက်ရှင်ကျန်ရစ်သူများ မသွားသင့်သည့် နေရာများပင် ဖြစ်၏။

ရွှီရှင်းကတော့ သတိထားလျှင် ပြဿနာမရှိနိုင်ဟု ယူဆထားသလို၊ နောင်တွင် ထိုသို့သော နေရာများသို့ ခဏခဏသွား၍ နွယ်ပင်ရည်များကို စုဆောင်းရန်ပင် စဉ်းစားထားသေးသည်။

သူသည် အရင်က မှတ်သားထားသည့် လမ်းကြောင်းအတိုင်း ရှေ့ဆက်လာရာ မကြာခင်မှာပင် သစ်ပင်အိမ် ကာကွယ်ရေးနယ်မြေ၏ အစွန်းသို့ ရောက်ရှိလာခဲ့၏။

နယ်မြေပြင်ပသို့ ချက်ချင်း ခြေမချသေးဘဲ အနည်းငယ် မြင့်သောနေရာတစ်ခုကို ရှာ၍ တက်ကြည့်လိုက်ရာ သူမှတ်မိနေသည့် ဦးတည်ချက်တွင် စောစောက အိမ်နှင့် တစ်ပုံစံတည်း တူသော နောက်ထပ် ညောင်ပင်တစ်ပင်ကို တွေ့လိုက်ရပြန်သည်။

၎င်းမှာ မြေအောက်မြို့တော်ကို စူးစမ်းဖူးသည့် သာမန် အသက်ရှင်ကျန်ရစ်သူ တစ်ဦး၏ နှစ်ထပ်ရှိသော အဆင့်နိမ့် သစ်ပင်အိမ်ငယ်ကလေး ဖြစ်သည်။

ဒီလို အိမ်မျိုးနှင့် တွေ့ရခြင်းမှာ ပုံမှန်ပင် ဖြစ်၏။

တစ်ထပ်တည်းရှိသော သစ်ပင်အိမ်များသည် ပတ်ဝန်းကျင်က သစ်ပင်များထက်ပင် နိမ့်သဖြင့် မနေ့က သူ၏ အားကောင်းသောအမြင်အာရုံနှင့် ကြည့်လျှင်ပင် တောအုပ်ထဲတွင် မြုပ်နေသဖြင့် မြင်ရမည် မဟုတ်ပေ။

သူ မြင်နိုင်သည်မှာ အနည်းဆုံး နှစ်ထပ်ရှိသော အိမ်များသာ ဖြစ်ရမည်။

အကွာအဝေးကို တွက်ချက်ကြည့်ပြီး သူ၏နယ်မြေထဲမှ ထွက်လိုက်သည်နှင့် ဟိုဘက်သစ်ပင်အိမ်၏ နယ်မြေထဲသို့ တိုက်ရိုက် ရောက်ရှိမည်ကို သေချာသွားပြီးနောက် ရွှီရှင်းသည် ဝံပုလွေပေါ်တက်ကာ ထိုအိမ်ရှိရာသို့ ဦးတည်လိုက်တော့သည်။

လမ်းတစ်လျှောက်တွင် အရင်းအမြစ်များမှာ တကယ့်ကို ရှားပါးလှပြီး အဂ္ဂိရတ်ပစ္စည်း အသစ်လည်း ဘာမှ ရှာမတွေ့ပေ။

ဒါကလည်း နားလည်ပေးလို့ ရ၏။

အဆင့်နိမ့် အိမ်ကလေးများ၏ အနားတွင် ဘယ်လို အဆင့်မြင့် အရင်းအမြစ်မျိုး ရှိနိုင်ပါမည်နည်း။

ငွေရောင်ဘုရင်သည် တောအုပ်ကြီးထဲတွင် ဖျက်လက်စွာ ပြေးလွှားနေပြီး မီမီကလည်း နောက်ကပ်လျက် ပါလာကာ အာဖုမှာတော့ မီမီ၏ ကျောပေါ်တွင် နားနေ၏။

အာဖု၏ ပျံသန်းနှုန်းမှာ ဝံပုလွေနှင့် ကျားသစ်၏ အရှိန်ကို မမီနိုင်သဖြင့် သူတို့ကပဲ သယ်လာပေးရခြင်း ဖြစ်သည်။

ခဲခဲလေးမှာမူ ငွေရောင်ဘုရင်၏ အရှိန်ကို အသားကျနေပြီ ဖြစ်သဖြင့် အရင်လို လည်ပင်းမွှေးတွေကို ကြောက်ကြောက်လန့်လန့်နဲ့ ဆုပ်ကိုင်မထားတော့ပေ။

သူမသည် ရွှီရှင်း၏ ရင်ခွင်ထဲတွင် ငြိမ်ငြိမ်လေး နေရင်း ခေါင်းလေးကို ဟိုဒီလှည့်ကာ ပတ်ဝန်းကျင် အလှအပကို ကြည့်ရှုနေတော့သည်။

မကြာခင်မှာပင် ရွှီရှင်းသည် ထိုသစ်ပင်အိမ်အောက်သို့ ရောက်သွား၏။

"...နောက်ထပ် ပျက်စီးနေတဲ့ အိမ်တစ်လုံးလား"

ဒီအိမ်ကလည်း ရှေ့ကအိမ်နှင့် တစ်ပုံစံတည်းပင်။

ပင်စည်မှာ စုတ်ပြတ်သတ်နေပြီး သစ်ရွက်တွေကလည်း ဝါကျင့်ကျင့် ဖြစ်နေကာ သေလုနီးပါး အခြေအနေကို ရောက်နေချေပြီ။

ရွှီရှင်းသည် ပျက်စီးနေသော သစ်ပင်အိမ်ကို လှမ်းထိကြည့်လိုက်၏။

[သေဆုံးခါနီး အဆင့်နိမ့်သစ်ပင်အိမ်ငယ် (အစိမ်းရောင်အဆင့်): ပိုင်ရှင်မဲ့သွားသော ပျက်စီးနေသည့် သစ်ပင်အိမ်။ ပိုင်ရှင်မရှိတော့သော သစ်ပင်အိမ်သည် ၂၄ နာရီအတွင်း ညှိုးနွမ်းသေဆုံးသွားမည် ဖြစ်သည်။ ကျန်ရှိနေသော အသက်ရှင်ချိန်: ၂ နာရီ ၄၃ မိနစ်။]

ကျန်ရှိနေသည့် အချိန်ကို ကြည့်ခြင်းအားဖြင့် ဤအိမ်ရှင်သည်လည်း မနေ့ညက နွယ်ပင်များနှင့် ပုရွက်ဆိတ်လှိုင်း တိုက်ခိုက်မှုတွင် သေဆုံးသွားခဲ့သည့် နောက်ထပ် အသက်ရှင်ကျန်ရစ်သူ တစ်ဦး ဖြစ်ရမည်။

"ကျိချောင်းယန်ရဲ့ ခန့်မှန်းချက် မှန်ပုံရတယ်။ ငါတို့နယ်မြေက အိမ်နီးချင်း နယ်မြေတွေနဲ့ ထပ်နေတာလားမသိဘူး"

သေဆုံးသွားသော ဤလူများသည် တခြားနယ်မြေက လူများ ဖြစ်ရမည်။

ဖြစ်နိုင်သည်မှာ ထိုနယ်မြေရှိ လူများသည် ဗီဇပြောင်းအပင် နှလုံးသားကို မသတ်နိုင်ခဲ့ခြင်း သို့မဟုတ် သတ်နိုင်ခဲ့သည့် လူက အရင်းအမြစ်များကို ဝေမျှပေးရန် ငြင်းဆန်ခဲ့ခြင်းကြောင့် ဖြစ်နိုင်၏။

ဘာပဲဖြစ်ဖြစ် ထိုသူများသည် နွယ်ပင်များ၏ တိုက်ခိုက်မှုကို မဟန့်တားနိုင်ခဲ့သလို သစ်ပင်အိမ်ကို စားမည့် ပုရွက်ဆိတ်တွေကိုလည်း မတွန်းလှန်နိုင်ခဲ့သဖြင့် နောက်ဆုံးတွင် သစ်ပင်ရော လူပါ အသက်ပျောက်ခဲ့ရရှာသည်။

ရွှီရှင်းသည် ခဲခဲလေးကို ချီ၍ ပျက်စီးနေသော အိမ်ပေါ်သို့ တက်ကာ ပထမထပ် အလယ်က ကြမ်းပြင်ကို ခုတ်ဖွင့်လိုက်၏။

ထင်ထားသည့်အတိုင်းပင် မြေကြီးထဲတွင် တဝက်မြုပ်နေပြီး အဖြူရောင် လင်းလက်နေသည့် သစ်ပင်အိမ် ဗဟိုချက်ကို တွေ့လိုက်ရသည်။

"ခဲခဲလေး... အဲဒီအလုံးကို အပေါ် ယူလာခဲ့ပါဦး"

"အီးးး"

ခဲခဲလေးသည် ပင်စည်ထဲက အခေါင်းပွကြီးထဲသို့ ကျွမ်းကျင်စွာ ခုန်ဆင်းသွားပြီး ဗဟိုချက်ကို ပါးစပ်ဖြင့် ကိုက်ကာ အပေါ်သို့ ပြန်တက်လာခဲ့၏။

ရွှီရှင်းသည် ခဲခဲလေး၏ ခေါင်းလေးကို ပုတ်ပေးရင်း အဖြူရောင် အမြုတေကို ယူလိုက်သည်။

အခုဆိုလျှင် သူ့တွင် အပြာရောင်အဆင့် အခြေခံကုန်ကြမ်းကို ခရမ်းရောင်အဆင့်သို့ မြှင့်ပေးနိုင်သည့် အဆင့်နိမ့် သစ်ပင်အိမ် ဗဟိုချက် နှစ်ခု ရှိသွားပြီ ဖြစ်သဖြင့် အိမ်ပြန်ရောက်လျှင် ရွေးချယ်စရာ ပိုများသွားပြီဖြစ်သည်။

နောက်တစ်ဆင့်မှာ သစ်ပင်အိမ်မျိုးစေ့ကို တူးထုတ်ရန်ပင် ဖြစ်သည်။

သစ်ပင်အိမ် တစ်ခုလုံးမှာ ညှိုးနွမ်း ပြိုကျတော့မည့် အခြေအနေ ဖြစ်နေပြီ ဖြစ်၏။

ပထမထပ်နှင့် ဒုတိယထပ်ကို အမြန်ဝေ့ကြည့်ကာ တန်ဖိုးရှိသည့် ပစ္စည်း ဘာမှမကျန်တော့သည်ကို သေချာမှ ရွှီရှင်း အောက်သို့ ပြန်ဆင်းလာခဲ့သည်။

စက္ကန့်ပိုင်းအတွင်းမှာပင် ဗဟိုချက် အထုတ်ခံလိုက်ရသော သစ်ပင်အိမ်ငယ်မှာ ပင်စည်ငုတ်တိုလေးပဲ ကျန်တော့သည်။

ရွှီရှင်းသည် ဂေါ်ပြားဖြင့် သစ်ပင်အိမ်ခြေရင်းကို စတင်တူးတော့သည်။

အပြာရောင်အဆင့် ဂေါ်ပြားရှိနေသော်လည်း မျိုးစေ့ကို ရအောင်တူးရန် နာရီဝက်ကျော် အချိန်ပေးရ၏။

ဤအိမ်မှာ ပိုင်ရှင်မရှိတော့သဖြင့် သူ ဤသို့ လုပ်နိုင်ခြင်း ဖြစ်သည်။

အကယ်၍ အိမ်ရှင် ရှိနေပါက သစ်ပင်အိမ်မျိုးစေ့ကို အတင်းအကျပ် တူးထုတ်ရန်မှာ မဖြစ်နိုင်ပေ။

ဘယ်သူကမှ ကိုယ့်အိမ်အောက်မှာ နာရီဝက်ကြာအောင် တူးနေတာကို ခွင့်ပြုမည် မဟုတ်ပါလား။

ထို့ကြောင့် တခြားသူ၏ သစ်ပင်အိမ်ကို လုယူခြင်းမှာ မလွယ်ကူလှပေ။

ပိုင်ရှင်၏ သဘောတူညီချက် ရယူရမည် ဒါမှမဟုတ် ပိုင်ရှင်ကို အဆုံးစီရင်ရမည် ဖြစ်သည်။

သစ်ပင်အိမ်ဆိုသည်မှာ အသက်ရှင်ကျန်ရစ်သူများအတွက် ခံစစ်ကောင်းပြီး တိုက်စစ်ဆင်ရန် ခက်ခဲသော ခံတပ်ကြီး တစ်ခုပင် ဖြစ်၏။

နောက်ဆုံးတွင် ရွှီရှင်းသည် မျိုးစေ့ကို တူးထုတ်နိုင်ခဲ့ပြီး ဒုတိယမြောက် ကပ်ပါး သစ်ပင်အိမ်မျိုးစေ့ ကို ရရှိသွားချေပြီ။

အပိုရလာသော ဤကပ်ပါးအိမ်များကို ဘာအတွက် သုံးရမလဲ မသိသေးသော်လည်း များများရှိတာက နည်းတာထက်စာလျှင်တော့ ကောင်း၏။

ငွေရောင်ဘုရင်ကို စီး၍ ရွှီရှင်းသည် သူ၏ ကာကွယ်ရေးနယ်မြေ အစွန်းသို့ ပြန်လာခဲ့ပြီး ပတ်ပတ်လည်တွင် ထပ်မံ ရှာဖွေတော့သည်။

မြင့်မားသော တောင်ကုန်း သို့မဟုတ် တောင်ထိပ်များကို တွေ့တိုင်း တက်ကြည့်ပြီး အနီးအနားတွင် တခြား သစ်ပင်အိမ်များ ရှိနေဦးမလားဟု အကဲခတ်နေမိ၏။

နောက်ဆုံးတွင် သူ၏ သစ်ပင်အိမ်မှ တောင်ဘက်အရပ်၊ မလှမ်းမကမ်းတွင် နောက်ထပ် သစ်ပင်အိမ်တစ်လုံးကို သူ မြင်လိုက်ရသည်။

"ငွေရောင်ဘုရင်... ဟိုဘက်ကို သွားကြစို့"

ရွှီရှင်းက လမ်းညွှန်လိုက်ရာ ငွေရောင်ဘုရင်က ထိုဘက်သို့ အရှိန်ဖြင့် ပြေးထွက်သွားတော့သည်။

မီမီကတော့ အခုချိန်မှာ မောပန်းနေပုံရပြီး ခံနိုင်ရည်ဆိုသည်မှာ သူမ၏ အားသာချက် မဟုတ်သည်မှာ သိသာလှသည်။

"ဟိုရောက်ရင်တော့ ငါတို့ ခဏ နားကြမယ်"

မကြာခင်မှာပင် ရွှီရှင်းသည် ထိုသစ်ပင်အိမ်နှင့် နီးကပ်လာခဲ့၏။

"ရပ်တော့"

သစ်ပင်အိမ်နှင့် မီတာ ၁၀၀ ခန့် အကွာတွင် ရွှီရှင်းက ငွေရောင်ဘုရင်ကို ရပ်ခိုင်းလိုက်သည်။

မီမီသည်လည်း အနားယူရန် မြေပေါ်သို့ လှဲချလိုက်၏၊

ခရီးဝေးပြေးလာရခြင်းမှာ သူမအတွက် တော်တော်လေး ပင်ပန်းစေခဲ့ပုံရသည်။

"အီးးး"

ခဲခဲလေးက မီတာ ၁၀၀ ကျော်အကွာက သစ်ပင်အိမ်ကို လက်ညှိုးထိုးပြရင်း အသံပြုလိုက်သည်။

ရွှီရှင်းကတော့ ခဲခဲလေး ဘာကို ဆိုလိုသလဲဆိုတာ နားလည်၏။

သူ၏ ထူးကဲလှသော အကြားအာရုံကြောင့် သစ်ပင်အိမ်ဆီမှ လူသားတစ်ဦး၏ စကားပြောသံကို ကြားနေရခြင်း ဖြစ်သည်။

ဤကမ္ဘာတွင် သူကိုယ်တိုင် ပထမဆုံးအကြိမ်အဖြစ် တကယ့် လူသားတစ်ဦး အသက်ရှင်ကျန်ရစ်သူ တစ်ဦးနှင့် တွေ့ဆုံရခြင်းပင် ဖြစ်၏။

ထို့ကြောင့် ငွေရောင်ဘုရင်ကို ရပ်ခိုင်းခဲ့ခြင်းဖြစ်ပြီး၊ တစ်ဖက်လူကို ထိတ်လန့်မသွားစေဘဲ သူတို့ ဘာတွေပြောနေသလဲ၊ ဒီလူက သူတို့နယ်မြေ ၁၈၈ ကလား ဒါမှမဟုတ် တခြားနယ်မြေကလား ဆိုတာကို အရင်ဆုံး နားထောင်ချင်နေခြင်း ဖြစ်သည်။

"နောက်ဆုံးတော့ ငါ့ရဲ့ အလှဆင်ရမှတ် မြှင့်တင်မှုတွေ အကုန်လုံးကို စိုက်ပျိုးရေးခန်းမှာပဲ ပုံပေးဖို့ ဆုံးဖြတ်လိုက်ပြီ။ တောက်... တစ်နေကုန် တစ်ညလုံး ငတ်နေရတာ၊ နောက်ဆို ဘယ်တော့မှ အငတ်မခံတော့ဘူး။ ဒီနေ့ကစပြီး ငါ့ဘာသာ အစာ ဖူလုံအောင် လုပ်တော့မယ်"

"ဟင် မီးဖိုချောင်လား မီးဖိုချောင်ကို မြှင့်လို့ ဘာထူးမှာလဲ"

"အော်... အဲဒီလိုလား။ ချက်တဲ့ အစားအစာတွေက ပိုပြီး ဗိုက်ဝစေတယ် ဟုတ်လား။ မဆိုးပါဘူး"

"ငါ့အပင်တွေကလည်း မကြာခင် သီးတော့မှာ၊ နောက်ဆုံးတော့ အဝစားရတော့မှာလားမသိဘူး"

"နင်တို့လည်း အပြင်မထွက်ကြသေးဘူး မဟုတ်လား။ အောက်မှာ သစ်ပင်တွေကလွဲရင် ဘာမှမရှိပါဘူး။ ဘာသွားလုပ်မှာလဲ။ ဗိုက်ဆာလို့ အပြင်တောင် မထွက်နိုင်တော့ဘူး"

၎င်းမှာ တစ်ယောက်တည်း စကားပြောနေသလို ထင်ရသော်လည်း ဒေသတွင်း ဆက်သွယ်ရေးလိုင်း သို့မဟုတ် အဖွဲ့တစ်ခုခုတွင် အသံဖြင့် စာရိုက်နေခြင်းဖြစ်ကြောင်း ရွှီရှင်း သိနေသည်။

သူသည် နယ်မြေ ၁၈၈ ၏ ဆက်သွယ်ရေးလိုင်းကို ဖွင့်ကြည့်လိုက်ရာ အလွန်စည်ကားနေသော်လည်း ဤလူပြောနေသည့် စကားများကိုတော့ ရှာမတွေ့ပေ။

"ဟင် အခု တခြား အသက်ရှင်ကျန်ရစ်သူတွေနဲ့ တွေ့လို့ရပြီ ဟုတ်လား"

"အော်... ဒါနဲ့ ငါ ပြောပြဦးမယ်၊ ငါ့အိမ်နားမှာ တကယ့် ထိပ်တန်း ပုဂ္ဂိုလ်ကြီး တစ်ယောက် ရှိနေပုံရတယ်"

"အရင် လေမုန်တိုင်း ရာသီတုန်းက မြောက်ဘက်အရပ်မှာ အမြဲတမ်း စူးရှတဲ့ အလင်းတန်းကြီး တစ်ခု လင်းနေတာလေ"

"ဟ...ဒီလူ ငါ့အကြောင်း ပြောနေတာလား။"

"အဲဒီ အလင်းတန်းက ဘာလဲဆိုတာ ငါ ဘယ်လိုသိမလဲ။ ဒါပေမဲ့ ကောင်းကင်မမှောင်ခင်မှာပဲ ဟိုဘက်က လေဆင်နှာမောင်းကြီး ရုတ်တရက် ပျောက်သွားတာလေ။ အဲဒီက ထိပ်တန်း ပုဂ္ဂိုလ်ကြီးကပဲ ရှင်းလိုက်တာ နေမှာပေါ့"

"တကယ်ပါဆို ငါက ဘာလို့ လိမ်ရမှာလဲ။ အစကတော့ သူက အဆင့်သတ်မှတ်ချက်စာရင်းထဲ ပါမှာပဲဆိုပြီး မဟာမိတ်ဖွဲ့မလို့ပဲ။ ဒါပေမဲ့ လေမုန်တိုင်းရာသီ စာရင်းတုန်းက ငါတို့နယ်မြေက တစ်ယောက်မှ မပါခဲ့ဘူးလေ..."

"သူတို့နယ်မြေက တစ်ယောက်မှ မပါဘူး ဆိုပါလား။"

ကြည့်ရတာ ဒီလူက တောအုပ် ၁၈၈ နယ်မြေက မဟုတ်တာ သေချာသွားပြီ။

လေမုန်တိုင်းရာသီ စာရင်းတုန်းက နံပါတ် ၁ နဲ့ ၂ နေရာမှာ သူနဲ့ ကျိချောင်းယန်တို့ ရှိနေခဲ့တာကြောင့် သူတို့နယ်မြေမှာ တော်တော်လေး ဆူညံသွားခဲ့သည် မဟုတ်ပါလား။

ရွှီရှင်း မျက်မှောင်ကြုတ်လိုက်ပြီး၊ ပေါက်ကွဲမြှား အသင့်တပ်ထားသည့် မြှားသေနတ်ကို ထုတ်လိုက်၏။

နယ်မြေမတူတဲ့သူဆိုရင်တော့ နောင်တစ်ချိန်မှာ အသေအလဲ ပြိုင်ဆိုင်ရမယ့် ရန်သူဖြစ်လာနိုင်တာပဲ....။

အခုပဲ သူ့ကို ရှင်းပစ်ပြီး သစ်ပင်အိမ်ကို သိမ်းလိုက်ရင် ကောင်းမလား...။

ခေတ္တမျှ စဉ်းစားပြီးနောက် ရွှီရှင်း ထိုအကြံကို ဖျက်လိုက်သည်။

အဘယ်ကြောင့်ဆိုသော် တခြား အသက်ရှင်ကျန်ရစ်သူ တစ်ဦးကို သတ်ဖြတ်ခြင်းက အဆင့်သတ်မှတ်ချက် သို့မဟုတ် သတင်းအချက်အလက် တစ်ခုခု တက်လာမည်လား သူ မသေချာသောကြောင့် ဖြစ်သည်။

သူ၏ နာမည် ထွက်လာပါက နစ်နာနိုင်သည် မဟုတ်ပါလား။

ဘာပဲဖြစ်ဖြစ် နယ်မြေအချင်းချင်းကြားမှာ အသေအလဲ ပြိုင်ဆိုင်မှုတွေ ရှိနေမှန်း လူအများစု မသိကြသေးသဖြင့် သူတို့နယ်မြေကတော့ လောလောဆယ် ငြိမ်းငြိမ်းချမ်းချမ်း တိုးတက်ချင်နေသေး၏။

ရွှီရှင်းသည် သစ်ပင်အိမ်ကို အကဲခတ်ကြည့်ရာ ပတ်ဝန်းကျင်တွင် ပုန်းကွယ်ထားသည့် မြှားသေနတ်ကြီးများ မရှိသလို၊ ပင်စည်မှာလည်း ချပ်ဝတ်များ တပ်မထားသည်ကို တွေ့ရသည်။

သာမန် အသက်ရှင်ကျန်ရစ်သူ တစ်ဦးမျှသာ ဖြစ်၏၊

မနေ့ညက ဘယ်လိုများ လွတ်မြောက်ခဲ့ပါလိမ့်....။

ရန်သူလို ဆက်ဆံမည့်အစား မိတ်ဆွေလိုပဲ ဆက်သွယ်ကြည့်လျှင်ရော။

ဘာပဲဖြစ်ဖြစ် အိမ်နီးချင်းတွေပဲ မဟုတ်ပါလား....။

ရွှီရှင်းသည် ငွေရောင်ဘုရင်၊ မီမီနှင့် အာဖုတို့ကို တောအုပ်ထဲတွင် ခဏစောင့်နေရန် မှာကြားလိုက်သည်။

သွေးရောင်အစင်းပါသည့် ဤသားရဲ သုံးကောင်မှာ တကယ့် ဗီဇပြောင်းသားရဲများဖြစ်ပြီး တစ်ကောင်ထက်တစ်ကောင် ကြီးမားလှသဖြင့် သူတို့ကို ခေါ်သွားပါက တစ်ဖက်လူက အလွန်အမင်း ထိတ်လန့်သွားနိုင်သည် မဟုတ်ပါလား။

သူသည် ခဲခဲလေးကိုသာ ချီ၍ သစ်ပင်အိမ်နားသို့ ချဉ်းကပ်သွားကာ လှမ်းအော်လိုက်သည်။

"ဟဲလို... ဘယ်သူရှိလဲဗျို့"

ချက်ချင်းဆိုသလို အိမ်ထဲမှ အာမေဍိတ်သံတစ်ခု ထွက်ပေါ်လာ၏။

"ဟာ...လခွမ်း"

"ငါ့အိမ်အပြင်မှာ လူတစ်ယောက် ရောက်နေတယ်ဗျို့"

"အမလေး... တကယ့် ထိပ်တန်း ပုဂ္ဂိုလ်ကြီး ဖြစ်ရမယ်... အခုလို အချိန်မျိုးမှာ ဘယ်သူက အပြင်ထွက်ရဲမှာလဲ..."

နောက်ဆုံး စကားတစ်ခွန်းကတော့ ဆက်သွယ်ရေးလိုင်းမှာ ပြောတာမဟုတ်ဘဲ သူ့ဘာသာ တိုးတိုးလေး ရေရွတ်လိုက်ခြင်း ဖြစ်သည်။

ကံကောင်းသည်မှာ ဤလူမှာ သတ္တိရှိပြီး အိမ်ထဲတွင် ပုန်းမနေဘဲ ပြတင်းပေါက်နားသို့ သတိကြီးစွာဖြင့် ချဉ်းကပ်လာခြင်း ဖြစ်၏။

သူ့၏ လှုပ်ရှားမှုများမှာ အလွန် သိမ်မွေ့လှသော်လည်း ရွှီရှင်း၏ အကြားအာရုံကတော့ အကုန်လုံးကို အထင်အရှား သိနေသည်။

ထို့နောက် ပထမထပ် ပြတင်းပေါက် ထောင့်လေးမှ ခေါင်းတစ်ဝက် ပြူးထွက်လာပြီး ရွှီရှင်းနှင့် မျက်လုံးချင်း ဆုံသွားတော့သည်။

ထိုလူမှာ လန့်သွားပြီး နောက်သို့ ဆုတ်သွားရှာ၏။

"ဟဲလို... ကျွန်တော်က ရန်လာလုပ်တာ မဟုတ်ပါဘူး။ ကာကွယ်ရေးနယ်မြေတွေ ကျယ်လာတယ်လို့ ထင်လို့၊ တခြားသူတွေနဲ့ တွေ့နိုင်မလားဆိုပြီး လာကြည့်တာပါ"

ရွှီရှင်းက တတ်နိုင်သမျှ ခင်ခင်မင်မင် ရှိပုံပြလိုက်သည်။

သူသည် သူတို့၏ ၁၈၈ နယ်မြေ ပြင်ပရှိ အခြားနယ်မြေများ၏ အခြေအနေကို တကယ်ပဲ သိချင်နေမိသည် မဟုတ်ပါလား။

"အီးးး အီးးး အီးးး"

ခဲခဲလေးကလည်း ရွှီရှင်းကို ကူညီသည့်အနေဖြင့် တကယ့်ကို ချစ်စရာကောင်းသည့် အသံလေးများ ပြုလုပ်ပြနေတော့သည်။

---

အခန်း ၁၉၆ ပြီး။

*****

အခန်း (၁၉၇) - တောအုပ် ၁၈၇ နယ်မြေ

ရွှီရှင်းရဲ့ ရုပ်ရည်က ကြည့်ကောင်းနေတာကြောင့်လား ဒါမှမဟုတ် သူ့ပခုံးပေါ်က ချစ်စရာကောင်းတဲ့ သတ္တဝါလေးက တကျိကျိနဲ့ အော်မြည်နေလို့လားတော့ မသိပေ သစ်ပင်အိမ်ထဲကလူက ခေါင်းတဖန် ပြန်ပြူထွက်လာပြန်သည်။

သစ်ပင်အိမ်ပိုင်ရှင်ဟာ အသက် ၂၀ ကျော်ဝန်းကျင်၊ တက္ကသိုလ်ကျောင်းသားအရွယ်လောက်ရှိတဲ့ ရုပ်ရည်အသင့်အတင့်ရှိတဲ့ အမျိုးသားတစ်ဦး ဖြစ်သည်။

"ဟေး... ခင်ဗျား ဘယ်ကလာတာလဲ"

ထိုလူက သတိကြီးစွာဖြင့် မေးလိုက်၏။

"ကျွန်တော် မြောက်ဘက်ကနေ လာတာပါ။ တစ်နေကုန် လမ်းလျှောက်လာတာ အခုတော့ မှောင်တော့မယ်လေ၊ တော်သေးတာက ခင်ဗျားရဲ့ သစ်ပင်အိမ်ကို အချိန်မီ တွေ့လိုက်လို့ပေါ့"

"မြောက်ဘက်က ဟုတ်လား"

ထိုလူက ခဏတာ ကြောင်သွားပြီးမှ တိုးတိုးလေး ရေရွတ်လိုက်သည်။

"ဟာ... ဒါဆို မြောက်ဘက်က ထိပ်တန်း ပုဂ္ဂိုလ်ကြီးများလား"

ပြီးနောက် သူက ဆက်မေးသည်။

"ဒါနဲ့... ဘာကိစ္စရှိလို့လဲဗျ"

"ကာကွယ်ရေးနယ်မြေတွေ ကျယ်လာတာနဲ့ တခြား အသက်ရှင်ကျန်ရစ်သူတွေနဲ့ တွေ့နိုင်မလားဆိုပြီး ထွက်ကြည့်တာပါ။ အသံနဲ့ပဲ ဆက်သွယ်နေရတာ ကြာတော့ လူတောမတိုးသလို ဖြစ်လာလို့လေ"

ရွှီရှင်းက တက်ကြွတဲ့ အမူအရာနဲ့ ပြောလိုက်၏။

"အကြာကြီး လိုက်ရှာပြီးမှ တကယ့်လူသားတစ်ယောက်နဲ့ တွေ့ရတာ တကယ် ဝမ်းသာဖို့ကောင်းတယ်ဗျာ ဪ... ဒါနဲ့"

ရွှီရှင်းသည် သူ့ကျောပိုးအိတ်ထဲက ပါလာတဲ့ ဗီဇပြောင်းသားရဲ အသားတစ်တုံးကို ထုတ်လိုက်ပြီး ရိုးသားတဲ့ အမူအရာဖြင့်....

"အခုချိန်မှာ လူတော်တော်များများ ဗိုက်ဆာနေကြတာလေ၊ ခင်ဗျားဆီမှာလည်း အစာ သိပ်ရှိမှာမဟုတ်ဘူး ထင်လို့၊ ဒါက လက်ဆောင်အဖြစ် အသားယူထားလိုက်ပါဦး"

ဒီလူက လောဘတက်ပြီး သူ့ကို ရန်ပြုမှာကိုတော့ သူ မကြောက်ပေ။

အကယ်၍ အဲဒီလို ဖြစ်လာရင်လည်း ဒီလူကို နှိမ်နင်းပြီး သစ်ပင်အိမ်ကို သိမ်းပိုက်ဖို့ သူ ဝန်လေးမှာ မဟုတ်ချေ။

ဘာပဲဖြစ်ဖြစ် သူတို့က နယ်မြေမတူတဲ့သူတွေဆိုတော့ နောက်ဆုံးမှာ တစ်ယောက်နဲ့တစ်ယောက် တိုက်ခိုက်ကြရမှာပဲ မဟုတ်လား။

"ဝိုး အသားပါလား"

ရွှီရှင်း ထုတ်ပြလိုက်တဲ့ ဗီဇပြောင်းသားရဲ အသားကို မြင်တော့ ထိုလူမှာ အံ့သြတကြီး အော်ဟစ်မိသွားသည်။

သူ တံတွေး တစ်ချက် မျိုချလိုက်ပြီး ပါးစပ်ကို သုတ်လိုက်၏။

မကောင်းတဲ့ စိတ်နဲ့ မဟုတ်ဘဲ တကယ်ကို စိတ်လှုပ်ရှားသွားတဲ့ ပုံစံမျိုးပင်။

"ဒါ... ဒါက တကယ်ပဲ ကျွန်တော့်အတွက်လား"

အသက်အန္တရာယ်တွေ ကြားကနေ ဖြတ်သန်းလာရပြီး သားရဲတွေ၊ ဗီဇပြောင်းသတ္တဝါတွေနဲ့ပဲ ရင်ဆိုင်နေရသလို၊ ဆက်သွယ်ရေးလိုင်းမှာလည်း စာနဲ့ပဲ စကားပြောနေရတာကြောင့်လားတော့ မသိပေ။

သူဟာ လူသားအချင်းချင်းအပေါ် သံသယထားရကောင်းမှန်း သိပ်မသိသေးတဲ့ ပုံပေါ်၏။

အဲဒီအစား တကယ့်လူသားတစ်ယောက်ကို မြင်လိုက်ရတဲ့အတွက် ဆွေမျိုးပေါက်ဖော်လို ခံစားချက်မျိုးတောင် ဖြစ်နေရှာသည်။

ရွှီရှင်းလည်း ဒါကို သတိထားမိ၏။

စောစောက အောက်ကနေ လှမ်းခေါ်တုန်းက ထိုလူရဲ့ အာမေဍိတ်သံမှာ ကြောက်လန့်တာထက် ဝမ်းသာတာက ပိုများနေတာလေ။

"ဟုတ်ကဲ့၊ ကျွန်တော့်မှာလည်း အများကြီး မရှိပေမဲ့ ဒီအသားက ကြာရင် ပုပ်သွားမှာမို့လို့ ကျွန်တော် တစ်ယောက်တည်းလည်း အကုန်မစားနိုင်ဘူးလေ"

ရွှီရှင်းက သူ့လက်ထဲက အသားကို ဝှေ့ယမ်းပြလိုက်သည်။

"အီးးး"

ခဲခဲလေးကလည်း အပေါ်ကလူကို သူမရဲ့ လက်သည်းလေး ယမ်းပြလိုက်ရာ သူမရဲ့ ချစ်စရာ အမူအရာကြောင့် ထိုလူမှာ သူမကို လှမ်းထိကြည့်ချင်စိတ်တောင် ပေါက်သွားရ၏။

"ဒါက... ပန်ဒါလေးလားဗျ"

သူက စပ်စုကြည့်သည်။

"ဟုတ်တယ်၊ တောထဲမှာ တွေ့ခဲ့တာပါ။ အရမ်း ချစ်ဖို့ကောင်းတာနဲ့၊ တစ်ယောက်တည်း နေရတာ ပျင်းဖို့ကောင်းလို့ မွေးထားတာ"

ရွှီရှင်းက ခဲခဲလေးရဲ့ ခေါင်းလေးကို ပုတ်ပေးလိုက်ရာ သူမကလည်း သူ့ကို ပြန်ပြီး တိုးဝှေ့ပြနေတော့သည်။

"ဝိုး... အားကျလိုက်တာဗျာ ဒါက ရှားပါးသတ္တဝါဗျ"

ထိုလူက အားကျတဲ့ လေသံနဲ့ ပြောလိုက်၏။

လူနဲ့ သားရဲ ဟာ တကယ့်ကို အန္တရာယ်ကင်းတဲ့ ပုံစံမျိုး ပေါက်နေသည် မဟုတ်ပါလား။

"ဒါဆို... ခင်ဗျား... အပေါ်ကို တက်ပြီး ခဏလောက် ထိုင်ပါဦးလား"

သူက မပြောသင့်တာ ပြောမိလိုက်သလိုမျိုး ချက်ချင်း နောင်တရသွားသလို အမူအရာနဲ့ မေးလိုက်၏။

သူ စိတ်မြန်သွားတာများလားလို့ တွေးမိပုံရသည်။

"အင်း..."

ရွှီရှင်းက ဇဝေဇဝါ ဖြစ်နေတဲ့ အမူအရာ ပြလိုက်ပြီး.....

"မဖြစ်ပါဘူးဗျာ၊ ကျွန်တော်တို့က အခုမှ တွေ့ကြတာဆိုတော့..."

ရွှီရှင်းရဲ့ သတိထားနေတဲ့ အမူအရာ သူ့ကို ကြောက်နေတဲ့ ပုံစံမျိုးကို မြင်တော့ ထိုလူက ရှေ့ကလူဟာ လူဆိုး မဟုတ်ဘူးဆိုတာကို ပိုပြီး ယုံကြည်သွားပုံရပြီး...

"ဟေး... ကျွန်တော်တို့က ဒီကမ္ဘာမှာ တစ်ယောက်တည်း ရှင်သန်နေကြရတဲ့ သူတွေပဲဟာ၊ ဘာကြောက်စရာ ရှိမှာလဲ။ အချင်းချင်း ကူညီကြရမှာပေါ့" လို့ အားပေးလိုက်တော့သည်။

ထို့နောက် သူ ပြတင်းပေါက်ကနေ ပျောက်သွားပြီးနောက် သစ်ပင်အုပ်အောက်ကနေ တရှဲရှဲ အသံတွေနဲ့အတူ သစ်ပင်အိမ်ပေါ်ကနေ မြေပြင်ကို ဆင်းလာခဲ့သည်။

ဒီလူဟာ ရုပ်ရည်လည်း သာမန်ပေ။

ရုပ်ဆိုးတာလည်း မဟုတ်သလို၊ အချောကြီးလည်း မဟုတ်ချေ။

ရွှီရှင်းထက် နည်းနည်း ပုပြီး အရပ် ၁၇၀စင်တီမီတာ ကျော်လောက် ရှိမည်။

မပိန် မ၀ဘဲ အစိမ်းရောင်အဆင့် သားရေချပ်ဝတ်ကို ဝတ်ထား၏။

အကျဉ်းချုပ်ပြောရလျှင် လူအုပ်ကြားထဲမှာဆိုရင် သတိမထားမိနိုင်တဲ့ သာမန်လူတစ်ယောက်ပင်။

ရွှီရှင်း သူ့လက်ထဲက ဗီဇပြောင်းသားရဲ အသားကို ထိုသူ့ထံ ကမ်းပေးလိုက်၏။

"အားနာစရာကြီးဗျာ"

ထိုလူက ပါးစပ်ကသာ ပြောနေသော်လည်း လက်ကတော့ အသားကို အမြန်ပဲ လှမ်းယူလိုက်သည်။

ရွှီရှင်းလက်ထဲက အသားကို တကယ်ပဲ မစားရတာ ကြောက်နေပုံရသည်။

အသားကို ရပြီးတာနဲ့ သူဟာ ပိုပြီး ဖော်ရွေလာကာ လက်ကိုပင် ကမ်းပေးလာ၏။

"ကျွန်တော်တို့ မိတ်ဆက်ရအောင်၊ ကျွန်တော့်နာမည် လဲ့ယိုဖန်း ပါ။ ခင်ဗျား ကျွန်တော့်နာမည် ကြားဖူးမှာပါ၊ ကျွန်တော်က ဆက်သွယ်ရေးလိုင်းမှာ တော်တော်လေး တက်ကြွတဲ့သူလေ"

ကြည့်ရတာ လဲ့ယိုဖန်းဟာ အနားမှာ ရှိနေတာကြောင့် သူတို့ဟာ နယ်မြေတူတဲ့သူတွေလို့ ထင်နေပုံရသည်။

"ဪ... ဆောရီးပဲ၊ ကျွန်တော် သိပ်မမှတ်မိဘူးဗျ။ ကျွန်တော့်နာမည်က ရွှီဖုန်း ပါ"

ရွှီရှင်းက ပြန်နှုတ်ဆက်လိုက်၏။

သူ့ရဲ့ နာမည်ရင်းကိုတော့ သူ မပြောလိုက်ပေ။

ဘာလို့လဲဆိုတော့ သူ့နာမည်ဟာ မိုးရာသီ အဆင့်စာရင်းမှာရော ပြီးခဲ့တဲ့ ကာကွယ်ရေးတိုက်ပွဲမှာပါ နံပါတ် ၁ နေရာမှာ ရှိနေတာကြောင့် တခြားနယ်မြေက လူတွေတောင် သိချင်သိနေလောက်၏။

"ကျွန်တော် နည်းဗျူဟာတွေ အများကြီး မျှဝေပေးခဲ့တာလေ။ ပြီးခဲ့တဲ့ မိုးရာသီတုန်းက ပစ္စည်းတွေကို အပေါ်ထပ် မြန်မြန်ရွှေ့ကြဖို့ အရင်ဆုံး အကြံပေးခဲ့တာ ကျွန်တော်ပေါ့။ အခုရော မှတ်မိပြီလား"

ထိုလူက သူ့ရဲ့ ကျော်ကြားမှုအပေါ် တော်တော်လေး ယုံကြည်ချက် ရှိနေပုံရသည်။

"...ခင်ဗျား ပြောမှပဲ... ကျွန်တော် သိပ်မမှတ်မိသလိုပဲဗျ"

ရွှီရှင်းက ဘာမှမသိသလို ဟန်ဆောင်လိုက်၏။

"တကယ်လား ခင်ဗျားက တောအုပ် ၁၈၇ နယ်မြေက မဟုတ်ဘူးလား"

နယ်မြေ ၁၈၇ တဲ့လား...။

ဒါဆိုရင် သူ့နယ်မြေနဲ့ ကပ်လျက် နယ်မြေပေါ့။

ဒါကို ကြားတော့ ရွှီရှင်း စိတ်အေးသွားရသည်။

ကပ်လျက်နယ်မြေဆိုရင်တော့ လူတွေ ပျံ့နှံ့နေထိုင်ပုံက သိပ်ပြီး ရှုပ်ထွေးမှာ မဟုတ်ဘဲ အစဉ်လိုက် ရောနေတာမျိုး ဖြစ်ဖို့ များ၏။

နယ်မြေ ၃ တို့၊ နယ်မြေ ၅၆ တို့လိုမျိုး အဝေးကြီးက နယ်မြေတွေနဲ့ ရောနေမှာကို သူ စိုးရိမ်နေခဲ့ခြင်းဖြစ်၏။

---

အခန်း ၁၉၇ ပြီး။

*****

All Chapters