← Chapters

အခန်း (၁၉၈-၁၉၉)

Vol. 14 Ch. 198-199

အခန်း (၁၉၈-၁၉၉)

Vol. 14 Ch. 198-199

အခန်း (၁၉၈) - တောအုပ် ၁၈၇ နယ်မြေ (၂)

ဒါပေမဲ့ နယ်မြေ ၁၈၇ မှာတော့ တကယ့်ကို အစွမ်းထက်တဲ့ အသက်ရှင်ကျန်ရစ်သူတွေ သိပ်ရှိပုံမရပေ။

အနည်းဆုံးတော့ အရင် မိုးရာသီက အဆင့်သတ်မှတ်ချက်စာရင်းမှာ နယ်မြေ ၁၈၇ က လူတွေ တစ်ယောက်မှ မပါခဲ့တာ အမှန်ပင်။

ဒီပြင်ပနယ်မြေဖြစ်တဲ့ နယ်မြေ ၁၈၇ အကြောင်းကို မြန်မြန်ဆန်ဆန် နားလည်နိုင်ဖို့အတွက် ရွှီရှင်းကပဲ ပွင့်ပွင့်လင်းလင်း ပြောဖို့ ဆုံးဖြတ်လိုက်သည်။

"နယ်မြေ ၁၈၇ ဟုတ်လား။ ကျွန်တော်က နယ်မြေ ၁၈၈ ကပါ"

"ဗျာ"

လဲ့ယိုဖန်းမှာ ခဏတာ ကြောင်သွားပြီးမှ လက်ခုပ်တစ်ချက်တီးကာ..

"ဒါဆို ကျွန်တော်တို့ နှစ်ယောက်က နယ်မြေနှစ်ခုရဲ့ အစပ်မှာ ရောက်နေတာပေါ့လေ"

"ဖြစ်နိုင်တယ်"

ရွှီရှင်းက စိတ်ဝင်တစားရှိတဲ့ အမူအရာပြလိုက်ပြီး...

"အစ်ကိုကြီး နယ်မြေ ၁၈၇ ရဲ့ အခြေအနေက ဘယ်လိုလဲဗျ။ အချင်းချင်း သတင်းဖလှယ်ကြရအောင်၊ ကျွန်တော်လည်း အခုလို တခြားနယ်မြေက လူနဲ့တွေ့ရတာ တကယ် ဝမ်းသာလို့ပါ"

"ဘယ်သူကရော ဝမ်းမသာဘဲ နေမှာလဲဗျ။ ဟားဟား... လာပါ၊ သတင်းတွေ ဖလှယ်ကြတာပေါ့။ ကျွန်တော်လည်း တခြားနယ်မြေအကြောင်းကို အရင်ဆုံး သိချင်နေတာ။ ...နေဦး နယ်မြေ ၁၈၈ ဟုတ်လား။ ဟာ... ပြီးခဲ့တဲ့ မိုးရာသီတုန်းက အဆင့်စာရင်းတွေမှာ အပေါ်ဆုံးက အကုန်ပါတဲ့ နယ်မြေ မဟုတ်လားဗျ"

လဲ့ယိုဖန်းက အိမ်ထဲဝင်ဖို့ ထပ်မဖိတ်တော့ပေ။

ဘာပဲဖြစ်ဖြစ် သူစိမ်းတစ်ယောက်ကို အိမ်ထဲခေါ်ဖို့က မသင့်တော်သောကြောင့်ဖြစ်၏။

ဒါကြောင့် သူတို့နှစ်ယောက်ဟာ သစ်ပင်အိမ်ခြေရင်းမှာပဲ စကားစမြည် ပြောဖြစ်ကြသည်။

ထိုလူ့ဆီကနေ ရွှီရှင်းဟာ နယ်မြေ ၁၈၇ အကြောင်း အများကြီး သိလိုက်ရသလို သူ့ဘက်ကလည်း နယ်မြေ ၁၈၈ အကြောင်း အချို့ကို ပြောပြလိုက်၏။

"အမလေးဗျာ... ခင်ဗျားတို့ နယ်မြေမှာတော့ တကယ့် ထိပ်တန်းခေါင်းဆောင်တွေ ရှိတာပဲ၊ ကံကောင်းလိုက်တာ"

လဲ့ယိုဖန်းက ရွှီရှင်းတို့နယ်မြေက အကြောင်းတွေကို နားထောင်ပြီး အားကျမဆုံး ဖြစ်နေရှာသည်။

"ကျွန်တော်တို့ နယ်မြေမှာတော့ မနေ့ညကတင် လူပေါင်း တစ်ထောင်ကျော် သေသွားတယ်ဗျ။တစ်ထောင်ကျော်နော်။ အခု တစ်နယ်မြေလုံးမှာ ၈၀၀ ကျော်ပဲ ကျန်တော့တယ်"

သူ့စကားအရ ရွှီရှင်း သိလိုက်ရသည်မှာ နယ်မြေ ၁၈၇ မှာ ရွှီရှင်း တို့ ကျိချောင်းယန်တို့လို ထိပ်တန်းပညာရှင်တွေ မရှိသလို စူးစမ်းရှာဖွေသူများ အဖွဲ့လိုမျိုး ပညာရှင်တွေကို စုစည်းထားတဲ့ အဖွဲ့အစည်းလည်း မရှိဘူးဆိုတာပင်။

အခြေခံအားဖြင့်တော့ လူတိုင်း ကိုယ့်ဘာသာကိုယ်ပဲ ရုန်းကန်နေကြရ၏။

ထိပ်တန်းလူတွေကလည်း သူတို့ရဲ့ နည်းဗျူဟာတွေကို ဝေမျှပေးလေ့မရှိတာကြောင့် ပွဲတစ်ခုဖြစ်တိုင်း ရွှီရှင်းတို့နယ်မြေထက် လူသေဆုံးမှု ပိုများတတ်သည်။

မနေ့ညကတော့ သူတို့နယ်မြေအတွက် အဆိုးရွားဆုံးညပင်။

အကယ်၍ သူတို့နယ်မြေက ခေါင်းဆောင်သာ ဗီဇပြောင်းအပင်နှလုံးသား အပိုင်းအစတွေကို မီးရှို့ပြီး နွယ်ပင်တွေကို မောင်းထုတ်တဲ့ နည်းလမ်းကို မသုံးခဲ့လျှင် မနေ့ညက တစ်ယောက်မှ အသက်ရှင်မှာ မဟုတ်ပေ။

ဟုတ်ပေသည်..။

သူတို့နယ်မြေ ခေါင်းဆောင်က နှလုံးသားအပိုင်းအစတွေကို ဝေပေးခဲ့တာ မှန်သော်လည်း ခေါင်းဆောင်က တစ်ယောက်တည်းပဲ ရှိ၏။

နောက်ဆုံးမှာတော့ လူပေါင်း ၈၀၀ ကျော်လောက်ပဲ မနက်အထိ ခံနိုင်ရည်ရှိမယ့် အပိုင်းအစတွေကို ရခဲ့ကြပြီး မနက်မိုးလင်းထိအောင် တိုက်ပွဲဝင်ခဲ့ကြရသည်။

အပိုင်းအစ မရတဲ့သူတွေကတော့ ဘေးအန္တရာယ် စပြီး ပထမတစ်နာရီအတွင်းမှာတင် သေဆုံးကုန်ကြ၏။

"သူတို့တွေ မသေခင် ဆက်သွယ်ရေးလိုင်းမှာ ရေးသွားတဲ့ စကားတွေကို ခင်ဗျားတို့ ယုံမှာတောင် မဟုတ်ဘူးဗျာ... တကယ့်ကို ရက်ရက်စက်စက် ကျိန်ဆဲသွားကြတာ..."

လဲ့ယိုဖန်းက ထိတ်လန့်တုန်လှုပ်နေဆဲ အမူအရာနဲ့ ပြောပြသည်။

"ကျွန်တော်တော့ အခုထိ ခံစားနေရတုန်းပဲ၊ သူတို့ရဲ့ ဝိညာဉ်တွေများ နောက်ပိုင်း ကျွန်တော်တို့ကို လာတိုက်ခိုက်ဦးမလားလို့တောင် တွေးမိတယ်..."

ရွှီရှင်းကတော့ သူ့ကို သိပ္ပံနည်းကျပဲ စဉ်းစားဖို့ ပြောချင်သော်လည်း သူကိုယ်တိုင် ဘယ်လိုနည်းနဲ့ ဒီကို ရောက်လာလဲဆိုတာ သိပ္ပံပညာက မရှင်းပြနိုင်တာကြောင့် ပါးစပ်ပိတ်နေလိုက်တော့သည်။

နယ်မြေ ၁၈၇ ရဲ့ ဆက်သွယ်ရေးလိုင်းမှာ အဲဒီတစ်နာရီအတွင်းမှာတင် လူဦးရေက ၁၀၀၀ ကျော် လျော့သွားပြီး ၈၀၀ ကျော်ပဲ ကျန်ခဲ့၏။

ရွှီရှင်းကိုယ်တိုင်လည်း အပင်နှလုံးသားကို သတ်ဖူးတာကြောင့် နယ်မြေ ၁၈၇ က ခေါင်းဆောင်ဟာ သူ့နယ်မြေကလူတွေကို ကယ်ဖို့ အစွမ်းကုန် ကြိုးစားခဲ့မှန်း သူ သိလိုက်သည်။

သူတို့ စူးစမ်းရှာဖွေသူများ အဖွဲ့မှာဆိုရင် စုစုပေါင်း ၄ ယောက်က နှလုံးသားအပိုင်းအစတွေ ရခဲ့တာကြောင့် တစ်ယောက်ကို ၉ တန်၊ ၁၀ တန်လောက်စီ စုမိကြ၏။

ညနေ ၆ နာရီကနေ မနက် ၆ နာရီအထိ နွယ်ပင်တွေကို မောင်းထုတ်ဖို့ဆိုရင် အသက်ရှင်ကျန်ရစ်သူ တစ်ယောက်ကို ၁၂ ကီလိုဂရမ်လောက် လိုအပ်သည်။

ဆိုလိုသည်မှာ လူတစ်ယောက်ဆီကရတဲ့ အပိုင်းအစတွေက လူ ၈၀၀ ကျော်ကိုပဲ ကယ်နိုင်၏။

ဒါကြောင့်လည်း ဟိုဘက်နယ်မြေက ခေါင်းဆောင်ဟာ တကယ်ကို အစွမ်းကုန် လုပ်ခဲ့တာဖြစ်၏။

ကံကောင်းတာက သူက နယ်မြေတစ်ခုလုံးကို မျှဝေမပေးလိုက်ခြင်းပင်။

မဟုတ်ရင်တော့ ညလယ်လောက်မှာတင် အကုန် အပိုင်းအစဖြစ်ပြီး သေကုန်ကြလောက်၏။

မနေ့ညက ကာကွယ်ရေးတိုက်ပွဲကတော့ တကယ်ကို ရက်စက်လွန်းလှသည်။

နယ်မြေ ၁၈၇ ကတော့ ကံကောင်းတယ်လို့တောင် ပြောရမလိုပင်။

အချို့နယ်မြေတွေဆိုလျှင် မနေ့ညကတင် အပြတ်အသတ် ရှင်းထုတ်ခံလိုက်ရတာမျိုး ဒါမှမဟုတ် ခေါင်းဆောင်က မဝေပေးတာကြောင့် လူအနည်းငယ်ပဲ ကျန်တော့တာမျိုးလည်း ရှိနိုင်၏။

အမှန်အတိုင်း ပြောရရင်တော့ သူနဲ့ ကျိချောင်းယန်တို့သာ နောက်ပိုင်းမှာ အဖွဲ့လိုက် ပြိုင်ဆိုင်မှုတွေ ရှိလာမယ်လို့ ကြိုမတွက်ထားခဲ့ရင်၊ သူတို့လည်း နွယ်ပင်တွေကို သစ်ပင်အိမ်အထိ သယ်လာပြီး ခုတ်ထစ်ကာ တခြားသူတွေကို ဝေပေးဖို့ ဒီလောက်အထိ ပင်ပန်းခံမှာ မဟုတ်လောက်ပေ။

တကယ်ကို လက်ဝင်လွန်းတဲ့ အလုပ် မဟုတ်လား။

ဒါကြောင့် ရွှီရှင်းတို့ဘက်မှာတော့ လူတိုင်း ဘေးကင်းခဲ့တယ်လို့ ကြားလိုက်ရတဲ့အခါ လဲ့ယိုဖန်းမှာ မှင်သက်သွားရသည်။

နယ်မြေ ၁၈၈ မှာ တစ်ယောက်မှ မသေဘဲ ဒီဘေးအန္တရာယ်ကို ကျော်ဖြတ်နိုင်ခဲ့လိမ့်မည်ဟု သူ တကယ် မထင်ထားခဲ့ပေ။

"ကျွန်တော် ခင်ဗျားတို့ နယ်မြေ ၁၈၈ ကို ပြောင်းလို့ မရဘူးလားဗျာ။ ကျွန်တော်လည်း အဲဒီလို ခေါင်းဆောင်ကောင်းတွေအောက်မှာ နေချင်လိုက်တာ"

လဲ့ယိုဖန်းက အားကျတဲ့ မျက်နှာပေးနဲ့ ပြောလိုက်၏။

"ခင်ဗျားကို ခင်ဗျားတို့နယ်မြေ ခေါင်းဆောင်က ကယ်ခဲ့တာလေ၊ အခုမှ သစ္စာဖောက်ဖို့ လုပ်တာ အဆင်ပြေပါ့မလား"

ရွှီရှင်းက နောက်ပြောင်လိုက်သည်။

ဒါပေမဲ့ သူ့စိတ်ထဲမှာတော့ နယ်မြေမတူတဲ့သူတွေကို ကပ်ပါးသစ်ပင်အိမ်တွေ သုံးပြီး သူ့နယ်မြေကလူတွေ ဖြစ်အောင် လုပ်လို့ရမလားဆိုတာ တွက်ချက်နေမိသည်။

သူ သိထားတာက သူစိုက်ထားတဲ့ ကပ်ပါးသစ်ပင်အိမ်က အစက တခြားနယ်မြေက အိမ်ဖြစ်၏။

အိမ်ရှင်တွေဖြစ်တဲ့ အသက်ရှင်ကျန်ရစ်သူတွေကိုပါ ခေါ်လာလို့ ရမရဆိုတာတော့ သူ မသေချာသေးပေ။

"သစ္စာဖောက်တာ မဖောက်တာထက်၊ ကျွန်တော် ရှိနေတာ မရှိနေတာက ခေါင်းဆောင်ရဲ့ စွမ်းရည်ကို ဘာမှ ထိခိုက်မှာ မဟုတ်ပါဘူး"

လဲ့ယိုဖန်းကတော့ အေးဆေးပင်။

ရွှီရှင်း သူလိုချင်တဲ့ သတင်းတွေ ရသွားပြီဖြစ်တာကြောင့် ပြန်ဖို့ ပြင်လိုက်၏။

လဲ့ယိုဖန်းနဲ့ စကားပြောရတာ အဆင်ပြေတာကြောင့် သူ့ကို ရန်သူမလုပ်ဖို့ ဆုံးဖြတ်လိုက်၏။

ဒါ့အပြင် နောက်ပိုင်း တခြားနယ်မြေက လူတွေကို သူ့လူတွေအဖြစ် ပြောင်းလို့ရမရဆိုတာကိုလည်း ဒီလူနဲ့ပဲ စမ်းသပ်ကြည့်ရမှာဖြစ်သည်။

ရွှီရှင်း ကောင်းကင်ကို ကြည့်ရင်း ပြောလိုက်၏။

"မိုးချုပ်တော့မှာဆိုတော့ ကျွန်တော် ပြန်မှ ဖြစ်မယ်ဗျ။ ညဘက်ဆိုရင် တောအုပ်က အရမ်း အန္တရာယ်များတယ်လေ။ ကျွန်တော် ခင်ဗျားရဲ့ သစ်ပင်အိမ် တည်နေရာကို မှတ်ထားလိုက်ပြီ၊ နောက်မှ အခွင့်သာရင် ထပ်တွေ့ကြတာပေါ့"

"ဪ... ကောင်းပြီလေ၊ ခင်ဗျားအိမ်က မြောက်ဘက်မှာ မဟုတ်လား။ ကျွန်တော် အားရင် လာရှာမယ်လေ။ ဪ... ဒါနဲ့"

လဲ့ယိုဖန်းက ရွှီရှင်း ပခုံးပေါ်မှာ အိပ်ငိုက်နေတဲ့ ခဲခဲလေးကို မျက်တောင်မခတ်ကြည့်ရင်း ပြောလိုက်သည်။

"အစ်ကိုရွှီဖုန်း... ခင်ဗျားရဲ့ ပန်ဒါလေးကို ကျွန်တော် တစ်ချက်လောက် ကိုင်ကြည့်လို့ ရမလားဗျ။ ဒီကောင်လေးက တကယ် ချစ်ဖို့ကောင်းလွန်းလို့ ကျွန်တော် စောစောကတည်းက ကြည့်နေတာ"

သူ့စကားကြောင့် အိပ်ငိုက်နေတဲ့ ခဲခဲလေး နိုးသွားပြီး၊ သူ ဘာပြောလဲဆိုတာ နားလည်သွားတဲ့အခါ အီးးး လို့ အော်ပြီး ရွှီရှင်းရဲ့ ကျောဘက်ကို ခုန်တက်ကာ လဲ့ယိုဖန်းကို သွားလေးတွေ ပေါ်အောင် ဟိန်းပြနေတော့သည်။

အဓိပ္ပာယ်ကတော့ ရှင်းပါတယ် လာမထိနဲ့ ပေါ့။

ရွှီရှင်းက မတတ်သာသလို လက်ကလေး ယမ်းပြလိုက်ပြီး...

"မရဘူးဗျ၊ သူက အထိမခံဘူး။ ကျွန်တော်တောင် သူ့ကို ယဉ်ပါးအောင် တော်တော် ကြိုးစားခဲ့ရတာ၊ အခုမှ စတွေ့တဲ့သူဆိုရင်တော့ ဝေးရောပေါ့"

သူကတော့ လိမ်ပြောလိုက်ခြင်းပင်။

အစက ခဲခဲလေးကို အနီရောင်အသီးတစ်လုံးနဲ့တင် မျှားခေါ်ခဲ့တာပင်။

ဒါပေမဲ့ ခဲခဲလေးက တခြားသူတွေကို အထိမခံတာဟာ သူ့ရဲ့ အရင်က ခန့်မှန်းချက်တစ်ခုကို သက်သေပြလိုက်တာဖြစ်၏။

သူဟာ တိရစ္ဆာန်တွေအပေါ် ဆွဲဆောင်မှု အားကောင်းပုံရပြီး သူတို့က သူ့ကို သဘာဝအတိုင်း သဘောကျကြ၏။

အရင်က အလှမွေးငါးလေးတွေတုန်းကလည်း သိသာခဲ့သည် မဟုတ်ပါလား။

ပြန်စဉ်းစားကြည့်လျှင် ငွေရောင်ဘုရင်၊ မီမီနဲ့ ကြင်ယာတော်တို့ကိုတောင် သူက စကားပြောပြီး ဖျောင်းဖျရုံနဲ့တင် ယဉ်ပါးသွားစေခဲ့၏။

အာဖု တစ်ကောင်ပဲ အသိဉာဏ် မရင့်ကျက်သေးခင်မှာ ခြောက်လှန့်ပြီး ဆုံးမခဲ့ရ၏။

"ဒါဆိုရင်လည်း ထားလိုက်ပါတော့ဗျာ..."

လဲ့ယိုဖန်းက ခဲခဲလေးကို နှမြောတသစွာ ကြည့်ပြီး ..

"သွားပြီနော် အစ်ကိုရွှီဖုန်း၊ နောက်ပိုင်း ထပ်တွေ့နိုင်မယ်လို့ မျှော်လင့်ပါတယ်"

"မကြာခင် ကမ္ဘာလုံးဆိုင်ရာ ဆက်သွယ်ရေးလိုင်း ပွင့်လာမှာလားမသိဘူးဗျ။ အဲဒီကျရင် သစ်ပင်အိမ်တွေကနေတစ်ဆင့် စကားပြောလို့ ရတာပေါ့"

"ဟုတ်သားပဲ"

လက်ပြ နှုတ်ဆက်ပြီးနောက် ရွှီရှင်း တောအုပ်ထဲ ပြန်ဝင်လာပြီး ဗီဇပြောင်းသားရဲ သုံးကောင် ပုန်းနေတဲ့ နေရာကို ရောက်လာခဲ့သည်။

မီမီလည်း အမောပြေသွားပြီ ဖြစ်၏။

ရွှီရှင်း ဝံပုလွေကျောပေါ် တက်လိုက်ပြီး အိမ်ပြန်ခရီးကို စတင်လိုက်တော့သည်။

ဒီတစ်ခါတော့ မမျှော်လင့်ဘဲ သတင်းတွေ အများကြီး ရလိုက်တာကြောင့် အရင်က ခန့်မှန်းခဲ့သမျှ အကုန်လုံး မှန်နေပြီဆိုတာ သေချာသွား၏။

နယ်မြေအချင်းချင်း ပြိုင်ဆိုင်မှုတွေက တကယ်ကို လာနေပြီပေါ့....။

ပထမဆုံး အဆင့်အနေနဲ့ ပတ်ဝန်းကျင်က နယ်မြေတွေကို ရှင်းလင်းတာမျိုး ဖြစ်မှာလားမသိဘူး....။

---

အခန်း ၁၉၈ ပြီး။

*****

အခန်း (၁၉၉) - သစ်ပင်အိမ် ဗဟိုချက်ကို အသုံးချခြင်းနှင့် အားပြန်သွင်းခြင်း

ကောင်းကင်က မှောင်လုနီးပါး ဖြစ်နေပြီဖြစ်တာကြောင့် ရွှီရှင်းသည် သူ့ရဲ့ သစ်ပင်အိမ်အနီးကို အမြန်ပြန်လာခဲ့၏။

သူသည် အသစ်ယူလာတဲ့ ကပ်ပါး သစ်ပင်အိမ်မျိုးစေ့ ကို သူ့ရဲ့ နောက်ဖေးခြံဝင်း အစွန်ဆုံးနေရာမှာ စိုက်လိုက်သည်။

အရင်က စိုက်ထားတဲ့ ကပ်ပါးအိမ် ၀၁ ရဲ့ တစ်ဖက် မျက်နှာချင်းဆိုင်နေရာမှာ စိုက်လိုက်ခြင်း ဖြစ်သည်။

သူ အများကြီး စဉ်းစားမနေပေ။

ဝဲယာညီနေရင် ကြည့်ရတာ ပိုသက်သောင့်သက်သာ ရှိမယ်လို့ ခံစားမိလို့ပင်။

ဒီကပ်ပါးအိမ် အပြည့်အဝ မကြီးထွားသေးတဲ့ အချိန်ကို အသုံးချပြီး ရွှီရှင်းက ကျိချောင်းယန်ဆီ အသံဖုန်း ခေါ်လိုက်၏။

ဒီနေ့ရခဲ့တဲ့ သတင်းတွေကို ကျိချောင်းယန်နဲ့ အတူတူ ခွဲခြမ်းစိတ်ဖြာပြီးမှ တခြား စူးစမ်းရှာဖွေသူတွေကို ပြောပြသင့်၊ မပြောပြသင့် ဆုံးဖြတ်ချင်၏။

ဖုန်းက ချက်ချင်း ဆက်သွယ်မိသွားသည်။

"ငါ တခြားနယ်မြေက လူတွေနဲ့ တွေ့ခဲ့တယ်"

ရွှီရှင်းက တိုက်ရိုက်ပဲ စပြောလိုက်၏။

"...ဟုတ်လား"

တစ်ဖက်က ကျိချောင်းယန်ရဲ့ အသံက လေးနက်သွားသည်။

"ဘယ်နယ်မြေကလဲ"

"မင်း ခန့်မှန်းထားသလိုပါပဲ၊ တောအုပ် ၁၈၇ နယ်မြေက"

"...အိမ်နီးချင်းနယ်မြေပေါ့၊ ဒါဆိုရင်တော့ တော်သေးတာပေါ့"

ကျိချောင်းယန်ရဲ့ စိုးရိမ်မှုကလည်း ရွှီရှင်းနဲ့ အတူတူပင်။

သူတို့ ပတ်ပတ်လည်မှာ ၁၈၇၊ ၁၈၉ စတဲ့ နယ်မြေတွေတင်မကဘဲ တခြားနယ်မြေတွေ အများကြီးပါ ရောနှောနေမှာကို သူ စိုးရိမ်နေ၏။

နယ်မြေ တစ်ခု၊ နှစ်ခုလောက်ကို ကိုင်တွယ်ရတာက ပြဿနာမရှိပေမဲ့၊ နယ်မြေပေါင်းစုံနဲ့ ထိပ်တိုက်တွေ့ရမယ်ဆိုရင်တော့ အခက်အခဲက အများကြီး ပိုကြီးသွားလောက်သည်။

ရွှီရှင်းက လဲ့ယိုဖန်းဆီကနေ ရသမျှ သတင်းအားလုံးကို ကျိချောင်းယန်ကို ပြောပြလိုက်သည်။

"ကြည့်ရတာ ငါတို့ရဲ့ တွက်ချက်မှုတွေက မှန်ဖို့များနေပြီ"

ကျိချောင်းယန်က ခေတ္တစဉ်းစားပြီးမှ ပြော၏။

"မင်းဘက်မှာကော ဘာတွေ ထပ်တွေ့သေးလဲ"

"ငါ ကာကွယ်ရေးနယ်မြေ အစွန်းတွေကို ပတ်ကြည့်တော့ သစ်ပင်အိမ် နှစ်လုံး ထပ်တွေ့တယ်။ ကံမကောင်းတာက နှစ်လုံးစလုံးက ပိုင်ရှင်တွေ သေကုန်ကြပြီ၊ သေလုနီးပါး ဖြစ်နေတဲ့ အိမ်တွေပဲ။ အသက်ရှင်နေတဲ့သူတော့ တစ်ယောက်မှ မတွေ့ခဲ့ဘူး"

"မင်း တစ်ခု သတိထားမိလား"

ရွှီရှင်းက မျက်မှောင်ကြုတ်လိုက်၏။

"ငါတို့ထဲက ဘယ်သူမှ ကိုယ့်နယ်မြေက လူတွေကို ရှာမတွေ့ကြသေးဘူး။ ငါတို့ ပတ်ပတ်လည်မှာ တခြားနယ်မြေက လူတွေချည်းပဲ ရှိနေတာလားမသိဘူး။ ငါတို့က ကိုယ့်နယ်မြေသားတွေနဲ့ လုံးဝ အဆက်ပြတ်နေတာများလား"

သူ ရှာတွေ့ခဲ့တဲ့ သစ်ပင်အိမ် သုံးလုံးစလုံးရဲ့ တည်နေရာတွေက စနစ်တကျ ရှိနေတာကို သူ သတိထားမိလိုက်သည်။

ပထမအိမ်က အရှေ့ဘက်၊ ဒုတိယအိမ်က မြောက်ဘက်၊ ပြီးတော့ လဲ့ယိုဖန်းရဲ့အိမ်က တောင်ဘက်မှာပင်။

အနည်းငယ် ကွဲလွဲတာလေးတွေ ရှိပေမဲ့ ဦးတည်ချက်တွေကတော့ တိကျနေတာ အမှန်ပေ။

ဦးတည်ချက်တိုင်းမှာ သစ်ပင်အိမ် တစ်လုံးစီ ရှိနေပေမဲ့ သုံးလုံးစလုံးက သူတို့နယ်မြေက လူတွေ မဟုတ်ကြပေ။

အကယ်၍ သူ့ရဲ့ အရှေ့ဘက် ကီလိုမီတာ ၃၀ လောက် အကွာမှာရှိတဲ့ လီဝမ်ရှီးရဲ့ အိမ်ခေါင်မိုးက မိုးကြိုးလွှဲ အလင်းတန်းကိုသာ အရင်က မမြင်ခဲ့ဖူးရင် သူ ဘယ်နေရာ ရောက်နေတာလဲလို့ ကိုယ့်ကိုယ်ကိုယ်တောင် သံသယ ဝင်မိလောက်၏။

"ဒါက ငါ အရင်က ပြောခဲ့တဲ့ အပြန်အလှန် ရောနှောနေထိုင်မှု ကြောင့်ပဲ ဖြစ်ရမယ်"

ကျိချောင်းယန်က ပြောသည်။

"ငါတို့ အားလုံးက တစ်ယောက်နဲ့တစ်ယောက် ကြားညပ်နေကြတာ"

ရွှီရှင်း ဒါကို နားလည်ပါသည်။

အမည်းနဲ့ အဖြူရောင် ရောထားတဲ့ ကြမ်းပြင်လိုမျိုးပေါ့။

နယ်မြေ ၁၈၈ က အသက်ရှင်ကျန်ရစ်သူ တစ်ယောက်ချင်းစီရဲ့ ကာကွယ်ရေးနယ်မြေက အဖြူရောင် အကွက်တစ်ခုဆိုရင်၊ တခြားနယ်မြေက လူတွေက အမည်းရောင် အကွက်တွေပေါ့။

အဖြူရောင်အကွက်တွေက အမည်းရောင်အကွက်တွေနဲ့ပဲ ထိစပ်နေပြီး၊ အမည်းရောင်အကွက်တွေကိုလည်း အဖြူရောင်အကွက်တွေကပဲ ဝိုင်းထားတဲ့ ပုံစံမျိုးပင်။

ဆိုလိုတာက အနောက်မြောက်ဘက် သို့မဟုတ် အရှေ့တောင်ဘက်လိုမျိုး ထောင့်ဖြတ် ဦးတည်ချက်တွေမှာသာ ကိုယ့်နယ်မြေသားတွေကို ရှာတွေ့နိုင်မှာပင်။

ဒါပေမဲ့ ကာကွယ်ရေးနယ်မြေတွေက လေးထောင့်ကွက် မဟုတ်ဘဲ စက်ဝိုင်းပုံစံတွေ ဖြစ်တာကြောင့် တစ်ခုနဲ့တစ်ခု အပြည့်အဝ မဖုံးလွှမ်းနိုင်ပေ။

အဲဒီ စက်ဝိုင်းတွေကြားမှာ ဘယ်နယ်မြေကမှ ကာကွယ်မထားတဲ့ အန္တရာယ်ရှိတဲ့ နေရာတွေ ကျန်နေလောက်၏။

ဒါကြောင့် ကာကွယ်ရေးနယ်မြေတွေ ထပ်ပြီး မကျယ်လာသရွေ့တော့ နယ်မြေတူတဲ့ လူတွေဟာ တိုက်ရိုက် ဆက်သွယ်လို့ မရနိုင်သေးပေ။

ကိုယ့်နယ်မြေသားတွေကို သွားရှာချင်ရင် တခြားနယ်မြေက လူတွေရဲ့ ကာကွယ်ရေးနယ်မြေတွေကို ဖြတ်ကျော်ရလောက်၏။

"ငါ့အထင်တော့ သူတို့ကို ပြောပြရမယ့် အချိန်ရောက်ပြီ။ ငါတို့ အမြန်ဆုံး အနီးကပ် ပူးပေါင်းရမယ်။ မဟုတ်ရင် မကောင်းတဲ့ စိတ်ရှိတဲ့သူတွေက တခြားသူတွေကို ဒုက္ခပေးလာနိုင်တယ်"

ရွှီရှင်းက ပြောလိုက်၏။

"မနက်ဖြန်ကျမှ ပြောကြတာပေါ့။ ကာကွယ်ရေးနယ်မြေတွေက အခုမှ ဆက်သွယ်လို့ ရတာဆိုတော့ ကမ္ဘာလုံးဆိုင်ရာ ဆက်သွယ်ရေးလိုင်းလို လုပ်ဆောင်ချက်တွေလည်း ပွင့်လာနိုင်တာပဲ။ ဒီနေ့တော့ အခြေအနေတွေကို ထပ်ပြီး အတည်ပြုကြည့်ကြဦးစို့"

"ကောင်းပြီလေ"

ရွှီရှင်း ဖုန်းချလိုက်သည်။

ဒီအချိန်မှာတော့ သစ်ပင်အိမ်က အပြည့်အဝ ကြီးထွားသွားချေပြီ။

ငွေရောင်ဘုရင်နဲ့ မီမီတို့ကတော့ သစ်ပင်တစ်ပင်က ဒီလောက် မြန်မြန် ကြီးလာတာကို ပထမဆုံး မြင်ဖူးတာကြောင့် စူးစမ်းလိုစိတ်နဲ့ အိမ်ကို ပတ်ကြည့်နေကြ၏။

ရွှီရှင်းက ဒီအိမ်ကို ကပ်ပါးအိမ် ၀၂ လို့ နာမည်ပေးလိုက်ပြီး လုပ်ဆောင်ချက်အချို့ကို ဖွင့်ပေးကာ သားရဲလေးကောင်နဲ့အတူ အိမ်ပြန်လာခဲ့သည်။

သူသည် အဆင့်နိမ့် သစ်ပင်အိမ် ဗဟိုချက် နှစ်ခုကို ထုတ်လိုက်ပြီး ကုန်ကြမ်းတွေကို မြှင့်တင်ဖို့ ပြင်လိုက်၏။

"ဘာကို မြှင့်ရင် ကောင်းမလဲ။"

ကျောက်ဆစ်ဓား ကိုတော့ သူ ခဏ ဘေးဖယ်ထားလိုက်သည်။

ဘာလို့လဲဆိုတော့ ခရမ်းရောင်အဆင့် ကျောက်ဆစ်ဓား လုပ်လိုက်ရင်တောင် သူ့ရဲ့ အနုပညာရှင်အဆင့်နဲ့ဆို ခရမ်းရောင်အဆင့် ရုပ်တုကို ထွင်းနိုင်မှာ မဟုတ်လို့ပင်။

ထွင်းတဲ့အရှိန် နည်းနည်း မြန်လာနိုင်တာကလွဲရင် အခုအရှိန်ကလည်း လုံလောက်နေတာကြောင့် ခရမ်းရောင်အဆင့် အရင်းအမြစ်ကို အလဟဿ အဖြစ်မခံချင်တော့ပေ။

လက်နက်ကတော့ တကယ့်ကို ရွေးချယ်စရာ ကောင်းတစ်ခုပင်။

သူ ကုန်ကြမ်း နှစ်ခုကို မြှင့်လိုက်လျှင် လက်နက်တစ်ခု အပြည့်အဝ လုပ်နိုင်၏။

ရွှီရှင်းက အခုမှ အဆင့်မြင့် သံမဏိတွေကို ရထားတာ မဟုတ်လား။

အကယ်၍ သူက အပြာရောင်အဆင့် သံမဏိတုံးကို ခရမ်းရောင်အဆင့်ထိ မြှင့်ပြီး အဲဒါနဲ့ လက်နက်လုပ်မယ်ဆိုရင် ခရမ်းရောင်အဆင့်ထဲမှာ အသန်ဆုံး လက်နက်ကို သူ ရမှာပင်။

ဒါဆိုရင်တော့ သူဟာ ခရမ်းရောင်အဆင့် ပစ္စည်းတွေ အပြည့်အဝ ဝတ်ဆင်နိုင်ပြီဖြစ်၏။

ဒါပေမဲ့ လက်တွေ့အသုံးချတဲ့ဘက်က ကြည့်ရင်တော့ အရိုးဓားကို မြှင့်တာက ပိုကောင်းလောက်၏။

ခရမ်းရောင်အဆင့် အရိုးဓားက ခရမ်းရောင်အဆင့် ကုန်ကြမ်းတွေကို ခွဲထုတ်နိုင်မယ့်အပြင် အပြာရောင်အဆင့် ကုန်ကြမ်းတွေ ရနိုင်ခြေကိုလည်း ပိုများစေသည်။

အသေအချာ စဉ်းစားပြီးနောက်မှာတော့ ရွှီရှင်းက လက်နက်ကိုပဲ မြှင့်ဖို့ ဆုံးဖြတ်လိုက်သည်။

အခုလောလောဆယ် သူ့ပတ်ဝန်းကျင်မှာ သားရဲတွေ မရှိသေးပေမဲ့ ဘယ်အချိန်မှာ ပေါ်လာမလဲ မသိနိုင်ပေ။

အနောက်ဘက်အရပ်ကို စူးစမ်းဖို့ မသွားခင်မှာ ကိုယ့်ကိုယ်ကိုယ် အပြည့်အဝ ပြင်ဆင်ထားချင်တာလည်း ပါ၏။

အနောက်ဘက်မှာလည်း တခြား ဗဟိုချက်တွေ ထပ်တွေ့နိုင်တာပဲ မဟုတ်လား။

နောက်ဆုံးမှာတော့ သူသည် လက်နက်တွေထဲက သံမဏိလှံကိုပဲ ရွေးလိုက်၏။

ခရမ်းရောင်အဆင့် သံမဏိလှံက သစ်သားနဲ့ သံမဏိ ကုန်ကြမ်းနှစ်ခုပဲ လို၏။

ခရမ်းရောင်အဆင့် မြှားသေနတ်ကျတော့ သစ်သား၊ သားရဲအကြောနဲ့ သံမဏိဆိုပြီး သုံးမျိုး လိုတာကြောင့် အခုချိန်မှာ သူ မလုပ်နိုင်သေးပေ။

ပြီးတော့ ပြင်းအားကောင်းတဲ့ ပေါက်ကွဲမြှားတွေ ရှိနေမှတော့ မြှားသေနတ်ရဲ့ ပစ်အားက သိပ်ပြီး အရေးမကြီးလှပေ။

[သံမဏိလှံ (အစိမ်းရောင်အဆင့်): သံမဏိနဲ့ လုပ်ထားတဲ့ ထက်မြက်တဲ့ လှံဖြစ်ပြီး သံလှံတွေထက် ပိုထက်သည်။ အဆင့်တူတွေထဲမှာ အမာဆုံးနဲ့ အထက်ဆုံး လက်နက်။ ကြံ့ခိုင်မှု - ၁၀၀၀။ လိုအပ်သည့် ပစ္စည်းများ - သစ်သား (အစိမ်းရောင်အဆင့်) ၅၊ သံမဏိတုံး (အစိမ်းရောင်အဆင့်) ၂]

ခရမ်းရောင်အဆင့် သံမဏိလှံ တစ်လက်အတွက် အပြာရောင်အဆင့် သစ်သား ၄ ခု၊ ခရမ်းရောင်အဆင့် သစ်သား ၁ ခု၊ အပြာရောင်အဆင့် သံမဏိတုံး ၁ တုံးနဲ့ ခရမ်းရောင်အဆင့် သံမဏိတုံး ၁ တုံး လိုအပ်သည်။

ရွှီရှင်းက အပြာရောင်အဆင့် သံမဏိတုံး တစ်တုံးနဲ့ အဆင့်နိမ့် သစ်ပင်အိမ် ဗဟိုချက် တစ်ခုကို ထုတ်လိုက်ပြီး အတူတူ ထားကြည့်လိုက်၏။

[အဆင့်နိမ့် သစ်ပင်အိမ် ဗဟိုချက်ကို အသုံးပြုပြီး သံမဏိတုံး (အပြာရောင်အဆင့်) ကို သံမဏိတုံး (ခရမ်းရောင်အဆင့်) အဖြစ် မြှင့်တင်မည်လား။]

အသိပေးသံ ပေါ်လာတာနဲ့ ရွှီရှင်း ချက်ချင်းပဲ ဟုတ်ကဲ့ ကို ရွေးလိုက်သည်။

အဖြူရောင် အလင်းဖျော့ဖျော့ ထွက်နေတဲ့ သစ်ပင်အိမ် ဗဟိုချက်က ရုတ်တရက် စူးရှစွာ လင်းထိန်သွားတော့သည်။

ပြီးနောက် သံမဏိတုံးပေါ်က အပြာရောင် အလင်းတန်းဟာ ခရမ်းရောင်ဘက်ကို တဖြည်းဖြည်း ပြောင်းလဲသွားချေပြီ။

နောက်ဆုံးမှာတော့ ဗဟိုချက်ဟာ အရောင်မှိန်သွားပြီး လင်းလက်နေတဲ့ အမြုတေ ဘဝကနေ သာမန် ဝါကျင့်ကျင့် ကျောက်လုံးလေး တစ်လုံးအဖြစ် ပြောင်းလဲသွားတော့သည်။

တစ်ဖက်မှာတော့ သံမဏိတုံးဟာ ခရမ်းရောင်အဆင့်သို့ အပြည့်အဝ ပြောင်းလဲသွားချေပြီ။

[စွမ်းအင် ကုန်ခမ်းသွားသော အဆင့်နိမ့် သစ်ပင်အိမ် ဗဟိုချက်: စွမ်းအင်အားလုံး ကုန်ခမ်းသွားသဖြင့် သာမန် ကျောက်တုံးတစ်ခု ဖြစ်သွားပါပြီ။ သို့သော် ၎င်းကို အားပြန်သွင်းနိုင်သည့် နည်းလမ်း ရှိနိုင်ပါသည်။]

အားပြန်သွင်းလို့ ရတယ် ဟုတ်လား...

ထင်ထားတဲ့အတိုင်းပဲ..

စွမ်းအင်ကုန်သွားတဲ့ ဗဟိုချက်ကို အားပြန်ဖြည့်လို့ ရ၏။

ဒါကို သိလိုက်ရတော့ ရွှီရှင်း တကယ်ကို ဝမ်းသာသွားရသည်။

ဒီနည်းလမ်းကိုသာ သိလျှင် သူ ခရမ်းရောင်အဆင့် ကုန်ကြမ်းတွေကို ကိုယ့်ဘာသာ ထုတ်လုပ်နိုင်ပြီဖြစ်သည်။

"ဒါပေမဲ့ ဘယ်လို အားသွင်းရမှာလဲ...။"

"သစ်ပင်အိမ် ဗဟိုချက်..."

ရွှီရှင်း တစ်ယောက်တည်း ရေရွတ်လိုက်မိသည်။

"ကပ်ပါး သစ်ပင်အိမ်နဲ့ ပတ်သက်နေမလားပဲ"

သူသည် ကပ်ပါးအိမ်ရဲ့ လုပ်ဆောင်ချက်တွေ အားလုံးကို စစ်ကြည့်သော်လည်း အားသွင်းဖို့ ရွေးချယ်စရာမျိုး မတွေ့ရပေ။

သူ ရုတ်တရက် သတိရသွားသည်မှာ ကပ်ပါးအိမ် ၀၁ မှာ သူ ပစ္စည်းတွေ လုပ်နေတုန်းက ခဲခဲလေးက ကြမ်းပြင်ကို သူမရဲ့ လက်သည်းလေးတွေနဲ့ အဆက်မပြတ် ကုတ်နေခဲ့၏။

ပြန်ခါနီးအထိ ကုတ်နေတာကြောင့် သူမကို ချီပြီး ခေါ်လာခဲ့ရ၏။

အဲဒီတုန်းက ခဲခဲလေးက မပြန်ချင်တဲ့ ပုံစံတောင် ပြခဲ့သေးတာ မဟုတ်ပါလား။

အစကတော့ သူမ လက်သည်းသွေးနေတာလို့ သူ ထင်ခဲ့ပေမဲ့ အခုတော့ တစ်ခုခု ထူးခြားနေလေပြီ။

ခရမ်းရောင်အဆင့် လက်နက်ကိုတော့ နောက်မှလုပ်လည်း ရ၏။

သူသည် ဆိုဖာပေါ်မှာ အိပ်ငိုက်နေတဲ့ ခဲခဲလေးကို ချီပြီး ကပ်ပါးအိမ် ၀၁ ဆီကို ပြန်သွားလိုက်တော့သည်။

"အီးးး အီးးး"

ခဲခဲလေးမှာတော့ ရွှီရှင်းရဲ့ ပခုံးပေါ် ရောက်သွားတာကြောင့် မျက်လုံးလေး ကလည်ကလည်နဲ့ ဘာဖြစ်တာလဲဆိုတဲ့ ပုံစံမျိုး ဖြစ်နေရှာသည်။

"ဒီကပ်ပါးအိမ်ထဲမှာ ထူးခြားတာ ဘာရှိလဲဆိုတာ ငါ့ကို ကူရှာပေးဦး"

"အီးး"

ဒါကို ကြားတော့ ခဲခဲလေးက ချက်ချင်း သတိ ဝင်လာပြီး သူမ ရှာတွေ့ထားတာ ကြာပြီဖြစ်ကြောင်း၊ အရင်တစ်ခါက ရွှီရှင်း သူမကို အတင်းချီသွားလို့ မပြောလိုက်ရတာ ဖြစ်ကြောင်း အမူအရာနဲ့ ပြနေတော့သည်။

ထင်ထားတဲ့အတိုင်းပါပဲ....။

ကပ်ပါးအိမ် ၀၁ ရဲ့ ပထမထပ်ကို ရောက်တာနဲ့ ခဲခဲလေးက ရွှီရှင်းရဲ့ ပခုံးပေါ်ကနေ ခုန်ဆင်းပြီး အိမ်ရဲ့ အလယ်ဗဟိုကို ပြေးသွားကာ ကြမ်းပြင်ကို ကုတ်ပြနေတော့သည်။

"အီးးး"

ဒီနေရာကို ရွှီရှင်း တော်တော်လေး ရင်းနှီးနေ၏။

ဒါဟာ သစ်ပင်အိမ် ပင်စည်ရဲ့ တည့်တည့်နေရာဖြစ်ပြီး၊ မူလက သစ်ပင်အိမ် ဗဟိုချက် ရှိခဲ့တဲ့ နေရာ ပင်။

ကပ်ပါးအိမ်တွေမှာ ဗဟိုချက် မရှိတာကြောင့် အဲဒီနေရာက ဟာလာဟင်းလင်း ဖြစ်နေလောက်၏။

"ဒါဆိုရင် ကြမ်းပြင်ကို ခွာပြီး ဗဟိုချက် ရှိခဲ့တဲ့ နေရာမှာ အားပြန်သွင်းရမှာလား...။"

ရွှီရှင်းက ကြမ်းပြင်ကို လက်နဲ့ စမ်းကြည့်သော်လည်း ဖွင့်ဖို့ အမိန့်ပေးတဲ့ အသိပေးချက်မျိုး တက်မလာပေ။

...ဒါဆိုရင်တော့ ပုဆိန်နဲ့ပဲ ခုတ်ရတော့မှာပေါ့။

ဘာပဲဖြစ်ဖြစ် ကြမ်းပြင် အပိုင်းအစတစ်ခုပဲ ဖယ်ရမှာဖြစ်သည်။

ခွာလိုက်ရင်လည်း သစ်ပင်အိမ်ရဲ့ အလိုအလျောက် ပြုပြင်နိုင်တဲ့ စွမ်းရည်နဲ့ ပြန်ကောင်းသွားမှာ မဟုတ်လား။

သူသည် သံပုဆိန်ကို ထုတ်ပြီး ကြမ်းပြင်ကို ခုတ်လိုက်၏။

"ဂျွတ်"

အစိမ်းရောင်အဆင့် ကပ်ပါးအိမ်ရဲ့ ကြမ်းပြင်ဟာ အပြာရောင်အဆင့် သံပုဆိန်ကို မယှဉ်နိုင်ပေ။

တစ်ချက်တည်းနဲ့တင် ကြမ်းပြင်က အက်သွားပြီး၊ အချက်အနည်းငယ် ထပ်ခုတ်လိုက်တဲ့အခါ ကြမ်းပြင်က ကွဲထွက်သွားတော့သည်။

ရွှီရှင်းက အပိုင်းအစတွေကို ဖယ်လိုက်ပြီး အောက်က အခြေအနေကို ကြည့်လိုက်၏။

"ထင်တဲ့အတိုင်းပဲ"

ကြမ်းပြင်အောက်က ပုံစံက သာမန် သစ်ပင်အိမ်နဲ့ မတူပေ။

သာမန်အိမ်ဆိုလျှင် ပင်စည်က အခေါင်းပွကြီးဖြစ်ပြီး ဗဟိုချက်က အောက်ခြေ မြေကြီးထဲမှာ မြုပ်နေ၏။

အခု ကပ်ပါးအိမ်ရဲ့ ပင်စည်ကတော့ အပိတ်ကြီးဖြစ်ပြီး အလယ်မှာ အမြုတေ ထည့်ဖို့အတွက် ခွက်ဝင်နေတဲ့ ပုံစံလေး ရှိနေ၏။

[ကပ်ပါး သစ်ပင်အိမ် အားသွင်းပေါက်ကို ရှာဖွေတွေ့ရှိသဖြင့် ဗဟိုချက် အားသွင်းခြင်း လုပ်ဆောင်ချက် ပွင့်သွားပါပြီ။]

ဒီအားသွင်းတဲ့ လုပ်ဆောင်ချက်က ကိုယ့်ဘာသာကိုယ် ရှာဖွေမှ ရတာပါလား....။

ရွှီရှင်းက စွမ်းအင်ကုန်နေတဲ့ အဆင့်နိမ့် သစ်ပင်အိမ် ဗဟိုချက် ကို အဲဒီ အားသွင်းပေါက်ထဲ ထည့်လိုက်၏။

ကလပ် ဆိုတဲ့ အသံလေးနဲ့အတူ ဗဟိုချက်ဟာ ခွက်ထဲမှာ ကွက်တိ ဝင်သွားတော့သည်။

အရောင်မှိန်နေတဲ့ ဗဟိုချက်ဆီကနေ အဖြူရောင် အလင်းဖျော့ဖျော့လေးတွေ ပြန်ထွက်လာချေပြီ။

ရွှီရှင်း လှမ်းထိကြည့်လိုက်တဲ့အခါ စွမ်းအင်ကုန်တုန်းက အေးစက်နေတဲ့ ဗဟိုချက်ဟာ အခုတော့ လက်နွေးအိတ်လေး တစ်ခုလိုမျိုး နွေးထွေးလာတာကို ခံစားလိုက်ရ၏။

[ကျန်ရှိသည့် အားသွင်းချိန်: ၄ ရက် ၂၃ နာရီ ၅၉ မိနစ်။]

တကယ်ပဲ အားပြန်သွင်းလို့ ရတာပါလား..။

"အီးးး"

ခဲခဲလေးကလည်း အဲဒီဗဟိုချက်ကို လှမ်းထိကြည့်ပြီး၊ နောက်ဆုံးမှာတော့ အဲဒီပေါ်မှာတင် မှောက်အိပ်ကာ လျှာလေးထုတ်ပြီး နေလို့ကောင်းတဲ့ အမူအရာ ပြနေတော့သည်။

ရွှီရှင်း အတွေးထဲ နစ်မျောသွားရ၏။

မူလက ဗဟိုချက်ဆိုတာ သစ်ပင်အိမ်ကို စွမ်းအင်ပေးဖို့ ဖြစ်သော်လည်း၊ ကပ်ပါးအိမ်ရဲ့ စွမ်းအင်က အိမ်ရှင်သစ်ပင်အိမ်ဆီက ရတာဖြစ်လို့ ဗဟိုချက်ဆီက စွမ်းအင် ယူစရာ မလိုတော့ပေ။

အဲဒီအစား အိမ်ရှင်ဆီက စွမ်းအင်တွေကို ဗဟိုချက်ထဲကို ပြန်ပြီး ဖြည့်ပေးနေရခြင်းပင်။

ဒါဟာ အားသွင်းခြင်းရဲ့ သဘောတရားပဲ ဖြစ်ရမည်။

ဒါပေမဲ့ ဒီလိုဆိုရင်တော့ အိမ်ရှင်သစ်ပင်အိမ်ဖြစ်တဲ့ သူ့အိမ်က စွမ်းအင်တွေ ပိုပေးရမှာဖြစ်သလို ဝန်ထုပ်ဝန်ပိုးလည်း ပိုကြီးလာလောက်သည်။

ကပ်ပါးအိမ် ဘယ်နှလုံးအထိ လက်ခံနိုင်မလဲဆိုတာတော့ သူ မသိသေးပေ။

အားသွင်းဖို့ ၅ ရက် ကြာမယ်ဆိုသည်မှာ နည်းနည်းတော့ ကြာသော်လည်း ခရမ်းရောင်အဆင့် ကုန်ကြမ်းတွေ ရမှာဆိုတော့ စောင့်ရကျိုး နပ်၏။

အကယ်၍ နောက်ပိုင်းမှာ ကပ်ပါးအိမ်တွေ အများကြီး ထပ်ရမယ်ဆိုလျှင် ခရမ်းရောင်အဆင့် ကုန်ကြမ်းတွေကို အမြောက်အမြား ထုတ်နိုင်ပေမည်။

ဒါနဲ့ စွမ်းအင်အပြည့်ရှိတဲ့ ဗဟိုချက်ကိုသာ အဲဒီမှာ ထည့်ထားရင် ဘာဖြစ်မလဲဆိုတာ သိချင်လိုက်တာ...။

---

အခန်း ၁၉၉ ပြီး။

*****

All Chapters