← Chapters

အခန်း (၂၀၀-၂၀၁)

Vol. 14 Ch. 200-201

အခန်း (၂၀၀-၂၀၁)

Vol. 14 Ch. 200-201

အခန်း (၂၀၀) - အသန်မာဆုံး ခရမ်းရောင်အဆင့်လှံ နှင့် မဖိတ်ခေါ်ဘဲ ရောက်လာသူ

ဗဟိုချက်ပေါ်မှာ မှောက်အိပ်နေတဲ့ ခဲခဲလေးကို ချီလိုက်ရင်း ရွှီရှင်း အားသွင်းပေါက်ရဲ့ အခြေအနေကို ကြည့်ကာ မျက်မှောင်တစ်ချက် ကြုတ်လိုက်မိသည်။

မမျှော်လင့်ဘဲ ဒီကပ်ပါးသစ်ပင်အိမ်ရဲ့ အလိုအလျောက် ပြန်လည်ကုစားနိုင်စွမ်းက တော်တော်လေး မြန်နေ၏။

စောစောက သူခုတ်ထားတဲ့ ကြမ်းပြင်ဟာ အပြည့်အဝ ပြန်ပေါက်လာပြီး အားသွင်းနေတဲ့ အလင်းဖျော့ဖျော့ ထွက်နေတဲ့ ဗဟိုချက်ရဲ့ ထိပ်ပိုင်းလေးပဲ ပြူထွက်နေတော့သည်။

ရွှီရှင်းက အားသွင်းနေတဲ့ ဗဟိုချက်ကို ခေတ္တထုတ်လိုက်တဲ့အခါ ညီညာနေတဲ့ ကြမ်းပြင်ပေါ်မှာ ဗဟိုချက်အတွက် သီးသန့်ဖြစ်တဲ့ စက်ဝိုင်းပုံစံ အပေါက်လေး တစ်ခု ပေါ်နေတာကို တွေ့ရ၏။

ကြည့်ရသည်မှာ ကြမ်းပြင်က ထပ်ပြီး ပြန်ပိတ်မှာ မဟုတ်တော့ဘဲ ဒီအားသွင်းပေါက်ဟာ ဒီနေရာမှာပဲ အတည်တကျ ဖြစ်သွားပုံရသည်။

"ကလပ်"

သူက စွမ်းအင်အပြည့်ရှိတဲ့ ဗဟိုချက်ကို အဲဒီအပေါက်ထဲ ထည့်လိုက်တဲ့အခါ၊ အရင်က အလင်းဖျော့ဖျော့ ထွက်နေတဲ့ ဗဟိုချက်ဟာ ရုတ်တရက် ပိုပြီး တောက်ပလာပြီးနောက် အသိပေးသံ တစ်ခု ထွက်ပေါ်လာ၏။

[အဆင့်နိမ့် သစ်ပင်အိမ် ဗဟိုချက် အားသွင်းခြင်း ပြီးဆုံးပါပြီ။]

သူ ခဏစောင့်ကြည့်သော်လည်း ဘာမှ ထူးမလာပေ။

ကြည့်ရတာ အလင်းပိုတောက်ပလာတာဟာ အားပြည့်သွားပြီဖြစ်လို့ ထုတ်ယူသုံးစွဲပါတော့လို့ သတိပေးတာပဲ ဖြစ်ရမည်။

သူ တစ်ခု ထပ်စဉ်းစားမိတာက ကပ်ပါးသစ်ပင်အိမ်တွေဟာ ဗဟိုချက် မရှိတာကြောင့် ပင်မအိမ်နားမှာပဲ ကပ်ပါးနေထိုင်ကြရ၏။

အကယ်၍ ဒါကို ဗဟိုချက်တစ်ခု ထည့်ပေးလိုက်ရင် သာမန်သစ်ပင်အိမ် တစ်ခု ဖြစ်သွားနိုင်မလားဆိုတာပင်။

အကယ်၍ အောင်မြင်ခဲ့ရင် နောက်ပိုင်းမှာ သစ်ပင်အိမ်ကို အပြည့်အဝ ရွှေ့ပြောင်းတာမျိုး လုပ်လို့ရလောက်၏။

သူ့အိမ်နားက အောက်ခြေမမြင်ရတဲ့ ရေကန်ထဲမှာ ဧရာမမြွေကြီး ရှိနေသလို အနောက်မြောက်ဘက်မှာလည်း ဘာမှန်းမသိတဲ့ မိစ္ဆာနဲ့ ယဇ်ပလ္လင် ရှိနေ၏။

ဒီနေရာက အရင်းအမြစ် ကြွယ်ဝတယ်ဆိုပေမဲ့ တကယ့်ကို အန္တရာယ်များလွန်းတာကြောင့် အဆိုးဆုံး အခြေအနေအတွက် သူ ကြိုတင်ပြင်ဆင်ထားရမည်။

ဒါပေမဲ့ အခုကြည့်ရတာတော့ မဖြစ်နိုင်သေးတဲ့ ပုံပင်။

သစ်ပင်အိမ် ဗဟိုချက်အတွက်တော့ ဒီကပ်ပါးအိမ်ဟာ အားသွင်းတဲ့ ကိရိယာတစ်ခုလိုပဲ ဖြစ်နေ၏။

သူသည် အားပြည့်နေတဲ့ ဗဟိုချက်ကို ယူလိုက်ပြီး၊ စွမ်းအင်ကုန်နေတဲ့ နောက်ထပ် ဗဟိုချက်တစ်ခုနဲ့ အစားထိုးလိုက်၏။

ခဲခဲလေးကတော့ အဲဒီပေါ်မှာ ပြန်ပြီး မှောက်အိပ်နေပြန်သည်။

ရွှီရှင်းကတော့ သစ်ပင်အိမ် မျက်နှာပြင်ရှေ့မှာ ရပ်ပြီး ၎င်းကို ဖွင့်လိုက်၏။

ပင်မစာမျက်နှာမှာ လုပ်ဆောင်ချက်အသစ်တစ်ခု တိုးလာတာကို သူ တွေ့လိုက်ရသည်။

ဗဟိုချက် အားသွင်းခြင်း ဆိုတဲ့ လုပ်ဆောင်ချက်အသစ်ပင်။

၎င်းကို ဖွင့်ကြည့်လိုက်တဲ့အခါ အားသွင်းနေတဲ့ အခြေအနေပြမျဉ်းတစ်ခုနဲ့ စာသားလေး တစ်ကြောင်းကို တွေ့ရ၏။

[သစ်ပင်အိမ် ဗဟိုချက် အားသွင်းနှုန်း: ၁၀၀%]

ဒီ ၁၀၀% ဆိုတာကတော့ အားသွင်းတဲ့ အရှိန်ကို ပြောတာဖြစ်ပြီး အားသွင်းပြီးတာကို ပြောတာ မဟုတ်ပေ။

ဒါပေမဲ့ အရှိန်ရှိနေမှတော့ ဒါကို မြှင့်လို့ ရဦးမလားမသိပေ။

"အလှဆင်ရမှတ်လား"

ရွှီရှင်းသည် ကပ်ပါးအိမ်ရဲ့ မျက်နှာပြင်ပေါ်မှာ အလှဆင်ရမှတ်နဲ့ ပတ်သက်တဲ့ ထုတ်လုပ်မှုစာရင်းကို ချက်ချင်း စစ်လိုက်ရာ၊ သစ်သားဆိုင်းဘုတ်တွေထဲမှာ ကပ်ပါးအိမ်အတွက် သီးသန့်ဖြစ်တဲ့ အားသွင်းခန်း ဆိုင်းဘုတ် ကို တွေ့လိုက်ရသည်။

၎င်းဟာ ဗဟိုချက် အားသွင်းတဲ့ အရှိန်ကို မြှင့်ပေးနိုင်၏။

မိုက်လိုက်တာ...။

သူ မေ့နေခဲ့တာပင်။

ကပ်ပါးသစ်ပင်အိမ်ဟာလည်း သီးခြား သစ်ပင်အိမ် တစ်ခုပဲ မဟုတ်ပါလား။

ဒါကြောင့် အလှဆင်ရမှတ်တွေ တိုးအောင်လုပ်လို့ ရသလို လုပ်ဆောင်ချက် နယ်မြေတစ်ခုချင်းစီကိုလည်း မြှင့်တင်လို့ ရ၏။

ကပ်ပါးအိမ်ရဲ့ အလှဆင်ရမှတ်ကို မြှင့်မလား သူ စဉ်းစားရမည်။

ဘာပဲဖြစ်ဖြစ် ခရမ်းရောင်အဆင့် အရင်းအမြစ်တွေ ရရှိမယ့် အရှိန်က တကယ်ကို အရေးကြီး၏။

သူ သစ်ပင်အိမ်ရဲ့ ခွဲဝေနိုင်တဲ့ ရမှတ်နှုန်းကို ပြန်စစ်ကြည့်လိုက်၏။

[လက်ရှိ သစ်ပင်အိမ် အလှဆင်ရမှတ်: ၀၊ စုစုပေါင်း ခွဲဝေနိုင်သော မြှင့်တင်မှုနှုန်း: ၀%]

ကြည့်ရတာ ပင်မသစ်ပင်အိမ်နဲ့ ကပ်ပါးအိမ်ရဲ့ အလှဆင်ရမှတ်တွေက ရောနေတာ မဟုတ်ဘူးပဲ...။

သူ့ရဲ့ ပင်မအိမ်မှာတော့ မြှင့်တင်လို့ရတဲ့ ရမှတ်တွေ ရှိနေသေးပေမဲ့ ဒီမှာ လာသုံးလို့ မရပေ။

ဒီဘက်ကဟာလည်း ဟိုဘက်ကို ပေးလို့ ရမှာ မဟုတ်ပေ။

ဒါကို သိရဖို့အတွက် ရွှီရှင်းက သူ့အိမ်က ရုပ်တုအသေးလေး တစ်ခုကို ယူလာကြည့်သော်လည်း ပင်မအိမ်အတွက် အမှတ်တက်မလာပေ။

ဒါပေမဲ့ ကပ်ပါးအိမ်ဟာ သူ့ဆီကနေ အလှဆင်ရမှတ် ၂၀% အပိုဆုကို ခံစားခွင့်ရနေတာ တွေ့လိုက်ရသဖြင့် သူ ဝမ်းသာသွားရသည်။

မဆိုးပါဘူး...။

ဒါပေမဲ့ အားသွင်းခန်း လုပ်ဖို့ကိုတော့ အခုချက်ချင်း မစဉ်းစားသေးပေ။

နောက်မှပဲ အစီအစဉ် ဆွဲတော့မည်။

ပင်မအိမ်ရဲ့ အလှဆင်ရမှတ်ကတောင် အလုံလောက် မရှိသေးပေ။

ရုပ်တုလေးကို ပင်မအိမ်ဆီ ပြန်ယူလာပြီးနောက်၊ ရွှီရှင်း အလုပ်ခန်းထဲက လက်နက်နဲ့ ချပ်ဝတ်လုပ်တဲ့ စင်မြင့်ရှေ့ကို ရောက်လာခဲ့သည်။

ခရမ်းရောင်အဆင့် အရင်းအမြစ်တွေကို အဆက်မပြတ် ရနိုင်တော့မှာဖြစ်သလို၊ အရှိန်ကိုပါ မြှင့်လို့ရဦးမှာဆိုတော့ ခရမ်းရောင်အဆင့် ကုန်ကြမ်းတွေဟာ အရင်လောက် မရှားတော့ဘူးလို့ သူ ခံစားလိုက်ရ၏။

သူသည် အပြာရောင်အဆင့် သစ်သားတစ်တုံးကို ခရမ်းရောင်အဆင့်သို့ တိုက်ရိုက် မြှင့်လိုက်ပြီး ကုန်ကြမ်းအားလုံးကို ပြင်ကာ သံမဏိလှံ လုပ်ဖို့ နှိပ်လိုက်သည်။

[ဤလက်နက်အား ထုတ်လုပ်နိုင်စွမ်း အောင်မြင်မှုနှုန်းမှာ ၆၆% (၆၀+၆) ရှိပါသည်။ ဆက်လုပ်မလား။]

မေ့နေတာပဲ..။

ခရမ်းရောင်အဆင့်ထက် မြင့်တဲ့ ကိရိယာတွေ လုပ်ရင် အောင်မြင်မှုနှုန်းဆိုတာ ပါလာ၏။

သူက အလုပ်ခန်းကို ၆၀% မြှင့်တင်မှု ပေးထားသော်လည်း ၎င်းဟာ အောင်မြင်မှုနှုန်းမှာတော့ ဆယ်ပုံတစ်ပုံဖြစ်တဲ့ ၆% ပဲ တိုးပေး၏။

ဒါကြောင့် ခရမ်းရောင်အဆင့် သံမဏိလှံရဲ့ အခြေခံ အောင်မြင်မှုနှုန်းက ၆၀% ပဲ ရှိသည်။

နှိုင်းယှဉ်ကြည့်လျှင် အပြာရောင်အဆင့် အဂ္ဂိရတ်ကုန်ကြမ်းတွေရဲ့ အောင်မြင်မှုနှုန်းက ၅၀% ပဲ ရှိတာဖြစ်ပြီး အဂ္ဂိရတ်ပညာရဲ့ အောင်မြင်မှုနှုန်းက တကယ်ကို နိမ့်လွန်းလှသည်။

ရွှီရှင်းသည် အလုပ်ခန်းထဲမှာ အမြဲထားလေ့ရှိတဲ့ အပြာရောင်အဆင့် မှီကုလားထိုင်ကို စင်မြင့်ရှေ့မှာ ထားလိုက်၏။

အပြာရောင်အဆင့် မှီကုလားထိုင်ဟာ ပစ္စည်းထုတ်လုပ်တဲ့ အောင်မြင်မှုနှုန်းကို တိုးပေးနိုင်တာကြောင့် သူ လုပ်ထားတာ ကြာပြီဖြစ်သော်လည်း အခုမှပဲ အသုံးတည့်တော့သည်။

ဒါပေမဲ့ ကံမကောင်းတာက ဒီကုလားထိုင်ဟာ အဂ္ဂိရတ်ပညာရဲ့ အောင်မြင်မှုနှုန်းကိုတော့ မတိုးပေးနိုင်ချေ။

ကြည့်ရတာ အဂ္ဂိရတ်ခန်းအတွက် လိုအပ်တဲ့ အလှဆင်ရမှတ်က သူ ထင်ထားတာထက် အများကြီး ပိုများလောက်၏။

အပြာရောင်အဆင့် သစ်သားကုလားထိုင်ကြောင့် အောင်မြင်မှုနှုန်း ၁၀% ထပ်တိုးလာပြီး ၇၆% ဖြစ်သွားချေပြီ။

ငါးကြင်းရုပ်တုရဲ့ အာနိသင်ပါ ထည့်တွက်လိုက်ရင်တော့ ၉၀% ဝန်းကျင်ရလောက်၏။

ဒါပေမဲ့လည်း သူက စိတ်မချသေးတာကြောင့် အလှဆင်ရမှတ် ရွေးချယ်စရာကို ဖွင့်လိုက်၏။

[လက်ရှိ သစ်ပင်အိမ် အလှဆင်ရမှတ်: ၃၁၉.၆၈ (၂၆၆.၄ + ၅၃.၂၈)၊ စုစုပေါင်း ခွဲဝေနိုင်သော မြှင့်တင်မှုနှုန်း: ၄၈%]

ရွှီရှင်းက အလုပ်ခန်းကို ၄၀% ထပ်တိုးပေးလိုက်ရာ အလုပ်ခန်းရဲ့ မြှင့်တင်မှုဟာ ၁၀၀% ပြည့်သွားပြီး အောင်မြင်မှုနှုန်းဟာလည်း ၈၀% အထိ ရောက်သွားတော့သည်။

ဒါဆိုရင်တော့ လောက်ပါပြီ..။

ရွှီရှင်း အံကြိတ်ပြီး ထုတ်လုပ်ဖို့ နှိပ်လိုက်၏။

ကုန်ကြမ်းတွေ ပျောက်ကွယ်သွားပြီး သူ့ရဲ့ တင်းကျပ်နေတဲ့ အကြည့်အောက်မှာတင် နောက်ဆုံးတော့ ခရမ်းရောင် အလင်းလုံးလေး တစ်လုံး ပေါ်လာချေပြီ။

ရွှီရှင်း သက်ပြင်းအရှည်ကြီး တစ်ချက်ချလိုက်ပြီး အလင်းလုံးကို လှမ်းဖမ်းလိုက်ရာ တကယ့်ကို ထက်မြက်ပြောင်လက်နေတဲ့ လက်နက်တစ်ခု သူ့လက်ထဲ ရောက်လာတော့သည်။

"ဟင်"

ရွှီရှင်း လက်ထဲက လက်နက်ကို ကြည့်ပြီး အနည်းငယ် ဇဝေဇဝါ ဖြစ်သွားရသည်။

ဒီလက်နက်က လက်ကိုင်ရိုး ရှည်သော်လည်း လှံ မဟုတ်ဘဲ လှံသွားရော ပုဆိန်သွားရော ပါတဲ့ လှံပဆိန် လက်နက် ဖြစ်နေ၏။

အလယ်မှာ လှံသွားရှိပြီး တစ်ဖက်မှာ ဓားသွားလို အပြားပါကာ နောက်တစ်ဖက်မှာတော့ ချိတ်လို အချွန်ပါနေ၏။

သံမဏိ လက်ကိုင်ရိုးကလည်း မြင်ရုံနဲ့တင် ကြက်သီးထစရာပင်။

သူ လုပ်လိုက်တာ သံမဏိလှံဖြစ်သော်လည်း ခရမ်းရောင်အဆင့်ထက် မြင့်တဲ့ လက်နက်ဖြစ်တာကြောင့် ပုံစံထုတ်လုပ်နည်းအတိုင်း မထွက်တော့ဘဲ တခြားပုံစံတွေနဲ့ ကျပန်း ထွက်လာတာမျိုးဖြစ်နေသည်။

ဒါပေမဲ့ ဒါက တကယ်ကို မိုက်တာပဲ...။

လှံဆိုတာကတော့ တိုက်ခိုက်တဲ့ နယ်ပယ်ကျယ်ပေမဲ့ အဓိကအားဖြင့် ထိုးစစ်ကိုပဲ သုံးရ၏။

ဒါကြောင့် နွယ်ပင်တွေလို ရန်သူတွေကို တိုက်တဲ့အခါ ခက်ခဲတတ်သည်။

ဒါပေမဲ့ ဒီလှံပုဆိန် ကတော့ ခုတ်လို့လည်း ရတာကြောင့် လှံထက်စာလျှင် တိုက်ခိုက်တဲ့ ပုံစံက ပိုပြီး စွယ်စုံရ၏။

သူသည် ဒီလက်နက်ရဲ့ ဖော်ပြချက်ကို ချက်ချင်း ကြည့်လိုက်၏။

[သံမဏိ လှံပုဆိန် (ခရမ်းရောင်အဆင့်): ခရမ်းရောင်အဆင့် သံမဏိနဲ့ လုပ်ထားတဲ့ လှံရှည် ဖြစ်သည်။ ချိတ်ခြင်းနှင့် ထိုးခြင်း လုပ်ဆောင်ချက် နှစ်ခုစလုံး ပါဝင်သော တိုက်ခိုက်ရေး လက်နက်ဖြစ်ပြီး၊ အဆင့်တူတွေထဲမှာ အမာဆုံးနဲ့ အထက်ဆုံး လက်နက် ဖြစ်သည်။ ရန်သူကို ထိမှန်ပါက တစ်ဖက်လူရဲ့ အသက်စွမ်းအားကို စုပ်ယူပြီး၊ မိမိရဲ့ ဒဏ်ရာတွေ၊ စိတ်ဓာတ်နဲ့ ခံနိုင်ရည်တွေကို ပြန်လည် ဖြည့်တင်းပေးနိုင်၏။ တိုက်ပွဲ ကြာလေလေ ပိုပြီး အစွမ်းထက်လေလေ ဖြစ်လိမ့်မည်]

"ဟူးးး...."

ရွှီရှင်း အသက်ရှူမှားသွားရသည်။

ဒီလှံက တကယ့်ကို အစွမ်းထက်လှချေလား...။

ဒါဟာ အားနည်းတဲ့သူက အားကြီးတဲ့သူကို အနိုင်ယူဖို့အတွက် တကယ့် ရတနာပင်။

ကိုယ့်ထက် သန်မာတဲ့သူနဲ့ ရင်ဆိုင်ရရင်တောင်မှ တိုက်ခိုက်ဖို့ နေရာလွတ်ရှိနေသရွေ့တော့ တစ်ဖက်လူကို တဖြည်းဖြည်းနဲ့ အနိုင်ယူသွားလို့ ရ၏။

ဒါတင်မကဘဲ အားနည်းပြီး အရေအတွက် များတဲ့ ရန်သူတွေကို ရင်ဆိုင်ရတဲ့အခါမှာလည်း ဒီလက်နက်ကို ဝှေ့ယမ်းပြီး ဒဏ်ရာရမှာ၊ မောပန်းမှာ အားကုန်မှာကို စိုးရိမ်စရာမလိုဘဲ တိုက်ခိုက်နိုင်တာကြောင့် ရန်သူအုပ်စုလိုက်ကို ရှင်းထုတ်ဖို့အတွက် တကယ့်ကို ပြည့်စုံတဲ့ လက်နက်ပင်။

ခရမ်းရောင်အဆင့် လက်နက်ဖြစ်ရကျိုး နပ်ပါတယ်..။

ဒီလောက်အထိ အစွမ်းထက်နေတာကိုး..။

တကယ်ကို အံ့သြဖို့ ကောင်းလှသည်။

ဒီခရမ်းရောင်အဆင့် လက်နက်ကြီးကို အကြာကြီး ငေးမောကြည့်ရှုပြီးနောက်၊ ရွှီရှင်းက ၎င်းကို ကျောပိုးအိတ်ထဲ ထည့်လိုက်၏။

ပြီးနောက် သူ့ရဲ့ ပင်မသစ်ပင်အိမ် ပေါ်ကနေ ဆင်းလာပြီး ကပ်ပါးအိမ် ၀၂ ဆီကို သွားကာ အမြစ်တွေကို သုံးပြီး အထဲကို ဝင်လိုက်သည်။

သူသည် ကြမ်းပြင်ကို ခွာလိုက်ပြီး စွမ်းအင်ကုန်နေတဲ့ ဒုတိယမြောက် ဗဟိုချက်ကို အားသွင်းဖို့ ထည့်လိုက်၏။

နောက်ထပ် ၅ ရက်နေရင်တော့ ခရမ်းရောင်အဆင့် ကုန်ကြမ်း နှစ်ခုကို သူ ထပ်ရဦးပေမည်။

ရွှီရှင်းက ကပ်ပါးအိမ် ၀၂ ရဲ့ ပြတင်းပေါက်နားမှာ ရပ်ရင်း သူ့ရဲ့ သစ်ပင်အိမ်ကြီးကို လှမ်းကြည့်လိုက်သည်။

နှိုင်းယှဉ်ကြည့်လိုက်ရင် သူ့အိမ်က တကယ်ကို ကြီးမားလှ၏။

နှစ်ထပ်ရှိတဲ့ ကပ်ပါးအိမ်ဟာ ပင်မအိမ်ကြီးရှေ့မှာ ကလေးလေးတစ်ယောက်လို ဖြစ်နေပေမဲ့၊ ဒီကလေးလေးမှာလည်း သူ့ရဲ့ ကိုယ်ပိုင် လုပ်ဆောင်ချက်တွေ အထူးသဖြင့် ဒီအားသွင်းတဲ့ စွမ်းရည် ရှိနေ၏။

သူ အိမ်ပြန်ပြီး ထွင်းထုဖို့ စဉ်းစားလိုက်သည်။

ပင်မအိမ်မှာ အစိမ်းရောင်ပုံဆောင်ခဲ ရုပ်တုအရေအတွက် ပြည့်သွားပြီဆိုပေမဲ့ ကပ်ပါးအိမ်မှာတော့ မပြည့်သေးတာကြောင့် အစိမ်းရောင်ပုံဆောင်ခဲတွေကို သုံးပြီး အလှဆင်ရမှတ်တွေ ထပ်တိုးလို့ ရသေးသည်။

ကပ်ပါးအိမ်ပေါ်ကနေ ဆင်းပြီး ပင်မအိမ်ဆီ ပြန်ဖို့ လုပ်နေတုန်းမှာပဲ သူ့ကိုယ်လုံးကြီး တောင့်ခဲသွားရပြီး အပြင်ထွက်မယ့် လက်ကလည်း ရုတ်တရက် ရပ်တန့်သွားတော့သည်။

လူတစ်ယောက်ပင်။

အနားမှာ တခြား အသက်ရှင်ကျန်ရစ်သူတွေ ရှိနေတာလားမသိဘူး...။

သူ့ရဲ့ ထူးကဲအကြားအာရုံက တစ်ယောက်ယောက် စကားပြောနေသံကို ကြားလိုက်ခြင်း ဖြစ်သည်။

အသံက တော်တော်လေး တိုးတာကြောင့် အတော်လှမ်းလှမ်းမှာ ရှိနေပုံရပြီး သစ်ပင်အိမ်ရဲ့ အနောက်ဘက်ကနေ လာ၏။

အနောက်ဘက်ဆိုတာ ဒီနေ့ သူ စူးစမ်းဖို့ မသွားရသေးတဲ့ ဦးတည်ချက်ပင်။

သူ မသွားရသေးဘဲနဲ့ ဟိုဘက်က လူတွေက သူ့ကို လာရှာနေကြပေသည်။

အခုလို အချိန်မျိုးမှာ ၁၀ ကီလိုမီတာကျော် ခရီးနှင်ပြီး တခြားသစ်ပင်အိမ်တွေကို လိုက်ရှာနိုင်တဲ့သူဆိုတာ တကယ့် လက်ရွေးစင်တွေထဲက လက်ရွေးစင်တွေပဲ ဖြစ်ရမည်။

ရွှီရှင်း ချက်ချင်းပဲ သတိ ဝင်လာပြီး စဉ်းစားလိုက်၏။

"ဘာလို့ စကားသံတွေ ကြားနေရတာလဲ...။"

ဖြစ်နိုင်ခြေ နှစ်ခု ရှိသည်။

တစ်ခုကတော့ အသက်ရှင်ကျန်ရစ်သူတွေ အုပ်စုလိုက် လာကြတာဖြစ်ပြီး၊ နောက်တစ်ခုကတော့ တခြားနယ်မြေက တောအုပ်စူးစမ်းရေးပွဲမှာ ထိပ်တန်း ၁၀ ယောက်စာရင်းဝင်လို့ စူးစမ်းရှာဖွေသူများ အဖွဲ့ဝင်တွေလို လက်ပတ်နာရီ ရထားတဲ့သူ ဖြစ်ရမည်။

ဒါမှသာ သစ်ပင်အိမ် အပြင်ဘက်မှာ တခြားသူကို ဆက်သွယ်နိုင်မှာလေ။

"နေဦး... စူးစမ်းရှာဖွေသူများ အဖွဲ့ဝင် တစ်ယောက်ယောက်က နယ်မြေတွေကို ဖြတ်ပြီး ဒီကို ရောက်လာတာများလား။"

ရွှီရှင်းက အဖွဲ့ထဲမှာ တိုက်ရိုက် မေးလိုက်သည်။

"နင်တို့ထဲက တစ်ယောက်ယောက် အပြင်မှာ ရှိနေလား"

ဝမ်လေ့ - "ငါတော့ အပြင်မထွက်ဘူး၊ အပြင်မှာ ဘာအရင်းအမြစ်မှ မရှိသလို တခြားအိမ်တွေ ဘယ်မှာရှိမှန်းလည်း မသိဘဲ ဘယ်သွားရှာရမှာလဲ"

လီဝမ်ရှီး - "ငါ အပြင်မှာ သတ္တုတူးနေတယ်"

ကျိချောင်းယန် - "ငါလည်း အပြင်မှာပဲ၊ ဘာဖြစ်လို့လဲ။ တစ်ခုခု တွေ့လို့လား"

ဝမ်ကွေ့ရှင်း - "ငါ အခုပဲ ပြန်ရောက်တာ၊ သစ်ပင်အိမ် ဗဟိုချက် တစ်ခု ရခဲ့တယ်၊ ဒါက တကယ် မိုက်တာပဲ"

ကျန်တဲ့သူတွေလည်း အသီးသီး စာပြန်လာကြသဖြင့် ရွှီရှင်းက သူတို့ကို ဖယ်ထုတ်လိုက်၏။

ရွှီရှင်း - "ငါ့ဆီကို လူတွေ လာနေကြတယ်၊ စကားပြောသံတွေ ကြားနေရလို့ နင်တို့များလားလို့ မေးကြည့်တာ"

ရွှီရှင်းရဲ့ စကားကြောင့် အဖွဲ့ထဲမှာ လှုပ်လှုပ်ရှားရှား ဖြစ်သွားတော့သည်။

ကျောက်ရှောက်ချွမ်း - "ဝိုး... အစ်ကိုရွှီက တခြားသူတွေနဲ့ တွေ့တော့မှာပေါ့။ အစ်ကို့ရဲ့ နာမည်ကိုသာ ပြောလိုက်ရင် တစ်ဖက်လူက ဂါရဝပြုကြမှာ သေချာတယ်"

ကျောက်ရှောက်ချွမ်းကတော့ တွေ့မယ့်သူတွေဟာ သူတို့ တောအုပ် ၁၈၈ နယ်မြေက လူတွေလို့ပဲ ထင်နေ၏။

ချီရွှယ်ဖေး - "သတိတော့ မလွတ်နဲ့နော်၊ နောက်ကျောကို ဓားနဲ့ ထိုးမယ့်သူတွေ အများကြီးပဲ။ နင် သူတို့အသက်ကို ကယ်ခဲ့ရင်တောင်မှ နင့်ကို ဒုက္ခပေးချင်ပေးမှာ"

ချင်ယွန်လုံ - "ဟုတ်တယ်၊ ငါ့အမြင်တော့ သူတို့ကို မောင်းထုတ်လိုက်တာ အကောင်းဆုံးပဲ"

ကျိချောင်းယန် - "ပြတ်ပြတ်သားသား လုပ်တာကလည်း ကောင်းပါတယ်"

ကျိချောင်းယန်ကတော့ အနားမှာ ရှိနေတဲ့သူတွေဟာ သူတို့နယ်မြေက လူတွေ မဟုတ်မှန်း သိနေ၏။

ဝမ်ကွေ့ရှင်း - "ဘာလို့ ပတ်ဝန်းကျင်က အိမ်တွေက ငါတို့နယ်မြေက မဟုတ်သလို ခံစားနေရတာလဲ။ မနေ့ညက ငါတို့နယ်မြေမှာ ဘယ်သူမှ မသေဘူး မဟုတ်လား"

ဝမ်ကွေ့ရှင်းလည်း ဒီအခြေအနေကို သတိထားမိပုံရသည်။

ဒါပေမဲ့ ရွှီရှင်းမှာတော့ သူမကို ရှင်းပြနေဖို့ အချိန်မရှိပေ။

သူတို့အဖွဲ့ထဲကလူတွေ မဟုတ်မှန်း သေချာသွားတာကြောင့် ရွှီရှင်းရဲ့ မျက်နှာဟာ လေးနက်သွားတော့သည်။

တခြားနယ်မြေက လူတွေ ဖြစ်ရမည်။

ရွှီရှင်းက ကပ်ပါးအိမ် ၀၂ ထဲကနေ အပြင်မထွက်သေးပေ။

ဒီအိမ်က သစ်ပင်အိမ်ရဲ့ အနောက်ဘက်မှာ စိုက်ထားတာဖြစ်လို့ အသံလာတဲ့နေရာနဲ့ ပိုနီး၏။

သူက ပြတင်းပေါက်နားမှာ ကပ်ပြီး သေသေချာချာ နားစွင့်နေလိုက်သည်။

တဖြည်းဖြည်းနဲ့ ဟိုဘက်က ပြောနေတဲ့ စကားတွေကို သူ အထင်အရှား ကြားလာရ၏။

"ဟိုမှာ သစ်ပင်အိမ်ကို မြင်နေရပြီ၊ တော်တော် မြင့်တာပဲ။ ငါ့အိမ်ထက်တောင် မြင့်သေးတယ်၊ အစကတည်းက အပြာရောင်အဆင့် မြေကြီးမှာ စိုက်လို့ ခရမ်းရောင်အဆင့် သစ်ပင်အိမ် ဖြစ်လာတာမျိုးလားမသိဘူး။"

"မိုးရာသီတုန်းကလည်း ဒီအိမ်က လင်းနေတာလေ၊ ဒီအိမ်ပဲ ဖြစ်ရမယ်။ အထဲက လူကတော့ တော်တော် သန်မာမှာ သေချာတယ်"

"ငါသာ ဒီလူကို သတ်ပြီး၊ သစ်ပင်အိမ်ကို ငါ့ရဲ့ ကာကွယ်ရေးနယ်မြေထဲမှာ ပြန်စိုက်နိုင်ရင်တော့ ဒီအိမ်တစ်လုံးတည်းနဲ့တင် မင်းတို့အိမ် ဆယ်လုံးထက် တန်ဖိုးရှိမှာကွ"

ဒီစကားတွေကို ကြားလိုက်ရတဲ့အခါ ရွှီရှင်းရဲ့ မျက်လုံးတွေ ကျုံ့သွားပြီး နှုတ်ခမ်းဖျားမှာတော့ လှောင်ပြုံးတစ်ခု ပေါ်လာတော့သည်။

ဒီနေ့ရထားတဲ့ အကြားအာရုံ မြှင့်တင်တဲ့ စွမ်းရည်ကတော့ တကယ်ကို မဆိုးပေ။

မီတာ တစ်ထောင်နီးပါး အကွာက စကားသံတွေကို ကြားနိုင်၏။

သူတို့ပြောတာတွေကို သူ အကုန်ကြားလိုက်ရပြီလေ။

"ငါ့ကို သတ်မလို့ ဟုတ်လား...။"

လက်နက်သစ်ကို စမ်းသပ်ဖို့အတွက်တော့ တကယ့်ကို အံကိုက်ဖြစ်သွားပေသည်။

---

အခန်း ၂၀၀ ပြီး။

*****

အခန်း (၂၀၁) - သရုပ်ဆောင် ကောင်းသူ

အမျိုးသမီးတစ်ဦး၏ အသံသည် သူမဘာသာ ရေရွတ်နေသလိုကြားရ၏။

သူမက တစ်ယောက်တည်း စကားပြောနေခြင်း ဖြစ်သဖြင့် အခြေအနေကို ပို၍ ရှင်းလင်းစွာ သိလိုက်ရသည်။

မူလ တောအုပ်စူးစမ်းရေးပွဲတွင် နယ်မြေတစ်ခုစီမှ ထိပ်တန်း အယောက် ၁၀၀ သည် ဆုလာဘ်များ ရရှိခဲ့ကြသည်။

၎င်းတို့အနက် နံပါတ် ၁ ရရှိသူသည် ခရမ်းရောင်အဆင့် လက်ပတ်နာရီကို ရရှိပြီး၊ နံပါတ် ၂ မှ ၁၀ အထိမှာ အပြာရောင်အဆင့်၊ နံပါတ် ၁၁ မှ ၁၀၀ အထိမှာ အစိမ်းရောင်အဆင့် နာရီများကို ရရှိခဲ့ကြခြင်း ဖြစ်သည်။

နံပါတ် ၁ ရရှိသူ ဝတ်ဆင်ရသည့် ခရမ်းရောင်အဆင့် နာရီမှာ သူ ဝတ်ထားသည့် နာရီဖြစ်ပြီး သစ်ပင်အိမ်၏ လုပ်ဆောင်ချက် အားလုံးကို အသုံးပြုနိုင်၏။

နံပါတ် ၂ မှ ၁၀ အထိ ရရှိသော အပြာရောင်အဆင့် နာရီမှာမူ ပစ္စည်းထုတ်လုပ်ခြင်း သို့မဟုတ် လွှဲပြောင်းရောင်းချခြင်းများ ပြုလုပ်၍ မရဘဲ၊ အချက်အလက် ကြည့်ရှုခြင်းနှင့် ဆက်သွယ်ရေးအတွက်သာ အသုံးပြုနိုင်သည်။

နံပါတ် ၁၁ မှ ၁၀၀ အထိ ရရှိသည့် အစိမ်းရောင်အဆင့် နာရီမှာမူ အချိန်ကြည့်ရန်သာ သုံးနိုင်သော သာမန် စက်နာရီတစ်ခုသာ ဖြစ်၏။

သူမသည် သစ်ပင်အိမ်ထဲမှာ ရှိနေစရာ မလိုဘဲ နယ်မြေတူသူများနှင့် ဆက်သွယ်ရန် နာရီကို အသုံးပြုနေခြင်း ဖြစ်သည်။

ဆက်သွယ်ပြောဆိုနိုင်သည်ဆိုကတည်းက သူမသည် ထိုနယ်မြေ၏ အနည်းဆုံး ထိပ်တန်း ၁၀ ယောက်စာရင်းဝင် ဖြစ်ရမည်။

သူမဟာ တကယ်ကို အစွမ်းထက်တဲ့ ကစားသမားတစ်ယောက်ပင်။

နယ်မြေတစ်ခုရဲ့ ထိပ်တန်း ကစားသမားဆိုတာ အထင်သေးလို့ မရပေ။

ကံကောင်းတာက ရွှီရှင်းမှာ ဒီနေ့ အကြားအာရုံ မြှင့်တင်တဲ့ စွမ်းရည် ရှိနေတာကြောင့် သူမရဲ့ အသံကို ကြိုကြားရပြီး ကြိုတင်ပြင်ဆင်နိုင်ခဲ့ခြင်း ဖြစ်သည်။

သူမသည် သူမ၏ အဖွဲ့ဝင်များနှင့် စကားပြောနေပုံရပြီး ထိုအဖွဲ့မှာ သစ်ပင်အိမ်များကို လိုက်လံစုဆောင်းနေသည့် အဖွဲ့ဖြစ်ပုံရ၏။

သူမရဲ့ လေသံအရဆိုလျှင် ဘယ်သူက သစ်ပင်အိမ် ပိုရမလဲဆိုတာ ပြိုင်နေကြပုံရ၏။

"ငါ့မှာ သစ်ပင်အိမ်မျိုးစေ့ တစ်ခု ရထားပြီ၊ အခု ဒုတိယတစ်ခုကို ထပ်တွေ့တာ။ နင်တို့တွေကတော့ နှေးလိုက်တာ။ ဒီအိမ်ရှင်ကို သတ်လိုက်တာနဲ့ ဒီအိမ်ကို ငါ့အိမ်နားမှာ ရွှေ့စိုက်လို့ ရပြီလေ"

"ဘာကို ကြောက်နေမှာလဲ။ သူ ဘယ်လောက်ပဲ သန်မာပါစေ၊ ဘာဖြစ်လဲ။ အစီအစဉ်ကောင်းဖို့ပဲ လိုတာ။ အရင်တစ်ယောက်ကိုလည်း ငါ အေးဆေးလေးပဲ ရှင်းခဲ့တာ မဟုတ်လား။ ထိပ်တိုက်ရင်ဆိုင်တာက အမှားဆုံး လုပ်ရပ်ပဲ"

အသံက ပိုနီးလာချေပြီ။

ရွှီရှင်း၏ အကြားအာရုံအရ ဤအသက်ရှင်ကျန်ရစ်သူသည် ကပ်ပါးအိမ် ၀၂ နှင့် မီတာ ရာဂဏန်းအကွာသို့ ရောက်ရှိနေပြီ ဖြစ်သည်။

"သစ်ပင်အိမ်မျိုးစေ့... လူသတ်ခဲ့တယ် ဟုတ်လား...။"

ရွှီရှင်း၏ မျက်ဆန်များ ကျုံ့သွားရ၏။

သူမသည် တောအုပ် ၁၈၈ နယ်မြေက မဟုတ်တာတော့ သေချာလှသည်။

ရွှီရှင်း၏ အရင်က ခန့်မှန်းချက်အရ သူမ၏ အိမ်ပတ်ဝန်းကျင်တွင် သူမနယ်မြေက လူတွေ ရှိမှာမဟုတ်ဘဲ တခြားနယ်မြေက လူတွေပဲ ရှိလောက်၏။

တောအုပ် ၁၈၈ မှာတော့ မနေ့ညက အန္တရာယ်မှာ ဘယ်သူမှ မသေခဲ့တာကြောင့် သူတို့ရဲ့ ဗဟိုချက်ကို ရဖို့ဆိုရင် အတင်းအကျပ် လုယူမှပဲ ရမှာဖြစ်သည်။

ရွှီရှင်းသည် နယ်မြေဆက်သွယ်ရေးလိုင်းရှိ လူဦးရေကို ချက်ချင်း စစ်ကြည့်လိုက်ရာ မျက်မှောင်ကြုတ်သွားရသည်။

လူဦးရေဟာ အရင်ကထက် ၈ ယောက် လျော့နည်းသွားချေပြီ။

ဒီအုပ်စုက သူတို့ တောအုပ် ၁၈၈ နယ်မြေက လူတွေကို လိုက်သတ်နေတာပါလား....။

"တောက်... ဒီလူတွေက နောင်မှာ ငါ့ရဲ့ မဟာမိတ်တွေ ဖြစ်လာရမယ့်သူတွေလေ"

ရွှီရှင်းသည် ဆက်သွယ်ရေးလိုင်းတွင် ချက်ချင်း စာတင်လိုက်သည်။

"အားလုံးပဲ... အခုဆိုရင် ကာကွယ်ရေးနယ်မြေတွေက ဆက်နေပြီဖြစ်လို့ တခြားသူတွေ ခင်ဗျားတို့ သစ်ပင်အိမ်နားကို ရောက်လာနိုင်ပါတယ်။ သူတို့မှာ ရည်ရွယ်ချက်ကောင်း ရှိချင်မှ ရှိမှာဖြစ်သလို၊ ဒီနယ်မြေကလူတွေ မဟုတ်တာမျိုးလည်း ဖြစ်နိုင်တာကြောင့် သတိထားကြပါဦး"

ညလုံးပေါက် ပုရွက်ဆိတ်တွေကို တိုက်ခဲ့ရတဲ့သူတွေဟာ မနက်ပိုင်းမှာ အလုပ်တွေ လုပ်ပြီးတာနဲ့ အိပ်ပျော်ကုန်ကြရာကနေ အခုမှ ပြန်နိုးလာကြတာ ဖြစ်၏။

အခုချိန်မှာတော့ ဆက်သွယ်ရေးလိုင်းဟာ အစည်ကားဆုံး အချိန်ပင်။

ရွှီရှင်းရဲ့ သတင်းစကားအပြီးမှာတော့ ပြန်စာတွေ တရစပ် တက်လာတော့သည်။

"ဟုတ်ကဲ့ပါ အစ်ကိုကြီး။ ဘယ်သူပဲလာလာ ကျွန်တော်ကတော့ မောင်းထုတ်ပစ်မှာပဲ"

"အခုလို အခြေအနေမျိုးမှာ ဘယ်သူက အဝေးကြီးအထိ လာရဲမှာလဲဗျ"

"ကျွန်တော် အခုမှ နိုးတာ၊ အနားမှာ တစ်ယောက်ယောက် ဖြတ်သွားတာများ ရှိလားမသိဘူး"

"ဟင် တခြားနယ်မြေက လူတွေပါ ရှိနေတာလား"

လောလောဆယ် တောထဲမှာ အစာမရှိသလို အစာရှားပါးမှု ပြဿနာကလည်း ရှိနေသည်။

ဒါ့အပြင် မနေ့ညက တိုက်ပွဲဝင်ခဲ့ရတဲ့သူတွေဟာ အကုန် မောပန်းနေကြတာကြောင့် နေ့ခင်းဘက်ကို အနားယူဖို့ပဲ သုံးနေကြ၏။

ဒါကြောင့်လည်း ကာကွယ်ရေးနယ်မြေတွေ ဆက်နေပေမဲ့ အပြင်ထွက်တဲ့သူ နည်းတာဖြစ်သလို တခြားသူတွေနဲ့ တွေ့တဲ့သူလည်း ရှားနေခြင်းပင်။

အပြင်ထွက်ရင်တောင်မှ တခြားသူတွေရဲ့ သစ်ပင်အိမ်ကို ရှာတွေ့ချင်မှ တွေ့မှာပါ။

ရွှီရှင်းကတော့ ကံကောင်းတယ်လို့ ဆိုရမည်။

သူ့ရဲ့ ဦးတည်ချက် သုံးခုစလုံးမှာ သစ်ပင်အိမ်တွေ ရှိနေ၏။

အသက်ရှင်ကျန်ရစ်သူ အချို့ဟာ အရင်ပွဲတွေတုန်းက သေဆုံးသွားခဲ့ကြတာကြောင့် သူတို့ရဲ့ အိမ်တွေကတော့ ကျန်ခဲ့မှာ မဟုတ်ပေ။

ဒါပေမဲ့ အဲဒီသေဆုံးသွားတဲ့ အိမ်တွေရဲ့ အမြစ်တွေကတော့ မြေအောက်မှာ ရှိနေဦးမှာကြောင့် ၃ ကီလိုမီတာ ကာကွယ်ရေးနယ်မြေကတော့ ရှိနေဦးမည်ဖြစ်သည်။

ထိုစဉ်မှာပင် အမျိုးသမီး၏ အသံသည် ပို၍ နီးကပ်လာချေပြီ။

သူမက အသံကို တတ်နိုင်သမျှ နှိမ့်ပြောနေသော်လည်း

"ကဲ... မပြောတော့ဘူး၊ ငါ တော်တော်နီးနေပြီ။ ...ဟင် ဒီမှာ နောက်ထပ် သစ်ပင်အိမ် တစ်လုံး ရှိသေးတာလား။ ဒီလူကလည်း တခြားသူတွေရဲ့ သစ်ပင်အိမ်ကို လိုက်ခုတ်နေတာပဲ ဖြစ်ရမယ်"

"အေးပါ... ငါ သိပါတယ်၊ ငါ သတိထားပါ့မယ်။ စိတ်ချပါ... ငါ အပိုင်ကိုင်လိုက်ပါ့မယ်"

အမျိုးသမီးသည် ကပ်ပါးအိမ် ၀၁ နှင့် မီတာ အနည်းငယ်သာ ကွာတော့သဖြင့် ရွှီရှင်း ကြားသွားမှာ စိုးသောကြောင့် အသံကို တိုးတိုးလေး ပြောနေသော်လည်း သူကတော့ အထင်အရှား ကြားနေရဆဲ ဖြစ်သည်။

"ငါ့ကို အပိုင်ကိုင်မလို့ ဟုတ်လား...။"

ရွှီရှင်း နှာခေါင်းရှုံ့လိုက်မိသည်။

သူမဟာ တစ်ဖက်ခြမ်းမှာရှိတဲ့ ကပ်ပါးအိမ် ၀၁ ကိုတော့ မြင်ပုံမရသေးပေ။

မဟုတ်ရင်တော့ ဒီထက်ပိုပြီး အံ့သြသွားမှာ သေချာသည်။

တောအုပ်ထဲက တရှဲရှဲ အသံတွေအရ သူမဟာ တစ်ခုခုကို မြေပေါ်ချလိုက်ပြီး နောက် မြေကြီးပေါ်မှာ လူးလိမ့်နေတဲ့ အသံနှင့်ဆင်တူလေသည်။

"သူမ ဘာလုပ်နေတာလဲ...။

ထို့နောက်တွင်တော့ ခြေသံတွေက နီးလာပြီး အနည်းငယ် ကြောက်ရွံ့နေသည့် ဟန်ဆောင်ထားသော အသံတစ်ခု ထွက်ပေါ်လာ၏။

"ဟဲလို... ဘယ်သူရှိလဲရှင့်။ တစ်ယောက်ယောက် ရှိလားဟင်"

ရွှီရှင်းက သူ့ကျောပိုးအိတ်ထဲမှာ လှံပုဆိန် နဲ့ ပေါက်ကွဲမြှားတပ်ထားတဲ့ မြှားသေနတ် ရှိမရှိ စစ်ဆေးလိုက်ပြီးနောက် ကပ်ပါးအိမ် ၀၂ ကနေ ခေါင်းပြူကြည့်လိုက်သည်။

သူမကို သူ ချက်ချင်း မြင်လိုက်ရ၏။

သူမ၏ ခန္ဓာကိုယ် အချိုးအစားမှာ တကယ့်ကို ပြည့်စုံလှပပြီး မျက်နှာလေးမှာ နုနယ်လှသော်လည်း၊ မည်းမှောင်နေတဲ့ ပြာမှုန့်တွေ ပေကျံနေ၏။

ချွေးထွက်နေတဲ့ လက်နဲ့ မျက်နှာကို ပွတ်ထားသလိုမျိုး ပုံစံပေါက်နေသည်။

သူမရဲ့ အဝတ်အစားတွေနဲ့ ဆံပင်တွေမှာလည်း ဖုန်တွေ ပေနေ၏။

သူမသည် စုတ်ပြတ်နေတဲ့ အစပြုသူဝတ်စုံကို ဝတ်ထားပြီး ဖုံးကွယ်သင့်တဲ့ နေရာတွေကိုသာ မနည်းဖုံးထားရသည့် ပုံစံ ဖြစ်နေသည်။

သူမ၏ နုနယ်လှသော အသားအရည်များမှာလည်း ပေါ်လွင်နေ၏။

အမှန်အတိုင်း ပြောရရင်တော့ ကာမစိတ်ကို မဖြေဖျောက်ရတာ ကြာပြီဖြစ်တဲ့ အမျိုးသားတစ်ယောက်အနေနဲ့ ဒီအမျိုးသမီးကို မြင်လိုက်ရတဲ့အခါ ချက်ချင်းပင်စိတ်လှုပ်ရှားသွားရ၏။

ဒီဝတ်စုံက အမျိုးသားတွေအတွက်တော့ တကယ့်ကို အန္တရာယ်ရှိတဲ့ ဝတ်စုံပင်။

သနားစရာကောင်းတဲ့ ပုံစံမျိုးကလည်း လူတိုင်းရဲ့ သနားစိတ်ကို နှိုးဆော်နိုင်စွမ်း ရှိသည် မဟုတ်ပါလား။

ရွှီရှင်း ကပ်ပါးအိမ် ၀၂ ကနေ ခေါင်းပြူထွက်လာတာ မြင်တော့ အမျိုးသမီးမှာ ခဏတာ မှင်သက်သွားရသည်။

သူမက အိမ်ရှင်ဟာ အလယ်က အိမ်ကြီးထဲမှာ ရှိနေမည်ဟုထင်နေခြင်းပင်။

ကြိုပြီး သရုပ်ဆောင်ဖို့ အသံပေးလိုက်တာကို လူက တန်းထွက်လာလိမ့်မည်ဟု သူမ မထင်ထားခဲ့ပေ။

ဒါပေမဲ့ သူမကတော့ တကယ့် ကျွမ်းကျင်သူပင်။

တစ်စက္ကန့်လောက်ပဲ ကြောင်သွားပြီးနောက် ချက်ချင်း သရုပ်ဆောင်တော့သည်။

သူမ၏ မျက်နှာမှာ အံ့သြဝမ်းသာမှုတွေ ပြည့်သွားကာ အရှေ့ကို နှစ်လှမ်းလောက် ယိုင်တိုင်တိုင် လျှောက်လာပြီး

"လူ တကယ်ပဲ လူရှိနေတာပဲ ကူညီပါဦး ကျွန်မရဲ့ သစ်ပင်အိမ်က... အား"

အမျိုးသမီးသည် မြေပေါ်က ကျောက်တုံးတစ်ခုကို တိုက်မိပြီး နာကျင်စွာ အော်ဟစ်ရင်း မြေပေါ်သို့ လဲကျသွားတော့သည်။

သူမက အနိုင်နိုင် ပြန်ထရပ်ဖို့ ကြိုးစားရင်း မျက်လုံးထဲမှာ မျက်ရည်တွေ ဝိုင်းနေကာ လက်မောင်းတွေနဲ့ ခြေထောက်တွေမှာလည်း ဒဏ်ရာတွေရပြီး သွေးတွေတောင် ထွက်နေ၏။

မျက်နှာမှာလည်း သွေးစို့နေတဲ့ အစင်းကြောင်း တစ်ခု ပါနေသေးသည်။

သူမရဲ့ လက်ကောက်ဝတ်မှာတော့ ဘာနာရီမှ ရှိမနေပေ တောထဲမှာပဲ ချန်ထားခဲ့တာ ဖြစ်နိုင်၏။

"ဒီမိန်းမ... သရုပ်ဆောင်တာ တကယ် ကောင်းတာပဲ။"

အကယ်၍ သူ့မှာသာ အကြားအာရုံ မြှင့်တင်တဲ့ စွမ်းရည် မရှိခဲ့လျှင် သူမ စောစောက ပြောခဲ့တဲ့ ရက်စက်တဲ့ စကားတွေနဲ့ တောထဲမှာ အဝတ်အစားလဲပြီး မြေပေါ်လူးနေတဲ့ အသံတွေကို မကြားခဲ့ရင် ရွှီရှင်းလည်း သူမကို တကယ် သနားစရာကောင်းပြီး အားကိုးရာမဲ့နေတဲ့ မိန်းကလေးတစ်ယောက်လို့ ယုံမိမှာ သေချာသည်။

ဒီသရုပ်ဆောင်ချက်ကတော့ အတုမှန်း သိဖို့ တကယ် မလွယ်ပေ။

"ကဲလေ... နင်က သရုပ်ဆောင်ချင်မှတော့ ငါလည်း နင်နဲ့အတူ လိုက်ကပြရမှာပေါ့။"

သူ့နယ်မြေထဲမှာဖြစ်သလို သူမရဲ့ နောက်ကြောင်းကိုလည်း သူ အကုန်သိနေတာကြောင့် ဒီမိန်းမဟာ သူ့ကို ဒုက္ခပေးနိုင်မှာ မဟုတ်ပါဘူး။

ရွှီရှင်းက သူမကို တန်းပြီး ရှင်းပစ်ဖို့ စဉ်းစားခဲ့သော်လည်း သူမက ထိပ်တိုက်ရင်ဆိုင်တာမျိုး မလုပ်တာကြောင့် သူလည်း အလိုက်သင့်ပဲ နေဖို့ ဆုံးဖြတ်လိုက်သည်။

ဘာပဲဖြစ်ဖြစ် သူမဟာ တခြားနယ်မြေက ထိပ်တန်း ကစားသမား ၁၀ ယောက်ထဲက တစ်ယောက်ဖြစ်တာကြောင့် အစွမ်းတစ်ခုခုတော့ ရှိမှာ သေချာသည် မဟုတ်ပါလား။

အရင်ဆုံး စမ်းသပ်ကြည့်ရမှာပေါ့....။

"ခင်ဗျားက ဘယ်သူလဲ၊ ဘယ်က လာတာလဲ"

ရွှီရှင်းက အောက်ကို တန်းမဆင်းသေးဘဲ အပေါ်ကနေ လှမ်းမေးလိုက်သည်။

"ကျွန်မ... ကျွန်မ..."

အမျိုးသမီးက နာကျင်နေတဲ့ အမူအရာနဲ့ သူမရဲ့ လက်မောင်းကို အုပ်ထားရင်း စုတ်ပြတ်နေတဲ့ ဝတ်စုံအောက်က ဝင်းပနေတဲ့ အသားစိုင်တွေက ပေါ်နေတာကြောင့် ရွှီရှင်းပင် မျက်တောင် တစ်ချက် ခတ်လိုက်မိသည်။

"ကျွန်မ မသိတော့ဘူး... ကူညီပါဦး၊ ကျွန်မကို လူတစ်ယောက် လိုက်နေလို့ပါ သူ... သူက ကျွန်မရဲ့ သစ်ပင်အိမ်ကို ခုတ်ပစ်ပြီး ကျွန်မကို ဖမ်းဖို့ လုပ်နေတာ..."

သူမက ပြောရင်းနဲ့ ကြောက်လန့်တကြား အနောက်ကို လှည့်ကြည့်လိုက်ပြီး ကပ်ပါးအိမ် ၀၂ ဆီကို မြေပြင်ပေါ်မှ တွားတက်လာရာ သူမရဲ့ ခြေထောက်တွေမှာ သွေးစအသစ်တွေ ထပ်ထွက်လာပြန်သည်။

သရုပ်ဆောင်ဖို့အတွက်နဲ့တော့ တကယ်ကို အပင်ပန်းခံတာပင်။

ဒါပေမဲ့ သွေးတိတ်မြက် ရှိနေရင် ဒီလို ဒဏ်ရာလေးတွေက ဘာမှ မဟုတ်ပေ။

ရွှီရှင်း သစ်ပင်အိမ်ပေါ်က ဆင်းလာပြီး သူမအနားကို လျှောက်သွားလိုက်၏။

အမျိုးသမီးက သူလာတာ မြင်တော့ ကြောက်သလိုမျိုး အနောက်ကို ထပ်ဆုတ်သွားပြန်သည်။

မျက်နှာမှာ မျက်ရည်စတွေနဲ့ သနားစရာကောင်းတဲ့ ပုံစံကို အပြည့်အဝ ဖော်ဆောင်နေ၏။

စောစောက သူမပြောခဲ့တဲ့ အစီအစဉ်ကောင်းဖို့ လိုတယ်ဆိုတာ ဒါကို ပြောတာ ဖြစ်ရပေမည်။

ပုံမှန်ဆိုရင် ဒီလိုပုံစံမျိုး မြင်ရတဲ့ အမျိုးသားတွေဟာ ကာမစိတ်တွေကြောင့် ဝေခွဲမရ ဖြစ်သွားတတ်ကြ၏။

အဲဒီအချိန်ဟာ သူမအတွက်တော့ အခွင့်ကောင်းပင်။

သူမရဲ့ ဒဏ်ရာရနေတဲ့ ပုံစံကို မြင်တော့ ရွှီရှင်းက သနားတဲ့ အမူအရာပြပြီး လက်ကို ကမ်းပေးလိုက်သည်။

"အရင်ဆုံး သစ်ပင်အိမ်ထဲ လိုက်ခဲ့ပါဦး၊ ခင်ဗျားနာမည် ဘယ်လိုခေါ်လဲ"

သူ့ရဲ့ နောက်လက်တစ်ဖက်ကတော့ ကျောပိုးအိတ်ထဲက လှံပုဆိန် သို့မဟုတ် မြှားသေနတ်ကို အချိန်မရွေး ထုတ်ဖို့ အသင့်ပြင်ထား၏။

"ကျွန်မ..."

အမျိုးသမီးက သူ့လက်ကို ကြောက်လန့်တကြား ကြည့်ပြီး လက်မကမ်းလာပေ။

အနောက်ကို ထပ်ဆုတ်သွားပြန်ပြီး အမျိုးသားတွေရဲ့ လက်ကို မြင်ရင် စိတ်ဒဏ်ရာ ရှိနေသလိုမျိုး ဟန်ဆောင်နေပြန်သည်။

"ကျွန်မ နာမည်က လုဖေးအာ ပါ၊ ဟို... ကျွန်မ..."

သူမက ရှေ့က အမျိုးသားကပါ သူမကို ဒုက္ခပေးလာမှာ စိုးရိမ်နေတဲ့ ပုံစံမျိုးကို လုပ်ပြနေ၏။

ရွှီရှင်းက သူမရဲ့ ကိုယ်မှာ လွယ်ထားတဲ့ လွယ်အိတ်လေးကို သတိထားမိလိုက်သည်။

၎င်းမှာ ဟောင်းနွမ်းပြီး ဖာထေးထားသော်လည်း သူ့ရဲ့ ပစ္စည်းခွဲခြားနိုင်တဲ့ စွမ်းရည်အရတော့ အဖြူရောင်အဆင့် အလင်းတန်း ထွက်နေ၏။

"အဖြူရောင် လွယ်အိတ် ပါလား...သားရဲအရေခွံ အစုတ်တွေနဲ့ လုပ်ထားတာလားမသိဘူး။"

ရွှီရှင်း နှုတ်ခမ်း တစ်ချက် တွန့်သွားရသည်။

ဒါဟာ ကြိုတင်ပြင်ဆင်ထားတဲ့ အထောက်အကူပြု ပစ္စည်း ဆိုတာ သေချာလှသည်။

ဒါပေမဲ့ သူမက သရုပ်ဆောင်တာ နည်းနည်း လွန်သွားသလားလို့ တွေးမိ၏။

အခုချိန်မှာ ဘယ်သူက အဖြူရောင်လွယ်အိတ် သုံးမှာလဲ။

သနားစရာကောင်းအောင် လုပ်တာကတော့ တကယ်ကို လက်ကုန်ပင်။

ဒါပေမဲ့လည်း သူမရဲ့ စုတ်ပြတ်နေတဲ့ ဝတ်စုံ နုနယ်တဲ့ ကိုယ်ခန္ဓာနဲ့ မျက်ရည်စတွေရှိတဲ့ လှပတဲ့ မျက်နှာလေးဟာ အမျိုးသားတွေရဲ့ ကာကွယ်ပေးချင်တဲ့ စိတ်ကို နှိုးဆော်ဖို့အတွက်တော့ တကယ်ကို ရှိနေတာ အမှန်ပင်။

ငါတို့ရဲ့ နာမည်ကျော် စိတ်ခံစားမှုဆိုင်ရာ ပညာရှင်ကြီး ယင်စုစု ပြောခဲ့သလိုပေါ့ မိန်းမတွေက လှလေလေ လိမ်ညာတတ်လေလေ ဆိုတာ တကယ်ကို မှန်ကန်လှသည် မဟုတ်ပါလား။

ဒါပေမဲ့ ရွှီရှင်းကတော့ အမှန်တရားကို သိနေတာကြောင့် စိတ်ထဲမှာ ဘာမှ မဖြစ်တဲ့အပြင် ရယ်တောင် ချင်နေမိသည်။

"စိတ်မပူပါနဲ့၊ ကျွန်တော်က လူကောင်းပါ။ ခင်ဗျား တစ်ယောက်ယောက်ကို ရှောင်နေတာ မဟုတ်လား။ ကျွန်တော် ကူညီပေးပါ့မယ်။ ကျွန်တော်က တော်တော် သန်မာတာမို့ သူ့ကို အေးဆေး ရှင်းပေးနိုင်ပါတယ်"

ရွှီရှင်းက သူမ ပြောခဲ့တဲ့ စကားလုံးကိုပဲ ပြန်သုံးပြီး ခင်ခင်မင်မင် ပြုံးပြလိုက်၏။

ရှင်းပေးနိုင်ပါတယ်ဆိုတဲ့ စကားကို ကြားတော့ လုဖေးအာ ရဲ့ ကိုယ်လုံးလေး တစ်ချက် တုန်သွားရသည်။

သူမ ပါးစပ်ဟပြီး တစ်ခုခု ပြောဖို့ ပြင်လိုက်စဉ်မှာပဲ ရွှီရှင်းက သူမရဲ့ ကိုယ်နားကို လက်လှမ်းလိုက်၏။

သူမ မျက်တောင် တစ်ချက် ခတ်သွားသော်လည်း တားဆီးခြင်း မရှိပေ။

"ဝံပုလွေကို ဖမ်းချင်ရင် ကလေးကိုတော့ အရင်းအနှီး လုပ်ရမှာပေါ့။"

ဒါပေမဲ့ ရွှီရှင်းက သူမကို မထိပေ။

သူမရဲ့ ပုခုံးမှာ လွယ်ထားတဲ့ အဖြူရောင်လွယ်အိတ်ကို တိုက်ရိုက် ဖြုတ်ယူလိုက်ခြင်း ဖြစ်သည်။

"အာ..."

လုဖေးအာ မှင်သက်သွားရ၏။

ပြီးမှ သတိဝင်လာပြီး လှမ်းယူဖို့ လုပ်သော်လည်း လွယ်အိတ်က ရွှီရှင်းလက်ထဲ ရောက်သွားချေပြီ။

သူမရဲ့ မျက်လုံးတွေ ပြူးသွားရပြီး မျက်ရည်တစ်စက သူမရဲ့ ပါးပေါ်ကို အမှတ်မထင် စီးကျလာတော့သည်။

"ဘုရားရေ ဒီလောက် သနားစရာကောင်းတဲ့ မိန်းမတစ်ယောက်ဆီကနေ လွယ်အိတ်ကို လုယူတဲ့လူ ရှိနေပါ့လားရှင်"

အဲဒီလွယ်အိတ်က အဖြူရောင်အဆင့်ပဲ ရှိတာလေ...။

ရှင်က လေးထပ်ရှိတဲ့ ခရမ်းရောင်အဆင့် သစ်ပင်အိမ်ကို ပိုင်ဆိုင်ပြီး ဘာမှန်းမသိတဲ့ အဆင့်မြင့် ဝတ်စုံကိုတောင် ဝတ်ထားတာကို ဒီအဖြူရောင် လွယ်အိတ်လေးကိုတောင် လုယူရတယ်လို့...။

"ငါ့ရဲ့ အလှက အဖြူရောင်လွယ်အိတ်လောက်တောင် စိတ်မဝင်စားစရာ ကောင်းနေလို့လား"

"ခင်ဗျား တော်တော် ပင်ပန်းနေပုံရတယ်၊ ကျွန်တော်ပဲ သယ်ပေးပါ့မယ်။ လာ... လိုက်ခဲ့တော့"

ရွှီရှင်းက သူမဆီက အန္တရာယ်ရှိတဲ့ အရာတစ်ခုကို ဖယ်ရှားလိုက်ပြီးနောက် လုဖေးအာ ဆီသို့ လက်ကို တစ်ဖန် ပြန်ကမ်းပေးလိုက်တော့၏။

"ကျွန်မ... ကျွန်မ..."

လုဖေးအာ မှာတော့ မတတ်သာဘဲ သူမရဲ့ လက်ကလေးကို ရွှီရှင်းလက်ထဲ ထည့်လိုက်ရကာ ရွှီရှင်းရဲ့ ဆွဲထူမှုကြောင့် မြေပြင်ပေါ်ကနေ ထလာခဲ့ရတော့၏။

---

အခန်း ၂၀၁ ပြီး။

*****

All Chapters