အခန်း (၂၀၂-၂၀၃)
Vol. 14 Ch. 202-203
အခန်း (၂၀၂) - လုဖေးအာကို ထိန်းချုပ်ခြင်း
ဒီအမျိုးသား သစ်ပင်အိမ်ပြတင်းပေါက်မှာ ပေါ်လာကတည်းက လုဖေးအာဟာ တုန်လှုပ်နေခဲ့၏။
ရှေ့ကလူဟာ ကပ်ပါးသစ်ပင်အိမ်ကို စိုက်ထားနိုင်တယ်ဆိုကတည်းက သူမလိုပဲ တခြားအသက်ရှင်ကျန်ရစ်သူတွေရဲ့ သွေး စွန်းဖူးတဲ့သူ ဖြစ်မှာပဲလေ။
သူက အပျော့ဆွဲဆွဲလို့ရမယ့်သူ မဟုတ်သလို ခွန်အားကလည်း သူမထက် သာမှာ သေချာသည်။
ဒါကြောင့်လည်း သူမက ဒီနည်းလမ်းကို သုံးဖို့ ဆုံးဖြတ်ခဲ့၏။
စိတ်ထားနုတဲ့သူတွေဆိုရင် သူမရဲ့ အခြေအနေကို မြင်တာနဲ့ အကူအညီတောင်းတာကို လက်ခံကြမှာပင်။
တစ်ဖက်လူက သတိကြီးနေရင်တောင် သူမရဲ့ သရုပ်ဆောင်အရည်အချင်းနဲ့ဆိုလျှင် ယုံကြည်မှုရအောင် လုပ်နိုင်မယ်လို့ သူမ ယုံကြည်နေ၏။
တကယ်လို့ သူက ရက်စက်တဲ့သူဆိုရင်တောင် သူမရဲ့ ရုပ်ရည်က အသုံးချလို့ရသေး၏။
ချက်ချင်း အသတ်ခံရမှာမဟုတ်ဘဲ နောက်မှ အခွင့်သာရင် ပြန်တိုက်ခိုက်ဖို့ အချိန်ရနိုင်သေးသည်။
တကယ်တော့ သူမရဲ့ အလှအပကို စိတ်မဝင်စားတဲ့ ရက်စက်တဲ့သူတွေ ရှိနိုင်သလို အမျိုးသမီးအချင်းချင်းဆိုရင်လည်း ဆွဲဆောင်လို့ ရမှာမဟုတ်ပေ။
ဒါပေမဲ့ ယေဘုယျအားဖြင့်တော့ ဒီလိုကမ္ဘာပျက်ကပ်ကြီးထဲမှာ အမျိုးသမီးတွေ အထူးသဖြင့် ဒီအရွယ်တွေဟာ အမျိုးသမီးအချင်းချင်းအပေါ် သနားကြင်နာစိတ် ပိုရှိတတ်ကြတာမို့ ဘာမှထွေထွေထူးထူး ဖြစ်မှာမဟုတ်ဘူးလို့ သူမ တွက်ထားခြင်းဖြစ်သည်။
တစ်ခုခုဖြစ်လာခဲ့ရင်တောင်မှ အရင်းအနှီးကြီးကြီးပေးပြီး ထွက်ပြေးနိုင်မယ့် နည်းလမ်းတွေ သူမမှာ ရှိနေ၏။
အခုချိန်မှာ အသက်ရှင်ကျန်ရစ်သူတွေဟာ လူသားအချင်းချင်း မတွေ့ရတာ ကြာပြီဖြစ်တာကြောင့် ဒီနည်းလမ်းက တော်တော်လေး အလုပ်ဖြစ်သည်။
အရင်က တစ်ယောက်ကို ရှင်းထုတ်တုန်းကဆိုရင် သူမ သိပ်ပြီး အားစိုက်စရာတောင် မလိုခဲ့ပေ။
စကား နှစ်ခွန်း၊ သုံးခွန်းလောက်နဲ့တင် သူက အကွက်ထဲဝင်လာပြီး သူမကို သူ့အိမ်ထဲခေါ်ဖို့ စိတ်အားထက်သန်နေခဲ့၏။
သူမကို ကျောပေးလိုက်တဲ့ အခိုက်အတန့်ဟာ တကယ့်ကို အခွင့်ကောင်းပဲ မဟုတ်ပါလား။
ဒါပေမဲ့ ရှေ့က အမျိုးသားကိုတော့ သူမ ခန့်မှန်းလို့ မရဘူးဖြစ်နေသည်။
သူ့ဆီကနေ သနားကြင်နာတဲ့ အရိပ်အယောင်လည်း မတွေ့ရသလို၊ သူမအပေါ် တစ်ခုခု ကြံစည်ချင်တဲ့ ပုံစံလည်း မရှိပေ။
သူ့ကို လာပြီး စနောက်မိတာကိုတောင် သူမ နောင်တရမိသွားရ၏။
သူဝတ်ထားတဲ့ ချပ်ဝတ်က တစ်ခါမှ မမြင်ဖူးတဲ့ အမျိုးအစားဖြစ်သလို၊ သူမရဲ့ လက်ကို ကိုင်ထားတဲ့ သူ့လက်တွေကလည်း သံမဏိလို မာကျောနေတာကြောင့် ရုန်းထွက်လို့ မရနိုင်ဘူးလို့ သူမ ခံစားနေရသည်။
ဒီလူဟာ သူမနဲ့ အဆင့်ချင်း မတူလောက်ပေ။
ပြီးတော့ သူက သူမရဲ့ လွယ်အိတ်ကိုပါ အကြောင်းပြချက်မရှိဘဲ သိမ်းသွား၏။
သူ့ရုပ်ရည်ကတော့ မဆိုးလှကာ အရပ်ရှည်ရှည်၊ ရုပ်ချောချောနဲ့ အမြဲတမ်း ပြုံးနေတဲ့ မျက်နှာနှင့်ပင်။
ဒါပေမဲ့ သူ့ရဲ့ လုပ်ရပ်တွေကတော့ ထူးဆန်းလွန်းလှသည်။
ရုပ်ရှင်တွေ၊ ကာတွန်းတွေထဲက ပြုံးနေပေမဲ့ ရက်စက်တတ်တဲ့ လူဆိုးကြီးတွေနဲ့ တူ၏။
တော်တော် ကြောက်ဖို့ကောင်းတာပဲ...။
သူမ နယ်မြေထဲက ထိပ်တန်းလူတွေရဲ့ လျှို့ဝှက်ချက်တွေကို သူမ သိထားသော်လည်း ဘယ်သူမှ ဒီလောက်အထိ အစွမ်းမထက်ကြပေ။
ဒီတစ်ခါတော့ တခြားနယ်မြေက တကယ့် လူနဲ့ တိုးလေပြီ။
ရွှီရှင်းသာ သူမရဲ့ အတွေးတွေကို ကြားနိုင်ရင်တော့ တကယ်ကို မတရားဘူးလို့ အော်မိမှာပါ။
သူကတော့ တတ်နိုင်သမျှ ဖော်ဖော်ရွေရွေနဲ့ သနားတဲ့ အမူအရာပြနေတာလေ။
ဘယ်လိုလုပ်ပြီး လူဆိုးကြီး ဖြစ်သွားရတာလဲ...။
ဒါပေမဲ့ သူ့ရဲ့ သရုပ်ဆောင်မှုကတော့ သိပ်မကောင်းတာ အမှန်ပင်။
သာမန်လူကို လိမ်လို့ရပေမဲ့ လုဖေးအာလို မွေးရာပါ သရုပ်ဆောင်ကောင်းတဲ့သူ ရှေ့မှာတော့ သူ့ရဲ့ ဟန်ဆောင်မှုက အလွယ်တကူ အမိခံလိုက်ရ၏။
ရွှီရှင်း သူမကို ပင်မသစ်ပင်အိမ်ဆီ ခေါ်မသွားပေ။
ငွေရောင်ဘုရင်နဲ့ မီမီတို့ ရှိနေတာကြောင့် ဘာမှမဖြစ်နိုင်ဘူးဆိုပေမဲ့၊ သူ့အိမ်ရဲ့ အခြေအနေကို တခြားသူ မမြင်စေချင်ပေ။
အထူးသဖြင့် ဒီမိန်းမက တခြားနယ်မြေက ထိပ်တန်းလူ ဖြစ်နေတာကြောင့် အိမ်ကို တစ်ခုခု ဒုက္ခပေးသွားရင် ပြဿနာ တက်နိုင်သည် မဟုတ်ပါလား။
သူမကို ကပ်ပါးအိမ် ၀၂ ဆီ ခေါ်သွားပြီး၊ ကုလားထိုင် နှစ်လုံးကို ချက်ချင်း လုပ်လိုက်ကာ လုဖေးအာနဲ့ မျက်နှာချင်းဆိုင် ထိုင်လိုက်သည်။
သစ်ပင်အိမ်ထဲ ရောက်သွားပြီဆိုရင် ပိုင်ရှင်ရဲ့ ခွင့်ပြုချက်မရှိဘဲ ပုံမှန်အတိုင်း ထွက်ဖို့က မလွယ်လှပေ။
ပြတင်းပေါက်ကနေ ခုန်ချလို့ ရတယ်ဆိုပေမဲ့ ဒီအိမ်က သေးတယ်ဆိုရင်တောင် ပြတင်းပေါက်က ၄ မီတာကျော် မြင့်တာကြောင့် လူတိုင်း ခုန်ချနိုင်တာ မဟုတ်ပေ။
"ကျေးဇူးတင်ပါတယ်..."
လုဖေးအာက တိုးတိုးလေး ပြောလိုက်၏။
သူမ တစ်ခုခု မှားနေပြီလို့ ခံစားလိုက်ရသည်၊ ဟာလာဟင်းလင်း အခန်းထဲမှာ ကုလားထိုင် နှစ်လုံးပဲ ရှိနေတာက စစ်ဆေးရေး အခန်းနဲ့ တူတူပဲမဟုတ်လား။
သူမ ထိုင်လိုက်ပြီး ခြေထောက်တွေကို စေ့ထားကာ လက်ကလေးတွေကို ဒူးပေါ်မှာ တုန်တုန်ရင်ရင် တင်ထားရင်း ပခုံးလေး တွန့်နေရှာသည်။
တကယ့်ကို ထိတ်လန့်နေတဲ့ ပုံစံမျိုးပင်။
"စိတ်လျှော့ပါ၊ ခင်ဗျားအကြောင်း ပြောပြပါဦး"
"ကျွန်မ... ကျွန်မအကြောင်းလား"
လုဖေးအာက ခေါင်းငုံ့ထားပြီး မျက်လုံးလေးတွေ ကစားကာ သူမရဲ့ ဇာတ်လမ်းကို စတင်ပြောပြတော့သည်။
သူမက သာမန် အသက်ရှင်ကျန်ရစ်သူ တစ်ယောက်ဖြစ်ကာ ကံကောင်းလို့သာ အခုထိ အသက်ရှင်နေတာဖြစ်ပြီး အကြိမ်ကြိမ် သေဘေးက လွတ်ခဲ့ရပါကြောင်း။
ဒီပွဲပြီးတော့ အိမ်မှာ အစာကုန်သွားတာနဲ့ အပြင်ထွက်ရှာရာကနေ နှစ်နာရီလောက် လိုက်ရှာပေမဲ့ စားစရာ ဘာမှမတွေ့ဘဲ အိမ်ပြန်ရောက်တော့ တစ်ယောက်ယောက်က သူမရဲ့ သစ်ပင်အိမ်ကို ခုတ်နေတာ တွေ့လိုက်ရကြောင်း။
အဲဒီလူက တော်တော် သန်မာပြီး နောက်ဆုံးမှာ သူမအိမ်ကို လဲအောင် ခုတ်ပစ်လိုက်ကာ သူမဆီကို ရက်စက်တဲ့ အပြုံးနဲ့ လျှောက်လာတာကြောင့် ကြောက်လန့်တကြား ထွက်ပြေးလာခဲ့ရကြောင်း။
ဘယ်လောက်တောင် ပြေးခဲ့လဲ သူမ မသိတော့ပင်မယ့် အားကုန်ပြီး မောနေတဲ့အချိန်မှာ တောအုပ်ထဲက မြင့်မားတဲ့ သစ်ပင်အိမ်ကြီးကို လှမ်းမြင်လို့ ဒီကို ယိုင်တိုင်တိုင်နဲ့ ရောက်လာခဲ့ရပါကြောင်း။
ပြောရင်းနဲ့ သူမရဲ့ မျက်လုံးထဲမှာ မျက်ရည်တွေ ဝိုင်းလာပြန်သည်။
ဇာတ်လမ်းကတော့ တကယ်ကို ကောင်းလှပါ၏။
ဒါပေမဲ့ ရွှီရှင်းကတော့ မျက်လုံးပဲ လှန်မိတော့သည်။
"သရုပ်ဆောင်တာတွေ ရပ်လိုက်ရင် ကောင်းမလား။"
သူမ ပြောသမျှက အလိမ်တွေဖြစ်ကာ အသုံးဝင်တဲ့ သတင်းစကား တစ်ခုမှ မပါဘဲ အချိန်ကုန်နေရ၏။
"ခင်ဗျားက ဘယ်နယ်မြေကလဲ"
ရွှီရှင်းက မေးလိုက်၏။
"ကျွန်မက တောအုပ် ၁၈၇ နယ်မြေကပါ"
လုဖေးအာက ပြန်ဖြေသည်။
ဒါကတော့ ပြဿနာ မရှိပေ။
ရွှီရှင်း ခန့်မှန်းထားသလိုပဲ သူမဟာ လဲ့ယိုဖန်းနဲ့ နယ်မြေတူတူပင်။
သူ့ပတ်ဝန်းကျင်မှာ ရှိတဲ့ အိမ်လေးလုံးစလုံးက ဒီနယ်မြေကပဲ ဖြစ်ရမည်၊ နယ်မြေ ၁၈၈ နဲ့ ၁၈၇ တို့ ထပ်နေတဲ့ နေရာပေါ့။
ရွှီရှင်း စကားမပြောခင်မှာပဲ လုဖေးအာက ကြမ်းပြင်ပေါ်မှာ ပြူထွက်နေတဲ့ သစ်ပင်အိမ် ဗဟိုချက်ကို လက်ညှိုးထိုးပြပြီး...
"ဟို... အဲဒါက ဘာလဲဟင်" လို့ စပ်စုကြည့်သည်။
သစ်ပင်အိမ် ဗဟိုချက်ဆီက ထွက်နေတဲ့ အဖြူရောင် အလင်းဖျော့ဖျော့က သူမ အိမ်ထဲဝင်ကတည်းက သူမအာရုံကို ဆွဲဆောင်နေခြင်းပင်။
သူမရဲ့ မေးခွန်းက ရွှီရှင်းကို အံ့သြသွားစေသည်။
"သူမက သစ်ပင်အိမ် ဗဟိုချက်အကြောင်း မသိဘူးလား။"
သူမမှာ ကပ်ပါးသစ်ပင်အိမ် မျိုးစေ့ ရှိနေမှတော့ ဗဟိုချက်ကို ဘယ်လိုလုပ် မရဘဲ နေမှာလဲ။
ရွှီရှင်း ရုတ်တရက် သတိရသွားသည်မှာ သူက ဗဟိုချက်ကို သစ်ပင်အိမ် မသေခင်မှာတင် ပင်စည်ကို ခုတ်ဖွင့်ပြီး ထုတ်ယူခဲ့ခြင်းပင်။
သာမန်လူဆိုရင်တော့ ဒီနည်းလမ်းကို စဉ်းစားမိမှာ မဟုတ်ပေ။
ခဲခဲလေးသာ မရှိရင် သူလည်း ကြမ်းပြင်ကို ခုတ်ဖွင့်ကြည့်ဖို့ စဉ်းစားမိမှာ မဟုတ်လောက်ပေ။
"ဒါဆိုရင် သစ်ပင်အိမ်ကို တိုက်ရိုက် ခုတ်တာ ဒါမှမဟုတ် တူးတာမျိုး လုပ်ရင် ဗဟိုချက်က ပျောက်သွားတာမျိုးလား။ ဒါမှမဟုတ် အသက်ရှင်နေတဲ့ ပင်စည်ထဲကနေပဲ ထုတ်ယူလို့ ရတာလားမသိဘူး။"
"ခင်ဗျား ဒါကို တစ်ခါမှ မရဖူးဘူးလား"
ရွှီရှင်းက မေးလိုက်၏။
"...ဟင် တစ်ခါမှ မမြင်ဖူးပါဘူး။ ကျွန်မဆီမှာ ကုန်ကြမ်းတွေလည်း မရှိပါဘူး။ ဟို... ကျွန်မကို သွေးတိတ်ဆေးလေး နည်းနည်းလောက် ပေးလို့ ရမလားဟင်။ တကယ် နာနေလို့ပါ..."
ရွှီရှင်း သူမကို တစ်ချက်ကြည့်လိုက်ပြီး လက်ပတ်နာရီကနေ အစိမ်းရောင်အဆင့် သွေးတိတ်မြက် အချို့ကို ချက်ချင်း ပေးလိုက်သည်။
ဒါကို မြင်တော့ လုဖေးအာရဲ့ မျက်ဆန်တွေ ကျုံ့သွားရ၏။
"ဘုရားရေ... လက်ပတ်နာရီကနေ ပစ္စည်းလွှဲပေးနေတာပဲ၊ ခရမ်းရောင်အဆင့် နာရီပေါ့။ သူက ဒီနယ်မြေရဲ့ နံပါတ် ၁ အဆင့်ရှိတဲ့သူပဲ။ ငါ ဘယ်လို မိစ္ဆာကြီးနဲ့ သွားတိုးမိတာလဲဟာ။"
"မေမေရေ... သမီး အိမ်ပြန်ချင်ပြီ...။"
"မဟုတ်သေးပါဘူး... နံပါတ် ၁ ဖြစ်တော့ ဘာဖြစ်လဲ။ ကံဆိုတာ ရဲရင့်တဲ့သူဘက်မှာ ရှိတာပဲလေ"
ရွှီရှင်းက သူမကို ကျောက်တုံး နှစ်တုံး ပေးလိုက်ပြီး ကိုယ့်ဘာသာ ကြိတ်ဖို့ ပြောလိုက်၏။
လုဖေးအာ နှုတ်ခမ်း တစ်ချက် တွန့်သွားသော်လည်း ကျောက်တုံးတွေကို ယူပြီး ဆေးမြက်ပင်တွေကို ကြိတ်လိုက်သည်။
ပြီးနောက် ဒဏ်ရာကို ဆေးထည့်ဖို့အတွက် သူမရဲ့ အဝတ်အစားတွေကို ချွတ်ဖို့ ပြင်လိုက်၏။
တစ်ဝက်လောက် ရောက်တော့မှ တစ်ခုခုကို သတိရသွားသလိုမျိုး ရွှီရှင်းကို ကြောက်လန့်တကြား လှမ်းကြည့်ပြီး
"ဟို... ခဏလောက် အနောက်လှည့်ပေးလို့ ရမလားဟင်"
ရွှီရှင်း မျက်မှောင် တစ်ချက် ကြုတ်လိုက်မိသည်။
တစ်ခုခု ကောင်းတာ မြင်ရတော့မယ်လို့ သူ မျှော်လင့်ထားတာလေ။
ဒါပေမဲ့ အခုပုံစံကလည်း အမျိုးသားတစ်ယောက်အတွက်တော့ တော်တော်လေး ဆွဲဆောင်မှု ရှိနေ၏။
အမှန်တရားကို မသိတဲ့ အမျိုးသားတစ်ယောက်ဆိုရင်တော့ စိတ်မထိန်းနိုင်ဘဲ ဖြစ်သွားလောက်သည်။
အကယ်၍ သူသာ စိတ်မထိန်းနိုင်ဘဲ သူမအပေါ် ခုန်အုပ်မိရင်ဖြစ်ဖြစ်၊ သူမ ပြောသလို ကျောပေးလိုက်ရင်ဖြစ်ဖြစ် ပြဿနာကြီးကြီး တက်နိုင်သည် မဟုတ်ပါလား။
ဒီမိန်းမက အခုထိ သူ့အသက်ကို ယူဖို့ ကြံစည်နေတုန်းပင်။
သူမရဲ့ လွယ်အိတ်ကို သူ သိမ်းထားတယ်ဆိုပေမဲ့ အဲဒီထဲမှာ အစိမ်းရောင်အဆင့် ဓားမြှောင်တစ်လက်နဲ့ ပန်းသီးအချို့ပဲ ရှိ၏။
ဒီလွယ်အိတ်က ဘာအတွက်လဲဆိုတာ သူ တကယ် စဉ်းစားလို့ မရပေ။
အာရုံလွှဲဖို့ သက်သက်လား။
အဲဒီလိုဆိုရင်တော့ သူမမှာ လက်နက်မရှိရင်တောင် အန္တရာယ် ရှိနေတုန်းပင်။
"ခင်ဗျား ကိုယ့်ဘာသာ အရင်လုပ်ထားလိုက်ဦး၊ ကျွန်တော် ဟိုအိမ်ကို သွားပြီး ခင်ဗျားအတွက် အဝတ်အစား အချို့ သွားယူပေးမယ်"
ရွှီရှင်း ထရပ်လိုက်၏။
သူက အဝတ်အစား သွားယူမှာ မဟုတ်ပေ။
သူမ တောထဲမှာ လူးလှိမ့်ခဲ့တဲ့ နေရာကို သွားပြီး သူမ ဘာတွေ ချန်ထားခဲ့လဲဆိုတာ သွားစစ်ချင်နေ၏။
"...ဪ... ဟုတ်ကဲ့ပါ"
ဒီလိုနဲ့ ရွှီရှင်း ကပ်ပါးအိမ် ၀၂ ထဲကနေ ထွက်လာခဲ့ပြီး၊ လုဖေးအာကတော့ အထဲမှာ ကြောင်တောင်တောင်နဲ့ ကျန်ခဲ့ရှာသည်။
"ဒီလူကတော့... စိတ်ဓာတ်က တကယ် မာကျောတာပဲလား။ ဒါမှမဟုတ် သူက စိတ်မဝင်စားတာလား။ သူက ယောက်ျားချင်း ကြိုက်တာများလားမသိဘူး"
လုဖေးအာက သစ်ပင်အိမ်ထဲမှာ သူမဘာသာ တိုးတိုးလေး ရေရွတ်လိုက်သော်လည်း ရွှီရှင်းရဲ့ အကြားအာရုံကတော့ အကုန် ကြားလိုက်ရ၏။
ရွှီရှင်း - "..."
သူ ခေါင်းခါလိုက်ပြီး လုဖေးအာ အသံပေးခဲ့တဲ့ နေရာကို အမြန်သွားလိုက်ရာ၊ သစ်ပင်အုပ်ကြားမှာ ချိတ်ထားတဲ့ အပြာရောင်အဆင့် ကျောပိုးအိတ်ကို ချက်ချင်း တွေ့လိုက်ရတော့သည်။
သေသေသပ်သပ် ဖုံးကွယ်ထားတာကြောင့် သာမန်လူဆိုရင်တော့ မြင်မှာမဟုတ်လောက်ပေ။
ဒါပေမဲ့ သူ့ရဲ့ ပစ္စည်းခွဲခြားနိုင်တဲ့ စွမ်းရည်အရတော့ သစ်ရွက်တွေကြားက အပြာရောင် အလင်းတန်းက တကယ်ကို သိသာလှသည်။
ရွှီရှင်း သစ်ပင်ပေါ်ကို လျင်မြန်စွာ တက်ပြီး ကျောပိုးအိတ်ကို ယူလိုက်၏။
ကျောပိုးအိတ်ထဲက ပစ္စည်းတွေကတော့ သူ ထင်ထားသလို အပြာရောင်အဆင့် စက်နာရီ တစ်လုံး၊ အပြာရောင်အဆင့် သားရေချပ်ဝတ် တစ်စုံ၊ လေးနဲ့ မြှား၊ လှံ၊ ဓားရှည် စတဲ့ အပြာရောင်အဆင့် ကျောက်လက်နက်တွေနဲ့ အပြာရောင်အဆင့် အသီးအနှံတွေဖြစ်၏။
ဒါပေမဲ့ သူမဆီမှာ သတ္တုလက်နက်နဲ့ ချပ်ဝတ်တွေတော့ မရှိတဲ့ ပုံပင်။
သတ္တုပစ္စည်းတွေက ရွှေရောင်သေတ္တာ ဖွင့်မှ ရတာဆိုတော့၊ နယ်မြေ ၁၈၇ မှာ ခိုင်မာတဲ့ အဖွဲ့အစည်း မရှိတာကြောင့် သူမအနေနဲ့ တခြားသူဆီကလည်း ရမှာ မဟုတ်လောက်ပေ။
ဒါမှမဟုတ် သူတို့နယ်မြေမှာ ဘယ်သူမှ ရွှေရောင်သေတ္တာ မတွေ့တာလည်း ဖြစ်နိုင်ပေမဲ့၊ အပြာရောင်အဆင့် သားရေထည်တွေနဲ့ ကျောက်လက်နက်တွေ ရှိနေမှတော့ နယ်မြေ တိုးတက်မှုကတော့ သိပ်ပြီး နောက်ကျမှာ မဟုတ်လောက်ပေ။
သူသည် အပြာရောင်အဆင့် နာရီကို ထုတ်ပြီး ပွတ်ကြည့်လိုက်ရာ
"ဟင်"
သူ အံ့သြသွားသည်မှာ ဒီနာရီကို သူ ထိန်းချုပ်လို့ ရနေ၏။
"တကယ်ကြီးလား နာရီကို တခြားသူက ထိန်းချုပ်လို့ ရနေပါလား"
နာရီအပေါ်မှာ ပုံရိပ်ယောင် မျက်နှာပြင်လေးတစ်ခု ပေါ်လာပြီး ရွှီရှင်းရဲ့ နာရီနဲ့ တစ်ပုံစံတည်းပင်။
သူ နယ်မြေဆက်သွယ်ရေးလိုင်းကို ဖွင့်ကြည့်လိုက်ရာ နယ်မြေ ၁၈၇ မှာ လူဦးရေ ၈၂၄ ယောက်ပဲ ကျန်တော့တာ တွေ့ရ၏။
လဲ့ယိုဖန်း လိမ်မပြောခဲ့တာမဟုတ်ပေ။
ဆက်သွယ်ရေးလိုင်းထဲက စကားဝိုင်းတွေမှာလည်း လဲ့ယိုဖန်းရဲ့ နာမည်ကို သူ တွေ့လိုက်ရ၏။
ဒီတစ်ခါတော့ တကယ့်ကို ထီပေါက်တာပင်။
ဒါပေမဲ့ နာရီကို တခြားသူ ထိန်းချုပ်လို့ ရတယ်ဆိုတာက နှစ်ဖက်သွား ဓားလိုပါပဲ။
သူက တခြားသူရဲ့ နာရီကို ထိန်းချုပ်လို့ ရသလို၊ တခြားသူကလည်း သူ့နာရီကို ထိန်းချုပ်လို့ ရနိုင်၏။
သူ့နာရီမှာ လုပ်ဆောင်ချက်တွေ အများကြီး ရှိနေတာကြောင့် တခြားသူလက်ထဲ ရောက်သွားရင် သူ့သစ်ပင်အိမ် တစ်ခုလုံးကို ပေးလိုက်ရတာနဲ့ တူတူပင်။
ဒီသတင်းကို တခြား စူးစမ်းရှာဖွေသူတွေကို သူ ပြောပြရမည်။
ထိုစဉ်မှာပဲ တစ်စုံတစ်ယောက် ခုန်ဆင်းလိုက်တဲ့ အသံနဲ့ ခြေသံတိုးတိုးလေးတွေကို သူ ကြားလိုက်ရ၏။
ဒီမိန်းမ၊ ထွက်ပြေးဖို့ ကြိုးစားနေတာပါလား...။
လုဖေးအာဟာ ပင်မသစ်ပင်အိမ်ကြီးကို အကဲခတ်ရင်း သူမရဲ့ အိတ်ဝှက်ထားတဲ့ ချုံပုတ်တွေဆီကို ပြေးနေတော့သည်။
"ဒီလူက တော်တော် ကြောက်ဖို့ကောင်းတာပဲ၊ ငါ့ကို သံသယ ဝင်နေပြီထင်တယ်။ သူ့ကို သွားမစတာ အကောင်းဆုံးပဲ၊ မြန်မြန်ပြေးပြီး ကိုယ့်အိမ်ကို ပြန်မှ။ အိမ်ရောက်ရင်တော့ သူ ငါ့ကို ဘာမှ လုပ်နိုင်မှာ မဟုတ်ပါဘူး"
လုဖေးအာက သူမဘာသာ ရေရွတ်ရင်း အရှိန်မြှင့်လိုက်၏။
ဒါပေမဲ့ သူမ ခေါင်းလှည့်ကြည့်လိုက်တဲ့ အခါမှာတော့၊ သစ်ပင် ပင်စည်ကို မှီပြီး လှောင်ပြုံးပြုံးနေတဲ့ ရွှီရှင်းကို တွေ့လိုက်ရတော့သည်။
သူ့ရဲ့ လက်မှာတော့ သူမရဲ့ ကျောပိုးအိတ်ကို ရှိနေပြီး၊ လက်ထဲမှာလည်း သူမရဲ့ နာရီကို ကိုင်ထား၏။
"ဟာ...ရှင်"
---
အခန်း ၂၀၂ ပြီး။
*****
အခန်း (၂၀၃) - စစ်မေးခြင်း
ရွှီရှင်းသည် ကျောက်ရုပ်လို တောင့်ခဲနေသည့် လုဖေးအာကို ကြည့်ရင်း လှောင်ပြုံးတစ်ခုကို မပြုံးဘဲ မနေနိုင်တော့ပေ။
"ကျွန်မ... အဲဒါ... ဟင်"
လုဖေးအာ နောက်ကို နှစ်လှမ်းလောက် ဆုတ်သွား၏။
သူမ၏ မျက်နှာအမူအရာမှာ တကယ့်ကို အသက်ဝင်လှသည်။
ဘာဖြစ်နေလဲဆိုတာ သဘောပေါက်သွားတဲ့အခါ သူမ လှည့်ပြီး ထွက်ပြေးဖို့ ပြင်သော်လည်း၊ သူမ၏ အဖိုးတန် ပစ္စည်းတွေက ရွှီရှင်းလက်ထဲမှာ ရှိနေတာကို သတိရသွားတာကြောင့် နောက်ဆုံးမှာတော့ ရပ်တန့်ပြီး ပြန်လှည့်ကြည့်လိုက်ရသည်။
အဲဒီမှာတင် ရွှီရှင်းရဲ့ လက်ထဲက မောင်းတင်ထားပြီးသား မြှားသေနတ်က သူမကို တည့်တည့် ချိန်ထားတာကို တွေ့လိုက်ရတော့သည်။
"ဟေး... ဟေး... ရပ်ပါဦး"
လုဖေးအာက လက်နှစ်ဖက်ကို ချက်ချင်း မြှောက်လိုက်ပြီး လက်နက်ချကြောင်း အချက်ပြလိုက်၏။
စုတ်ပြတ်နေတဲ့ အစပြုသူ ဝတ်စုံအောက်မှာ သူမရဲ့ ဒဏ်ရာတွေရှိတဲ့ ကိုယ်လုံးလေးက ပေါ်လွင်နေသည် မဟုတ်ပါလား။
ရွှီရှင်းက မြှားသေနတ်နဲ့ ချိန်ထားရင်း သူမရဲ့ နာရီကို ကျောပိုးအိတ်ထဲ ထည့်လိုက်သည်။
သူ့ရဲ့ လုပ်ရပ်ကြောင့် လုဖေးအာမှာ အံကြိတ်မိသွားရ၏။
"ဒီလူက ငါ့ပစ္စည်းတွေကို ဘယ်လိုများ ရှာတွေ့သွားတာလဲ။ ငါ သေသေချာချာ ဝှက်ထားတာပါဆိုမှ"
တခြားပစ္စည်းတွေကိုတော့ သူမ စွန့်လွှတ်နိုင်၏။
ကုန်ကြမ်းတွေက ထပ်ရှာလို့ ရတာကြောင့်ပင်။
သူမရဲ့ သစ်ပင်အိမ်မှာလည်း အပြာရောင်အဆင့် ကုန်ကြမ်းတွေ မရှားပေ။
ဒါပေမဲ့ အဲဒီနာရီကိုတော့ အပါမခံနိုင်ပေ။
ဒီလူက သူမရဲ့ နာရီကိုပါ ထိန်းချုပ်နိုင်တာကို သူမ အခုလေးတင် မြင်ခဲ့သည် မဟုတ်ပါလား။
ဘာလို့ တခြားသူရဲ့ နာရီကို သုံးလို့ ရနေတာလဲ...။
နာရီက အသက်ရှင်ကျန်ရစ်သူနဲ့ မသက်ဆိုင်ဘဲ သစ်ပင်အိမ်နဲ့ပဲ သက်ဆိုင်တာလားမသိဘူး...။
နာရီသာ သူ့လက်ထဲ ရောက်သွားရင်တော့ သူမ သစ်ပင်အိမ်ကို စွန့်လွှတ်လိုက်တာကလွဲရင် သူမရဲ့ အချက်အလက် အားလုံးကို သူ အကုန် မြင်နေရတော့မည်ဖြစ်သည်။
"မဖြစ်ဘူး... ဒီနာရီကို ပြန်ရအောင် နည်းလမ်းရှာရမယ်"
လုဖေးအာက မျက်နှာမှာ ဒဏ်ရာတွေနဲ့ အားတင်းပြုံးလိုက်ရင်း
"ဟို... ကျွန်မ..."
သူမ စကားမဆုံးခင်မှာပဲ ရွှီရှင်းက မောင်းဖြုတ်လိုက်ချေပြီ။
"ဝုန်း"
ပေါက်ကွဲမြှားက သူမရဲ့ ဆံပင်တွေကို ဝှေ့ယမ်းပြီး ဖြတ်သွားကာ၊ သူမရဲ့ နောက်ဘက်မှာ အသံကျယ်ကြီးနဲ့ ပေါက်ကွဲသွားတော့သည်။
ရွှီရှင်းရဲ့ ရုတ်တရက် လုပ်ရပ်နဲ့ နောက်က ပေါက်ကွဲသံကြောင့် လုဖေးအာရဲ့ ကိုယ်လုံးလေး တောင့်ခဲသွားရ၏။
သူမ အနောက်ကို အသာလှည့်ကြည့်လိုက်တဲ့အခါ၊ မြှားထိမှန်သွားတဲ့ သစ်ပင်ဟာ အစိပ်စိပ်အမွှာမွှာ ကွဲထွက်နေပြီး သစ်သားစတွေ လွင့်စင်နေတာ တွေ့လိုက်ရသည်။
သစ်ပင်ရဲ့ အစိတ်အပိုင်း တော်တော်များများက ပေါက်ကွဲမှုကြောင့် ပျောက်သွားခြင်းပင်။
"ဟူးးး"
သူမ အသက်ကို ဝဝရှူလိုက်ရင်း မျက်လုံးတွေ ပြူးသွားရသည်။
ဒါ ဘာလက်နက်ကြီးလဲ..။
ယမ်းတွေလား...။
ဒီလူ့ဆီမှာ ယမ်းတွေ ရှိနေတာလား..။
အခုလို အဆင့်မှာ ဘယ်လိုလုပ် လက်နက်ကြီးတွေ ရှိနေရတာလဲ..။
ရွှီရှင်းက နောက်ထပ် ပေါက်ကွဲမြှား တစ်စင်းကို အမြန် မောင်းတင်လိုက်ပြီး သူမကို ပြန်ချိန်ကာ ပြုံးပြလိုက်သည်။
"ဘာလို့ အပြင်ထွက်လာတာလဲ။ သွေးတိတ်မြက်တောင် မကပ်ရသေးဘူး၊ ဒဏ်ရာတွေက မနာဘူးလား။ သစ်ပင်အိမ်ထဲကို ပြန်သွားရအောင်၊ ငါတို့ အေးအေးဆေးဆေး စကားပြောကြတာပေါ့"
သူ့မှာ တောအုပ် ၁၈၇ နယ်မြေအကြောင်း သူမကို မေးစရာတွေ အများကြီး ရှိသေး၏။
အခုတော့ အခြေအနေတွေက အများကြီး ပို ရိုးရှင်းသွားပြီဖြစ်သည်။
လုဖေးအာ နောက်ကို တစ်လှမ်း ဆုတ်လိုက်ပြီး၊ သနားစရာကောင်းတဲ့ အမူအရာကို ပြန်လုပ်ပြပြန်သည်။
"ဟို... ဒီမှာပဲ ပြောလို့ မရဘူးလားဟင်၊ ကျွန်မ..."
သူမ စကားမဆုံးခင်မှာပဲ ရွှီရှင်းရဲ့ လက်ချောင်းလေး လှုပ်သွားတာ မြင်တာနဲ့ လုဖေးအာ မျက်နှာ ချက်ချင်း ပျက်သွားပြီး ဘေးကို ဒိုင်ဗင်ထိုး ရှောင်လိုက်ရသည်။
ပေါက်ကွဲမြှားရဲ့ အရှိန်ကို အနိုင်နိုင် ရှောင်လိုက်နိုင်ခြင်း ဖြစ်၏။
"ဝုန်း"
နောက်ထပ် ပေါက်ကွဲသံ တစ်ခု ထပ်ထွက်လာပြန်သည်။
လုဖေးအာမှာတော့ မြေပေါ်က ကျောက်တုံးတွေပေါ် လဲကျတာကြောင့် သူမရဲ့ စုတ်ပြတ်နေတဲ့ ဝတ်စုံအောက်မှာ ဒဏ်ရာအသစ်တွေ ထပ်တိုးလာပြန်သည်။
ဒါပေမဲ့ ဒီတစ်ခါတော့ သူမ သနားစရာကောင်းတဲ့ ပုံစံကို မပြတော့ပေ။
အဲဒီအစား မယုံနိုင်သလိုမျိုး ခေါင်းမော့ကြည့်ရင်း ရွှီရှင်းကို မေးလိုက်သည်။
"ရှင် တကယ်ပဲ ကျွန်မကို သတ်မလို့လား"
သူမသာ အရှောင်နှေးခဲ့ရင် အဲဒီပေါက်ကွဲမြှားက သူမကို တည့်တည့် ထိမှာလေ။
ဒါကို တွေးမိတာနဲ့ လုဖေးအာ ကျောချမ်းသွားရသည်။
"ဘာဖြစ်လို့လဲ။ နင်ကတော့ သနားစရာကောင်းအောင် ဟန်ဆောင်ပြီး ငါ့ကို သတ်ဖို့ ကြိုးစားလို့ ရတယ်၊ ငါကျတော့ နင့်ကို သတ်လို့ မရဘူးလား"
ရွှီရှင်းက ပြုံးနေပေမဲ့ သူ့ရဲ့ အကြည့်တွေကတော့ တကယ့်ကို အေးစက်လှသည်။
သူက မြှားသေနတ်ကို မြှောက်ထားရင်း
"အခု နင့်ရဲ့ နာရီကို ငါ ရထားပြီ၊ နင် မရှိလည်း ငါ သိချင်တဲ့ သတင်းတွေကို ရနိုင်တာပဲ။ နင့်ရဲ့ အသက်က ငါ့အတွက် ဘာမှ တန်ဖိုးမရှိဘူး။ ကဲ... လက်မြှောက်၊ အနောက်လှည့်ပြီး သစ်ပင်အိမ်ထဲကို ပြန်သွားတော့"
သူက ဒီလို ပြောလိုက်ပေမဲ့၊ နာရီထဲကရမယ့် သတင်းက လဲ့ယိုဖန်းဆီက ရတာနဲ့ သိပ်ထူးမှာ မဟုတ်ဘူးဆိုတာ သူ သိသည်။
အဆင့်မြင့် သတင်းတွေကိုတော့ ရနိုင်မှာ မဟုတ်ဘူးလေ။
ရွှီရှင်း အဆင့်စာရင်းကို စစ်ကြည့်လိုက်ရာ ဒီမိန်းမက နယ်မြေ ၁၈၇ ရဲ့ တကယ့် ထိပ်တန်း ကစားသမားပင်။
ပွဲတိုင်းမှာ အဆင့် ၅ ဒါမှမဟုတ် ၆ ဝန်းကျင်မှာ အမြဲ ရှိနေ၏။
ဒါကြောင့် သူမဆီမှာ နယ်မြေ ၁၈၇ ရဲ့ အဆင့်မြင့် လျှို့ဝှက်ချက်တွေ ရှိမှာ သေချာသည်။
သူမ စောစောက စကားပြောခဲ့တဲ့ အဖွဲ့ထဲကိုလည်း သူ လှမ်းကြည့်လိုက်သေးသည်။
အဲဒီအဖွဲ့ထဲမှာ သူမက အသန်ဆုံးပင်။
တခြား ထိပ်တန်း ၁၀ ယောက်စာရင်းဝင် တစ်ယောက်မှ မပါပေ။
သူတို့ သိတဲ့ သတင်းတွေကတော့ နည်းပါးလောက်၏။
ဒါကြောင့် သူမကို တိုက်ရိုက် စစ်မေးပြီးမှပဲ ရှင်းပစ်ဖို့ သူ ဆုံးဖြတ်လိုက်သည်။
လုဖေးအာရဲ့ မျက်နှာကတော့ အခြေအနေကို ခန့်မှန်းရ ခက်နေသည်။
ဒီလို ဖြစ်လာလိမ့်မည်ဟု သူမ လုံးဝ မထင်ထားခဲ့ပေ။
သူမ လုပ်သမျှက တစ်ဖက်လူရဲ့ လက်ခုပ်ထဲမှာ ရှိနေသလိုမျိုး ခံစားနေရ၏။
သူမ အမြန် စဉ်းစားရမည်။
ဘာပဲဖြစ်ဖြစ် သူမဟာ နယ်မြေရဲ့ ထိပ်တန်း ၁၀ ယောက်ထဲက တစ်ယောက်ဖြစ်တာကြောင့် ထွက်ပြေးဖို့ နည်းလမ်းတော့ ရှိ၏။
ဒါပေမဲ့ အဲဒီနည်းလမ်းက အရင်းအနှီး အရမ်းကြီးတာကြောင့် နောက်ဆုံး အခြေအနေ ရောက်မှပဲ သုံးချင်နေ၏။
ဒါတင်မကဘဲ သူမရဲ့ နာရီက ရွှီရှင်းလက်ထဲမှာ ရှိနေသည်။
နာရီသာ သူ့လက်ထဲ ကျန်ခဲ့ရင် သူမ ပြောသမျှကို သူ အမြဲ စောင့်ကြည့်နေမှာဖြစ်သလို သူမရဲ့ နာရီကို သုံးပြီး သူက စိတ်ကြိုက် စကားပြောလို့ ရနေမှာ မဟုတ်လား..။
"အခြေအနေကို အရင် ထိန်းထားမှပဲ။ ငါ လိမ်လိမ်မာမာ နေပြရင် သူ ဘာမှ လုပ်ဦးမှာ မဟုတ်ဘူး"
လုဖေးအာ တွေးလိုက်သည်။
"သိပါပြီ၊ ဘာမှ မလုပ်ပါနဲ့"
လုဖေးအာက အော်ပြောလိုက်ပြီး လက်ကို မြှောက်ကာ အနောက်လှည့်လိုက်၏။
သူမ၏ လှပလှသော ကျောပြင်အလှကို ရွှီရှင်းဘက်ကို ပြလိုက်ခြင်း ဖြစ်သည်။
ရွှီရှင်းကတော့ စိတ်လှုပ်ရှားခြင်း မရှိဘဲ သွားတော့ လို့ အေးစက်စွာ ပြောလိုက်၏။
လုဖေးအာ လမ်းလျှောက်နေရင်း တစ်ကိုယ်လုံး တောင့်တင်းနေသည်။
တစ်ဖက်လူက ရုတ်တရက် တိုက်ခိုက်လာမှာကို စိုးရိမ်နေခြင်းပင်။
ခြေလှမ်း အနည်းငယ် လျှောက်ပြီးနောက် သူမက ဝမ်းနည်းတဲ့ လေသံနဲ့
"ကျွန်မက ဟန်ဆောင်မိရုံတင်ပါ၊ ရှင့်ကို ဘာမှ မလုပ်ရသေးဘူး မဟုတ်လား။ ကျွန်မက... လမ်းကြုံလို့ ဝင်ကြည့်တာပါ၊ ရှင့်အိမ်က အရမ်း မိုက်နေတာ မြင်လို့ သနားစရာကောင်းအောင် လုပ်ပြီး ရှင် မလိုချင်တဲ့ ပစ္စည်းလေးတွေ တောင်းမလို့ပါ၊ တခြား ရည်ရွယ်ချက် မရှိပါဘူး"
ပြောရင်းနဲ့ သူမက ဝမ်းနည်းပက်လက် အနောက်ကို လှည့်ကြည့်လိုက်ရာ၊ မျက်လုံးလေးတွေ နီရဲပြီး မျက်ရည်တွေ ဝိုင်းနေတာကြောင့် တကယ့်ကို သနားစရာ မြင်ကွင်းလိုပင်။
"ငါသာ ဒီလူကို သတ်ပြီး၊ ဒီအိမ်ကို ငါ့ရဲ့ ကာကွယ်ရေးနယ်မြေထဲမှာ ပြန်စိုက်နိုင်ရင် ဒီအိမ်တစ်လုံးတည်းနဲ့တင် နင်တို့အိမ် ဆယ်လုံးထက် တန်ဖိုးရှိမှာ"
ရွှီရှင်းက သူမ ပြောခဲ့တဲ့ စကားတွေကို သူမရဲ့ လေသံအတိုင်း ပြန်ပြောပြီး လှောင်လိုက်တော့သည်။
လုဖေးအာရဲ့ ကိုယ်လုံးလေး ဆတ်ခနဲ တုန်သွားပြီး၊ ရပ်တန့်ကာ ရွှီရှင်းကို မယုံနိုင်သလို လှည့်ကြည့်လိုက်၏။
"ဒီလူကတော့... စိတ်ဓာတ်က တကယ် မာကျောတာပဲလား။ ဒါမှမဟုတ် သူက စိတ်မဝင်စားတာလား။ သူက ယောက်ျားချင်း ကြိုက်တာများလားမသိဘူး"
ရွှီရှင်းက မြှားသေနတ်နဲ့ သူမရဲ့ ကျောကို ထောက်ပြီး ရှေ့ကို တွန်းရင်း သူမရဲ့ အတွေးတွေကို ဆက်ပြောပြနေပြန်သည်။
"ရှင်... ရှင် ဘယ်လိုလုပ်..."
လုဖေးအာရဲ့ မျက်နှာမှာ ပထမဆုံးအကြိမ်အဖြစ် ထိတ်လန့်မှုတွေ ပေါ်လာတော့သည်။
"ဘာလို့လဲ။ ဒီလူက ငါပြောသမျှကို ဘယ်လိုလုပ် အကုန် ကြားနေရတာလဲ။"
"သူက ငါ့အစီအစဉ်ကို အစကတည်းက သိနေတာလား။"
"ငါကတော့ အစွမ်းကုန် သရုပ်ဆောင်နေတာကို၊ သူကတော့ မျောက်ပွဲ ကြည့်သလိုမျိုး ကြည့်ပြီး ဝေဖန်နေတာပေါ့လေ"
ဒါကို တွေးမိတာနဲ့ လုဖေးအာ တစ်ယောက် အရှက်ရလွန်းလို့ မျက်နှာ နီရဲလာပြီး ဘာစကားမှ ဆက်မပြောနိုင်တော့ပေ။
သူမ လိမ်လိမ်မာမာနဲ့ သစ်ပင်အိမ်ဆီ လမ်းလျှောက်သွားပြီး၊ ရွှီရှင်းက အမြစ်တွေကို သုံးကာ သူမကို အထဲကို ဆွဲတင်လိုက်သည်။
သစ်သားကုလားထိုင်ပေါ် ပြန်ထိုင်တဲ့အထိ သူမ ဘာစကားမှ မပြောပေ။
ရှက်လွန်းလို့ မျက်နှာတွေ ပိုနီလာပြီး သွားကို တင်းတင်း ကြိတ်ထားရှာသည်။
စောစောက သူမ လုပ်ခဲ့တဲ့ အမူအရာတွေကို ပြန်တွေးမိတိုင်း မြေကြီးထဲ ခေါင်းတိုးဝင်ချင်စိတ် ပေါက်နေတော့၏။
ရှက်စရာ ကောင်းလိုက်တာ၊ တကယ်ကို ရှက်စရာ ကောင်းလွန်းတယ်...။
"ငါ မေးတာကိုပဲ ဖြေ"
လုဖေးအာ စိတ်ကို အတတ်နိုင်ဆုံး ပြန်စုစည်းပြီး၊ မျက်လွှာချကာ ရွှီရှင်းကို ကြည့်လိုက်သည်။
"...သိပါပြီ။ ကျွန်မ ဖြေရင် ကျွန်မရဲ့ နာရီကို ပြန်ပေးပြီး လွှတ်ပေးမှာလား။ ကျွန်မ ရှင့်ကို တကယ် ဒုက္ခမပေးရသေးဘူး မဟုတ်လား..."
လုဖေးအာ ပြောရင်းနဲ့ အသံက တိုးသွားရ၏။
သူမရဲ့ သရုပ်ဆောင်ချက်တွေက အကုန် အမိခံလိုက်ရတာကြောင့် သူမ ဘဝမှာ အရှက်ရဆုံး အချိန်ပင်။
"နင့်ရဲ့ အဖြေပေါ် မူတည်ပြီး ငါ စဉ်းစားပေးမယ်။ ဒါပေမဲ့ နင့်ရဲ့ ကိုယ်လုံးလေးကိုတော့ ငါ တော်တော် စိတ်ဝင်စားနေတာမို့၊ မပြန်ခင်မှာတော့..."
ရွှီရှင်းက ကောက်ကျစ်တဲ့ အပြုံးတစ်ခု ပြလိုက်သည်။
လုဖေးအာ မျက်တောင် တစ်ချက် ခတ်သွား၏။
"...သိပါပြီ"
"ထင်တဲ့အတိုင်းပါပဲ၊ ယောက်ျားတွေ အကုန်လုံး အတူတူပါပဲလား။"
ဒါကတော့ ရွှီရှင်းရဲ့ ဟန်ဆောင်မှုပင်။
ဒီလိုမျိုး သူမကို မျှော်လင့်ချက်ပေးပြီး၊ သူ့ကို ပြန်သတ်ဖို့ စိတ်ကူးလေး ပြန်ရှင်သန်လာအောင် လုပ်မှသာ သူမဆီက အသုံးဝင်တာတွေ သိရမှာဖြစ်သည်။
ဒီမိန်းမကိုတော့ အလွတ်ပေးလို့ မရပေ။
ဒီလောက် အန္တရာယ်များတဲ့ အစီအစဉ်ကိုတောင် အကွက်ကျကျ လုပ်နိုင်တာလေ။
သူ့မှာသာ အကြားအာရုံ မြှင့်တင်မှု မရှိရင် သူလည်း သူမရဲ့ ထောင်ချောက်ထဲ ရောက်သွားမှာလားမသိဘူး။
"နာမည်"
"လုဖေးအာ"
"ကျား/မ"
"ကျား...။ အယ်...မ ပါ။ မ ပါ။ မြှားသေနတ်ကြီးကို မထုတ်ပါနဲ့ဦးရှင်။ ရှင်က နောက်တာလေးတောင် မခံနိုင်ဘူးလား။ ကျွန်မ သေသွားရင် ရှင် ဘာလုပ်မလို့လဲ... ဘာ သိချင်လို့လဲ..."
"အသက်"
"...၂၄"
"ဪ... ငါ့ထက် တစ်နှစ်ကြီးတာကိုး။"
"ဒါကို နင် မြင်ဖူးလား"
ရွှီရှင်းက ကြမ်းပြင်ပေါ်က လင်းနေတဲ့ သစ်ပင်အိမ် ဗဟိုချက်ကို လက်ညှိုးထိုးပြလိုက်သည်။
"ဟင့်အင်း... မမြင်ဖူးဘူး"
"နင့်ရဲ့ သစ်ပင်အိမ်မျိုးစေ့ကို ဘယ်က ရခဲ့တာလဲ"
"ကျွန်မမှာ ရှိတာကို ရှင် ဘယ်လိုသိ..."
လုဖေးအာ စောစောက သူမ ပြောခဲ့တဲ့ စကားတွေကို သူ ကြားသွားတာ သတိရသွားပြီး စကားကို ချက်ချင်း ဖြတ်လိုက်ကာ
"တခြား အသက်ရှင်ကျန်ရစ်သူတွေရဲ့ သစ်ပင်အိမ်ကို တူးပြီး ရခဲ့တာပါ"
"နင် ငါ့ကို လုပ်သလိုမျိုးပဲ အဲဒီလူကို ချဉ်းကပ်ပြီး သတ်ခဲ့တာလား"
"ဟမ့်... သူက အဲဒီလောက် တန်လို့လား။ စကား နှစ်ခွန်း၊ သုံးခွန်း ပြောလိုက်တာနဲ့ သူက ကျွန်မကို ကျောပေးလိုက်တာလေ"
"ဒါဆို နင် သူ့အိမ်ထဲကို မဝင်ခဲ့ဘူးလား"
"ဟင့်အင်း... သူ့ကို သတ်ပြီးတာနဲ့ တန်းပြီး မျိုးစေ့ တူးတာပဲလေ"
"နင် အိမ်ထဲဝင်ကြည့်ဖို့ ဒါမှမဟုတ် အိမ်ကို ခုတ်ပစ်ဖို့ မကြိုးစားဘူးလား"
"ကြိုးစားတာပေါ့၊ ဒါပေမဲ့ ကျွန်မရဲ့ ပုဆိန်နဲ့ ခုတ်လို့ မရဘူး"
လုဖေးအာက မတတ်သာတဲ့ အသံနဲ့ ဖြေရှာသည်။
"ဒါကြောင့် ဂေါ်ပြားနဲ့ တူးခဲ့တာလား။ ဘယ်လောက်ကြာအောင် တူးခဲ့လဲ"
"အင်း... တစ်နာရီလောက် ထင်တယ်။ တော်တော် ကြာတာလေ။ အရင်းအမြစ် တူးနေရတဲ့ ခံစားချက်လေး ရှိနေလို့သာ ဆက်တူးဖြစ်တာ"
လုဖေးအာက ပွင့်ပွင့်လင်းလင်းပဲ ပြောလိုက်သည်။
သူတို့လည်း သစ်ပင်အိမ်တွေကို တူးဖူးကြမှာပဲလို့ သူမ တွက်ထားတာလေ။
မဟုတ်ရင် ဒီကပ်ပါးအိမ်က ဘယ်က ရောက်လာမှာလဲ။
"တူးပြီးသား သစ်ပင်အိမ်ကိုတောင် ခုတ်လို့ မရဘူးလား"
"အင်း... ခုတ်လို့ မရဘူး၊ ဘာအစင်းရာမှတောင် မထင်ဘူး။ လက်နက်တွေနဲ့ဆိုရင်တော့ အမှတ်အသားလေးတွေ ကျန်ခဲ့တာပေါ့"
သူမက အကုန် ဖြေပြနေရုံတင်မကဘဲ တခြား သတင်းတွေကိုပါ ပြောပြနေ၏။
"သစ်ပင်အိမ်ကို ခုတ်လို့ မရဘူး ဟုတ်လား။ ဒါဆို ငါက ဘယ်လို ခုတ်နိုင်နေတာလဲ။"
ရွှီရှင်း သူမရဲ့ ကျောပိုးအိတ်ထဲမှာ ပုဆိန်ကို မြင်ခဲ့၏။
အဲဒါက အပြာရောင်အဆင့် ကျောက်ပုဆိန်ပင်။
ရွှီရှင်းရဲ့ ပုဆိန်ကတော့ အပြာရောင်အဆင့် သံပုဆိန်ဖြစ်၏။
သူ သံပုဆိန်ရဲ့ ဖော်ပြချက်ကို ရုတ်တရက် သတိရလိုက်မိသည်။
[သံပုဆိန် (အပြာရောင်အဆင့်): အရည်အသွေးမြင့် သံပုဆိန်ဖြစ်ပြီး၊ အလွန် ထက်မြက်ကာ ခိုင်ခံ့သည်။ ခရမ်းရောင်အဆင့်အထိ သစ်ပင်များနှင့် အချို့သော ထူးခြားသည့် သစ်ပင်အမျိုးအစားများကို ခုတ်နိုင်စွမ်း ရှိသည်။]
"အချို့သော ထူးခြားသည့် သစ်ပင်တွေဆိုတာ သစ်ပင်အိမ် တွေကို ပြောတာ ဖြစ်ရမယ်"
ဒါဆိုရင်တော့ သစ်ပင်အိမ်ကို ခုတ်ဖို့ဆိုရင် အပြာရောင်အဆင့် သို့မဟုတ် အဲဒီထက်မြင့်တဲ့ သံပုဆိန် လိုတာပေါ့။
"နောက်ဆုံးတစ်ခါ ထပ်မေးမယ်၊ နင် ဒါကို တကယ် မမြင်ဖူးဘူးလား"
ရွှီရှင်းက ကြမ်းပြင်ပေါ်က ဗဟိုချက်ကို ပြန်ညွှန်ပြလိုက်သည်။
လုဖေးအာက ခေါင်းကို အားရပါးရ ခါပြလိုက်ရင်း
"တကယ် မမြင်ဖူးပါဘူးဆို၊ တကယ်ပါ"
ကြည့်ရတာ သစ်ပင်အိမ်ကို တူးရုံနဲ့တော့ ဗဟိုချက်ကို မရနိုင်လောက်ပေ။
ဒီဗဟိုချက်ကို ရဖို့ဆိုရင် ရွှီရှင်း လုပ်ခဲ့သလိုမျိုး လုပ်ရလောက်၏။
သစ်ပင်အိမ် အသက်ရှင်နေတုန်းမှာ ကြမ်းပြင်ကို ခွာပြီး ပင်စည်ထဲကနေ တိုက်ရိုက် ထုတ်ယူခြင်းပင်။
သူသည် ဒီနည်းလမ်းကို စူးစမ်းရှာဖွေသူများ အဖွဲ့ဝင်တွေကို ပြောပြခဲ့ပြီးပြီဖြစ်သလို ဘယ်သူ့ကိုမှ မပြောဖို့လည်း သတိပေးထားရမည်။
ဒါဟာ သူတို့နယ်မြေရဲ့ တကယ့် အားသာချက်ဖြစ်ပြီး တခြားနယ်မြေတွေထက် တစ်ဗန်းသွားအောင် လုပ်နိုင်မယ့် လျှို့ဝှက်ချက် မဟုတ်ပါလား။
---
အခန်း ၂၀၃ ပြီး။
*****