← Chapters

အခန်း (၂၀၄-၂၀၅)

Vol. 14 Ch. 204-205

အခန်း (၂၀၄-၂၀၅)

Vol. 14 Ch. 204-205

အခန်း (၂၀၄) - ဗီဇပြောင်းလဲခြင်း

"ဟို... ကျွန်မ မေးခွန်းတစ်ခုလောက် မေးလို့ရမလားဟင်"

လုဖေးအာက လက်ကလေးကို သတိထားပြီး မြှောက်ရင်း

"ရှင်က ဘယ်နယ်မြေကလဲ"

"နင် လည်း ခန့်မှန်းမိပြီးသား ဖြစ်မှာပါ၊ နင်တို့ရဲ့ အိမ်နီးချင်း နယ်မြေ ၁၈၈ ကပေါ့"

လုဖေးအာ၏ မျက်လုံးများမှာ တဖြည်းဖြည်း ပြူးကျယ်သွားပြီး သူမ၏ ပါးစပ်လေးမှာလည်း အနည်းငယ် ဟသွားရ၏။

ပြီးနောက် သူမသည် ရွှီရှင်းကို အမူအရာ အရိပ်အကဲ မမိစေရန် ခေါင်းငုံ့လိုက်သော်လည်း သူမ၏ မျက်ဆန်များမှာမူ ပို၍ပင် ကျုံ့သွားတော့သည်။

စောစောက သူသည် ခရမ်းရောင်အဆင့် လက်ပတ်နာရီကို အသုံးပြုခဲ့သည် မဟုတ်ပါလား။

ဆိုလိုသည်မှာ သူသည် တောအုပ်စူးစမ်းရေးပွဲတွင် နံပါတ် ၁ ရရှိခဲ့သူ ဖြစ်ရမည်။

နယ်မြေ ၁၈၈ ရဲ့ ထိပ်တန်း ပုဂ္ဂိုလ်ကြီးပေါ့....။

နယ်မြေ ၁၈၈ က အဲဒီ ထိပ်တန်း ပုဂ္ဂိုလ်ကြီးရဲ့ နာမည်ကို သူမ မသိဘဲ ဘယ်နေပါ့မလဲ။

အသက်ရှင်ကျန်ရစ်သူ ၅၀ ကျော်ပဲ ပါခဲ့တဲ့ မိုးရာသီ အဆင့်စာရင်းတုန်းက နံပါတ် ၁ နဲ့ ၂ နေရာမှာ နယ်မြေ ၁၈၈ က လူတွေချည်းပဲလေ။

သူမရဲ့ နယ်မြေ ၁၈၇ နဲ့ အရမ်းနီးနေတာကြောင့် အိမ်နီးချင်း နယ်မြေက ဘာလို့ ဒီလောက်တောင် သန်မာနေရတာလဲ၊ ဘာလို့ ငါတို့နယ်မြေက တစ်ယောက်မှ စာရင်းထဲ မပါတာလဲဆိုပြီး သူမ တစ်ချိန်က ညည်းညူခဲ့ဖူး၏။

"ဒါဆိုရင်... သူက... ရွှီရှင်းလား"

မိုးရာသီ အဆင့်စာရင်းမှာ တခြားနယ်မြေက လူအားလုံးကို အပြတ်အသတ် အနိုင်ယူပြီး နယ်မြေအားလုံးမှာ နံပါတ် ၁ ဖြစ်ခဲ့တဲ့ လူပေါ့လေ။

"အမလေး... ငါ့ကံကတော့ တကယ်ပဲ ဆိုးလှချေလား။ တကယ့်ကို အမာဆုံး နံရံကြီးနဲ့မှ သွားတိုးတာပဲ... မဟုတ်ဘူး... ဒါက တိုက်တေနီယမ် သတ္တုနံရံကြီးပဲ။"

သူမ ထပ်ပြီး အတည်ပြုချင်သေးသည်။

ဘာပဲဖြစ်ဖြစ် တောအုပ်စူးစမ်းရေးပွဲမှာ နံပါတ် ၁ ဖြစ်တိုင်း မိုးရာသီမှာ နံပါတ် ၁ ဖြစ်လိမ့်မည်ဟုတော့ မဆိုလိုနိုင်ဘူးလေ။

"ရှင်က... ရွှီရှင်းလားဟင်"

လုဖေးအာ၏ မျက်လုံးများမှာ မယုံနိုင်မှု၊ စိတ်လှုပ်ရှားမှုနှင့် ရင်ခုန်မှုတို့ ရောပြွမ်းလျက် တဖျပ်ဖျပ် တောက်ပနေ၏။

"ဪ... နင် ခန့်မှန်းနိုင်သားပဲ"

"ဟူးးး"

လုဖေးအာ အသက်ရှူမှားသွားရသည်။

ပြီးနောက် သူမ၏ မျက်လုံးများမှာ ရုတ်တရက် အရောင်တောက်သွားပြီး စိတ်လှုပ်ရှားစွာဖြင့် ကုလားထိုင်ပေါ်မှ ဝုန်းခနဲ ထရပ်လိုက်ကာ

"ရွှီရှင်းလား နယ်မြေအားလုံးရဲ့ အဆင့်စာရင်းမှာ နံပါတ် ၁ ဖြစ်တဲ့ ရွှီရှင်းလား။ ဘုရားရေ... ကျွန်မ ရှင့်ကို တကယ် အားကျနေတာပါ။ ဒီနေ့ ရှင့်ကို တွေ့ရလိမ့်မယ်လို့ ကျွန်မ လုံးဝ မထင်ထားဘူး၊ ကျွန်မ..."

သူမ စကားမဆုံးခင်မှာပဲ ရွှီရှင်းက မြှားသေနတ်နဲ့ သူမရဲ့ နဖူးကို တေ့လိုက်ချေပြီ။

"ထိုင်စမ်း၊ နင့်ရဲ့ သရုပ်ဆောင်ချက်တွေကို သိမ်းထားလိုက်တော့၊ ငါ့ရှေ့မှာတော့ အလကားပဲ။ ပြီးတော့ နင့်ရဲ့ သရုပ်ဆောင်မှုက တော်တော်လေးကို ကြည့်ရဆိုးတယ်"

"ဟီး... ဟီးဟီး..."

လုဖေးအာက အနေခက်စွာ ရယ်မောလိုက်ပြီး သစ်သားကုလားထိုင်ပေါ် ပြန်ထိုင်ကာ စိတ်ထဲကနေ နှုတ်ခမ်းဆူနေတော့သည်။

"ဒီလူကတော့ တကယ်ကို ခက်ထန်လွန်းတာပဲ။"

ဒါပေမဲ့ အသက်ရှင်ကျန်ရစ်သူ အားလုံးထဲမှာ အသန်မာဆုံးလူဆိုတော့ ကြောက်စရာကြီးပင်။

ဘာလို့ ကာကွယ်ရေးနယ်မြေတွေ ပွင့်တဲ့ ပထမဆုံးနေ့မှာတင် ဒီလိုလူနဲ့ လာတိုးရတာလဲဟာ။

ရွှီရှင်းသည် သူမကို မေးခွန်းများစွာ ထပ်မေးခဲ့သည်။

သူမတို့ နယ်မြေ ၁၈၇ က လူတွေ မြေအောက်လှိုင်ဂူနဲ့ မိုးရာသီပွဲတွေကို ဘယ်လို ကျော်ဖြတ်ခဲ့လဲဆိုတာရယ်၊ သူတို့နယ်မြေက အသန်မာဆုံးလူတွေရဲ့ သတင်းအချက်အလက်တွေရယ်ပေါ့။

ဒါပေမဲ့ ဒီကိစ္စတွေမှာတော့ လုဖေးအာက သိပ်သိပုံမရပေ။

သူမ သိထားတာက ကျန်းတောက်ကွမ် ဆိုတဲ့လူဟာ သူတို့နယ်မြေရဲ့ အဆင့်စာရင်းမှာ အမြဲ ထိပ်ဆုံးက ရှိနေတတ်တယ်ဆိုတာပါပဲ။

မနေ့ညက ကာကွယ်ရေးတိုက်ပွဲမှာလည်း သူကပဲ နှလုံးသားအပိုင်းအစတွေကို ဝေပေးလို့ သူတို့နယ်မြေက လူ ၈၀၀ ကျော် အသက်ရှင်ခဲ့တာဖြစ်ပြီး၊ သူမလည်း အဲဒီအကျိုးကျေးဇူးကြောင့် မသေခဲ့တာ ဖြစ်သည်။

"ကျွန်မ စောစောက ရှင့်ကို လိမ်ပြောခဲ့တာ မဟုတ်ပါဘူး၊ တကယ်တော့ ပွဲတစ်ခုဖြစ်တိုင်း ကျွန်မဟာ သေဘေးနဲ့ အမြဲ နီးကပ်နေခဲ့တာပါ။"

လုဖေးအာက ကုလားထိုင်မှာ မှီချလိုက်၏။

သူမသည် သတိကြီးစွာ ဟန်ဆောင်မနေတော့ဘဲ အမှန်အတိုင်း ရင်ဆိုင်ဖို့ ဆုံးဖြတ်လိုက်ပုံရသည်။

"ဒီတစ်ခါ ကျန်းတောက်ကွမ်သာ မရှိရင် ကျွန်မလည်း နွယ်ပင်တွေကြားမှာ သေသွားမှာပါ။ ကျွန်မက အရမ်း အားနည်းနေသေးတာကိုး"

"ဒါကြောင့် ကာကွယ်ရေးနယ်မြေတွေ ပွင့်လာတာနဲ့ နင် က နင့် ပတ်ဝန်းကျင်က တခြားသူတွေကို ပစ်မှတ်ထားတော့တာပေါ့ ဟုတ်လား"

ရွှီရှင်းက မျက်မှောင်ကြုတ်လိုက်၏။

"ဟုတ်တယ်လေ၊ ဘာဖြစ်လို့လဲ"

လုဖေးအာက ဂရုမစိုက်တဲ့ မျက်နှာပေးနဲ့ ရွှီရှင်းကို ကြည့်ကာ

"ဘာလဲ... ရှင်က ကမ္ဘာ့သူရဲကောင်းကြီး လုပ်ချင်လို့လား။ မဖြစ်နိုင်တာ၊ ဒီလို အန္တရာယ်များတဲ့ ကမ္ဘာမှာ ဘယ်သူကများ ကျွန်မကို ကြင်နာမှုနဲ့ ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ရေးအကြောင်း လာပြောမှာလဲ။ ရှင်လည်း ကျွန်မကို မသတ်နဲ့လေ၊ ရှင်သာ ကျွန်မကို သတ်ရင် ရှင်လည်း ကြင်နာတတ်တဲ့သူ မဟုတ်တော့ဘူးပေါ့"

ရွှီရှင်းက ခပ်ဖွဖွ ရယ်လိုက်ပြီး မြှားသေနတ်နဲ့ လုဖေးအာရဲ့ ခေါင်းကို ချိန်လိုက်သည်။

"ကမ္ဘာ့သူရဲကောင်းကြီးဆိုတာ အဲဒီလိုပဲ လုပ်တာလေ။ သူတို့ လုပ်နိုင်တဲ့ အရာကို တခြားသူတွေ လုပ်လို့မရဘူး။ မဟုတ်ရင် သူတို့ကို ဘယ်လိုလုပ် ကမ္ဘာ့သူရဲကောင်းကြီးလို့ ခေါ်မှာလဲ"

လုဖေးအာ တစ်ခုခု မှားနေပြီလို့ ခံစားလိုက်ရသည်။

ဘာလို့လဲဆိုတော့ ရွှီရှင်းရဲ့ မျက်လုံးတွေက တကယ့်ကို အေးစက်သွားသောကြောင့်ဖြစ်၏။

စစ်မေးတာတွေ ပြီးသွားပြီဖြစ်လို့ သူမဟာ အသုံးမဝင်တော့ပေ။

ဒါကြောင့် သူက သူမကို သတ်ပြီး နှုတ်ပိတ်တော့မှာဖြစ်သည်။

"တောက်... ခုနလေးတင် ငါ့ကိုယ်လုံးကို စိတ်ဝင်စားပါတယ်လို့ ပြောပြီးတော့၊ ဒီလူပြောတဲ့ စကားတစ်ခွန်းမှ ယုံလို့မရဘူး"

"ဟေး... ဟေး"

လုဖေးအာ ကုလားထိုင်ပေါ်ကနေ ချက်ချင်း ထရပ်လိုက်ပြီး ကိုယ်ကို အသင့်ပြင်ထားလိုက်သည်။

"ရှင် တကယ်ပဲ ကျွန်မကို သတ်မလို့လား။ ကျွန်မက..."

လုဖေးအာ စကားမဆုံးခင်မှာပဲ ရွှီရှင်းက မောင်းဖြုတ်လိုက်ချေပြီ။

သူမက ကြိုတင် တွက်ဆထားတာကြောင့် ဘေးကို တစ်ချက် ရှောင်လိုက်သဖြင့် မြှားက လွဲသွား၏။

"ဝုန်း"

ပေါက်ကွဲမြှားက သစ်ပင်အိမ်ထဲမှာတင် ပေါက်ကွဲသွားသည်။

တောထဲက သစ်ပင်တွေလိုမျိုး အစိပ်စိပ်အမွှာမွှာ မဖြစ်သွားသော်လည်း၊ သစ်သားစတွေ လွင့်စင်ကုန်ပြီး နံရံမှာ မည်းနက်နေတဲ့ အချိုင့်ကြီးတစ်ခု ဖြစ်သွားတော့သည်။

ဒီမိန်းမကိုတော့ သတ်ကို သတ်ရမည်။

အကယ်၍ သူမသာ လုပ်ဖော်ကိုင်ဖက် ဖြစ်ခဲ့ရင် ရွှီရှင်းအနေနဲ့ ဒီလို လိမ္မာပါးနပ်ပြီး ရက်စက်တဲ့သူနဲ့ ပူးပေါင်းဖို့ ငြင်းမှာ မဟုတ်ပေ။

ဒီလို ကျားတစ်ကောင်နဲ့ စွန့်စားရတာက အကျိုးအမြတ် များနိုင်တာကိုး။

ဒါပေမဲ့ သူမက နယ်မြေ ၁၈၇ က ဖြစ်နေတာကြောင့် နောင်တစ်ချိန်မှာ ရန်သူတွေ ဖြစ်လာကြမှာဖြစ်သည်။

သူမကို လုံးဝ အသက်ရှင်ခွင့် မပေးနိုင်ပေ။

မြှားတစ်စင်းကို ရှောင်လိုက်ပြီးနောက် လုဖေးအာမှာ ထိတ်လန့်သွားရ၏။

ဒီလူဟာ သူ့ရဲ့ ကိုယ်ပိုင် သစ်ပင်အိမ်ထဲမှာတောင် ဒီလို ပေါက်ကွဲစေတတ်တဲ့ လက်နက်ကို သုံးရဲလိမ့်မည်ဟု သူမ မထင်ထားခဲ့ပေ။

သူမသည် မယုံနိုင်စရာ အရှိန်အဟုန်ဖြင့် အနီးဆုံး ပြတင်းပေါက်ဆီသို့ ခုန်လိုက်သော်လည်း၊ မမျှော်လင့်ဘဲ သတ္တုရောင် တဖျပ်ဖျပ်တောက်နေသည့် လှံပုဆိန် ရှည်ကြီး တစ်လက်က ပြတင်းပေါက်ရှေ့မှာ ပိတ်လိုက်ပြီး သူမဆီသို့ ဝှေ့ယမ်းလာတော့သည်။

လုဖေးအာ အနောက်ကို လှန်ချလိုက်ပြီး မြေပေါ်မှာ လူးလိမ့်ကာ လှံပုဆိန် ရဲ့ တိုက်ခိုက်မှုကို ရှောင်လိုက်ရ၏။

"ရှင် ရူးနေတာလား သစ်ပင်အိမ်ထဲမှာ ဒီလို တိုက်ခိုက်နေတာ၊ အိမ် ပျက်စီးသွားမှာကို မကြောက်ဘူးလား"

လုဖေးအာက သွားကြိတ်ပြီး အော်ပြောလိုက်သည်။

"ဪ... အဲဒီလိုလား။"

ကြည့်ရတာ ကပ်ပါးသစ်ပင်အိမ် ပျက်စီးသွားရင်တောင် ပင်မသစ်ပင်အိမ်သာ ဘာမှမဖြစ်ရင် ပြန်ပေါက်နိုင်တယ်ဆိုတဲ့ အချက်ကို သူမ မသိသေးတဲ့ ပုံပင်။

ရွှီရှင်းကလည်း ဒီ ကပ်ပါးအိမ် ၀၂ သာ ပျက်စီးသွားရင် ပြန်ကောင်းဖို့ ဘယ်လောက်ကြာမလဲဆိုတာကို စမ်းသပ်ကြည့်ချင်နေတာနှင့်အတော်ပင်။

သူမရဲ့ မျိုးစေ့ကို မစိုက်ရသေးတဲ့ ပုံပဲ...။

မဟုတ်ရင်တော့ ဒီအချက်ကို သူမ သိမှာပါ...။

ဒါပေမဲ့ သူမရဲ့ ကျောပိုးအိတ်ထဲမှာလည်း မျိုးစေ့ မရှိပေ။

သစ်ပင်အိမ်ထဲမှာပဲ ထားခဲ့လောက်၏။

---

အခန်း ၂၀၄ ပြီး။

*****

အခန်း (၂၀၅) - ဗီဇပြောင်းလဲခြင်း (၂)

"ဒါအခွင့်ရေးပဲသူမရဲ့ သစ်ပင်အိမ်နဲ့ မျိုးစေ့ကိုပါ ငါ သိမ်းလို့ရပြီ။"

ရွှီရှင်းသည် သူမနှင့် စကားများများစားစား ဆက်မပြောတော့ဘဲ သူ၏ လှံပုဆိန်ကို ထပ်မံ ဝှေ့ယမ်းလိုက်၏။

လှံပုဆိန်သည် လှံထက် ပို၍ ထိရောက်သည်ဟု ဆိုရမည်။

လှံသည် ထိုးစစ်တစ်ခုတည်းသာ လုပ်နိုင်သဖြင့် လုဖေးအာကဲ့သို့ သွက်လက်သူနှင့် ရင်ဆိုင်ရာတွင် အဆင်မပြေလှသော်လည်း၊ လှံပုဆိန်၏ ဘေးတိုက် ဝှေ့ယမ်းခုတ်ချက်မှာမူ တကယ့်ကို အစွမ်းထက်လှရာ တစ်ဖက်မှ လုဖေးအာမှာလည်း သိသိသာသာ ထိတ်လန့်သွားရသည်။

လုဖေးအာသည် နောက်ထပ် ခုတ်ချက်တစ်ခုကို အနိုင်နိုင် ရှောင်လိုက်ရသော်လည်း ဟန်ချက်ပျက်ကာ မြေပေါ်သို့ လဲကျသွား၏။

အခွင့်အရေးကို မြင်သည်နှင့် ရွှီရှင်းက သူမအား တည့်တည့် ထိုးစိုက်လိုက်သော်လည်း သူမသည် မြေပေါ်တွင် ချက်ချင်း လူးလိမ့်ရှောင်တိမ်းသွားပြန်သည်။

လှံပုဆိန် သည် သူမ၏ လက်မောင်းကို ပွတ်ဆွဲသွားပြီး သစ်ပင်အိမ်၏ ကြမ်းပြင်ထဲသို့ တည့်တည့် တိုးဝင်သွားတော့သည်။

"ဂျွတ်"

ကြမ်းပြင်မှာ ပေါက်ထွက်သွားပြီး အပေါက်ကြီး တစ်ခု ဖြစ်သွား၏။

အစိမ်းရောင်အဆင့် သစ်ပင်အိမ် ကြမ်းပြင်သည် ခရမ်းရောင်အဆင့် လက်နက်ကို မယှဉ်နိုင်သည်မှာ အမှန်ပင်။

"ရပ်ပါဦး ရပ်ပါဦး ကျွန်မတို့ ပူးပေါင်းလို့ ရပါတယ် မတိုက်ပါနဲ့တော့"

လုဖေးအာက အသည်းအသန် အော်ပြောနေရှာသည်၊ သူမ၏ လက်မောင်းတွင်လည်း သွေးစို့နေသည့် ဒဏ်ရာတစ်ခု ထင်ကျန်ခဲ့ချေပြီ။

"ငါ့ကို သတ်ချင်တဲ့လူနဲ့ ငါ ပူးပေါင်းလေ့မရှိဘူး"

ရွှီရှင်းက အေးစက်စွာ ပြောရင်း လှံပုဆိန် ကို ဆက်တိုက် ဝှေ့ယမ်းနေတော့သည်။

လုဖေးအာ၏ လက်မောင်းကို ပွတ်ဆွဲသွားပြီးနောက်၊ လှံပုဆိန် လက်ကိုင်မှတစ်ဆင့် နွေးထွေးသော စွမ်းအင်တစ်ခု သူ၏အတွင်းသို့ စီးဝင်လာသည်ကို သူ ခံစားလိုက်ရ၏။

"ဒါဟာ ခရမ်းရောင်အဆင့် သံမဏိ လှံပုဆိန်ရဲ့ အာနိသင်ပဲလား။"

"ကျွန်မ ရှင့်ကို မသတ်ချင်တော့ပါဘူး သတ်လည်း မသတ်နိုင်တော့ဘူးလေ"

လုဖေးအာသည် ပြတင်းပေါက်မှ ခုန်ချရန် အကြိမ်ကြိမ် ကြိုးစားသော်လည်း ရွှီရှင်း၏ လှံပုဆိန် က အမြဲ ပိတ်ဆို့နေ၏။

ဒါ့အပြင် သူမ၏ ပစ္စည်းအားလုံးကို ရွှီရှင်းက သိမ်းထားသဖြင့် လက်နက်မဲ့နေကာ သစ်ပင်အိမ်အတွင်း၌ အသည်းအသန် ရှောင်တိမ်းနေရရှာသည်။

"ဗုန်း"

ရွှီရှင်းသည် သစ်ပင်အိမ် နံရံကို နောက်တစ်ကြိမ် ခုတ်လိုက်ရာ အစင်းရာအနက်ကြီး တစ်ခု ထပ်မံ ဖြစ်ပေါ်သွားပြန်သည်။

သူ မျက်မှောင်ကြုတ်လိုက်မိ၏။

"ဒီလုဖေးအာက ဘယ်လိုလုပ် ဒီလောက်အထိ ရှောင်နိုင်နေတာလဲ။"

သူမ၏ တုံ့ပြန်မှုက ဘာကြောင့် ဒီလောက်အထိ မြန်နေရတာလဲ။

အကယ်၍ သူသာဆိုလျှင် လက်နက်မပါဘဲ စတုရန်းမီတာ အနည်းငယ်သာရှိသော အခန်းထဲတွင် ဤမျှ ကျယ်ပြန့်သော တိုက်ခိုက်မှုများကို ရှောင်နိုင်ရန်မှာ မဖြစ်နိုင်ပေ။

သူမ၏ ခွန်အားမှာလည်း အလွန်အမင်း မြင့်မားပုံမရသဖြင့် ကိုယ်ခန္ဓာပိုင်းဆိုင်ရာ မြှင့်တင်မှု သိပ်မရှိဘဲနှင့် ဘယ်လိုများ ဤမျှ သွက်လက်နေရပါသနည်း။

"ရပ်ပါဦး... ရပ်ပါဦး..."

လုဖေးအာ၏ အသံမှာ အရင်လို အားမပါတော့ပေ။

သူမသည် ရွှီရှင်း၏ တိုက်ခိုက်မှုများကို အနိုင်နိုင် ရှောင်နေရသော်လည်း အကြိမ်ကြိမ် ထိခိုက်မိထားသဖြင့် သူမ၏ စုတ်ပြတ်နေသော အဝတ်အစားများမှာ ပို၍ပင် ဆိုးရွားသွားချေပြီ။

သံမဏိ လှံပုဆိန်၏ အသက်စွမ်းအား စုပ်ယူမှုဒဏ်ကို အကြိမ်ကြိမ် ခံလိုက်ရသဖြင့် လုဖေးအာသည် သိသိသာသာ နှေးကွေးသွားပြီး သူမ၏ ခြေထောက်များပင် တုန်ယင်နေတော့သည်။

"ရှင် မသိသေးဘူးလား... ကျွန်မ တို့က ရွေးချယ်ခံနေရတဲ့ အဆင့်မှာ ရောက်နေတာလေ"

လုဖေးအာက ရုတ်တရက် အော်ပြောလိုက်သဖြင့် ရွှီရှင်း၏ တိုက်ခိုက်မှု ခဏတာ ရပ်တန့်သွားရ၏။

"ဘာပြောချင်တာလဲ"

ရွှီရှင်း ရပ်သွားသည်ကို မြင်မှ လုဖေးအာသည် မခံနိုင်တော့ဘဲ ကြမ်းပြင်ပေါ်သို့ ခွေကျသွားကာ

"ရှင်... ရှင့်လက်နက်က ဘာကြီးလဲ... ကျွန်မ ဘာလို့ ဒီလောက် အားနည်းသွားရတာလဲ..."

ရွှီရှင်းက လှံပုဆိန် ဖြင့် ရုတ်တရက် ထပ်မံ ထိုးစိုက်လိုက်ရာ၊ သူမသည် ကျန်ရှိသမျှ ခွန်အားကို စုစည်း၍ ဘေးသို့ ရှောင်လိုက်သဖြင့် နောက်တစ်ကြိမ် လွဲချော်သွားပြန်သည်။

ဒီတစ်ခါတော့ သူမ အကျပ်ရိုက်သွားချေပြီ။

ရွှီရှင်းသည် သုံ့ပန်းကို ညှဉ်းဆဲချင်သည့် ဆန္ဒ လုံးဝမရှိပေ၊ သူမကို အပြတ်ရှင်းချင်နေခြင်းသာ ဖြစ်၏။

သို့သော် ဤမိန်းမသည် သူ၏ တိုက်ခိုက်မှုတိုင်းကို ရှောင်နိုင်နေခြင်းမှာ တကယ့်ကို အဓိပ္ပာယ်မရှိလှဘဲ သူ့ကို စိတ်တိုလာစေတော့သည်။

"မလုပ်ပါနဲ့... မလုပ်ပါနဲ့"

လုဖေးအာသည် ကြမ်းပြင်ပေါ်တွင် လဲကျနေရင်း ရွှီရှင်း ထပ်မံ မတိုက်ခိုက်တော့သည်ကို မြင်သောအခါ အမြန် ပြောလိုက်သည်။

"ရှင် သိမှာပါ၊ ကျွန်မ တို့က ရွေးချယ်ခံနေရတာလေ ဖယ်ရှားတာတွေ ရှိနေမှတော့ ဒါဟာ ရွေးချယ်မှု မဟုတ်ဘူးလား"

"ဒါဆိုလည်း ဘာဖြစ်လဲ"

ရွှီရှင်းက တည်ငြိမ်စွာဖြင့်ပင် ပြန်မေးလိုက်သည်။

ဤအချက်ကို သူ ကြိုသိနေသည်မှာ ကြာပြီ မဟုတ်ပါလား။

"ဒါဆိုရင် ကျွန်မ လူသတ်တာက ဘာမှားလို့လဲ"

လုဖေးအာသည် အနိုင်နိုင် ပြန်ထရပ်လိုက်၏။

အသက်စွမ်းအား အစုပ်ခံထားရသဖြင့် သူမ၏ ခြေထောက်များမှာ တုန်ယင်နေပြီး မျက်နှာမှာလည်း ဖြူဖျော့နေသော်လည်း၊ ရွှီရှင်းကိုတော့ စူးစူးဝါးဝါး စိုက်ကြည့်နေဆဲပင်။

"နောက်ဆုံးမှာ လူအနည်းငယ်ပဲ ကျန်မှာလေ၊ အန္တရာယ်ဖြစ်လာမယ့်သူတွေကို ကြိုပြီး ရှင်းထုတ်တာက ပြဿနာ ရှိလို့လား။ ဒါ့အပြင်..."

သူမသည် စကားကို ဆက်ပြောရန် ဇဝေဇဝါ ဖြစ်နေပုံရသည်။

ရွှီရှင်း၏ လှံပုဆိန် သည် သူမ၏ လည်ပင်းနားသို့ ချက်ချင်း ရောက်ရှိသွားသဖြင့် သူမမှာ တုန်လှုပ်သွားရ၏။

"ဒါ့အပြင် ဘာဖြစ်လဲ... ဆက်ပြောစမ်း"

လုဖေးအာ၏ မျက်လုံးများတွင် ဒေါသအရိပ်အယောင်များ လက်ခနဲ ပေါ်လာပြီးမှ၊ လှံသွားက သူမ၏ လည်ပင်းကို ထိလုနီးပါး ဖြစ်နေချိန်တွင် သူမက တိုးတိုးလေး ပြောလိုက်သည်။

"ဒါ့အပြင်... ကျွန်မတို့ နယ်မြေခေါင်းဆောင် ကျန်းတောက်ကွမ်က အဆင့်စာရင်းက ထိပ်တန်း ၁၀ ယောက်ကို သီးသန့် စာပို့ထားတယ်။ သူ ပြောတာကတော့... ရှင်တို့ တခြားနယ်မြေက လူတွေဟာ ငါတို့ရဲ့ ရန်သူတွေပဲတဲ့။ နောက်ဆုံးမှာ တစ်ယောက်နဲ့တစ်ယောက် တိုက်ကြရမှာမို့လို့ တွေ့တဲ့နေရာမှာ အပြတ်ရှင်းရမယ်၊ တစ်ယောက်မှ အသက်ရှင်ခွင့် မပေးနဲ့တဲ့"

ရွှီရှင်း၏ အကြည့်များမှာ ပို၍ပင် လေးနက်သွားရ၏။

"ဒါကြောင့်ကိုး။"

လဲ့ယိုဖန်းနှင့် စကားပြောတုန်းက သူ ထူးဆန်းနေခဲ့ခြင်း ဖြစ်သည်။

အရင်ပွဲတွေတုန်းက နယ်မြေ ၁၈၇ က ထိပ်တန်းလူတွေက မကူညီခဲ့ဘဲ အခုမှ ဘာကြောင့် ကူညီခဲ့ကြသလဲဆိုတာပေါ့။

အရင်က ကူညီဖို့ဆိုသည်မှာ စကားအနည်းငယ် ပြောရုံသာ ဖြစ်သော်လည်း သူတို့ ဂရုမစိုက်ခဲ့ကြပေ။

ယခုတစ်ကြိမ်တွင်မူ ၁၀ တန်နီးပါးရှိသော ဗီဇပြောင်းအပင် နှလုံးသား အပိုင်းအစများကို ခွဲစိတ်ဝေမျှပေးရန်မှာ အရင်ကထက် အများကြီး ပို၍ အချိန်ကုန်၊ လူပင်ပန်းခံရသည့် အလုပ် ဖြစ်သည် မဟုတ်ပါလား။

ကြည့်ရတာ ကျန်းတောက်ကွမ်သည်လည်း ကျိချောင်းယန်ကဲ့သို့ပင် သတင်းအချို့ ရထားပုံရပြီး၊ နောင်တွင် နယ်မြေအချင်းချင်း ပဋိပက္ခများ ရှိလာမည်ကို သိနေသဖြင့် ကိုယ့်နယ်မြေက လူတွေကို တတ်နိုင်သမျှ များများ ကယ်တင်ထားခြင်း ဖြစ်ရမည်။

ပြီးနောက် သူ၏ နယ်မြေရှိ ပညာရှင်များကို အသိပေးကာ တခြားနယ်မြေများ၏ အင်အားကို ချည့်နဲ့အောင် လုပ်ခိုင်းနေခြင်း ဖြစ်ပေလိမ့်မည်။

လဲ့ယိုဖန်းတို့ကဲ့သို့ သာမန်လူများကို မပြောပြခြင်းမှာလည်း သဘာဝကျပါ၏။

ရွှီရှင်းနှင့် ကျိချောင်းယန်တို့ စဉ်းစားသကဲ့သို့ပင်၊ ပထမအချက်မှာ ဤသတင်းကြောင့် ပရမ်းပတာ ဖြစ်သွားမည်ကို စိုးရိမ်ခြင်းဖြစ်ပြီး၊ ဒုတိယအချက်မှာ ထိုသူတို့၏ ခွန်အားနှင့် တခြားနယ်မြေသို့ သွားခြင်းမှာ ကိုယ့်ကိုယ်ကိုယ် သတ်သေခြင်းနှင့် အတူတူပင် ဖြစ်သောကြောင့် ဖြစ်သည်။

"ဒါဆိုရင်... တကယ်တော့ နယ်မြေတိုင်းမှာ တစ်ယောက်ယောက်က ဒီသတင်းကို ရနေတာလား။"

နယ်မြေတစ်ခုစီတွင် တစ်ယောက်စီသာ ရခြင်းလည်း ဖြစ်နိုင်၏။

သူတို့နယ်မြေတွင်လည်း အပြင်ကို ပထမဆုံး ထွက်ရဲသည့် ကျိချောင်းယန်သာ တွေ့ကြုံခဲ့ရသည် မဟုတ်ပါလား။

ထိုလူက ဤသတင်းကို သူတစ်ပါးအား ဝေမျှခြင်း ရှိမရှိပေါ် မူတည်၍ နယ်မြေ၏ တိုးတက်မှု လမ်းကြောင်းမှာ ပြောင်းလဲသွားမည် ဖြစ်သည်။

ရွှီရှင်းမှာ အံ့သြသွားခြင်း မရှိသည်ကို မြင်တော့ လုဖေးအာက သူလည်း ဤသတင်းကို သိနေမှန်း ရိပ်မိသွား၏။

သူမသည် ခါးသီးစွာ ပြုံးလိုက်မိ၏။

ဒါကြောင့်လည်း သူက သူမကို သတ်ဖို့ အားသန်နေခြင်း ဖြစ်ရမည်။

နယ်မြေမတူသူများသည် အုပ်စုတစ်ခုတည်း မဟုတ်မှန်း သူ သိနေသည် မဟုတ်ပါလား။

"ဒါဆိုရင်တော့... ငါ အဲဒီနည်းလမ်းကို သုံးရတော့မှာလား။"

သူမသည် ထိုသို့သော မိစ္ဆာပုံစံအဖြစ်သို့ မပြောင်းလဲချင်လှပေ။

ရွှီရှင်း၏ လှံပုဆိန် က ရုတ်တရက် လှုပ်ရှားသွားပြီး သူမ၏ လည်ပင်းကို ဖြတ်ကျော်သွားတော့သည်။

ထက်မြက်လှသော လက်နက်အောက်တွင် လုဖေးအာ၏ လည်ပင်း တစ်ဝက်နီးပါး ပြတ်တောက်သွားပြီး သွေးများ ပန်းထွက်လာတော့သည်။

သူမ၏ မျက်နှာမှာ တစ္ဆေတစ်ကောင်လို ဖြူဖျော့သွားပြီး ရွှီရှင်းကို စူးစူးဝါးဝါး စိုက်ကြည့်ရင်း နောက်ဆုံးတွင်တော့ ဝုန်းခနဲ မြေပေါ်သို့ လဲကျကာ ငြိမ်သက်သွားတော့သည်။

သွေးများသည် သစ်ပင်အိမ် ကြမ်းပြင်အနှံ့ စီးဆင်းသွားပြီး တစ်ပြင်လုံး နီရဲသွားချေပြီ။

ရွှီရှင်း သက်ပြင်းချလိုက်၏။

၎င်းမှာ သူ ပထမဆုံးအကြိမ် လူသတ်ဖူးခြင်း ဖြစ်ပြီး စိတ်ထဲတွင်တော့ လုံးဝ မအီမသာ ဖြစ်နေရသည်။

သို့သော်လည်း သူ ရွံရှာခြင်းတော့ မရှိပေ။

ဘာပဲဖြစ်ဖြစ် သားရဲတွေနဲ့ ဗီဇပြောင်းသတ္တဝါတွေကို သတ်ခဲ့ဖူးသလို၊ သွေးတွေကိုလည်း အများကြီး မြင်ခဲ့ဖူးသည် မဟုတ်ပါလား။

ဒီပွဲမှာ လူအများကြီး သေခဲ့တာကို တွေ့ခဲ့ရသဖြင့် သေခြင်းတရားအပေါ် သူ အသားကျနေပြီလားမသိပေ။

"အမြန် ရှင်းလင်းလိုက်တာ ပိုကောင်းမယ်။"

နှမြောစရာပင် သူမရဲ့ ရုပ်ရည်ကတော့ တကယ်ကို ထူးခြားလှ၏။

ရုတ်တရက် ရွှီရှင်း၏ ရင်ထဲတွင် အန္တရာယ် အရိပ်အယောင်တစ်ခု တိုးဝင်လာသည်။

၎င်းမှာ အစွမ်းထက်သော ဗီဇပြောင်းသတ္တဝါများနှင့် ရင်ဆိုင်ရချိန်တွင် ခံစားရလေ့ရှိသော ကိုယ်ခန္ဓာ၏ သတိပေးချက်ပင် ဖြစ်၏။

"ဘာဖြစ်တာလဲ"

ရွှီရှင်း မျက်တောင်များ တဖျပ်ဖျပ် ခတ်သွားပြီး မြေပုံကို ချက်ချင်း စစ်လိုက်သည်။

မြေပုံပေါ်တွင် တောက်ပလှသော အနီရောင်အစက်တစ်ခုသည် ကပ်ပါးအိမ် ၀၂ အတွင်း၌ သူနှင့်အတူ ရှိနေသည် မဟုတ်ပါလား။

ထိုအနီရောင်အစက်သည် အလယ်အလတ်အဆင့် ဗီဇပြောင်းသားရဲများထက်ပင် ပို၍ တောက်ပနေ၏။

ရွှီရှင်းသည် မြေပေါ်က လုဖေးအာ၏ အလောင်း ဆီသို့ ချက်ချင်း လှည့်ကြည့်လိုက်သည်။

ငြိမ်သက်နေသော လုဖေးအာ၏ ကိုယ်ခန္ဓာမှာ အနည်းငယ် တုန်ယင်လာပြီး၊ သူမ၏ အသားအရည်ပေါ်တွင် သွေးရောင်အစင်းကြောင်းလေးများ ပေါ်ထွက်လာချေပြီ။

"တောက်... ဖုတ်ကောင်လား"

ရွှီရှင်း မျက်နှာ ပျက်သွားရပြီး၊ ဝေခွဲမနေတော့ဘဲ လှံပုဆိန် ဖြင့် ထိုးစိုက်လိုက်တော့သည်။

သို့သော် လက်နက် မထိမှန်မီမှာပင် ထို အလောင်း မှာ မြေပြင်မှ ဝုန်းခနဲ ခုန်ထရပ်လိုက်ပြီး၊ လျှပ်စီးကဲ့သို့ မြန်သော အရှိန်ဖြင့် ရှောင်လိုက်ရာ သစ်ပင်အိမ် နံရံကို ပြင်းထန်စွာ တိုက်မိသွားသဖြင့် တစ်အိမ်လုံး တုန်ခါသွားရ၏။

သို့သော် လုဖေးအာမှာ ထိခိုက်ခြင်း မရှိဘဲ သူမ၏ ကိုယ်ကို ထိန်းလိုက်ပြီး၊ တောကြောင်တစ်ကောင်ကဲ့သို့ ခြေဟန်လက်ဟန် ပြုကာ ရွှီရှင်းကို စိုက်ကြည့်နေတော့သည်။

သူမ၏ မျက်လုံးများမှာ ယခုအခါ သွေးရောင် လွှမ်းနေပြီး အသက်ရှူသံများမှာလည်း ပြင်းထန်လှ၏။

စုတ်ပြတ်နေသော အဝတ်အစားများကြားမှ မြင်နေရသည်မှာ သူမ၏ တစ်ကိုယ်လုံးတွင် သွေးရောင်အစင်းကြောင်းများ ပြည့်နှက်နေပြီး၊ မျက်နှာပေါ်တွင်လည်း နဖူးမှ ပါးပြင်အထိ ထူထဲသော သွေးရောင်မျဉ်း နှစ်ကြောင်း ထင်ကျန်နေချေပြီ။

သူမ၏ လည်ပင်းမှ ကြောက်မက်ဖွယ် ဒဏ်ရာမှာလည်း ယခုအခါ အစင်းရာလေးတစ်ခုသာ ကျန်တော့ပြီး၊ ကိုယ်ပေါ်က အစင်းရာများမှာလည်း လုံးဝ ပျောက်ကွယ်သွားပြီ ဖြစ်သည်။

"သူမ ဗီဇပြောင်းသွားတာလား။ ဗီဇပြောင်းလူသားလား။"

ဒါပေမဲ့ သူမက ဟိုမြေအောက်က ဗီဇပြောင်းလူသားတွေနဲ့တော့ မတူသလိုပဲ...။

ရွှီရှင်းမှာ အံ့သြမှုမှ မနိုးထနိုင်သေးမီမှာပင်၊ ဗီဇပြောင်းသွားသော လုဖေးအာသည် ရွှီရှင်းထံသို့ ရုတ်တရက် ခုန်အုပ်လိုက်တော့သည်။

"နင့်ကို ငါ သတ်မယ်"

---

အခန်း ၂၀၅ ပြီး။

*****

All Chapters