အခန်း (၂၀၈-၂၀၉)
Vol. 14 Ch. 208-209
အခန်း (၂၀၈) - သစ်ပင်အိမ်ဆီသို့ ချီတက်ခြင်း
သူသိထားတဲ့ သတင်းအချက်အလက်အားလုံးကို သူတို့နဲ့ ဝေမျှပြီးနောက်မှာတော့ ရွှီရှင်း ဘာမှ ထပ်မပြောတော့ပေ။
သူနဲ့ လုဖေးအာတို့ တိုက်ပွဲကြောင့် ပျက်စီးသွားတဲ့ ကပ်ပါးသစ်ပင်အိမ်ကို သူ တစ်ချက် လှည့်ကြည့်လိုက်၏။
နံရံမှာ တပ်ဆင်ထားတဲ့ သစ်ပင်အိမ် မျက်နှာပြင်တောင်မှ သူ ခုတ်လိုက်လို့ အက်ကွဲပြီး မှောင်သွားချေပြီ။
တစ်ခါတစ်ရံမှာတော့ တစီစီ မြည်သံတွေနဲ့အတူ လျှပ်စစ်မီးပွားတွေတောင် ထွက်နေသေး၏။
ဒီမျက်နှာပြင်က လျှပ်စစ်နဲ့ အလုပ်လုပ်တာလား။
သစ်ပင်အိမ်က ဇီဝစွမ်းအင်ကို လျှပ်စစ်စွမ်းအင်အဖြစ် ပြောင်းလဲပေးနိုင်တာလားမသိဘူး။
ဘာပဲဖြစ်ဖြစ် ဒီ ကပ်ပါးအိမ် ၀၂ ကတော့ အခုချိန်မှာ မျက်နှာပြင်တောင် သုံးလို့မရတော့တာကြောင့် လုံးဝကို အသုံးမဝင်တော့ချေ။
ဒါ ပြန်ကောင်းဖို့ ဘယ်လောက်ကြာမလဲဆိုတာ သူ စောင့်ကြည့်ရဦးပေမည်။
သူသည် ကပ်ပါးအိမ် ၀၂ ပေါ်က ဆင်းပြီး ပင်မသစ်ပင်အိမ်ခြေရင်းကို ပြန်လာခဲ့သည်။
အဲဒီကျမှပဲ သစ်ပင်အိမ်အောက်မှာရှိတဲ့ ကြင်ယာတော်၊ သစ်ပင်အုပ်မှာ တွဲလောင်းခိုနေတဲ့ အာဖု၊ ဒါမှမဟုတ် ပြတင်းပေါက်နားမှာ ရှိနေကြတဲ့ ခဲခဲလေး၊ ငွေရောင်ဘုရင်နဲ့ မီမီတို့ဟာ သူ့ကိုပဲ စိုးရိမ်တကြီး စောင့်ကြည့်နေကြတာကို သူ သတိထားမိတော့သည်။
ကပ်ပါးအိမ် ၀၂ ထဲမှာ သူသုံးခဲ့တဲ့ ပေါက်ကွဲမြှားရဲ့ အသံက အရမ်းကျယ်လွန်းတာကြောင့် သူတို့ရဲ့ အာရုံကို တိုက်ရိုက် ဆွဲဆောင်သွားခဲ့၏။
"အီး...အီး "
ရွှီရှင်း ကပ်ပါးအိမ်ပေါ်ကဆင်းပြီး ပင်မအိမ်ဆီ ပြန်လာတာကို မြင်တော့၊ ခဲခဲလေးက ပြတင်းပေါက်ကနေ အသည်းအသန် အော်နေရှာသည်၊ သူ့မှာ တစ်ခုခု ဖြစ်သွားမှာကို စိုးရိမ်နေတဲ့ ပုံပင်။
ရွှီရှင်း အိမ်ပေါ်ပြန်ရောက်တာနဲ့ ခဲခဲလေးက သူ့အပေါ်ကို လှမ်းခုန်တက်လိုက်တော့သည်။
ခဲခဲလေးဟာ အန္တရာယ်ကို တော်တော်လေး အကဲခတ်နိုင်၏။
လုဖေးအာ ဗီဇပြောင်းသွားကတည်းက ရွှီရှင်းဆီကနေ အန္တရာယ် အငွေ့အသက်တွေကို သူမ ခံစားနေရတာပင်။
အကယ်၍ အဲဒီအန္တရာယ်ရဲ့ အရင်းအမြစ်ဖြစ်တဲ့ မိစ္ဆာမဟာ တောအုပ်ထဲကို အရှိန်နဲ့ ထွက်ပြေးသွားတာကိုသာ သူမ မမြင်ခဲ့ရင်၊ မီတာ ဒါဇင်ချီ မြင့်တဲ့ သစ်ပင်ပေါ်ကနေ ဆင်းပြီး ရွှီရှင်းဆီကို ပြေးလာမှာ သေချာသည်။
ရွှီရှင်းက ခဲခဲလေးကို ချီပြီး ခေါင်းလေးကို ပွတ်ပေးလိုက်၏။
"ငါ ဘာမှမဖြစ်ပါဘူး၊ စိတ်မပူနဲ့။ ဒါပေမဲ့ မကြာခင်မှာတော့ နင်တို့အားလုံး အလုပ်ရှုပ်ကြရတော့မယ်"
ဒီစကားကို ငွေရောင်ဘုရင်နဲ့ မီမီတို့ကိုပါ ရည်ရွယ်ပြီး ပြောလိုက်ခြင်း ဖြစ်သည်။
တစ်ယောက်ချင်းစီ တိုက်ဖို့လား...။
မဖြစ်နိုင်ပေ သူကတော့ သူတို့ကိုပါ အဖော်ခေါ်သွားမှာ သေချာသည်။
စောစောက အခြေအနေက ရုတ်တရက်ကြီး ဖြစ်သွားတာဖြစ်ပြီး အခုတော့ အုပ်စုလိုက် ဝိုင်းတိုက်လို့ ရနေပြီဖြစ်ရာ တစ်ယောက်ချင်း ပြိုင်နေစရာ မလိုတော့ပေ။
သူသည် ချက်ချင်း ထွက်မသွားသေးဘဲ မီးဖိုချောင်မှာ ညစာ အေးအေးဆေးဆေး ပြင်ဆင်ပြီး ခဲခဲလေးနဲ့အတူ စားသောက်လိုက်သည်။
ငွေရောင်ဘုရင်နဲ့ မီမီကတော့ မနက်က စားထားတာကြောင့် တစ်နေ့ တစ်နပ်ဆိုရင် လောက်ငနေ၏။
ညစာစားနေတုန်းမှာ သူ မြေပုံကို ကြည့်လိုက်ရာ၊ အနီရောင်အစက်ဟာ ပုံသေမရှိဘဲ ဟိုဒီ ပြေးလွှားနေပြီး ရပ်တန့်မယ့် အရိပ်အယောင် မရှိသေးတာ တွေ့ရ၏။
အနီရောင်အစက် ရောက်နေတဲ့ နေရာကတော့ မှောင်မည်းနေပြီး ရွှီရှင်း မရောက်ဖူးသေးတဲ့ နေရာဖြစ်တာကြောင့် မြေပုံက ပွင့်မနေချေ။
ဒီလုဖေးအာဟာ ထွက်ပြေးနေရင်းနဲ့ သတိပြန်ဝင်လာတာ သေချာသည်။
အခုတော့ ရွှီရှင်းက သူမနောက်ကို လိုက်ဖမ်းနေတယ်လို့ ထင်နေပုံရတာကြောင့်၊ သူမနောက်က လိုက်လာတယ်လို့ ထင်ရတဲ့ ရွှီရှင်းကို မျက်ခြေပြတ်အောင် တောထဲမှာ ပတ်ပြေးနေခြင်းပင်။
ဒါပေမဲ့ လုဖေးအာ မသိတာကတော့၊ အခုချိန်မှာ သူဟာ သစ်ပင်အိမ်ထဲမှာ အေးအေးဆေးဆေး ထမင်းစားနေတာဖြစ်ပြီး စိတ်ကူးလိုက်ရုံနဲ့တင် သူမရဲ့ တည်နေရာကို သိနေတာပင်။
သူမ ပတ်ပြေးရတာ မောပြီး ရပ်သွားတဲ့အချိန်ကျမှပဲ သူ သွားပြီး အံ့သြအောင် လုပ်ပေးတော့မည်။
အခုသွားရင်တော့ လိုက်တမ်းပြေးတမ်း ကစားနေရမှာဆိုတော့ အလုပ်ရှုပ်ပေ၏။
တိုက်ရိုက် ချောင်းမြောင်း တိုက်ခိုက်တာက ပိုပြီး အဆင်ပြေသည်။
ဒီအချိန်အတောအတွင်းမှာ ရွှီရှင်းက သူမရဲ့ သစ်ပင်အိမ် နာရီကို ဖွင့်ကြည့်လိုက်၏။
သူမရဲ့ သစ်ပင်အိမ် လုပ်ဆောင်ချက်တွေကို ကြည့်ရသလောက်တော့ တကယ့်ကို သာမန်ပင်။
အနုပညာရှင် အလုပ်ရုံ၊ အဂ္ဂိရတ်ပညာ ဒါမှမဟုတ် သံထည်လုပ်ငန်း စတာတွေ ဘာမှ မရှိချေ။
သစ်ပင်အိမ်က ပေးတဲ့ အခြေခံ လုပ်ဆောင်ချက်တွေပဲ ရှိ၏။
အလှဆင်ရမှတ်ကတော့ မနည်းပေ၊ စုစုပေါင်း ရာဂဏန်းနီးပါး ရှိသည်။
ဒါပေမဲ့ သူမရဲ့ ရမှတ်တွေကတော့ တစ်ဂဏန်းပဲ ကျန်တော့တာဖြစ်ပြီး အမှတ်ဆိုင်က အလှဆင်ပစ္စည်း အားလုံးကို သူမ ဝယ်ထားတာကြောင့် ရမှတ်တွေ ကုန်နေခြင်းပင်။
ရွှီရှင်း သူမရဲ့ စကားပြောမှတ်တမ်းတွေကိုလည်း စစ်ကြည့်လိုက်သည်။
သီးသန့် အရောင်းအဝယ် အချို့ကလွဲရင်၊ နယ်မြေ ၁၈၇ ရဲ့ အဆင့် ၁ ဖြစ်တဲ့ ကျန်းတောက်ကွမ်နဲ့ ပြောထားတာကို သူ ချက်ချင်း မြင်လိုက်ရ၏။
နှိပ်ကြည့်လိုက်တဲ့အခါ လုဖေးအာ ပြောခဲ့သလို သူတို့နှစ်ယောက်ဟာ မနေ့ညနေက ခဏပဲ စကားပြောထားကြပြီး အဲဒီနောက်ပိုင်း ဘာမှ ထပ်မပြောကြတော့ပေ။
ကျန်းတောက်ကွမ်ရဲ့ သတင်းစကားက နယ်မြေထဲက ထိပ်တန်း ၁၀ ယောက်လုံးဆီကို ပို့ထားပုံရသည်။
"ကမ္ဘာကြီးက နယ်မြေအချင်းချင်း ပြိုင်ဆိုင်ရမယ့် အဆင့်ကို ရောက်တော့မယ်၊ နောက်ဆုံးမှာ နယ်မြေတစ်ခုက လူတွေပဲ အသက်ရှင်မှာ၊ ဒါကို ငါ ဒီနေ့ အပြင်မှာ သိခဲ့ရတာ။ နယ်မြေရဲ့ ထိပ်တန်း ၁၀ ယောက်အနေနဲ့ မင်းတို့ကို ငါ အပိုင်းအစတွေ ပေးမယ်၊ ဒါမှ ဒီည မင်းတို့ အသက်ရှင်မှာ။ မှတ်ထားပါ... ငါတို့က မဟာမိတ်တွေ၊ တခြားနယ်မြေက လူတွေကတော့ ရန်သူတွေပဲ။ တွေ့တဲ့နေရာမှာ အပြတ်ရှင်းကြပါ၊ တစ်ယောက်မှ အသက်ရှင်ခွင့် မပေးပါနဲ့"
လုဖေးအာကတော့ စာတစ်ကြောင်းပဲ ပြန်ထားသည်။
"အပိုင်းအစတွေအတွက် ကျေးဇူးတင်ပါတယ်၊ ကျွန်မ နားလည်ပါပြီ"
လုဖေးအာကတော့ သူ့ကို တကယ် မလိမ်ခဲ့ပေ။
ကျန်းတောက်ကွမ် ဆိုတဲ့လူက တကယ်ပဲ ဒီသတင်းကို သိနေပေသည်။
"နယ်မြေအချင်းချင်း ဆက်ဆံရေးကတော့ တော်တော်လေးကို ရှုပ်ထွေးလာတော့မှာလားမသိဘူး။"
ရုတ်တရက် နာရီ မျက်နှာပြင်ပေါ်မှာ သူ စောစောက ကြည့်ထားတဲ့ သစ်ပင်အိမ် ခုတ်ထစ်ရေး အဖွဲ့ ဆိုတဲ့ အုပ်စုထဲကနေ စာတစ်စောင် တက်လာ၏။
လုဖေးအာ အပါအဝင် ဒီအုပ်စုမှာ လူ ၅ ယောက်ပဲ ရှိတာ၏။
ယင်ယွမ် - "ဖေးအာ ဘယ်ရောက်သွားတာလဲ။ တစ်ဖက်ကလူကို ရှင်းလိုက်မယ်လို့ ပြောပြီး ပျောက်သွားတာ ဘာသတင်းမှ မရှိတော့ဘူးလား"
မြောင်ဒပ် - "သူမ ရှုံးသွားတာများလား။ ငါ ပြောသားပဲ၊ သန်မာပုံရတဲ့လူတွေကို သွားမစပါနဲ့လို့။ ငါတို့က နယ်မြေ ၁၈၆ နဲ့ ၁၈၈ ကြားမှာ ရှိတာလေ၊ ၁၈၆ ကတော့ ထားပါတော့၊ ၁၈၈ မှာက တကယ့် ထိပ်တန်းလူကြီး နှစ်ယောက် ရှိတာကွ။ သူတို့နယ်မြေက တကယ်ကို သန်မာမှာ သေချာတယ်"
ချူးယာကျွင်း - "တစ်ခုခု ဖြစ်နေတဲ့ ပုံလည်း မပေါ်ပါဘူး။ သူမရဲ့ နာမည်က မီးခိုးရောင် မဖြစ်သေးဘူးဆိုတော့ မသေသေးတာ သေချာတယ်၊ တစ်ခုခုကြောင့် စာပြန်လို့ မရတာ ဖြစ်မှာပါ"
ကူဟုန်းဟောင် - "ဟဲ... မသေသေးဘူးဆိုတာက ပြဿနာ မရှိဘူးလို့ မဆိုလိုဘူး။ ငါသာ သူမလို အလှလေးနဲ့ တွေ့ရင်တော့ မသတ်ဘူး"
ချူးယာကျွင်း - "...နင်ကတော့ အမြဲတမ်း အဲဒီလိုပဲ ပြောတော့တာပဲ။ နင်က ဖေးအာကို မျက်စိကျနေတာ မဟုတ်လား။ သူမ တစ်ခုခု တကယ်ဖြစ်သွားရင် နင်လို လူယုတ်မာအတွက် ဘာမှ အကျိုးရှိမှာ မဟုတ်ဘူးနော်"
---
အခန်း ၂၀၈ ပြီး။
*****
အခန်း (၂၀၉) - သစ်ပင်အိမ်ဆီသို့ ချီတက်ခြင်း (၂)
ကူဟန်းဟောင် - "သူမ အသက်ရှင်နေသရွေ့တော့ တစ်ပတ်ရစ်ဖြစ်ဖြစ် ဘာဖြစ်ဖြစ် ငါ ဂရုမစိုက်ဘူး၊ ဖေးအာကတော့ ငါ့ရဲ့ နတ်ဘုရားမပဲ"
ယင်ယွမ် - "နင်ကတော့ တကယ့်ကို ရွံစရာကောင်းလိုက်တာ ဖေးအာက နင်လိုလူမျိုးကို ဘယ်လိုလုပ် အဖွဲ့ထဲ ပေးဝင်လိုက်တာလဲ မသိဘူး"
မြောင်ဒပ် - "တော်ကြတော့၊ အဓိပ္ပာယ်မရှိတာတွေ ပြောမနေနဲ့။ ဘာပဲဖြစ်ဖြစ် လုဖေးအာက နယ်မြေရဲ့ ထိပ်တန်း ၅ ယောက်ထဲမှာ ပါတယ်လေ၊ သူမ ဘာမှဖြစ်မှာ မဟုတ်ပါဘူး။ အခု သူမ စာပြန်လို့မရသေးပေမဲ့ ငါတို့ ချိန်းထားတဲ့ အချိန်ရောက်ပြီဆိုတော့ ဒီနေ့ အခြေအနေတွေကို အရင်ပြောထားကြရအောင်။ သူမ နောက်မှ ပြန်ကြည့်လို့ ရတာပဲ"
အဖွဲ့ထဲမှာ စုစုပေါင်း ၄ ယောက်ရှိ၏။
ရွှီရှင်း သူတို့ နယ်မြေ ၁၈၇ ရဲ့ အဆင့်စာရင်းကို ကြည့်တုန်းက ဒီလူတွေ တစ်ယောက်မှ ထိပ်တန်း ၁၀ ယောက်ထဲမှာ မပါတာ သူ သတိထားမိသည်။
အပြာရောင်အဆင့် နာရီ မရှိကြတာကြောင့် သူတို့တွေဟာ သစ်ပင်အိမ် အပြင်ဘက်ရောက်ရင် တစ်ယောက်နဲ့တစ်ယောက် ဆက်သွယ်လို့ မရကြပေ။
ဒါကြောင့်လည်း အိမ်ပြန်ရောက်တဲ့အချိန်မှ အခုလို အစီရင်ခံစာ တင်နေကြခြင်းပင်။
သူ ဆက်ပြီး ရှာကြည့်လိုက်တဲ့အခါ သူတို့အားလုံးဟာ အဆင့် ၁၀၀ အတွင်းမှာ ရှိကြပြီး အစိမ်းရောင်အဆင့် ကိရိယာတွေ ရထားကြတာ တွေ့ရသည်။
အဲဒီအထဲမှာ အချိန်ကြည့်လို့ရတဲ့ စက်နာရီ ပါတာကြောင့် အိမ်ကို အချိန်မီ ပြန်လာနိုင်ကြတာ ဖြစ်ရမည်။
လုဖေးအာရဲ့ အရင်က စကားပြောမှတ်တမ်းတွေကို သူ ပြန်လှန်ကြည့်လိုက်၏။
ယင်ယွမ် - "ငါ အခုပဲ ပြန်ရောက်တာ၊ တစ်နေကုန် အပြင်မှာ လျှောက်သွားပြီး ကာကွယ်ရေးနယ်မြေ အစွန်းနားမှာ အကြာကြီး ရှာကြည့်ပေမဲ့ သစ်ပင်အိမ် တစ်လုံးမှ ရှာမတွေ့ဘူး။ နယ်မြေအပြင်ဘက်ကို ထွက်ဖို့ ကြိုးစားကြည့်တော့လည်း ဗီဇပြောင်းနွယ်ပင်တွေ ပေါက်လာတာနဲ့ ပြန်လှည့်လာခဲ့ရတယ်။ ငါ့အနားမှာ သစ်ပင်အိမ်တွေ မရှိတာများလား"
လုဖေးအာ - "ငါ့မှာတော့ သစ်ပင်အိမ်မျိုးစေ့ တစ်ခု ရထားပြီ၊ အခု ဒုတိယတစ်ခုကို ထပ်တွေ့တာ။ နင်တို့တွေကတော့ နှေးလိုက်တာ ဒီအိမ်ရှင်ကို သတ်လိုက်တာနဲ့ ဒီအိမ်ကို ငါ့အိမ်နားမှာ ရွှေ့စိုက်လို့ ရပြီလေ"
ယင်ယွမ် - "ဟင် နင် စောစောက ပြောတဲ့ ခရမ်းရောင်အဆင့် အိမ်ကြီးကို ပြောတာလား။ အဲဒီလူက အရမ်း သန်မာမှာ မဟုတ်ဘူးလား။ ငါတို့နယ်မြေမှာ ခရမ်းရောင်အဆင့်အိမ် ရှိတဲ့သူ တစ်ယောက်မှ မကြားဖူးဘူးနော်။ မိုက်မိုက်ကန်းကန်း မလုပ်ပါနဲ့ဦး၊ အဲဒီလို သန်မာတဲ့သူနဲ့ ရန်သူဖြစ်ရတာ မကောင်းပါဘူး"
လုဖေးအာ - "ဘာကို ကြောက်နေမှာလဲ။ သူ ဘယ်လောက်ပဲ သန်မာပါစေ၊ ဘာဖြစ်လဲ။ အစီအစဉ်ကောင်းဖို့ပဲ လိုတာ အရင်တစ်ယောက်ကိုလည်း ငါ အေးဆေးလေးပဲ ရှင်းခဲ့တာ မဟုတ်လား။ ထိပ်တိုက်ရင်ဆိုင်တာက အမှားဆုံး လုပ်ရပ်ပဲ"
ယင်ယွမ် - "အင်း... ကောင်းပါပြီလေ၊ သတိတော့ ထားဦးနော်"
အဲဒီအချိန်တုန်းက ယင်ယွမ် တစ်ယောက်ပဲ သူမနဲ့ စကားပြောနေတာဖြစ်ပြီး၊ ကျန်တဲ့သူတွေက အိမ်ပြန်မရောက်ကြသေးချေ။
စကားဝိုင်းကို အပေါ်ပြန်ဆွဲကြည့်လိုက်တဲ့အခါ ဒီအုပ်စုမှာ မနေ့ညကနဲ့ ဒီနေ့ မှတ်တမ်းတွေပဲ ရှိတာကြောင့်၊ ဒီအဖွဲ့ကို မနေ့ညကမှ ဖွဲ့လိုက်တာ သိသာလှသည်။
အဓိကအားဖြင့်တော့ လုဖေးအာက သူတို့ရဲ့ သစ်ပင်အိမ် ခုတ်ထစ်ရေးအဖွဲ့ ရဲ့ တာဝန်တွေကို ရှင်းပြထားတာပါပဲ၊ ထွေထွေထူးထူးတော့ မရှိချေ။
ထိုစဉ်မှာပင် မမျှော်လင့်ဘဲ အဖွဲ့ထဲမှာ တစ်ယောက်ယောက်က စာပို့လိုက်သည်။
လုဖေးအာ - "နင်တို့ဘာသာ စကားပြောနှင့်ကြဦး၊ ငါ ဒီမှာ လုပ်စရာလေး ရှိလို့ မပါတော့ဘူး"
"ဟင်"
"လုဖေးအာက စာပို့လိုက်တာလား။"
ရွှီရှင်း မြေပုံကို ချက်ချင်း ကြည့်လိုက်၏။
မစူးစမ်းရသေးတဲ့ မှောင်နေတဲ့ နယ်မြေထဲမှာ အနီရောင်အစက်က ငြိမ်သက်နေဆဲပင်။
သူမရဲ့ နာရီက သူ့လက်ထဲမှာကြောင့် သစ်ပင်အိမ်ထဲကို ပြန်ရောက်မှပဲ ဆက်သွယ်ရေးလိုင်းမှာ စာရိုက်လို့ ရတာ မဟုတ်လား။
ဒါဆိုရင် သူမရဲ့ လက်ရှိ တည်နေရာက သူမရဲ့ သစ်ပင်အိမ် ရှိတဲ့နေရာပေါ့..။
ရွှီရှင်းက အဲဒီတည်နေရာကို မှတ်သားလိုက်ပြီး ချက်ချင်း ထရပ်လိုက်သည်။
"သွားကြစို့ ငွေရောင်ဘုရင်၊ မီမီ... အလုပ်စရမယ့် အချိန်ရောက်ပြီ"
ရွှီရှင်း သားရဲသုံးကောင်နဲ့အတူ အိမ်ပေါ်က ဆင်းလာခဲ့ပြီး၊ အာဖုကလည်း အပင်အုပ်ကြားကနေ ပျံဆင်းလာကာ သူတို့နဲ့ ပူးပေါင်းလိုက်သည်။
"ကြင်ယာတော်... ခင်ဗျား လိုက်လာဖို့ မလိုဘူး၊ ကလေးတွေနဲ့အတူ အိမ်မှာပဲ နေပြီး အိမ်ကို စောင့်ပေးနေလိုက်ဦး"
တွင်းထဲကနေ ခေါင်းတစ်ဝက် ပြူထွက်နေတဲ့ ကြင်ယာတော်က အသံတစ်ချက်ပြုပြီး တွင်းထဲ ပြန်ဝင်သွားတော့သည်။
ဝံပုလွေကျောပေါ် တက်လိုက်ပြီးနောက်၊ ရွှီရှင်း လုဖေးအာရဲ့ သစ်ပင်အိမ်ရှိရာဆီကို အရှိန်နဲ့ ချီတက်တော့၏။
တောအုပ်က သိပ်သည်းနေဆဲ ဖြစ်သော်လည်း ငွေရောင်ဘုရင်ကတော့ အဟန့်အတားမရှိ သွက်လက်စွာ ဖြတ်ကျော်သွား၏။
သူ့ရဲ့ ခြေထောက်ကို မှီနေတဲ့ ခဲခဲလေးရဲ့ အမြီးကြီးကို ရွှီရှင်း ပွတ်ပေးရင်း၊ သူ့ရဲ့ အကြည့်တွေက အေးစက်လာတော့သည်။
"နင့်ကို တစ်ခါ သတ်နိုင်ခဲ့ရင် နောက်တစ်ခါလည်း သတ်နိုင်တာပဲ"
နယ်မြေမတူတဲ့သူတွေဟာ ရန်သူတွေပဲလို့ ကျိချောင်းယန် ပြောတုန်းက သူက တဝက်ပဲ ယုံခဲ့၏။
ကျိချောင်းယန်က သူ့ကို လိမ်စရာ အကြောင်းမရှိပေမဲ့ သတင်းအချက်အလက်ကို နားလည်မှု လွဲတာမျိုး ဖြစ်နိုင်တာကိုး။
ဒါပေမဲ့ ဒီတစ်ခါတော့ ပြင်ပလူဖြစ်တဲ့ ကျန်းတောက်ကွမ်တောင် ဒီသတင်းကို သိနေမှတော့ ဒါဟာ အမှန်တရားဆိုတာ သေချာသွား၏။
ရန်သူလို့ သတ်မှတ်ပြီးသွားမှတော့ သူ့ဘက်က ရက်စက်တယ်လို့ မပြောနဲ့တော့လေ။
"ဟင်"
ရွှီရှင်း ရုတ်တရက် သတိထားမိလိုက်တာက အနီရောင်အစက်က စတင် လှုပ်ရှားလာပေမဲ့ အဝေးကြီးတော့ မသွားချေ။
သစ်ပင်အိမ်နဲ့ မီတာ အနည်းငယ်အကွာမှာပဲ ရပ်တန့်သွားပြီး အဲဒီမှာပဲ ငြိမ်နေပြန်သည်။
"ဒါက ဘာကို ဆိုလိုတာလဲ..."
ရွှီရှင်း မျက်မှောင်ကြုတ်လိုက်မိ၏။
တဖြည်းဖြည်းနဲ့ လုဖေးအာရဲ့ ရည်ရွယ်ချက်ကို သူ သဘောပေါက်လာသည်။
သူမက အဖွဲ့ထဲမှာ စာပို့လိုက်တာဟာ သူမ အိမ်ပြန်ရောက်နေပြီဆိုတာကို သူ့ကို အသိပေးလိုက်တာပဲ ဖြစ်ရမည်။
သူမရဲ့ တည်နေရာကို သိတာနဲ့ ရွှီရှင်း သူမနောက်ကို လိုက်လာမယ်ဆိုတာ သူမ သေချာပေါက် သိနေ၏။
ပြီးတော့ သူမက သစ်ပင်အိမ်နားမှာ ချောင်းမြောင်းကာစောင့်နေလောက်သည်။
သစ်ပင်အိမ်ကို ပိုင်ရှင်ခွင့်ပြုချက်မရှိဘဲ ဝင်ဖို့ဆိုတာ အတင်းအကျပ်ပဲ လုပ်ရမှာဖြစ်သည်။
ရွှီရှင်းက သစ်ပင်အိမ်ကိုပဲ အာရုံစိုက်နေတဲ့ အချိန်မှာ သူမက အခွင့်ကောင်းယူပြီး သေစေနိုင်တဲ့ တိုက်ကွက်နဲ့ တိုက်ခိုက်ဖို့ ကြံစည်နေတာ ဖြစ်ရမည်။
ဝန်ခံရရင်တော့ ဒါဟာ တကယ့် အစီအစဉ်ကောင်းပင်။
ဒါပေမဲ့ ရွှီရှင်းအတွက်တော့ အသုံးမဝင်ချေ။
မြေပုံရဲ့ လမ်းညွှန်မှုကြောင့် သူမ ဘယ်နေရာမှာ ရှိနေလဲဆိုတာကို ရွှီရှင်းက အကုန် မြင်နေရ၏။
အမှန်တော့ သူမသာ ဗီဇမပြောင်းခဲ့ရင် ရွှီရှင်း သူမကို မြင်ရမှာ မဟုတ်ပေ။
မြေပုံက တခြား အသက်ရှင်ကျန်ရစ်သူတွေကို ဘက်မလိုက်တဲ့သူတွေ အဖြစ် သတ်မှတ်တာကြောင့် မြေပုံမှာ ပြလေ့မရှိကြပေ။
ဒါပေမဲ့ ဗီဇပြောင်းသတ္တဝါတွေကတော့ မတူပေ အဲဒီ အနီရောင်အစက်က တကယ်ကို သိသာလွန်းလှသည်။
စမ်းချောင်းလေးရဲ့ အနောက်ဘက် ဦးတည်ချက်အတိုင်း လိုက်လာရင်း ဝက်ဝံနက်ဂူကို ဖြတ်ကျော်ခဲ့သည်။
စမ်းချောင်းအောက်ခြေမှာတော့ မိကျောင်းကြီးကို မတွေ့ရသေးချေ။
ရှေ့ကို ထပ်တိုးလာတဲ့အခါ ရွှီရှင်း မရောက်ဖူးသေးတဲ့ နယ်မြေထဲကို ရောက်လာပြီး မြေပုံကလည်း ပွင့်လာတော့သည်။
စမ်းချောင်းဘေးမှာ တောအုပ်က သိပ်မပိတ်တာကြောင့် စမ်းချောင်းဘေးမှာ ပေါက်နေတဲ့ တခြားအပင်တွေထက် မြင့်မားတဲ့ ညောင်ပင်ကြီးကို သူ အလွယ်တကူ မြင်လိုက်ရ၏။
သူ့ရဲ့ လေးထပ်အိမ်လောက် မမြင့်ပေမဲ့ အနည်းဆုံး သုံးထပ်လောက်တော့ ရှိ၏။
ညောင်ပင်ပတ်ပတ်လည်က အပင် တော်တော်များများကို ခုတ်ထားပြီး၊ အဲဒီနေရာမှာ ထင်းရှူးပင်တွေနဲ့ တခြားအပင်အချို့ကို စိုက်ထားတာ တွေ့ရသည်။
ဒါဟာ လုဖေးအာရဲ့ သစ်ပင်အိမ် ဖြစ်ရမည်။
...
လောလောဆယ်တော့ လုဖေးအာဟာ သူမရဲ့ သစ်ပင်အိမ်နားက အပင်တစ်ပင်ရဲ့ သစ်ကိုင်းကြားမှာ ပုန်းနေ၏။
အစကတော့ သူမ အိမ်ကို မပြန်ချင်ပေ။
ရွှီရှင်းက အပြင်မှာ စောင့်နေမှာကို စိုးရိမ်လို့ပင်။
အိမ်ပြန်ရောက်တာနဲ့ အဖမ်းခံရမှာလေ။
ဒါပေမဲ့ သူမမှာ ဘာကိရိယာမှ မရှိတော့သလို၊ လက်ဗလာနဲ့ဆိုရင် အဲဒီလူကို ဘယ်လိုမှ မယှဉ်နိုင်ဘူးဆိုတာ သက်သေပြပြီးသား ဖြစ်နေတာကိုး။
ဒါကြောင့် ဘာလုံခြုံမှုမှ မရှိသလို ခံစားရတာကြောင့် ကိရိယာအချို့ လုပ်လို့ရမလားဆိုပြီး အိမ်ကို ခိုးပြန်လာခဲ့ခြင်း ဖြစ်သည်။
မမျှော်လင့်ဘဲ အဲဒီ ကြောက်စရာကောင်းတဲ့လူဟာ သူမအိမ်နားမှာ မရှိချေ။
သူမ အိမ်ထဲကို အမြန်ဝင်ပြီး သားရေချပ်ဝတ်အသစ်နဲ့ အပြာရောင်အဆင့် ဓားမြှောင်တစ်လက်ကို အမြန်လုပ်ကာ၊ အိမ်အပြင်က အနီးဆုံးသစ်ပင်ပေါ်မှာ ပုန်းပြီး အခွင့်ကောင်းကို စောင့်နေလိုက်သည်။
သစ်ပင်အိမ်ထဲမှာ နေလို့လည်း မထူးချေ။
အဲဒီလူရဲ့ လက်နက်က ဘာကြောင့်မှန်းမသိ သူမကို နာကျင်စေရုံတင်မကဘဲ အင်အားချည့်နဲ့သွားအောင် လုပ်နိုင်၏။
အဲဒါက ခရမ်းရောင်အဆင့် လက်နက်ဆိုတာ သေချာလှသည်။
သစ်ပင်အိမ်ကလည်း သူ့ကို ဘယ်လိုမှ တားဆီးနိုင်မှာ မဟုတ်ပေ။
အထဲမှာ ပုန်းနေတာက ကိုယ့်ကိုယ်ကိုယ် သတ်သေတာနဲ့ အတူတူပင်။
"ဉာဏ်ကို သုံးရမယ်"
လုဖေးအာ အသက်ကို ခပ်မှန်မှန်ရှူပြီး ဘာအသံမှ မထွက်အောင် ငြိမ်နေလိုက်၏။
သူ့ရဲ့ အကြားအာရုံက ထူးကဲနေမှန်း သူမ သိထားတာကြောင့် အသံတစ်ချက် ထွက်လိုက်တာနဲ့ သူမ သေဖို့ပဲ ရှိ၏။
သူမ ပုန်းနေတဲ့ အပင်ကလည်း စမ်းချောင်းဘေးမှာပဲ ဖြစ်ပြီး၊ သစ်ရွက်ကြားကနေ စမ်းချောင်းတစ်လျှောက်ကို သူမ စောင့်ကြည့်နေလိုက်သည်။
မကြာခင်မှာပဲ စမ်းချောင်းရဲ့ ဟိုဘက်ကမ်းကနေ အရိပ်အချို့ ပေါ်လာတော့သည်။
လုဖေးအာ မျက်မှောင်ကြုတ်လိုက်မိပြီး၊ သူမရဲ့ သွေးရောင်မျက်လုံးတွေက ရုတ်တရက် ကျုံ့သွားကာ သူမဆီက အော်သံထွက်မသွားအောင် မနည်း ထိန်းလိုက်ရရှာသည်။
အသက်ရှူသံတွေကလည်း ခဏချင်း မြန်လာတော့သည်။
"ဒီလူပဲ၊ ရွှီရှင်းပဲ ဒါပေမဲ့ အဲဒါက ဘာကြီးလဲ"
"သူက ဝံပုလွေကို စီးလာတာလား။ပြီးတော့ အနောက်က လိုက်လာတာတွေက ကျားသစ်တွေလား။ ဗီဇပြောင်းသတ္တဝါတွေလား။"
"ဒီလူက ဘယ်လိုလုပ်ပြီး ဗီဇပြောင်းသတ္တဝါတွေကို ထိန်းချုပ်နိုင်ရတာလဲ"
---
အခန်း ၂၀၉ ပြီး။
*****