← Chapters

ဂိုဏ်းတာဝန်

Vol. 14 Ch. 132

ဂိုဏ်းတာဝန်

Vol. 14 Ch. 132

ဟယ့်မင်ယဲ့က ပြုံးလျက် ပြောလိုက်သည်။ “ညီလေး... မင်းက သိသိကြီးနဲ့ မေးနေတာပဲ။ တစ်မနက်တည်းနဲ့တင် ရေစီးပမာ ဓားသိုင်းကို ပထမအဆင့်အထိ တတ်မြောက်သွားတာလေ။ ဒီလောက်အရှိန်အဟုန်မျိုးဆိုရင် ယွဲ့လန်ဂိုဏ်း တစ်ဂိုဏ်းလုံးမှာ ဓားသိုင်းပါရမီနဲ့ ပတ်သက်ရင် မင်းကို ယှဉ်နိုင်တဲ့သူ တစ်ယောက်မှ ရှိမှာမဟုတ်ဘူး”

“စိတ်ရှည်လက်ရှည် သင်ကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်”

ရွှီနင်၏ စိတ်အခြေအနေမှာ အလွန်ကောင်းမွန်နေသည်။

“မင်းက ရေစီးပမာဓားသိုင်းကို ပထမအဆင့်အထိ တတ်မြောက်သွားပြီဆိုတော့ နောက်ထပ် အဆင့်မြင့်တာတွေကို ငါမသင်ပေးတော့ဘူး။ အဲဒီဓားသိုင်းကို ပိုပြီး လေ့ကျင့်ပြီး နားလည်မှု ပိုနက်ရှိုင်းလာမှသာ အပြည့်အဝ တတ်မြောက်နိုင်မှာ။ အခုတော့ ငါ မင်းကို ဖြာထွက်မီးလျှံဓားသိုင်း သင်ပေးမယ်” ဟု ဟယ့်မင်ယဲ့က ပြောလိုက်လေသည်။

“ကောင်းပါပြီ... ဒါဆို ကျွန်တော် ဓားလဲရမှာပေါ့”

ရွှီနင်သည် သူ့လက်ထဲရှိ အပြာရောင်သန်းနေသော ဓားကို ကြည့်ကာ ပြန်ချထားလိုက်ပြီး အနီရောင်သန်းနေသော ဓားကို ထုတ်ယူလိုက်လေသည်။ ထိုဓားနှစ်လက်မှာ ပုံသဏ္ဌာန်တူသော်လည်း ပြုလုပ်ထားသည့် ကုန်ကြမ်းချင်း မတူညီပေ။

ရေစီးပမာ ဓားသိုင်းသည် စတုတ္ထအဆင့်သို့ မရောက်သေးသော်လည်း ရေဓာတ်ခံ လျှို့ဝှက်နည်းစနစ်တစ်ခု ဖြစ်သည့်အတွက် ပထမအဆင့်မှာပင် သူ၏ခန္ဓာကိုယ်အတွင်းရှိ ရေဓာတ်ချီအင်အားဖြင့် အစွမ်းမြှင့်တင်နိုင်သည်ကို ရွှီနင် ရှင်းလင်းစွာ ခံစားနေရသည်။ ထို့အပြင် အပြာရောင်သန်းနေသော ဓားကို ပြုလုပ်ထားသည့် ကုန်ကြမ်းများသည်လည်း ရေဓာတ်ခံဓားသိုင်းအတွက် အကျိုးကျေးဇူး များစွာရှိလေသည်။

“ဖြာထွက်မီးလျှံဓားသိုင်း... မီးအမျိုးအစား... ဖျက်ဆီးခြင်း သဘာဝ...”

ယခင်အတိုင်းပင် ဟယ့်မင်ယဲ့သည် ရွှီနင်အား ဖြာထွက်မီးလျှံဓားသိုင်းကို ဂရုတစိုက် သင်ကြားပေးလေသည်။ ဤတစ်ကြိမ်တွင် ဟယ့်မင်ယဲ့သည် ပို၍ပင် စိတ်ရှည်သည်းခံနေသည်။

ရွှီနင်သည် သင်ယူမှု နှေးကွေးပုံရသော်လည်း အမှန်တကယ်တွင်မူ နည်းစနစ်ကို အလွန်နက်ရှိုင်းစွာ စဉ်းစားဆင်ခြင်နေခြင်းဖြစ်ကြောင်း သူသိရှိထားပြီး ဖြစ်သည်။ နောက်ထပ် လေးနာရီခန့် ကုန်လွန်သွားခဲ့လေသည်။

––

ဖြာထွက်မီးလျှံပဓားသိုင်းကို အဆင့်မြှင့်တင်ရန် စွမ်းအင် ၁၀၀ ယူနစ် အသုံးပြုမည်လော။

လုပ်မည်/မလုပ်ပါ

“လုပ်မည်”

––

ထို့နောက်တွင် ရွှီနင်သည် သူ၏ ဖြာထွက်မီးလျှံဓားသိုင်းကို ပထမအဆင့်သို့ မြှင့်တင်လိုက်လေသည်။

ရွှပ်... ရွှပ်... ရွှပ်...

ရွှီနင်သည် အနီရောင်သန်းနေသော ဓားကို ကိုင်ဆောင်ကာ ဟယ့်မင်ယဲ့၏ ရှေ့မှောက်တွင် ဖြာထွက်မီးလျှံဓားသိုင်းကို ထုတ်ဖော်ပြသလိုက်သည်။

ဟယ့်မင်ယဲ့သည် စိတ်ကိုကြိုတင်ပြင်ဆင်ထားသော်လည်း ရွှီနင်က ရေစီးပမာ ဓားသိုင်းနှင့် ဖြာထွက်မီးလျှံဓားသိုင်း နှစ်ခုလုံးကို ပထမအဆင့်သို့ ရောက်အောင် တစ်ပြိုင်နက် လေ့ကျင့်နိုင်သည်ကို မြင်လိုက်ရသောအခါ အလွန်အမင်း တုန်လှုပ်သွားရသည်။

“ညီလေးကတော့ တကယ်ကို ထူးခြားဆန်းကြယ်တဲ့သူပဲ”

အခြားသော တပည့်ရင်းများက သူ့အပေါ် မည်သို့မြင်ကြသည်ကို ဟယ့်မင်ယဲ့ ရုတ်တရက် နားလည်သွားခဲ့သည်။ သူတို့သည် သူ့ကိုကြည့်လျှင် ယခု သူ ရွှီနင်ကို ကြည့်နေသကဲ့သို့ ခံစားရမည်မှာ အသေအချာပင်။

“ညီလေး... မင်းက ရေစီးပမာဓားသိုင်းနဲ့ ဖြာထွက်မီးလျှံဓားသိုင်းကို တတ်မြောက်ဖို့ ပထမခြေလှမ်းကို လှမ်းနိုင်ခဲ့ပြီ။ နောင်မှာ ဒီနည်းစနစ်တွေကို သီးခြားစီ အဆင့်မြှင့်တင်ရမယ့်အပြင် အဲဒီနှစ်ခုကို ပေါင်းစပ်ဖို့လည်း ကြိုးစားရလိမ့်မယ်။ အဲဒီဓားသိုင်းနှစ်ခုကို ပေါင်းစပ်လိုက်ရင် သူတို့ရဲ့ ဖျက်ဆီးနိုင်စွမ်းက အဆပေါင်းများစွာ တိုးလာလိမ့်မယ်”

ဟယ့်မင်ယဲ့က ရွှီနင်ကို ပြောလိုက်သည်။

“နားလည်ပါပြီ စီနီယာအစ်ကို”

အမှန်တကယ်တွင် ရွှီနင်သည် ထိုနည်းစနစ်နှစ်ခုကို ပေါင်းစပ်နိုင်စွမ်း ရှိနေပြီးသား ဖြစ်သည်။ ဟယ့်မင်ယဲ့ ပြောသကဲ့သို့ပင် ရေစီးပမာ ဓားသိုင်းနှင့် မီးလျှံတောက်ပဓားသိုင်းကို တွဲဖက်အသုံးပြုပါက ၎င်းတို့၏ အစွမ်းသတ္တိမှာ ပိုမိုပြင်းထန်လာပေလိမ့်မည်။

“ဆရာက သားရဲအမဲလိုက်ဂိုဏ်းကနေ ပြန်လာလို့ မင်းရဲ့ တိုးတက်မှုကို သိသွားရင် သေချာပေါက် အံ့ဩသွားမှာပဲ”

ဟယ့်မင်ယဲ့က သက်ပြင်းချရင်း ဆိုလိုက်သည်။

“ဆရာက အခု ဂိုဏ်းထဲမှာ မရှိဘူးလား”

ရွှီနင်က မေးလိုက်သည်။

“သူက ငါ့သူငယ်ချင်းတွေဆီ လည်ပတ်ဖို့နဲ့ မိစ္ဆာသားရဲတွေကို ပြန်ပေးဖို့ သားရဲအမဲလိုက်ဂိုဏ်းကို သွားတယ်လေ။ မနေ့က မိစ္ဆာသုတ်သင်ပွဲမှာ သုံးခဲ့တဲ့ မိစ္ဆာသားရဲအများစုက စီနီယာအကြီးအကဲ ယွမ်ချန်က သူတို့ဆီကနေ ခဏလောက်ငှားထားတာလေ”

ဟယ့်မင်ယဲ့က ရှင်းပြလေသည်။

“ဪ... အဲဒီလိုလား”

ယွဲ့လန်ဂိုဏ်းက ဟင်းလင်းပြင်နယ်ပယ် မိစ္ဆာသားရဲ အများအပြားကို ဘယ်လိုများ ဖမ်းဆီးထားသလဲဟု ရွှီနင် တွေးနေခဲ့ခြင်း ဖြစ်သည်။ ငှားထားခြင်းသာ ဖြစ်နေပေသည်။

ထိုစဉ်မှာပင် ရွှီနင်သည် သူနှင့် ကျိယီးမြောင်တို့ ပေါင်းစပ်တိုက်ခိုက်၍ ဒဏ်ရာရသွားခဲ့သော အလယ်အလတ်အဆင့် ဟင်းလင်းပြင်နယ်ပယ် မိစ္ဆာသားရဲအကြောင်းကို စဉ်းစားမိလိုက်သည်။ အကယ်၍ ၎င်းမှာ ငှားထားသော သားရဲဖြစ်ပါက ဒဏ်ရာရသွားစေသည့်အတွက် စီနီယာအကြီးအကဲ ယွမ်ချန်အတွက် ပြဿနာများ ဖြစ်လာနိုင်မလားဟု တွေးတောနေမိသည်။

“ဒါနဲ့ ညီလေး... မနက်ဖြန်ကျရင် ငါ တာဝန်တစ်ခုနဲ့ ခရီးဝေးသွားရမယ်။ ဒါကြောင့် မင်းမှာ လုပ်စရာမရှိရင် ငါ့နေရာကိုလာပြီး လေ့ကျင့်လို့ရတယ်။ နောက်ဖေးခြံဝန်းထဲမှာ အလယ်အလတ်အဆင့် စိတ်ဝိညာဉ်စမ်းရေတွင်းတစ်ခု ရှိတယ်။ အဲဒီဟာရဲ့ အာနိသင်က အတွင်းစည်းက အဆင့်နိမ့် စိတ်ဝိညာဉ်စမ်းရေတွင်းတွေထက် နှစ်ဆပိုများတယ်။ အဲဒီမှာ ကျင့်စဉ်တွေနဲ့ နည်းစနစ်တွေကို လေ့ကျင့်ရင် မင်းရဲ့အရှိန်က အများကြီး ပိုမြန်လာလိမ့်မယ်” ဟု ဟယ့်မင်ယဲ့က ဆိုသည်။

ရွှီနင်သည် ခေတ္တမျှ တုံ့ဆိုင်းသွားပြီးမှ ပြန်ပြောလိုက်သည်။ “အဲဒီလိုဆိုရင်တော့ စီနီယာအစ်ကိုရဲ့ စေတနာကို ကျွန်တော် ဝမ်းမြောက်စွာ လက်ခံပါတယ်”

ဟယ့်မင်ယဲ့သည် ရွှီနင်အပေါ် အမှန်တကယ် စိတ်ရင်းမှန်သဖြင့် ရွှီနင်ကလည်း သူ့ကို လေးစားမိပေသည်။

“ရပါတယ်ကွာ... အားမနာပါနဲ့”

ဟယ့်မင်ယဲ့က လက်ဝှေ့ယမ်းကာ မပြောပလောက်သည့်ပုံစံ ပြလိုက်လေသည်။ ထို့နောက် ဟယ့်မင်ယဲ့သည် ရွှီနင်အား ရေစီးပမာ ဓားသိုင်းနှင့် ဖြာထွက်မီးလျှံ ဓားသိုင်း လေ့ကျင့်မှုအကြောင်း အကျဉ်းချုံး ပြောပြပြီးနောက် ရွှီနင်ကို ကိုယ်တိုင်လိုက်လံ ပို့ဆောင်ပေးလိုက်သည်။ မပြန်မီတွင် ရွှီနင်သည် ဟယ့်မင်ယဲ့ ပေးလိုက်သော ဓားနှစ်လက်ကိုပါ ယူဆောင်လာခဲ့သည်။

ရွှီနင်၏ အတွင်းစည်း နေအိမ်သို့ ပြန်ရောက်သောအခါ စားပွဲပေါ်ရှိ ဓားနှစ်လက်ကို ကြည့်ရင်း တွေးလိုက်မိသည်။ “ဒီတစ်ခါ စီနီယာအစ်ကိုဟယ့်ကို ကျေးဇူးတင်ရမယ်”

“ဒါနဲ့ ဂိုဏ်းတာဝန်အကြောင်း ပြောရရင်...”

ဟယ့်မင်ယဲ့သည် မနက်ဖြန်တွင် တာဝန်တစ်ခု သွားရမည်ကို စဉ်းစားမိလိုက်သောအခါ ရွှီနင်လည်း သူ့အခြေအနေကို ပြန်စဥ်းစားကြည့်လိုက်သည်။ သူ ဂိုဏ်းထဲသို့ ရောက်ရှိနေသည်မှာ သုံးလနီးပါး ရှိနေပြီဖြစ်သော်လည်း လဲ့ချိုင်ဝေး၏ ကိုယ်ပိုင်တာဝန် တစ်ခုကိုသာ လုပ်ဖူးပြီး ဂိုဏ်းတာဝန် တစ်ခုမှ မလုပ်ရသေးပေ။

သူသည် ဂိုဏ်းချုပ်၏ နာမည်ခံတပည့် ဖြစ်နေသော်လည်း အတွင်းစည်းတပည့်တစ်ဦးလည်း ဖြစ်နေဆဲပင်။

အတွင်းစည်းတပည့်တစ်ဦးအနေဖြင့် သုံးလလျှင် တစ်ကြိမ် ဂိုဏ်းတာဝန်တစ်ခုကို ပြီးမြောက်အောင် ထမ်းဆောင်ရမည် ဖြစ်သည်။

“နောက် ရက်အနည်းငယ်ကြာရင် ဂိုဏ်းထဲမှာ နေတာ သုံးလပြည့်တော့မယ်။ လက်သီးခုနစ်ဖော်အဖွဲ့ဆီ သွားပြီး အချိန်တိုအတွင်း လုပ်လို့ရမယ့် ဂိုဏ်းတာဝန်တွေ ရှိမရှိ သွားမေးကြည့်ရမယ်...”

ဒေါက်... ဒေါက်... ဒေါက်...

ရွှီနင် တွေးတောနေစဉ်မှာပင် တံခါးခေါက်သံ ကြားလိုက်ရသည်။

“ရွှီနင်... မင်း ပြန်ရောက်ပြီလား”

၎င်းမှာ ကုချင်းဟယ်၏ အသံဖြစ်သည်။ ရွှီနင် တံခါးဖွင့်လိုက်သောအခါ စိတ်ဓာတ်တက်ကြွနေသော ကုချင်းဟယ်ကို တွေ့လိုက်ရသည်။

“ကံကောင်းလို့ ငါ မင်းစကားကို နားထောင်ပြီး လက်သီးခုနစ်ဖော်အဖွဲ့ထဲ ဝင်လိုက်တာ။ ဒီနေ့ ငါက အဆင့်၄ ဖြစ်တော့မယ်” ဟု ကုချင်းဟယ်က အခန်းထဲသို့ တန်းတန်းမတ်မတ် ဝင်လာကာ ထိုင်ရင်း ပြောလိုက်လေသည်။

“အဆင့်၄ ဟုတ်လား”

ရွှီနင် အံ့သြသွားပြီး မေးလိုက်သည်။ “အဆင့်က အဲဒီလောက်တောင် မြင့်တာလား”

အဆင့်၄ ဆိုသည်မှာ လဲ့ချိုင်ဝေး၏ အဆင့်အတန်းနှင့် တန်းတူပင် ဖြစ်သည်။ ထိုအဆင့်သို့ ရောက်ရန် လဲ့ချိုင်ဝေးသည် လက်သီးခုနစ်ဖော်အဖွဲ့အတွက် အများကြီး ကြိုးစားခဲ့ရခြင်း ဖြစ်သည်။

“ငါလည်း အဲဒီလိုပဲ ထင်တာပဲ...”

ကုချင်းဟယ်က ဝမ်းသာအားရ ပြုံးလိုက်သည်။

အဆင့်၄ ဖြစ်ခြင်းသည် အဖွဲ့တွင်း အဆင့်အတန်းမြင့်မားရုံသာမက ရရှိမည့် အရင်းအမြစ်များလည်း ပိုများပေလိမ့်မည်။

ထိုအဆင့်တွင် ကုချင်းဟယ်သည် လစဉ် ရင်းမြစ်သန့်စင်ဆေးပြား လေးပြား ရရှိမည် ဖြစ်သည်။

“ဒါတွေက မင်းပေးတဲ့ အကြံဉာဏ်တွေကြောင့်ပါပဲ။ မဟုတ်ရင် ငါ အခု လက်သီးခုနစ်ဖော်အဖွဲ့ထဲ ဝင်ရင်တောင် အဆင့်၂ လောက်ပဲ ရဦးမှာ”

ကုချင်းဟယ်က ပြောလိုက်သည်။ “ဒါနဲ့ ရွှီနင်... မင်းကိုလည်း အတွင်းပိုင်းမှာ အဆင့်၅ အဖြစ် သတ်မှတ်လိုက်ပြီ။ စီနီယာအစ်ကိုနင်နဲ့ စီနီယာအစ်မလဲ့တို့ကိုလည်း အဆင့်၅ အဖြစ် ရာထူးတိုးသွားပြီ”

ရွှီနင်သည်ရွှီနင်သည် ယနေ့ တပည့်ရင်းအဆောင်သို့ သွားနေသဖြင့် လက်သီးခုနစ်ဖော်အဖွဲ့၏ အစည်းအဝေးသို့ မတက်ရောက်နိုင်ခဲ့ရာ ကုချင်းဟယ်က အစည်းအဝေး ဆုံးဖြတ်ချက်များကို လာရောက်ပြောပြခြင်း ဖြစ်သည်။

“အမှန်တော့ တစ်ယောက်ယောက်က မင်းကို ခေါင်းဆောင်အဖြစ် တင်မြှောက်ချင်နေတာ။ ဒါပေမဲ့ စီနီယာအစ်မလဲ့က မင်း အဲဒီလို မလုပ်ချင်ဘူးလို့ ပြောလိုက်လို့ ခေါင်းဆောင်နေရာကို ခဏလောက် အလွတ်ထားလိုက်တယ်။ ဒါကြောင့် အခုလောလောဆယ် စီနီယာအစ်ကိုနင်က လက်သီးခုနစ်ဖော်အဖွဲ့ရဲ့ ယာယီခေါင်းဆောင်အဖြစ် တာဝန်ယူထားတယ်” ဟု ကုချင်းဟယ်က ရှင်းပြလေသည်။

ရွှီနင် တိတ်ဆိတ်စွာ ခေါင်းညိတ်လိုက်သည်။

ယခင်က လဲ့ချိုင်ဝေးသည် သူ့ကို ရှောင်းချီယွင်၏နေရာတွင် အစားထိုးကာ ခေါင်းဆောင်အသစ် ဖြစ်စေချင်ကြောင်း ပြောဖူးသော်လည်း ရွှီနင်က ငြင်းပယ်ခဲ့သည်။

ရွှီနင်သည် ထိုကဲ့သို့သော အလုပ်ရှုပ်သည့် ကိစ္စရပ်များကို ကိုင်တွယ်လိုခြင်း မရှိပေ။

“လက်သီးခုနစ်ဖော်အဖွဲ့က မင်းရဲ့ ဩဇာလွှမ်းမိုးမှုကြောင့် လုံးဝ ပြန်လည်နိုးထလာပြီ။ အခုဆိုရင် လူသစ်တွေလည်း အမြဲဝင်နေသလို အရင်က ဆုံးရှုံးခဲ့တဲ့ အရင်းအမြစ်တွေလည်း ဖြည်းဖြည်းချင်း ပြန်ရလာပြီ။ စီနီယာအစ်ကိုနင်နဲ့ စီနီယာအစ်မလဲ့တို့ ပြောပုံအရဆိုရင် နောက်ဆုံး တစ်လအတွင်းမှာ လက်သီးခုနစ်ဖော်အဖွဲ့က မူလအတိုင်း ပြန်ဖြစ်လာလိမ့်မယ်။”

“နောက်တစ်ခုက”

ကူချင်းဟယ်က ထပ်ပြောလိုက်သည်။

“လခြမ်းဓားအဖွဲ့ကလည်း ငါတို့ဆီမှာ အရှုံးပေးလိုက်ပြီ။ ကောယွဲ့ချွင်၊ ရှန်ချုံးလွင်နဲ့ တခြားသူတွေကိုလည်း လခြမ်းဓားအဖွဲ့ကနေ ထုတ်ပစ်လိုက်ပြီ။ ဘယ်အတွင်းစည်းအဖွဲ့ကမှ သူတို့ကို လက်ခံချင်မှာ မဟုတ်တော့ဘူး” ဟု ကုချင်းဟယ်က ဆိုသည်။

ထိုစကားကို ကြားသောအခါ လက်သီးခုနစ်ဖော်အဖွဲ့သည် ယခင်က ဂုဏ်သိက္ခာကို ပြန်လည်ရရှိသွားပြီဖြစ်ကြောင်း ရွှီနင် သေချာသွားလေသည်။

“နောက်တစ်ချက်... ရွှီနင်... မင်း ငါ့ဆီက ချေးထားတဲ့ ရင်းမြစ်သန့်စင်ဆေးပြား ဆယ်ပြားကို ပြန်ပေးစရာ မလိုတော့ဘူး” ဟု ကုချင်းဟယ်က ပြောလိုက်သည်။

“ဟမ်... အဲဒီလိုတော့ မရဘူးလေ”

“ငါက မလိုချင်လို့ မဟုတ်ပါဘူး။ စီနီယာအစ်မလဲ့က မင်းအတွက် ဆယ်ပြား ပြန်ပေးပြီးပြီလေ။ မင်း လက်သီးခုနစ်ဖော်အဖွဲ့ထဲ ဝင်ကတည်းက လစဉ် ရင်းမြစ်သန့်စင်ဆေးပြားတွေ တစ်ခါမှ မထုတ်ရသေးဘူးဆိုတာ မင်းမေ့နေတာလား” ဟု ကုချင်းဟယ်က ရှင်းပြလေသည်။

ကုချင်းဟယ် ပြောမှပင် ရွှီနင် သတိရသွားသည်။ ထိုအချိန်က သူသည် အဆင့်၃ ဖြစ်နေသေးသဖြင့် လစဉ် ရင်းမြစ်သန့်စင်ဆေးပြား သုံးပြားစီ ရရှိမည် ဖြစ်သည်။

သူ အဖွဲ့ထဲဝင်ခဲ့သည်မှာ သုံးလရှိပြီဖြစ်ရာ စုစုပေါင်း ကိုးပြား ရရှိရန် ရှိနေခြင်း ဖြစ်သည်။

လဲ့ချိုင်ဝေးက သူ့ကိုယ်စား ဆယ်ပြား ပြန်ပေးလိုက်ခြင်း ဖြစ်ပေသည်။

ထို့နောက် ကုချင်းဟယ်သည် လည်း အမြန်ဆုံး ဟင်းလင်းပြင်နယ်ပယ်သို့ ရောက်ရှိရန် ကျင့်စဉ်များကို ကြိုးစားလေ့ကျင့်လိုသဖြင့် ပြန်သွားတော့သည်။

နောက်တစ်နေ့တွင် ရွှီနင်သည် တပည့်ရင်းအဆောင်သို့ ချက်ချင်းမသွားဘဲ နင်ရွှင်ကို သွားရှာလိုက်သည်။

“ရွှီနင်... မနေ့က အစည်းအဝေးအကြောင်းကို ကုချင်းဟယ် ပြောပြပြီးပြီလား”

နင်ရွှင်က ရွှီနင်ကို မြင်သည်နှင့် နှုတ်ဆက်လိုက်သည်။

“ကျွန်တော် အခု အဆင့်၅ ဖြစ်သွားပြီလို့ ပြောပါတယ်”

“ဟုတ်တယ်။ မင်း အဆင့်၅ ဖြစ်သွားတဲ့အတွက် အတွင်းစည်းမှာရှိတဲ့ စိတ်ဝိညာဉ်စမ်းရေတွင်းတွေကို အကန့်အသတ်မရှိ အသုံးပြုခွင့် ရမယ့်အပြင် လစဉ် ရင်းမြစ်သန့်စင်ဆေးပြား ငါးပြား ပိုရဦးမယ်။”

နင်ရွှင်က ဆက်ပြောသည်။ “အမှန်အတိုင်း ပြောရရင် မင်း လက်သီးခုနစ်ဖော်အဖွဲ့အတွက် လုပ်ပေးခဲ့တာတွေနဲ့စာရင် ဒီဆုလာဘ်တွေက နည်းတောင် နည်းနေပါသေးတယ်...”

“စီနီယာအစ်ကိုနင်...”

ရွှီနင်က စကားဖြတ်ပြောလိုက်သည်။ “အရင်တုန်းကလည်း စီနီယာအစ်ကိုတို့က ကျွန်တော့်ကို အရင်းအမြစ်တွေ အများကြီး ပံ့ပိုးပေးခဲ့တာပဲ။ ဒါတွေမရှိရင် ကျွန်တော် ဒီလောက်မြန်မြန် တိုးတက်လာမှာ မဟုတ်ဘူး။ ဒါကြောင့် သေးငယ်တဲ့ ကိစ္စတွေကို သိပ်ပြီး စိတ်ထဲမထားပါနဲ့”

ရွှီနင် ထိုသို့ပြောလိုက်မှသာ နင်ရွှင် စိတ်သက်သာရာ ရသွားတော့သည်။

ရွှီနင်ကို လဲ့ချိုင်ဝေး စုဆောင်းနိုင်ခဲ့သည့်အတွက် သူ ဝမ်းသာမိသည်။

အကယ်၍ ရွှီနင်သာ အခြားအဖွဲ့သို့ ရောက်သွားခဲ့လျှင် လက်သီးခုနစ်ဖော်အဖွဲ့သည် ပြိုကွဲသွားခဲ့လောက်ပြီ ဖြစ်သည်။

“အစ်ကို... အဆင့်တိုးလို့ ရလာတဲ့ အရင်းအမြစ်တွေထဲက တစ်ခုကို ကျွန်တော် ပြောင်းလဲချင်လို့ပါ...”

ရွှီနင်က ခေတ္တစဉ်းစားပြီးနောက် မေးလိုက်သည်။ “ကျွန်တော် စိတ်ဝိညာဉ်စမ်းရေတွင်း အသုံးပြုခွင့်ကို မယူတော့ဘဲ အဲဒီအစား လစဉ် ရင်းမြစ်သန့်စင်ဆေးပြား ငါးပြား ပိုယူလို့ရမလား”

ရွှီနင်အတွက် စိတ်ဝိညာဉ်စမ်းရေတွင်းများသည် ရင်းမြစ်သန့်စင်ဆေးပြားလောက် အကျိုးမရှိပေ။

ရင်းမြစ်သန့်စင်ဆေးပြား တစ်ပြားသည် စွမ်းအင် ၁၀၀ ယူနစ် ပေးစွမ်းနိုင်သော်လည်း အဆင့်နိမ့် စိတ်ဝိညာဉ်စမ်းရေတွင်းတွင် တစ်လလုံး လေ့ကျင့်မှသာ စွမ်းအင် ၃၀၀ ယူနစ်ခန့် ရရှိမည် ဖြစ်သည်။

ရွှီနင်၏ အဆင့်မြှင့်တင်ရေးစနစ်သည် အခြားသူများနှင့် မတူညီသဖြင့် ဤနှစ်ခုအကြား လိုအပ်ချက်မှာ များစွာ ကွာခြားလှပေသည်။

“မဖြစ်ဘူးလေ”

နင်ရွှင်က ချက်ချင်း ငြင်းဆိုလိုက်သည်။ ရွှီနင်သည် သူ့ဝေစုကို အခြားသူများအတွက် တမင်တကာ စွန့်လွှတ်လိုက်သည်ဟု နင်ရွှင် ထင်နေခြင်း ဖြစ်သည်။

“စီနီယာအစ်ကိုနင်... ကျွန်တော် အဲဒီအခွင့်အရေးကို မယူချင်ရတဲ့ အကြောင်းအရင်းက စီနီယာအစ်ကိုဟယ့်က သူ့ရဲ့ အလယ်အလတ်အဆင့် စိတ်ဝိညာဉ်စမ်းရေတွင်းကို ကျွန်တော့်ကို အသုံးပြုခွင့်ပေးထားလို့ပါ။ နောက်ပိုင်း ကျွန်တော် လေ့ကျင့်ရင် တပည့်ရင်းအဆောင်ကိုပဲ တိုက်ရိုက်သွားတော့မှာမလို့ပါ”

“ဪ... အဲဒီလိုလား”

အကြောင်းပြချက်ကို ကြားလိုက်ရမှသာ နင်ရွှင် စိတ်အေးသွားတော့သည်။

“ကောင်းပြီ... ဒါဆိုရင် နောက်ပိုင်း မင်းကို လစဉ် ရင်းမြစ်သန့်စင်ဆေးပြား ဆယ်ပြားစီ ထုတ်ပေးမယ်။ ဒါနဲ့ မနေ့က ချိုင်ဝေးနဲ့ ငါ ဆွေးနွေးထားတာ တစ်ခုရှိတယ်။ မင်း လုပ်ပေးခဲ့တာတွေအတွက် ကျေးဇူးတင်တဲ့အနေနဲ့ ရင်းမြစ်သန့်စင်ဆေးပြား ၅၀ ပေးဖို့ ဆုံးဖြတ်ထားတယ်။

အခုလောလောဆယ် ငါတို့ရဲ့ အတွင်းပိုင်း အရင်းအမြစ်တွေက ပြန်လည်စုဆောင်းနေတုန်းမို့လို့ အကုန်မရှိသေးဘူး။ ဒါကြောင့် သုံးလအတွင်း အဲဒီပြား ၅၀ ကို အပြည့်ပေးမယ်”

“ရင်းမြစ်သန့်စင်ဆေးပြား ၅၀ ဟုတ်လား”

ရွှီနင် မျက်လုံးများ အရောင်တောက်သွားသည်။ ထိုပမာဏမှာ စွမ်းအင် ၅၀၀၀ ယူနစ် ဖြစ်သည်။

“ဒါဆိုရင်တော့ ကျွန်တော် မငြင်းတော့ပါဘူး”

ရွှီနင်သည် ထိုလက်ဆောင်ကို လက်ခံလိုက်သည်။

“ဒါနဲ့ စီနီယာအစ်ကို... ကျွန်တော့်အတွက် သင့်တော်မယ့် ဂိုဏ်းတာဝန်တွေ ရှိမရှိ သိချင်လို့ပါ။ အချိန်တိုအတွင်း ပြီးမြောက်နိုင်တဲ့ တာဝန်မျိုးဆို ပိုကောင်းပါတယ်။ ကျွန်တော် အတွင်းစည်းမှာ နေတာ သုံးလပြည့်တော့မယ်၊ ဒါပေမဲ့ ဂိုဏ်းတာဝန် တစ်ခုမှ မလုပ်ရသေးလို့ပါ”

“အချိန်တိုအတွင်း ပြီးမယ့် ဂိုဏ်းတာဝန်မျိုးတော့ မရှိသလောက်ပဲ”

နင်ရွှင်က ခေတ္တစဉ်းစားပြီး ပြန်ဖြေသည်။ “ဂိုဏ်းတာဝန်တွေက များသောအားဖြင့် အပြင်ထွက်လုပ်ရတဲ့ တာဝန်တွေဖြစ်ပြီး အနည်းဆုံး တစ်လလောက်တော့ ကြာတတ်တယ်”

“အဲဒီလိုလား...”

ရွှီနင်သည် အချိန်တိုအတွင်း ပြီးမြောက်နိုင်မည့် တာဝန်တစ်ခုကို ရှာဖွေပြီးနောက် တပည့်ရင်းအဆောင်ဆီသို့ သွားရောက်လေ့ကျင့်ရန် စိတ်ကူးထားခြင်း ဖြစ်သည်။ သို့သော် ယခုမူ ထိုသို့လုပ်ရန် မဖြစ်နိုင်တော့ပေ။

“ငါတို့ဆီကို တာဝန်လမ်းကြောင်းတွေ ပြန်ရောက်လာပြီပဲ။ မင်း အတွင်းစည်းတာဝန်တွေကို သွားကြည့်လိုက်ဦးလေ။ အဲဒီမှာ လူထုကို ချပြထားခြင်းမရှိဘဲ ငါတို့အတွက် သီးသန့်ပေးထားတဲ့ တာဝန်တွေ အများကြီး ရှိတယ်”

နင်ရွှင်က အကြံပြုလိုက်သည်။

“ကောင်းပါပြီ... ဒါဆို ကျွန်တော် သွားကြည့်လိုက်ဦးမယ်”

ရွှီနင်သည် နှုတ်ဆက်ကာ တာဝန်တစ်ခုကို ရွေးချယ်ရန် ထွက်လာခဲ့သည်။

သုံးရက်အကြာတွင်…

ယွဲ့လန်ဂိုဏ်း၏ အပြင်ဘက်…

သူသည် အဖြူရောင် ဝတ်စုံကို ဝတ်ဆင်ထားပြီး ကျောတွင် ဓားနှစ်လက်ကို လွယ်ထားလေသည်။

“ယွဲ့လန်ဂိုဏ်းကို ရောက်တာ သုံးလရှိပြီ၊ အခုမှပဲ ပထမဆုံးအကြိမ် အပြင်ထွက်ရတာပဲ”

နှစ်ရက် သုံးရက်ခန့် စဉ်းစားပြီးနောက် ရွှီနင်သည် အမြစ်ပြတ်သုတ်သင်ရေး တာဝန်တစ်ခုကို ရွေးချယ်ခဲ့သည်။

ခန့်မှန်းချက်များအရ ဤတာဝန်သည် တစ်လခွဲခန့် ကြာမြင့်မည် ဖြစ်သည်။

ပြီးဆုံးသွားပါက ဂိုဏ်းအမှတ် ၁၀၀ ရရှိမည်ဖြစ်ပြီး ၎င်းမှာ ရင်းမြစ်သန့်စင်ဆေးပြား ဆယ်ပြားနှင့် တူညီလေသည်။

“အရင်ဆုံး မီးခိုးရောင်လေးကို သွားရှာရမယ်”

ရွှီနင်သည် ယွဲ့လန်ဂိုဏ်းနှင့် မလှမ်းမကမ်းရှိ တောင်တန်းများဆီသို့ အပြေးသွားလိုက်သည်။

မီးခိုးရောင်လေးနှင့် နောက်ဆုံးတွေ့ခဲ့သည်မှာ သုံးလရှိပြီဖြစ်သည်။ မီးခိုးရောင်လေးမှာ အထီးကျန်မှုကို မခံစားနိုင်ဘဲ ထွက်သွားလေမလားဟု ရွှီနင် စိုးရိမ်နေမိသည်။

ရွှီနင်နှင့် မီးခိုးရောင်လေးတို့ ချိန်းဆိုထားသော တောင်ထိပ်တွင်…

ကျယ်ဝန်းသော ဂူတစ်ခုထဲမှ မီးခိုးရောင် ပုံရိပ်တစ်ခု ဖြည်းဖြည်းချင်း ထွက်လာသည်။

ယခင် သုံးလတုန်းကနှင့် ယှဉ်လျှင် မီးခိုးရောင်လေး၏ ခန္ဓာကိုယ်မှာ ပိုမိုကြီးမားလာခဲ့သည်။ သို့သော် သူ၏ ပုံပန်းသဏ္ဌာန်မှာ အပြစ်ကင်းစင်နေဆဲပင်။

မိစ္ဆာသားရဲအချို့မှာ ဟွေးကျို၏ ခေါင်းပေါ်မှ ပျံသန်းသွားကြသည်။

ထိုသားရဲများ၏ အငွေ့အသက်မှာ အလွန်ကြောက်စရာကောင်းလှသည်။ သို့သော် ထိုအခိုက်အတန့်တွင် မီးခိုးရောင်လေးသည် ရုတ်တရက် ခုန်တက်လိုက်သည်။

မီးခိုးရောင်လေးသည် လေပေါ်တွင် ရပ်တန့်လိုက်ပြီးနောက် ပါးစပ်ကို ဟလိုက်ရာ သူ၏ခေါင်းမှာ ကြီးမားလာပြီး မိစ္ဆာသားရဲများကို တစ်ကောင်မကျန် မျိုချလိုက်လေသည်။

ယခင်နှင့်ယှဉ်လျှင် မီးခိုးရောင်လေး၏ အစားအသောက်မှာ ပို၍ပင် ကြီးမားလာခဲ့ချေပြီ။

မီးခိုးရောင်လေးသည် မြေပြင်ပေါ်သို့ ပြန်ဆင်းလာပြီးနောက် လေတက်လိုက်သည်။

သူသည် ဂူထဲသို့ ချက်ချင်းပြန်မဝင်ဘဲ မတ်စောက်သော တောင်စောင်းဘေးတွင် လဲလျောင်းလိုက်သည်။ သူ၏ မီးခိုးရောင် မျက်လုံးများသည် ယွဲ့လန်ဂိုဏ်းရှိရာဘက်သို့ စိုက်ကြည့်နေသည်။

ရွှီနင် ဂိုဏ်းထဲသို့ သွားကတည်းက သူသည် နေ့တိုင်း ဤသို့သာ လုပ်နေခဲ့ခြင်း ဖြစ်သည်။ ထိုဘက်သို့ ကြည့်နေလျှင် ရွှီနင် ပြန်လာသည်ကို မြင်ရလိမ့်မည်ဟု သူ ထင်မှတ်ထားပုံရသည်။

မီးခိုးရောင်လေးသည် ခန္ဓာကိုယ်ကို လုံးကာ အိပ်စက်နေစဉ် နေရောင်ခြည်များ စတင်ထွက်ပေါ်လာသည်။

မနက်ခင်း ကုန်ဆုံးလုနီးပါး အချိန်တွင် မီးခိုးရောင်လေးသည် သူ၏ အာရုံထဲ၌ အဖြူရောင် အစက်ကလေးတစ်ခုကို သတိထားမိလိုက်သည်။

ထိုအဖြူရောင် အစက်ကလေးသည် သူ့ဆီသို့ လျင်မြန်စွာ ပြေးလာနေသည်။ မီးခိုးရောင်လေးမှာ ချက်ချင်း မတ်တတ်ရပ်ကာ ခေါင်းကို ထောင်လိုက်သည်။

နောက်ဆုံးတွင်တော့ မီးခိုးရောင်လေးသည် ထိုသူမှာ ရွှီနင်ဖြစ်ကြောင်း သိလိုက်ရသည်။

ချက်ချင်းပင် မီးခိုးရောင်လေးသည် အရိပ်တစ်ခုကဲ့သို့ တောင်ပေါ်မှ ခုန်ဆင်းလာပြီး ကျောက်ဆောင်များကို နင်းကာ ရှေ့သို့ ပြေးထွက်သွားလေသည်။

တစ်မိနစ်မပြည့်မီမှာပင် မီးခိုးရောင်လေးသည် ရွှီနင်၏ ရှေ့သို့ ရောက်ရှိလာပြီး ရွှီနင်၏ ရင်ခွင်ထဲသို့ ခုန်ဝင်လိုက်လေတော့သည်။

All Chapters