လျှို့ဝှက်ဆန်းကြယ်နယ်မြေရှိ အခွင့်အရေး
Vol. 14 Ch. 138
“မီးလျှံပုံဆောင်ခဲသီးအပင်ရဲ့ အမြုတေ...”
ရွှီနင်သည် ကျယ်ဝမ်ယွဲ့၏ အဆိုပြုချက်ကို ချက်ချင်း သဘောမတူဘဲ ခေတ္တ စဉ်းစားနေသည်။ အတန်ကြာမှ သူက ငြင်းပယ်ရန် ဆုံးဖြတ်လိုက်သည်။
“စီနီယာအစ်မကျယ်... ကျွန်တော် အဲဒီအမြုတေကို မယူချင်ဘူး”
ရွှီနင်သည် ဤဆုံးဖြတ်ချက်ကို သေသေချာချာ ချင့်ချိန်ခဲ့ခြင်း ဖြစ်သည်။
မီးလျှံပုံဆောင်ခဲသီးအပင်၏ အမြုတေမှာ အဖိုးတန်လှပြီး ဟင်းလင်းပြင်နယ်ပယ် သိုင်းပညာရှင်တစ်ဦးကို တံဆိပ်တော်နယ်ပယ်သို့ ချိုးဖျက်ဝင်ရောက်ရန် ကူညီပေးနိုင်သော်လည်း ရွှီနင်အတွက်မူ သူ၏ သိုင်းပညာမျက်နှာပြင် ရှိနေရုံနှင့် လုံလောက်ပေသည်။
ထို့အပြင် မီးလျှံပုံဆောင်ခဲသီးအပင်သည် အတွင်းပိုင်းစွမ်းအင်တန်ဖိုးထက် လက်တွေ့အသုံးချမှုတန်ဖိုး ပိုမိုမြင့်မားသော အရင်းအမြစ်တစ်ခု ဖြစ်သင့်ရာ ရွှီနင်အတွက်မူ ထိုအရာက အသုံးမဝင်လှပေ။
၎င်းအပြင် ကျယ်ဝမ်ယွဲ့၏ ပြောပြချက်အရ သူမနှင့် ပေါင့်ရူရွမ်းတို့သည် ဤအသီးအပင်ကို တစ်ချိန်တည်းမှာပင် ရှာဖွေတွေ့ရှိခဲ့ခြင်း ဖြစ်သည်။
ဆိုလိုသည်မှာ အမြုတေ ပေါ်ထွက်လာမည့်အချိန်ကို ပေါင့်ရူရွမ်းလည်း သိရှိထားသည်ဟု ဆိုရမည်။
အကယ်၍ သူသာ သူမနှင့်အတူ အမြုတေကို သွားရောက်ရယူမည်ဆိုပါက ပေါင့်ရူရွမ်းနှင့် မလွဲမသွေ ထိပ်တိုက်တွေ့ပေလိမ့်မည်။
ပေါင့်ရူရွမ်း၏ စရိုက်နှင့်ဆိုလျှင် သူတို့ကြားတွင် ပဋိပက္ခဖြစ်ပွားမည်မှာ မြေကြီးလက်ခတ်မလွဲပင်။
ထိုပဋိပက္ခမှာ ရင်းရကျိုးမနပ်ဟု ရွှီနင် ခံစားမိသည်။
ထို့အပြင် မီရှင်းယယ်နှင့် အကြီးအကဲကူကျွမ့်တို့အကြားတွင်လည်း နှစ်ရှည်လများ ပြိုင်ဆိုင်မှု ရှိနေခဲ့သည်။ နှစ်ဖက်လုံး၏ တပည့်များဖြစ်ကြသဖြင့် သူနှင့် ပေါင့်ရူရွမ်းတို့၏ မည်သူမည်ဝါဖြစ်မှုမှာ အလွန်ပင် ထိရှလွယ်လှပေသည်။
ပေါင့်ရူရွမ်းအပေါ် သူ အနိုင်ရသည်ဖြစ်စေ၊ ရှုံးသည်ဖြစ်စေ မီရှင်းယယ်အတွက် အခက်တွေ့စေနိုင်ပေသည်။
“စီနီယာအစ်မကျယ်ရဲ့ စေတနာကို ကျွန်တော် နားလည်ပါတယ်”
ရွှီနင်က ရှင်းပြလိုက်သည်။ “ဒါပေမဲ့ ကျွန်တော် ပေါင့်ရူရွမ်းနဲ့ ဒီထက်ပိုပြီး ပြင်းပြင်းထန်ထန် ပဋိပက္ခ မဖြစ်ချင်တော့ဘူး။ ပြောရရင် ကျွန်တော့်ဆရာနဲ့ အကြီးအကဲကူကျွမ့်ကြားမှာ...”
ရွှီနင်က စကားကို ထိုနေရာတွင် ရပ်လိုက်သည်။
ဂိုဏ်း၏ တပည့်ရင်းတစ်ဦးအနေဖြင့် ကျယ်ဝမ်ယွဲ့သည် သူ၏ ဆိုလိုရင်းကို သေချာပေါက် နားလည်ပေလိမ့်မည်။
“အင်း...”
ကျယ်ဝမ်ယွဲ့ ထိုစကားကို ကြားသောအခါ နှမြောသော အမူအရာ ပေါ်လာသည်။
သူမသည် ရွှီနင်အပေါ် ကျေးဇူးတင်နေသဖြင့် မီးလျှံပုံဆောင်ခဲသီးအပင်၏ အမြုတေဖြင့် ပြန်လည်ကျေးဇူးဆပ်လိုခြင်း ဖြစ်သည်။
သို့သော် ရွှီနင်က ဂိုဏ်းချုပ်မီရှင်းယယ်နှင့် အကြီးအကဲကူကျွမ့်တို့အကြားရှိ ပဋိပက္ခကို ထည့်သွင်းပြောဆိုလာသဖြင့် သူမအနေဖြင့် ဇွတ်အတင်း တိုက်တွန်းနေရန် မလိုအပ်တော့ပေ။
အကယ်၍ သူမက ထပ်မံ နားချနေမည်ဆိုပါက အထင်လွဲမှုများသာ ဖြစ်ပေါ်လာနိုင်ပေသည်။
“ရပါတယ်”
ကျယ်ဝမ်ယွဲ့က ဘာမှ ထပ်မပြောတော့ဘဲ ပိုးထည်အိတ်ငယ်လေးတစ်အိတ်ကို ထုတ်ယူလိုက်သည်။
“အခုလေးတင် ပြောလိုက်တဲ့ အဆိုပြုချက်ကို ကျွန်မ သေသေချာချာ မစဉ်းစားမိလိုက်ဘူး။ ဒါဆိုရင်လည်း ဒီမီးလျှံပုံဆောင်ခဲသီး ခြောက်လုံးကိုပဲ မောင်လေး ယူထားလိုက်ပါတော့။ ဒါကို စားလိုက်ရင် မောင်လေးရဲ့ အရည်အချင်းတွေကို စုစည်းရာမှာရော၊ တိုးတက်စေရာမှာရော အများကြီး အထောက်အကူ ဖြစ်စေမှာပါ”
ရွှီနင် ခေတ္တမျှ စဉ်းစားပြီးနောက် လှမ်းယူလိုက်သည်။
ကျယ်ဝမ်ယွဲ့သည် သူ့ကို ကျေးဇူးလာဆပ်ခြင်းဖြစ်ရာ သူမအနေဖြင့် သူ့အပေါ် ကျေးဇူးအကြွေး မတင်လိုသည်မှာ သိသာလှသည်။
ထို့ကြောင့် ရွှီနင်က သူမ၏ လက်ဆောင်ကို လက်ခံလိုက်တော့သည်။
“ကျေးဇူးတင်ပါတယ် အစ်မကျယ်”
ရွှီနင်က ပိုးထည်အိတ်လေးကို ယူလိုက်သည်။
“အစ်မကသာ မောင်လေးကို ကျေးဇူးတင်ရမှာပါ”
ကျယ်ဝမ်ယွဲ့က ပြုံးလိုက်သည်။ “ဒါဆိုရင် အစ်မ မောင်လေးကို အနှောင့်အယှက် မပေးတော့ဘူးနော်”
ရွှီနင်က ဖိတ်ခေါ်မှုကို ငြင်းပယ်ခဲ့သော်လည်း ကျယ်ဝမ်ယွဲ့မှာမူ မီးလျှံပုံဆောင်ခဲသီးအပင်၏ အနှစ်သာရကို လိုချင်နေဆဲ ဖြစ်သည်။
၎င်းမှာ ရှားပါးလှသော ရတနာတစ်ပါးဖြစ်ရာ ရွှီနင်က မလိုချင်လျှင်တောင် သူမအနေဖြင့် ရအောင်ယူရန် နည်းလမ်းရှာရပေမည်။
သို့သော် သူမ၏ ဒဏ်ရာများဖြင့်ဆိုလျှင် ပေါင့်ရူရွမ်းကို သေချာပေါက် ယှဉ်နိုင်မည်မဟုတ်သဖြင့် ကျယ်ဝမ်ယွဲ့သည် အနှစ်သာရအတွက် ပေါင့်ရူရွမ်းနှင့် ယှဉ်ပြိုင်တိုက်ခိုက်ရန် အခြားကူညီမည့်သူများကို ရှာဖွေရပေတော့မည်။
“ဂရုစိုက်ပါ အစ်မ”
ကျယ်ဝမ်ယွဲ့ ထွက်ခွာသွားသဖြင့် ရွှီနင်က ခြံဝင်းအပြင်ဘက်အထိ ကိုယ်တိုင် လိုက်လံပို့ဆောင်ပေးလိုက်သည်။
ခြံဝင်းထဲသို့ ပြန်ရောက်သောအခါ ရွှီနင်သည် ပိုးထည်အိတ်လေးကို ဖွင့်ကာ အတွင်းမှ အရာများကို သွန်ချလိုက်သည်။
‘ဒါတွေက ပုံဆောင်ခဲသီးတွေပေါ့’
ရွှီနင်သည် ကြည်လင်တောက်ပနေသော ပုံဆောင်ခဲသီး ခြောက်လုံးကို လက်ဖဝါးပေါ်တွင် တင်ထားလိုက်သည်။
သိုင်းပညာမျက်နှာပြင်မှ အသိပေးချက်တစ်ခု ပေါ်လာသည်။
…
စွမ်းအင် ယူနစ် ၂၀၀ ရှာတွေ့သည်၊ စုပ်ယူမည်လော။
လုပ်မည် / မလုပ်ပါ
…
‘စွမ်းအင် ၂၀၀ ဆိုတာ နည်းလွန်းတယ်...’
မီးလျှံပုံဆောင်ခဲသီးမှာ လက်တွေ့အသုံးချရသော အရင်းအမြစ်တစ်ခုမှန်း သူ သိထားသော်လည်း စွမ်းအင် ဤမျှနည်းလိမ့်မည်ဟု မထင်မှတ်ထားခဲ့ပေ။
အသီး ခြောက်လုံးပေါင်းမှ စွမ်းအင် ၁,၂၀၀ သာ ရရှိပေမည်။
ဤစွမ်းအင်ပမာဏသည် လျှို့ဝှက်နည်းစနစ်တစ်ခုကို ပဉ္စမအဆင့်သို့ မြှင့်တင်ရန်အတွက်ပင် မလုံလောက်ချေ။
“မလုပ်ပါ”
ရွှီနင် မစုပ်ယူလိုက်ပေ။
သူသည် တပည့်ရင်းများနေရာရှိ ပစ္စည်းလဲလှယ်ရေးခန်းမသို့သွားကာ အတွင်း၌ လဲလှယ်နိုင်မည့် ဈေးနှုန်းကို စစ်ဆေးရန် စီစဉ်လိုက်သည်။
အကယ်၍ ဤအသီးများက ကျယ်ဝမ်ယွဲ့ ပြောသကဲ့သို့ အရည်အချင်းများကို စုစည်းရန် အမှန်တကယ် ကူညီပေးနိုင်သည်ဆိုပါက ၎င်းတို့ကို ရင်းမြစ်သန့်စင်ဆေးပြားများဖြင့် လဲလှယ်ရာမှ ရရှိမည့် စွမ်းအင်မှာ ၂၀၀ ထက် သေချာပေါက် ပိုများပေလိမ့်မည်။
“သွားကြည့်ရအောင်”
ရွှီနင်သည် တုံ့ဆိုင်းမနေတော့ဘဲ အသီး ခြောက်လုံးကို ယူကာ ထွက်လာခဲ့သည်။
…
ထိုအချိန်မှာပင်
မြူမှောင်ချောက်နက်၌…
“ရွေးချယ်စရာ မရှိတော့ဘူး၊ ငါတို့ အထဲကို တကယ် ဝင်လို့မရဘူး”
မီရှင်းယယ်နှင့် အကြီးအကဲယွမ်ချန်တို့သည် ချောက်ကမ်းပါးလျှိုမြောင်အောက်ရှိ ရေကန်ထဲမှ ထွက်ပေါ်လာကြသည်။
သူတို့၏ ခန္ဓာကိုယ်ပေါ်တွင် ရေများ စီးကျနေသော်လည်း အဝတ်အစားများ၏ ထောင့်စွန်းလေးတစ်ခုမျှပင် စိုစွတ်နေခြင်း မရှိပေ။
‘ဒီလျှို့ဝှက်နယ်မြေရဲ့ ပိုင်ရှင်က အရမ်း သန်မာတာပဲ’
အပေါ်သို့ တက်လာပြီးနောက် မီရှင်းယယ်နှင့် အကြီးအကဲယွမ်ချန်တို့သည် ငြိမ်သက်နေသော ရေမျက်နှာပြင်ကို စိတ်ပျက်လက်ပျက် အမူအရာဖြင့် ကြည့်လိုက်ကြသည်။
‘သူတို့ ထပ်ပြီး ရှုံးနိမ့်သွားပြန်ပြီ...’
ရှောင်းချီယွင်သည် မီရှင်းယယ်နှင့် အကြီးအကဲယွမ်ချန်တို့၏ အနောက်တွင် ရပ်နေရင်း စိတ်ထဲမှ တွေးလိုက်မိသည်။
ရှောင်းချီယွင်က မီရှင်းယယ်နှင့် ယွမ်ချန်တို့ကို လျှို့ဝှက်ဆန်းကြယ်နယ်မြေအကြောင်း ပြောပြပြီးနောက် သူတို့သုံးဦးသည် အဆင့်မြင့် ဟင်းလင်းပြင်နယ်ပယ် သားရဲငှက်တစ်ကောင်ကို စီးနင်းကာ မြူမှောင်ချောက်နက်သို့ အပြေးအလွှား လာခဲ့ကြခြင်း ဖြစ်သည်။
ရှောင်းချီယွင်က လျှိုမြောင်အောက်ရှိ မသိမသာ တည်ရှိနေသော ရေကန်လေးဆီသို့ သူတို့ကို ခေါ်ဆောင်သွားပြီး ၎င်းမှာ လျှို့ဝှက်ဆန်းကြယ်နယ်မြေ၏ ဝင်ပေါက်ဖြစ်ကြောင်း ပြောပြခဲ့သည်။
တုံ့ဆိုင်းမနေတော့ဘဲ မီရှင်းယယ်နှင့် ယွမ်ချန်တို့သည် ရေကန်ထဲသို့ တစ်ပြိုင်နက်တည်း ဆင်းသွားခဲ့ကြသည်။
ဤရေကန်မှာ သာမန်ကဲ့သို့ ထင်ရသော်လည်း အောက်ခြေမရှိသလောက် နက်ရှိုင်းလှသည်။ ထို့ပြင် အတွင်း၌ မည်သည့် သတ္တဝါမျှ မရှိချေ။
မီတာ ၃၀၀ ခန့် ငုပ်လျှိုးသွားပြီးနောက် မီရှင်းယယ်နှင့် ယွမ်ချန်တို့သည် အတားအဆီးတစ်ခုကို တွေ့ရှိခဲ့ကြသည်။
ရှောင်းချီယွင် ပြောသည့်အရာမှာ အမှန်ဖြစ်နေသဖြင့် သူတို့နှစ်ဦး အလွန် ဝမ်းသာသွားကြသည်။
သို့သော် ထိုအတားအဆီးကို ဖြတ်ကျော်ရန် ကြိုးစားသောအခါတွင်မူ သူတို့ မအောင်မြင်ခဲ့ကြချေ။
သူတို့နှစ်ဦးလုံးမှာ အတားအဆီးကို ချိုးဖျက်၍ မရနိုင်ခဲ့ကြပေ။
ဖြတ်ကျော်ရန် ကြိုးစားသည့် အကြိမ်တိုင်းတွင် သူတို့ခန္ဓာကိုယ်အတွင်းရှိ တာအိုအမှတ်အသားများမှာ အပြင်းအထန် ဖိနှိပ်ခြင်း ခံရသဖြင့် အတားအဆီးမှ ပေးသော ဖိအားကို မခံနိုင်ဘဲ ဖြစ်နေရသည်။
ဤလျှို့ဝှက်ဆန်းကြယ်နယ်မြေသည် တာအိုအမှတ်အသားများ စုစည်းထားပြီးဖြစ်သော ထိပ်တန်း ဟင်းလင်းပြင်နယ်ပယ် နဝမအဆင့် သိုင်းပညာရှင်များကို ငြင်းပယ်နေပုံရသည်။
ဤယူဆချက်ကို အတည်ပြုရန်အတွက် မီရှင်းယယ်နှင့် ယွမ်ချန်တို့သည် ရှောင်းချီယွင်ကို ခေါ်ဆောင်ကာ ထပ်မံ ကြိုးစားကြည့်ကြပြန်သည်။
ထင်ထားသည့်အတိုင်းပင် ရှောင်းချီယွင်မှာ ထိုအတားအဆီးကို ရင်ဆိုင်ရချိန်တွင် မည်သည့် ခုခံမှုကိုမျှ မခံစားရဘဲ ခြေလက်များကို အလွယ်တကူ ဆန့်ထုတ်ကာ ဝင်ထွက်နိုင်ခဲ့သည်။
ရှောင်းချီယွင်သာ အလိုရှိပါက လျှို့ဝှက်ဆန်းကြယ်နယ်မြေထဲသို့ အလွယ်တကူ ထပ်မံ ဝင်ရောက်နိုင်ပေသည်။
သို့သော် ဝင်ရောက်ပြီးပါက ပြန်ထွက်လာနိုင်ရန်အတွက် ပိုမိုများပြားသော အန္တရာယ်များကို ရင်ဆိုင်ကျော်ဖြတ်ရပေဦးမည်။
တာအိုအမှတ်အသားများရှိသော ဟင်းလင်းပြင်နယ်ပယ် သိုင်းပညာရှင်များမှာ လျှို့ဝှက်နယ်မြေထဲသို့ ဝင်ရောက်နိုင်ခြင်းမရှိကြောင်း အချက်အလက်များက သက်သေပြလိုက်ပြီ ဖြစ်သည်။
သို့သော် သူတို့နှစ်ဦး ချက်ချင်း လက်မလျှော့လိုက်ပေ။ သူတို့ ထပ်မံ ကြိုးစားခဲ့ကြသော်လည်း ဆယ်ရက်နီးပါး ကြာသည်အထိ မည်သည့် ရလဒ်မှ ထွက်မလာခဲ့ချေ။
“ဂိုဏ်းချုပ်... ဝင်ဖို့ တခြားနည်းလမ်း ရှိတော့မှာ မဟုတ်ဘူး”
အကြီးအကဲယွမ်ချန်၏ လေသံမှာ အနည်းငယ် နှမြောတသဖြစ်နေဟန် ပေါက်နေသည်။
မီရှင်းယယ် ခေါင်းညိတ်လိုက်သည်။ “ဒါဆိုရင်လည်း တခြားနည်းလမ်း မရှိတော့ဘူးပေါ့။ ဂိုဏ်းကိုပဲ ပြန်ကြရအောင်”
“ငါတို့ ဒီလျှို့ဝှက်ဆန်းကြယ်နယ်မြေကို ဝင်လို့မရပေမဲ့ တာအိုအမှတ်အသား မစုစည်းရသေးတဲ့ အကြီးအကဲတချို့နဲ့ တပည့်ရင်းတွေ ရှိနေသေးတာပဲ။ သူတို့ဆိုရင် ဝင်လို့ရမှာပါ”
မီရှင်းယယ်က အစီအစဉ်တစ်ခု ချလိုက်သည်။ “တပည့်ရင်းတွေဆိုတာ ယွဲ့လန်ဂိုဏ်းရဲ့ ဒေါက်တိုင်တွေပဲလေ။ သူတို့ကို ဝင်ခွင့်ပေးပြီး တိုးတက်ဖို့အတွက် အရင်းအမြစ်တွေ ရှာခိုင်းတာကလည်း ကောင်းတဲ့ကိစ္စပဲ”
“ကောင်းပါပြီ၊ ဒါဆိုရင် ဂိုဏ်းကို အမြန်ပြန်ပြီး တပည့်ရင်းတွေကို စုစည်းလိုက်ရအောင်”
ယွမ်ချန်က မီရှင်းယယ်၏ အဆိုပြုချက်ကို သဘောတူလိုက်သည်။
ထို့နောက် သူတို့သုံးဦးသည် ယွဲ့လန်ဂိုဏ်းဆီသို့ အပြေးအလွှား ပြန်လာခဲ့ကြတော့သည်။
…
ယွဲ့လန်ဂိုဏ်း
ရွှီနင် စိတ်ရွှင်လန်းနေသည်။ အကြောင်းမှာ သူသည် တပည့်ရင်းများ၏ ပစ္စည်းလဒလှယ်ရေးခန်းမတွင် မီးလျှံပုံဆောင်ခဲသီးများကို လဲလှယ်နိုင်ခဲ့သောကြောင့် ဖြစ်သည်။
ခန်းမ၌ မီးလျှံပုံဆောင်ခဲသီး တစ်လုံးသည် ရင်းမြစ်သန့်စင်ဆေးပြား ၁၀ ပြားနှင့် ညီမျှသည်။
မီးလျှံပုံဆောင်ခဲသီး ခြောက်လုံးကြောင့် ရွှီနင်သည် ရင်းမြစ်သန့်စင်ဆေးပြား ၆၀ နှင့် လဲလှယ်နိုင်ခဲ့သည်။
၎င်းမှာ စွမ်းအင် ၆,၀၀၀ ယူနစ် ဖြစ်ပေသည်။
ဤစွမ်းအင်ပမာဏသည် ရွှီနင်အတွက် ဟင်းလင်းပြင်နယ်ပယ် ပဉ္စမအဆင့်သို့ ချိုးဖျက်ဝင်ရောက်ရန် သို့မဟုတ် သူ၏ ဟင်းလင်းပြင်နယ်ပယ် လျှို့ဝှက်နည်းစနစ် လေးခုလုံးကို ပဉ္စမအဆင့်သို့ မြှင့်တင်ရန်အတွက် လုံလောက်လှသည်။
ထိုမျှလောက်သော ဒဏ်ရာအနည်းငယ်ဖြင့် စွမ်းအင်များစွာ ရရှိလိုက်ခြင်းမှာ အတော်လေး တန်သည်ဟု ရွှီနင် ခံစားရသည်။
‘မီးလျှံပုံဆောင်ခဲသီးအပင်ရဲ့ အမြုတေကို ရယူဖို့ ကျယ်ဝမ်ယွဲ့ရဲ့ တောင်းဆိုချက်ကို သဘောတူခဲ့သင့်တာ။ အဲဒီမှာ စွမ်းအင် အများကြီး မရှိရင်တောင် ရင်းမြစ်သန့်စင်ဆေးပြား ၁၀၀ ထက်တော့ သေချာပေါက် ပိုတန်မှာပဲ’
ရွှီနင်သည် ကျယ်ဝမ်ယွဲ့နှင့် ညှိနှိုင်းရန်ပင် စိတ်ကူးမိလိုက်သည်။
ပစ္စည်းလဲလှယ်ရေးနေရာမှအထွက်တွင် မီးလျှံပုံဆောင်ခဲသီးအပင်၏ အမြုတေအတွက် ပေါင့်မိသားစုနှင့် ရန်သူဖြစ်ရကျိုး နပ်မနပ် ရွှီနင် ထပ်မံ စဉ်းစားနေမိသည်။
ပေါင့်မိသားစုနှင့် သူ၏ ရန်ငြိုးမှာ အနှေးနှင့်အမြန် ဖြေရှင်းရမည် ဖြစ်သော်လည်း သူတို့နှင့် ထိပ်တိုက်ရင်ဆိုင်ရန်မှာ စောလွန်းသေးသည်ဟု ခံစားရသည်။
ဝုန်း... ဝုန်း... ဝုန်း...
ရွှီနင် စဉ်းစားနေစဉ်မှာပင် မိုးခြိမ်းသံကဲ့သို့သော ဗုံသံများသည် တပည့်ရင်းများ နေထိုင်ရာတစ်ခုလုံးသို့ ပျံ့နှံ့သွားတော့သည်။
“ဒါ အကြီးအကဲခန်းမမှာ တပည့်ရင်းတွေကို စုဝေးဖို့ အချက်ပေးသံပဲ”
ရွှီနင် ရေရွတ်လိုက်သည်။
တပည့်ရင်းများကို စုဝေးရန် အချက်ပေးသံ ထွက်ပေါ်လာလျှင် ဂိုဏ်းရှိ တပည့်အားလုံးသည် ၁၅ မိနစ်အတွင်း အကြီးအကဲခန်းမသို့ ရောက်ရှိရမည် ဖြစ်သည်။
‘ဘာတွေ ဖြစ်ကုန်တာလဲ...’
ရွှီနင် ဇဝေဇဝါဖြစ်နေသော်လည်း အကြီးအကဲခန်းမဆီသို့ အပြေးအလွှား သွားခဲ့သည်။
ရွှီနင်သည် ၁၅ မိနစ်ပင် မပြည့်မီ ထိုနေရာသို့ ရောက်ရှိသွားသည်။
သူ၏ဆရာ မီရှင်းယယ်နှင့် အကြီးအကဲ ဆယ်ဦးကျော်တို့ ရောက်ရှိနေသည်ကို ရွှီနင် မြင်လိုက်ရသည်။
စင်မြင့်အောက်တွင်လည်း အမာခံတပည့်များစွာ ရှိနေပြီး စုစုပေါင်း လူ ၅၀ မှ ၆၀ ခန့် ရှိပေသည်။
ဤသူများသည် ယွဲ့လန်ဂိုဏ်းရှိ တပည့်ရင်းများ၏ တစ်ဝက်ခန့် ဖြစ်သည်။
တပည့်များသည် ဟောပြောချက်တစ်ခုကို နားထောင်တော့မည့်အလား စင်မြင့်အောက်တွင် ထိုင်နေကြပြီ ဖြစ်သည်။
ရွှီနင်လည်း ဝင်ရောက် ထိုင်လိုက်သည်။
၁၅ မိနစ်ပြည့်သွားသောအခါ ခန်းမအတွင်းရှိ တပည့်အရေအတွက်မှာ ၈၀ ကျော်အထိ ရှိလာခဲ့သည်။
“ဂိုဏ်းမှာရှိတဲ့ တပည့်တွေ အကုန်ရောက်ပြီ ထင်တယ်”
အကြီးအကဲယွမ်ချန် မတ်တတ်ရပ်လိုက်ပြီး စင်မြင့်အောက်မှ တပည့်များကို ကြည့်လိုက်သည်။
“ဟင်းလင်းပြင်နယ်ပယ် စတုတ္ထအဆင့်အောက်က တပည့်တွေ ထွက်သွားကြ”
အကြီးအကဲယွမ်ချန်က ရုတ်တရက် ပြောလိုက်သည်။
စင်မြင့်အောက်ရှိ တပည့်များမှာ ဇဝေဇဝါ ဖြစ်သွားကြသော်လည်း အကြီးအကဲယွမ်ချန်၏ ညွှန်ကြားချက်ကို အားလုံး လိုက်နာခဲ့ကြသည်။
ယခုအခါ လူ ၂၀ ဝန်းကျင်သာ ကျန်ရှိတော့လေသည်။
ရွှီနင်က ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်ရာ ကျန်ရှိနေသောသူများထဲတွင် ကျောဇုန်းယိ၊ ကျယ်ဝမ်ယွဲ့နှင့် ပေါင့်ရူရွမ်းတို့ကဲ့သို့ အသိအချို့ကို တွေ့လိုက်ရသည်။
“ဟင်”
ရွှီနင်က ဘေးနားရှိလူများကို ကြည့်ပြီးနောက် အပေါ်သို့ မော့ကြည့်လိုက်ရာ မီရှင်းယယ်၏ အကြည့်နှင့် တိုက်ဆိုင်စွာ ဆုံတွေ့သွားသည်။
မီရှင်းယယ်က ရွှီနင်ကို ကျေနပ်အားရသော အပြုံးဖြင့် ကြည့်နေသည်။
မီရှင်းယယ်သည် သူ၏ တိုးတက်မှုနှင့် ခွန်အားအပေါ် ကျေနပ်နေခြင်းဖြစ်ကြောင်း ရွှီနင် ချက်ချင်း ရိပ်မိလိုက်သည်။
ဝူး...
အရည်အသွေးပြောင်းလဲခြင်းနယ်ပယ်အောက်ရှိ တပည့်များ ထွက်ခွာသွားပြီးနောက် လူတိုင်းရှိနေသည့် နေရာလွတ်ပတ်ပတ်လည်တွင် အလင်းကန့်လန့်ကာတစ်ခု ရုတ်တရက် ပေါ်လာပြီး လူတိုင်းကို လွှမ်းခြုံလိုက်သည်။
ထိုအလင်းကန့်လန့်ကာသည် သူတို့ကို ပြင်ပလူများထံမှ သီးခြားခွဲထုတ်လိုက်ခြင်းဖြစ်ကြောင်း ရွှီနင် သတိထားမိလိုက်သည်။
စင်မြင့်ပေါ်မှ အကြီးအကဲများသည် လျှို့ဝှက်ကိစ္စတစ်ခုကို ဆွေးနွေးတော့မည်မှာ သိသာလှပေသည်။
“တပည့်တို့... ငါ မင်းတို့ကို ဒီနေ့ စုဝေးခိုင်းတာက အခွင့်အရေးတစ်ခု ပေးဖို့ပဲ”
အကြီးအကဲယွမ်ချန်က တိုက်ရိုက်ပင် ပြောလိုက်သည်။
စင်မြင့်အောက်ရှိ တပည့်များအားလုံး အံ့သြသွားကြသည်။
“ဂိုဏ်းချုပ်နဲ့ ငါက မကြာသေးခင်က လျှို့ဝှက်ဆန်းကြယ်နယ်မြေတစ်ခုကို ရှာတွေ့ခဲ့တယ်။ အဲဒီလျှို့ဝှက်နယ်မြေက ကျိဖုန်းစီရင်စုက ဂန္ထဝင်သိုင်းပညာရှင်ကြီးတစ်ဦး ချန်ထားရစ်ခဲ့တဲ့နေရာပဲ။ ဒါ့အပြင် အဲဒီနေရာကို အပြည့်အဝ စူးစမ်းရသေးတာမျိုးလည်း မရှိသေးဘူး”
“အကြီးအကဲတွေနဲ့ ဆွေးနွေးပြီးနောက်မှာ ငါတို့က အရည်အသွေးပြောင်းလဲခြင်းနယ်ပယ်နဲ့ အထက်မှာရှိတဲ့ တပည့်ရင်းတွေနဲ့ အမည်ခံတပည့်တွေကို အဲဒီလျှို့ဝှက်နယ်မြေထဲ စေလွှတ်ဖို့ ဆုံးဖြတ်လိုက်တယ်။ မင်းတို့ အဲဒီလျှို့ဝှက်နယ်မြေကိုသွားပြီး ကိုယ့်ရဲ့ အခွင့်အရေးတွေကို ရှာဖွေနိုင်ကြပြီ”
မူလက မီရှင်းယယ်သည် တာအိုအမှတ်အသား မစုစည်းရသေးသော အကြီးအကဲအချို့ကိုလည်း ဝင်ခွင့်ပေးလိုသော်လည်း နောက်ပိုင်းတွင် စိတ်ကူးပြောင်းသွားခဲ့သည်။
တာအိုအမှတ်အသား မစုစည်းရသေးသော ထိုအကြီးအကဲများသည် အသက်ကြီးနေကြပြီဖြစ်ရာ ဆက်လက်တိုးတက်ရန် အလားအလာ မရှိသလောက်ပင်။ သူတို့ကို လျှို့ဝှက်နယ်မြေထဲ ဝင်ခွင့်ပေးလိုက်လျှင် တပည့်များနှင့်အတူ အအရင်းအမြစ်များကို လုယူနေသကဲ့သို့သာ ဖြစ်ပေလိမ့်မည်။
လျှို့ဝှက်နယ်မြေရှိ အခွင့်အရေးအားလုံးကို ငယ်ရွယ်သော မျိုးဆက်သစ်များထံသာ လွှဲပြောင်းပေးလိုက်ခြင်းက ပို၍ ကောင်းမွန်ပေလိမ့်မည်။
“လျှို့ဝှက်ဆန်းကြယ်နယ်မြေတဲ့လား”
“ဂန္ထဝင်သိုင်းပညာရှင်ကြီးတစ်ဦး ချန်ထားရစ်ခဲ့တဲ့နေရာ ဟုတ်လား”
‘တကယ့်ကို အခွင့်အရေးကြီးပဲ’
“…”
ဆယ်ဦးကျော်သော တပည့်များသည် စိတ်လှုပ်ရှားစွာဖြင့် တိုးတိုးလေး ပြောဆိုနေကြသည်။
“ဒီမှာရှိနေတဲ့ လူတိုင်းဟာ လျှို့ဝှက်နယ်မြေထဲကို ပထမဆုံးအသုတ်အနေနဲ့ ဝင်ရောက်ရမယ့် တပည့်တွေ ဖြစ်ကြလိမ့်မယ်။ မင်းတို့အတွက် ဒါဟာ အခွင့်အရေးဖြစ်သလို စိန်ခေါ်မှုလည်း ဖြစ်တယ်။ ပထမဆုံး စူးစမ်းရှာဖွေသူတွေအနေနဲ့ အခွင့်အရေးတွေ ပိုရနိုင်ပေမဲ့ လျှို့ဝှက်နယ်မြေထဲမှာ မသိနိုင်တဲ့အရာတွေ အများကြီး ရှိနေတဲ့အတွက် ဝင်သွားတာက မင်းတို့အတွက် အရမ်း အန္တရာယ်များတယ်”
တပည့်များ စိတ်အားထက်သန်နေသည်ကို မြင်သောအခါ အကြီးအကဲယွမ်ချန်က လူတိုင်းကို သတိဝင်လာစေရန် ရေအေးဖြင့် ပက်လိုက်သကဲ့သို့ ပြောလိုက်သည်။
“လျှို့ဝှက်နယ်မြေထဲကို ဝင်သွားပြီးရင် အသက်ဆုံးရှုံးနိုင်ခြေ အများကြီးရှိတယ်။ ဒါကို မင်းတို့ သေသေချာချာ စဉ်းစားကြစေချင်တယ်။ အကယ်၍ မင်းတို့ကိုယ်မင်းတို့ ယုံကြည်မှုမရှိဘူးလို့ ခံစားရရင် အခုပဲ နှုတ်ထွက်သွားလို့ ရပါတယ်”
မည်သူမျှ တုံ့ပြန်ခြင်း မရှိပေ။
ဒဏ်ရာရထားသော ကျယ်ဝမ်ယွဲ့ပင် နောက်ဆုတ်မသွားခဲ့ပေ။
ဂန္ထဝင်သိုင်းပညာရှင်ကြီးတစ်ဦး ချန်ထားရစ်ခဲ့သော လျှို့ဝှက်နယ်မြေနှင့် ရင်ဆိုင်ရချိန်တွင် ကျယ်ဝမ်ယွဲ့သည် မီးလျှံပုံဆောင်ခဲသီးအပင် တည်ရှိမှုကိုပင် မေ့လျော့သွားခဲ့ချေပြီ။
“ကောင်းပြီ”
ဒါကို မြင်လိုက်ရသောအခါ အကြီးအကဲယွမ်ချန် ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။
လျှို့ဝှက်နယ်မြေထဲသို့ ဝင်ရောက်လိုက်သည်နှင့် ဤတပည့်အချို့မှာ သေချာပေါက် သေဆုံးသွားလိမ့်မည်ဖြစ်ကြောင်း အကြီးအကဲယွမ်ချန် ကောင်းစွာ သိထားသည်။
သို့သော် အသက်ရှင်ကျန်ရစ်သူများမှာမူ သေချာပေါက် များစွာ ရရှိပေလိမ့်မည်။ ဤတပည့်များက အနာဂတ်တွင် ယွဲ့လန်ဂိုဏ်းအတွက် ဆောင်ကြဉ်းပေးမည့် အကျိုးကျေးဇူးများသည် တပည့်အချို့ ဆုံးရှုံးရမှုထက် သေချာပေါက် ပိုမိုကြီးမားပေလိမ့်မည်။
“ဒါဆိုရင် သွားကြရအောင်”
အကြီးအကဲယွမ်ချန်က ပြောလိုက်သည်။
“နေဦး”
အစိမ်းရင့်ရောင် ဝတ်စုံဝတ်ထားသော အကြီးအကဲတစ်ဦး ရုတ်တရက် မတ်တတ်ရပ်လိုက်သည်။
သူ၏ ခန္ဓာကိုယ်မှာ ပိန်ပါးပြီး မျက်နှာမှာ ဖြူဖျော့နေသော်လည်း မျက်လုံးများကမူ စူးရှလှသည်။
“အကြီးအကဲကူကျွမ့်... ဘာပြောစရာ ရှိလို့လဲ”
အကြီးအကဲယွမ်ချန်၏ မျက်လုံးများ မှေးကျဉ်းသွားသည်။
“အကြီးအကဲကူကျွမ့်...”
ရွှီနင်လည်း ထိုစကားကို ကြားသောအခါ အကြီးအကဲကူကျွမ့်ကို လှမ်းကြည့်လိုက်သည်။
သူသည် မီရှင်းယယ်၏ ပြိုင်ဘက်ဟောင်း မဟုတ်ပါလား။
“ထွက်သွားဖို့ စောလွန်းသေးတယ်”
အကြီးအကဲကူကျွမ့်က ပြောလိုက်သည်။ “ငါ့တပည့် ဖန်းကျဲ့က ခွန်အားကြီးသလို ပါရမီလည်း ထူးချွန်တယ်။ တကယ်လို့ သူသာ လျှို့ဝှက်နယ်မြေထဲကို ပထမဆုံးအသုတ်အနေနဲ့ ဝင်ခွင့်ရရင် သေချာပေါက် အများကြီး ရလိမ့်မယ်။ အခု သူက ဂိုဏ်းပြင်ပကို ရောက်နေပြီး နောက်လဝက်နေမှ ပြန်လာမှာဆိုတော့ လျှို့ဝှက်နယ်မြေထဲကို နောက်လဝက်နေမှ ဝင်ကြရင် မကောင်းဘူးလား”
အကြီးအကဲများအားလုံး မျက်မှောင်ကြုတ်သွားကြသည်။
ဤတောင်းဆိုချက်မှာ အတော်လေး တစ်ကိုယ်ကောင်းဆန်လွန်းလှသည်။
လျှို့ဝှက်နယ်မြေဆိုသည်မှာ အလွန် အဖိုးတန်ပြီး ရှားပါးသော အခွင့်အရေးတစ်ခု ဖြစ်သည်။ ယခင်ကဆိုလျှင် လျှို့ဝှက်နယ်မြေတစ်ခု ရှာတွေ့သည်နှင့် လူများကို ချက်ချင်း စေလွှတ်လေ့ရှိကြသည်။
ထို့ကြောင့် ဤတောင်းဆိုချက်မှာ လူတိုင်း၏ အချိန်ကို ဖြုန်းတီးနေခြင်းသာဖြစ်သဖြင့် အကြီးအကဲများမှာ မကျေမနပ် ဖြစ်သွားကြရလေသည်။