အခန်း (၆၀၄-၆၀၆)
Vol. 41 Ch. 604-606
Chapter 604 ဒီအချိန်မှ မင်းကို ပြန်အသက်မသွင်းနိုင်ရင် ငါ ဘယ်အချိန်ထိ စောင့်နေရဦးမှာလဲ
ဟေးဟယ် စကြဝဠာ၊ ဤစကြဝဠာသည် လောက၌ ခမ်းနားကြီးကျယ်လွန်းသည့် အံ့ဩစရာများထဲမှ တစ်ခု ဖြစ်သည်။
အနက်ရောင်မြစ်ထဲမှ ရေများသည် အမြဲတစေ ရေစီးကြမ်း၍ စီးဆင်းလျက်ရှိသည်။ လှိုင်းတံပိုး များက ဆက်တိုက် ဖြစ်ပေါ်နေသည်။
ဟေးဟယ် စကြဝဠာ၏ အစွန်ဘက်၌ မျိုးနွယ်စု ငယ်လေး ရှိကြသည်။ ထိုမျိုးနွယ်စုများထဲမှ တစ်ခုအား ချီယန် မျိုးနွယ်စုဟု ခေါ်တွင်လေသည်။ ထိုနေရာသည် ချီယန်နတ်ဆိုးဘုရင် မွေးဖွားရာနေရာ ဖြစ်ပေ၏။
ထိုစဉ်အချိန်က ချီယန်နတ်ဆိုးဘုရင်သည် မျိုးနွယ်စု အတွင်း၌ မွေးဖွားလာသောလည်း မွေးရာပါ မီးဓာတ် ပါရှိခဲ့သဖြင့် မျိုးနွယ်စုဝင်များက ကပ်ဘေးကို ဖိတ်ခေါ်သည့် ကလေးငယ်ဟု ယူဆကာ ဟေးဟယ် မြစ်ထဲ၌ စွန့်ပစ်ခဲ့ကြသည်။
သို့သော် နောက်ပိုင်းတွင် ချီယန်နတ်ဆိုးဘုရင် ကြီးပြင်းလာပြီး ဤနေရာသို့ ပြန်ရောက်လာကာ မျိုးနွယ်စုအား သေရေးရှင်ရေး အခြေအနေများမှ အကြိမ်ပေါင်းများစွာ ကယ်တင်ခဲ့သည်။ ထိုအခါ တွင် ချီယန်သည် မျိုးနွယ်စုက တလေး တစား ထားသော ပုဂ္ဂိုလ်ဖြစ်လာလေ၏။
ထို့အတူ ချီယန်နတ်ဆိုးဘုရင်အား မျိုးနွယ်စု တစ်ခုလုံးမှ မျိုးနွယ်ဝင်များအားလုံး အမှတ်ရကာ တစ်ကမ္ဘာလုံးက အသိအမှတ် ပြုကြသည်။
ယခုအချိန်၌ ချီယန်မျိုးနွယ်စုအတွင်းတွင် မြင့်မား သော ရုပ်တုတစ်ခု တည်ရှိလေသည်။ ထိုရုပ်တုသည် ချီယန် နတ်ဆိုးဘုရင်၏ ရုပ်တု ဖြစ်သည်။
မရေတွက်နိုင်သော ချီယန်မျိုးနွယ်စုဝင်များက ရုပ်တုရှေ့ ဒူးထောက်၍ ဂါဝရပြုကြသည်။ သို့သော် ထိုသို့သောအချိန်၌ လူငယ်တစ်ယောက်က ဖြည်းဖြည်းချင်း လှမ်းလာသည်။
သူသည် တစ်လှမ်းချင်း လှမ်းလာသော်လည်း မျက်စိ တစ်မှိတ်အတွင်းမှာပင် ချီယန်ရုပ်တုရှေ့သို့ ရောက်ရှိသွားသည်။
*ဟမ်*
ဤမြင်ကွင်းကြောင့် ရုပ်တုဘေးပတ်လည်မှ မျိုးနွယ်စုဝင်များ မသိမသာ အံ့အားသင့် သွားကြသည်။ သို့သော် မကြာခင်မှပင် မည်သူမျှ အရေးမလုပ်တော့ချေ။
ချီယန် နတ်ဆိုးဘုရင်အား လေးစားကြည်ညို သူများသည် သူတို့မျိုးနွယ်ဝင်များသာ ရှိသည် မဟုတ်ပေ၊ အနီးဝန်းကျင်ရှိ မျိုးနွယ်စုများမှ လူတို့ သည်လည်း လာရောက်၍ ချီယန်ရုပ်တုအား ဂါဝရ ပြုကြသည်။
ယခုအချိန်၌ ယဲ့ဖန်သည် မည်သူ့ကိုမျှ မြင်ပုံ မပေါ်ချေ။ သူသည် ချီယန်၏ရုပ်တုကိုသာ စူးစိုက် ကြည့်နေပြီး သူ့မျက်ဝန်းတွင်း၌ ဝမ်းနည်း၍ ရူးသွပ် မိုက်မဲဟန် ပေါ်လွင်နေသည်။
“ချီယန် နှစ်ခြောက်ထောင်လုံး အိပ်နေတာ အခု အိမ်ပြန်ချိန် ရောက်ပြီ”
ထိုသို့ပြောပြီးနောက် သူသည် တင်ပုလ္လင်ချိတ်ထိုင်၍ မျက်လုံးမှိတ်လိုက်သည်။ ထို့နောက်တွင်မူ ထိတ်လန့်ဖွယ်ကောင်းသော အချိန်စွမ်းအင်က ယဲ့ဖန်ထံမှ စိမ့်ဝင်ပျံ့နှံ့လာသည်။ ထိုအခိုက်တွင် အချိန်သည် နောက်ပြန်လည်သွားပုံရသည်။
မျိုးနွယ်တွင်း၌ ချီယန်မွေးဖွားလာချိန်မှစ၍ မျိုးနွယ်ဝင်များ၏ စွန့်ပစ်ခံရပြီး ယဲ့ဖန် ကယ်ခဲ့ သည့်အချိန်၊ သူ ကြီးပြင်းလာပြီး ဟေးဟယ် စကြဝဠာတွင်း၌ တိုက်ခိုက်နေချိန်အထိ အချိန် စွမ်းအင်က လျင်မြန်စွာ ရွေ့လျားနေသည်။
အချိန်ဥပဒေသအောက်၌ ယဲ့ဖန်၏ နက်မှောင်သော ဆံပင်များသည် စတင်၍ မီးခိုးရောင်သမ်းလာသည်။ တစ်နှစ်၊ ဆယ်နှစ်၊ နှစ်တစ်ရာ၊ နှစ်တစ်ထောင်။ ယဲ့ဖန်သည် အချိန်စွမ်းအင်၏ ဖျက်ဆီးမှုအား တစ်နှစ်ပြီးတစ်နှစ် ကြုံတွေ့နေပုံရသည်။ မျက်တောင်တစ်ခတ် အတွင်းမှာပင် သူ၏ဆံပင် တစ်ဝက်ခန့်က မီးခိုးရောင် ပြောင်းလာသည်။ နောက်ဆုံးတွင် ယဲ့ဖန်၏ ဆံပင်များ ဖြူဖွေးသွား သည့်အခါမှသာ မျက်လုံး ပြန်ဖွင့်လေသည်။
“ထွက်လာစမ်း”
မိုးခြိမ်းသံကဲ့သို့သော အသံထွက်ပေါ်လာပြီးနောက် ထိုစကားအဆုံး၌ အလွန် ထူးခြားသော စွမ်းအင် တစ်ခု ရှိနေသကဲ့သို့ မျိုးနွယ်တစ်ခု လုံးသာမက ချီယန် သွားလာခဲ့သော နေရာတိုင်းမှ အငွေ့ အသက်များ စုစည်းလာသည်။
ဟေးဟယ် စကြဝဠာ၏ အောက်ခြေတစ်နေရာ၌၊ ထိုစဉ်အခါက ချီယန်နတ်ဆိုးဘုရင်သည် ကိုယ့်ကိုယ် ကိုယ် ဖောက်ခွဲခြင်း ပညာကို သုံးခဲ့သဖြင့် သူ၏ အသားနှင့် သွေးစက်များက ထာဝရ စိမ့်ဝင် သွားခဲ့သည်။
ယခုအခါတွင်မူ ချီယန်၏ အငွေ့အသက်များသည် လေထဲ၊ နုန်းထဲ၊ ကြောက်စရာကောင်းသော ငါး၏ ဝမ်းဗိုက်ထဲမှသာမက သဲပွင့်များနှင့် ကျောက်တုံး ကျောက်ဆောင်များမှနေ၍ စတင်၍ စုဝေးဖွဲ့စည်း လာသည်။
နတ်ဆိုးစိတ်ဝိညာဉ်၏ အငွေ့အသက်များ စုဝေး လာပြီး မိုးကောင်းကင်ထက်၌ ရစ်ဝဲနေသည်။
ဝုန်း!
ဟေးဟယ် စကြဝဠာတစ်ခုလုံး ပွက်ပွက်ဆူ လာသည်။ ရေလှိုင်းသံများ ထွက်ပေါ်လာပြီး လှိုင်းတံ ပိုးများ ထန်လာလေ၏။
အထဲတစ်နေရာမှ ကြောက်စရာကောင်းသော သားရဲ တစ်ကောင် နိုးထလာလေသလားဟု ထင်မှတ် မှားရသည်။ ဤအခြင်းအရာကြောင့် ဟေးဟယ် စကြဝဠာပတ်လည်ရှိ မျိုးနွယ်စုမှလူများအားလုံး ထိတ်လန့် သွားကြသည်။
မျိုးနွယ်စုတစ်ခု၏ သိုင်းပညာရှင်များ ဟေးဟယ် မြစ်ထံသို့ အပြေးလာကြသည်။ အားလုံး ကြည့်နေ စဉ်မှာပင် ဟေးဟယ်မြစ်ထဲမှ ရေများသည် မှောက်ခုံ ဖြစ်တော့မည်ကို မြင်ပြီး အားလုံး အကြီးအကျယ် မျက်နှာပျက်သွားသည်။
ဘာဖြစ်နေသလဲဆိုတာကို မည်သူမျှ မသိကြချေ။ ဘေးပတ်မှ မျိုးနွယ်စုများသာမက ချီယန် မျိုးနွယ်စု ပါ ပို၍ သွေးပျက်နေသည်။
မျိုးနွယ်စုဝင်များသည် ရင်ပြင်၌ စုဝေးလာပြီးနောက် ချီယန်နတ်ဆိုးဘုရင် ရုပ်တုရှေ့၌ ထိုင်နေသော ယဲ့ဖန်ကိုကြည့်ပြီး အားလုံး ကိုယ့်မျက်လုံးကိုယ် မယုံနိုင်လောက်အောင် ဖြစ်သွားကြသည်။
*ဆံပင်တွေ ဖြူသွားပါလား*
မျက်တောင်တစ်ခတ်အတွင်းမှာပင် ယဲ့ဖန်၏ ဆံပင် များက အဖြူရောင်သို့ ပြောင်းလဲသွားသည်။ သူ၏ အသားအရေသည်လည်း အချိန်စွမ်းအင်အောက်၌ လျင်မြန်စွာ အိုမင်းရင့်ရော်လာပုံရကာ အသားအရေ ရှုံ့တွလာသည်။
ထိုသည်သာမကသေးချေ၊ အဘိုးအိုသည် သူ၏ အသားအရေကို အရေးမစိုက်ချေ၌ သူ၏ အရေ ပြားက တဖြည်းဖြည်း ပြန်ပြေလျော့လာပြီး အား မာန်အပြည့် ဖြစ်လာသည်။
အဘိုးအိုအရွယ်မှနေ၍ သန်မာသော လူလတ်ပိုင်း အရွယ်၊ လူလတ်ပိုင်းအရွယ်မှနေ၍ လူငယ်အရွယ်၊ ထိုလူငယ်အရွယ်မှနေ၍ ကလေးအရွယ်သို့ ပြောင်းလဲနေ၏။
“မြတ်စွာဘုရား၊ ဒါ ... ဒါ အချိန်ဥပဒေသပဲ”
ချီယန်မျိုးနွယ်စုမှ အဘိုးအိုသာမက လူတိုင်း မျက်နှာ ပျက်ယွင်းသွားကြသည်။ အချိန်ဥပဒေသ တစ်ခု တည်း၏ လက်အောက်၌သာလျင် လူတစ် ယောက်က ကလေးအရွယ်မှ ကြီးရင့်သော လူတစ် ယောက်အဖြစ်သို့ ပြောင်းလဲနိုင်ကြောင်း သူတို့ သိရှိထားသည်။
အားလုံး ထိတ်လန့်တကြား ဖြစ်သွားကြသည်။ သူတို့၏ မျက်စိအောက်မှာပင် ယဲ့ဖန်သည် ကလေး အရွယ်မှ အဘိုးအိုအရွယ်၊ အဘိုးအိုအရွယ်မှ ကလေးအရွယ်သို့ ထပ်ခါထပ်ခါ ပြောင်းလဲနေသည်။
အတောမသတ်နိုင်သော အချိန်စွမ်းအင်က သူ့ထံသို့ ပျံ့နှံ့ဝင်ရောက်နေသည်ဟု ထင်မှတ်ရပြီး ယဲ့ဖန်၏ စိတ်ဝိညာဉ်သည်လည်း ထူးခြားဆန်းကြယ်သော နယ်မြေတစ်ခုသို့ ရောက်ရှိနေသည်။
သူသည် အရာအားလုံးကို မြင်တွေ့နေပုံရသည်။ ဟေးဟယ်၌ ချီယန် မွေးဖွားလာပုံ၊ သူ စွန့်ပစ်ခံ ရပုံမှစ၍ အနက်ရောင်မြစ်ထဲသို့ စွန့်ပစ်ခံ ရသည်အထိ မြင်တွေ့နေရသည်။
အချိန်ကာလယန္တရားက ယဲ့ဖန်ရှေ့၌ ထင်ဟပ် ဖြစ်ပေါ်နေ၏။
“ဒီအချိန်များလား”
ယဲ့ဖန် ထိတ်လန့်သွားသည်၊ သူသည် အချိန်၏ စစ်မှန်ခြင်းနှင့် မစစ်မှန်ခြင်းတို့၏ ထောင့် တစ်နေရာကို ဆုပ်ကိုင်မိသွားပုံရသည်။
“ချီယန် ပြန်လာတော့”
ယဲ့ဖန်သည် အချိန်ကာလ ယန္တရားကို မျက်နှာမူရင်း ဟစ်ကြွေးလိုက်သည်။ ထိုအခါ အချိန်ကာလ ယန္တရားတွင်းမှနေ၍ ခပ်ဖျော့ဖျော့ ကြယ်ရောင်တစ်စင်း ပျံသန်းလာသည်။ ထိုအရာ သည် အချိန်အတော်ကြာ လွင့်မျောနေသော ချီယန် နတ်ဆိုးဘုရင်၏ အကြွင်းအကျန် စိတ်ဝိညာဉ် အလင်းတန်း ဖြစ်လေသည်။
ထိုအခိုက်တွင် စိတ်ဝိညာဉ် အလင်းတန်းသည် ကောင်းကင်ထက်သို့ ပျံတက်သွားသည်။ ကောင်းကင်ထက်၌ ကြီးမားသော နတ်ဆိုး စိတ်ဝိညာဉ် အရိပ်တစ်ခု ဖွဲ့စည်းလာ၏။
“အခုပဲ”
ယဲ့ဖန်သည် မျက်လုံး ပြန်ဖွင့်၍ လက်ဝါးကို ဝှေ့ယမ်းလိုက်သည်။ ရုတ်တရက် အနီရောင်နှင့် အဖြူရောင် ရောစပ်နေသော အငွေ့တစ်ခုက ကောင်းကင်ထက်ရှိ အရိပ်ထံသို့ ပြေးဝင်သွားသည်။ ထိုအရာသည် ရေခဲမီး၏ မူလချီစွမ်းအင် ဖြစ်လေသည်။
ရွှစ်! ရွှစ်! ရွှစ်!
မျက်တောင်တစ်ခတ်အတွင်းမှာပင် ကောင်းကင် ထက်ရှိ အရိပ်နှင့် ရေခဲမီး၏ မူလချီစွမ်းအင်တို့ ပေါင်းစပ်သွားပြီး ထိတ်လန့်ဖွယ် အရိပ်က တဖြည်း ဖြည်း အစစ်အမှန် ဖြစ်လာပြီး ရုပ်လုံးပေါ်စ ပြုလာ သည်။
“မလုံလောက်သေးဘူး”
ယဲ့ဖန်၏ မျက်လုံးများက ရူးသွပ်သလို ဖြစ်နေသည်။ ချီယန်ကို ပြန်အသက်သွင်းခြင်းက သူ ခန့်မှန်းထား သည်ထက် ပို၍ခက်ခဲနေ၏။
ထိုအခိုက်တွင် သူသည် လက်ကို ထပ်၍ လှုပ်ခါ လိုက်သည်၊ ထိုအခါ ချီယန်၏ ကျန်ရှိနေသော အရိုး အပိုင်းအစများက ကောင်းကင်ထံသို့ ပျံတက် သွားပြီး အရိပ်နှင့် ချက်ချင်း ပေါင်းစပ်သွားသည်။ ထို့နောက် သူသည် ရွှေအိုရောင် ဓားကျိုးကို ထုတ်၍ သူ့လက်မောင်းကို ခုတ်ပိုင်းလိုက်သည်။
ယဲ့ဖန်၏ ခန္ဓာကိုယ်မှ အသားစများနှင့် သွေးများ ပြတ်ထွက်လာသည်။ အသားစတစ်ခုချင်းစီ၌ နတ်ဆိုးစွမ်းအင်များ စီးဆင်းလည်ပတ်နေပြီး ထိုစွမ်းအင်များက ကောင်းကင်ထက်သို့ ထိုးတက် သွားပြီး အရိပ်နှင့် ပေါင်းစပ်သွားသည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် ယဲ့ဖန်၌ လက်မောင်း တစ်ဖက်သာ ကျန်ရစ်တော့ပြီး အလွန် ကြက်သီး ထဖွယ် ကောင်းနေသည်။ သို့သော် သူ၏ ရူးသွပ်မှုက အဆုံးမသတ်သေးချေ။
သူသည် မရပ်တန့်ဘဲ သူ့ခြေထောက်များမှ အသားစ များကို ရသလောက် ဖြတ်တောက်ကာ ကောင်းကင် ထက်ရှိ အရိပ်အား စုပ်ယူစေသည်။
“ရေခဲကို စိတ်ဝိညာဉ်အဖြစ် ယူဆောင်ပြီး မီးကို အရိုးအဖြစ် ယူလိုက်၊ ငါ့သွေးကို ယူပြီး အသား အဖြစ် ဖွဲ့စည်းလိုက်”
“ချီယန် အခုချိန်မှ မင်းကို ပြန်အသက်မသွင်းနိုင်ရင် ငါ ဘယ်အချိန်ထိ စောင့်ရမလဲ”
ထိုသို့ပြောပြီးနောက် ရုတ်တရက် ယဲ့ဖန်က ချီယန် နတ်ဆိုးဘုရင်ရုပ်တုကို လက်ညှိုးထိုးလိုက်သည်။
ဂျွတ်! ဂျွတ်!
ရုတ်တရက် ဧရာမရုပ်တုတစ်ခုလုံး အက်ရာထင် လာပြီးနောက် အက်ကွဲပျက်စီးသွားလေတော့သည်။ ဤမြင်ကွင်းက ချီယန် မျိုးနွယ်စုဝင်တိုင်းကို ဒေါပွသွားစေ၏။
တစ်စုံတစ်ယောက်က သူတို့မျက်စိရှေ့မှောက်၌ ချီယန် နတ်ဆိုးဘုရင်၏ ရုပ်တုကို ဖျက်ဆီး လိုက်မည်ဟု သူတို့ ထင်မထားမိချေ။ ဤသည်က အလွန် မုန်းတီးဖွယ် ကောင်းလှသည်။
သို့သော် ယဲ့ဖန်ကတော့ အရေးမလုပ်ချေ။ အဘယ် ကြောင့်ဆိုသော် သူ ရုပ်တုကို ဖျက်ဆီးလိုက်သည့် အခိုက်မှာပင် ရုပ်တုထဲမှ နှစ်ပေါင်းများစွာ ကိန်းအောင်း နေသော ယုံကြည်မှုစွမ်းအင်များက ကောင်းကင် ထက်သို့ ထိုးတက်သွားသည်ကို သူ မြင်လိုက်ရသောကြောင့်ပင်။
ဤသည်ကြောင့် ကောင်းကင်ထက်မှ အရိပ်က ပို၍ ပုံပေါ်လာပြီး ပိုမို၍ ထိတ်လန့်ဖွယ် ကောင်းလာ သည်။ ယဲ့ဖန်သည် ကောင်းကင်ထက်မှ နတ်ဆိုး စိတ်ဝိညာဉ်ကို စိုက်ကြည့်ရင်း ရင်တဒိန်းဒိန်းခုန်ကာ စိတ်လှုပ်ရှားနေ လေတော့သည်။
Chapter 605 ချီယန် အသက်ပြန်ရှင်လာပြီ
“သိပ်မကြာတော့ဘူးပဲ”
ယဲ့ဖန် ကောင်းကင်ယံသို့ စူးစိုက်ကြည့်နေမိသည်။ ကောင်းကင်ထက်မှ အရိပ်သည် ပို၍စစ်မှန်လာပြီး အငွေ့အသက်က ပို၍ ရင်းနှီးကျွမ်းဝင်လာသဖြင့် သူ အောင်မြင်တော့မည်ကို သိနေသည်။ ယခုအချိန်၌ သူ စိတ်မလှုပ်ရှားဘဲ မနေနိုင်တော့ချေ။
သို့သော် ဘေးပတ်လည်မှ ချီယန် မျိုးနွယ်စု ဝင်များသည် အင်မော်တယ် ဧကရာဇ် အဆင့်များ သာ ဖြစ်ကြသည်။ သူတို့၏ သိုင်းအဆင့် က နိမ့်ကျလွန်းသဖြင့် ကောင်းကင်ထက်မှ အရိပ်ကို လုံးဝ မမြင်ရချေ။
သူတို့စိတ်ထဲတွင် ယဲ့ဖန်သည် အရူးတစ်ယောက်သာ ဖြစ်သည်။ သူသည် မည်သည့်နေရာကမှန်း မသိဘဲ ချီယန်မျိုးနွယ်စုထံသို့ ရောက်လာခဲ့သည်။ သူ့၌ လေးစားကြည်ညိုမှု အလျင်းမရှိချေ။
သူသည် ရုပ်တုရှေ့၌ ထိုင်ချ၍ ထူးဆန်းသော အချိန် စွမ်းအင်ကို လည်ပတ်စေပြီး ဆံပင်ဖြူသွားခဲ့သည်။ ထို့နောက် သူသည် ထူးဆန်းစွာပင် သူ၏အသားကို ခုတ်ချလိုက်ပြီး နောက်ဆုံးတွင် မျိုးနွယ်ဝင်များ၏ ရှေ့၌ ချီယန် နတ်ဆိုးဘုရင်၏ ရုပ်တုကို ဖျက်ဆီးခဲ့သည်။
ဤသည်က ချီယန်မျိုးနွယ်စုဝင်အားလုံးကို ဒေါသူ ပုန်ထ သွားစေသည်။
“မျိုးနွယ်စု ခေါင်းဆောင်၊ ဒီအရူးကို သတ်လိုက်ပါ၊ သူက ကျုပ်တို့ရဲ့ နတ်ဘုရား ချီယန်ကို ဖျက်ဆီး ခဲ့ပါတယ်”
“ဟုတ်တယ်၊ သူကို့သတ်ရမယ်၊ သူကများ ကျုပ်တို့ ချီယန် နတ်ဆိုးဘုရင်ကို မလေးမစား ပြုရဲတယ်၊ မလောက်လေး မလောက်စားကောင်”
“ချီယန် နတ်ဆိုးဘုရင်ရဲ့ ရုပ်တုကို ဖျက်ဆီးရဲမှတော့ ဒီအရူးက ကိုယ့်သေတွင်း ကိုယ်တူးနေတာပဲ”
“….”
ယခုအချိန်၌ ဘေးပတ်လည်မှ ချီယန်မျိုးနွယ်စုဝင် အားလုံးသည် မခံမရပ်နိုင်ဖြစ်ကာ ဒေါသတကြီးနှင့် ယဲ့ဖန်အား အေးတိအေးစက် ကြည့်နေကြသည်။
ယဲ့ဖန်အား ဓားပေါင်းများစွာသော ဓားများဖြင့် အကြိမ်ပေါင်းများစွာ ခုတ်ပိုင်းပစ်ချင်နေပုံရသည်။ မျိုးနွယ်စုခေါင်းဆောင် ဖြစ်သော အဘိုးအို သည်လည်း ထပ်တူညီစွာ ဒေါသထွက်၍ သတ်ဖြတ် ချင်နေ၏။
“ကောင်လေး မင်း ဘယ်ကလာတာလဲ၊ ဘာလို့ ငါတို့ မျိုးနွယ်စုရဲ့ ရုပ်တုကို ဖျက်ဆီးရတာလဲ”
ထိုစဉ် အဘိုးအိုက ယဲ့ဖန်အား အော်ဟစ် ကြိမ်းမောင်း လိုက်သည်။ ယခုအချိန်၌ သူ့ဘေး ပတ်လည်မှ လူများက ယဲ့ဖန်ကို စူးစိုက်ကြည့် နေကြသည်။
သို့သော် ယဲ့ဖန်ကမူ မကြားသယောင် ပြုမူနေသည်။ သူသည် တစ်စုံတစ်ခုကို စောင့်မျှော်နေဟန်ဖြင့် ကောင်းကင်ယံသို့သာ မမှိတ်မသုန် စိုက်ကြည့် နေ၏။
“ချီးတဲ့မှပဲ”
ယဲ့ဖန်က သူတို့၏ မျိုးနွယ်စု ခေါင်းဆောင် ကိုတောင်မှ လျစ်လျူရှုနေသည်ကိုမြင်ပြီး ဘေးပတ် လည်မှ ချီယန်မျိုးနွယ်စုဝင်များ ပို၍ဒေါသူပုန် ထလာကြသည်။
ချွင်!
အားလုံးက ဓားများကို ဆွဲထုတ်၍ ယဲ့ဖန်ထံသို့ ပြေးဝင်ကာ ခုတ်ပိုင်းရန် ကြံစည်နေကြသည်။ မျိုးနွယ်စု ခေါင်းဆောင်သာ စကားတစ်ခွန်း ဟ လိုက်သည်နှင့် သူတို့သည် ချီယန် နတ်ဆိုးဘုရင်၏ ရုပ်တုကို ဖျက်ဆီးပစ်ခဲ့သော ထိုသူကို နုတ်နုတ်စင်း ပစ်မည် ဖြစ်သည်။
ဤသည်ကိုကြည့်ပြီး ချီယန် မျိုးနွယ်စု ခေါင်းဆောင်၏ မျက်နှာထားက ပို၍သုန်မှုန် လာသည်။ စူးရှသော မျက်လုံးများက ယဲ့ဖန်အား သတ်ဖြတ်လိုသော အငွေ့အသက်များဖြင့် စူးစိုက်ကြည့် နေကြသည်။
“ကောင်လေး ငါ မင်းကို နောက်ဆုံးတစ်ကြိမ် ထပ်မေးမယ်၊ မင်း ဘာလို့ ငါတို့မျိုးနွယ်စု ရုပ်တုကို ဖျက်ဆီးရတာလဲ”
ကြိမ်းမောင်းသံက ချက်ချင်း ပဲ့တင်ထပ်သွားသည်။ ထိုအခါမှ ယဲ့ဖန်၏ မျက်လုံးများက ကောင်းကင်သို့ မော့ကြည့်နေရာမှ အကြည့်လွှဲလာသည်။
သူသည် ဓားတပြင်ပြင်နှင့် ဖြစ်နေသော ချီယန် မျိုးနွယ်စု ဝင်များကို တစ်ချက်ကြည့်၍ မျိုးနွယ်စု ခေါင်းဆောင်အား ဂရုမစိုက်ဟန်ဖြင့် ပြောလိုက် သည်။
“ခဏနေရင် မင်းတို့ သိလိမ့်မယ်”
*ဘာ*
အားလုံးက ယဲ့ဖန်အား ပို၍ ဒေါသူပုန်ထနေသည့် အကြည့်များဖြင့် ဝိုင်းကြည့်လာသည်။
*ရုပ်တုကို ဖျက်ဆီးရတဲ့ သင့်တော်တဲ့ အကြောင်း ပြချက် မပေးနိုင်ဘဲနဲ့ ခဏနေရင် သိလိမ့်မယ်လို့ ပြောတယ်ပေါ့လေ*
ဤသည်က ချီယန်မျိုးနွယ်စုဝင်များအားလုံးကို အမျက် တခြောင်းခြောင်း ဖြစ်သွားစေသည်။
“ကောင်းပြီလေ၊ မင်းလည်း ခဏနေရင် သိရမှာပေါ့”
ချီယန်မျိုးနွယ်စုခေါင်းဆောင်၏ မျက်နှာထားက တင်းမာနေသည်။
“ဒီလိုဆိုမှတော့ မင်းရဲ့အသက်ကိုသုံးပြီး အရှင်ချီယန် အတွက် လျော်ကြေးပြန်ပေးရမှာပေါ့”
ထိုသို့ပြောပြီး ချီယန် မျိုးနွယ်စုခေါင်းဆောင်က လက်ကိုလှုပ်၍ အချက်ပေးလိုက်သည်။
“သွား … သူ့ကိုသတ် …”
ထိုစကားအဆုံး၌ အနီးအနားက ချီယန်မျိုးနွယ်စုဝင် တစ်ယောက်က ယဲ့ဖန်ကို သတ်ဖြတ်ရန် လှစ်ခနဲ ပြေးတက်သွားပြီး ဓားကိုဝင့်၍ ခုတ်ပိုင်းလေသည်။
“သေစမ်း”
ချီယန်မျိုးနွယ်စုများအားလုံး ဒေါသတကြီး ကြည့်နေ ကြသည်။ ယဲ့ဖန် နုတ်နုတ်စင်း ခံရတော့မည့် အဖြစ်ကို သူတို့ ကြိုမြင်ယောင်နေပုံရသည်။
အံ့ဩစရာကောင်းသည်က ယဲ့ဖန်သည် ငုံ့လည်းမငုံ့၊ ရှောင်လည်းမရှောင်တိမ်းသလို ပုန်းလည်းမပုန်းချေ။ သူသည် အားလုံး၏ တိုက်ခိုက်မှုကို မသိကျိုးကျွန် ပြုထားလေ၏။
“သေချင်နေတာပဲ”
ချီယန်မျိုးနွယ်စုခေါင်းဆောင်က လှောင်ပြုံးပြုံး၍ ယဲ့ဖန်အား အရူးတစ်ယောက်ကို ကြည့်သကဲ့သို့ ကြည့်နေလေသည်။
ထိုအခိုက်တွင် ဓားချက်များက ယဲ့ဖန်၏ ခန္ဓာကိုယ်သို့ ထိုးစိုက်သွားပြီး တစ်ချက်မှ မလွဲ သွားပေ။ သို့သော် အားလုံး ထင်ထားသည်နှင့် လွဲချော်စွာပင် မည်သည့်သွေးများ ပန်းထွက် မလာပေ။
ဒေါင်!
သံသံချင်း ပွတ်တိုက်မိသံ ထွက်ပေါ်လာပြီး ယဲ့ဖန်၏ ကိုယ်မှ မီးပွားများ လွင့်စင်ထွက်လာသည်။ ချီယန် မျိုးနွယ်စုဝင်များ၏ ဓားချက်များက ယဲ့ဖန်၏ ခန္ဓာကိုယ်ကို ထိုးဖောက်ရန် ခက်ခဲနေ၏။
*ဘယ်လိုလုပ်*
ချီယန် မျိုးနွယ်စုခေါင်းဆောင်၏ အပြုံးက အေးခဲ သွားသည်။ မျိုးနွယ်စုဝင်များ၏ မျက်လုံးများက ကြက်သေ သေသွားလေသည်။ အားလုံးသည် သရဲသဘက်ကို မြင်လိုက်ရသကဲ့သို့ ကိုယ့်မျက်လုံး ကိုယ် မယုံနိုင် ဖြစ်နေကြသည်။ သို့သော် ထိုမျှနှင့် မပြီးသေးချေ။
ဂျွတ်!
အက်ကွဲသံ ထွက်ပေါ်လာပြီးနောက် အားလုံး၏ ထိတ်လန့်နေသော အကြည့်အောက်၌ ဓားတစ် လက်၌ အက်ရာများ ထင်လာပြီး တစ်စစီ ကျိုးပဲ့ သွားလေတော့သည်။
ဤသည်မှာ အစပင် ရှိသေးလေသည်။ ဒါဇင်နှင့် ချီသော ဓားများသည်လည်း ထိုနည်းတူပင် အက်ရာ ထင်၍ တစ်စစီ ဖြစ်သွားကြသည်။ ဤသည်က ချီယန် မျိုးနွယ်စုဝင်တိုင်းကို လိပ်ပြာ လွင့်မတတ် ကြောက်လန့် သွားစေသည်။
သူတို့သည် ဓားရိုးကိုကိုင်ထားလျက်နှင့် နားဝေ တိမ်တောင် ဖြစ်ကာ မယုံကြည်နိုင် ဖြစ်နေကြသည်။
“ခေါင်းဆောင်”
ချီယန် မျိုးနွယ်စုခေါင်းဆောင် ဖြူဖပ်ဖြူရော် ဖြစ်သွားသည်။ ဘာမှပင် မလုပ်လိုက်ရဘဲ ဒါဇင်နှင့် ချီသော ဓားများကို တစ်စစီဖြစ်အောင် လုပ်နိုင်သည့် ထိုလူငယ်လေး၏ ခွန်အားက ကြောက်မက်ဖွယ် ကောင်းလှသည်။
ထိုသို့တွေးတောမိပြီးနောက် ချီယန်မျိုးနွယ်စု ခေါင်းဆောင်သည် ချက်ချင်း မျက်နှာပျက်သွားပြီး ရှေ့သို့လှမ်း၍ ယဲ့ဖန်အား ကိုယ်တိုင် တိုက်ခိုက်ရန် ပြင်လိုက်သည်။
ဝုန်း!
ထိုစဉ် ကောင်းကင်ယံမှ မိုးခြိမ်းသံ ထွက်ပေါ် လာသဖြင့် အားလုံး ထိတ်လန့်သွားကြသည်။ လူတိုင်း ကပျာကယာ မော့ကြည့်လိုက်သောအခါ ထိတ်လန့်ဖွယ် အရိပ်တစ်ခု ဖွဲ့စည်းဖြစ်ပေါ် နေသည်ကို မျက်ဝါးထင်ထင် မြင်လိုက်ကြရသည်။
ထိုထိတ်လန့်ဖွယ် အရိပ်မှ ရေခဲနှင့် မီးတို့ သဟဇာတ ဖြစ်ကာ ပေါင်းစပ်သွားသည်။ မြေကြီးပေါ်ရှိ ချီယန် မျိုးနွယ်စုဝင်တိုင်းသည် ထိုပြင်းထန်သော အရှိန်အဝါ အောက်၌ ပုရွက်ဆိတ်ကဲ့သို့ သေးနုပ် သွားသလို ခံစားမိသည်။ အားလုံး ခြေထောက်များ ပျော့ခွေလာပြီး မြေကြီးပေါ် ဒူးထောက်ကျ သွားသည်။
“ဒါ … ဒါ ဘာကြီးလဲ”
ချီယန် မျိုးနွယ်စုခေါင်းဆောင် တစ်ကိုယ်လုံး တုန်ယင် သွားသည်။ ထိုအရိပ်အောက်၌ သူတောင်မှ အားနည်းသလို ခံစားမိသည်။ ထိုအရိပ်က တစ်ချက် လှုပ်ရှားလိုက်သည်နှင့် သူ အမှုန့်ဖြစ်ကာ ပျောက်ကွယ် သွားလောက်သည်ဟု ထင်မှတ်မှား ရသည်။
“ဟိုကိုကြည့်စမ်း၊ အဲ့နတ်ဆိုးအရိပ်က ထပ်ပြီး လူကြီး တစ်ယောက်ပုံ ပြောင်းနေပြီ”
ချီယန် မျိုးနွယ်စုတစ်ခုလုံး ပွက်လောရိုက်သွား သည်။ ချီယန် မျိုးနွယ်စုဝင်တိုင်း ထိတ်လန့် သွေးပျက်ကာ ကြက်သီးမွေးညင်း ထလာကြသည်။
အားလုံး၏ ထိတ်လန့်နေသော အကြည့်အောက်၌ ကောင်းကင်ထက်ရှိ နတ်ဆိုးအရိပ်၏ ဖွဲ့စည်းမှုက မြန်သထက် မြန်လာသည်။ နောက်ဆုံးတွင် အရပ် ရှည်သော အနက်ရောင်ပုံရိပ်တစ်ခု ဖြစ်ပေါ်လာပြီး ကောင်းကင်ထက်မှ ဆင်းသက်လာသည်။
ဒုန်း!
ထိုပုံရိပ်သည် မြေကြီးပေါ် ရောက်လာသည်နှင့် မြေပြင်တစ်ခုလုံး တုန်ခါသွားကာ ဘေးပတ်လည်၌ အက်ကွဲ၍ ချိုင့်နက်တစ်ခု ဖြစ်ပေါ်လာသည်။
ထိုချိုင့်နက်ထဲမှ ထွက်လာသော ပုံရိပ်ကို မြင်ပြီး နောက် အားလုံး မျက်လုံးပြူးသွားသည်။
“သူ … သူက ချီယန် နတ်ဆိုးဘုရင်လား”
ချက်ချင်းဆိုသလိုပင် ချီယန် မျိုးနွယ်စုဝင်များ အားလုံး သရဲသဘက်ကို တွေ့လိုက်ရသကဲ့သို့ မယုံသင်္ကာ ဖြစ်သွားကြသည်။ အဘယ်ကြောင့် ဆိုသော် မျက်စိရှေ့မှ ပုံရိပ်သည် ချီယန် နတ်ဆိုးဘုရင် ရုပ်တုနှင့် တထေရာတည်း တူညီနေ သောကြောင့်ပင်။ ထိုပုံရိပ်ကိုမြင်ပြီး အားလုံး ဝမ်းသာအားရ ဖြစ်သွားကြသည်။
“ချီယန် နတ်ဆိုးဘုရင်၊ မြတ်စွာဘုရား … ချီယန် နတ်ဆိုးဘုရင် အသက်ပြန်ရှင်လာပြီပဲ”
ချက်ချင်းဆိုသလိုပင် ချီယန် မျိုးနွယ်စုဝင် များအားလုံး အလွန်အမင်း ဝမ်းသာပျော်ရွှင် သွားသည်။ ထိုအခိုက်တွင် အားလုံးက ချီယန် နတ်ဆိုးဘုရင်ကို ဒူးထောက် အရိုအသေ ပေးချင် နေကြသည်။
ထိုစဉ် အားလုံး အရိပ်တစ်ခုက လှစ်ခနဲ ဖြတ်ပြေး သွားသည်ကို မြင်လိုက်ရသည်။ ထို့နောက် ချီယန် နတ်ဆိုးဘုရင်က ယဲ့ဖန်ထံသို့ လျှပ်စီးသဖွယ် ပြေးဝင်သွားသည်ကို အားလုံး တွေ့လိုက်ကြသည်။
ချီယန် နတ်ဆိုးဘုရင်သည် မျက်ရည် တတွင်တွင် စီးကျ၍ ငိုကြွေးပြီး ဒူးတစ်ဖက်ထောက်ကာ ကြွေးကြော်လာ၏။
“ပြန်လည်ရှင်သန်လာတဲ့ ချီယန်က သခင်ကြီးကို ဂါဝရပြုပါတယ်”
Chapter 606 နတ်ဆိုးဧကရာဇ်နှင့် ပတ်သက်သော သတင်း
“ပြန်လည်ရှင်သန်လာတဲ့ ချီယန်က သခင်ကြီးကို ဂါဝရပြုပါတယ်”
အရပ်ရှည်သော လူတစ်ယောက်က မြေကြီးပေါ် ဒူးထောက်၍ မျက်ရည်လည်ရွဲဖြင့် ကြွေးကြော် လိုက်သောအခါ ချီယန်မျိုးနွယ်စုတစ်ခုလုံးမှ လူများ အားလုံး မှင်တက်သွားကြသည်။
*ချီ … ချီယန်နတ်ဆိုးဘုရင်ပါလား*
*လတ်စသက်တော့ ဒါက တကယ် ဖြစ်နေပါလား*
ချီယန်မျိုးနွယ်စု၏ မျိုးနွယ်စုခေါင်းဆောင်နှင့် ဘေးပတ်လည်မှ လူများအားလုံး ခြောက်ခြား သွားကြသည်။
သူတို့ နေ့ရောညပါ လေးစားကြည်ညိုခဲ့ရသော ပုဂ္ဂိုလ်၊ လွန်ခဲ့သော နှစ်ထောင်ပေါင်းများစွာက ဒဏ္ဍာရီလာပုဂ္ဂိုလ်သည် ယခုအချိန်၌ အသက်ပြန်ရှင် လာပြီး အားလုံးရှေ့၌ သက်ရှိထင်ရှား ပေါ်လာ သောကြောင့် လူတိုင်း အိပ်မက်မက်နေသကဲ့သို့ ခံစားမိသည်။
“သခင်ကြီးတဲ့လား၊ ချီယန် နတ်ဆိုးဘုရင်က ဒီဆံပင် အဖြူရောင်နဲ့ လူငယ်လေးကို သခင်ကြီးလို့ ခေါ်လိုက်တာလား”
“သူ … သူက နတ်ဆိုးဧကရာဇ်ပေါ့”
ဤသို့တွေးမိပြီးနောက် လူတိုင်း ကြက်သီး မွေးညင်း ထကာ တုန်ယင်လာကြသည်။
နတ်ဆိုးဧကရာဇ်။ မှန်ပေသည်။ ဤလောက၌ ဒဏ္ဍာရီလာ နတ်ဆိုးဧကရာဇ် တစ်ဦးတည်းသာလျင် ချီယန် နတ်ဆိုးဘုရင်ကို အသက်ပြန်သွင်းနိုင်ပေ၏။ ထိုသူတစ်ယောက်တည်းသာ ဤသို့ပြုလုပ်နိုင်ပေသည်။
ပြန်လည်မွေးဖွားလာသော နတ်ဆိုးဧကရာဇ်ကို တွေးမိပြီးနောက် ဤနေရာသို့ သူ ရောက်လာ ခဲ့စဉ်က သူတို့ သူ့အပေါ် မကောင်းသော တစ်စုံ တစ်ရာ ပြုလုပ်ချင်ခဲ့ကြသည်။ ချီယန် မျိုးနွယ်စုဝင် များအားလုံး ကြက်သီးထ၍ ထိတ်လန့်တကြားနှင့် ဒူးထောက်ဝပ်တွားလာသည်။
“နတ်ဆိုးဧကရာဇ်ကို အရိုအသေ ပေးပါတယ်”
ကြောက်ခမန်းလိလိ ဟစ်ကြွေးသံများက အဆုံးအစ မဲ့စွာ ထွက်ပေါ်လာသည်။ ချီယန်မျိုးနွယ်စု ဝင်တိုင်း မြေကြီးပေါ် ဒူးထောက်၍ ကတုန်ကယင် ဖြစ်နေ ကြသည်။
သို့သော် ယဲ့ဖန်က ဤအခြင်းအရာကို လုံးဝ အရေး မလုပ်ချေ။ သူသည် မျက်စိရှေ့မှ ချီယန် နတ်ဆိုး ဘုရင်ကိုသာ စိုက်ကြည့်၍ နွေးထွေးစွာ ပြုံးလိုက် သည်။
“မင်း ပြန်လာတာနဲ့တင် အဆင်ပြေပြီ”
ထိုရိုးစင်းသော စကားလေးတစ်ခွန်းက ရုတ်တရက် ချီယန် နတ်ဆိုးဘုရင်အား ဝမ်းနည်းသွားစေသည်။ ထိုစဉ်အခါက သူသည် ဟေးဟယ် စကြဝဠာထဲ၌ သေဆုံးခဲ့ရပြီး ပြန်လည် အသက်ရှင်လာလိမ့်မည်ဟု တစ်ခါမှ မတွေးခဲ့မိချေ။ ယခုအခါတွင် ဤပုဂ္ဂိုလ်က သူ့အား အသက်ပြန်သွင်းခဲ့လေပြီ။
“သခင်ကြီး၊ သခင်ကြီးရဲ့ ဆံပင် …”
ချီယန် နတ်ဆိုးဘုရင်က ယဲ့ဖန်၏ဆံပင်ကို သတိ ထားမိသွားသည်။ ထိုဆံပင်သည် သူ့အား အသက် ပြန်သွင်းရန် အတွက်အချိန်ဥပဒေသကို ဖျက်ဆီးခဲ့ ခြင်းကြောင့် ဖြစ်လာရခြင်း ဖြစ်ကြောင်း သူ သတိထားမိသည်။
“ဘာမှမဖြစ်ပါဘူး”
ယဲ့ဖန်က ခပ်ဖွဖွပြုံး၍ ချီယန်ကို ထူလိုက်သည်။
“သွားကြစို့၊ မင်းကို အိမ်ပြန်ခေါ်သွားမယ်”
“ဟုတ်ကဲ့ပါ သခင်ကြီး”
ချီယန် နတ်ဆိုးဘုရင်သည် ကတုန်ကယင် ဖြစ်နေပြီး သူ့မျက်ဝန်းမှ ဝမ်းသာပီတိဖြစ်နေဟန်ကား ဖုံးဖိ မရချေ။
….
သုံးရက်ကြာပြီးနောက်၊ ကမ္ဘာဂြိုဟ်နှင့် ခပ်ဝေးဝေး တစ်နေရာ၌ ကမ္ဘာခြား စစ်သင်္ဘောတစ်စီးက အဝေးသို့ လျင်မြန်စွာ မောင်းနှင်နေသည်။ ထိုစစ် သင်္ဘောပေါ်၌ မကျေမချမ်းဖြစ်နေသော ကမ္ဘာသား သိုင်းပညာရှင်များစွာ ရှိနေကြသည်။
“အစ်ကိုနှစ် ဧကရီလင်းလန်လည်း သည်းမခံနိုင် လောက်အောင် ဖိနှိပ်ညှင်းဆဲတာပဲ၊ ကျွန်တော် တို့ထဲက လူနည်းနည်းလောက်က အမှားသေး သေးလေး လုပ်မိတာကို၊ ကျွန်တော်တို့အားလုံးကို ကမ္ဘာမြေပေါ်ကနေ နှင်ထုတ်ပစ်တယ်။ ဒီပြစ်ဒဏ်က ပြင်းထန်လွန်းတယ်”
“ဟုတ်တယ်၊ ဧကရီလင်းလန်က ကျုပ်တို့ အစ်ကိုသုံး ရဲ့ ညအဖွဲ့တုန်းက အောင်မြင်မှုကို မေ့သွားတာလား၊ အဲ့အချိန်တုန်းက ကျုပ်တို့ အစ်ကိုသုံးက သခင်ကြီးနဲ့ ဧကရီအတွက် အတူတူ သေအတူ ရှင်မကွဲ နေခဲ့ တာလေ၊ အခုတော့ …”
“အစတုန်းက အစ်ကိုသုံးက သခင်ကြီးဆီက အမိန့် အတွက်နဲ့ ကျန်းပေကို ကျော်ဖြတ်ပြီးတော့ အန္တရာယ်ကြားထဲမှာ အသတ်ခံခဲ့ရတယ်၊ နောက် တော့ သူက အပတ်တကုတ် ကြိုးစားခဲ့ပင်မယ့် အခု ငါတို့ကို အဝေးကို နှင်ထုတ်ချင်နေတယ်”
“…”
ထိုသို့သောအချိန်၌ စစ်သင်္ဘောပေါ်မှ သိုင်းပညာရှင် များစွာတို့သည် စကားပြောဆိုကြရင်း မကျေမချမ်း ဖြစ်နေကြသည်။ စကားတစ်ခွန်းမှ ဝင်မပြောသူ ဟူ၍ လူတစ်ယောက်တည်းသာ ရှိသည်။ ထိုသူသည် ထိပ်ပြောင်နေသော သူ တစ်ယောက်ဖြစ်ပြီး ညအဖွဲ့ဝင် တစ်ယောက်လည်း ဖြစ်သည့် ထိပ်ပြောင် အားဆန်ပင်။
ညီအစ်ကိုတို့၏ အကျယ်တဝင့် ပြောဆို နေသည်များကို နားထောင်ပြီးနောက် ထိပ်ပြောင် အားဆန်၏ မျက်လုံးများက လင်းလက်သွားသည်။
“ညီအစ်ကိုတို့၊ ငါတို့ နတ်ဆိုးဧကရာဇ် ပြန်လည် မွေးဖွားလာတဲ့အကြောင်းကို မိုနာဒိုဘုရင်ဖြစ်တဲ့ ကာလိုနတ်ဘုရားကို ပြောပြလိုက်ရင်ရော ဘယ်လိုလဲ”
*ဘာ*
ထိုစကားက ဘေးပတ်လည်မှ ညအဖွဲ့ဝင်အားလုံးကို ကြောက်လန့်သွားစေသည်။
*ကာလိုနတ်ဘုရားလား*
*နတ်ဘုရားတစ်ပါးအတွက် နတ်ဆိုးမျိုးနွယ်တွေကို ပြန်သတ်ခဲ့တဲ့ သစ္စာဖောက် နတ်ဆိုးလူသားလား*
*ဒါက …*
ထိုအခိုက်တွင် ညအဖွဲ့ဝင်တိုင်း၏ မျက်နှာ၌ တွေဝေမှုများနှင့် ပြည့်နှက်နေသည်။ သူတို့ ဧကရီကို မကျေနပ်သော်လည်း နတ်ဆိုးဧကရာဇ်၏ ကမ္ဘာမြေ ပေါ်မှ လူသားမျိုးနွယ်အားလုံးအတွက် ပြုလုပ် ပေးခဲ့ သမျှကိုလည်း အမှတ်ရ နေပါသေးသည်။
အားလုံး တွေဝေနေသည်ကိုကြည့်ပြီး ထိပ်ပြောင် အားဆန်က လှောင်ရယ်ရယ်လေသည်။
“မင်းတို့ ဘာတွေ တွေဝေနေတာလဲ၊ ဧကရီက အခုချိန်ကစပြီး ငါတို့ကို ကမ္ဘာဂြိုဟ်ကို ပြန်လာခွင့် မပေးဘူးလို့ ပြောခဲ့တယ်လေ”
“ငါတို့က ကမ္ဘာဂြိုဟ်ကို သစ္စာဖောက်ခဲ့တာ မဟုတ်ဘဲ ကမ္ဘာဂြိုဟ်က ငါတို့ကို သစ္စာဖောက် ခဲ့တာလေ”
ထိုသို့ပြောပြီးနောက် ထိပ်ပြောင်အားဆန်က လူအုပ် ကို စိုက်ကြည့်၍ အေးစက်စွာ ပြောလိုက် သည်။
“မင်းတို့ တကယ်ပဲ တစ်ဘဝလုံး ကမ္ဘာဂြိုဟ်ကို ပြန်မလာဘဲ၊ ငါတို့အိမ်ကို မပြန်ဘဲ စကြဝဠာထဲမှာ ခရီးဆက်နိုင်လို့လား”
ထိုစကားက အားလုံး၏ တွေဝေနေသော အတွေး များကို ပြတ်သားသွားစေသည်။ အားလုံး၏ ရင်ထဲ တွင် ကမ္ဘာဂြိုဟ်အား အလွန်အမင်း ခင်တွယ် ကြသည်။ နောက်ဆုံး၌ အားလုံးက ခေါင်းညိတ် သဘောတူလာသည်။
“ကောင်းပြီလေ၊ ဒီလိုဆိုလည်း ကာလိုနတ်ဘုရားဆီ သွားကြတာပေါ့”
“သူကပဲ နဂါးငွေ့တန်း ဧကရီနဲ့ အခြားသူတွေကို ဖမ်းဆီးနိုင်မှာ၊ ဒီလိုဆို ငါတို့ ကမ္ဘာဂြိုဟ်ကို ပြန်လာလို့ ရပြီ”
စက္ကန့်ပိုင်းအတွင်း လူတိုင်း ဆုံးဖြတ်ချက်တစ်ခုကို ချလိုက်ကြသည်။ ဤသည်ကိုကြည့်ပြီး ထိပ်ပြောင် အားဆန်က သနားသလို ကြည့်နေသည်။ သူ့မျက်လုံး များက လင်းလက်နေပြီး သူ့ရင်ထဲတွင်တော့ ကျိတ်၍ သက်ပြင်းချနေသည်။
“အမှောင်သခင် ပြောခဲ့တာ သိပ်မှန်တာပဲ၊ ဒီလူတွေက သခင်ကြီးရဲ့ ကျေးဇူးကို လုံးဝမေ့သွား လောက်တဲ့အထိ အရှက်မရှိကြတာပဲ”
“ဒီတစ်ခေါက်တော့ သူ အောင်မြင်မယ်လို့ မျှော်လင့် ရတာပဲ”
ထိုသို့တွေးတောပြီးနောက် ထိပ်ပြောင် အားဆန် သည် ကျယ်ပြန့်နက်ရှိုင်းသော စကြဝဠာကို စူးစိုက် ကြည့်ရင်း အေးတိအေးစက် ပြုံးနေသည်။
….
လဝက်ကြာပြီးနောက် ကာလို နတ်ဘုရားနယ်မြေရှိ နန်းတော်အတွင်း၌ ကာလိုနတ်ဘုရား ထိုင်လျက် ရှိနေသည်။
သူသည် ခရမ်းပြာ ရေနွေးခွက်ကို အားနှင့် ပစ်ပေါက် လိုက်သည်။ ကာလိုနတ်ဘုရား၏ ခန္ဓာကိုယ်မှ အန္တရာယ် များလှသည့် အရှိန်အဝါများ အဆုံးအစ မဲ့စွာ ထွက်ပေါ်လျက် ရှိသည်။
“သုံးစားမရတဲ့ကောင်တွေ”
ထိုအော်သံကြောင့် နန်းတော်တွင်းရှိ ကာလို သိုင်းပညာရှင်တိုင်း တုန်ယင်သွားပြီး ဇောချွေး ပြန်ကာ ချွေးတလုံးလုံး ဖြစ်နေကြသည်။
“ငါ့သား အသတ်ခံလိုက်ရသလို ထူဘုရင်လည်း သေသွားပြီ၊ ငါ့ရဲ့ ကာလိုစစ်တပ် ငါးသောင်းလည်း ဖျက်ဆီးခံလိုက်ရပြီ”
“ဒါပေမဲ့ ဒီလောက် ကြာနေတာတောင် မင်းတို့ ကောင်တွေက ဘာသဲလွန်စကိုမှ မရှာနိုင်ဘူး၊ ချီးတဲ့မှပဲ”
ကာလိုနတ်ဘုရား အဆုတ်ကွဲမတတ် အော်ဟစ် နေ၏။ သိပ်မကြာသေးခင်က ကပ်ဆိုးဂြိုဟ်၌ သူ၏ သားဖြစ်သူ နတ်ဘုရားသားတော် အသတ်ခံ လိုက်ရ ပြီးနောက် ထူဘုရင်နှင့် ကာလိုစစ်တပ် ငါးသောင်း သည်လည်း ဝမ်ရှင်းဂြိုဟ်နယ်မြေအနီး၌ အသတ်ခံ လိုက်ရသည်။
ထို့နောက်တွင် ဝမ်ရှင်းဂြိုဟ်မှ ကျန်းမျိုးနွယ် တစ်ခု လုံးသည် ကပ်ဆိုက်သကဲ့သို့ ပျောက်ကွယ် သွားသည်။ ကာလို သိုင်းပညာရှင်များအားလုံးက မည်သည့်သဲလွန်စကိုမှ မရှာနိုင်သဖြင့် ကာလို နတ်ဘုရား ဒေါသထွက်နေခြင်း ဖြစ်သည်။
ထိုအော်သံကြောင့် ပုလ္လင်အောက်ရှိ သိုင်းပညာရှင် များအားလုံး တုန်ယင်နေကြသည်။ သူတို့ ကြမ်းပြင် ပေါ် ဒူးထောက်နေချိန်တွင် သိုင်းပညာရှင် တစ်ယောက်က ကပျာကယာ စကားစလာ၏။
“သခင်ကြီး အမျက်မရှပါနဲ့ နတ်ဘုရားသားတော်၊ ထူဘုရင်နဲ့ အခြားသူတွေအားလုံးက နတ်ဆိုး မျိုးနွယ်ရဲ့ လက်ထဲမှာ သေသွားခဲ့ရတာကို ကျွန်တော် တို့ သေချာစုံစမ်းပြီးသွားပါပြီ”
“နတ်ဆိုးမျိုးနွယ်တွေ ပြန်ပေါ်လာတာ အသေအချာ ပါပဲ”
*နတ်ဆိုးမျိုးနွယ်လား*
ထိုသိုင်းပညာရှင်သည် မည်သည့် သဲလွန်စကိုမျှ ရှာမတွေ့နိုင်သော်လည်း ယခုအချိန်၌ အားလုံးကို နတ်ဆိုးမျိုးနွယ်၏ ခေါင်းဆောင်က လူသတ်သမား ဖြစ်မည်ဟု ပုံချလိုက်သည်။ နတ်ဆိုးမျိုးနွယ် များသည် ကာလိုနတ်ဘုရားမျိုးနွယ်များနှင့် သွေး ကြွေး ရှိခဲ့သည် မဟုတ်ပါတကား။
“သိပ်တော်တဲ့ နတ်ဆိုးမျိုးနွယ်တွေပေါ့လေ၊ ငါ သဲလွန်စတစ်ခု ရှာတွေ့လို့ကတော့ သူတို့ကို မသေ နိုင်အောင် နှိပ်စက်ပစ်မယ်”
ထိုကြွေးကြော်သံက နန်းတော်တစ်ခုလုံးကို ပြိုလဲလု နီးပါး ဖြစ်သွားစေသည်။ ထိုစဉ် ကာလို သိုင်းပညာ ရှင် တစ်ယောက် ခပ်သွက်သွက် ပြေးဝင်လာ၏။
“အရှင် တစ်စုံတစ်ယောက်က နတ်ဆိုးမျိုးနွယ်ရဲ့ သတင်းကို ယူဆောင်လာပါတယ်”
*ဘာ*
ထိုစကားက ကာလို သိုင်းပညာရှင်အားလုံးကို မျက်နှာ မည်းမှောင်သွားစေသည်။ နတ်ဆိုးမျိုးနွယ် အကြောင်း ပြောနေစဉ်တွင် တစ်စုံတစ်ယောက်က နတ်ဆိုးမျိုးနွယ်၏ သတင်းကို ယူဆောင် လာလိမ့် မည်ဟု သူတို့ ထင်မထားမိကြချေ။
“သူ့ကိုဝင်လာခိုင်းလိုက်”
ကာလိုနတ်ဘုရား၏ မျက်လုံးက မီးဝင်းဝင်း တောက်နေသည်။ သူ့စကားကြောင့် ထိုကာလို သိုင်းပညာရှင်က ခပ်သွက်သွက် ပြန်ပြေး ထွက်သွားသည်။ တစ်ခဏအကြာ၌ ထိပ်ပြောင် ပြောင်နှင့်လူ ဦးဆောင်သော လူသုံးယောက်အဖွဲ့က နန်းတော်ထဲသို့ ဝင်လာလေသည်။ အထဲသို့ ဝင်လာ သည်နှင့် သူတို့ထဲမှ အချို့က ဒူးခွေယိုင်ကာ တုန်ယင် လာကြသည်။
“အရှင်ကာလိုကို ကမ္ဘာမြေသားတွေက အရိုအသေ ပေးပါတယ်”
“ကျွန်တော်တို့ဆီမှာ … နတ်ဆိုးဧကရာဇ်နဲ့ ပတ်သက် တဲ့ သတင်း ရှိပါတယ်”