အခန်း (၆၀၇-၆၀၉)
Vol. 41 Ch. 607-609
Chapter 607 ကျွန်တော် လုပ်နိုင်ခဲ့ပြီ
*နတ်ဆိုးဧကရာဇ်ရဲ့ သတင်းတဲ့လား*
ထိပ်ပြောင်အားဆန်၏ စကားသံ ပဲ့တင်ထပ် သွားချိန်တွင် နန်းတော်တစ်ခုလုံး ချက်ချင်း တိတ်ဆိတ် သွားသည်။
ဂလု!
ကာလို သိုင်းပညာရှင်များအားလုံး မနည်း တံတွေး မျိုချ လိုက်ရသည်။ လူတိုင်း နားကြားမှား သွားသည် ဟု ထင်မှတ်မှားသွားကြသည်။
သူတို့သည်သာမက ပုလ္လင်ပေါ်မှ ကာလိုနတ်ဘုရား တောင်မှ မှင်တက်သွားပြီးနောက် ရုတ်တရက် မတ်တပ်ထ ရပ်မိသွားသည်။
“မင်း ဘာပြောလိုက်တာလဲ”
အေးစက်သော အရှိန်အဝါများက ထိပ်ပြောင် အားဆန်နှင့် အခြားသူများထံသို့ စိမ့်ဝင်လာပြီး သူတို့ အားလုံးအား ရေခဲအိုင်ထဲ ပြုတ်ကျသွားသကဲ့သို့ တုန်ယင်သွားစေသည်။
ထိုအခိုက်တွင် ထိပ်ပြောင်အားဆန်သည် သူ့နဖူး ပေါ်မှ ချွေးအေးများကို သုတ်လိုက်ပြီး ဟန်ကိုယ့်၍ ကတုန်ကယင်ဖြင့် ပြောလိုက်သည်။
“အရှင်၊ နတ်ဆိုးဧကရာဇ်က ပြန်လည် မွေးဖွား လာပါပြီ၊ အဲ့ဒါတင် မကသေးပါဘူး၊ သူက အမှောင် နတ်ဆိုးဘုရင်ကို ကယ်တင်ပြီး စကြဝဠာထဲက နတ်ဆိုးအားလုံးကို ပြန်စုစည်းနေပါတယ်”
“တစ်နေ့ကျရင် သူက နတ်ဆိုးစစ်တပ်ကြီးကို ဦးဆောင်ပြီး နတ်ဘုရားမျိုးနွယ်တွေကို ရှင်းလင်း နိုင်ပါတယ်၊ အဲ့ဒါကြောင့် ဒါကို စောစောစီးစီး သတိပြုဆောင်ရွက်ပေးပါ”
*ဟာ*
ထိပ်ပြောင်အားဆန်၏ စကားက ထိတ်လန့် ခြောက်ခြားစေပြီး နတ်ဘုရား နန်းဆောင် တစ်ခုလုံးအား ပေါက်ကွဲလုမတတ် ဖြစ်သွား စေသည်။
*နတ်ဆိုးဧကရာဇ် ပြန်မွေးဖွားလာရုံတင်မကဘဲ အမှောင် နတ်ဆိုးဘုရင်ကပါ မသေသေးဘူးတဲ့ လား*
*မယုံနိုင်စရာပဲ*
*နတ်ဆိုးဧကရာဇ် ပြန်မွေးဖွားလာတဲ့အကြောင်းကို စကြဝဠာထဲက နတ်ဆိုးအိုကြီးတွေသာ သိသွားလို့ ကတော့ သူတို့ အတူပြန်ပူးပေါင်းပြီး အရင်ကလို နတ်ဆိုးမျိုးနွယ်ရဲ့ ထွန်းတောက်မှုက ပြန်ဖြစ် လာမှာပဲ*
ကာလို နတ်ဘုရားမျိုးနွယ်တိုင်း၏ မျက်နှာထက်၌ ထိတ်လန့်ကြောက်ရွံ့နေဟန်များ ထင်ဟပ်လာသည်။ ကာလိုနတ်ဘုရားတောင်မှ မျက်ခုံးလှုပ်နေ၏။ သူ့စိတ်ထဲ၌ ကြောက်ရွံ့နေမှန်း သိသာလှသည်။ ဤသည်ကိုကြည့်ပြီး ထိပ်ပြောင်အားဆန်က ခပ်သွက်သွက် ထပ်ပြောလိုက်သည်။
“အရှင် နတ်ဆိုးဧကရာဇ်က ပြန်လည်မွေးဖွား လာပင်မယ့် ခွန်အားက နတ်ဘုရား ဂိုဏ်းချုပ် အဆင့်ပဲ ရှိပါသေးတယ်၊ အမှောင် နတ်ဆိုးဘုရင် ကလည်း မသေသေးပင်မယ့် နှစ်ထောင်ချီ ကြာအောင် ချိပ်ပိတ်ခံထားရလို့ သူ့ခွန်အားကလည်း အားအနည်းဆုံးအဆင့်မှာပဲ ရှိပါသေးတယ်”
“အရှင် စိတ်ပူစရာမလိုပါဘူး”
ထိုစကားကို ကြားမှသာ ကာလိုနတ်ဘုရား စိတ်အေး သွားရသည်။ နတ်ဆိုးဧကရာဇ် မသေသေးသည့် သတင်းက သူ့အား အတော်လေး ဖိအားပေး နိုင်သည်ကိုတော့ ဝန်ခံရပေမည်။
သူ့ဘဝတွင် သူ ကြောက်လန့်သည့်သူဟူ၍ အနည်းငယ်သာ ရှိလေသည်။ ထိုအထဲတွင် နတ်ဆိုး ဧကရာဇ်ကို သူ အကြောက်ဆုံး ဖြစ်သည်။
နတ်ဆိုးဧကရာဇ် ကမ္ဘာဦးချောက်နက်ထဲ ပြုတ်ကျ သွားခဲ့စဉ်ကတောင်မှ သူ ပုန်မကန်ရဲခဲ့သေးချေ။
“နတ်ဘုရားဂိုဏ်းချုပ်အဆင့် ခွန်အားလား”
ကာလိုနတ်ဘုရားက ရက်စက်၍ သရော်ပြုံး ပြုံးလာသည်။ သူသည် ထိပ်ပြောင်အားဆန်ကို သေချာစိုက်ကြည့်၍ အသာမျက်မှောင်ကြုတ်ကာ မေးလိုက်သည်။
“ပြောစမ်း၊ မင်း ငါ့ကို ဘာလို့ ဒီအကြောင်း ပြောပြရတာလဲ”
*ဘာလို့လဲတဲ့လား*
အားလုံး၏ အကြည့်များက ထိပ်ပြောင်အားဆန်ထံ ကျရောက်လာသဖြင့် သူ ချက်ချင်း တုန်ယင် သွားရသည်။
“အရှင်၊ ကျွန်တော်က အစတုန်းက နတ်ဆိုး ဧကရာဇ်ရဲ့ လက်အောက်ကပါ၊ ဒါပေမဲ့ နတ်ဆိုး ဧကရာဇ် မရှိတဲ့အချိန်မှာ ဧကရီက မောက်မာ ပါတယ်။ ကျွန်တော် အလုပ်ကြိုးစားခဲ့တာကို မသိကျိုးကျွန်ပြုပြီး ကျွန်တော်တို့ထဲက တော်တော် များများကို ကမ္ဘာဂြိုဟ်ပေါ်ကနေ နှင်ထုတ် လိုက်ပါတယ်၊ ပြီးတော့ ကျွန်တော်တို့ကို ဘယ်သော အခါမှ ပြန်လာခွင့် မပေးပါဘူး”
“ကျွန်တော် ဒါကို လုံးဝ မကျေနပ်နိုင်လို့ ကာလို အရှင်ထံ လာရခြင်း ဖြစ်ပါတယ်”
*ဟမ်*
သူ့စကားကြောင့် ကာလို နတ်ဘုရားတဖြစ်လဲ မိုနာဒိုဘုရင်သည် သရော်ပြုံး ပြုံးလေသည်။
“ငါ သိသလောက်တော့ နတ်ဆိုးဧကရာဇ်က အမြဲ တမ်း မျှမျှတတ ဆုပေးဒဏ်ပေး လုပ်တယ်၊ အဲ့တော့ မိတ်ဆွေတွေထဲက ပုန်ကန်မှုက နည်းနည်း ပဲ ရှိတာ”
“ဟမ့် မင်း ငါ့ကို တမင် လာလိမ်နေတာလား”
ကာလိုနတ်ဘုရား၏ အမေးကြောင့် ရုတ်တရက် ထိပ်ပြောင်အားဆန်နှင့် အခြားသူများ ကြောက်လန့် ကာ တုန်လှုပ်သွားသည်။
“အရှင် ကျွန်တော်တို့ မလိမ်ရဲပါဘူး”
အားလုံး သွေးမရှိတော့သကဲ့သို့ မျက်နှာဖြူဖပ် ဖြူရော် ဖြစ်ကာ ချွေးပြန်လာသည်။ ဤသည်ကို ကြည့်ပြီး ကာလို နတ်ဘုရား၏ လှောင်ပြုံးက ပို၍ ပီပြင်လာလေသည်။
“ဒီစကားက အမှန် ပြောတာလား၊ လိမ်ပြောတာ လားဆိုတာကို ငါ ချက်ချင်း သိနိုင်တယ်”
ထို့နောက် သူသည် လက်တစ်ဖက်ကို ဝှေ့ယမ်း လိုက်သည်။ ထို့နောက် လျှပ်စီးသဖွယ် သိုင်းပညာ ရှင်တစ်ယောက်အား လည်မျိုမှညှစ်၍ မလိုက် သည်။
ဖိနှိပ်နိုင်သော စိတ်ဝိညာဉ်စွမ်းအင်က ထိုကမ္ဘာ မြေသား သိုင်းပညာရှင်၏ ဦးခေါင်းထဲသို့ ဝင်ရောက် သွားပြီး ထိုသူအား ချက်ချင်း အော်ဟစ် လာစေသည်။
“အား …”
ထိုသို့သောအချိန်၌ ထိုကမ္ဘာမြေသား သိုင်းပညာရှင် သည် သူ့ဦးခေါင်း ပေါက်ထွက်တော့မတတ် ဖြစ်နေ သည်ကိုသာ ခံစားမိပြီး ပိုမိုပြင်းထန်သော နာကျင်မှု ကို ခံစားနေရသည်။
စိတ်ဝိညာဉ် ရှာဖွေခြင်း။ ဤသည်မှာ အရက်စက်ဆုံး နည်းလမ်းပင်။
ထိုအခိုက်တွင် ကာလို နတ်ဘုရား၏ စိတ်ဝိညာဉ် စွမ်းအင်သည် ထိုကမ္ဘာမြေသား သိုင်းပညာရှင်၏ စိတ်ထဲသို့ ဝင်ရောက်နေပြီး ယဲ့ဖန်၊ အမှောင် နတ်ဆိုး ဘုရင်နှင့် အခြားသော နတ်ဆိုးတို့၏ ပုံရိပ်တို့ကို မြင်တွေ့လိုက်ရသည်။
ဤသည်က ကာလိုနတ်ဘုရားအား အလွန် သုန်မှုန် သွားစေသည်။ သူ့လက်အား မသိမသာ အားစိုက် လိုက်သည်။
ဂျွတ်!
ထိုကမ္ဘာမြေသား သိုင်းပညာှင်၏ လည်မျိုသည် ပေါက်ကွဲသွားပြီး ဦးခေါင်းနှင့် ခန္ဓာကိုယ်တို့က ကြမ်းပြင်ပေါ်သို့ တကွဲတပြားစီ ပြုတ်ကျလာပြီး သွေးများ စီးကျလာ၏။
ထိုမျှနှင့် မလုံလောက်သေးဘဲ ချက်ချင်းဆိုသလိုပင် ဒုတိယတစ်ယောက်၊ တတိယတစ်ယောက်၊ စတုတ္ထ တစ်ယောက်။
မျက်စိတစ်မှိတ်အတွင်းမှာပင် ထိပ်ပြောင် အားဆန် နောက် လိုက်လာသည့် များစွာသော ကမ္ဘာမြေသား သိုင်းပညာရှင်များသည် အကြိမ်ပေါင်းများစွာ စိတ်ဝိညာဉ် ရှာဖွေခြင်း ခံရပြီး ပေါက်ကွဲကာ အလောင်း အဖြစ် ပြန်ပြုတ်ကျလာသည်။ ထိုအခါမှ ကာလိုနတ်ဘုရားက ထိပ်ပြောင်အားဆန်ကို လှမ်းကြည့်လာ၏။
“အခု မင်းအလှည့်ပဲ”
ထို့နောက် ကာလိုနတ်ဘုရားသည် ထိပ်ပြောင် အားဆန်၏ ခေါင်းကို ဖမ်းဆုပ်၍ အသည်းအသန် ရှာဖွေလေသည်။ အချိန်တိုအတွင်း၌ ထိုလူများ အားလုံးက အမှန်အတိုင်း ပြောနေသည်ကို အတည်ပြုလိုက်နိုင်ပြီး ထိုအခါမှသာ သူ စိတ်အေးသွားရသည်။
ထို့နောက် လက်ကိုလှုပ်၍ ထိပ်ပြောင်အားဆန်ကို ကြမ်းပြင်ပေါ် ပစ်ချလိုက်သည်။
“နတ်ဆိုးဧကရာဇ် မင်း တကယ် မသေသေးဘူးကိုး”
ကာလို နတ်ဘုရားထံမှ ဒေါသငွေ့များ ပျံ့နှံ့လာသည်။ သူသည် စိတ်ဝိညာဉ် ရှာဖွေခြင်း ပြုလုပ်ပြီးနောက် ထိပ်ပြောင်အားဆန်၏ စကားက မှန်ကန်ကြောင်း ကောက်ချက်ချလိုက်သည်။
ထိုလူများသည် တကယ်ပင် အမှားများ လုပ်ခဲ့မိ သောကြောင့် ကမ္ဘာဂြိုဟ်မှ နှင်ထုတ်ခံခဲ့ရသည်။ ထိပ်ပြောင်အားဆန်သည် ဤသို့ တမင်လာ၍ သူကိုယ်တိုင် လက်စားလာချေခြင်း ဖြစ်လေသည်။
ထိုမျှနှင့် မပြီးသေးဘဲ ထိပ်ပြောင်အားဆန်က ကြမ်းပြင်ပေါ် ဒူးထောက်၍ ကတုန်ကယင်ဖြင့် ပြောလိုက်သည်။
“အရှင် ကျွန်တော် ပြောချင်တာ တစ်ခု ကျန်ပါ သေးတယ်”
*ဟမ်*
ယခုအခါ၌ ထိပ်ပြောင်အားဆန်ကို ကြည့်နေသော ကာလိုနတ်ဘုရား၏ အကြည့်များက အတော်လေး နူးညံ့လာပြီ ဖြစ်သည်။
“ပြော”
“နတ်ဘုရား သားတော်၊ ထူဘုရင်နဲ့ ကာလို စစ်တပ်အားလုံးက နတ်ဆိုးဧကရာဇ်ရဲ့ လက်ထဲမှာ သေသွားခဲ့ရတာပါ”
*ဘာ*
ထိပ်ပြောင်အားဆန်၏ စကားကြောင့် နတ်ဘုရား နန်းဆောင်တစ်ခုလုံး ပွက်လောရိုက်သွားသည်။
*နတ်ဆိုးဧကရာဇ်၊ ထပ်ပြီး နတ်ဆိုး ဧကရာဇ်ပဲလား*
*နတ်ဘုရား သားတော်နဲ့ ထူဘုရင်တောင်မှ ဒီလူ ကြောင့် ဖျက်ဆီးခံလိုက်ရတယ်ပေါ့လေ*
*ဒါက …*
ယခုအချိန်၌ ကာလိုနတ်ဘုရားထံမှ သတ်ဖြတ် လိုသော အငွေ့အသက်များ ဖြာထွက်လာသည်။
“မင်းပြောတာ အမှန်ပဲလား”
“ဒီငယ်သား အရှင့်ကို မလိမ်ရဲပါဘူး”
ထိပ်ပြောင်အားဆန်က အေးတိအေးစက်ဖြင့် တုန်ယင် နေပြီး တလေးတစား ပြောလေသည်။
“နတ်ဘုရားသားတော်က ကပ်ဆိုးဂြိုဟ်ပေါ်မှာ သေခဲ့ရတာပါ၊ ထူဘုရင်က ဝမ်ရှင်းဂြိုဟ်ပေါ်မှာ အသတ်ခံလိုက်ရ ပြီးတော့ အဲ့ဒီက ထိပ်တန်း မျိုးနွယ်ဝင်ဖြစ်တဲ့ ကျန်းမိသားစုကလည်း အားလုံး ထွက်ပြေးပြီး ကမ္ဘာမြေပေါ်မှာ လာပုန်းနေတာပါ”
ထိုစကားကို ကာလိုနတ်ဘုရား လုံးဝ သံသယ မဝင်တော့ချေ။ ကျန်းမိသားစုက ကမ္ဘာဂြိုဟ်၌ ပုန်းကွယ်နေသည်ဆိုမှတော့ သူ၏သားက ယဲ့ဖန် လက်ထဲ၌ အသတ်ခံလိုက်ရတာ သေချာလေပြီ။
“ကောင်းပြီလေ၊ သိပ်ဟုတ်နေတဲ့ နတ်ဆိုး ဧကရာဇ်ပေါ့လေ”
“မင်းက အသက်ပြန်ရှင်လာပြီးတော့ ငါ့ရဲ့ ကာလို နတ်ဘုရား မျိုးနွယ်ကို ရန်လာရှာပြီး ငါ့သားကို သတ်ပစ်တယ်ပေါ့လေ၊ မင်း သေသင့်နေပြီ”
ထိုသို့ရေရွတ်ပြီးနောက် ကာလိုနတ်ဘုရားက ချက်ချင်း ထရပ်လိုက်သည်။
“ကာလိုစစ်တပ်ကို အမိန့်ပေးလိုက်၊ ငါ့နောက် လိုက်ပြီး ကမ္ဘာမြေကို ဖျက်ဆီးပြီး နတ်ဆိုးတွေကို သတ်ရမယ်”
ထိုစကားက နန်းတော်ထဲရှိ ကာလို နတ်ဘုရား မျိုးနွယ် အားလုံး၏ စိတ်အား လန်းဆန်း သွားစေသည်။
“အရှင့် အမိန့်အတိုင်းပါ”
အားလုံး စိတ်အားထက်သန်နေကြသည်။ အားနည်း သော နတ်ဆိုးဧကရာဇ်နှင့် အမှောင်နတ်ဆိုးဘုရင်ကို သတ်ဖြတ်ခြင်းသည် ကာလိုနတ်ဘုရား မျိုးနွယ် တိုင်းအတွက် ကြီးကျယ်သော အရာပင် ဖြစ် လေသည်။
ထိုစဉ် ကာလို နတ်ဘုရားမျိုးနွယ် သိုင်းပညာရှင် တစ်ယောက်က မေးလာသည်။
“အရှင် နတ်ဆိုးဧကရာဇ် ပြန်ရှင်လာတာကို အရှင် သခင်ကြီးကို ပြောပြမှာလား”
ထိုစကားကြောင့် ကာလို နတ်ဘုရားမျိုးနွယ်တိုင်းက ကာလိုနတ်ဘုရား မိုနာဒိုကို လှမ်းကြည့်လာသည်။
“အရှင်သခင်ကြီးကိုလား”
ကာလိုနတ်ဘုရားက အားပါးတရ ပြုံးလိုက်သည်။
“အရှင်သခင်ကြီးကို ဘာလို့ ပြောရမှာလဲ၊ နတ်ဆိုး ဧကရာဇ်က နတ်ဘုရားဂိုဏ်းချုပ် အဆင့်လေးပဲကို၊ ငါတို့ သူ့ကို သတ်ပစ်နိုင်တာပဲ”
“ပြီးတော့ သူ့မှာ သေမင်း နတ်ဆိုးဆုဒြာ ရှိတယ်၊ ပြီးတော့ မရေတွက်နိုင်တဲ့ နတ်ဆိုးမျိုးနွယ် အမွေ အနှစ်လည်း ရှိတယ်။ သူ့ဆီက ဒီအမွေအနှစ် တွေကိုသာ ရလို့ကတော့ လောက သခင်သုံးပါး တောင်မှ ငါတို့ ကာလိုမျိုးနွယ်ကို ရန်စရဲမှာ မဟုတ်ဘူး”
*ဟုတ်သားပဲ*
ကာလို နတ်ဘုရားမျိုးနွယ်တိုင်း အလွန် ဝမ်းသာ၍ တက်ကြွလာသည်။
သေမင်းနတ်ဆိုးဆုဒြာနှင့် နတ်ဆိုးမျိုးနွယ် အမွေ အနှစ်။ ဤသည်မှာ အလွန် ကြီးမားသည့် ရတနာပင်။ ဤသည်ကို တွေးမိပြီးနောက် အားလုံးသည် နတ်ဘုရား နန်းဆောင်ထဲမှ ထွက်လာပြီး သူတို့၏ စစ်သားများကို စုဆောင်းကာ တိုက်ပွဲအတွက် ပြင်ဆင်လေတော့သည်။
ထိုအခါတွင်မှ ထိပ်ပြောင်အားဆန်က ဇောချွေးကို တိတ်တခိုး သုတ်လိုက်ပြီး အားပါးတရ ပြုံး လိုက်သည်။
“သခင်ကြီး ကျွန်တော် အောင်မြင်အောင် လုပ်နိုင်ခဲ့ပြီ”
Chapter 608 မိုနာဒို မင်း သေဖို့ အဆင်သင့်ပဲလား
နဂါးငွေ့တန်း အင်ပါယာ၏ ကျယ်ပြောသော စကြဝဠာနယ်မြေအတွင်း၌ လေဟာနယ်သည် တစ်စစီ အက်ကွဲ လာလေသည်။
အက်ကွဲသွားသော လေဟာနယ်ထဲမှနေ၍ ကြီးမား သော သင်္ဘောကိုယ်ထည်များ ထွက်ပေါ် လာ၏။ ထိပ်တန်း စစ်သင်္ဘောတစ်စုပင်။ စစ်သင်္ဘောတစ်စီး ချင်းစီတိုင်းသည် A အဆင့် စစ်သင်္ဘောများ ဖြစ်ကြ ပြီး မျက်တောင်တစ်ခတ်အတွင်းမှာပင် ထိပ်တန်း စစ်သင်္ဘော တစ်ထောင်နီးပါး ရောက်လာလေသည်။
စစ်သင်္ဘောတစ်စီးချင်းစီတိုင်း၏ ထိပ်၌ ကာလို ဟူသော အလံကြီးများ လွှင့်ထူထားကြသည်။ ဤသည်မှာ ကာလိုစစ်တပ်ပင်။ ကာလို နတ်ဘုရား မျိုးနွယ်တစ်ခုလုံးနီးပါး ထွက်လာကြခြင်း ဖြစ်သည်။
ရှေ့ဆုံးမှ ဦးဆောင်လာသော စစ်သင်္ဘော၌ ကာလို နတ်ဘုရား မိုနာဒိုသည် မြင့်မားသော ခုံ၌ ထိုင်နေပြီး သူ့အောက်၌ ကာလို နတ်ဘုရားမျိုးနွယ် သိုင်းပညာ ရှင်များ စုဝေးနေကြသည်။ ထိုသူတို့ ထဲတွင် အားအနည်းဆုံးသူမှာ နတ်ဘုရားအဆင့်များ ဖြစ်ကြ သည်။ သူတို့၏ အရှိန်အဝါက ကျောချမ်းလောက် အောင် ကြောက်မက်ဖွယ် ကောင်းလှသည်။
သူ၏ ကာလိုနတ်ဘုရား စစ်တပ်ကိုကြည့်ပြီး ကာလိုနတ်ဘုရား မိုနာဒိုက ဂုဏ်ယူဝင့်ကြွားဟန်ဖြင့် ပြုံးလိုက်သည်။ သူ့စိတ်ထဲတွင် ကမ္ဘာမြေမှ နတ်ဆိုး မျိုးနွယ်ကို ချေမှုန်းပြီး တစ်စုံတစ်ခုကို မျှော်လင့်နေ ပုံရသည်။ ကမ္ဘာဂြိုဟ်တစ်ခုလုံးကို သူ လုံးဝ ဖျက်ဆီးနိုင်မည်ဟု ယုံကြည်ချက် ရှိနေ၏။
“အားဆန်”
ထိုစဉ် သူက မျက်လုံးကိုဝေ့၍ အားဆန်ရှိရာသို့ လှမ်းကြည့် လိုက်သည်။
“ဒီတစ်ခေါက် မင်း ပြန်လည်မွေးဖွားလာတဲ့ နတ်ဆိုးဧကရာဇ်နဲ့ အမှောင် နတ်ဆိုးဘုရင်ကို အောင်အောင်မြင်မြင် ဖမ်းဆီးနိုင်မယ်ဆိုရင် မင်းကို ကြီးကြီးမားမား ဂုဏ်ပြုမယ်”
“ပြော … မင်း ဘာကို လိုချင်လဲ”
ချက်ချင်းဆိုသလိုပင် စစ်သင်္ဘောထဲရှိ ကာလို သိုင်းပညာရှင်များ အားလုံးက ထိပ်ပြောင် အားဆန်ကို ဝိုင်းကြည့်လာကြသည်။ တကယ် တမ်းတွင် နတ်ဆိုးဧကရာဇ်၏ သတင်းစကား အားလုံးက တစ်ဖက်သူထံမှ ထွက်လာသည် မဟုတ်ပါ တကား။
ထိုသို့ဆိုလျင် သေမင်းနတ်ဆိုးဆုဒြာနှင့် မရေတွက် နိုင်သော နတ်ဆိုး အမွေအနှစ်များအားလုံး သူ့ဆီ ရောက်သွားလောက်သည်။ ဤသို့သော ဂုဏ်ပြုမှုက အားလုံး လေးစားအားကျသော အရာပင် ဖြစ်ပေ သည်။
ကာလိုနတ်ဘုရား၏ အမေးကြောင့် အားဆန်က ခပ်သွက်သွက် ကိုယ်ကိုရို့၍ နှိမ့်ချသော မျက်နှာ ထားဖြင့် ပြောလာသည်။
“သေးနုပ်တဲ့ ကျွန်တော်မျိုးက အရှင် နတ်ဆိုးအဖွဲ့ကို ဖမ်းဆီးပြီးတာနဲ့ ကမ္ဘာမြေကို ကျွန်တော့်ဆီ လွှဲပေးဖို့ပဲ မျှော်လင့်ပါတယ်”
*ကမ္ဘာမြေကိုတဲ့လား*
ထိပ်ပြောင်အားဆန်က ဂြိုဟ်တစ်လုံးကိုသာ လိုချင် သည် ကိုကြားပြီး ကာလိုသိုင်းပညာရှင် များအားလုံး ပြုံးလိုက်ကြသည်။
“ကောင်းပြီလေ ငါ မင်းကို ကတိပေးတယ်”
ကာလိုနတ်ဘုရား မိုနာဒိုကလည်း မသိမသာ ပြုံးလိုက် မိသည်။ သူ့မျက်လုံးသည် စိတ်လှုပ်ရှားမှု အပြည့်ဖြင့် တောက်ပ၍နေ၏။ သတ်ဖြတ်၍ သိမ်းပိုက်လိုသော အတွေးများ ဝင်ရောက် လာပြီး နောက် သူသည် နှုတ်ခမ်းတွန့်ကွေး၍ ပြုံးလိုက် သည်။
“ဟားဟား … နတ်ဆိုးဧကရာဇ် ခင်ဗျား အရင်ဘဝ တုန်းက မောက်မာပြီး ဖိနှိပ်ခဲ့တယ်၊ အခု ကျုပ် မိုနာဒိုက ခင်ဗျားကို ဖိနှိပ်ပစ်မယ်”
“အခု ခင်ဗျား ပြန်လည်မွေးဖွားလာတဲ့ ဒီဘဝမှာ ခင်ဗျားက ကျုပ်လက်ထဲက ပုရွက်ဆိတ် သာသာပဲ ဆိုတာကို ခင်ဗျား သိအောင် ပြရသေးတာပေါ့”
“ကျုပ် ခွင့်ပြုမှ ခင်ဗျား အသက်ရှင်ရမယ်၊ ကျုပ်က ခင်ဗျားကို သေစေချင်ရင် ခင်ဗျား သေကို သေရမယ်”
မကြာခင် နတ်ဆိုးဧကရာဇ်ကို ဖမ်းနိုင်တော့မည်ဟု တွေးမိပြီး မိုနာဒို၏ အပြုံးက ပို၍ပီပြင်လာသည်။
ဒုန်း! ဒုန်း! ဒုန်း!
ထိုစဉ် ကာလို နတ်ဘုရားမျိုးနွယ် သိုင်းပညာရှင် တစ်ယောက်က ရှေ့သို့တိုးလာပြီး ဒူးတစ်ဖက် ထောက်၍ သတင်းပို့လာသည်။
“အရှင် ကျွန်တော်တို့ နေအဖွဲ့အစည်းထဲသို့ ဝင်လာ ပြီးပါပြီ”
“ကျွန်တော်တို့ မကြာခင် ကမ္ဘာဂြိုဟ်ကို ရောက်ပါ တော့မယ်”
*အိုး*
ထိုစကားကြောင့် ကာလိုနတ်ဘုရား မိုနာဒိုသာမက ကာလို နတ်ဘုရားမျိုးနွယ် အားလုံးပါ စိတ်အား ထက်သန်၍ တက်ကြွလာကြသည်။
ထိုအခိုက်တွင် အားလုံးက မတ်တပ်ရပ်၍ သင်္ဘော၏ အပြင်ဘက်သို့ လှမ်းကြည့် လိုက်ကြသည်။ ရုတ်တရက် အပြာရောင် ဂြိုဟ် တစ်လုံးက ရှေ့တည့်တည့်မှ ထွက်ပေါ်လာသည်။ ထိုဂြိုဟ်သည် ကမ္ဘာဂြိုဟ်ပင်။
“လှလိုက်တဲ့ ဂြိုဟ်ပါလား၊ စိတ်မကောင်းစရာပဲ၊ နတ်ဆိုးဧကရာဇ် မင်းတော့ ဘဝကို ပျော်ပျော်နေလို့ မရတော့ဘူး”
မိုနာဒို၏ အပြုံးက ပို၍ပီပြင်လာလေသည်။
“စစ်တပ်တစ်ခုလုံး သွားပြင်ဆင်ဖို့ အမိန့်ပေးလိုက်၊ ထွက်လာဖို့ အသင့်ပြင်ထားကြ”
“အမိန့်အတိုင်းပါ အရှင်”
ကာလိုစစ်တပ်တစ်ခုလုံးက ကမ္ဘာမြေနှင့် တတ်နိုင် သမျှ ကမ္ဘာမြေသို့ လျင်မြန်စွာ ရောက်ရှိလာသည်။ စစ်သင်္ဘောတိုင်း၏ တံခါးများ ပွင့်သွားပြီး ကာလို နတ်ဘုရားမျိုးနွယ်များ ထွက်လာသည်။
ဆယ်ယောက်၊ အယောက်တစ်ရာ၊ အယောက် တစ်ထောင်၊ အယောက်တစ်သောင်း။
မျက်စိတစ်မှိတ်အတွင်းမှာပင် ထောင်သောင်း ချီသော ကာလိုနတ်ဘုရားမျိုးနွယ်များ ရောက်ရှိ လာကြသည်။ ကောင်းကင်ထက်၌ ရပ်တန့်နေ သည့်ပုံက ခြောက်ခြားဖွယ် ကောင်းလှသည်။ ထို့အတူ ထိပ်ဆုံးမှ စစ်သင်္ဘော၏ တံခါးပွင့် သွားသည်။ ကာလို နတ်ဘုရား မိုနာဒိုနှင့်အတူ အားဆန်နှင့် ကာလိုမျိုးနွယ်၏ အဆင့် အတန်း မြင့်သောသူများ တစ်ယောက်ပြီးတစ်ယောက် ထွက်လာကြသည်။
ထို့နောက် သူ၏ ကာလိုမျိုးနွယ်များကို ကြည့်ပြီး မိုနာဒိုက ဂုဏ်ယူစွာ အော်ပြောလိုက်သည်။
“ငါ့ရဲ့ ကာလိုမျိုးနွယ်တို့”
“အရင်တုန်းက ငါတို့တွေ နတ်ဆိုးမျိုးနွယ်ရဲ့ အထင်သေး စက်ဆုပ်တာကို ခံခဲ့ရတယ်၊ ဒါကြောင့်ပဲ ငါတို့ နတ်ဆိုးတွေကို စွန့်ပစ်ခဲ့ကြတာ။ အခု နတ်ဆိုးမျိုးနွယ်က ပြန်ပြီး စုစည်းနေပြီဆိုတော့ ငါတို့ ဘာလုပ်သင့်လဲ”
ကာလိုနတ်ဘုရား မိုနာဒို၏ အသံကိုကြားပြီး ရုတ်တရက် ထောင်သောင်းချီသော ကာလိုစစ်တပ်မှ သူများအားလုံးက သတ်ဖြတ်လိုသော အရိပ် အယောင်များဖြင့် ဟစ်ကြွေးလာကြသည်။
“သတ်ရမယ်”
“သတ်”
“သတ်”
လူပေါင်းများစွာတို့ ပြိုင်တူ ဟစ်ကြွေးလာကြသော ဖြုံလောက်သည့် အော်သံများနှင့် သတ်ဖြတ်လိုသော အသံများကြောင့် လေဟာနယ်သည် တုန်ယင် အက်ကွဲ လုနီးပါး ဖြစ်လာ၏။
ဤမြင်ကွင်းကိုကြည့်ပြီး ကာလိုနတ်ဘုရား မိုနာဒို တစ်ယောက် ပိုပို၍ စိတ်လှုပ်ရှားလာသည်။
“ဟုတ်တယ်၊ ငါတို့ သတ်ရမယ်၊ နတ်ဆိုးမျိုးနွယ် တိုင်းကို သတ်ပစ်ရမယ်”
“မင်းတို့က နတ်ဆိုးမျိုးနွယ်ရဲ့ ပြေးမလွတ်နိုင်တဲ့ ကပ်ဘေး ဖြစ်လာပြီး သူတို့အသက်ကို နုတ်ယူမယ့် သေမင်းတွေ ဖြစ်လာရမယ်”
“သွားကြ၊ နတ်ဆိုးမျိုးနွယ်ရဲ့ သွေးကိုသုံးပြီး ငါ့ရဲ့ ကာလိုမျိုးနွယ်ရဲ့ မြင့်မြတ်မှုကို တိုးမြှင့်ကြ၊ နတ်ဆိုး မျိုးနွယ်ရဲ့ အမိန့်ကို သုံးပြီး ငါတို့ ကာလို မျိုးနွယ်ရဲ့ ဂုဏ်ကျက်သရေကို ထွန်းတောက် ကြ”
“ဒီနေ့ အစွမ်းပြလိုက်ကြစမ်း”
ဝုန်း!
မိုနာဒို၏ စကားလုံးများက ကာလိုမျိုးနွယ်များအပေါ် အလွန်အမင်း လွှမ်းမိုးနိုင်စွမ်းရှိသည်ကိုတော့ ဝန်ခံရ ပေမည်။ စကားလုံးအချို့နှင့်တင် ထောင်သောင်း ချီသော ကာလိုစစ်တပ်၏ စိတ်များက တဟုန်းဟုန်း တောက်လောင်လာ၏။
ကာလို နတ်ဘုရားမျိုးနွယ်တိုင်း စိတ်လှုပ်ရှားမှု ကြောင့် နီမြန်းနေသော မျက်နှာထားများဖြင့် လက်သီးလက်မောင်း တန်း၍ အော်ဟစ် လာကြသည်။
“သတ်”
“သတ်”
“…”
ကြွေးကြော်သံနှင့်အတူ စစ်သားတစ်သိန်းက အာကာသ ထဲမှနေ၍ ကမ္ဘာဂြိုဟ်ပေါ်သို့ ဆင်းသက် လိုက်သည်။ ထိုစဉ် အားဆန်က ရှေ့သို့ သုံးလှမ်း တိုးလာပြီး အော်ပြောလိုက်သည်။
“ပြောစရာရှိသေးတယ်”
*ဟမ်*
ကာလိုစစ်သားတိုင်း မသိမသာ မှင်တက်သွားပြီး ခြေလှမ်းများ ရပ်တန့်သွားသည်။ အားလုံး သံသယ မျက်လုံးများဖြင့် ထိပ်ပြောင်အားဆန်ကို လှည့်ကြည့် လာ၏။ ကာလိုနတ်ဘုရား မိုနာဒို တောင်မှ မျက်မှောင်ကြုတ်သွားရသည်။
“အားဆန် ဘာဖြစ်တာလဲ”
ထိုစကားကြောင့် အားဆန်က ခပ်သွက်သွက် ပြန်ပြော လိုက်သည်။
“အရှင်မိုနာဒို၊ တစ်စုံတစ်ယောက်က ခင်ဗျားကို အမှာစကား ပါးလိုက်ပါတယ်၊ ကာလိုမျိုးနွယ် တစ်ခုလုံးကို ပြောခိုင်းလိုက်တာပါ”
*ဘာ*
ထိုစကားကြောင့် ကာလိုနတ်ဘုရား မိုနာဒို တစ်ယောက် မသိမသာ အံ့အားသင့်သွားရပြီး ခံရ ခက်သော ခံစားချက်မျိုးကို ခံစားလိုက်ရသည်။
ထိုအခိုက်တွင် သူသည် မျက်မှောင်ကြုတ်၍ အေးတိ အေးစက် ကြည့်နေမိသည်။
“ဘာစကားလဲ”
“တစ်စုံတစ်ယောက်က ခင်ဗျားကို ပြောဖို့ မှာလိုက် တာပါ”
ထိပ်ပြောင်အားဆန်က ကာလိုနတ်ဘုရား မိုနာဒိုကို ကြည့်၍ လှောင်ပြောင်သရော်ဟန် ပြုံးနေသည်။
“နတ်ဆိုးတွေက မသေဆုံးနိုင်ဘူး၊ နတ်ဆိုးဧကရာဇ် သက်တော်ရာကျော် ရှည်ပါစေ”
ထိုစကားသည် ကာလိုနတ်ဘုရား မိုနာဒိုနှင့် ထောင်သောင်းချီသော ကာလိုစစ်တပ်၏ နားထဲတွင် ဗုံးပေါက်သံကဲ့သို့ ကြားယောင် လိုက် ရကာ မျက်နှာပျက်သွားကြသည်။
*နတ်ဆိုးတွေက မသေဆုံးနိုင်ဘူး၊ နတ်ဆိုးဧကရာဇ် သက်တော်ရာကျော် ရှည်ပါစေ*
*ဒါက နတ်ဆိုးမျိုးနွယ်တိုင်းရဲ့ ဘဝဆောင်ပုဒ်ပဲ*
*အခု ထိပ်ပြောင်အားဆန်က အဲ့လိုပြောတယ် ဆိုတော့၊ ဒီအဓိပ္ပာယ်က …*
“သောက်ပုရွက်ဆိတ်ကောင်၊ မင်းကများ ငါ့ကို ကလိမ်ကျတယ်ပေါ့လေ”
ကာလိုနတ်ဘုရား မိုနာဒိုသည် ထိတ်လန့်၍ မျက်နှာ ဖြူရော်သွားပြီး လက်ကိုမြှောက်၍ ထိပ်ပြောင် အားဆန်ကို တိုက်ခိုက်လိုက်သည်။ ထိပ်ပြောင် အားဆန်ကမူ အဆင်သင့် ဖြစ်နေ၏။ သူက လှောင်ပြုံး ပြုံး၍ ပြောလိုက်လေသည်။
“သွေးကြွေးကို သွေးကြွေးနဲ့ပဲ ပြန်ဆပ်ရမယ်၊ မိုနာဒို ခင်ဗျားမျိုးနွယ် သုတ်သင်ခံရဖို့ အဆင်သင့် ပြင်ထား လိုက်တော့၊ ဟားဟားဟား …”
ရယ်သံနှင့်အတူ ထိပ်ပြောင်အားဆန်က သူ့လက် ထဲမှ ကျောက်စိမ်းအဆောင်ကို ဖိချေ လိုက်သည်။
ဝုန်း!
ရုတ်တရက် လေထုထဲ၌ ဟင်းလင်းပြင်လှိုင်းတစ်ခု ထွက်ပေါ်လာပြီး ထိပ်ပြောင်အားဆန်၏ ပုံရိပ် သည်လည်း ချက်ချင်း ပျောက်ကွယ်သွားသည်။
ထိုသည်သာမကချေ၊ ထောင်သောင်းချီသော မိုနာဒို စစ်တပ်၏ ပတ်လည်၌ ရုတ်တရက် အဖြူရောင် အလင်းတန်းများ ဖြာထွက်လာသည်။ ခြောက်ခြား ဖွယ် ဝင်္ကပါ အစီအရင်တစ်ခု ထွက်ပေါ်လာလေ၏။
“သွေးနတ်ဆိုး ဝိညာဉ်ဖမ်းဆီးခြင်း”
Chapter 609 နတ်ဆိုးအဖွဲ့
“သွေးနတ်ဆိုး ဝိညာဉ်ဖမ်းဆီးခြင်း”
ကြောက်မက်ဖွယ် ကောင်းလှသော ဝင်္ကပါ အစီအရင်ကို မြင်ပြီးနောက် ကာလိုနတ်ဘုရား မိုနာဒိုနှင့် ထောင်သောင်းချီသော စစ်တပ်များသည် ထိတ်လန့် သွေးပျက်သွားကြလေသည်။
ထိုအစီအရင်သည် မိစ္ဆာကဲ့သို့သော အစီအရင် ဖြစ်သည်။ အစီအရင်က အလွန် အင်အားကြီး ရုံသာမက သွေးပျက်ဖွယ် ကောင်းလောက်အောင် အလွန် ရက်စက်လှသည်။
ထိုစဉ်အခါက နတ်ဆိုးမျိုးနွယ်သည် တည်ထောင် ခါစသာ ရှိသေးသည်။ အင်အားက နည်းပါးနေ သော်လည်း နတ်ဘုရား၊ အင်မော်တယ်နှင့် မကောင်းဆိုးဝါး စသည့် မျိုးနွယ်သုံးခု၏ နှိပ်စက် ခြင်းကို ခံခဲ့ရသည်။
မျိုးနွယ်သုံးခု၏ ထိပ်သီးသိုင်းပညာရှင်များက ထောင်သောင်းချီသော သိုင်းပညာရှင်များကို ဆော် ဩ စည်းရုံး၍ နတ်ဆိုးဂြိုဟ်သို့ သွားကာ အားနည်း သော နတ်ဆိုးမျိုးနွယ်များကို တတ်နိုင်သလောက် သတ်ဖြတ်ရန် စီစဉ်ခဲ့သည်။
သို့သော် ထိုအချိန်တွင် သူတို့သည် သွေးနတ်ဆိုး ဝိညာဉ် အစီအရင်ဖြင့် ချုပ်နှောင်ခြင်း ခံခဲ့ရသည်။ ထိုစဉ်က လဝက်မျှ လေပြင်း တိုက်ခတ်၍ သွေးမိုး ရွာ ခဲ့သည်။
မရေတွက်နိုင်သော ကြောက်မက်ဖွယ်ကောင်းသည့် ပုဂ္ဂိုလ်များသည် အစီအရင်တွင်း၌ ယဇ်ကောင် များအဖြစ် သွေးယစ်ပူဇော်ခြင်း ခံရလေ၏။ ထိုကံဆိုး မိုးမှောင်ကျမှုကြီးသည် ဂြိုဟ်များကြား၌ ပျံ့နှံ့ သွားလေသည်။
လဝက်ကြာပြီးနောက် ဝင်္ကပါ အစီအရင် ပျောက်ကွယ် သွားပြီး ထိပ်သီး သိုင်းပညာရှင်များနှင့် မျိုးနွယ် သုံးခု၏ သိုင်းပညာရှင်များသည် သွေးအိုင် အဖြစ်သို့ ပြောင်းလဲသွားသည်။
ရက်စက်လွန်းလှသည်၊ ခြိမ်းခြောက်နိုင်လွန်းလှ၏။
ဤ သွေးနတ်ဆိုး ဝိညာဉ်ဖမ်းဆီးခြင်း အစီ အရင်သည် ကြောက်မက်ဖွယ်အကောင်းဆုံးသော အစီအရင်များထဲမှ တစ်ခု ဖြစ်လေသည်။ ထို့ကြောင့် နတ်ဆိုးမျိုးနွယ်များသည် တိုက်ပွဲကို တိုက်ခိုက် နိုင်ခဲ့ပြီး စကြဝဠာထဲ၌ လက်ဦးမှု ရယူနိုင်ပြီး မျိုးနွယ် သုံးခုကို တုန်လှုပ်စေခဲ့သည်။
ထိုစဉ်အချိန်က ကာလိုနတ်ဘုရား မိုနာဒိုသည် ထိုသွေး နတ်ဆိုး ဝိညာဉ်ဖမ်းဆီးခြင်း အစီအရင်ကို မျက်ဝါးထင်ထင် မြင်တွေ့ခဲ့သူ ဖြစ်သည်။
“လာကြ၊ အတူတူ တိုက်ခိုက်ကြမယ်”
မိုနာဒို မျက်ခုံးလှုပ်နေသည်။ သူသည် ရေခဲအိုင်ထဲ ပြုတ်ကျသွားသကဲ့သို့ အေးစက်ချမ်းအေးသလို ခံစားလိုက်ရပြီး ထောင်သောင်းချီသော နတ်ဘုရား စစ်တပ်ကို ဟစ်အော်လိုက်သည်။ ဘေးပတ်လည်မှ ကာလို အကြီးအကဲများနှင့် မရေတွက်နိုင်သော ကာလိုနတ်ဘုရားမျိုးနွယ်များသည်လည်း ကျင်ငယ်ရည် ထွက်မတတ် ကြောက်လန့် နေကြသည်။
ထိုသို့သောအချိန်၌ အားလုံးသည် လက်နက်များကို ထုတ်၍ သွေးနတ်ဆိုး ဝိညာဉ် ဖမ်းဆီးခြင်း အစီအရင်ကို စောင့်ကြည့်နေမိသည်။
ဝုန်း! ဝုန်း! ဝုန်း!
ထိုစဉ် ပြင်းထန်သော တိုက်ခိုက်မှုများ ကျရောက် လာပြီး အဖြူရောင် အလင်းတန်းများသည် အစီအရင် တွင်းမှ ဖြာထွက်လာသည်။
“မလုပ်နဲ့”
သည်းခြေပျက်မတတ် အော်ဟစ်နေသံများက နတ်ဘုရား စစ်တပ်တွင်းမှ ဆက်တိုက် ထွက်ပေါ် လာသည်။ နာမည် ကျော်ကြားသော နတ်ဘုရား စစ်တပ်သည် အဖြူရောင်အလင်းတန်းကြောင့် ဖျက်ဆီးခံ လိုက်ရလေသည်။ သူတို့၏ ခန္ဓာကိုယ် များ ပျက်ဆီးသွားပြီး နတ်ဘုရား စိတ်ဝိညာဉ် သည်လည်း အဖြူရောင်အလင်းတန်းကြောင့် ဖမ်းချုပ်ခြင်း ခံရပြီး အပြင်းအထန် သန့်စင်ခြင်း ခံလိုက်ရသည်။
“အား …”
ငယ်သံပါအောင် ကြောက်အားလန့်အား အော်ဟစ် သံ များက အဆုံးအစမရှိ ထွက်ပေါ်နေ၏။ သွေးသံ တရဲရဲနှင့် ခြောက်ခြားဖွယ် ကောင်းလှသည်။ ယခု အချိန်သည် ကာလို နတ်ဘုရားမျိုးနွယ်အတွက် ကမ္ဘာပျက် နေသလိုပင်။
သိုင်းပညာရှင်များ၏ ခန္ဓာကိုယ် အပိုင်းအစ များသည် တစ်စစီ ပြတ်ထွက်သွားပြီး သွေးမိုးရွာ သွန်းနေလေသည်။
“ချီးတဲ့မှပဲ၊ ီး”
ကာလိုနတ်ဘုရား မိုနာဒို ရူးမတတ် ဖြစ်နေ လေသည်။ ကာလို နတ်ဘုရားမျိုးနွယ်များ သတ်ဖြတ်ခံ နေရသည်ကို သူ မတတ်သာဘဲ ကြည့်နေ ရသည်။
သူ လူတစ်ယောက်ကို ကယ်နိုင်သော်လည်း ထောင်သောင်းချီသော လူများကို မကယ်တင် နိုင်ပေ။ ထို့အပြင် ဤနေရာ၌ ရှိနေသော လူများက မရေတွက်နိုင်ပေ။
ရဲရဲနီသော သွေးများက ကောင်းကင်ထက်မှ ရွာသွန်းနေပြီး ပြတ်ထွက်သွားသော အသားစများက တဖြုတ်ဖြုတ် ကျဆင်းနေသည်။
“နတ်ဆိုးဧကရာဇ်”
ကာလိုနတ်ဘုရား မိုနာဒို သွေးစိမ်းရှင်ရှင် ကျနေ၏။ ထိုသူများအားလုံးသည် ကာလို နတ်ဘုရား မျိုးနွယ်၏ အတော်ဆုံးသူများ ဖြစ်သည်။
ထိုသူတို့ကို ဖျက်ဆီးသတ်ဖြတ်လိုက်ပါက ကာလို နတ်ဘုရားမျိုးနွယ်တစ်ခုလုံးကို ဖျက်ဆီး လိုက်သည် နှင့် ညီမျှလေသည်။ ပေးဆပ်ရသည့် တန်ဖိုးက အလွန် ကြီးမားလွန်းလှ၏။
ဂျွတ်! ဂျွတ်!
မိုနာဒို၏ အော်ဟစ်သံအဆုံး၌ အက်ကွဲသံများကို ကြားလိုက်ရပြီး ဘေးပတ်လည် လေဟာနယ် တစ်ခုလုံး အက်ကွဲသွားသည်။
ကာလိုနတ်ဘုရား မိုနာဒိုနှင့် သူ၏ ကျန်ရှိနေ သေးသော မျိုးနွယ်များသည် အက်ကွဲရာများမှနေ၍ လူတစ်ချို့ ရောက်လာသည်ကို တွေ့လိုက်ရသည်။
ဆယ်ယောက်၊ အယောက်တစ်ရာ၊ အယောက် တစ်ထောင်၊ အယောက်တစ်သောင်း။
အချိန်တိုအတွင်းမှာပင် ကောင်းကင်ထက်၌ ထောင်သောင်း ချီသော နတ်ဆိုးများနှင့် ပြည့်နှက် လာလေသည်။ အနက်ရောင်ဝတ်စုံများနှင့် ခြောက်ခြားဖွယ် ကောင်းလှသည်။ အထူးသဖြင့် ရှေ့ဆုံးမှ ဦးဆောင်လာသော လူသုံးယောက်ပင်။ ထိုသူသုံးယောက်ကို မြင်သည်နှင့် ကာလိုနတ်ဘုရား မိုနာဒို၏ မျက်လုံးများ ကျွတ်ကျမတတ် ပြူးကျယ် လာသည်။
“နတ်ဆိုးဧကရာဇ်၊ အမှောင်သခင်၊ ချီယန်”
“မဟုတ်ဘူး၊ မဖြစ်နိုင်ဘူး”
ကာလိုနတ်ဘုရား ကိုယ့်မျက်လုံးကိုယ် မယုံနိုင် ဖြစ်သွားရသည်။
*ချီယန် နတ်ဆိုးဘုရင်၊ လွန်ခဲ့တဲ့ နှစ်ခြောက်ထောင် တုန်းက သေသွားတဲ့ ဒီနတ်ဆိုးက ဘယ်လိုလုပ် အသက်ပြန်ရှင်လာတာလဲ*
ဤသည်က မိုးကောင်းကင်နှင့် မြေကြီးအား ပြောင်းပြန်လှန်လိုက်သလိုပင်။ သူသည်သာမက ဘေးပတ်လည်မှ ကာလိုမျိုးနွယ် စစ်တပ်ကြီး သည်လည်း ကြောက်လန့်သွားလေသည်။
*ပြန်လည်မွေးဖွားလာတဲ့ နတ်ဆိုးဧကရာဇ်နဲ့ မဟာ နတ်ဆိုးဘုရင် နှစ်ယောက်ပါလား*
*ပြီးတော့ များလှတဲ့ နတ်ဆိုးတွေ၊ မြေကမ္ဘာ နတ်ဆိုးနဲ့ မဟာနတ်ဆိုးတွေ*
ထို့အပြင် ယဲ့ဖန်၏ ဆံပင်များက ဖြူဖွေးနေပြီး ကောင်းကင်ယံထက်၌ ရပ်တန့်ကာ ပုရွက်ဆိတ် တစ်သိုက်အား ကြည့်သကဲ့သို့ ငုံ့ကြည့်နေ၏။ ထို့နောက် သူသည် လက်တစ်ဖက်ကို ဝှေ့ယမ်း လိုက်သည်။ ထိုအခါ မည်းမှောင်နေသော အရာများ က ပျံသန်း၍ သွေးဝင်္ကပါ အစီအရင်ထံသို့ ချဉ်းကပ် လာသည်။
ကာလိုနတ်ဘုရား မိုနာဒိုနှင့် များစွာသော ကာလို နတ်ဘုရားမျိုးနွယ်များသည် ထိုအရာများကို သေချာမြင်လိုက်ရပြီးနောက် သွေးပျက်မတတ် ဖြစ်သွားကြသည်။
*ခေါင်းပြတ်တွေပါလား*
*သွေးအလိမ်းလိမ်းနဲ့ ခေါင်းပြတ်တွေ*
များစွာသော ခေါင်းပြတ်များက ဝင်္ကပါ အစီအရင် နားသို့ ရောက်ရှိလာသည့်အခါ၌ ကာလို နတ်ဘုရား မျိုးနွယ်များ အားလုံး သေချာမြင်လိုက်ရသည်။
“ကလန်သားတွေ၊ ဒါတွေအားလုံးက ငါ ချန်ထား ရစ်ခဲ့တဲ့ ကာလို မျိုးနွယ်ဝင်တွေ”
ကာလိုနတ်ဘုရား မိုနာဒိုသည် မိုးကြိုးပစ် ချခံလိုက်ရသလို ခံစားလိုက်ရသည်။ မိုနာဒိုနှင့် အကြီးအကဲများသည် နယ်မြေထဲမှ ထွက်ခွာ လာပြီးနောက် ကာလိုနတ်ဘုရား နယ်မြေထဲ၌ တပ်ငယ် တစ်ဝက်မျှနှင့် မျိုးနွယ်ဝင်များကို ချန်ထား ရစ်ခဲ့သည်။ ယခု မြင်လိုက်ရသည့် ခေါင်းပြတ် များသည် ထိုလူများ၏ ဦးခေါင်းများပင် ဖြစ်လေ တော့သည်။
“တူလေး”
“အဖေ”
“…”
ထိုအခိုက်တွင် သွေးဝင်္ကပါ အစီအရင်ထဲမှ အော်ဟစ်သံများ ထွက်ပေါ်လာသည်။ ထိုခေါင်းပြတ် များသည် မိုနာဒို၏ ကာလိုမျိုးနွယ် သိုင်းပညာရှင် များ၏ မိသားစုဝင်နှင့် ဆွေမျိုးသားချင်းများ ဖြစ်ကြသည်။ သို့သော် ယခုအခါတွင်တော့ သွေး အလိမ်းလိမ်းနှင့် ခေါင်းပြတ်တစ်ခုသာ ကျန်ရစ် တော့သည်။
ထိုခေါင်းပြတ်များ၏ မျက်နှာထက်တွင် ကြောက် မက်ဖွယ် ကောင်းသည့် တစ်စုံတစ်ရာနှင့် ကြုံတွေ့ လိုက် ရသကဲ့သို့ အလွန်အမင်း ကြောက်ရွံ့ သွေးပျက် နေဟန်များ ထင်ဟပ်နေ၏။
“နတ်ဆိုးဧကရာဇ်၊ ခင်ဗျား ကျုပ်ရဲ့ ကာလိုမျိုးနွယ်ကို တကယ် ဖျက်ဆီးပစ်ချင်နေတာလား၊ သူတို့ တွေလည်း နတ်ဆိုးတွေ ဖြစ်ခဲ့တာပဲ၊ သူတို့ကလည်း သွေးသံတရဲရဲနဲ့ တိုက်ပွဲဝင်ခဲ့ဖူးတဲ့ ခင်ဗျား ညီအစ်ကိုတွေ ဖြစ်ခဲ့တယ်လေ၊ ခင်ဗျား … တော်တော် အသည်းမာပါလား”
ယခုအချိန်၌ ကာလိုနတ်ဘုရား မိုနာဒိုသည် တအံ့တဩနှင့် ယဲ့ဖန်ကို စိုက်ကြည့်၍ ကြိမ်းမောင်း လေသည်။ သူ့စကားကို နားထောင်ပြီးနောက် ယဲ့ဖန်က သွေးဆာဟန်ဖြင့် ရက်စက်သော အပြုံးမျိုး ပြုံးလိုက်သည်။
“နတ်ဆိုးတွေ ဟုတ်လား”
“အစတုန်းက နတ်ဆိုးသစ္စာကို ကျိန်ဆိုခဲ့တဲ့ မင်းရဲ့ ကာလိုမျိုးနွယ်တွေပဲ နတ်ဆိုးမျိုးနွယ်ကို ပုန်ကန် ခဲ့တာလေ”
“အစတုန်းက တသွေးတည်း တသားတည်းလို့ သတ်မှတ်ခဲ့တဲ့ မင်းရဲ့ ကာလိုမျိုးနွယ်တွေကပဲ မင်းတို့ရဲ့ နောက်လိုက်တွေကို သတ်ခဲ့တာ”
ထိုသို့ပြောပြီးနောက် ယဲ့ဖန်က ရှေ့သို့တိုး၍ ပြတ်သားသော မျက်လုံးများဖြင့် ကြည့်လိုက်သည်။
“မင်းက နတ်ဆိုးမဖြစ်ထိုက်ဘူး၊ တစ္ဆေသရဲဘက် ဖြစ်သင့်တယ်”
ယဲ့ဖန်၏ စကားက ကာလိုနတ်ဘုရား မိုနာဒိုနှင့် ကာလိုနတ်ဘုရားမျိုးနွယ်အားလုံးကို တုန်လှုပ် သွားစေသည်။
သွေးဆာလွန်းသည်၊ ခက်ထန်လွန်းသည်။
ပြန်လည်မွေးဖွားလာသော နတ်ဆိုးဧကရာဇ်က ယခင်ဘဝကထက် ပို၍ဆိုးနေပါတကား။ သို့သော် ဤသည်မှာ အစသာ ရှိသေးသည်။
“ကျဆုံးသွားတဲ့ နတ်ဆိုးတွေ ဒီနေ့ မင်းတို့ရန်သူရဲ့ သွေးကိုသုံးပြီး မင်းတို့သူရဲကောင်းတွေအတွက် ယဇ်ပူဇော်ကြ”
“မင်းတို့ရန်သူရဲ့ ဦးခေါင်းကိုသုံးပြီး မင်းတို့ရဲ့ နာကျင်မှုတွေကို ချေဖျက်သန့်ရှင်းလိုက်ကြ”
ထို့နောက် ယဲ့ဖန်သည် သူ၏ လက်ချောင်းထိပ်ကို ကိုက်ဖောက်၍ ဖြူဖွေးနေသော သူ့ဆံပင် သုံးချောင်းကို ဖြတ်တောက်၍ လေထဲ လွင့်မျော စေလိုက်သည်။
ထိုဆံပင်ဖြူများသည် အချိန်ဥပဒေသနှင့် ဆင်တူ သည်။ ယဲ့ဖန်၏ နတ်ဆိုးသွေးနှင့် ပေါင်းစပ် ပြီးနောက် ကောင်းကင်တစ်ခုလုံး ရုတ်တရက် လင်းထိန် သွား၏။
ထို့နောက် ပုံရိပ်များ ထွက်ပေါ်လာသည်။ ထိုပုံရိပ် များသည် ယဲ့ဖန်၏ မှတ်ဉာဏ်ထဲမှ နတ်ဆိုးများ၏ ပုံရိပ်ဖြစ်လေသည်။
ထိုပုံရိပ်များကိုကြည့်ပြီး အမှောင်နတ်ဆိုးဘုရင်နှင့် ချီယန် နတ်ဆိုးဘုရင်သာမက ဘေးပတ်လည်မှ နတ်ဆိုးများ၊ မြေကမ္ဘာနတ်ဆိုးများနှင့် မဟာနတ်ဆိုး များအားလုံး တုန်လှုပ်သွားသည်။
“အစ်ကို သွေးအဆိပ်”
“လေပြင်းမုန်တိုင်း”
“အစ်ကိုရွှမ်ထျန်း”
“….”
ထိုဝမ်းပန်းတနည်း အော်ခေါ်နေသော နာမည် များသည် သေဆုံးသွားခဲ့သော နတ်ဆိုး မျိုးနွယ် များ၏ နာမည်များပင် ဖြစ်သည်။ ထိုနတ်ဆိုးတို့၏ ပုံရိပ်များ ထွက်ပေါ်လာသည်နှင့် ယဲ့ဖန်က နတ်ဆိုး များနှင့် ထိုပုံရိပ်များကို ဦးဆောင်ကာ အမိန့်ပေး လိုက်သည်။
“သတ်ဖြတ်ခြင်း စတင်ပြီ”