အခန်း (၆၁၀-၆၁၂)
Vol. 41 Ch. 610-612
Chapter 610 မင်းတို့အသက်အတွက် ငါ့ရဲ့ နတ်ဆိုးဝိညာဉ်ကို စတေးမယ်
“အား…”
သွေးနတ်ဆိုး ဝိညာဉ် ဖမ်းဆီးခြင်း အစီအရင်မှနေ၍ အော်ဟစ်သံများ ဆက်တိုက်ထွက်ပေါ်လာသည်။ ထိုအော်သံ အတွင်း၌ အလွန် ထိတ်လန့် သွေးပျက် နေဟန်များ ပါဝင်နေ၏။
ကာလိုနတ်ဘုရား မျိုးနွယ်တိုင်း၏ ခန္ဓာကိုယ် များသည် အဖြူရောင် အလင်းတန်းများကြောင့် စုတ်ပြဲသွားပြီး သူတို့၏ နတ်ဘုရာ စိတ်ဝိညာဉ် များသည်လည်း အဆက်မပြတ် ဖြတ်တောက်ခြင်း ခံလိုက်ရသည်။
ဆယ်ယောက်၊ အယောက်တစ်ရာ၊ အယောက် တစ်ထောင်။
ကာလိုနတ်ဘုရား မျိုးနွယ်များသည် ပြင်းထန်သော နာကျင်မှုနှင့် နောင်တတရားတို့ကို ခံစားရင်း သေကျေ ပျက်စီးသွားကြသည်။
မျက်တောင်တစ်ခတ်အတွင်းမှာပင် ထောင်ချီသော နတ်ဘုရား မျိုးနွယ်များသည် တစ်စစီ ခုတ်ပိုင်းခံ လိုက်ရပြီး စိတ်ဝိညာဉ်များပါ ပျက်စီးသွား ကြလေသည်။
ထို့အပြင် ကာလို နတ်ဘုရားစစ်တပ်၏ အရေ အတွက် သည်လည်း သိသိသာသာ ကျဆင်း သွားလေတော့သည်။
ကိုးထောင်မှ ရှစ်ထောင်၊ ခုနစ်ထောင်၊ ခြောက်ထောင်။ ရဲရဲနီသော သွေးများကလည်း ချောင်းအသွင်း စီးဆင်းနေ၏။ လေဟာနယ် အတွင်း၌ သွေးရောင်လွှမ်းလျက် ရှိသည်။
အသက်ရှင်နေသေးသော ကာလို နတ်ဘုရား မျိုးနွယ် များသည် လေထဲမှနေ၍ သူတို့မျိုးနွယ်ဝင် များ၏ သွေးနံ့ကို ရှူရှိုက်မိနေကြသည်။ စက်ဆုပ် ဖွယ် ကောင်းလှပေ၏။
“မလုပ်နဲ့”
ထိုအော်သံနှင့်အတူ နောက်ထပ် ကာလို နတ်ဘုရား မျိုးနွယ်ဝင်သည် ကာလိုနတ်ဘုရားရှေ့မှောက်၌ပင် ကိုယ် နှစ်ပိုင်းကွဲ၍ သေဆုံးသွားလေ၏။ သားသတ်ရုံသို့ ရောက်နေ သည့်အလား သွေးရောင်လွှမ်း၍ မသတီစရာ ကောင်းလှသည်။
“ငါ့မျိုးနွယ်ဝင်တွေ”
ကာလိုနတ်ဘုရား၏ မျက်လုံးမှ သွေးမျက်ရည်များ စီးကျလာသည်။ ယခုအချိန်၌ သူသည် နောင်တရစ ပြုလာသည်။ ယဲ့ဖန် ပြန်လည်မွေးဖွားလာမည်ကို သူ ကြိုသိခဲ့ပါက သူ အသတ်ခံရမည်ဆိုလျင်တောင်မှ နတ်ဆိုး မျိုးနွယ်ကို ပုန်ကန်မိမည် မဟုတ်ပါ။
တစ်ဖက်လူ၏ ရက်စက်မှုနှင့် ဆန်းကြယ်မှုတို့သည် သူ၏ စိတ်ထဲ၌ အမြဲတမ်း စွဲထင်နေသော အိပ်မက်ဆိုး ဖြစ်လေသည်။ ခွေးလိုဝက်လို အသတ်ခံနေရသည့် မျိုးနွယ်ဝင်များကို ကြည့်ပြီး သူ ရူးမတတ် အော်ဟစ် လိုက်မိသည်။
“နတ်ဆိုးဧကရာဇ်၊ ကျုပ်နဲ့ ယှဉ်တိုက်စမ်းပါ”
ကာလိုနတ်ဘုရား၏ အော်သံက ဂြိုဟ်များထံသို့ မိုးခြိမ်းသံ သဖွယ် ပဲ့တင်ထပ်သွားလေသည်။ သူ့စကား ကြောင့် ယဲ့ဖန်က နှုတ်ခမ်းတွန့်ရှုံ ပြုံးလိုက်သည်။
“ကောင်းပြီလေ၊ ဒီလိုဆိုမှတော့ ငါ မင်းနဲ့ တိုက်ပေးရတာပေါ့”
ယဲ့ဖန်သည် သူ၏အဆင့်က အထွတ်အထိပ်သို့ မရောက် သေးသလို နတ်ဆိုးများ ပူးပေါင်းလိုက်ရာမှ ထွက်ပေါ် လာမည့် အင်အားက ကာလိုနတ်ဘုရားကို သတ်နိုင် သည်အထိ လုံလောက်မှုမရှိသည်ကို သိနေသည်။
တစ်ဖက်လူအား ဖျက်ဆီးသုတ်သင်နိုင်မည့် တစ်ခု တည်းသော ဖြစ်နိုင်ချေမှာ နတ်ဘုရား စိတ်ဝိညာဉ် သုတ်သင် ခြင်းပင်။
ယဲ့ဖန်၏ စကားအဆုံး၌ သွေးနတ်ဆိုး စိတ်ဝိညာဉ် ဖမ်းဆီးခြင်း အစီအရင်သည် ရုတ်တရက် ရပ်တန့် သွားလေ၏။ ထိုအခါတွင်မှ အသက်ရှင် ကျန်ရစ်နေခဲ့သော ကာလိုနတ်ဘုရားမျိုးနွယ် တစ်သောင်းနီးပါးတို့သည် စိတ်သက်သာရ ရသွားကြလေသည်။
သို့သော် လေထဲ၌ လွင့်မျောနေသည့် သူတို့မိသားစုဝင်များ၏ အလောင်းများကို မြင်လိုက်ရချိန်တွင် အားလုံး၏ မျက်နှာ ထက်၌ အလွန် ယူကြုံးမရဟန်များ ထင်ဟပ် လာသည်။
နာရီအနည်းငယ်အတွင်း၌ သောင်းချီသော ကာလိုနတ်ဘုရား စစ်တပ်မှ ထက်ဝက်နီးနီး အသတ်ခံလိုက်ရလေ၏။
ကောင်းကင်ထက်တွင် သွေးစက်များနှင့် အရိုးများက လွင့်မျောနေပြီး လေဟာနယ်တစ်ခုလုံးသည် အလောင်း တောင် သာမက သွေးပင်လယ် ဖြစ်လာလေတော့သည်။
ကာလိုနတ်ဘုရားသည် အစီအရင် ရပ်တန့်သွားသည်ကို မြင်ပြီးနောက် အလွန် ဝမ်းသာသွားလေသည်။
“စောက်တုံး၊ အရူး၊ သူ ဝင်္ကပါ အစီအရင်ကို တကယ် ရပ်ပစ်လိုက်တာပဲ”
ကာလိုနတ်ဘုရား ကျိတ်၍ ရယ်မောမိသည်။ အစော ပိုင်းတုန်းက သူသည် ဝင့်ကြွားစွာ ပြောလိုက်ရုံမျှသာ ဖြစ်သည်။ ယဲ့ဖန်က အစီအရင်ကို တကယ် ရပ်တန့်ပြီး တစ်ကိုယ်တည်း တိုက်ခိုက်လိမ့်မည်ဟု သူ မျှော်လင့် မထားမိပေ။
ဤသည်မှာ အမှန်ပင် အံံ့အားသင့်စရာ ကောင်းလှပေသည်။
“စောင့်ကြည့်နေလိုက်၊ နတ်ဆိုးဧကရာဇ် ကျုပ် ခင်ဗျားကို အရှင်လတ်လတ် နှိပ်စက်ပြီးမှ အသေသတ်ပစ်မယ်၊ ခင်ဗျားကိုယ်ခင်ဗျား စကြဝဠာကြီးကို ကိုင်လှုပ်ခဲ့တဲ့ တစ်ချိန်က နတ်ဆိုးဧကရာဇ်လို့ ထင်နေတာလား”
ကာလိုနတ်ဘုရားက သရော်ပြုံး ပြုံးလိုက်သည်။ သူ၏ ခွန်အားသည် နတ်ဘုရားဘုရင်အဆင့်ကို ကျော်လွန်၍ နတ်ဘုရား အဆင့်ကို ရောက်ရှိနေပြီ ဖြစ်သည်။
စကြဝဠာတစ်ခွင်၌ နတ်ဘုရားမျိုးနွယ်၊ အင်မော်တယ် မျိုးနွယ်၊ နတ်ဆိုးမျိုးနွယ်နှင့် မကောင်းဆိုးဝါးမျိုးနွယ်များမှ ပုန်းကွယ်နေသော မကောင်းဆိုးဝါးအိုကြီးများနှင့် လောက သခင် သုံးပါးမှလွဲ၍ သူ့နှင့်ယှဉ်နိုင်သူ မရှိလု နီးပါးပင်။
ပြောရမည်ဆိုလျင် လက်ရှိ ယဲ့ဖန်သည် နတ်ဘုရားဂိုဏ်းချုပ် အထွတ်အထိပ်အဆင့်မျှသာ ဖြစ်သည်၊ သို့သော် သူကမူ ယဲ့ဖန်ထက် အဆင့် ဆယ့်ခုနစ်ဆင့် မြင့်နေလေ၏။
ဤသို့နိမ့်ပါးသော အဆင့်ရှိသည့်သူအား လက်တစ်ဖက် တည်းနှင့်ပင် အကြိမ်ကြိမ်အခါခါ သတ်ရန် လုံလောက်နေပြီ ဖြစ်သည်။ ထိုသို့တွေးတောပြီးနောက် ကာလိုနတ်ဘုရားက ပျက်ရယ်ပြုလိုက်သည်။
“နတ်ဆိုးဧကရာဇ် ခင်ဗျား အမှောင်နတ်ဆိုးဘုရင်နဲ့ ချီယန် နတ်ဆိုးဘုရင်ကို ခင်ဗျားဘက်က ကူတိုက်ခိုင်း စေချင် သေးလား”
“ကျုပ် ခင်ဗျားကို သိစေချင်တာက ကျုပ်က စဦးနတ်ဘုရား အဆင့်ကို ရောက်နေပြီဆိုတာပဲ၊ သူတို့ အတူတူ ပူးပေါင်း တိုက်ခိုက်မယ်ဆိုရင်တောင်မှ သူတို့က ကျုပ်ပြိုင်ဘက် မဟုတ်ဘူး”
“အင်း … နတ်ဆိုးဧကရာဇ်က ကျုပ်နဲ့ သေခြင်းရှင်ခြင်း တိုက်ပွဲ မတိုက်ရဲဘူးဆိုရင်တော့ ခင်ဗျား လက်အောက် ငယ်သားတွေကို ရှေ့တက်ခိုင်းလိုက်ပါ၊ ကျုပ် နားလည် ပါတယ်၊ အခု ခင်ဗျားက ဘာမဟုတ်တဲ့ ပုရွက်ဆိတ် သာသာပဲကို”
ကာလိုနတ်ဘုရား၏ စကားများသည် တမင် ဆွပေး နေခြင်းသာ ဖြစ်လေသည်။ သူ၏ စကားလုံးများက သိသိ သာသာပင် ယဲ့ဖန်ကို ပုတ်ခတ်နေပြီး အမှောင်သခင်နှင့် ချီယန်တို့အား ယဲ့ဖန်ကို အကူအညီမပေးအောင် တမင် အကွက် ချလိုက်ခြင်း ဖြစ်သည်။
ထိုစကားကို ကြားသည်နှင့် အမှောင်သခင်သာမက ချီယန်ပါ ပျက်ရယ်ပြု၍ အထင်သေးသလို ကြည့်လာကြသည်။
“မိုနာဒို မင်း အတွေးလွန်နေပြီ၊ အရင်ဘဝတုန်းက သခင်ကြီးက မင်းကို ကြက်တစ်ကောင်လို သတ်ခဲ့တယ်၊ ဒီနေ့တော့ သခင်ကြီးက မင်းကို ခွေးတစ်ကောင်ကို သတ်သလို ရစရာမရှိအောင် သတ်ပစ်လိမ့်မယ်”
အမှောင်သခင်က အထင်သေးသလိုသာ ပြုံးနေသည်။ သူသည် ကြည့်ရုံသာကြည့်နေပြီး ဝင်ပါရန် စိတ်မကူးပေ။ ယဲ့ဖန်အပေါ် သူ ယုံကြည်မှုရှိပုံရသည်။
ဘေးနားမှ ချီယန်သည်လည်း ခေါင်းတခါခါနှင့် ကာလို နတ်ဘုရား မိုနာဒိုအား အရူးတစ်ယောက်ကို ကြည့်သကဲ့သို့ ကြည့်နေသည်။
*ဟမ်*
ဤအဖြစ်ကြောင့် ကာလိုနတ်ဘုရား မသိမသာ အံ့အားသင့် သွားရသည်။
*ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ*
*ဒါက သူ့ထက် အဆင့်ဆယ့်ခုနစ်ဆင့် မြင့်တဲ့သူနဲ့ တိုက်ရမယ့် တိုက်ပွဲလေ*
*ဘယ်လိုလုပ် နတ်ဆိုးဘုရင် နှစ်ပါးရဲ့ အမူအရာက ယဲ့ဖန်က ငါ့ထက် အဆင့်မြင့်သလို သတ်မှတ်နေရတာလဲ*
*နတ်ဆိုးဧကရာဇ်က သူ့ထက် အဆင့်ဆယ့်ခုနစ်ဆင့် မြင့်တဲ့သူကို တကယ် အနိုင်ယူနိုင်လို့လား*
“မဟုတ်ဘူး လုံးဝပဲ”
ထိုစဉ် ကာလိုနတ်ဘုရားက ခေါင်းတွင်တွင်ခါ၍ မဖြစ်နိုင်သော အတွေးအား ခေါင်းထဲမှ ထုတ်လိုက်သည်။
ယခင်ဘဝတုန်းက ယဲ့ဖန်သည် အလွန် သန်မာလှပြီး အဆင့်ဆယ်ဆင့် ပိုမြင့်သောလူအား အသာလေး အနိုင်ယူ နိုင်ပေသည်။ ယခုဘဝ၌ ဆယ့်ခုနစ်ဆင့်မြင့်သောသူကို အနိုင်ယူနိုင်ပါမည်တဲ့လား။
ဤသည်မှာ လုံးဝမဖြစ်နိုင်ချေ၊ စကြဝဠာ၏ ရှည်လျားသော သမိုင်းကြောင်းထဲတွင်တောင်မှ ထိုသို့တစ်ခါမှ မဖြစ်ခဲ့ဖူးပေ။
ထိုသို့သောအချိန်၌ ကာလိုနတ်ဘုရားသည် ကိုယ်ကို အသာလှုပ်လိုက်သောအခါ ပြင်းထန်၍ ဖိနှိပ်နိုင်သော အရှိန်အဝါတစ်ခု ပျံ့လွင့်လာသည်။ ရှေးဟောင်း သားရဲ တစ်ကောင်က စူးစိုက်ကြည့်သကဲ့သို့ ယဲ့ဖန်အား ကြည့်နေလေ၏။
ယဲ့ဖန်က ရှေ့သို့တက်လာပြီး ကာလိုနတ်ဘုရားက အသာ လက်ယပ် ခေါ်လေသည်။
“လာလေ၊ မင်းရဲ့ စိတ်ဝိညာဉ် သုံးခုတင်မကဘဲ ခုနစ်ခုလုံး ကိုပါ နုတ်ယူပြီး ငါ့နတ်ဆိုးဝိညာဉ်အတွက် မင်းအသက်ကို ယဇ်ပူဇော်ပစ်မယ်”
*ဟာ*
*မောက်မာလှချည်လား*
*ဘဝင်မြင့်လွန်းတယ်*
ကာလိုနတ်ဘုရားသာမက ကာလိုနတ်ဘုရား စစ်တပ်မှ အသက်ရှင်ကျန်ရစ်သည့် ထောင်သောင်းချီသော နတ်ဘုရား မျိုးနွယ်များပါ ကိုယ့်နားကိုယ် မယုံနိုင်ဖြစ်သွားကြသည်။
နတ်ဘုရား ဂိုဏ်းချုပ်အဆင့်လေးက သူ့ထက် အဆင့် ဆယ့်ခုနစ်ဆင့်မြင့်တဲ့ နတ်ဘုရားအဆင့်တစ်ယောက်နဲ့ ရင်ဆိုင် နေရတာတောင်မှ ဒီလို ရူးကြောင်ကြောင် စကားမျိုး ပြောရဲသေးတယ်လား။ မယုံနိုင်စရာပဲ။
“နတ်ဆိုးဧကရာဇ် ခင်ဗျားရဲ့ မောက်မာမှုက ခင်ဗျားခွန်အားနဲ့ မလိုက်တာဘူးလို့ ပြောရမယ်”
ထိုသို့ပြောပြီးနောက် ကာလိုနတ်ဘုရားက လှောင်ပြုံး ပြုံးလိုက်သည်။
“နတ်ဆိုးဧကရာဇ်ရဲ့ သွေးကို ကျုပ် တကယ် အရသာခံ ချင်နေတာ၊ ဒီတော့ ခင်ဗျား သေလိုက်တော့”
ကာလိုနတ်ဘုရားသည် ထိုသို့ပြောပြီးနောက် နေရာမှ လှစ်ခနဲ ပျောက်ကွယ်သွားပြီး ယဲ့ဖန်ရှေ့သို့ ဖျတ်ခနဲ ရောက်ရှိ လာသည်။ ထို့နောက် ယဲ့ဖန်ထံသို့ လက်သီးတစ်ချက် ပစ်သွင်းလိုက်သည်။
“ကာလို နတ်ဘုရား လက်သီး”
ထိုနတ်ဘုရား လက်သီးချက်မှနေ၍ ပြင်းထန်သော အရှိန်အဝါများ ထွက်ပေါ်လာပြီး ဘေးပတ်လည်မှ လေဟာနယ်အား အက်ကွဲသွားစေသည်။ သန်မာလှသည်၊ ကြောက်မက်ဖွယ် ကောင်းလှ၏။
စဦး နတ်ဘုရားအဆင့်သို့ ရောက်နေသည့် ကာလို နတ်ဘုရား၏ လက်သီးချက်က နတ်ဘုရား ဘုရင်အဆင့် သိုင်းပညာရှင်တစ်စုအား သတ်နိုင်ပေသည်။
ထိုစဉ် အားလုံး ထိတ်လန့်သွားစေသည့် မြင်ကွင်းတစ်ခု ဖြစ်ပေါ်လာ၏။ အားလုံး၏ စိတ်ဝင်တစား ကြည့်နေသော အကြည့်အောက်၌ ယဲ့ဖန်က လက်ကိုအသာလှုပ်၍ လက်သီးဆုပ်ကာ ပြန်၍ ခုခံထိုးနှက်လိုက်သည်။
*လက်သီး လက်သီးချင်း တိုက်မလို့လား*
ကာလို နတ်ဘုရားစစ်တပ်တွင်း၌ ဆူညံပွက်လောရိုက်သွား သည်။ သူတို့က ယဲ့ဖန်ကို အရူးတစ်ယောက်ကို ကြည့်သကဲ့သို့ ကြည့်နေကြသည်။
ကာလို နတ်ဘုရား လက်သီးသည် ကြောက်မက်ဖွယ် ကောင်းလောက်အောင် ပြိုင်ဘက်ကင်းလှပြီး တစ်ဖက် လူထက် အဆင့်ဆယ့်ခုနစ်ဆင့် ပိုမြင့်သော်လည်း တစ်ဖက် လူက သံမဏိလက်သီးကိုသာ သုံး၍ ခုခံခြင်းက ကိုယ့်သေ တွင်း ကိုယ်တူးခြင်းသာ ဖြစ်လေသည်။
“ပွဲသိမ်းပြီပဲ၊ နတ်ဆိုးဧကရာဇ် ရူးသွားတာပဲ ဖြစ်မယ်၊ သူက အရင်ဘဝတုန်းက အင်အားကြီးခဲ့တဲ့ အချိန်တွေထဲမှာ နစ်မြုပ်နေတုန်းပဲကိုး”
“ဟုတ်တယ်၊ အရှင် အနိုင်ရပြီးတော့ အဲ့နတ်ဆိုးဧကရာဇ် သေတော့မှာပဲ”
“ဟားဟားဟား … နတ်ဆိုးဧကရာဇ်ကို သတ်ပြီး အမွေ အနှစ်ကို ဖမ်းချုပ်မယ်၊ ငါတို့ ကာလိုမိသားစုရဲ့ အတောက်ပဆုံးအချိန်တွေက နီးစပ်လာပြီပဲ”
“…”
ထိုသို့သောအချိန်၌ ကာလိုနတ်ဘုရား မျိုးနွယ်တိုင်းက လှောင်ပြုံးပြုံးနေကြသည်။ ကာလိုနတ်ဘုရား မိုနာဒိုဆိုလျင် ပို၍တောင်မှ ဆိုးသေးလေသည်။
“သေလိုက်တော့”
ကာလိုနတ်ဘုရား လက်သီးချက်က ပို၍ပြင်းထန်လာပြီး ချက်ချင်းဆိုသလိုပင် ယဲ့ဖန်၏ သံမဏိလက်သီးနှင့် ထိပ်တိုက် တွေ့သွားလေသည်။
Chapter 611 ပြိုင်ဘက်ကင်း နတ်ဆိုး
“ပွဲသိမ်းတော့မှာလား”
ထိုသို့သောအချိန်၌ ယဲ့ဖန်နှင့် ကာလိုနတ်ဘုရားတို့၏ လက်သီးချင်း ပြင်းထန်စွာ ထိပ်တိုက်တွေ့သွားသည်ကို ကြည့်ပြီး ကာလို နတ်ဘုရားမျိုးနွယ်တို့၏ မျက်နှာထက်၌ အလွန်တရာ ဝမ်းသာအားရနေဟန်များ ဖြစ်ပေါ်လာသည်။
ကာလိုနတ်ဘုရား၏ လက်သီးချက်အောက်၌ ပြန်လည် မွေးဖွားလာသော နတ်ဆိုးဧကရာဇ်တစ်ယောက် ပေါက်ကွဲ၍ ပျက်စီးသေဆုံးသွားလိမ့်မည်ဟု မြင်ယောင်နေကြပုံရသည်။ လူတိုင်း ဝမ်းသာမဆုံးနိုင် ဖြစ်နေကြ၏။
ဝုန်း!
ထိုသို့သောအချိန်၌ လက်သီးချင်း ထိပ်တိုက် တွေ့ဆုံပြီးနောက် ထိတ်လန့်ဖွယ် ပေါက်ကွဲမှုတစ်ခု ဖြစ်ပေါ် လာပြီး ပြင်းထန်သော လက်သီးမုန်တိုင်းက ဘေးပတ်လည်မှ ကာလိုနတ်ဘုရားမျိုးနွယ်များကို လွင့်ထွက်သွားစေသည်။
လူတိုင်း၏ မျက်နှာထက်၌ ထိတ်လန့်ခြောက်ခြားဟန်များ ထင်ဟပ်လာ၏။ သို့သော် ဤမျှနှင့် မပြီးသေးချေ။
ဂျွတ်!
ကျိုးပဲ့သံ ထွက်ပေါ်လာပြီးနောက် ကာလိုနတ်ဘုရား မျိုးနွယ်တိုင်း၏ အပြုံးများ ချက်ချင်း အေးခဲသွားလေသည်။ အဘယ်ကြောင့်ဆိုသော် ထိုကျိုးပဲ့သံသည် ကာလို နတ်ဘုရား၏ လက်သီးမှ ထွက်ပေါ်လာခြင်း ဖြစ်သည်ကို သူတို့ မြင်တွေ့လိုက်ရသောကြောင့်ပင်။
*ဒါက*
ကာလိုနတ်ဘုရားမျိုးနွယ်တိုင်း မယုံသင်္ကာ ဖြစ်သွား ကြသည်။ အဘယ်ကြောင့်ဆိုသော် ကာလို နတ်ဘုရား၏ လက်သီးချက်က နတ်ဘုရားဘုရင်အဆင့် သိုင်းပညာရှင် တစ်ယောက်ကိုပင် သတ်နိုင်ရန် လုံလောက်နေသည်ကို သူတို့ သိထားသောကြောင့်ပင်။ သို့သော် ယခုအခါတွင်မူ နတ်ဘုရားဂိုဏ်းချုပ် အထွတ်အထိပ်အဆင့် သိုင်းပညာ ရှင်တစ်ယောက်က ထိခိုက်ဒဏ်ရာ ရသွားသည်တဲ့လား။
*ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ*
သို့သော် ထိုမျှနှင့် မပြီးသေးချေ။
ဂျွတ်!
ကျိုးပဲ့သံများ ထပ်မံပေါ်ထွက်လာပြီးနောက် အားလုံး၏ ထိတ်လန့်နေသော အကြည့်အောက်၌ ကာလိုနတ်ဘုရား၏ လက်သီးထံမှ ပင့်ကူမျှင်ကဲ့သို့သော အက်ကွဲရာများ အများအပြား ထွက်ပေါ်လာသည်ကို တွေ့လိုက်ရသည်။
ထို့နောက် ကာလိုနတ်ဘုရား၏ လက်သီးတစ်ခုလုံး လုံးဝ ပျက်စီးသွားလေတော့သည်။ အော်ဟစ်သံ ထွက်ပေါ် လာပြီးနောက် ကာလိုနတ်ဘုရားသည် ကပျာကယာနှင့် နောက်ဆုတ်လိုက်ပြီး အနောက်သို့ မီတာများစွာခန့် ဆုတ်ခွာလိုက်သည်။ သူ့လက်ကောက်ဝတ်၌ နီရဲသော သွေးများ တတောက်တောက် စီးကျလျက် ရှိသည်။
“သေစမ်း”
ပြတ်ထွက်သွားသော လက်ကောက်ဝတ်နေရာမှ ပြင်းထန် သော နာကျင်မှုက ကာလိုနတ်ဘုရားက ခိုက်ခိုက်တုန် သွားစေသည်။ သူ ယဲ့ဖန်ကို မယုံနိုင်ဟန်ဖြင့် ထိတ်လန့် တကြား ကြည့်လိုက်မိသည်။
ထိုအခိုက်တွင် ကာလိုစစ်တပ်တစ်ခုလုံး တိတ်ဆိတ်နေ၏။ အားလုံးသည် လည်ပင်းအစ်သလို ခံစားနေရကာ အသက်ရှူ ရခက်နေသည်။
*အဆင့်ဆယ်ခုနစ်ဆင့်ကို ကျော်ပြီး တစ်ချက်တည်းနဲ့ ဖျက်စီးပစ်လိုက်တယ်တဲ့လား*
*ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ*
*ဟာ*
တစ်ခဏမျှ တိတ်ဆိတ်နေပြီးနောက် နေရာအနှံ့မှနေ၍ ဆူညံပွက်လောရိုက်သံများ ထွက်ပေါ်လာသည်။ ကာလို နတ်ဘုရား စစ်တပ်တစ်ခုလုံး၏ မျက်နှာထားများက သရဲ သဘက်နှင့် တွေ့လိုက်ရသကဲ့သို့ ဖြူဖပ်ဖြူရော် ဖြစ်နေသည်။
“အဆင့်ဆယ့်ခုနစ်ဆင့်တောင်ကို၊ သူ … သူ ဘယ်လိုလုပ် လိုက်တာလဲ”
“မြတ်စွာဘုရား၊ မကောင်းဆိုးဝါးပဲ၊ ပြန်လည်မွေးဖွားလာတဲ့ နတ်ဆိုးဧကရာဇ်က မကောင်းဆိုးဝါးပဲ”
“ငါ … ငါ ပြိုင်ဘက်ကင်း နတ်ဆိုးတစ်ကောင်ကို မြင်လိုက် ရတဲ့ပုံပဲ၊ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲကွာ”
“….”
ယခုအချိန်၌ ကာလို နတ်ဘုရားမျိုးနွယ်တိုင်း ကျင်ငယ်ရည် ထွက်ကျမတတ် ကြောက်လန့်နေကြသည်။ သူတို့သည် မယုံနိုင်လောက်အောင် အံ့အားသင့်နေကြသည်။ အထူးသဖြင့် ကာလိုနတ်ဘုရား မိုနာဒိုပင်၊ သူသည် သရဲသဘက်နှင့် တွေ့နေရသကဲ့သို့ ဖြစ်နေ၏။
“အဆင့် ကိုးဆင့်သာတဲ့ ရန်သူကို အဆင့်ကျော် တိုက်ခိုက် နိုင်တာက ဖြစ်နိုင်တယ်”
“အဆင့်ဆယ်ဆင့်သာတဲ့ ရန်သူကို သတ်နိုင်တာလည်း ဖြစ်နိုင်တယ်”
“ဒါပေမဲ့ ငါ့လို အဆင့်ဆယ့်ခုနစ်ဆင့်သာတဲ့သူကို ဒဏ်ရာ ရအောင် လုပ်နိုင်တာက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ”
ကာလိုနတ်ဘုရား၏ စိတ်ထဲ၌ အလွန်တရာ ခြောက်ခြား နေ၏။ ယခင်ဘဝတုန်းကထက် ပိုသာလွန်၍ အံ့အားသင့်စရာ ကောင်းလွန်းလှသည်။
ယခင်ဘဝတုန်းက ယဲ့ဖန်သည် အဆင့် ဆယ့်ဆင့် ပိုသာသော ရန်သူကို သတ်နိုင်ခဲ့ပြီး ထိပ်သီးပုဂ္ဂိုလ်တစ်ယောက် ဖြစ်ခဲ့သည်။ ယခုအခါတွင် လက်ရှိဘဝမှ ယဲ့ဖန်က ယခင်ဘဝ ကထက် ပို၍သာလွန်ထက်မြက်နေလိမ့်မည်ဟု သူ တစ်ခါမှ ထင်မထားခဲ့မိပါ။
ထိုသို့ဆိုလျင် ယဲ့ဖန်သာ ယခင်ဘဝတုန်းက အနေအထားသို့ ရောက်ရှိသွားပါက စကြဝဠာတစ်ခုလုံး၌ သူ့ကို ယှဉ်နိုင်မည့်သူ မရှိနိုင်သလောက်ပင်။
ဤသည်ကိုတွေးမိပြီးနောက် ကာလိုနတ်ဘုရား ကြက်သီးထ လာသည်။ သို့သော် ဤမျှနှင့် မလုံလောက်သေးချေ။
“ပထမလက်သီးချက်နဲ့ မင်းလက်ကို ဖျက်ဆီးပစ်မယ်”
ထိုစဉ် ယဲ့ဖန်က ရှေ့သို့လှမ်းလာပြီး မီးဝင်းဝင်းတောက်နေပြီး သွေးဆာနေသော စူးရှသော အကြည့်များဖြင့် ဆက်ပြော လာ၏။
“ဒုတိယလက်သီးချက်နဲ့ မင်းအရိုးတွေကို ချိုးပစ်မယ်”
ထိုစကားအဆုံး၌ ယဲ့ဖန်သည် ခန္ဓာကိုယ်ကို ဆတ်ခနဲ လှုပ်ရှားလိုက်ပြီးနောက် ဖျတ်ခနဲ ပျောက်ကွယ်သွားသည်။
ပြင်းထန်သော မုန်တိုင်းတစ်ခု တိုက်ခိုက်လာသကဲ့သို့ မျက်စိရှေ့မှ လေဟာနယ်သည် မှန်ချပ်ကဲ့သို့ တစ်လွှာချင်း တစ်စစီ အက်ကွဲလာလေသည်။ ထိုအခါ ကာလိုနတ်ဘုရား၏ စိတ်ထဲ၌ အလွန် ကြောက်မက်ဖွယ်ကောင်းသော သေရေး ရှင်ရေး ခံစားချက်မျိုးကို ခံစားလိုက်မိသည်။
“မကောင်းတော့ဘူး”
ထိုအခိုက်တွင် ကာလိုနတ်ဘုရားသည် ခေါင်းမွေးထောင်၍ ကြက်သီးတဖြန်းဖြန်း ထနေသည်။ ကြောက်မက်ဖွယ် ကောင်းသော တစ်စုံတစ်ရာ ကျရောက်လာမည့်ဟု ထင်မှတ် မိပြီး သူသည် အတွေးမများနိုင်ဘဲ အသည်းအသန် နောက်ဆုတ်လိုက်မိသည်။
*နောက်ဆုတ်ရမယ်၊ နောက်ဆုတ်၊ နောက်ဆုတ်*
သူ၏အလျင်က အလွန်အမင်း မြန်ဆန်လှသည်။ သူ နောက်ဆုံးတစ်လှမ်း ဆုတ်လိုက်ပြီးချိန်တွင် ဂျွတ်ခနဲ အသံနှင့်အတူ သူ့ရှေ့မှ လေဟာနယ်က ရုတ်ချည်းဆိုသလို အက်ကွဲသွားလေသည်။
ထိုအက်ကွဲသွားသော လေဟာနယ်ထဲမှနေ၍ လျပ်စီးကဲ့သို့ လက်သီးတစ်လုံး ထွက်ပေါ်လာပြီး သူ၏ရင်ဘတ်အား အားနှင့် ထိုးနှက်လာသည်။
ဝုန်း! ဂျွတ်!
ပြင်းထန်သော ထိုးနှက်မှုက ကာလိုနတ်ဘုရား၏ ခန္ဓာကိုယ်ပေါ် ကျရောက်လာပြီး ရုတ်တရက် ပဲစေ့များ ပေါက်သွားသည့် အသံမျိုး ထွက်ပေါ်လာသည်။ သူ၏ ရင်ညွန့်ရိုး၊ နံရိုး၊ ညှပ်ရိုးနှင့် ပခုံးရိုးတို့ အက်ကွဲ ကျိုးကြေ သွားသည်။
ထိုပြင်းထန်သော ထိုးနှက်မှုကြောင့် သူ ချက်ချင်း သွေးတစ်လုပ် အန်မိသွားသည်။ လူတစ်ကိုယ်လုံး ကြိုးပြတ် သွားသော စွန်ကဲ့သို့ အနောက်သို့ မီတာတစ်ထောင်ခန့် လွင့်ထွက်သွားပြီးနောက် လေထဲမှ အရှိန်ဖြင့် ပြုတ်ကျ သွားသည်။
ဘုန်း!
မြေကြီးပေါ် ပြုတ်ကျသွားသည်နှင့် ကာလိုနတ်ဘုရားသည် သွေးအန်ကာ မျက်နှာတစ်ခုလုံး ဖြူဖပ်ဖြူရော် ဖြစ်လာသည်။
“မဟုတ်ဘူး … မဖြစ်နိုင်ဘူး”
သူသည် ယဲ့ဖန်ကိုမော့ကြည့်ရင်း မျက်ခုံး တဆတ်ဆတ် လှုပ်နေသည်။ သန်မာလွန်းသည်၊ ဖိနှိပ်နိုင်လွန်း၏။
စဦး နတ်ဘုရားအဆင့်သို့ ရောက်ရှိနေသည့် သူ့ကဲ့သို့သော လူမျိုးက နတ်ဘုရားဂိုဏ်းချုပ် အထွတ်အထိပ်အဆင့် တစ်ယောက်၏ ဖိနှိပ်ခြင်း ခံရလိမ့်မည်ဟု တစ်ခါမှ တွေးမထားခဲ့မိဖူးချေ။
ဒုတိယမြောက် လက်သီးချက်ဖြင့် သူ၏အရိုးများကို ကျိုးသွားစေခဲ့သည်။ သူ့ဘေးပတ်လည်မှ လူများအားလုံး နားဝေတိမ်တောင် ဖြစ်နေကြလေ၏။
အမှောင်သခင်နှင့် ချီယန်တို့တောင်မှ ယဲ့ဖန် နိုင်လိမ့်မည်ဟု သိနေကြသော်လည်း သူတို့သခင်ကြီး၏ အစစ်အမှန် တိုက်ပွဲဝင်ခွန်အားက ယခင်ကထက် အဆပေါင်းများစွာ ပို၍ သန်မာနေလိမ့်မည်ဟု မျှော်လင့်မထားမိကြပေ။
ဤသည်မှာ နတ်ဆိုးထဲမှ တကယ့်နတ်ဆိုးပင်။ သို့သော် မည်သူမျှ မသိကြသည့်အချက်မှာ ယဲ့ဖန်သည် ဟွမ်အာ၏ မှတ်ဉာဏ်ခန္ဓာကိုယ်ကို လက်ခံပြီးနောက် ချီယန်ကို အသက်ပြန်သွင်းနေစဉ်တွင် အချိန်နိယာမကို သဘောပေါက် နားလည်သွားခဲ့ခြင်းပင်။
သူ၏ အစစ်အမှန် တိုက်ပွဲဝင်ခွန်အားက ကြောက်မက်ဖွယ် ကောင်းသော အဆင့်တစ်ခုသို့ ရောက်ရှိသွားခဲ့ပြီး စဦး နတ်ဘုရား အဆင့်အား အသာလေး အနိုင်ယူနိုင် လာခဲ့သည်။
“တတိယမြောက် လက်သီးချက်နဲ့ မင်းကို အသားလုံး ဖြစ်အောင် လုပ်ပစ်မယ်”
ထိုစဉ် ယဲ့ဖန်၏ အသံက ငရဲမှအသံကဲ့သို့ ပဲ့တင်ထပ်၍ ထွက်ပေါ်လာသည်။ လေပြင်းမုန်တိုင်းတစ်ခုက ကာလို နတ်ဘုရား ထံသို့ ကျရောက်လာ၏။
“မလုပ်နဲ့”
ကာလိုနတ်ဘုရားသည် အော်ဟစ်ရင်း နောက်ဆုတ် နေမိသည်။ သို့သော် သူ၏အရိုးများ ကျိုးကြေနေခြင်းက သူ့အား နှေးကွေးလေးကန်စေသည်။ ထိုစဉ် သူသည် အားပြင်းသော လက်သီးတစ်လုံးအား ယဲ့ဖန်ထံသို့ ပစ်သွင်း လိုက်သည်။
ထိုစဉ် လက်သီးတစ်လုံးက သူ၏လက်သီးအား ပြင်းထန်စွာ တန်ပြန်ထိုးနှက်လာသည်။
ဂျွတ်!
ကာလိုနတ်ဘုရား၏ ကျန်ရှိသော လက်တစ်ဖက်သည် ဆွေးမြည့်နေသော သစ်သားကဲ့သို့ ကျိုးသွားပြီး ထိုလက်သီးချက်က ကာလိုနတ်ဘုရား၏ ရင်ဘတ်ပေါ် ပြင်းထန်စွာ ကျရောက်လာသည်။
ဝုန်းခနဲ ပေါက်ကွဲသံ ထွက်ပေါ်လာပြီး သွေးများ ငေါက်ခနဲ ပန်းထွက်လာလေသည်။ ထိုပြင်းထန်သော ခွန်အားက ကာလိုနတ်ဘုရား၏ ခန္ဓာကိုယ်ကို ချက်ချင်း လွင့်ထွက် သွားစေသည်။
သွေးမြူခိုးများကြားထဲ၌ အသားစများ လွင့်ပျံလာသည်။ ကာလိုနတ်ဘုရားသည် ပေါက်ထွက်သွားသော သဲအိတ်ကဲ့သို့ တစ်ကိုယ်လုံး ထပ်မံလွင့်စဉ်သွားလေသည်။ ယခုအချိန်၌ သူသည် တစ်ကိုယ်လုံး သွေးအလိမ်းလိမ်း ဖြစ်နေပြီး ခွေးသေတစ်ကောင်ကဲ့သို့ ကြည့်ရဆိုးနေသည်။
ဤမြင်ကွင်းက ကာလိုနတ်ဘုရား စစ်တပ်တစ်ခုလုံးအား မှင်တက် သွားစေသည်။
*လက်သီးသုံးချက်တည်းနဲ့လား*
*လက်သီးသုံးချက်တည်းနဲ့ မြင့်မြတ်တဲ့ ကာလိုနတ်ဘုရားကို ခွေးသေတစ်ကောင်လို ဖြစ်အောင် လုပ်လိုက် နိုင်တယ် တဲ့လား*
*ပြန်လည်မွေးဖွားလာတဲ့ နတ်ဆိုးဧကရာဇ်ရဲ့ တိုက်ပွဲဝင် ခွန်အားက မိုးထိမတတ်အောင် မြင့်လှချည်လား*
တောက်! တောက်!
ကာလိုနတ်ဘုရား၏ ပါးစပ်ထောင့်မှ သွေးများ စီးကျ လာသည်။ သူ့မျက်လုံး၌ ဝေခွဲမရဟန်များ ထင်ဟပ် နေ၏။
“ဘယ်လိုလုပ် … ဒီလောက်ထိ သန်မာနေရတာလဲ”
မယုံနိုင်စရာကောင်းလွန်းလှသည်။ ယဲ့ဖန်၏ ကြောက် မက်ဖွယ် တိုက်ပွဲဝင်ခွန်အားက သူ၏စိတ်အာရုံကို လုံးဝ အားနည်းသွားစေသည်။ ထိုစဉ် ယဲ့ဖန်၏အသံ ထွက်လာ လေသည်။
“စတုတ္ထမြောက် လက်သီးနဲ့ မင်းစိတ်ဝိညာဉ်ကို ဖျက်ဆီး ပစ်မယ်”
Chapter 612 မင်းနဲ့ စမယ်
“စတုတ္ထမြောက် လက်သီးနဲ့ မင်းစိတ်ဝိညာဉ်ကို ဖျက်ဆီးပစ်မယ်”
ယဲ့ဖန် ထိုသို့ပြောလိုက်ချိန်တွင် ကာလိုနတ်ဘုရားသည် သူ့တစ်ကိုယ်လုံးအား ကြောက်မက်ဖွယ်ကောင်းသည့် အရှိန်အဝါ တစ်ခုက ဖမ်းချုပ်ထားသကဲ့သို့ ခံစားလိုက် ရသည်။
“သေစမ်း”
ဤသည်က သူ့အား ကြက်သီးတဖြန်းဖြန်း ထသွားစေပြီး သူ့မျက်နှာပေါ်၌ ထိတ်လန့်နေသော အမူအရာများ ထွက်ပေါ် လာသည်။
ထိုအခိုက်တွင် ကာလိုနတ်ဘုရားက နတ်ဘုရားစွမ်းအင်ကို လည်ပတ်၍ ရှောင်တိမ်းရန် ပြင်လိုက်သည်။ ထိုစဉ် ယဲ့ဖန်၏ လက်သီးချက်က ကျရောက်လာသည်။
ဝုန်း!
ကောင်းကင်တစ်ခုလုံး ပြိုကျလေမလားဟု ထင်မှတ်မှား ရသည်။ ပေါက်ကွဲသံနှင့်အတူ ထိတ်လန့်နေသော ကာလို နတ်ဘုရားစစ်တပ်တစ်ခုလုံး၏ အကြည့်အောက်၌ ကာလို နတ်ဘုရား၏ ခန္ဓာကိုယ်က ပေါက်ကွဲသွားပြီး တစစီ ဖြစ်သွားလေသည်။
သူ၏ နတ်ဘုရားခန္ဓာကိုယ်တစ်ခုလုံးသည် လက်သီးချက် တစ်ချက်တည်းဖြင့် အပိုင်းပိုင်း အစစ ဖြစ်သွားပြီး ချင်းချင်းနီသော နတ်ဘုရားသွေးများက ကောင်းကင် တစ်ခွင်သို့ လွင့်စဉ်သွားလေ၏။
“အရှင်”
ထောင်သောင်းချီသော ကာလိုနတ်ဘုရားမျိုးနွယ်များ ထိတ်လန့်တကြား အော်ဟစ်လာကြသည်။ သူတို့ ထိတ်လန့် ကြောက်ရွံ့နေကြ၏။ သူတို့သည် ကာလိုနတ်ဘုရား မိုနာဒိုနောက်သို့လိုက်ပါ၍ စကြဝဠာတစ်ခွင်သို့ ခရီးဆန့်၍ ရာချီသော တိုက်ပွဲများကို အနိုင်ယူခဲ့သည်။
သူတို့ အရှင်သခင်အား ဤသို့ မရှုမလှဖြစ်အောင် ဖိနှိပ်နိုင်သည့် တစ်စုံတစ်ယောက်အား သူတို့ တစ်ခါမှ မမြင်ဖူးခဲ့ကြချေ။ အလွန် အံ့အားသင့်စရာ ကောင်းလှသည်။
သူတို့သည်သာမက အမှောင်သခင်နှင့် ချီယန်တို့တောင်မှ ယဲ့ဖန်၏ ရက်စက်မှုကြောင့် အံ့အားသင့်နေကြသည်။ သူတို့သည် ယခင်အချိန်များကတည်းက နတ်ဆိုးမျိုးနွယ်၌ ခက်ထန်ကြမ်းကြုတ်ခဲ့သည့် ကာလိုနတ်ဘုရား၏ တိုက်ပွဲဝင် ခွန်အားကို သိရှိထားသည်။
နတ်ဘုရားမျိုးနွယ်ထဲသို့ ဝင်ရောက်သွားခဲ့သည့် နှစ်ရာချီ အတောအတွင်း သူ၏ ခွန်အားက မိုးထိမတတ် မြင့်တက် လာခဲ့သည်။
သို့သော် ယဲ့ဖန်က တစ်ဖက်လူကို လွယ်လင့်တကူ အနိုင်ယူလိုက်သဖြင့် သူ၏ တစ်မူထူးကဲလွန်းသော တိုက်ပွဲဝင်ခွန်အားက မယုံနိုင်စရာ ကောင်းလှပေ၏။
“သခင်ကြီး လက်သီးကို ဆန့်ထုတ်လိုက်တုန်းက အချိန်က ခဏလောက် တန့်သွားသလို ငါ ခံစားလိုက်ရတယ်၊ ဒါ ဘာပါလိမ့် …”
အမှောင်နတ်ဆိုးဘုရင်က သူ ထင်ယောင်ထင်မှား ဖြစ်နေသည်ဟု သံသယဝင်မိကာ ကိုယ့်မျက်လုံးကိုယ် မယုံနိုင် ဖြစ်နေသည်။
အစောပိုင်းတုန်းက ယဲ့ဖန် လက်သီးကို ဆန့်ထုတ် လိုက်ချိန်တွင် အချိန်က မသိမသာ ရပ်တန့်သွားသည်။ ဤသည်က ကာလိုနတ်ဘုရားအား လက်သီးချက်တိုင်းကို မရှောင်တိမ်းနိုင်အောင် ဖြစ်သွားစေ၏။
တစ်ဖက်မှ ချီယန်နတ်ဆိုးဘုရင်သည်လည်း ထိုအကြောင်း အရာကို သတိထားမိသည်။ သူ့မျက်နှာက စိတ်လှုပ်ရှား မှုကြောင့် နီမြန်းနေ၏။
“သခင်ကြီး ငါ့ကို အသက်ပြန်သွင်းတုန်းက သူ အချိန် နိယာမကို သိနားလည်သွားတယ်၊ ကြည့်ရတာ သခင်ကြီး တော်တော်များများကို သင်ယူခဲ့ပြီးပြီနဲ့ တူတယ်”
အချိန်ဥပဒေသ၊ ဤသည်မှာ စကြဝဠာတွင်းရှိ ကောင်းကင် ဘုံကို ဆန့်ကျင်သည့် ဥပဒေသဖြစ်လေသည်။ အချိန် ဥပဒေသကို ထိန်းချုပ်၍ တိုက်ခိုက်ခြင်း သို့မဟုတ် ခုခံခြင်းက ပြိုင်ဘက်ကင်းလုနီးနီးပင်။
ယဲ့ဖန်သည် အချိန်ဥပဒေသ၏ တစိုးတစီမျှလောက်ကိုသာ သိနားလည်သွားသော်လည်း ကာလိုနတ်ဘုရားကို ဖိနှိပ်နိုင် နေသဖြင့် အချိန်ဥပဒေသ၏ ကြောက်မက်ဖွယ်ကောင်းပုံကို လုံလုံလောက်လောက် သိမြင်လိုက်ရလေ၏။
“အား….”
ထိုစဉ် ကာလိုနတ်ဘုရား၏ နာနာကျင်ကျင် ဟစ်အော် လိုက်သည့် အသံနက်ကြီး ထွက်ပေါ်လာသည်။
“နတ်ဆိုးဧကရာဇ်၊ မင်း ငါ့ကို နှိပ်စက်လွန်းတယ်၊ မင်း ငါ့ကာလိုမျိုးနွယ်ကို ဖျက်ဆီးချင်နေပင်မယ့် မင်း အဲ့လို မလုပ်နိုင်ပါဘူး”
ကာလိုနတ်ဘုရား မိုနာဒိုသည် ထိုသို့ ကြုံးဝါးပြီးနောက် မိုးကောင်းကင်ထက်ရှိ သူ၏ အသားစများနှင့် သွေးစက်များ မှနေ၍ ထူးဆန်းသော စွမ်းအင်များ ပျံ့နှံ့လာသည်။
“ပြန်ရှင်စမ်း”
ထိုစကားသံ ပဲ့တင်ထပ်သွားပြီးနောက် သူ၏ အပိုင်းပိုင်း ဖြစ်နေသော အသားများနှင့် သွေးစက်များက လျင်မြန်စွာ စုဝေး၍ ဖွဲ့စည်းလာလေ၏။
မျက်တောင်တစ်ခတ်အတွင်းမှာပင် ကာလိုနတ်ဘုရား အသက်ပြန်ဝင်လာသည်။ မည်သည့် ဒဏ်ရာဒဏ်ချက်မှ မရှိချေ။
ဤမြင်ကွင်းကြောင့် ယဲ့ဖန်၊ အမှောင်သခင်၊ ချီယန်နှင့် နတ်ဆိုး များစွာတို့ မျက်မှောင်ကြုတ်သွားကြသည်။
“မရဏလျှို့ဝှက်ချက်၊ မရဏဝိညာဉ်ရဲ့ ဆန်းကြယ်မှု”
ယဲ့ဖန် ထိတ်လန့်သွားသလို ဒေါသလည်းထွက်သွားလေ၏။ နတ်ဆိုးများထဲတွင် အလေးစားရဆုံးသော နတ်ဆိုး တစ်ကောင် ရှိခဲ့သည်။ သူသည် သူ့တစ်ဘဝလုံး အားထုတ်မှုများကို အသုံးချ၍ သေသွားခဲ့ပြီးသော သူများကို ပြောင်းလဲဖြစ်ပေါ်စေခဲ့သည်။ နတ်ဆိုး ဘယ်လောက် များများအား သူ ကယ်တင်ခဲ့ပြီးသလဲဆိုတာကို မသိနိုင်ပေ။
သို့သော် မရဏလျှို့ဝှက်ချက်က ကာလိုနတ်ဘုရား၏ လက်ထဲ၌ ပေါ်လာလိမ့်မည်ဟု ယဲ့ဖန် တစ်ခါမှ ထင်မထား ခဲ့မိချေ။
“ဟားဟားဟား … နတ်ဆိုးဧကရာဇ်၊ မင်း ဒါကို ထင်မထားမိဘူးမလား”
ထိုအချိန်တွင် ကာလိုနတ်ဘုရားသည် ထိတ်လန့်သွားသော ယဲ့ဖန်၏ အမူအရာကို ကြည့်ပြီး ခြိမ်းခြောက်သလို ပြုံး၍ပြောလိုက်သည်။
“နတ်ဆိုးမျိုးနွယ်တည်းမှာ သေသွားတဲ့နတ်ဆိုးတွေကို မရဏကျင့်စဉ်သုံးပြီး အသက်ပြန်သွင်းနိုင်တဲ့သူက ခင်ဗျား တစ်ယောက်တည်း မဟုတ်ဘူး၊ ကျုပ်လည်း သုံးနိုင်တယ်”
ထိုစကားကြောင့် ယဲ့ဖန်ရင်ထဲ မသိမသာ စိုးထိတ်လာသည်။ မျက်လုံးများက အေးစက်၍ ခါးသီးလာသည်။
“မရဏနတ်ဆိုး ဘာဖြစ်သွားခဲ့တာလဲ”
ထိုစကားသည် တုန်လှုပ်နေသံ မပေါက်ဘဲ အလွန်တရာ အေးစက်နေသံ ပေါ်နေပြီး ငရဲမှထွက်လာသော အသံကဲ့သို့ လူတိုင်းအား ကတုန်ကယင် ဖြစ်သွားစေသည်။
အမှောင်သခင်၊ ချီယန်နှင့် ဘေးပတ်လည်မှ နတ်ဆိုးများ အားလုံးသည် ယဲ့ဖန် ဒေါသထွက်နေမှန်း သိလိုက်ကြသည်။
နတ်ဆိုးဧကရာဇ် ဒေါသထွက်နေလျင် မကြာခင်၌ လေပြင်း မုန်တိုင်းထန်၍ သွေးမိုးရွာသွန်းနိုင်သည်။
“သေသွားပြီလား”
ကာလိုနတ်ဘုရားက နှုတ်ခမ်းကိုတွန့်၍ သွေးဆာနေဟန် ပြုံးလာသည်။
“နတ်ဆိုးဧကရာဇ်၊ ခင်ဗျား ဒါကို ဘယ်လိုထင်လဲ”
ထို့နောက် သူသည် လက်သန်းကို ဆန့်ထုတ်၍ နောက်လက်တစ်ဖတ်ဖြင့် အသာဆွဲလိုက်သည်။ ထို့နောက် ထိုလက်သန်း ပြတ်ထွက်သွားလေသည်။ သူ့လက်ဝါးတွင်းမှနေ၍ နတ်ဘုရားစွမ်းအင်များ တစ်ဟုန်ထိုး ပျံ့နှံ့လာသည်။
ထိုလက်သန်း၏ အရေပြားများ ပျောက်ကွယ်သွားပြီး ရွှေရောင် လက်ချောင်းရိုးတစ်ခု ပေါ်ထွက်လာသည်။ ထိုလက်ချောင်းရိုး ကိုမြင်သည်နှင့် နတ်ဆိုးအားလုံး၏ မျက်လုံးများ နီရဲသွားသည်။
ထိုအရိုးမှနေ၍ ရင်းနှီးသော အငွေ့အသက်တစ်ခု ပျံ့နှံ့ ထွက်ပေါ် လာသည်ကို သူတို့အားလုံး ခံစားမိသည်။ ထိုအငွေ့ အသက်သည် မရဏနတ်ဆိုး၏ အငွေ့အသက်ပင်။
“ဟားဟားဟား … နတ်ဆိုးဧကရာဇ်၊ မင်း ဒါကိုမြင်လား၊ ဒါက အဲ့လူအိုကြီးရဲ့ အရိုးပဲ”
ကာလိုနတ်ဘုရား၏ မျက်နှာထား၌ ဝင့်ကြွားဟန်များ ထင်ဟပ် နေသည်။
“အဲ့နှစ်တုန်းက သူ အသတ်ခံရပြီးနောက်ပိုင်း ဒါကို ကျုပ် သူ့ဆီကနေ ဖြတ်ယူခဲ့တာပဲ၊ ဒါက ဂုဏ်ကျက်သရေဆောင်တဲ့ သင်္ကေတပဲလေ၊ ဟားဟားဟား …”
ထိုအခိုက်တွင် ကာလိုနတ်ဘုရားက အရူးတစ်ယောက်ကဲ့သို့ ဟားတိုက်ရယ်မောလေသည်။ ထိုအချိန်တွင် ယဲ့ဖန်၏ မျက်နှာက သုန်မှုန်ကာ ဝမ်းနည်းရိပ်သန်းနေသည်။
“မဖြစ်နိုင်ဘူး၊ မင်းအစွမ်းနဲ့ သူ့ကို ဘယ်တော့မှ မသတ်နိုင်ဘူး”
ယဲ့ဖန် မယုံပေ၊ ထိုစဉ်အခါက ကာလိုနတ်ဘုရား၏ ခွန်အားသည် မဟာနတ်ဆိုးဘုရင် ရှစ်ယောက်နှင့် ယှဉ်နိုင်ရုံ မျှသာ ရှိသည်။ မဟာနတ်ဆိုးနတ်ဘုရား ခြောက်ယောက်နှင့် မည်သို့မျှ မယှဉ်နိုင်ချေ။
“မှန်တာပေါ့”
ကာလိုနတ်ဘုရားက လှောင်ပြုံးပြုံး၍ ယဲ့ဖန်အား မချိုမချဉ် အကြည့်ဖြင့် ပြန်ကြည့်လိုက်သည်။
“နတ်ဆိုးအိုကြီးကို ကျုပ် မသတ်နိုင်ပင်မယ့် တစ်စုံ တစ်ယောက်ကတော့ သတ်နိုင်တယ်”
“အဲ့လူက နတ်ဘုရား၊ နတ်ဆိုးနဲ့ အင်မော်တယ် မျိုးနွယ်သုံးခု လုံးမှာ အသန်မာဆုံးသော နတ်ဘုရားလို့ ကျော်ကြားတဲ့ အဖြူရောင် နတ်ဘုရားပဲ”
အဖြူရောင် နတ်ဘုရား။ ထိုနာမည်ကိုကြားသည်နှင့် ယဲ့ဖန် သာမက အမှောင်သခင်နှင့် ချီယန်တို့ပါ မျက်နှာပျက် သွားလေသည်။
လွန်ခဲ့သည့် နှစ်ပေါင်းများစွာ အခါက အဖြူရောင် နတ်ဘုရား သည် နတ်ဘုရားမျိုးနွယ်၏ ထိပ်တန်းနတ်ဘုရား တစ်ပါး ဖြစ်ခဲ့သည်။ သူသည် အဖြူရောင် နတ်ဘုရားစစ်တပ်ကို ထိန်းချုပ်လေသည်။
ထိုစဉ်အခါက အဖြူရောင်နတ်ဘုရားသည် မျိုးနွယ် သုံးခုလုံးကို လွှမ်းမိုးနိုင်ခဲ့သည်။ နတ်ဘုရားနှင့် နတ်ဆိုးစစ်ပွဲ ၌တောင်မှ မရေတွက်နိုင်သော နတ်ဆိုးများစွာ သတ်ဖြတ် ခဲ့သည်။
ထို့နောက် ယဲ့ဖန်က လက်ချောင်းတစ်ချောင်းဖြင့် မျက်စိ ကွယ်အောင် ပြုလုပ်ခဲ့သောကြောင့် ထိုသူ ပျောက်ကွယ် သွားခဲ့သည်။ သို့သော် ထိုလူက သူ သေဆုံးသွားပြီးနောက် ပြန်လည်မွေးဖွားလာပြီး နတ်ဆိုးနတ်ဘုရားကိုပါ သတ်ခဲ့ လိမ့်မည်ဟု ယဲ့ဖန် ထင်မထားမိချေ။
ထိုမျှနှင့် မကသေးဘဲ ကာလိုနတ်ဘုရားက ယဲ့ဖန်ကို စိုက်ကြည့် ၍ ဟက်ဟက်ပက်ပက် ရယ်မောလေ၏။
“နတ်ဆိုးဧကရာဇ်၊ ကျုပ် ခင်ဗျားကို ပြောပြဦးမယ်၊ နတ်ဆိုးအိုကြီး သေသွားပြီးတော့ ကျုပ် လက်ချောင်း ရိုးတစ်ခုနဲ့ မရဏလျှို့ဝှက်ချက်ကို ရခဲ့တယ်၊ ပြီးတော့ သူရဲ့အရိုးတွေကို လုံးဝ ဖျက်ဆီးပြီး ကိုးပိုင်းပိုင်းပြီး မိစ္ဆာ?
မျှော်စင်ထဲမှာ ချုပ်ထိန်းထားလိုက်တာ”
“သူ မသေခင်က မရေတွက်နိုင်တဲ့ နတ်ဆိုးတွေကို အသက်ကယ်နိုင်ခဲ့တယ်၊ သူ သေသွားပြီးတော့ သူ မိစ္ဆာတွေဆီမှာ တစ်သက်လုံး ဝေဒနာ ခံစားနေရမှာ၊ ဟားဟားဟား …”
ဟားတိုက်ရယ်မောသံက ဂြိုဟ်များထံသို့ ပဲ့တင်ထပ် လာသည်။ ကာလိုနတ်ဘုရား၏ စကားလုံးများက ယဲ့ဖန် ရင်ထဲ၌ ဓားဖြင့် မွှေ့ယမ်းလိုက်သလို ခံစားလိုက်ရသည်။
“သတ်မယ် … သတ်မယ်”
ယဲ့ဖန်၏ မျက်လုံးမှ ရူးသွပ်နေသော အရိပ်အယောင်များ ထွက်ပေါ်လာသည်။ သူ့စိတ်ထဲမှ သတ်ဖြတ်လိုစိတ်က အဆုံးထိ တိုးမြင့်လာ၏။
သူ သတ်ဖြတ်ချင်နေသည်။ သူသည် ဂြိုဟ်များရှိ နတ်ဘုရား များနှင့် စကြဝဠာထဲရှိ အင်မော်တယ်များကို သတ်ဖြတ် ပစ်ချင်နေသည်။
“မိုနာဒို၊ လူမျိုးတုံး သတ်ဖြတ်ခြင်းကို မင်းနဲ့ စမယ်”