← Chapters

အခန်း (၆၁၆-၆၁၈)

Vol. 42 Ch. 616-618

အခန်း (၆၁၆-၆၁၈)

Vol. 42 Ch. 616-618

Chapter 616 အဖြူရောင် နတ်ဘုရား

ဂျွတ်! ဂျွတ်!

ကာလိုနတ်ဘုရား ကျဆုံးသွားချိန်၌ ခပ်လှမ်းလှမ်းရှိ ကာလို နတ်ဘုရားနယ်မြေ၏ ကောင်းကင်ယံထက်၌ လေဟာနယ် တစ်ခုလုံးသည် ရုတ်တရက် မတည်မငြိမ် ဖြစ်ကာ လုံးဝ အက်ကွဲသွားလေသည်။

ကာလိုနတ်ဘုရား နယ်မြေ၏ ကောင်းကင်ယံတစ်ခုလုံး ဆုတ်ပြဲသွားပြီးနောက် လေဟာနယ်တွင်း၌ ထိတ်လန့်ဖွယ် ပပ်ကြားအက်ရာတစ်ခု ဖြစ်ပေါ်လာလေသည်။

လေဟာနယ်တွင်းမှ အက်ကွဲရာတွင်းမှနေ၍ ထိတ်လန့်ဖွယ် အရှိန်အဝါတစ်ခု ပျံ့နှံ့ ထွက်ပေါ်လာသည်။

ထိုအထဲမှနေ၍ သားရဲရိုင်းများ ထွက်ချင်လာပုံရသည်။ ထိုစဉ် အက်ကွဲရာထဲမှနေ၍ ခြေဖဝါးတစ်ဖက် ထွက်လာသည်။

ရုတ်တရက် လေဟာနယ်သည် ထိုပုဂ္ဂိုလ်၏ ချင်းနင်း ဝင်ရောက်ခြင်းကို တောင့်မခံနိုင်တော့သဖြင့် ပို၍ အက်ကွဲ လာလေသည်။

ထို့နောက်တွင်မူ အက်ကွဲရာတွင်းမှနေ၍ လူနှစ်ယောက် ထွက်လာပြီး ကာလိုနတ်ဘုရား နယ်မြေထဲသို့ ဆင်းသက် လာ၏။ ကြီးမားကျယ်ပြန့်သော ကာလိုနတ်ဘုရား နယ်မြေ တစ်ခုလုံး ပြင်းထန်စွာ တုန်ယင်သွားသည်။

ထိုလူနှစ်ယောက်သည် အဘိုးအိုတစ်ယောက်နှင့် လူငယ် တစ်ယောက်တို့ ဖြစ်ကြလေသည်။ အဖိုးအိုသည် နှင်းကဲ့သို့ ဖြူစွတ်သော အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး ဖုန်တစ် စက်မျှ ပေကျံနေခြင်း မရှိပေ။

သူ၏ဆံပင်များက ဖြူဖွေး၍ လေနှင့်အတူ ဝေ့ဝဲနေကာ ဘုရင်တစ်ပါးကဲ့သို့သော အရှိန်အဝါက နတ်ဘုရား နယ်မြေတစ်ခုလုံးသို့ ပျံ့လွင့်နေ၏။ သူ့၌ မျက်လုံးတစ်ဖက် ရှိနေသည်က စိတ်မကောင်းစရာပင်။

မျက်လုံးတစ်ဖက်သည် လူသားတို့ကြောင့် ဖောက်ထုတ်ခံ ထားရပုံပေါ်ကာ ဟောင်းလောင်းပေါက် ဖြစ်နေ၏။

သူသည် မျိုးနွယ်စုသုံးခုကြားထဲ၌ အသန်မာဆုံးသော အရှင်သခင် အဖြစ် သတ်မှတ်ခြင်း ခံထားရသည့် အဖြူရောင် နတ်ဘုရား ဖြစ်သည်။ သူ့နောက်မှ လိုက်ပါလာသော လူငယ်လေးသည် ခံ့ညားပုံ ပေါ်၏။

ယခုအချိန်၌ ထိုသူနှစ်ယောက်၏ မျက်စိရှေ့မှ ကာလို နတ်ဘုရား နယ်မြေတစ်ခုလုံးသည် အလောင်းတောင် သွေးပင်လယ်ကဲ့သို့ ဖြစ်နေသည်။

ရဲရဲနီသော သွေးများက နတ်ဘုရားနယ်မြေတစ်ခုလုံးအား သားသတ်ကွင်းကဲ့သို့ နီမြန်းနေ စေသည်။ လူငယ်လေးသည် ဤမြင်ကွင်းကိုကြည့်ပြီး ဖြူဖပ်ဖြူရော် ဖြစ်သွားလေသည်။

“ဆရာ၊ ဆရာထင်တာ မှန်နေတာပဲ၊ ကာလိုနတ်ဘုရား နယ်မြေ ပျက်စီးသွားပြီ”

သူ၏စကားအဆုံး၌ အဖြူရောင် နတ်ဘုရား၏ မျက်လုံး တစ်ဖက်၌ အေးစက်သော အလင်းတန်းများ ဖြတ်ပြေး သွားသည်။

သူ လက်တစ်ဖက် ဝှေ့ယမ်းလိုက်သည်နှင့် မျက်စိရှေ့မှ အလောင်းတောင် သွေးပင်လယ်သည် သွေးမြူခိုးအဖြစ်သို့ ပြောင်းလဲသွားပြီး ကောင်းကင်ယံထက်သို့ မျောလွင့် လာသည်။

ထိုအခါတွင်မှ အလောင်းတောင်အောက်ရှိ မြေပြင်ပေါ်၌ အရိုးစု သင်္ကေတတစ်ခုကို တွေ့ရှိလိုက်ရသည်။

“ဒါ … ဒါက …”

ထိုအရိုးစု သင်္ကေတကိုမြင်ပြီးနောက် လူငယ်လေး၏ အမူအရာက မတည်မငြိမ် ဖြစ်လာပြီး မျက်လုံး၌ သတ်ဖြတ်လိုစိတ်များ ယှက်သန်းလာသည်။

“နတ်ဆိုးမျိုးနွယ်၊ ကာလို နတ်ဘုရားနယ်မြေက နတ်ဆိုး မျိုးနွယ်ရဲ့ သွေးကြွေးဆပ်တာ ခံလိုက်ရတာပဲ”

“နတ်ဆိုးအိုကြီးတွေက တကယ်ပဲ ပြဿနာရှာလွန်းတယ်”

လူငယ်လေးသည် ထိတ်လန့်ကြောက်ရွံ့နေသော အမူအရာ ဖြစ်လာသည်။ အဖြူရောင် နတ်ဘုရား တစ်ယောက်တည်း သာလျင် မည်သည့် ဘေးဒုက္ခကိုမှ မတွေ့ရသကဲ့သို့ မျက်နှာ ထား တည်ငြိမ်၍ မလှုပ်မယှက် ရှိနေသည်။

“နတ်ဆိုးမျိုးနွယ် ပြန်ပေါ်လာတဲ့ပုံပဲ၊ သူတို့အားလုံးကို ချေမှုန်း သုတ်သင်ဖို့ အချိန်ကျပြီ”

ထို့နောက် အဖြူရောင် နတ်ဘုရားသည် ရုတ်တရက် လူငယ်လေးဘက်သို့ လှည့်ကြည့်လာသည်။

“ဖူရွှမ်၊ အနောက်ဘက် နတ်ဘုရားနယ်မြေက အရှင်သခင် တွေက နတ်ဆိုးမျိုးနွယ်နဲ့ ဆက်သွယ်ပြီးတော့ နတ်ဆိုးအဖြစ် ခံယူဖို့ ကြံစည်နေကြတယ်လို့ ငါ သတင်းရထားတယ်”

“ဘာလုပ်ရမလဲဆိုတာ မင်း သိတယ်မလား”

သူ့စကားကြောင့် လူငယ်လေးသည် ရုတ်ချည်းဆိုသလို အမူအရာ ပြောင်းသွားပြီး ဒူးထောက်လာ၏။

“ဒီတပည့် သိပါတယ်၊ နတ်ဆိုးမျိုးနွယ်နဲ့ ပတ်သတ်တဲ့ ဘယ်သူ့ကိုမဆို အညှာအတာမရှိ သတ်ဖြတ်ရပါမယ်”

ထိုလေသံသည် အားမာန်အပြည့်နှင့် တက်ကြွဟန် ပေါ်သည်။ သို့သော် ဤဖူရွှမ်ဟူသော လူငယ်လေးသည် အဖြူရောင် နတ်ဘုရား ဂုဏ်အယူရဆုံးသော တပည့် ဖြစ်သည်။ သူသည် အသက်ငယ်ငယ်နှင့် စဦးနတ်ဘုရားအဆင့်သို့ ရောက်ရှိ နေလေ၏။ သူ၏ တိုက်ပွဲဝင် ခွန်အားသည် ကာလို နတ်ဘုရားနှင့် ယှဉ်နိုင်လေသည်။

….

ဤအခြင်းအရာအား ယဲ့ဖန် လုံးဝ မသိရှိပေ။ သူသည် ရှောင်ချီရှို့နှင့်အတူ မိစ္ဆာမျှော်စင်သို့ ခရီးဆက်နေသည်။

နဂါးငွေ့တန်း အင်ပါယာ၊ နတ်ဘုရားနယ်မြေ၏ အရှေ့ဘက် ကုန်းမြေဒေသ။

ယဲ့ဖန်နှင့် ရှောင်ချီရှို့တို့သည် တစ်ပတ်လုံးလုံး အနောက် အရပ်သို့ တစ်တပ်လုံးလုံး ခရီးနှင်ခဲ့ပြီးနောက် အနောက်ဘက် ကောင်းကင်ဘုံငယ် နတ်ဘုရားများ၏ အုပ်ချုပ်မှုအောက်၌ ရှိနေသော ဂြိုဟ်နယ်မြေသို့ ရောက်ရှိလာသည်။

စားသောက်ဆိုင်တစ်ခု၏ အပေါ်ထပ်၌ လူလေးယောက်တို့ အတူတကွ ထိုင်နေကြသည်။

“အစ်ကိုယဲ့ ခင်ဗျားရဲ့ တပည့်ငယ်လေးက ဒီလောက် ငယ်ငယ်နဲ့ နတ်ဧကရာဇ် တစ်ပိုင်းအဆင့်ကို ရောက်နေ လိမ့်မယ်လို့ ကျုပ် ထင်မထားမိဘူး၊ သူ့အနာဂတ်က အတိုင်းအဆမရှိပါပဲ”

စားပွဲဝိုင်း၌ ခရမ်းရောင်ဝတ်စုံနှင့် လူငယ်လေး တစ်ယောက်က ရှောင်ချီရှို့ကို ကြည့်ပြီး ယဲ့ဖန်အား ပြုံး၍ ပြောလေသည်။ ထိုလူငယ်လေးသည် လောဝမ်ဟု အမည်တွင်ပြီး အနောက်ဘက် ကောင်းကင်ဘုံ နတ်ဘုရား နယ်မြေမှ ဂိုဏ်းငယ်တစ်ခု၏ တပည့်တစ်ယောက် ဖြစ်သည်။

ခရီးလမ်း၌ သူသည် ယဲ့ဖန်နှင့် ရှောင်ချီရှို့တို့နှင့် ဆုံခဲ့ပြီး ဤနေရာသို့ အဖော်အပေါင်းအဖြစ် လိုက်လာခဲ့သည်။

သူ့စကားကြောင့် ယဲ့ဖန်က အသာပြုံး၍ ရှောင်ချီရှို့ကို တစ်ချက်ကြည့်လိုက်သည်။ ရှောင်ချီရှို့က တိုးတက်နှုန်း လျင်မြန်သည်ကိုတော့ သူ ဝန်ခံရပေမည်။

အမှောင်နတ်ဆိုးဘုရင်၏ ထိန်းချုပ်လေ့ကျင်မှုအောက်၌ သူ၏ လက်ရှိခွန်အားသည် နတ်ဧကရာဇ် တစ်ပိုင်းအဆင့်သို့ ရောက်ရှိလာခဲ့လေသည်။ သိုင်းအဆင့်၌ သူသည် ဆရာ ဖြစ်သူ ယဲ့ဖန်ထက်တောင်မှ ပို၍မြင့်နေလေ၏။

ပို၍ ကြောက်မက်ဖွယ်ကောင်းသည်က ယနေ့၌ ရှောင်ချီရှို့ သည် အဆင့်ငယ် ခုနစ်ဆင့် ပိုမြင့်သော ရန်သူတစ်ယောက်ကို အပြတ်အသတ် အနိုင်ယူလိုက်ခြင်းပင်။

အစစ်အမှန် တိုက်ပွဲဝင်ခွန်အား၌ သူတော်စင် အလယ် အလတ်အဆင့် သိုင်းပညာရှင် တစ်ယောက်နှင့် ယှဉ်နိုင် နေလေသည်။

ထိုအခါ ရှောင်ချီရှို့သည် လောဝမ်ကိုယ်တိုင် သူ့အား ချီးမွမ်းသည်ကို ကြားလိုက်ရသဖြင့် ပြုံးရယ်နေ၏။

“အစ်ကိုလော၊ ခင်ဗျား ကျုပ်ဆရာရဲ့ အစွမ်းကို မသိဘူး မလား၊ ဆရာက နတ်ဘုရားဂိုဏ်းချုပ် အထွတ်အထိပ် အဆင့်ပဲ ရှိသေးတယ်ဆိုပင်မယ့် ခွန်အားချင်းဆို အနောက် ဘက် ကောင်းကင်ဘုံ နတ်ဘုရား နယ်မြေတစ်ခုလုံးမှာ ဆရာ့ကို ယှဉ်နိုင်မယ့်သူ မရှိဘူး”

ယဲ့ဖန်အကြောင်း ပြောနေစဉ်၌ ရှောင်ချီရှို့၏ မျက်နှာ ထက်တွင် လေးစားအားကျမှုများနှင့် ပြည့်နှက် နေသည်။

“အဟွန်း”

ထိုစဉ် လောရီဘေး၌ ထိုင်နေသော ခရမ်းရောင်ဝတ်စုံနှင့် မိန်းမပျိုက ရှောင်ချီရှို့၏ စကားကို ကြားပြီး နှုတ်ခမ်းကို တွန့်ကာ အလွန်အမင်း အထင်သေးဟန်ဖြင့် ပြုံးလေသည်။

“ရှောင်ချီရှို့ အကြွားမသန်စမ်းပါနဲ့၊ နင့်ဆရာက နတ်ဘုရား ဂိုဏ်းချုပ် အထွတ်အထိပ် အဆင့်လေးပဲကို၊ တပည့် ဖြစ်တဲ့လူရဲ့ ကျင့်စဉ်အဆင့်လောက်တောင် မတော်တာကို၊ သူ နင့်ကို ဘာတွေ သင်ပေးနိုင်သလဲဆိုတာကို ငါ နားကို မလည်နိုင်ဘူး”

“အင်း … နင် ငါ့အစ်ကိုကြီးကို ဆရာအဖြစ် အသိအမှတ်ပြုလို့ ရတယ်နော်၊ ငါ့အစ်ကိုက သူတော်စင် အဆင့်ကို ရောက်နေပြီ၊ ပြီးတော့ နင့်ဆရာထက် ဘယ်လောက် ပိုသာလဲဆိုတာတော့ မပြောပြတတ်လောက်အောင်ပဲ”

လောချင်းသည် တွေ့ဆုံစကတည်းက ယဲ့ဖန်အပေါ် အမြဲ အထင်သေးနေခဲ့သည်။ ထို့အပြင် ရှောင်ချီရှို့က နတ်ဧကရာဇ် တစ်ပိုင်းအဆင့်သို့ ရောက်နေပြီးတာတောင်မှ နတ်ဘုရား ဂိုဏ်းချုပ် အဆင့်သာရှိသော ယဲ့ဖန်အား ဆရာအဖြစ် အသိအမှတ် ပြုထားသည်ကို သူမ သိလိုက်ရပြီးချိန်တွင် ပို၍ အထင်သေးသွားလေတော့သည်။

သို့သော် ရှောင်ချီရှို့သည် သူမစကားကြောင့် လည်ဆံမွေး ထောင်နေသော ခြင်္သေ့တစ်ကောင်ကဲ့သို့ ဒေါသတကြီး အော်လေသည်။

“မင်းလိုမိန်းမမျိုးက ငါ့ဆရာကို စော်ကားရဲတယ်ပေါ့လေ”

ရှောင်ချီရှို့၏ ပိန်ပါးပါး ခန္ဓာကိုယ်မှ လူသတ်လိုသော အငွေ့အသက်များ ထွက်ပေါ်လာသောကြောင့် လောချင်း တစ်ယောက် ရုတ်ချည်းဆိုသလို မှင်တက်သွားရသည်။ ထိုအခါ တစ်ဖက်မှ လောချင်းက အသည်းအသန် တောင်းပန် စကား ဆိုလာ၏။

“ငါ့ညီ ဒေါသမထွက်ပါနဲ့၊ ကျုပ်ညီမလေးက အပြောအဆို မတတ်လို့ပါ၊ ငါ့ညီ ခွင့်လွှတ်ပေးမယ်လို့ ကျုပ် မျှော်လင့် ပါတယ်”

ထိုသို့ပြောပြီး လောဝမ်က လောချင်းကို ဒေါသတကြီး ဆူပူလေသည်။

“လောချင်း မင်း ပါးစပ်ပိတ်ထား”

ထိုအခါ လောချင်းသည် သူမအစ်ကိုအပေါ် ဒေါသထွက် သွားသည်။ သူမစိတ်ထဲ၌ ယဲ့ဖန်အား ပို၍ မကျေမချမ်း ဖြစ်လာသည်။ ထို့နောက်တွင်မူ လောဝမ်က ယဲ့ဖန်အား တောင်းပန်စွာ လှမ်းပြောလိုက်သည်။

“အစ်ကိုယဲ့၊ သူက ငယ်ရွယ်သေးပြီးတော့ မသိ နားမလည် လို့ပါ၊ အစ်ကိုယဲ့ကပဲ သူ့ကို ခွင့်လွှတ်ပေးပါဗျာ”

သူ့စကားကြောင့် ယဲ့ဖန်က အသာအယာ ခေါင်းညိတ် ပြလိုက်သည်။ သူသည် လောချင်းကို အထင်မကြီး သော်လည်း လောဝမ်အပေါ် အကောင်းမြင်စိတ် ရှိသည်။

တစ်ဖက်လူက စိတ်သဘောထား ကောင်းမွန်ပြီး ခရီးလမ်း တစ်လျှောက်၌ ထိုသူက လူကောင်းတစ်ယောက် ဖြစ်ကြောင်း ယဲ့ဖန် သိမြင်ခဲ့ပြီးသား ဖြစ်လေသည်။

“ဘာမှမဖြစ်ပါဘူး”

ယဲ့ဖန်က အသာပြုံး၍ လောချင်းအား ကြည့်ပင်မကြည့်ချေ။ သို့သော် ယဲ့ဖန်၏ အရေးမလုပ်သော အမူအရာက လောချင်း အား ပို၍ စိတ်တိုသွားစေသည်။ သူမက မီးဝင်းဝင်း တောက်သော မျက်လုံးများဖြင့် မေးလာ၏။

“ယဲ့ဖန် ရှင် ဘာကျင့်စဉ်ကို သုံးလဲဆိုတာ ကျွန်မ မသိရ ပါလား”

“ကျွန်မတို့ မောင်နှမမှာ မြေကမ္ဘာအဆင့် ကျင့်စဉ်တွေ အများကြီး ရှိတယ်၊ ကျွန်မတို့ ဆရာတွေမှာ မိုးကောင်းကင် အဆင့် ကျင့်စဉ်တွေတောင် ရှိသေးတယ်”

“ရှင်နဲ့ ရှောင်ချီရှို့ ကျွန်မတို့ဂိုဏ်းကို လာဝင်ပါလား”

“ဒီလိုဆိုရင် ရှင့်လို ခြေသလုံးအိမ်တိုင် သိုင်းသမားအတွက် မြေကမ္ဘာအဆင့် ကျင့်စဉ်တွေက ပိုအဆင်ပြေတယ်လေ”

လောချင်း၏ အပြုံး၌ လှောင်ပြောင်သရော်မှုများနှင့် ပြည့်နှက် နေသည်။ သူမလေသံက ကြင်နာပုံပေါက်သော် လည်း သူမစကားလုံးများက စောင်းမြောင်း ပြောဆိုနေသံ ပေါ်ကာ ယဲ့ဖန်၏ နိမ့်ပါးသော သိုင်းအဆင့်နှင့် ခြေသလုံး အိမ်တိုင် သိုင်းသမားဖြစ်ပြီး ကောင်းမွန်သော ကျင့်စဉ် မရှိခြင်းနှင့် ပတ်သက်၍ ထေ့ငေါ့ပြောနေခြင်း ဖြစ်သည်။

*သိုင်းကျင့်စဉ်တဲ့လား*

သူမစကားကြောင့် ယဲ့ဖန် ပြုံးရုံမျှသာပြုံးလိုက်သည်။ သူသည် ကလေးများသာ ယှဉ်ပြိုင်တတ်သည့် ကစားပွဲ ကဲ့သို့သော အရာမျိုးအား စိတ်မဝင်စားပေ။

ထိုသို့သောအချိန်၌ စားသောက်ဆိုင်အောက်ရှိ ကျွန်ဈေး တန်းမှာ လူတန်းတစ်ခုအား ယဲ့ဖန် ရုတ်တရက် စိတ်ဝင်စား မိသွားသည်။ ထို့နောက် သူသည် ကျေးကျွန်များထဲမှ လူတစ်ယောက်ကို မြင်ပြီး မသိမသာ မျက်နှာပျက် သွားလေသည်။

“သူပဲ”

Chapter 617 ရှေးဟောင်း နတ်ဘုရားကျင့်စဉ်

ယဲ့ဖန်နှင့် အခြားသူများ စားသောက်ဆိုင် အပေါ်ထပ်၌ ရှိနေချိန်တွင် စားသောက်ဆိုင်အောက်ရှိ လမ်းတစ်ဖက်ခြမ်း၌ ကျေးကျွန်များ တန်းစီ၍ ရပ်နေကြသည်။ ဤလမ်းသည် ဂြိုဟ်ငယ်လေး၌ နာမည်ကြီး ကျွန်ဈေးတန်း ဖြစ်သည်။ အနီးပတ်ဝန်းကျင်ရှိ ဂြိုဟ်များမှ ကျွန်များအားလုံး နီးပါးအား ဤနေရာ၌ ရောင်းချခြင်း ပြုလေသည်။

ဤကျေးကျွန်များသည် သိုင်းပညာရှင်များက ဂြိုဟ်များကို တိုက်ခိုက်သိမ်းပိုက်ပြီး ထိုဂြိုဟ်မှ သိုင်းပညာရှင်များကို ကျွန်ပြု၍ ကျွန်ဈေးကွက်၌ ကျေးကျွန်အဖြစ် ပြန်ရောင်း ချခြင်း ခံရသူများ ဖြစ်လေသည်။

ဤကျွန်ပြုခြင်း ခံထားရသည့်သူများအား ကျွန်ပိုင်ရှင်က ထိန်းချုပ်ထားပြီး သူ၏ အတွေးတစ်ချက်တည်းဖြင့် ကျေးကျွန်အား သတ်ဖြတ်နိုင်လေသည်။

ထိုမျှနှင့် မကသေးပေ။ ကျွန်အများစု၏ ခွန်အားသည် အလွန်အမင်း သန်မာလှသည်။ သို့သော် သူတို့သည် အခြားသူများ၏ များပြားသော အင်အားစုဖြင့် တိုက်ခိုက်ခြင်း ခံခဲ့ရပြီး အရှင်ဖမ်းခံရကာ ကျွန်အဖြစ် ရောင်းစားခြင်း ခံခဲ့ရသည်။

ဤသည်ကပင် သိုင်းပညာရှင် အများစုအား သန်မာသော ကျေးကျွန်များကို ဝယ်ယူလိုစိတ် ဖြစ်လာစေ၏။

ယဲ့ဖန်၏ အကြည့်များက အောက်ဘက်ရှိ ကျွန်များထံ စူးစိုက်ကျရောက်နေသည်ကို မြင်ပြီး လောဝမ်က အသာပြုံးလိုက်သည်။

“ဘယ်လိုလဲ၊ အစ်ကိုယဲ့ကရော ကျွန်တွေကို စိတ်ဝင်စား နေတာလဲ”

သူ့စကားကြောင့် ယဲ့ဖန်က အသာ မျက်မှောင်ကြုတ် လိုက်မိပြီး ဘာတစ်ခွန်းမှ မပြောဘဲ ခေါင်းခါပြလိုက်သည်။

သူ၏အပြုအမူကြောင့် လောချင်းက ထပ်မံ၍ သရော်ပြုံး ပြုံးလေသည်။ ယဲ့ဖန်က သူ၏ကျင့်စဉ်အကြောင်း ဖြေရ မည်ကို စိုးရိမ်ပြီး အရှက်ကွဲမှာစိုးသောကြောင့် သူမ မေးခွန်းကို မဖြေဘဲ ရှောင်တိမ်းခြင်း ဖြစ်မည်ဟု သူမ တွေးမိ သွားသည်။ ထို့ကြောင့် သူမ ထပ်မေးလိုက်သည်။

“ယဲ့ဖန် ရှင် ကျွန်မ မေးတာကို မဖြေရသေးဘူးနော်၊ ရှင် ကျွန်မတို့ဂိုဏ်းထဲဝင်ချင်လား ပြီးတော့ ရှင့်ကို မြေကမ္ဘာ အဆင့် ကျင့်စဉ်အချို့ ပေးမယ်လေ”

“ကျွန်မတို့ အချင်းချင်း ကူညီခဲ့တာကို လူမသိစေနဲ့ပေါ့”

လောချင်းက ပြုံးတုံ့တုံ့ လုပ်နေ၏။ ယဲ့ဖန်၌ ကောင်းမွန်သော ကျင့်စဉ်မရှိဟု ထင်မြင်ပြီး သူ့အား အရှက်ရအောင် လှောင်နေခြင်း ဖြစ်သည်။

သူမ စကားကြောင့် ယဲ့ဖန် ပို၍ မျက်မှောင်ကြုတ် သွားလေသည်။ သို့သော် ထိုသို့သောအချိန်၌ အောက်ဘက်ရှိ ကျွန်ဈေးကွက်မှ ထွက်လာသော စကားသံက အားလုံး၏ အာရုံကို ဖမ်းစားသွားသည်။

“ကဲကဲ … ဒီကိုလာပြီး တစ်ချက်လောက် ကြည့်ကြည့်ပါ”

“ဒီတစ်သုတ်မှာ တကယ် အကောင်းစား လူတစ်ယောက် ပါလာတယ်နော်”

“အဲ့လူက ရှေးဟောင်း နတ်ဘုရားကျင့်စဉ်ကို ပိုင်ဆိုင်ထားတဲ့ ကျေးကျွန်ပဲ”

*ဘာ*

ထိုစကားက အားလုံး၏ အာရုံကို ချက်ချင်း ဆွဲဆောင် သွားသည်။

*ရှေးဟောင်း နတ်ဘုရားကျင့်စဉ်တဲ့လား*

*ဒါက ထိပ်တန်းဂိုဏ်းတစ်ခုမှတောင် ရှိမနေနိုင်လောက်တဲ့ တကယ့် ရတနာကြီးလေ*

*ဒါကို အခု ကျွန်တစ်ယောက်က ပိုင်ထားတယ်ဆိုတော့ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ*

ထိုအခါ စားသောက်ဆိုင်ထဲမှ လူတိုင်းက အောက်ဘက်သို့ ငုံ့ကြည့်လာကြပြီး ရုတ်တရက် အရက်မူး၍ နီမြန်းနေသော မျက်နှာနှင့် အော်ဟစ်နေသည့် ကျွန်ပိုင်ရှင်တစ်ယောက်ကို တွေ့လိုက်ရသည်။

“ဟေ့ ကြွားဝါမနေနဲ့၊ ဒီလို ရှေးဟောင်း နတ်ဘုရားကျင့်စဉ်က ထိပ်တန်းဂိုဏ်းတစ်ခု ထောင်လို့တောင် ရနေပြီကို၊ ဘယ်လိုလုပ် ကျွန်တစ်ယောက်မှာ ရှိမှာလဲ”

ထို့နောက် ဧည့်သည်အချို့က အောက်ဘက်ရှိ အရက်မူး နေသော ကျွန်ပိုင်ရှင်ကို လှမ်းမေးကြသည်။ မေးလိုက်သည့် လူသာမက လူတိုင်းနီးပါး မယုံသင်္ကာ ဖြစ်နေကြသည်။

ထိုအမေးကြောင့် ကျွန်ပိုင်ရှင်က အသာ ပြုံးလိုက်သည်။

“ဒီလူမှာ တကယ့်ကို မယုံနိုင်စရာကောင်းတဲ့ ကျင့်စဉ် ရှိနေတာကို အားလုံး သိကြပါတယ်၊ ဒါပေမဲ့ စိတ်မကောင်း စရာက သူက ဂိုဏ်းကြီးတစ်ခုကို ရန်စပြီးတော့ ဒဏ်ရာ အပြင်းအထန် ရသွားတာပဲ၊ ဒီတော့ ကျုပ်တို့ ညီအစ်ကိုရဲ့ ဖမ်းဆီးတာ ခံရပြီး ကျွန်တံဆိပ် ခတ်နှိပ်ခံရတာပဲ”

“ခင်ဗျားတို့ မယုံရင် စမ်းကြည့်ကြလေ”

ထိုသို့ပြောပြီးနောက် ကျွန်ပိုင်ရှင်က တစ်ဘက်လှည့်၍ သွေးအလိမ်းလိမ်းနှင့် မုတ်ဆိတ်မွေး ဗလပွ ဖြစ်နေသော ပိန်ပါးပါး ကျွန်တစ်ယောက်အား လှမ်းကြည့်လိုက်သည်။

“မျောက်လေး လာစမ်းပါဦး၊ အားလုံးကို မင်းရဲ့ ရှေးဟောင်း ကျင့်စဉ်လေး ပြလိုက်စမ်း”

ထိုစကားကို ကြားသော်လည်း ထိုကျေးကျွန်က မကြား သကဲ့သို့ ခံစားချက်မဲ့စွာဖြင့် ရပ်မြဲတိုင်း ရပ်နေသည်။

ဖြောင်း!

ထိုစဉ် ကျာပွတ်က သူ့ကိုယ်ပေါ်သို့ ပြင်းထန်စွာ ကျရောက် လာသည်။ ရုတ်တရက် သူ့အင်္ကျီ ဆုတ်ပြဲသွားပြီး သွေးစွန်းရာ တစ်ခု ဖြစ်ပေါ်လာလေသည်။ ကျွန်ပိုင်ရှင်က အော်ဟစ် ကြိမ်းမောင်းသည်။

“မျောက်ကောင် မင်း စိတ်ဆိုးနေတာလား ဟုတ်လား၊ တစ်ခြားလူတွေ သူ့ကို အပိုးကျိုးသွားအောင် လုပ်လိုက်စမ်း”

ကျွန်ပိုင်ရှင် အမိန့်ပေးလိုက်သည်နှင့် ဘေးပတ်လည်မှ အခြားသော သန်မာသည့် ကျေးကျွန်များက ချက်ချင်း ဆိုသလို မျောက်ဟု ခေါ်တွင်သည့် လူအား ဝိုင်းထားလို က်ကြသည်။

ကျွန်ပိုင်ရှင် အမိန့်ပေးပါက ထိုကျွန်အဖွဲ့များ မနာခံဘဲ မနေရဲပေ။ ယခုအချိန်၌ အားလုံးက လက်ကိုဝင့်၍ မျောက်ဟု အခေါ်ခံ ရသည့်လူအား သည်းကြီးမည်းကြီး ထိုးနှက် လေသည်။

လက်သီးချက်များက မျောက်ဟု အခေါ်ခံရသည့် လူ၏ ကိုယ်ပေါ်သို့ ကျရောက်လာသည်။ ဤသည်ကြောင့် ထိုသူသည် အရေပြားလန်၍ အရိုးများ ကျိုးကြေ လာလေသည်။ သူ၏ပါးစပ်ထောင့်မှ သွေးများ စီးကျလာ၏။

သို့သော် သူသည် ဓားတစ်လက်ကဲ့သို့ စူးရှသော အကြည့် များဖြင့် ယခင်အတိုင်း အရေးမလုပ်ချေ။ ထို့ကြောင့် ကျွန်ပိုင်ရှင် အရှက်ကွဲသလို ခံစားလိုက်ရသည်။

“ငါ့မျောက်လေးက သုံးစားမရဘူးပဲ၊ ရှေးဟောင်း နတ်ဘုရား ကျင့်စဉ်ကို တီထွင်ပေးခဲ့တဲ့ လူကိုတောင် သနားမိတယ်”

“ဒီမျောက်ပိန်လေးကြောင့် ကျုပ် အရှက်ရနေရတာပဲ”

ထိုစကားအဆုံး၌ မျောက်ပိန်လေး၏ ကိုယ်မှနေ၍ ရုတ်တရက် ကျားနှစ်ကောင် ထွက်ပေါ်လာသည်။ ထိုကျား နှစ်ကောင်သည် ကြီးမား၍ ကြောက်မက်ဖွယ် ကောင်း လှသည်။ ထိုကျားနှစ်ကောင်တွင် တစ်ကောင်၌ အမြီး မရှိသလို ကျန်တစ်ကောင်၌ နားရွက်မရှိပေ။

သို့သော် ၎င်းတို့၏ အရှိန်အဝါက တစ်လမ်းလုံး၏ မြေပြင် အား ချက်ချင်းဆိုသလို တုန်ခါသွားစေသည်။

ထိုထိတ်လန့်ဖွယ် အရှိန်အဝါအောက်၌ စားသောက်ဆိုင် တောင်မှ နံရံများ ပြိုကျသွားပြီး တစစနှင့် လဲပြိုပျက်စီး လုနီးပါး ဖြစ်လာသည်။

ဝေါင်း!

ဟိန်းသံထွက်ပေါ်လာပြီးနောက် များစွာသော ကျေးကျွန် များသည် ကြိုးပြတ်သွားသော စွန်သဖွယ် လွင့်စဉ် ထွက်သွားကြသည်။ လူတိုင်း သွေးအလိမ်းလိမ်းနှင့် ထိတ်လန့် ခြောက်ခြားပုံ ပေါ်နေသည်။ သို့သော် ဤမျှနှင့် မပြီးသွားချေ။

ကြမ်းကြုတ်သော ကျားနှစ်ကောင်က ကျွန်ပိုင်ရှင်ထံသို့ လျပ်စီး သဖွယ် ခုန်ဝင်၍ ကိုက်ခဲရန် ပြင်လာသည်။

“သောက်သားရဲတွေ”

ကျွန်ပိုင်ရှင်က ခန့်မှန်းမိသည့်ပုံပင်။ သူ့လက်ဝါး၌ ခပ်ဖျော့ ဖျော့ အလင်းတစ်ခု ထွက်ပေါ်လာပြီးနောက် ကျွန် သင်္ကေတအား အားဖြင့် ဖိနှိပ်လိုက်သည်။

ဂျွတ်!

ကြမ်းကြုတ်သော ကျားနှစ်ကောင်လုံး ချက်ချင်း ပျောက် ကွယ် သွားလေသည်။ မျောက်ပိန်လေး၏ ကိုယ်ပေါ် တွင် ကျွန်အမှတ်တံဆိပ်က ဆက်လက်၍ လင်းလက်နေပြီး တစ်ကိုယ်လုံးအား မီးလောင်တိုက်သွင်းခံရသကဲ့သို့ ခံစား နေရသည်။

အသား မီးဟပ်သည့် အနံ့များ ထွက်ပေါ်လာပြီးနောက် မျောက်ပိန်လေးသည် ချိနဲ့စွာဖြင့် မြေကြီးပေါ်သို့ လဲကျ သွားသည်။

ဘုန်း!

ဤမြင်ကွင်းကြောင့် စားသောက်ဆိုင်ထဲမှ သိုင်းပညာရှင်များ အားလုံး ထိတ်လန့်သွားကြသည်။

“မြတ်စွာဘုရား၊ ဒါ … ဒါက တကယ်ကို ရှေးဟောင်း နတ်ဘုရား ကျင့်စဉ် ဖြစ်နေတာပဲ”

“ကျားနှစ်ကောင်က တော် … တော်တော် ကြောက်ဖို့ ကောင်းတယ်၊ စောစောတုန်းက စားသောက်ဆိုင်တစ်ခုလုံး ပျက်စီးတော့မယ်လို့ ငါ ခံစားလိုက်ရတယ်”

“ငါရောပဲ၊ တကယ်လို့ အဲ့ကျားနှစ်ကောင်သာ ငါ့ကို လာတိုက်ခိုက်လို့ကတော့ ငါ … ငါ သေချာပေါက် သေသွားလောက်တယ်”

“…”

ထိုသို့သောအချိန်၌ စားသောက်ဆိုင်ပေါ်မှ တအံ့တဩ ပြောဆိုနေသံများ ဆက်လက် ထွက်ပေါ်နေ၏။

အားလုံး၏ မျက်နှာထားက ထိတ်လန့်ခြောက်ခြားဟန် ပေါ်နေသည်။ လောဝမ်နှင့် လောချင်းတို့ မောင်နှမတောင်မှ ကျားနှစ်ကောင်ကြောင့် မှင်တက်နေကြသည်။ လောဝမ်၏ မျက်လုံးများက ပြူးကျယ်နေသည်။

“တကယ် … တကယ်ကို သန်မာတာပဲ၊ ရှေးဟောင်း နတ်ဘုရားကျင့်စဉ်က ဒီလောက် စွမ်းအားကြီးတာကိုး”

တစ်ဖက်မှ လောချင်းမှာမူ အလွန်အမင်း အားကျလျက် ရှိသည်။ သူမသည် ပါးစပ်ကို တင်းနေအောင် စေ့၍ ပို၍ ထိတ်လန့်နေလေသည်။

“ငါ့မှာသာ ဒီလိုရှေးဟောင်း နတ်ဘုရားကျင့်စဉ် ရှိမယ်ဆိုရင် ဘယ်လောက် ကောင်းလိုက်မလဲ၊ ဒီရှေးဟောင်း နတ်ဘုရားကျင့်စဉ်နဲ့ ယှဉ်လိုက်ရင် ငါ့ရဲ့ မြေကမ္ဘာ အဆင့်ကျင့်စဉ်၊ ဂိုဏ်းရဲ့ မိုးကောင်းကင်အဆင့် ကျင့်စဉ် အားလုံးက အမှိုက်လိုပဲ”

မောင်နှမနှစ်ယောက်လုံး၏ မျက်လုံးများက တောက်ပလျက် ရှိသည်။ ယဲ့ဖန်၏ မျက်လုံးများသာလျင် အေးစက်မြဲ အေးစက်လျက် ရှိနေသည်။

“အသုံးမကျလိုက်တာ”

ယဲ့ဖန်သည် အောက်ဘက်ရှိ မျောက်ပိန်လေးကို ဆက်မကြည့် တော့ဘဲ ဝိုင်ခွက်ကိုသာ ယူ၍ သောက်နေလိုက်သည်။

မျောက်ပိန်လေး၊ ထိုသူသည် ခရမ်းပြာဂြိုဟ်၌ ယဲ့ဖန် ဆုံတွေ့ခဲ့သည့် ခြေသလုံးအိမ်တိုင် သိုင်းသမား ဖြစ်လေသည်။ တစ်ဖက်လူက စိတ်သဘော ကောင်းမွန် သောကြောင့် ယဲ့ဖန် ထွက်ခွာခဲ့စဉ်က ကိုယ်တိုင် တီထွင်ခဲ့သော “ကျားနှစ်ကောင်” ရှေးဟောင်းနတ်ဘုရား ကျင့်စဉ်အား ပေးခဲ့လိုက်သည်။

အစပိုင်း၌ တစ်ဖက်လူက ဤကျင့်စဉ်ကို အသုံးချ၍ မိမိ အဆင့်အတန်းကို မြင့်မားအောင် ပြုလုပ်၍ ဂိုဏ်းထောင် လိမ့်မည်ဟု ထင်ထားခဲ့မိသည်။ သို့သော် ထိုသူက ကျေးကျွန် ဖြစ်လာလိမ့်မည်ဟု တစ်ခါမှ ထင်မှတ် မထားမိခဲ့ပေ။

ယဲ့ဖန်သည် ဆိုးသွမ်းသော လူတစ်ယောက် မဟုတ်ပေ။ သူနှင့် မျောက်ပိန်လေးတို့သည် မထင်မှတ်ဘဲ တွေ့ဆုံခဲ့သည့် လူစိမ်းများ ဖြစ်ပြီး တစ်ယောက်က ရတနာကို ပေးအပ်၍ ကျန်တစ်ယောက်က ကျေးဇူးတရားကို ပေးအပ်ခဲ့သည်။ ယခုအခါတွင်တော့ မိမိကိုယ်တိုင် လွတ်မြောက်အောင် မလုပ်နိုင်ပါက သူလည်း မတတ်နိုင်ပေ။

“ဘယ်သူမှ ဒီကျွန်ကို ယူသွားလို့ မရဘူး”

ထိုစဉ် အော်သံတစ်သံ ထွက်ပေါ်လာပြီး စားသောက်ဆိုင်ထဲမှ လူငယ်တစ်ယောက် ထရပ်လာသည်။ သူသည် ကျွန်ပိုင်ရှင်အား စူးစိုက်၍ မချိုမချဉ် ပြုံးနေသည်။

“ခုနတုန်းက အဲ့ဒီကျွန် ခပ်တိုးတိုး ပြောတာကို ဒီသခင်လေး ကြားလိုက်ရတယ်”

“ဒီရှေးဟောင်း နတ်ဘုရားကျင့်စဉ်က ရှေးဟောင်း အမွေအနှစ်တွေထဲက မဟုတ်ဘဲ လူတစ်ယောက် တီထွင် ခဲ့တာတဲ့လေ”

“ဒီနတ်ဘုရား ကျင့်စဉ်ကို ဘယ်သူ တီထွင်ခဲ့တာလဲ ဆိုတာကို ဒီကျေးကျွန် ထုတ်ပြောလာအောင် လုပ်နိုင်တဲ့ ဘယ်သူ့ ကိုမဆို ကျုပ် စကြဝဠာသုံး ဒင်္ဂါး ဆယ်သန်း ဆုချီးမြှင့်မယ်”

Chapter 618 သခင်ကြီးကို အရိုအသေ ပေးပါတယ်

*ကျင့်စဉ် တီထွင်ခဲ့တဲ့သူကို ပြောနိုင်အောင် လုပ်ပေးတာနဲ့ စကြဝဠာသုံးဒင်္ဂါး ဆယ်သန်း ဆုချီးမြှင့်မယ်တဲ့လား*

ထိုစကားကို ကြားပြီးနောက် စားသောက်ဆိုင်တစ်ခုလုံးနှင့် ကျွန်ဈေးကွက်တစ်ခုလုံး ပွက်လောရိုက်သွားသည်။

အားလုံး ဘေးဘီကိုဝေ့၍ လိုက်ရှာကြည့်သောအခါ ထိုသို့ ပြောလိုက်သောသူက ရွှေအိုရောင်ဝတ်စုံကို ဝတ်ဆင်ထားသည့် လူငယ်တစ်ယောက် ဖြစ်နေသည်ကို တွေ့လိုက်ရသည်။

“အဲ့ဒါက သခင်လေးရဲ့ မိန်းမနဲ့ သူ့မောင် ကျင်းရှောက် မဟုတ်လား”

“ကျင်းရှောက်က အဲ့ဒီကျင့်စဉ်နောက်ကို လိုက်နေတာ ထင်တယ်၊ ပြီးတော့ အဲ့ဒီကျင့်စဉ်ကို တီထွင်ခဲ့တဲ့သူကိုလည်း မရရအောင် ရှာဦးမှာပဲ”

“အံ့ဩစရာပဲ၊ ဒီရှေးဟောင်း နတ်ဘုရားကျင့်စဉ်က ရှေးခေတ် အမွေအနှစ် မဟုတ်ဘဲ လူတစ်ယောက်က တီထွင် ထားတာတဲ့လား၊ အခုခေတ်မှာ ဘယ်လိုလုပ် အဲ့လောက် ကြောက်စရာကောင်းတဲ့ ပုဂ္ဂိုလ်မျိုး ရှိနေသေးတာပါလိမ့်”

“….”

ထိုသို့သောအချိန်၌ စားသောက်ဆိုင်ထဲမှ လူများအားလုံး ဆူညံစွာ ပြောဆိုနေကြသည်။ လူတိုင်းက ရွှေအိုရောင် ဝတ်ရုံဝတ်ထားသည့် လူငယ်လေးအပေါ် မနာလို ဖြစ်နေကြလေသည်။

တစ်ဖက်လူမှ သူ ဝယ်မည်ဟု ပြောလိုက်သဖြင့် မည်သူမျှ ယှဉ်မဝယ်ရဲတော့ချေ။ ကျင်းရှောက်ကိုကြည့်ပြီး လောဝမ်နှင့် လောချင်းတို့ မျက်နှာပျက်သွားကြသည်။ ထို့နောက် လောဝမ်က ယဲ့ဖန်ကို ရှင်းပြသည်။

“အစ်ကိုယဲ့ ခင်ဗျားက အနောက်ဘက် ကောင်းကင်ဘုံ နတ်ဘုရားနယ်မြေက လူမဟုတ်တော့ မသိလောက်ဘူး၊ အဲ့လူငယ်လေးက ဒီသခင်လေးဂြိုဟ်ရဲ့ ဒုသခင်လေးပဲ”

“ပြီးတော့ သူတို့က သခင်လေးရဲ့ ဇနီးနဲ့ မောင်လေ၊ သူက ဂြိုဟ်ငယ်လေးမှာ သောင်းကျန်းတတ်လို့ ဘယ်သူမှ သူ့ကို ရန်မစရဲဘူး”

“အခုလည်း သူက ရှေးဟောင်း နတ်ဘုရားကျင့်စဉ်ကို တတ်တဲ့ကျွန်ကို ဝယ်မယ်လို့ ပြောလိုက်တော့ ဘယ်သူမှ လိုက်မဝယ်ရဲတော့ဘူး”

ယခုအချိန်၌ ကျင်းရှောင်၏ စကားသံ ထွက်ပေါ်လာပြီးနောက် စားသောက်ဆိုင်ထဲမှ သိုင်းပညာရှင်များအားလုံး မည်သို့မှ မလှုပ်ရဲတော့ချေ။ အားလုံးက ကျွန်ပိုင်ရှင်ကိုသာ စိုက်ကြည့်နေကြ၏။

ကျွန်ပိုင်ရှင်ကိုယ်တိုင်တောင်မှ ကျိတ်၍ သက်ပြင်းချ လိုက်မိပြီး သူ့ကိုယ်သူ အားတင်းကာ မျောက်ပိန်လေးကို လှမ်းပြောလိုက်သည်။

“မင်း ကြားတယ်မလား၊ ကျင်းရှောက်က ဒီကျင့်စဉ်ကို ဘယ်သူ တီထွင်ခဲ့တာလဲလို့ မေးနေတယ်လေ”

“မင်း ပြောပြလိုက်ရင် အကျိုးအမြတ်တွေ အများကြီးရမှာ၊ မင်း မပြောရင်တော့ ငါတောင်မှ မင်းကို မကာကွယ်နိုင်ဘူး”

ကျွန်ပိုင်ရှင်၏ စကားအဆုံး၌ လူတိုင်း၏အကြည့်များက မျောက်ပိန်လေးထံသို့ ကျရောက် လာသည်။

ရှေးဟောင်း နတ်ဘုရားကျင့်စဉ်ကို တီထွင်ခဲ့သည့် ပုဂ္ဂိုလ်ကို သိချင်နေကြသဖြင့် လူတိုင်း အသက်ပင် မရှူဝံ့ကြချေ။

“အဲ့ဒီလူက ဘယ်သူလဲ ဟုတ်လား”

ထိုစဉ် မျောက်ပိန်လေး၏ စိတ်ထဲ၌ ထိုပုဂ္ဂိုလ်၏ ပုံပန်းသဏ္ဌာန်ကို ပြန်မြင်ယောင်လာသည်။ တစ်ကိုယ်လုံး အနက်ရောင် ဝတ်စုံကို ဝတ်ဆင်ထားပြီး ပိန်ပါးသော ကိုယ်ဟန်ရှိသည်။ သူ၏သွင်ပြင်က ငရဲမှ ထွက်လာသောသူဟု ထင်မှတ်ရသည်။ ထူးခြားဆန်းကြယ်၍ အင်အားကြီးသည်။ မတွေးတတ်အောင် နားလည်ရ ခက်သောသူ ဖြစ်သည်။

မျောက်ပိန်လေး၏ စိတ်ထဲတွင် ထိုသူသည် နတ်ဘုရားသာ ဖြစ်ပြီး သူ့ဘဝ၌ အလေးစားရဆုံးသော ပုဂ္ဂိုလ်လည်း ဖြစ်ပေသည်။ သို့သော် ထိုသူက သူ့အား နှုတ်ဆက် ထွက်ခွာ သွားလေပြီ။

“သူက လူမဟုတ်ဘူး”

မျောက်ပိန်လေး ခပ်ယဲ့ယဲ့ ပြောလိုက်သော စကားများက ဘေးပတ်ဝန်းကျင်မှ လူတိုင်းအား မှင်တက်သွားစေသည်။

*လူ မဟုတ်ဘူးတဲ့လား*

ကျွန်ပိုင်ရှင် မျက်မှောင်ကြုတ်သွားသည်။

“မကောင်းဆိုးဝါးမျိုးနွယ်ကလို့ မင်း ပြောချင်တာလား”

ကျွန်ပိုင်ရှင်သာမက ဘေးပတ်လည်မှ လူတိုင်းသည် အစောပိုင်းက မြင်လိုက်ရသည့် ရှေးဟောင်း နတ်ဘုရား ကျင့်စဉ်ကို အမှတ်ရသွားသည်။ ထိုကျင့်စဉ်၌ ရှေးဟောင်း ကျားနှစ်ကောင်ကိုသာ တွေ့ခဲ့ရသည်။

ရုတ်တရက် မျောက်ပိန်လေးက ထိုသူအကြောင်း မပြောဘဲ မကောင်းဆိုးဝါးမျိုးနွယ်အကြောင်း ပြောလာသည်။

“မကောင်းဆိုးဝါးမျိုးနွယ်ကတဲ့လား”

မျောက်ပိန်လေး၏ သွေးအလိမ်းလိမ်း ဖြစ်နေသော မျက်နှာ၌ အထင်သေးဟန်များ ပေါ်လွင်နေသည်။

“မကောင်းဆိုးဝါးမျိုးနွယ်က အင်အားကြီးတယ်၊ ဒါပေမဲ့ အဲ့လူရဲ့ လက်အောက်မှာဆိုရင် ဘာမှမဟုတ်တဲ့ ပုရွက်ဆိတ် တစ်သိုက်သာသာထက် မပိုဘူး”

“ကျုပ် ပြောတာက သူက လူမဟုတ်ဘူး ဒါပေမဲ့ … နတ်ဘုရားပဲ၊ စကြဝဠာကြီးရဲ့ စစ်မှန်တဲ့ နတ်ဘုရား”

“မင်းတို့လို ပုရွက်ဆိတ်တစ်သိုက်က ဘယ်လိုလုပ် ယှဉ်နိုင်မှာလဲ”

*ဘာ*

မျောက်ပိန်လေး၏ စကားက လူတိုင်းအား ချက်ချင်း ဒေါသထွက်သွားစေသည်။ မျောက်ပိန်လေးက ထိုပုဂ္ဂိုလ်အား ဤမျှ လေးစားကြည်ညိုလိမ့်မည်ဟု သူတို့ ထင်မထား မိကြချေ။ ကျင်းရှောက်တောင်မှ မျက်မှောင်ကြုတ်၍ နေသည်။

“အဲ့လူရဲ့ နာမည်နဲ့ သူနေတဲ့နေရာကို ပြောမယ်ဆိုရင် ငါ မင်းကို အသက်ချမ်းသာခွင့်ပေးမယ်”

*အသက်ချမ်းသာခွင့်ပေးမယ် ဟုတ်လား*

သူ့စကားကြောင့် မျောက်ပိန်လေးက ပြုံးလိုက်သည်။ ထို့နောက် အရူးတစ်ယောက်ကဲ့သို့ ဟားတိုက် ရယ်မော လေသည်။ ကျင်းရှောက်ကိုလည်း အခြားအရူး တစ်ယောက်ကို ကြည့်သကဲ့သို့ ကြည့်နေ၏။

ဤသည်က ကျင်းရှောက်အား ချက်ချင်း သုန်မှုန် သွားစေသည်။ ထို့အတူ ကျွန်ပိုင်ရှင်သည်လည်း မှင်တက် နေပြီးမှ အသည်းအသန် ပြေးသွား၍ မျောက်ပိန်လေးအား အားနှင့် ထိုးနှက်လေသည်။

“မင်း ပြောလိုက်စမ်း”

“ခွေးမသား၊ မင်း မပြောရင် ငါ မင်းကို သေအောင် ရိုက်သတ်မယ်”

“ပြောစမ်း …”

ထိုသို့ ကြမ်းကြုတ်စွာ ပြောဆိုနေရင်းနှင့် ကျာပွတ်က မျောက်ပိန်လေးထံသို့ ကျရောက်လာသည်။ သူ့ကိုယ်၌ ချက်ချင်း အရှိုးရာထင်ကာ သွေးများ စိမ့်ထွက်လာ၏။

သနားစရာကောင်းလှသော်လည်း မျောက်ပိန်လေးက နာကျင်မှုကို ခံစားမိပုံ မပေါ်ဘဲ မျက်လုံးများ မျက်ရည် များသာ စီးကျလာသည်။

“ငါ သေသွားမယ်ဆိုရင်တောင်မှ အဲ့လူကို နာမည်ပျက်အောင် မလုပ်ဘူးကွ”

ထိုစကားက သိုင်းပညာရှင်အားလုံးက အရှိုက်ထိ သွားစေသည်။ ဤကျွန်က ထိုပုဂ္ဂိုလ်အား ဤအတိုင်း အတာထိ လေးစားကြည်ညိုလိမ့်မည်ဟု မည်သူမျှ ထင်မထားမိပေ။

*သူ့အသက် သေသွားမယ်ဆိုရင်တောင်မှ အဲ့လူရဲ့ ဂုဏ်သိက္ခာကို ထိခိုက်အောင် မလုပ်ဘူးတဲ့လား*

ရွှမ်း! ရွှမ်း! ရွှမ်း! ရွှမ်း!

ထိုအခါ ကျွန်ပိုင်ရှင်သည် ဒေါသူပုန်ထလာလေသည်။ သူသည် ကျင်းရှောက်၏ ဒေါသကို မခံယူလိုပေ။ ထို့ကြောင့် သူ၏ ကျာပွတ်ရိုက်နှုန်းက ပို၍ အားပြင်းလာ၏။ မျောက်ပိန်လေး၏ အရေပြားများ ဆုတ်ပြဲကာ သွေးများ ပန်းထွက်လာသည်။

သို့သော် မျောက်ပိန်လေးက အံကိုတင်းတင်းကြိတ်ထားပြီး သူ့မျက်လုံး၌ ခိုင်မာ ပြတ်သားဟန်များ ထင်ဟပ်နေ၏။

“ကျွန်တော် တောင်းပန်ပါတယ်”

“ခင်ဗျားရဲ့ စေတနာကို ကျွန်တော် တန်ဖိုးထားပါတယ်၊ ဒါပေမဲ့ ဒီဘဝမှာတော့ ကျေးဇူးပြန်ဆပ်ဖို့ မဖြစ်နိုင် တော့ပါဘူး”

ထိုသို့ပြောပြီး မျောက်ပိန်လေး၏ မျက်လုံးမှနေ၍ မရဏ အငွေ့အသက်များ ထွက်ပေါ်လာသည်။

“ဒီဘဝက ကျေးဇူးတရားကို နောင်ဘဝမှပဲ ပြန်ဆပ်ပါ့မယ်”

ထို့နောက် မျောက်ပိန်လေး၏ ခန္ဓာကိုယ်မှ ထိတ်လန့်ဖွယ် အရှိန်အဝါများ ပျံ့နှံ့လာလေသည်။ ရုတ်ချည်းဆိုသလိုပင် ကျွန်ပိုင်ရှင်နှင့် ဘေးပတ်လည်မှ သိုင်းပညာရှင်များအားလုံး ထိတ်လန့် သွားကြသည်။

*ကိုယ့်ကိုယ်ကိုယ် ဖောက်ခွဲဖျက်စီးခြင်းပါလား*

ထိတ်လန့်ဖွယ် အဖျက်စွမ်းအင်များ ဆထက်တံပိုး တိုးပွား လာသည်ကို အားလုံး ခံစားမိသည်။ မျောက်ပိန်လေးက ထိုပုဂ္ဂိုလ်၏ နာမည်ကို ပြောပြမည့်အစား ကိုယ့်ကိုယ်ကိုယ် ဖောက်ခွဲ ဖျက်စီးလိမ့်မည်ဟု မည်သူမှ ထင်မထားမိပေ။

“မကောင်းတော့ဘူး”

ထိုစဉ် ကျွန်ပိုင်ရှင်သည် အကြီးအကျယ် မျက်နှာပျက်သွားပြီး ထွက်ပြေးချင်နေသည်။ ထိုအချိန်၌ မျောက်ပိန်လေး၏ ခန္ဓာကိုယ်မှ ပေါက်ကွဲသံ ထွက်ပေါ်လာသည်။ သူသည် ငိုကြွေးနေပြီး ကိုယ့်ကိုယ်ကိုယ် ဖောက်ခွဲဖျက်စီးခြင်းအား စတင်လိုက်သည်။

ထိုစဉ် အသံတစ်သံ ထွက်ပေါ်လာ၏။

“အသုံးမကျလိုက်တာ၊ ငါ မင်းကို ကျင့်စဉ်ပေးခဲ့တာပဲ၊ ငါ ဘယ်တုန်းက မင်းကို ကျွန်ဖြစ်ခွင့် ပေးခဲ့လို့လဲ၊ ငါ မင်းကို ဘယ်တုန်းက ကိုယ့်ကိုယ်ကိုယ် ဖောက်ခွဲဖျက်စီးခွင့် ပေးခဲ့လို့လဲ”

ထိုအသံက အခြေအနေအား ချက်ချင်း ပြောင်းလဲလိုက်သလို ဖြစ်သွားပြီး မျောက်ပိန်လေး၏ ကိုယ့်ကိုယ်ကိုယ် ဖောက်ခွဲ ဖျက်စီးခြင်းသည်လည်း ချက်ချင်း ရပ်တန့်သွားလေသည်။

ယခုအချိန်၌ သူသည် အလွန် အံ့အားသင့်ကာ ထင်ယောင် ထင်မှား ဖြစ်နေသည်ဟုတောင်မှ သံသယဝင်သွားသည်။

သူ ဘေးဘီကိုဝေ့ဝဲ၍ လိုက်ကြည့်လိုက်သောအခါ ဆံပင်အဖြူရောင်နှင့် အနက်ရောင်ဝတ်စုံကို ဝတ်ထားသည့် လူငယ်တစ်ယောက်က သူ့နောက်၌ ရပ်နေပြီး သူ့အား အေးတိအေးစက် စိုက်ကြည့်နေသည်ကို သတိထား မိသွားသည်။ ထိုအခါ မျောက်ပိန်လေး အကြီးအကျယ် တုန်လှုပ်သွားသည်။

သူပင်၊ သူ့ဘဝကို ပြောင်းလဲစေခဲ့သောသူ၊ သူ လေးစား ကြည်ညိုရသည့်ပုဂ္ဂိလ်။

ထို့နောက် မျောက်ပိန်လေးသည် ယဲ့ဖန်ဘက်လှည့်၍ ဒူးထောက် ကာ မျက်ရည်များကိုသုတ်၍ ပြောလိုက်သည်။

“မျောက်ပိန်လေး သခင်ကြီးကို ဂါဝရပြုပါတယ်”

ထိုအခါ အားလုံး တိတ်ဆိတ်ငြိမ်သက်သွားပြီး လူတိုင်း ကိုယ့်နားကိုယ် မယုံနိုင် ဖြစ်သွားကြသည်။

*သခင်ကြီးတဲ့လား*

*ဒီလူက ရှေးဟောင်း နတ်ဘုရားကျင့်စဉ်ကို တီထွင်ခဲ့ တဲ့လူလား*

*ဒါက …*

အားလုံး၏ အကြည့်များက မျောက်ပိန်လေးပေါ် ကျရောက် နေ၏။ သူ၏ မျက်ရည်များကို သုတ်နေဟန်နှင့် စိတ်လှုပ်ရှား နေသော အမူအရာအရ ယဲ့ဖန်က ထိုပုဂ္ဂိုလ်သာဖြစ်ကြောင်း သေချာသွားလေသည်။

ချက်ချင်းဆိုသလိုပင် အားလုံး ဆူညံပွက်လောရိုက်လာ၏။ သိုင်းပညာရှင်တိုင်း၏ အကြည့်၌ ထိတ်လန့်၍ မယုံနိုင် ဟန်များ ထင်ဟပ်နေသည်။

ထိတ်လန့်ဖွယ် ရှေးဟောင်း နတ်ဘုရားကျင့်စဉ်ကို တီထွင် ခဲ့သူ၊ မျောက်ပိန်လေးအား နတ်ဘုရားအဖြစ် လေးစား ကြည်ညိုချင်စိတ် ဝင်အောင် လုပ်ခဲ့သူက နတ်ဘုရား ဂိုဏ်းချုပ် အထွတ်အထိပ်အဆင့်သာ ရှိနေသည့် လူတစ် ယောက် ဖြစ်နေသည်တဲ့လား။

အထိတ်လန့်ဆုံးသောသူမှာ လောဝမ်နှင့် လောချင်းပင်။ လောဝမ်သည် မယုံနိုင်ဟန်ဖြင့် ကြည့်နေသကဲ့သို့ လောချင်းသည်လည်း ထိတ်လန့်တကြားနှင့် ပါးစပ်ကို လက်ဖြင့် အုပ်နေပြီး ထိတ်လန့်နေလေ၏။

All Chapters