← Chapters

အခန်း (၆၁၉-၆၂၁)

Vol. 42 Ch. 619-621

အခန်း (၆၁၉-၆၂၁)

Vol. 42 Ch. 619-621

Chapter 619 ငါ့ဆရာကို စော်ကားရင် သေရမယ်

ရှေးဟောင်း နတ်ဘုရားကျင့်စဉ်ကို တီထွင်ခဲ့တဲ့သူလား။

ယခုအချိန်၌ ယဲ့ဖန် ထွက်ပေါ်လာပြီးချိန်တွင် စားသောက်ဆိုင် တစ်ခုလုံးနှင့် ကျွန်ဈေးတန်း တစ်ခုလုံး ပွက်လောရိုက် သွားသည်။

သိုင်းပညာရှင်များအားလုံး ကိုယ့်မျက်လုံးကိုယ် မယုံနိုင် လောက်အောင် ဖြစ်နေကြသည်။ ကြောက်မက်ဖွယ် ကောင်းလှသည့် ရှေးဟောင်း နတ်ဘုရားကျင့်စဉ်က ဤနတ်ဘုရား ဂိုဏ်းချုပ် အထွတ်အထိပ်အဆင့်သာ ရှိသောသူ၏ လက်ထဲမှ ဖန်တီးဖြစ်ပေါ်လာသည်ကို သူတို့ မယုံနိုင်ကြပေ။

“မဟုတ်ဘူး … မဖြစ်နိုင်ဘူး”

လောချင်း၏ မျက်နှာသည် ပြာနှမ်း၍နေ၏။ ယခင်က သူမသည် သူမ၏ မြေကမ္ဘာအဆင့် ကျင့်စဉ်များအကြောင်း ပြော၍ သူ့အား လှောင်ပြောင်ရယ်မောခဲ့သည်။ သို့သော် ယခုအခါ၌ ဤနတ်ဘုရား ဂိုဏ်းချုပ်အထွတ်အထိပ်အဆင့် ရှိသောသူက ရှေးဟောင်း နတ်ဘုရား ကျင့်စဉ်အား တီထွင်ခဲ့သည်ကို သူမ လက်မခံနိုင် ဖြစ်နေ၏။

*ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ*

အခြားတစ်ဖက်တွင်မူ လောဝမ်သည် မျက်လုံးများ ဝင်းလက် နေသည်။

“အစောပိုင်းကတည်းက အစ်ကိုယဲ့က သာမန်ထက် ထူးခြားတယ်လို့ ငါ ခံစားမိနေခဲ့တာ၊ အခု ငါ့ခံစားချက်က မှန်နေတာပဲ”

လောဝမ်၏ မျက်နှာထက်တွင် ဝမ်းသာပျော်ရွှင်မှုများနှင့် ပြည့်နှက်နေ၏။ ထိုအချိန်တွင် မျောက်ပိန်လေး၏ အသံ ထွက်လာသည်။

“သခင်ကြီး၊ ဒီမျောက်ပိန်လေးက တုံးအပြီး ညံ့ဖျင်းပါတယ်၊ သခင်ကြီး လက်ဆောင်ပေးခဲ့တဲ့ ရှေးဟောင်း နတ်ဘုရား ကျင့်စဉ်ကို အလှောင်ခံရအောင် လုပ်ခဲ့မိပါတယ်”

“ကျေးဇူးပြုပြီး ကျွန်တော့်ကို အပြစ်ပေးပါ”

ထိုသို့ပြောပြီး မျောက်ပိန်လေးက မျက်ရည်လည်ရွဲဖြင့် မြေကြီးပေါ် ဒူးထောက်ကာ နဖူးနှင့် မြေကြီး တိုက်၍ ယဲ့ဖန်အား တောင်းပန်လေသည်။ သူ ရှက်ရွံ့နေသည်။ သူသည် တစ်ဖက်လူအား မော်မကြည့်ဝံ့လောက်အောင် ရှက်ရွံ့နေ၏။

အစပိုင်း၌ သူသည် ယဲ့ဖန်ထံမှ ရှေးဟောင်း နတ်ဘုရား ကျင့်စဉ်ကို ရရှိပြီးနောက် ချက်ချင်းဆိုသလိုပင် နာမည် ကျော်ကြားလာပြီး ဂိုဏ်းတစ်ဂိုဏ်းကို တည် ထောင်ခဲ့ပြီး နတ်ဆိုးတစ်ကောင် ဖြစ်လာလေသည်။

သို့သော် နောက်ပိုင်း၌ ထိပ်သီးဂိုဏ်းတစ်ဂိုဏ်းကို ရန်စမိပြီး ထိုဂိုဏ်းမှ သိုင်းပညာရှင်များ၏ လိုက်လံဖမ်းဆီးခြင်း ခံရကာ အပြင်းအထန် ဒဏ်ရာရပြီး ကျွန်ပိုင်ရှင်လက်ထဲသို့ ကျရောက်လိမ့်မည်ဟု ထင်မထားမိပေ။

မြင့်မြတ်သော ရှေးဟောင်း နတ်ဘုရားကျင့်စဉ်က ကျွန် တစ်ယောက်၏ လက်ထဲ၌ ရှိနေသည်ကို သူ တွေးမိ လိုက်တိုင်း မျောက်ပိန်လေး စိတ်မကောင်း ဖြစ်ရသည်။

မျောက်ပိန်လေးကို ကြည့်နေသော ယဲ့ဖန်၏ မျက်လုံးများက အေးစက်နေ၏။ သူ စကားတစ်ခွန်းမျှ မပြောရ သေးသော်လည်း ရုတ်တရက် ရယ်သံတစ်သံ ထွက်လာသည်။

“ဟားဟားဟား … ရှေးဟောင်း နတ်ဘုရားကျင့်စဉ်ကို တီထွင်ခဲ့တဲ့သူက မျက်စိအောက်တင် ရှိနေတဲ့ နတ်ဘုရား ဂိုဏ်းချုပ် အထွတ်အထိပ်အဆင့် ရှိတဲ့သူ ဖြစ်နေလိမ့်မယ်လို့ ကျုပ် ထင်မထားမိဘူး”

ရယ်သံနှင့်အတူ စားသောက်ဆိုင် အပေါ်ထပ်မှ ကျင်းရှောက်က ဖျတ်ခနဲ လှုပ်ရှားလာပြီး ယဲ့ဖန်ရှေ့သို့ ရိပ်ခနဲ ရောက်ရှိလာသည်။

သူတင်မကဘဲ သူ့နောက်မှနေ၍ သူတော်စင်အဆင့် လေးယောက်က တင်းကြပ်စွာ စောင့်ရှောက်ခြံရံလျက် လိုက်ပါလာသည်။

“လူငယ်လေး၊ ငါ့မျိုးရိုးနာမည်က ကျင်း၊ ငါ့ယောက်ဖက စစ်တပ်ခေါင်းဆောင် သခင်လေးပဲ”

ကျင်းရှောက်သည် ယဲ့ဖန်အား ရှားပါးရတနာတစ်ခုကို ကြည့်သကဲ့သို့ လောဘတကြီး စိုက်ကြည့်နေသည်။

“ကျုပ် ခင်ဗျားကို ရှေးဟောင်း နတ်ဘုရားကျင့်စဉ်တစ်ချို့ ဖန်တီးပေးဖို့ တောင်းဆိုချင်တယ်၊ ဘယ်လိုလဲ”

*ဘာ*

ထိုစကားကြောင့် ဘေးပတ်လည်မှလူများအားလုံး လှုပ်လှုပ် ရွရွ ဖြစ်သွားကြသည်။

*ရှေးဟောင်း နတ်ဘုရားကျင့်စဉ်အချို့တဲ့လား*

လူတိုင်း နှုတ်ခမ်းမဲ့သွားပြီး ယဲ့ဖန်အား သနားသလို ကြည့် လာကြသည်။ ကျင်းရှောက်သည် ပါရမီရှိသော ယဲ့ဖန်ကို နှစ်သက်သဘောကျနေသည်ကို သူတို့ ရိပ်စားမိသွားသည်။ သူသည် ယဲ့ဖန်အား ဖိအားပေး၍ သူ့နောက်လိုက်ကာ အမှုထမ်း စေချင်နေ၏။

ယခုအချိန်၌ လူတိုင်း ခေါင်းတခါခါဖြင့် သက်ပြင်းချ နေကြသည်။ ယဲ့ဖန်၌ တမူထူးခြားသော အရည်အချင်း ရှိသော်လည်း ခွန်အားက နိမ့်ပါးသဖြင့် မည်သူမဆို၏ သတ်ဖြတ်ခြင်း ခံရနိုင်သည်။

ထိုစဉ် ရှောင်ချီရှို့နှင့် လောဝမ်တို့ မောင်နှမနှ စ်ယောက်တို့သည် စားသောက်ဆိုင်ထဲမှ ဆင်းလာပြီး ယဲ့ဖန်နောက်၌ ဝင်ရပ်လာသည်။ ကျင်းရှောက်ကို တစ်ချက် ကြည့်ပြီးနောက် လောဝမ်သည် မိမိကိုယ်ကို အားတင်း၍ ရှေ့သို့တက်ကာ စကားစလိုက်သည်။

“ကျင်းရှောက်၊ ကျွန်တော်က မိုးပျံဂိုဏ်းရဲ့ အကြီးဆုံး တပည့်ပါ၊ အရင်က ကျွန်တော့်ဆရာနဲ့အတူ ကျင်းရှောက် ဆီကို အလည်လာခဲ့ဖူးပါတယ်”

“အစ်ကိုယဲ့က ကျွန်တော့်မိတ်ဆွေပါ၊ ကျွန်တော့်ဆရာရဲ့ မျက်နှာကို ထောက်ထားပြီး ကျင်းရှောက် သူ့ကို သွားခွင့် ပေးမယ်လို့ ကျွန်တော် မျှော်လင့်ပါတယ်”

လောဝမ်သည် ထိုသို့ပြောပြီးနောက် နဖူးမှ ချွေးများ တဒီးဒီး စီးကျနေ၏။

*သူ့ကို သွားခွင့်ပေးရမယ်တဲ့လား*

သူ့စကားကြောင့် ကျင်းရှောက်က လှောင်ပြုံး ပြုံးလိုက်သည်။

“ဘာ မိုးပျံဂိုဏ်းလဲ၊ မင်းက ဘာအဆင့်မို့လို့လဲ”

“ငါနဲ့ ဝေးဝေး သွားနေစမ်း”

ကျင်းရှောက်က ကျယ်လောင်စွာ အော်ပြောလိုက်သည်။ ထိုအသံလှိုင်းက ရုတ်တရက်ဆိုသလို လောဝမ်အား နောက်သို့ ဆုတ်သွားစေသည်။ လောဝမ် မျက်နှာပျက် သွားသည်။

ကျင်းရှောက်သည် လောဝမ်ကို အရေးမလုပ်တော့ဘဲ ယဲ့ဖန်ကိုသာ စိုက်ကြည့်၍ ထီမထင်သလို ပြုံးနေ၏။

“မင်း မလုပ်ချင်ဘူးလား”

“မင်း သေချာစဉ်းစား၊ ဒါက ဂြိုဟ်ငယ်လေးပဲ၊ မင်းသာ မလုပ်ချင်ဘူးဆိုရင် မင်း ဒီဂြိုဟ်ကနေ အသက်ရှင်လျက်နဲ့ ထွက်မသွားနိုင်မှာကို ငါ စိုးရိမ်မိသား”

ခြိမ်းခြောက်ခြင်းပင်။ ကျင်းရှောက်၏ စကားအဆုံး၌ သူ့နောက်မှ သူတောင်စင်အဆင့် အစောင့်လေးယောက်က ချက်ချင်း ရှေ့သို့တက်လာပြီး ယဲ့ဖန်အား ဝိုင်းထား လိုက်သည်။ ထိုသူတို့က ယဲ့ဖန်အား ကြမ်းကြုတ်သော သားရဲ လေးကောင်ကဲ့သို့ စူးစိုက်ကြည့်နေ၏။

ဤသည်ကိုကြည့်ပြီး ကျင်းရှောက်၏ လှောင်ပြုံးက ပို၍ပီပြင်လာသည်။ ယခင်က သူသည် ရှေးဟောင်း နတ်ဘုရားကျင့်စဉ်ကို တီထွင်ခဲ့သူက အင်အားကြီးသော ပုဂ္ဂိုလ်တစ်ယောက် ဖြစ်လိမ့်မည်ဟု ထင်မှတ်ခဲ့ဖူးသည်။

အစပိုင်း၌ သူသည် တစ်ဖက်လူအား အကြိမ်ကြိမ် မျက်နှာချိုသွေး၍ ရှေးဟောင်း နတ်ဘုရားကျင့်စဉ်အား ဈေးကြီးပေး၍ ဝယ်ယူကာ သူ၏ ယောက်ဖဖြစ်သူ သခင်လေးအား လက်ဆောင်အဖြစ် ပေးရန် ကြံစည် ထားခဲ့သည်။

သို့သော် ကျင့်စဉ်ကို တီထွင်ခဲ့သူက နတ်ဘုရားဂိုဏ်းချုပ် အထွတ်အထိပ်အဆင့်သာ ရှိသောသူ ဖြစ်နေလိမ့်မည်ဟု သူ တစ်ခါမှ တွေးမထားမိခဲ့ပေ။ ကျင်းရှောက်၏ စိတ်ထဲ၌ မကောင်းသော အတွေးများ စိုးမိုးလာသည်။

ယဲ့ဖန်ကို ထိန်းချုပ်နိုင်သည်နှင့် သူ့လက်ထဲသို့ ရှေးဟောင်း နတ်ဘုရားကျင့်စဉ်များစွာ ရောက်ရှိလာလိမ့်မည်ဟု တွေးမိ သွားသည်။ ထိုသို့ဆိုလျင် အနောက်ဘက် ကောင်းကင် ဘုံ နတ်ဘုရားနယ်မြေ၌ သူ၏ အဆင့်အတန်း သည် မိုးထိုးမတတ် မြင့်မားလာပြီး နတ်ဘုရားတစ်ပါး ဖြစ်လာ ပေတော့မည်။ ဤသို့တွေးမိပြီးနောက် ကျင်းရှောက်၏ အပြုံးက ပို၍ ခိုင်မာပီပြင် လာလေသည်။

ထိုအချိန်၌ ယဲ့ဖန်သည် မပြောင်းလဲသော မျက်နှာထားနှင့် ရှိနေပြီး သူ၏ခန္ဓာကိုယ်မှ အလွန်တရာ အေးစက်သော အရှိန်အဝါများ ထွက်ပေါ်လာသည်။ ထိုအရှိန်အဝါသည် ငရဲမှ ထွက်ပေါ်လာသကဲ့သို့ ကျင်းရှောက်အား တုန်ယင် အေးစက် သွားစေသည်။ ထို့အပြင် ရေခဲတမျှ အေးစက်သော အသံလည်း ပေါ်ထွက်လာ၏။

“မင်း သေချင်နေတာလား”

ယဲ့ဖန်၏ စကားကြောင့် စားသောက်ဆိုင်နှင့် ကျွန်ဈေးတန်းမှ လူများအားလုံး ဆူညံ ပွက်လောရိုက်သွားလေသည်။

*မောက်မာလိုက်တာ*

နတ်ဘုရားဂိုဏ်းချုပ် အထွတ်အထိပ်အဆင့်လေးက ကျင်းရှောက်အား ဤသို့ပြောရဲလိမ့်မည်ဟု လူတိုင်း ထင်မထားမိချေ။

*သူ အသက်မရှင်ချင်တော့ဘူးလား*

လူတိုင်း ခေါင်းတခါခါ ဖြစ်နေကြသည်။ သူတို့စိတ်ထဲတွင် ယဲ့ဖန် ရူးသွားပြီဟု ထင်နေကြလေ၏။ လူတိုင်းသာမက ယဲ့ဖန်၏ စကားကိုကြားပြီးနောက် လောဝမ်နဖူး၌ ပို၍ ချွေးစို့လာသည်။

သူသည် ယဲ့ဖန်၏ အင်္ကျီစကို မသိမသာ လှမ်းဆွဲ၍ သူ့အား ဆက်မပြောတော့ရန် အချက်ပြလိုက်သည်။ သို့မဟုတ်ပါက အကျိုးဆက်က မတွေးဝံ့စရာပင်။ လောချင်းသည်လည်း ယဲ့ဖန်အား အရူးတစ်ယောက်ကို ကြည့်သကဲ့သို့ ကြည့်နေ၏။

“သွားပြီ၊ ဒီလူတော့ တကယ့်ကို အသုံးမကျဘူးပဲ”

လောချင်း၏ စိတ်ထဲတွင် ယဲ့ဖန်သည် ထူးခြားသော အစွမ်းရှိသော်လည်း ခွန်အားနိမ့်ပါး၍ တုံးအလွန်းသည်ဟု ထင်မြင်နေလေသည်။ ကျင်းရှောက်ကိုတောင်မှ ရန်စရဲ နေ၏။

ဤသည်မှာ ကိုယ့်သေတွင်းကိုယ်တူးသည်နှင့် အတူတူပင်။

“ဟေ့ကောင် မင်းကများ ငါ့ကို ကြိမ်းမောင်းရဲတယ်ပေါ့လေ”

ကျင်းရှောက်သည် ထိုသို့ပြောပြီးနောက် သတ်ဖြတ်လိုစိတ် ပြင်းထန်သော အကြည့်များဖြင့် နှုတ်ခမ်းကိုတွန့်၍ ပြုံးလေသည်။

“ကောင်းပြီလေ၊ မင်းက ချီးမြှောက်တာကို မခံချင်တော့ ဖိအားပေးမှပဲ ရတော့မှာပေါ့၊ ဒီလိုဆိုရင်တော့ မင်း ဒီဂြိုဟ်မှာ တစ်သက်လုံးနေပြီး သခင်လေးနဲ့ ငါ့အတွက် ရှေးဟောင်း နတ်ဘုရားကျင့်စဉ်တွေ ဖန်တီးနေလိုက်တော့”

ထို့နောက် ကျင်းရှောက်က အချက်ပြလိုက်သည်နှင့် သူတော်စင်အဆင့် အစောင့်အရှောက် လေးယောက်က လျှပ်စီးသဖွယ် လှုပ်ရှားလာသည်။ လေးယောက်လုံးက ယဲ့ဖန်ကို သေချာ စိုက်ကြည့်၍ အားနှင့် ဖမ်းချုပ် လာကြသည်။

ဤအခြင်းအရာအားလုံးကို ယဲ့ဖန်က မသိကျိုးကျွန် ပြုထားလေသည်။ မျောက်ပိန်လေးသည် မျက်နှာပျက် သွားပြီး ခုခံရန် ပြင်လိုက်သည်။

ဝှစ်! ဝှစ်! ဝှစ်! ဝှစ်!

သူ့မျက်နှာပေါ်သို့ သွေးစက်လေးစက် လွင့်စဉ်လာသည်။ အားလုံး၏ ထိတ်လန့်နေသော အကြည့်အောက်၌ သူတော်စင်အဆင့် အစောင့်အရှောက် လေးယောက်သည် ရုတ်ချည်းဆိုသလို အေးခဲတောင့်တင်းသွားပုံရသည်။ ထို့နောက် သူတို့၏လည်ပင်း၌ သွေးစင်းကြောင်းများ ထင်ဟပ်လာသည်။ လေးယောက်လုံး၏ မျက်လုံးတွင် မယုံနိုင်ဟန်များ ယှက်သန်းနေ၏။

ဘုတ်!

ဦးခေါင်းလေးလုံးက မြေကြီးပေါ် ပြုတ်ကျလာသည်။ ထိုအခါ တွင်မှ မည်သည့်အချိန်ကတည်းက ရောက်လာမှန်း မသိ လိုက်သော လူငယ်လေးတစ်ယောက်က ယဲ့ဖန်ရှေ့၌ ရပ်နေ သည်ကို အားလုံး တွေ့လိုက်ရလေသည်။ သူသည် ခြင်္သေ့ပျို တစ်ကောင်ကဲ့သို့ ကြမ်းကြုတ်၍ ဝင့်ထည်လှသည်။

“ငါ့ဆရာကို စော်ကားတဲ့သူတိုင်း သေရမယ်”

Chapter 620 အားလုံးကို သတ်လိုက်

“ငါ့ဆရာကို စော်ကားတဲ့သူတိုင်း သေရမယ်”

ခက်ထန်သော စကားသံသည် ရှင်းလင်းပြတ်သားစွာ ထွက်ပေါ်လာ၏။ ထိုအခါ စားသောက်ဆိုင် တစ်ခုလုံးနှင့် ကျွန်ဈေးတန်းတစ်ခုလုံး တိတ်ဆိတ် ငြိမ်သက် သွားလေသည်။

လူတိုင်း၏ အကြည့်များက မြေကြီးပေါ်ရှိ ဦးခေါင်းမဲ့ နေသော အလောင်းလေးလောင်းပေါ် ကျရောက်ကာ မယုံကြည်နိုင် လုနီးပါး ဖြစ်နေ၏။

*သေ … သေသွားပြီလား*

*လေးယောက်လုံးကို တစ်ချက်တည်း သတ်လိုက်တာလား*

*ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ*

လူတိုင်းသည် ဘေးဘီကို ဝေ့ကြည့်ရင်း ရှောင်ချီရှို့ပေါ် အကြည့်ရောက်သွားသည်။ အထူးသဖြင့် ရှောင်ချီရှို့၏ အသက် ငယ်ပုံနှင့် နတ်ဧကရာဇ် တစ်ပိုင်းအဆင့်သို့ ရောက်ရှိ နေသည်ကို သတိထားမိပြီးနောက် အားလုံး မနည်းကို တံတွေးမျိုချလိုက်ရသည်။ လူတိုင်း ထိတ်လန့် ကြောက်ရွံ့နေကြသည်။

“အဆင့်ကျော်ပြီး တိုက်ခိုက်နိုင်တာပါလား၊ အဆင့် ခြောက်ဆင့်ကို ကျော်ပြီးတော့ သူတော်စင်အဆင့်ကို သတ်နိုင်တာ ကိုတော့ ငါ ချီးကျူးမိတယ်”

“ကြောက်စရာ ကောင်းလိုက်တာ၊ ဒီလူငယ်လေးက တော်တော် ထိတ်လန့်စရာ ကောင်းတာပဲ”

“ဆံပင်အဖြူနဲ့လူ မစိုးရိမ်တာကို ငါ မအံ့ဩတော့ဘူး၊ သူ့မှာ ဒီလောက် ကြောက်စရာကောင်းတဲ့ အစောင့်အရှောက် တပည့်မျိုး ရှိနေတာကိုး”

“…”

ချက်ချင်းဆိုသလိုပင် အားလုံး ဆူညံပွက်လော ရိုက်သွားသည်။ လူတိုင်းသည် ရှောင်ချီရှို့အား ထိတ်လန့် ကြောက်ရွံ့သည့် အကြည့်များဖြင့် ကြည့်နေ ကြသည်။ ရှောင်ချီရှို့၏ သတ်ဖြတ်မှုကြောင့် သူ့ဘေးရှိ လောဝမ်နှင့် လောချင်းတို့ ပို၍ ထိတ်လန့်နေကြလေသည်။

ဤပိန်ပါးပါး ကောင်လေးက ဒေါသထွက်နေချိန်၌ သည်လောက် ကြောက်စရာ ကောင်းနေလိမ့်မည်ဟု သူတို့ ထင်မထားမိကြချေ။

မြေကြီးပေါ်၌ ရှိနေသော သူတော်စင်အဆင့် လေးယောက်၏ ဦးခေါင်းပြတ်များကို ကြည့်ပြီး လောချင်း၏ မျက်နှာက စက္ကူစကဲ့သို့ ဖြူရော်နေသည်။

ထိုအခါတွင်မှ အစောပိုင်းက သူမ ယဲ့ဖန်ကို လှောင်ပြောင် သရော်ခဲ့သည်ကို ပြန်အမှတ်ရသွားပြီး ရှောင်ချီရှို့ကြောင့် သူမ ရင်တုန်သွားရသည်။

ဤသည်ကို တွေးမိပြီးနောက် လောချင်းတစ်ယောက် တုန်လှုပ်သွားပြီး သေမင်းနှုတ်ခမ်းဝမှ လွတ်မြောက် လာသကဲ့သို့ ကျောပြင်၌ ဇောချွေးများဖြင့် ရွှဲနစ်လာသည်။

“ီးပဲ၊ မင်းကများ ငါ့အစောင့်တွေကို သတ်ရဲတယ်ပေါ့လေ”

ထိုသို့သောအချိန်၌ ကျင်းရှောက်သည် ငေးငိုင်နေရာမှ သတိဝင်လာကာ ထိတ်လန့်ဒေါသထွက် သွားလေသည်။

သူ ဂြိုဟ်ငယ်လေး၌ နေနေသည့် နှစ်နှစ်အတွင်း မည်သူမှ သူ့ကို ရန်မစရဲခဲ့ပေ။ ယခုအချိန်၌ ရှောင်ချီရှို့သည် သူ၏ အစောင့်ကို သတ်ရဲသည့် ပထမဆုံးသောသူ ဖြစ်လေသည်။ ထိုစဉ် ကျင်းရှောက်သည် ယဲ့ဖန်အား မမှိတ်မသုန် စူးစိုက်ကြည့်လာသည်။

“ကောင်းပြီလေ၊ မင်းက သိပ်တော်နေတယ်ပေါ့”

“တပည့်ကို အလိုလိုက်ပြီး ဒီဂြိုဟ်မှာ ရာဇဝတ်မှု ကျူးလွတ်ရဲတယ်ပေါ့လေ၊ မင်းနဲ့ အဲ့ကောင်လေးက ဆယ်ခါမက သေဒဏ်ပေးခံရသင့်တယ်ကွ”

ထိုအချိန်၌ ကျင်းရှောက်၏ မျက်လုံးမှ မကျေမချမ်း ဖြစ်နေသည့် အရိပ်အယောင်များ ထွက်ပေါ်နေသည်။ သူသည် တစ်ဖက်လှည့်၍ စားသောက်ဆိုင်ထဲမှ သိုင်းပညာ ရှင်များနှင့် ကျွန်ဈေးတန်း၏ ကျွန်ပိုင်ရှင်ကို လှမ်းကြည့်ကာ ဟစ်အော်လိုက်သည်။

“လာကြစမ်း၊ ဒီကောင်ကို သတ်နိုင်တဲ့ ဘယ်သူ့ကိုမဆို ငါ တစ်သန်း ဆုချမယ်”

“ဆံပင်အဖြူနဲ့ကောင်ကို သတ်နိုင်တဲ့ ဘယ်သူ့ကိုမဆို သန်းတစ်ရာ ဆုချီးမြှင့်မယ်”

ကျင်းရှောက်၏ စကားက ဗုံးတစ်လုံး ထပေါက်သွားကဲ့သို့ လူတိုင်းအား စိတ်လှုပ်ရှား သွားစေသည်။

*ဆယ်သန်း*

*သန်းတစ်ရာတဲ့လား*

*ဒါက …*

ချက်ချင်းဆိုသလိုပင် စားသောက်ဆိုင်ထဲမှ သိုင်းပညာရှင်များ သာမက ကျွန်ဈေးတန်းမှ ကျွန်ပိုင်ရှင်ပါ အသက်ရှူ ရပ်မတတ် ဖြစ်ကာ ရင်တုန်ပန်းတုန် ဖြစ်လာလေသည်။

*ငွေတွင်းပဲ*

ဤမျှငွေကြေးကိုသာ ရသွားပါက မည်သူမဆို မရေတွက် နိုင်သော အရင်းအမြစ်များကို ဝယ်ယူနိုင်ပြီး သိုင်းအဆင့်ပါ မိုးထိုးမတတ် မြင့်တက်သွားပေမည်။

အားလုံး၏ စိတ်ထဲတွင် ရှောင်ချီရှို့၏ တိုက်ပွဲဝင်ခွန်အားက အံ့အားသင့်စရာ ကောင်းသော်လည်း သူသည် နတ်ဧကရာဇ် တစ်ပိုင်းအဆင့်သာ ဖြစ်ပြီး ယဲ့ဖန်၏အဆင့်က ပို၍ ဆိုးလေသည်။ ဆရာတပည့်နှစ်ယောက်လုံးသည် သိုင်းပညာ ရှင် အားလုံး၏ မျက်စိကျစရာပင်။

ထိုသို့တွေးတောမိပြီးနောက် သိုင်းပညာရှင်တစ်ယောက်က စားသောက်ဆိုင်ထဲမှ ဆင်းလာပြီး ကျွန်ပိုင်ရှင်များကလည်း လှုပ်ရှားလာသည်။

“တက်ကြ၊ ဘယ်သူက ငါ့အတွက် ဒီနှစ်ယောက်ကို သတ်ပေးနိုင်လဲ၊ အဲ့လိုလုပ်နိုင်တဲ့လူကို ငါ ကျွန်ဘဝက လွှတ်ပေးမယ်”

“မြန်မြန်လုပ်၊ အဲ့နှစ်ယောက်ကို ထွက်မပြေးစေနဲ့၊ သူတို့က ရတနာသိုက်ပဲ၊ သူတို့ကို ရအောင်ဖမ်းပြီး ဆုကြေးငွေ ယူရမယ်”

“…”

ကြွေးကြော်သံများဖြင့် တစ်လမ်းလုံး ပွက်လောရိုက် သွားသည်။ များပြားလှသည့် ကျွန်များက စိတ်အား တက်ကြွစွာဖြင့် လမ်းပိတ်ထားကြသည်။

ယအခုအချိန်၌ ယဲ့ဖန်၊ မျောက်ပိန်လေး၊ ရှောင်ချီရှို့၊ လောဝမ်နှင့် လောချင်းတို့ ဘေးပတ်လည်၌ သိုင်းပညာရှင် များဖြင့် ပြည့်နှက်နေသည်။ အားလုံး၏ မျက်လုံး၌ လောဘ ရိပ်များ ယှက်သန်းနေသည်။

ဂလု!

ဤမြင်ကွင်းကြောင့် လောချင်းသည် မနည်းကို တံတွေးမျိုချ မိသွားသည်။ သူမ၏ လှပသော မျက်နှာလေးသည် စက္ကူကဲ့သို့ ဖြူစုတ်နေပြီး စိုးရိမ်တကြီး ဖြစ်နေသည်။

“အစ်ကို … အစ်ကို၊ သွားကြစို့။ ဒီကိစ္စက ကျွန်မတို့နဲ့ ဘာမှမှ မဆိုင်တာ၊ ကျွန်မတို့ ဒီနေရာမှာ အသတ်ခံလို့ မဖြစ်ဘူး”

လောချင်း၏စိတ်ထဲ၌ ကြောက်စိတ်များဖြင့် ပြည့်နှက် နေသည်။ ယခုအချိန်၌ သူမ ယဲ့ဖန်အပေါ် အလွန် မကျေမချမ်း ဖြစ်မိသည်။ ယဲ့ဖန်ကြောင့်သာ မဟုတ်ပါက သူမတို့ မောင်နှမနှစ်ယောက် ဤပြဿနာထဲ ပါလိမ့်မည်မဟုတ်ဟု သူမ ထင်နေသည်။

သို့သော် လောဝမ်က ခေါင်းခါ၍ ပြတ်သားသော အကြည့်များဖြင့် ပြန်ပြောလိုက်သည်။

“ညီမလေး ဆရာက ငါတို့ကို မိတ်တွေတွေ ဒုက္ခရောက် နေတဲ့အချိန် မသိကျိုးကျွန် မပြုသင့်ဘူးလို့ သင်ထား တယ်လေ”

“မင်း မေ့သွားပြီလား”

“ဒါပေမဲ့ …”

လောချင်း တစ်ခုခုပြန်ပြောချင်သော်လည်း လောဝမ်က ဖြူရော်နေသော မျက်နှာဖြင့် ပြန်ပြောလေသည်။

“မင်း ကြောက်ရင် ထွက်သွားလို့ရတယ်၊ ဒါပေမဲ့ ငါ လောဝမ်က ကိုယ့်မိတ်ဆွေကို သစ္စာမဖောက်ဘူး”

“သေရင်တောင်မှ … သစ္စာမဖောက်ဘူး”

သူ့စကား၌ ပြတ်သားမှုများနှင့် အသေခံချင်စိတ်များ ပါဝင်နေ၏။ သူ့စကားကြောင့် လောချင်း၏ မျက်နှာက ပို၍ ဖြူဖပ်ဖြူရော် ဖြစ်လာသည်။ သူမ ယဲ့ဖန်အတွက်နှင့် မသေချင်သော်လည်း သူမအစ်ကိုကို သူမ ပစ်မသွားနိုင်ပါ။ နောက်ဆုံးတွင် သူမသည် ခြေကိုသာဆောင့်၍ ယဲ့ဖန်အား စူးစူးရဲရဲ စိုက်ကြည့်လေသည်။

“တကယ်ပဲ ဒီလူကြောင့် အသတ်ခံရတော့မှာလား”

ထို့နောက် မောင်နှမနှစ်ယောက်လုံး ယဲ့ဖန်ကို စောင့်ရှောက်၍ ဘေးပတ်လည်မှ သိုင်းပညာရှင်များကို ပြန်ကြည့်နေ လိုက်သည်။

ထိုအခိုက်တွင် သိုင်းပညာရှင်များက ပို၍ နီးကပ်စွာ ချဉ်းကပ် လာကြသည်။ သူတို့သည် လောချင်းတို့အား တန်း၍ မသတ်ချင်သေးပေ။

အားလုံး၏ အကြည့်များက ရှောင်ချီရှို့နှင့် မျောက်ပိန် လေးပေါ်သို့ ရောက်နေကြသည်။ ရှောင်ချီရှို့၏ ထိတ်လန့်ဖွယ် တိုက်ပွဲဝင်ခွန်အားနှင့် မျောက်ပိန်လေး၏ ရှေးဟောင်း နတ်ဘုရား သိုင်းကျမ်းတို့ကို သူတို့ အလွန်အမင်း မနာလိုရှုစိမ့် ဖြစ်မိသည်။

“မျောက်ပိန်လေး မင်း ငါ့ဆီ ပြန်လာခဲ့စမ်း၊ မဟုတ်လို့ကတော့ ငါ မင်းကို အခုပဲ သေခိုင်းလိုက်မယ်”

သူ့စကားကြောင့် မျောက်ပိန်လေးက ဟက်ဟက်ပက်ပက် ရယ်မောကာ မီးဝင်းဝင်း တောက်နေသော မျက်လုံးများဖြင့် ပြန်ကြည့်လိုက်သည်။

“ကျုပ်က ကျေူးဇူးရှိတဲ့သူပါ၊ ကျုပ် သေသွားတော့ကော ဘာလုပ်မှာလဲ”

“အသုံးမကျတဲ့လူ၊ လာလေ … ကျုပ်ရဲ့ကျေးဇူးရှင်ကို သတ်ချင်ရင် ကျုပ် အရင်သေသွားမှပဲ ရမယ်”

မျောက်ပိန်လေး၏ ခန္ဓာကိုယ်မှ ထိတ်လန့်ဖွယ် အရှိန် အဝါများ ထွက်ပေါ်လာသည်။ သူသည် အားလုံး၏ ရင်အား တုန်လှုပ်သွားအောင် လုပ်နိုင်လေသည်။

“ချီးတဲ့မှပဲ”

ကျွန်ပိုင်ရှင် ရူးမတတ် ဒေါသထွက်သွားသည်။ သူသည် နီရဲနေသော မျက်လုံးများဖြင့် ယဲ့ဖန်ကို စူးစိုက် ကြည့်လေသည်။

“ကောင်းပြီလေ၊ ငါ မင်းကို အရင်သေခိုင်းရတာပေါ့၊ ပြီးမှ အဲ့ဆံဖြူကောင်ကို ဖမ်းမယ်”

ထိုသို့ပြောပြီး ကျွန်ပိုင်ရှင်သည် လက်ဝါးပေါ်မှ ကျွန် သင်္ကေတကို ဖမ်းဆုပ်၍ ဖျက်ဆီးရန် ပြင်လိုက်သည်။ ဤသည်ကိုကြည့်ပြီး မျောက်ပိန်လေးက အထင်သေးသလို ပြုံးလိုက်သည်။

*သေရမယ် ဟုတ်လား*

*သောက်ရေးမပါတာ*

မျောက်ပိန်လေးသည် သူ၏ကျေးဇူးရှင်ဘေး၌ သေခွင့် ရသည်ကို ဂုဏ်ယူနေသည်။

ဂျွတ်!

ထိုစဉ် ကျွန်သင်္ကေတသည် လုံးဝ ပျက်စီးသွားလေသည်။ သို့သော် အံ့ဩစရာကောင်းသည်က မျောက်ပိန်လေးသည် အကောင်းအတိုင်း ရပ်မြဲရပ်နေနိုင်ခြင်းပင်။

*ဒါ ဘယ်လိုဖြစ်တာလဲ*

ကျွန်ပိုင်ရှင်သာမက အားလုံး နားဝေတိမ်တောင် ဖြစ်သွား လေသည်။ ယဲ့ဖန် တစ်ယောက်တည်းသာ ခပ်ယဲ့ယဲ့ ပြုံးနေ၏။ သူသည် လက်ဝါးကိုဖြန့်၍ နှုတ်ခမ်းကိုတွန့်ပြီး ပြောလိုက်သည်။

“ခင်ဗျား ဒါကို ပြောချင်တာလား”

*ဟမ်*

ကျွန်ပိုင်ရှင် လှည့်ကြည့်လိုက်သည်။ ထို့နောက် သူ မျက်လုံး ပြူးသွားသည်။ ယဲ့ဖန်၏ လက်ဝါးပေါ်၌ သင်္ကေတတစ်ခု ရှိနေသည်။ ထိုသင်္ကေတသည် မျောက်ပိန်လေး၏ ကိုယ်ထဲ၌ ရှိနေသည့် ကျွန်တံဆိပ်ပင်။

“ကျွန်တံဆိပ်လား”

ယဲ့ဖန် ပြုံးနေသော်လည်း သူ့အပြုံးက အေးစက်၍ ကျောချမ်းဖွယ် ကောင်းလှသည်။

“ဒါပေမဲ့ ခင်ဗျား မသိဘူးလား၊ ခင်ဗျားသာ ကျွန်ဆိုရင် အခြားသူတွေက ခင်ဗျားကို သတ်နိုင်တယ်ဆိုတာ”

ထို့နောက် ယဲ့ဖန်က ထိုကျွန်တံဆိပ်အား အားဖြင့် ဖိချေလိုက်သည်။

ဝုန်း!

ရုတ်ချည်းဆိုသလိုပင် ကျွန်ပိုင်ရှင်၏ လက်ဝါးပေါ်မှ ကျွန်သင်္ကေတ အပိုင်းအစများ ပေါက်ကွဲသွားပြီး သူသည်လည်း သဲအိတ်ကဲ့သို့ ပေါက်ကွဲကာ သွေးမြူခိုး အဖြစ်သို့ ရောက်သွား လေသည်။

ဘေးပတ်လည်မှ သိုင်းပညာရှင်များလည်း ထိုပေါက်ကွဲ မှုကြောင့် လွင့်ထွက်သွားသည်။ သို့သော် ဤမျှနှင့် ရပ်မသွားချေ။ ငရဲမှ ထွက်ပေါ်လာသော အသံတစ်သံက ရုတ်တရက် ပေါ်ထွက်လာ၏။

“အားလုံးကို သတ်ပစ်လိုက်”

Chapter 621 အပြတ်အသတ် ချေမှုန်းခြင်း

“အားလုံးကို သတ်ပစ်လိုက်”

ယဲ့ဖန်၏ စကားသံ ပဲ့တင်ထပ်သွားချိန်တွင် ဘေးပတ်လည်၌ ဆူညံပွက်လောရိုက်သွားလေသည်။

*ဘဝင်မြင့်လိုက်တာ*

သူသည် ဝိုင်းထားခြင်း ခံထားရသော်လည်း ဤမျှ သွေးနားထင် ရောက်နေလိမ့်မည်ဟု သိုင်းပညာရှင်များ အားလုံး ထင်မထားမိချေ။ အထူးသဖြင့် ကျင်းရှောက်ပင်၊ သူသည် နှုတ်ခမ်းကိုတွန့်၍ အထင်သေးသလို ပြုံးကာ ယဲ့ဖန်အား အရူးတစ်ယောက်ကို ကြည့်သကဲ့သို့ ကြည့်နေ လေသည်။

“အားလုံးကို သတ်လိုက် ဟုတ်လား၊ ဒီနတ်ဘုရားဂိုဏ်းချုပ် အထွတ်အထိပ်အဆင့်လေးက တကယ် ရူးတာပဲ”

“သူ့နားမှာ လူနည်းနည်းလောက် ရှိတာနဲ့ သူက သိုင်းပညာရှင် အားလုံးကို သတ်နိုင်မယ်လို့ ထင်နေတာလား … ဘာ …”

ကျင်းရှောက်၏ စကားမသုံးသေးခင်တွင် သူ့မျက်နှာပေါ်မှ အပြုံးသည် ချက်ချင်း အေးခဲသွားလေသည်။ သူသည် သရဲသဘက်ကို မြင်တွေ့လိုက်ရသကဲ့သို့ မျက်လုံး ပြူးကျယ် လာသည်။

ထိုအခိုက်တွင် ရှေ့ဆုံး၌ ရှိနေသောလူများ အသတ်ခံ လိုက်ရ၏။ သို့သော် သိုင်းပညာရှင်များက ယဲ့ဖန်နှင့် အခြားသူများကို သတ်လိုက်ခြင်း မဟုတ်ပေ။

ယဲ့ဖန်ဘေးနားမှ ရှောင်ချီရှို့နှင့် မျောက်ပိန်လေးတို့က ရှေ့သို့ပြေးတက်၍ အနီးဝန်းကျင်မှ သိုင်းပညာရှင်များကို သတ်ဖြတ်နေခြင်း ဖြစ်သည်။

ရှောင်ချီရှို့သည် သတ်ဖြတ်ခြင်း နတ်ဘုရားလိုပင်။ သူ တိုက်ခိုက်လိုက်သည့် အကြိမ်တိုင်း များစွာသော သိုင်းပညာရှင်များအား သတ်ဖြတ်နိုင်နေသည်။ သူသည် ဓားတစ်လက်ထက်ပင် ပို၍မြန်ဆန်၍ ပို၍သုတ်သင်နိုင် နေလေသည်။

သူသည် ငရဲမှထွက်လာသော သေမင်းနတ်ဘုရားကဲ့သို့ သိုင်းပညာရှင်များ၏ အသက်အား အညှာအတာကင်းမဲ့စွာ ရိတ်သိမ်းနေသည်။ နတ်ဧကရာဇ်အဆင့်ဖြစ်စေ၊ သူတော်စင် အဆင့်ဖြစ်စေ သူ့လက်အောက်၌ မည်သို့မျှ ယှဉ်မနိုင်ချေ။

တစ်ဖက်တွင်မူ မျောက်ပိန်လေး၏ မျက်လုံးသည် သွေးကဲ့သို့ ရဲရဲနီနေပြီး မုန်ယိုနေသော ရှေးဟောင်း သားရဲ တစ်ကောင်ကဲ့သို့ ပြုမူနေ၏။

“မင်းတို့အားလုံး ငါ့လက်ထဲမှာ သေရမယ်ကွ”

ထိုသို့ကြုံးဝါးပြီးနောက် လေထုထဲ၌ ကျားရိုင်းနှစ်ကောင် ထွက်ပေါ်လာသည်။ ၎င်းတို့၏ သွေးစွန်းနေသော ပါးစပ်ကြီး များကို ဟ၍ အနီးဝန်းကျင်ရှိ သိုင်းပညာရှင် များအား ဝါးမျိုစားသောက်လေတော့သည်။

သူတော်စင်အဆင့်တစ်ယောက်သည် ဦးခေါင်းအကိုက်ခံ လိုက်ရပြီး မကြာခင်မှာပင် တစ်ကိုယ်လုံး ဝါးမျိုခံလို က်ရလေသည်။ ထိုသူဘေးနားရှိ သူတော်စင် အဆင့်တစ်ယောက်သည် ဓားကိုဝင့်၍ ကျားရိုင်းအား အားနှင့် ခုတ်ပိုင်းလိုက်သည်။ သို့သော် ထိုကျားရိုင်းသည် ဖောက်ထွင်း မြင်ရသော အရာကဲ့သို့ ဖြစ်နေပြီး ဓားက ကျားခန္ဓာကိုယ်ကို ဖြတ်ထွက်သွားသည်။

“မကောင်းတော့ဘူး”

ထိုသူတော်စင်အဆင့် သိုင်းပညာရှင်သည် အလွန် ကြောက်လန့်နေသည်။ လက်ရှိအချိန်၌ ထိုသူသည် နောက်ဆုတ်ချင်နေ၏။

ဝေါင်း!

သို့သော် ထိုကျားရိုင်းသည် အလွန် ဒေါသူပုန်ထသွားပြီး ၎င်း၏အကြည့်များက ထိုသူတော်စင်အဆင့်ပေါ်သို့ ကျရောက် လာပြီးနောက် လက်ဖြင့် ပုတ်ချလိုက်လေသည်။ သူတော်စင်အဆင့်၏ နတ်ဘုရားခန္ဓာကိုယ်သည် စက္ကူစ ကဲ့သို့ ပြတ်ထွက်သွားသည်။

သွေးစများနှင့် အသားစများက လေထဲလွင့်စဉ်လာပြီး ဘေးပတ်လည်ရှိ သိုင်းပညာရှင်များ၏ မျက်နှာပေါ်သို့ ကျသွားသဖြင့် အားလုံး တုန်လှုပ်သွားကြသည်။

ထိတ်လန့်ကြောက်လန့်ဖွယ် ကောင်းလှသည်။ ယခုအချိန်၌ ရှောင်ချီရှို့နှင့် မျောက်ပိန်လေးတို့သည် ရက်စက်သော လူသတ်စက်များနှင့် အလားသဏ္ဌာန်တူနေသည်။ အလယ် ဗဟို၌ ရှိနေသော ယဲ့ဖန်၏ ဘေးပတ်လည်တွင် အလောင်းများနှင့် ပြည့်နှက်နေ၏။

“အား…”

ကြောက်လန့်တကြား အော်ဟစ်သံများကလည်း လမ်းတစ် လျှောက် ပျံ့နှံ့နေပြီး သိုင်းပညာရှင်များ တစ်ယောက်ပြီး တစ်ယောက် သတ်ဖြတ်ခံလိုက်ရသည်။ သူတော်စင် အဆင့်များ တစ်ယောက်ပြီးတစ်ယောက် ကိုယ်နှစ်ခြမ်း ပြတ်သွားကြ၏။

အော်ဂလီဆန်လှသည့် သွေးစက်များကလည်း လမ်း၏ ဘေးနံရံများသို့ စဉ်နေပြီး ရဲရဲနီနေလေသည်။ လမ်းပေါ်တွင် အလောင်းများက တစ်ခုပြီးတစ်ခု ထပ်နေပြီး အလောင်း တောင်သဖွယ် ဖြစ်နေသည်။ နတ်ဘုရား မျိုးနွယ်များ၏ သွေးစက်များက မြေကြီးပေါ်၌ စမ်းချောင်းသဖွယ် စီးနေသည်။

ဂလု!

ဤမြင်ကွင်းက ကျင်းရှောက်အား မှင်တက်သွားစေသည်။ သိုင်းပညာရှင်များစွာ၏ ဝိုင်းထားခြင်း ခံရသော အနေအထား၌ လူနှစ်ယောက်က ဤသို့ရင်ဆိုင်တိုက်ခိုက် နိုင်လိမ့်မည်ဟု သူ ထင်မှတ်မထားမိပေ။

*လူနှစ်ယောက်က သိုင်းပညာရှင်အများကြီးကို ရင်ဆိုင် နိုင်တယ်တဲ့လား*

*ဒီမြင်ကွင်းက တော်တော် ထိတ်လန့်စရာကောင်းတာပဲ*

ကျင်းရှောက်သာမက ယဲ့ဖန်အနားရှိ လောဝမ်နှင့် လောချင်းတို့ပါ မှင်တက်နေကြသည်။ သူတို့နှစ်ယောက်သည် ပုံရိပ်ယောင်ထဲ ရောက်နေသည်ဟု ထင်မှတ်မိနေသည်။ သူတို့၏ ဘေးပတ်လည် မည်သူမှမရှိတော့ဘဲ မြေကြီး ပေါ်တွင် အလောင်းများနှင့် သွေးများသာ ကျန်ရစ်ခဲ့သည်။

“မိုက်လိုက်တာ … တော်တော်အင်အားကြီးတာပဲ”

လောချင်း၏ မျက်နှာပေါ်တွင် အလွန် ထိတ်လန့် ကြောက်ရွံ့ဟန်များ ထင်ဟပ်နေ၏။ အစပိုင်း၌ သူမသည် သိုင်းပညာရှင်များ၏ ဝိုင်းထားခြင်း ခံရသောကြောင့် သူမတို့ထဲက မည်သူမျှ အသက်မရှင်နိုင်ဟု တွေးခဲ့မိသည်။

“ဒီရက်စက်တဲ့ မကောင်းဆိုးဝါးလို လူနှစ်ယောက်မှာ တစ်ယောက်က ယဲ့ဖန်ကို သခင်ကြီးလို့ခေါ်တယ် ပြီးတော့ နောက်တစ်ယောက်က ဆရာလို့ ခေါ်တယ်”

ထိုသို့စဉ်းစားနေရင်းနှင့် လောချင်းသည် ဆံပင်အဖြူရောင်နှင့် အနက်ရောင်ဝတ်စုံကို ဝတ်ဆင်ထားသည့် လူအား လှည့်ကြည့် လိုက်မိသည်။

“သူ … သူက ဘယ်သူများလဲ”

ယဲ့ဖန်ကဲ့သို့ နတ်ဘုရားဂိုဏ်းချုပ် အထွတ်အထိပ် အဆင့်လေးက ရက်စက်ကြမ်းကြုတ်သည့် မကောင်းဆိုးဝါး ကဲ့သို့သော လူနှစ်ယောက်၏ လေးစားကြည်ညိုခြင်း ခံရသည်ကို သူမ ယခုအချိန်ထိ လက်သင့်မခံနိုင်သေးပေ။

တစ်ဖက်ရှိ လောဝမ်သည် ယဲ့ဖန်အား အလွန် ဝေခွဲမရဟန်ဖြင့် ကြည့်နေလေသည်။ သူနှင့် ယဲ့ဖန်တို့သည် သဘောထားတူ၍ မိတ်ဆွေဖြစ်နေသည်က ကံကောင်းလှသည်။ မိမိ အန္တရာယ် ရှိနေတောင်မှ လက်လျှော့ အရှုံးမပေးတတ်ကြပေ။

သို့သော် ဤသို့ဖြစ်လာမည်ကို ကြိုသိနေသကဲ့သို့ တည်ငြိမ်နေသည့် ယဲ့ဖန်၏ အမူအရာကြောင့် လောဝမ်သည် အိပ်မက်မက်နေသကဲ့သို့ ခံစားမိသွားသည်။

“ဒီလိုကြောက်စရာကောင်းတဲ့သူမျိုး ရှိနေလိမ့်မယ်လို့ ငါ ထင်မထားမိဘူး”

လောဝမ် မချိပြုံးပြုံးလိုက်မိသည်။ ယဲ့ဖန်သည် ပို၍ ထူးဆန်းလှသည်ဟု သတိထားလိုက်မိသည်။ လောဝမ်တို့ မောင်နှမ နှစ်ယောက် ငေးငိုင်နေစဉ်တွင် လမ်းပေါ်ရှိ တိုက်ပွဲ သည် ကြမ်းကြုတ်၍ သွေးအလိမ်းလိမ်း ဖြစ်နေသည်။

“မကောင်းဆိုးဝါး၊ အဲ့နှစ်ယောက်က မကောင်းဆိုးဝါးတွေပဲ၊ မြန်မြန် ပြေးကြ …”

“သေကုန်ပြီ၊ အားလုံး … အားလုံး သေကုန်ပြီ၊ သူတို့တွေ ဘယ်လိုလုပ် သန်မာနေရတာလဲ”

“အားလုံး … ပြေးကြဟေ့”

“…”

အသက်ရှင်နေသေးသော သိုင်းပညာရှင်များအားလုံးသည် ကြက်သီးတဖြန်းဖြန်းထကာ တစ်ကိုယ်လုံး အေးစိမ့် လာသည်။ မည်သူမျှ ပြန်မတိုက်ခိုက်ရဲဘဲ ကြောက်လန့် နေသော ယုန်များသဖွယ် အရပ်မျက်နှာအနှံ့သို့ အသီးသီး ထွက်ပြေးကြလေသည်။ သူတို့ ထိုသို့ထွက်ပြေးကြ သော်လည်း အချို့သောသူများက ထိုသို့ အဖြစ်မခံပေ။

“အစတုန်းကတော့ ငါ့ဆရာကို သတ်ချင်နေပြီးတော့ အခုမှ ထွက်ပြေးချင်တယ်ပေါ့လေ၊ သောက်ရူးတွေ”

ရှောင်ချီရှို့သည် အလောင်းတောင်ထဲမှ ထွက်လာသကဲ့သို့ သွေးများပေကျံနေပြီး ထွက်ပြေးနေသောသူများကို လှမ်းကြည့်၍ အေးစက်စွာ ပြုံးလိုက်သည်။

“သေလိမ့်တော့”

ရွှစ်! ရွှစ်! ရွှစ်!

တလက်လက်တောက်နေသော ဓားသွားသည် လူအုပ်ထဲ၌ လျှပ်စီးသဖွယ် ဖြတ်သန်းသွားသည်။ သိုင်းပညာရှင် များသည်လည်း ကြောက်လန့်တကြားနှင့် ခုတ်ပိုင်းခံ လိုက်ရလေသည်။

မျက်တောင်တစ်ခတ်အတွင်းမှာပင် မြေကြီးပေါ်၌ အလောင်းများ ပို၍ပုံလာသည်။ ထိုအခိုက်တွင် သိုင်းပညာရှင် များ အားလုံး အေးစိမ့်စိမ့် ဖြစ်လာကြသည်။ သူတို့၏ မိဘများက ခြေထောက်နှစ်ဘက်သာ ပေးထားသည်ကို မုန်းတီးမိပြီး တတ်နိုင်သမျှ မြန်မြန်ပြေးကြလေတော့သည်။

သူတို့ မြန်မြန်ပြေးလေ ပို၍ဆိုးရွားစွာ သေဆုံးလေ ဖြစ်လာသည်။ တစ်ဖက်၌ရှိနေသော မျောက်ပိန်လေးသည် စိတ္တဇသမားတစ်ယောက်ကဲ့သို့ ဖြစ်နေပြီး သူ၏ကိုယ်မှ ထွက်လာသော ကျားနှစ်ကောင်သည် ပြိုင်ဘက်ကင်း လှသည်။

၎င်းတို့က ဘေးပတ်လည်ရှိ သိုင်းပညာရှင် တစ်ယောက်ပြီး တစ်ယောက်အား ဆုတ်ဖြဲနေသည်။ ချင်းချင်းနီနေသည့် သွေးစက်များက လမ်းထဲရှိ လေထုအား သွေးရောင်ခြယ် နေလေသည်။

ဆယ်ယောက်၊ အယောက်တစ်ရာ။ ယခုအချိန်၌ မရဏနိ မိတ်သည် ဆင့်ကဲဖြစ်ပွားနေသကဲ့သို့ လမ်းတစ်လျှောက် ပျံ့နှံ့ ဖြစ်ပွားနေ၏။

အလောင်းများ မြေကြီးပေါ် တဘုန်းဘုန်း ပြုတ်ကျ သွားသည့်အသံက ကျင်းရှောက်အား ပို၍ ဖြူဖပ်ဖြူရော် ဖြစ်လာစေပြီး ပို၍ဇောချွေးပြန်လာစေသည်။

“မဟုတ်ဘူး … မဖြစ်နိုင်ဘူး၊ ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ၊ ဘယ်လိုလုပ် ဒီလောက် ရက်စက်နိုင်မှာလဲ”

ကျင်းရှောက်သည် သူ့ခြေထောက်၌ အားမရှိတော့သကဲ့သို့ ခံစားမိလာသည်။ သူ ထွက်ပြေးချင်သည်၊ သို့သော် သူ့ခြေထောက်များသည် နွံထဲနစ်နေသကဲ့သို့ လှုပ်မရအောင် ဖြစ်နေ၏။

ဂျွတ်!

ထိုစဉ် တစ်ဦးတည်း ကျန်ရစ်တော့သည့် သိုင်းပညာရှင် ၏ခေါင်းအား ကျားရိုင်းတစ်ကောင်က ကိုက်ဖဲ့လာသည်။ ယခုအချိန်၌ ယဲ့ဖန်ကိုသတ်ဖြတ်ချင်နေသည့် လမ်းထဲရှိ သိုင်းပညာရှင်များအားလုံး သေဆုံးသွားလေသည်။

ကျင်းရှောက်တစ်ကိုယ်လုံး အေးစက်တုန်ယင်လာသည်။ ထို့အတူ ယဲ့ဖန်၏ ခါးသက်သက် အကြည့်ကလည်း ပို၍ပီပြင်လာ၏။ ကျင်းရှောက်သည် တစ်ကိုယ်လုံး အကြောသေသကဲ့သို့ လဲကျသွားပြီး ပေါင်ခြံမှနေ၍ ကျင်ငယ်ရည်များ စီးကျလာသည်။

သူ အကြောက်လွန်၍ ကျင်ငယ်စွန့်မိလေပြီ။ ခံ့ညား ထည်ဝါသော သခင်လေး ကျင်းရှောက်က အကြည့် တစ်ချက်နှင့် ကြောက်ရွံ့နေလိမ့်မည်ဟု မည်သူက ထင်ထား မည်နည်း။

All Chapters