← Chapters

အခန်း (၆၂၂-၆၂၄)

Vol. 42 Ch. 622-624

အခန်း (၆၂၂-၆၂၄)

Vol. 42 Ch. 622-624

Chapter 622 နတ်ဘုရင်အဆင့် သခင်လေး

လမ်းတစ်လျှောက်၌ တိုက်ခတ်နေသော လေညင်းတွင် သွေးနံ့များ လှိုင်လှိုင်ထလျက် ပါဝင်နေသည်။ ဘေး ပတ်လည်၌ ရာနှင့်ချီသော အလောင်းများက တောင်သဖွယ် ပုံလျက်ရှိသည်။ ထိုသူတို့၏ သွေးများက မြေကြီးပေါ်၌ စမ်းချောင်းသဖွယ် အဆက်မပြတ် စီးဆင်းနေ၏။

“သေပြီ … သေကုန်ပြီ၊ အားလုံး သေသွားပြီ”

မျက်စိရှေ့မှ သွေးသံတရဲရဲ မြင်ကွင်းကိုကြည့်ပြီး ကျင်းရှောက် ကြောက်ရွံ့လာသည်။ သူ့ခေါင်းထဲတွင် ဟာလာ ဟင်းလင်း ဖြစ်နေ၏။ သူသည် ယဲ့ဖန်အား နတ်ဆိုး တစ်ကောင်ကို ကြည့်သကဲ့သို့ ကြည့်နေမိသည်။

“မင်း … မင်း ဘယ်လိုလုပ်လိုက်တာလဲ၊ ဒီဂြိုဟ်ငယ်လေးမှာ အပြစ်မရှိတဲ့လူတွေကို လက်လွတ်စပယ် သတ်လိုက်ရင် နောက်ဆို ဒီဂြိုဟ်ငယ်လေးတင်မကဘဲ အနောက်ဘက် ကောင်းကင်ဘုံနတ်မင်း နယ်မြေတစ်ခုလုံးကပါ မင်းကို အလိုရှိစာရင်းထဲ ထည့်လာကြမှာကွ”

“မင်းနောက်ကွယ်မှာ အင်အားကြီးတဲ့ နောက်ခံတစ်ခု ရှိနေရင်တောင်မှ မင်း သေကိုသေမှာပဲ”

ကျင်းရှောက် မျက်ခုံးတလှုပ်လှုပ် ဖြစ်နေသည်။ သူသည် အလွန် မောက်မာ၍ သွေးနထင်ကြီးလှပြီး ယခုအချိန်ထိ သူ၏ သခင်လေးဗီဇကို မဖျောက်နိုင်သေးချေ။

“လက်လွတ်စပယ် သတ်ဖြတ်တယ်တဲ့လား”

ထိုစကားလုံးကို ကြားပြီးနောက် ယဲ့ဖန် ရယ်လေတော့သည်။ ရယ်သည်မှာ ကြောက်စရာ ကောင်းလောက်အောင် ရယ်မောခြင်း ဖြစ်သည်။

“ငါတို့က သောက်သုံးမကျတဲ့ကောင်တွေကိုပဲ သတ်တာ”

“သူတို့က လောဘကြီးပြီးတော့ သေချင်နေကြတာလေ”

“မင်းက လူတစ်ယောက်ကို အငှားသတ်ချင်နေမှတော့ သေလိုက် တော့ပေါ့”

ယဲ့ဖန်၏စကားသံနှင့်အတူ မျောက်ပိန်လေးနှင့် ရှောင်ချီရှို့ တို့၏ လူသတ်လိုသော အကြည့်များက ကျင်းရှောက်အပေါ် ချက်ချင်း ကျရောက်လာသည်။ ထိုအကြည့်များကြောင့် ကျင်းရှောက်သည် ရေခဲကန်ထဲ ပြုတ်ကျသွားသကဲ့သို့ ချမ်းစိမ့်စိမ့် ဖြစ်ကာ ရင်ထဲ အေးစက်သွားလေသည်။

“မလုပ်နဲ့”

“ငါက သခင်လေးရဲ့ ဇနီးနဲ့ မောင်တော်စပ်တာနော်၊ မင်း ငါ့ကို သတ်လိုက်ရင် သခင်လေးက မင်းကို မရရအောင် လိုက်ရှာပြီး နုတ်နုတ်စင်းလိမ့်မယ်”

ကျင်းရှောက်၏ မျက်နှာသည် ဖြူဖပ်ဖြူရော် ဖြစ်နေပြီး တအံ့တဩ ထအော်၍ နောက်သို့ ကမန်းကတန်း ဆုတ်လေသည်။

ထိုသို့သောအချိန်၌ ရှောင်ချီရှို့နှင့် မျောက်ပိန်လေးတို့သည် လှစ်ခနဲ လှုပ်ရှားလာပြီး လျပ်တစ်ပြက်အတွင်း ကျင်းရှောက် ရှေ့၌ ပေါ်လာသည်။

“ချီးပဲ”

သတ်ဖြတ်ခြင်း နတ်ဘုရားနှစ်ပါး ရောက်လာသဖြင့် ကျင်းရှောက်သည် ကြက်သီးမွေးညင်းထကာ လိပ်ပြာ လွင့်မတတ် ကြောက်လန့်သွားသည်။

သို့သော် သူ ရှောင်တိမ်းတော့မည့်အချိန်၌ ရှောင်ချီရှို့နှင့် မျောက်ပိန်လေးတို့က လက်တစ်ဘက်စီ ဆန့်ကာ ကျင်းရှောက်၏ လက်မောင်းများကို ဖမ်းချုပ်လာသည်။

ဂျွတ်!

သွေးများက မိုးစက်သဖွယ် ပန်းထွက်လာပြီး ငယ်သံပါအောင် အော်ဟစ်လိုက်သည့်အသံကပါ ယှဉ်လျက် ထွက်ပေါ်လာ၏။ ကျင်းရှောက်၏ လက်မောင်းနှစ်ဘက်လုံး အညှာအတာမဲ့စွာ ဆွဲဖြုတ်ခံလိုက်ရခြင်းပင်။

သူသည် မြေကြီးပေါ်၌ နာကျင်စွာ ဆက်တိုက်လူးလိမ့်နေပြီး သူ့နဖူးမှ ဇောချွေးများ စိမ့်ထွက်လာသည်။ သူ ကြောက်လန့် နေသည်။ သူသည် ယခုအချိန်၌ နောင်တရစပြုလာသည်။

အကယ်၍ သူသာ ယဲ့ဖန်ကို အစကတည်းက ယဲ့ဖန်အပေါ် အဖက်မလုပ်ဘဲ ရန်သွားမစပါက သူ ဤသို့အဆုံးသတ်မည် မဟုတ်ပါ။ သို့သော် ယခုအခါတွင်တော့ တစ်ခုခုပြောရန် အလွန်နောက်ကျသွားလေပြီ။

“သေလိုက်တော့”

ရှောင်ချီရှို့၏ မျက်လုံးတွင် သတ်ဖြတ်လိုစိတ်များ ထင်ဟပ် နေသည်။ သူသည် လက်ထဲမှ ဓားကို ဝှေ့ယမ်း၍ ကျင်းရှောက်၏ခေါင်းကို ဖြတ်ခုတ်လေသည်။

“မလုပ်နဲ့”

ထိတ်လန့်တကြား အော်ဟစ်သံ ထွက်ပေါ်လာသည်။ ကျင်းရှောက်သည် မျက်လုံးကို မှိတ်လိုက်ပြီး သေခြင်း တရားကိုသာ ကြောက်ကြောက်လန့်လန့်နှင့် စောင့်မျှော် နေလိုက်သည်။

ထိုအချိန်တွင် မိုးခြိမ်းသံကဲ့သို့သောအသံ ထွက်ပေါ်လာ၏။

“မင်းကများ…”

ကောင်းကင်ထက်မှနေ၍ ဓားတစ်လက်က လျှပ်စီးသဖွယ် ပျံဝဲ၍ ရောက်ရှိလာ၏။ ထို့နောက် ကျင်းရှောက်ကို ဖြတ်ခုတ်တော့မည့် ဓားအား အရှိန်ဖြင့် ထိမှန်လေသည်။

ချွင်!

ထိုဓား ကျိုးပဲ့သွားလေသည်။ ထိုသည်သာမကချေ၊ လေထု ထဲမှနေ၍ ဆွဲငင်အားတစ်ခု ထွက်ပေါ်လာပြီး ကျင်းရှောက်၏ ခန္ဓာကိုယ်အား ချက်ချင်းဆိုသလို လေထဲသို့ ဆွဲယူသွားသည်။

ထိုအခါတွင်မူ လေထဲတွင် မည်သူမှန်းမသိသည့် လူငယ် တစ်ယောက် ရပ်နေသည်ကို အားလုံး တွေ့လိုက်ရသည်။ သူ၏ မျက်နှာသည် ခံ့ညားထည်ဝါ၍ မျက်လုံးများက ကြယ်ကဲ့သို့ တောက်ပနေသည်။

သူသည် စစ်ချပ်ဝတ်တန်ဆာကို ဝတ်ဆင်ထားပြီး မြင့်မြတ် သော ဘုရင်တစ်ပါးကဲ့သို့ ရပ်နေ၏။ ထိုသူသည် နတ်ဘုရင်အဆင့် လူငယ်လေးတစ်ယောက်ပင် ဖြစ်သည်။

ကျင်းရှောက်သည် သေဘေးမှ လွတ်မြောက်လာပြီးနောက် ထိုသူကို မြင်လိုက်ရသည်နှင့် အားတက်သွားသည်။ ထိုနတ်ဘုရင်အဆင့် လူငယ်လေး၏ ပေါင်ကိုဖက်ထားပြီး အသည်းအသန် အော်ငိုလေတော့သည်။

“ယောက်ဖ၊ နောက်ဆုံးတော့ ခင်ဗျား ရောက်လာပြီပဲ၊ အဲ့မကောင်းဆိုးဝါး နှစ်ကောင်ကြောင့် ကျွန်တော် အသတ်ခံရလုနီးပါး ဖြစ်ခဲ့တာ”

ထိုသို့ပြောပြီးနောက် ကျင်းရှောက်သည် ယဲ့ဖန်ကို လက်ညှိုးထိုး၍ မကျေမနပ်ဖြစ်နေသော မျက်နှာဖြင့် ပြောလာသည်။

“မြန်မြန်လုပ်ပါ၊ အဲ့ဆံပင်အဖြူနဲ့တစ်ယောက်ကို ဖမ်း လိုက်ပါ၊ သူ့မှာ အံ့ဩစရာကောင်းတဲ့ ရှေးဟောင်း နတ်ဘုရား ကျင့်စဉ်ကို ဖန်တီးနိုင်တဲ့ ထူးဆန်းတဲ့အစွမ်း ရှိတယ်”

*ဘာ*

ထိုစကားကြောင့် နတ်ဘုရင်အဆင့် လူငယ်လေး မသိမသာ မျက်နှာထား ပြောင်းလဲသွားသည်။ သူသည် တောက်ပနေသော မျက်လုံးများဖြင့် ယဲ့ဖန်ကို လှမ်းကြည့် လာသည်။

ထို့အပြင် သူသည် ယဲ့ဖန်ကို တွေ့လိုက်ရသည်နှင့် အလွန် ရင်းနှီးနေသော ခံစားချက်မျိုးကို ခံစားလိုက်ရသည်။ သူသည် တစ်နေရာရာ၌ တွေ့ဖူးသကဲ့သို့ ခံစားနေရသော်လည်း ဘယ်မှာမြင်ခဲ့ဖူးသလဲ ဆိုသည်ကို စဉ်းစားမရပေ။

သို့သော် ယခုအချိန်၌ နတ်ဘုရင်အဆင့် လူငယ်လေးသည် ထွေထွေထူးထူး စဉ်းစားမနေတော့ချေ။ သူသည် အောက်ရှိ လမ်းပေါ်၌ ပုံနေသည့် အလောင်းများကိုကြည့်ပြီး မျက်နှာ သုန်မှုန်သွားသည်။

“သိပ်ဟုတ်နေတယ်ပေါ့လေ၊ လူဆိုးကောင်၊ မင်းကများ ငါ့ဂြိုဟ်မှာ သတ်ဖြတ်ရဲတယ်ပေါ့၊ သေချင်နေတာပဲ”

ထို့နောက် နတ်ဘုရင်အဆင့် လူငယ်လေးက လက်ကိုလှုပ်၍ အချက်ပြလိုက်သည်။

“ဂြိုဟ်ကမ္ဘာ အစောင့်အရှောက်တွေ ဘယ်မှာလဲ”

နတ်ဘုရင်အဆင့် လူငယ်လေး၏ စကားအဆုံး၌ သူတော်စင် အဆင့် သိုင်းပညာရှင်များ ရောက်ရှိလာသည်။ ငါးယောက်၊ ဆယ်ယောက်၊ အယောက်တစ်ရာ၊ အယောက် တစ်ထောင်။ မျက်တောင်တစ်ခတ်အတွင်းမှာပင် လေထဲ၌ သူတော်စင် အဆင့် သိုင်းပညာရှင်များ ထောင်ချီ၍ ရောက်ရှိလာသည်။

“သခင်လေး၊ ဂြိုဟ်ကမ္ဘာ အစောင့်အရှောက်များ အမိန့် နာခံလျက်ပါ”

ထောင်ချီသော လူများ၏ အသံက မိုးခြိမ်းသံကဲ့သို့ ကျယ်လောင် လွန်းလှသည်။ ချက်ချင်းဆိုသလိုပင် လောဝမ် နှင့် လောချင်းတို့ ဖြူဖပ်ဖြူရော် ဖြစ်လာကြသည်။

“အစ် … အစ်ကိုယဲ့”

လောဝမ် ကြက်သီးထလာသည်။ လက်ရှိအချိန်၌ သူသည် ကောင်းကင်ထက်မှ နတ်ဘုရင်အဆင့် လူငယ်လေးကို ကြည့်ရဲသည့် သတ္တိပင် မရှိပေ။

“ဒီနတ်ဘုရင်အဆင့် လူငယ်လေးက အနောက်ဘက် ကောင်းကင်ဘုံ နတ်ဘုရားနယ်မြေရဲ့ စစ်ခေါင်းဆောင်ရဲ့ တစ်ဦးတည်း သောသားဖြစ်တဲ့ သခင်လေးပဲ”

“ဒီလူကို ရန်စလို့ မဖြစ်ဘူး”

လောဝမ်သည် အနောက်ဘက် ကောင်းကင်ဘုံ နတ်ဘုရား နယ်မြေ၏ အဖွဲ့သားဖြစ်သည်နှင့်အညီ “သခင်လေး” ဟူသော စကားလုံးက ဘာကို ကိုယ်စားပြုသလဲဆိုသည်ကို နားလည် လေသည်။ သူသည် အနောက်ဘက် ကောင်းကင်ဘုံ နယ်မြေ၏ လူငယ်မျိုးဆက်ထဲတွင် အသန်မာဆုံးသောသူ ဖြစ်သည်။ အသက်ငယ်ငယ်လေးနှင့် နတ်ဘုရင်အဆင့်သို့ အဆင့်တက်နိုင်သဖြင့် သူ၏အနာဂတ်က တုနှိုင်းမဲ့ပင်။

*ရန်မစသင့်ဘူးတဲ့လား*

“အဲ့လိုလား”

ယဲ့ဖန်သည် နှုတ်ခမ်းကိုတွန့်ကွေး၍ လောဝမ်၏စကားကို လုံးဝမကြားသကဲ့သို့ ပြုမူနေသည်။

“ဟားဟားဟား … ဆံဖြူကောင်နဲ့ သွေးဆာနေတဲ့ မကောင်းဆိုးဝါးနှစ်ကောင် … မင်းတို့ မြင်ကြလား”

လက်ရှိအချိန်တွင် ကျင်းရှောက်သည် အလွန် စိတ်အား ထက်သန်လျက် ရှိသည်။ သူ၏လက်မောင်းများ အဖြတ်ခံ လိုက်ရသဖြင့် သူသည် ယဲ့ဖန်၊ ရှောင်ချီရှို့နှင့် မျောက်ပိန် လေးတို့အား အလွန် နာကျည်းနေသည်။

“ငါ့ယောက်ဖ ရောက်လာပြီဆိုတော့ မင်းတို့ရဲ့ အိပ်မက်ဆိုး ရောက်လာပြီကွ”

“ငါ့လက်မောင်းတွေ အဖြတ်ခံလိုက်ရတဲ့အတွက် လက်စား ချေတဲ့အနေနဲ့ မင်း နတ်ဘုရားကျင့်စဉ်ကို ဖန်တီးတဲ့ အချိန်ကျရင် မင်းရဲ့ အရေပြားကို နည်းနည်းခွာပြီး မင်းရဲ့ အရိုးကို နည်းနည်းချင်းစီ ဆွဲထုတ်ပစ်မယ်ကွ”

သူသည် အလွန် မကျေမချမ်း ဖြစ်နေသည့်အသံဖြင့် အော်ပြောလိုက်သည်။ သူ့စကားကြောင့် နတ်ဘုရင်အဆင့် သခင်လေး မျက်မှောင်ကြုတ်သွားသော်လည်း မတားပေ။

“သွားကြ၊ သူတို့ကို ဖမ်းခဲ့ပြီးတော့ ညှိနှိုင်းဖို့ ခေါ်လာခဲ့”

“အမိန့်အတိုင်းပါ သခင်လေး”

ထောင်ချီသော သူတော်စင်အဆင့် ဂြိုဟ်ကမ္ဘာ အစောင့် အရှောက်များသည် အမိန့်နာခံကြောင်း ပြောပြီးသည်နှင့် ချက်ချင်းဆိုသလို အောက်ဘက်ရှိ ယဲ့ဖန်နှင့် အခြားသူများ ထံသို့ ပြေးဝင်လာကြသည်။

ကောင်းကင်တစ်ခုလုံး၌ ပြင်းထန်သည့် အရှိန်အဝါတို့ဖြင့် ပြည့်နှက်လာသည်။ များပြားလှသည့် ထိုဂြိုဟ်ကမ္ဘာ အစောင့်အရှောက်များကိုကြည့်ပြီး လောဝမ်တို့ မောင်နှမ သည် ကြောက်လန့်ကာ မျက်နှာများ ဖြူရော် လာသည်။

သူတို့သည် ဤဘေးအန္တရာယ်ကို ရှောင်တိမ်းရန် ခက်ခဲ လှသည်ဟု တွေးနေမိသည်။ ရှောင်ချီရှို့သာမက မျောက်ပိန် လေးပါ တိုက်ခိုက်ထားရသဖြင့် အတော်လေး အားကုန် နေလောက်သည်။

ယခုအခါတွင် ယခင်သိုင်းပညာရှင်များထက် ဆယ်ဆမက ပိုသာသော ဂြိုဟ်ကမ္ဘာ အစောင့်အရှောက်များနှင့် ရင်ဆိုင် ရမည် ဖြစ်သဖြင့် ပြန်လမ်းမရှိလောက်ပေ။ သူတို့ မောင်နှမသည် ထိုလူများ နီးသထက် နီးလာလေ သေရမည့် အချိန် ပိုနီးလာလေပြီဟု ခံစားမိလာသည်။

ယဲ့ဖန်၊ ရှောင်ချီရှို့နှင့် မျောက်ပိန်လေးတို့သာ လှောင်ပြုံး ပြုံးလာသည်။ ထိုထောင်ချီသည့် ဂြိုဟ်ကမ္ဘာ အစောင့် အရှောက်များသည် သူတို့ရှေ့၌ အားနည်းသော ပုရွက်ဆိတ်များနှင့် မခြားသလိုပင်။

ဂြိုဟ်ကမ္ဘာ အစောင့်အရှောက်များ အောက်သို့ ရောက်ရှိ လာပြီး ယဲ့ဖန်နှင့် အခြားသူများကို သတ်တော့မည့်အချိန်၌ တားမြစ်သံ ထွက်ပေါ်လာသည်။

“နေဦး”

Chapter 623 အနောက်ဘက် ကောင်းကင်ဘုံ နတ်ဆိုး

“နေဦး”

ဤအော်သံကြောင့် အောက်ဘက်ရှိ ဂြိုဟ်ကမ္ဘာ အစောင့်အရှောက်များအားလုံး လှုပ်ရှားမှုအားလုံးကို ရပ်တ န့်လိုက်ကြသည်။ ထို့အတူ လောမောင်နှမတို့သည်လည်း ထိုအသံ လာရာသို့ လှမ်းကြည့်မိသွားသည်။ ထို့နောက် ထိုအသံသည် နတ်ဘုရင်အဆင့် သခင်လေးထံမှ ထွက်လာခြင်း ဖြစ်သည်ကို တွေ့လိုက်ရသည်။

“ယောက်ဖ ဘာဖြစ်လို့လဲ၊ ဘာတွေ တွေဝေနေတာလဲ၊ အဲ့လူသတ်သမားနှစ်ယောက်ကို မြန်မြန်သတ်ပြီး ဆံဖြူကောင်ကို ဖမ်းလိုက်လေ”

“ဒါ ကျွန်တော်တို့ ဂြိုဟ်ငယ်လေးအတွက် အခွင့်ကောင်း ပဲလေ၊ ပြီးတော့ ဒါက နတ်ဘုရားနယ်မြေ နာမည်ကြီး လာဖို့အတွက် ကျွန်တော်တို့ မျှော်လင့်ချက်ဆိုလည်း ဟုတ်တာပဲကို”

ကျင်းရှောက်၏ မျက်လုံးထဲတွင် ရက်စက်ညှင်းဆဲချင် စိတ်များဖြင့် ပြည့်နှက်နေသည်။ သူသည် ယဲ့ဖန်နှင့် အခြားသူ များ၏ မရှုမစိမ့် အဆုံးသတ်သွားသည်ကို မြင်ရရန် မစောင့်နိုင်တော့ချေ။

သို့သော် နတ်ဘုရင်အဆင့် သခင်လေးကမူ ထိုသို့မဟုတ်ချေ။ သူသည် အသံဆက်သွယ်ရေး ကိရိယာကို ထုတ်လိုက်သည်။ ထိုအခါ ထိုဆက်သွယ်ရေးအဆောင်က လင်းလက် နေသည်ကို တွေ့လိုက်ရသည်။ သူ မသိမသာ ဖျစ်ညှစ်လိုက် သောအခါ ရုတ်တရက် အဆောင်ထဲမှနေ၍ ထိတ်လန့် တကြား အော်ဟစ်နေသံ ထွက်ပေါ်လာသည်။

“သခင်လေး၊ အခြေအနေ မကောင်းတော့ဘူး၊ ဖူရွှမ် နတ်ဘုရားက အနောက်ဘက် ကောင်းကင်ဘုံ နယ်မြေကို တိုက်ခိုက်နေပါတယ်”

“နတ်ဘုရားနယ်မြေမှာ ကပ်ဆိုက်နေပါပြီ၊ ကျေးဇူးပြုပြီး သခင်လေး မြန်မြန်လာပေးပါ”

အကူအညီတောင်းသည့်အသံက အလျင်အမြန် ထွက်ပေါ် လာသည်။

*ဖူရွှမ် နတ်ဘုရားတဲ့လား*

ထိုနာမည်ကိုကြားသည်နှင့် နတ်ဘုရင်အဆင့် သခင်လေး၏ မျက်နှာထားက ချက်ချင်း ပျက်ယွင်းသွားသည်။ ထို့နောက် တွင်မူ သူသည် အသံဆက်သွယ်ရေးကိရိယာကို ပြန်သိမ်း၍ ယဲ့ဖန်နှင့် အခြားသူများအား အေးတိအေးစက် လှမ်းကြည့် လာသည်။

“ဟေ့ကောင် မင်း ကံကောင်းတယ်လို့ ပြောရမှာပဲ”

“ငါ ရန်သူကို သတ်ပြီးရင် မင်း သေရမယ့်အချိန် ရောက်လာမှာပါ”

ထိုသို့ ခက်ထန်စွာ ပြောဆိုပြီးနောက် နတ်ဘုရင်အဆင့် လူငယ်လေးသည် ထောင်ချီသော ဂြိုဟ်ကမ္ဘာ အစောင့်အရှောက်များကို စိုးရိမ်တကြီး လှမ်းကြည့်၍ အမိန့်ပေးလိုက်သည်။

“သွားစို့၊ ရန်သူကို သွားသတ်ကြမယ်”

ထို့နောက် နတ်ဘုရင်အဆင့် လူငယ်လေးသည် စကြဝဠာ ထဲသို့ ချက်ချင်း ခရီးနှင်လေသည်။ သူ့နောက်မှနေ၍ ထောင်ချီသော ဂြိုဟ်ကမ္ဘာအစောင့်အရှောက်များက ထပ်ကြ ပ်မကွာ လိုက်ပါ၍ ပျံသန်းထွက်ခွာသွားကြသည်။

“ချီးတဲ့မှပဲ”

ဤမြင်ကွင်းက ကျင်းရှောက်အား နားဝေတိမ်တောင် ဖြစ်သွား စေသည်။ သူ စိတ်မပါလက်မပါနှင့် ယဲ့ဖန်တို့ကို လှမ်းကြည့်လိုက်သောအခါ သူတို့က သူ့အား ခက်ထန်စွာ ကြည့်နေကြသည်ကို တွေ့လိုက်ရသည်။

“ဟေ့ကောင် ဒီကိစ္စက ဒီလောက်နဲ့ မပြီးသွားဘူး၊ မင်း စောင့်နေလိုက်”

ထိုသို့ပြောပြီးနောက် သူသည် တစ်စက္ကန့်လေးပင် ဆက်မနေရဲတော့ချေ။ သူသည် နတ်ဘုရင်အဆင့် သခင်လေးနှင့် ထောင်ချီသော ဂြိုဟ်ကမ္ဘာ အစောင့် အရှောက်များ ထွက်ခွာသွားသည့်ဘက်သို့ အသည်းအသန် လိုက်သွားလေသည်။

မျက်တောင်တစ်ခတ်အတွင်းမှာပင် လမ်းတစ်ခုလုံး တစ်ဖန် ပြန်၍ တိတ်ဆိတ်သွားသည်။ ထိုနေရာ၌ ယဲ့ဖန်တို့နှင့် အလောင်းများသာ ကျန်ရစ်ခဲ့သည်။

ဘုန်း!

ထိုအခိုက်တွင် လောချင်းသည် တစ်ကိုယ်လုံး အားမရှိတော့ သကဲ့သို့ မြေကြီးပေါ် လဲကျသွားပြီး အသက်ကို မနည်းရှူနေရသည်။

*ကပ်သီးလေးပဲ*

သူမစိတ်ထဲတွင် သူမ အသတ်ခံရရန် လက်မတင်လေးသာ လိုတော့သည်ဟု ထင်ခဲ့မိသည်။ ဤသို့တွေးမိပြီးနောက် သူမကျောပြင်၌ ချွေးများဖြင့် ရွှဲနစ်လာသည်။ ထို့နောက် ယဲ့ဖန်ကို စူးစူးရဲရဲ စိုက်ကြည့်၍ မကျေမနပ် ပြောလိုက်သည်။

“ယဲ့ဖန် ကျွန်မတို့မောင်နှမတွေ ရှင့်ကြောင့် အသတ်ခံရ လုနီးပါး ဖြစ်ခဲ့ရတာ”

“ရှင်က တကယ် ပြဿနာရှာနိုင်တာပဲ၊ အဲ့တော့ ရှင့်လို နတ်ဘုရား ဂိုဏ်းချုပ် အထွတ်အထိပ်အဆင့်က နတ်ဘုရင် အဆင့် သခင်လေးကို ရန်စနိုင်မယ်လို့ ထင်နေတာလား”

လောချင်းသည် သူမစိတ်ထဲမှ ဒေါသအားလုံးကို ယဲ့ဖန် ခေါင်းပေါ်သို့ ပုံချလိုက်သည်။ သို့သော် ယဲ့ဖန်က အရေး မစိုက်ပေ။ သူသည် အစောပိုင်းက အသံဆက်သွယ်ရေး ကိရိယာထဲမှ စကားများကိုသာ စဉ်းစားနေမိသည်။

*ဖူရွှမ် နတ်ဘုရားတဲ့လား*

“ငါ မှတ်မိတာသာ မှန်မယ်ဆိုရင် ဒီဖူရွှမ်နတ်ဘုရားက အဖြူရောင်နတ်ဘုရား သဘောအကျဆုံး တပည့်ပဲ”

ထိုသို့ရေရွတ်နေစဉ်တွင် ယဲ့ဖန်၏မျက်လုံးများက ဝင်းလက် သွားသည်။

“ကောင်းပြီလေ၊ အဆင်ပြေသွားတာပေါ့၊ ငါ မင်းကို ရှာတော့မလို့ကို၊ မင်းက ဒီကိုရောက်လာပြီး အသေခံမယ်လို့ ထင်မထားမိဘူး”

ယဲ့ဖန်သည် ထိုသို့တွေးတောပြီးနောက် နှုတ်ခမ်းကို တွန့်ကွေး၍ ရက်စက်သောအပြုံးမျိုး ပြုံးလိုက်သည်။ ထို့နောက် သူ လေပေါ် ပျံတက်ရန် ပြင်လိုက်သည်။ ဤသည်ကို မြင်ပြီးနောက် လောချင်းက ထိတ်လန့်သွားပြီး ယဲဖ့န်အား အသည်းအသန် လှမ်းဆွဲသည်။

“ယဲ့ဖန် ရှင် ဘာလုပ်ချင်နေတာလဲ၊ ဟိုနတ်ဘုရင်အဆင့် သခင်လေးက အခုလေးတင် ထွက်ပြေးသွားပြီလေ၊ ကျွန်မတို့ အဝေးကို ထွက်ပြေးကြစို့”

“မဟုတ်ရင် သူ ပြန်လာတာနဲ့ ကျွန်မတို့အားလုံး သေလိမ့်မယ်”

လောချင်းက စိုးရိမ်ဒေါသထွက်နေသည်။ အခုလေးတင် ထွက်သွားသော ရန်သူနောက်သို့ ယဲ့ဖန် လိုက်ချင်နေ လိမ့်မည်ဟု သူမ ထင်မထားမိပေ။ သူမတင် ထိုသို့တွေးမိသည် မဟုတ်ပေ။ အစောပိုင်းလေးတင် နဖူးမှချွေးကို သုတ်လိုက်သည့် လောဝမ်ကလည်း စိုးရိမ် တကြီး ပြောလာသည်။

“ဟုတ်တယ်၊ အစ်ကိုယဲ့ ကျွန်တော်တို့ မြန်မြန် ထွက်သွားကြမယ်၊ မဟုတ်ရင် နတ်ဘုရင်အဆင့် သခင်လေး ရန်သူကို ချေမှုန်းပြီးတာနဲ့ ကျွန်တော်တို့ ထွက်ပြေးနိုင်မှာ မဟုတ်ဘူး”

မောင်နှမနှစ်ယောက်လုံး အလောသုံးဆယ် ဖြစ်ကြသဖြင့် သူတို့ နတ်ဘုရင်အဆင့် သခင်လေးကို အလွန်အမင်း ကြောက်ရွံ့ကြမှန်း သိသာပေသည်။

*ထွက်ပြေးမယ်တဲ့လား*

ထိုစကားကြောင့် ယဲ့ဖန်က အသာပြုံးလိုက်သည်။

“စိတ်မကောင်းပါဘူး၊ ငါ့အဘိဓာန်မှာ ထွက်ပြေးတယ်ဆိုတဲ့ စကားလုံး မရှိဘူး”

“အဲ့အစား ငါ့အဘိဓာန် တစ်ခုလုံးမှာ စကားလုံး တစ်လုံးပဲ ရှိတယ်၊ အဲ့ဒါက သတ်ဖြတ်ခြင်း ဆိုတာပဲ”

*ဘာ*

မောင်နှမနှစ်ယောက်လုံး နားဝေတိမ်တောင် ဖြစ်သွား ကြသည်။ ထိုစဉ် သူတို့ ပြန်တုံ့ပြန်သည်ကို မစောင့်တော့ဘဲ ယဲ့ဖန်က လှစ်ခနဲ လှုပ်ရှား၍ ကောင်းကင်ထက်သို့ ပျံတက်ကာ နတ်ဘုရင်အဆင့် သခင်လေးနှင့် အခြားသူများ ထွက်သွားရာနောက်သို့ လိုက်သွားလေသည်။ ထို့အတူ သူ့နောက်မှနေ၍ ရှောင်ချီရှို့နှင့် မျောက်ပိန်လေးတို့က လိုက်ပါ၍ ထွက်ခွာသွားသည်။

ဤသည်ကိုကြည့်ပြီး လောဝမ်နှင့် လောချင်းတို့ မတတ်သာဘဲ မချိပြုံး ပြုံးလိုက်မိသည်။ သူတို့စိတ်ထဲတွင် ယဲ့ဖန်အား အရူးတစ်ယောက်ဟု ထင်မြင်နေမိသည်။ ယဲ့ဖန် သည် ယခုလေးတင် သေဘေးမှ လွတ်မြောက်လာပြီး ချက်ချင်း သေတွင်းထဲသို့ ခုန်ဆင်းနေပြန်သည်။

“အစ်ကိုကြီး သူ့ကို တစ်ယောက်တည်း ထားထား လိုက်ရအောင်၊ သူတော့ သေတွင်းထဲ ခုန်ဆင်းသွားပြီ၊ နတ်ဘုရင်အဆင့် သခင်လေးရဲ့ ပြိုင်ဘက်ဖြစ်ဖို့ဆိုတာက မဖြစ်နိုင်ဘူး”

လောချင်းသည် သူမအစ်ကို၏ စိတ်ကို သိနေသဖြင့် အလျင်အမြန် အကြံပေးလိုက်သည်။ ထိုအချိန်တွင် လောဝမ်က မျက်မှောင်ကြုတ်၍ ယဲ့ဖန် ထွက်သွားရာဘက်သို့ လှမ်းကြည့်လျက် စဉ်းစားနေသည်။

“မဟုတ်ဘူး၊ မင်း ထင်နေတာ မှားနေပြီ၊ အစ်ကိုယဲ့က မရိုးရှင်းဘူးလို့ ငါ အမြဲခံစားမိနေတယ်”

“လိုက်သွားကြည့်ရအောင်”

ထိုစကားကြောင့် လောချင်း၏ မျက်နှာက စက္ကူစသဖွယ် ဖြူစုတ်သွားသည်။ သို့သော် လောဝမ်က သူမ ပြန်ဖြေသည်ကို မစောင့်ဘဲ ယဲ့ဖန်နောက်သို့ လိုက်သွားသည်။ ထိုအပြုအမူကြောင့် လောချင်း စိတ်ဆိုးကာ ခြေဆောင့် မိသည်။

“ဟွန်း ငါ အဲ့သေနာကောင်ကို တကယ် သတ်မိတော့မယ်”

လောချင်း၏ရင်ထဲတွင် မကျေနပ်စိတ်များဖြင့် ပြည့်နှက် နေသော်လည်း သူမအစ်ကိုကြီးကို စိတ်မချသောကြောင့် လောဝမ်ကို အမီလိုက်၍ ယဲ့ဖန်နောက်သို့သာ လျင်မြန်စွာ လိုက်သွားလိုက်ရသည်။

....

တစ်နာရီကြာပြီးနောက် လူတစ်စုသည် အနောက်ဘက် ကောင်းကင်ဘုံနတ်ဘုရားနယ်မြေ၏ ပင်မဂြိုဟ်သို့ ရောက်လာကြသည်။ အနောက်ဘက် ကောင်းကင်ဘုံ ပင်မဂြိုဟ်နှင့် နီးကပ်လာသည်နှင့် ဖြစ်ပွားနေသော သွေးသံတရဲရဲ တိုက်ပွဲကို ချက်ချင်း တွေ့လိုက်ရသည်။

အနောက်ဘက် ကောင်းကင်ဘုံ နတ်ဘုရားစစ်တပ်သည် ဖူရွှမ် စိတ်ဝိညာဉ် စစ်တပ်နှင့် သည်းကြီးမည်းကြီး တိုက်ခိုက်နေသည်။ တစ်ယောက်ပြီးတစ်ယောက် အသတ်ခံနေရပြီး တစ်သက်ပြီး တစ်သက် ကြွေလွင့်နေ၏။

ကောင်းကင်ယံ၌ သွေးများဖြင့် ရဲရဲနီနေသဖြင့် ကောင်းကင်ဘုံ နယ်မြေတစ်ခုလုံး သွေးရောင်လွှမ်းနေသည်။ များစွာသော နတ်ဘုရားများ၏ အလောင်းများက ဆက်တိုက် မျောလွင့်နေသည်။ ထိုသို့သောအချိန်၌ ဖူရွှမ် စိတ်ဝိညာဉ် နတ်ဘုရားစစ်တပ်သည် အနောက်ဘက် ကောင်းကင်ဘုံ နတ်ဘုရားစစ်တပ်အား ဆက်တိုက် သုတ်သင်နေ၏။

ထိုစစ်တပ်မှ တစ်ယောက်ချင်းစီသည် အလွန်အမင်း သန်မာလှပြီး အားအနည်းဆုံးသူပင် နတ်ဘုရား အလယ် အလတ်အဆင့် ရှိသည်။ ထိုအထဲတွင် နတ်ဘုရင် အဆင့်များ ဒါဇင်နှင့်ချီ၍ ပါရှိလေသည်။ အထူးသဖြင့် ရှေ့မှဦး ဆောင်လာသည့် လူငယ်လေးက ပို၍ ကြောက်စရာ ကောင်းလေသည်။

သူသည် အဖြူရောင် နတ်ဘုရား အနှစ်သက်ဆုံး တပည့်ဖြစ်သည့် ဖူရွှမ် နတ်ဘုရားပင်။

“ဟမ့်၊ သောက်အနောက်ဘက် နတ်ဘုရားနယ်မြေ၊ မင်းတို့ ကများ နတ်ဆိုးမျိုးနွယ်နဲ့ ဆက်သွယ်ရဲတယ်ပေါ့လေ၊ ဒီနေ့က မင်းတို့ နတ်ဘုရားနယ်မြေတစ်ခုလုံး ပျက်ဆီးမယ့်နေ့ပဲ”

ဖူရွှမ်၏အသံ၌ မကျေမချမ်းဖြစ်ဟန်များ ပါဝင်နေသည်။ သူ့ရှေ့တွင် တော်ဝင်သရဖူကို ဆောင်းထားသည့် အဘိုးအို တစ်ယောက်က တစ်ကိုယ်လုံး သွေးအလိမ်းလိမ်းနှင့် ဒဏ်ရာ ဒဏ်ချက်များဖြင့် ပြည့်နှက်နေသည်။

သူသည် နတ်ဘုရင်အဆင့် သခင်လေး၏ ဖခင်ဖြစ်ပြီး အနောက်ဘက် ကောင်းကင်ဘုံ နတ်ဘုရားနယ်မြေ၏ ကောင်းကင်ဘုံဂိတ်ဝ ဧကရာဇ် ဖြစ်သည်။

*ပျက်စီးမယ့်နေ့ ဟုတ်လား*

ထိုစကားကြောင့် ဧကရာဇ်သည် မျက်လုံးများ ရဲရဲနီ လာသည်။

“ဖူရွှမ် မင်း တကယ်ပဲ ငါ့ အနောက်ဘက် ကောင်းကင်ဘုံ နတ်ဘုရားနယ်မြေကို ဖျက်ဆီးတော့မှာလား”

“လွန်ခဲ့တဲ့ နှစ်တစ်သောင်းက တစ္ဆေဧကရာဇ် သတ်ဖြတ်ခဲ့ တာကြောင့် ငါတို့တွေ သူ့ကို ဦးညွှတ်အညံ့ခံခဲ့ရတယ်။ နတ်ဆိုးဧကရာဇ်ကြောင့်သာ မဟုတ်ရင် ငါတို့ ဖျက်ဆီးခံ ရတာ နှစ်တစ်သောင်း ကြာနေလောက်ပြီ”

“ဒီနေ့ကစပြီး ငါတို့က အနောက်ဘက် ကောင်းကင်ဘုံ နတ်ဆိုးတွေပဲ”

အဘိုးအိုက ကြွေးကြော်လေသည်။ အောက်ဘက်ရှိ နတ်ဘုရင်အဆင့် သခင်လေးနှင့် မရေတွက်နိုင်သော အနောက်ဘက် ကောင်းကင်ဘုံ နတ်ဘုရားနယ်မြေမှ လူများ အားလုံး သွေးသံတရဲရဲဖြင့် ကြွေးကြော်လေသည်။

“ငါတို့က အနောက်ဘက် ကောင်းကင်ဘုံ နတ်ဆိုးတွေပဲ”

“ငါတို့က အနောက်ဘက် ကောင်းကင်ဘုံ နတ်ဆိုးတွေပဲ”

“ငါတို့က အနောက်ဘက် ကောင်းကင်ဘုံ နတ်ဆိုးတွေပဲ”

Chapter 624 အခုချက်ချင်းပဲ

“ငါတို့က အနောက်ဘက် ကောင်းကင်ဘုံ နတ်ဆိုးတွေပဲ”

ထိုကြွေးကြော်သံသည် ကောင်းကင်တစ်ခွင်သို့ ပဲ့တင် ထပ်သွားပြီး ဘေးပတ်လည်မှ အခြားသူများအားလုံး ထိတ်လန့် သွားကြသည်။

လူတိုင်းသည် အနောက်ဘက် ကောင်းကင်ဘုံ နတ်ဘုရား နယ်မြေမှ သိုင်းပညာရှင်များကို လှမ်းကြည့်လိုက်ကြ သောအခါ အားလုံးက မျက်နှာများ နီရဲ၍ စိတ်အား တက်ကြွဟန်များဖြင့် ပြည့်နှက်နေသည်ကို တွေ့လိုက် ရသည်။

သူတို့သည် ဓားများကို ကိုင်ဆွဲ၍ သွေးအလိမ်းလိမ်းဖြင့် ရင်ထဲမှ အသံကို အားကုန်ဟစ်ကာ ကြွေးကြော် နေကြ လေသည်။

ဖူရွှမ် နတ်ဘုရားစစ်တပ်တောင်မှ အံ့အားသင့်သွားရသည်။ နတ်ဆိုးဧကရာဇ်က အနောက်ဘက် ကောင်းကင်ဘုံ နတ်ဘုရား နယ်မြေမှ လူများ၏ ရင်ထဲတွင် ဤမျှ နက်ရှိုင်းစွာ တည်ရှိနေလိမ့်မည်ဟု သူတို့ ထင်မထားမိကြချေ။

“ကောင်းတယ်၊ သိပ်ကောင်းတယ်”

ထိုအခါ ဖူရွှမ်သည် ဒေါသထွက်ကာ အံတကြိတ်ကြိတ် ဖြစ်နေသည်။ သူ၏ သတ်ဖြတ်လိုသော အကြည့်အရ သူသည် အနောက်ဘက် ကောင်းကင်ဘုံ နတ်ဘုရား နယ်မြေ၏ ဧကရာဇ်ကို နုတ်နုတ်စင်းပစ်ရန် မစောင့်နိုင် တော့သည့်ပုံပင်။

“သိကျန်း မင်း နတ်ဘုရားကို သစ္စာဖောက်ရင် ဖြစ်လာမယ့် အဆုံးသတ်ကို သိသင့်တယ်”

“မင်းက မင်းလူတွေအားလုံးကို ငရဲကို ခေါ်သွားနေတာပဲ”

*ငရဲကိုလား*

ထိုစကားလုံးကြောင့် ကောင်းကင်ဘုံဂိတ်ဝ ဧကရာဇ်ဖြစ်သူ ဧကရာဇ်ကျန်းက အထင်သေးသလို ပြုံးလိုက်သည်။

“ဖူရွှမ်း မင်း ကျေးဇူးသိတတ်တာကို သိလား”

“နတ်ဆိုးတွေ လက်စားချေပြီဆိုရင် ဂြိုဟ်တွေကိုပါ ဖျက်ဆီး တတ်တယ်ဆိုတာကို မင်း မှတ်ထားလိုက်”

“အနောက်ဘက် ကောင်းကင်ဘုံ နတ်ဘုရားနယ်မြေက ငါတို့ကို ကယ်တင်ခဲ့တဲ့လူက ကျေးဇူးကြီးတယ်ကွ၊ ငါ သူ့ကို ကျေးဇူးဆပ်ဖို့ တစ်ဘဝလုံး စောင့်နေရမယ်ဆိုရင်တောင် ငါ စောင့်နိုင်တယ်ကွ”

သိကျန်း၏ စကားများက လူတို့အား သွေးပွက်ပွက် ဆူသွားစေသည်။ ထို့အတူ သူသည် ရင်ဘတ်ပေါ် လက်တင်၍ ကျိန်ဆိုလေ၏။

“နတ်ဆိုးဧကရာဇ်အတွက် သတ်ကြ”

ထိုအခါ အနောက်ဘက် ကောင်းကင်ဘုံ နယ်မြေမှ လူများအားလုံး သွေးဆူသွားသည်။ အရှင်သခင်များနှင့် မရေတွက်နိုင်သော နတ်ဘုရင်အဆင့်များ၊ သူတော်စင် များနှင့် ဘေးပတ်လည်မှ နတ်ဘုရားစစ်တပ်မှ လူများ အားလုံး ရင်ဘတ်မှ လက်တင်၍ ကြွေးကြော် ကြသည်။

“နတ်ဆိုးဧကရာဇ်အတွက် သတ်ကြဟေ့၊ သတ်ကြ”

အနောက်ဘက် ကောင်းကင်ဘုံ နတ်ဆိုးစစ်တပ် တစ်ခု လုံးသည် မီးကို ဝင်တိုးသည့် ပိုးဖလံကဲ့သို့ ဖူရွှမ် နတ်ဘုရား စစ်တပ်အား အရူးအမူး သတ်ဖြတ်ကြလေသည်။

ချက်ချင်းဆိုသလိုပင် စစ်ပွဲကြီးက တစ်ဖန်ပြန်၍ ဖြစ်ပေါ် လာသည်။ ကောင်းကင်ယံ၌ သွေးရောင်များဖြင့် ပို၍ နီဆွေးလာသည်။ အနောက်ဘက် ကောင်းကင်ဘုံ နတ်ဘုရား နယ်မြေ၌ မရဏခေါင်းလောင်း တီးခတ်နေသလိုပင်။

အနောက်ဘက် ကောင်းကင်ဘုံ သိုင်းပညာရှင်များ တစ်ယောက်ပြီး တစ်ယောက် အသတ်ခံလိုက်ရသည်။ သို့သော် သူတို့သည် သေသွားသည်အထိ အသက် ချမ်းသာ ပေးပါရန် မတောင်းဆိုကြပေ။ သူတို့သည် နတ်ဆိုးများ အတွက် ရှင်သန်၍ နတ်ဆိုးများအတွက်သာ သေဆုံးကြ လေသည်။

တစ်ဖက်တွင်မူ နတ်ဘုရင်အဆင့် သခင်လေးသည် သည်းကြီး မည်းကြီး တိုက်ခိုက်နေကာ မျက်လုံးများက သွေးရောင် လွှမ်းနေ၏။ သူသည် နတ်ဆိုးဧကရာဇ်ကို မမြင်ဖူး သော်လည်း ဖခင်နှင့် ဦးလေးတို့၏ ပြောပြ ချက်ကြောင့် ကလေးဘဝကတည်းက နတ်ဆိုးဧကရာဇ် အကြောင်း သိခဲ့ရသည်။ ထိုပုဂ္ဂိုလ်၏ ပုံကို မြင်ခဲ့ဖူးသည်။ နတ်ဘုရင်အဆင့် သခင်လေး၏ မျက်လုံးထဲတွင် နတ်ဆိုး ဧကရာဇ်သည် လေးစားအားကျရသည့် ပုဂ္ဂိုလ်သာ ဖြစ်သည်။ ယခုအခါ၌ သူသည် လေးစားရသော ပုဂ္ဂိုလ် အတွက် တိုက်ပွဲဝင်နေလေသည်။

နတ်ဘုရင်အဆင့် တစ်ယောက်က ထိုသခင်လေး၏ ကျောအား အားဖြင့်ခုတ်ပိုင်းလိုက်သည်။ သူသည် တစ်ကိုယ်လုံး နာကျင်သွားရသော်လည်း ချက်ချင်း နောက် လှည့်၍ ထိုနတ်ဘုရင်အဆင့်၏ ဦးခေါင်းကို ဖြတ်လိုက်သည်။

“သတ်”

ထိုသို့ဟစ်ကြွေး၍ နတ်ဘုရင်အဆင့် သခင်လေးသည် တိုက်ပွဲထဲသို့ ဝင်ရောက်၍ အရူးအမူး သတ်ဖြတ်လေသည်။ စစ်ပွဲထဲ၌ အနောက်ဘက် ကောင်းကင်ဘုံမှ သိုင်းပညာ ရှင်တိုင်း အသည်းအသန် တိုက်ပွဲဝင်နေကြသည်။

တိတ်တဆိတ် နောက်ဆုတ်နေသူဟူ၍ တစ်ယောက်သာ ရှိသည်။ ထိုသူကား ကျင်းရှောက်ပင်။ ကျင်းရှောက်၏ လက်မောင်း နှစ်ဘက်လုံး အဖြတ်ခံထားရပြီး သူ့မျက်နှာက စက္ကူကဲ့သို့ ဖြူရော်နေသည်။ အထူးသဖြင့် အင်အား ကြီးသော ဖူရွှမ် နတ်ဘုရား စစ်တပ်ကိုကြည့်ပြီး သူ သေ မတတ် ကြောက်ရွံ့လာသည်။

သူ နောက်ဆုတ်နေချိန်တွင် ရုတ်တရက် ယဲ့ဖန်နှင့် အခြားသူများ လျှောက်လာနေသည်ကို တွေ့လိုက်ရသည်။

“မင်းကိုး”

ထိုအခိုက်တွင် ကျင်းရှောက် ဝမ်းသာအားရ ဖြစ်သွား လေသည်။ သူသည် မနှစ်မြို့ဖွယ်ရာပြုံး၍ ပြောလာသည်။

“တစ်ယောက်ယောက်ကတော့ သေချင်နေတာပဲ၊ ကောင်းကင်ဘုံကို သွားမယ့်လမ်း ပေါ်လာတာတောင် ငရဲတွင်းထဲ ခုန်ဆင်းချင်နေတယ်”

“စောင့်လိုက်ဦး၊ ခဏနေရင် သခင်လေးက လှုပ်ရှားမှာ၊ ပြီးရင်တော့ သူ မင်းတို့အားလုံးကို သတ်လိမ့်မယ်၊ ဟားဟား ဟား ...”

ကျင်းရှောက်၏ လေသံ၌ အာဃာတတရားများ ပါဝင် နေသည်။ သူ သတိပေးခဲ့စဉ်က ယဲ့ဖန်တစ်ယောက် မစောင့်ဘဲ ထွက်ပြေးသွားလိမ့်မည်ဟု ထင်ခဲ့မိသည်။ သို့သော် ထိုသူများက အရူးကဲ့သို့ ကိုယ့်သေတွင်း ကိုယ်တူး လိမ့်မည်ဟု ထင်မထားမိချေ။

ကျင်းရှောက်၏ အမုန်းစကားသံကြောင့် လောဝမ်နှင့် လောချင်းတို့ မျက်နှာပျက်သွားကြသည်။ သူတို့ တမင်တကာ ထွက်သွားရန် ပြင်လိုက်သော်လည်း ယဲ့ဖန်၏ အကြည့်များ ရှိရာကို လှမ်းကြည့်လိုက်သောအခါ တိုက်ပွဲဖြစ်နေသည့် နေရာအား ကြည့်နေသည်ကို တွေ့လိုက်ရသည်။ ထိုအခါ သူတို့သည် နားချရန် ပြောမည့်စကားများကို ပြန်မျိုသိပ် လိုက်ရလေသည်။

ယဲ့ဖန်သည် ကျင်းရှောက်အား လုံးလုံး အရေးမလုပ်ပေ။ သူသည် တိုက်ပွဲနေရာသို့ ဝေ့ကြည့်နေပြီးနောက် ကောင်းကင်ဘုံ ဂိတ်ဝ၏ ဧကရာဇ်ကျန်းနှင့် ဖူရွှမ် နတ်ဘုရားထံသို့ အကြည့်ရောက်သွားသည်။

“သူက အဖြူရောင် နတ်ဘုရား သဘောကျတဲ့ တပည့် ပေါ့လေ”

ယဲ့ဖန် လှောင်ပြုံး ပြုံးလိုက်သည်။ သူသည် ဖူရွှမ် နတ်ဘုရားနှင့် သိကျန်းတို့ တိုက်ခိုက်ပုံကို ကြည့်နေမိသည်။ တိုက်ကွက်တိုင်း၌ စကြဝဠာ၏ ဥပဒေသများ ပါဝင်နေပြီး အင်အားကြီးမားသည့်ပုံပင်။

ကောင်းကင်ယံသည် နတ်ဘုရားနှစ်ပါးကြောင့် အက်ကွဲရာ ထင်လာသည်။ သူတို့သည် သားရဲကောင်များကဲ့သို့ အပြင်း အထန် တိုက်ခိုက်နေကြသည်။

“ဟားဟားဟား ... အဘိုးကြီး သိကျန်း၊ ခင်ဗျားတော့ ဒီတစ်ခါ အသေပဲ”

ဖူရွှမ်နတ်ဘုရား၏ အကြည့်၌ လှောင်ပြောင်ရိပ်များ ယှက်သန်းနေ၏။ ထို့နောက် တစ်ဖန် ပြန်၍ ထိုးနှက် လိုက်သည်။

“အဖြူရောင်လက်သီး”

ထိုလက်သီးချက်အောက်၌ ကောင်းကင်ယံသည် ပေါက်ကွဲ လုနီးပါး ဖြစ်သွားသည်။ ဘေးပတ်လည်မှ ဂြိုဟ်များသည် ထိုသက်ရောက်မှုကြောင့် ပေါက်ကွဲပျက်စီးသွားလေသည်။ ပြင်းထန်သော အရှိန်အဝါက သိကျန်းပေါ် ကျရောက် လာသည်။

“သေစမ်း”

သိကျန်းသည် ထိုလက်သီးချက်ကို ခုခံရန် ခက်ခဲလှကြောင်း ခံစားမိသဖြင့် မျက်နှာပျက်သွားသည်။ ထို့နောက် သူ နောက်ဆုတ်ရန် ပြင်လိုက်သည်။

“ရှောင်ချင်တာလား”

ဖူရွှမ် နတ်ဘုရားသည် ခန့်မှန်းမိဟန်ဖြင့် ပြောဆိုလာသည်။ ထို့နောက် လှစ်ခနဲ လှုပ်ရှား၍ နောက်ဆုတ်နေသော သိကျန်းရှေ့သို့ ပေါ်လာလေသည်။ ထိုအခါ ပြင်းထန်သော လက်သီးချက်က သိကျန်းပေါ် ကျရောက်လာသည်။

သိကျန်းသည် မိုးကြိုးပစ်ခံလိုက်ရသကဲ့သို့ ခံစားလိုက် ရသည်။ သူ၏အရိုးများ ကျိးကြေသွားသလို ကြိုးပြတ် သွားသော စွန်ကဲ့သို့ တစ်ကိုယ်လုံး လွင့်ထွက်သွားလေသည်။

“အဖိုး”

“သူတော်စင် ဧကရာဇ်”

သိကျန်း ဒဏ်ရာရသွားသည်ကိုမြင်ပြီး နတ်ဘုရင်အဆင့် သခင်လေး သာမက ကျန်အနောက်ဘက် ကောင်းကင်ဘုံမှ လူများအားလုံး ထိတ်လန့်သွားကြသည်။

သို့သော် ထိုအချိန်၌ ဖူရွှမ် နတ်ဘုရားစစ်တပ်က အခွင့်ကောင်း ယူ၍ အပြင်းအထန် တိုက်စစ်ဆင်လေသည်။ အနောက်ဘက် ကောင်းကင်ဘုံ သိုင်းပညာရှင်တစ်ယောက် အသတ်ခံလိုက်ရသည်။ အနောက်ဘက် ကောင်းကင်ဘုံ နယ်မြေ၌ သတ်ဖြတ်မှုကြီးက အတောမသတ်တော့ချေ။

ယခုအချိန်၌ အနောက်ဘက် ကောင်းကင်ဘုံ သိုင်းပညာရှင် တော်တော်များများ ဒဏ်ရာရနေကြသည်။ ဤမြင်ကွင်းက ဘေးပတ်လည်မှလူများအား မျက်နှာ ဖြူဖပ်ဖြူရော် ဖြစ်သွားစေသည်။

ဤအခြေအနေကိုကြည့်ပြီး ဒဏ်ရာရနေသည့် အနောက် ဘက် ကောင်းကင်ဘုံ သိုင်းပညာရှင်များသည် အသတ်ခံ ရမည့် အချိန်ကိုသာ စောင့်နေကြတော့သည်။ ထိုအချိန်တွင် အားလုံး ဝမ်းနည်းနေကြသည်။

သို့သော် ဖူရွှမ်းနှင့် နတ်ဘုရားစစ်တပ်က သိကျန်းနှင့် အနောက်ဘက် ကောင်းကင်ဘုံ နတ်ဘုရားစစ်တပ်အား မျက်နှာသာ မပေးပေ။

“သစ္စာဖောက်တွေ သေပေတော့၊ ဟားဟားဟား ...”

ဟားတိုက် ရယ်မောပြီးနောက် သိကျန်းနှင့် အနောက်ဘက် ကောင်းကင်ဘုံ နတ်ဘုရားနယ်မြေမှ သိုင်းပညာရှင်များကို သည်းကြီးမည်းကြီး တိုက်ခိုက်လေသည်။

ထိုစဉ် လူကြားထဲမှ ယဲ့ဖန်သည် နှုတ်ခမ်းကိုတွန့်ကွေး၍ ပြုံးလိုက်သည်။ ထို့နောက် ရုတ်တရက် သူ့လျှာကို ကိုက်လိုက်သည်။ ထိုအခါ နှုတ်ခမ်းမှနေ၍ နတ်ဆိုးသွေးများ စိမ့်ထွက်လာသည်။ ထို့နောက်တွင်မူ ယဲ့ဖန်သည် နှုတ်ခမ်းအား မသိမသာ ဖွင့်ပိတ်လျက်ဖြင့် နားလည်ရ ခက်သည့် မန္တန်တစ်ခုကို ရွတ်ဆိုလိုက်သည်။

ထိုအသံအား ကျန်သောသူများ မကြားနိုင်ပေ။ သိကျန်းနှင့် နတ်ဘုရင်အဆင့် သခင်လေး အပါအဝင် အနောက်ဘက် ကောင်းကင်ဘုံ နတ်ဘုရားစစ်တပ်သာ ထိုအသံကို ကြားရပြီး တုန်လှုပ်သွားကြလေသည်။

သူတို့ လက်ခံရ ခက်နေကြသည်။ ထိုထူးဆန်းသော မန္တန်က သူတို့နားမှတစ်ဆင့် ခန္ဓာကိုယ်ထဲသို့ စိမ့်ဝင်ပျံ့နှံ့သွားသည်ဟု သူတို့ ခံစားမိသည်။ ရုတ်တရက် သူတို့ခန္ဓာကိုယ်ပေါ်မှ ဒဏ်ရာများ လျင်မြန်စွာ ပျောက်ကွယ်သွားလေသည်။ ကြီးမားသော နတ်ဘုရားစွမ်းအင်များက သွေးကြောများထဲ၌ ဆက်တိုက် စီးဆင်းနေသည်။

သိကျန်း၊ နတ်ဘုရင်အဆင့် သခင်လေးနှင့် အနောက်ဘက် ကောင်းကင်ဘုံ နတ်ဘုရားစစ်တပ်တို့သည် အချင်းချင်း တအံ့တဩ လှမ်းကြည့်နေမိကြသည်။

ထိုအခိုက်တွင်တွင် ဖူရွှမ်နှင့် နတ်ဘုရားစစ်တပ်တို့က သူတို့ကို သတ်ဖြတ်ရန် နီးကပ်လာလေသည်။ သို့သော် ရုတ်တရက် ပြောင်းလဲမှုတစ်ခု ဖြစ်ပေါ်လာ၏။

All Chapters