အခန်း (၆၂၈-၆၃၀)
Vol. 42 Ch. 628-630
Chapter 628 အဖြူရောင် နတ်ဘုရား ရောက်လာပြီ
ယခုအချိန်၌ အနောက်ဘက် ကောင်းကင်ဘုံ နတ်ဘုရား နယ်မြေမှ သိုင်းပညာရှင်များအားလုံး ဒူးထောက်၍ အရိုအသေ ပေးနေကြသည်။ ဤသည်ကို ကြည့်ပြီး ကျန်သူများ အားလုံး မှင်တက်နေကြ၏။ သူတို့၏ နှုတ်ဆက်သံများကြောင့် လောဝမ်တို့ မောင်နှမ အံ့အားသင့် သွားပြီး ကျင်းရှောက်သည်လည်း နားဝေတိမ်တောင် ဖြစ်သွား လေသည်။
နတ်ဆိုးဧကရာဇ်။ ထိုအမည်နာမသည် စကြဝဠာထဲ၌ ကျော်စောပြီး ခေတ်အဆက်ဆက် မျိုးနွယ်တိုင်းအား ထိတ်လန့် တုန်လှုပ်စေခဲ့သည်။ ထိုသို့သောပုဂ္ဂိုလ်က ဤနေရာ၌ ရောက်ရှိနေသဖြင့် အားလုံး အိပ်မက်မက် နေသကဲ့သို့ ခံစားမိနေသည်။
“ရှေးဟောင်း နတ်ဘုရား ကျင့်စဉ်ကို သူ တီထွင်နိုင်တာကို ငါ မအံ့ဩတော့ဘူး၊ နတ်ဘုရားဂိုဏ်းချုပ် အထွတ်အထိပ် အဆင့်လေးနဲ့ ရန်သူအားလုံးကို သတ်ဖြတ်နိုင်ခဲ့တာက မထူးဆန်း တော့ပါဘူး”
“လတ်စသက်တော့ သူက … အဲ့ဒီပုဂ္ဂိုလ် ဖြစ်နေတာကိုး”
လောဝမ်၏ မျက်နှာ၌ ထိတ်လန့် အံ့ဩနေဟန်များ ထင်ဟပ် နေသည်။ သူသည် အခြားသော အတွေးများ ထပ်တွေး မနေနိုင်တော့ဘဲ ယဲ့ဖန်ရှေ့သို့ အပြေးသွား၍ တုန်တုန် ယင်ယင်ဖြင့် ဒူးထောက်လိုက်သည်။ သူ့ဘေးတွင် အနောက် ဘက် ကောင်းကင်ဘုံ နတ်ဘုရားနယ်မြေမှ သာမန် သိုင်းပညာရှင်များအားလုံး ဒူးထောက်နေကြသည်။
ဤမြင်ကွင်းက လောချင်းအား မှင်တက်သွားစေသည်။
“သူက နတ်ဆိုးဧကရာဇ်လား”
သူမ မချိပြုံး ပြုံးလိုက်မိသည်။ တစ်ဖက်လူက နတ်ဘုရား ဂိုဏ်းချုပ် အထွတ်အထိပ်အဆင့်သာ ဖြစ်သော်လည်း ရှောင်ချီရှို့နှင့် မျောက်ပိန်လေးတို့က အလွန် လေးစား ကြည်ညိုနေရသည့် အကြောင်းရင်းကို သူမ ယခုမှ နားလည် သဘောပေါက် သွားရသည်။
တစ်ဖက်လူသည် ရာချီသောလူတို့၏ ဝိုင်းထားခြင်းကို ခံရသော်လည်း မကြောက်လန့်ရသည့် အကြောင်းရင်းကို သူမ ယခုမှ နားလည်သွားလေသည်။
*လတ်စသက်တော့ သူက … အဲ့ဒီဒဏ္ဍာရီလာ ပုဂ္ဂိုလ် ဖြစ်နေတာကိုး*
*ငါတို့ ဒဏ္ဍာရီလာပုဂ္ဂိုလ်နဲ့ တွေ့နေပင်မယ့် ငါတို့ မသိခဲ့ပါလား*
သူမက သူ့အပေါ် လှောင်ပြောင်ခဲ့မိသဖြင့် လောချင်း တစ်ယောက် ပါးဖြတ်ရိုက်ခံလိုက်ရသကဲ့သို့ ခံစားလိုက် ရသည်။ သူမ အလွန် အရှက်ရသွားသဖြင့် မြေကျင်းတူး၍ ဝင်ပုန်းချင်စိတ်တောင်မှ ပေါက်လာရသည်။
တစ်ဖက်တွင်မူ ဒူးထောက်နေသော သိုင်းပညာရှင်များကို ကြည့်ပြီး ကျင်းရှောက်တစ်ယောက် ကယောင်ကတမ်း ရေရွတ်ကာ လဲကျပြီး နဖူးနှင့် ကျောပြင်တို့၌ ဇောချွေးပြန် နေလေသည်။ ထို့အပြင် သူ့မျက်နှာကလည်း ဖြူဖပ်ဖြူရော် ဖြစ်နေ၏။
“သွားပြီ၊ ငါ … ငါက နတ်ဆိုးဧကရာဇ်ကို ရန်စခဲ့မိတာပဲ၊ ငါက သူ့ကိုတောင်မှ သတ်ပစ်ချင်နေခဲ့သေးတယ်၊ ငါ …”
ကျင်းရှောက် မျှော်လင့်ချက်မဲ့သွားလေသည်။ ထို့အတူ သူ၏ပေါင်ခြံမှ နေ၍ ကျင်ငယ်ရည်နံ့များ ထွက်လာသည်။ သူ ကြောက်လန့်၍ ကျင်ငယ်စွန့်မိသည်မှာ ဤသည်နှင့်ဆိုလျင် ဒုတိယအကြိမ်ပင်။
“သောက်နတ်ဆိုးကောင်၊ မင်းက ပြန်မွေးဖွား လာတယ်ပေါ့လေ”
ထိုအချိန်တွင် ခေါင်းပြတ်နေသော ခန္ဓာကိုယ်မှနေ၍ ကြိမ်းဝါးသံ ထွက်ပေါ်လာ၍ အားလုံး ထိတ်လန့် သွား ကြသည်။ ထို့နောက် ချက်ချင်းဆိုသလိုပင် ဖူရွှမ်၏ ခေါင်းပြတ် ခန္ဓာကိုယ်က လှုပ်ရှားလာသလို သူ၏ ဦးခေါင်း ကလည်း ခန္ဓာကိုယ်နှင့် ပြန်ဆက် သွားလေသည်။ အလင်းတန်းများ ထွက်ပေါ်လာ ပြီးနောက် ဦးခေါင်းသည် လည်ပင်းနှင့် တသားတည်း ပြန်ဖြစ်သွားသည်။
*ဟမ်*
*သူ တကယ်ပဲ အသက်ပြန်ရှင်လာတာပဲ*
*ဒါက …*
လူတိုင်း အံ့အားသင့်သွားသည်။ ဤသည်က အားလုံးကို မယုံသင်္ကာ ဖြစ်သွားစေ၏။
“ဒါ အဖြူရောင် ခန္ဓာဆက်ကျင့်စဉ်ပဲ”
သိကျန်းနှင့် အခြားသူများအားလုံး မျက်နှာပျက် သွားကြသည်။ အဖြူရောင် ခန္ဓာဆက်ကျင့်စဉ်သည် အဖြူရောင် နတ်ဘုရား၏ လျှို့ဝှက်ကျင့်စဉ် ဖြစ်လေသည်။
ဤကျင့်စဉ်သည် အလွန်အမင်း ဆန်းကြယ်လှသည်။ ဤကျင့်စဉ်ကို ကျင့်ကြံသည့်သူသည် ထိုသူ၏ မည်သည့် ခန္ဓာကိုယ် အစိတ်အပိုင်းမဆို ဖြတ်တောက်ခံရပါက ခန္ဓာကိုယ်နှင့် ပြန်ဆက်လိုက်သည်နှင့် မူလအတိုင်း ပြန်ဖြစ် သွားနိုင်စွမ်း ရှိသည်။
ရှေးယခင်အချိန်က ထိုကျင့်စဉ်ကို ကျင့်ကြံထားသည့် အဖြူရောင် နတ်ဘုရားသည် ဖျက်ဆီးမရနိုင်လုနီးပါး ဖြစ်ခဲ့သည်။ နတ်ဆိုးဧကရာဇ်နှင့် ဆုံသည့်အချိန်တွင် နတ်ဆိုးဧကရာဇ်က သူ၏မျက်လုံးတစ်ဖက်ကို ဖောက် ထုတ်ခဲ့သည်။ သို့သော် သူ၏မျက်လုံးက ပြန်၍ကောင်း မလာတော့ချေ။
ထိုအချိန်က အဖြစ်အပျက်သည် အဖြူရောင် နတ်ဘုရား၏ အရှက်အရဆုံးအချိန် ဖြစ်လေသည်။ ယခုအချိန်တွင် ယဲ့ဖန်သည် အဖြူရောင် နတ်ဘုရား၏ တပည့်ဖြစ်သူ ဖူရွှမ်နှင့် ရင်ဆိုင်နေရသည်။
ခေါင်းပြန်ဆက်သွားသည်နှင့် ဖူရွှမ်သည် ယဲ့ဖန်အား မယုံနိုင်ဟန်ဖြင့် စူးစိုက်ကြည့်လာသည်။ ထို့နောက် သူက နှုတ်ခမ်းသပ်၍ မချိပြုံး ပြုံးလိုက်သည်။
“သေသွားတဲ့ နတ်ဆိုးဧကရာဇ်က ပြန်ရှင်လာလိမ့်မယ်လို့ ငါ ထင်မထားမိဘူး”
“ပြီးတော့ နတ်ဘုရားဂိုဏ်းချုပ်အဆင့်လေးနဲ့ ငါ့ခေါင်းကိုပါ ဖြတ်နိုင်နေတယ်”
ဖူရွှမ် ပင့်သက်ရှိုက်လိုက်သည်။
“ခုနတုန်းက သွေးကျိန်စာကို သုံးလိုက်တဲ့လူက ခင်ဗျားပဲ မလား”
*ဘယ်လို*
ဖူရွှမ်၏ စကားကြောင့် သိကျန်း၊ နတ်ဘုရင်အဆင့် သခင်လေးနှင့် အနောက်ဘက် ကောင်းကင်ဘုံ နယ်မြေမှ သိုင်းပညာရှင်များအားလုံး တုန်လှုပ်သွားကြသည်။
*ဟုတ်သားပဲ*
သူတို့ သေရတော့မည်ဟု ထင်ထားသည့်အချိန်၌ သွေး ကျိန်စာကြောင့် သူတို့ အခြေအနေက ပြောင်းလဲ သွားခဲ့သည်။ အစပိုင်း၌ သူတို့သည် ဤနေရာသို့ နတ်ဆိုးမျိုးနွယ်မှ သိုင်းပညာရှင်များ ရောက်လာမိသည်ဟု ထင်ထားခဲ့ ကြသော်လည်း ဤသို့ မြင့်မြတ်လှသည့် နတ်ဆိုးဧကရာဇ် ရောက်လာလိမ့်မည်ဟု ထင်မထားမိခဲ့ကြပေ။
ထိုအခါတွင်မှ ကျင်းရှောက်၊ လောဝမ်နှင့် လောချင်းတို့ အမှတ်ရသွားကြသည်။ အစောပိုင်းက ယဲ့ဖန်သည် စစ်မြေပြင်ကို လှမ်းကြည့်၍ တစ်စုံတစ်ရာကို ရေရွတ် နေခဲ့သည်။ ထိုအရာက သွေးကျိန်စာကို ရွတ်ဆိုခြင်း ဖြစ်နေ သည်ကိုး။
ယခင်က မိမိကိုယ်မိမိ အထင်ကြီး၍ တစ်ဖက်လူကို လှောင်ပြောင်ရယ်မောခဲ့မိသည်ကို တွေးမိပြီး ကျင်းရှောက်နှင့် လောဝမ်တို့ မောင်နှမတို့သည် မျက်နှာ ဖြတ်ရိုက်ခံ လိုက်ရသကဲ့သို့ ရှက်ရွံ့သွားလေသည်။
ထိုအချိန်တွင် ဖူရွှမ်က ရှေ့သို့တိုးလာပြီး ယဲ့ဖန်ကို စိုက်ကြည့်၍ ပြုံးကာ ပြောလာသည်။
“ဒီတစ်ခေါက် အနောက်ဘက် ကောင်းကင်ဘုံ နတ်ဘုရား နယ်မြေကို ဖျက်ဆီးချင်ခဲ့ပင်မယ့် ခင်ဗျားလို အဖိုးတ န်တဲ့လူကို ဖမ်းမိလိမ့်မယ်လို့ ကျုပ် ထင်မထားမိဘူး”
ဖူရွှမ်၏ မျက်လုံးသည် အဆိပ်ပြင်းသော မြွေတစ်ကောင် ကဲ့သို့ စူးရှလျက် ရှိသည်။
“ကျုပ်တို့ ပြင်ဆင်မထားဘူးလို့များ ခင်ဗျား ထင်နေတာလား”
*ဘာ*
ထိုစကားကြောင့် သိကျန်းနှင့် အခြားသော အနောက်ဘက် ကောင်းကင်ဘုံ နတ်ဘုရားနယ်မြေမှ သိုင်းပညာရှင်များ အားလုံး မျက်နှာပျက်သွားကြသည်။
ဖူရွှမ်၌ အဖြူရောင် သုတ်သင်ခြင်းဓားအပြင် အခြား ဝှက်ဖဲရှိနေလိမ့်မည်ဟု ထင်မထားမိပေ။ ယခုအချိန်၌ အနောက်ဘက် ကောင်းကင်ဘုံ နတ်ဘုရားနယ်မြေမှ သိုင်းပညာရှင်များ အားလုံး သိချင်စိတ်များဖြင့် ပြည့်နှက် သွားသည်။
ထိုစဉ် ဖူရွှမ်က ဟစ်အော်လာသည်။
“ကျေးဇူးပြုပြီး ဒီကို ကြွလာခဲ့ပေးပါ”
ဂျွတ်!
ကောင်းကင်ယံတစ်ခုလုံး၌ လေဟာနယ်သည် ကြောက်မက် ဖွယ် ကောင်းသော တစ်စုံတစ်ရာက လေဟာ နယ်ကို ထိုးဖောက်၍ ထွက်ပေါ်လာ တော့မည် ဟန်ဖြင့် ရုတ်တရက် အက်ကွဲလာသည်။ ထို့နောက် လေဟာနယ်ထဲမှ အက်ကွဲ ရာသည် ရုတ်တရက် ပေါက်ပြဲသွားသည်။
ချက်ချင်းဆိုသလိုပင် ထိုအပေါက်မှနေ၍ ခြေတစ်ဖက် ထွက်လာသည်။ ထိုခြေတစ်ဖက်၌ အဆုံးမရှိသော အရှိန်အဝါများ ပါဝင်နေပုံရသည်။ လေဟာနယ်ထဲသို့ ခြေချလာသည်နှင့် လေဟာနယ်တစ်ခုလုံး ဆက်လက်၍ အက်ကွဲလေတော့သည်။
ထိုခြေတစ်ဖက်မှနေ၍ ထွက်ပေါ်လာသော ထိတ်လန့်ဖွယ် အရှိန်အဝါသည် အရပ်မျက်နှာအနှံ့သို့ ပျံ့နှံ့လာပြီး အနီးအနားမှ သိုင်းပညာရှင်တစ်ယောက်ပေါ် ကျရောက် လာသည်။
ထို့နောက် အနောက်ဘက် ကောင်းကင်ဘုံ နတ်ဘုရား နယ်မြေမှ သိုင်းပညာရှင် တော်တော်များများသည် ထိုအရှိန် အဝါအား တောင့်မခံနိုင်ဟန်ဖြင့် လွင့်ထွက်သွားကာ သွေးအန် လေတော့သည်။
ခြေတစ်ဖက်တည်းဖြင့် လူပေါင်းများစွာကို လွင့်ထွက်သွား အောင် လုပ်နိုင်သည့် ပုဂ္ဂိုလ်မျိုး ရှိနေလိမ့်မည်ဟု အားလုံး တွေးမထင်ထားမိပေ။
သိကျန်း၏ နဖူးမှ ဇောချွေးများ တဒီးဒီး စီးကျလာသည်။ အားလုံး၏ အကြည့်များက ထိုခြေထောက်ပေါ်သို့ ရောက်ရှိနေ၏။ ထိုသို့ကြည့်နေစဉ်မှာပင် လေဟာနယ်ထဲ မှနေ၍ အဖြူရောင်ဝတ်စုံနှင့် အဘိုးအိုတစ်ယောက် ထွက်လာသည်။ ထိုအဘိုးအိုသည် အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး ဆံပင်ဖြူနေကာ မျက်လုံးတစ်ဖက်သာ ရှိလေသည်။ ထိုအဘိုးအို လမ်းလျှောက်လာနှင့်တင် အားလုံး ရင်တုန်လာသည်။
“အဖြူရောင် နတ်ဘုရား”
ထိုအဘိုးအိုကိုမြင်သည်နှင့် သိကျန်းအပါအဝင် အနောက် ဘက် ကောင်းကင်ဘုံ နတ်ဘုရားနယ်မြေမှ သိုင်းပညာ ရှင်များ အားလုံး ထိတ်လန့်သွားကြသည်။ ယဲ့ဖန်တောင်မှ မျက်မှောင်ကြုတ်သွားသည်။
“နတ်ဆိုးဧကရာဇ်၊ မတွေ့ရတာ ကြာပြီပဲ”
ထိုစဉ် အဖြူရောင် နတ်ဘုရားသည် ယဲ့ဖန်ကိုလှမ်းကြည့်၍ သရော်ပြုံး ပြုံးလိုက်သည်။ သူသည် လက်တစ်ဖက် ကိုမြှောက်၍ ဟောင်းလောင်းပေါက် ဖြစ်နေသော မျက်လုံး တစ်ဖက်ကို မရည်ရွယ်ဘဲ ထိလိုက်မိသည်။
“မင်း ငါ့ကို အရှက်ရအောင် လုပ်ခဲ့တာကို ဒီနေ့ ပြန်ပေး ဆပ်ရမယ်”
Chapter 629 ကျင့်စဉ်နှစ်ခုကို ပေါင်းစပ်အသုံးပြုခြင်း
“မင်း ငါ့ကို အရှက်ရအောင် လုပ်ခဲ့တာကို ဒီနေ့ ပြန်ပေး ဆပ်ရမယ်”
အဖြူရောင် နတ်ဘုရား၏ လေသံ၌ အေးစက်မှုများ ပါဝင်နေပြီး မရေတွက်နိုင်သော သိုင်းပညာရှင်များကို တုန်လှုပ် သွားစေသည်။ တစ်ဖက်လူ၏ စကားသံ၌ လူသတ် လိုစိတ်များ ပါဝင်နေမှန်း အားလုံး သတိထားမိသည်။
မျက်လုံးတစ်ဖက် ဖောက်ထုတ်ခံလိုက်ရခြင်း။ ဤအဖြစ် သည် နှစ်ပေါင်းများစွာ ကြာသည့်တိုင်အောင် အဖြူရောင် နတ်ဘုရား အရှက်ကွဲရဆုံး ဖြစ်ရပ်ပင်။
မည်သည့်အချိန်၊ မည်သည့်နေရာ၌မဆို အဖြူရောင် နတ်ဘုရား၏ ဟောင်းလောင်းပေါက် ဖြစ်နေသော မျက်လုံး ကို မြင်သည်နှင့် ထိုမျက်လုံးက နတ်ဆိုးဧကရာဇ်နှင့် တိုက်ခိုက်၍ ဒဏ်ရာရခဲ့ခြင်း ဖြစ်ကြောင်း လူတိုင်း သိကြလေသည်။ ဤသည်က နတ်ဆိုးဧကရာဇ်ကို ပို၍ နာမည်ကျော်ကြားသွားစေသည်။
ယခုအချိန်၌ ဘေးပတ်လည်မှလူများအားလုံး အသက်အောင့် ထားမိကြသည်။ အချင်းချင်း ပြန်ကြည့်လိုက် မိပြီးနောက် စစ်မြေပြင်မှ အင်အားကြီးသော ဘုရင်နှစ်ပါးကို သေချာ ကြည့် နေလေသည်။ ဘုရင်နှစ်ပါး၏ တိုက်ပွဲကို စောင့်မျှော် နေသည့်ပုံပင်။
“ပြန်ပေးဆပ်ရမယ်ဟုတ်လား”
ယဲ့ဖန်သည် နှုတ်ခမ်းကိုတွန့်၍ လူသတ်လိုသော မျက်လုံး များဖြင့် ပြန်ကြည့်လိုက်သည်။
“အခုက ပြန်ပေးဆပ်ရမယ့် အချိန်ပဲ၊ ဒါပေမဲ့ ပြန်ပေးဆပ် ရမှာက မင်းပဲ”
“အဲ့အချိန်တုန်းက မင်းက ပူဆွေးသောကရောက်နေတဲ့ ခွေးတစ်ကောင်လို ထွက်ပြေးပြီး ပုန်းနေခဲ့တာလေ၊ ဒီနေ့တော့ မင်းရဲ့သွေးကို သုံးပြီး သေသွားရတဲ့ ငါ့နတ်ဆိုးတွေအတွက် ယဇ်ပူဇော်ပေးမယ်”
ယဲ့ဖန်၏စကားက စစ်ပွဲ၏မီးစကို အရှိန်တင် ပေးလိုက် သလိုပင်။ လေထုက ပို၍အေးစက်လာသည်ဟု အားလုံး ခံစားမိသည်။
“ဆရာ သူ့ကို သတ်လိုက်ပါ၊ လက်ရှိ နတ်ဆိုးဧကရာဇ်က နတ်ဘုရားဂိုဏ်းချုပ် အထွတ်အထိပ်အဆင့်ပဲ ရှိပါ သေးတယ်”
“သူ့ကို သတ်လိုက်နိုင်တာနဲ့ ကျွန်တော်တို့ အဖြူရောင် ဘုရား ကျောင်းက နတ်ဘုရားမျိုးနွယ်မှာ အမြင့်ဆုံး ဘုရားကျောင်း ဖြစ်လာပြီးတော့ နတ်ဘုရားအားလုံးရဲ့ လေးစားတာကို ခံရမှာပါ”
ဘေးနားမှ ဖူရွှမ်သည် စိတ်လှုပ်ရှား ပျော်ရွှင်နေပုံရသည်။ သူသည် နတ်ဆိုးဧကရာဇ် သေဆုံးပြီး အဖြူရောင် နတ်ဘုရားမျိုးနွယ်တို့ ဂုဏ်ရှိန်တက်လာသည်ကို မြင်ရရန် မစောင့်နိုင်တော့သည့်ပုံပင်။
ထိုစကားကြောင့် အဖြူရောင် နတ်ဘုရားက ရှေ့သို့ လှမ်းလာပြီး မျက်လုံးများက ပို၍စူးရှလာသည်။
“ကောင်းပြီလေ၊ ဒီလိုဆိုမှတော့ နတ်ဆိုးဧကရာဇ် မင်း သေလို့ရပြီ”
ထိုသို့ပြောပြီးနောက် အဖြူရောင် နတ်ဘုရား၏ပုံရိပ်သည် လှစ်ခနဲ ပျောက်ကွယ်သွားသည်။ အဖြူရောင် နတ်ဘုရား ပျောက်ကွယ်သွားသည်နှင့် လေဟာနယ်သည် ဖန်ခွက်သဖွယ် အက်ကွဲလာသည်။ သားရဲရိုင်း တစ်ကောင်က လေဟာနယ်ကို ဖြတ်၍ ယဲ့ဖန်ရှိရာသို့ ပြေးဝင်လာပုံရသည်။ ဤမြင်ကွင်းက သိကျန်းနှင့် အခြားသူများကို မျက်ခုံးလှုပ်သွားစေသည်။
‘ဒါ မရဏ ဟင်းလင်းပြင်ပဲ”
“သတိထား”
ယခုအချိန်၌ အခြားသူများအားလုံး မှင်တက်နေကြသည်။
မရဏ ဟင်းလင်းပြင်သည် ယခင်အချိန်က အဖြူရောင် နတ်ဘုရား၏ နာမည်ကြီး သိုင်းကွက်ဖြစ်ပြီး ထိုသိုင်းကွက်နှင့် အင်အားကြီးသော ရန်သူများကို ဘယ်လောက်များများ သတ်ခဲ့သလဲဆိုတာကို မသိနိုင်တော့ပေ။
ထိုသိုင်းကွက်သည် လေဟာနယ်ကို ဖျက်ဆီး၍ လေဟာ နယ်၏ အစွမ်းကိုသုံးပြီး ရန်သူကို ဖျက်ဆီးခြင်းပင်။ ဤသိုင်းကွက်သည် အလွန် ကြောက်မက်ဖွယ် ကောင်း လှသည်။
သိကျန်းနှင့် အခြားသူများ ကြောက်လန့်တကြား ကြည့်နေ စဉ်မှာပင် မရဏဟင်းလင်းပြင်က ရုတ်တရက် ပေါက်ကွဲ လာသည်။ ထိုဟင်းလင်းပြင်ထဲမှ ရှေးဟောင်း နဂါး တစ်ကောင် ထွက်ပေါ်လာတော့မည်ဟု ထင်မှတ်မှား ရသည်။
ထိုကဲ့သို့ ဟင်းလင်းပြင် အက်ကွဲလာသည်နှင့်အတူ အဖြူရောင် နတ်ဘုရားသည် ယဲ့ဖန်ထံသို့ လက်သီးတစ်လုံး ပစ်သွင်း လာသည်။ ဤသည်ကြောင့် သိကျန်းနှင့် ကျန်လူများ အားလုံး လိပ်ပြာလွင့်မတတ် လန့်ဖြန့်သွားသည်။
“အဖြူရောင် လက်သီးနဲ့ မရဏဟင်းလင်းပြင်ကို ပေါင်းစပ် လိုက်တာပဲ”
“မြတ်စွာဘုရား သူ … သူ့ရဲ့ လူသတ်သိုင်းကွက်နှစ်ခုကို တကယ် ပေါင်းစပ်လိုက်တာပဲ၊ ကြောက်စရာ ကောင်း လိုက်တာ”
သိကျန်းနှင့် အခြားသူများ၏ နဖူးမှနေ၍ ဇောချွေးများ စီးကျလာသည်။ အဖြူရောင် လက်သီးဖြစ်စေ မရဏ ဟင်းလင်းပြင်ဖြစ်စေ နှစ်ခုလုံးက အဖြူရောင် နတ်ဘုရား၏ အပြင်းဆုံး သိုင်းကွက်များပင်။
ပြင်းထန်သော လေထုက ယဲ့ဖန်၏ အဖြူရောင်ဆံပင်များကို တိုးဝှေ့၍ တိုက်ခတ်လာသည်။ ထိုသို့သောအချိန်၌ သူ၏ မျက်လုံးများက လက်ခနဲ ဖြစ်သွားသည်။ သိုင်းကွက်နှစ်ခု ပေါင်းစပ် အသုံးပြုလာသည်ကို မြင်သော်လည်း ယဲ့ဖန်က မအံ့ဩသွားချေ။
“ကောင်းပြီလေ”
ယဲ့ဖန်သည် အေးတိအေးစက် ပြုံး၍ လက်သီးဆုပ်ကာ အဖြူရောင် နတ်ဘုရား၏ လက်သီးကို ပြန်လည် ထိုးနှက်လိုက်သည်။
*ဟာ*
ဤသည်က လူတိုင်းကို ဆူညံပွက်လောရိုက်သွားစေသည်။
*လက်သီးကို လက်သီးချင်း ယှဉ်မလို့လား*
ယဲ့ဖန်က ဤမျှရူးသွပ်လိမ့်မည်ဟု မည်သူမျှ ထင်မထားမိပေ။ သူတို့နှစ်ယောက်သည် အဆင့်ငယ် နှစ်ဆယ်မျှ ကွာဟ လေသည်။ ခွန်အားချင်းဖြစ်စေ၊ အရှိန်ချင်း ဖြစ်စေ သို့မဟုတ် အစွမ်းချင်း ယှဉ်ပါက ဆီနှင့်ရေကဲ့သို့ ကွာခြားလှသည်။
နတ်ဘုရားဂိုဏ်းချုပ် အထွတ်အထိပ်အဆင့်က အဖြူရောင် နတ်ဘုရားနှင့် လက်သီးချင်းယှဉ်ထိုးခြင်းက ကိုယ့်သေတွင်း ကိုယ်တူးခြင်းပင်။
“ဟားဟားဟား … မင်း သေချင်နေပြီလား၊ နတ်ဆိုးဧကရာဇ် မင်းကိုယ်မင်း ယုံကြည်မှုလွန်ကဲတယ်ပဲ ပြောပြော၊ မင်းက အရူးပဲကွ”
ဖူရွှမ်က ဟားတိုက်လှောင်ရယ်နေ၏။ သူ့ဆရာ၏ အစွမ်းကို သူသာလျင် အသိဆုံး ဖြစ်သည်။ ထို့အပြင် ယဲ့ဖန်သည် သူ့ဆရာထက် အဆင့်နှစ်ဆယ်မျှ နိမ့်သဖြင့် သူ့ဆရာ၏ လက်သီးကို ဟန့်တားခြင်းက စိတ်ကူးယဉ်မှုမျှသာ ဖြစ်လေသည်။
သူသည်သာမက သိကျန်းနှင့် အခြားသူများသည်လည်း ထိတ်လန့်၍ ဖြူဖပ်ဖြူရော် ဖြစ်ကာ သက်ပြင်းချ နေကြသည်။
“သွားပြီပဲ၊ သူက ဘယ်လိုလုပ် အဖြူရောင် လက်သီးကို ခုခံနိုင်မှာလဲ၊ ဒါ … ဒါက …”
ယခုအချိန်၌ သိကျန်းသည် ပြောစရာစကားမရှိအောင် ဆွံ့အနေ၏။ ထို့အပြင် နတ်ဘုရင်အဆင့် သခင်လေး၊ လောဝမ်၊ လောချင်းနှင့် အခြားသူများလည်း အားလျော့ သွားလေသည်။
*ငါတို့ ဇာတ်သိမ်းတော့မှာလား*
သူတို့ တိုက်ပွဲကို ကြည့်ပင်မကြည့်နိုင်ပေ။ တစ်ဖက်တွင်မူ အဖြူရောင် နတ်ဘုရားသည် ဤဖြစ်ရပ်ကိုကြည့်ပြီး လှောင်ပြုံး ပြုံးမြဲ ပြုံးလေသည်။
“သေလိုက်တော့”
အဖြူရောင် နတ်ဘုရားက စိတ်လှုပ်ရှားစွာ ကြုံးဝါး လိုက်သည်။ သူသည် ယဲ့ဖန်အား အသေသတ်နိုင်ပြီး ယခင်က အရှက်ရခဲ့သမျှကို လက်စားပြန်ချေနိုင်ပြီဟု ထင်မြင် နေသည်။
ထို့နောက် အားလုံး၏ ထိတ်လန့်နေသောအကြည့်အောက်၌ လက်သီးချင်း ထိပ်တိုက်တွေ့ဆုံသွားလေ၏။ ထိုသို့ လက်သီးချင်း ထိပ်တိုက်တွေ့ရာမှ ထိတ်လန့်ဖွယ် လှိုင်းလုံးများက အရပ်မျက်နှာအနှံ့သို့ ပြင်းထန်စွာ ပျံ့နှံ့လာသည်။
ဖူရွှမ်၏ နတ်ဘုရားစစ်တပ်နှင့် အနောက်ဘက် ကောင်းကင် ဘုံ နယ်မြေမှ စစ်တပ်သည်လည်း ထိုဖိအား ကြောင့် လွင့်ထွက်သွားလေသည်။ သိကျန်းနှင့် ဖူရွှမ်းတောင်မှ တောင့်မခံနိုင်ဘဲ နောက်သို့ ခြေလှမ်းတစ်ရာမျှ ဆုတ်လိုက် ရပြီးမှ ရပ်တန့်သွားသည်။
“မလုပ်နဲ့”
ခြေလှမ်းကို ရပ်လိုက်နိုင်သည်နှင့် သိကျန်း အော်ဟစ် လိုက်မိသည်။ အဘယ်ကြောင့်ဆိုသော် သူ ကြည့်နေစဉ်မှာပင် ယဲ့ဖန်၏ လက်သီးက ပေါက်ကွဲသွားသည်ကို မြင်လိုက်ရ သောကြောင့်ပင်။ ထို့အပြင် ယဲ့ဖန်၏ လက်သီးမှစ၍ လက်မောင်းတစ်လျှောက် ဆုတ်ပြဲလာကာ ပခုံးထိ ပျက်စီးလာ ပြီးနောက် လူတစ်ကိုယ်လုံး ပေါက်ကွဲ၍ သွေး မြူခိုး အဖြစ်သို့ ပြောင်းလဲသွားလေသည်။
ဤမြင်ကွင်းကြောင့် သိကျန်း၊ နတ်ဘုရင်အဆင့် သခင်လေးနှင့် လောဝမ်တို့အပါအဝင် အနောက်ဘက် ကောင်းကင်ဘုံ နယ်မြေမှ သိုင်းပညာရှင်များအားလုံး တုန် လှုပ်ကာ မြေကြီးပေါ် လဲကျသွားကြသည်။
*သေသွားပြီလား*
သွေးမြူခိုးကိုကြည့်ပြီး လူတိုင်း ကိုယ့်မျက်လုံးကိုယ် မယုံနိုင်လောက်အောင် ဖြစ်နေသည်။ မောက်မာ၍ ရက်စက်သော ယဲ့ဖန်က ပေါက်ကွဲ၍ သေဆုံးသွားသည်ကို သူတို့ မယုံနိုင်ပေ။ နတ်ဆိုးဧကရာဇ်အဖြစ် ပြန်လည် မွေးဖွား လာပြီးနောက် ဤသို့ သေဆုံးသွားရသည်တဲ့လား။
“သွားပြီ၊ ဒီတစ်ခါတော့ သူ တကယ်ပဲ ဇာတ်သိမ်းပြီ ထင်တယ်”
သိကျန်း မျှော်လင့်ချက် ကုန်ဆုံးသွားလေသည်။ သူသည် ဆယ်နှစ်မျှ ပို၍အိုစာသွားပြီး မြေကြီးပေါ် ဆောင့်ကြောင့် ထိုင်၍ မျက်ရည်ကျမိသည်။
သူသည်သာမက နတ်ဘုရင်အဆင့် သခင်လေးနှင့် သူ့ဘေးနားမှ အနောက်ဘက် ကောင်းကင်ဘုံ နယ်မြေသား များအားလုံး ဝမ်းနည်း၍ စိတ်အားငယ်သွားကြသည်။ သူတို့၏ လောကကြီးတစ်ခုလုံး ပြိုလဲသွားသလိုပင်။
“ဟားဟားဟား …”
“ငါ လက်စားချေနိုင်ပြီ၊ ငါ နတ်ဆိုးဧကရာဇ်ကို သတ်နိုင်ပြီကွ”
အားလုံးနှင့် ဆန့်ကျင်စွာပင် အဖြူရောင်နတ်ဘုရားက စိတ်လှုပ်ရှားမှုကြောင့် တုန်ယင်နေ၏။ နတ်ဆိုးဧကရာဇ်ကို သတ်လိုက်နိုင်ခြင်းသည် သူ့အား ပို၍ နာမည်ကြီးသွားစေပြီး အမြင့်ဆုံးသော နတ်ဘုရား ဖြစ်လာနိုင်ပေတော့မည်။
ထို့အပြင် သူ၏မျက်လုံးတစ်ဖက်အတွက် ပြန်၍လက်စားချေ နိုင်လိုက်သဖြင့် သူ စိတ်သက်တောင့်သက်သာ ဖြစ်သလို ခံစားလိုက်ရပြီး သူ၏အပြုံးက ပို၍ပီပြင်လာသည်။
ထိုစဉ် အဖြူရောင် နတ်ဘုရား၏ ရယ်သံ ပဲ့တင်ထ ပ်လာပြီးနောက် ရုတ်ချည်းဆိုသလို ရပ်သွားလေသည်။ သူ၏ရယ်သံသည် လည်မျို၌ပင် တစ်နေပုံရသည်။ သူ၏အပြုံးသည်လည်း အေးခဲသွားပြီး အရှေ့တည့်တည့်သို့ မယုံနိုင်ဟန်ဖြင့် ကြည့်နေသည်။
Chapter 630 မင်း အံ့ဩသွားလား
“သူ သေသွားပြီလား၊ နတ်ဆိုးဧကရာဇ် သေသွားပြီပဲ”
အဖြူရောင် နတ်ဘုရားက ယဲ့ဖန်ကို လက်သီး တစ်ချက်တည်းဖြင့် ချေမှုန်းလိုက်ချိန်တွင် အနောက်ဘက် ကောင်းကင်ဘုံ နတ်ဘုရားနယ်မြေထဲမှ သိုင်းပညာရှင်များ ကြားထဲရှိ ကျင်းရှောက်သည် စိတ်အေးသွားလေသည်။ သူသည် ကြောက်စိတ်လျော့သွားသကဲ့သို့ တစ်ကိုယ်လုံး သက်တောင့် သက်သာ ရှိသလို ခံစားလိုက်ရသည်။
သူသည် ယခင်က ယဲ့ဖန်ကို ရန်စခဲ့မိသည်။ အကယ်၍ ယဲ့ဖန်သာ အနိုင်ရသွားပါက သူ့ဘဝ အဆုံးသတ် တော့မည် ဖြစ်ကြောင်း သူ သိနေသည်။
ယခုအချိန်၌ ကျင်းရှောက် မျှော်လင့်နေသည့် တစ်ခု တည်းသော အရာမှာ အဖြူရောင် နတ်ဘုရားကြောင့် ယဲ့ဖန် ခေါင်းပြတ်သွားခြင်းပင်။ အနောက်ဘက် ကောင်းကင်ဘုံ နတ်ဘုရားနယ်မြေတစ်ခုလုံး ဖျက်ဆီးခံရတော့မည့် အချိန် ရောက်လာခဲ့လျင်တောင်မှ အဖြူရောင်နတ်ဘုရားသည် သူ့ကဲ့သို့သော အားနည်းသည့်လူမျိုးကို တိုက်ခိုက်မည် မဟုတ်ပေ။ သူ့၌ အသက်ရှင်နိုင်မည့် လမ်းစ ရှိနေ သေးပေသည်။
“သေလိုက်တော့၊ မင်းက နတ်ဆိုးဧကရာဇ် ဖြစ်နေရင် တောင်မှ မင်းမှာ မသေမျိုး ခန္ဓာကိုယ်မှ မရှိတာ”
ယခုအချိန်၌ ကျင်းရှောက်သည် အပြုံးကြီး ပြုံးနေလေ၏။ သူ ထိုသို့ရေရွတ်ပြီးနောက် ရုတ်တရက် သူ့အပြုံးက ချက်ချင်း အေးခဲသွားသည်။
“ဒါက …”
ကျင်းရှောက်သည် ကောင်းကင်ယံရှိ သွေးမြူခိုးအား စူးစိုက် ကြည့်နေမိသည်။ သူ့အပြုံးသည်လည်း သရဲ သဘက်ကို တွေ့လိုက်ရဟန်ဖြင့် ကျီးလန့်စာစား ဖြစ်နေ သကဲ့သို့ ဖြစ်သွားလေ၏။
သူသည်သာမက ကောင်းကင်တစ်ခုလုံး တိတ်ဆိတ် သွားသည်။ လူတိုင်းသည် ခေါင်းကိုမော့၍ ကောင်းကင် ထက်ရှိ သွေးမြူခိုးကို စူးစိုက်ကြည့်နေကြသည်။ ထိုသွေး မြူခိုးထဲမှ အလွန်တရာ ထိတ်လန့်ဖွယ်ကောင်းသည့် အရှိန်အဝါမျိုး ပျံ့နှံ့လာသည်ကို လူတိုင်း ရှင်းလင်းစွာ ခံစားမိသည်။
ထို့အတူ အားလုံး၏ထိတ်လန့်နေသော အကြည့်အောက်၌ ထိုသွေးမြူခိုးထဲမှ ခြေထောက်တစ်ဖက် ထွက်လာသည်။ ထို့နောက် နှင်းကဲ့သို့ ဖြူဖွေးနေသည့် ဆံပင်များနှင့် ယဲ့ဖန်တစ်ယောက် ထွက်ပေါ်လာလေသည်။
သွေးမြူခိုးထဲမှ သူ ထွက်လာသည်နှင့် ထိုသွေးမြူခိုးသည် ချီမျှင်စုအသွင်ပြောင်းလဲသွားပြီး သူ့ကိုယ်ထဲသို့ မြွေတစ် ကောင်သဖွယ် ဝင်ရောက်၍ ပျောက်ကွယ် သွားသည်။
*ယဲ့ … ယဲ့ဖန်*
လူတိုင်း မယုံသင်္ကာ ဖြစ်သွားကြသည်။ အဖြူရောင် နတ်ဘုရားကြောင့် ယဲ့ဖန် ပေါက်ကွဲ၍ သွေးမြူခိုးအဖြစ်သို့ ရောက်သွားခဲ့သည်ကို အားလုံး မျက်ဝါးထင်ထင် တွေ့မြင်ခဲ့ ရသည်။ သို့သော် ယခုအခါတွင် သူ ပြန်ရှင်လာနေသည်။
*ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ*
“မဖြစ်နိုင်ဘူး … ဒါ မသေမျိုး ခန္ဓာကိုယ်ပဲ”
ထိုစဉ် အဖြူရောင် နတ်ဘုရား၏ ထိတ်လန့်နေသောအသံ ထွက်ပေါ်လာသည်။ သူ့မျက်ခုံးက တဆတ်ဆတ် လှုပ် နေသည်။ သူ့မျက်နှာ၌ ထိတ်လန့်ဒေါသထွက်ဟန်များ ထင်ဟပ် လာသည်။
“ချီးတဲ့မှပဲ၊ မင်းက ပြန်လည်မွေးဖွားလာပြီးတော့ မသေမျိုး ခန္ဓာကိုယ်ကိုပါ ပိုင်ဆိုင်ထားတာပဲ”
အဖြူရောင် နတ်ဘုရား၏ ရင်ထဲ၌ မုန်တိုင်းထန်နေလေသည်။ ယခင်ဘဝက နတ်ဆိုးဧကရာဇ်သည်ပင် အလွန်တရာ ကြောက်မက်ဖွယ် ကောင်းလှနေပြီဖြစ်သည်။ ထို့အပြင် ယခု ပြန်လည်မွေးဖွားသည့်အခါ၌ မသေမျိုး ခန္ဓာကိုယ်ကိုပါ ပိုင်ဆိုင်နေသည်။ အကယ်၍ သူသာ ယခင်ဘဝက အဆင့်သို့ ပြန်လည်ရောက်ရှိသွားပါက မျိုးနွယ်သုံးခုလုံး၌ သွေးချောင်းစီး တော့မည်မှာ အသေအချာပင်။
ဤသည်ကို စဉ်းစားမိပြီးနောက် အဖြူရောင် နတ်ဘုရား၌ သတ်ဖြတ်လိုစိတ်များ ပို၍ ပြင်းထန်လာသည်။
“မင်းမှာ မသေမျိုး ခန္ဓာကိုယ်ရှိတယ်ဆိုရင်တောင်မှ မင်း သေရမယ်ကွ”
ထိုသို့သောအချိန်၌ အဖြူရောင် နတ်ဘုရားသည် လှစ်ခနဲ လှုပ်ရှား၍ ယဲ့ဖန်ထံသို့ ပြေးဝင်လေသည်။ လေဟာနယ် တစ်ခုလုံး အက်ကွဲလာလေသည်။ ကြီးမားသော အဖျက်စွမ်းအင် သည်လည်း ၎င်းနှင့်အတူ ပျံ့လွင့်လာ၏။
ယဲ့ဖန်အနားသို့ ရောက်သည်နှင့် အဖြူရောင် နတ်ဘုရားသည် ပို၍ပြင်းထန်ပြီး အဖျက်စွမ်းအင် ပိုများသည့် လက်သီးဖြင့် ယဲ့ဖန်အား ထပ်မံထိုးနှက်လိုက်သည်။ မရဏ ဟင်းလင်း ပြင်နှင့် အဖြူရောင် လက်သီးကို ပေါင်းစပ်၍ ထိုးနှက် ခြင်းပင်။
ဝုန်း!
ထိုလက်သီး၌ ကောင်းကင်ဘုံ၏ စွမ်းအင်များ ပါဝင်နေ သကဲ့သို့ လောကထဲရှိ အရာအားလုံးကို ဖျက်စီးနိုင်ပုံရသည်။ ကောင်းကင်ယံတစ်ခုလုံး ပြိုကျလာတော့မည်ဟု ထင်မှတ်မှား ရသည်။
“သခင်ကြီး မြန်မြန်ရှောင်လိုက်ပါ”
သိကျန်းနှင့် အနောက်ဘက် ကောင်းကင်ဘုံ နတ်ဘုရား နယ်မြေမှ သိုင်းပညာရှင်များအားလုံး ယဲ့ဖန်ကို အော်ဟစ် သတိပေးလိုက်သည်။
မသေမျိုး ခန္ဓာကိုယ်သည် အကြိမ်ပေါင်းများစွာ သေဆုံးပါက တဖြည်းဖြည်း အားနည်းလာပြီး နောက်ဆုံး၌ သေဆုံးနိုင်ချေ ရှိသည်ကို သူတို့အားလုံး သိထားကြသည်။ ထိုအချိန်တွင် အားလုံး အံ့အားသင့်သွားရသည့် အချက်မှာ ယဲ့ဖန်က မရှောင်ရုံသာမက ပြန်၍ ထိုးနှက်လိုက်ခြင်းပင်။
ဤမြင်ကွင်းကြောင့် အနောက်ဘက် ကောင်းကင်ဘုံ နတ်ဘုရားနယ်မြေမှ သိုင်းပညာရှင်များနှင့် ဖူရွှမ်၏ နတ်ဘုရားစစ်တပ်တစ်ခုလုံး ဆူညံပွက်လောရိုက်သွားသည်။
လူတိုင်းသည် ယဲ့ဖန်အား အရူးတစ်ယောက်ကို ကြည့်သကဲ့သို့ ကြည့်နေလေသည်။ ယခင်က ပေါက်ကွဲ သေဆုံးသွားပြီးမှ ပြန်ရှင်လာခြင်း ဖြစ်သည်။ သည်လူက ကိုယ့်သေတွင်း ကိုယ်တူးချင်နေတာများလား။
သိကျန်းနှင့် အခြားသူများ စိတ်ဓာတ်ကျသွားကြသည်။ တစ်ဖက် တွင်မူ ဖူရွှမ်နှင့် ကျင်းရှောက်တို့က အပျော်ကြီး ပျော်နေ၏။
“သေလိုက်၊ သေကိုသေလိုက်စမ်းကွာ”
ကျင်းရှောက် စိတ်လှုပ်ရှားလွန်း၍ တုန်ယင်နေသည်။ သူ ကြည့်နေစဉ်မှာပင် လက်သီးနှစ်လုံးက ထိပ်တိုက် တွေ့သွားသည်။ ထို့နောက်တွင်မူ ပြင်းထန်သည့် အဖျက် စွမ်းအင် ပျံ့နှံ့လာ၏။
ယဲ့ဖန်၏ လက်သီးသည် ထိုစွမ်းအင်ကို တောင့်မခံ နိုင်ပုံရသည်။ သူ့လက်သီးပေါ်၌ ပင့်ကူအိမ်ကဲ့သို့ အက်ရာများ ထင်လာသည်။ ထို့နောက် သူ၏ လက်သီးသည် ပေါက်ကွဲ၍ သွေးများ ပန်းထွက်လာသည်။
ဤသည်မှာ အစသာ ရှိပေသေးသည်။ ထို့နောက်တွင်မူ လက်မောင်း၊ ပခုံးနှင့် ခေါင်းအထိပါ ပေါက်ကွဲသွားသည်။ နတ်ဆိုးဧကရာဇ်၏ ခန္ဓာကိုယ် အစိတ်အပိုင်းများ လွင့်ထွက် လာလေသည်။ ကောင်းကင်၌ သွေးများနှင့် ထပ်မံ၍ ပြည့်နှက်သွားသည်။
လက်ရှိအချိန်တွင် ကောင်းကင်တစ်ခုလုံး တိတ်ဆိတ်နေ၏။ လူတိုင်း ရင်တဒိန်းဒိန်း ခုန်နေကြသည်။ အားလုံးသည် ထိုသွေးများကို စိုက်ကြည့်ပြီး အသက်ပင် မရှူရဲကြချေ။
အဖြူရောင် နတ်ဘုရားတောင်မှ ရန်သူ သေသွားသည်ကို မပျော်နိုင်ဘဲ ဂုဏ်ငယ်သလို ဖြစ်နေ၏။ သူ၏ မျက်လုံးများက သွေးမြူခိုးကိုသာ စိုက်ကြည့်နေပြီး တစ်စက္ကန့်မျှပင် စိတ်မအေး ရဲပေ။
အားလုံး ကြည့်နေစဉ်မှာပင် သွေးမြူခိုးထဲမှ ခြေထောက် တစ်ဖက် ထွက်လာသည်။ သို့သော် ယခင်ကနှင့် မတူပေ။ ယခုအခါ၌ ယဲ့ဖန်ထံမှ ရေခဲတမျှ အေးစက်သော အငွေ့အသက်များ ပျံ့နှံ့လာသည်။ သူ၏ဆံပင်အဖြူပေါ်၌ နှင်းစများ ကပ်ညိနေ၏။ သူ၏အရှိန်အဝါကလည်း ပို၍ ကြောက်မက်ဖွယ် ကောင်းလာ၏။
“ဒါ … ဒါက ဆန်းကြယ်ရေခဲ ခန္ဓာကိုယ်”
ယဲ့ဖန်၏ အရှိန်အဝါကို ခံစားမိပြီးနောက် အားလုံး နားဝေ တိမ်တောင် ဖြစ်သွားကြသည်။ ယဲ့ဖန်၏ အလွန်တရာ အေးစက်သော အရှိန်အဝါကို အားလုံး ရှင်းလင်းစွာ ခံစားမိသည်။ မီတာတစ်ရာမျှ ဝေးကွာနေလျင်တောင်မှ ထိုအအေးဓာတ်ကြောင့် အချိန်မရွေး ချမ်းအေး၍ အေးခဲ သွားနိုင်သည်။
“ဘယ်လိုလုပ်”
လက်ရှိတွင် အထိတ်လန့်ဆုံး ဖြစ်နေသူမှာ အဖြူရောင် နတ်ဘုရားပင်။ သူ မယုံသင်္ကာ ဖြစ်နေ၏။ ပြန်လည် မွေးဖွားလာသော နတ်ဆိုးဧကရာဇ်၌ မသေမျိုး ခန္ဓာကိုယ် သာမက ဆန်းကြယ်ရေခဲ ခန္ဓာကိုယ်ပါ ရှိနေသည်။
*ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ*
“မင်း အံ့ဩသွားလား”
ထိုအချိန်တွင် ယဲ့ဖန်က အဖြူရောင် နတ်ဘုရားကို လှမ်းကြည့်၍ သရော်ပြုံး ပြုံးလိုက်သည်။
“စိတ်အေးအေးထား၊ ဒီ့ထက်ပိုပြီး အံ့ဩစရာကောင်းတာ ကျန်သေးတယ်”
ထိုသို့ပြောပြီးနောက် ယဲ့ဖန်သည် လှစ်ခနဲလှုပ်ရှား၍ အဖြူရောင် နတ်ဘုရားအား လက်သီးဖြင့် ထိုးလိုက်သည်။
*တန်ပြန်တိုက်ခိုက်တယ်ပေါ့လေ*
ဤမြင်ကွင်းကြောင့် အဖြူရောင်နတ်ဘုရား ပို၍ ဒေါသထွက်ကာ ပြန်လည် တိုက်ခိုက်လိုက်သည်။ ထိုလက်သီးချက် အောက်၌ ယဲ့ဖန် ထပ်၍ ပေါက်ကွဲ သွားသည်။ သို့သော် သွေးပျက်စရာကောင်းသည့် အဖြစ်က ယခုမှ စတင်လေသည်။
ယဲ့ဖန်သည် ထပ်ခါထပ်ခါ ပေါက်ကွဲ၍ အကြိမ်ကြိမ် သေဆုံးကာ ပြန်၍တိုက်ခိုက်လေသည်။ သို့သော် အဖြူရောင် နတ်ဘုရား၊ သိကျန်း၊ ဖူရွှမ် စသည့် သိုင်းပညာရှင်များ အားလုံးသည် ပို၍ ထိတ်လန့်လာသည်။
“ထိပ်တန်း အဆိပ်ခန္ဓာကိုယ်”
“မိုးကြိုးလျှပ်စီး ခန္ဓာကိုယ်”
“အချိန်နိယာမ ခန္ဓာကိုယ်”
နောက်ဆုံးတစ်ခေါက် ပေါက်ကွဲပြီးနောက် ယဲ့ဖန် သွေးမြူခိုး ထဲမှ ပြန်ထွက်လာချိန်တွင် အားလုံး တုန်လှုပ်သွားကြသည်။
“ဒါ … ဒါက မွေးရာပါ စိတ်ဝိညာဉ် ခန္ဓာကိုယ်”
စာစဉ် (၄၂) ဤတွင် ပြီးပါပြီ။