အခန်း (၆၃၁-၆၃၃)
Vol. 43 Ch. 631-633
Chapter 631 ငါ မင်းကို ဖောက်ခွဲပစ်သင့်တယ် ထင်တယ်
သွေးမြူခိုးထဲမှ ယဲ့ဖန်၏ ခြေထောက်တစ်ဖက် ထွက် လာသည်။ ရုတ်တရက် သူ့ထံမှ များစွာသော အသက်ဓာတ် စွမ်းအင်များ ပျံ့နှံ့လာ၏။ ထိုစွမ်းအင်သည် အလွန်ပေါ ကြွယ်ဝ၍ မိုးကောင်းကင်နှင့် မြေကြီးတစ်ခုလုံးသို့ ထိုးဖောက် ပျံ့ဝင်သွားလေသည်။
များစွာသော သိုင်းပညာရှင်များသည် ထိုစွမ်းအင်အား တစ်ချက်မျှ ရှူရှိုက်မိသည်နှင့် ၎င်းတို့၏ ခွန်အားများက လျင်မြန်စွာ တိုးပွားလာသည်။ ထို့အပြင် စိတ်လည်း လန်းဆန်း လာသလို ခံစားမိသည်။
*ဒါက … မွေးရာပါ စိတ်ဝိညာဉ် ခန္ဓာကိုယ်ပဲ*
သိုင်းပညာရှင်များအားလုံး ယဲ့ဖန်အား ထိတ်လန့်တကြား ကြည့်နေမိကြသည်။ အချိန်တိုလေးအတွင်းမှာပင် ယဲ့ဖန်၌ ထိပ်တန်း ခန္ဓာကိုယ်လေးမျိုးနှင့် ဆန်းကြယ်နက်နဲသော မူလအရင်းအမြစ်နှစ်ခု ရှိနေသည်ကို သူတို့ မျက်ဝါးထင်ထင် တွေ့ခဲ့ရသည်။
ဤသည်မှာ မဖြစ်နိုင်သောအရာပင်။ အားလုံး ထိတ်လန့် နေသောအချိန်၌ ယဲ့ဖန်သည် လက်သီးကိုဝင့်၍ တိုက်ခိုက် လာသည်။ ထိုအချိန်တွင် ယဲ့ဖန်သည် လက်သီး တစ်ချက် တည်းဖြင့် ဂြိုဟ်များကို ဖျက်ဆီးပစ်နိုင်သည်ဟု ခံစားမိ နေ၏။
မွေးရာပါ စိတ်ဝိညာဉ် ခန္ဓာကိုယ်။ သူ ဒဏ်ရာ အပြင်းအထန် ရ၍ သေမလို ဖြစ်နေချိန်တွင် ဖန့်ယင်းက သူမ၏ မွေးရာပါ စိတ်ဝိညာဉ် ခန္ဓာကိုယ် အရင်းအမြစ်ကို သုံး၍ သူ့အသက်ကို ကယ်တင်ခဲ့သည်။ ထိုအဖြစ်ကြောင့် ဖန့်ယင်းသည့် တစ်ညလုံး လောကဓံတရားကို ခံစားခဲ့ရပြီး ဆံပင် ဖြူသွား ခဲ့ရသည်။
ထို့နောက်တွင် မွေးရာပါ စိတ်ဝိညာဉ် ခန္ဓာကိုယ် မူလ ရင်းမြစ်က ယဲ့ဖန်၏ခန္ဓာကိုယ်တွင်း၌ တည်ရှိနေခဲ့သည်။ သူ အကြိမ်ပေါင်းများစွာ ပေါင်းစပ်ရန် ကြိုးစားသော်လည်း အနည်းငယ်မျှသာ အကျိုးသက်ရောက်မှု ရှိခဲ့လေသည်။
ယခုအခါတွင်မူ သူသည် ထိပ်တန်း ခန္ဓာကိုယ် လေးမျိုးနှင့် ဆန်းကြယ်နက်နဲသော မူလအရင်းအမြစ် နှစ်မျိုး ပေါင်းစပ်ထားသည့် အစွမ်းအား အဖြူရောင် နတ်ဘုရားနှင့် စမ်းသပ်ကြည့်နိုင်ပေတော့မည်။
“မကောင်းဆိုးဝါး”
ထိုစဉ် ဖူရွှမ် အလန့်တကြား အော်ဟစ်လာသည်။ ယခုအချိန်၌ နတ်ဘုရား တစ်ပိုင်းအဆင့်သာ ရှိသေးသော ဖူရွှမ်သည် ထိတ်လန့်ကြောက်ရွံ့နေသည့် မျက်နှာထားဖြင့် ယဲ့ဖန်ကို ကြည့်နေမိသည်။
နတ်ဘုရားနယ်မြေထဲ၌ သွေးချောင်းစီး၍ အင်မော်တယ် နယ်မြေထဲတွင် အလောင်းများ တောင်လိုပုံ လာတော့မည်ဟု သူ မြင်ယောင်နေလေသည်။
ဖူရွှမ်သည် ကြောက်စိတ်ကြောင့် ကတုန်ကယင် ဖြစ်နေပြီး အဖြူရောင် နတ်ဘုရားအား အော်ဟစ်၍ သတိပေး လိုက်သည်။
“ဆရာ၊ သူ့ကို သတ်ပစ်မှကို ဖြစ်ပါတယ်၊ မဟုတ်ရင် ကျွန်တော်တို့ နတ်ဘုရားမျိုးနွယ် ပျက်သုဉ်းသွားလိမ့်မယ်”
“အင်မော်တယ်တွေနဲ့ မကောင်းဆိုးဝါးတွေရဲ့ နယ်မြေ တွေမှာလည်း နတ်ဆိုးတွေ အစားထိုး ဝင်ရောက် လာနိုင်ပါတယ်”
ထိုစကားကြောင့် အဖြူရောင် နတ်ဘုရား၏ မျက်နှာက ပို၍ မည်းမှောင်လာသည်။ ထိတ်လန့်ဖွယ် ခန္ဓာကိုယ် ခြောက်မျိုးကို ပိုင်ဆိုင်ထားသည့် ယဲ့ဖန်သာ ပို၍ကြီး ပြင်းလာပါက အင်မော်တယ်နှင့် နတ်ဘုရားနယ်မြေတို့တွင် အကြီးအကျယ် ဒုက္ခရောက်နိုင်သည်။
အဖြူရောင် လက်သီးနှင့် မရဏ ဟင်းလင်းပြင်တို့ကို ပေါင်းစပ်အသုံးပြုသည့် သိုင်းကွက်သည် သူ၏ အကောင်း ဆုံး သိုင်းကွက်သာ ဖြစ်သည်။ သို့သော် ထိုသိုင်း ကွက် နှင့်ပင် ယဲ့ဖန်ကို မသတ်နိုင်ခဲ့ချေ။
“လူအိုကြီး လာလေ”
“ချကြမယ်”
အဖြူရောင် နတ်ဘုရား သုန်မှုန်နေစဉ်တွင် ယဲ့ဖန်က သရော်ပြုံးပြုံးပြီး ရုတ်တရက် ရှေ့သို့ ပြေးတက်လာသည်။
ဝုန်း!
လက်သီးတစ်လုံးက အဖြူရောင်နတ်ဘုရားထံသို့ ကျရောက် လာသည်။ ဤသည်ကြောင့် အဖြူရောင် နတ်ဘုရား၏ မျက်နှာထားက ပို၍မည်းမှောင်လာ၏။
“ကောင်းပြီလေ၊ သိပ်တော်နေတဲ့ နတ်ဆိုးဧကရာဇ်ပေါ့လေ၊ မင်းက သေချင်နေမှတော့ ငါက မင်းဆန္ဒကို ဖြည့်ဆည်း ပေးရမှာပေါ့”
အဖြူရောင် နတ်ဘုရား၏ အကြည့်၌ လူသတ်လိုသော အကြည့်များ ပို၍ပြင်းထန်စွာ ပါဝင်လာသည်။ သူ ယတိပြတ် ဆုံးဖြတ်ချက် ချလိုက်သည်။ သူ ယဲ့ဖန်ကို တစ်ကြိမ်တည်းနှင့် အနိုင်မယူနိုင်ပါက ဆယ်ကြိမ် တိုက်ခိုက်မည်။ ဆယ်ကြိမ်နှင့် အနိုင်မရသေးပါက အကြိမ် ငါးဆယ် သို့မဟုတ် တစ်ရာမက တိုက်ခိုက်မည်။
ယနေ့ မည်သို့ပင် ဖြစ်စေကာမူ ဤမကောင်းဆိုးဝါးလိုလူအား သူ သတ်ရပေမည်။ ဤသို့ တွေးတောပြီးနောက် အဖြူရောင် နတ်ဘုရားက လက်သီးဆုပ်၍ ယဲ့ဖန်၏လက်သီးချက်အား ပြန်လည်ထိုးနှက်လိုက်သည်။
လက်သီးချင်း ထပ်မံ၍ ထိပ်တိုက်တွေ့ဆုံသွားလေသည်။ သူတို့နှစ်ဦး၏ ပတ်လည်မှနေ၍ ထိတ်လန့်ဖွယ် လှိုင်းလုံးများ ပျံ့နှံ့လာသည်။ သို့သော် နောက်ထပ် ဖြစ်ပေါ်လာသည့် မြင်ကွင်းက အားလုံးကို မှင်တက်သွားစေသည်။
ယခုအကြိမ်၌ ယဲ့ဖန်၏ ခန္ဓာကိုယ်က ပေါက်ကွဲမသွားဘဲ မီတာ တစ်ထောင်ခန့်မျှသာ နောက်ဆုတ်လိုက်ရသည်။ အဖြူရောင် နတ်ဘုရား အနည်းငယ် အံ့အားသင့်သွားသည်။ သူ တစ်စုံတစ်ရာကို တွေးတောမိပြီးနောက် ချက်ချင်း မျက်နှာပျက်သွားသည်။
“ခွေးမသား၊ လတ်စသက်တော့ မင်းက ငါ့လက်သီးချက်ကို အသုံးချပြီးတော့ မင်းရဲ့ ခန္ဓာကိုယ်ခြောက်ခုက မူလ အရင်းအမြစ် တွေကို သိပ်သည်းအောင် လုပ်နေတာပဲ”
ထိုသို့ပြောပြီးနောက် အဖြူရောင် နတ်ဘုရား ဇောချွေး ပြန်လာသည်။ ထို့အတူ သူ့စကားများက ဘေးပတ်ဝန်းကျင်ရှိ လူများအားလုံးကို အံ့ဩသွားစေသည်။
*ခန္ဓာကိုယ်ခြောက်ခုက မူလအရင်းအမြစ်တွေကို သိပ်သည်း အောင် လုပ်နေတာတဲ့လား*
*ဒါ … တော်တော်ကြောက်ဖို့ကောင်းတာပဲ*
လူတိုင်းသည် ယဲ့ဖန်ကို လှမ်းကြည့်မိလိုက်ကြပြီးနောက် သူတို့စိတ်ထဲ၌ ခန္ဓာကိုယ်ခြောက်မျိုး၏ မူလစွမ်းအင် များကိုသာ အောင်မြင်အောင် ပေါင်းစပ်လိုက်နိုင်ပါက သူ၏ ခွန်အားက ထပ်မံ၍ မိုးထိမတတ် မြင့်တက်လာ လိမ့်မည်ဟု ခံစားမိနေသည်။ ဤမြင်ကွင်းကိုကြည့်ပြီး အားလုံး ချမ်းစိမ့်စိမ့် ဖြစ်လာကြသည်။
“ခွေးအိုကြီး မင်း ဒါကို သိနေရင်တောင်မှ ဘာလုပ်နိုင် မှာမို့လို့လဲ”
ယဲ့ဖန်က အေးတိအေးစက် ပြုံးနေသည်။
“ငါ တိုက်စေချင်ရင် မင်း တိုက်ကိုတိုက်ရမယ်”
ထိုသို့ပြောပြီးနောက် ယဲ့ဖန်သည် လှစ်ခနဲ ပျောက်ကွယ် သွားပြီး အဖြူရောင် နတ်ဘုရားရှေ့၌ ပြန်ပေါ်လာကာ ထပ်မံ၍ ထိုးနှက်လိုက်သည်။
ဝုန်း!
ဆက်လက် ဖြစ်ပေါ်လာသည့် အဖြစ်အပျက်ကြောင့် အားလုံး ခြောက်ခြားလာကြသည်။ ယဲ့ဖန်သည် အဖြူရောင် နတ်ဘုရားအား အရူးတစ်ယောက်သဖွယ် ဆက်လက် တိုက်ခိုက်နေ၏။ သူသည် တစ်ချက်ပြီးတစ်ချက် ဆက်တိုက် ထိုးနှက်နေသည်။
အဖြူရောင် နတ်ဘုရားသည်လည်း ဟန်ကိုယ့်၍ ပြန်လည် ထိုးနှက်တိုက်ခိုက်နေသည်။ သူတို့၏ တိုက်ခိုက်မှုကြောင့် ကောင်းကင်ယံ၌ ပေါက်ကွဲသံများ ထွက်ပေါ်လာသည်။ ဘေးပတ်လည်မှ လေဟာနယ် အက်ကွဲ၍ ဂြိုဟ်များ တစစီ ဖြစ်သွားကြသည်။ ကမ္ဘာပျက်ကပ် ဆိုက်နေသကဲ့သို့ ကြောက်မက်ဖွယ် ကောင်းလှသည်။
အားလုံး ပိုမိုထိတ်လန့်သွားရသည့် အချက်မှာ ယဲ့ဖန်သည် အစပိုင်း၌ မီတာ တစ်ထောင်မျှ လွင့်ထွက်သွား သော်လည်း ထို့နောက်တွင်မူ မီတာ ငါးရာ၊ မီတာတစ်ရာ၊ ဆယ်မီတာ။
နောက်ထပ်တစ်ကြိမ် တိုက်ခိုက်လိုက်ချိန်တွင် ယဲ့ဖန်၏ ခန္ဓာကိုယ်က အနည်းငယ် တုန်ခါသွားသော်လည်း နောက်သို့ မဆုတ်လိုက်ရပေ။ ထိုအခါ ဂြိုဟ်ပေါ်ရှိ သိုင်းပညာရှင်များ အားလုံး ထိတ်လန့်သွားကြသည်။
“ဟမ် … ပေါင်းစပ်လိုက်နိုင်ပြီလား”
သိုင်းပညာရှင်တိုင်း၏ နဖူး၌ ချွေးများ စို့နစ်လာသည်။ သူတို့ ရင်တုန်ကာ တစ်ကိုယ်လုံး ကတုန်ကယင် ဖြစ်နေကြ လေသည်။
ယဲ့ဖန်ထံမှ ကြောက်မက်ဖွယ် အရှိန်အဝါများ ပျံ့နှံ့နေသည်ကို လူတိုင်း ခံစားမိကြသည်။ ထိုအရှိန်အဝါက အဖြူရောင် နတ်ဘုရား ထက်ပင် ပို၍သန်မာနေသည်။
အထိတ်လန့်ဆုံးသူမှာ အဖြူရောင် နတ်ဘုရားပင်။ သူ တစ်ခဏမျှ ကြက်သီးမွေးညင်း ထသွားလေသည်။ အကြိမ်ကြိမ် အသေခံတိုက်ခိုက်၍ မူလစွမ်းအင် ခြောက်မျိုးကို ပေါင်းစပ်နေသည့် ဤမျှ ရူးသွပ်သော လူမျိုးကို သူ တစ်ခါမှ မမြင်ဖူးပေ။ ရူးနေသောသူမှာပင် လုပ်နိုင်ပေမည်။
“မူလစွမ်းအင် ခြောက်မျိုး၊ မင်း … မင်း ဒီလောက်များတဲ့ မူလစွမ်းအင်တွေကို ပေါင်းစပ်လိုက်တာတောင်မှ မင်း ပေါက်ကွဲမသွားပါလား”
အဖြူရောင် နတ်ဘုရား ခေါင်းမွေးထောင်လာသည်။ ယ ခုအချိန်၌ သူသည် နောင်တရကာ စိုးရိမ်တကြီး နောက်လှည့် ပြေးချင်စိတ် ပေါက်နေသည်။ ဤသို့သော မကောင်းဆိုးဝါး မျိုးနှင့် ရင်ဆိုင်ရမည့်အစား သူ ငကြောက် အဖြစ်ခံ၍ ထွက်ပြေး လိုက်ပေတော့မည်။
“မင်း ငါ့ကို အရင်က ထိုးနှက်ခဲ့လို့လေ”
ယဲ့ဖန် အသာပြုံးနေသည်။ အဖြူရောင် နတ်ဘုရား၏ အမြင်တွင် ထိုအပြုံးသည် နတ်ဆိုးအပြုံးနှင့် ဆင်တူ နေသည်ဟု ခံစားမိသဖြင့် တုန်ယင်လာလေသည်။ ယဲ့ဖန် ဆက်ပြောလိုက်သည့်စကားကြောင့် အဖြူရောင် နတ်ဘုရား ကြောက်လန့်သွားသည်။
“ဒီလိုဆို ငါ မင်းကို ပေါက်ကွဲအောင် လုပ်သင့်တယ် ထင်တယ်”
*ဘာ*
ယဲ့ဖန်၏စကားကြောင့် အဖြူရောင် နတ်ဘုရား ခြောက်ခြားသွားသည်။ ထို့နောက် လှစ်ခနဲ လှုပ်ရှား၍ ထွက်ပြေးရန် ကြံစည်လေတော့သည်။ သို့သော် သူ မြန်မြန်ပြေးသည်ထက် ယဲ့ဖန်က ပို၍ မြန်နေသည်။
ထို့နောက်တွင်မူ မူလစွမ်းအင် ခြောက်မျိုးဖြင့် ပေါင်းစပ် ထားသည့် လက်သီးချက်က အဖြူရောင် နတ်ဘုရားပေါ် ပြင်းထန်စွာ ကျရောက်လာလေတော့သည်။
Chapter 632 မင်းရော သဘောတူလား
“မကောင်းတော့ဘူး”
မူလစွမ်းအင် ခြောက်မျိုးတို့ ပေါင်းစပ်ပါဝင်နေသည့် လက်သီး၏ အစွမ်းကို ခံစားမိပြီးနောက် အဖြူရောင် နတ်ဘုရားသည် ကြက်သီးမွေးညင်းထကာ ခေါင်းမွေးထောင် လာတော့သည်။ အဖြူရောင် နတ်ဘုရား၏ စိတ်ထဲတွင် ကြောက်စိတ်များဖြင့် ပြည့်နှက်နေသော်လည်း မရှောင်နိုင် တော့သဖြင့် မတတ်သာဘဲ အဖြူရောင် လက်သီးချက်ဖြင့် ပြန်လည် ခုခံလိုက်ရသည်။
ထိတ်လန့်ဖွယ် လက်သီးချက်နှစ်ချက် ထိပ်တိုက် တွေ့ဆုံ သွားချိန်တွင် မီးပွားများ လွင့်စဉ်လာပြီး အလယ်ဗဟိုမှနေ၍ ပြင်းထန်သည့် လှိုင်းလုံးတစ်ခု ထွက်ပေါ်လာကာ အရပ် မျက်နှာ အနှံ့သို့ ပျံ့နှံ့သွားသည်။
ဘေးပတ်လည်မှ သိုင်းပညာရှင်များသည် သစ်ရွက် ခြောက်များ ကြွေကျသကဲ့သို့ လွင့်ထွက်သွားကြပြီးနောက် မြေကြီးပေါ် လဲကျကာ သွေးအန်သွားကြလေသည်။
သိကျန်းနှင့် ဖူရွှမ်တို့တောင်မှ အသည်းအသန် ဟန်ချက်ထိန်း နေသော်လည်း ခြေလှမ်းတစ်ရာခန့် နောက်ဆုတ် သွားရသည်။
လက်သီးနှစ်လုံး ထိပ်တိုက်တွေ့ရမှ ထွက်ပေါ်လာသည့် ဖိအားက ဤမျှကြောက်မက်ဖွယ် ကောင်းလိမ့်မည်ဟု မည်သူမျှ ထင်မထားမိကြပေ။ သို့သော် ထိုမျှနှင့် မရပ် သေးချေ။
ဝုန်း!
ထိုဖိအားအောက်၌ ပုံရိပ်တစ်ခုက မီတာပေါင်းများစွာသို့ လွင့်ထွက် သွားသည်။ တစ်ကိုယ်လုံး ချုံးချုံးကျ၍ မောပန်းနေပုံရသည်။ ထိုသူသည် အခြားသူ မဟုတ်ဘဲ … အဖြူရောင် နတ်ဘုရား ဖြစ်နေ၏။
တောက်! တောက်!
အဖြူရောင် နတ်ဘုရား၏ လက်သီးမှသွေးများ စီးကျ နေသည်။ သူ၏ ဖျက်ဆီးမရနိုင်သော အရေပြား၌ ဒဏ်ရာများ ထင်ဟပ်နေကာ သွေးများ စိမ့်ထွက်နေ၏။
ဂလု!
ဤမြင်ကွင်းကိုကြည့်ပြီး လူတိုင်း တံတွေးမမျိုချဘဲ မနေနိုင်လောက်အောင် ဖြစ်သွားလေသည်။ ယဲ့ဖန်၏ တိုးတက်မှုက ဤမျှမြန်ဆန်၍ အင်အားကြီးလိမ့်မည်ဟု သူတို့ ထင်မထားမိပေ။
အချိန်တိုတွင်းမှာပင် ဖိနှိပ်ခံနေရသော အနေအထားမှနေ၍ အသာစီးရသော အနေအထားသို့ ရောက်လာခဲ့သည်။ တွန်းလှန်ခံနေရသည့် အခြေအနေမှနေ၍ ရန်သူကို ပြန်လည်တွန်းလှန်နိုင်သည့် အခြေအနေသို့ ရောက်လာခဲ့ လေသည်။
အားလုံး၏ မျက်နှာတွင် အလွန်တရာ ထိတ်လန့် တုန်လှုပ် နေဟန်များ ထင်ဟပ်နေသည်။ ထိုစဉ် ယဲ့ဖန်က စတင်၍ လှုပ်ရှားနေသည်။ အဖြူရောင် နတ်ဘုရား မရှူနိုင်မကယ်နိုင် ဖြစ်နေသည်ကိုကြည့်ပြီး ယဲ့ဖန်က အေးစက်စက် ပြုံး၍ ရုတ်တရက် ပျောက်ကွယ်သွားသည်။
သူ ပြန်ပေါ်လာသည့်အခါတွင်မူ အဖြူရောင် နတ်ဘုရား အနီးသို့ ရောက်လာသည်။ ထို့နောက် မူလစွမ်းအင် ခြောက်မျိုးဖြင့် ပေါင်းစပ်ထားသည့် လက်သီးဖြင့် နောက် တစ်ခါ ထိုးနှက်လိုက်သ်ည။
“ချီးတဲ့မှပဲ”
အဖြူရောင် နတ်ဘုရား ကြောက်လန့်နေသည်။ သူ ထပ်၍ မတိုက်ခိုက်ချင်ပါ၊ သို့သော် မူလစွမ်းအင် ခြောက်မျိုးဖြင့် ပေါင်းစပ်ထားသည့် လက်သီးချက်ကြောင့် မတိုက်ခိုက်ဘဲ မနေဝံ့ပေ။ ယခုအချိန်၌ သူသည် အံကိုသာကြိတ်၍ ခန္ဓာကိုယ်ထဲမှ နတ်ဘုရားစွမ်းအင်အားလုံးကို လည်ပတ်၍ လက်သီးထံသို့ ပို့လွှတ်လိုက်သည်။
ဤတစ်ခေါက် ထိုးနှက်မှုက ယခင်ထက် ပို၍ ထိတ်လန့်ဖွယ်ကောင်းလေသည်။ အဖြူရောင် နတ်ဘုရားက ခွန်အား အကုန်သုံး၍ တိုက်ခိုက်နေသော်ငြားလည်း ယဲ့ဖန်၏ လက်သီးထံမှ ထိတ်လန့် ကြောက်ရွံ့ဖွယ်ကောင်းသော အဖျက်စွမ်းအင်တစ်ခု ထွက်ပေါ်နေသည်ကို ချက်ချင်း ခံစားမိသည်။
ထို့နောက် သူ၏လက်သီးမှ အရိုးများ အက်ကွဲသွားပြီး လူတစ်ကိုယ်လုံး မီတာတစ်ရာခန့် လွင့်ထွက်သွားသည်။ မြေကြီးပေါ် ပြန်ပြုတ်ကျလာသည်နှင့် အဖြူရောင် နတ်ဘုရား သွေးတစ်လုပ် အန်မိလေသည်။
*ရှုံးသွားပြီလား*
တစ်လောကလုံး တိတ်ဆိတ်ငြိမ်သက်သွားသည်။ အဖြူ ရောင် နတ်ဘုရား ဘဝင်မြင့်နေရာမှ ရှုံးသွားရန် မိနစ်ပိုင်း မျှသာ ကြလိမ့်မည်ဟု မည်သူမျှ မမျှော်လင့်ထားမိကြပေ။
ယဲ့ဖန်၏ တိုးတက်ပြောင်းလဲမှုက လူတိုင်း၏ ထင်မြင်ချက် ထက် သာလွန်နေ၏။ သို့သော် ထိတ်လန့်ဖွယ်ရာက မပြီးဆုံးသေးပေ။ ယဲ့ဖန်သည် တစ်ချက်ကလေးမျှ ငြိမ်မနေဘဲ အဖြူရောင် နတ်ဘုရားအား လက်သီးဖြင့် ဆက်တိုက် ထိုးနှက်လာသည်။
ယခုအချိန်၌ လူတိုင်းသည် တစ်ဘဝလုံး မေ့ပျောက်နိုင်မည် မဟုတ်သည့် မြင်ကွင်းတစ်ခုကို မြင်တွေ့လိုက်ရသည်။ လက်သီးချင်း ဆက်တိုက်ဆိုသလို ထိုးနှက်မိနေကြသလို ယဲ့ဖန်ကလည်း အဖြူရောင် နတ်ဘုရားအား အကြိမ်ကြိမ် ဖိနှိပ်ထားနိုင်နေသည်။
မီတာ တစ်ရာ၊ တစ်ထောင်၊ တစ်သောင်း။ အဖြူရောင် နတ်ဘုရားသည် ယဲ့ဖန်လက်ချက်ကြောင့် စုတ်ပြတ် သတ်နေသော ဘောလုံးသဖွယ် အခေါက်ခေါက် အခါခါ လွင့်စဉ်နေသည်။
ယဲ့ဖန်၏ လက်သီးချက်က အဖြူရောင် နတ်ဘုရား၏ လက်သီး ချက်ထက် ပို၍ သာလွန်နေပြီး အဖြူရောင် နတ်ဘုရား၏ လက်မှအရိုးများက အက်ကွဲကာ ကျိုးကြေ လာသည်။ အရေပြားသည်လည်း ဆုတ်ပြဲ၍နေ၏။
ယဲ့ဖန် နောက်တစ်ကြိမ် ထပ်မံ၍ ထိုးလိုက်ချိန်တွင် သူ လဲကျသွားလေသည်။ ထို့နောက် ရဲရဲနီသော သွေးစက်များနှင့် အော်ဟစ်လိုက်သံက ဂြိုဟ်တစ်ခုလုံးအနှံ့သို့ ပဲ့တင်ထပ် သွားသည်။
အဖြူရောင် နတ်ဘုရား၏ လက်မောင်းတစ်ခုလုံး ပြတ်ထွက် သွားပြီး သွေးများ ပန်းထွက်နေလေသည်။
“မလုပ်နဲ့”
လက်မောင်းတစ်ဖက်လုံး ပြတ်ထွက်သွားသဖြင့် အဖြူရောင် နတ်ဘုရား၏ ကြောက်စိတ်က ပို၍ ပြင်းထန်လာသည်။ သူ အနိုင်မရနိုင်တော့မှန်း သိလိုက်သလို ဤနေရာ၌ ဆက်နေ နေပါက သူ အသတ်ခံရနိုင်သည်ကိုလည်း သူ သိနေသည်။
ထိုစဉ် အဖြူရောင် နတ်ဘုရားက ကျန်ရှိနေသော လက်တစ်ဖက်တည်းဖြင့် လေဟာနယ်ကို ဆုပ်ကိုင်၍ ဆုတ်ဖြဲလိုက်သည်။ ထိုအခါ လေဟာနယ်တွင်းမှ အနက် ရောင် အက်ကွဲရာတစ်ခု ထွက်ပေါ်လာသည်။
အဖြူရောင် နတ်ဘုရားသည် တွေဝေမနေဘဲ ဖျတ်ခနဲ လှုပ်ရှား၍ ထိုလေဟာနယ် အက်ကွဲရာထဲသို့ ပြေးဝင်၍ ထွက်ပြေးရန် ပြင်လိုက်သည်။
ဤမြင်ကွင်းကြောင့် ဘေးပတ်ဝန်းကျင်၌ ဆူညံ ပွက်လော ရိုက်သွားသည်။ ယခင်က ထွက်ပေါ်လာသော အဖြူရောင် နတ်ဘုရားသည် ခံ့ညား၍ ထိတ်လန့်ဖွယ် ကောင်းလှသည်။ အစစ်အမှန် နတ်ဘုရားတစ်ပါး ထွက်ပေါ်လာလေလားဟု ထင်မှတ်မှားရသည်။
သို့သော် ယခုအခါတွင်မူ သူသည် လမ်းဘေးခွေး တစ်ကောင်ကဲ့သို့ သွေးအလိမ်းလိမ်းနှင့် ဒဏ်ရာရကာ မောပန်းနေ၏။ သိသာထင်ရှားစွာ ပြောင်းလဲသွားပုံကြောင့် လူတိုင်း အိပ်မက်မက်နေသကဲ့သို့ ခံစားမိသွားသည်။
“မင်းက ပြေးချင်တာလား”
အားလုံး ထိတ်လန့်နေစဉ်တွင် ယဲ့ဖန်က ပြုံး၍ အေးတိ အေးစက် အသံဖြင့် ပြောလိုက်သည်။ ထို့နောက် သူက အဖြူရောင် နတ်ဘုရား၏ ခြေချင်းဝတ်ကို လှမ်းဆွဲ၍ လွှင့်ပစ် လိုက်သည်။
ထိုအခါ အဖြူရောင် နတ်ဘုရားသည် ကြက်ကလေး ငှက်ကလေးတစ်ကောင်ကဲ့သို့ လွင့်ထွက်သွားလေသည်။ သို့သော် မြေကြီးပေါ် ပြန်ပြုတ်မကျခင်မှာပင် ယဲ့ဖန်က ချက်ချင်း နောက်က လိုက်လာ၍ မူလစွမ်းအင် ခြောက်မျိုး တို့နှင့် ပေါင်းစပ်ထားသည့် လက်သီးဖြင့် အဖြူရောင် နတ်ဘုရားအား ထိုးနှက်လိုက်သည်။
“မလုပ်နဲ့”
အဖြူရောင် နတ်ဘုရား ထိတ်လန့်ဒေါသထွက်စွာ အော်ဟစ် လိုက်သည်။ သူ ကြောက်နေသည်။ သူ ကြံရာမရ ဖြစ်နေ၏။ ယခုအချိန်တွင် သူသည် နတ်ဆိုးဧကရာဇ်နှင့် ဘယ်သော အခါမှ နောက်တစ်ကြိမ် ပြန်မဆုံချင်စိတ် ဝင်နေသည်။ သူ ဤနေရာသို့ လုံးဝ မလာခဲ့သင့်ဟု နောင်တရနေ၏။
သို့သော် သူ နောင်တရသော်လည်း အချိန်နှောင်းသွားလေပြီ။ သူ၏ ကြံရာမရ ဖြစ်နေသော အကြည့်အောက်၌ လက်သီးချက်က သူ့ပေါ် ကျရောက်လာသည်။
ပြင်းထန်သော အဖျက်စွမ်းအင်ကြောင့် အဖြူရောင် နတ်ဘုရား၏ အရေပြားများ စုတ်ပြဲပေါက်ကွဲ၍ သွေးများ ပန်းထွက်ကာ အရိုးကျိုးကြေသွားသည်။
“အား…”
အဖြူရောင် နတ်ဘုရား၏ ငယ်သံပါအောင် အော်ဟစ် လိုက်သံ ထွက်ပေါ်လာသည်။ ထိုအော်သံက ရပ်မသွားပေ။ လက်သီးတစ်ချက်တည်းဖြင့် အဖြူရောင် နတ်ဘုရား ပေါက်ကွဲသွားလေသည်။
အဖြူရောင် နတ်ဘုရားသည် အရိုးပင် မကျန်ရစ်ဘဲ သေဆုံးသွားလေသည်။ လေထုထဲ၌ သွေးမြူခိုးများသာ မျောလွင့်နေ၏။ ထိုသွေးမြူခိုးထဲတွင် နတ်ဘုရား အမြုတေ တစ်ခု ရှိနေပြီး ထိုအမြုတေက ယဲ့ဖန်၏လက်ထဲသို့ ရောက်ရှိလာသည်။
သို့သော် ယဲ့ဖန်က သည်မျှနှင့် မရပ်သေးပေ။ သူသည် လက်ကိုဆန့်၍ သွေးမြူခိုးအား အားဖြင့်ဆုတ်ဖြဲလိုက်သည်။
“အား …”
သွေးမြူခိုးထဲမှ နတ်ဘုရား စိတ်ဝိညာဉ်၏ စုတ်ဖြဲခံရ၍ အော်ဟစ်လိုက်သည့်အသံ ထွက်ပေါ်လာသည်။ ထိုနတ်ဘုရား စိတ်ဝိညာဉ်သည် ငယ်သံပါအောင် အော်ဟစ်၍နေလေသည်။ ထိုစိတ်ဝိညာဉ်သည် အဖြူရောင် နတ်ဘုရား၏ စိတ်ဝိညာဉ်ပင် ဖြစ်လေသည်။ သို့သော် ယခုအချိန်၌ ထိုစိတ်ဝိညာဉ်သည် ကြောက်စိတ်များဖြင့် ဖုံးလွှမ်းနေ၏။ ကြောက်လွန်းနေသဖြင့် တုန်ယင်နေလေသည်။
“နတ်ဆိုးဧကရာဇ်၊ ငါ နတ်ဆိုးဧကရာဇ်နောက်ကို လိုက်ပြီး တစ်ဘဝလုံး အမှုထမ်းပါ့မယ်၊ ပြီးတော့ ငါ နတ်ဘုရား မျိုးနွယ်ကို စွန့်ပစ်ပါ့မယ်ကွာ”
“နတ်ဆိုးဧကရာဇ် ဒီတစ်ခါတော့ အသက်ချမ်းသာပေးပါ”
အဖြူရောင် နတ်ဘုရား ကြောက်လန့်နေသည်။ အကယ်၍ သူ၏စိတ်ဝိညာဉ်သာ သုတ်သင်ခံရပါက သူ ပြန်လည် ဝင်စားနိုင်မည် မဟုတ်ပါ။ သူ့စကားကြောင့် ယဲ့ဖန် ထရယ် လေသည်။
“ဘာလို့လဲ၊ မင်းလို အဖြူရောင် နတ်ဘုရားရဲ့ ကိုယ်ပွားက နတ်ဘုရားမျိုးနွယ်ကို စွန့်ပစ်ပြီး နတ်ဆိုးအဖြစ် ခံယူ မယ်တဲ့လား၊ မင်းရဲ့မူလကိုယ်က ကတိပေးနိုင်လို့လား”
Chapter 633 ရှင်းလင်းသုတ်သင်ခြင်း
*အဖြူရောင် နတ်ဘုရားရဲ့ ကိုယ်ပွားတဲ့လား*
ယဲ့ဖန်၏စကားကို ကြားပြီးနောက် အဖြူရောင် နတ်ဘုရား၏ စိတ်ဝိညာဉ်သည် မှင်တက်အံ့ဩသွား၏။ ဘေးပတ်လည်မှ သိုင်းပညာရှင်များအားလုံးသည်လည်း အံ့အားသင့်သွားကြသည်။ အဖြူရောင် နတ်ဘုရား၏ တပည့်ဖြစ်သူ ဖူရွှမ်တောင်မှ အနည်းငယ် မှင်တက် သွားလေသည်။ ယဲ့ဖန် ပြောချင်သော အဓိပ္ပာယ်ကို သူ နားမလည်ပေ။
အဖြူရောင် နတ်ဘုရား၏ ကြောက်မက်ဖွယ်ကောင်းပုံကို စကြဝဠာတွင်းရှိ လူများအားလုံး သိရှိကြသည်။ ဤသို့သော ပုဂ္ဂိုလ်မျိုးက ဘယ်လိုလုပ် ကိုယ်ပွားမျှသာ ဖြစ်နိုင်မည်နည်း။ ဤသည်မှာ မယုံနိုင်စရာ ကောင်းလွန်းလှသည်။
“မင်း … မင်း ဘာတွေ ပြောနေတာလဲ …”
ယခုအချိန်၌ အဖြူရောင် နတ်ဘုရား၏ စိတ်ဝိညာဉ်သည် အလန့်တကြား ဖြစ်နေဟန်ဖြင့် ယဲ့ဖန်ကို တအံ့တဩ မေးလာသည်။
“နတ်ဆိုးဧကရာဇ် ဘာကို ပြောချင်နေတာလဲဆိုတာကို ငါ နားမလည်ဘူး”
*ဘာပြောချင်မှန်းမသိဘူးလား*
ယဲ့ဖန်သည် ရယ်မောလိုက်ပြီး အဖြူရောင် နတ်ဘုရား၏ စိတ်ဝိညာဉ်အား အရူးတစ်ယောက်ကို ကြည့်သကဲ့သို့ ကြည့်လိုက်သည်။
“ငါ ဘာပြောချင်လဲဆိုတာကို မင်း တကယ် မသိဘူးလား”
“မင်းမျက်လုံးတစ်လုံးကို ငါ ဖောက်ထုတ် လိုက်တဲ့ အချိန်တုန်းက ငါ့ရဲ့ ဝါးမျိုတတ်တဲ့ နတ်ဆိုး ချီမျှင်စုတွေက မင်းအရိုး တွေထဲထိ စိမ့်ဝင်သွားပြီးသားပဲ”
“မင်းရဲ့မူလခန္ဓာကိုယ်က တဖြည်းဖြည်း ပုပ်သိုးဆွေးမြည့် လာပြီးတော့ အရိုးတွေကလည်း ပြာဖြစ်သွားမှာ”
“မင်း ဘယ်လိုလုပ် ပြန်လည်မွေးဖွားလာနိုင်မှာလဲ”
အဖြူရောင် နတ်ဘုရား၏ စိတ်ဝိညာဉ်ကို စိုက်ကြည့်၍ ပြောနေသော ယဲ့ဖန်၏ အကြည့်နှင့် အပြုံးတို့က အခြားသူ များအား ချမ်းစိမ့်သွားစေသည်။
“ငါ ထင်တာမှန်မယ်ဆိုရင် မင်းရဲ့မူလကိုယ်က မိစ္ဆာ မျှော်စင်ထဲမှာ ပုန်းကွယ်နေမှာပဲ။ မျှော်စင်ထဲက မိစ္ဆာ အငွေ့အသက်ကို သုံးပြီး ငါ့ရဲ့ နတ်ဆိုးချီမျှင်စုကို ဖိနှိပ်ထား လောက်တယ်”
“ပြီးတော့ အဖြူရောင် နတ်ဘုရား၊ မင်းအတွက် ဒီလိုကိုယ်ပွား ခန္ဓာကိုယ်ကို ပြုလုပ်ဖို့ တော်တော်လေး စွမ်းအင် သုံးလိုက်ရမှာပဲ”
ယဲ့ဖန်၏ စကားများက ဗုံးတစ်လုံးကဲ့သို့ ပေါက်ကွဲသွားပြီး လူတိုင်းကို မှင်တက်သွားစေသည်။
အကယ်၍ လက်ရှိ အဖြူရောင် နတ်ဘုရားက အတုပြု လုပ်ထားသည့် ကိုယ်ပွားခန္ဓာကိုယ်သာ ဖြစ်မည်ဆိုပါက မူလ အဖြူရောင် နတ်ဘုရားက မည်သည့်အတိုင်းအတာအထိ ကြောက်မက်ဖွယ် ကောင်းနိုင်မလဲဆိုသည်ကို အားလုံး မတွေးနိုင်ကြတော့ချေ။
ထိုစဉ် သိကျန်း၏ မျက်ဝန်း၌ တစ်စုံတစ်ရာကို နားလည် သဘောပေါက်သွားသည့် အရိပ်အယောင် ဖြတ်သန်း သွားသည်။
“ဟုတ်သားပဲ၊ အဲ့အချိန်တုန်းက အဖြူရောင် နတ်ဘုရားရဲ့ ခွန်အားက နတ်ဘုရား အထွတ်အထိပ်အဆင့်ကို ရောက်နေ ခဲ့ပြီးပြီ”
“အခု ဒီအဖြူရောင် နတ်ဘုရားက မရဏ ဟင်းလင်းပြင်နဲ့ အဖြူရောင် လက်သီးကို ပေါင်းစပ်ပြီး တိုက်ခိုက်ခဲ့ တာတောင်မှ နတ်ဘုရား အလယ်အလတ်အဆင့်ပဲ ရှိနေ သေးတယ်”
သူသည်သာမက ဖူရွှမ်တောင်မှ အကြီးအကျယ် တုန်လှုပ် သွားရသည်။ သူသည် အလွန် ထိတ်လန့်၍ ဒေါသထွက် နေဟန် ပေါ်နေ၏။ အဖြူရောင် နတ်ဘုရား၏ တပည့် ဖြစ်သည့် သူတောင်မှ အမှန်ကို မမြင်နိုင်ခဲ့ပေ။
“နတ်ဆိုး … နတ်ဆိုးဧကရာဇ်၊ မင်း မှန်ပါတယ်၊ ငါက အဖြူရောင် နတ်ဘုရားရဲ့ ကိုယ်ပွားပါ”
ထိုအချိန်တွင် အဖြူရောင် နတ်ဘုရား၏ စိတ်ဝိညာဉ်က ယဲ့ဖန်ကို တောင်းပန်လေသည်။
“ဒါပေမဲ့ ငါ့ရဲ့ နတ်ဘုရား စိတ်ဝိညာဉ်ကို စွန့်ပစ်ပြီး နတ်ဆိုးမျိုးနွယ်ထဲ ဝင်နိုင်ပါတယ်။ နတ်ဆိုးဧကရာဇ် ငါ့ကို ခွင့်လွှတ်ပေးပါ”
အဖြူရောင် နတ်ဘုရား၏ စိတ်ဝိညာဉ်သည် တုန်လှုပ်၍ နေသည်။ သူ မသေချင်သေးပေ။ သူ့၌ သူမတူသော ခွန်အားနှင့် ထိတ်လန့်ဖွယ်ကောင်းသည့် ကျင့်စဉ်များလည်း ရှိသည်။ သူသည် များစွာသော နတ်ဘုရားများကို ကျော်ဖြတ်၍ အစစ်အမှန် နတ်ဘုရားတစ်ပါး ဖြစ်လာ နိုင်သည်။ သို့သော် နတ်ဘုရား စိတ်ဝိညာဉ်သာ ဖျက်ဆီးခံလိုက်ရပါက သူ ဘယ်သောအခါမှ ပြန်လည် မွေးဖွားနိုင်မည် မဟုတ်တော့ပေ။
ယခုအချိန်၌ အဖြူရောင် နတ်ဘုရား၏ စိတ်ဝိညာဉ်သည် ယဲ့ဖန်ရှေ့၌ ဒူးထောက်ဝပ်တွား၍ အနူးအညွတ် တောင်းပန် ခယနေ၏။
ဤမြင်ကွင်းကြောင့် ဘေးပတ်လည်မှ လူများအားလုံး အိပ်မက်မက်နေသည်ဟု ထင်မိသွားသည်။ သွေးနထင်ကြီး၍ အနိုင်မခံ အရှုံးမပေးတတ်သည့် အဖြူရောင် နတ်ဘုရားသည် ယဲ့ဖန်၏ ခြေဖဝါးအောက်၌ ဒူးထောက်ဝပ်တွားနေသည်မှာ မယုံနိုင်စရာ ကောင်းလွန်းလှသည်။
ဤသို့ ပြင်းထန်လှသည့် ပြောင်းလဲမှုကြောင့် လူတိုင်းသည် စိတ်ထဲလေးလံ၍ ဝေခွဲရခက်သလို ဖြစ်လာလေသည်။ အားလုံးက ယဲ့ဖန်ကိုသာ ဝိုင်းကြည့်နေမိကြသည်။ ယဲ့ဖန်၏ ဖြစ်တည်မှုကြောင့် လောကတစ်ခွင်၌ မိုးသက်မုန်တိုင်း ကျရောက်၍ သွေးမိုးရွာသွန်းလာတော့မည်ကို သူတို့ မြင်ယောင်နေကြသည်။ မျိုးနွယ်သုံးခု၌ သွေးများက မြစ်ချောင်းသဖွယ် စီးဆင်းလာပေတော့မည်။
“မင်းကို ခွင့်လွှတ်ပေးရမယ် ဟုတ်လား”
ယဲ့ဖန်က လှောင်ပြုံးပြုံးလာပြီး သူ့မျက်လုံး၌ အေးစက်စက် အလင်းတန်းများ ဖြတ်ပြေးသွားသည်။
“ငါ့ရဲ့ သေဆုံးသွားရတဲ့ နတ်ဆိုးတွေအတွက် မင်းရဲ့သွေးနဲ့ ယဇ်ပူဇော်မယ်လို့ ငါ ပြောခဲ့ပြီးသားပဲ”
ထိုစကားက အဖြူရောင် နတ်ဘုရား၏ စိတ်ဝိညာဉ်အတွက် သေဒဏ်ပေးလိုက်သလိုပင်။
“မလုပ်နဲ့”
သူသည် လိပ်ပြာလွင့်မတတ် ထိတ်လန့်သွားပြီး မြေကြီးပေါ်မှ ကုန်းထ၍ ထွက်ပြေးလေသည်။ ထိုစဉ် ယဲ့ဖန်၏ လက်ဝါး ထက်၌ အနက်ရောင် မီးတောက်တစ်ခု ထွက်ပေါ်လာပြီး နတ်ဘုရား စိတ်ဝိညာဉ်အား ဝါးမျို သွားသည်။
“အား….”
မီးတောက်ကြားထဲမှ ငယ်သံပါအောင် အော်ဟစ် နေသည့် အသံ ထွက်ပေါ်လာ၏။ ငရဲမီးသည် နတ်ဘုရား စိတ် ဝိညာဉ်အား အဆက်မပြတ် ဝါးမျိုလျက် ရှိသည်။
သွေးပျက်မတတ် အော်ဟစ်နေသံက ကောင်းကင်တစ်ခွင်၌ ပဲ့တင်ထပ်နေပြီး လူတိုင်းအား ဇောချွေးပြန်၍ ကြက်သီး မွေးညင်း ထသွားစေသည်။
ထိုအသံကို နားထောင်ပြီး နတ်ဘုရား စိတ်ဝိညာဉ် ခံစားနေ ရသည့် အဆုံးအစမရှိသော နာကျင်မှုကို လူတိုင်း ခန့်မှန်းမိသည်။
“ထွက်ပြေးရမယ်”
ဤမြင်ကွင်းကိုကြည့်ပြီး ဖူရွှမ်၏နဖူးမှ ပဲစေ့အရွယ် ချွေးစေးများ တဒီးဒီး စီးကျလာသည်။ ယဲ့ဖန်ကို စိုက်ကြည့် နေစဉ်အတွင်းမှာပင် သူသည် လက်ကိုလှုပ်၍ လေဟာနယ်ကို ဆုတ်ဖြဲ၍ အက်ကွဲကြောင်းတစ်ခု ဖြစ်ပေါ်လာအောင် ပြုလိုက်သည်။ ထို့နောက် သူသည် တစ်ဖက်လှည့်၍ ထိုအက်ကွဲကြောင်းအတွင်းသို့ဝင်၍ ထွက်ပြေးရန် ပြင်လေသည်။
သူ တစ်ယောက်တည်းသာလျင် ထွက်ပြေးရန် ပြင်နေခြင်း မဟုတ်ပေ။ ဖူရွှမ် နတ်ဘုရားစစ်တပ်သည်လည်း သူတို့၏ အရှင်သခင် သေဆုံးသွားသည်ကိုမြင်သည်နှင့် ချက်ချင်း တောပြိုသကဲ့သို့ ကစဉ့်ကလျား ထွက်ပြေးလေသည်။ ထိုစဉ် သူတို့နောက်ကျောဘက်မှနေ၍ ခက်ထန်သည့် အသံတစ်သံ ထွက်ပေါ်လာ၏။
“ဒီကိုရောက်လာပြီးမှတော့ နေခဲ့တော့လေ”
ထိုစကားအဆုံး၌ နတ်ဆိုး ချီမျှင်စုများက ကောင်းကင် တစ်ခွင်သို့ ပျံ့နှံ့သွားသည်။ နတ်ဘုရား စစ်သည်တော် များသည် တစ်ယောက်ပြီး တစ်ယောက် နတ်ဆိုးချီမျှင်စု၏ ဝါးမျိုခြင်းကို ခံလိုက်ရသည်။
“မလုပ်ပါနဲ့”
နတ်ဆိုးချီမျှင်စုများသည် မြွေတစ်ကောင်ကဲ့သို့ ထိုနတ်ဘုရား စစ်သည်တော်များ၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားပြီး သူတို့၏ အသွေးအသားတို့ကို ဝါးမျိုလေတော့သည်။
ငယ်သံပါအောင် အော်ဟစ်နေသံများက အတော မသတ်တော့ပေ။ ထိုနတ်ဆိုးချီမျှင်စုများ၏ ဝါးမျို ခြင်းကြောင့် ထွက်ပြေးနေကြသော နတ်ဘုရား စစ်သည် တော်များ၏ ခန္ဓာကိုယ်၌ အက်ကွဲရာများ ထင်ဟပ်လာသည်။ ထို့နောက် မျက်စိတစ်မှိတ်အတွင်းမှာပင် နတ်ဘုရား စစ်သည် တော်များသည် ပြာအဖြစ်သို့ ပြောင်းလဲသွားပြီး ပျောက်ကွယ် သွားလေတော့သည်။
ယခုအချိန်၌ များစွာသော နတ်ဘုရား စစ်သည်တော်များ တစ်စထက်တစ်စ ပျောက်ကွယ်သွားသည်ကို လူတိုင်း တွေ့လိုက်ရသည်။ လူဆယ်ယောက်မှ အယောက်တစ်ရာ၊ တစ်ထောင်၊ တစ်သောင်းကျော် ပျောက်ကွယ် သွားသည်။
နတ်ဘုရား စစ်သည်တော်များ အဆုံးသတ်သွားရသည်။ ထိုစဉ် ထွက်ပြေးရန် ပြင်နေသည့် ဖူရွှမ်သည် ချမ်းစိမ့်စိမ့် ဖြစ်သလို ခံစားလိုက်ရသည်။ သူ့အား ထိတ်လန့်စရာ ကောင်းသော တစ်စုံတစ်ရာက စိုက်ကြည့်နေသည်ဟု ခံစားမိ နေ၏။ ရှေ့သို့ခြေတစ်လှမ်းတိုးလိုက်သည်နှင့် သူ အသတ်ခံရ တော့မည်ဟု ခံစားနေရသည်။
တောက်! တောက်!
ဖူရွှမ်၏နဖူးမှ ချွေးများ စီးကျလာပြီး တစ်ကိုယ်လုံး တောင့်တင်းလာလေသည်။ သူ တစ်ဖက်လှည့် ကြည့်လိုက် သောအခါ ယဲ့ဖန်က ဘယ်အချိန်ကတည်းက သူ့နောက် ရောက်နေမှန်း မသိလိုက်ဘဲ သူ့အား အေးတိအေးစက် ကြည့်နေသည်ကို တွေ့လိုက်ရလေသည်။ ထိုအကြည့်သည် အလွန် ဖိအားပြင်းထန်လွန်းသည်။
“နတ် … နတ်ဆိုးဧကရာဇ်၊ ငါ …”
ဖူရွှမ် ခြောက်ကပ်ကပ် ပြုံးလိုက်မိသည်။ သို့သော် သူ့စကားမဆုံးခင်မှာပင် လက်တစ်ဖက်က သူ့နဖူးကြားထဲသို့ ထိုးဖောက်လာသည်။ ဖူရွှမ်တစ်ကိုယ်လုံး ကြက်သေသေ၍ တောင့်တင်းသွားသည်။ သူ့မျက်ခုံးကြားမှနေ၍ သွေးစက်များ စီးကျလာ၏။
သွေးများစွန်းနေသည့် လက်တစ်ဖက်ကို ပြန်ဆွဲထုတ် လိုက်သောအခါ လက်ထဲ၌ နတ်ဘုရား အမြုတေတစ်ခု ပါလာလေသည်။ ထို့နောက် ဖူရွှမ်၏ ခန္ဓာကိုယ်က မြေကြီးပေါ်သို့ လဲကျသွားသည်။
ဝုန်း!
နောက်ထပ် ငရဲမီးတောက်တစ်ခု ထွက်ပေါ်လာပြီး ဖူရွှမ်၏ နတ်ဘုရား စိတ်ဝိညာဉ်နှင့် ခန္ဓာကိုယ်တို့ကို လောင်မြှိုက် ဝါးမျိုသွားကာ ဖူရွှမ်၏ နတ်ဘုရား စိတ်ဝိညာဉ်ထံမှ သည်းခြေပျက်မတတ် အော်ဟစ်နေသံ ထွက်ပေါ် လာလေသည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် အဖြူရောင် နတ်ဘုရား၏ ကိုယ်ပွား၊ ဖူရွှမ် နတ်ဘုရားနှင့် ထောင်သောင်းချီသော နတ်ဘုရား စစ်သည်တော်များသည် အားလုံး ပြာဖြစ်၍ ပျောက်ကွယ်သွားလေတော့သည်။