အခန်း (၆၃၄-၆၃၆)
Vol. 43 Ch. 634-636
Chapter 634 မိစ္ဆာမျှော်စင်
လက်ရှိအချိန်၌ ကောင်းကင်တစ်ခွင်လုံးတွင် တိတ်ဆိတ် ငြိမ်သက်လျက် ရှိသည်။ အနောက်ဘက် ကောင်းကင်ဘုံ နတ်ဘုရားနယ်မြေ၏ ဧကရာဇ် သိကျန်း၊ နတ်ဘုရင်အဆင့် သခင်လေးနှင့် အနောက်ဘက် ကောင်းကင်ဘုံ နယ်မြေမှ သိုင်းပညာရှင်များအားလုံး အံ့အားသင့်နေကြသည်။
ထိုနည်းတူပင်၊ ကျင်းရှောက်၊ လောဝမ်၊ လောချင်းနှင့် အခြားသူ များလည်း မှင်တက်အံ့ဩလျက် ရှိသည်။ သူတို့ အားလုံးသည် ကောင်းကင်ယံကို မော့ကြည့်၍ အိပ်မက် မက်နေသည်ဟု တွေးထင်မိနေကြသည်။
ယခင်က သူတို့ကို ဝိုင်းထားခဲ့သည့် များစွာသော နတ်ဘုရား စစ်သည်တော်များသည် ယခုအခါ၌ မည်သူမျှ မရှိတော့ကာ ဗလာနတ္ထိ ဖြစ်နေ၏။
ထိုသူတို့၏ ပြာများသာ လေထဲမျောလွင့်မနေပါက ယခင်က တည်းက မည်သည့် နတ်ဘုရားစစ်သည်မှ မရှိဟု အားလုံး ထင်မိလောက်သည်။
“သေကုန်ပြီ၊ အဖြူရောင် နတ်ဘုရား၊ ဖူရွှမ်နတ်ဘုရားနဲ့ ထောင်သောင်းချီတဲ့ နတ်ဘုရားတွေ မရှိတော့ပါလား၊ အားလုံး ပြာဖြစ်ကုန်ပြီ”
“ဒါက …”
လောဝမ်နှင့် အခြားသူများ မျက်ခုံးလှုပ်နေကြသည်။ လက်ရှိ အချိန်၌ သူတို့သည် အဖြူရောင်ဆံပင်နှင့် ယဲ့ဖန်အား နတ်ဘုရားတစ်ပါးကို ကြည့်သကဲ့သို့ လေးစား ကြည်ညို စိတ်များဖြင့် ကြည့်နေကြသည်။ ထိုစဉ် လောချင်းက သူမ လက်တစ်ဖက်ကို ဖြည်းဖြည်းချင်း မြှောက်လိုက်သည်။ ရုတ်တရက် ပြာမှုန့်များက သူမလက်ပေါ် ကျလာ၏။
သူမထက် အဆပေါင်းများစွာ ပို၍သန်မာသော ထိုနတ်ဘုရား များက ယဲ့ဖန်ထံ၌ ချက်ချင်းဆိုသလို အသတ် ခံလိုက်ရ ခြင်းအား သူမ မယုံကြည်နိုင် ဖြစ်နေ၏။
ထို့နောက် သူမသည် အလွန်ဝေခွဲမရဖြစ်နေသော အကြည့် မျိုးဖြင့် ယဲ့ဖန်ကို လှမ်းကြည့်လိုက်မိသည်။ ထိုအခါတွင်မှ တစ်ဖက်လူနှင့် သူမတို့က မတူညီသော ကမ္ဘာ၌ ရှိနေကြသည်ကို သတိပြုမိသွားသည်။
တစ်ဖက်လူသည် အလွန်ကြီးမားသော နဂါး တစ်ကော င်ဖြစ်ပြီး သူမကတော့ သေးငယ်သည့် ပုရွက်ဆိတ် တစ်ကောင်သာ ဖြစ်လေသည်။ သူမကဲ့သို့သော ပုရွက်ဆိတ် လိုလူမျိုးနှင့် ဆုံချိန်တွင် တစ်ဖက်လူက သူမအား လျစ်လျူရှု ထားနိုင်သလို သတ်လိုပါက သတ်ပစ်လိုက်နိုင်၏။
ထိုသို့သောအချိန်တွင် သိကျန်း ဦးဆောင်သော နတ်ဘုရင် အဆင့် သခင်လေးနှင့် အခြားသော အနောက်ဘက် ကောင်း ကင်ဘုံ နတ်ဘုရားနယ်မြေမှ သိုင်းပညာရှင်များ အားလုံး သည် ယဲ့ဖန်ရှေ့၌ ဒူးတစ်ဖက်ထောက်လာသည်။ သိကျန်း၏ မျက်နှာတွင် အလွန်စိတ်အားတက်ကြွ၍ ပျော်ရွှင် နေဟန်များ ထင်ဟပ်နေသည်။
“ကျေးဇူးတင်ပါတယ် သခင်ကြီး”
အခုချိန်ကစပြီး ကျွန်တော်က အနောက်ဘက် ကောင်းကင်ဘုံ နယ်မြေက နတ်ဆိုးတစ်ကောင်ပါပဲ၊ ကျွန်တော်က သခင်ကြီးရဲ့ ကျေးကျွန်ပါ”
“သခင်ကြီး ပေးသမျှအမိန့်တိုင်းကို အနောက်ဘက် ကောင်းကင်ဘုံ နယ်မြေက သိုင်းပညာရှင်တိုင်း သေသည် အထိ နာခံသွားပါ့မယ်”
ထိုအသံသည် ဂြိုဟ်အနှံ့သို့ ပဲ့တင်ထပ်၍ ပျံ့နှံ့သွားသည်။ ထိုစကားကို ကြားပြီးနောက် နတ်ဘုရင်အဆင့် သခင်လေးနှင့် အနောက်ဘက် ကောင်းကင်ဘုံ နယ်မြေမှ သိုင်းပညာရှင် များအားလုံးက ထပ်တူ ဟစ်ကြွေးလာသည်။
“သခင်ကြီး ပေးသမျှအမိန့်တိုင်းကို အနောက်ဘက် ကောင်းကင်ဘုံ နယ်မြေက သိုင်းပညာရှင်တိုင်း သေသည် အထိ နာခံသွားပါ့မယ်”
ထောင်သောင်းချီသောလူများ ဒူးထောက်နေသည့် မြင်ကွင်း သည် အလွန် ထိတ်လန့်စရာကောင်းလှသည်။ ထို့အပြင် သိကျန်းနှင့် အနောက်ဘက် ကောင်းကင်ဘုံ နယ်မြေက သိုင်းပညာရှင်တိုင်း၏ မျက်နှာတွင် လေးစားကြည်ညို စိတ်များ ထင်ဟပ်လျက် ရှိသည်။
ယဲ့ဖန်သာ စကားစလိုက်ပါက သူတို့သည် တွေဝေခြင်း အလျင်းမရှိဘဲ စကြဝဠာတစ်ခွင်၌ သွေးချောင်းစီးအောင် ပြုလုပ်မည့်ပုံပင်။ ဤသည်ကို ကြည့်ပြီးနောက် ယဲ့ဖန်သည် သိကျန်းနှင့် အခြားသူများကို ခေါင်းညိတ်ပြ လိုက်သည်။
“ထတော့၊ အနောက်ဘက် ကောင်းကင်ဘုံကို နတ်ဆိုး မျိုးနွယ်ကနေ ကြိုဆိုပါတယ်”
“ကျေးဇူးတင်ပါတယ် သခင်ကြီး”
ထိုသို့ပြောပြီးနောက သိကျန်း မတ်တပ်ထရပ်လိုက်သည်။ သို့သော် လူအုပ်ကြီး၏ ရှေ့ဆုံး၌ မတ်တပ်မရပ်ဘဲ ဒူးထောက်မြဲထောက်နေသည့် လူတစ်ယောက် ရှိလေသည်။ ထိုသူကား နတ်ဘုရင်အဆင့် သခင်လေးပင်။
လက်ရှိအချိန်၌ နတ်ဘုရင်အဆင့် သခင်လေးသည် ယဲ့ဖန်အား လေးစား၍ အပြစ်ရှိသလို ခံစားနေရသည့် အကြည့်များဖြင့် ကြည့်နေလေသည်။ ထို့နောက် သူက ခေါင်းငုံ့၍ ယဲ့ဖန်အား တောင်းပန်စကား ပြောလိုက်သည်။
“သခင်ကြီး၊ သိဟုန် မသိနားမလည်ဖြစ်ခဲ့ပါတယ်၊ ကျွန်တော်ရဲ့ မိန်းမနဲ့ ယောက်ဖ ပြောတာကို နားယောင်ပြီး သခင်ကြီးကို ရန်ပြုလုနီးပါး ဖြစ်ခဲ့ပါတယ်”
“ကျေးဇူးပြုပြီး သခင်ကြီး အပြစ်ပေးပါ၊ ကျွန်တော် သေရမယ်ဆိုရင်တောင်မှ ဒီသိဟုန် ဘာမှပြောစရာ မရှိပါဘူး”
ထိုသို့ပြောပြီး နတ်ဘုရင်အဆင့် သခင်လေး သိဟုန်က ယဲ့ဖန်အား ဦးညွှတ်လေသည်။ ဤသည်ကိုကြည့်ပြီး ကျင်းရှောက်၏ မျက်နှာထားက စက္ကူစကဲ့သို့ ဖြူရော်နေ၏။
ထိုအကြောင်းကို ယဲ့ဖန် မပြောခင် သူ့ယောက်ဖက အရင်စပြောလိမ့်မည်ဟု သူ ထင်မထားမိခဲ့ပေ။ ယခုအချိန်၌ ကျင်းရှောက်သည် ကြောက်လန့်၍ သွေးပျက်ကာ မျက်နှာ ဖြူသထက်ဖြူရော်လာသည်။
သူ့စကားကိုကြားပြီးနောက် ယဲ့ဖန်က မျက်လုံးကိုမှေး၍ နှုတ်ခမ်းကိုတွန့်ကာ အသာပြုံးလိုက်သည်။ ထို့နောက် သိဟုန်ကို ကြည့်၍ ခပ်အေးအေး ပြောလိုက်သည်။
“မင်း မှားခဲ့တယ်၊ ဒါပေမဲ့ နားလည်ပေးလို့ရတယ်”
“ဒီကိစ္စကို ဖြေရှင်းဖို့က မင်းသဘောပဲ”
*ဘယ်လို*
နတ်ဘုရင်အဆင့် သခင်လေး သိဟုန် မသိမသာ အံ့အားသင့်သွားသည်။ ယဲ့ဖန်က သူ့ကို အလွယ်တကူ လွှတ်ပေးလိုက်လိမ့်မည်ဟု သူ ထင်မထားမိချေ။ ထို့နောက် သိဟုန် ချက်ချင်း သဘောပေါက်သွားသည်။
ယဲ့ဖန်သည် သူ့အား ရန်သူများကို သတ်ဖြတ်သကဲ့သို့ သတ်လိုက်နိုင်သော်လည်း တမင် အသက်ချမ်းသာ ပေးလိုက်ပြီး သူ့စကားကို လွန်ဆန်ပါက ထိုနည်းတူ ဖြစ်သွားလိမ့်မည်ဟု သတိပေးလိုက်ခြင်းပင်။ ထို့နောက် သိဟုန် အလွန် ဝမ်းသာသွားသည်။
“ကျေးဇူးတင်ပါတယ် သခင်ကြီး”
ထို့နောက် သခင်လေး သိဟုန်သည် ယဲ့ဖန်အား သုံးကြိမ်တိတိ ဦးညွှတ်အရိုအသေပေးလေသည်။ ထို့နောက် မတ်တပ်ထ ရပ်၍ တင်းမာသော မျက်နှာထားဖြင့် ကျင်းရှောက်ကို စိုက်ကြည့်လေသည်။
ထိုမျက်လုံးများမှ လူသတ်လိုသော အရိပ်အငွေ့ကို ခံစားမိပြီး ကျင်းရှောက် လိပ်ပြာလွင့်မတတ် ကြောက်လန့်ကာ ဘာအင်အားမှ မရှိတော့သကဲ့သို့ မြေကြီးပေါ် ဘုန်းဘုန်း လဲကျသွားသည်။ သူ တုန်တုန်ယင်ယင်ဖြင့် သိဟုန်ကို ပြောလိုက်သည်။
“အစ်မ … ယောက်ဖ၊ ငါ … ငါ မှားမှန်း သိပါပြီ၊ ငါ အနိုင်မကျင့်သင့်ဘူးဆိုတာလည်း သိပါပြီ၊ ပြီးတော့ ငါ လောဘမကြီးလွန်းသင့်မှန်းလည်း သဘောပေါက်ပါပြီ”
“ယောက်ဖ၊ ငါ့အစ်မမျက်နှာကို ထောက်ပြီးတော့ ငါ့အသက် ကို ချမ်းသာပေးပါကွာ”
“ငါ … ငါ တကယ် မှားသွားပါတယ်”
ကျင်းရှောက် ဘာလုပ်၍လုပ်ရမှန်းမသိ ဖြစ်နေသည်။ သူ့အသံ၌ အလွန်တရာ ကြောက်လန့်၍ နောင်တ ရနေဟန်များ စွန်းထင်းနေ၏။ ယခုအချိန်၌ သူ့လုပ်ရပ် အတွက်သာ သူ နောင်တရမိနေသည်။ ဤသို့ဖြစ်မည်မှန်းသာ သူ သိခဲ့ပါလျင် သူသည် လူတစ်ယောက်၏ အဆင့်အတန်း ကိုအသုံးချ၍ အနိုင်မကျင့်ဘဲ ရည်မွန်၍ ယဉ်ကျေးစွာ ပြုမူခဲ့မည် ဖြစ်သည်။ ထိုသို့ပြုမူခဲ့ပါက သူသည် နတ်ဆိုး ဧကရာဇ်၏ အမြင်ကြည်ခြင်းကို ရနိုင်ပေမည်။ သို့သော် ယခုအခါတွင်မူ … သူ တွေးတောရင်း ကိုယ့်ပါးကိုယ်သာ ရိုက်ချင်မိသွားသည်။
ထိုစဉ် သခင်လေး သိဟုန်က ရှေ့သို့လှမ်းမြဲလှမ်းလာပြီး ပြတ်သားသော အကြည့်များဖြင့် ပြောလိုက်သည်။
“ကျင်းရှောက် မင်းက အရင်တုန်းက မောက်မာပြီး ဘဝင်မြင့် ခဲ့တယ်”
“ဒါပေမဲ့ မင်းက မလုပ်သင့်တာကို လုပ်ခဲ့တယ်၊ ငါ့နာမည်ကို အသုံးချပြီး ငါ့သခင်ကြီးကို ထိခိုက်ပျက်စီးအောင် လုပ်ဖို့ ကြိုးစားခဲ့တယ်”
“နောင်တရနေတာလား၊ အခုမှတော့ နောက်ကျသွားပြီ”
ထိုသို့ပြောပြီးနောက် သခင်လေး သိဟုန်က လက်တစ်ဖက် လှုပ်လိုက်သည်။
ရွှစ်!
အေးတိအေးစက် အလင်းတန်းတစ်ခု ဖြတ်ပြေး သွားပြီးနောက် ကျင်းရှောက်၏ ခန္ဓာကိုယ်က အကြီးအကျယ် တုန်လှုပ်သွားသည်။ ကြောက်လန့်၍ နောင်တရနေသော သူ့မျက်နှာက ချက်ချင်း အေးခဲသွားလေသည်။ ထို့နောက် သူ့လည်ပင်း၌ သွေးစင်းကြောင်းတစ်ခု ထွက်ပေါ်လာပြီး ဦးခေါင်းတစ်ခုလုံး မြေကြီးပေါ် ပြုတ်ကျသွားသည်။
ကျင်းရှောက် နေရာမှာတင် ပွဲချင်းပြီး သေဆုံးသွားလေပြီ။ ဤသည်ကိုကြည့်ပြီး သခင်လေး သိဟုန်က ရှုပ်ထွေးနေသည့် အကြည့်များဖြင့် ရေရွတ်လိုက်သည်။
“နောက်ဘဝမှာ ပြန်မွေးလာရင် လူကောင်းတစ်ယောက်ဖြစ်ဖို့ သတိရပါ”
ထို့နောက် သခင်လေး သိဟုန်က အနောက်ဘက် ကောင်းကင်ဘုံနယ်မြေမှ သိုင်းပညာရှင်များ ရှိရာဘက်သို့ လှည့်ပြန်သွားသည်။ ဤအဖြစ်အပျက် အစအဆုံး၌ ယဲ့ဖန်သည် မသိကျိုးကျွန် ပြုနေပြီး ကျင်းရှောက်၏ အလောင်းအား လုံးဝမမြင်သလို သဘောထားလေသည်။ သူ့မျက်လုံးထဲတွင် လှမ်းကြည့်ရန်ပင် မထိုက်တန်သည့် တွားသွားသတ္တဝါဟု မှတ်ယူထားပုံရသည်။
“လောဝမ်၊ လောချင်း”
“မျောက်ပိန်လေး၊ ရှောင်ချီရှို့”
ယဲ့ဖန်၏ စကားသံအဆုံး၌ မျောက်ပိန်လေးနှင့် ရှောင်ချီရှို့တို့ ရှေ့ထွက်လာသည်။ လောဝမ်နှင့် လောချင်းတို့ မောင်နှမ သည်လည်း တုန်ယင်နေ၏။ ယခုအချိန်၌ သူတို့သည် စိတ်လှုပ်ရှားနေသော မျက်နှာထားများဖြင့် ရှေ့သို့ တက်လာ ကြသည်။
အထူးသဖြင့် လောချင်းပင်။ သူမမျက်နှာပေါ်၌ အလွန် ဝေခွဲမရဟန်များ ပေါ်လွင်နေသည်။ ယခင်က သူမသည် ယဲ့ဖန်ကို အထင်သေးခဲ့ပြီး ယခုအခါ၌ သူမ ယဲ့ဖန်ကို မော်ပင်မကြည့်ရဲတော့ချေ။ သူမက သူ့ကို မော့ကြည့်ရန် အရည်အချင်း မရှိပေ။
ယခုအချိန်၌ သူမသည် ရှေ့သို့တိုးလာပြီးနောက် ယဲ့ဖန်အား ဦးညွှတ်လိုက်သည်။
“လောချင်း အမြင်တိမ်သွားခဲ့ပါတယ်၊ ကျွန်မ အရင်က အရှင် နတ်ဆိုးဧကရာဇ်ကို ရန်စခဲ့မိပါတယ်၊ အဲ့အတွက် နတ်ဆိုးဧကရာဇ် ကျွန်မကို ခွင့်လွှတ်ပေးမယ်လို့ ကျွန်မ မျှော်လင့်ပါတယ်”
သူမစကားကြောင့် ယဲ့ဖန်က အသာပြုံး၍ ခေါင်းညိတ် လိုက်သည်။ သူ လောချင်းကို အလွန် မကျေမနပ် ဖြစ်မိ သော်လည်း သေရေးရှင်ရေး အခြေအနေ၌ သူမက တစ်ကိုယ် တည်း ထွက်မပြေးခဲ့ပေ။ ဤအချက်ကပင် သူမအပေါ် ယဲ့ဖန် စိတ်ထား အနည်းငယ် ပြောင်းလဲသွားခဲ့သည်။
ထို့နောက် ယဲ့ဖန်က သိကျန်းဘက် လှည့်ကြည့်၍ ပြောလိုက် သည်။
“ရှောင်ချီရှို့ရဲ့ အရည်အချင်းနဲ့ဆို မင်းရဲ့ ကောင်းကင်ဘုံ ဂိုဏ်းက သူနဲ့ အကိုက်ညီဆုံးပဲ”
“မျောက်ပိန်လေးက စိတ်မာပြီး ဇွဲနပဲကြီးတယ်၊ ပြီးတော့ ဒီလောက် ခံစားခဲ့ရပြီးတဲ့နောက်ပိုင်း သူက လူသစ်စိတ်သစ် ပြန်ဖြစ်သွားပြီ၊ မင်း သူ့ကို တပည့်အဖြစ် သတ်မှတ်လိုက် လို့ရတယ်”
“လောဝမ်နဲ့ သူ့နောက်က မိုးပျံဂိုဏ်းတို့က ဖြောင့်မတ်ပြီး ပြတ်ပြတ်သားသား ပြုမူတယ်၊ မင်း ကောင်းကောင်း ကျင့်ကြံပါ”
ထိုစကားကြောင့် ကောင်းကင်ဘုံဂိုဏ်း၏ ဧကရာဇ် သိကျန်းက ကပျာကယာ ပြန်ပြောလိုက်သည်။
“သခင်ကြီး စိတ်ချပါ၊ သိကျန်က သူတို့ကို လေ့ကျင်ပေး ဖို့အတွက် အားလုံးလုပ်ပေးမှာပါ”
သိကျန်းအတွက် ယဲ့ဖန် စိတ်ချပြီးသား ဖြစ်သည်။ လောဝမ်နှင့် လောချင်းတို့သည် အံ့ဩပျော်ရွှင်သွားကြသည်။
အထူးသဖြင့် လောဝမ်ပင်။ သူသည် ယဲ့ဖန်ကဲ့သို့သော လူမျိုးနှင့် ဆုံတွေ့ပြီး တစ်ဖက်လူ၏ သဘောကျ နှစ်သက် ခြင်းကို ခံရလိမ့်မည်ဟု ထင်မထားခဲ့မိချေ။ ဤအတွက် လောဝမ်တစ်ယောက် ယဲ့ဖန်အပေါ် အလွန် ကျေးဇူးတင် မိသည်။
“သခင်ကြီး၊ သခင်ကြီးက ဘယ်သွားမှာလဲ”
ထိုစဉ် သိကျန်းက ယဲ့ဖန်ကို ပြန်မေးလာသည်။ ယဲ့ဖန်က နှုတ်ခမ်းကိုတွန့်၍ သွေးဆာနေသော အပြုံးမျိုးနှင့် ပြန်ဖြေ လေသည်။
“မိစ္ဆာမျှော်စင်”
Chapter 635 မိစ္ဆာ ပါရမီရှင် ပြိုင်ပွဲ
အဖြူရောင် နတ်ဘုရားနယ်မြေတွင်းရှိ အလွန် နက်ရှိုင်းသော တစ်နေရာ၌ ထူးဆန်းသော တောင်ကြားတစ်ခု ရှိသည်။ ထိုနေရာ၌ တစ်နှစ်ပတ်လုံး ထူထဲသော မြူများဖြင့် ပြည့်နှက်နေ၏။ ထိုနေရာသို့ သွားလိုသော သိုင်းပညာရှင် တစ်ယောက်သည် မျက်လုံးကျင့်စဉ်ကိုသာ မကျင့်ကြံ ထားပါက ဘာကိုမှလုပ်နိုင်မည် မဟုတ်ပါ။
ထိုမြူထဲ၌ ကိုယ့်လက်ပင် ကိုယ်မမြင်ပေ။ ထိုနေရာ၌ မြင့်မားသော မျှော်စင်တစ်ခု ရှိလေသည်။ ထိုမျှော်စင်ကား မိစ္ဆာမျှော်စင်ပင်။
ထိုမိစ္ဆာမျှော်စင်သည် အဖြူရောင်မျိုးနွယ်၏ ဘိုးဘေးများ ချန်ထားရစ်ခဲ့သည့် ရတနာ ဖြစ်လေသည်။ ထိုမျှော်စင်သည် နတ်ဆိုးမျိုးနွယ်၏ တားမြစ်နယ်မြေ ဖြစ်ပြီး ထိုမျှော်စင်ထဲ၌ နတ်ဆိုးစွမ်းအင်အားလုံးကို ဖိနှိပ်ထားနိုင်၏။
နတ်ဆိုးမျိုးနွယ်၏ ခက်ထန်ကြမ်းကြုတ်သော သူများသည် မိစ္ဆာမျှော်စင်ထဲတွင် ဖိနှိပ်ခံထားရသည်။ မိစ္ဆာမျှော်စင်၌ စုစုပေါင်း ကိုးထပ်ရှိသည်။ ထိုကိုးထပ်၏အပေါ်၌ ထပ်ခိုးတစ်ခု ရှိလေသည်။ ယခုအချိန်၌ ထိုထပ်ခိုးတွင် ပိန်ပါးပါး အဘိုးအိုတစ်ယောက်က တင်ပျဉ်ခွေ ထိုင်လျက် ရှိသည်။
ထိုအဘိုးအိုသည် စုတ်ပြတ်နေသော အဖြူရောင် အဝတ် အစားကို ဝတ်ဆင်ထားသည်။ သူသည် လောကဓံ အတက် အကျအား အတော်လေး ခံစားခဲ့ရပုံပေါ်သည်။
သူ၏ခန္ဓာကိုယ်သည် အလွန်ပိန်ပါး၍ အရိုးများကလည်း ပါးလျနေသည်။ ထိုသည်သာမကပေ၊ သူ၏ ခန္ဓာကိုယ် တစ်ဝက်ခန့်မှနေ၍ အနက်ရောင် အငွေ့အသက်များ ထွက်ပေါ်လျက် ရှိသည်။
သူ၏ ခန္ဓာကိုယ်တစ်ခုလုံးသည် လုံးဝပုပ်သိုးဆွေးမြည့်နေ၏။ ဆွေးမြည့်နေသော အသားစများက ပဲ့ကျနေပြီး သွေးမည်း များက ဆက်တိုက်စီးကျနေသည်။ တစ်ကိုယ်လုံး သွေးအ လိမ်းလိမ်းနှင့် ကြည့်ရဆိုးလှသည်။ သို့သော် ကြောက်စရာ အကောင်းဆုံး အချက်မှာ သူ့၌ မျက်လုံးတစ်လုံးသာ ရှိခြင်းပင်။ ကျန်တစ်ဖက်က လုံးဝ ပုပ်သိုးနေ၏။ သူ့မျက်လုံး မှနေ၍ မျက်နှာတစ်ဝက်ခန့်သည် ဆိုးရွားသည့် တစ်စုံတစ်ရာ၏ တိုက်စားခြင်း ခံထားရသကဲ့သို့ လုံးဝ ဆွေးမြည့်နေသည်။
မည်းမှောင်နေသော မျက်နှာထားကြောင့် အလွန် ကြည့်ရ ဆိုးလှသည်။ ထိုလူကြီးသည် ဤနေရာ၌ နှစ်ပေါင်းများစွာ ပိတ်လှောင်ခံထားရသည့် တစ္ဆေတစ်ကောင်နှင့် ဆင်တူ လေသည်။ သူ့ပတ်ဝန်းကျင်တွင် မိစ္ဆာချီဓာတ်များ ပျံ့လွင့် နေသည်။
ထိုသို့သောအချိန်၌ အဘိုးအို၏ တစ်လုံးတည်းသော မျက်လုံးက ရုတ်တရက် ပွင့်လာပြီး စိမ်းကားသော မျက်လုံး ထဲတွင် သတ်ဖြတ်လိုသော အရိပ်အယောင်များ ထင်ဟပ် လာသည်။
“နောက်တစ်ခါ မအောင်မြင်ပြန်ဘူး၊ နတ်ဆိုးအငွေ့အသက်ကို ငါ ဘယ်တော့မှ ဖယ်ရှားလို့ရမှာလဲ”
ထိုအဘိုးအိုသည် အဖြူရောင် နတ်ဘုရား၏ မူလ ခန္ဓာကိုယ်ပိုင်ရှင် ဖြစ်သည်။ ထိုစဉ်အခါက သူသည် နာမည် ကျော်ကြား၍ စကြဝဠာကို ထိတ်လန့် တုန်လှုပ်စေခဲ့သည်။ သို့သော် နတ်ဆိုးဧကရာဇ်ကြောင့် မျက်လုံးတစ်လုံး ဖောက်ထုတ် ခံခဲ့ရသည်။
ပို၍ ထိတ်လန့်ဖွယ်ကောင်းသည်မှာ နတ်ဆိုးဧကရာဇ်၏ နတ်ဆိုးချီမျှင်စုများက သူ့မျက်လုံးထဲ၌ ကျန်ရစ်ခဲ့ပြီး သူ့ခန္ဓာကိုယ်တစ်ခုလုံး စ၍ပျက်စီးယိုယွင်းလာခဲ့သည်။
နတ်ဆိုးစွမ်းအင်ကို ဖိနှိပ်နိုင်သည့် မိစ္ဆာမျှော်စင်ကြောင့်သာ မဟုတ်ပါက သူသည် နှစ်အတော်ကြာပြီးနောက် အရိုးစု အဖြစ်သာ ကျန်ရစ်ခဲ့လောက်သည်။
ထိုအချိန်က အရှက်ကွဲခဲ့ခြင်းကို ပြန်တွေးမိပြီး မျက်လုံး တစ်ဖက်တည်းသာ ရှိသည့် အဖြူရောင်နတ်ဘုရားသည် ပို၍ မကျေမနပ် ဖြစ်လာလေသည်။
“နတ်ဆိုးမျိုးနွယ်လား”
“ငါ ဒီအဆင့်ကို ကျော်လွှားနိုင်တာနဲ့ နတ်ဆိုး မျိုးနွယ် အားလုံးကို သတ်ပစ်မယ်”
“အားလုံး သေစေရမယ်”
အာဃာတတရားများဖြင့် ပြည့်နှက်နေသည့် စကားသံက အဖြူရောင် နတ်ဘုရားထံမှ ထွက်ပေါ်လာသည်။ ထိုစဉ် သူ့ရင်ထဲစွာ ပြင်းထန်စွာ နှလုံးခုန်လာပြီး မျက်နှာပျက် သွားကာ သွေးတစ်လုပ် အန်မိသွားသည်။
“သေစမ်း၊ ငါကိုယ်တော်ရဲ့ နတ်ဘုရားဓားက ကျိုးသွားပြီပဲ”
အဖြူရောင် နတ်ဘုရား၏ တစ်လုံးတည်းသော မျက်လုံးထဲ၌ ထိတ်လန့်တုန်လှုပ်ဟန်များ ထင်ဟပ်နေသည်။ နတ်ဘုရား ဓားသည် သူ၏ကိုယ်ပွားကို သူ ပေးခဲ့သည့်ဓား ဖြစ်သည်။ ယခုအခါတွင် ထိုဓားက ရုတ်တရက်ကြီး ကျိုးသွားလေသည်။
*ဒီလိုဆိုရင် ငါ့ကိုယ်ပွားမှာ တစ်ခုခု ဆိုးရွားတာ ဖြစ်နေတာပဲ*
ထိုသို့တွေးမိပြီးနောက် အဖြူရောင် နတ်ဘုရားသည် မျက်လုံးပြန်မှိတ်၍ စိတ်ဝိညာဉ်ကို လည်ပတ်၍ ကိုယ်ပွားနှင့် ဆက်သွယ်လိုက်သည်။ သို့သော် သူ မည်မျှအာရုံခံ၍ ဆက်သွယ်ပါစေ သူ၏ကိုယ်ပွားကို ဆက်သွယ်၍မရပေ။
“ဒါ … ဘာတွေဖြစ်ကုန်တာလဲ။ ငါ့ရဲ့ကိုယ်ပွားက သေသွားပြီလား”
အဖြူရောင် နတ်ဘုရား၏ ဆွေးမြည့်နေသော မျက်နှာတွင် မယုံနိုင်ဟန်များဖြင့် ပြည့်နှက်လာသည်။ သူ၏ကိုယ်ပွားသည် နတ်ဘုရား အလယ်အလတ်အဆင့်နှင့် ယှဉ်နိုင်သည့်ခွဣ်အား ရှိသည်။ ထို့အပြင် သူ၏ကျော်ကြားသော အမည်နာမကြောင့် အင်မော်တယ်ဖြစ်စေ နတ်ဆိုးဖြစ်စေ ရန်စရဲသူ အနည်းငယ်သာ ရှိသည်။ သို့သော် ယခုအခါ၌ …
“ဘယ်လိုလုပ် ဒီလိုဖြစ်နိုင်မှာလဲ၊ အဲ့ဒါက အသတ်ခံရ မယ်ဆိုရင်တောင်မှ လွတ်မြောက်လာတဲ့ နတ်ဘုရား စိတ်ဝိညာဉ် အကြွင်းအကျန်တော့ ရှိသင့်တာပေါ့”
“အခု ဘာလို့ အားလုံး မရှိတော့တာလဲ”
အဖြူရောင် နတ်ဘုရားသည် ထိတ်လန့်ဒေါသထွက်လျက် ရှိသည်။ ထို့နောက် သူသည် တစ်ဖန်ပြန်၍ မျက်လုံးမှိတ်ကာ ဂရုတစိုက် အာရုံခံကြည့်လိုက်သည်။ ရုတ်တရက် နတ်ဘုရား အမြုတေ၏ အငွေ့အသက်ကိုပါ မခံစားမိတော့ပေ။
“ခွေးမသား၊ ငါ့ကိုယ်ပွားရဲ့ နတ်ဘုရား အမြုတေကိုပါ ဆွဲထုတ်သွားတယ်။ ပြီးတော့ နတ်ဘုရား အမြုတေဆီက အငွေ့အသက်အရဆို အဲ့လူက မိစ္ဆာမျှော်စင်ရှိတဲ့နေရာကို လာနေတာပဲ”
“သောက်ချေးပဲ၊ ချီးတဲ့မှ …”
အဖြူရောင် နတ်ဘုရား၏ ကြုံးဝါးသံနှင့်အတူ မိစ္ဆာ မျှော်စင်၏ ကိုးထပ်လုံး တုန်ခါသွားသည်။ အဖြူရောင် နတ်ဘုရားသည် အဆုတ်ကွဲမတတ် ကြုံးဝါးမိနေသည်။
သူသည် စွမ်းအင်များစွာနှင့် သွေးများစွာကို အသုံးချ၍ အင်အားကြီးသော ကိုယ်ပွားတစ်ခုကို ဖန်တီးခဲ့သည်။ ထို့နောက် သူ့ကိုယ်စား အဖြူရောင်မျိုးနွယ်၏ အင်အားကို ထိန်းသိမ်းစေခဲ့သည်။
နတ်ဆိုးစွမ်းအင်ကို သူ မဖယ်နိုင်လျင်တောင်မှ ကိုယ်ပွားသည့် သူ့အတွက် အသက်ရှင်နေမှ ဖြစ်ပေမည်။ သို့သော် ယခုအခါတွင်တော့ အားလုံး ပျက်စီးသွားလေပြီ။ ဤသည်ကို တွေးမိပြီး အဖြူရောင် နတ်ဘုရား ပို၍မကျေမနပ် ဖြစ်လာသည်။
“ငါ့ကိုယ်ပွားနဲ့ ငါ့ဓားကို ဖျက်ဆီးတဲ့လူက ဘယ်သူပဲဖြစ်ဖြစ် ငါ မင်းကို အမှုန့်ဖြစ်အောင် လုပ်ပစ်မယ်”
မိစ္ဆာမျှော်စင်ထဲမှ ထွက်လာသည့် ထိုကြုံးဝါးသံကြောင့် တောင်ကြားတစ်ခုလုံး ထိတ်လန့်သွားလေသည်။
“ဟားဟားဟား … သူခိုးကြီး အဖြူရောင်၊ မင်းမှာ ဒီလိုနေ့မျိုး ရောက်လာလိမ့်မယ်လို့ ငါ ထင်မထားဘူးကွ”
“မင်းရဲ့ကိုယ်ပွားက သုတ်သင်ခံလိုက်ရတယ်ဆိုရင် ငါ့သခင်ကြီးရဲ့ နတ်ဆိုးချီမျှင်စုတွေက မင်းခန္ဓာကိုယ်ကို လုံးဝ တိုက်စားဝါးမျိုသွားတာနဲ့ မင်း သေချာပေါက် သေတော့မှာပဲ”
ထိုရယ်သံသည် မိစ္ဆာမျှော်စင်၏ ကိုးထပ်မြောက်မှ ထွက်ပေါ်လာသည်။ မည်သူမှမသိသည့်အချက်မှာ မိစ္ဆာ မျှော်စင်၏ အထပ်ကိုးထပ်တွင် တစ်ထပ်ချင်းစီအား အနက် ရောင် မိစ္ဆာသံကြိုးများဖြင့် ရွှေအိုရောင် အရိုးများကို ဖမ်းချုပ် ထားသည်။ ထိုသိုင်းပညာရှင်၏ ခန္ဓာကိုယ်တွင် အရိုးပေါင်း ၂၀၆ ချောင်း ရှိသည်။
လက်ရှိအချိန်၌ မိစ္ဆာမျှော်စင်၏ ကိုးထပ်မြောက်တွင် အရိုး ၂၀၅ ချောင်းကို အတူတကွ ချုပ်နှောင်ထားသည်။ လက်ချောင်းရိုးတစ်ချောင်းတည်းသာ ပျောက်ဆုံးနေ၏။
မိစ္ဆာမျှော်စင်၏ သုံးထပ်မြောက်အောက်၌ ရွှေအိုရောင် အရိုး ၁၂၅ ချောင်းကို ချုပ်နှောင်ထားသည်။ သုံးထပ်မြောက်တွင် အရိုးပေါင်း ၅၁ ချောင်းကို ပိတ်နှောင်ထားသည်။ အပေါ်တွင် ဦးခွံ ၂၉ခုကို ပိတ်နှောင်ထားလေသည်။
ဤအထပ်ကိုးထပ်လုံးထဲ၌ လက်ချောင်းရိုးတစ်ချောင်းသာ ပျောက်နေသည့် ရွှေအိုရောင် အရိုးစုထံမှ ရယ်သံထွက် လာခြင်း ဖြစ်လေသည်။
“သေမယ် ဟုတ်လား”
ထိုစကားကြောင့် အဖြူရောင် နတ်ဘုရား အလွန်ရှက်ရွံ့ သွားလေသည်။
“မင်းကများ ငါ့ကို လှောင်ရယ်ရဲတယ်ပေါ့လေ၊ မင်း သေချင် နေတာလား”
“သေချင်နေတာတဲ့လား”
ထိုအခါ ရွှေအိုရောင် အရိုးစုထံမှ အထင်သေး ပျက်ရယ်ပြုသံ ထွက်ပေါ်လာသည်။
“ငါက မိစ္ဆာမျှော်စင်ထဲ ပိတ်မိနေတာ၊ သေတာနဲ့ ဘာထူးလို့ လဲ”
“မင်းကတော့ နောက်နှစ်ရာဂဏန်းလောက်ဆို ငါ့လိုသေပြီး လုံးဝဖျက်ဆီးခံရတော့မှာ”
“မင်း သေမယ့်နေ့ကို ငါ ကြည့်ရရုံနဲ့တင် လုံလောက်ပြီကွ၊ ဟားဟားဟား …”
ရွှေအိုရောင် အရိုးစုထံမှ ထွက်ပေါ်လာသော ဟားတိုက် ရယ်မောသံကြောင် အဖြူရောင် နတ်ဘုရား ပို၍မျက်နှာ သုန်မှုန်လာသည်။
“မင်းက ဘယ်လိုသေရမလဲဆိုတာကို မသိတဲ့ နတ်ဆိုးပဲ”
အဖြူရောင် နတ်ဘုရား၏ မျက်လုံးများ လက်ခနဲ ဖြစ်သွားပြီး သရော်ပြုံး ပြုံးလာသည်။
“မင်းက သေရမှာ မကြောက်ဘူးဆိုမှတော့ ငါ အခု အမွေဆက်ခံခြင်းအတွက် မျိုးနွယ်စု ပါရမီရှင်ပြိုင်ပွဲကို စလိုက်ရမှာပေါ့”
“မျိုးနွယ်ထဲက တစ်ယောက်ပြီးတစ်ယောက် မင်းရဲ့ အရိုးတွေကို ဖျက်ဆီးပြီး မင်းရဲ့အမွေအနှစ်ကို လုယူတာကို ငါ ကြည့်ဦးမယ်”
“မင်းရဲ့ သေသွားတဲ့ သခင်ကြီးရှိတဲ့ငရဲကို လိုက်သွား လိုက်ပေါ့ကွာ”
ထိုစကားက ရွှေအိုရောင် အရိုးစုအား တိတ်ဆိတ် သွားစေသည်။ သူ၏ ဘဝတစ်သက်လုံး ရင်း၍ရလာသည့် အမွေအနှစ်ကို မျိုးနွယ်စုသုံးခုမှ လူများ လုယူသည်ကို ခံမည့်အစား သူ့ဘာသာသူသာ သတ်သေလိုက်ချင်သည်။
ရွှေအိုရောင် အရိုးစု၏ အတွေးကို သိသည့်ဟန်ဖြင့် အဖြူရောင် နတ်ဘုရားက ပြုံးလိုက်သည်။
“နတ်ဆိုးအိုကြီး၊ ငါ့မိစ္ဆာမျှော်စင်ထဲမှာ မင်း ကိုယ့်ကိုယ်ကိုယ် ဖောက်ခွဲခြင်း လုပ်ချင်ရင်တောင်မှ မဖြစ်နိုင်ဘူးနော်”
ထိုသို့ပြောနေစဉ်တွင် အဖြူရောင် နတ်ဘုရား၏ အပြုံးက ပို၍ထိတ်လန့်ဖွယ် ကောင်းလာသည်။
“ငါ့ကိုယ်ပွားကို ဖျက်ဆီးခဲ့တဲ့ လူသတ်သမားက မိစ္ဆာမျှော် စင်ဆီကို လာနေမှတော့ ငါက သူ့ကို ကောင်းကောင်းကြီး ပြုစုရသေးတာပေါ့”
“ပါရမီရှင်ပြိုင်ပွဲကို စတင်ပြီး မျိုးနွယ်စုသုံးခုထဲက အသန်မာဆုံး ပါရမီရှင်တွေနဲ့ သူ့ကို သတ်ပစ်မယ်”
Chapter 636 ပါရမီရှင်များ စုဝေးခြင်း
မျိုးနွယ်စုသုံးခုကြား၌ သတင်းတစ်ခုက ထင်ရှားစွာ ပျံ့နှံ့လျက်ရှိသည်။ ထိုသတင်းသည်ကား မိစ္ဆာပါရမီရှင် ပြိုင်ပွဲ စတင်ပြီဟူသည့် သတင်းပင်။
မျိုးနွယ်စုသုံးခုမှ ထိပ်တန်း ပါရမီရှင်များ စုဝေး၍ မိစ္ဆာမျှော်စင်ကို ထိုးဖောက်ဝင်ရောက်ရမည်။ စိန်ခေါ်မှု၌ အောင်မြင်သည့် မည်သူမဆို နတ်ဆိုးနတ်ဘုရား၏ ထိတ်လန့်ဖွယ် အမွေအနှစ်ကို ဖမ်းဆုပ်နိုင်ပေမည်။
ထိုနတ်ဆိုးနတ်ဘုရားသည် ဂြိုဟ်များအား နှစ်ထောင် ပေါင်းများစွာ တုန်လှုပ်စေခဲ့သည့် အင်အား ကြီးသော သိုင်းပညာရှင်တစ်ယောက် ဖြစ်သည်။ သူ၏ခွန်အားသည် အဖြူရောင် နတ်ဘုရားအောက် မလျော့ပေ။ ဝိုင်းဝန်း လုပ်ကြံခြင်း မခံခဲ့ရပါက ထိုနတ်ဆိုးနတ်ဘုရား ကျဆုံးမည် မဟုတ်ပါ။
အထူးသဖြင့် မရဏနတ်ဆိုးသည် မရဏကျင့်စဉ်ကို တီထွင်ခဲ့ပြီး သန်းချီသည့် နတ်ဆိုးများကို ကယ်တင် နိုင်ခဲ့သည်။ ထိုသို့သော ထိတ်လန့်ဖွယ်ကောင်းသည့်သူ၏ အမွေအနှစ်သည် မည်သည့် နတ်ဘုရားသိုင်းပညာရှင်ကိုမဆို စိတ်လှုပ်ရှားစေသည်။
ထိုသည်သာမကသေးချေ။ အမွေအနှစ်ကို ရရှိပြီးသည်နှင့် အနိုင်ရရှိသူသည် နတ်ဆိုးအရိုးနှင့် နတ်ဆိုးအမြုတေကိုပင် ရရှိနိုင်သည်။ ထိုသတင်းသည် ဗုံးတစ်လုံး ပေါက်ကွဲသကဲ့သို့ မျိုးနွယ်စုသုံးခုအား ပွက်လောရိုက်သွားစေခဲ့သည်။
နတ်ဆိုးနတ်ဘုရားအဆင့်ရှိသည့် နတ်ဆိုးအရိုးများသည် ပြိုင်ဘက်ကင်း နတ်ဘုရားလက်နက် ဖန်တီးရန် အကောင်းဆုံး ကုန်ကြမ်းပစ္စည်း ဖြစ်လေသည်။ နတ်ဘုရား မျိုးနွယ်၊ နတ်ဆိုးမျိုးနွယ်၊ အင်မော်တယ်မျိုးနွယ်နှင့် မကောင်း ဆိုးဝါးမျိုးနွယ်တို့တွင် နတ်ဆိုးများသည် အင်အားအကြီးဆုံး ဖြစ်လေသည်။ နတ်ဆိုးသတ်ဖြတ်ခြင်း စစ်ပွဲသာ ရှိမလာ ခဲ့ပါက ထိုကဲ့သို့အဆင့်ရှိသည့် နတ်ဆိုးမျိုးနွယ် သိုင်းပညာရှင် တစ်ယောက် ကျဆုံးရန် အလွန်ခက်ခဲလှသည်။
လက်ရှိတွင် ထိုသူသည် သေဆုံးနေသော မကောင်းဆိုးဝါး တစ်ကောင်နှင့် သဏ္ဌာန်တူလေသည်။ စကြဝဠာအား နှစ်ထောင်ပေါင်းများစွာ ထိတ်လန့်စေခဲ့သည့်သူ ဖြစ်သော ကြောင့် သူ၏အရိုးစုသည်ပင် အတိုင်းအတာ တစ်ခုထိ ထိတ်လန့်ဖွယ်ကောင်းလေသည်။ အဆင့်တူသည့် လူတစ် ယောက်ကပင် သူ၏အရိုးစုကို ဖျက်ဆီးရန် ခက်ခဲလှသည်။ ထို့အပြင် သူ၏အရိုးစုအား ထိပ်တန်း ရတနာတစ်ပါးဟုပင် ခေါ်ဝေါ်ကြလေသည်။ သူ့အား ဖျက်လည်း မဖျက်ဆီး နိုင်သလို သေလည်းမသေဆုံးနိုင်ပေ။
ကမ်းကျင်း၊ ဝမ်ရွှမ်သံနှင့် အခြားကုန်ကြမ်းပစ္စည်းများပါ ပေါင်းစပ်လိုက်ပါက ဤအရိုးစုသည် ထိပ်တန်း နတ်ဘုရင် လက်နက်တစ်ခု ဖြစ်လာပေမည်။
ဤသို့သော မက်လုံးမျိုးသည် မည်သူမဆို တောင့်ခံနိုင်ရန် ခက်လှပေသည်။ ဥပမာပြရင်မည်ဆိုလျင် ယခင်က ကာလိုနတ်ဘုရားသည် နတ်ဆိုးနတ်ဘုရား၏ လက်ချောင်းရိုး တစ်ချောင်းကို ရရှိခဲ့ဖူးသည်။ ထို့နောက် ထိုအရိုးအား သန့်စင်၍ သူ၏ခန္ဓာကိုယ်ဖြင့် ပေါင်းစပ်ခဲ့သည်။ ထို့ကြောင့် ပင် ကာလိုနတ်ဘုရား၏ လက်သီးက ပို၍ အင်အားပြင်း လာခဲ့သည်။
ထို့အတူ တစ်စုံတစ်ယောက်က နတ်ဆိုးနတ်ဘုရား၏ အရိုးစု အစုံအလင်ကို ရရှိပါက တစ်မူထူးခြားသော နတ်ဘုရား လက်နက်အချို့ကို ဖန်တီးနိုင်ပြီး ၎င်းနှင့်အဆင့် တူသည့်လူ အားလုံးကို သေချာပေါက် ဖိနှိပ်နိုင်ပေသည်။
သို့သော် ထို့ထက်ပိုရနိုင်သည့် အရာများ ရှိသေးသည်။ မျိုးနွယ်စုသုံးခုလုံးမှ ပါရမီရှင်များ စိတ်အားတက်ကြွစွာနှင့် လောဘအတက်ဆုံးအရာမှာ နတ်ဆိုးအမြုတေပင် ဖြစ်သည်။
နတ်ဆိုးအမြုတေ၌ နတ်ဆိုးတစ်ကောင်၏ အသက်ဓာတ် စွမ်းအင်များ ပါဝင်သည်။ ၎င်းသည် သာမန် အရှင်သခင်များ အတွက် အသုံးမဝင်ချေ။ ထိုအရာအား နည်းနည်းလေးမျှပင် ဖျက်ဆီး၍ မရနိုင်ပါ။ သို့သော် နတ်ဆိုးအမြုတေအား နတ်ဘုရား အရှင်သခင်၊ အင်မော်တယ်အရှင်သခင်နှင့် မကောင်းဆိုးဝါး အရှင်သခင်များကို ပေးအပ်လိုက်ပါက သူတို့သည် နတ်ဆိုးအမြုတေအား ဆေးလုံးအဖြစ် ပြောင်းလဲ ပစ်နိုင်သည်။
ထိုဆေးလုံးအား အနည်းငယ် သုံးစွဲရုံနှင့်တင် အသက်ဓာတ် စွမ်းအင်အား အကြိမ်ပေါင်းများစွာ တိုးတက် လာနိုင်သည်။ ပါရမီရှင် ပြိုင်ပွဲ၏ ဆုကြေးသည် နတ်ဘုရား အရှင်သခင် များကိုပင် စိတ်လှုပ်ရှားစေသည်။
ယခုအချိန်၌ ထိုသတင်း ပျံ့နှံ့သွားပြီးနှင့် မျိုးနွယ်သုံးခုလုံးမှ လူတိုင်းသည် မိစ္ဆာမျှော်စင်ထံသို့ အသည်းအသန် ထွက်ခွာ လာကြသည်။
ထိုသူများထဲတွင် နတ်ဘုရားများ၊ အင်မော်တယ်များနှင့် နတ်သူငယ်များ ပါဝင်လေသည်။ သူတို့ထဲမှ မည်သူမဆိုသည် မျိုးနွယ်စုသုံးခု၏ ခေါင်းဆောင်များ ဖြစ်ကြသည်။
ရက်အနည်းငယ်အကြာ၌ မိစ္ဆာမျှော်စင် တည်ရှိသည့် အဖြူရောင် ဂြိုဟ်ပေါ်၌ ပါရမီရှင်များနှင့် သိုင်းပညာရှင် များဖြင့် ပြည့်နှက်နေသည်။ အဖြူရောင်ဂြိုဟ်သည် ဂြိုဟ်များ ကြား၌ နာမည်အကြီးဆုံးနေရာ ဖြစ်လာလေသည်။
ထိုသို့သောအချိန်၌ အနက်ရောင်ဝတ်စုံနှင့် လူတစ် ယောက်သည် အဖြူရောင်ဂြိုဟ်၌ ပေါ်လာလေသည်။ စားသောက်ဆိုင် အတွင်း၌ ယဲ့ဖန်သည် သောက်စားနေရင်းနှင့် ဘေးပတ်လည်မှ မျိုးနွယ်စုသုံးခု၏ ပါရမီရှင်များ ပြောဆို နေကြသည်ကို နားထောင်နေသည်။
ထိုသူတို့၏စကားများက ယဲ့ဖန်၏ မျက်လုံးအား ပို၍ အေးစက်စေပြီး မီးတောက်လာစေသည်။
“မိစ္ဆာပါရမီရှင်ပြိုင်ပွဲတဲ့”
“အမွေအနှစ်ကို ရပြီးတော့ နတ်ဆိုးအရိုးနဲ့ နတ်ဆိုး အမြုတေကို ပေးမယ်ဆိုပဲ”
ယဲ့ဖန်သည် တစ်ဖက်လှည့်၍ အေးစက်စွာ ကြည့်လိုက်သည်။ သူ့ဘေးပတ်လည်မှ မျိုးနွယ်စုသုံးခု၏ များပြားလှသည့် ပါရမီရှင်များအား သေလူတစ်စုကို ကြည့်သကဲ့သို့ ကြည့်နေ လေသည်။ ထို့နောက် လက်ထဲမှခွက်ရှိ သေရည်အား သောက်၍ ဘေးမှဖြတ်သွားလိုက်သည်။
“ထူးဆန်းလိုက်တာ၊ အခု ငါ ဘာလို့ ကြောက်စရာကောင်းတဲ့ အကောင်တစ်ကောင်ရဲ့ စိုက်ကြည့်တာ ခံရသလိုမျိုး တစ်ကိုယ်လုံး အေးစိမ့်လာသလို ခံစားလိုက်ရတာလဲ မသိဘူး”
“ဟုတ်လား၊ မင်းလည်း အဲ့လိုခံစားရတာလား။ ငါလည်း ခုနလေးတင် ကြက်သီးထသွားတာ၊ ဒါပေမဲ့ ငါ ဘယ်သူ့ကြောင့် ဖြစ်တာလဲကို ရှာမရဘူး”
“ထူးဆန်းတယ်၊ အနက်ရောင်ဝတ်စုံနဲ့ လူငယ်တစ်ယောက် ငါ့ဘေးက အခုလေးတင် ဖြတ်သွားတာ ငါ အသက်ရှူ ကျပ်သလို ဖြစ်သွားတယ်၊ သူ့ကြောင့်များလား”
“…”
ယဲ့ဖန် ဖြတ်သွားသည့်နေရာမှ မျိုးနွယ်စုသုံးခု၏ ပါရမီရှင်များ မျက်မှောင်ကြုတ်ကာ ဆွေးနွေးနေကြသည်။ သို့သော် ခဏအကြာ၌ သူတို့သည် ထိုအကြောင်းတွေးသည်ကိုရပ်ကာ ပြန်လည်၍ ထိန်းမနိုင်သိမ်းမရ ပြောဆိုကြလေသည်။
“ဟေး … မင်းတို့ ဒါကို ကြားပြီးပြီလား၊ ဒီတစ်ခေါက် မိစ္ဆာ ပါရမီရှင်တိုက်ပွဲအတွက် ပထမနတ်ဘုရားသားတော် လောဝူကျိတောင် ရောက်နေတယ်တဲ့ကွ”
“မြတ်စွာဘုရား၊ ပထမ နတ်ဘုရားသားတော်က ပြိုင်ဘက် ကင်းတယ်ကွ၊ သူက နတ်ဘုရား တစ်ပိုင်းအဆင့်ပဲ ရှိသေးတယ် ဆိုပင်မယ့် သူ့ရဲ့တိုက်ပွဲဝင်ခွန်အားက နတ်ဘုရား အလယ်အလတ်အဆင့်ကို ရောက်နေပြီ။ သူက နတ်ဘုရား မျိုးနွယ် လူငယ်မျိုးဆက်ရဲ့ နံပါတ်တစ် ပါရမီရှင်လို့ နာမည် ကြီးတယ်။ သူ့ရဲ့အမေက ပိုပြီး နာမည်ကြီးတဲ့ နတ်ဘုရား အရှင်သခင်ပဲ။ နတ်ဘုရားမျိုးနွယ်ရဲ့ တစ်ဦးတည်းသော နတ်မိမယ် အရှင်သခင်လေ”
“ပွဲသိမ်းပြီပဲ။ ဒီပါရမီရှင်ပြိုင်ပွဲရဲ့ ချန်ပီယံက ပထမ နတ်ဘုရား သားတော် လောဝူကျိပဲ ဖြစ်မှာ”
ထိုသို့ပြောရင်း ပါရမီရှင်တော်တော်များများက ခေါင်းခါ၍ သက်ပြင်းချလိုက်ကြသည်။ ပထမ နတ်ဘုရားသားတော် လောဝူကျိသည် ပြိုင်ဘက်ကင်းလှသဖြင့် နတ်ဘုရား မျိုးနွယ်၏ လူငယ်မျိုးဆက်အတွက် အိပ်မက်ဆိုးပင်။
တစ်ဖက်လူသည် အရွယ်ရောက်လာသည်နှင့် စတင်၍ နာမည်ကြီးလာသည်။ နတ်ဘုရားမျိုးနွယ်၏ ပါရမီရှင် တစ်ယောက်ပြီးတစ်ယောက်ကို အနိုင်ယူပြီးနောက် သူသည် ပထမနတ်ဘုရား သားတော်ဟူသည့် အရိုက်အရာကို ရရှိ ခဲ့သည်။
ယနေ့ခေတ် နတ်ဘုရားမျိုးနွယ်၏ လူငယ်မျိုးဆက်များသည် ပြိုင်ဘက်ကင်း လောဝူကျိအား အလွန်တရာ လေးစား ကြသည်။
သို့သော် နတ်ဘုရားမျိုးနွယ်မှ ပါရမီရှင်အချို့ သက်ပြင်းချ နေစဉ်တွင် သူတို့ဘေးရှိ အင်မော်တယ်မျိုးနွယ်နှင့် မကောင်း ဆိုးဝါး မျိုးနွယ်မှ ပါရမီရှင်များက ငြိမ်ငြိမ်ထို င်မနေနိုင်ချေ။
“သွားစမ်းပါကွာ၊ ဘယ်လိုလုပ် လောဝူကျိက ချန်ပီယံ ဖြစ်မှာလဲ၊ ငါတို့ အင်မော်တယ်မျိုးနွယ်ရဲ့ ပထမသခင်လေး ရှောက်ရွှမ်ယမ်ကသာ ချန်ပီယံ ဖြစ်မှာ”
“သူက ဓားသခင် ကျန်းရီရှန်းရဲ့ အကြီးဆုံးတပည့်ပဲ၊ နတ်ဘုရား နောက်ဆုံးအဆင့်နဲ့ ယှဉ်နိုင်တဲ့ ပါရမီရှင်ပဲ”
“ထွီ … မင်းတို့ နတ်ဘုရားမျိုးနွယ်နဲ့ အင်မော်တယ်မျိုးနွယ်က ဘာဟုတ်လို့လဲ၊ ငါတို့ မကောင်းဆိုးဝါးမျိုးနွယ်က ကိုးမြီး မြေခွေး နတ်သမီးကသာ မျိုးနွယ်စုသုံးခုလုံးရဲ့ လူငယ် မျိုးဆက်မှာ အင်အားအကြီးဆုံးကွ”
“….”
လက်ရှိအချိန်၌ မျိုးနွယ်စု သုံးခုမှ ပါရမီရှင်များသည် အပြင်းအထန် ငြင်းခုန်နေကြသည်။ နတ်ဘုရားမျိုးနွယ်၊ အင်မော်တယ်မျိုးနွယ်နှင့် မကောင်းဆိုးဝါးမျိုးနွယ်တို့သည် သူတို့၏မျိုးနွယ်မှ ပါရမီရှင်များသာ အသန်မာဆုံး ဖြစ်သည်ဟု တွေးထင်ကြသည်။
အားလုံး ငြင်းခုန်နေကြစဉ်တွင် ယဲ့ဖန်သည် စားသောက် ဆိုင်ထဲမှ ထွက်လာလိုက်သည်။ သူသည် နားအလွန် ပါးသဖြင့် စားသောက်ဆိုင်ထဲမှ လူတိုင်း ငြင်းခုန်သမျှကို ကြားနေ ရသည်။
“ပထမနတ်ဘုရားသားတော် လောဝူကျိက ပြိုင်ဘက်ကင်း တယ်တဲ့လား”
“ပထမသခင်လေး ရှောက်ရွှမ်ယွမ်”
“ကိုးမြီးမြေခွေး နတ်မိမယ်”
ယဲ့ဖန် အထင်သေးသလို ပြုံးလိုက်သည်။ ထိုနာမည်များအား သူ၏ မရဏစာရင်းထဲ၌ သေချာ ရေးသားမှတ်ယူ ထားလိုက်သည်။
“နတ်ဆိုးရဲ့သွေးကြွေးသာ ပြန်ဆပ်မယ်ဆိုရင် စိတ်ဝင်စား စရာပဲ”
ထိုသို့ပြောပြီးနောက် ယဲ့ဖန်သည် ထိုပါရမီရှင် စကားရည် လုပွဲများအား ထပ်မံ၍ အရေးမစိုက်တော့ဘဲ အဖြူရောင် မြို့တော်ထဲမှ တန်းထွက်လာခဲ့ပြီး မိစ္ဆာမျှော်စင်ထံသို့ ဦးတည် လိုက်သည်။
….
အဖြူရောင်ဂြိုဟ်သည် ကြီးမားသောဂြိုဟ်တစ်လုံး ဖြစ်သည်။ အဖြူရောင်မြို့တော်မှ မိစ္ဆာမျှော်စင်သို့ သွားမည် ဆိုပါက မဟူရာတောအုပ်နှင့် အရိုး သဲကန္တာရကို ဖြတ်ကျော်ရမည်။
ထို့အပြင် အဖြူရောင်ဂြိုဟ်၌ မိစ္ဆာမျှော်စင်ကြောင့် နတ်ဘုရားများ၊ အင်မော်တယ်များ၊ နတ်ဆိုးများနှင့် မကောင်းဆိုးဝါးများ၏ မှော်စွမ်းအင်ကို ဖိနှိပ်ထားနိုင်ခဲ့သည်။ မည်သူမဆို လေထဲ၌ ပျံဝဲ၍ ခရီးဆက်ရန် မဖြစ်နိုင်ပေ။
မဟူရာတောအုပ်ရှေ့သို့ ယဲ့ဖန် ရောက်လာပြီးနောက် ရှေ့သို့ တစ်လှမ်းတိုးလိုက်သည်။ သူသည် နတ်ဆိုးစွမ်းအင်ကို အနည်းငယ် လည်ပတ်လိုက်သောအခါ ရုတ်တရက် လည်ပတ်ရ ခက်ခဲပြီး ဖုံးဖိခံလိုက်ရသလို ခံစားလိုက်ရသည်။ ဤနေရာ၌ နတ်ဆိုးစွမ်းအင်ကို ဖိနှိပ်နိုင်သည့် မမြင်နိုင်သော စွမ်းအင်တစ်ခု ရှိနေပုံရသည်။
“မိစ္ဆာမျှော်စင်က တကယ်ကို မှော်လက်နက်တစ်ခု ဖြစ်နေပုံပဲ။ အဲ့ဒါရဲ့စွမ်းအင်က ဂြိုဟ်တစ်ခုလုံးကို ပျံ့နှံ့ နေတာပဲ”
“မိစ္ဆာမျှော်စင်ထဲက ဖိနှိပ်အားက ဘယ်လောက်ပြင်းထန်လဲ ငါ မသိဘူး”
ယဲ့ဖန် မျက်မှောင်ကြုတ်ကာ မဟူရာတောအုပ်ထဲ ခြေချ လိုက်သည်။ ယဲ့ဖန် တောအုပ်ထဲ ခြေချလိုက်သည်နှင့် မြက်ပင်ကြားထဲမှ ငှက်တစ်ကောင်က ရုတ်တရက် မှင်တက် သွားလေသည်။
ထိုငှက်လေးသည် အလွန်ထူးဆန်းလှသည်။ ၎င်းသည် ဒဏ်ရာဗလပွနှင့် အမွေးများပေါ်၌ သွေးများ ပေကျံနေသည်။ ၎င်းသည် ဒဏ်ရာ အပြင်းအထန် ရထားပြီး မြက်ပင်ထဲ၌ ကုသနေပုံရသည်။ သို့သော် ၎င်းသည် ယဲ့ဖန်၏ ခြေသံကြောင့် ထိတ်လန့်သွားလေသည်။
ထိုငှက်၏ဦးခေါင်းသည် အမွှေးကျွတ်၍ ပြောင်နေသော စာကလေးခေါင်းနှင့် တူနေသည်။ ၎င်း၏ပုံစံက အလွန် ရယ်ရလေသည်။ ထိုငှက်ထံမှ စိတ်ဆိုးသည့်အသံ ထွက်လာ သည်။ ယဲ့ဖန်အား မီးဝင်းဝင်းတောက်သည့် အကြည့်များဖြင့် ကြည့်နေ၏။ ထို့နောက် ထိုငှက်သည် ၎င်း၏တင်ပါးကို ယဲ့ဖန်ဘက် ချိန်၍ တစ်ခဏမျှ တွန့်လိမ်လှုပ်ရှားလာသည်။
ဘွတ်!
ထို့နောက် ငှက်မစင်တုံးများက ယဲ့ဖန်ထံသို့ တန်းကျ လာသည်။